← Chapters

အခန်း (၇၁-၇၂)

Vol. 6 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 6 Ch. 71-72

အပိုင်း (၇၁) သိပ္ပံပညာ၏ ရှေ့ဆောင် ဖန်ကျန်းရီ

ဖန်ကျန်းရီက မင်းသမီး၏ ကုတင်ရှေ့သို့ သွားကာ ခဏမျှ လေ့လာကြည့်ရှုလိုက်သည်။

ကိုယ်ပူနေသည့်အပြင် ချောင်းအနည်းငယ် ဆိုးနေသည်သာ ရှိသည်။ တခြား ထူးထူးခြားခြား ဘာမှမရှိပေ။

သမားတော်ဟူက အဆုတ်ရောဂါဟု ပြောသဖြင့် အဆုတ်ရောင်ရောဂါနှင့် အနည်းငယ် တူသည်ဟု ခံစားမိသော်လည်း သူက ဆေးပညာ ကျွမ်းကျင်သူ မဟုတ်သောကြောင့် လုံးဝ အတည်မပြုနိုင်ပေ။ ထို့ကြောင့် လီယွမ်ကျောက်ဘက်သို့ လှည့်ကာ ပြောလိုက်ရ၏။ “အိမ်ရှေ့စံမင်းသား ကျုပ်တို့ သွားကြရအောင်။ ဒီမှာနေလည်း အပိုပဲ။ မင်းသမီးကို အနှောင့်အယှက် ဖြစ်စေရုံပဲ ရှိမှာ။”

လီယွမ်ကျောက်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက် နန်းဆောင်အပြင်ဘက်သို့ ရောက်ချိန်မှာတော့ လီယွမ်ကျောက်က တိုင်ကို မှီကာ စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး ပြောလိုက်၏။ “ဖန်ကြီး ခင်ဗျား … သိလား။ မြောင်ဟန်က ကျုပ်နဲ့ အရင်းနှီးဆုံး ညီမလေးပဲ။ ကျုပ်တို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာ။ သူက ကျုပ်ထက် တစ်လပဲ ငယ်တယ်။ ငယ်ငယ်ကတည်းက အမြဲတမ်း ဖျားနာနေတတ်တဲ့ ကောင်မလေးပဲ။”

ဒီနေ့ သူ အဲဒီလောက် ခံစားနေရတာကို မြင်တော့ ကျုပ်ရဲ့ရင်ထဲမှာ ဓားနဲ့ အမွှန်းခံရသလိုပဲ။ အဲဒီ သမားတော်ကို ချက်ချင်း သတ်ပစ်ချင်စိတ်တောင် ပေါက်သွားတယ်။”

ဖန်ကျန်းရီက ဘေးတွင် ရပ်ကာ တိတ်ဆိတ်နေသည်။

လီယွမ်ကျောက်က ဝမ်းနည်းစွာဖြင့် ဆက်ပြောလိုက်၏။ “ခင်ဗျားက ဉာဏ်များတယ်ဆိုတော့ သူ့ကို ကယ်ဖို့ နည်းလမ်းရှိမယ် ထင်ခဲ့တာ... မထင်ထားခဲ့ဘူး... သူသာ ထွက်သွားရင် ကျုပ် ဘယ်လိုလုပ်ရမလဲ။”

သူတို့နှစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားကြ၏။

ရုတ်တရက် လီယွမ်ကျောက်က ခေါင်းမော့ကာ ဖန်ကျန်းရီကို မေးလိုက်သည်။ “ဖန်ကြီး ခင်ဗျား … မိန်းမလိုချင်လား။”

“…….”

လီယွမ်ကျောက်က ရုတ်တရက် ထိုသို့မေးလိုက်သဖြင့် ဖန်ကျန်းရီမှာ အခြေအနေ ချက်ချင်း ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး နှလုံးသားက လက်မခံနိုင်လုမတတ် ဖြစ်သွား၏။

“ကံဆိုးတာတွေ ပျောက်သွားအောင် မင်္ဂလာဆောင်ပေးတဲ့ နည်းလမ်း ရှိတယ်လို့ ကျုပ် မှတ်မိတယ်။ မြောင်ဟန်ကို ခင်ဗျားနဲ့ ပေးစားလိုက်ရင် ကောင်းမလား။ ဒါက တခြားနည်းလမ်း မရှိလို့ပါ။ ပြီးတော့ ခင်ဗျားမို့လို့နော်။ တခြားယောကျ်ားသာဆိုရင် သေရင်တောင် သဘောမတူဘူး။”

“သဘောတူလား ၊ မတူဘူးလားပဲ ပြော။”

ဖန်ကျန်းရီက ကောင်းကင်ကို မော့ကြည့်ကာ ဘာပြောရမှန်း မသိတော့ချေ။ သေလုဆဲဆဲ မင်းသမီးကို သူနှင့် ပေးစားနေသည်လား။ ထိုအရာက ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား မသိတော့ပေ။

သူက ခါးသီးစွာ ပြုံးလိုက်၏။ “အိမ်ရှေ့စံမင်းသား အဲဒါတွေက အရပ်စကားတွေပါ။ မင်္ဂလာဆောင်လို့သာ ရောဂါပျောက်မယ်ဆိုရင် ဒီလောကမှာ လူသေတောင် ရှိတော့မယ် မထင်ဘူး။”

ထိုစကားကိုကြားချိန်မှာတော့ လီယွမ်ကျောက်၏ စိတ်ထဲမှ မျှော်လင့်ချက်ကြိုးလေး ပြတ်တောက်သွားသလို ခံစားလိုက်ရသည်။ သူက ခုန်ထကာ ဖန်ကျန်းရီ၏ လက်မောင်းနှစ်ဖက်ကို အားကုန်ဆုပ်ကိုင်ပြီး အော်ဟစ်လိုက်သည်။ “ပြောစမ်း။ ဒါဆို ခင်ဗျားပြောစမ်း။ ကျုပ် ဘာဆက်လုပ်ရမလဲ။”

ဖန်ကျန်းရီက လီယွမ်ကျောက်၏လက်ကို ချက်ချင်း အားကုန်ဖြုတ်ချပြီး အော်လိုက်၏။ “စိတ်အေးအေးထား။ အခု အရေးအကြီးဆုံးက မင်းသမီးကို ကယ်ဖို့ နည်းလမ်းရှာဖို့ပဲ။ အဲဒီလောက် အော်နေတော့ရော ဘာထူးမှာလဲ။”

ဖန်ကျန်းရီ အော်လိုက်သောကြောင့် လီယွမ်ကျောက် သတိဝင်လာပြီး မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။ ပြီးမှ ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေသည်။ “ဘာနည်းလမ်း ရှိသေးလဲ... ဘာနည်းလမ်း ရှိသေးလဲ...”

