အခန်း (၂၈၅-၂၈၆)
Vol. 25 Ch. 285-286
အပိုင်း (၂၈၅)
“တံခါးဖွင့်… တံခါးဖွင့်စမ်းပါ… တံခါးဖွင့်စမ်းပါ…”
“မိန်းမရေ တံခါးဖွင့်… ယောက္ခမကြီး တံခါးဖွင့်…
စာချုပ် လက်မှတ်ထိုးရဲပြီး တံခါးတော့ မဖွင့်ရဲဘူးလား။”
ယွင်ကျုံးဟဲ့သည် ဝေမြို့စားကြီး အိမ်တော်၏ တံခါးကြီးကို အဆက်မပြတ် ထုရိုက်ကာ နာမ်ခေါ်နေသကဲ့သို့ အကြိမ်ကြိမ် အခါခါ အော်ဟစ်နေလေသည်။
ပုံမှန်အားဖြင့် ဝေမြို့စားကြီး အိမ်တော်အရှေ့တွင် အစောင့်များ ရှိသော်လည်း ယခုအခါ ယွင်ကျုံးဟဲ့၏ ဘေးတွင် လူသောင်းပေါင်းများစွာ ရှိနေသောကြောင့် ထိုအစောင့်များလည်း မတားဆီးရဲကြပေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့အား အိမ်တော်တံခါးကို အဆက်မပြတ် ထုရိုက်ခွင့် ပြုထားရ၏။
အစပိုင်းတွင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်း အော်ဟစ်နေသော်လည်း နောက်ပိုင်းတွင် လူဒါဇင်ပေါင်း များစွာ၊ ထောင်ပေါင်းများစွာကပါ လိုက်လံ အော်ဟစ်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က ထိုစကား သုံးခွန်းကိုသာ ထပ်တလဲလဲ အော်ဟစ်နေသောကြောင့် လူတိုင်း၏ ဦးနှောက်ထဲသို့ ရောက်ရှိသွားသောကြောင့် ဖြစ်၏။
“တံခါးဖွင့်… တံခါးဖွင့်စမ်းပါ… တံခါးဖွင့်စမ်းပါ။
မိန်းမရေ တံခါးဖွင့်… ယောက္ခမကြီး တံခါးဖွင့်။
စာချုပ် လက်မှတ်ထိုးရဲပြီး တံခါးတော့ မဖွင့်ရဲဘူးလား။”
လူသောင်းပေါင်းများစွာက တညီတညွတ်တည်း အော်ဟစ်လိုက်ချိန်မှာတော့ တကယ်ကို နားကွဲမတတ် ဆူညံသွားပြီး အရှိန်အဝါ ကြီးမားလှ၏။ အိမ်တော် အတွင်းရှိ လူများမှာလည်း ရူးသွပ်မတတ် ဖြစ်နေကြသည်။
ဤအော်ဟစ်သံ တစ်ခွန်းချင်းစီက ဝေမြို့စားကြီး အိမ်တော်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်နေသကဲ့သို့ ဖြစ်နေသည်။ တကယ်ကို မျက်နှာပျက်စရာ ကောင်းလှ၏။
ဝေမြို့စားကြီး တွမ်ပိ၊ မိခင်အိုကြီး၊ ဝေမြို့စားကြီး၏ ဇနီး၊ တွမ်ယင်းယင်းနှင့် သခင်လေး အစရှိသူများ အားလုံး ရှိနေကြသည်။
‘ဘယ်လိုလုပ်မလဲ။’
ယွင်ကျုံးဟဲ့က လူသောင်းပေါင်းများစွာကို ခေါ်ဆောင်ကာ အတင်းအကျပ် လက်ထပ်တောင်းရန် ရောက်လာပြီ ဖြစ်၏။
ထိုအချိန်က သခင်လေးကိုယ်တိုင် စာချုပ် လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ပြီး အောက်ယွီသာ ပြည်နယ်စာမေးပွဲတွင် ပထမ သုံးယောက်စာရင်း ဝင်ပါက တွမ်ယင်းယင်းကို သူနှင့် လက်ထပ်ပေးရမည်ဟု ပါရှိ၏။
ယခုအချိန်တွင် စာချုပ်ကို ဖျက်သိမ်း၍ ရမည်လား။
မရတော့ပေ။ အကယ်၍ လူသိရှင်ကြား စာချုပ် ဖျက်သိမ်းပါက တံတွေးများနှင့်ပင် ဝေမြို့စားကြီး အိမ်တော် ရေနစ်သေသွားမည်ဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းကျိုးမြို့တွင် လုံးဝ နာမည်ပျက်သွားမှာဖြစ်သည်။
သို့ပေမည့် တွမ်ယင်းယင်းကို အောက်ယွီနှင့် တကယ် လက်ထပ်ပေးရမည်လား။ ထိုအရာက မီးတွင်းထဲ ခုန်ဆင်းခြင်းနှင့် ဘာကွာခြားမည်နည်း။ ထိုသို့ဆိုလျှင် တွမ်ယင်းယင်းကို အောက်ယွီ ထံသို့ မလက်ထပ်ပေးရရန် မည်သည့် နည်းလမ်း ရှိမည်နည်း။
တကယ် နည်းလမ်း ရှိ၏။ ဥပမာအားဖြင့် ဝေမြို့စားကြီး ရုတ်တရက် သေဆုံးသွားခြင်း၊ ဝေမြို့စားကြီး၏ ဇနီး သေဆုံးသွားခြင်း သို့မဟုတ် ဝေမြို့စားကြီး၏ မိခင်ဖြစ်သူ အိမ်တော်၏ မိခင်အိုကြီး သေဆုံးသွားခြင်း တို့ဖြစ်သည်။
ဤလူသုံးဦး ထဲမှ တစ်ဦးဦး သေဆုံးသွားပါက တွမ်ယင်းယင်း သည် သုံးနှစ်တာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ရမှာဖြစ်၏။
စုမန် ပင်လျှင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ရန် အတွက် စာမေးပွဲ ဖြေဆိုခြင်း မရှိခဲ့သည် မဟုတ်ပါလား။
သို့ပေမည့် မည်သူကမှ ဤကိစ္စကို မပြောရဲကြပေ။ အကယ်၍ ပြောလိုက်ပါက မိဘကို လုံးဝ မရိုသေရာ ကျသွားပေလိမ့်မည်။
သခင်လေးက မေးလိုက်သည်။ “နေမကောင်းဘူးလို့ ဟန်ဆောင်ရင်ကော မရဘူးလား။”
‘ခင်ဗျား သေချာ ပြောလေ။ ဘွားဘွားကြီး နေမကောင်းဘူးလို့ ဟန်ဆောင်မှာလား၊ ဒါမှမဟုတ် တွမ်ယင်းယင်း နေမကောင်းဘူးလို့ ဟန်ဆောင်မှာလား။’
သို့ပေမည့် မည်သူက ဟန်ဆောင်သည် ဖြစ်စေ အဆင်မပြေပေ။ ထိုသို့ လုပ်ပါက နာမည် ပို၍ ပျက်သွားပေလိမ့်မည်။
