← Chapters

အခန်း (၇၃၁-၇၃၂)

Vol. 74 Ch. 731-732

အခန်း (၇၃၁-၇၃၂)

Vol. 74 Ch. 731-732

အခန်း (၇၃၁) - ပြည့်တန်ဆာမလေးရဲ့ အမြီးကြီး ၊ စိတ်လှုပ်ရှားမှု ၊ ဦးခေါင်းထက် သုံးပေမှာ နတ်မင်းရှိတယ် ၊ အရှုပ်အထွေး ပန်းဦးယဉ်

ဝမ်သခင်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ သူ၏ မျက်ဝန်းများမှာ လှုပ်ခတ်နေပြီး ခေါင်းကိုသာ ညိမ့်ပြလိုက်သော်လည်း ဘာမှတော့ ထပ်မပြောသေးပေ။

ဝမ်မိသားစုသည် လီယန်ချူးနှင့် ဝမ်ဆုန်းတာအိုဆရာတို့အတွက် ဆုကြေးငွေများကို လာရောက်ဆက်သကြသည်။ ဝမ်ချန်ယဲ့မှာမူ စောစောကကဲ့သို့ မောက်မာတက်ကြွနေသည့် ပုံစံမျိုး လုံးဝမရှိတော့ပေ။

အမှန်စင်စစ် သူသည် ငွေကုန်ကြေးကျများစွာခံ၊ အဆက်အသွယ်ကောင်းများ အသုံးချပြီး ပင့်ဖိတ်ခဲ့ရသည့် ဝမ်ဆုန်းတာအိုဆရာကိုယ်တိုင်က အစ်ကိုကြီးပင့်လာသည့် တာအိုဆရာငယ်လေးကို ဤမျှအထိ ရိုသေလေးစားနေသည်မှာ... သူ့အတွက်တော့ ဝမ်ဆုန်းတာအိုဆရာသည် ထိုလူငယ်၏ ခြေဖဝါးအောက်က ခွေးတစ်ကောင် ဖြစ်သွားသလားဟုပင် ထင်ယောင်ထင်မှား ဖြစ်စေသည်။

ဤဝမ်ဆုန်းတာအိုဆရာဆိုသည်မှာ မြို့တော်၏ တကယ့်ပညာရှင်ကြီး တစ်ဦး ဖြစ်သည်။ အရာရှိကြီးများနှင့် သူဌေးကြီးများစွာသည် မကောင်းဆိုးဝါးနှိမ်နင်းရန်၊ ရောဂါကုရန်နှင့် အိမ်ရာဖုန်းရွှေကြည့်ရန်အတွက် သူ့ကိုသာ အားကိုးကြရသည်။ မိမိအနေဖြင့် ထူးခြားသော ကံကြမ္မာ အခွင့်အလမ်းတစ်ခုရှိခဲ့၍သာ ဤနတ်ဘုရားကြီးကို ပင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ လီယန်ချူးသည် ထိုနတ်ဘုရားအိုကြီးကပင် အထူးတလည် ချီးကျူးနေရသူဖြစ်ရာ သူ၏ အဆင့်အတန်းမှာ စိတ်ကူးကြည့်၍ပင် မရနိုင်တော့ပေ။ မြို့တော်သို့ ရောက်ရှိသွားပါကလည်း သေချာပေါက် အထက်တန်းလွှာတို့၏ အထူးဧည့်သည်တော် ဖြစ်လာပေလိမည်။ ဤကဲ့သို့သောလူမျိုးကို မည်သို့မျှ မပြစ်မှားဝံ့တော့ပေ။

ဝမ်ချန်ယဲ့သည် စိတ်ထဲတွင်သာ ခါးသီးစွာ ခံစားနေရတော့သည်။ မိမိ၏ အေးအေးဆေးဆေးနေတတ်သော အစ်ကိုကြီးမှာ ဤမျှအထိ အရည်အချင်းရှိသော တာအိုဆရာကို ဘယ်လိုများ ရှာတွေ့ခဲ့ပါသနည်း။

ဝမ်ကျိုးမှာမူ လီယန်ချူးကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုနေတော့သည်။ ဤဝမ်မိသားစု၏ သားကြီးမှာ တကယ့်ကို သဘောမနော ကောင်းမွန်သူ ဖြစ်သည်။

"ဝမ်အစ်ကို... ကိစ္စမရှိပါဘူး။ ခင်ဗျားအဖေမှာ တစ်ခုခု ထိမ်ချန်ထားတာ ရှိတယ်လို့ ကျွန်တော် မြင်တယ်။ တစ်ခါတလေ မသန့်ရှင်းတဲ့အရာတွေနဲ့ ငြိစွန်းတာက ဘယ်လိုနေရာမျိုးကို သွားခဲ့မိလဲ၊ ဒါမှမဟုတ် ရှေးဟောင်းပစ္စည်းတွေက နတ်ဝင်ပြီး အညစ်အကြေးတွေ ကပ်ပါလာတာမျိုးကြောင့် ဖြစ်တတ်တယ်။ ဒီအချက်ကိုတော့ ဝမ်သခင်ကြီးကို သေချာရှင်းပြပေးပါဦး၊ နောက်နောင် သရဲတစ္ဆေတွေ ထပ်မခြောက်လှန့်နိုင်အောင်လို့ပါ"

လီယန်ချူးက စေတနာဖြင့် သတိပေးလိုက်သည်။

ဝမ်ကျိုးက ခေါင်းငြိတ်ကာ လီယန်ချူးကို အရိုအသေပြုလိုက်ရင်း

"လီတာအိုဆရာရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးတရားကို ဝမ်ကျိုး ရင်ထဲမှာ အမြဲမှတ်ထားပါ့မယ် "

