← Chapters

အခန်း (၇၃၇-၇၃၈)

Vol. 74 Ch. 737-738

အခန်း (၇၃၇-၇၃၈)

Vol. 74 Ch. 737-738

အခန်း (၇၃၇) - အကူအညီတောင်းခံခြင်း ၊ ကံကြမ္မာကို ဖုံးကွယ်ခြင်း ၊ ကြီးမားလှသော ကံကြမ္မာ အကျိုးဆက် ၊ လောကကို ပိတ်လှောင်ခြင်း ၊ ကျန်းနန်သို့ သွားကြစို့

လီယန်ချူးသည် ထိုအမှောင်ထုကြီးအတွင်း ရောက်ရှိနေစဉ် နားထဲ၌ အကူအညီတောင်းခံသံများကို ကြားနေရသည်။

အကယ်၍ သာမန်လူတစ်ယောက်သာဆိုလျှင် ယခုအချိန်တွင် ကြောက်လန့်တုန်ရီနေလောက်ပြီ ဖြစ်သော်လည်း၊ သူကမူ အိပ်မက်ထဲတွင် ဓားတစ်ချက်ဖြင့် ကောင်းကင်ယံကို ခုတ်ပိုင်းခဲ့သည့် ခန့်ညားထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။

ထို့ကြောင့် ဤခြောက်ခြားဖွယ် ပတ်ဝန်းကျင်နှင့် အကူအညီတောင်းသံကို ကြားရသည့်အခါ သူသည် မျက်မှောင်ကိုသာ အသာအယာ ကြုတ်လိုက်မိသည်။

"ဘယ်သူလဲ"

လီယန်ချူး၏ အသံသည် ထိုဟင်းလင်းပြင်အတွင်း၌ ဟိန်းထွက်သွား၏။

"ငါ့ကို ကယ်ပါဦး ငါ့ကို ကယ်ပါဦး "

ထိုအသံမှာ မရပ်မနား ထပ်မံထွက်ပေါ်လာပြန်သည်။

"မင်းကို ကယ်ရမယ်ဆိုရင်လည်း မင်းက ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြရဦးမယ်လေ "

လီယန်ချူး မျက်မှောင်ကြုတ်လျက်ပင် မေးလိုက်သည်။ ဒါက အိပ်မက်မက်နေတာပဲလား

"ငါ့ကို ကယ်ပါ... ငါက ကောင်းဖုရွာ မှာ... ကယ်ပါဦး..."

စကားသံမှာ နောက်ဆုံးတွင် အသံမြင့်တက်သွားပြီးနောက် လီယန်ချူး၏ အိပ်မက်မှာ ရုတ်တရက် ပြိုကွဲပျက်စီးသွားတော့သည်။ သူသည် မျက်လုံးကို ဝုန်းကနဲ ဖွင့်လိုက်ရာ မျက်ဝန်းအစုံမှ နတ်ဘုရားတို့၏ လျှပ်စီးတန်းများ ဖြာထွက်လာသကဲ့သို့ပင်။

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ချင်းယွန်းတာအိုကျောင်းအတွင်း၌သာ ရှိနေသေးသည်။ ပုံမှန်ဆိုလျှင် သူသည် ဆိုင်ရှင်မ၏ အိမ်ဝိုင်းအတွင်း၌သာ အိပ်လေ့ရှိသော်လည်း ယနေ့ညတွင်မူ 'ဟွမ်ထင် တာအိုကျမ်း' ကို အာရုံစိုက် ကျင့်ကြံနေသဖြင့် တာအိုကျောင်း၌ပင် အိပ်ပျော်သွားခြင်း ဖြစ်သည်။

လီယန်ချူးသည် ရှစ်ခွင်မှန်ကို ထုတ်လိုက်ရာ ရှေးဟောင်းမှန်ချပ်မှ မြင့်မြတ်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ဝေမြို့တစ်ခုလုံးကို ဖြန့်ကျက်စစ်ဆေးလိုက်သည်။ သို့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ သူ၏ အာရုံခံစိတ် ကိုပါ ထုတ်လွှတ်ကြည့်သော်လည်း ဘာမှ မခံစားရချေ။

ကျန့်ကျောင်းဓား မှာ ကုတင်ခေါင်းရင်းတွင် ချိတ်ဆွဲထားဆဲပင်။ ထိုဓားမှာ ပြီးခဲ့သည့်အကြိမ်က နဂါးဝိညာဉ်ကို သတ်ဖြတ်ပြီးနောက် ဓားကိုယ်ထည်ပေါ်ရှိ ဆန်းကြယ်သော တုန်ခါမှုမှာ ပိုမိုအားကောင်းလာခဲ့သည်။ ၎င်းသည် လီယန်ချူး၏ ခန္ဓာကိုယ်ကိုပင် သန့်စင်ပေးနိုင်စွမ်းရှိရာ အဆင့်တက်သွားသည်ဟုပင် ဆိုနိုင်သည်။ ဓားတွင် ကိုယ်ပိုင်အသိစိတ် ရှိသော်လည်း ယခုအချိန်တွင် ဘာသတိပေးချက်မှ ထုတ်မလာပေ။

"အိပ်မက်ဆိုး မက်တာလား"

