← Chapters

အခန်း (၇၃၅-၇၃၆)

Vol. 74 Ch. 735-736

အခန်း (၇၃၅-၇၃၆)

Vol. 74 Ch. 735-736

အခန်း (၇၃၅) - ကျူးယန့်ကို အသက်သွင်းခြင်း ၊လက်နက်တည်းဖြတ်မှု ပါရမီရှင် ၊ ငါက ကံကောင်းတဲ့သူ မဟုတ်ဘူး ၊ ကျင့်ကြံမှုသက်တမ်း တစ်ထောင့်ခုနစ်ရာ

ဆိုင်ရှင်မ ရှိနေသည့်အတွက်ကြောင့် လီယန်ချူးသည် လင်ရွှီ နတ်ဘုရားနယ်မြေအတွင်းမှ ရရှိခဲ့သော ရတနာအမြောက်အမြားကို အမည်နာမ ခွဲခြားသိမြင်နိုင်ခဲ့သည်။

ဥပမာအားဖြင့် ထိုဆေးလုံးနှစ်လုံးသည် ကျူးယန့် အကောင်နှစ်ကောင်ကို ဆင့်ခေါ်နိုင်သည်။ ကျူးယန့်ဆိုသည်မှာ တောင်နှင့်ပင်လယ်ကျမ်း ထဲတွင် မှတ်တမ်းတင်ထားသည့် ကြောက်မက်ဖွယ် သားရဲဆိုးတစ်ကောင် ဖြစ်သည်။

၎င်း၏ အစွမ်းမှာ လင်ရွှီ နတ်ဘုရားနယ်မြေထဲတွင် ပြသခဲ့သည့် အဆင့်အတန်းမျိုးသာ မကဘဲ အမှန်တကယ်တွင် ထိုထက်မက ပိုမိုအစွမ်းထက်ရမည် ဖြစ်သည်။

"ဒီဆေးလုံးတွေက ကျင့်ကြံသူ တွေရဲ့ မှော်လက်နက်တွေပဲ၊ အထဲမှာ ကျူးယန့်ရဲ့ ဝိညာဉ်ခွဲ တစ်ခုစီကို ပိတ်လှောင်ထားတာ။ ဒါပေမဲ့ အချိန်တွေ အရမ်းကြာသွားပြီဆိုတော့ အခုဆိုရင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ"

"ကျင့်ကြံသူ တွေ နောက်ထပ်တစ်ခါလား"

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။

သူက ရုတ်တရက် မေးလိုက်သည်

"ရွှေအမြုတေ ကို ကျင့်ကြံတာက ကျင့်ကြံသူတွေရဲ့ နည်းလမ်းလား "

"ဟုတ်တယ်၊ ရှင်လည်း ကျင့်နေတာလား"

ဆိုင်ရှင်မက ခေါင်းငြိတ်ကာ မေးသည်။

လီယန်ချူး တိတ်ဆိတ်သွားသည်။ လုံဟုရှန်း ၏ ရွှေအမြုတေ လျှို့ဝှက်နည်းလမ်းမှာ သူ့အား ဆရာဦးလေး ကိုယ်တိုင် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မြင့်မြတ်သော တာအိုပညာရပ်တစ်ခု ဖြစ်ပါလျက် အဘယ်ကြောင့် ကျင့်ကြံသူ တို့၏ နည်းလမ်း ဖြစ်နေရသနည်း။

"ကျုပ်ကျင့်နေတာက လုံဟုရှန်းရဲ့ ရွှေအမြုတေ လျှို့ဝှက်နည်းလမ်းပါ၊ ဒါပေမဲ့ ငရဲတောင်က သရဲအိုကြီးက ကျုပ်ကို ကျင့်ကြံသူ တစ်ယောက်လို့ ထင်ပြီး အော်ဟစ်နေတာကြောင့် သိချင်လို့ မေးကြည့်တာပါ"

လီယန်ချူးက လေးလေးပင်ပင် ဆိုသည်။

ဆိုင်ရှင်မက သူ့ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ပြောသည်။

"ဖြစ်နိုင်တာကတော့ အဲဒီမှော်ပညာ နှစ်ခုကြားမှာ ဆက်နွှယ်မှု တစ်ခုခု ရှိနေလို့လည်း ဖြစ်နိုင်တာပဲ"

လီယန်ချူး ခေါင်းအသာငြိတ်လိုက်သည်။

သူသည် ထိုဆေးလုံးနှစ်လုံးကို စွမ်းအားမြှင့်တင် နိုင်သည်။ သို့သော် ဆိုင်ရှင်မ ပြောလိုက်သည့် စကားကြောင့် ထိုစိတ်ကူးကို လက်လျှော့လိုက်ရသည်။

"ဒီကျူးယန့် ဝိညာဉ်ခွဲ နှစ်ခုကို ခွဲထုတ်ပေးလို့ရတယ်။ နောင်တစ်ချိန် သူတို့ ကြီးထွားလာရင် အစစ်အမှန် ကျူးယန့် သားရဲဆိုးတွေ ဖြစ်လာမှာပဲ။ အဲဒါက ဆေးလုံးနဲ့ ဆင့်ခေါ်တာထက် အဆပေါင်းများစွာ ပိုအစွမ်းထက်လိမ့်မယ်"

ဆိုင်ရှင်မက ပြောပြီးနောက် လီယန်ချူးကို တစ်ချက်ကြည့်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့"

လီယန်ချူး၏ မျက်လုံးများ ဝင်းလက်သွားသည်။

ဆိုင်ရှင်မသည် ဆေးလုံးနှစ်လုံးကို လက်ထဲတွင် ဆုပ်ကိုင်ကာ အသာအယာ ဆွဲထုတ်လိုက်ရာ ဝိညာဉ်နှစ်ခု ပျံထွက်လာသည်။ ထိုဝိညာဉ်နှစ်ခုကို သူမက အလွယ်တကူပင် တစ်ခုတည်းဖြစ်အောင် နယ်ဖတ်လိုက်ပြီး ဆေးလုံးနှစ်လုံးကိုလည်း တဖြည်းဖြည်း ပေါင်းစပ်လိုက်သည်။