‘စောစောလည်း နေမကောင်းမဖြစ်၊ နောက်ကျမှလည်း နေမကောင်း မဖြစ်ဘဲ အောက်ယွီ လက်ထပ်ခွင့် တောင်းဖို့ ရောက်လာချိန်မှ နေမကောင်း ဖြစ်ရတယ်တဲ့လား။ ခင်ဗျားက ပြည်သူတွေကို အရူးတွေလို့ ထင်နေတာလား။’
ရုတ်တရက် ဘွားဘွားကြီးက ပြော၏။ “ငါ သေလိုက်မယ်… ငါ သေသွားရင် ပြဿနာ အားလုံး ပြေလည်သွား လိမ့်မယ်။”
ထို့နောက် သူမက အခန်းအတွင်းသို့ ချက်ချင်း ပြေးဝင်သွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မည့်ပုံစံ ပြုလုပ်လေသည်။
ဤအဘွားကြီးကလည်း တကယ်ကို ဟန်ဆောင်ကောင်းလှ၏။ အကယ်၍ သူသာ တကယ်ပဲ မြေးမလေးကို ချစ်သည်ဆိုလျှင် ယခုအချိန်ရောက်မှ ဟန်ဆောင်ပြရန် လိုမည် မဟုတ်ချေ။
ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသူ အားလုံး ဒူးထောက်လိုက်ကြ၏။
ဝေမြို့စားကြီးက ရှေ့တိုးကာ သူ့မိခင်၏ ခြေထောက်ကို ဖက်ထားပြီး ပြောလိုက်သည်။ “အမေ… ဒီလို စကားမျိုး လုံးဝ မပြောပါနဲ့။ သားက မိုးကြိုးပစ်ခံရပါလိမ့်မယ်။”
ဤမြင်ကွင်းကို မြင်ချိန်မှာတော့ တွမ်ယင်းယင်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ ထွက်သွားလေ၏။
“တံခါး ပွင့်ပြီ… တံခါး ပွင့်ပြီ။”
ဝေမြို့စားကြီး အိမ်တော်၏ တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာပြီး ပြိုင်ဘက်ကင်း အလှပိုင်ရှင် မိန်းကလေး တစ်ဦး ထွက်ပေါ်လာ၏။ ဝေမြို့စားကြီး၏ သမီး တွမ်ယင်းယင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်၏။ “အစ်မ ယင်းယင်း… အစ်မ ထွက်လာပြီလား။ ကြည့်စမ်း… ကျုပ် ပထမနေရာ (ကျွမ့်ယွမ်) ရခဲ့ပြီနော်။ ကျုပ်မှာ ပါရမီ ရှိတယ် မဟုတ်လား။ ကျုပ် အစ်မကို လက်ထပ်လို့ ရပြီလေ။ အစ်မကို သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးနိုင်တယ်။ မဟုတ်ဘူး… အစ်မကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။”
ဟန်ရေးပြလွန်းသော ယွင်ကျုံးဟဲ့ သည် ပထမနေရာ (ကျွမ့်ယွမ်)၏ ဝတ်စုံကိုပင် ဝတ်ဆင်လာခဲ့သည်။
တွမ်ယင်းယင်း၏ အကြည့်များက အောက်ယွီ၏ ဝနေသော မျက်နှာပေါ်သို့ ရောက်ရှိသွားပြီး သူမ၏ လှပသော မျက်လုံးများက ကျဉ်းမြောင်းသွား၏။
‘တကယ်ကို ထင်မှတ်မထားခဲ့ဘူး။ ဒီ လူဝကြီးကို အထင်သေးခဲ့မိတာပဲ။ သူက အန္တရာယ် မရှိဘူးလို့ ထင်ခဲ့တာ၊ တကယ်တမ်းတော့ လူတိုင်းကို ဒုက္ခပေးသွားတာပဲ။ ဒီလောက်တောင် ဝက်လို ဟန်ဆောင်ပြီး ကျားကို စားတတ်မှန်း မသိခဲ့ဘူး။
သုံးရက်လောက် မတွေ့တာနဲ့ အထင်ကြီး လောက်အောင် ပြောင်းလဲသွားတာလား။ ဒါမှမဟုတ် ရှင် အောက်ယွီက အရင်တည်းက ဒီလောက် ကောက်ကျစ်နေခဲ့တာလား။
ရှင်က လောကနံပါတ်တစ် အသုံးမကျတဲ့ကောင်လို့ နာမည်ကြီးနေတာ မဟုတ်ဘူးလား။ ဘာလို့ အသုံးမကျတဲ့ပုံစံ ဆက်ပြီး ဟန်မဆောင်တော့တာလဲ။ ဘာလို့ ဉာဏ်ကောင်းလာရတာလဲ။ ရှင်က အစောကြီးတည်းက သေသင့်နေတာ မဟုတ်ဘူးလား။ ဘာလို့ ပြန်ရှင်လာရတာလဲ။’
“သုံးရက်နေရင် မင်္ဂလာရက်ကောင်း မဟုတ်လား။” တွမ်ယင်းယင်းက မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “ဟုတ်တယ်။ ကျုပ် ပြက္ခဒိန် ကြည့်ပြီးပြီ။ သုံးရက်နေရင် ကိုးလပိုင်း သုံးရက်နေ့ပဲ။ အဲနေ့က သင်္ချိုင်းပြောင်းဖို့၊ အသုဘချဖို့ အရမ်း ကောင်းတဲ့နေ့ပဲ။ ကျုပ်တို့ အဲဒီနေ့မှာ မင်္ဂလာဆောင်ကြမယ်။”
ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း သွေးအန်ချင်စိတ် ပေါက်သွားကြသည်။ ‘အဲဒါက မင်္ဂလာ ရက်ကောင်းလား။’
တွမ်ယင်းယင်းက ပြော၏။ “ကောင်းပြီ… ကျွန်မ သဘောတူတယ်။ သုံးရက်နေရင် ခင်ဗျားရဲ့ ပန်းဝေါယာဉ်နဲ့ လာခေါ်လှည့်။ ခင်ဗျားတို့ အိမ်မှာ သွားပြီး မင်္ဂလာဆောင်ကြတာပေါ့”
“တကယ်လား…”
ယွင်ကျုံးဟဲ့က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ “ကျုပ် မင်္ဂလာဆောင်ရတော့မယ်။ ကျုပ် မင်္ဂလာဆောင်ရတော့မယ်။ ကျုပ်အရမ်း ဝမ်းသာတာပဲ။ အစ်မ ယင်းယင်း… နောက်ဆုံးတော့ ကျုပ် ဆန္ဒပြည့်ဝသွားပြီ။ ခင်ဗျားကို လက်ထပ်ရတော့မယ်။
ဒီနေ့ကစပြီး ကျုပ်က ဒီလောကမှာ အပျော်ရွှင်ဆုံး ယောကျာ်း ဖြစ်လာပြီး ခင်ဗျားကိုလည်း ဒီလောကမှာ အပျော်ရွှင်ဆုံး မိန်းမ ဖြစ်လာအောင် လုပ်ပေးမယ်။ အစ်ကို အောက်မင်… စိတ်ချပါ။ ကျုပ် အစ်မ ယင်းယင်းကို သေချာ စောင့်ရှောက်ပါ့မယ်။”
..................
