အခန်း (၇၃၉-၇၄၀)
Vol. 74 Ch. 739-740
အခန်း (၇၃၉) - သစ္စာရှိသော ရွာသားများ ၊ သစ်သားထုလုပ်ထားသော နတ်ဘုရား
"မင်းနာမည်က ဘယ်သူလဲ"
လီယန်ချူးက မေးလိုက်သည်။
"ကျွန်မနာမည်က လင်းယားလန်ပါရှင်"
အမျိုးသမီးက ညင်သာစွာ ဖြေကြားသည်။
"ခုနကလူတွေက ဘယ်သူတွေလဲ မင်းကို ဘာလို့ လိုက်သတ်နေကြတာလဲ"
"ကျွန်မက ကျန်းနန်နယ် မြို့တော်က ကျိုးမိသားစု ပိုးထည်တိုက် ရဲ့ သားကြီးကတော်ပါ။ မိဘအိမ်ကို ခေတ္တပြန်လည်နှုတ်ဆက်ရာကအပြန်မှာ မထင်မှတ်ဘဲ တောပုန်းဓားပြတွေနဲ့ တိုးတာပါပဲ။
အတူပါလာတဲ့ အစေခံတွေအားလုံး အသတ်ခံလိုက်ရပြီး ကျွန်မကတော့ ကလေးကိုချီပြီး ထွက်ပြေးလာခဲ့တာပါ။ ဒါပေမဲ့ ဒီနေရာမှာ သူတို့ ပြန်မိသွားမယ်လို့ မထင်ထားခဲ့ဘူး။ တာအိုဆရာကသာ ကျွန်မအသက်ကို မကယ်ခဲ့ရင်..."
လင်းယားလန်က ဆိုသည်။
လီယန်ချူးသည် ခုနကပင် အရှိန်အဝါကြည့်အတတ် ဖြင့် လင်းယားလန်ကို တစ်ချက်အကဲခတ်ခဲ့ပြီးဖြစ်သည်။ ဤအမျိုးသမီး၏ ကိုယ်ပေါ်တွင် သန့်စင်သော အရှိန်အဝါများ ရှိနေသဖြင့် သူမသည် ချမ်းသာကြွယ်ဝသော မိသားစုမှဖြစ်ကြောင်း သိသာပါသည်။
သို့သော်လည်း သူမ၏ ကိုယ်ကို ဝန်းရံလျက် မီးခိုးရောင်သန်းသော သေခြင်းတရား အငွေ့အသက်များ ရှိနေဆဲဖြစ်ရာ ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရဦးမည်ဟု နိမိတ်ပြနေသည်။
မိမိနှင့် တွေ့ဆုံခဲ့သော်လည်း သူမကိုယ်ပေါ်က သေမင်းအငွေ့အသက်များ ပျောက်ကွယ်မသွားသေးပေ။ လင်းယားလန်၏ ဘေးဒုက္ခက မည်မျှအထိ ပြင်းထန်မည်နည်းဟု လီယန်ချူး စိတ်ဝင်စားမိသွားသည်။ သို့သော် ယခုမူ သူရှိနေသဖြင့် လင်းယားလန်အတွက် ဘာမှ စိုးရိမ်စရာမရှိနိုင်ဟု ယူဆရပေမည်။
လင်းယားလန်သည် စကားပြောပြီးနောက် ကလေးကို ပိုက်ကာ ဘေးတစ်ဖက်သို့ သွား၍ သူမ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်သည်။ လီယန်ချူးကမူ သစ်ပင်ကြီးတစ်ပင်ကို မှီလျက် တစ်ခုခုကို အလေးအနက် စဉ်းစားနေမိသည်။
သူ ကျန်းနန်နယ်သို့ လာရခြင်းမှာ ကောင်းဖုရွာကို ရှာဖွေရန်နှင့် မိမိကိုယ်ပေါ်ရှိ ကံကြမ္မာ အကျိုးဆက်ကို ဖြေရှင်းရန်ဖြစ်သည်။ အနည်းဆုံးတော့ ဘယ်သူက မိမိကို အကူအညီ လှမ်းတောင်းသလဲဆိုတာ သိချင်သည်။ သို့သော် ကောင်းဖုရွာမှာ လုံးဝ ခြေရာလက်ရာ မရှိဘဲ တစ်ခါမှ တည်ရှိမနေခဲ့သလိုပင် ဖြစ်နေသည်။
အကယ်၍ ထိုဝိညာဉ်ရာပေါင်းများစွာက သူတို့ကိုယ်သူတို့ ကောင်းဖုရွာကပါဟု တညီတညွတ်တည်း မပြောခဲ့လျှင်၊ လီယန်ချူးသည် ထိုအဘိုးကြီးက သူ့ကို လိမ်ညာရန် နာမည်တစ်ခု လုပ်ကြံပြောဆိုခဲ့သည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။
ရှဲရှဲ...
