← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 25 Ch. 283-284

အခန်း (၂၈၃-၂၈၄)

Vol. 25 Ch. 283-284

အပိုင်း (၂၈၃)

ယွီကျန်းက ဤကိစ္စကို ဧကရာဇ်ထံသို့ လျှို့ဝှက် စာချွန်လွှာ ပေးပို့ချိန်တွင် ဧကရာဇ် အလွန် ဝမ်းသာ သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက အလွန် ကောင်းမွန်သော အကြောင်းပြချက် တစ်ခု၊ အလွန် ကောင်းမွန်သော လက်နက် တစ်ခုကို ရရှိသွားသောကြောင့် ဖြစ်သည်။

ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်လှန့်ခြင်း ဖြစ်သည်။ ဤသည်မှာ ယွဲ့တန်းဖျင် အဖွဲ့အစည်း၏ အားနည်းချက်ကို ဆုပ်ကိုင်လိုက်ခြင်းလည်း ဖြစ်၏။

ခင်ဗျားတို့ စကားနားမထောင်ရင်၊ လျှောက်ပြောရင် ဒီပြဿနာကို ကြီးကျယ်အောင် လုပ်ပစ်မယ် လို့ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။

‘ခင်ဗျားတို့က အောက်ယွီကို လက်စားချေဖို့အတွက် ကျောင်းသား သောင်းပေါင်းများစွာကို လှုံ့ဆော်ပြီး ပြဿနာ ရှာခိုင်းရုံတင် မကဘူး၊ ကြောက်မက်ဖွယ် ကောင်းတဲ့ သွေးထွက်သံယို အမှုကြီးကိုပါ ဖန်တီးဖို့ ကြိုးစားခဲ့တယ်။

ကျန်းကျိုးက ပညာတတ် ဆယ့်သုံးယောက် အပြစ်ရှိတယ်ဆိုရင် ခင်ဗျားတို့ တခြား နေရာတွေက ယွဲ့တန်းဖျင် အဖွဲ့အစည်းတွေကော အပြစ်ကင်းတယ်လို့ ပြောနိုင်လား။ မသေချာဘူးလေ။ ဒါကြောင့် ဓားက ကျုပ်ရဲ့ လက်ထဲမှာ ရှိတယ်။ ခင်ဗျားတို့ စကားနားမထောင်ရင် ဓားနဲ့ ခုတ်ချပြီး အဆက်မပြတ် သတ်ပစ်မယ်။

ခင်ဗျားတို့ နာမည်ကြီး ပညာတတ်တွေရဲ့ လည်ပင်းက မာသလား၊ ဧကရာဇ်ရဲ့ ဓားက မာသလား ဆိုတာ ကြည့်ကြတာပေါ့။’

တူဟွေးက ပြောလိုက်၏။ “ကောင်းပါပြီ။ တာ့ကျိုးအင်ပါယာ ထဲမှာရှိတဲ့ ယွဲ့တန်းဖျင် အဖွဲ့အစည်းတွေ အားလုံး တံခါးပိတ်ပြီး အမှားပြင်ဆင်ကြမယ်။ လှုပ်ရှားမှုတွေ အားလုံးကို နှစ်လတိတိ ရပ်နားထားမယ်လို့ ကျုပ် ကြေညာလိုက်ပါ့မယ်။”

ယွဲ့တန်းဖျင်၏ လှုပ်ရှားမှုများက အလွန်များပြားလှ၏။ ကျောင်းဖွင့်ပွဲများ၊ ကဗျာ လင်္ကာ ဆွေးနွေးပွဲများ၊ စကားစစ်ထိုးပွဲများ၊ လူသိရှင်ကြား စာသင်ပြမှုများ စသည်ဖြင့် အများအပြား ရှိသည်။

အတိုချုပ်ဆိုရလျှင် ဤအဖွဲ့အစည်း၏ ထင်မြင်ယူဆချက် အာဏာက အလွန် ကြီးမားလှ၏။

အမတ်ချုပ်ကြီးလင်က ပြုံးကာ ပြောသည်။ “ဒါဆိုလည်း ပင်ပန်းသွားပါပြီ။”

ထိုနေ့တွင်ပင် တူဟွေးက လူသိရှင်ကြား ကြေညာလိုက်၏။ ကျန်းကျိုး ယွဲ့တန်းဖျင် အဖွဲ့အစည်း၏ ပျက်စီးယိုယွင်းမှုများ အတွက် သူ အလွန် စိတ်မကောင်း ဖြစ်ရကြောင်း၊ ထို့ကြောင့် ယနေ့မှစ၍ မြို့တော် ယွဲ့တန်းဖျင် အဖွဲ့အစည်း အားလုံး တံခါးပိတ်၍ အမှားပြင်ဆင်မည် ဖြစ်ပြီး လှုပ်ရှားမှု အားလုံးကို နှစ်လတိတိ ရပ်နားထားမည် ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။

ထို့နောက် အခြား ပြည်နယ်များရှိ ယွဲ့တန်းဖျင် အဖွဲ့အစည်း ခေါင်းဆောင်များကလည်း အသီးသီး ထွက်ပေါ်လာကာ တံခါးပိတ်၍ အမှားပြင်ဆင်မည်ဖြစ်ပြီး လှုပ်ရှားမှု အားလုံးကို ရပ်နားထားမည် ဖြစ်ကြောင်း ကြေညာကြ၏။

ယွဲ့တန်းဖျင် အဖွဲ့အစည်း နှုတ်ဆိတ်သွားပြီ ဖြစ်သည်။

ဆိုလိုသည်မှာ အထိန်းချုပ်ရ အခက်ဆုံးသော ထင်မြင်ယူဆချက် အင်အားစုကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်၏။

အမတ်ချုပ်ကြီးလင်က ဧကရာဇ်ထံသို့ သွားရောက်ကာ ဤကိစ္စကို တင်ပြလေသည်။

“ပညာတတ်တွေဆိုတာ ကျုပ်တို့ တာ့ကျိုး အင်ပါယာရဲ့ မျှော်လင့်ချက်တွေပဲ။ သူတို့ကို အမှားလုပ်ခွင့် ပေးရမယ်။ အမှားကို သိပြီး ပြင်ဆင်ရင် မျှော်လင့်ချက် ကြီးမားပါသေးတယ်။ တစ်ခါတည်းနဲ့ လုံးဝ ဖျက်ဆီးပစ်လို့ မရဘူး။” ဧကရာဇ်က ပြုံးကာ ပြော၏။