တောင်ပိုင်းကျိုးအင်ပါယာ မြို့တော်...
တာယင်အင်ပါယာကိုယ်စားလှယ် အဖွဲ့နှင့် တောင်ပိုင်းကျိုးအင်ပါယာ ဆွေးနွေးရေး အဖွဲ့တို့ နောက်ဆုံး အကြိမ် ဆွေးနွေးနေကြ၏။
“ကျုပ်တို့ အနေနဲ့ မူလ စည်းကမ်းချက်တွေ အတိုင်းပဲ ဆက်ထားမယ်။ ခြေတစ်လှမ်းမှ နောက်ဆုတ်မှာ မဟုတ်ဘူး။”
တာယင်အင်ပါယာ ဟုန်လူစီ (နိုင်ငံခြားရေး ဝန်ကြီး)က ပြောလိုက်သည်။ “ပိုင်ရှင်မဲ့နယ်မြေကို လွတ်လပ်တဲ့ နယ်မြေလို့ ကြေညာပေးမယ်။ တရားဝင် စစ်တပ်တွေ မဝင်ဘူး။ တာယင်အင်ပါယာရဲ့ ပြည်နယ်တစ်ခုအဖြစ် မသတ်မှတ်ဘူးလို့ ကတိပေးတယ်။”
တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီးက အေးစက်စွာ ပြောလိုက်၏။ “တရားဝင် စစ်တပ်တွေ မဝင်ဘူး ဆိုတော့ ဘယ်လိုဟာကို တရားမဝင်တဲ့ စစ်တပ်လို့ ခေါ်တာလဲ ဆိုတာ ကျုပ် သိချင်တယ်။”
တာယင်အင်ပါယာ ဟုန်လူစီက ပြန်ဖြေသည်။ “ကျုပ်တို့က တရားမဝင်တဲ့ စစ်တပ်လို့ သတ်မှတ်ရင် တရားမဝင်တဲ့ စစ်တပ်ပဲပေါ့။”
‘ချီးတဲ့မှ… အရမ်း အနိုင်ကျင့်လွန်းတယ်။ မျက်နှာဖုံးတောင် မတပ်တော့ဘူးပဲ။ အခု ခင်ဗျားတို့ တာယင်အင်ပါယာရဲ့ စစ်တပ်တွေက ပိုင်ရှင်မဲ့နယ်မြေမှာ သုံးသိန်းလောက် ရှိနေပြီ မဟုတ်လား။ နာမည်လေး ပြောင်းလိုက်တာနဲ့ ပိုင်ရှင်မဲ့နယ်မြေရဲ့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စစ်တပ် ဖြစ်သွားပြီလား။’
တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီးက အေးစက်စွာ မေးလိုက်၏။ “ဒါဆို ယင်ချွဲ့က ကျုပ်တို့ တာ့ကျိုးအင်ပါယာထဲမှာ သေသွားမှာကို ခင်ဗျားတို့ မကြောက်ဘူးလား။”
တာယင်အင်ပါယာ ဟုန်လူစီက ပြန်ဖြေသည်။ “ကျုပ်တို့ ဧကရာဇ်မင်းမြတ်က ပြောလိုက်တယ်။ စတုတ္ထမင်းသား ယင်ချွဲ့က သတ္တိ အရမ်း ကောင်းပြီး သေရမှာကို မကြောက်ဘူးတဲ့။ တကယ်လို့ သူသာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ နယ်မြေမှာ သေသွားခဲ့ရင် တောင်ပိုင်းကျိုးအင်ပါယာက လူတစ်သိန်းကို သတ်ပြီး လက်စားချေမယ်တဲ့။”
တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီးက အေးစက်စက် ပြောလိုက်၏။ “မမေ့နဲ့နော်… အဲဒီတုန်းက ကျုပ်တို့သာ ဝိုင်းထားတာကို မဖယ်ပေးခဲ့ရင် ကျုပ်တို့ နိုင်ငံထဲကို ကျူးကျော် ဝင်ရောက်လာတဲ့ ခင်ဗျားတို့ရဲ့ စစ်သည် တစ်သိန်းကျော်က အကုန် သေကုန်ပြီး လုံးဝ ပြန်သွားလို့ ရမှာ မဟုတ်ဘူး။”
တာယင်အင်ပါယာ ဟုန်လူစီက ပြုံးလိုက်သည်။ “ခင်ဗျားတို့ မဖယ်ပေးဘဲ နေလို့ ရတာပဲ။”
ချက်ချင်းပဲ တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီးမှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွား၏။
ဆွေးနွေးပွဲ စတင်တည်းက တာယင်အင်ပါယာ ကိုယ်စားလှယ် အဖွဲ့သည် ဤကဲ့သို့ပင် မောက်မာနေခဲ့ခြင်း ဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီးက သက်ပြင်းချကာ ပြောလိုက်၏။ “သခင်ကြီးယန်… ဒီအတိုင်းသာ ဆက်သွားနေရင် ဆွေးနွေးပွဲက သေချာပေါက် ပျက်သွားမှာပဲ။”