"တော်လိုက်တာ လီတာအိုဆရာရယ် ဆရာက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး "

ဝေ့ရှန်းက ဘေးမှနေ၍ ပြုံးကာ ပြောလိုက်သည်။

ဤလူမှာ စိတ်ဓာတ်ကပဲ အေးဆေးလွန်းသလား သို့မဟုတ် ပေါင်းသင်းဆက်ဆံရေးပဲ ကောင်းလွန်းသလား မသိပေ။ လီယန်ချူး၏ ဆန်းကြယ်သော အစွမ်းများကို တွေ့မြင်လိုက်ရသော်လည်း သူ၏ အမူအရာမှာ ယခင်ကအတိုင်း ပုံမှန်ပင် ဖြစ်နေသည်။

"ဝေ့အစ်ကို... အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်လည်း ကျွန်တော့်ဆီ လာရှာလို့ ရပါတယ်၊ သရဲဖမ်း မိစ္ဆာနှိမ်နင်းတဲ့ဘက်မှာတော့ ကျွန်တော့်မှာ အစွမ်းအစ အနည်းငယ် ရှိပါတယ်"

လီယန်ချူးက ပြုံးကာ ပြောလိုက်သည်။

"ဟုတ်သားပဲ... စောစောက ပညာရှိလူငယ်လေး ပြောသွားတာ မြို့တော်ထဲမှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုပဲ၊ လီတာအိုဆရာ ကျွန်တော်နဲ့အတူ သွားကြည့်မလား"

ဝေ့ရှန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

"မိစ္ဆာတွေ သောင်းကျန်းနေတယ် ဟုတ်လား"

ဝမ်ဆုန်းတာအိုဆရာက အနားသို့ လျှောက်လာရင်း ကြားဖြတ်မေးလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်မှာ မြို့တော်ရဲ့ ပန်းနတ်ဘုရားပွဲတော် အကြောင်း ပြောနေတုန်းက ပညာရှိလူငယ်တစ်ယောက် ဘယ်ကနေ သတင်းကြားလာလဲမသိဘူး... ကျွန်တော်တို့တွေ မိစ္ဆာတွေရဲ့ လှည့်ဖြားမှုကို ခံနေရတယ်၊ မြို့တော်မှာ မိစ္ဆာတွေ သောင်းကျန်းလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် နေကြလို့ လာပြောသွားတာ... အမှန်လား အမှားလားတော့ မသိဘူး"

ဝေ့ရှန်းက ရယ်မောရင်း ရှင်းပြသည်။

"မြို့တော်ဆိုတာ ဝှက်ထားတဲ့ နဂါးတွေ၊ ပုန်းနေတဲ့ ကျားတွေ နဲ့ ပြည့်နေတာပဲ။ ကျွန်တော့်ထက် အစွမ်းထက်တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ဘယ်မိစ္ဆာက မြို့တော်ထဲမှာ လာပြီး ရမ်းကားဝံ့မှာလဲ "

ဝမ်ဆုန်းတာအိုဆရာက မျက်မှောင်ကြုတ်ကာ ဆိုသည်။

"ဒါက ကောလာဟလ သတင်းတစ်ခုပါပဲ တာအိုဆရာရယ်၊ စိတ်ထဲမထားပါနဲ့၊ အမှန်လား အမှားလားလည်း မသေချာပါဘူး"

ဝေ့ရှန်းက ထပ်လောင်း ရှင်းပြလိုက်သည်။

ဝမ်ဆုန်းတာအိုဆရာက ခေါင်းငြိတ်လိုက်သည်။ ပြည်နယ်တစ်ခု၏ မြို့တော်ဆိုသည်မှာ နယ်ပယ်အသီးသီးမှ ထူးချွန်သူများ စုဝေးရာဖြစ်ပြီး၊ လူသားတို့၏ ကံကြမ္မာ အရှိန်အဝါ အလွန် တောက်ပသော နေရာဖြစ်သည်။

"ဦးခေါင်းထက် သုံးပေမှာ နတ်မင်းရှိတယ်"

ဆိုသည့် စကားသည် ချန်နိုင်ငံတွင် အမြဲတမ်း မှန်ကန်ချင်မှ မှန်ကန်လိမ့်မည် ဖြစ်သော်လည်း၊ အကယ်၍ မြို့တော်ထဲတွင် တစ်ခုခု အကြီးအကျယ် ကြံစည်မည်ဆိုပါက ဘေးဒုက္ခနှင့် သေချာပေါက် ရင်ဆိုင်ရပေလိမည်။

ထိုဘေးဒုက္ခဆိုသည်မှာ ကောင်းကင်က မိုးကြိုးပစ်ပြီး သတ်ဖြတ်ခြင်းမျိုး မဟုတ်ဘဲ "လူသားဘေးဒုက္ခ" အသွင်ဖြင့် လာတတ်ပြီး၊ ကျင့်စဉ်များ ပျက်စီးကာ အသက်ဆုံးရှုံးသည့်အထိ ဖြစ်သွားနိုင်သည်။

ယခင်ကလည်း မြေအောက်ကမ္ဘာတောင်တန်း မှ ကျင့်ကြံသူများသည် မြောက်ပိုင်းနယ်ခြား မြို့တော်အပြင်ဘက်တွင် လှုပ်ရှားခဲ့သဖြင့် နောက်ဆုံးတွင် လီယန်ချူး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည် မဟုတ်ပါလား။ ဒါဟာ တစ်နည်းအားဖြင့် လူသားတွေရဲ့ သတ်ဖြတ်လိုစိတ် ကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခပါပဲ။