အမတ်ချုပ်ကြီးလင်က ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။ “အရှင်မင်းမြတ်ရဲ့ အမြော်အမြင်က ဘယ်သူနဲ့မှ မယှဉ်နိုင်ပါဘူး။”

ဧကရာဇ်က မေးလိုက်၏။ “ဟုန်မြန် (ဝါဂွမ်းနီ) နိုင်ငံ ဘက်ကကော ဘယ်လိုလဲ။”

အမတ်ချုပ်ကြီးလင်က ဖြေလိုက်သည်။ “ဆွေးနွေးလို့ ပြီးသွားပါပြီ။ သူတို့က ကျုပ်တို့ တာ့ကျိုးကို အားကျပြီး လက်အောက်ခံ နိုင်ငံအဖြစ် ဝင်ရောက်ချင်နေကြပါတယ်။ ပြီးတော့ ဟုန်မြန်နိုင်ငံတင် မကဘူး၊ ဘေးနားက နိုင်ငံငယ် ခြောက်ခုကပါ လက်အောက်ခံအဖြစ် ဝင်ရောက်ပြီး အခွန်ဆက်သချင်နေကြပါတယ်။ အဲဒီ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက မြို့တော်ကို လာပြီး အရှင်မင်းမြတ်ကို ဖူးတွေ့ချင်နေကြပါတယ်။”

ဧကရာဇ်က ခေါင်းညိတ်လိုက်၏။ “သူတို့က ဒီလောက်တောင် သစ္စာရှိနေမှတော့ လမ်းခရီးမှာ သေချာ ဂရုစိုက်ပေးလိုက်ပါ။”

အမတ်ချုပ်ကြီးလင်က ဦးညွတ်လိုက်သည်။ “ကျုပ် အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်။”

ဤအရာများ အားလုံးက မကြာမီ ရောက်ရှိလာတော့မည့် နိုင်ငံရေး အကျပ်အတည်း အတွက် ပြင်ဆင်နေခြင်း ဖြစ်၏။

တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက်ကြောင်း ကြေညာပြီး ဤစစ်ပွဲ၏ အရှုံးအနိုင်ကို အပြီးသတ် ဆုံးဖြတ်လိုက်သည်နှင့် တောင်ပိုင်းကျိုးအင်ပါယာ အနေဖြင့် ပြည်သူများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် အောင်ပွဲသတင်းများ ဖန်တီးကာ ဖုံးကွယ်ရန် လိုအပ်သည်။

ထို့ကြောင့် ဤ လက်အောက်ခံအဖြစ် ဝင်ရောက်လာမည့် နိုင်ငံ ခြောက်ခုက အကြီးမားဆုံး အကာအကွယ် ဖြစ်၏။

ဧကရာဇ်က အမတ်ချုပ်ကြီးလင်ကို အလေးထားရခြင်းမှာ ဤအတွက်ကြောင့် ဖြစ်သည်။ အလုပ် လုပ်ရာတွင် အလွန် သပ်ရပ် သေချာလှသည်။

“နောက်တစ်ခု ရှိသေးတယ်။ တာယင်အင်ပါယာက ကျုပ်တို့ တာ့ကျိုးထဲကို လွှတ်ထားတဲ့ လျှို့ဝှက် သူလျှိုတွေကို သတိထားရမယ်။ အထူးသဖြင့် ဩဇာရှိတဲ့ ပညာတတ်တွေ၊ နာမည်ကြီးတွေထဲက တာယင်အင်ပါယာရဲ့ သူလျှို ဖြစ်နိုင်တဲ့ သူတွေကို သေချာ စိစစ်ရမယ်။” ဧကရာဇ်က ပြောလိုက်၏။

သူ၏ စကားက မဆုံးသေးပေ။ ထင်မြင်ယူဆချက် အာဏာရှိသော နာမည်ကြီး ပညာတတ် အားလုံးကို သေချာ စောင့်ကြည့်ရန် ဆိုလိုခြင်း ဖြစ်သည်။

အမတ်ချုပ်ကြီးလင်က ပြောလိုက်၏။ “ကျုပ် တင်ပြချင်နေတာပါ။ ကျုပ်တို့က ယန်သမိုင်းကို ပြန်လည် ရေးသားဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက နာမည်ကြီး ပညာတတ်တွေကို မြို့တော်ကို ခေါ်ပြီး တံခါးပိတ် ရေးခိုင်းဖို့ စီစဉ်ထားပါတယ်။ ဒါက စာရင်းပါ။ အရှင်မင်းမြတ် ကြည့်ရှုတော်မူပါ။”

အမတ်ချုပ်ကြီးလင်က အလွန် ထူထဲသော စာအုပ် တစ်အုပ်ကို ဆက်သလိုက်၏။ ထိုအထဲတွင် နာမည်များ အပြည့် ပါဝင်သည်။

တာယင်အင်ပါယာ၏ သူလျှို ဖြစ်နိုင်ခြေရှိသော နာမည်ကြီး ပညာတတ်များ၊ ထိန်းချုပ်၍ မရသော နာမည်ကြီး ပညာတတ်များ၊ လွတ်လပ်စွာ စကားပြောဆိုလေ့ ရှိသော နာမည်ကြီး ပညာတတ်များ အားလုံး ထိုစာရင်းထဲတွင် ပါဝင်၏။

ယန် သမိုင်း ရေးသားမည် ဟူသော အကြောင်းပြချက်ဖြင့် ဤလူများကို မြို့တော်သို့ ခေါ်ဆောင်ကာ နိုင်ငံတော် သမိုင်းပြတိုက် အတွင်း၌ လအနည်းငယ် ကြာအောင် ပိတ်လှောင်ထားမှာဖြစ်သည်။