တာယင်အင်ပါယာ ဟုန်လူစီက ပြန်ဖြေသည်။ “သခင်ကြီးရွှီ… ကျုပ် ခင်ဗျားကို မေးပါရစေ။ စစ်မြေပြင်မှာ မရခဲ့တဲ့ အရာကို ဆွေးနွေးပွဲ စားပွဲပေါ်မှာ ရချင်နေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ထိုစကားက အမှန်တရားကို လုံးဝ ဖွင့်ချလိုက်ခြင်းဖြစ်၏။ ထို့အပြင် ဤခြောက်လကျော် ကြာမြင့်ခဲ့သော ဆွေးနွေးပွဲသည်လည်း လုံးဝ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ဘာရလဒ်မှ ထွက်လာမည် မဟုတ်ကြောင်း နှစ်ဖက်လုံးက သိရှိထားကြ၏။
တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီးက ညှိနှိုင်းလိုက်သည်။ “ကျုပ်တို့က ခင်ဗျားတို့ရဲ့ စတုတ္ထမင်းသား ယင်ချွဲ့ကို ပြန်ပေးမယ်။ ခင်ဗျားတို့က ပိုင်ရှင်မဲ့နယ်မြေက ထန်ထိုင်မြို့ကို ကျုပ်တို့ကို ပေး။”
ဟုန်လူစီက ချက်ချင်း ငြင်းပယ်လိုက်၏။ “မဖြစ်နိုင်ဘူး။”
တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီးက ဆက်ပြောသည်။ “ကျင်းကျုံးယွဲ့က အနောက်ပိုင်း သဲကန္တာရမှာ အကြောင်းပြချက် မရှိဘဲ နယ်မြေ တစ်ခုကို သိမ်းပိုက်လိုက်တယ်။ သူက ကျုပ်တို့ တာ့ကျိုး ဟေးပင်းထိုင်ရဲ့ လျှို့ဝှက် သူလျှို တစ်ယောက်ပဲ။ ဒါကြောင့် သူ့ရဲ့ နယ်မြေက ကျုပ်တို့ တာ့ကျိုးရဲ့ နယ်မြေပဲ။ ဒါပေမဲ့ အခု ကျုပ်တို့က သူ့ရဲ့ နယ်မြေကို ခင်ဗျားတို့ တာယင်အင်ပါယာကို လွှဲပြောင်းပေးမယ်။ ထန်ထိုင်မြို့ တစ်မြို့တည်းနဲ့ပဲ လဲမယ်။”
‘ချီးတဲ့မှ... ဒီ အရှက်မရှိတဲ့ အဆင့်က တကယ့်ကို အထွတ်အထိပ် ရောက်နေပြီပဲ။ သူများ ပိုင်ဆိုင်မှုကို ယူပြီး လောင်းကြေး လာထပ်နေတယ်ပေါ့။ တကယ် ကောင်းတာပဲ။’
တာယင်အင်ပါယာ ဟုန်လူစီက ပြောလိုက်၏။ “လျှောက်ပြောမနေနဲ့။ ကျင်းကျုံးယွဲ့က သခင်ကြီး ယွင်ကျုံးဟဲ့ရဲ့ ဇနီးဟောင်းပဲ။ ဒါကြောင့် သူ့ရဲ့ နယ်မြေက သူ့ပိုင်ဆိုင်မှုပဲ။ ပြီးတော့ သူ့ကလေးရဲ့ ပိုင်ဆိုင်မှုလည်း ဖြစ်တယ်။ တာ့ကျိုးက သူများ ပိုင်ဆိုင်မှုကို ယူပြီး ပေးစရာ မလိုဘူး။”
ထို့နောက် တာယင်အင်ပါယာ ဟုန်လူစီက ဆက်ပြောသည်။ “ဆက်ပြီး မဆွေးနွေးကြတော့ဘူး။ ဒါက အချိန်ဖြုန်းနေတာပဲ။ ကျုပ်လည်း အိမ်မြန်မြန် ပြန်ချင်နေပြီ။”
ထိုစကားကို ကြားချိန်မှာတော့ တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီး၏ မျက်နှာ တုန်ယင်သွားပြီး မေးလိုက်၏။ “ဘာအဓိပ္ပာယ်လဲ။”
ဟုန်လူစီက ပြောလိုက်သည်။ “ကျုပ် ခန့်မှန်းတာ မမှားဘူး ဆိုရင် ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်က ထွက်လာလောက်ပြီ။ တစ်လောကလုံးကိုလည်း ကြေညာပြီးလောက်ပြီ။”
ထိုစကားကို ကြားချိန်မှာတော့ တောင်ပိုင်းကျိုးအင်ပါယာ ပညာရေး ဒု-ဝန်ကြီး၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွား၏။
တာယင်အင်ပါယာ ဟုန်လူစီက ဆက်ပြောသည်။ “တကယ်လို့ ခင်ဗျားတို့က ကျုပ်တို့ ကိုယ်စားလှယ်အဖွဲ့ကို မဖမ်းဘူးဆိုရင် ကျုပ်တို့ ပြန်တော့မယ်။”
ကိုယ်စားလှယ် အဖွဲ့ကို ဖမ်းရမည်လား။ မည်သို့ ဖြစ်နိုင်မည်နည်း။ စစ်ပွဲ ကာလတွင်ပင် ကိုယ်စားလှယ် အဖွဲ့ကို မဖမ်းနိုင်ရာ ယခု ငြိမ်းချမ်းရေး ကာလတွင် ပို၍ပင် မဖြစ်နိုင်ပေ။
တကယ် ဆက်ဆွေးနွေးရန် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်က တာယင်အင်ပါယာ ဧကရာဇ်သည် တစ်လောကလုံးသို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်သောကြောင့်ပင်။
.................