အကယ်၍ ထိုသူတို့သည် ချန်နိုင်ငံ၏ မြို့တော်ကို ဖျက်ဆီးရန် ကြံစည်ပါက ရင်ဆိုင်ရမည့် အဟန့်အတားမှာ ပို၍ပင် ကြီးမားပေလိမည်။ လောကကြီးကို ကျောခိုင်းပြီး ပုန်းအောင်းနေသည့် နတ်ဘုရားအိုကြီးတစ်ပါးပါးက တိုက်ရိုက် ထွက်လာပြီး သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်မည်ဆိုလျှင်ပင် မထူးဆန်းပေ။

ရှေးပဝေသဏီကတည်းက လူသားလောက၏ ကိစ္စရပ်များသည် ကောင်းကင်နှင့် ဆက်နွှယ်နေပြီး၊ မင်းစိုးရာဇာတို့၏ ကံကြမ္မာမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ ကျင့်ကြံသူများမှာ ထိုကိစ္စများထဲသို့ လွယ်လွယ်နှင့် မဝင်ပါလိုကြပေ၊ မိစ္ဆာများမှာလည်း ထို့အတူပင် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ မဟာတာအိုတရားများ ပြတ်တောက်နေပြီး၊ ကိုယ်ကျင့်တရားများ ပျက်ပြားနေသည့်အတွက် မိစ္ဆာများမှာ လူသားများကို စားသောက်ကာ ဒုက္ခပေးနေကြခြင်းဖြစ်သည်။ ၎င်းမှာ ပရမ်းပတာခေတ်၏ အစပျိုးခြင်းပင် ဖြစ်ပေတော့သည်။

လီယန်ချူးက ကျန်နန်ပြည်နယ် မြို့တော်ရှိ ပန်းနတ်ဘုရားပွဲတော်သို့ သွားမည်၊ မသွားမည်ကို မပြောရသေးမီမှာပင် ဝမ်သခင်ကြီးသည် ရုတ်တရက် ပြေးထွက်လာသည်။

ယခုအခါ သူ၏ လန်းဆန်းတက်ကြွနေသော ပုံစံကို ကြည့်လျှင် သရဲတစ်ရာ၏ နှိပ်စက်မှုကို ရက်ပေါင်းများစွာ ခံထားရသည့် လူလတ်ပိုင်းတစ်ဦးဟု မည်သူမျှ ထင်လိမ့်မည်မဟုတ်ပေ။ လီယန်ချူးသည် ယန်ဝိညာဉ်အဆင့် သို့ ရောက်ရှိပြီးနောက် သူ၏ ဝိညာဉ်စွမ်းအား တစ်ခုသည် သာမန်လူသားတစ်ဦးအတွက် မည်မျှအထိ ထိရောက်ကြောင်း တွေ့မြင်နိုင်သည်။ တစ်နည်းအားဖြင့် ထိုလူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုပင် ပြောင်းလဲပေးနိုင်စွမ်း ရှိလှသည်။

"လီတာအိုဆရာ... စောစောက ကျွန်တော် အနေနဲ့ တမင်ထိမ်ချန်ထားတာ၊ လူမသိတတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် စဉ်းစားမိတဲ့ ကိစ္စတစ်ခုက မိန်းမရှေ့မှာ ပြောဖို့ မသင့်တော်လို့ပါ"

လီယန်ချူးက အသာအယာ ခေါင်းငြိတ်ပြလိုက်သည်။

"ဟူး... တကယ်လို့ ထူးဆန်းတဲ့ကိစ္စကို ပြောရမယ်ဆိုရင်တော့၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် မြို့တော်ကို စီးပွားရေးကိစ္စနဲ့ သွားခဲ့တယ်။ အဲဒီမှာ အရက်ကလေး နည်းနည်းသောက်မိတော့ မြို့တော်က မြစိမ်းရေဆောင် မှာ ညအိပ်တည်းခိုဖြစ်ခဲ့တယ်။

ပန်းဦးယဉ် (အလှဆုံး ပြည့်တန်ဆာမ) တစ်ယောက်ကို အဖော်ပြုဖို့ ရွေးလိုက်တာပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီ မိန်းမလှလေးရဲ့ ကျောနောက်မှာ အမြီးကြီး တစ်ချောင်းရှိနေတာကို တွေ့လိုက်ရတယ်၊ မြေခွေးအမြီးနဲ့ တူတယ်ဗျ "

"အော်... မြေခွေးအမြီးလား၊ ဒါဆို မြေခွေးမိစ္ဆာပေါ့"

လီယန်ချူး၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ မြို့တော်၏ ပျော်ပါးရာ နေရာတွေမှာ မြေခွေးမိစ္ဆာတွေ ပုန်းအောင်းနေတာလား ဝမ်သခင်ကြီးကို ကြည့်ရသလောက်တော့ ထိုမိစ္ဆာသည် ဝမ်သခင်ကြီးကို အသက်အန္တရာယ်ဖြစ်အောင် မလုပ်ခဲ့မှန်း သိသာသည်။

"ပြီးတော့ကော"

"ပြီးတော့ ကျွန်တော် ပိုပြီး စိတ်လှုပ်ရှားသွားတာပေါ့"

"......"