လီယန်ချူး၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားသည်။

ယန်ဝိညာဉ်ရှင်အဆင့် ကျင့်ကြံသူက အိပ်မက်ဆိုး မက်တယ် ဟုတ်လား

"ကောင်းဖုရွာ " လီယန်ချူး မျက်မှောင်ကြုတ်လိုက်သည်။

"ဒီနာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ"

လီယန်ချူး ခဏမျှ မှင်တက်သွားပြီးမှ

"ဟုတ်သားပဲ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) က ပျောက်ကွယ်သွားတဲ့ ရွာပဲ။ ငါ ဒါကို ဘယ်လိုလုပ် မေ့နေရတာလဲ "

ဝေမြို့ကို ပြန်ရောက်ပြီးကတည်းက သူသည် ဤကိစ္စကို လုံးဝဥဿုံ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ မူလက ထိုဝိညာဉ်များ၏ မှတ်ဉာဏ်ထဲမှာ ဘာတွေရှိသလဲဆိုသည်ကို ဆိုင်ရှင်မကို ကြည့်ခိုင်းရန် ကြံရွယ်ထားသော်လည်း စိုးစဉ်းမျှပင် သတိမရခဲ့ချေ။

"ကံကြမ္မာကို ဖုံးကွယ်ထားတာပဲ"

လီယန်ချူး အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

"တစ်ယောက်ယောက်က ကောင်းဖုရွာနဲ့ ပတ်သက်တဲ့ ကံကြမ္မာ သဲလွန်စတွေကို ဖုံးကွယ်ထားတာပဲ "

သူသည် စိုးရိမ်စိတ်ဖြင့် မြေလျှိုးအတတ် ကို အသုံးပြုကာ ချက်ချင်း ထွက်ခွာခဲ့သည်။ အချိန်မှာ သန်းခေါင်ယံဖြစ်သော်လည်း ဆိုင်ရှင်မကို သွားရောက်နှောင့်ယှက်ရပေလိမ့်မည်။ နက်ဖြန်မနက် မိုးလင်းသည့်အခါ ဤကိစ္စကို သူ ထပ်မံမေ့လျော့သွားမည်လား မည်သူသိနိုင်မည်နည်း။

ဆိုင်ရှင်မ၏ အခန်းပြင်ပတွင် အစွမ်းထက်သော အစီရင်အတားအဆီးတစ်ခု ရှိနေရာ လီယန်ချူး၏ လက်ရှိအဆင့်နှင့်ပင် ချိုးဖျက်ရန် မလွယ်ကူချေ။ သို့သော် ဆိုင်ရှင်မသည် အင်္ကျီကို အပေါ်က ထပ်ဝတ်လျက် အခန်းထဲမှ အလိုအလျောက် ထွက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ"

ယခုအချိန်တွင် ဆိုင်ရှင်မလေး၏ ကိုယ်ပေါ်၌ ပျင်းရိငြီးငွေ့ဖွယ် အရှိန်အဝါလေးတစ်ခု ရှိနေသည်။ အစီရင်ကို တစ်စုံတစ်ယောက် ထိတွေ့လိုက်သည်နှင့် သူမ ချက်ချင်း သိရှိလိုက်ခြင်းပင်။ အမှန်တကယ်ဆိုလျှင် လီယန်ချူး ဤဝိုင်းထဲသို့ ခြေချလိုက်ကတည်းက သူမ သိနေပြီးသား ဖြစ်သည်။

လီယန်ချူးသည် ကောင်းဖုရွာအကြောင်းကို ဆိုင်ရှင်မအား အမြန်ပြောပြလိုက်သည်။ ထို့ပြင် မိမိအနေဖြင့် ဤကိစ္စကို လုံးဝမေ့လျော့နေခဲ့ခြင်းမှာ "ကံကြမ္မာဖုံးကွယ်ခြင်း အတတ်" ကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

"ဘာလို့ သေသွားမှန်းလည်း မသိဘူး၊ ကိုယ်ဘယ်မှာ ရှိနေမှန်းလည်း မသိဘူး..."

"ရွာတစ်ခုလုံး ပျောက်ကွယ်သွားတာလား"

ဆိုင်ရှင်မလေးက တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးလေးပင်ပင် ဆိုသည်။

"ရွာတစ်ခုလုံး ပျောက်ကွယ်သွားတယ်ဆိုတာ မိစ္ဆာတွေ လုပ်တာလည်း ဖြစ်နိုင်တယ်။ အဲဒါမှ မဟုတ်ရင်တော့ အကြောင်းပြချက် တစ်ခုပဲ ရှိတော့တယ်၊ အဲဒီရွာက တစ်စုံတစ်ယောက်ရဲ့ ချိတ်ပိတ်တာ ခံလိုက်ရတာပဲ"

"ချိတ်ပိတ်တာ" လီယန်ချူး မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်၊ အဲဒီရွာကိုရော၊ ရွာတည်ရှိတဲ့ နယ်မြေတစ်ခုလုံးကိုပါ အတူတူ ချိတ်ပိတ်ပစ်လိုက်တာ။ အဲဒါကြောင့်ပဲ ပျောက်ကွယ်သွားတယ်လို့ ထင်ရတာပေါ့"