သူ၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော ပုံစံကို ကြည့်ကာ ဖန်ကျန်းရီလည်း ကိုယ်ချင်းစာသွားမိ၏။ အိမ်ရှေ့စံမင်းသားကလည်း သံယောဇဉ်ကြီးတဲ့သူပင်။ သူက သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ နည်းလမ်း တစ်ခုတော့ ရှိနိုင်တယ်... ဒါပေမဲ့ မျှော်လင့်ချက်က အရမ်းနည်းတယ်။”

လီယွမ်ကျောက်က ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ချက်ချင်း ခုန်ထလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဖန်ကြီး … တကယ်ပဲ နည်းလမ်းရှိတာလား။ မြန်မြန်ပြော။”

“ပင်နီဆီလင်လို့ ခေါ်တဲ့ အရာတစ်ခု ရှိတယ်။ အဲဒါက မင်းသမီးရဲ့ ရောဂါကို ကုသနိုင်လောက်တယ်။”

ဖန်ကျန်းရီလည်း အချိန်အကြာကြီး စဉ်းစားပြီးမှသာ ပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး စိတ်ထဲတွင် မျှော်လင့်ချက် တစ်စက်မှ မရှိပေ။

ပင်နီဆီလင်ဆိုသည်က အနာဂတ်မှာတော့ အစွမ်းထက်ဆေးတစ်လက် ဖြစ်ပြီး စစ်တွင်းကာလမှာဆိုရင် ရွှေလိုပဲ တန်ဖိုးရှိခဲ့သည်။ ဘေးကင်းမှု အလွန်မြင့်မားပြီး ဘက်တီးရီးယားများကို သတ်ရာတွင်လည်း ကြီးမားသော အကျိုးသက်ရောက်မှု ရှိ၏။

ဖန်ကျန်းရီ ဝိညာဉ်ကူးပြောင်းရောက်ရှိမလာမီက ရှမ့်သခင်လေးဆိုသည့် စာအုပ်တစ်အုပ် ဖတ်ခဲ့ဖူးပြီး ထိုအထဲတွင် ပင်နီဆီလင် ထုတ်လုပ်နည်းကို အသေးစိတ် ရှင်းပြထားသည်။

သို့သော်ငြား အကြမ်းဖျင်းသာ မှတ်မိပြီး အသေးစိတ်ကိုတော့ ထပ်စဉ်းစားရဦးမည်။

ထို့အပြင် လုပ်ငန်းစဉ် အဆင့်ဆင့် မမှားအောင်၊ ပတ်ဝန်းကျင် သန့်ရှင်းအောင်နှင့် စာအုပ်ထဲမှ အသိပညာတွေက ယုံကြည်ရအောင် အကုန်လုံး ပြည့်စုံမှ ရမှာဆိုတော့... သူ့စိတ်ထဲတွင် အောင်မြင်နိုင်ခြေက သုညဖြစ်၏။

အိမ်ရှေ့စံမင်းသား၏ပုံစံကို ကြည့်ပြီးနောက် သေလုဆဲဆဲ မြင်းကို အရှင်လို သဘောထားပြီး ကုသကြည့်ရန်သာ ရှိတော့သည်။

“အဲဒီဆေးကို ကျုပ် လုပ်နိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စ မအောင်မြင်မချင်း ဘယ်သူ့ကိုမှ မပြောနဲ့။ ပြီးတော့ ဆေးလုပ်ဖို့ အချိန်လိုတယ်။ မင်းသမီး အဲဒီအချိန်အထိ တောင့်ခံနိုင်မလား ဆိုတာကတော့ ကံတရားပဲ...”

လီယွမ်ကျောက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ “ကောင်းပြီ။ ကောင်းပြီ ဖန်ကြီး။ ဘယ်လိုလုပ်ရမလဲ ပြော။ ကျုပ် လူရှာပြီး ကူညီပေးမယ်။”

...

သူတို့နှစ်ယောက် သဘောတူညီမှု ရသွားပြီးနောက် အရှေ့နန်းဆောင်သို့ ချက်ချင်း ပြန်လာခဲ့ကြကာ လျိုကျင်းကို လိမ္မော်သီး ခြင်းတောင်းအချို့ ရှာခိုင်းလိုက်သည်။

(ဟေးလုံထိုင်မှအရိပ်လူ ဝတ္တုထဲတွင် ဖရဲသီးနှင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ယခု စာအုပ်နှင့် မူရင်း စာရေးဆရာ မတူသလို၊ ဇာတ်လမ်းဇာတ်ကွက်လည်း မတူပါ။)

လိမ္မော်သီးအားလုံးကို မှောင်မိုက်သော နေရာတွင် ထားပြီး မှိုတက်စေရန် ထားရှိရာ ရက်အနည်းငယ် အတွင်းတွင် လိမ္မော်သီး အခွံပေါ်တွင် မှိုများ စတင် ပေါက်ဖွားလာ၏။

ထို့နောက် ဖန်ကျန်းရီက ဆန်နှင့် ပိန်းဥများကို ပြုတ်ကာ အရည်ကျို၍ မွေးမြူရေးအရည်ကို အကြမ်းဖျင်း ပြုလုပ်လိုက်သည်။ (မှို/ဘက်တီးရီးယားကို မွေးပြီး ဆေးဓာတ် ထုတ်ယူဖို့ အသုံးပြုတဲ့ အာဟာရရည်)

နောက်ဆုံးတွင် လိမ္မော်သီးခွံပေါ်ရှိ မှိုများထဲမှ အစိမ်းဆုံး မှိုများကို ရွေးချယ်ကာ မွေးမြူရေးအရည်ပေါ်သို့ ချ၏။

တစ်ပတ်ခန့် ကြာပြီးနောက် မွေးမြူရေးအရည် ပြီးစီးလုနီးပါးဖြစ်သွားသည်မို့ ဟင်းသီးဟင်းရွက်ဆီ ထည့်၍ မွှေလိုက်သည်။

ပင်နီဆီလင်က ရေတွင် ပျော်ဝင်နိုင်သော အရာဖြစ်သောကြောင့် ဤအဆင့်က ဆက်လက် သန့်စင်ရန် ဖြစ်၏။

ထို့နောက် ကာဗွန်မှုန့် ထည့်ကာ ဆက်လက် မွှေ၍ သန့်စင်လိုက်သည်။

နောက်အဆင့်များကိုတော့ ဖန်ကျန်းရီက အက်ဆစ်ရေနှင့် အယ်ကာလီရေများ အသုံးပြု၍ ပင်နီဆီလင်ကို ထပ်မံ သန့်စင်ရမည်ဟု အကြမ်းဖျင်း မှတ်မိနေ၏။

အက်ဆစ်ရည်ကို မည်သို့လုပ်ရမည်နည်း မသိသောကြောင့် ရှာလကာရည်ကိုသာ တိုက်ရိုက် သုံးလိုက်ရပြီး အယ်ကာလီကတော့ နန်းတွင်းမီးဖိုချောင်တွင် အများကြီး ရှိသည်။ သန့်စင်မှု အတိုင်းအတာကိုတော့ လုံးဝ အာမ,မခံနိုင်ပေ။

