← Chapters

အခန်း (၇၅-၇၆)

Vol. 6 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 6 Ch. 75-76

အပိုင်း (၇၅) တောက်ယွမ်ခရိုင်သို့ ပြန်ရန် ခွင့်တောင်းခြင်း။

“အိမ်ရှေ့စံမင်းသား အရှေ့နန်းဆောင်ကို အရင်ပြန်နှင့်ပါ။ ကျုပ် အရှင်မင်းကြီးကို သွားတွေ့လိုက်အုံးမယ်။”

လီယွမ်ကျောက်က ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ဖန်ကျန်းရီက ချက်ချင်း ထွက်သွား၏။

ယနေ့ကား အမှန်တကယ်ပင် အံ့ဩမင်တက်ဖွယ်ရာများနှင့် ပြည့်နှက်နေသော နေ့တစ်နေ့ ဖြစ်သည်။ မင်းသမီး၏ ရောဂါဝေဒနာကို ကုသပျောက်ကင်းစေနိုင်မည့် အခွင့်အရေးကို အသုံးချကာ တောက်ယွမ်ခရိုင်သို့ ပြန်လည်သွားရောက်နိုင်ရန် ဧကရာဇ်မင်းမြတ်ထံမှ ခွင့်ရက်ရှည် တောင်းခံရပေမည်။

အဖိုးတန် ပစ္စည်းများကို အရှေ့နန်းဆောင်၌ ထားရစ်ခဲ့ရန်မှာ မည်သို့မှ စိတ်ချနိုင်ဖွယ် မရှိပေ။

တောက်ယွမ်ခရိုင်ရှိ စိုက်ပျိုးရေး ပညာရှင်များကို သူကိုယ်တိုင်ကိုယ်ကျ သင်ကြားလေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် စိုက်ပျိုးရေး နည်းပညာများကို အသေးစိတ် နက်နက်နဲနဲ မသိရှိသော်ငြား၊ အကြမ်းဖျင်း သဘောတရားများကိုမူ ကောင်းစွာ နားလည်ထားသည်။

ဤခေတ်ကာလရှိ လယ်သမားအများစုမှာ စာပေမတတ်ကျွမ်းကြချေ။ သို့ရာတွင် တောက်ယွမ်ခရိုင်မှ လူများကမူ ၎င်းတို့နှင့် လုံးဝ ကွဲပြားခြားနား၏။

အရေးပါသော အခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်မည့်သူတိုင်း မဖြစ်မနေ စာတတ်မြောက်ထားကြရမည်။ သီးနှံပင် အမျိုးမျိုးနှင့် ပတ်သက်သော အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ရမည့်အပြင်၊ မျိုးစေ့ရွေးချယ်ခြင်းနှင့် စိုက်ပျိုးခြင်း လုပ်ငန်းစဉ်များကိုလည်း အမှားအယွင်းမရှိ သေချာစွာ လုပ်ဆောင်ကြရမည်။

ထို့ကြောင့် အဆင့်မြင့် စိုက်ပျိုးရေး အတွေ့အကြုံများ ပြည့်ဝစွာ ရှိရန် လိုအပ်သည်။ ယခု နန်းတော်တွင်းမှ ကန်စွန်းဥ သုံးဥကိုသာ ရရှိခဲ့ရာ မည်သည့် အမှားအယွင်းကိုမှ ထပ်မံ အဖြစ်ခံ၍ မရနိုင်တော့ချေ။

...

မိန်းမစိုးများ၏ လမ်းညွှန်မှုဖြင့် ကျင်းဘုရင်သည် ယန်ရှင်းနန်းဆောင်သို့ ပြောင်းသွားကြောင်း သိလိုက်ရသဖြင့် ယန်ရှင်းနန်းဆောင်သို့ အပြေးအလွှား သွားလိုက်၏။

ကျင်းဘုရင်က ဖန်ကျန်းရီကို မြင်ချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားသည်။ “မင်း ဒီကို ဘာလာလုပ်တာလဲ။ အိမ်ရှေ့စံမင်းသား ဘာဖြစ်လို့လဲ။”

ဖန်ကျန်းရီက အလျင်အမြန် ရှင်းပြလိုက်၏။ “အရှင်မင်းကြီး … မင်းသမီးရဲ့ ရောဂါကို ကျွန်တော်မျိုး ဖြေရှင်းဖို့ နည်းလမ်း ရှာတွေ့ပါပြီ။”

“ဘာ။ မြန်မြန်ပြောစမ်း။” ကျင်းဘုရင်က လက်ထဲမှ စာလွှာကို ချကာ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်သည်။

ဖန်ကျန်းရီက အေးအေးဆေးဆေးဖြင့် ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းသမီးရဲ့ ရောဂါက ခက်တယ်ဆိုရင်လည်း ခက်တယ်။ လွယ်တယ်ဆိုရင်လည်း လွယ်ပါတယ်။ တကယ်တော့ ပန်းဝတ်မှုန် ဓာတ်မတည့်တာပါ။”

“ပန်းဝတ်မှုန် ဓာတ်မတည့်တာဆိုတာ ဘာလဲ။” ကျင်းဘုရင်က ထိုစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

