← Chapters

အခန်း (၇၉-၈၀)

Vol. 6 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 6 Ch. 79-80

အပိုင်း (၇၉) ဘာသာစကား ပါရမီရှင်

ဝူရှန်းက ငွေစက္ကူကို ရင်ခွင်ထဲတွင် ထည့်ကာ ရုံးတော်အစောင့်၏ နောက်မှ တုန်တုန်ယင်ယင်ဖြင့် တောက်ယွမ် ခရိုင်ရုံးတော်သို့ လိုက်လာခဲ့၏။

ယခုအချိန်တွင် ခန်းမထဲ၌ အစောင့်များစွာ မတ်မတ်ရပ်နေကြသည်။

ထိုအခြေအနေကို မြင်ချိန်မှာတော့ ဝူရှန်း ပို၍ ထိတ်လန့်သွား၏။ ငါ့ကို စစ်မေးမလို့လား။ ဒီလောက်ကြီး တခမ်းတနားကြီး လုပ်စရာ လိုလို့လား။

ဖန်ကျန်းရီက သူ၏ ပုံစံကို ကြည့်ကာ ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေကာမူ ကျင်းဘုရင် ကိုယ်တိုင် တောက်ယွမ်ခရိုင်သို့ ကြွရောက်လာခဲ့ရာ ဤဝူရှန်းတစ်ယောက်ကား အမှန်တကယ်ပင် ကံဆိုးမိုးမှောင်ကျခဲ့ခြင်းပင်။

သို့တိုင်အောင် တောက်ယွမ်ခရိုင်ကဲ့သို့သော နေရာမျိုးသို့ ပြောင်းရွှေ့လာဝံ့သည့် သူ၏ ရဲတင်းသော သတ္တိကိုမူ တကယ့်ကို ထက်မြက်ရဲရင့်သူတစ်ဦးအဖြစ် အသိအမှတ်ပြု ချီးကျူးရပေလိမ့်မည်။

ထို့နောက် ဖန်ကျန်းရီက သစ်သားတုံးကို အားကုန် ရိုက်ချလိုက်ပြီး ပြုံးကာ ပြောလိုက်၏။ “အမတ်ကြီးဝူ... ကျုပ်တို့ မတွေ့တာ ကြာပြီနော်။ ခင်ဗျားကို တွေ့ရတာ ကျုပ် တကယ်ကို ဝမ်းသာပါတယ်။”

ဝူရှန်းက ဖန်ကျန်းရီ၏ အပြုံးကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားသည်။

ဒီအပြုံး … ဒီအပြုံးက ကြောက်ရတာပဲ။

ဝူရှန်းက ဘာမှပြန်မပြောပေ။ ယခင်က ဖြစ်ခဲ့သော စိတ်ပျက်စရာ ကိစ္စတွေက စိတ်ထဲမှာ အဆက်မပြတ် လည်ပတ်နေ၏။

ရှက်ရွံ့ဒေါသထွက်မှုများဖြင့် ဝူရှန်းက ဒုံးခနဲ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး အော်လိုက်သည်။ “သာမန် အရပ်သား ဝူရှန်း မြို့ဝန်ဖန်ကို ဂါရဝပြုပါတယ်။”

ထိုသို့ လုပ်ရပ်က ဖန်ကျန်းရီကို ကြောင်အသွားစေ၏။ “သာမန်အရပ်သားဟုတ်လား။ ခင်ဗျား ဝူရှန်းက အရင်က ကျုပ်ရဲ့ အထက်အရာရှိလေ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သာမန်အရပ်သားလို့ ခေါ်ရတာလဲ။”

ဝူရှန်းက ခေါင်းမမော့ဘဲ ဖြေလိုက်သည်။ “အရှင်မင်းကြီးက ကျုပ်ကို ရာထူးချလိုက်ပါပြီ။ အခုက သာမန် အရပ်သားပဲ ရှိပါတော့တယ်။ အတိတ်က ကိစ္စတွေက တိမ်တိုက်တွေလိုပါပဲ။ ဝူရှန်းက... မေ့သွားပါပြီ။”

ဝူရှန်း ဤမျှရိုးသားမည်ဟု ဖန်ကျန်းရီ လုံးဝ မထင်ထားခဲ့ပေ။

အစကတော့ ဆင်ခြေပေးသည်ကို နားထောင်ပြီး ဆော့ကစားရန် စဉ်းစားထားခဲ့သည်။ ယခုတော့ ထိုသို့လုပ်ရန် ခက်ခဲသွားခဲ့သည်။

“ဝူရှန်း... တောက်ယွမ်ခရိုင်အကြောင်း အပြင်မှာ မပြောဖို့ ခင်ဗျားကို ကျုပ် သုံးခါတိုင်တိုင် သတိပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားကို ကျုပ် အပြစ်မတင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက မျက်စိရှင်တာကိုး။ ဖုံးကွယ်ထားလို့မှ မရတာ။ အခု ကျုပ် သိချင်တာက အရှင်မင်းကြီးကို ခင်ဗျား ဘယ်လိုပြောခဲ့လဲ ဆိုတာပဲ။”