ကြားထဲတွင် အဆင့်အနည်းငယ် ခွဲ၍ စစ်ထုတ်ရမည် ဖြစ်သော်လည်း စစ်ထုတ်စက္ကူ မရှိသောကြောင့် ဖန်ကျန်းရီက အိမ်မှ တောက်ယွမ်ခရိုင်ထုတ် အိမ်သာသုံးစက္ကူကို ယူလာခဲ့ရ၏။

တောက်ယွမ်ခရိုင်ရုံးတော် အထူးသုံး အိမ်သာသုံးစက္ကူမှာ ခိုင်ခံ့ပြီး နူးညံ့ကာ လေဝင်လေထွက်နှင့် ရေစိမ့်ဝင်မှု ကောင်းမွန်သည်။ သိပ်သည်းဆလည်း မြင့်မားသောကြောင့် သာမန် စက္ကူများထက် အများကြီး ပိုကောင်း၏။ ပိုးသတ်သည့် နည်းလမ်း မရှိသောကြောင့် အိမ်သာသုံးစက္ကူများကို နေပူထဲတွင် လှန်းကာ ပိုးသတ်လိုက်သည်။

ဆေးထိုးအပ်ကိုလည်း ပန်းထိမ်ဆရာကို လက်ဖြင့် လုပ်ခိုင်းပြီး ရော်ဘာဆို့ နေရာတွင် တိရစ္ဆာန် အကြောများကို အစားထိုး အသုံးပြုလိုက်၏။

စမ်းသပ်မှုများ အားလုံး စနစ်တကျ လုပ်ဆောင်နေပြီး ဖန်ကျန်းရီ၏ ယုံကြည်မှုများကလည်း စမ်းသပ်မှု တစ်ကြိမ်ပြီး တစ်ကြိမ်တိုင်းတွင် တိုးတက်လာခဲ့သည်။

လုံခြုံမှုနှင့် တိကျမှု ရှိစေရန် ဖန်ကျန်းရီက သေချာမသိသော စမ်းသပ်မှု အစီအစဉ်များကို ပြောင်းလဲခဲ့ပြီး စမ်းသပ်သည့် ကိရိယာအားလုံးကို ရေနွေးဖြင့် ပြုတ်ကာ အက်ဆစ်နှင့် အယ်ကာလီရေ အချိုးအစားကိုလည်း အုပ်စုများခွဲ၍ ချိန်ညှိခဲ့သည်။ နောက်ဆုံးတွင် စမ်းသပ်မှု အုပ်စု နှစ်ဆယ့်ခုနစ်ခု အထိ ပြုလုပ်ခဲ့၏။

အိမ်ရှေ့စံမင်းသားမှာမူ အချိန်အနည်းငယ်သာ ပါဝင်နိုင်ခဲ့သည်။ အကြောင်းမှာ မကြာခဏ ကျောင်းပြေးသောကြောင့် ယန်ကော်အန်းနှင့် ကျင်းဘုရင်တို့၏ အပြင်းအထန် ဆူပူမှုကို ခံခဲ့ရသောကြောင့်ပင်။

ဖန်ကျန်းရီလည်း အတူတူ အဆူခံခဲ့ရသော်လည်း တခြားသူများက သူတို့နှစ်ယောက်၏ စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်ရန် မတားဆီးနိုင်ခဲ့ပေ။

ပင်နီဆီလင် ပြုလုပ်နေစဉ်အတွင်း မင်းသမီးက အကြောင်းပြချက်မရှိဘဲ ထပ်မံ ဖျားနာခဲ့သေးသော်လည်း ကံကောင်းစွာဖြင့် ထပ်မံ ကျော်ဖြတ်နိုင်ခဲ့သည်။

နောက်ဆုံးတော့ တစ်လခွဲခန့် အကြာတွင် စမ်းသပ်မှုအုပ်စု အားလုံး၏ ပင်နီဆီလင်များကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဖန်ကျန်းရီကလည်း စမ်းသပ်မှု လုပ်ငန်းစဉ်များကို အသေးစိတ် မှတ်တမ်းတင်ထားသော ထူထဲသည့် မှတ်စုစာအုပ် တစ်အုပ်ကို ရေးသားနိုင်ခဲ့၏။

စားပွဲပေါ်ရှိ အဖုံးပါသော ငွေပန်းကန်လုံး နှစ်ဆယ့်ခုနစ်လုံးကို ကြည့်ကာ တစ်လုံးစီတွင် ပင်နီဆီလင် တစ်ခုစီ ပါရှိနေကြောင်း မြင်ရသောကြောင့် ဖန်ကျန်းရီ၏ စိတ်ထဲတွင် ဂုဏ်ယူမှုများ ဖြစ်ပေါ်လာသည်။

ဝိညာဉ်ကူးပြောင်း ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် ကိုယ်တိုင် စမ်းသပ်မှု လုပ်သည်က လူသားသမိုင်းတွင် ကြီးမားသော ခြေလှမ်းတစ်ရပ် လှမ်းနိုင်ခဲ့ခြင်းပင်။

လီယွမ်ကျောက်က ထိုငွေပန်းကန်လုံးများကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်လာ၏။

ဤကဲ့သို့သော ကုသမှုနည်းလမ်းမျိုးကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။ သို့သော်လည်း ဖန်ကြီးသည် ထူးခြားဆန်းပြားသော လူတစ်ယောက် မဟုတ်ပါလား။ သူ ဤသို့ ပြုလုပ်ခြင်းမှာ သေချာပေါက် အကြောင်းပြချက်တစ်ခုခု ရှိပေလိမ့်မည်။

သူ့ကို ယုံကြည်ရမည်...။ ငါ သူ့ကို မဖြစ်မနေ ယုံကြည်ရမည်...။

“ဖန်ကြီး ကျုပ်တို့ ဆက်ပြီး ဘာလုပ်ရမလဲ။”

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ “ဒီဆေးက ရောဂါကုနိုင်မလား ဆိုတာကို ခဏထားလိုက်အုံး။ ကျုပ်တို့ အခု အရေးတကြီး လုပ်ရမှာက ပင်နီဆီလင်ရဲ့ လုံခြုံမှုကို စမ်းသပ်ဖို့ပဲ။ ကျုပ် သေဒဏ်ကျ အကျဉ်းသား တချို့ လိုတယ်။ ဒါကို အိမ်ရှေ့စံမင်းသားဆီ လွှဲပေးလိုက်မယ်။”

လီယွမ်ကျောက်က ဝမ်းသာအားရ သဘောတူလိုက်သည်။

သူ ဘာနည်းလမ်း သုံးလိုက်သည် မသိပေ။ နောက်တစ်နေ့ မနက်ပိုင်းတွင် သေဒဏ်ကျ အကျဉ်းသားများ၏ အမည်စာရင်း အထူကြီး တစ်အုပ်က ဖန်ကျန်းရီ၏ လက်ထဲသို့ ရောက်လာ၏။