ဤသို့ဆိုလျှင် နိုင်ငံရေး အကျပ်အတည်း ပေါက်ကွဲလာချိန်တွင် ဤလူများ လျှောက်ပြောခွင့် မရနိုင်တော့ပေ။

ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ “ကောင်းတယ်… အရမ်း ကောင်းတယ်။ သမိုင်းကို ကြည့်ပြီး အတက်အကျတွေကို သိနိုင်တယ်။ ဒီလူတွေ အားလုံးက ပညာ အရည်အချင်း မြင့်မားတဲ့ သူတွေဖြစ်လို့ အရမ်း တော်ကြတယ်။ သူတို့ကို သေချာ ဧည့်ခံရမယ်။ လုံးဝ မျက်နှာငယ်အောင် မလုပ်ရဘူးနော်”

အမတ်ချုပ်ကြီးလင်က ပြောလိုက်၏။ “အမိန့်တော် အတိုင်းပါ။”

ဤသည်မှာ အမတ်ချုပ်ကြီးလင်ပင် ဖြစ်၏။ ဧကရာဇ်တွေးမိသော ကိစ္စများကို သူ အားလုံး လုပ်ဆောင်ပြီး ဖြစ်သလို ဧကရာဇ် မတွေးမိသော ကိစ္စများကိုလည်း သူ လုပ်ဆောင်ပြီး ဖြစ်သည်။

ထို့ကြောင့် သူက အစိုးရအဖွဲ့တွင် တတိယ နေရာတွင်သာ ရှိသော်လည်း ဧကရာဇ်၏ အလေးထားမှုကို အလွန်အမင်း ခံရခြင်း ဖြစ်၏။

ထို့နောက် အမတ်ချုပ်ကြီးလင်က ရုတ်တရက် ပြောလိုက်သည်။ “အရှင်မင်းမြတ်… ဒီတစ်ကြိမ် ကျန်းကျိုးမှာ ဖြစ်ခဲ့တဲ့ စာမေးပွဲ လိမ်လည်မှု အရှုပ်တော်ပုံမှာ မြို့ဝန် ဝေ့ချီတွမ်က အရမ်း တုံးအပါတယ်။ ပြဿနာကို မဖြေရှင်းတဲ့အပြင် မီးလောင်ရာလေပင့် လုပ်ခဲ့လို့ အပြစ် ကြီးမားလှပါတယ်။ သူ့ကို အပြင်းထန်ဆုံး အပြစ်ပေးဖို့ ကျုပ် တောင်းဆိုပါတယ်။”

ဧကရာဇ်က အမတ်ချုပ်ကြီးလင်ကို စိုက်ကြည့်လိုက်သည်။ အမတ်ချုပ်ကြီးလင်က ဖြေရှင်းချက် တစ်ခု တောင်းဆိုနေခြင်း ဖြစ်ကြောင်း သူ သိရှိထား၏။

ဝေ့ချီတွမ်၏ ကိစ္စ တစ်ခုတည်း မဟုတ်ဘဲ အောက်မင်၊ ဝေမြို့စားကြီး အိမ်တော်နှင့် အခြားသူများ အားလုံး၏ ပြဿနာများအတွက် ဖြေရှင်းချက် တောင်းဆိုနေခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ကျန်းကျိုး စာမေးပွဲ လိမ်လည်မှု အရှုပ်တော်ပုံတွင် ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးက အဓိက တရားခံများ ဖြစ်ကြသော်လည်း ဝေ့ချီတွမ်၊ အောက်ထင်နှင့် ဝေမြို့စားကြီး အိမ်တော် တို့လည်း ကင်းလွတ်ခွင့် မရှိပေ။

“ဝေ့ချီတွမ်က တကယ် တုံးအတာပဲ။ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင်တဲ့ အမိန့်တော် ထုတ်လိုက်။” ဧကရာဇ်က အေးစက်စွာ ပြောလိုက်၏။

“ကောင်းပါပြီ။”

အမတ်ချုပ်ကြီးလင်က မေးလိုက်၏။ “ဒီ အမိန့်တော်ကို နန်းတွင်းကနေ ထုတ်မလား၊ အစိုးရအဖွဲ့ကနေ ထုတ်မလား။”

ဧကရာဇ်က ဖြေလိုက်သည်။“ခင်ဗျားတို့ အစိုးရအဖွဲ့ကနေပဲ ထုတ်လိုက်ပါ။”

“ကောင်းပါပြီ။” အမတ်ချုပ်ကြီးလင်က ထွက်ခွာသွားလေ၏။

ထို့နောက် ဧကရာဇ်က အော်ခေါ်လိုက်သည်။ “ဟောက်ကျန်း”

မိန်းမစိုးကြီး ဟောက်ကျန်း ဝင်ရောက်လာ၏။

ဧကရာဇ်က ပြောလိုက်သည်။ “အမိန့်တော် တစ်စောင် ရေးလိုက်။ ပြီးရင် အမြန်ဆုံးနှုန်းနဲ့ ဝေမြို့စားကြီး တွမ်ပိဆီကို ပို့လိုက်။ ခင်ဗျား ထမင်းစားလို့ ဝပြီလားလို့ သူ့ကို သွားမေးလိုက်စမ်း။”

မိန်းမစိုးကြီး ဟောက်ကျန်းက ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ။”

........................