ဆိုင်ရှင်မ က ညင်သာစွာ ပြောပြသည်။

"လောကကို ချိတ်ပိတ်တဲ့ မှော်အတတ် တစ်မျိုး ရှိတယ်။ ရွာတင်မကဘူး၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေ၊ မြေထု တစ်ခုလုံးကိုပါ ပိတ်လှောင်ပစ်လို့ ရတယ်"

"ယန်ဝိညာဉ်ရှင်အဆင့်က ဒါမျိုး လုပ်နိုင်သလား"

လီယန်ချူး မေးလိုက်သည်။

"မြေပြင်နတ်ဘုရား တွေမှ လုပ်နိုင်တာ။ မဟုတ်သေးဘူး... ယန်ဝိညာဉ်ရှင် ထိပ်ဆုံးအဆင့်မှာ ရှိတဲ့သူတချို့လည်း လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်"

ဆိုင်ရှင်မက ခဏမျှ စဉ်းစားပြီးမှ ပြောသည်။

သူမသည် လီယန်ချူးကို မော့ကြည့်ကာ တိုးတိုးလေး ဆိုသည်။

"ဒါဟာ ကံကြမ္မာကို ဖုံးကွယ်ထားတာ အမှန်ပဲ။ ဒါပေမဲ့ ရှင်ကတော့ အဲဒီဖုံးကွယ်မှုအောက်မှာ ထပ်ပြီး ရှိနေစရာ မလိုတော့ဘူး"

လီယန်ချူး မျက်ခုံးပင့်သွားသည်

"ဘာဖြစ်လို့လဲ"

ဆိုင်ရှင်မလေးက ဖြည်းဖြည်းချင်း ရှင်းပြသည်

"ဘာလို့လဲဆိုတော့ အဲဒီရွာထဲက တစ်စုံတစ်ယောက်က ရှင့်ဆီကို အကူအညီ လှမ်းတောင်းလိုက်လို့ပဲ။ ရှင်က ဒီကံကြမ္မာ အကျိုးဆက် ကို လက်ခံလိုက်ပြီဖြစ်တဲ့အတွက် ဒီကိစ္စထဲကို ကျွံဝင်သွားပြီ။ ဒါကြောင့် ကံကြမ္မာဖုံးကွယ်ခြင်း အတတ်က ရှင့်အပေါ်မှာ အလုပ်မလုပ်တော့ဘူး"

"ကံကြမ္မာ အကျိုးဆက် ဒီတစ်ခါ ကံကြမ္မာ အကျိုးဆက်ကို လက်ခံလိုက်ရတာလား "

လီယန်ချူးက မေးသည်။

"ဟုတ်တယ်၊ ကျွန်မ ထင်တာ မမှားရင် ရှင့်ရဲ့ မိစ္ဆာဆင့်ခေါ်အလံထဲက ဝိညာဉ်တွေ ပျောက်သွားလောက်ပြီ"

ဆိုင်ရှင်မက လီယန်ချူးကို တစ်ချက် ကြည့်လိုက်သည်။

လီယန်ချူး ကြောင်သွားကာ အမြန်ပင် သိုလှောင်အိတ်ထဲမှ မိစ္ဆာဆင့်ခေါ်အလံကို ထုတ်ကြည့်လိုက်သည်။ ဂါထာကို ရွတ်ဖတ်ကြည့်သော်လည်း အထဲတွင် အမှန်တကယ်ပင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတော့သည်။

ဇာတ်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးဝိညာဉ် ကောင်းရှောင်ဝမ်၊ ပန်းဘဲဖိုက ဝိညာဉ်နှင့် ယခင်က သူတွေ့ခဲ့ရသော ဝိညာဉ်အမြောက်အမြားမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ဒါက ဘာဖြစ်တာလဲ" လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။

"အဲဒီရွာက သူတို့ကို ပြန်ခေါ်သွားတာပဲ။ အဲဒီချိတ်ပိတ်မှုမှာ တစ်ခုခု ပြဿနာတက်လို့ ဒီဝိညာဉ်တွေ ထွက်လာတာ ဖြစ်နိုင်ပေမဲ့ အခုတော့ အားလုံး ပြန်ဖမ်းခံလိုက်ရပြီ"

ဆိုင်ရှင်မလေးက မျက်မှောင်ကြုတ်လျက် ဆိုသည်။

လီယန်ချူးက အသံကို နှိမ့်ကာ

"ပြန်ဖမ်းခံလိုက်ရတဲ့ အဲဒီဝိညာဉ်တွေက ငါ့ကို အကူအညီ လှမ်းတောင်းတာလား "

ဆိုင်ရှင်မလေးက ခေါင်းခါပြသည်

"မသေချာဘူး၊ ဖြစ်နိုင်တာကတော့ အဲဒီရွာထဲမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်လည်း ဖြစ်နိုင်တာပဲ"

လီယန်ချူး တိတ်ဆိတ်သွားသည်။

ဤကိစ္စက သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာခြင်း ဖြစ်သည်။

"မဖြစ်နိုင်တာ၊ ငါ့မှာ ဒိုချန်ပုတီးရှိတာပဲ။ အဲဒါက ဘေးဒုက္ခတွေကို ရှောင်လွှဲပေးနိုင်တာ မဟုတ်ဘူးလား ဘာလို့ ဒီလိုကိစ္စမျိုးနဲ့ ကြုံနေရတာလဲ"