လင်းယားလန်သည် မြစ်ကမ်းနားတွင် သူမ၏ မျက်နှာနှင့် ဆံပင်များကို ရိုးရိုးရှင်းရှင်းပင် ဆေးကြောသန့်စင်လိုက်သည်။ စိုစွတ်နေသော ဆံနွယ်များက သူမ၏ ကိုယ်ပေါ်တွင် ကပ်ညှိနေ၏။ ယခင်က အလွန်ပင် ပင်ပန်းနွမ်းနယ်နေချိန်မှာတောင် သူမ၏ အလှတရားက ဖုံးမရခဲ့ပေ။
ယခု သန့်စင်ပြီးနောက်တွင်မူ သူမ၏ အသားအရေမှာ ပိုမိုဖြူဝင်းနုနယ်လာပြီး ရေနှင့်ထိလျှင် စိမ့်ထွက်သွားတော့မည့်အလားပင်။ သူမသည် အလွန်အမင်း ဂရုတစိုက် ပြုစုပျိုးထောင်ခြင်း ခံထားရသော၊ ဆွဲဆောင်မှုအပြည့်ရှိသည့် အိမ်ထောင်သည်မလေး တစ်ဦး ဖြစ်ပေသည်။
လီယန်ချူးသည် သူ၏ အာရုံခံစိတ်ကို ဖြန့်ကျက်လိုက်ပြီး ရှန်ကျိတောင်ခြေရှိ လူနေအိမ်ခြေများကို ရှာဖွေလိုက်သည်။ မကြာမီမှာပင် ရွာငယ်လေးတစ်ရွာကို ရှာတွေ့ခဲ့သည်။
ထိုစဉ် အိမ်ထောင်သည်မလေး၏ ရင်ခွင်ထဲမှ ကလေးငယ်မှာ မရပ်မနား ငိုယိုလာတော့သည်။ ကလေး၏ မျက်နှာလေးမှာ နီမြန်းနေပြီး အငိုလွန်သဖြင့် အသက်ပင် ရှုမဝသလို ဖြစ်နေ၏။
"ကလေးက ဘာဖြစ်တာလဲ" လီယန်ချူးက လှည့်မေးသည်။
"ကလေးက ဗိုက်ဆာလို့ နို့စို့ချင်နေတာပါရှင်"
လင်းယားလန်၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီရဲသွားတော့သည်။
"..." လီယန်ချူး။
လီယန်ချူးသည် အိမ်ထောင်သည်မလေးနှင့် ကလေးကို ထားရစ်ခဲ့ကာ ခပ်ဝေးဝေးသို့ လျှောက်သွားပေးလိုက်သည်။ အမျိုးသမီးလေးသည် သူမ၏ ရင်ဖုံးကို ဖွင့်လိုက်ရာ နေရောင်အောက်တွင် ဝင်းခနဲ ဖြူဖွေးသွားတော့သည်...။
အားလုံးပြီးစီးသွားသောအခါ လီယန်ချူးသည် မျက်နှာလေး နီမြန်းနေဆဲဖြစ်သော လင်းယားလန်ကို ခေါ်ဆောင်၍ ထိုရွာကလေးသို့ ဦးတည်ခဲ့သည်။ သူသည် ကောင်းဖုရွာနှင့် ပတ်သက်သည့် သဲလွန်စကို ထပ်မံရှာဖွေချင်သေးသည်။ သို့သော် ရွာထဲသို့ ခြေချလိုက်သည့်အခါတွင်မူ ရွာတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး လူတစ်ယောက်မှ မရှိသည်ကို တွေ့လိုက်ရ၏။
"မဖြစ်နိုင်တာ၊ ဒီရွာကလူတွေလည်း ပျောက်ကွယ်သွားတာလား"
လီယန်ချူး မျက်မှောင်ကြုတ်မိသည်။
သူသည် ဆိုင်ရှင်မလေး ပြောသကဲ့သို့ လှည့်ပတ်သွားလာရင်း ထူးခြားသော အခွင့်အရေးများ ကြုံတွေ့ရမလားဟု လာခဲ့ခြင်းဖြစ်ရာ သူ၏ စိတ်အနေအထားမှာ တည်ငြိမ်နေဆဲပင်။
ရုတ်တရက်
သူ၏ နားထဲသို့ လူအများစုဝေးနေသည့် အသံများ ကြားလိုက်ရသည်။ ဗိုက်ဝသွားသော ကလေးငယ်မှာ ယခုအခါ လင်းယားလန်၏ ရင်ခွင်ထဲတွင် အလွန်ငြိမ်သက်နေပြီး အိပ်ပျော်သွားလေပြီ။
လီယန်ချူးနှင့် လင်းယားလန်တို့သည် အသံကြားရာသို့ အမြန်သွားကြည့်ကြသည်။ တူရိယာသံများ၊ ဗုံသံများ ဆူညံစွာ ကြားနေရ၏။ ထို့နောက် ရွာသား ရာပေါင်းများစွာမှာ မြေပြင်ပေါ်တွင် ဝပ်စုံ၍ ဒူးထောက်နေကြသည်ကို မြင်လိုက်ရသည်။
လူတိုင်း၏ မျက်နှာတွင် အလွန်အမင်း ကြည်ညိုသစ္စာရှိသော အမူအရာများ ရှိနေကြသည်။ ထိုကွင်းပြင်တစ်ခုလုံးတွင် မင်္ဂလာပွဲတစ်ခုကဲ့သို့ အနီရောင် ပိတ်စများ၊ မီးအိမ်များဖြင့် တန်ဆာဆင်ထား၏။