ဖန်ကျန်းရီက အမည်စာရင်းကို ဖတ်ရင်း မျက်နှာက ပို၍ မည်းမှောင်လာသည်။

အမည်စာရင်းတစ်ခုစီ၏ နောက်တွင် အကျဉ်းသားများ ကျူးလွန်ခဲ့သော ပြစ်မှုများကို အသေးစိတ် မှတ်တမ်းတင ထား၏။ လူသတ်၊ မီးရှို့၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း စသည်တို့က ၎င်းတို့အထဲတွင် အသေးအမွှားလေးများသာ ဖြစ်ပြီး လူသားစားခြင်းကို နှစ်သက်သူ၊ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ဝါသနာပါသူများပင် အများအပြား ပါဝင်နေ၏။

အစက စမ်းသပ်ရန် လူနှစ်ဆယ့်ခုနစ်ယောက် ရွေးချယ်ရန် သတ်မှတ်ထားသော်လည်း ဖန်ကျန်းရီက ရွေးချယ်ရင်းဖြင့် လူလေးဆယ်ကျော်အထိ ရွေးချယ်မိသွားသည်။

အစပိုင်းတွင်မူ အစီအစဉ်ကို ဖျက်သိမ်းပစ်ရန် စိတ်ကူးခဲ့သော်လည်း လူတစ်ဦးနှင့်တစ်ဦး၏ ကွာခြားချက်များကို ပြန်လည်သုံးသပ်ကြည့်ရာတွင် လူဦးရေများများဖြင့် စမ်းသပ်ခြင်းကသာ ပိုမိုတိကျသော ရလဒ်များကို ရရှိစေမည်ဟု ယူဆမိသည်။

မင်းသမီးအတွက် အချိန်မှာ အလွန်တရာ နည်းပါးနေခဲ့သည်။ ဤတစ်ကြိမ်တွင် သေချာပေါက် အောင်မြင်မှု ရရှိရပေမည်။ မည်သည့်နည်းနှင့်မှ ရှုံးနိမ့်၍ မဖြစ်တော့ပေ။ ထို့ကြောင့် နောက်ထပ် လူအနည်းငယ် ထပ်ရွေးကာ လူငါးဆယ့်လေးယောက် ပြည့်အောင် ဖြည့်လိုက်သည်။

နောက်ထပ် သုံးရက်အကြာတွင် မြို့တော်အတွင်းရှိ မြေအောက်အကျဉ်းထောင် တစ်ခုသို့ ရောက်ရှိလာ၏။

၎င်းကို ကြီးမားသော '日' ပုံစံ အကျဉ်းခန်းအဖြစ် ပြောင်းလဲထားသည်။ မြေအောက်အကျဉ်းထောင်အတွင်း ဆီမီးခွက်များ အနှံ့အပြား ထွန်းထားသော်လည်း အနည်းငယ် မှောင်မိုက်နေဆဲ ဖြစ်သည်။

အလယ်တွင် အဝတ်စဖြင့် ကာရံထား၏။ အကျဉ်းသားများ၏ ခန္ဓာကိုယ်များသည် ညစ်ပတ်နေပြီး နှာချေခြင်း၊ အသက်ရှူခြင်းများမှ တစ်ဆင့် ဘက်တီးရီးယားများ ပြန့်ပွားကာ စမ်းသပ်မည့် ပစ္စည်းများကို ညစ်ညမ်းစေမည်ကို ဖန်ကျန်းရီက ကြောက်ရွံ့သောကြောင့် ဖြစ်၏။

အိမ်ရှေ့စံမင်းသားမှာ ကျောင်းပြေး၍ အဖမ်းခံရသောကြောင့် ယနေ့တွင် ဖန်ကျန်းရီ တစ်ယောက်တည်းသာ ဤနေရာ၌ စမ်းသပ်မှု ပြုလုပ်နေရသည်။

အစောင့်ဆယ်ယောက်ကျော်က ဖန်ကျန်းရီကို ဝိုင်းရံစောင့်ကြပ်နေကြသည်။ သူ၏ရှေ့တွင် စားပွဲကြီးတစ်လုံး ရှိပြီး ထိုအပေါ်တွင် ငွေပန်းကန်လုံး နှစ်ဆယ့်ခုနစ်လုံးကို တင်ထား၏။

ဖန်ကျန်းရီက တိတ်ဆိတ်စွာဖြင့် ငွေပန်းကန်လုံး နှစ်ဆယ့်ခုနစ်လုံးထဲမှ ပင်နီဆီလင်များကို နံပါတ်စဉ် တပ်ထားသော ငွေဆေးထိုးအပ်များထဲသို့ တိတ်တဆိတ် စုပ်ယူလိုက်သည်။

ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားချိန်မှာတော့ မြေအောက်အကျဉ်းထောင် အလယ်ရှိ အဝတ်စကို ဖြည်းညင်းစွာ ဆွဲဖွင့်လိုက်၏။

သေဒဏ်ကျ အကျဉ်းသား ငါးဆယ်ကျော်က အကျဉ်းခန်း တံခါးမှတစ်ဆင့် သူတို့ရှေ့ရှိ လူငယ်လေးကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေကြသည်။ ဤကဲ့သို့ ထူးဆန်းသော အတွေ့အကြုံမျိုးက သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ဖန်ကျန်းရီက ဖြည်းညင်းစွာ ပြောလိုက်၏။ “အားလုံး မကြောက်ကြပါနဲ့။ ဒီနေ့ အားလုံးကို ဒီနေရာ စုခေါ်လိုက်တာက ကျုပ်တို့ ကျင်းတိုင်းပြည်က စစ်သည်တွေအတွက် ဆေးအသစ် တစ်မျိုးကို စမ်းသပ် သုံးစွဲပေးဖို့ပဲ။

ဒီဆေးက အဆိပ်ပေါင်းစုံကို ဖြေနိုင်တယ်။ လုံခြုံမှုကလည်း အရမ်းမြင့်မားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ သုံးပြီးသွားရင် ခံစားချက်ကို ပြန်ပြောပြဖို့တော့ လိုတယ်။ ဒီနေ့ စမ်းသပ်မှုမှာ ပါဝင်ရတဲ့ ကံကောင်းတဲ့ အကျဉ်းသားတွေကို တစ်ယောက်ကို ငွေပြား နှစ်ဆယ်စီ ဆုချပါ့မယ်။ ဆောင်းဦးပေါက်ရင် ပေးပါ့မယ်။

စမ်းသပ်မှု အောင်မြင်သွားရင် ကျုပ်က ခင်ဗျားတို့ရဲ့ သေဒဏ်ကို တစ်သက်တစ်ကျွန်း ပြောင်းပေးဖို့ ရုံးတော်ကို လျှောက်တင်ပေးပါ့မယ်။ ကဲ ကျုပ် ပြောစရာရှိတာ ကုန်ပြီ။ ဘယ်သူ သဘောတူလဲ။ ဘယ်သူ ကန့်ကွက်လဲ။”