ဆိုင်ရှင်မသည် သူမ၏ နုနယ်သော လက်ချောင်းလေးဖြင့် အသာအယာ တောက်လိုက်ပြီး လေတစ်ချက် မှုတ်ထုတ်လိုက်ရာ ဆေးလုံးမှ ရုတ်တရက် အလင်းတန်းတစ်ခု ဖြာထွက်လာတော့သည်။

ဝိုင်းထဲတွင် အစီရင်အတားအဆီးများ ရှိသဖြင့် အလင်းမှာ အပြင်သို့ မပေါက်ကြားသော်လည်း မျက်စိကျိန်းလောက်အောင် တောက်ပလှသည်။ လီယန်ချူး ပြန်လည် မြင်တွေ့ရချိန်တွင်မူ ရှေးဟောင်းဆေးလုံးမှာ ပျောက်ကွယ်သွားပြီး ခေါင်းဖြူကာ ခြေထောက်နီသည့် ကျူးယန့် သားရဲတစ်ကောင် ထွက်ပေါ်လာသည်။

"ဒါနဲ့ပဲ ပြီးသွားတာလား"

လီယန်ချူး အံ့ဩစွာ မေးမိသည်။

"ပြီးပြီလေ၊ အခု ဒီကျူးယန့်က ယင်ဝိညာဉ်ရှင် ထိပ်ဆုံးအဆင့်မှာ ရှိတယ်။ နောက်ထပ် ခုနစ်ရက်လောက် ထပ်ပြီး ကျင့်ကြံပေးလိုက်ရင် ယန်ဝိညာဉ်ရှင် အဆင့်ကို ပြန်ရောက်သွားလိမ့်မယ်။ အဲဒီထက် ပိုပြီး အစွမ်းထက်လာဖို့ကတော့ အချိန်နည်းနည်း ပိုပေးရလိမ့်မယ်"

ဆိုင်ရှင်မက ပြုံးကာ ဆိုသည်။

"........" လီယန်ချူး။

ယခင်က ဆေးလုံးမှာ မည်မျှပင် အစွမ်းထက်ပါစေ ဝိညာဉ်ခွဲနှစ်ခုကို ဆင့်ခေါ်ရုံသာ တတ်နိုင်သည်။ သို့သော် ဆိုင်ရှင်မ၏ အဓိပ္ပာယ်မှာ ရှေးဟောင်း သားရဲဆိုး ကျူးယန့် အစစ်အမှန် တစ်ကောင်ကို တိုက်ရိုက် အသက်သွင်းပေးလိုက်ခြင်းပင်။ ဤသည်မှာ မည်ကဲ့သို့သော နတ်ဘုရား အတတ်ပညာနည်း။

လီယန်ချူး ခဏမျှ မှင်တက်သွားပြီးမှ သူသည် မိစ္ဆာဆင့်ခေါ်အလံ ကို အမြန်ထုတ်ကာ

"ဒါက ကျုပ် တောက်ယန် ဆီကနေ လုယူထားတဲ့ မိစ္ဆာဆင့်ခေါ်အလံပဲ၊ အထဲမှာ ရှေးဟောင်း သားရဲဆိုးတွေ အများကြီး ပိတ်လှောင်ထားတာ။ သူတို့ကိုရော အသက်သွင်းပေးလို့ ရမလား "

လီယန်ချူး၏ အသက်ရှူသံများ စိပ်လာသည်။

စဉ်းစားကြည့်စမ်းပါ... နောင်တစ်ချိန် ရန်ပွဲထွက်လျှင် ဘေးနားတွင် ရှေးဟောင်း သားရဲဆိုးကြီး တစ်အုပ် ပါလာမည်။ တိုက်ခိုက်နေစရာပင် မလို၊ ဤကဲ့သို့ ခမ်းနားလှသော အရှိန်အဝါဖြင့်ပင် ရန်သူကို သေအောင် ခြောက်လှန့်နိုင်ပေလိမည်။

ဆိုင်ရှင်မသည် မိစ္ဆာဆင့်ခေါ်အလံကို ခဏမျှ စိုက်ကြည့်ပြီး ခေါင်းခါပြသည်။

"သူတို့က ဒီအလံရဲ့ ထိန်းချုပ်မှုကို ခံထားရတာ၊ လောလောဆယ်တော့ မလုပ်နိုင်သေးဘူး"

လောလောဆယ် မလုပ်နိုင်သေးဘူး... ဆိုင်ရှင်မ၏ စကားထဲမှ ဆိုလိုရင်းကို လီယန်ချူးက ဖမ်းဆုပ်မိလိုက်သည်။ ဆိုလိုသည်မှာ နောင်တစ်ချိန်တွင် သူတို့ကို အသက်သွင်းပေးနိုင်မည်ဟူသော သဘောပင်။ ၎င်းမှာ အမှန်တကယ်ပင် အလွန် ခန့်ညားလှပေမည်။

ဆိုင်ရှင်မသည် ထိုကျူးယန့်ကို ဝိုင်းထဲတွင် လျှောက်မသွားစေဘဲ နတ်ဘုရားပန်းချီကား ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။ ဆိုင်ရှင်မ၏ အဆိုအရ ထိုပန်းချီကားထဲတွင် ကိုယ်ပိုင်ကမ္ဘာ တစ်ခုရှိပြီး အထဲမှာ နေထိုင်ကျင့်ကြံရသည်မှာ လောကီဝိညာဉ်စွမ်းအား အပေါ် မမှီခိုရသဖြင့် ဘာမှ ပြဿနာမရှိဟု ဆိုသည်။