လီယန်ချူးသည် ဝမ်သခင်ကြီးကို ထူးထူးဆန်းဆန်း တစ်ချက် ကြည့်လိုက်သည်။

ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ

ဝမ်သခင်ကြီးက အနည်းငယ် ချောင်းဟန့်လိုက်ပြီး လေသံကို ပြန်ပြင်ကာ

"နောက်တာပါဗျာ၊ ကျွန်တော်က ထူးဆန်းလို့ ပြောတာပါ။ အဓိကက ဒီလို ကစားနည်းမျိုး တစ်ခါမှ မမြင်ဖူးလို့၊ အဲဒီမိန်းကလေးက တစ်မျိုးဆန်းအောင် လုပ်ထားတဲ့ အလှဆင်ပစ္စည်းလို့ ထင်မိတာ။ နောက်မှ အဲဒီမိန်းကလေးမှာ တကယ်ပဲ မြေခွေးအမြီး တစ်ချောင်း ထွက်နေတာကို တွေ့လိုက်ရတာ။

ဒါပေမဲ့ သေချာစိုက်ကြည့်ပြန်တော့လည်း အမြီးက ပျောက်သွားပြန်ရော။ ထူးဆန်းတယ်ဆိုရင်တော့ ဒါ တစ်ခုပါပဲ။ အဲဒီက ပြန်လာကတည်းက ကျွန်တော် ဝေဝေဝါးဝါး ဖြစ်နေတာ၊ အခု သတိပြန်ရလာတော့မှ တာအိုဆရာကို တွေ့ရတော့တာပဲ"

ရှေးခေတ်ကာလတွင် ဝမ်သခင်ကြီးကဲ့သို့ လူမျိုးက ပန်းဦးယဉ် (ပြည့်တန်ဆာမ) နှင့် သွားရောက်ပျော်ပါးခြင်းမှာ ကိစ္စကြီးတစ်ခု မဟုတ်ပေ။ သို့သော် ဒေါ်လေးချန်သည် အနည်းငယ် သဝန်တိုတတ်သူဖြစ်ပြီး ဝမ်သခင်ကြီးကလည်း ငယ်ရွယ်သော ဇနီးလေးကို ယူထားခြင်းဖြစ်ရာ မိမိ၏ ဇနီးကို ဒေါသမထွက်စေချင်ပေ။ ထို့ကြောင့် စောစောက အမှန်အတိုင်း မပြောဝံ့ခြင်း ဖြစ်သည်။

ဝမ်ကျိုးသည် ဘေးမှ နားထောင်ရင်း အနည်းငယ် အနေရခက်သွားသည်။ အထူးသဖြင့် ဘေးနားက ဝေ့ရှန်းက သူ့ကို မျက်ခုံးပင့်ပြကာ ကြည့်နေသည့် အကြည့်က ပိုဆိုးလှသည်။ ထိုအကြည့်က ဤသို့ ပြောနေသကဲ့သို့ပင်

အိုးဟိုး... မင်းအဖေက တော်တော်ကစားတတ်တာပဲနော်

ဒါက ရိုးသားတဲ့ ဝမ်ကျိုးကို မျက်နှာပူစေခဲ့သည်။

"ကောင်းပါပြီ၊ ဒီကိစ္စကို ကျွန်တော် နားလည်ပါပြီ။ အကယ်၍ မြို့တော်က မြေခွေးမိစ္ဆာရဲ့ လက်ချက်ဆိုရင်တော့ ဝမ်သခင်ကြီး အဲဒီကို ထပ်မသွားသရွေ့ ဘာပြဿနာမှ မရှိနိုင်ပါဘူး"

လီယန်ချူးက ဆိုသည်။

"မှန်ပါတယ် လီတာအိုဆရာ ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒီမြေခွေးမိစ္ဆာတွေက များသောအားဖြင့် လူငယ်လေးတွေဆီကနေ ယန်စွမ်းအားကို စုပ်ယူရတာ ဝါသနာပါကြတာ။ မိစ္ဆာအငယ်လေးတွေက လူကို အန္တရာယ် မပေးတတ်ပါဘူး။ ပြီးတော့ ရန်ငြိုးမရှိဘဲနဲ့ ဒီလောက်အဝေးကြီးအထိ လိုက်လာပြီး ဒုက္ခပေးမှာ မဟုတ်ပါဘူး"

ဝမ်ဆုန်းတာအိုဆရာက ဝင်ပြောသည်။

"ဆရာတို့ နှစ်ယောက်လုံး အဲဒီလိုပြောမှပဲ ကျွန်တော် စိတ်အေးရပါတော့တယ်။ ကျေးဇူးတင်ပါတယ်ဗျာ"

ဝမ်သခင်ကြီးက သက်ပြင်းချရင်း ဆိုသည်။

လီယန်ချူး၊ ဝမ်ဆုန်းတာအိုဆရာနှင့် ဝေ့ရှန်းတို့သည် ဝမ်အိမ်တော်မှ ထွက်ခွာလာကြသည်။ ဝမ်ကျိုးက တစ်လမ်းလုံး လိုက်ပို့ပြီးမှ ပြန်လှည့်သွားတော့သည်။

"ဝမ်လေးလည်း မလွယ်ပါဘူးဗျာ၊ ကျွန်တော် ကြည့်ရသလောက်တော့ ဒေါ်လေးချန်က ပေါင်းရသင်းရ လွယ်မယ့်ပုံ မပေါ်ဘူး"

ဝေ့ရှန်းက ရုတ်တရက် ပြောလိုက်သည်။

"လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူ ရှိတာပါပဲ။ ကျွန်တော် မြင်ရသလောက်တော့ ဝမ်ကျိုးရဲ့ ကံကြမ္မာက မဆိုးပါဘူး၊ ချမ်းသာမယ့် ကံပါပဲ။ နောက်နောင် တစ်ခြား ထူးခြားတဲ့ အခွင့်အလမ်းတွေလည်း ရှိလာနိုင်ပါတယ်"

လီယန်ချူးက အေးဆေးစွာ ဆိုသည်။

"ဟုတ်သားပဲ၊ လီတာအိုဆရာ... ဆရာက လူကြည့်တတ်တယ်ဆိုတော့ ကျွန်တော့်ရဲ့ ကံကြမ္မာကိုလည်း တစ်ချက်လောက် ကြည့်ပေးပါဦးလား "