ဖန်ကျန်းရီ၏ စကားဆုံးသည်နှင့် ဘေးရှိ အစောင့်များ အားလုံးက ဓားရိုးပေါ်သို့ လက်တင်လိုက်ကြ၏။

“ငါ ကန့်ကွက်တယ်။ မင်းက ငါတို့ကို သတ်ချင်နေတာ မဟုတ်လား။ သတ္တိရှိရင် မြန်မြန်သတ်လိုက်လေ။”

“ပါးရိုက်စမ်း။”

အစောင့်တစ်ယောက်က ရှေ့သို့ တိုးလာကာ အကျဉ်းခန်း တံခါးကို ဖွင့်ပြီး အကျဉ်းသား၏ ပါးကို ဖြန်းခနဲ နှစ်ချက် ရိုက်လိုက်သည်။

အကျဉ်းသားက ချက်ချင်း ကြောက်လန့်သွားကာ နံရံထောင့်သို့ ကပ်သွား၏။

ကျန်အကျဉ်းသားများ အားလုံးကလည်း အချင်းချင်း ကြည့်လိုက်ကြသည်။

တစ်သက်လုံး သူတစ်ပါးကို ရမ်းကားလာခဲ့သမျှ ယခုမူ တကယ့်လူရမ်းကားအစစ်နှင့် တိုးနေလေသည်။

ဆေးညွှန်းမှာ ပြဿနာရှိနေသည်မှာ အမှန်ပင်။ ၎င်းအပြင် ဆောင်းဦးပေါက် ရောက်မှသာ ဆုလာဘ်ချီးမြှင့်မည်ဟူသော စကားကို အဘယ်သို့သော စိတ်ကူးဖြင့် ပြောထွက်ရဲသနည်း။

တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရခြင်းထက်စာလျှင် စောစောစီးစီး သေပွဲဝင်လိုက်ရခြင်းကပင် ပို၍ ကောင်းဦးမည်။

ဘယ်သူမှ မကန့်ကွက်သည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ အလွန်ကျေနပ်သွား၏။

“ကောင်းပြီ။ ဒါဆိုရင် စမ်းသပ်မှုကို စမယ်။ သွား နှစ်ယောက် တစ်တွဲလုပ်ပြီး တစ်ဖွဲ့ချင်းစီ ခေါ်ထုတ်လာခဲ့။”

အစောင့်များက အကျဉ်းခန်းတံခါးကို ဖွင့်ကာ သေဒဏ်ကျ အကျဉ်းသား နှစ်ယောက်ကို ခေါ်ထုတ်လာခဲ့သည်။ ထို့နောက် လူအနည်းငယ်က ရှေ့တိုးလာကာ လူတစ်ယောက်ကို ထိုင်ခုံပေါ်တွင် ဖိထားလိုက်ပြီး ဖန်ကျန်းရီက ဆေးထိုးအပ်ကို ယူကာ သေဒဏ်ကျ အကျဉ်းသား၏ သွေးကြောထဲသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်သည်။

ပထမဆုံးအကြိမ် လူကို ဆေးထိုးရသောကြောင့် ဖန်ကျန်းရီ၏ နဖူးမှ ချွေးစေးများ ထွက်လာသည်။ ကံကောင်းစွာဖြင့် အလျင်အမြန် ပြီးဆုံးသွား၏။

ဒုတိယ အကျဉ်းသားကိုတော့ စားပွဲပေါ်တွင် ဖိထားပြီး ဘောင်းဘီချွတ်ကာ တင်ပါးကို ဆေးတစ်လုံး ထိုးလိုက်သည်။ ဤကိစ္စကတော့ အတော်လေး လွယ်ကူသည်။

သေဒဏ်ကျ အကျဉ်းသား နှစ်ယောက်ကို ဆေးထိုးပြီးနောက် လက်မောင်းတွင် နံပါတ်ကပ်ကာ ပြန်လွှတ် လိုက်၏။

မကြာမီမှာပင် လူငါးဆယ်ကျော်ကို ထိုနည်းအတိုင်း အားလုံး ဆေးထိုးပြီးသွားသည်။

...

တစ်နာရီခန့် အကြာတွင် လီယွမ်ကျောက်က အစောင့် အဝတ်အစားကို ဝတ်ဆင်ကာ မြေအောက် အကျဉ်းထောင်ထဲသို့ အော်ဟစ်လျက် ပြေးဝင်လာသည်။

“ဖန်ကြီး … ဖန်ကြီး ….. အဲဒီ သေဒဏ်ကျ အကျဉ်းသားတွေ ဘယ်လိုနေလဲ။ အောင်မြင်သွားပြီလား။”

လီယွမ်ကျောက်၏ စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်နေ၏။ ညီမလေး၏ အသက်ရှင်သန်ခြင်းက သူ့အပေါ် မူတည်လို့နေ၏။

ဖန်ကျန်းရီက အဝတ်စဘက်သို့ မျက်နှာမူကာ ရပ်နေပြီး လီယွမ်ကျောက်၏ အော်သံကို ကြားချိန်မှာတော့ နောက်လှည့်ကြည့်သည်။

မြေအောက်အကျဉ်းထောင်ထဲရှိ ဖယောင်းတိုင်မီးများက အဆက်မပြတ် လင်းလက်နေပြီး ပြောင်းလဲနေသော အလင်းနှင့် အရိပ်များက ဖန်ကျန်းရီ၏ ထောင့်ကျိုးနေသော မျက်နှာပေါ်သို့ ကျရောက်နေကာ လျှို့ဝှက် ဆန်းကြယ်ပုံ ပေါက်နေ၏။

လီယွမ်ကျောက်၏ မျှော်လင့်နေသော အကြည့်များကို ရင်ဆိုင်ရင်း ဖန်ကျန်းရီက ဖြည်းညင်းစွာ လှည့်လာသည်။ သူ၏ အသံတွင် ကြီးမားသော စိတ်ပျက်မှုနှင့် ဝမ်းနည်းမှု တစ်စွန်းတစ်စ ပါဝင်နေသည်။

“အကုန်သေသွားပြီ။”

“…….”