အပိုင်း (၂၈၆)
သမိုင်းမှတ်တမ်းများအရ ပိုင်ရှင်မဲ့နယ်မြေ၏ အလယ်ဗဟိုရှိ တောင်တန်းသည် မူလက ချင်တောင်တန်း ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ယန်လုံအင်ပါယာသည် တစ်လောကကို အုပ်စိုးချိန်တွင် ဤနေရာသည် ယင်မျိုးနွယ်စု၏ ဘိုးဘေးများ ပိုင်ဆိုင်သော နယ်မြေ ဖြစ်ခဲ့၏။
ထို့နောက် ယန်လုံအင်ပါယာ ပျက်စီးသွားပြီး လူအများအပြား အာဏာလုကြကာ ဤ ယင်မျိုးနွယ်စု၏ နယ်မြေ သည် ရှန်အင်ပါယာအတု၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြီး နောက်ပိုင်းတွင် ပိုင်ရှင်မဲ့နယ်မြေ ဖြစ်သွားခဲ့သည်။
ယခုအခါ ယင်မျိုးနွယ်စုသည် ဘိုးဘေးများ၏ နယ်မြေကို ပြန်လည် ရယူနိုင်ခဲ့ပြီဖြစ်ရာ ဘိုးဘေးများကို သတင်းကောင်း ပေးနိုင်ပြီ ဖြစ်၏။
“ယနေ့မှစ၍ ပိုင်ရှင်မဲ့နယ်မြေ၏ အလယ်ဗဟိုရှိ တောင်တန်းကို ချင်တောင်တန်းဟု အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။ ချင်တောင်တန်း၏ အရှေ့ဘက်ကို ချင်တုန်းပြည်နယ်ဟု သတ်မှတ်ပြီး၊ ချင်တောင်တန်း၏ အနောက်ဘက်ကို ချင်ရှီးပြည်နယ်ဟု သတ်မှတ်မည်။
ဤ ပြည်နယ်နှစ်ခုသည် တာယင်အင်ပါယာ၏ ဆယ့်ကိုးခုမြောက်နှင့် နှစ်ဆယ်ခုမြောက် ပြည်နယ်များ ဖြစ်လာမှာဖြစ်ပြီး တာယင်အင်ပါယာ၏ ခွဲထွက်၍ မရသော အစိတ်အပိုင်းများ ဖြစ်လာမှာ ဖြစ်၏။ မည်သည့် စစ်တပ်မဆို ပိုင်ရှင်မဲ့နယ်မြေ အတွင်းသို့ ကျူးကျော် ဝင်ရောက်လာပါက တာယင်အင်ပါယာကို စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်သည်။”
သေချာသည်မှာ တာယင်အင်ပါယာ၏ အမိန့်တော်က အလွန် ရှည်လျားပြီး စာလုံးရေ တစ်ထောင်ကျော် ပါဝင်ကာ အလွန် ခမ်းနားပြီး တည်ကြည်သော စာသားများဖြင့် ရေးသားထား၏။
အတိုချုပ်ဆိုရလျှင် ဤပိုင်ရှင်မဲ့နယ်မြေသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်တည်းက ယင်မျိုးနွယ်စု ပိုင်ဆိုင်ခဲ့ကြောင်း၊ ထိုအချိန်က တာယင်အင်ပါယာ မရှိသေးဘဲ ယင်မျိုးနွယ်စုသည် ယန်လုံအင်ပါယာ၏ နယ်စားတစ်ဦးသာ ဖြစ်ခဲ့ကြောင်း လူတိုင်းကို အပြည့်အဝ ယုံကြည်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဤ အမိန့်တော်သည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသော အကြောင်းအရာဖြစ်ပြီး ကြိုတင် ပြင်ဆင်ထားသော မိုးကြိုးတစ်ခုနှင့် တူ၏။
သို့ပေမည့် ယခု ဤနေ့ရက် ရောက်ရှိလာပြီ ဖြစ်သည်။ တာယင်အင်ပါယာ၏ အမိန့်တော်က တစ်လောကလုံးသို့ လုံးဝ ပျံ့နှံ့သွားပေလိမ့်မည်။
ဤသို့ဖြင့် တောင်ပိုင်းကျိုးအင်ပါယာ၏ နောက်ဆုံးသော မျက်နှာဖုံးလေးကိုပါ ဆွဲခွာလိုက်ပြီ ဖြစ်သည်။
‘ခင်ဗျားတို့က နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ခင်ဗျားတို့က မြွေကိုတွင်းထဲက ထွက်လာအောင် မျှားပြီး တာယင်အင်ပါယာရဲ့ အဓိက စစ်တပ်ကြီးကို ခင်ဗျားတို့ နိုင်ငံထဲမှာ ဝိုင်းထားနိုင်ခဲ့ပြီး လုံးဝ ချေမှုန်းနိုင်လုနီးပါး ဖြစ်ခဲ့တဲ့အပြင် ရန်သူ့ စစ်သေနာပတိ ယင်ချွဲ့ကိုပါ ဖမ်းနိုင်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ခင်ဗျားတို့က ပိုင်ရှင်မဲ့နယ်မြေဟာ အခုချိန်ထိ နယ်စားတွေ ပိုင်ဆိုင်နေဆဲဖြစ်ပြီး တာယင်အင်ပါယာက မသိမ်းပိုက်နိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။’
အနည်းဆုံးတော့ အစပိုင်းတွင် တောင်ပိုင်းကျိုးအင်ပါယာ အစိုးရက ဤသို့ပင် ဝါဒဖြန့်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဧကရာဇ် နှစ်ပါး၏ နားလည်မှုလည်း ဖြစ်၏။
တာယင်အင်ပါယာ အနေဖြင့် ပိုင်ရှင်မဲ့နယ်မြေ ဟူသော အောင်ပွဲ ရလဒ်ကို အပြည့်အဝ အသုံးချနိုင်ရန် အချိန် လိုအပ်သည်။
တောင်ပိုင်းကျိုးအင်ပါယာကလည်း ထင်မြင်ယူဆချက်များကို ထိန်းချုပ်ရန် အချိန် လိုအပ်သည်။ ရှုံးနိမ့် သွားကြောင်း ချက်ချင်း ဝန်ခံ၍ မရဘဲ သတင်းဆိုးများကို တဖြည်းဖြည်းချင်း ထုတ်ပြန်ရမှာဖြစ်၏။