"ဝေ့အစ်ကို... ကျွန်တော် အမှန်အတိုင်း ပြောတာကို တကယ် နားထောင်ချင်လို့လား"

"ဒါပေါ့ဗျာ၊ အားမနာဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ ကျွန်တော်တို့က သူငယ်ချင်းတွေပဲဟာ"

"ခင်ဗျားက ချမ်းသာမယ့်သူဆိုတာ မမှားပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ကံကြမ္မာမှာ ပန်းဦးယဉ်ဘေး ပါနေတယ်။ အဲဒါကမှ အရှုပ်အထွေး ပန်းဦးယဉ် ( မကောင်းသော မိန်းမရှုပ်ထွေးမှု) မျိုးပဲ။ ခင်ဗျား မိန်းမတွေလက်ထဲမှာ တော်တော်လေး ဒုက္ခရောက်လိမ့်မယ်လို့ ကျွန်တော် မြင်နေတယ်"

"......" ဝေ့ရှန်း

အခန်း (၇၃၂) - မှတ်ဉာဏ်တွေ အစီရင်ခံ တားစီးခံထားရတာလား ၊ ဇာတ်ကောင်ဝတ်စုံနဲ့ သရဲမ ၊ ကောင်းပုကျေးရွာ

လီယန်ချူးသည် ဤသရဲတစ်ရာအရေးကို တော်တော်လေး စပ်စုချင်နေမိသည်။ ပုံမှန်အားဖြင့် သရဲတစ်ကောင် ပူးကပ်သည်မှာ ကိစ္စကြီးမဟုတ်ပေ။ အချို့သော သရဲငယ်လေးများသည် လူကို အသက်အန္တရာယ်မပေးဘဲ ရက်အနည်းငယ်ခန့် ကံဆိုးစေခြင်း သို့မဟုတ် ဖျားနာစေခြင်းမျိုးသာ လုပ်တတ်ကြသည်။

သို့သော် ကျန်းမာသန်စွမ်းသော အမျိုးသားတစ်ဦးတွင် ယန်စွမ်းအား ပြင်းထန်ပါက လေလွင့်သရဲများမှာ အနားပင် မကပ်ဝံ့ကြပေ။ ဝမ်သခင်ကြီးကဲ့သို့ ကိုယ်တွင်းယန်စွမ်းအား အလွန်အားနည်းနေသူမျိုးမှသာ မသန့်ရှင်းသောအရာများကို ဆွဲဆောင်မိတတ်ခြင်း ဖြစ်သည်။

"ဒါပေမဲ့ ကိုယ်ပေါ်မှာ သရဲတစ်ရာကျော်အထိ ကပ်ပါလာတာကတော့ အရမ်းထူးဆန်းနေပြီ။ အထူးသဖြင့် ဝမ်သခင်ကြီးပြောတဲ့ မြို့တော်က မြေခွေးမိစ္ဆာကိစ္စ... အဲဒီပန်းဦးယဉ်က တကယ်ပဲ မြေခွေးအသွင်ပြောင်းထားပြီး ဝမ်သခင်ကြီးရဲ့ ယန်စွမ်းအားကို စုပ်ယူခဲ့တယ်ဆိုရင်တောင် သူ့အပေါ်မှာ ဒီလောက် သရဲအများကြီး ကပ်နေဖို့ အကြောင်းမရှိဘူး။ အလွန်ဆုံးရှိလှ မှော်အတတ်နဲ့ ငြိစွန်းတာမျိုးပဲ ဖြစ်ရမှာ"

ထို့ကြောင့် လီယန်ချူးသည် ဝမ်သခင်ကြီး ကိုယ်ပေါ်က သရဲတစ်ရာအရေးတွင် အခြားသော ဆန်းကြယ်သည့် လျှို့ဝှက်ချက်တစ်ခု ရှိနေလိမ့်မည်ဟု ယူဆလိုက်သည်။

သူတို့တစ်ဖွဲ့လုံး ဆိတ်ငြိမ်သောနေရာတစ်ခုသို့ ရောက်သောအခါ လီယန်ချူးသည် သရဲတစ်ကောင်ကို ထုတ်လိုက်သည်။

ထိုသရဲမလေးမှာ ကပြအသုံးတော်ခံသည့် ဇာတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ သေသူကဲ့သို့ ဖြူလျော်နေသည်။ အသက် ၁၇၊ ၁၈ နှစ်ခန့်သာ ရှိဦးမည့် မိန်းမပျိုလေး ဖြစ်သည်။ ထိုသရဲမလေးသည် အပြင်သို့ ရောက်လာသည်နှင့် တစာစာ အော်ဟစ်တော့သည်။

"အား... အား... အား... အား"

စူးရှလွန်းသော အသံကြောင့် လီယန်ချူးတို့အားလုံး မျက်မှောင်ကြုတ်မိသွားကြသည်။

"ပါးစပ်ပိတ်စမ်း ထပ်အော်ရင် မင်းကို အပြီးတိုင် ချေမှုန်းပစ်မယ် "

ဝမ်ဆုန်းတာအိုဆရာက အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

ဤတာအိုဆရာကြီးမှာ မိစ္ဆာနှိမ်နင်းလာသည်မှာ ကြာပြီဖြစ်ရာ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ဖုံးလွှမ်းနေသဖြင့် တကယ့်ကို လူရှိန်စရာပင်။

သရဲမလေးမှာ အလွန်လန့်သွားပြီး ဘာမှထပ်မပြောဝံ့တော့ဘဲ ဘေးတွင် ငြိမ်ငြိမ်လေး ရပ်နေတော့သည်။