ဝူရှန်းက ရိုးရိုးသားသား တစ်ခုချင်းစီ ဖြေကြားလိုက်၏။

ဖန်ကျန်းရီက အချိန်အတော်ကြာ စဉ်းစားကြည့်သော်လည်း အပြစ်ရှာမတွေ့ပေ။

သို့သော်ငြား ဤအကောင်သည် မိမိ၏ ငွေကြေးများကို သုံးစွဲကာ တောက်ယွမ်ခရိုင်အတွင်း၌ အလကား စားသောက် ဇိမ်ကျနေသည်ကို ပြန်လည်တွေးမိလိုက်သောအခါ စိတ်အစဉ်၌ အလိုမကျမှုများ ဖြစ်ပေါ်လာပြီး ဖြည်းညင်းသော လေသံဖြင့် စကားဆိုလိုက်သည်။ “ကောင်းပြီ။ ကျုပ် ခင်ဗျားကို အခက်မတွေ့စေပါဘူး။ တောက်ယွမ်ခရိုင်မှာ အခြေချဖို့ ဆုံးဖြတ်ပြီးမှတော့ အေးအေးဆေးဆေး နေပါ။”

ထိုစကားကို ကြားချိန်မှာတော့ ဝူရှန်း၏ စိတ်ထဲမှ တင်းခံထားသော ကြိုးလေး ပြတ်သွားပြီး ဝမ်းသာသွား၏။ ကြည့်ရတာ သူ၏ ပိုက်ဆံ လုံခြုံသွားလေပြီ။

“ကျုပ်တို့လည်း အကြိမ်ကြိမ် ဆက်ဆံဖူးကြတာပဲလေ။ ခင်ဗျား အရင်က ခရိုင်တွေကို လှည့်လည် စစ်ဆေးတုန်းက... လာဘ်စားခဲ့တာ မနည်းဘူး ထင်တယ်။ ကျုပ်က ချန်ရှီရုံးတော်က လက်ထောက်အရာရှိ တစ်ယောက်၊ အိမ်ရှေ့စံမင်းသားကို စာသင်ပေးရမယ့် တာဝန်ရှိတဲ့သူဆိုတော့ လောကကြီးမှာ ဒီလို ညစ်ညမ်းတဲ့ ကိစ္စမျိုး ရှိနေတာကို လုံးဝ လက်မခံနိုင်ဘူးဖြစ်နေတယ်။ ဒီတော့ မြန်မြန် ထုတ်...”

“မြို့ဝန်ဖန် …. ကျုပ် အရာရှိ လုပ်ခဲ့တဲ့ နှစ်တွေအတွင်း တရားမဝင်ရခဲ့တာတွေ အကုန်လုံး ဒီမှာပါ။ အကုန်ပေါင်း ငွေခုနစ်ထောင့်ခြောက်ရာ ရှိပါတယ်။ ဒီအထဲမှာ လူကြီးမင်း ပေးခဲ့တဲ့ ငွေငါးရာလည်း ပါပါတယ်။ သေချာ စစ်ဆေးပေးပါ။”

ဖန်ကျန်းရီ စကားပင် မဆုံးသေးမီ ဝူရှန်းက ရင်ခွင်ထဲမှ ထူထဲသော ငွေစက္ကူအထပ်လိုက်ကို ထုတ်ကာ မြေကြီးပေါ်တွင် သေသပ်စွာ ချထားလိုက်၏။

စိတ်ထဲတွင်လည်း တိတ်တဆိတ် ဆဲဆိုနေမိသည်။ “သောက်ကျိုးနည်း။ တကယ် မလုံခြုံတော့ဘူးပဲ။ ဖန်ကျန်းရီ …… မင်း ဘယ်လိုလူလဲဆိုတာ ငါ မသိဘူးများ မှတ်နေလား။ ငန်းပျံသွားရင်တောင် အမွှေး လိုက်နှုတ်မယ့်ကောင်။”

“.......”

ဖန်ကျန်းရီက ရှက်ရွံ့စွာ နှာခေါင်းကို ပွတ်လိုက်၏။

ထို့နောက် လက်ယပ်ခေါ်လိုက်ရာ အစောင့်က ငွေစက္ကူများကို ယူလာပေးသည်။

ဖန်ကျန်းရီက ငွေငါးရာတန် ငွေစက္ကူ တစ်ရွက်ကို ယူကာ ပြန်ပစ်ပေးလိုက်၏။ “ဒီပိုက်ဆံက ကျုပ် ခင်ဗျားကို ပေးတဲ့ အိမ်ပြောင်းစရိတ်ပါ။ လျှောက်မပြောနဲ့နော်။”

“ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ ကျွန်တော်မျိုး အမှတ်မှားသွားတာပါ...” ဝူရှန်းက ရယ်မောလိုက်သည်။

ဖန်ကျန်းရီက မျက်လုံးမှေးကာ ပြုံးလျက် မေးလိုက်၏။ “အခု ဘာလုပ်စားလဲ။”

အန္တရာယ်ကင်းသွားပြီဖြစ်သောကြောင့် ဝူရှန်းကလည်း ယုံကြည်မှု ပြန်ရလာပြီး ပြုံးကာ ဖြေလိုက်သည်။ “မြို့ဝန်ဖန် ဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ဆင်းဆင်းရဲရဲနဲ့ပဲ ဖြတ်သန်းနေပါတယ်။ နေ့တိုင်း အရက်သောက်၊ ကဗျာစပ်... ဒါပါပဲ။”