သုံးရက် အကြာတွင် ပြည်နယ်ဝန်ကြီး အိမ်တော် အရှေ့၌ လူများ တိုးကြိတ်နေသည်။

လူသောင်းပေါင်းများစွာက မြင်းငါးကောင်ဖြင့် ဆွဲဖြဲသတ်သည့် ပြစ်ဒဏ်ကို လာရောက် ကြည့်ရှုကြခြင်း ဖြစ်သည်။ ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦး အနက် ဆယ့်တစ်ဦးကို အလှည့်ကျ ကွပ်မျက်မှာဖြစ်၏။

ဆယ့်သုံးယောက်မြောက်မှ စတင်ကာ ကျန်းကျိုး ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်အထိ ဖြစ်သည်။

“စတင်စေ။” အထူးကိုယ်စားလှယ် အမတ်၏ အမိန့်စာ ကျလာသည်နှင့်အတူ မြင်းငါးကောင်ဖြင့် ဆွဲဖြဲသတ်သည့် ပြစ်ဒဏ် စတင်လေတော့၏။

မြင်းများ အရှိန်ပြင်းစွာ ပြေးထွက်သွားပြီး ဆယ့်သုံးယောက်မြောက် ပညာတတ်သည် အရှင်လတ်လတ် ဆွဲဖြဲ ခံလိုက်ရသည်။ ထို့နောက် ဆယ့်နှစ်ယောက်မြောက်၊ ဒသမမြောက်…

လူသောင်းပေါင်းများစွာက အစပိုင်းတွင် စိတ်ဝင်တစားနှင့် မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ရှု နေကြသော်လည်း နောက်ပိုင်းတွင် တစ်ကိုယ်လုံး တုန်ယင်လာကာ အဆက်မပြတ် အန်ကြပြီး မျက်နှာများ ဖြူရော်သွားကြ၏။

မိနစ် သုံးဆယ်ခန့် အကြာတွင် ယွဲ့တန်းဖျင်၏ ပညာတတ် ဆယ့်တစ်ဦးလုံး မြင်းငါးကောင်ဖြင့် ဆွဲဖြဲသတ် ခံလိုက်ရပြီ ဖြစ်သည်။

ကွပ်မျက်သည့် နေရာ တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေပြီး အနံ့အသက်များ အလွန် ဆိုးရွားနေ၏။

ဆယ်စုနှစ်ကျော်ကြာ ကျန်းကျိုး၏ ထင်မြင်ယူဆချက် အာဏာကို ချုပ်ကိုင်ကာ ဩဇာ ကြီးမားခဲ့သော ယွဲ့တန်းဖျင် အဖွဲ့အစည်းမှ ပညာတတ် ဆယ့်သုံးဦးသည် အလွန် သနားစရာ ကောင်းစွာဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

မသေဆုံးမီတွင် မည်သည့် အော်ဟစ်သံ၊ ညည်းတွားသံမှ မထွက်ပေါ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လျှာများ အဖြတ်ခံထားရပြီး လည်ချောင်းများကိုလည်း ဆေးခတ်ကာ အသံအ သွားအောင် လုပ်ထား သောကြောင့် ဖြစ်၏။

သူတို့ အောင်မြင်ခဲ့စဉ်က ပြည်နယ်ဝန်ကြီးပင် သူတို့ကို အလျော့ပေးခဲ့ရသော်လည်း ယခုအခါ ခန္ဓာကိုယ် အပြည့်အစုံပင် မကျန်ရစ်တော့ပေ။

ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက မေးလိုက်၏။ “ကျေနပ်ပြီလား စုမန်..”

စုမန်က ဖြေလိုက်သည်။ “ကျေနပ်တော့ ကျေနပ်ပါတယ်။ ဒါပေမဲ့… သူတို့ကို ကျုပ်တို့ သတ်တာ မဟုတ်ဘူးလေ။”

သူသည် အလွန် ဉာဏ်ကောင်းသူ တစ်ဦးဖြစ်ရာ ရရှိသော သတင်း အချက်အလက်များမှနေ၍ အမှန်တရားကို သိရှိနိုင်စွမ်း ရှိ၏။

မကြာမီက တာ့ကျိုးအင်ပါယာ တစ်ခုလုံးရှိ ယွဲ့တန်းဖျင် အဖွဲ့အစည်းများ အားလုံး လှုပ်ရှားမှု ရပ်နားကာ တံခါးပိတ် အမှားပြင်ဆင်မည်ဟု ကြေညာခဲ့ခြင်းက ယွဲ့တန်းဖျင်မှ ပညာတတ် ဆယ့်သုံးဦးကို တကယ် သတ်ဖြတ်သူမှာ ဧကရာဇ်ဖြစ်ကြောင်း သူ ပိုမို သေချာသွားစေခဲ့သည်။

ထို့အပြင် ဧကရာဇ်က တရားမျှတမှု အတွက် သတ်ဖြတ်ခြင်း မဟုတ်ဘဲ သူ၏ နိုင်ငံရေး ရည်ရွယ်ချက် အတွက် သတ်ဖြတ်ခြင်း ဖြစ်၏။

ထို့ကြောင့် စုမန်နှင့် အောက်ယွီတို့သည် ဧကရာဇ်အတွက် လူသတ်ရန် အကြောင်းပြချက်တစ်ခု ပေးလိုက်ရုံသာ ဖြစ်သည်။

ယွီကျန်းက ပြောလိုက်၏။ “စုမန်… နောက်ပိုင်း ခင်ဗျား တံခါးပိတ်ပြီး စာဖတ်တော့။ အပြင် မထွက်နဲ့တော့။ စကား တစ်ခွန်းမှလည်း မပြောနဲ့တော့။ နောက်နှစ် မြို့တော် စာမေးပွဲ မတိုင်ခင်အထိ အပြင် မထွက်နဲ့တော့”

စုမန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”

ယွီကျန်းက သက်ပြင်းချကာ ပြောလိုက်၏။ “ပြဿနာ ကြီးတော့မယ်… ပြဿနာ ကြီးတော့မယ်။ ဒီတစ်ခေါက် မုန်တိုင်းက သေးငယ်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။ လူတွေ အများကြီး မသေပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။”

....................

အပိုင်း (၂၈၄)

ကျန်းကျိုး မြို့ဝန် အိမ်တော်...