လီယန်ချူး ကြည့်လိုက်သည့်အခါ ရွာသားများ ကိုးကွယ်နေသည်မှာ လူမဟုတ်ဘဲ နွားခေါင်းနှင့် လက်လေးဖက်ပါသော နတ်ဘုရား တစ်ပါးဖြစ်နေသည်ကို တွေ့ရသည်။ ထိုနတ်ဘုရားရုပ်တုမှာ အမြင့် နှစ်လံခန့် ရှိပြီး သစ်သားဖြင့် ထုလုပ်ထားခြင်း ဖြစ်သည်။
ရုပ်တု၏ ကိုယ်ပေါ်တွင် အနီရောင် ပိုးစများကို ချည်နှောင်ထားပြီး ရှေ့တွင် ပူဇော်သက္ကာများနှင့် အမွှေးတိုင်များ ထွန်းညှိထားသည်။ ရုပ်တုဘေးတွင် အသက် ၁၅၊ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ မှန်စီရွှေချ ဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သမီးလေးအလား ပြင်ဆင်ထားသည်။ ထိုမိန်းကလေးမှာ မျက်ရည်များ တဖြိုင်ဖြိုင် ကျနေရှာသည်။
လီယန်ချူး သတိထားမိသည်မှာ လူအုပ်ထဲရှိ လင်မယားတစ်စုံသည် ထိုမိန်းကလေးကို ခိုးကြည့်လျက် အလွန်ပင် ဝမ်းနည်းပူဆွေးနေကြခြင်းပင်။
အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ယဇ်ပူဇော်စာတမ်းကို အသံကျယ်ကျယ်ဖြင့် ဖတ်ကြားနေသည်။ လီယန်ချူး နားထောင်ကြည့်ရသလောက်မှာတော့ ကြွားလုံးထုတ်နေခြင်း သာ ဖြစ်သည်။ အဓိပ္ပာယ်မှာ ဤနွားခေါင်းနှင့် လက်လေးဖက်ပါသော နတ်ဘုရားသည် သူတို့ရွာကို မိုးလေဝသ ကောင်းအောင် စောင့်ရှောက်ပေးသဖြင့် နတ်ဘုရားအတွက် သတို့သမီး ဆက်သရမည် ဟူ၍ ဖြစ်သည်။
ထိုစဉ် လင်းယားလန်၏ ရင်ခွင်ထဲမှ ကလေးငယ်မှာ အချိန်မတော် နိုးလာပြီး "ဝါး... ဝါး..." ဟု ကျယ်လောင်စွာ ငိုယိုလိုက်တော့သည်။
ရွာသားအားလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။ အလွန်ပင် တည်ကြည်လေးနက်လှသော (သို့သော် တစ်မျိုးကြီးဖြစ်နေသော) ဤမင်္ဂလာ ယဇ်ပူဇော်ပွဲအတွင်း ကလေးငိုသံ ထွက်ပေါ်လာခြင်းမှာ အလွန်ပင် နားဝင်မချိုစရာ ဖြစ်သွားသည်။ လင်းယားလန်သည် ကလေးကျောကို အမြန်ပုတ်ပေးကာ ချော့မြှူလိုက်ရသည်။
"ကျုပ် သိချင်တာက ကောင်းဖုရွာ ကို ဘယ်သူ သိသလဲဆိုတာပါပဲ "
လီယန်ချူးက မေးလိုက်သည်။
"တာအိုဆရာ... ကျွန်တော်တို့ဆီမှာ ကောင်းဖုရွာအကြောင်း ကြားဖူးသူ မရှိပါဘူး။ အခု ရွာမှာ ယဇ်ပူဇော်ပွဲ လုပ်နေတာမို့ တာအိုဆရာအနေနဲ့ မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်"
ဟု ထိုအမျိုးသားကြီးက အေးဆေးစွာ ဆိုသည်။
လီယန်ချူးက ခေါင်းညိတ်ပြကာ ဘေးတစ်ဖက်တွင် ရပ်ကြည့်နေလိုက်သည်။ ဘာမှ ထပ်မပြောတော့ပေ။
ထိုအမျိုးသားကြီးက ယဇ်ပူဇော်စာတမ်း ဖတ်ပြီးသောအခါ သန်မာသော လူငယ်လေးငါးယောက်က နွားခေါင်း၊ လက်လေးဖက်ပါ နတ်ဘုရား သစ်သားရုပ်တုကြီးကို မ၍ ရွာထဲရှိ ဘုရားကျောင်း တစ်ခုဆီသို့ သယ်ဆောင်သွားကြသည်။ နုနယ်လှပသော မိန်းကလေးမှာလည်း နောက်ကနေ လိုက်ပါသွားရ၏။
ရုတ်တရက် လူအုပ်ထဲမှ ခုနက လင်မယားနှစ်ယောက် ပြေးထွက်လာကြသည်။
"ဦးလေးလျို... ယဉ်ယဉ်လေးက ငယ်ပါသေးတယ်။ သူက အခုမှ ၁၃ နှစ်ပဲ ရှိသေးတာကို ဒီလိုမျိုး ကျောင်းစောင့်နတ် ဆီ ဆက်သမယ်ဆိုတာ အဖေတစ်ယောက်အနေနဲ့ ကျွန်တော် ဘယ်လို မျက်စိမှိတ် ကြည့်နေနိုင်မှာလဲ "
ထိုလင်မယားမှာ ငိုယိုလျက် စီတန်းလှည့်လည်ပွဲကို တားဆီးကာ မိန်းကလေးကို သူတို့နောက်တွင် ကွယ်ထားလိုက်ကြသည်။
ယဇ်စာတမ်းဖတ်သော အမျိုးသားကြီး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည်။