ဖန်ကျန်းရီက ခေါင်းခါလိုက်၏။ “မရဘူး... ကျွန်တော့်ခရိုင်က အလုပ်မရှိ အကိုင်မရှိ လူတွေကို မကျွေးနိုင်ဘူး။ ခင်ဗျားက အရင်က ကျုပ်ရဲ့ အထက်အရာရှိလေ။ ဒီလောက် အရည်အချင်းရှိတာ အလကား ဖြစ်မသွားဘူးလား။ ပြီးတော့ ဒီပိုက်ဆံလေးနဲ့ တစ်မိသားစုလုံးကို ဘယ်လိုလုပ် ကျွေးနိုင်မှာလဲ။ ခင်ဗျားအတွက် အလုပ်တစ်ခု ရှာပေးမယ်။ ခရိုင်ရုံးတော် အကျဉ်းထောင်ရဲ့ အကျဉ်းသားတွေကို စစ်ဆေးတဲ့ နေရာမှာ သွားကူညီပေးလိုက်။”

ဝူရှန်း၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး အလောတကြီး ပြောလိုက်သည်။ “မြို့ဝန်... ကျုပ် … ကျုပ် မလုပ်တတ်ဘူးလေ။”

“ဘာမှမဖြစ်ဘူး။ သီချင်းဆိုရုံလေးပဲဟာ။ အရမ်းလွယ်ပါတယ်။”

“အဘား အဘား။ အဘား အဘား”

ဖန်ကျန်းရီ စကားဆုံးသည်နှင့် ဘေးမှ အဘား အဘား ဆိုသော အသံတစ်သံ ထွက်လာရာ လူတိုင်းက ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။

ရိုးသားပုံရသော လူလတ်ပိုင်း တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။

ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွားပြီး ထိုလူကို လက်ညှိုးထိုးကာ မေးလိုက်၏။ “အရင်က ရုံးတော်မှာ ဒီလူကို မတွေ့ဖူးပါဘူး။ ဘာလို့ ဆွံ့အတဲ့သူကို အလုပ်ခန့်ထားရတာလဲ။”

သူနှင့် မနီးမဝေးတွင် ရပ်နေသော လုဖာက အလျင်အမြန် ရှေ့ထွက်လာသည်။ “မြို့ဝန် …. သူက လက်ဖက်ရည်ဆိုင် ပိုင်ရှင် လောင်လျူလေ။ သီချင်းဆိုလွန်းလို့ လည်ချောင်းနာသွားတာ။ အခုထိ မကောင်းသေးဘူး။”

ဝူရှန်းက လောင်လျူကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် ဖန်ကျန်းရီကို ထိတ်လန့် ဒေါသထွက်စွာဖြင့် ကြည့်လိုက်၏။

သောက်ကျိုးနည်း။ ဒီဖန်ကျန်းရီက ငါ့ကို အခုထိ မလွှတ်ပေးသေးဘူးပဲ... ဆွံ့အတဲ့အထိ သီချင်းဆိုခိုင်းအုံးမယ့်ပုံပဲ။

“ဟင် …. စကားမပြောနိုင်တော့ဘူးဆိုရင် လက်ဖက်ရည်ဆိုင်ကို ဘယ်လိုဆက်ဖွင့်မှာလဲ။ စောစောတည်းက ပိတ်သွားပြီ။ ဒါကြောင့် သူ့ကို လျော်ကြေးအနေနဲ့ ရုံးတော်မှာ အလုပ်ပေးထားတာ။”

ဖန်ကျန်းရီက လောင်လျူကို သနားသော အကြည့်ဖြင့် ကြည့်ကာ သက်ပြင်းချလိုက်၏။ “ပင်ပန်းသွားပြီ လောင်လျူ။ နောက်ဆိုရင် ဒီလို လျှို့ဝှက်လက်နက်မျိုးကို အလွယ်တကူ မသုံးနဲ့။”

“အဘား … အဘား။”

“သူ ဘာပြောတာလဲ။”

လုဖာက ပြန်ဖြေလိုက်၏။ “သခင်လေးရဲ့ ချီးကျူးမှုကို ခံရလို့ အရမ်းဝမ်းသာတယ်တဲ့။ စောစောက သူပြောတာက တကယ်လို့ ဝူရှန်း သီချင်းမဆိုတတ်ရင် သူ သင်ပေးနိုင်တယ်တဲ့။”

ဖန်ကျန်းရီ၏ အကြည့်များက လုဖာထံသို့ ချက်ချင်း ပြောင်းသွားသည်။

ဤကဲ့သို့သော ဘာသာစကား ပါရမီရှင်တစ်ဦးကို သူ ရှာဖွေတွေ့ရှိရန် ပျက်ကွက်ခဲ့သည်... သူ၏ ကြီးမားသော တာဝန်ပေါ့လျော့မှုကြီးပင်။

ဖန်ကျန်းရီက လုဖာကို စိုက်ကြည့်ကာ မေးလိုက်၏။ “မင်း သူပြောတာကို နားလည်တယ်လား။”