ပထမဆုံး နိုင်သည်ဟု ပြော၏။ ထို့နောက် ရှုံးပြီးမှ ပြန်နိုင်သည်ဟု ပြောသည်။ ထို့နောက် သရေကျသည်ဟု ပြောပြန်သည်။
ပြီးသည့်နောက် နှစ်ဖက်လုံး အထိနာသည်ဟု ပြောသည်။ နောက်ဆုံးမှသာ ရှုံးနိမ့်သွားကြောင်း ဝန်ခံမှာ ဖြစ်၏။
ဤသို့ လုပ်ဆောင်ခြင်းက တောင်ပိုင်းကျိုး အင်ပါယာ၏ ပြည်သူများအပေါ် ထိုးနှက်ချက် သက်သာစေမှာ ဖြစ်သည်။
ထို့ကြောင့် ဤအချိန်ဆွဲမှုက ကိုးလကျော် ကြာမြင့်ခဲ့၏။ အကယ်၍ ချက်ချင်းသာ ကြီးမားသော ရှုံးနိမ့်မှုကြီးဟု ကြေညာလိုက်ပါက ပြည်သူများ၏ ခံစားချက်က သေချာပေါက် လက်ခံနိုင်မည် မဟုတ်ပေ။
ယခုအခါ တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေကို အပြည့်အဝ အသုံးချနိုင်သွားပြီဖြစ်ရာ လှေကားကို ချက်ချင်း ဆွဲဖယ်လိုက်ပြီး မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီ ဖြစ်၏။
‘နောက်ပိုင်း ခင်ဗျားတို့ တောင်ပိုင်းကျိုးအင်ပါယာ ဖင်ထိုင်ကျမလား၊ မျက်နှာနဲ့ ထိုးကျမလား ဆိုတာ ခင်ဗျားတို့ရဲ့ အရည်အချင်းနဲ့ ကံတရား အပေါ်မှာပဲ မူတည်တော့တယ်။’
တောင်ပိုင်းကျိုး အင်ပါယာ ဧကရာဇ်သည် တာယင်အင်ပါယာ၏ အမိန့်တော်ကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး သူ၏ မျက်လုံးများကိုလည်း မှိတ်လိုက်လေသည်။ ‘နောက်ဆုံးတော့ ဒီနေ့ ရောက်လာပြီ။’
သူ အရာအားလုံးကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်သော်လည်း ဤနေ့ရက် တကယ် ရောက်လာချိန်မှာတော့ အရှက်ရမှုနှင့် ဒေါသကို ခံစားနေရဆဲ ဖြစ်၏။
သူက ထင်မြင်ယူဆချက်များကို လမ်းညွှန်နိုင်ပြီး ပြည်သူများကို နိုင်သည်ဟု လိမ်ညာနိုင်၏။ သို့ပေမည့် သူ့ကိုယ်သူတော့ လိမ်ညာ၍ မရပေ။ အရှုံး ဆိုသည်မှာ အရှုံးသာ ဖြစ်သည်။
စစ်သည် သိန်းနှင့်ချီ ဆုံးရှုံးခဲ့ရပြီး ပိုင်ရှင်မဲ့နယ်မြေကိုပါ ဆုံးရှုံးလိုက်ရသောကြောင့် အင်ပါယာကြီး တစ်ခုလုံး အထိနာသွားခဲ့၏။
မည်သူ့ကို အပြစ်တင်ရမည်နည်း။ ကျိုးလီ လား။ ယန်ဖြန်ရှန် လား။ ဒါမှမဟုတ် နုလန်ဟောက် အောက်ရှင်း လား။
ဤသုံးဦးလုံးက ထူးချွန်သူများ ဖြစ်ကြပြီး အလွန် တော်သူများ ဖြစ်ကြ၏။ စစ်မြေပြင်တွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ဧကရာဇ် ဝမ်ယွင် လောက် ရှင်းလင်းစွာ သိရှိသူ မည်သူမှ မရှိပေ။ သူ အကြိမ်ပေါင်း မည်မျှ ကြည့်ရှုခဲ့သည်ကိုပင် မသိတော့ပေ။
အနည်းငယ်လေးသာ လိုတော့၏။ တောင်ပိုင်းကျိုးအင်ပါယာ လုံးဝ အပြတ်အသတ် အနိုင်ရရှိတော့မှာ ဖြစ်သည်။
အနည်းငယ်လေးသာ လိုတော့၏။ တောင်ပိုင်းကျိုးအင်ပါယာက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ရုံ သာမက တာယင်အင်ပါယာ၏ အနောက်တောင် ပြည်နယ်ကိုပါ တိုက်ခိုက် သိမ်းပိုက်နိုင်တော့မှာ ဖြစ်၏။
တကယ်ကို အနည်းငယ်လေးသာ လိုတော့သည်။ သူက အလွန် ကြီးကျယ်ခမ်းနားသော အောင်ပွဲကြီးကို ရရှိတော့မှာဖြစ်၏။ သို့ပေမည့် နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့သည်။
ကံကြမ္မာ၏ လှောင်ပြောင်မှုလား။ ဒါမှမဟုတ် တာယင်အင်ပါယာရဲ့ ပါရမီရှင် သူလျှို ယွင်ကျုံးဟဲ့ကိုပဲ အပြစ်တင်ရမည်လား။
သူသည် ဧကရာဇ်ဖြစ်ရာ ဖြစ်ပျက်ပြီးသော ကိစ္စများအတွက် ဝမ်းနည်းပူဆွေးနေမည် မဟုတ်ဘဲ ရှေ့ဆက် သွားရမည်သာ ဖြစ်၏။
ဤကြီးမားသော ရှုံးနိမ့်မှုကြီးသည် သူ နန်းတက်ပြီးနောက် ပထမဆုံးသော အခက်အခဲ တစ်ခု ဖြစ်သော်လည်း ကြီးမားသော အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။
ဤကြီးမားသော ရှုံးနိမ့်မှုကြီးကို အသုံးချကာ စစ်တပ်အတွင်း သွေးသစ်လောင်းမှုများ ပြုလုပ်ရမှာ ဖြစ်၏။
အင်ပါယာ၏ စစ်တပ်တွင် ဘာပြဿနာ ရှိနေသနည်း။ ဧကရာဇ် တစ်ပါး အနေဖြင့် သူ အလွန် ရှင်းလင်းစွာ သိရှိထားသည်။
တော်ဝင် သက်တော်စောင့် တပ်ဖွဲ့၏ စတုတ္ထအဆင့် စစ်သူကြီး မော့ဖုန်းချွန်း သည် အထင်ရှားဆုံး ဥပမာ တစ်ခုပင်ဖြစ်၏။