အပိုင်း (၇၂) မင်းသမီးကို ကယ်လို့ရပြီလား

“ဘာ …. အကုန်သေသွားပြီ ဟုတ်လား။ ဖန်ကြီး …. ကျုပ်ကို မလိမ်နဲ့နော်။” လီယွမ်ကျောက်က သူ၏ နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားသည်။

ထိုကုန်ကြမ်းပစ္စည်းများအားလုံးကို သူကိုယ်တိုင် အသေးစိတ် စစ်ဆေးကြည့်ရှုခဲ့သည် မဟုတ်ပါလော။ ၎င်းတို့မှာ အဆိပ်အတောက်များလည်း မဟုတ်ပါဘဲနှင့် မည်သို့သော အကြောင်းကြောင့် လူငါးဆယ်ကျော်လုံးလုံး တစ်ပြိုင်နက်တည်း အသက်ဆုံးပါးသွားရသနည်း။

ဖန်ကျန်းရီက ဘာမှမပြောဘဲ တိတ်ဆိတ်စွာ လှည့်ကာ နောက်ရှိ အဝတ်စကို အားကုန်ဆွဲဖယ်လိုက်၏။

အကျဉ်းခန်းထဲတွင် အလောင်းငါးဆယ်ကျော်က ရှုပ်ယှက်ခတ်စွာ လဲလျောင်းနေကြသည်။

ဘေးရှိ အစောင့်များက ဤကြောက်မက်ဖွယ် မြင်ကွင်းကို ထပ်မံမြင်တွေ့လိုက်ရသောကြောင့် ခြေထောက်များ အဆက်မပြတ် တုန်ရီလာကြ၏။

အရမ်းကြောက်စရာကောင်းတယ်။ အရမ်းကြောက်စရာကောင်းတယ်။

မျက်စိရှေ့က ဒီလူငယ်လေးက လူမှ မဟုတ်တာ။ မျက်နှာတစ်ချက် မပျက်ဘဲ လူငါးဆယ်ကျော်ကို အဆိပ်ခတ် သတ်လိုက်တာပဲ။

အဲဒီ သေဒဏ်ကျ အကျဉ်းသားတွေ ဆေးထိုးပြီးတာနဲ့ တချို့က နာတယ်ဆိုပြီး အဆက်မပြတ် အော်ဟစ်နေကြတယ်။ တချို့က တစ်ကိုယ်လုံး တုန်ယင်နေကြတယ်။ တချို့ကလည်း နေရာအနှံ့ အန်ချနေကြတယ်... အကုန်လုံးက အရမ်း ရက်စက်တဲ့ ပုံစံနဲ့ သေသွားကြတာပဲ။

ပြီးသွားတော့ သူက အလောင်းတွေကို အဆက်မပြတ် လိုက်လှန်ကြည့်သေးတယ်။ အလောင်းတွေရဲ့ ရင်ဘတ်ကို ဖိလိုက် နင်းလိုက် လုပ်သေးတယ်။ တချို့ဆို ပြားကပ်သွားတဲ့အထိ ဖိချခံရတယ်။

စစ်မြေပြင်မှာတောင် ဒီလောက် ဆိုးသွမ်းတဲ့ လုပ်ရပ်မျိုး သူတို့ တစ်ခါမှ မမြင်ဖူးဘူး။

သူက လူမဟုတ်ဘူး။ မိစ္ဆာပဲ။

အိမ်ရှေ့စံမင်းသား မလာခင်တုန်းက သူတို့ အရမ်း ကြောက်လန့်နေခဲ့ကြသည်။ ယခု အိမ်ရှေ့စံမင်းသား ရောက်လာချိန်မှာတော့ လူတိုင်းက လုံခြုံသွားပြီလို့ ခံစားလိုက်ရသည်။

သို့ပေမည့် စိတ်ထဲမှာ တင်းခံထားသော ကြိုးက ပြတ်သွားပြီ ဖြစ်ပြီး အစောင့်တော်တော်များများ မျက်ရည်တွေ၊ ချွေးစေးတွေ ပြိုင်တူ ကျလာကြ၏။

အစောင့်အတု ဝင်လုပ်နေသူ တချို့ဆိုလျှင် သေးတောင် ပေါက်ချမိသွားကြသည်။

လေထုထဲရှိ ဝိုးတဝါး သေးနံ့လေးနှင့်အတူ ဖန်ကျန်းရီ၏ စိတ်ထဲမှ ဝမ်းနည်းမှုက ပိုမို ကြီးမားလာ၏။

လီယွမ်ကျောက်က မြေကြီးပေါ်တွင် ခွေခွေလေး ထိုင်ချလိုက်ပြီး မျက်ရည်ဝဲကာ တတွတ်တွတ် ရေရွတ်နေသည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျုပ်တို့ တစ်လခွဲလုံးလုံး ကြိုးစားခဲ့တာ... တကယ်ပဲ ကယ်လို့ မရတော့ဘူးလား...”

ဖန်ကျန်းရီက လီယွမ်ကျောက်ကို အလျင်အမြန် တွဲထူလိုက်၏။ “အိမ်ရှေ့စံမင်းသား... အရင်ဆုံး နန်းတော် ပြန်ကြရအောင်။ ရောက်မှ ဆက်ပြောကြတာပေါ့။”

လီယွမ်ကျောက်က ခေါင်းညိတ်လိုက်ပြီး ယိုင်တိယိုင်တိုင် ထကာဖြင့် ရှေ့မှ ထွက်သွားသည်။ သူ၏ ကျောပြင်က အလွန် အထီးကျန်နေပုံရသည်။

ဖန်ကျန်းရီက အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး ခါးသက်စွာ ပြုံးလိုက်မိ၏။

ငါ ဖန်ကျန်းရီ... တကယ့်ကို ခက်ခဲခဲ့တာပဲ...

အစောင့်များအားလုံး၏ စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။ ပြုံးတယ်။ သူ ပြုံးတယ်။ ဒီအလောင်းတွေကို နှိပ်စက်တဲ့ မိစ္ဆာက လူငါးဆယ်ကျော်ကို သတ်တယ်။ ပြီးတော့ အလောင်းတွေကို ကြည့်ပြီး ပြုံးနေတယ်... အမလေး … ငါ အိမ်ပြန်ချင်တယ်။

ဖန်ကျန်းရီက ကြမ်းပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ စိတ်ထဲတွင် တွေးနေမိသည်။ သူ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်။ အားနည်းချက်တွေ ရှိနေခြင်းလား။

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လှည့်ကာ မြေအောက်အကျဉ်းထောင်ထဲမှ ထွက်လာခဲ့၏။

ယနေ့မှစ၍ မြို့တော်အတွင်း၌ ညအခါ ငိုကြွေးနေသော ကလေးငယ်တို့ကိုပင် ချက်ချင်း တိတ်ဆိတ်သွားစေနိုင်သည့် "မြေအောက်အကျဉ်းထောင်မှ အဆိပ်ဘုရင်" ဟူသော ဒဏ္ဍာရီတစ်ခုသည် နှစ်ပေါင်း ရာစုချီတိုင်အောင် ပျံ့နှံ့ကျော်ကြားခဲ့သည်။ ထိုဒဏ္ဍာရီမှာ ကာလရွေ့လျားသော်ငြားလည်း မှေးမှိန်ကွယ်ပျောက်သွားခြင်း မရှိဘဲ လူတို့၏ ပါးစပ်ဖျားတွင် အမြဲတစေ ဆန်းသစ်ရှင်သန်နေခဲ့လေတော့သည်။

...