လုဖာက ခေါင်းကုတ်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “အကြမ်းဖျင်းတော့ နားလည်ပါတယ်... သခင်လေး မသိပါဘူး။ ကျုပ်က အသံကို ကြားပြီး မျက်လုံးကို ကြည့်ရုံနဲ့ ဘာအဓိပ္ပာယ်လဲဆိုတာ အကြမ်းဖျင်း ခန့်မှန်း နိုင်ပါတယ်။ ပုံမှန်တွေ့နေကျ ခွေးတွေ ကြောင်တွေ အော်တာကိုတောင် နည်းနည်း နားလည်ပါတယ်။ ဒါက ငယ်ငယ်ကတည်းက တတ်လာတဲ့ ပညာပါ။”

“တကယ်လား။”

“တကယ်ပါ။ ပြီးခဲ့တဲ့လက ခရိုင်ထဲက အဘိုးကြီးလျို သူ့အိမ်က သိုးကို အဓမ္မပြုကျင့်တဲ့ အမှုတောင် ကျုပ် စစ်ခဲ့တာပါ။”

ဖန်ကျန်းရီ လန့်သွားသည်။ ဒါ ထူးခြားတဲ့ စွမ်းရည်ပဲ။ ဒီလို အရည်အချင်းရှိတဲ့သူကို သေချာပေါက် ခေါ်သွားရမယ်။

နိုင်ငံခြား ကုန်သည်တွေက ကျန်းလင် ဆိပ်ကမ်းကို မတော်တဆ ရောက်လာတာ ဆိုတော့ သူတို့ပြောတဲ့ စကားကိုလည်း နားလည်မှာ မဟုတ်ဘူး။ တကယ်လို့ လုဖာလို အရည်အချင်းရှိတဲ့သူ ပါသွားရင် အလုပ်လုပ်ရတာ ပိုလွယ်သွားမှာပဲ။

ထို့နောက် အချိန်အတော်ကြာ အင်္ဂလိပ်စာ သင်ခဲ့ရသော်လည်း အမှတ်မိဆုံး စကားလုံးက thank you ဆိုတာကို တွေးမိတော့ အနည်းငယ် ဝမ်းနည်းသွားမိ၏။

လောကမှာ မွေးရာပါ နိုင်ငံခြားဘာသာစကား တတ်တဲ့သူ တကယ် ရှိတာပဲ... ပြီးတော့ လူနဲ့ တိရစ္ဆာန်ကြားက ဘာသာစကားတောင် တတ်သေးတယ်။

“လုဖာ …. မင်းက အရည်အချင်းရှိတဲ့သူပဲ။ မြို့တော်ကို ငါနဲ့ လိုက်ခဲ့မလား။ သခင်လေး မင်းကို ခိုင်းစရာ အရေးကြီး ကိစ္စရှိတယ်။”

သူ၏စကားဆုံးသည်နှင့် ရုံးတော်ရှိ အစောင့်များ အားလုံးက လုဖာကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

လုဖာ အလွန်ဝမ်းသာသွားပြီး ကြမ်းပြင်ပေါ် ဒူးထောက်ကာ သုံးကြိမ် ဦးညွှတ်၏။ “ကျေးဇူးတင်ပါတယ် သခင်လေး။ ကျုပ် လိုက်ပါ့မယ်။ လိုက်ပါ့မယ်။”

“ကောင်းပြီ။ ဒါဆိုရင် နောက်ရက်အနည်းငယ်နေလို့ ငါ ထွက်သွားရင် မင်း လိုက်လာခဲ့တော့။ မင်း မိသားစုမှာ ဘယ်သူတွေ ရှိသေးလဲ။ သခင်လေး မင်းအတွက် စီစဉ်ပေးခဲ့မယ်။”

လုဖာ၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး ထစ်အစွာ ဖြေလိုက်၏။ “ကျေးဇူးတင်ပါတယ် သခင်လေး။ ဒါပေမဲ့ ကျုပ် မိဘတွေက ဆုံးသွားပါပြီ။ ဒီနှစ်တွေထဲ ကလေးလည်း မရတော့ အိမ်မှာ မိန်းမ တစ်ယောက်ပဲ ရှိပါတယ်။”

“ကျုပ် တစ်ယောက်တည်း သခင်လေးနဲ့ လိုက်ခဲ့ပါ့မယ်။ မိန်းမကို မခေါ်တော့ပါဘူး...”

“သိပြီ။ မင်း မိန်းမကိုပါ အတူတူ ခေါ်ခဲ့။”

“...”

……….

ဝူရှန်းက ကြမ်းပြင်ပေါ် ဒူးထောက်ကာ ထစ်အစွာဖြင့် ပြောလိုက်၏။ “မြို့ဝန်... ဟို... ကျုပ် မသွားလို့ မရဘူးလား...”