ဤကဲ့သို့သော နတ်ဘုရား အတတ်ပညာများကို လီယန်ချူး အားကျမိသော်လည်း စကားဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။ ဆိုင်ရှင်မနှင့် နှိုင်းယှဉ်လျှင် သူသည် "တိုက်ခိုက်ဖို့ပဲ သိတဲ့ လူကြမ်းကြီး" တစ်ယောက်သာ မဟုတ်ပါလား။

"အရင်က မင်း လက်နက်တည်းဖြတ် တတ်တာ မသိခဲ့ဘူး"

လီယန်ချူးက ပြုံးကာ ဆိုသည်။

"ခုလေးတင် သင်ထားတာလေ၊ တော်တယ်မလား"

ဆိုင်ရှင်မက ပြုံးဖြဲဖြဲဖြင့် ဆိုသည်။

လီယန်ချူး ကြောင်သွားကာ

"မဖြစ်နိုင်တာ"

"ရှင် မယုံဘူးလား တကယ် ခုလေးတင် သင်ထားတာပါ။ ပြင်ချင်တဲ့ လက်နက်တွေ ရှိရင် ထုတ်ပေးလေ၊ ကျွန်မ ပြင်ပေးမယ်"

ဆိုင်ရှင်မက ဤအကြောင်းကို ပြောသည့်အခါ မျက်လုံးလေးများပါ ဝင်းလက်လာသည်။ သိသာသည်မှာ သူမသည် လက်ရှိတွင် လက်နက်တည်းဖြတ်သည့် ပညာရပ်အပေါ် အလွန် စိတ်ဝင်စားနေခြင်းပင်။

ဝေမြို့ မှ မိစ္ဆာများကို လီယန်ချူးက အကြိမ်ကြိမ် ရှင်းလင်းထားပြီး ဖြစ်သည်။ ဤနေရာတွင် နတ်ဘုရားနယ်မြေများ မကြာခဏ ပေါ်ပေါက်တတ်သော်လည်း ထိုစုန်းအတတ်၊ မိစ္ဆာအတတ် လိုက်စားသူများမှာ ဝေမြို့ကို သေမင်းတမန် နယ်မြေအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။ ဝေမြို့အနီးအနားတွင်လည်း ထူးထူးခြားခြား ဆန်းကြယ်မှုများ မရှိဘဲ အေးချမ်းလျက် ရှိသည်။

နောက်ရက်များတွင် လီယန်ချူးသည် တာအိုကျောင်းအတွင်း၌သာ အာရုံစိုက် ကျင့်ကြံနေခဲ့သည်။ မျက်စောင်းထိုးတွင် ထိုက်ဖင် တည်းခိုခန်းရှိသဖြင့် စားသောက်ရန်လည်း အဆင်ပြေလှသည်။

သို့သော် ဆိုင်ရှင်မမှာ မကြာသေးမီက လက်နက်တည်းဖြတ်သည့် ပညာတွင် စိတ်ဝင်စားနေပြီး ထူးဆန်းသော စမ်းသပ်မှုများကို ခဏခဏ လုပ်နေသဖြင့် သူမကိုယ်တိုင် မီးဖိုချောင် မဝင်တော့ပေ။ ထို့ကြောင့် လီယန်ချူးအတွက် စားကောင်းသောက်ဖွယ် အရသာများမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။

သူသည် တာအိုကျောင်းအတွင်း မိုးကြိုးမှော်ပညာ ကို အပတ်တကုတ် ကျင့်ကြံသည်။ ဤမိုးကြိုးပညာမှာ သူ ယခင်က သင်ယူခဲ့သော မှော်ပညာများနှင့် မတူဘဲ ဦးနှောက်ထဲသို့ အလိုအလျောက် ပေါ်လာသကဲ့သို့ပင်။ လက်ဖဝါးမိုးကြိုးဂါထာ ကိုလည်း သုံးလေလေ ပို၍ ကျွမ်းကျင်လာလေလေ ဖြစ်သည်။

အားသည့်အခါတိုင်း သူသည် ရှစ်ခွင်မှန် ကို အသုံးပြု၍ ဝေမြို့အတွင်း မိစ္ဆာ သို့မဟုတ် ဝိညာဉ်ဆိုးများ ရှိမရှိ စစ်ဆေးတတ်သည်။ ရှိခဲ့လျှင် မိုးကြိုးဖြင့် ပစ်သည်။ သို့သော်လည်း ရက်အတော်ကြာသည်အထိ ဝေမြို့ထဲသို့ မှားယွင်းဝင်ရောက်လာသည့် မိစ္ဆာကျင့်ကြံသူ တစ်ဦးကို မိုးကြိုးပစ်သတ်မိသည်မှလွဲ၍ ထူးထူးခြားခြား မိစ္ဆာများ ပေါ်မလာခဲ့ပေ။

မိုးကြိုးပညာအပြင် လီယန်ချူးသည် အခြားသော တာအိုပညာရပ်များကိုလည်း ဆက်လက် လေ့လာသည်။ ဟွမ်ထင် တာအိုကျမ်း ထဲတွင် မှတ်တမ်းတင်ထားသော မှော်အတတ်များမှာ လေ့လာလေလေ ပို၍ နက်နဲလေလေ ဖြစ်သည်။

ဥပမာအားဖြင့် ယခင်က ဘေးလွှဲခြင်း အတတ် မှာ ထိခိုက်မှု အနည်းငယ်ကိုသာ လွှဲပြောင်းနိုင်ခဲ့သော်လည်း ယန်ဝိညာဉ်ရှင် အဆင့်ရောက်လာသောအခါ ယခင်နှင့် လုံးဝ မတူတော့ဘဲ ကြယ်တာရာတွေကို ပြောင်းလဲပစ်နိုင်သည့် ခံစားချက်မျိုးအထိ ရှိလာသည်။