"ဘာတွေ လာပြောနေတာလဲ ကျောင်းစောင့်နတ်ရဲ့ စောင့်ရှောက်မှုသာ မပါရင် ရွာမှာ ဒီလို မိုးလေဝသ ကောင်းပါ့မလား ကျောင်းစောင့်နတ်က မင်းတို့သမီးကို မျက်စိကျတာဟာ မင်းတို့သမီးအတွက် ကံကောင်းခြင်း ပဲ "
"ဟေ့လူတွေ သူတို့ကို ဆွဲထုတ်လိုက်ကြ "
ထိုအမျိုးသားကြီးသည် လီယန်ချူးနှင့် စကားပြောစဉ်က အတော်ပင် ယဉ်ကျေးခဲ့သော်လည်း ယခုအခါတွင်မူ အလွန်ပင် အာဏာပြ အနိုင်ကျင့်သော လေသံ ဖြစ်နေသည်။ လူအုပ်ထဲမှ လူသန်ကြီး နှစ်ယောက် ထွက်လာပြီး ထိုလင်မယားကို အတင်းဆွဲထုတ်သည်။
ထိုအခါ ဖခင်ဖြစ်သူမှာ ရုတ်တရက် အားအင်များ ထွက်ပေါ်လာသကဲ့သို့ လူသန်ကြီးတစ်ယောက်ကို တွန်းလှဲပစ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"နှစ်တိုင်း ယဇ်ပူဇော်တယ်၊ ငါတို့ဆီက ပူဇော်သက္ကာတွေ အများကြီး ယူနေတာနဲ့ မလုံလောက်သေးဘူးလား အခု ငါ့သမီးကိုပါ လိုချင်နေတာလား ယဉ်ယဉ်လေးကို လိုချင်ရင် ငါ့အလောင်းကို အရင်ကျော်သွား "
လူသန်ကြီး နှစ်ယောက်မှာ ခန္ဓာကိုယ် ထွားကျိုင်းလှသော်လည်း ချက်ချင်း လက်မပါသေးဘဲ ထိုအမျိုးသားကြီး (ဦးလေးလျို) ကို လှမ်းကြည့်ကြသည်။ အမျိုးသားကြီးက မျက်မှောင်ကြုတ်လျက်
"ငါ့ကို ကြည့်မနေနဲ့၊ ဆွဲထုတ်လိုက် " ဟု ခက်ထန်စွာ ဆိုသည်။
လူသန်ကြီး နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် သဘောပေါက်သွားကာ ထိုဖခင်ဖြစ်သူကို ဝိုင်း၍ ထိုးကြိတ်ကန်ကျောက်တော့သည်။ လက်သီးချက် အနည်းငယ်အတွင်းမှာပင် မိန်းကလေး၏ ဖခင်မှာ သွေးအန်လာသော်လည်း သူတို့က ရပ်မည့်ပုံ မပေါ်ပေ။ မိခင်ဖြစ်သူမှာလည်း သူမ၏ ယောကျ်ားရှေ့တွင် အသက်စွန့်ကာ ကာကွယ်ပေးနေပြီး မိန်းကလေးမှာလည်း ရုန်းကန်လျက် ပြေးဝင်လာသည်။
သို့သော် ရွာသားတစ်ဦးတစ်ယောက်မှ ဝင်ရောက်တားဆီးခြင်း မပြုဝံ့ကြပေ။ သူတို့သည် သစ်သားရုပ်တုကြီးကိုရော၊ ထိုအမျိုးသားကြီးကိုပါ အလွန်ပင် ကြောက်ရွံ့ကြည်ညိုနေကြသောကြောင့် ဖြစ်သည်။
"တော်လိုက်တော့"
လီယန်ချူး၏ အသံမှာ လေးနက်စွာ ထွက်ပေါ်လာသည်။ လူတိုင်း အသံကြားရာသို့ လှည့်ကြည့်လိုက်ကြရာ ခုနက ခန့်ညားသော လူငယ် တာအိုဆရာ ဖြစ်နေသည်ကို တွေ့ရသည်။
လီယန်ချူးသည် လင်းယားလန်ကို ခေါ်ဆောင်၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ လင်းယားလန်သည် ကလေးကို ပိုက်ထားပြီး ချော့မြှူနေကာ သူမ၏ မျက်နှာတွင် စိုးရိမ်စိတ် လုံးဝမရှိပေ။
သူမသည် ဤလီတာအိုဆရာ၏ စွမ်းရည်ကို မြင်ဖူးထားပြီးဖြစ်သည်။ ထိုရက်စက်လှသော လူမိုက်တစ်စုကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့လျှင် ဤရွာသားတစ်စုမှာ သူ့အတွက် ဘာမှမဟုတ်သည်မှာ သေချာပါသည်။ သို့သော်လည်း ဤရွာ၏ ဓလေ့မှာ ထူးဆန်းလွန်းပြီး လူမဆန်အောင် မိုက်မဲရက်စက်သည်ဟု သူမ ခံစားနေရသည်။
"တာအိုဆရာ... ဒါဟာ ကျွန်တော်တို့ရွာရဲ့ ကိစ္စပါ။ တာအိုဆရာအနေနဲ့ ဝင်မပါဖို့ မျှော်လင့်ပါတယ်"
ဟု ထိုအမျိုးသားကြီးက အသံမာမာဖြင့် ပြောလိုက်သည်။
လီယန်ချူးက အသာအယာ ပြုံးလိုက်သည်။