“ဒီရောဂါက ပန်းဝတ်မှုန်နဲ့ ထိတွေ့မိရင် ဖြစ်တာပါ။ ချောင်းဆိုးတာ... အဖုအပိမ့် ထွက်တာတွေ အကုန်လုံးက အဲဒါနဲ့ ဆက်စပ်နေပါတယ်။ မင်းသမီးရဲ့ အနောက်ဘက် ပန်းခြံထဲမှာ 'ရှီယာဟွာ မာကန်နီပန်း' ဆိုတဲ့ ပန်းတစ်မျိုးကို ကျွန်တော်မျိုး တွေ့ခဲ့ပါတယ်။ အဲဒီပန်းက တစ်နှစ်ပတ်လုံး ပွင့်ပါတယ်။ မင်းသမီးရဲ့ ရောဂါက အဲဒီပန်းနဲ့ ပတ်သက်နေတာပါ။”

ကျင်းဘုရင် မျက်မှောင်ကြုတ်သွားပြီး သံသယဝင်စရာ အချက်ကို တွေ့သွား၏။

“မင်းက ဘယ်လိုလုပ် မင်းသမီးရဲ့ အနောက်ဘက် ပန်းခြံကို ရောက်သွားတာလဲ။”

“အမ် .... အိမ်ရှေ့စံမင်းသား ခေါ်သွားလို့ပါ။”

“ကောင်းပြီ။ ဆက်ပြော။”

ဖန်ကျန်းရီက ချွေးစေးများကို သုတ်လိုက်၏။ စကားမှားသွားတော့မလို့။

“ဒီရောဂါကို ကုသဖို့အတွက် မင်းသမီးကို အဲဒီပန်းတွေနဲ့ ဝေးရာမှာ နေခိုင်းဖို့ ဒါမှမဟုတ် အနောက်ဘက် ပန်းခြံထဲက ပန်းတွေကို အကုန်လုံး ရှင်းပစ်လိုက်ဖို့ပဲ လိုပါတယ်။ အဲဒီလို လုပ်ပြီးရင် အချိန်အတိုင်းအတာ တစ်ခုလောက် စောင့်ကြည့်လိုက်ရင် ရလဒ်ကို သိရမှာပါ။”

“မင်းပြောတာတွေကို မင်း ဘယ်လောက် ယုံကြည်မှု ရှိလဲ။ သမားတော်ဟူတောင် ဆယ်နှစ်လုံးလုံး ကုမရခဲ့တဲ့ ရောဂါနော်။”

ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်၏။ “အရှင်မင်းကြီး … မင်းသမီးရဲ့ ရောဂါက ဒီလောက် ပြင်းထန်ပြီး ဆယ်နှစ်လုံးလုံး ဘာရောဂါမှန်း မသိဘူးဆိုတည်းက ပြဿနာ တစ်ခုခု ရှိနေပြီဆိုတာ သိသာနေပါပြီ။ ကျွန်တော်မျိုး ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိပါတယ်။ အစ်ကိုကြီးကော် က ကျွန်တော်မျိုးရဲ့ အချစ်ဆုံး သူငယ်ချင်းပါ။ သူ့ခေါင်းနဲ့တောင် အာမခံရဲပါတယ်။”

ဘေးမှာရပ်နေသည့် ကော်ထျန်းယန်၏ မျက်နှာပေါ်ရှိ အဆီပိုများက အလိုအလျောက် တုန်ခါသွားပြီး ဖန်ကျန်းရီ ကို မျက်စောင်းထိုးလိုက်သည်။

ခွေးကောင် ဖန်ကျန်းရီ...

ကျင်းဘုရင်၏ မျက်နှာပေါ်တွင် ဝမ်းသာသော အမူအရာများ တဖြည်းဖြည်း ပေါ်လာပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။ ဖန်အမတ် တကယ်လို့ မင်းသာ မင်းသမီးရဲ့ ရောဂါကို တကယ် ကုနိုင်မယ်ဆိုရင် ကိုယ်တော်က မင်းကို အကြီးအကျယ် ဆုချမယ်။”

ဖန်ကျန်းရီက စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်၏။

အကြီးအကျယ် ဆုချမယ်ဟုတ်လား။ ဘာလောနေတာလဲ။ အကြီးကြီးက နောက်မှ လာမှာ။

ကျင်းဘုရင် စိတ်ကောင်းဝင်နေသည်ကို မြင်သောကြောင့် ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ “ကျွန်တော်မျိုး အရှင်မင်းကြီးကို တောင်းဆိုစရာ တစ်ခု ရှိပါတယ်။”

“ပြောလေ။” ယခုအခါ ကျင်းဘုရင်သည် ဖန်ကျန်းရီကို ပို၍ သဘောကျလာ၏။

သူက လူတော်တစ်ယောက်ပဲ။ စကားပြောလည်း ကောင်းတယ်။ အခုလည်း ကိုယ်တော့်ရဲ့ ရင်ထဲက အပူမီးကို ငြိမ်းပေးခဲ့ပြီ။