လင်ရွှီ နတ်ဘုရားနယ်မြေထဲတွင် တောက်ယန်နှင့် တိုက်ခိုက်စဉ်က အပြာရောင်ဝတ် မိန်းမလှလေးမှာ ဤအတတ်ဖြင့် အတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် လီယန်ချူးသည် ယင်ယန်ပုလင်း ၊ နဂါးချုပ်တိုင် နှင့် မိစ္ဆာဆင့်ခေါ်အလံ ကဲ့သို့သော အစွမ်းထက် ရတနာများကိုလည်း ဆက်တိုက် သန့်စင်ကျင့်ကြံ နေသည်။ ဤရတနာများမှာ တစ်ခုချင်းစီ၌ ထူးခြားချက်ကိုယ်စီ ရှိကြပြီး မမျှော်လင့်ဘဲ အသုံးပြုလျှင် တစ်ချက်တည်းနှင့် အနိုင်ရနိုင်သည့် စွမ်းအားများ ရှိကြသည်။

သူ၏ ကျင့်ကြံမှုသက်တမ်း မှာလည်း ဟိုရှိုဝူဆေးမြစ်ကို စားသုံးပြီးနောက် နှစ်တစ်ထောင့်နှစ်ရာအထိ ရောက်ရှိလာခဲ့သည်။ ထို့နောက် လီယန်ချူးသည် ဖီးနစ် အဆီအနှစ် ကို ထပ်မံစားသုံးလိုက်သည်။

ဤဖီးနစ်အဆီအနှစ်မှာ စစ်မှန်သော ယန်ဓာတ်ရတနာ (၁၀) မျိုးတွင် အဆင့် (၂) ရှိပြီး ဖီးနစ် ပြန်လည်မွေးဖွားခြင်း နတ်ခန္ဓာ ကို ရရှိနိုင်သည့် အခွင့်အရေး ရှိသည်။

ဤမျှ တန်ဖိုးကြီး ရတနာများကို ဆက်တိုက် ရရှိထားသဖြင့် လီယန်ချူးသည် သူ၏ ကံဇာတာမှာ အားမကောင်းလှသော်လည်း "ငါက ကံအကောင်းဆုံး လူသား ပဲ" ဟူသော စိတ်မျိုး ဝင်နေတော့သည်။ သူသည် ဤတစ်ကြိမ် ရတနာသေတ္တာ ဖွင့်ရာတွင် ဖီးနစ်နတ်ခန္ဓာကို ဧကန်မုချ ရလိမ့်မည်ဟု ယုံကြည်နေသည်။

ဖီးနစ်အဆီအနှစ်ကို မျိုချပြီးနောက် လီယန်ချူး၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ သန့်စင်သွားပြီး ဝိညာဉ်နှင့် မှော်စွမ်းအား ကဏ္ဍစုံတွင် မြင့်တက်လာခဲ့သည်။

နီရဲသော အလင်းတန်းတစ်ခုသည် တာအိုကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ရှေးဦးမူလသံလိုက် ကို ဆိုင်ရှင်မက လက်နက်တည်းဖြတ်ရန် ယူသွားသဖြင့် တာအိုကျောင်းအတွင်း၌ အစွမ်းထက်သော အတားအဆီးများ မရှိပေ။

လီယန်ချူး၏ နားထဲတွင် ဖီးနစ်ငှက်၏ ကြည်လင်သော တွန်ကျူးသံကို ခပ်ရေးရေး ကြားလိုက်ရသည်။

"မျှော်လင့်ချက် ရှိပြီ"

လီယန်ချူး ရင်ခုန်သွားသည်။ ဖီးနစ်အဆီအနှစ် စားပြီးနောက် နတ်ခန္ဓာ ရနိုင်သည့် အခွင့်အရေး ရှိရာ ယခု ဖီးနစ်တွန်သံကို ကြားရသည်ဆိုမှတော့ အောင်မြင်တော့မည် မဟုတ်ပါလား။

သို့သော် လီယန်ချူးကို အနည်းငယ် အံ့အားသင့်စေသည်မှာ ထိုဖီးနစ်တွန်သံမှာ တစ်ခဏမျှသာ ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားခြင်းပင်။

"ဒါနဲ့ပဲ ပြီးသွားတာလား"

လီယန်ချူး ကြောင်သွားပြီး အနည်းငယ် စိတ်ပျက်သွားမိသည်။

ငါကတော့ ကံအကောင်းဆုံး လူသား မဟုတ်သေးပါလား...

သို့သော် သူသည် မကြာခင်မှာပင် ပြန်လည် ပြုံးရွှင်သွားသည်။

ဖီးနစ်အဆီအနှစ်ကို စားသုံးပြီးနောက် သူ၏ ဝိညာဉ်အတွင်းမှ ယန်ဓာတ်မှာ ပိုမို အားကောင်းလာပြီး မှော်စွမ်းအားများလည်း ပို၍ ကြီးမားလာခဲ့သည်။

ကျင့်ကြံမှုသက်တမ်း တစ်ထောင့်ခုနစ်ရာ

ဖီးနစ်အဆီအနှစ်က သူ့ကို ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်း (၅၀၀) တောင် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ လီယန်ချူး၏ အသက်ရှူသံများပင် ပြင်းထန်လာတော့သည်။

ဒီလောက်တောင် အစွမ်းထက်တာလား

အခန်း (၇၃၆) - သန်မာလှသော ခန္ဓာကိုယ် ၊ ငါ့ကိုယ်ငါ နှစ်ယောက်တောင် ပြန်ချလို့ရတယ် ၊ ကျင့်ကြံမှုသက်တမ်း နှစ်နှစ်ထောင် ၊ ငါ့ကို ကယ်ပါဦး

"ဒုတိယအဆင့်ရှိတဲ့ စစ်မှန်တဲ့ ယန်ဓာတ်ရတနာဆိုတာ တကယ်ကို မမှားဘူးပဲ "