သူ မြင်လိုက်ရသည်မှာ ထိုအမျိုးသားကြီးသည် လက်ထဲတွင် အမွှေးတိုင်တစ်တိုင်ကို တိတ်တဆိတ် ထွန်းညှိလိုက်ခြင်းပင်။
ထိုအမွှေးတိုင်မှ ထွက်ပေါ်လာသော အခိုးအငွေ့များသည် ထိုနွားခေါင်း လက်လေးဖက်ပါ သစ်သားရုပ်တုကြီး၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်များအတွင်းသို့ တိုးဝင်သွားသည်။
ထိုအခါ သစ်သားရုပ်တုကြီးမှာ ဖြည်းဖြည်းချင်း မျက်လုံးများ ပွင့်လာတော့သည်...။
အခန်း (၇၄၀) - နွားခေါင်း၊ လူကိုယ်၊ လက်လေးဖက် ၊ နတ်ဘုရား ၊ ဆရာသခင်ချန် ၊ မင်း ငါ့ကို ဘယ်လိုဒုက္ခပေးရမလဲ ကြံစည်နေတာမလား
လီယန်ချူးသည် ထိုအလယ်အလတ်အရွယ် အမျိုးသားကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"မင်းတို့ရွာက ကိစ္စတွေကို ငါ ဝင်မရှုပ်ချင်ဘူး။"
"ဝင်မရှုပ်ချင်ဘူးဆိုရင်တော့ တာအိုဆရာ ဒီကနေ ထွက်သွားပေးပါ"
ဟု ထိုအမျိုးသားက တည်ငြိမ်စွာ ဆိုသည်။
လီယန်ချူးက ခေါင်းခါပြလိုက်ပြီး သစ်သားနတ်ရုပ်ကြီးကို လက်ညှိုးထိုးပြကာ
"ဒါပေမဲ့ မင်းတို့ ကိုးကွယ်နေတဲ့ ဒီကျောင်းစောင့်နတ်ဆိုတဲ့ ကောင်ကိုတော့ ငါ နည်းနည်း ကိုင်တွယ်ရလိမ့်မယ်"
ဟု ဆို၏။
ထိုအမျိုးသားသည် မျက်မှောင်ကြုတ်ကာ အေးစက်သောလေသံဖြင့်
"တာအိုဆရာ... နတ်ဘုရားတွေကို မစော်ကားဖို့ ကျုပ် သတိပေးပါရစေ။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဘေးခေါ်သလို ဖြစ်နေလိမ့်မယ်"
ဤအမျိုးသားသည် မိုက်မဲရူးသွပ်သူတစ်ဦး မဟုတ်ပေ။ ရဟန်းများ၊ တာအိုဆရာများကို တွေ့လျှင် ချက်ချင်း အော်ဟစ်မောင်းထုတ်ခြင်း မပြုဘဲ ယခုကဲ့သို့ ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်သည်။
"တာအိုဆရာ... နတ်ဘုရားရဲ့ ဒေါသကို မဆွမိအောင် သတိထားပါ "
လီယန်ချူးက ရယ်မောလိုက်သည်
"ဒီသစ်သားရုပ်၊ ရွှံ့ရုပ်ကို ပြောတာလား"
"ဒါဟာ ကျောင်းစောင့်နတ်မင်းကြီးပါ"
ထိုအမျိုးသားက အသံမာမာဖြင့် ပြောလိုက်သည်။
ထိုအချိန်မှာပင် သစ်သားရုပ်တုကြီးမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်လာပြီး မျက်လုံးအစုံအတွင်းမှ အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ထို့နောက် လီယန်ချူးကို အေးစက်စွာ စိုက်ကြည့်လျက်
"ဘယ်က လာတဲ့ တာအိုဆရာလေးလဲ မသိတက်လိုက်တာ"
ကြီးမားလှသော အသံနက်ကြီး ထွက်ပေါ်လာပြီး ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ရွာသားများမှာ ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဝပ်စုံ၍ ဒူးထောက်လိုက်ကြတော့သည်။
ထိုအမျိုးသားကြီး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။ ခုနက နတ်ဘုရားဝင်ပူးခြင်းမှာ သူကိုယ်တိုင် ပင့်ဖိတ်လိုက်ခြင်းပင် ဖြစ်သည်။
လီယန်ချူး၏ ဘေးတွင် ရှိနေသော လင်းယားလန်မှာ ထိုအရှိန်အဝါကို တိုက်ရိုက်ခံလိုက်ရသဖြင့် မျက်နှာ ဖြူလျော်သွားပြီး သူမ၏ သွယ်လျသော ခြေထောက်အစုံမှာ ကြောက်လန့်တကြား တုန်ရီလာသည်။
"ငါ မင်းကို မေးမယ်... မင်းလို ကောင်မျိုးက မိန်းမယူပြီး ဘာလုပ်မှာလဲ "
လီယန်ချူးက ထိုနွားခေါင်း၊ လူကိုယ်နှင့် သစ်သားနတ်ရုပ်ကြီးကို တည်ငြိမ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"ရိုင်းလှချည်လား"