“ကျွန်တော်မျိုး... တောက်ယွမ်ခရိုင်ကို ခဏလောက် ပြန်ချင်ပါတယ်။ သိပ်မကြာပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီး စိတ်ချပါ။ ပထမအချက်အနေနဲ့ အိမ်ရှေ့စံမင်းသားက အခု အခြေအနေ ကောင်းမွန်နေပြီး ကြိုးကြိုးစားစား ရှိတယ်။ ကိုယ်ချင်းစာတရား ရှိတယ်။ တက်ကြွတယ်။ စိတ်သဘောထား ပြည့်ဝတယ်...။

ဒုတိယအချက်အနေနဲ့ အရှင်မင်းကြီးက လက်ဖက်ခြောက်ရောင်းတဲ့ လုပ်ငန်းကို ကျွန်တော်မျိုးကို လွှဲပေးထားတော့ ကျွန်တော်မျိုး ကိုယ်တိုင် တောက်ယွမ်ခရိုင်ကို ပြန်ပြီး အစကနေ သေချာ စီစဉ်မှ အဆင်ပြေမှာပါ။ အရှင်မင်းကြီး သဘောထားကို သိခွင့်ပြုပါ။”

ထိုစကားကိုကြားချိန်မှာတော့ ကျင်းဘုရင်က လမ်းလျှောက်နေရင်း ဖန်ကျန်းရီကို တစ်ချက်တစ်ချက် ကြည့်လိုက်၏။

သေချာ စဉ်းစားကြည့်ပြီးနောက် ခဏလောက် ပြန်သွားတာလည်း ပြဿနာ မရှိဘူးဟု ထင်သဖြင့် ပြောလိုက်သည်။ “ထားလိုက်ပါတော့။ မင်းသမီးရဲ့ ရောဂါလည်း မပျောက်သေးဘူးဆိုတော့ အိမ်ရှေ့စံမင်းသားလည်း စာသင်ချင်စိတ် ရှိမှာ မဟုတ်ဘူး။ မင်း သွားချင်လည်း သွားလိုက်ပါ။”

“မြန်မြန်သွားပြီး မြန်မြန်ပြန်လာဖို့တော့ သတိရ။”

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

...

ကျင်းဘုရင်၏ ခွင့်ပြုချက် ရပြီးနောက် ဖန်ကျန်းရီက အရှေ့နန်းဆောင်သို့ ထပ်မံ ပြန်လာခဲ့သည်။

လီယွမ်ကျောက်က ကန်စွန်းဥကို စိတ်အားထက်သန်စွာ လေ့လာနေကြောင်း မြင်သောကြောင့် ပြုံးကာ ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား … ဘာထူးခြားတာ တွေ့လဲ။”

လီယွမ်ကျောက်က ခေါင်းခါလိုက်သည်။ “ဒါက ကြည့်ရတာ ဘာမှ ထူးခြားပုံ မပေါ်ဘူး။ တကယ်ပဲ တစ်ဧကကို ပိဿာတစ်ထောင်ကျော် ထွက်နိုင်တာလား။”

ကျင်းတိုင်းပြည်က လူတွေ ဘယ်သူမှ ဒီအရာကို မမြင်ဖူးလောက်ကြောင်းတွေးမိတော့ ဖန်ကျန်းရီလည်း သက်ပြင်းချလိုက်မိ၏။

အကယ်၍ ကန်စွန်းဥသာ စောစော ပေါ်လာခဲ့လျှင် တောက်ယွမ်ခရိုင်မှ လူတွေ အများကြီး သေမှာ မဟုတ်ပေ။ သူ ကိုယ်တိုင်လည်း ဤမျှလောက် ဒုက္ခခံစရာ မလိုပေ။ ဂုဏ်သိက္ခာရှိသော မြို့ဝန် တစ်ယောက်က တခြားနယ်မှာ သွားပြီး တောင်းစားရသည်အထိ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

“အိမ်ရှေ့စံမင်းသား အထင်မသေးနဲ့။ ဒီအရာက တစ်ဧကကို ပိဿာတစ်ထောင် ထွက်ဖို့ သေချာတယ်။ မြေကြီးထဲ ပစ်ချထားလိုက်တာနဲ့ အလိုလို ကြီးလာတာပဲ။

တကယ်လို့ စိုက်ပျိုးတာ အောင်မြင်သွားရင် ပြည်သူတွေ အကုန်လုံး ကံကောင်းပြီပဲ။ ဒီအရာက အသီးကို စားလို့ရရုံတင် မကဘူး။ အရွက်နဲ့ ရိုးတံကိုလည်း စားလို့ရတယ်။ အရမ်းကောင်းတာ။”

လီယွမ်ကျောက်က ထိုစကားကိုကြားပြီးနောက် သဘောကျစွာ ရယ်မောလိုက်၏။ “ဒါဆို ဖန်ကြီး …. ဘယ်လိုလုပ်မလို့လဲ။

