အခန်း (၇၃-၇၄)
Vol. 6 Ch. 73-74
အပိုင်း (၇၃) အဆင့်မြင့် အစားအသောက် ကုထုံး။
ဖန်ကျန်းရီက အရှေ့နန်းဆောင်သို့ အပြေးအလွှား ပြန်လာခဲ့သည်။
လီယွမ်ကျောက်က စစ်တုရင်ခုံကို ငေးကြည့်နေဆဲဖြစ်သောကြောင့် မြင်သောကြောင့် အလျင်အမြန် အော်လိုက်၏။ “အိမ်ရှေ့စံမင်းသား။ မင်းသမီးရဲ့ ရောဂါကို ကုလို့ ရပြီ။”
ထိုစကားကိုကြားချိန်မှာတော့ လီယွမ်ကျောက်က ခေါင်းမော့လာပြီး ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။ “ဖန်ကြီး … ခင်ဗျား သဘောပေါက်သွားပြီလား။”
“ကျုပ် ဘာသဘောပေါက်သွားတာလဲ။” ဖန်ကျန်းရီ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွား၏။
“မင်္ဂလာဆောင်တာလေ။”
ဖန်ကျန်းရီ ကြောင်အသွားသည်။ အိမ်ရှေ့စံမင်းသားက နှစ်ရက်လုံးလုံး ဤကိစ္စကိုပဲ တွေးနေသည်လား။ တကယ့်ကို ထူးဆန်းသောသူပင်။
ဒါပေမဲ့... အဲဒီ ထိပ်တန်းအလှလေးက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ။ စိတ်နေစိတ်ထား ကောင်းမကောင်းတော့ မသိသေးဘူး...
ထို့ကြောင့် ဖန်ကျန်းရီက တွေဝေစွာဖြင့် ပြောလိုက်၏။ “ဒီကိစ္စက... အိမ်ရှေ့စံမင်းသား ဆုံးဖြတ်လို့ ရလို့လား။”
“ကျုပ် ခမည်းတော်ဆီ သွားတောင်းဆိုမယ်။” ပြောပြီးသည်နှင့် လီယွမ်ကျောက်က ထွက်သွားရန် ပြင်လိုက်သဖြင့် ဖန်ကျန်းရီက အလျင်အမြန် တားလိုက်ရသည်။
“နေပါအုံး။ ဒီလောကမှာ ကျုပ်လောက် မိန်းမတွေအကြောင်း နားလည်တဲ့သူ မရှိပါဘူး။ ကျုပ် အိမ်ထောင်ပြုချင်ရင် အရှင်မင်းကြီးကို တောင်းဆိုစရာ လိုသေးလို့လား။”
“အိမ်ရှေ့စံမင်းသားကို ကျုပ် နည်းလမ်းနှစ်ခု သင်ပေးမယ်။ ပထမနည်းလမ်းက ရေနွေးများများ သောက်...”
ဖန်ကျန်းရီ၏ စကားမဆုံးမီမှာပင် လီယွမ်ကျောက်က မာနထောင်လွှားစွာ ပြောလိုက်၏။ “ကျုပ် ဒီလိုအရာတွေ သင်ဖို့ မလိုဘူး။ လောကမှာ မိန်းမတွေကသာ ကျုပ်ကို ပိုးပန်းရတယ်။ ကျုပ်က မိန်းမတွေကို ပိုးပန်းရတဲ့ ဓလေ့ မရှိဘူး။”
ကောင်းပါပြီလေ။ မင်း ရာထူးကြီးတာကိုး။ ပြောပေါ့ကွာ။
ဖန်ကျန်းရီမှာ ဘာပြောရမှန်း မသိတော့ဘဲ ဝိညာဉ်မကူးပြောင်းမီက ဝမ်းနည်းစရာကောင်းသော ဘဝကို အမှတ် ရသွားမိသည်။
လူတစ်ယောက်နှင့် တစ်ယောက် ကွာခြားချက်က အဘယ့်ကြောင့် လူ နှင့် ခွေးလို ကြီးမားနေသနည်း။
ဖန်ကျန်းရီက မျက်နှာထားကို တည်လိုက်၏။ “တော်ပြီ။ အိမ်ရှေ့စံမင်းသား အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့။ ကျုပ် အရေးကြီး ကိစ္စ ပြောနေတာ။ မင်းသမီးက ဘာလို့ ဖျားနေတာလဲဆိုတာနဲ့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို သိပြီ။”
ထိုအချိန်မှသာ လီယွမ်ကျောက် သတိဝင်လာပြီး အလောတကြီး မေးလိုက်သည်။ “တကယ်လား။”
“အင်း တကယ်။ မယုံရင် ကျုပ်နဲ့ မင်းသမီးရဲ့ နန်းဆောင်ကို လိုက်ခဲ့။”
စကားဆုံးသည်နှင့် လီယွမ်ကျောက်က ဖန်ကျန်းရီ၏ လက်ကို ဆွဲကာ မင်းသမီး၏ နန်းဆောင်သို့ အပြေးအလွှား သွားတော့၏။
သို့နှင့် ဖန်ကျန်းရီ၏ လမ်းညွှန်မှုဖြင့် အနောက်ဘက် ပန်းခြံသို့ ရောက်သွားကြသည်။
...