"စည်းကမ်းတွေကို ကျွန်မ သိပါတယ်ရှင်။ အရှင်တို့ထဲက ဘယ်သူ အရင်လာမလဲဟင် ကျွန်မကို သနားကြင်နာကြပါဦး၊ မနာကျင်အောင် လုပ်ပေးကြပါနော်"

ထိုမိန်းကလေးက တိုးတိုးလေး ပြောရှာသည်။

"......" လီယန်ချူး။

"......" ဝမ်ဆုန်းတာအိုဆရာ။

"မင်း တကယ်ပြောတာလား"

ဝေ့ရှန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

ဖြတ်ကနဲ ဖြတ်ကနဲ

လီယန်ချူး၊ ဝမ်ဆုန်းတာအိုဆရာနှင့် တာအိုသာမဏေလေး နှစ်ဦးတို့၏ အကြည့်များမှာ ဝေ့ရှန်းထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။

ဝေ့ရှန်းသည် ချက်ချင်းပင် မျက်နှာကို တည်လိုက်ပြီး ထိုမိန်းကလေးကို လက်ညှိုးထိုးကာ ငေါက်လိုက်သည်။

"နင် ငါတို့ကို ဘယ်လိုလူတွေအောက်မေ့နေတာလဲ နင့်ကို ထုတ်လိုက်တာ မေးစရာရှိလို့၊ လျှောက်မပြောနဲ့"

သူ၏ ပုံစံမှာ တရားမျှတမှုကို မြတ်နိုးသော အာဇာနည်သူရဲကောင်းကြီးကဲ့သို့လည်းကောင်း၊ ပြည်သူကို စောင့်ရှောက်သည့် အရာရှိကြီးကဲ့သို့လည်းကောင်း အလွန်ပင် တည်ကြည်နေတော့သည်။

"ဘာမေးမလို့လဲဟင်"

ဇာတ်ဝတ်စုံဝတ်ထားသော မိန်းကလေးက အံ့ဩတကြီး မေးသည်။

"နင့်နာမည် ဘယ်သူလဲ"

လီယန်ချူးက နူးညူးညံ့ညံ့ မေးလိုက်သည်။

ယခင်က အဖြူရောင်ဝတ်စုံဝတ် လူငယ် ကို စစ်မေးစဉ်က မေးခွန်းတွေ အများကြီးကို တစ်ပြိုင်နက် မေးမိသဖြင့် တစ်ဖက်လူက မဖြေနိုင်ဘဲ ပေါက်ကွဲသေဆုံးသွားခဲ့သည်။ ထို့ကြောင့် လီယန်ချူးသည် သင်ခန်းစာယူကာ နောက်နောင်တွင် တစ်ခုချင်းစီသာ စိတ်ရှည်လက်ရှည် မေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ဘယ်မေးခွန်းက တစ်ဖက်လူပေါ်မှာ တားမြစ်ချက် ဖြစ်စေသလဲဆိုတာ သိနိုင်မည် မဟုတ်ပါလား။

"ကျွန်မ နာမည်က ကောင်းရှောင်ဝမ် ပါ"

ထိုမိန်းကလေးက လေသံပျော့ပျော့ဖြင့် ဖြေသည်။

"နင် ဘယ်က လာတာလဲ"

"ကောင်းပုကျေးရွာ ကပါ"

"ဘာလို့ ဝမ်သခင်ကြီးရဲ့ ကိုယ်ထဲကို ပူးကပ်နေတာလဲ"

"ကျွန်မ မသိပါဘူးရှင်"

"ဟင်"

"ကျွန်မ တကယ်မသိတာပါ"

သရဲမလေးမှာ တစ်ကိုယ်လုံး တုန်ရီလာပြီး ထိတ်လန့်တကြား ပြောရှာသည်။ သူမသည် ဤချောမောသော တာအိုဆရာလေးကို ကြောက်နေခြင်းမဟုတ်ဘဲ ဘေးနားက ရုပ်ဆိုးဆိုး အဘိုးကြီးတာအိုဆရာကို ကြောက်နေခြင်း ဖြစ်သည်။ ထိုအဘိုးကြီးက မျက်လုံးပြူးကြီးဖြင့် ကြည့်နေသည်မှာ စကားတစ်ခွန်း မှားလိုက်သည်နှင့် တာအိုဆရာလေးကိုယ်စား သူမကို ပိုင်းဖြတ်ပစ်တော့မည့်အတိုင်းပင်။

"နင် ဘယ်လိုဖြစ်ပြီး သေသွားတာလဲ"

လီယန်ချူးက ဆက်မေးသည်။

"မသိဘူး"

"ဝမ်သခင်ကြီးနဲ့ မတွေ့ခင်က နင် ဘယ်မှာ ရှိနေတာလဲ"

"မသိဘူး"

လီယန်ချူး ဆက်မမေးတော့ပေ။ သူသည် ထိုသရဲမလေးကို စိုက်ကြည့်ရင်း တိတ်ဆိတ်သွားသည်။ ဝမ်ဆုန်းတာအိုဆရာကမူ မကျေမနပ်ဖြစ်ကာ ဟောက်လိုက်သည်။

"စကားတိုင်းမှာ မသိဘူးချည်းပဲ၊ နင် လီတာအိုဆရာကို လှည့်ဖြားနေတာလား "

"မင်းလို စကားတတ်တဲ့ သရဲမျိုးကို ငါတွေ့ဖူးတာ မနည်းတော့ဘူး။ အမှန်အတိုင်း မပြောရင် ငါ့ရဲ့ အစွမ်းတွေကို မြည်းစမ်းကြည့်ချင်လို့လား "