လီယန်ချူး၏ ရင်ထဲတွင် အတိုင်းအထက်အလွန် ဝမ်းသာပီတိ ဖြစ်သွားရသည်။ သို့သော်လည်း သူသည် မကြာမီမှာပင် ပြန်လည် တည်ငြိမ်သွား၏။ ဖီးနစ်အဆီအနှစ်သည် စစ်မှန်သော ယန်ဓာတ်ရတနာ ဖြစ်သော်လည်း ကျင့်ကြံမှုသက်တမ်း ကို နှစ်ပေါင်း (၅၀၀) တောင်မှ တစ်ဟုန်ထိုး မြှင့်တင်ပေးနိုင်သည်မှာ မဖြစ်နိုင်သလောက်ပင်။

ကျင့်ကြံမှုသက်တမ်း ဆိုသည်မှာ မှော်စွမ်းအား နှင့် တိုက်ရိုက် ဆက်နွှယ်နေသောအရာ ဖြစ်သည်။ သာမန် ယန်ဝိညာဉ်ရှင် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးတွင် ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်း (၃၀၀) ခန့်သာ ရှိတတ်ကြသည်။ ယခု ဖီးနစ်အဆီအနှစ်က မြှင့်တင်ပေးလိုက်သည့် ပမာဏမှာ များလွန်းနေသည် မဟုတ်ပါလား။

"ဒါဟာ ခုနက ဖီးနစ်တွန်သံ ကြောင့်များလား "

လီယန်ချူး ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူ့ရဲ့ ကံတရားက ကံအကောင်းဆုံးလား၊ ဒါမှမဟုတ် ကံအဆိုးဆုံး လားဆိုတာ သူကိုယ်တိုင်ပင် ဝေခွဲမရတော့ပေ။

တည်းခိုခန်းအတွင်း၌မူ ဆိုင်ရှင်မသည် အခန်းအပြင်သို့ပင် မထွက်ဘဲ လက်နက်တည်းဖြတ်သည့် အလုပ်တွင် နစ်မွန်းနေသည်။ အခန်းအတွင်း၌ မိုးကြိုးတိမ်တိုက်တစ်ခု ပျံဝဲနေပြီး ရှေးဟောင်းဆေးလုံးတစ်လုံးမှာလည်း ကျူးယန့် သားရဲပုံသဏ္ဌာန်အဖြစ် အကြိမ်ကြိမ် ပြောင်းလဲပေါ်ပေါက်နေသည်။

သူမ၏ လက်ထဲတွင် ကျိုးနေသော လှံနှစ်ပိုင်း ရှိနေ၏။ ဤလှံမှာ ကျားခေါင်းရွှေလှံ ဖြစ်ပြီး နှစ်ပေါင်း (၈၀၀) ကျင့်ကြံထားသော တောင်သခင် မိစ္ဆာကျားကြီး၏ အသက်သွင်းမှော်လက်နက် ဖြစ်ရာ အလွန်ကြီးမားသော နတ်ဘုရားစွမ်းအားများ ကိန်းဝဲနေသည်။

ထိုစဉ် ဆိုင်ရှင်မက လက်ညှိုးဖြင့် အသာအယာ တို့ထိလိုက်ရာ ကျားခေါင်းရွှေလှံမှာ တဖြည်းဖြည်း ပျော့ပြောင်းလာပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတော့သည်။ ကျိုးနေသည့် နေရာများမှာ ပထမဦးစွာ အငွေ့ပျံပြီး အရည်ပျော်သွားကာ နောက်ဆုံးတွင် စင်ကြယ်သော စွမ်းအင်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အကယ်၍ အခြားသူများသာ မြင်တွေ့လျှင် အမှန်တကယ် အံ့အားသင့်သွားပေလိမည်။

ဒါကို လက်နက်တည်းဖြတ်တယ်လို့ ခေါ်တာလား ဘယ်လိုလုပ်ပြီး ကျားခေါင်းရွှေလှံကို စင်ကြယ်တဲ့ စွမ်းအင်တွေအဖြစ် ခွဲထုတ်ပစ်နိုင်ရတာလဲ။

"ဒီစွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်ကို ကျင့်ကြံရင် ခန္ဓာကိုယ်အတွက် တကယ့်ကို အကျိုးကျေးဇူး ကြီးမားမှာပဲ"

ဆိုင်ရှင်မက တိုးတိုးလေး ရေရွတ်လိုက်သည်။

ရုတ်တရက် သူမ၏ နားထဲတွင် ဖီးနစ်တွန်သံ တစ်ချက် ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ တည်းခိုခန်းကို ဖောက်ထွက်၍ လီယန်ချူးရှိရာ ချင်းယွန်းတာအိုကျောင်း ကို မြင်တွေ့နေရသကဲ့သို့ပင်။

"ဖီးနစ်နတ်ခန္ဓာ ဒီလို တစ်သောင်းမှာ တစ်ယောက်တောင် မရှိနိုင်တဲ့ ကိစ္စမျိုးကို သူက ကြုံတွေ့ရတာလား "

ဆိုင်ရှင်မ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

လီယန်ချူး၏ လက်ထဲတွင် ဖီးနစ်အဆီအနှစ် ရှိနေသည်ကို သူမ သိသည်။ သို့သော် ဖီးနစ်အဆီအနှစ်ကို စားသုံးပြီး ဖီးနစ်နတ်ခန္ဓာအဖြစ် ပြန်လည်မွေးဖွား နိုင်သည့် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှရာ လီယန်ချူး တကယ်ပင် ကြုံတွေ့လိုက်ရသည်ကို သူမ မထင်မှတ်ထားခဲ့ပေ။