ဖန်ကျန်းရီ ရှင်းပြသည်ကို ကြားပြီးနောက် လီယွမ်ကျောက် တိတ်ဆိတ်သွား၏။
“ဖန်ကြီး... ခင်ဗျား နောက်နေတာ မဟုတ်ဘူးမလား။ ကျုပ် ညီမလေးက ဒီပန်းတွေကြောင့် အမြဲတမ်း ဖျားနေတာလို့ ပြောချင်တာလား။”
“ကျုပ် သေချာမေးပြီးပါပြီ။ ဖျားတဲ့နေရာ၊ အချိန်နဲ့ အကြိမ်အရေအတွက်အားလုံးက ကိုက်ညီနေပါတယ်။ မှားနိုင်ခြေ အရမ်းနည်းတယ်။”
ဖန်ကျန်းရီက ပန်းတစ်ပွင့်ကို ခူးကာ နမ်းကြည့်လိုက်ရာ ရနံ့က အလွန် ပြင်းပြနေ၏။
“အရေးအကြီးဆုံးကတော့ မင်းသမီးကို မင်လွမ်နန်းဆောင်ကနေ အရင်ရှောင်နေခိုင်းဖို့ ဒါမှမဟုတ် ဒီပန်းတွေ အကုန်လုံးကို ရှင်းပစ်ဖို့ပဲ။ အချိန်အတိုင်းအတာ တစ်ခုလောက် စောင့်ကြည့်လိုက်ရင် ရလဒ်ကို သိရမှာပေါ့။”
လီယွမ်ကျောက်က သံသယမရှိဘဲ ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ “ကောင်းပြီ။ ခင်ဗျားပြောတဲ့အတိုင်း လုပ်မယ်။ မြောင်ဟန် ဘယ်လိုနေလဲ အရင်သွားကြည့်ရအောင်။”
အိမ်ရှေ့စံမင်းသား ပါလာသောကြောင့် အဝင်အထွက် လုပ်ရသည်မှာ ပို၍ လွယ်ကူသွား၏။
ဤတစ်ကြိမ် ဖန်ကျန်းရီ ထိုထိပ်တန်းအလှလေးကို ထပ်မြင်ရချိန်မှာတော့ သူမ၏ အခြေအနေက ပိုဆိုးနေပြီး မျက်လုံးမှိတ်ထားကာ မျက်နှာက ဖြူရော်နေသည်။
သမားတော်ဟူလည်း ထိုနေရာတွင် ရှိနေပြီး လက်ထဲတွင် ကျိုပြီးခါစ ဆေးအိုးတစ်အိုးကို ကိုင်ထား၏။ အိမ်ရှေ့စံမင်းသားကို မြင်သည်နှင့် အလျင်အမြန် ဒူးထောက်လိုက်၏။
လီယွမ်ကျောက်က ဆေးအိုးကို လက်ညှိုးထိုးကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ “အဲဒီအထဲမှာ ဘာတွေ ကျိုထားတာလဲ။”
သမားတော်ဟူက ဖြေလိုက်၏။ “အိမ်ရှေ့စံမင်းသား။ ဒါက ကျွန်တော်မျိုး နိုင်ငံခြားကုန်သည်ဆီကနေ အခုလေးတင် ရလာတဲ့ ဂျင်ဆင်းပါ။ ဒီဂျင်ဆင်းကို ကျွန်တော်မျိုး စမ်းသောက်ကြည့်ပြီးပါပြီ။ ဆေးအာနိသင်က သင့်တင့်မျှတပြီး သာမန်လူတွေ သောက်ရင်လည်း ပြဿနာမရှိပါဘူး။ ပြီးတော့ ဂျင်ဆင်း ဝယ်လာတဲ့သူဆီက ကြားတာတော့ ဒါက အစွမ်းထက်တယ်တဲ့။
နိုင်ငံခြားကုန်သည်ဆီမှာ သုံးပိဿာပဲ ရှိတာပါ။ ငွေနှစ်ထောင်တောင် ပေးပြီး ဝယ်ခဲ့ရတာပါ။ ဒီဂျင်ဆင်းဟင်းရည်က အရမ်း တန်ဖိုးရှိပါတယ်။ ပူတုန်းလေး မင်းသမီးကို အမြန်သောက်ခိုင်းမလို့ပါ။”
ဖန်ကျန်းရီက လှောင်ပြောင်လိုက်၏။ “အားဆေး။ ဆယ်နှစ်လုံးလုံး အားဆေးတွေ တိုက်နေတာတောင် လူက မကောင်းသေးဘူး။ ခင်ဗျား အဆိပ်ခတ်ထားတာ မဟုတ်ဘူးလား။”
ထိုစကားကို ကြားချိန်မှာတော့ သမားတော်ဟူမှာ ချွေးစေးများ ထွက်လာသည်။ သို့သော်ငြား ဖန်ကျန်းရီ၏ စရိုက်ကို သိထားသောကြောင့် မစော်ကားရဲဘဲ အလျင်အမြန် မျက်နှာချိုသွေးလိုက်သည်။ “ဟားဟား .. မြို့ဝန်ဖန် …. လူကြီးမင်း ဘယ်လိုများ ပြောလိုက်တာလဲ။ ဒီလို လျှောက်ပြောလို့ မရဘူးနော်။”
ဘေးရှိ လီယွမ်ကျောက်၏ မျက်နှာမကောင်းသည်ကို မြင်လိုက်ရသောကြောင့် ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား။ အမတ်ဖန် ပြောတာကို ယုံတာတော့ မဟုတ်ပါဘူးနော်။”
လီယွမ်ကျောက်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ “ယုံတယ် ….ကျုပ် သေချာပေါက် ယုံတယ်။
ဒီဆယ်နှစ်အတွင်းမှာ မြောင်ဟန် တန်ဖိုးကြီး ဆေးဘယ်လောက်တောင် စားခဲ့ရလဲဆိုတာ ခင်ဗျား ပိုသိမှာပါ။ ဘာလို့ အခုထိ ရောဂါမပျောက်သေးတာလဲ။ ခင်ဗျားရဲ့ ဆေးပညာက ညံ့လို့လား ဒါမှမဟုတ် စားတဲ့ဆေးတွေမှာ ပြဿနာရှိနေလို့လား။”
သမားတော်ဟူမှာ ချွေးအေးများ ထွက်လာ၏။ “အိမ်ရှေ့စံမင်းသား... ဒါက ကျွန်တော်မျိုး အစွမ်းအစ မရှိလို့ပါ။ ဒါပေမဲ့ မင်းသမီးရဲ့ ရောဂါက တကယ်ကို ထူးဆန်းလွန်းလို့ပါ။ ပုံစံတူ အားဆေးတွေ စားရင် ပျောက်ကင်း နိုင်ပါတယ်။ ဒီတစ်ကြိမ် နိုင်ငံခြားကနေ ရလာတဲ့ ဂျင်ဆင်းက အစွမ်းထက်နိုင်ပါတယ်။”
ဖန်ကျန်းရီက လီယွမ်ကျောက်အနားသို့ ကပ်ကာ လျှို့ဝှက်စွာ ပြောလိုက်သည်။ “သမားတော်ဟူက အားဆေးတွေအကြောင်း ဒီလောက် ကျွမ်းကျင်နေတာဆိုတော့ ဒီနှစ်တွေထဲမှာ အားဆေးတွေ အများကြီး စားခဲ့ရမှာ သေချာတယ်။
ဒီနန်းတော်ထဲမှာ သမားတော်ဟူလောက် အားရှိတဲ့သူ မရှိလောက်ဘူး ထင်တယ်။ ကျုပ်တို့ သမားတော်ဟူကို ပြုတ်ပြီး မင်းသမီးကို တိုက်လိုက်ရင် သက်တမ်းနှစ်ဆလောက် ရှည်သွားနိုင်တယ်။”
ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လက်သွား၏။
ဟုတ်သားပဲ။ အဓိပ္ပာယ်ရှိတယ်။ ပုံစံတူ အားဆေးစားလို့ ရတယ်ဆိုရင် ဘာလို့ လူကို မစားရမှာလဲ။ ဂျင်ဆင်းကို အလုပ်ရှုပ်ခံပြီး စားစရာ လိုသေးလို့လား။
စိမ်းလန်းသော မျက်လုံးနှစ်စုံက သမားတော်ဟူကို ပြိုင်တူ စိုက်ကြည့်လာကြ၏...