“မင်း ဘယ်လိုထင်လို့လဲ။”

ဝူရှန်းက ကြမ်းပြင်ပေါ် မှောက်လျက် အနေအထားဖြင့် ချွေးများ ရွှဲနစ်နေပြီး အမှောင်ကျနေသော အကျဉ်းထောင် ထဲတွင် သီချင်းဆိုရမည်ကို တွေးမိချိန်မှာတော့ စိတ်ထဲတွင် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားသည်။

ငါ တကယ်ပဲ ဖန်ကျန်းရီရဲ့ လက်ထဲကနေ မလွတ်နိုင်တော့ဘူးလား။

နေအုံး … အကျဉ်းထောင်။

ဒီလို ဇာတ်လမ်းမျိုး ဘယ်သူမှ မရေးဖူးသေးဘူး ထင်တယ်။

အပိုင်း (၈၀) အမျိုးသမီးများ၏ မိတ်ဆွေ ဖန်ကျန်းရီ

နောက်ရက်အနည်းငယ် အတွင်းတွင် ဖန်ကျန်းရီက ခရိုင်အတွင်းရှိ ဌာနအသီးသီးကို လှည့်လည်စစ်ဆေးခဲ့သည်။

ကန်စွန်းဥကို စိုက်ပျိုးရေးဌာနက လူများထံ အပ်နှံကာ သေချာ ဂရုစိုက် စိုက်ပျိုးခိုင်းပြီး အစောင့်အကြပ်များစွာ ချထားလိုက်၏။

အခြားသော ကိစ္စရပ်များကို နောက်မှ ဆက်လက်လုပ်ဆောင်၍ ရနိုင်သော်ငြား၊ ဤကိစ္စတွင်မူ အနည်းငယ်မျှ အမှားအယွင်းခံ၍ လုံးဝ မဖြစ်နိုင်ချေ။ ထို့ပြင် သီးနှံအထွက်နှုန်းများ ရရှိလာသည်နှင့် တစ်ပြိုင်နက် မြို့တော်သို့ ပထမဦးဆုံး ဦးစွာပေးပို့ရန်ကိုလည်း တင်းကျပ်စွာ အမိန့်ပေး မှာကြားထားခဲ့သည်။

သုတေသနဌာန၏ တိုးတက်မှုကလည်း အလွန်မြန်ဆန်သည်။ ဖန်ကျန်းရီ ကိုယ်တိုင် လမ်းညွှန်မှုနှင့် အစွမ်းကုန် ကြိုးစားမှုများကြောင့် မှန်ဘီလူးနှင့် အခြေခံအကျဆုံး အဏုကြည့်မှန်ပြောင်းတို့ ဆက်တိုက် ထွက်ပေါ်လာ၏။

သို့ပေမည့် အဏုကြည့်မှန်ပြောင်းက အလွန်အကြမ်းဖျဉ်းဆန်ပြီး အကျိုးသက်ရောက်မှုလည်း သိပ်မကောင်းပေ။

သုတေသန အမြန်ဆုံး ပြီးစီးစေရန် ခရိုင်အတွင်းရှိ အသုံးဝင်နိုင်သော ပန်းထိမ်ဆရာ အားလုံးကို ခေါ်ယူကာ မှန်ဘီလူးများ သွေးခိုင်းပြီး အကြိမ်ကြိမ် စမ်းသပ်ကြည့်မှသာ ဤရိုးရှင်းသော အရာလေးကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖန်ကျန်းရီ ချန်ခဲ့သော ပင်နီဆီလင် ပြုလုပ်နည်းက အလွန် အကြမ်းဖျဉ်းဆန်သော်လည်း အနည်းဆုံးတော့ လူတွေကို လမ်းစတစ်ခု ပေးနိုင်၏။

လူငါးဆယ်ကျော်ကို အဆိပ်ခတ် သတ်မိပေမဲ့ မည်သည့်နေရာတွင် မှားသွားသနည်းကို သူ သေချာမသိပေ။ ဘက်တီးရီးယား အညစ်အကြေးတွေ အရမ်းများသွားလို့ သို့မဟုတ် လုပ်ငန်းစဉ် မမှန်လို့ ဖြစ်မည်။

သိပ္ပံနည်းကျ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြောက်ရွံ့ဆုံးသော အရာကား တိကျသော ဦးတည်ရာ လမ်းကြောင်းကို မတွေ့ရှိရဘဲ အချိန်နှင့် ငွေကြေးများကို အချည်းနှီး ဖြုန်းတီးပစ်လိုက်ရခြင်းပင်။

ဖန်ကျန်းရီသည် နည်းပညာရပ်များကို အသေးစိတ် နက်နက်နဲနဲ နားမလည်သော်ငြား၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏ သွားရာလမ်းကြောင်းကိုမူ အကြမ်းဖျင်းအားဖြင့် သိရှိနားလည်ထားသည်။ ဤအချက်ကပင် လမ်းမှားများပေါ်သို့ အကြိမ်ကြိမ် လမ်းလွဲမသွားစေရန် များစွာ အထောက်အကူ ပြုပေးနေခြင်းနှင့် အတူတူပင်။

နောက်ထပ် နှစ်ရက်ကြာသော်လည်း ပင်နီဆီလင် သုတေသနက တိုးတက်မှု မရှိသောကြောင့် ဖန်ကျန်းရီက ဆက်မစောင့်တော့ဘဲ ပစ္စည်းများ သိမ်းကာ မြို့တော်သို့ ပြန်ရန် ဆုံးဖြတ်လိုက်၏။

မြို့တော်သို့ မပြန်မီ ပစ္စည်းတော်တော်များများ ထုပ်ပိုးခဲ့သည်။ မှန်ဘီလူး ဆယ်ခုကျော်၊ အကြမ်းစား အဏုကြည့်မှန်ပြောင်း နှစ်လုံးနှင့် လစဉ်သုံး ဂွမ်းထုပ် အပြည့်ပါသော လှည်းတစ်စီးတို့ ပါဝင်သည်။