အမှန်စင်စစ် ဤနတ်ခန္ဓာမှာ စစ်မှန်သော နတ်ဘုရားတစ်ဦး၏ ခန္ဓာကိုယ် မဟုတ်သော်လည်း အလွန်သန်မာသော ခန္ဓာကိုယ် အမျိုးအစား ဖြစ်သည်။ ၎င်းမှာ ဆန်းကြယ်သော စွမ်းအားတစ်ခုက စကြဝဠာ၏ နိယာမ အချို့ကို ထိတွေ့လိုက်သဖြင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ဤနတ်ခန္ဓာကို ရရှိရန်အတွက် အခြေခံအချက်တစ်ခု ရှိသေးသည်။ ခန္ဓာကိုယ်မှာ သာမန်လူနှင့် နီးစပ်လေလေ ပြောင်းလဲရန် လွယ်ကူလေလေ ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်တွင် အခြားသော နတ်ခန္ဓာ အမျိုးအစား တစ်ခုခု ရှိနေပြီးသားဆိုလျှင် ဒုတိယမြောက် နတ်ခန္ဓာကို ရရှိရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ဆိုင်ရှင်မလေးသည် ခဏမျှ အာရုံစိုက် နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

"မဟန်ဘူးပဲ၊ ဖီးနစ်တွန်သံ ထွက်လာရင် နတ်ခန္ဓာက အောင်မြင်ရမှာလေ၊ ဒါပေမဲ့ ဘာလို့ ဖီးနစ်စွမ်းအားတွေ ပေါ်မလာတာလဲ "

သူမသည် မျက်လုံးမှိတ်၍ သေချာ အာရုံခံကြည့်လိုက်ရာ ခဏအကြာတွင် အံ့ဩရိပ်များ ယှဉ်တွဲလျက် မျက်လုံး ပြန်ပွင့်လာသည်။

"ကျင့်ကြံမှုသက်တမ်း အဖြစ် ပြောင်းလဲသွားတာလား "

ဆိုင်ရှင်မ ကြောင်သွားတော့သည်။

ပုံမှန်ဆိုလျှင် နတ်ခန္ဓာ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင်မဖြစ်ပဲ ရှိရမည်။ နတ်ခန္ဓာ ဖြစ်ပေါ်ရမည့်အစား ကျင့်ကြံမှုသက်တမ်းအဖြစ် ပြောင်းလဲသွားခြင်းမျိုးမှာ လုံးဝ မရှိခဲ့ဖူးပေ။

"ထူးဆန်းလိုက်တာ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း နတ်ခန္ဓာ တစ်မျိုးမျိုး ဖြစ်နေလို့လား "

ဆိုင်ရှင်မမှာ ဤအချက်ကို နားမလည်နိုင် ဖြစ်နေရသည်။

အကယ်၍ ဤလောကတွင် လီယန်ချူး၏ ခန္ဓာကိုယ်အကြောင်းကို အသိဆုံးလူကို ပြပါဆိုလျှင် သူမသာ ဖြစ်ပေလိမည်။ သူတို့နှစ်ဦးမှာ အကွာအဝေးမရှိအောင် အကြိမ်ကြိမ် ထိတွေ့ဖူးကြသည် မဟုတ်ပါလား။

အကယ်၍ ယခင်က သူမ မသိနိုင်ခဲ့လျှင်တောင် ယခုအခါ မရေမတွက်နိုင်သော မှော်ပညာရပ်များကို ပိုင်ဆိုင်ထားသည့် သူမအနေဖြင့် ဧကန်သိရှိရမည် ဖြစ်သည်။ သို့ဖြစ်ရာ ဆိုင်ရှင်မမှာ ပို၍ပင် နားမလည်နိုင်တော့ပေ။

သို့သော်လည်း သူမ၏ အမျိုးသားအတွက်မူ စိတ်ပူစရာ မရှိဟု သူမ ယုံကြည်ထားသည်။

"ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်ကပဲဟာ၊ ဘာလို့ အဲလောက် စဉ်းစားနေမှာလဲ။ သူ့ရဲ့ ကံကြမ္မာက အဲဒီလောက် မာနေတာပဲ၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားမှာပါ"

ဆိုင်ရှင်မလေးက ခေါင်းခါယမ်းလိုက်ပြီး သူမ၏ လက်ထဲက မှော်လက်နက်ကိုသာ ဆက်လက် ပြင်ဆင်နေတော့သည်။

လီယန်ချူးသည် ဖီးနစ်အဆီအနှစ်ကို စားသုံးပြီးနောက် အကျိုးကျေးဇူးကို သိရှိသွားရာ သူသည် စစ်မှန်သော နဂါးသွေး ကို ဆက်လက် စားသုံးလိုက်သည်။

ဤစစ်မှန်သော နဂါးသွေး (၉) စက်မှာ သူသည် နတ်ဘုရားဘုံ ဆီမှ လုယူခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မူလက နဂါးကိုးကောင်ချုပ်နှောင်ခြင်း အစီရင် ကို ထောက်ပံ့ပေးထားသည့် အရာများ ဖြစ်သည်။

ယခုအခါ လီယန်ချူးသည် ယန်ဝိညာဉ်ရှင် အဆင့်သို့ ရောက်ရှိနေပြီး ကောင်းကင်နှင့်လူသား တစ်သားတည်း ဖြစ်တည်မှု မှာ အလွန်အားကောင်းနေသဖြင့် အစီရင်ကို ဖျက်ဆီးစဉ်က ထိုနဂါးသွေးများကို သိမ်းယူနိုင်ခဲ့ခြင်းပင်။

သူသည် နဂါးသွေးကို စားသုံးလိုက်ရာ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော စွမ်းအားများ လှည့်ပတ်နေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ နဂါးသွေး တစ်စက်တည်းနှင့်ပင် လီယန်ချူး၏ ခန္ဓာကိုယ်မှာ ထပ်မံ သန့်စင်သွား၏။ သို့သော် ဤတစ်ကြိမ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့်မြေကြီးဆိုင်ရာ ထူးခြားချက်များ ပေါ်မလာခဲ့ပေ။