ဝမ်ဆုန်းတာအိုဆရာသည် လူဆိုးနေရာမှ ပါဝင်သရုပ်ဆောင်ရာတွင် အလွန်ပင် အောင်မြင်လှသည်။ သူသည် မက်မွန်သားဓားဖြင့် ကောင်းရှောင်ဝမ်၏ နှာခေါင်းထိပ်ကို ချိန်ရွယ်လိုက်ရာ သူမမှာ ထပ်မံ၍ တစာစာ အော်ဟစ်တော့သည်။

"အား... အား... အား... အား "

ကောင်းရှောင်ဝမ်၏ အော်သံမှာ မစဲတော့ပေ။ ဝမ်ဆုန်းတာအိုဆရာ ခင်းကျင်းထားသော အစီရင်ကြောင့် သူမသည် လူသားများ မြင်နိုင်သော အသွင်ကို ဆောင်နေသော်လည်း အသံမှာ အပြင်သို့ မထွက်ပေ။ ထို့ကြောင့်လည်း ဝေ့ရှန်းက သူမကို မြင်နေရခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် အသံအပြင်မထွက်သဖြင့်သာ... မဟုတ်လျှင် အမျိုးသား ၅ ယောက်က မိန်းမပျိုလေးတစ်ယောက်ကို ဝိုင်းထားပြီး သူမက ဒီလောက်အသံကုန်အော်နေသည်မှာ တစ်ခုခု မဟုတ်တာလုပ်နေသည်ဟု အထင်ခံရပေလိမည်။

"နင်က ကောင်းရှောင်ဝမ်ပေါ့... နင်တို့အုပ်စုလိုက်ကြီးကို ငါဖမ်းလာတာ။ ခဏနေရင် တခြားတစ်ကောင်ကို ငါထုတ်မေးမယ်၊ သူပြောတာနဲ့ နင်ပြောတာနဲ့ မတူရင် ဘာဖြစ်မလဲဆိုတာ နင်သိတယ်နော်"

လီယန်ချူးက သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

ဝေ့ရှန်းကလည်း လိုက်ဖက်ညီစွာဖြင့် မျက်လုံးပြူးကြည့်ကာ သရဲမကို ရန်တွေ့ပေးသည်။ သူသည် ဘဝတွင် ပထမဆုံးအကြိမ် သရဲမမြင်ဖူးခြင်းဖြစ်ပြီး၊ တာအိုကျွမ်းကျင်သူ နှစ်ယောက်ကြားမှာ ရှိနေသဖြင့် မကြောက်သည့်အပြင် စိတ်ပင် လှုပ်ရှားနေမိသည်။ ဝေ့ရှန်းက စိုက်ကြည့်လိုက်သောအခါ ကောင်းရှောင်ဝမ်မှာ ချက်ချင်းပင် ငိုချလိုက်တော့သည်။

"ကျွန်မ... ကျွန်မ တကယ်မသိတာပါ၊ ဒီလူကြီးကို ကျွန်မကို မခြောက်ခိုင်းပါနဲ့ဦး"

သူမသည် ဓားကိုင်ထားသော ဝမ်ဆုန်းတာအိုဆရာထက် ဝေ့ရှန်းကို ပိုကြောက်နေပုံရသည်။

ဝေ့ရှန်း : "......"

လီယန်ချူးသည် လက်ဝှေ့ယမ်းလိုက်ပြီး ကောင်းရှောင်ဝမ်ကို ပြန်သိမ်းလိုက်ကာ နောက်ထပ် သရဲတစ်ကောင်ကို ထုတ်လိုက်သည်။ တိုက်ဆိုင်ချင်တော့ ထိုသရဲမှာ ခန္ဓာကိုယ် ထွားကျိုင်းပြီး လက်မောင်းအသားစိုင်များက တင်းကားနေသည်။ ကြည့်ရသည်မှာ ပန်းပဲဆရာ သို့မဟုတ် သားသတ်သမား ဖြစ်ပုံရသည်။ မျက်နှာမှာလည်း အလွန်ပင် ရန်လိုသော ပုံစံရှိသည်။

ဤထွားကျိုင်းသော သရဲသည် အပြင်သို့ ရောက်လာလျှင်ပင် လီယန်ချူး၏ အလွန်ချောမောသော မျက်နှာကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ဒူးထောက်လိုက်တော့သည်။

"တာအိုဆရာကြီး... အသက်ချမ်းသာပေးပါ စောစောက ကျွန်တော် မသိတတ်လို့ပါ၊ ဆရာကြီး မေးသမျှကို ကျွန်တော် အကုန်ဖြေပါ့မယ်"

"မင်းကတော့ အခြေအနေကို မြန်မြန်နားလည်သားပဲ"

လီယန်ချူးက ခေါင်းငြိတ်ပြလိုက်သည်။

ဤသရဲသည် လူ့ဘဝတုန်းက ပန်းပဲဆရာတစ်ဦး ဖြစ်သည်။ စောစောက ဝမ်သခင်ကြီး၏ ကိုယ်ထဲမှ ထွက်ပြေးရန် ကြိုးစားစဉ် လီယန်ချူး၏ လမ်းကြောင်းကို မှားရွေးမိသဖြင့် လီယန်ချူး၏ လက်ဝါးချက်ဖြင့် သရဲအားလုံး အပြင်သို့ လွင့်ထွက်သွားခဲ့ရသည်။ ထို့ကြောင့် ဤပန်းပဲဆရာက လီယန်ချူး၏ အစွမ်းကို ကောင်းကောင်းကြီး သိနေသည်။