“မနက်ဖြန် ကျုပ် မလာတော့ဘူး။ အထုတ်အပိုး ပြင်ပြီး တောက်ယွမ်ခရိုင်ကို ပြန်မယ်။ ဒီကန်စွန်းဥကို တောက်ယွမ်ခရိုင် ယူသွားပြီး သေချာ ပျိုးထောင်ပြီးမှ ပြန်ယူလာခဲ့မယ်။ အဲဒီမတိုင်ခင် အိမ်ရှေ့စံမင်းသား ဘယ်သူ့ကိုမှ မပြောနဲ့။ ကိစ္စအောင်မြင်မှ ပြောရတာ ကောင်းတယ်။ မဟုတ်ရင် လှောင်ပြောင်ခံရလိမ့်မယ်။”

ဖန်ကျန်းရီ၏ စရိုက်သဘာဝက ဤသို့ပင် ဖြစ်သည်။ လုံးဝ မလွှဲမရှောင်သာသော အခြေအနေမျိုးသို့ ဆိုက်ရောက်မလာသရွေ့ အောင်ပွဲရမည်ဟု သေချာမှုမရှိသော တိုက်ပွဲမျိုးကို ဝင်ရောက်ဆင်နွှဲလေ့ မရှိပေ။ သူ အလိုလားဆုံးသော အရာကား ဘေးကင်းတည်ငြိမ်မှုပင် ဖြစ်သည်။

ဖန်ကျန်းရီ တောက်ယွမ်ခရိုင်ကို ပြန်မည်ဟု ကြားချိန်မှာတော့ လီယွမ်ကျောက်က အလောတကြီး ပြောလိုက်၏။ “မရဘူး။ ဖန်ကြီး …. ကျုပ်လည်း လိုက်မယ်။”

ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ “အိမ်ရှေ့စံမင်းသား လိုက်လို့ မရဘူး။ မင်းသမီးရဲ့ ကိစ္စကို အရှင်မင်းကြီးကို ကျုပ် ပြောပြီးပြီ။ အိမ်ရှေ့စံမင်းသား ဒီမှာနေပြီး မင်းသမီးကို သေချာ စောင့်ကြည့်တာ ပိုကောင်းတယ်။

နောက်တစ်ချက်က ဒီရက်ပိုင်းအတွင်းမှာ ကျုပ်တို့ ပြဿနာ အကြီးကြီးတွေ ဖန်တီးခဲ့တာဆိုတော့ ရုံးတော်မှာ သေချာပေါက် ကန့်ကွက်သံတွေ ထွက်လာလိမ့်မယ်။ ကျုပ် သေဒဏ်ကျ အကျဉ်းသား ငါးဆယ်ကျော်ကို ကုသပေးခဲ့တာ မှန်ပေမဲ့ သေသွားကြပြီ။ အဲဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ ရလား။

ပြီးတော့ သမားတော်ဟူ အဲအဘိုးကြီးကလည်း ကျုပ်ကို သေချာပေါက် တိုင်လိမ့်မယ်။ အရှင်မင်းကြီးက ဒီကိစ္စတွေကို ဘာမှမသိသေးဘူး။ အိမ်ရှေ့စံမင်းသား ဒီမှာနေပြီး ရုံးတော်ရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်ပေးပါ။ အခု ကျုပ်က တစ်ယောက်တည်း ဖြစ်နေပြီ။ တကယ်လို့ အိမ်ရှေ့စံမင်းသား ကျုပ်ကို သေစေချင်တယ်ဆိုရင်တော့ လိုက်ခဲ့ပါ။”

ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “ဒါဆိုရင်လည်း သွားပါတော့... ခင်ဗျားက ကျုပ်ရဲ့ ညီအစ်ကိုပဲ။ ဒီလိုပြောနေမှတော့ ဘယ်လိုလုပ်ရမလဲ။”

“ဟင်။ နေအုံး။ ဒီကန်စွန်းဥက စိုက်ရတာ လွယ်တယ်ဆိုရင် ဘာလို့ တောက်ယွမ်ခရိုင်အထိ သွားရမှာလဲ။ အရှေ့နန်းဆောင်မှာ စိုက်လို့ ရတာပဲ။”

အိမ်ရှေ့စံမင်းသား မဆိုးပေ။ သခင်လေးဖန်နှင့် အတူနေတဲ့ အချိန် ကြာလာတော့ အလိမ်ခံရဖို့ ခက်လာသည်။

ဖန်ကျန်းရီ၏ စိတ်ထဲတွင် ချီးကျူးလိုက်မိ၏။

“တကယ်တော့... နောက်ထပ် ကိစ္စတစ်ခုက ပင်နီဆီလင် အတွက်ပါ။”

“ဖန်ကြီး။ ခင်ဗျား အဆိပ်ကို ဆက်စမ်းသပ်နေအုံးမလို့လား။”

လီယွမ်ကျောက်က အံ့အားသင့်စွာ ပြောလိုက်သည်။ “ကျုပ်ထင်တာတော့ မစမ်းသပ်တာ ပိုကောင်းမယ်။ အရှေ့နန်းဆောင်မှာ နေပြီး ကျုပ်နဲ့ အတူတူ လယ်စိုက်တာ ပိုကောင်းမယ်။”