ပုံမှန်ဆိုလျှင် စစ်မှန်သော နဂါးသွေးမှာ ခန္ဓာကိုယ်ထဲသို့ ရောက်သွားပါက နဂါးပုံသဏ္ဌာန် ထူးခြားချက်များ ပေါ်ပေါက်လာရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးမျိုးနွယ်နှင့် ယှဉ်လျှင် လူသားမျိုးနွယ်၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းလှသောကြောင့်ပင်။

မှတ်တမ်းများအရ နဂါးသွေး စားသုံးပြီးပါက ခန္ဓာကိုယ်၏ အချို့သော အစိတ်အပိုင်းများမှာ နဂါးအကြေးခွံများ၊ နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားတတ်သည်။

၎င်းမှာ ရန်သူကို တိုက်ခိုက်ရန်အတွက် အသွင်ပြောင်းခြင်း တစ်မျိုးပင် ဖြစ်သည်။

သို့သော် လီယန်ချူး နဂါးသွေး စားသုံးပြီးသည့်အခါတွင်မူ ထိုကဲ့သို့သော နဂါးပုံသဏ္ဌာန်များ ပေါ်မလာခဲ့ပေ။ အာနိသင်မှာ အတူတူပင် ဖြစ်သော်လည်း နဂါးအသွင်ပြောင်းခြင်း လက္ခဏာများ ပေါ်မလာဘဲ သူ၏ ခန္ဓာကိုယ်ကပင် ချက်ချင်းဆိုသလို စုပ်ယူပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။

သူသည် ဤလျှို့ဝှက်ချက်ကို မသိရှိပေ။ ထို့ကြောင့် နဂါးသွေး စားသုံးပြီး ခန္ဓာကိုယ် သန်မာလာသော်လည်း ထူးခြားသော ဘေးထွက်ဆိုးကျိုးများ မရှိသဖြင့် စိတ်အေးသွားရသည်။

နဂါးသွေး (၉) စက်လုံးကို ဆက်တိုက် စားသုံးပြီးနောက် လီယန်ချူး၏ ခန္ဓာကိုယ်မှာ ကောင်းကင်နှင့်မြေကြီးကို မှောက်လှန်နိုင်လောက်အောင် ပြောင်းလဲသွားခဲ့သည်။ ကျင့်ကြံမှုသက်တမ်းမှာမူ အများကြီး တိုးမလာဘဲ နှစ်တစ်ထောင် ဆေးမြစ်ထက် အနည်းငယ်သာ ပိုကောင်းသော်လည်း ၎င်းက သူ့ကို ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်း (၂၀၀၀) ကျော်အထိ ရောက်အောင် တွန်းပို့ပေးလိုက်သည်။

ယခုအခါ လီယန်ချူးသည် နှစ်နှစ်ထောင် ကျင့်ကြံမှုသက်တမ်းကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် အသိသာဆုံး ပြောင်းလဲမှုမှာ သူ၏ ခန္ဓာကိုယ်ပင်။ မူလကပင် ပုခုံးကျယ်ပြီး ခါးသေးကာ တစ်ကိုယ်လုံး ကြွက်သားများဖြင့် ကျစ်လျစ်နေသည့် လီယန်ချူး၏ အသားအရေမှာ ယခုအခါ ကျောက်စိမ်းကဲ့သို့ ဖျော့တော့သော အလင်းတန်းများ ဖြာထွက်နေပြီး ခန္ဓာကိုယ်အတွင်း၌လည်း မဟာစွမ်းအားကြီးများ ကိန်းအောင်းလျက် သွေးနှင့်စွမ်းအင် မှာ ထပ်မံ မြင့်တက်သွားခဲ့သည်။

လီယန်ချူးသည် အာရုံခံကြည့်လိုက်ပြီး အလွန်ပင် ကျေနပ်သွားရသည်။

"ဒီနဂါးသွေး ကိုးစက်က သွေးစွမ်းအင် ဆေးလုံးကြီး သုံးလုံးနဲ့ ညီမျှနေတာပဲ"

သူသည် လက်သီးကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော စွမ်းအားကြီးများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သို့သော်လည်း လောလောဆယ်တွင် လက်တွေ့ စမ်းသပ်ရန် နည်းလမ်း မရှိသေးပေ။

ယခင် တတိယအဆင့်သို့ စတင်ဝင်ရောက်စဉ်က သူ၏ သွေးစွမ်းအင်မှာ တောင်ထိပ်တစ်ခုကို လက်သီးဖြင့် ထိုးခွဲနိုင်ခဲ့ရာ ယခုအခါ ခန္ဓာကိုယ်က အဆပေါင်းများစွာ ပိုမိုသန်မာလာသဖြင့် စွမ်းအားမှာ မည်မျှအထိ ရှိမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။

"နဂါးသွေး မစားခင်က ငါနဲ့သာ ပြန်ယှဉ်ရင် အခုငါက အဲဒီလိုလူမျိုး နှစ်ယောက်ကို တောင် ပြန်ချလို့ရတယ်လို့ ခံစားရတယ်"

လီယန်ချူးက စဉ်းစားတွက်ချက်လိုက်ရင်း ခဏမျှ ကြောင်သွားမိသည်။

ငါက ဘယ်အချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အတိုင်းအတာ တစ်ခု အဖြစ် သုံးနေမိတာလဲ

ပုံမှန်ဆိုလျှင် ဤကဲ့သို့သော သွေးစွမ်းအင် မြှင့်တင်သည့် ဆေးမြစ်များမှာ အဆင့်မြင့်လာလေလေ အာနိသင် လျော့နည်းသွားလေလေ ဖြစ်သည်။ လီယန်ချူးအနေဖြင့် နဂါးသွေး ကိုးစက် စားပြီးနောက် ယခင်က သူ့ကိုယ်သူ နှစ်ယောက်စာခန့် သန်မာလာသည်မှာ အမှန်တကယ်ပင် အလွန် ကြောက်စရာကောင်းလှသည်။