သမားတော်ဟူမှာ ထိုနေရာတွင်ပင် အသက်ထွက်မတတ် လန့်သွားပြီး ဖန်ကျန်းရီကို မဆဲဘဲ မနေနိုင်တော့ချေ။ “ဖန်ကျန်းရီ။ ခင်ဗျား အရှက်မရှိတဲ့ လူယုတ်မာ။ အိမ်ရှေ့စံမင်းသားရှေ့မှာတောင် လျှောက်ပြောရဲသေးတယ်။ ကျုပ် ... ကျုပ်... ခင်ဗျားကို အရှင်မင်းကြီးဆီ တိုင်မယ်။”
လီယွမ်ကျောက်က ထိုစကားကို ကြားချိန်မှာတော့ ဒေါသတကြီးဖြင့် သမားတော်ဟူကို ခြေထောက်ဖြင့် ကန်ချလိုက်ရာ ဂျင်ဆင်းဟင်းရည်အိုးလည်း မြေကြီးပေါ် ပြုတ်ကျပြီး ကွဲသွား၏။
“ဖန်ကြီးကို ခင်ဗျားက ဆဲရဲသေးတယ်ပေါ့။ ဒီအသုံးမကျတဲ့ အဘိုးကြီး။”
ထို့နောက် သမားတော်ဟူကို ခြေထောက်ဖြင့် အဆက်မပြတ် ကန်တော့သည်။
သမားတော်ဟူ သည် စိတ်ထဲတွင် သွေးထွက်မတတ် နာကျင်နေပြီး လက်နှစ်ဖက်ဖြင့် ကာကွယ်ကာ အဆက်မပြတ် အော်ဟစ်နေ၏။ “အိမ်ရှေ့စံမင်းသား။ အိမ်ရှေ့စံမင်းသားက လူယုတ်မာရဲ့ လှည့်စားတာကို ခံရတာပါ။ လူယုတ်မာရဲ့ လှည့်စားတာကို ခံရတာပါ။ ကျွန်တော်မျိုးမှာ အပြစ်မရှိပါဘူး။”
ဖန်ကျန်းရီက ပြုံးစိစိဖြင့် ကြည့်နေပြီး လီယွမ်ကျောက် အနည်းငယ် လွန်သွားမည်ကို မြင်သောကြောင့် အလျင်အမြန် ဖက်ထားလိုက်သည်။ “ရပြီ …. အိမ်ရှေ့စံမင်းသား။ တော်လောက်ပြီ။ ဒီအဘိုးကြီး ဒီမှာ သေသွားရင် ပြဿနာ တက်လိမ့်မယ်။”
လီယွမ်ကျောက်က ဒေါသတကြီးဖြင့် ခြေထောက်ကို ရုပ်သိမ်းလိုက်သော်လည်း ပါးစပ်မှတော့ မရပ်သေးပေ။ “အဘိုးကြီး နောက်ဆိုရင် ကျုပ် ရှေ့ ပေါ်မလာနဲ့။”
“ဖန်ကြီး ကျုပ်တို့ ခမည်းတော်ဆီ သွားပြောရအောင်။”
“ဖန်ကြီး။ …..ဖန်ကြီး။”
နှစ်ခါလောက် ခေါ်လိုက်သော်လည်း ဖန်ကျန်းရီက တုံ့ပြန်မှု မရှိကြောင်း သတိပြုမိသောကြောင့် လီယွမ်ကျောက်က ဘေးတိုက် လှည့်ကြည့်လိုက်၏။
ဖန်ကျန်းရီက မြေကြီးပေါ်တွင် ကွဲနေသော ဂျင်ဆင်းဟင်းရည်ကို ကြောင်အစွာ ကြည့်နေပြီး လှုပ်တောင် မလှုပ်တော့ပေ။
...
ဖန်ကျန်းရီ၏ မျက်လုံးများတွင် သွေးကြောများ တဖြည်းဖြည်း ပေါ်လာ၏။ နိုင်ငံခြား ဂျင်ဆင်းဆိုသည်မှာ တကယ်တော့ ကန်စွန်းဥကို ပြုတ်ထားခြင်း ဖြစ်နေသည်။
သူ ကိုယ်တိုင် နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သော အရာက ရုတ်တရက် နန်းတော်ထဲမှာ ပေါ်လာပြီး …. အပြုတ်ပင် ခံထားရသေး၏။
ဖန်ကျန်းရီက ရူးသွပ်နေသော ခွေးတစ်ကောင်လို သမားတော်ဟူထံ ခုန်အုပ်ပြီး လည်ပင်းကို အားကုန် ညှစ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဒီအဘိုးကြီးကို ငါ သတ်ပစ်မယ်။ မြန်မြန်ပြော။ ဒီဂျင်ဆင်း ဘယ်ကရတာလဲ။ ထပ်ရှိသေးလား။”
သမားတော်ဟူမှာ မျက်ဖြူလန်နေပြီး ထစ်အစွာ ပြောလိုက်သည်။ “ရှိ... ရှိ... သမားတော်ရုံး... မှာ...”