နောက်ထပ် နှစ်ရက်အကြာတွင် မင်းသမီး ထပ်မံ ဖျားနာပြန်သည်။

လီယွမ်ကျောက်ဘက်တွင်လည်း အခြေအနေ သိပ်မကောင်းပေ။ ပဉ္စမမင်းသမီးကို အမြဲ စိတ်ပူနေရသောကြောင့် တစ်နေ့လုံး စိတ်မလုံမခြုံ ဖြစ်နေ၏။

ဖန်ကျန်းရီလည်း အလွန် စိတ်ပျက်နေရသည်။

မင်းသမီး သေဆုံးသွားမှာကို နှမြောပေမဲ့လည်း ပင်နီဆီလင်ဆိုသည်က လက်ရှိနည်းပညာနှင့် အခြေအနေအရ တကယ်ကို လုပ်၍မရသော ကိစ္စဖြစ်နေ၏။

သို့ရာတွင် အိမ်ရှေ့စံမင်းသားမှာ တစ်နေ့တာပတ်လုံး စိတ်လေလွင့် တွေဝေနေပြီး ပြောသမျှ စကားတို့ကိုလည်း နားဝင်ခြင်း မရှိတော့ရာ သင်ကြားမှုအလုပ်ကို ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ချေ။ ဤသို့ဆိုလျှင် ဆရာတစ်ဦး၏ ရှိသင့်ရှိထိုက်သော ဂုဏ်သိက္ခာမှာ အဘယ်မှာ ရှိတော့မည်နည်း။

ဖန်ကျန်းရီ နောက်ဆုံးတွင် ထိုင်မနေနိုင်တော့ဘဲ သမားတော်ဟူကို ထပ်သွားမေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် လျိုကျင်းကို ခေါ်လိုက်၏။

“လျိုကျင်း … သွားပြီး သမားတော်ရုံးက သမားတော်ဟူကို ခေါ်လာခဲ့။ ကျုပ် သူ့ကို မေးစရာ ရှိတယ်။”

လျိုကျင်းလည်း ဤရက်ပိုင်း စိတ်မလုံမခြုံ ဖြစ်နေပြီး ဖန်ကျန်းရီက သူ၏ ပစ္စည်းလေး ပြန်ပေါက်လာအောင် လုပ်ပေးမည့် ရက်ကိုသာ မျှော်လင့်နေ၏။ ထို့ကြောင့် သူက တက်ကြွစွာ ပြောလိုက်သည်။ “သမားတော်ဟူက ဒီရက်ပိုင်း နေ့တိုင်း မင်လွမ်နန်းဆောင်ကို သွားပြီး မင်းသမီးကို ဆေးကုပေးနေတယ်လို့ ကြားတယ်။ ဒါမှမဟုတ်... ကျုပ် ဆရာကြီးကို မင်လွမ်နန်းဆောင်ကို ခေါ်သွားပေးရမလား။”

ဖန်ကျန်းရီက တစ်ချက်ကြည့်လိုက်ရာ လီယွမ်ကျောက်က စစ်တုရင်ခုံရှေ့တွင် ထိုင်ကာ ခုံကိုသာ ငေးမော ကြည့်နေကြောင်း မြင်လိုက်ရ၏။

ပုံစံကို ကြည့်ရသည်မှာ သူနှင့် လိုက်လာနိုင်မည့်ပုံ မပေါ်ချေ။ ထိုသို့ဆိုလျှင် သူ့ဘာသာ စွန့်စားရပေတော့မည်။

ပြောပြီးသည်နှင့် ဖန်ကျန်းရီက လျိုကျင်းနောက်မှ လိုက်ကာ မင်လွမ်နန်းဆောင်ထဲသို့ တိတ်တဆိတ် ဝင်သွားလေ၏။

ကံကောင်းထောက်မစွာဖြင့် နန်းဆောင်ထဲရှိ အစေခံများနှင့် မိန်းမစိုးများက ဖန်ကျန်းရီကို မြင်ဖူးထားသောကြောင့် များစွာ မတားဆီးကြပေ။

ဝင်လာပြီး လိုက်ရှာကြည့်သော်လည်း သမားတော်ကို မတွေ့ရချေ။

ဖန်ကျန်းရီက အစေခံမလေး တစ်ယောက်ကို မေးလိုက်သည်။ “မင်းသမီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”

အစေခံမလေးက ရိုးရိုးသားသား ပြန်ဖြေ၏။ “လူကြီးမင်း မင်းသမီး မနေ့က ဖျားသွားပြီး အခု အခြေအနေ သိပ်မကောင်းပါဘူး။ သတိမရသေးပါဘူး...”

“ဒီလထဲမှာ သုံးကြိမ် ဖျားပြီးပါပြီ... အဆိုးဆုံးကတော့ ပထမအကြိမ်ပါပဲ။”

ဟင်။

ဖန်ကျန်းရီက တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်သည်။ ယခင်က စမ်းသပ်မှုတွေ လုပ်နေသောကြောင့် သူ အလုပ်ရှုပ်ခဲ့သည်။ ထို့ကြောင့် ဤကိစ္စကို သတိမထားမိပေ။

အကယ်၍ မင်းသမီး၌ ဖြစ်ပွားနေသော ဝေဒနာမှာ အဆုတ်ရောင်ရောဂါသာ ဆိုပါက ဤမျှ ရုတ်ခြည်း ပြင်းထန်လာစရာ အကြောင်းမရှိပေ။ တစ်ကျော့ပြန်၍ ခဏခဏ ပြန်လည်ဖြစ်ပွားတတ်သည်ဟူသော အဆိုမျိုးကိုလည်း တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။ ထို့ပြင် ရောဂါဝေဒနာ ပေါ်ပေါက်လာတိုင်းတွင်လည်း သတိလစ်မေ့မြောသွားရသည့်အထိ စိုးရိမ်ရလောက်အောင် ပြင်းထန်လွန်းနေသည်မှာ အမှန်ပင် ဖြစ်သည်။

ဖန်ကျန်းရီက အလျင်အမြန် မေးလိုက်၏။ “ဒါဆို မင်းသမီး ဖျားတာက ရာသီဥတုနဲ့ ပတ်သက်မှု ရှိလား။ ဘယ်ရာသီမှာ ပိုဆိုးလဲ။”

“အင်း ရှိပါတယ်။ ဆောင်းတွင်းဆို သက်သာပါတယ်။ ပြီးတော့ ဒီနှစ် ဆောင်းတွင်းမှာ မဖျားပါဘူး။ နွေရာသီကျမှ ပိုဆိုးလာတာပါ။”

ဖန်ကျန်းရီက တစ်ခုခုကို ဆုပ်ကိုင်မိသွားသလို ခံစားလိုက်ရ၏။ သူက ဆက်မေးလိုက်သည်။ “ဒါဆို ပြီးခဲ့တဲ့အကြိမ်က မင်းသမီး ဘယ်မှာ ဖျားတာလဲ။”