သူသည် ဝိုင်းထဲသို့ ထွက်လာပြီး သွေးစွမ်းအင်ကို လှုံ့ဆော်ကြည့်လိုက်သည်။ ဦးခေါင်းနှင့် ပုခုံးနှစ်ဖက်တွင် ယန်မီးလျှံ သုံးခု ပေါ်ထွက်လာပြီး ဦးခေါင်းထက်တွင်လည်း ရွှေရောင်တောက်ပသော နေဝန်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်လှသော သွေးစွမ်းအင်များမှာ တစ်ခဏမျှ ဖြာထွက်သွားရာ လီယန်ချူးမှာ လန့်သွားပြီး သူ၏ စွမ်းအားကို ချက်ချင်း ပြန်သိမ်းလိုက်ရသည်။

"ယန်မီးလျှံ သုံးခုလုံးကို လောင်မြိုက်စေနိုင်ပြီပဲ"

သူ အံ့ဩသွားသည်။ လူသားများတွင် ယန်မီးလျှံ သုံးခု ရှိပြီး ထိုမီးလျှံများ မငြိမ်းသရွေ့ မိစ္ဆာများ မဝင်ရောက်နိုင်ဟု ရှေးလူကြီးများက တင်စားပြောလေ့ ရှိကြသော်လည်း လီယန်ချူး၏ ခန္ဓာကိုယ်ပေါ်က မီးလျှံများမှာမူ ကြောက်စရာကောင်းလှသည့် စစ်မှန်သော မီးလျှံ များ ဖြစ်နေသည်။

ဤတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်မှာ များစွာ သန်မာလာသဖြင့် စွမ်းအားကို ထိန်းချုပ်ရန် ခက်ခဲနေသေးသည်။ ထို့ကြောင့် သူသည် မြို့ပြင်ထွက်၍ ဝေမြို့တောင်တန်းများအတွင်းရှိ ဆိတ်ငြိမ်သော နေရာတစ်ခုတွင် သိုင်းပညာ ကို စတင် လေ့ကျင့်တော့သည်။

ယခုအခါ သိုင်းပညာကျင့်စဉ်များမှာ သူ၏ ခန္ဓာကိုယ်ကို သန်မာစေရန်အတွက် အာနိသင် နည်းပါးသွားပြီ ဖြစ်သော်လည်း လီယန်ချူးအနေဖြင့် စွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပိုမို အလေးထားနေခြင်း ဖြစ်သည်။

ထို့ကြောင့် နောက်ပိုင်းရက်များတွင် ဝေမြို့တောင်တန်းများအတွင်း၌ လက်သီးကျင့်နေသော လူငယ်တာအိုဆရာတစ်ဦးကို နေ့တိုင်း မြင်တွေ့ရတတ်သည်။

လီယန်ချူး ကျန်းနန်နယ် မှ ပြန်လာပြီး လေးရက်မြောက်နေ့တွင် သူသည် ပြင်းထန်သော ခန္ဓာကိုယ်စွမ်းအားများကို လုံးဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။ ကျင့်ကြံမှုသက်တမ်း နှစ်နှစ်ထောင်ကို ပိုင်ဆိုင်ထားသည့် သူ၏ အစွမ်းမှာ ယခင်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွဲပြားသွားခဲ့ပြီ။

ထိုနေ့ညတွင်မူ သူသည် အိပ်မက် မက်လေသည်...

တတိယအဆင့်သို့ ရောက်ရှိနေသော ယန်ဝိညာဉ်ရှင် တစ်ဦးက အိပ်မက် မက်သည် ဟုတ်လား။

သူသည် အိပ်မက်ထဲတွင် တောင်တန်းများကို မနိုင်၊ လနှင့်နေကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ကြယ်တာရာများကို ဆွတ်ခူးနေကာ ခမ်းနားလှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။

ထို့နောက် ကောင်းကင်ယံမှ ကြီးမားလှသော ရေဘဝဲလက်တံများ ကျဆင်းလာပြီး လူ့လောကကို ဝါးမြိုရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။ ရင်းနှီးနေသော ထိုလက်တံများကို မြင်သည်နှင့် လီယန်ချူးသည် ဓားဖြင့် ကောင်းကင်ကို ခုတ်ပိုင်းလိုက်ရာ ကောင်းကင်ယံမှ လက်တံများ ပြတ်တောက်သွားပြီး ဟင်းလင်းပြင်ထဲသို့ ပြန်လည် ဆုတ်ခွာသွားတော့သည်။

လီယန်ချူး အိပ်မက်ထဲမှ မနိုးထသေးမီမှာပင် မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ ယခုအခါတွင်မူ သူသည် ဘာမှမရှိသော ဟင်းလင်းပြင်ကြီးတစ်ခုအတွင်း ရောက်ရှိနေပြီး ခြေဖဝါးအောက်တွင်မူ ဖျာတစ်ချပ် ရှိနေသကဲ့သို့ပင်။

ထိုစဉ် သူ၏ နားထဲတွင် ခပ်သဲ့သဲ့ အသံတစ်ခု ကြားလိုက်ရသည်။

"ငါ့ကို ကယ်ပါဦး"

"ငါ့ကို ကယ်ပါဦး"

ထိုအသံမှာ လွင့်မျောနေပြီး တစ်ခါတစ်ရံတွင် အဝေးမှ လာသကဲ့သို့၊ တစ်ခါတစ်ရံတွင်မူ နားနားလေးတွင် ကပ်၍ တိုးတိုးလေး ပြောနေသကဲ့သို့ပင်...။

All Chapters