လီယန်ချူးက မေးသည်။

"ဒိုချန်ပုတီးက အရာအားလုံးကို ရှောင်ပေးတာ မဟုတ်ဘူး။ သူက မထင်မှတ်ဘဲ ကြုံရမယ့် ဘေးတွေကို ရှောင်ပေးတာ ဒါမှမဟုတ် ကိစ္စရပ်တွေကို ကောင်းမွန်တဲ့ဘက်ကို ဦးတည်စေတာပဲ ရှိတယ်။ ရှင့်ရဲ့ ကံကြမ္မာ အကျိုးဆက် နဲ့ အရမ်း နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ ကိစ္စမျိုးကိုတော့ သူက ကာကွယ်ပေးမှာ မဟုတ်ဘူး"

ဆိုင်ရှင်မလေးက ပြောသည်။

"ငါက ဝိညာဉ်တချို့ကိုပဲ နှင်ထုတ်ပေးခဲ့တာလေ၊ ဘာကံကြမ္မာ အကျိုးဆက်တွေ အဲလောက် ရှိနေလို့လဲ"

လီယန်ချူးက ဆိုသည်။

"ဒီကိစ္စက ကောင်းတဲ့ ကိစ္စလည်း ဖြစ်နိုင်တာပဲလေ။ ဒိုချန်ပုတီးက ဒါကို ရှင့်အတွက် ကံကောင်းခြင်း လို့ သတ်မှတ်ထားလို့ မရှောင်ပေးတာလည်း ဖြစ်နိုင်တာပဲ"

ဆိုင်ရှင်မလေး၏ စကားကြောင့် လီယန်ချူး မှင်တက်သွားရသည်။

"တစ်ယောက်ယောက်က အကူအညီ လှမ်းတောင်းနေပြီး ကံကြမ္မာ အကျိုးဆက်တွေ ဒီလောက် ကြီးမားနေတာကို ဘာတွေ ကောင်းစရာ ရှိဦးမှာလဲ"

ဆိုင်ရှင်မလေးက အလေးအနက် စဉ်းစားကြည့်ပြီးနောက် အေးဆေးစွာ ပြောသည်။

"ဖြစ်နိုင်တာက ရှင့်ဆီ အကူအညီ တောင်းတဲ့သူက အလွန်ချောမောလှပတဲ့ မိန်းမလှလေး ဖြစ်နေလို့ပေါ့။ ရှင်ကသာ သူ့ကို ကယ်ထုတ်ပေးနိုင်ရင် နောင်ကျရင် ရှင့်ကို လူကိုယ်တိုင်နဲ့ ကျေးဇူးဆပ် တာမျိုးတောင် ဖြစ်နိုင်တယ်လေ "

လီယန်ချူး အသံထွက်အောင် ရယ်မိသွားသည်။

"ချည်တဲ့သူက ဖြေရမှာပဲ၊ ရှင့်အနေနဲ့ ကျန်းနန် ဘက်ကို တစ်ခေါက်လောက် သွားကြည့်ဖို့ လိုမယ် ထင်တယ်"

ဆိုင်ရှင်မလေးက သူ့ကို တစ်ချက်ကြည့်ကာ ညင်သာစွာ ဆိုသည်။

"မင်းပြောတာက အဲဒီရွာကို သွားရှာခိုင်းတာလား"

လီယန်ချူး မေးသည်။

"ကံကြမ္မာ အကျိုးဆက်ဆိုတာ အရမ်းကို ဆန်းကြယ်တယ်။ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲပေါ့။ ရှင်သာ ကျန်းနန်ဘက်မှာ လှည့်ပတ်ကြည့်ရင် မထင်မှတ်ထားတဲ့ ရလဒ်တွေ ရကောင်း ရနိုင်တယ်"

ဆိုင်ရှင်မက အေးအေးလူလူ ဆိုသည်။

လီယန်ချူး ခဏမျှ စဉ်းစားနေမိသည်။

ယန်ဝိညာဉ်ရှင်ရဲ့ အိပ်မက်ကိုတောင် လွှမ်းမိုးနိုင်တဲ့ တည်ရှိမှုတစ်ခု၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကတည်းက ပျောက်ကွယ်သွားတဲ့ ရွာတစ်ရွာ၊ ပြီးတော့ ကံကြမ္မာကိုပါ ဖုံးကွယ်ထားနိုင်တဲ့ မှော်အတတ်...

"တစ်ခုတော့ ရှိသေးတယ်၊ ကံကြမ္မာ ဖုံးကွယ်ထားတဲ့ မှော်အတတ် ရှိတယ်ဆိုရင် ငါ့ကိုတောင် ဖုံးကွယ်နိုင်တာပဲ၊ ဘာလို့ အဲဒီအဘိုးကြီးကတော့ အားလုံးကို မှတ်မိနေရတာလဲ "

လီယန်ချူး မျက်မှောင်ကြုတ်လိုက်သည်။

"ရှင်ရော ဘယ်လို ထင်သလဲ သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကံကြမ္မာ ဖုံးကွယ်တာကို မခံရဘဲ နေနိုင်မှာလဲ ရှင် စဉ်းစားကြည့်လေ... ရှင့်ရဲ့ ကံကြမ္မာ အကျိုးဆက်က ဘယ်ကနေ စတာလဲ "