နွားခေါင်းနတ်ရုပ်ကြီးက ဒေါသတကြီး ဟောက်လိုက်ရာ သူ၏ ကိုယ်တွင်းမှ ကြီးမားလှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
လီယန်ချူး၏ မျက်ဝန်းများမှာ အေးစက်သွား၏။ သူ၏ ကိုယ်တွင်းမှ သွေးစွမ်းအင် များ တလိမ့်လိမ့် တက်လာပြီး ဦးခေါင်းနှင့် ပုခုံးနှစ်ဖက်ပေါ်တွင် ယန်မီးလျှံ သုံးခု ထွက်ပေါ်လာသည်။
ဝုန်း
ခဏအတွင်းမှာပင် ပြင်းထန်လှသော သွေးစွမ်းအင် အရှိန်အဝါများ ပေါက်ကွဲထွက်လာရာ တောက်လောင်နေသော မီးဖိုကြီးတစ်ခုအလား ပူပြင်းလှသည်။
ထိုအမျိုးသားကြီးမှာ တုန်လှုပ်သွားပြီး အသက်ရှူပင် ကျပ်လာသလို ခံစားလိုက်ရသည်။ နွားခေါင်းနှင့် လူကိုယ်၊ ကြွက်သားအဖုဖုဖြင့် ထွားကျိုင်းလှသော ထိုကျောင်းစောင့်နတ်ကြီးသည် ခဏတာ တည်ကြည်လေးနက်နေသော်လည်း...
ဘုတ်
သူသည် ရုပ်တုစင်ပေါ်မှ ခုန်ဆင်းလာကာ လီယန်ချူး၏ ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ဦးတိုက်တော့သည်။
"နတ်မင်းကြီး... အသက်ချမ်းသာပေးပါ ကျွန်တော်မျိုး မျက်စိကန်းသွားလို့ပါ၊ နတ်မင်းကြီး အသက်ချမ်းသာပေးပါ "
"..." အမျိုးသားကြီး။
"..." ရွာသားများ။
"..." လင်းယားလန်။
"ငါ့မေးခွန်းကို ဖြေစမ်း"
လီယန်ချူးက အေးဆေးစွာ ပြောသည်။
နွားခေါင်း သစ်သားရုပ်တုကြီးမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး အလျင်အမြန်ပင်
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော်မျိုးက မိန်းမယူလို့ ဘာမှမလုပ်ပါဘူး။ တောင်ပေါ်က ဆရာသခင် တစ်ယောက်က မိန်းမယူချင်လို့ပါ၊ ကျွန်တော်မျိုးက သူ့အတွက် ကြိုပြီး စစ်ဆေးပေးရုံသက်သက်ပါ"
လီယန်ချူးက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"ဘယ်သူက မိန်းမယူမှာကို သူများက အရင်ယူပြရမှာလဲ မင်း နွားကလေး... မရိုးသားဘူးနော်"
လီယန်ချူး၏ မျက်ဝန်းများထဲတွင် လျှပ်စီးတိမ်တိုက်များ ဖြတ်ပြေးသွားသကဲ့သို့ ဖြစ်သွားသည်။
ဂျိမ်း
ဘေးက ရွာသားများ ဘာမှမခံစားရသော်လည်း ထိုနွားခေါင်းနတ်ရုပ်အတွက်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကောင်းကင်ယံမှ ဘုန်းတန်ခိုးများ ဖိနှိပ်လာခြင်းပင်။ သူသည် မြေပြင်ပေါ်တွင် ဝပ်စုံလျက် တုန်တုန်ရီရီဖြင့် ပြောရှာသည်။
"တကယ်ပါ နတ်မင်းကြီး အဲဒီ ဆရာသခင်က အကြိုက်ထူးဆန်းတာပါ။ ကျွန်တော်တို့ အချင်းချင်းလည်း တိတ်တဆိတ် ပြောဖူးကြပါတယ်၊ ဒါဟာ အထက်လူကြီးတွေရဲ့ ထူးဆန်းတဲ့ ဝါသနာလို့ ထင်ရပါတယ်"
လီယန်ချူး မျက်မှောင်ကြုတ်လိုက်သည်
"နောက်ထပ် ဘယ်သူတွေ ရှိသေးတာလဲ"
ယခင်က သန့်ရှင်းမြင့်မြတ်လှပြီး ရွာသားတွေရဲ့ ကိုးကွယ်မှုကို ခံယူနေတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ကျောင်းစောင့်နတ်ကြီးမှာ ယခုအခါ အမူအရာပျက်ယွင်းလျက် မြေပြင်ပေါ်တွင် ဝပ်တွားနေရရှာသည်။ သူက အသံအက်အက်ဖြင့်
"ဒီအနီးနားက ရွာတိုင်းမှာ ကျောင်းစောင့်နတ် တစ်ပါးစီ ရှိကြပါတယ်"
"ရွာတိုင်းမှာ ရှိတယ် ဟုတ်လား"
"ဟုတ်ပါတယ်"
"အဲဒီ ဆရာသခင်ဆိုတာ ဘယ်သူလဲ"