အထူးကိုယ်စားလှယ် အမတ် ရောက်ရှိလာပြီး ဧကရာဇ်၏ အမိန့်တော်ကို ဖတ်ပြကာ မြို့ဝန် ဝေ့ချီတွမ်ကို ပြင်းပြင်းထန်ထန် အပြစ်တင်လေသည်။

အလွန် ပြင်းထန်စွာ ဆဲဆိုထားပြီး ဝေ့ချီတွမ်ကို အသုံးမကျသူ၊ သစ္စာမရှိသူ၊ မိဘကို မရိုသေသူ၊ ပြစ်မှု ကြီးမားသူအဖြစ် ဖော်ပြထား၏။

သို့သော်ငြား နောက်ဆုံး ပြစ်ဒဏ်ကတော့ လစာ သုံးနှစ်ဖြတ်ခြင်း၊ ရာထူး နှစ်ဆင့်ချခြင်းသာဖြစ်ပြီး ကျန်းကျိုး မြို့ဝန်အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ပြုထားသည်။

ဝေ့ချီတွမ်က အသံကျယ်ကျယ်ဖြင့် ငိုကြွေးကာ မြေကြီးနှင့်ခေါင်း ဆောင့်လိုက်သောကြောင့် သွေးများပင် ထွက်လာ၏။ “ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် တုံးအမိပါတယ်။ ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် တုံးအမိပါတယ်။ အရှင်မင်းမြတ်… ကျုပ်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူပါ။”

အခြား အထူးကိုယ်စားလှယ် တစ်ဦးမှာ နန်းတွင်းမှ မိန်းမစိုးကြီး ဟောက်ယွီဖြစ်ပြီး ဝေမြို့စားကြီး အိမ်တော်သို့ ရောက်ရှိလာသည်။ “ဧကရာဇ်မင်းမြတ်ရဲ့ နှုတ်မိန့်…”

ချက်ချင်းပဲ ဝေမြို့စားကြီးက မိသားစုဝင် အားလုံးကို ခေါ်ဆောင်ကာ သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြ၏။

“တွမ်ပိ… ခင်ဗျား ထမင်းစားလို့ ဝပြီလား။” မိန်းမစိုးကြီး ဟောက်ယွီက ဧကရာဇ်၏ အသံကို အတုခိုးကာ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ဝေမြို့စားကြီး တွမ်ပိက မြေကြီးနှင့် နဖူးကိုဆောင့်ကာ ပြောလိုက်၏။ “ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် အပြစ်ကို သိပါပြီ။”

ဧကရာဇ်က သူ့ကို ထမင်းစားလို့ ဝပြီလား ဟု အပြစ်တင်ခြင်းမှာ ခင်ဗျား အရမ်းအားနေလို့ ဒီလို ပြဿနာတွေ ရှာနေတာလား ဟု ဆိုလိုခြင်း ဖြစ်သည်။

ဝေမြို့စားကြီး တွမ်ပိ မြေကြီးနှင့်နဖူးကို ဆောင့်လိုက်သည်နှင့် သူ၏ နောက်မှ လူ ဒါဇင်ပေါင်းများစွာကလည်း အတူတကွ မြေကြီးနှင့် နဖူးကိုဆောင့်လိုက်ကြလေ၏။

ဧကရာဇ်၏ နှုတ်မိန့်ကို ဖတ်ပြပြီးနောက် မိန်းမစိုးကြီး ဟောက်ယွီ သည် မျက်နှာ ချက်ချင်း ပြောင်းသွားကာ စောစောက အေးစက် ပြင်းထန်နေမှုများ ပျောက်ကွယ်သွားပြီး အလွန် ဖော်ရွေသော အပြုံးများဖြင့် ပြောလိုက်သည်။ “မြန်မြန် ထပါ… မြန်မြန် ထပါ။ ဝေမြို့စားကြီးရယ်… ကျုပ်ကို အားနာအောင် မလုပ်ပါနဲ့။”

ထို့နောက် သူက အမြန် ရှေ့တိုးသွားကာ ဝေမြို့စားကြီး တွမ်ပိကို ထူပေးလိုက်၏။

တွမ်ပိ ထလာပြီးနောက် မိန်းမစိုးကြီး ဟောက်ယွီ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “သခင်ကြီး ဟောက်ယွီ… ခင်ဗျားကို အရမ်း လွမ်းနေတာ”

မိန်းမစိုးကြီးကလည်း တွမ်ပိ၏ လက်ကို ပြန်လည် ဆုပ်ကိုင်ကာ ပြောလိုက်၏။ “ကျုပ်လည်း ဝေမြို့စားကြီး ကြီးကို နေ့ရောညပါ လွမ်းနေတာပါ။”

တွမ်ပိက အမိန့်ပေးလိုက်သည်။ “လာကြစမ်း... သခင်ကြီး ဟောက်ယွီကို ဧည့်ခံဖို့ စားပွဲ ပြင်ကြ..”

မိန်းမစိုးကြီး ဟောက်ယွီက အလျင်အမြန် ငြင်းဆန်၏။ “မလုပ်ပါနဲ့… မလုပ်ပါနဲ့။ ကျုပ် ချက်ချင်း မြို့တော်ကို ပြန်ပြီး ဧကရာဇ်မင်းမြတ်ကို ခစားရအုံးမယ်။”

တွမ်ပိက ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်သည်။ “အဲဒီလို ဘယ်ရမလဲ။ သခင်ကြီး ဟောက်ယွီက အဝေးကြီးကနေ လာရတာကို ကျုပ် သေချာ ဧည့်မခံလိုက်ရရင် တစ်လောကလုံးက မိတ်ဆွေတွေက ကျုပ်ကို လှောင်ပြောင်ကြမှာပေါ့။ နောက်ပိုင်း ဘယ်သူက ကျုပ် အိမ်ကို လာရဲတော့မှာလဲ။”

မိန်းမစိုးကြီး ဟောက်ယွီက ခေါင်းယမ်းလိုက်၏။ “တကယ် မဖြစ်ပါဘူး… တကယ် မဖြစ်ပါဘူး။ ဒီတစ်ခေါက် ဧကရာဇ်မင်းမြတ်က တကယ် အမျက်ထွက်နေတာ။ ကျုပ် မဆော့ရဲပါဘူး။ အခု ချက်ချင်း ပြန်မှ ရပါမယ်။”

တွမ်ပိ၏ မျက်နှာ ပြောင်းသွားပြီး ပို၍ ဒေါသထွက်ဟန် ဆောင်ကာ ပြောလိုက်သည်။ “သခင်ကြီး ဟောက်ယွီ… ခင်ဗျား ပြန်လို့ မရဘူး။ လုံးဝ ပြန်လို့ မရဘူး။ လာကြစမ်း… သခင်ကြီး ဟောက်ယွီကို ဖမ်းထားလိုက်ကြ...”