ဆိုင်ရှင်မလေးက သူ့ကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ဆိုသည်။

လီယန်ချူး၏ ရင်ထဲတွင် ရုတ်တရက် အေးစိမ့်သွားသည်။

"အဲဒီအဘိုးကြီးမှာ တစ်ခုခု ထူးခြားနေတာပဲ"

ဆိုင်ရှင်မလေးက နူးညံ့စွာ ပြောသည်

"ဒီကိစ္စက တကယ့်ကို ထူးဆန်းလွန်းတယ်။ ရှင် ကျန်းနန်ဘက်ကို သွားပြီး တစ်ချက်လောက် ကြည့်ချင်သလား "

လီယန်ချူးက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်

"ကောင်းပြီလေ၊ ဘယ်သူက နောက်ကွယ်ကနေ ကြိုးကိုင်နေသလဲဆိုတာ ငါလည်း သိချင်နေတာပဲ"

အခန်း (၇၃၈) - ရှန်ကျိတောင်တန်း ၊အိမ်ထောင်သည်မလေး ၊ လောကီလူမိုက်များ ၊ထူးခြားသော ကံကြမ္မာ အကျိုးဆက်

ရှန်ကျိတောင်

ဤနေရာသည် နတ်ဘုရားအငွေ့အသက်များ နှင့် နတ်တိမ်တိုက်များ ဖုံးလွှမ်းနေတတ်ပြီး တောင်ကြားထဲမှ ရောင်စုံအလင်းတန်းများ မကြာခဏ ထွက်ပေါ်လေ့ရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့် တောင်တန်းအတွင်း၌ ကျင့်ကြံနေသော နတ်ဘုရားများ ရှိသည်ဟု အနီးနားရှိ ရွာသားများက ဒဏ္ဍာရီသဖွယ် ပြောဆိုနေကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ထိုတောင်၏ မူလအမည်ကို မည်သူမျှ မခေါ်ကြတော့ဘဲ ရှန်ကျိတောင် (နတ်ဘုရားခြေရာတောင်) ဟုသာ တိုက်ရိုက် ခေါ်ဝေါ်ကြတော့သည်။ အမှန်စင်စစ် လောကီနယ်ပယ်တွင် ဤကဲ့သို့သော တောင်ကုန်း တောင်တန်းများစွာ ရှိပေသည်။ အဓိကမှာ အရပ်သားတို့၏ ဒဏ္ဍာရီများမှာ အထောက်အထား မလိုပေ၊ လူပြောသူပြော များလာသည်နှင့်အမျှ ထိုတောင်ကို အမည်သစ် ပြောင်းပေးလိုက်ကြခြင်းပင် ဖြစ်သည်။

ရှန်ကျိတောင် အနီးတွင်မူ...

ကြမ်းကြုတ်ရက်စက်သော လောကီလူမိုက်တစ်စုမှာ သားကောင်ကို ချောင်းမြောင်းနေသည့်အလား ကြည့်နေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် စိတ်ရိုင်းများ အထင်အသား ရေးထိုးထားပြီး သွေးကြောများ ယှဉ်တွဲနေသည့် မျက်လုံးများဖြင့် အဝတ်ကြမ်းများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို စိုက်ကြည့်နေကြ၏။

ထိုအမျိုးသမီးမှာ ရေနှင့်ထိလျှင် စိမ့်ထွက်သွားတော့မည့်အလား ချောမွတ်လှပသော မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။ အဝတ်ကြမ်း ဂါဝန်ကို ဝတ်ဆင်ထားသော်လည်း သူမ၏ လှပသော အလှတရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူမ၏ ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးကို ပိုက်ထားပြီး စိတ်ပျက်အားငယ်နေသော လေသံဖြင့် အော်ဟစ်နေသည်။

"မလာကြနဲ့ နင်တို့ မလာကြနဲ့"

ဤလူမိုက်ကြီးများမှာ ကျားကဲ့သို့ ပုခုံးကျယ်ပြီး ဝက်ဝံကဲ့သို့ သန်မာလှကာ ကြမ်းတမ်းသော အရှိန်အဝါများ၊ မကောင်းဆိုးဝါး ဆန်လှသော လူသတ်ငွေ့များ ဖုံးလွှမ်းနေသည်။ သူတို့မှာ သာမန်တောပုန်း ဓားပြများ မဟုတ်သည်မှာ သိသာလှသည်။

"ဒီလို ကံကောင်းမှုမျိုး ငါတို့ညီအစ်ကိုတွေ ကြုံရလိမ့်မယ်လို့ မထင်ထားဘူး အရှင်မ... အေးအေးဆေးဆေးပဲ အဖမ်းခံလိုက်စမ်းပါ "

စကားပြောလိုက်သူမှာ တြိဂံပုံစံ မျက်လုံးများ ရှိပြီး ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိသည်။ စကားပြောနေစဉ်အတွင်း သူ၏ မျက်လုံးများမှာ ထိုအမျိုးသမီး၏ ရင်သားထံသို့ မသိမသာ ရောက်ရှိသွားသည်။ ထိုအမျိုးသမီး၏ အဝတ်အစားများမှာ တောတွင်းရှိ ဆူးပင်များဖြင့် ငြိမိထားသဖြင့် နေရာအနှံ့ ပေါက်ပြဲနေ၏။