ဖန်ကျန်းရီက ဘာပြောရမှန်း မသိတော့ဘဲ ကြည့်လိုက်၏။ သောက်ကျိုးနည်း။ ဘာအဆိပ်လဲ။

“အိမ်ရှေ့စံမင်းသား ဆက်မပြောပါနဲ့တော့။ ပြန်ကိုပြန်ရမယ်။ ပြန်လာရင် အိမ်ရှေ့စံမင်းသားအတွက် တောက်ယွမ်ခရိုင်က လက်ဆောင်တွေ ယူလာခဲ့မယ်။”

“ဒါဆို သဘောတူတယ်။”

အပိုင်း (၇၆) တောက်ယွမ်ခရိုင်၏ ကြီးမားသော တိုးတက်မှု

နောက်တစ်နေ့ မနက်စောစောတွင် ဖန်ကျန်းရီသည် ကျန်းပြောင်နှင့် ရှောင်ထောင်တို့ကို ခေါ်ကာ တောက်ယွမ်ခရိုင်သို့ ပြန်မည့် ရထားလုံးပေါ်သို့ တက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ဖန်ကျန်းရီက အရင်က အရှေ့နန်းဆောင်၌ လုပ်ခဲ့သော ပင်နီဆီလင် စမ်းသပ်ရေး ကိရိယာများနှင့် မှတ်စုများကို သိမ်းဆည်းကာ အတူ ယူဆောင်သွားခဲ့၏။

ပိုင်ရီက အိမ်စောင့်ရန် အတင်းတောင်းဆိုသောကြောင့် ဖန်ကျန်းရီလည်း သဘောတူလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဦးနှောက် သိပ်မကောင်း‌သော အစေခံကို ခေါ်သွား၍လည်း အသုံးမဝင်ပေ။

လမ်းတစ်လျှောက်လုံးတွင် လူသုံးယောက်စလုံး စိတ်အခြေအနေ အလွန်ကောင်းမွန်နေကြသည်။ တောက်ယွမ်ခရိုင်နှင့် ဝေးဝေးသို့ ရောက်လာခဲ့ကြသည်။

ရှောင်ထောင်က လမ်းတစ်လျှောက်လုံး တတွတ်တွတ် ပြောနေပြီး ဖန်ကျန်းရီကလည်း ပြုံးစိစိဖြင့် နားထောင်နေကာ ကျန်းပြောင်ကလည်း ဘေးတွင် ထိုင်လျက် ရိုးအစွာ ပြုံးနေ၏။

ဖန်ကျန်းရီ၏ တိုက်တွန်းမှုကြောင့် ရထားလုံးမောင်းသူက အမြန်မောင်းနှင်ရာ နေ့တစ်ဝက်အတွင်း တောက်ယွမ်ခရိုင် နယ်နိမိတ်သို့ ရောက်ရှိလာသည်။

သို့သော်ငြား လမ်းများက ကြမ်းတမ်းပြီး ကွေ့ကောက်နေကာ ရထားလုံးကလည်း အလွန်မြန်သောကြောင့် အတော်လေး ပင်ပန်းရ၏။

လမ်းတစ်ဝက်တွင် ရထားလုံး မပြိုကွဲသွားသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ ခရိုင်မြို့တော် နယ်နိမိတ်သို့ ရောက်မှသာ လမ်းများ ကောင်းမွန်သွားသည်။

ထိုအချိန်တွင် ရှောင်ထောင်က ရထားလုံး ပြတင်းပေါက်မှ အပြင်သို့ ခေါင်းထုတ်ကာ အဆက်မပြတ် အန်နေ၏။

ဖန်ကျန်းရီကလည်း ရထားလုံး အပြင်ဘက်သို့ ထွက်ကြည့်ရာ ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများကို မြင်ရသောကြောင့် ရင်ထဲတွင် လန်းဆန်းသွားသလို ခံစားလိုက်ရ၏။

တောက်ယွမ်ခရိုင်။ မင်းတို့ရဲ့ သခင်လေးဖန် ပြန်ရောက်လာပြီ။

မကြာမီမှာပဲ ဖန်ကျန်းရီက လမ်းတွင် တောင်သူကြီး တစ်ယောက်ကို မြင်လိုက်ရသောကြောင့် လက်လှမ်းပြရန် ပြင်လိုက်သည်။

တောင်သူကြီးကလည်း လှမ်းကြည့်လိုက်ပြီး သရဲမြင်သွားသလိုမျိုး စူးစူးဝါးဝါး အော်ဟစ်ကာ ခရိုင်မြို့တော်ဘက်သို့ အပြေးအလွှား သွားတော့၏။ ရထားလုံးထက်ပင် မြန်နေသေး၏။

ဖန်ကျန်းရီ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်။

ပြေးတာလား။ ဘာဖြစ်လို့လဲ။ ငါ ထွက်သွားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဒီလူတွေ ပုန်ကန်နေကြတာလား။