ထို့နောက် လှပသော အစေခံမလေး အချို့ ပြေးလာကာ မိန်းမစိုးကြီး ဟောက်ယွီကို ဖမ်းဆွဲပြီး ဧည့်ခံပွဲ ကျင်းပရာ ခန်းမသို့ ဆွဲခေါ်သွားကြလေ၏။

ထိုနေရာတွင် ဧည့်သည်များ အပြည့်ရှိနေပြီး မိန်းမစိုးကြီး ဟောက်ယွီကို ကြိုဆို ဧည့်ခံရန် စောင့်ဆိုင်းနေကြသည်။

ထိုနေ့ညက မိန်းမစိုးကြီး ဟောက်ယွီ သည် အရက်များ အလွန်အမင်း သောက်ကာ မူးယစ်နေပြီး ကုတင်ပေါ်သို့ မူးမူးရူးရူး ရောက်ရှိသွား၏။

နောက်တစ်နေ့ နံနက် နိုးလာချိန်မှာတော့ ကြီးမားသော ကုတင်ပေါ်ရှိ စောင်အောက်တွင် လူနှစ်ယောက် ပိုနေသည်ကို တွေ့လိုက်ရ၏။ တစ်ဦးမှာ ချောမောသော ယောကျာ်းလေး တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ လှပသော မိန်းကလေး တစ်ဦး ဖြစ်သည်။

ဝေမြို့စားကြီး တွမ်ပိ၏ ဧည့်ခံမှုက တကယ်ကို ပြီးပြည့်စုံလှသည်။ ယောကျာ်းလေးရော မိန်းကလေးပါ အစုံ ပေးထား၏။

နံနက်ပိုင်းတွင် မိန်းမစိုးကြီး ဟောက်ယွီသည် မပြန်ချင် ပြန်ချင်ဖြင့် ထွက်ခွာသွားရ၏။ အဘယ်ကြောင့် ဆိုသော် ဤနေရာတွင် နေရသည်မှာ အလွန် သက်သောင့်သက်သာရှိပြီး အလွန် သာယာလွန်းသောကြောင့် ဖြစ်သည်။

သူက နန်းတော် အတွင်း၌ သူတစ်ပါးကို အလုပ်အကျွေး ပြုနေရသူဖြစ်ရာ ဤကဲ့သို့ နတ်ပြည် ရောက်နေသကဲ့သို့ မည်သို့ နေရမည်နည်း။ သူ၏ ရင်ခွင်ထဲတွင် စာအုပ် တစ်အုပ် ပါလာ၏။

နှစ်ပေါင်းများစွာ မိတ်ဆွေတွေ ဖြစ်ခဲ့တာကို စာအုပ် တစ်အုပ် လက်ဆောင်ပေးတာ ဘာဖြစ်လို့လဲ။ နန်းတွင်းက လူတွေနဲ့ ပူးပေါင်း ကြံစည်တယ်လို့ စွပ်စွဲအုံးမှာလား ဟု ဝေမြို့စားကြီးက ပြောခဲ့သည်။

မိန်းမစိုးကြီး ဟောက်ယွီကလည်း လက်ခံလိုက်ရုံသာ ရှိ၏။ ရထားလုံးပေါ် ရောက်ချိန်မှာတော့ ထိုစာအုပ်ကို ဖွင့်ကြည့်လိုက်၏။

ရွှေရောင် တောက်ပနေပြီး စာမျက်နှာတိုင်းတွင် ရွှေရွက်လေးများ ညှပ်ထား၏။ သေချာသည်မှာ စာအုပ် တစ်အုပ်စာ ရွှေရွက်များ ဆိုလျှင်တောင် ငွေကြေး သိပ်မများလှပေ။ သို့ပေမည့် ဤစာအုပ်၏ စာမျက်နှာတိုင်းတွင် ငွေစက္ကူများ ရှိနေခြင်းပင် ဖြစ်သည်။

ငွေစက္ကူ တန်ဖိုး ငါးဆယ် ရှိပါက ကိုယ်တိုင် သွားရောက် ထုတ်ယူရမည်ဖြစ်ပြီး မှတ်တမ်းလည်း ကျန်ရှိမှာဖြစ်၏။ ထို့ကြောင့် ဤငွေစက္ကူများမှာ တစ်ရွက်လျှင် လေးဆယ့်ကိုးယွမ် တန်ဖိုး ရှိပြီး စုစုပေါင်း တစ်ရာ့ရှစ်ဆယ့်ရှစ်ရွက် ပါဝင်၏။

ဤတစ်ခေါက် ခရီးစဉ် အတွက် ငွေတစ်သောင်းနီးပါး ရရှိခဲ့သောကြောင့် တကယ်ကို အမြတ်အစွန်း ကြီးမားသော အလုပ်ပင် ဖြစ်သည်။

ထို့အပြင် ရထားလုံး အတွင်း၌ သေတ္တာ တစ်လုံးလည်း ရှိနေသေးပြီး ဝေမြို့စားကြီး၏ လက်ဆောင် ဟု ရေးထား၏။

မိန်းမစိုးကြီး ဟောက်ယွီက သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ လူတစ်ယောက် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ ချောမောသော မျက်နှာ ရှိသော်လည်း ခန္ဓာကိုယ် တောင့်တင်းသော ယောကျာ်းလေး တစ်ဦး ဖြစ်သည်။

သေတ္တာ ပွင့်သွားချိန်တွင် သူက ဆွဲဆောင်မှု ရှိသော အပြုံးလေးကိုပင် ပြုံးပြလိုက်သေး၏။ ယောက်ျား ဆန်သည် ဟု ပြောရမည်လား၊သို့မဟုတ် မိန်းမဆန်သည် ဟု ပြောရမည်လားပင် မသိတော့ပေ။