လူတစ်သောင်း နှင့် ယှဉ်တိုက်နိုင်သော ခွန်အား ရှိပြီး ကြီးမားသော စစ်ရေး အောင်မြင်မှုများ ရရှိခဲ့သော်လည်း သူ၏ ကောင်းကျိုးပြုမျုအရ ပြည်နယ် စစ်သေနာပတိ သို့မဟုတ် ထိုထက် မြင့်မားသော ရာထူးများ ရရှိသင့်သည် မဟုတ်လား။
သို့ပေမည့် တလူးလူးတလိမ့်လိမ့်နှင့် စတုတ္ထအဆင့် အမည်ခံ စစ်သူကြီး တစ်ဦးသာ ဖြစ်နေခဲ့၏။ အသက် လေးဆယ်ကျော် အရွယ်တွင် မျှော်လင့်ချက်များ ကင်းမဲ့သွားပြီး ကောင်းကျိုးများ ထပ်မံ ရယူလိုစိတ် မရှိတော့သလို နိုင်ငံတော်အတွက် စစ်တိုက်လိုစိတ်လည်း မရှိတော့ပေ။
ပြဿနာက မည်သည့်နေရာမှာနည်း။ သေချာပေါက် ဂုဏ်သရေရှိ မှူးမတ် အုပ်စုကြီး၏ ပျက်စီးယိုယွင်းမှုပင် ဖြစ်၏။
ဂုဏ်သရေရှိ မှူးမတ် အုပ်စုကြီး သည် အင်ပါယာ စစ်တပ်၏ အဆင့်မြင့် ရာထူးများ အားလုံးကို လက်ဝါးကြီး အုပ်ထားပြီး တိုးတက်ရာ လမ်းကြောင်းများ အားလုံးကို ပိတ်ဆို့ထားကြသည်။
စစ်ဖက် စာမေးပွဲများရှိပြီး ထူးချွန်သော ပါရမီရှင်များ၊ စစ်သူကြီးများ အများအပြား ထွက်ပေါ်လာခဲ့ သော်လည်း ဤလူများတွင် မျက်နှာကျက် တစ်ခု ရှိနေ၏။ အမြင့်ဆုံး စတုတ္ထအဆင့် အထိသာ တက်နိုင်ပြီး နောက်ထပ် တက်၍ မရတော့ပေ။
မော့ဖုန်းချွန်း သည် အလွန် ဒုက္ခရောက်နေသော်လည်း သူက စစ်ဖက် စာမေးပွဲ အောင်မြင်သူများထဲတွင် အောင်မြင်မှု အရှိဆုံးသူ ဖြစ်နေသေး၏။ အခြားသော စစ်ဖက် စာမေးပွဲ အောင်မြင်သူ အများအပြားမှာ ယခုအထိ တပ်စုမှူး အဆင့်သာ ရှိသေးပြီး အမည်ခံ စစ်သူကြီး ရာထူးပင် မရရှိကြသေးချေ။
ထို့အပြင် ဧကရာဇ်ဝမ်ယွင်၏ စိတ်ထဲတွင် ထုတ်ပြော၍ မရနိုင်သော အကြောင်းရင်း တစ်ခု ရှိသေး၏။ စစ်တပ်ကို ချုပ်ကိုင်ထားသော ဤဂုဏ်သရေရှိ မှူးမတ် အုပ်စုကြီး၏ စိတ်ထဲတွင် အလေးစားဆုံးနှင့် သစ္စာအရှိဆုံးသူမှာ ဧကရာဇ်ဟောင်း ဖြစ်နေဆဲဖြစ်ရာ သူ့အတွက် အလွန် လုံခြုံမှုကင်းမဲ့နေစေသည်။
သူ၏ ဤအာဏာသည် သူတစ်ပါး ပေးသနားထားခြင်း မဟုတ်ဘဲ သူကိုယ်တိုင် ဆုပ်ကိုင်ထားရမှာ ဖြစ်၏။ ထို့ကြောင့် ဧကရာဇ်ဝမ်ယွင် သည် စစ်တပ်ကို သွေးသစ်လောင်းရန် အရေးတကြီး လိုအပ်နေပြီး သူ့ကို သစ္စာစောင့်သိသော စစ်သူကြီး အများအပြားဖြင့် စစ်တပ်ကို ချုပ်ကိုင်ထားရန် လိုအပ်နေ၏။
မူလက ဤကြီးကျယ် ခမ်းနားသော အောင်ပွဲကြီးကို အသုံးချကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခု ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
သေချာသည်မှာ ရှုံးနိမ့်ခြင်းကလည်း အခွင့်အရေးကောင်း တစ်ခုဖြစ်ပြီး ဤရှုံးနိမ့်မှုကို အသုံးချကာ ပြုပြင် ပြောင်းလဲမှုများကို တွန်းအားပေးနိုင်ဆဲ ဖြစ်၏။
သေချာပေါက် ဂုဏ်သရေရှိ မှူးမတ် အုပ်စုကြီးတွင် ထူးချွန်သော စစ်သူကြီးများ မရှိသည်တော့ မဟုတ်ပေ။ ဝေမြို့စားကြီး ကျိုးရူ သည် အထူးချွန်ဆုံးသော စစ်သေနာပတိ တစ်ဦး ဖြစ်သော်လည်း လေခွင်းမြို့ စစ်မြေပြင်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
အောက်ရှင်း သည် စစ်တပ်၏ ပြိုင်ဘက်ကင်း စစ်သူကြီး တစ်ဦးဖြစ်ပြီး တောင်ပိုင်းလူရိုင်းများ၏ နယ်မြေ စတုရန်း ကီလိုမီတာ တစ်သန်းကျော်အနက် အများစုကို အောက်ရှင်းက တိုက်ခိုက် သိမ်းပိုက်ပေးခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် အောက်ရှင်း သည် ဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဂုဏ်သရေရှိ မှူးမတ်အုပ်စုကြီး၏ သင်္ကေတ တစ်ခု ဖြစ်လာခဲ့သည်။
တစ်ယောက်ယောက်က ပြောလိုက်တိုင်း ကျုပ်တို့ ဂုဏ်သရေရှိ မှူးမတ်အုပ်စုကြီးကို အသုံးမကျဘူးလို့ ဘယ်သူ ပြောလဲ၊ အောက်ရှင်းက ပြိုင်ဘက်ကင်း စစ်သေနာပတိ တစ်ယောက် မဟုတ်ဘူးလား ဟု ပြန်ပြောလေ့ ရှိကြ၏။