ကလေးကို ပိုက်ထားရပြီး ချွေးများကလည်း အင်္ကျီကို ရွှဲစိုနေစေရာ ခန္ဓာကိုယ်၏ ကောက်ကြောင်းအလှများမှာ အဝတ်အစားအောက်တွင် ပိုမိုထင်ရှားနေသည်။

တောင်တန်းအတွင်း ရက်ဝက်ခန့် ရှာဖွေနေရသော ထိုလူမိုက်တစ်စုမှာ လည်ချောင်းများ ခြောက်ကပ်လာရသည်။ အမျိုးသမီး၏ ကိုယ်ပေါ်မှ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေများ ပေါ်ထွက်နေသည်ကို မြင်ရသည့်အခါ ခေါင်းဆောင်ဖြစ်သူ မျက်နှာညိုကြီးနှင့် လူသန်ကြီးမှာ ရက်စက်စွာ ရယ်မောလိုက်တော့သည်။

သူတို့အားလုံးက သားကောင်ကို ဝိုင်းအုံနေကြသဖြင့် ရင်ခွင်ထဲမှ ကလေးငယ်မှာ ကြောက်လန့်တကြား ငိုယိုနေသည်။ ထိုအမျိုးသမီးသည် လက်ထဲမှ သံလုံးတစ်လုံးကို မြှောက်ပြကာ အတင်းအကြပ် တည်ငြိမ်အောင် ဟန်ဆောင်လျက် ပြောလိုက်သည်။

"မလာကြနဲ့ လာရင် အားလုံး အတူတူ သေပွဲဝင်လိုက်မယ် "

သူမလက်ထဲရှိ အရာမှာ ဟော်လေကျိ ဟု ခေါ်သော ချန်နိုင်ငံ စစ်တပ်သုံး ယမ်းလက်နက် ဖြစ်သည်။ ၎င်းကို လက်ပစ်ဗုံးကဲ့သို့သော အရာဟု မှတ်ယူနိုင်သည်။

လူအုပ်ထဲမှ နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် လူငယ်တစ်ဦးက သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး အမျိုးသမီး၏ ဖြူဖွေးသော အသားအရေကို စိုက်ကြည့်လျက် အေးစက်စွာ ရယ်မောလိုက်သည်။

"ဒီအရာက မင်းကို မကာကွယ်နိုင်ပါဘူး"

ဟော်လေကျိမှာ မထင်မှတ်ဘဲ သုံးလျှင် အလုပ်ဖြစ်နိုင်သော်လည်း ဤနေရာတွင် ရှိနေသော လူများမှာ သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုလူငယ်၏ အရှိန်အဝါမှာ အခြားသူများနှင့် မတူဘဲ မှော်ကျင့်ကြံသူ နှင့် ပို၍ တူနေသည်။ သူသည် အမည်းရောင် အခိုးအငွေ့တစ်ချက်ကို မှုတ်ထုတ်လိုက်ရာ အမျိုးသမီးမှာ ချက်ချင်းပင် ခေါင်းမူးဝေသွားတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ထိုအမျိုးသမီး၏ ရင်ဘတ်ထံမှ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး သူမကို ချက်ချင်း ပြန်လည် သတိဝင်လာစေကာ အမည်းရောင် အခိုးအငွေ့များကိုလည်း ဟန့်တားပေးလိုက်သည်။

ထိုစဉ် လူအုပ်ထဲမှ ထွားကျိုင်းသော လူသန်ကြီးတစ်ဦးက ရှေ့သို့ တိုးဝင်လာပြီး ယပ်တောင်အလား ကြီးမားလှသော လက်ဝါးကြီးဖြင့် လှပသော အိမ်ထောင်သည်မလေးကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ ထိုအမျိုးသမီးမှာ မျက်နှာဖြူလျော်သွားပြီး သွားကို တင်းတင်းစေ့လျက် လက်ထဲမှ ဟော်လေကျိကို ပစ်ပေါက်လိုက်တော့သည်။

ဝုန်း

ဟော်လေကျိမှာ ပြင်းထန်သော စွမ်းအားဖြင့် မြေပြင်ပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်သွားစေကာ အပိုင်းအစများမှာ နေရာအနှံ့ လွင့်စင်သွားသည်။ သို့သော်လည်း ထိုလူသန်ကြီးမှာမူ ဘာဒဏ်ရာမှ မရရှိခဲ့ပေ။ သူက ခုနက ဟန်ပြသာ လုပ်လိုက်ခြင်းဖြစ်ပြီး ကိုယ်ဟန်ကို ရှေ့သို့ တစ်ချက်တိုးကာ အမျိုးသမီးလက်ထဲမှ ဟော်လေကျိကို လှည့်စား၍ ထုတ်ပစ်လိုက်ခြင်းပင်။

အိမ်ထောင်သည်မလေး၏ မျက်နှာမှာ ပို၍ပင် ဖြူလျော်သွားတော့သည်။

ထိုလူတစ်စုမှာ ဖြူဖွေးနုနယ်သော သိုးသူငယ်လေးကို ကြည့်နေသည့်အလား ဝိုင်းအုံနေကြသည်။ သူတို့၏ မျက်နှာများပေါ်မှ ရမ္မက်ဆန္ဒများမှာ ပိုမိုတွန့်လိမ်လာပြီး အသက်ရှူသံများပင် ပြင်းထန်လာသည်။ ဤတောနက်တောင်နက်ထဲတွင် ရက်စက်ကြမ်းကြုတ်သော လူသန်ကြီးတစ်စုနှင့် ရေနှင့်ထိလျှင် စိမ့်ထွက်သွားတော့မည့်အလား နုနယ်လှပသော အမျိုးသမီးငယ်တစ်ဦး...။