‘ကောင်းကင်ဘုံ... ဝေမြို့စားကြီး… ခင်ဗျားကတော့ အရမ်း လွန်သွားပြီ။ လူအရှင်လတ်လတ်ကို လက်ဆောင် ပေးတယ်ပေါ့။ ကျုပ်ကို လန့်သေအောင် လုပ်နေတာပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ဝါသနာတွေကို ခင်ဗျားက အကုန် သိနေတာပဲ။ ဒါဆို ကျုပ် နန်းတွင်းကို ပြန်ရောက်ရင် ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒီလို ကိစ္စမျိုးတွေက မြို့တော်မှာ ယဉ်ကျေးတဲ့ အလေ့အထ တစ်ခုလို့တောင် သတ်မှတ်ထားတာပဲ။ မိန်းမစိုးတွေက ကြိုက်ရုံတင် မကဘူး၊ ပညာတတ် အမတ်တွေကတောင် ဒီလိုမျိုးကို ကြိုက်ကြတာပဲ။ ကျုပ် ဟောက်ယွီကလည်း ခေတ်ရေစီးကြောင်း နောက်ကို လိုက်ပြီး ယဉ်ကျေးအောင် လုပ်ရုံ သက်သက်ပါပဲ။’

သို့ပေမည့် သူ မသိခဲ့သောအရာမှာ… သူ ထွက်သွားပြီးနောက် ဝေမြို့စားကြီး သည် စာကြည့်ခန်း တစ်ခုလုံးကို ရိုက်ခွဲ ဖျက်ဆီးပစ်လိုက်ပြီး ပြင်းပြင်းထန်ထန် ဒေါသထွက်ကာ အော်ဟစ် ဆဲဆိုနေခဲ့၏။ ဤကိစ္စကို ကြီးမားသော အရှက်ရမှုအဖြစ် သတ်မှတ်ထားသည်။

.......................

ယွဲ့တန်းဖျင်၏ ပညာတတ် ဆယ့်တစ်ဦးလုံး မြင်းငါးကောင်ဖြင့် ဆွဲဖြဲသတ်ခံလိုက်ရပြီးနောက် လူအများအပြားကို တကယ်ပင် ခြောက်လှန့်နိုင်ခဲ့၏။

ထို့ကြောင့် ဝေမြို့စားကြီး အိမ်တော် အပြင်ဘက်နှင့် အောက်မျိုးနွယ်စု အိမ်တော် အပြင်ဘက်ရှိ လူအုပ်ကြီးမှာ အလွန် နည်းပါးသွားခဲ့၏။ သို့တိုင်အောင် လူရာပေါင်းများစွာကတော့ ဝိုင်းရံထားဆဲ ဖြစ်၏။

“အောက်မင်… ထွက်ခဲ့… ထွက်ခဲ့....”

“ရှုံးရင် အရှုံးပေးလိုက်… ရှုံးရင် အရှုံးပေးလိုက်...”

“ဝေမြို့စားကြီး… အားလုံးကို ဖြေရှင်းချက် ပေးပါ… အားလုံးကို ဖြေရှင်းချက် ပေးပါ။”

“တွမ်ယင်းယင်း… ရှုံးရင် အရှုံးပေးလိုက်… အောက်ယွီကို ဖြေရှင်းချက် ပေးလိုက်....”

သေချာသည်မှာ အနည်းငယ် ကွာခြားချက် ရှိ၏။ အောက်မျိုးနွယ်စု အိမ်တော် အပြင်ဘက်ရှိ ကျောင်းသားများက အောက်မင်ကို ထွက်လာရန် အသံကျယ်ကျယ်ဖြင့် အော်ဟစ် တောင်းဆိုရဲကြသည်။

ဝေမြို့စားကြီး အိမ်တော် ဘက်တွင်မူ ကျောင်းသားများက ဆိုင်းဘုတ်များကိုသာ ကိုင်ဆောင်ရဲကြပြီး အသံကျယ်ကျယ် မအော်ရဲကြပေ။

အောက်မျိုးနွယ်စု အိမ်တော် အတွင်း၌ အောက်ထင်၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေပြီး လုံးဝ ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေ၏။

အမြဲတမ်း သူတို့က လူထု၏ ထင်မြင်ယူဆချက်ကို ကြိုးကိုင်ခဲ့ကြသော်လည်း ယခုအခါ လူထု၏ ထင်မြင် ယူဆချက်က သူတို့ကို ပြန်လည် ဖိအားပေးလာခဲ့ပြီ ဖြစ်သည်။

အပြင်ဘက်ရှိ လူအုပ်ကြီး၏ အော်ဟစ်သံများက ပိုပိုပြီး ကျယ်လောင်လာကာ ပိုပိုပြီး စိတ်မရှည် ဖြစ်လာကြ၏။ အပြင်ထွက်ပြီး ဖြေရှင်းချက် မပေးလျှင် လုံးဝ အဆင်မပြေတော့ပေ။

‘ဒီတစ်ခေါက်တော့ ဘယ်လိုမှ ရှောင်ပုန်းလို့ မရတော့ဘူး။’

အောက်မင်က သူ၏ အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီးနောက် ဖြည်းညင်းစွာ ထွက်သွားလေသည်။

အပြင်ဘက်ရှိ ကျောင်းသား ရာပေါင်းများစွာက ငြိမ်သက်သွားပြီး အောက်မင်ကို စိုက်ကြည့်ကာ သူ၏ ကြေညာချက်ကို စောင့်ဆိုင်းနေကြ၏။

‘ခင်ဗျား ဘာဆက်လုပ်မလဲ ဆိုတာ ကြည့်ကြတာပေါ့။ အရင်တုန်းက ကျောက်တုံးမှတ်တမ်းက ကျောက်စိမ်းမြို့မှတ်တမ်းကို နိုင်သွားတော့ ခင်ဗျားတို့က အောက်ယွီကို ခိုးချတယ်လို့ အတင်း စွပ်စွဲခဲ့တယ်။

အောက်ယွီ ပြည်နယ်စာမေးပွဲမှာ ပထမနေရာ ရသွားတော့လည်း ခင်ဗျားတို့က သူ့ကို လိမ်လည်တယ်လို့ အတင်း စွပ်စွဲခဲ့ပြန်တယ်။ အဲဒါက နုလန်ဟောက်ရာထူး အမွေဆက်ခံခွင့်ကို အရှုံးမပေးချင်လို့ မဟုတ်ဘူးလား။