လီယွမ်ကျောက်က ဖန်ကျန်းရီကို အလျင်အမြန် ဖက်ကာ အော်လိုက်၏။ “ဖန်ကြီး …. ဖန်ကြီး … တော်လောက်ပြီ။ ဒီအဘိုးကြီး သေသွားရင် ပြဿနာ တက်လိမ့်မယ်။”
ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီလည်း အလျင်အမြန် လွှတ်ပေးလိုက်သည်။ ပြီးနောက် စိတ်ထဲတွင် အလွန်အမင်း ဝမ်းသာသွားသည်။
သမားတော်ဟူက အသက်တစ်ဝဝ ရှူလိုက်ပြီး ချက်ချင်း သေချင်ယောင် ဆောင်နေလိုက်သည်။
လီယွမ်ကျောက်က ဖန်ကျန်းရီ၏ အင်္ကျီလက်ကို ဆွဲကာ အလျင်အမြန် မေးလိုက်၏။ “ဖန်ကြီး …. ဒီဂျင်ဆင်းက တကယ်ပဲ အစွမ်းထက်တာလား။”
“ဟားဟား … ဟုတ်တယ်။ အစွမ်းထက်တယ်။ ခင်ဗျား ထင်တာထက် ပိုပြီး အစွမ်းထက်သေးတယ်။ အိမ်ရှေ့စံမင်းသား ကျုပ်တို့ရဲ့ အနာဂတ်ကတော့ မျှော်လင့်ချက် ရှိသွားပြီ...”
အပိုင်း (၇၄) ပြောင်းဖူးလည်း ရောက်လာပြီလား။
ဤကန်စွန်းဥကား အမှန်တကယ်ပင် အစွမ်းထက်လှသော အရာတစ်ခု ဖြစ်သည်။
အထွက်နှုန်း အလွန်တရာ ကောင်းမွန်သည့်အပြင် မိုးခေါင်ရေရှားဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။ စိုက်ပျိုးပြီး နှစ်လခန့်အကြာ၊ လက်မအရွယ်အစားခန့် ရှိလာသည်နှင့် တစ်ပြိုင်နက် စတင် စားသုံးနိုင်ပြီ ဖြစ်၏။
ငတ်မွတ်ခေါင်းပါးသော ကပ်ဆိုးကာလများတွင် အဓိက အသက်ဆက်စရာ ရိက္ခာအဖြစ် စားသုံးနိုင်သည်။ အမြဲတမ်းစား၍ ရိုးအီသွားပါကလည်း ကစီဓာတ်ပါဝင်သော အခြားစားဖွယ်ရာများအဖြစ် ဖန်တီးနိုင်ပြီး အကြွင်းအကျန်များကိုပါ တိရစ္ဆာန်အစာအဖြစ် အသုံးချနိုင်သေးသည်။ ၎င်း၏ အရွက်နှင့် အရိုးတံများကိုပင် ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်နိုင်သည်။
ဖန်ကျန်းရီသည် ဤကန်စွန်းဥကို နှစ်ပေါင်းများစွာတိုင်အောင် အပတ်တကုတ် ရှာဖွေနေခဲ့သော်လည်း လုံးဝ အရိပ်အယောင်မျှ မတွေ့ခဲ့ရချေ။
အကယ်၍သာ ကောက်ပဲသီးနှံ အထွက်နှုန်း သိသိသာသာ တိုးတက်မလာခဲ့လျှင် တစ်နိုင်ငံလုံးရှိ လုပ်သားအင်အားစုကြီး လွတ်လပ်လာစေရန်မှာ အလွန်ခဲယဉ်းပေလိမ့်မည်။
တောက်ယွမ်ခရိုင်မှနေ၍ အဆင့်မြင့် ဇိမ်ခံကုန်ပစ္စည်းများကို မည်မျှ ထုတ်လုပ်နိုင်စေကာမူ ဓနရှင် လူတန်းစားတစ်စုအကြား၌သာ သုံးစွဲနိုင်ပေလိမ့်မည်။
အခြေခံ အလုပ်သမားလူတန်းစား အများစုကိုပါ ဤစီးပွားရေးစက်ဝန်းထဲသို့ ဝင်ရောက်ခွင့်မပေးနိုင်ပါက ခိုင်မာသော ချမ်းသာကြွယ်ဝမှုဟူသည် အဘယ်သို့ ဖြစ်ပေါ်လာနိုင်ပါမည်နည်း...။
သာဓကအားဖြင့် တောက်ယွမ်ခရိုင်မှ ထွက်ရှိသော အဆင့်မြင့် လက်ဖက်ခြောက်၊ အရက်နှင့် မှန်ကဲ့သို့သော ကုန်ပစ္စည်းများကို သာမန်ပြည်သူတို့ ဝယ်ယူနိုင်ရန်မှာ ဝေလာဝေးပင်။ ထိုသူတို့သည် ဝမ်းရေးအတွက် ထမင်းတစ်နပ်ကိုပင် နပ်မှန်အောင် မစားနိုင်ကြချေ။
ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများနှင့် မှူးမတ်အရာရှိများကိုသာ ဦးတည်ရောင်းချနေရမည်ဆိုပါက တောက်ယွမ်ခရိုင်၏ လက်ရှိ ထုတ်လုပ်နိုင်စွမ်းမှာ လုံလောက်နေပြီဖြစ်ရာ ထုတ်လုပ်မှုလုပ်ငန်းများကို ထပ်မံတိုးချဲ့ရန် လုံးဝ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ဤသည်ကပင် အဓိက အကျဆုံးသော ပြဿနာတစ်ရပ် ဖြစ်သည်။ ယခုမူ ကန်စွန်းဥကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ မကြာမီအချိန်အတွင်း ဤပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်တော့မည်။
ထို့အပြင် ကန်စွန်းဥကို ရရှိသွားခြင်းက ဖန်ကျန်းရီ၏ ယုံကြည်မှုကို အဆမတန် မြင့်တက်သွားစေခဲ့ပြီး အာလူးနှင့် ပြောင်းဖူးတို့ကိုပါ ဆက်လက်ရှာဖွေရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် မြေပြင်ပေါ်ရှိ သေးငယ်ကာ ပျော့အိအိဖြစ်နေသော ထိုကန်စွန်းဥလေးကို ငေးကြည့်ရင်း ဖန်ကျန်းရီ၏ စိတ်အစဉ်၌ သံသယတစ်ခု ရုတ်ခြည်း ဝင်ရောက်လာခဲ့လေသည်။