ဖန်ကျန်းရီ နားမလည်နိုင်အောင် ဖြစ်နေစဉ်မှာပင် ရထားလုံးက ဆက်လက် ခရီးနှင်နေ၏။

ထူးဆန်းသော ကိစ္စများ ဖြစ်ပေါ်လာ၏။ လမ်းတွင် တွေ့သမျှ လူတိုင်းက နှုတ်မဆက်ရသေးခင်မှာပင် ခရိုင်မြို့တော်ဘက်သို့ ပြေးသွားကြပြီး ခွေးရူးတစ်ကောင်လို လက်ပစ်ခြေပစ် ပြေးနေကြသည်။

ရထားလုံး မြို့တံခါးဝသို့ ရောက်ချိန်မှသာ ဖန်ကျန်းရီ သဘောပေါက်သွား၏။

လူအုပ်ကြီးက မြို့တံခါးဝတွင် ပိတ်ကြိတ်နေပြီး လူတိုင်းက ဖန်ကျန်းရီကို ပြုံးရွှင်သော မျက်နှာဖြင့် ကြည့်နေကြသည်။

ခေါင်းဆောင်များ ဖြစ်သော ရုံးတော်မှ အရာရှိကြီးများက လူအုပ်ရှေ့တွင် ရပ်နေကြ၏။

လမ်းဘေး နှစ်ဖက်စလုံးတွင် ကလေးငယ်များ ရှိနေပြီး တစ်ယောက်ချင်းစီ၏ လက်ထဲတွင် ပန်းစည်းများ ကိုင်ထားကြသည်။

နောက်တွင် စာတန်းတစ်ခုကို ကိုင်ထားသူ ရှိနေပြီး အလျင်စလို လုပ်ထားကြောင်း သိသာလှသည်။ အဖြူရောင် အဝတ်စပေါ်တွင် အနီရောင် မင်ဖြင့် [သခင်လေး တောက်ယွမ်ခရိုင်ကို ပြန်လာတာကို ကြိုဆိုပါတယ်] ဟု ရေးထားရာ စာမေးပွဲအောင်၍ ဂုဏ်ပြုသည်နှင့်ပင် တူနေသေး၏။

ဖန်ကျန်းရီ ကြည့်ရင်း သဘောကျသွားသည်။ သောက်ကျိုးနည်း။ ဒါ အရင်က စစ်ဆေးရေးမှူး ဝူရှန်းကို ကြိုဆိုတဲ့ ပုံစံမျိုးပဲ။ အခု ငါ့အပေါ် ပြန်လုပ်နေတာကိုး။

စိတ်ထဲတွင် အနည်းငယ် ကြည်နူးသွားပြီး ရထားလုံးပေါ်တွင် ရပ်ကာ လက်လှမ်းပြလိုက်၏။ “ဟေး ညီအစ်ကိုတို့ ….။”

တစ်ဖက်မှ ပြည်သူများကလည်း ရူးသွပ်စွာ အော်ဟစ်ကာ လက်လှမ်းပြကြသည်။

ဖန်ကျန်းရီ ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် လမ်းဘေး နှစ်ဖက်ရှိ ကလေးငယ်များက ပန်းစည်းများကို စတင် ဝှေ့ယမ်းကြတော့၏။

ကလေးသံလေးများဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ “ကြိုဆိုပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။”

ရင်းနှီးသော ခံစားချက်တစ်ခုက ရင်ထဲသို့ ဝင်ရောက်လာပြီးနောက် ဖန်ကျန်းရီ၏ မျက်နှာက မည်းမှောင်သွားကာ အော်ဟစ်လိုက်၏။ “ရပြီ။ တော်လောက်ပြီ။ ကျုပ်က သင်္ချိုင်းထဲကနေ ပြန်ထလာတာမှ မဟုတ်တာ။”

ထိုသို့ အော်လိုက်သောကြောင့် ပန်းကိုင်ထားသော ကလေးများ လန့်သွားကြသည်။

ဝါးခနဲ အော်ငိုလိုက်ကြပြီး ဟိုဒီ ပြေးလွှားကြသဖြင့် နေရာတစ်ခုလုံး ရှုပ်ယှက်ခတ်သွား၏။

ရင်းနှီးသော ဆဲဆိုသံများကို ကြားရသောအခါ ပြည်သူများထဲမှ တစ်ယောက်က မနေနိုင်ဘဲ အော်ပြောလိုက်သည်။ “ဟင်။ တကယ် သခင်လေးပဲ။”

“သူပဲ။ သခင်လေးက ဒီလိုပဲ ဆဲတာ။”

“ဟုတ်သားပဲ။ ကြားရတာ တကယ် ရင်းနှီးတာပဲ။ သခင်လေး ကျုပ်ကို နောက်တစ်ခွန်းလောက် ထပ်ဆဲပါအုံး။”

ဖန်ကျန်းရီ “...”