အခု ခင်ဗျားတို့ ဘာအကြောင်းပြချက် ပေးအုံးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ယွဲ့တန်းဖျင်ရဲ့ ပညာတတ် ဆယ့်သုံးယောက် အသတ်ခံလိုက်ရပြီ ဆိုတော့ ခင်ဗျားတို့ ညစ်ပတ်ဖို့ ရဲသေးလား။’

အောက်မင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ပထမဆုံး အနေနဲ့ ညီလေး အောက်ယွီကို ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲမှာ ပထမနေရာ (ကျွမ့်ယွမ်) ရသွားတဲ့အတွက် ဂုဏ်ပြုချင်ပါတယ်။ ဒါက ကျုပ်တို့ အောက် မိသားစုရဲ့ ကြီးမားတဲ့ ပျော်ရွှင်စရာ ကိစ္စပါပဲ။ အစ်ကို တစ်ယောက် အနေနဲ့ သူ့အတွက် ဂုဏ်ယူပါတယ်။

ဒုတိယ အနေနဲ့ ကျုပ် အောက်မင်က နုလန်ဟောက် ရာထူး အမွေဆက်ခံခွင့် ပြိုင်ပွဲကနေ တရားဝင် နုတ်ထွက်ပါတယ်။ မိသားစု ပိုင်ဆိုင်မှုတွေ အားလုံးကနေ တရားဝင် နုတ်ထွက်ပါတယ်။”

ချက်ချင်းပဲ လူတိုင်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

“နောက်ဆုံးတော့ အောက်မင် အရှုံးပေးသွားပြီ။ ရာထူး အမွေဆက်ခံခွင့် ပြိုင်ပွဲကနေ လုံးဝ နုတ်ထွက်သွားပြီ။ ယွင်ကျုံးဟဲ့က လုံးဝ အပြတ်အသတ် အနိုင်ရရှိသွားပြီ။”

ထို့နောက် ဝေမြို့စားကြီး အိမ်တော်ဘက်ကို ကြည့်ရတော့မှာဖြစ်သည်။ သူတို့က စာချုပ်အတိုင်း လုပ်ဆောင်မည်လား။

စာချုပ်ထဲတွင် အလွန် ရှင်းလင်းစွာ ရေးသားထား၏။ အောက်ယွီသာ ပြည်နယ်စာမေးပွဲတွင် ပထမ သုံးယောက်စာရင်း ဝင်သွားပါက တွမ်ယင်းယင်းကို အောက်ယွီနှင့် ခြွင်းချက်မရှိ လက်ထပ်ပေးရမှာဖြစ်သည်။

မွန်းလွဲပိုင်း အချိန်တွင် ယွင်ကျုံးဟဲ့ သည် ရှည်လျားသော ယာဉ်တန်း ကြီးနှင့်အတူ အောင်သွယ်တော်များကို ခေါ်ဆောင်ကာ၊ လက်ဆောင်ပစ္စည်း အမြောက်အမြား တင်ဆောင်ပြီး လမ်းမများပေါ်တွင် ကြီးကျယ် ခမ်းနားစွာ လှည့်လည်သွားလာနေ၏။

လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စေရန် လမ်းပေါ်တွင် အကြိမ်ကြိမ် လှည့်လည်နေခြင်း ဖြစ်သည်။

ထို့အပြင် သူ၏ နောက်တွင် လိုက်ပါလာသူများမှာ ထျန်းယီ စာသင်ကျောင်းမှ ကျောင်းသားများ ဖြစ်ကြပြီး သတ္တိရှိသော ကျူရန် အသစ် အချို့လည်း ပါဝင်ကြရာ တကယ့်ကို ခမ်းနားသော အဖွဲ့အစည်းကြီး ဖြစ်၏။

သူ၏ နောက်တွင် လိုက်ပါလာကာ ပွဲကြည့်သော သူများကလည်း ပိုပိုပြီးများပြားလာပြီး နောက်ဆုံးတွင် လူထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာက ကြီးကျယ်ခမ်းနားစွာဖြင့် လိုက်ပါလာကြသည်။

လူအရေအတွက် လုံလောက်ပြီ ဖြစ်သလို မြင်ကွင်းကလည်း ကြီးကျယ်ခမ်းနားနေပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့က အဖွဲ့ကို ဦးဆောင်ကာ ဝေမြို့စားကြီး အိမ်တော်ဆီသို့ ဦးတည်သွားလေသည်။

လူသောင်းပေါင်းများစွာ ပါဝင်သော ဤမြင်ကွင်းကြီးက တကယ်ကို ကြီးကျယ်ခမ်းနားပြီး ကြောက်စရာ ကောင်းလောက်အောင် ကြီးမားလှ၏။

သူ ဘာသွားလုပ်မည်နည်း။ သေချာပေါက် စေ့စပ် လက်ဆောင် သွားပေးမည်ဖြစ်ပြီး တရားဝင် အတင်းအကျပ် လက်ထပ်ခွင့်တောင်းမှာ ဖြစ်သည်။

ဝေမြို့စားကြီး အိမ်တော်အရှေ့သို့ ရောက်ချိန်မှာတော့ ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ် လိုက်၏။ “မိန်းမရေ… တွမ်ယင်းယင်း မိန်းမရေ…ကျုပ် ရောက်လာပြီ။ ခင်ဗျားကို လက်ထပ်ဖို့ ရောက်လာပြီ။

ယောက္ခမကြီး ခင်ဗျာ… သမက်တော် အောက်ယွီ ရောက်လာပါပြီ။ တရားဝင် လာတောင်းရမ်းတာပါ။ သုံးရက်နေရင် မင်္ဂလာရက်ကောင်းပါ။ ကျုပ် တွမ်ယင်းယင်းနဲ့ မင်္ဂလာဆောင်ချင်ပါတယ်။ ဘယ်လို သဘောရပါသလဲ။”

........................

All Chapters