ဖန်ကျန်းရီ ထွက်ခွာမည့်နေ့တွင်လည်း တစ်မြို့လုံးက လူများ လာရောက် နှုတ်ဆက်ကြသည်။ သို့သော်လည်း ဤတစ်ကြိမ် လူအုပ်ကြီး၏ ဝမ်းနည်းမှုက အတော်လေး လျော့နည်းသွား၏။

လူတိုင်းက ဖန်ကျန်းရီ ပြန်လာဦးမည်ကို သိထားကြသောကြောင့် ဖြစ်သည်။

အောက်ချန်က ဖန်ကျန်းရီအနားသို့ ကပ်ကာ စိုးရိမ်တကြီး မေးလိုက်၏။ “သခင်လေး။ လမ်းမှာ ဂရုစိုက်သွားပါ။ နောက်တစ်ခါ ဘယ်တော့ ပြန်လာမလဲ။”

ဖန်ကျန်းရီက လူအုပ်ကြီးကို ကြည့်ကာ အတော်လေး နှမြောနေမိသည်။ တောက်ယွမ်ခရိုင်၌ ဖြတ်သန်းရသော လူနေမှုဘဝလေးကား အမှန်တကယ်ပင် အေးချမ်းသာယာလှသည်။ အနည်းဆုံးတော့ စိုးရိမ်ကြောင့်ကြမှု ကင်းစင်စွာဖြင့် ညဉ့်ယံ၌ အေးအေးဆေးဆေး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်သည်။

“ဘယ်တော့ ပြန်လာမလဲ ဆိုတာတော့ ပြောရခက်တယ်။ အောက်ချန် …. ခင်ဗျားကို နောက်ထပ် တာဝန်တစ်ခု ပေးခဲ့အုံးမယ်။ မနက်ဖြန်ကစပြီး တောက်ယွမ်ခရိုင်ရဲ့ လမ်းတွေကို ဆက်ဖောက်။ ခြောက်လအတွင်း မြို့တော်အထိ ရောက်အောင် ဖောက်ရမယ်။

“တောင်တွေ့ရင် လမ်းဖောက်၊ ရေတွေ့ရင် တံတားဆောက်။ နည်းနည်း ခက်ခဲပေမဲ့ ခင်ဗျားတို့ လုပ်နိုင်မယ်လို့ ကျုပ် ယုံတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားရင် တောက်ယွမ်ခရိုင်နဲ့ မြို့တော်ကြား သွားလာရတာ ပြဿနာ မရှိတော့ဘူး။

ပြီးတော့ ခရိုင်ထဲက စက်ရုံတွေကို ထုတ်လုပ်မှု စွမ်းအား တိုးအောင် နည်းလမ်းရှာခိုင်းထား။ လမ်းပန်း ဆက်သွယ်ရေး ကောင်းသွားရင် ခင်ဗျားတို့ကို အများကြီး အားကိုးရမှာ။”

ပြောပြီးသည်နှင့် ရထားလုံးပေါ်သို့ တက်လိုက်သည်။ ရထားလုံးထဲ ဝင်ခါနီးတွင် ဘေးဘက်သို့ တစ်ချက် ကြည့်လိုက်ရာ လူအုပ်ထဲတွင် အကျဉ်းသား အဝတ်အစား ဝတ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။

ဖန်ကျန်းရီက မတ်တတ်ရပ်ကာ ထိုလူကို လက်ညှိုးထိုး၍ မေးလိုက်သည်။ “ဘာလဲ။ ဒီလူက ဘာလုပ်တာလဲ။ ထောင်ထဲကနေ အခုလေးတင် ထွက်ပြေးလာတာလား။”

လူတိုင်း၏ အကြည့်များက ဖန်ကျန်းရီ လက်ညှိုးထိုးပြသော နေရာသို့ ရောက်သွားကြ၏။

အကျဉ်းသား အဝတ်အစား ဝတ်ထားသော အမျိုးသမီး တစ်ယောက်က ပြုံးရွှင်စွာ ထွက်လာသည်။

“အပြစ်ရှိသူ... အို မဟုတ်ဘူး။ ကျွန်မ လော့မေ့ သခင်လေးကို အရိုအသေ ပေးပါတယ်။”

ထိုအခြေအနေကို မြင်ချိန်မှာတော့ အောက်ချန်က ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။ “သခင်လေး... သူက နှင်းလမင်းစံအိမ်က ပြည့်တန်ဆာပါ။ အကျဉ်းသား အဝတ်အစား ဝတ်ပြီး ဇာတ်လမ်း ကနေတာ... နှင်းလမင်းစံအိမ်ရဲ့ ပြဇာတ် အစီအစဉ်သစ်ပါ။ ထောင်တွင်းပုံစံတဲ့။

ဝူရှန်း ဖန်တီးထားတာလို့ ကြားတယ်။ လူတော်တော်များများက သဘောကျကြတယ်။ အဲဒီပုံစံကို ကြိုက်ကြတယ်။ သူကလည်း အဲဒါကြောင့် ပိုက်ဆံ အများကြီး ရသွားတယ်။”

ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွားသည်။ ဒီအဘိုးကြီးက ဖန်တီးမှုတွေ အများကြီး ရှိတာပဲ။

ပြီးနောက် တိုးတိုးလေး ပြောလိုက်၏။ “သေချာ စောင့်ကြည့်ထား။ အရမ်းလွန်သွားပြီး လူထိခိုက်တာတွေ မဖြစ်စေနဲ့။ ပြီးတော့ ဒီအကျဉ်းသား အဝတ်အစားက ခရိုင်ရုံးတော် ထောင်ထဲကဟာ မဟုတ်လား။ အဲဒီ ဝူရှန်း ဆိုတဲ့ ခွေးကောင်ကြီး ပိုက်ဆံပေးပြီလား။ သူ့ဆီက ငါးဆယ် ရာခိုင်နှုန်း ဖြတ်ယူလိုက်။”

“နားလည်ပါပြီ သခင်လေး။”

...