ကန်စွန်းဥ၏ ရနံ့ကိုမူ သဲ့သဲ့မျှ ရနေသည်။ သို့သော် မြေပြင်ပေါ်ရှိ ဤအရာလေးမှာ အလွန်အမင်း သေးငယ်လွန်းနေပြီး အမြစ်မွေးများပင် ပါရှိနေလေရာ သမားတော်ဟူ တစ်ယောက် ဂျင်ဆင်းမြစ်ဟု အထင်မှားသွားခဲ့သည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
အတွေးများစွာ ဝင်နေမည့်အစား တိုက်ရိုက် မြည်းစမ်းကြည့်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဖန်ကျန်းရီက တစ်ချက်မျှ မစဉ်းစားဘဲ မြေကြီးပေါ်က ကန်စွန်းဥကို ကောက်ယူကာ ပါးစပ်ထဲ ထည့်ပြီး သေချာ အရသာခံကြည့်လိုက်၏။
လီယွမ်ကျောက်က ထိုမြင်ကွင်းကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်ပြီးနောက် သူလည်း တွေဝေစွာဖြင့် လက်တစ်ဆုပ် ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
ဖန်ကျန်းရီက သေချာ အရသာခံကြည့်လိုက်ရာ အရသာက ပြဿနာမရှိသော်လည်း အချိုဓာတ် အနည်းငယ် နည်းနေကြောင်း တွေ့လိုက်ရ၏။
သို့ရာတွင် ဤသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပေ။ ကျင်းတိုင်းပြည်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ စားသုံးခဲ့ရသမျှသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ အားလုံးမှာ အချိုဓာတ်ရော၊ အရသာပိုင်းတွင်ပါ ခေတ်သစ်ကမ္ဘာမှ အရာများနှင့် နှိုင်းယှဉ်လျှင် များစွာ အလှမ်းကွာလျက် ရှိနေသည်။
လူတို့ စနစ်တကျ မျိုးစေ့ရွေးချယ်စိုက်ပျိုးထားခြင်း မရှိသော၊ သဘာဝအတိုင်း အရိုင်းပေါက်နေသည့် အရာများသည် အရည်အသွေး ညံ့ဖျင်းနေမည်မှာ အသေအချာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် သစ်ပင်ပန်းမန်နှင့် တိရစ္ဆာန်ကမှ လူသားတို့ အကြိုက်တွေ့စေရန်နှင့် စားမြိန်စေရန် ရည်ရွယ်ကာ ပေါက်ဖွားလာခဲ့ကြခြင်း မဟုတ်သောကြောင့်ပင်။
တောက်ယွမ်ခရိုင်ရှိ မှန်လုံအိမ်အတွင်း၌ ဂရုတစိုက် စိုက်ပျိုးထားသော ဖရဲသီးများပင်လျှင် အချိုဓာတ် နည်းပါးလှသည်။ ထို့ပြင် ဖရဲသီး၏ အတွင်းပိုင်း၌ အခေါင်းပေါက်ကြီးများပင် ပါရှိနေသေးရာ ဤသည်မှာ မျိုးစေ့ကြောင့် ဖြစ်ပေါ်လာရသော ပြဿနာမှန်း ထင်ရှားနေသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤအရာကား ကန်စွန်းဥ အစစ်အမှန်ဖြစ်ကြောင်းကိုမူ သေချာစွာ အတည်ပြုနိုင်ခဲ့၏။
လီယွမ်ကျောက်က အရသာကို ခံစားကြည့်ရင်း ပြောလိုက်သည်။ “မဆိုးပါဘူး... ဒါပေမဲ့ ဒီဟာက ဘာရောဂါကို ကုတာလဲ။”
“ရောဂါကုတာလား။ ဟုတ်တယ်။ တကယ်ကို ရောဂါကုနိုင်တယ်။ ဆင်းရဲတဲ့ရောဂါနဲ့ ငတ်တဲ့ရောဂါကို ကုတာပဲ။”
ဖန်ကျန်းရီက သေချင်ယောင် ဆောင်နေသော သမားတော်ဟူကို တစ်ချက်ကြည့်လိုက်ပြီး ဆွဲထူလိုက်သည်။ ခေါင်းငိုက်စိုက်ကျနေသည်ကို မြင်သောကြောင့် ပေါင်ကို တစ်ချက် ဆွဲညှစ်လိုက်၏။
ချက်ချင်းပဲ သမားတော်ဟူက မီးကြိုးကို နင်းမိသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ရှက်ရွံ့ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။ “မြို့ဝန်ဖန် ….. ဒီပညာတတ်က အသတ်သာ ခံမယ်။ အစော်ကား မခံဘူး။”
“စကားများမနေနဲ့။ ကျုပ်ကို သမားတော်ရုံးကို ခေါ်သွား။ ဒီဂျင်ဆင်းတွေကို အကုန် ရှာပေး။ ပြီးတော့ ဘယ်သူ ဝယ်တာလဲ။ ကျုပ်ကို အကုန် ရှင်းပြစမ်း။”
ပြောပြီးသည်နှင့် သမားတော်ဟူကို ဆွဲကာ အပြင်သို့ ထွက်သွား၏။
လီယွမ်ကျောက်က နောက်မှ စိုးရိမ်တကြီးဖြင့် အော်လိုက်သည်။ “ဖန်ကြီး ဒါဆို ကျုပ် ညီမလေးက...”