ဆက်လက်၍ ဘာဖြစ်လာမည်ကို ပြောစရာပင် မလိုတော့ပေ။

အိမ်ထောင်သည်မလေးသည် ဓားမြှောင်တစ်လက်ကို ထုတ်ကာ လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားပြီး နောက်သို့ တရွေ့ရွေ့ ဆုတ်နေမိသည်။ မျက်ရည်များက မျက်ဝန်းအိမ်တွင် ဝိုင်းနေပြီး ရဲစိုနေသော နှုတ်ခမ်းလေးကို တင်းတင်းစေ့ထား၏။

ရုတ်တရက်

ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ခွင့်လွှတ်ပါ... ကောင်းဖုရွာကို ဘယ်လိုသွားရမလဲဆိုတာ သိတဲ့သူ ရှိမလား "

လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ တာအိုဝတ်စုံအပြာရောင် ဝတ်ဆင်ထားသော လူငယ် တာအိုဆရာတစ်ဦးကို တွေ့လိုက်ရသည်။ ထိုတာအိုဆရာ၏ မျက်နှာမှာ ထင်ရှားပြတ်သားပြီး မျက်ဝန်းအစုံမှာ ကြယ်တာရာများအလား တောက်ပနေကာ အမူအရာမှာ တည်ငြိမ်လွန်းလှသည်။ သူ၏ ခါးတွင်လည်း ရှေးဟောင်းဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသည်။

"တာအိုဆရာ... ကယ်ပါဦး"

အိမ်ထောင်သည်မလေးက ထိတ်လန့်တကြား အကူအညီတောင်းလိုက်သည်။

လူငယ် တာအိုဆရာမှာ ထိုလူအုပ်စုထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့သည်။

"ဘယ်က လာတဲ့ မျက်စိမပါတဲ့ ကောင်လဲ သတ်ပစ်လိုက်ကြ"

ခေါင်းဆောင်ဖြစ်သူ မျက်နှာညိုကြီးက အေးစက်စွာ အမိန့်ပေးလိုက်သည်။

ခုနက အိမ်ထောင်သည်မလေးထံမှ ဟော်လေကျိကို လှည့်စားယူခဲ့သော လူမိုက်က ဓားကိုဆွဲ၍ လူငယ်တာအိုဆရာထံသို့ ခုတ်ပိုင်းလိုက်သည်။

ပြင်းထန်လှသော ခွန်အား

ဤသူသည် မွေးရာပါ ခွန်အားကြီးမားပြီး ဓားအတတ် ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် ကျန်းနန်နယ်၏ မှောင်ခိုလောကတွင် အမည်ကျော်ကြားသော ဓားပြကြီးတစ်ဦး ဖြစ်ပြီး သူ၏ တောင်ဖြိုဓားမှာ အလွန်ထက်မြက်လှရာ အရာရှိပေါင်း မည်မျှကို သတ်ဖြတ်ခဲ့သည် မသိနိုင်ပေ။

ရုတ်တရက်

လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။

ထိုလူမိုက်၏ ဓားမှာ လုံးဝ ခုတ်မချနိုင်ခဲ့ဘဲ သူကိုယ်တိုင်ပင် လူငယ်တာအိုဆရာ၏ လည်ပင်းညှစ်ဖမ်းခြင်းကို ခံလိုက်ရသည်။ ထူးဆန်းသည်မှာ ကျန်းနန်မှောင်ခိုလောကမှ အရပ်ရှစ်ပေရှိသော ဤလူသန်ကြီးမှာ လူငယ်တာအိုဆရာ၏ လက်ထဲတွင် လှုပ်မရအောင် အညှစ်ခံထားရခြင်းပင်။

"လမ်းမေးတာကို ဘာလို့ လူသတ်ဖို့အထိ ကြိုးစားရတာလဲ "

လူငယ်တာအိုဆရာက အေးဆေးစွာ ပြောလိုက်သည်။

"ဒီကောင်က မလွယ်ဘူးဟေ့၊ အကုန်လုံး တက်ကြ"

မျက်နှာညိုကြီးက ဒေါသတကြီး ဟောက်လိုက်ပြီး ခါးမှ မိစ္ဆာခေါင်းပုံပါသော ဓားကိုဆွဲကာ ပြေးဝင်လာတော့သည်။

လူငယ်တာအိုဆရာ၏ မျက်ဝန်းတွင် မှော်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

အရှိန်အဝါကြည့်အတတ်

ဒီလူတွေ အားလုံးက နာကျည်းနေတဲ့ ဝိညာဉ်တွေ ဝန်းရံနေတဲ့ ရက်စက်ကြမ်းကြုတ်သူတွေချည်းပဲ

လှပသော အိမ်ထောင်သည်မလေးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်တာအိုဆရာ ဘယ်လို တိုက်ခိုက်လိုက်သည်ကို မမြင်လိုက်ရဘဲ၊ ဝံပုလွေကဲ့သို့ ကြမ်းကြုတ်လှသော လူမိုက်တစ်စုလုံးမှာ အသတ်ခံလိုက်ရလေပြီ။