ခရီးကြမ်းကို ထပ်မံ ဖြတ်သန်းပြီးနောက် သူတို့အဖွဲ့ ဖန်အိမ်တော်သို့ ပြန်ရောက်ချိန်တွင် ညဘက် ရောက်နေပြီ ဖြစ်သည်။

ညစာစားပြီးနောက် လူတစ်အုပ်က ထမင်းစားပွဲ ဘေးတွင် ဝိုင်းထိုင်နေကြ၏။

ထမင်းစားပွဲပေါ်တွင်တော့ တောင်လေးတစ်လုံးစာလောက် ရှိသော လစဉ်သုံး ဂွမ်းထုပ်များကို တင်ထားသည်။

ထိုလစဉ်သုံး ဂွမ်းထုပ်များကို ကြည့်ရင်း ဖန်ကျန်းရီက စဉ်းစားခန်း ဝင်နေ၏။

ဤအရာကား ကြည့်ရသည်မှာ မိမိ၏ ယခင်ဘဝက ကြော်ငြာများထဲတွင် မြင်တွေ့ခဲ့ဖူးသော ပုံပန်းသဏ္ဍာန်နှင့် အနည်းငယ်မျှပင် တူညီမနေချေ။

အလယ်ပိုင်း အစိတ်အပိုင်းမှာမူ အတူတူပင် ဖြစ်သော်ငြား၊ အတောင်ပံများ ပါရှိမနေပေ။ ထို့ပြင် ထောင့်လေးထောင့်၌မူ ရှည်လျားသော ကြိုးလေးချောင်းကို တပ်ဆင်ထားလေသည်။ ဤဒီဇိုင်းလက်ရာကား အမှန်တကယ်ပင် နားလည်သဘောပေါက်ရန် အလွန်တရာ ခက်ခဲလှသည်။

အချိန်အတော်ကြာပြီးနောက် ဖန်ကျန်းရီက တွေဝေစွာ မေးလိုက်၏။ “ဒီဟာက... ဘယ်လို သုံးရတာလဲ။”

လူတိုင်း၏ နားမလည်သော အကြည့်များက ဖန်ကျန်းရီထံသို့ ရောက်လာသည်။

“ဒါက ဘာလဲ။”

“လစဉ်သုံး ဂွမ်းထုပ်လို့ ခေါ်တယ်။ ဓမ္မတာလာရင် သုံးဖို့။”

ထိုစကားကို ကြားချိန်မှာတော့ ကျန်းပြောင်နှင့် လုဖာက တိတ်ဆိတ်စွာ ကျောခိုင်းသွားကြပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ကာ ကိုယ့်အခန်းကိုယ် ပြန်သွားကြ၏။

ပိုင်ရီနှင့် ရှောင်ထောင်တို့၏ မျက်နှာက ပန်းသီးနီနီလေးလို နီရဲသွားပြီး ပိုင်ရီက မည်သို့မှမနေနိုင်ဘဲ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။

ရှောင်ထောင်က ရှက်ရွံ့စွာ ပြောလိုက်၏။ “သခင်လေး ….. ဘာလို့ ဒီပစ္စည်းတွေကို အများကြီး ယူလာရတာလဲ။ ပြီးတော့ စားပွဲပေါ်မှာ တင်ထားသေးတယ်။ ရှက်စရာကြီး။”

ဖန်ကျန်းရီက ရှောင်ထောင်ကို နားမလည်စွာ ကြည့်လိုက်သည်။ “မင်း ခရိုင်ထဲမှာ ဒါကို မမြင်ဖူးဘူးလား။”

“မမြင်ဖူးဘူး။ ကျွန်မက ဒီရက်ပိုင်း အလည်အပတ် ထွက်တာပဲ သိတာ... ကျွန်မက ဒါကို ဘာလို့ ကြည့်ရမှာလဲ။ တော်ပြီ မပြောနဲ့တော့။ ယူသွား။”

ထိုမိန်းကလေး နှစ်ယောက်၏ ပုံစံကို မြင်ချိန်မှာတော့ ဖန်ကျန်းရီလည်း အနည်းငယ် ခက်ခဲသွား၏။

လစဉ်သုံး ဂွမ်းထုပ် ဆိုသည်မှာ သူ ခရိုင်အတွင်းရှိ ရက်ကန်းစက်ရုံအား သီးသန့် တီထွင်ထုတ်လုပ်ရန် စေခိုင်းထားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နောင်အခါ၌ ရက်ကန်းစက်ရုံ တစ်ခုတည်းဖြင့် အဆင်မပြေနိုင်ကြောင်းကို သိရှိသွားခဲ့သည်။