“ခဏထားလိုက်အုံး။”
“...”
လူသုံးယောက်က အလျင်အမြန် သွားနေကြသည်။ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သမားတော်ဟူကမူ အဆက်မပြတ် အော်ဟစ်နေသောကြောင့် လမ်းသွားလမ်းလာများက အံ့အားသင့်စွာ ကြည့်နေကြ၏။
မကြာမီမှာပင် လူသုံးယောက် သမားတော်ရုံးသို့ ရောက်ရှိသွားကြပြီး သမားတော်ဟူက ရှက်ရွံ့စွာဖြင့် ဆေးဖက်ဝင်အပင်များကို စတင် ရှာဖွေတော့သည်။
ကန်စွန်းဥ သုံးတောင့် ပါသော သေတ္တာတစ်လုံးကို ဖန်ကျန်းရီရှေ့သို့ ချပေးလိုက်ချိန်မှသာ သူ လုံးဝ စိတ်ချသွား၏။
သေတ္တာထဲရှိ ကန်စွန်းဥကို လက်ညှိုးထိုးကာ လီယွမ်ကျောက်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ “ဒီအရာကို ကန်စွန်းဥလို့ ခေါ်တယ်။ တစ်ဧကကို ပိဿာတစ်ထောင်ကျော် ထွက်နိုင်တယ်။ ဒါကို နေရာအနှံ့ စိုက်ပျိုးနိုင်မယ်ဆိုရင် တိုင်းပြည်က အေးချမ်းသွားလိမ့်မယ်။
ခင်ဗျား အရင်ယူထားလိုက်။ ဒီအရည်အချင်းမရှိတဲ့ သမားတော်က ပြဿနာရှာပြီး တစ်ခုခု ထပ်ဖြစ်မှာ စိုးလို့...”
ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သေတ္တာထဲရှိ ရုပ်ဆိုးဆိုး ကန်စွန်းဥ သုံးတောင့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူလည်း ထိုအရာ၏ အရေးပါမှုကို နားလည်သွားပုံရ၏။
သေတ္တာကို ယူကာ အင်္ကျီထဲတွင် ထည့်ပြီး ရင်ဘတ်ထဲတွင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။
လီယွမ်ကျောက် သေချာ ဂရုစိုက်သည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီလည်း သက်ပြင်းချလိုက်ပြီး သမားတော်ဟူကို လက်ညှိုးထိုးကာ မေးလိုက်၏။ “ဒီဂျင်ဆင်းကို ဝယ်တဲ့သူက ဘယ်မှာလဲ။”
သမားတော်ဟူက မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ ပြန်ဖြေလိုက်သည်။ “လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါပြီ။”
ခဏအကြာတွင် ရိုးသားအေးချမ်းပုံရသော လူငယ်တစ်ယောက် လျှောက်လာပြီး အိမ်ရှေ့စံမင်းသားကို အရိုအသေ ပေးလိုက်၏။
ဖန်ကျန်းရီက တိုက်ရိုက် မေးလိုက်သည်။ “နိုင်ငံခြားကုန်သည်ဆီကနေ ဂျင်ဆင်းဝယ်တာ မင်းလား။ မင်းနာမည် ဘယ်လိုခေါ်လဲ။”
ရိုးသားသော လူငယ်က ဖြေလိုက်၏။ “ကျွန်တော်မျိုးက ဆွန်းယိုပါ။ အဲဒီဂျင်ဆင်းကို လွန်ခဲ့တဲ့ ရက်အနည်းငယ် က နိုင်ငံခြားကုန်သည်ဆီကနေ ကျွန်တော်မျိုး ဝယ်ခဲ့တာ သေချာပါတယ်။”
“အဲဒီ နိုင်ငံခြားကုန်သည်က အခု ဘယ်မှာလဲ။ သူ့ဆီမှာ မင်းမမြင်ဖူးတဲ့ တခြားပစ္စည်းတွေရော ရှိသေးလား။”
ဆွန်းယိုက တွေဝေစွာဖြင့် ပြန်ဖြေလိုက်သည်။ “အဲဒီ နိုင်ငံခြားကုန်သည်က ရုပ်ရည် ထူးဆန်းပါတယ်။ ကျွန်တော်တို့ ကျင်းတိုင်းပြည်ကို မတော်တဆ ရောက်လာတာ ဖြစ်မယ်။ ကျွန်တော်တို့ စကားလည်း မပေါက်ပါဘူး။ အဲဒီတုန်းက ကျွန်တော်မျိုးကို ရောင်းတာ ဒီဂျင်ဆင်းအပြင် မုန်လာဥတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့... တော်တော်များများက ပုပ်နေလို့ ကျွန်တော်မျိုး မယူခဲ့ပါဘူး။ အဲဒီနောက်တော့ သူတို့လည်း ထွက်သွားကြပါတယ်။”
မုန်လာဥတွေ ……။ ဖန်ကျန်းရီ အနည်းငယ် အံ့အားသင့်သွားသည်။ ဘာအရာလဲ။
“အဲဒီမုန်လာဥက ဘယ်လိုပုံစံလဲ။”
“မုန်လာဥနဲ့ နည်းနည်း တူပါတယ်။ အပေါ်မှာ အဖုအထစ်လေးတွေ ပါပြီး အမွေးလေးတွေလည်း ပါသေးတယ်...”