အချိန်အတော်ကြာ အလုပ်ရှုပ်သွားပြီးနောက် ဖန်ကျန်းရီကို ကြိုဆိုသော လူအုပ်ကြီးက တဖြည်းဖြည်း လူစုခွဲ သွားကြသည်။

ဖန်ကျန်းရီ၏ ဘေးတွင် ကိုယ်စားလှယ် အောက်ချန်က လိုက်ပါကာ မြို့ထဲသို့ ဝင်လာခဲ့၏။ အောက်ချန်သည် အရင်က စုံစမ်းထောက်လှမ်းရေးဌာန၏ ဌာနမှူးဖြစ်ပြီး အလွန် လေးနက်တည်ကြည်သော သူတစ်ယောက် ဖြစ်၏။

ယခုအချိန်တွင် သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ရှိနေပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထား၏။ “သခင်လေး။ သခင်လေး ထွက်သွားပြီးနောက် ခရိုင်ထဲမှာ ပြဿနာ တော်တော်များများ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီမှာ အကုန် မှတ်ထားပါတယ်။”

“ပြော။”

“သခင်လေး ထွက်သွားပြီး လဝက်လောက် ကြာတော့ ခရိုင်ထဲက လူငယ်တော်တော်များများက အပြင်ကို ထွက်ကြည့်ချင်တယ်ဆိုပြီး ပြောလာကြတယ်။ အရှေ့ဘက်က မုဆိုးမဝမ်ရဲ့ သားဆို ညသန်းခေါင် ခိုးထွက်ဖို့ ကြိုးစားလို့ ဖမ်းမိသွားပြီး ခြေထောက် ရိုက်ချိုးခံလိုက်ရတယ်။ အခု ဆေးခန်းမှာ ကုသနေပါတယ်။ အခုဆိုရင် လူငယ်တွေ အပြင်ထွက်ချင်တဲ့ ပြဿနာကို ဖြေရှင်းပြီးပါပြီ။

စာတတ်မြောက်ရေး လှုပ်ရှားမှုကလည်း ချောချောမွေ့မွေ့ ဖြစ်နေပါတယ်။ အခု ခရိုင်ထဲမှာ လူခုနစ်ဆယ် ရာခိုင်နှုန်းက စာတတ်နေပါပြီ။ ကျန်တဲ့ သုံးဆယ် ရာခိုင်နှုန်းကိုတော့ ဆက်လက် ပညာပေးနေပါတယ်။

အမှိုက်ခွဲခြားစွန့်ပစ်ရေး စနစ်ကလည်း အကျိုးသက်ရောက်မှု ရှိလာပါပြီ။ ရေမြောင်းပိတ်ဆို့တဲ့ ပြဿနာလည်း ပြေလည်သွားပါပြီ။ ဒါပေမဲ့ အရှေ့ဘက် အန်းခိုရွာက ကျုပ်တို့ အမှိုက်တွေ အရမ်းများတယ်လို့ အမြဲ ညည်းညူနေပြီး ပိုက်ဆံပိုပေးဖို့ တောင်းဆိုနေလို့ သူတို့ကို ငွေတစ်ထောင် ထပ်ပေးလိုက်ပါတယ်။

ခရိုင်ထဲက ပြဇာတ်ရုံမှာ မကြာသေးခင်က 'ချင်မန်စစ်ဟယ်ယွမ်' ဆိုတဲ့ ဇာတ်လမ်းတွဲ ပြဇာတ်တစ်ခု ကပြခဲ့တာ လူကြိုက်များပါတယ်။ ပြီးခဲ့တဲ့လက လက်မှတ်ရောင်းရငွေက ငွေသုံးရာအထိ ရှိခဲ့ပါတယ်။”

စိတ်ဝင်စားစရာပဲ။

ဖန်ကျန်းရီက ခြေလှမ်းရပ်ကာ မေးလိုက်၏။ “အသစ်ထွင်ထားတာလား။”

အောက်ချန်က ခေါင်းညိတ်လိုက်သည်။ “အင်း ဟုတ်တယ်။ ခရိုင်ထဲက ဝတ္ထုရေးတဲ့ လူငယ်တွေက ဇာတ်လမ်းဆက်တာ နှေးလွန်းလို့ နေ့တိုင်း အရိုက်ခံနေရတာနဲ့ ပြဇာတ်ဇာတ်ညွှန်း ပြောင်းရေးလိုက်ကြတာ။ နောက်ပိုင်းကျတော့ ဒီဇာတ်လမ်းတွဲ ပြဇာတ် ထွက်လာတာပဲ။”

“စိတ်ဝင်စားစရာပဲ။ ဒီနေ့ရော ရှိသေးလား။ ကျုပ် သွားကြည့်မယ်။”

အောက်ချန်က အခက်တွေ့နေသော ဟန်ဖြင့် ပြောလိုက်၏။ “ဒါက... မရတော့ဘူးထင်တယ်။ မနေ့က ဇာတ်လမ်းက အရမ်းကောင်းလွန်းလို့ ပြဇာတ်အဖွဲ့တစ်ခုလုံး အရိုက်ခံရပြီး ဆေးခန်းရောက်သွားကြတယ်။ လောလောဆယ်တော့ ပြန်ထွက်လာနိုင်အုံးမယ် မထင်ဘူး...”