“ဒီမှာပဲလေ။” အစေခံမလေးက နားမလည်စွာဖြင့် ပြန်ဖြေလိုက်၏။

“သေချာပြောစမ်း။”

“အနောက်ဘက် ပန်းခြံထဲမှာပါ။”

“ငါ့ကို အနောက်ဘက် ပန်းခြံကို ခေါ်သွားပေး။” ဖန်ကျန်းရီ၏ မျက်နှာတွင် ဝမ်းသာသော အမူအရာများ ပေါ်လာသည်။ ကြည့်ရသည်မှာ မင်းသမီး၏ ရောဂါက အနောက်ဘက် ပန်းခြံနှင့် ပတ်သက်နေနိုင်သည်။

အစေခံမလေးက ကမန်းကတန်း ဒူးထောက်ကာ ငြင်းလိုက်၏။ “လူကြီးမင်း …. အနောက်ဘက် ပန်းခြံက မင်းသမီးရဲ့ သီးသန့် နေရာပါ... လူကြီးမင်း ဝင်လို့မရပါဘူး။”

နှစ်ဆယ်တန် ငွေစက္ကူ တစ်ရွက်က အစေခံမလေးရှေ့သို့ လွင့်ကျလာသည်။

အစေခံမလေးက ငွေစက္ကူကို ကောက်ယူကာ ခေါင်းမော့ကြည့်လိုက်ရာ ဖန်ကျန်းရီ၏ အပြုံးမျက်နှာကို မြင်လိုက်ရ၏။

“ဝင်လို့ ရပြီလား။”

အစေခံမလေးက ရိုးရိုးသားသားဖြင့် ငွေစက္ကူကို ကြမ်းပြင်ပေါ် ပြန်ချထားကာ ခေါင်းခါလိုက်သည်။ “လူကြီးမင်း အဲဒီလို မလုပ်ပါနဲ့... တကယ် မရပါဘူး။ တခြားလူတွေ သိသွားရင် ကျွန်မ ခေါင်းဖြတ်ခံရလိမ့်မယ်။”

နောက်ထပ် နှစ်ဆယ်တန် ငွေစက္ကူ တစ်ရွက် ထပ်ကျလာပြန်သည်။

“ဝင်လို့ ရပြီလား။”

အစေခံမလေးက အံကြိတ်လိုက်၏။ “လူကြီးမင်း တကယ် မရပါဘူး။”

နှစ်ဆယ်တန် ငွေစက္ကူ တစ်ထပ်ကြီး ပြုတ်ကျလာတော့သည်။

အစေခံမလေး ကြောင်အသွားပြီး ခေါင်းမော့ကာ ဖန်ကျန်းရီကို ကြည့်လိုက်၏။

ထို့နောက် ကြမ်းပြင်ပေါ်ရှိ ငွေစက္ကူများကို တိတ်တဆိတ် ကောက်ယူကာ တိုးတိုးလေး ပြောလိုက်သည်။ “လူကြီးမင်း အသံမထွက်နဲ့နော်...”

“စိတ်ချပါ။ တကယ်လို့ လူမိသွားရင် ငါ့ဘာသာ ခိုးဝင်လာတာလို့ ပြောလိုက်မယ်။”

လမ်းပြသူ ရှိသွားသောကြောင့် ဖန်ကျန်းရီသည် အနောက်ဘက် ပန်းခြံထဲသို့ ဘေးကင်းစွာ ရောက်ရှိသွား၏။

အနောက်ဘက် ပန်းခြံထဲတွင် ပန်းများ ပွင့်လန်းနေပြီး ခရမ်းရောင် လှပသော ပန်းပွင့်များ အပြည့် ပွင့်နေသည်။ ဖန်ကျန်းရီက ပန်းများကို လက်ညှိုးထိုးကာ မေးလိုက်သည်။ “ဒါက ဘာပန်းလဲ။”

အစေခံမလေးက တိုးတိုးလေး ဖြေ၏။ “ဒါက ရှီယာဟွာ မာကန်နီပန်းပါ။ မင်းသမီး အနှစ်သက်ဆုံး ပန်းပါ။ တစ်နှစ်ပတ်လုံး ပွင့်ပါတယ်...”

သောက်ကျိုးနည်း။ ဤပန်းကြောင့်များလား။

ဖန်ကျန်းရီက လေးနက်စွာ မေးလိုက်သည်။ “မင်းသမီး ဒီလထဲမှာ အဆိုးဆုံး ဖျားတုန်းက အနောက်ဘက် ပန်းခြံမှာ မဟုတ်လား။ ပြီးတော့ ဒီပန်းတွေကို ကိုင်ခဲ့သေးလား။”

အစေခံမလေးက ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ကိုင်ခဲ့တယ်။ အဲဒီတုန်းက အများကြီး ခူးခဲ့သေးတယ်။ အရှင်မင်းကြီးကို ပေးမယ်ဆိုပြီးတော့ ….. ”

ဖန်ကျန်းရီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

မင်းသမီးက ပန်းဝတ်မှုန် ဓာတ်မတည့်တာပဲ။ နန်းတော်ထဲတွင် လူအများကြီး ရှိသော်လည်း မည်သူမှ သတိမထားမိကြပေ။

ဤသို့ကြောင့်သာ အဖန်တလဲလဲ ပြန်လည်ဖျားနာနေရခြင်း ဖြစ်ပေသည်။ ရောဂါဝေဒနာ အတန်ငယ် သက်သာသွား၍ ပန်းခြံအတွင်းသို့ တစ်ခေါက်ပြန်သွားမိသည်နှင့် ထပ်မံဖျားနာဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ဤပန်းများကလည်း တစ်နှစ်ပတ်လုံး ပွင့်ဖူးနေတတ်ကြသည် မဟုတ်ပါလား။ ဆောင်းရာသီတွင် ရာသီဥတုက အလွန်အမင်း အေးစိမ့်လွန်းနေသောကြောင့်သာ မပွင့်နိုင်ဘဲ ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

ဆယ်နှစ်တာကာလပတ်လုံး ဤဝေဒနာ၏ နှိပ်စက်မှုကို ခံစားခဲ့ရပါလျက်နှင့် ယနေ့တိုင် အသက်ရှင်သန်နေသေးသည်ဆိုတော့ မင်းသမီး၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အံ့ဩလောက်စရာပင် ဖြစ်သည်။

ဤမျှလောက် ရိုးရှင်းသော အကြောင်းရင်းမှန်း စောစောစီးစီး သိရှိခဲ့ပါမူ၊ သူသည်လည်း အရူးတစ်ယောက်ကဲ့သို့ ပင်နီဆီလင်များ လျှောက်ဖော်စပ်ကာ သွေးထွက်သံယိုဖြစ်ရပ်များအထိ ကျူးလွန်မိခဲ့မည် မဟုတ်ချေ။

“ကျေးဇူးပဲ။ ငါတို့ ပြန်ကြစို့။”

All Chapters