ဖန်ကျန်းရီ ကြောင်အသွားသည်။ သောက်ကျိုးနည်း ဒါ ပြောင်းဖူး မဟုတ်ဘူးလား။ ဘာ မုန်လာဥလဲ။
သမားတော်ရုံးက လူတွေ မျက်စိကန်းနေတာပဲ။ ခွေးကောင်တွေ။ ပြောင်းဖူးက ဒီလိုမျိုး လွဲချော်သွားတယ်ပေါ့။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖန်ကျန်းရီက မေးလိုက်၏။ “အဲဒီ နိုင်ငံခြားကုန်သည်တွေကို မင်း ဘယ်မှာ တွေ့ခဲ့တာလဲ။”
“ကျန်းလင် ဆိပ်ကမ်းမှာပါ။”
“မင်းက နန်းတော်ထဲမှာနေတာ။ ဆေးဖက်ဝင်အပင် ဝယ်ဖို့ ဘာလို့ ကျန်းလင် ဆိပ်ကမ်းအထိ သွားရတာလဲ။”
“လူကြီးမင်း ဆေးဖက်ဝင်အပင် တော်တော်များများက ပျက်စီးလွယ်လို့ ရေလမ်းက သွားမှ ပိုမြန်တာပါ။”
ထို့နောက် ဖန်ကျန်းရီက နောက်ထပ် မေးခွန်းအချို့ကို မေးရာ ဆွန်းယိုက တစ်ခုချင်းစီ ပြန်ဖြေပေး၏။
မည်သို့ပင်ဖြစ်စေကာမူ ထိုနိုင်ငံခြားကုန်သည်များကို ပြန်လည်ရှာဖွေရန်မှာ မဖြစ်နိုင်တော့ချေ။ နောက်တစ်ကြိမ် မည်သည့်အချိန်ကျမှ ပြန်လည်ဆုံတွေ့ရမည်ကိုလည်း မှန်းဆ၍ မရနိုင်တော့ပေ။ သို့သော်ငြား ဤသတင်းအချက်အလက်များကို ကြားသိလိုက်ရခြင်းကပင်လျှင် ကြီးမားလှသော အမြတ်အစွန်းတစ်ရပ် ဖြစ်သည်။
သူတို့ ရောက်မလာခဲ့ပါကလည်း မိမိကိုယ်တိုင် အပြင်ထွက်၍ ရှာဖွေနိုင်သည်။ အနည်းဆုံးတော့ ဤလောကကြီးထဲ၌ ပြောင်းဖူးဟူသည် အမှန်တကယ် တည်ရှိနေကြောင်းကို သေချာပေါက် အတည်ပြုနိုင်ခဲ့၏။
သို့တိုင်အောင် ဖန်ကျန်းရီ၏ စိတ်အစဉ်၌မူ တစ်စုံတစ်ရာကို အလိုမကျဖြစ်နေသေးသည့် ခံစားချက်များက ကိန်းအောင်းနေဆဲပင် ဖြစ်သည်။
သူက ဆွန်းယိုကို ဖက်ကာ တံခါးအပြင်ဘက်သို့ လျှောက်သွားရင်း ပြောလိုက်၏။ “ရှောင်ဆွန်း။ မင်းပြောတာ အရမ်းကောင်းတယ်။ ငါ မင်းကို သဘောကျတယ်။”
“အဲဒီ... ဂျင်ဆင်းတွေကို မင်း ဘယ်လောက် ပေးလိုက်ရလဲ။”
ဆွန်းယိုက သူ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် အနည်းငယ် ကြောက်လန့်သွားပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။ “လူကြီးမင်း... ငွေနှစ်ထောင်ပါ။”
မရင်းနှီး မကျွမ်းဝင်သော သူစိမ်းတစ်ယောက်ထံမှ ကန်စွန်းဥ သုံးပိဿာကို ငွေနှစ်ထောင် ပေး၍ ဝယ်ယူခဲ့သည်လး။ ထို့ပြင် သူကိုယ်တိုင်ကလည်း ဤကန်စွန်းဥဆိုသည်မှာ မည်သို့သော အရာမှန်းပင် သိရှိခဲ့သည် မဟုတ်ချေ။ ဤအရာသည် နိုင်ငံခြားကုန်သည်အတွက်လည်း တစ်စုံတစ်ရာ တန်ဖိုးရှိလှသည် မဟုတ်ပေ။
ထို့ကြောင့် ငွေနှစ်ထောင် ပေးလိုက်ရသည်ဆိုသော စကားမှာ လူကို ပြောင်ပြောင်တင်းတင်း အရူးလုပ်နေခြင်းသာ ဖြစ်သည်။ သူသည် နန်းတွင်းသမားတော်ရုံး၏ ဝယ်ယူရေးတာဝန်ခံ တစ်ယောက် ဖြစ်လေရာ ကုန်ပစ္စည်းများ၏ ပေါက်ဈေးကို သေချာပေါက် ကျွမ်းကျင်နှံ့စပ်နေမည်မှာ အသေအချာပင်။ သို့ဖြစ်ရာ ဤကဲ့သို့သော မိုက်မဲသည့် လုပ်ရပ်မျိုးကို ပြုလုပ်လိမ့်မည်ဟု ဖန်ကျန်းရီ တစ်ယောက် လုံးဝ ယုံကြည်နိုင်စွမ်း မရှိချေ။
ထို့ကြောင့် အေးစက်စက် အသံဖြင့် ပြောလိုက်၏။ “တကယ်ပဲ ငွေနှစ်ထောင်လား။ လိမ်ပြောတဲ့သူက အပ် အချောင်းတစ်ထောင် မြိုချရမယ်နော်။”
“တ... တကယ်ပါ။”
ဖန်ကျန်းရီက အိမ်ရှေ့စံမင်းသားကို လက်ညှိုးထိုးပြလိုက်သည်။ “ဟိုမှာ ကြည့်။ အိမ်ရှေ့စံမင်းသား ရင်ခွင်ထဲမှာ ဘာပိုက်ထားလဲ သိလား။
စောစောက အိမ်ရှေ့စံမင်းသားရှေ့မှာ အစေခံမလေး တစ်ယောက် လိမ်ပြောလို့ အိမ်ရှေ့စံမင်းသားက သူ့ခေါင်းကို ဖြတ်ပြီး ပန်းစိုက်ဖို့ ပြန်ယူသွားတာပဲ။”