"ကျွန်တော်မျိုး သိရသလောက်တော့ သူ့နာမည်က ချန် လို့ ခေါ်ပါတယ်၊ မှော်ပညာ အလွန်ထက်မြက်ပါတယ်"
"ဒါဆို မင်းတို့က အဖွဲ့လိုက် ဂိုဏ်းဖွဲ့ပြီး လုပ်စားနေကြတာပေါ့ "
လီယန်ချူးက ထိုနွားခေါင်းရုပ်တုကို တစ်ချက်ကြည့်လိုက်သည်။
နွားခေါင်းရုပ်တုမှာ မြေပြင်ပေါ် ဝပ်စုံနေသဖြင့် မျက်နှာကို မမြင်ရသော်လည်း ရိုကျိုးစွာဖြင့်
"ကျွန်တော်မျိုး တကယ်ပဲ မကောင်းတာ မလုပ်ပါဘူး၊ ဒီ ရှစွေရွာ ကို မိုးလေဝသ ကောင်းအောင် အမြဲ စောင့်ရှောက်ပေးနေတာပါ"
လီယန်ချူးသည် ထိုအမျိုးသားကြီး (ဦးလေးလျို) နှင့် သူ၏ ဘေးတွင် ရှိနေသော လူမိုက်နှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် မျက်ရည်များ ဝိုင်းနေသော သတို့သမီးလေးနှင့် သွေးအန်နေအောင် အရိုက်ခံထားရသော သူမ၏ ဖခင်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
"တစ်ဖက်သတ် စောင့်ရှောက်ပြီး မိုးလေဝသ ကောင်းအောင် လုပ်ပေးတာ တော်တော်ဟုတ်တာပဲ"
ထိုအချိန်တွင် ရှစွေရွာသားများမှာ ဘာမှ နားမလည်နိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ နေ့တိုင်း ပူဇော်နေတဲ့ နတ်ဘုရားက အခုတော့ လူငယ် တာအိုဆရာလေးရဲ့ ခြေရင်းမှာ တုန်တုန်ရီရီနဲ့ 'နတ်မင်းကြီး' လို့ ခေါ်ပြီး ဝပ်တွားနေရတာလား။
ထိုအမျိုးသားကြီး (ဦးလေးလျို) ၏ မျက်ဝန်းထဲတွင်လည်း အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။ လင်းယားလန်သည် ကလေးကို ပိုက်ထားရင်း သူမ၏ လှပသော မျက်နှာလေးမှာ အံ့ဩတုန်လှုပ်သွားရသည်။ သူမ၏ နှုတ်ခမ်းရဲရဲလေးမှာ အနည်းငယ် ပွင့်ဟသွားပြီး
"ငါ့ဘေးက ဒီတာအိုဆရာက တကယ်ပဲ ဒီလောက် အဆင့်မြင့်တဲ့ ကျင့်စဉ်တွေ ရှိတာလား"
ဟု တွေးနေမိသည်။
ရုတ်တရက်
လေထုကို ဖြတ်သန်းလာသော ပြင်းထန်သည့် အသံများ ထွက်ပေါ်လာသည်။
ရွှပ် ရွှပ် ရွှပ်
လူရိပ် သုံးလေးရိပ် ရောက်ရှိလာသည်။
လီယန်ချူး လှည့်ကြည့်လိုက်ရာ အနက်ရောင် ဝတ်စုံဝတ် လူနှစ်ယောက်၊ ဆံပင်ဖြူ အဘိုးအိုတစ်ယောက်နှင့် ဓားလွယ်ထားသော လူမိုက်လ်ုပုံစံ တစ်ယောက်တို့ ဖြစ်သည်။ ဤလေးယောက်စလုံး၏ အရှိန်အဝါမှာ တစ်ဦးနှင့်တစ်ဦး မတူကြပေ။
အနက်ရောင် ဝတ်စုံဝတ်သူများမှာ မှော်ကျင့်ကြံသူ အရှိန်အဝါများ ရှိပြီး ယခင်က တွေ့ခဲ့သော နူးညံ့သည့် လူငယ်နှင့် အနည်းငယ် ဆင်တူသည်။
ဆံပင်ဖြူ အဘိုးအိုမှာမူ မည်သည့် စွမ်းအားလှိုင်းမှ ထွက်မနေသော်လည်း သူ၏ နားထင်နှစ်ဖက်မှာ သိသိသာသာ ဖောင်းကြွနေပြီး မျက်ဝန်းများမှာ အေးစက်လှသည်။
ဓားလွယ်ထားသော လူမိုက်မှာမူ ဖုံးကွယ်၍မရသော လူသတ်ငွေ့များနှင့် သွေးညှီနံ့များ ထွက်ပေါ်နေသည်။ သူ၏ ခါးတွင် ရွှေပတ်တီးကို ပတ်ထားပြီး ဓားအိမ်တွင်လည်း ကျောက်မျက်ရတနာများ စီခြယ်ထားရာ အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
လီယန်ချူးသည် မြေပြင်ပေါ် ဝပ်စုံနေသော နွားခေါင်းရုပ်တုကို ကြည့်ကာ ခနဲ့သလို ပြောလိုက်သည်။
"မင်း လူခေါ်ထားတယ်လို့တော့ ငါ မထင်ထားဘူးနော်"
နွားခေါင်းရုပ်တုမှာ ကြီးမားလှသော နွားခေါင်းကြီးကို မော်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်ငုံ့ကာ ထိတ်လန့်တကြား