နူးညံ့သိမ်မွေ့သော ပုံစံနှင့် လူငယ်မှာပင် အမည်းရောင်အခိုးအငွေ့ကို ထပ်မံ မမှုတ်ထုတ်နိုင်တော့ပေ။

လူငယ်တာအိုဆရာမှာ အိမ်ထောင်သည်မလေးထံသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး မေးလိုက်သည်။

"ကောင်းဖုရွာကို ဘယ်လိုသွားရမလဲဆိုတာ သိသလား "

အမျိုးသမီးက ခေါင်းခါပြသည်

"ကောင်းဖုရွာ မကြားဖူးပါဘူးရှင်။ ဒီနေ့ ကျမရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် တာအိုဆရာကို ကျေးဇူးအများကြီး တင်ပါတယ် "

"တာအိုဆရာ... ကျမကို ကျန်းနန်မြို့တော် ထိ ပို့ပေးလို့ ရမလားဟင် ကျမ တကယ်ပဲ ကျေးဇူးဆပ်ပါ့မယ် "

ဖြူဝင်းနုနယ်သော အိမ်ထောင်သည်မလေးက တောင်းပန်တိုးလျှိုးလိုက်သည်။

ဤလူငယ်တာအိုဆရာမှာ ကျန်းနန်နယ်သို့ ရောက်ရှိနေသော လီယန်ချူး ပင် ဖြစ်သည်။ သူသည် ပထမဦးစွာ ရှောက်ယန်ခရိုင်သို့ သွားရောက်ပြီး ခရိုင်ရုံး သို့ တိုက်ရိုက်ဝင်ကာ တရားရုံးတော် အရာရှိလက်မှတ်ကို ပြသ၍ မှတ်တမ်းများကို စစ်ဆေးခဲ့သည်။ တရားရုံးတော်ချုပ်သည် မိစ္ဆာနှိမ်နင်းရေးကို တာဝန်ယူရသဖြင့် လုပ်ပိုင်ခွင့် အလွန်မြင့်မားသည်။

လီယန်ချူးသည် ခရိုင်အရာရှိ၏ ခွင့်ပြုချက်ကို လွယ်လွယ်ကူကူ ရရှိခဲ့သော်လည်း မှတ်တမ်းအားလုံးကို လှန်လှောကြည့်သော်လည်း "ကောင်းဖုရွာ" ဆိုသည့် အမည်ကို ရှာမတွေ့ခဲ့ပေ။ ခရိုင်အရာရှိ၊ ရုံးစာရေးများနှင့် မြို့ထဲက လူကြီးသူမများကို မေးမြန်းကြည့်သော်လည်း မည်သူမျှ ထိုအမည်ကို မကြားဖူးကြပေ။

ထိုနည်းဖြင့် ရှာဖွေမှုမှာ လမ်းစပျောက်သွားခဲ့ရသည်။ သူသည် ဝမ်မိသားစုအနီးရှိ ထိုအဘိုးကြီးကိုလည်း လိုက်ရှာခဲ့သေးသော်လည်း သူထင်သည့်အတိုင်းပင် ထိုအဘိုးကြီးမှာ အရိပ်အယောင်မျှပင် မရှိတော့ပေ။ ထိုကဲ့သို့သော အဘိုးကြီးမျိုးမှာ ထူးခြားမှု မရှိလှသဖြင့် အနီးနားရှိ လူများကို မေးကြည့်သော်လည်း မည်သူမျှ မတွေ့ဖူးဟု ဆိုကြသည်။

ထို့ကြောင့် သူသည် ရှောက်ယန်ခရိုင် အနီးတဝိုက်သို့ လှည့်ပတ်ကြည့်ရင်း ရွာနားက လူတွေကို မေးရန် ထွက်လာခဲ့ခြင်းပင်။ မထင်မှတ်ဘဲ လူဆိုးတစ်စုက ဒုက္ခပေးနေသည်ကို ကြုံလိုက်ရခြင်း ဖြစ်သည်။

ဆိုင်ရှင်မလေး ပြောသကဲ့သို့ "ကံကြမ္မာ အလိုတော်" အရ တစ်ခုခု ကြုံရမည်ဟု ထင်ထားသော်လည်း တစ်ဖက်လူက ကောင်းဖုရွာအကြောင်း မသိပြန်ပေ။

သူသည် ကလေးငယ်ကို ပိုက်ထားပြီး ထိတ်လန့်နေသော အမျိုးသမီးကို ကြည့်ကာ အသာအယာ ခေါင်းညိတ်လိုက်သည်။

"ရပါတယ်၊ မင်းကို မြို့တော်ထိ ပို့ပေးပါ့မယ် "

သူ့အတွက်မှာတော့ လမ်းကြုံသဘောသာ ဖြစ်သော်လည်း အခြားသူအတွက်မူ အသက်နှစ်ချောင်းကို ကယ်တင်လိုက်ခြင်းပင်။

လှပသော အိမ်ထောင်သည်မလေးမှာ စိုးရိမ်စိတ်များ ပြေပျောက်ပြီး သက်ပြင်းချနိုင်တော့သည်။

All Chapters