ဆွန်းယိုက အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ရာ သူ၏ ရင်ခွင်ထဲတွင် တစ်ခုခု ဖောင်းကားနေသည်ကို မြင်လိုက်ရသောကြောင့် တစ်ကိုယ်လုံး တုန်ရီလာပြီး အံကြိတ်ထားလိုက်မိ၏။
ဖန်ကျန်းရီက တင်းမာ ခက်ထန်စွာ ပြောလိုက်သည်။ “ဒီနေ့ မင်းကို ခေါ်လိုက်တာက အိမ်ရှေ့စံမင်းသား သံသယ ဝင်နေပြီမို့လို့ပဲ။ မင်းက လူကောင်းတစ်ယောက်လို့ ထင်လို့ ငါက မင်းအသက်ကို ကယ်ချင်တာ။ မင်း ကျေးဇူးမကန်းနဲ့နော်။ ပြော …. တကယ် ဘယ်လောက် ပေးလိုက်ရလဲ။”
“နှစ်... နှစ်... တေလ်းပါ။”
ဖန်ကျန်းရီက နှုတ်ခမ်းမဲ့လိုက်၏။ ငွေနှစ်တေလ်းတည်းနဲ့ ကန်စွန်းဥ သုံးပိဿာ ဝယ်တာလား။ ... တကယ်ကို အသုံးချခံလိုက်ရတာပဲ။
“ကျွန်တော်မျိုး... နည်းနည်း ဖွက်ထားပါသေးတယ်...” ဆွန်းယိုက ထိတ်လန့်နေသောကြောင့် အားလုံးကို ပြောပြလိုက်၏။
သောက်ကျိုးနည်း။ ဈေးကြီး ဝယ်လာတဲ့အပြင် ပစ္စည်းကိုပါ ဒီခွေးကောင်က ဖွက်ထားသေးတယ်။
ဖန်ကျန်းရီ အလွန်ဝမ်းသာသွား၏။ “ဘယ်လောက် ဖွက်ထားတာလဲ။”
“တစ်ခြင်း... မဟုတ်ဘူး... နှစ်ခြင်း...”
သူ၏ ကြောက်လန့်နေသော ပုံစံကို ကြည့်ကာ ဖန်ကျန်းရီက အေးစက်စွာ ပြောလိုက်သည်။ “မင်း ဘယ်လောက် ဖွက်ထား ဖွက်ထား။ ခဏနေရင် အရှေ့နန်းဆောင်ကို အကုန်ယူလာခဲ့။ လမ်းမှာ လူတွေမေးရင် အိမ်ရှေ့စံမင်းသား လိုချင်တဲ့ ပစ္စည်းလို့ ပြော။ နားလည်လား။ မင်း ခိုးထားတဲ့ ပိုက်ဆံတွေရော။”
ဆွန်းယိုက အင်္ကျီထဲမှ ငွေစက္ကူ နှစ်ရွက်ကို တုန်တုန်ယင်ယင်ဖြင့် ထုတ်ကာ ပြောလိုက်၏။ “နားလည်ပါပြီ လူကြီးမင်း... ဒီပိုက်ဆံတွေကို ကျွန်တော်မျိုး တစ်ပြားမှ မသုံးရဲသေးပါဘူး... လူကြီးမင်း ကျွန်တော်မျိုးကို ကယ်ပါ...”
ဖန်ကျန်းရီက ငွေစက္ကူ နှစ်ရွက်ကို ဘာမှမဖြစ်သလို အင်္ကျီလက်ထဲသို့ ထည့်ကာ သိ်မးလိုက်သည်။
“ရပြီ။ မကြောက်နဲ့တော့။ မင်း ပြန်လို့ရပြီ။”
“လူကြီးမင်းရဲ့ ကျေးဇူးကို... ကျွန်တော်မျိုး တစ်သက်လုံး မမေ့ပါဘူး။”
ထိုစကားကို ကြားချိန်မှာတော့ ဆွန်းယိုမှာ လွတ်ငြိမ်းခွင့် ရသွားသကဲ့သို့ သမားတော်ရုံးထဲမှ အပြေးအလွှား ထွက်သွား၏။
ထို့နောက် ဖန်ကျန်းရီက လက်ယပ်ခေါ်ကာ လီယွမ်ကျောက်ကို အနားသို့ ခေါ်လိုက်ပြီး စောစောက လိမ်ယူလာသော ငှစ်ထောင်တန် ငွေစက္ကူကို ထုတ်ပြလိုက်သည်။
လီယွမ်ကျောက်ကို တစ်ရွက် ပေးလိုက်၏။
လီယွမ်ကျောက်က လက်ထဲရှိ ငွေတစ်ထောင်တန် ငွေစက္ကူကို ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။ “ဖန်ကြီး ဒါက ဘာအဓိပ္ပာယ်လဲ။ ကျုပ်ကို ပိုက်ဆံ ထပ်ပေးတာလား။”
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်၏။ “နန်းတွင်း အဝယ်တော်တွေက စရိတ်တွေကို လိမ်ပြောကြတာလေ။ ဒီကန်စွန်းဥက ငွေနှစ်တေလ်းပဲ ပေးရတာ။ ဒါပေမဲ့ ငွေနှစ်ထောင်လို့ ပြောတယ်။ ဒါက ပြန်ရလာတဲ့ ပိုက်ဆံပဲ။”
ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်က ချက်ချင်း အံကြိတ်လိုက်၏။ “ဒီခွေးကောင်တွေ။ နန်းတွင်းက ပိုက်ဆံကိုတောင် လိမ်ရဲတယ်။ အချိန်ရရင် သူတို့ကို တစ်ယောက်ချင်းစီ ဆွဲထုတ်ပြမယ်။”
“ဟင် …ဒါနဲ့ ငွေနှစ်ထောင်လို့ ပြောတယ် မဟုတ်လား။ ဘာလို့ တစ်ထောင်ပဲ ရှိတာလဲ။ ကျန်တဲ့ တစ်ထောင်ကရော။”
ဖန်ကျန်းရီက မျက်နှာတည်တည်ဖြင့် ကျန်သော ငွေတစ်ထောင်ကို အင်္ကျီလက်ထဲ ပြန်ထည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားအတွက် ကျုပ် စုပေးထားတာပါ။”