"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်မျိုး လူမခေါ်ပါဘူး "
လီယန်ချူး၏ မျက်ဝန်းထဲတွင် မကောင်းသော အရိပ်အယောင်များ ပေါ်လာ၏။ နွားခေါင်းရုပ်တု၏ အရှိန်အဝါများမှာ လှုပ်ရှားနေပြီး သူ၏ စိတ်ခံစားချက်မှာ အလွန် ပြင်းထန်နေကြောင်း သိသာသည်။
သူသည် လီယန်ချူးကို အတော်ပင် ကြောက်လန့်နေခြင်းပင်။ လီယန်ချူး၏ ပုခုံးပေါ်မှ ယန်မီးတောက် သုံးခု၏ သွေးစွမ်းအင်မှာ သူ့ကို ပုရွက်ဆိတ်တစ်ကောင်အလား လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖိသတ်နိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။
"နတ်မင်းကြီး... ကျွန်တော် တကယ် လုပ်တာ မဟုတ်ပါဘူး ကျွန်တော့်ကို ယုံပါ အကယ်၍ ကျွန်တော်သာ လုပ်ခဲ့ရင် ကျွန်တော့်ရဲ့ ဘိုးဘွားဘီဘင် ရှစ်ဆက်လုံးကို ကျွန်တော်ကိုယ်တိုင် ပြန်စော်ကားပါ့မယ်"
ရွာတစ်ရွာလုံးက ကိုးကွယ်ရတဲ့၊ နှစ်ပေါင်းများစွာ ရွာသားတွေကို နှိပ်စက်ပြီး မိန်းမတွေ အတင်းယူ၊ လက်ပါးစေတွေက ရွာသားတွေကို ရိုက်နှက်နေတဲ့ ကျောင်းစောင့်နတ်ကြီးဟာ ယခုတော့ လီယန်ချူးကဲ့သို့ လူငယ် တာအိုဆရာလေးရှေ့မှာ ကြောက်လန့်တကြား ဖားနေရရှာသည်။
ရှစွေရွာသားများမှာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရပြီး လီယန်ချူးကို ပိုမို ကြည်ညိုလေးစားလာကြသည်။
ထိုစဉ် လင်းယားလန်က ရုတ်တရက် စကားပြောလာသည်။
"ဟို... လီတာအိုဆရာ... သူတို့က ကျမကို လိုက်ရှာနေတဲ့သူတွေ ထင်တယ်"
လီယန်ချူးက လင်းယားလန်ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းကို လာရှာတာ ခုနက လိုက်သတ်နေတဲ့ လူတွေလား "
လင်းယားလန်သည် ထိုလေးယောက်ကို ကြည့်ကာ မျက်နှာလေး ပျက်နေရှာသည်။
မြေပြင်ပေါ် ဝပ်တွားနေသော နွားခေါင်းနတ်ဘုရားမှာ ရင်ထဲတွင် သက်ပြင်းချလိုက်နိုင်သည်။
"ဒီမိန်းမစုတ်က ငါ့ကို အသေသတ်တော့မလို့ "
ဟု စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
သူသည် တိတ်တဆိတ် သတင်းပို့ကာ အနီးနားရှိ ၂၈ ရွာက ကျောင်းစောင့်နတ် အားလုံးကို လှမ်းခေါ်ထားပြီးဖြစ်သည်။
အားလုံး စုပေါင်းလိုက်ရင် ဒီလူငယ် တာအိုဆရာကို မယှဉ်နိုင်စရာ အကြောင်းမရှိဟု သူ တွေးထားသည်။ ထို့အပြင် တောင်ပေါ်က ဆရာသခင်ချန် ဆီကိုလည်း သတင်းပို့ထားသေးသည်။ ဆရာသခင်ချန်သာ ရောက်လာရင် ဒီလူငယ် တာအိုဆရာ သေဖို့သာ ပြင်ပေတော့။
နွားခေါင်းနတ်ဘုရားသည် အရှက်ကို သည်းခံကာ မြေပြင်ပေါ်တွင် တုန်တုန်ရီရီဖြင့် ဝပ်နေဆဲပင်။
ရုတ်တရက် သူ အေးစိမ့်သွားသလို ခံစားလိုက်ရသဖြင့် ဘေးကို အသာကြည့်လိုက်ရာ လီယန်ချူးက သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်လျက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
မျက်လုံးချင်း ဆုံသွားသည့်အခါ...
"မင်း အခုနက အမူအရာနဲ့ မျက်လုံးတွေက ငါ့ကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ ကြံစည်နေတာမလား"
လီယန်ချူးက အေးဆေးစွာ မေးလိုက်သည်။
"..." နွားခေါင်း သစ်သားနတ်ရုပ်ကြီး။