လီယန်ချူး မေးမြန်းပြီးနောက်တွင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ လူတိုင်းမှာလည်း အံ့ဩသွားကြသည်။ ထိုပန်းပဲဆရာ ပြောသမျှမှာ ဇာတ်ဝတ်စုံဝတ် သရဲမလေး ပြောခဲ့သည်နှင့် ထပ်တူပင် ဖြစ်နေသည်။ လီယန်ချူးသည် အဘိုးကြီး၊ ကလေး အစရှိသဖြင့် သရဲများစွာကို တစ်ကောင်ပြီးတစ်ကောင် ထုတ်မေးသော်လည်း အားလုံးက ကောင်းပုကျေးရွာ ကဟုသာ သိကြပြီး၊ ဘယ်တုန်းက သေခဲ့သလဲ၊ ဘာကြောင့် အတူတူ စုဝေးနေရသလဲဆိုသည်ကိုမူ လုံးဝ မသိကြပေ။

"ဒါ တကယ် ထူးဆန်းနေပြီဗျာ... ဘယ်သူမှ ဘာမှမသိကြဘူး။ ဒီ ကောင်းပုကျေးရွာ ဆိုတာက ရှောက်ယန်ခရိုင် အပိုင် ကျေးရွာတစ်ရွာလို့ ပြောနေကြတာပဲ၊ လူတွေကို လိုက်မေးကြည့်ရင်ကော"

ဝေ့ရှန်းက မျက်မှောင်ကြုတ်ကာ အကြံပေးသည်။

လီယန်ချူးက ခေါင်းငြိတ်လိုက်သည်

"ဝေ့ရှန်း ပြောတာ ဟုတ်တယ်။ ဒါက တော်တော် ထူးဆန်းလာပြီ"

သရဲပူးခြင်းသက်သက်ဆိုလျှင် သရဲကို ကျွတ်လွတ်အောင်လုပ်ပေးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းမှာ လီယန်ချူးအတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။ သာမန်လေလွင့်သရဲများ မဆိုထားနှင့်၊ အာဃာတသရဲ၊ သရဲစစ်သူကြီး၊ သရဲဘုရင်နှင့် ငရဲပြည်က ကြောက်မက်ဖွယ် သတ္တဝါများကိုပင် သူ သတ်ဖူးခဲ့သည်။

သရဲဆိုသည်မှာ အသိဉာဏ်ရှိလျှင် ရှိမည်၊ မရှိလျှင် အာဃာတသရဲအဖြစ် ပြောင်းလဲကာ အသိစိတ် ပျောက်ကွယ်သွားမည်။ သို့သော် ဤကျေးရွာသားများမှာမူ ထူးဆန်းနေသည်။ သေခါနီးတွင် ပြင်းထန်သော ဒဏ်ရာကြောင့် မှတ်ဉာဏ်ပျောက်ဆုံးခြင်းမျိုး ရှိနိုင်သော်လည်း၊ တစ်ရွာလုံးကလူတွေ အားလုံးက သေခါနီးမှတ်ဉာဏ်တွေ တစ်ပြိုင်နက်တည်း ပျောက်ဆုံးနေခြင်းမှာ မဖြစ်နိုင်ပေ။

တစ်စုံတစ်ယောက်က သူတို့၏ မှတ်ဉာဏ်ကို အစီရင်ခံကာ တားစီးထားသည်ဟု လီယန်ချူးက ထက်မြက်စွာ ခံစားမိလိုက်သည်။ သူသည် ဝိညာဉ်ခေါ်အိတ် ကို ပြန်သိမ်းလိုက်ပြီးနောက် လူစုခွဲကာ ထိုလမ်းကြားလေးထဲမှ ထွက်လာခဲ့ကြသည်။

လမ်းတွင် လူအချို့ကို မေးမြန်းကြည့်သော်လည်း မည်သူမျှ "ကောင်းပုကျေးရွာ" ကို မသိကြပေ။ ရှေးခေတ်ကာလတွင် လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် လူအတော်များများမှာ မိမိအိမ်မှာပင် တစ်သက်လုံး နေထိုင်တတ်ကြပြီး အခြားနေရာကို မသိကြသည်မှာ မထူးဆန်းပေ။ သို့သော် လမ်းဘေးတွင် လေညင်းခံနေသည့် အဘိုးအိုတစ်ဦးကို မေးလိုက်သောအခါတွင်မူ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"ကောင်းပုကျေးရွာ ခင်ဗျားတို့က ဒီနာမည်ကို ဘယ်လိုလုပ် သိတာလဲ"

အဘိုးအိုက အံ့ဩတကြီး မေးသည်။

"ဘာလို့လဲ အဘိုး ဒီနာမည်မှာ ဘာပြဿနာ ရှိလို့လဲ"

"ကောင်းပုကျေးရွာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ပျောက်ကွယ်သွားခဲ့ပြီလေ"

အဘိုးအိုက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

"ပျောက်ကွယ်သွားတယ်"

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ ထိုအဘိုးအို ပြောလိုက်သည်မှာ "သေဆုံးကုန်ကြသည်" ဟု မဟုတ်ဘဲ "ပျောက်ကွယ်သွားသည်" ဟု ပြောလိုက်ခြင်း ဖြစ်သည်။

"ဟုတ်တယ်... တစ်ရွာလုံး တစ်ညတည်းနဲ့ အစအနမကျန် ပျောက်ကွယ်သွားတာ။ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး၊ လေထဲကို အငွေ့ပျံသွားသလိုမျိုးပဲ"

အဘိုးအိုသည် ထိုကိစ္စကို ပြောနေရင်းပင် ယခုထက်တိုင် ကြောက်ရွံ့နေဆဲ ဖြစ်သည်။

All Chapters