“ကောင်းပြီ။ ဆက်ပြော။ အဲဒါတွေ မပြောနဲ့တော့။ အရေးကြီးတာတွေ ပြော။”

အောက်ချန်က ခေါင်းညိတ်လိုက်ပြီး နောက်ထပ် နှစ်ရွက် လှန်လိုက်၏။ “ခရိုင်ထဲက ဖန်ချက်လုပ်ငန်းက တိုးတက်မှု ရှိလာပါပြီ။ အညစ်အကြေး၊ လေပူဖောင်းနဲ့ အရောင်မညီတာတွေကို ဖြေရှင်းနိုင်ပါပြီ။ အခု ထုတ်လုပ်တဲ့ မှန်တွေက ကြည်လင်သန့်ရှင်းနေပြီး သခင်လေးရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီလောက်ပါပြီ။

အခု စမ်းသပ်စိုက်ပျိုးရေး ဖန်လုံအိမ်တွေရဲ့ မှန်တွေကိုလည်း နောက်ဆုံးပေါ် မှန်တွေနဲ့ အကုန်လဲလှယ်ပြီးပါပြီ။ ဒီနှစ် ဆောင်းတွင်းမှာ ဖန်လုံအိမ်ရဲ့ စမ်းသပ်မှု ရလဒ်တွေက ပိုကောင်းလာဖို့ ရှိပါတယ်။

သခင်လေး တောင်းဆိုထားတဲ့ မှန်ဘီလူးကိုလည်း ထုတ်လုပ်နိုင်ပါပြီ။ ဒါပေမဲ့ ကလေးတော်တော်များများက အဲဒီအရာကို သုံးပြီး မီးမွှေးဆော့ကြလို့ မီးသုံးကြိမ်လောက် လောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။

စက္ကူစက်ရုံနဲ့ ရက်ကန်းစက်ရုံတို့ ပူးပေါင်းပြီး သခင်လေး တောင်းဆိုထားတဲ့ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်ကို ထုတ်လုပ်နိုင်ပါပြီ။ အခု ခရိုင်တွင်းမှာ ဖြန့်ချိနေပြီး အမျိုးသမီးတွေ ကြားမှာ လူကြိုက်များပါတယ်... ဒါပေမဲ့ လူတော်တော်များများက စျေးကြီးတယ်လို့ ညည်းညူနေကြလို့ စက်ရုံကို အရည်အသွေး မကျစေဘဲ စျေးနှုန်းချဖို့ နည်းလမ်းရှာခိုင်းထားပါတယ်။

ပြီးတော့ စိုက်ပျိုးရေးဌာနက အသစ်ပျိုးထောင်ထားတဲ့ စပါးမျိုးစေ့က အရင်ကထက် အထွက်နှုန်း ငါးရာခိုင်နှုန်းလောက် တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။”

ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “ကောင်းတယ်။ အောက်ချန် ကြည့်ရတာ ခင်ဗျား အလုပ်လုပ်တာ မဆိုးဘူးပဲ။ အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်။”

အောက်ချန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “သခင်လေးက မြှောက်ပင့်လွန်းနေပါပြီ။”

ထို့နောက် ဖန်ကျန်းရီက ရင်ဘတ်ထဲမှ ပင်နီဆီလင် မှတ်စုကို ထုတ်လိုက်၏။ “ကျုပ် မြို့တော်မှာ သုတေသန နည်းနည်း လုပ်ခဲ့တယ်။ ဒီမှတ်စုထဲမှာ အကုန် မှတ်တမ်းတင်ထားတယ်။

အခု ပြီးပြည့်စုံတဲ့ မှန်တွေကို ထုတ်လုပ်နိုင်ပြီဆိုတော့ သုတေသနအဖွဲ့ကို သွားပြောလိုက်။ ခွက်မှန်နဲ့ ခုံးမှန်တွေကို ပေါင်းစပ်ပြီး မတူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရနိုင်တယ်လို့။ သူတို့ကို မှန်ဘီလူးတွေ အများကြီး သွေးပြီး ပေါင်းစပ်ကြည့်ခိုင်းလိုက်။ အဝေးကြည့်မှန်ပြောင်းနဲ့ အဏုကြည့်မှန်ပြောင်းကို ရအောင် လုပ်ခိုင်းလိုက်။

ပြီးတော့ သမားတော် တချို့ကို ခေါ်ပြီး မှတ်စုထဲကအတိုင်း သုတေသန လုပ်ခိုင်းလိုက်။ ဒီစာအုပ်ထဲမှာ ပင်နီဆီလင်ဆိုတဲ့ အရာကို မှတ်တမ်းတင်ထားတယ်။ ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ ပင်နီဆီလင်ကို ရအောင် လုပ်ဖို့ နည်းလမ်းရှာခိုင်းလိုက်။ မျောက်တွေ၊ ယုန်တွေလို တိရစ္ဆာန်တွေကို ဆေးစမ်းဖို့ များများ ရှာထားလိုက်။”

အောက်ချန် ကြောင်အသွားပြီး ဖန်ကျန်းရီကို လှည့်ကြည့်ကာ မျက်လုံးထဲတွင် နားမလည်မှုများ ပြည့်နှက်နေသည်။ “သခင်လေး အဝေးကြည့်မှန်ပြောင်းနဲ့ အဏုကြည့်မှန်ပြောင်းဆိုတာ ဘာလဲ။”

All Chapters