သို့ပေမည့် ဤဂုဏ်သရေရှိ မှူးမတ်အုပ်စုကြီးက တစ်ဖက်တွင် အောက်ရှင်းကို ဖယ်ကျဉ်ကာ အထီးကျန် ဖြစ်အောင် လုပ်ထားပြီး တစ်ဖက်တွင်လည်း သူ့ကို သင်္ကေတ အဖြစ် အသုံးပြုနေကြ၏။ လက်တွေ့ ဘဝက ဤမျှပင် လှောင်ပြောင်စရာ ကောင်းလှသည်။
ဝေမြို့စားကြီး သည်လည်း ဂုဏ်သရေရှိ မှူးမတ်အုပ်စုကြီးမှဖြစ်ပြီး ထိပ်တန်း ဂုဏ်သရေရှိ မှူးမတ်တစ်ဦး ဖြစ်၏။
သူက ဧကရာဇ်၏ စိတ်ကူးကို ရိပ်မိသောကြောင့် အစောကြီးတည်းက ပညာတတ် အမတ်အုပ်စုကြီးနှင့် ပူးပေါင်း ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်၏ အောက်ရှင်းအပေါ် အမြင်ကလည်း အလွန် ရှုပ်ထွေးလှ၏။
ပထမဆုံး အနေဖြင့် အောက်ရှင်းကို ဧကရာဇ်ဟောင်းက ရာထူးတိုးပေးခဲ့ခြင်းဖြစ်ပြီး စတုတ္ထ အဆင့် စစ်သူကြီးမှ ဖျောက်ချီ စစ်သူကြီးချုပ်အထိ ရာထူးတိုးပေးခဲ့ခြင်းဖြစ်ရာ သူသည် အမှန်တကယ်ပင် စစ်တပ်၏ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကင်း စစ်သေနာပတိ တစ်ဦးဟု သတ်မှတ်၍ ရသည်။
သို့ပေမည့် အောက်ရှင်းသည် အတိုင်းအတာ တစ်ခုအထိ ဧကရာဇ်ဝမ်ယွင်၏ စစ်တပ် ပြုပြင် ပြောင်းလဲရေးတွင် အဟန့်အတား တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။
ဧကရာဇ်ဝမ်ယွင်က ရှင်းလင်းစွာ သိရှိထားသည်မှာ အနာဂတ်တွင် တာယင်အင်ပါယာနှင့် အမှန်တကယ် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရချိန်တွင် ဤပြိုင်ဘက်ကင်း စစ်သေနာပတိ မပါလျှင် မဖြစ်နိုင်ကြောင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် ဧကရာဇ်ဝမ်ယွင်က အောက်ရှင်း၏ ဤကဲ့သို့ ဖြူစင်မှုကို အလွန် သဘောကျသော်လည်း တစ်ခါတစ်ရံတွင် သူ၏ မာနကြီးမှုနှင့် အထီးကျန်ဆန်မှုများကို အလွန် မုန်းတီးမိ၏။
သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ဧကရာဇ်ဝမ်ယွင်က မျက်လုံးများကို ဖွင့်လိုက်သည်။
‘လာခဲ့… မုန်တိုင်းတွေ အားလုံး အစွမ်းကုန် လာခဲ့ကြစမ်း။ ငါကိုယ်တော် အားလုံး ပြင်ဆင်ပြီးပြီ။ ဘယ်သူတွေ ခေါင်းထောင် ထွက်လာရဲလဲ ဆိုတာကို ငါကိုယ်တော်လည်း ကြည့်ချင်သေးတယ်။ ငါကိုယ်တော်ရဲ့ဓား ဘယ်လောက်ထက်လဲ ဆိုတာကို ဘယ်သူတွေ လည်ပင်းပေးပြီး စမ်းသပ်ရဲလဲ ဆိုတာကို ငါကိုယ်တော် ကြည့်ချင်သေးတယ်။’
တာယင်အင်ပါယာက တစ်လောကလုံးသို့ ကြေညာလိုက်သည်နှင့်အတူ မိုးကြိုးကြီး နောက်ဆုံးတွင် ပစ်ချလာခဲ့ပြီ ဖြစ်၏။
တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး ခေတ္တ ငြိမ်သက်သွားသည်။
သို့ပေမည့် မုန်တိုင်း မျက်စိ တစ်ခု ဖြစ်တည်နေပြီကို လူတိုင်း ခံစားမိကြသည်။ ကြောက်မက်ဖွယ် ကောင်းသော နိုင်ငံရေး မုန်တိုင်းကြီး တစ်ခု ရောက်ရှိလာတော့မှာဖြစ်၏။
ဤမုန်တိုင်းကြီးက အလွန် ကြီးမားမည်လား သို့မဟုတ် သေးငယ်မည်လား။ ယခုအချိန်အထိ မသိရသေးပေ။
ဤမုန်တိုင်းကြီး ကြောင့် လူမည်မျှ သေဆုံးရမည်နည်း။ ဤမုန်တိုင်းကြီး၏ ပထမဆုံး စတေးခံရမည့် သူက မည်သူ ဖြစ်မည်နည်း။ အရာအားလုံးကို မသိရသေးပေ။
အနည်းဆုံးတော့ မြို့တော်ရှိ အမတ်များ အားလုံး အသက်ရှူအောင့်ကာ ဤမုန်တိုင်းကြီး တရားဝင် ပေါက်ကွဲလာမည့် အချိန်ကို စောင့်ဆိုင်းနေကြပြီ ဖြစ်၏။ မြို့တော်တွင် တိမ်မည်းများ ဖုံးလွှမ်းနေပြီး မုန်တိုင်း လာတော့မည့် အခြေအနေ ဖြစ်နေသည်။
သို့ပေမည့် မိုင်ထောင်ချီ ကွာဝေးသော ကျန်းကျိုးမြို့တွင်မူ လေထုက အနည်းငယ် ဖိစီးနေသော်လည်း မြို့တော်ကဲ့သို့ ကြောက်စရာ မကောင်းလှသလို အသက်ရှူ မဝလောက်အောင် မဖြစ်ပေ။
ထို့အပြင် ကျန်းကျိုးမြို့ရှိ လူသန်းပေါင်းများစွာမှာ အခြား ကြီးမားသော ကိစ္စတစ်ခုကြောင့် အာရုံလွှဲ သွားကြ၏။ ထိုအရာမှာ အောက်ယွီနှင့် တွမ်ယင်းယင်း တို့၏ မင်္ဂလာဆောင် ဖြစ်သည်။
ဤသည်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း ကျန်းကျိုးမြို့၌ အာရုံစိုက်မှု အခံရဆုံးသော မင်္ဂလာဆောင် တစ်ခု ဖြစ်လာမည်မှာ သေချာလှ၏။
....................