ထို့ကြောင့် စက္ကူစက်ရုံကိုပါ ထပ်မံရှာဖွေ ချိတ်ဆက်ခဲ့ရသည်။ ခရိုင်အတွင်းရှိ စက္ကူစက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းမှာ များစွာမမြင့်မားလှသော်ငြား၊ ဖန်ကျန်းရီ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် နည်းပညာ တိုးတက်မှုမှာ တစ်မူထူးခြားသွားခဲ့သည်။ စက္ကူများမှာ ယခင်ကထက် ပိုမို နူးညံ့ကာ ခိုင်ခံ့လာစေရန် အဆက်မပြတ် တိုးတက်ပြောင်းလဲလာခဲ့၏။

ယခုအခါ စက်ရုံနှစ်ခု ပူးပေါင်းကာ ဤပစ္စည်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းပင်။ အမှန်တကယ် ကြီးမားလှသော အောင်မြင်မှုတစ်ရပ် ဖြစ်ပေတော့သည်။

ဤအရာအပေါ် ဤမျှလောက် အလေးအနက်ထား ဆောင်ရွက်နေရခြင်း၏ အဓိက အကြောင်းရင်းကား ရှေးခေတ်လူတို့၏ အမြစ်တွယ်နေသော အယူသီးမှုနှင့် အကျင့်ဆိုးများကို ဖျောက်ဖျက်ရန် ခဲယဉ်းလွန်းသောကြောင့်ပင်။ သူတို့သည် အမျိုးသမီးများ၏ ဓမ္မတာလာခြင်း ကိစ္စရပ်ကို အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော၊ မင်္ဂလာမရှိသော အရာတစ်ခုအဖြစ် အမြဲတစေ သတ်မှတ်ထားလေ့ ရှိကြ၏။

ယခင်က လူနေမှုအဆင့်အတန်း နိမ့်ကျချိန်များတွင်ဆိုလျှင် အမျိုးသမီး အများစုမှာ ဓမ္မတာလာပြီဆိုသည်နှင့် အိမ်တွင်း၌သာ ပုန်းအောင်းနေတတ်ကြပြီး၊ ပြီးစီးသွားမှသာလျှင် အပြင်သို့ ထွက်လေ့ရှိကြသည်။ အမျိုးသားများက အမျိုးသမီးတို့၏ ဤကိစ္စရပ်အပေါ် ကြောက်ရွံ့ရွံရှာတတ်ကြသကဲ့သို့၊ အမျိုးသမီးများ ကိုယ်တိုင်ကလည်း ဤသည်ကို အလွန်တရာ ရှက်ရွံ့ဖွယ်ကောင်းသော ကိစ္စတစ်ရပ်အဖြစ် ရှုမြင်ထားကြသည်။

ကျန်းမာရေးကို သေချာစွာ ဂရုမစိုက်သူများမှာ သာမန် အဝတ်စများကိုသာ တိုက်ရိုက် အသုံးပြုလေ့ရှိကြသည်။ အနည်းငယ် အခြေအနေ ပိုကောင်းသူများကမူ 'ဓမ္မတာသုံး အဝတ်စ' ဟု ခေါ်ဆိုသော အရာကို အသုံးပြုကြပြီး၊ ၎င်း၏အတွင်း၌ အရည်စုပ်ယူနိုင်ရန်နှင့် ပိုးမွှားကင်းစင်စေရန် မြက်ခြောက်များနှင့် ပြာများစသည့် အရာများကို ဖြည့်တင်းထားလေ့ရှိကြ၏။

အစောပိုင်း ကာလများကမူ ဖန်ကျန်းရီသည် ဤကိစ္စရပ်ကို အလျဉ်း သတိမထားမိခဲ့ချေ။ သို့သော် လစဉ်လတိုင်းလိုလို ရှောင်ထောင်ကို အရိပ်အယောင်မျှပင် မမြင်တွေ့ရသော ရက်များ ရှိလာသောအခါမှသာ သူ၏ စိတ်အစဉ်၌ သတိပြုမိလာခဲ့သည်။

ထို့နောက်ပိုင်း တစ်ခရိုင်လုံးရှိ ဆေးခန်းများထံမှ အချက်အလက်များကို စနစ်တကျ စုဆောင်းစေခဲ့ပြီး အမျိုးသမီးဆေးခန်းများကို သီးသန့် ဖွင့်လှစ်ပေးလိုက်သော အခါမှသာလျှင်၊ အမျိုးသမီး အများစုမှာ ဤကိစ္စရပ်ကြောင့်ပင် ရောဂါဝေဒနာများ စွဲကပ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးရခြင်းများ ရှိနေကြောင်းကို တုန်လှုပ်ဖွယ်ရာ သိရှိလာခဲ့ရ၏။

ဖန်ကျန်းရီသည် ဤကဲ့သို့သော နောက်ကျကျန်ရစ်သည့် အယူသီးမှု အကျင့်ဆိုးများကို လုံးဝ ရွံရှာမုန်းတီးလှသည်။

ယခုတစ်ခေါက်တွင် လစဉ်သုံး ဂွမ်းထုပ် လှည်းတစ်စီးအပြည့်တင်ဆောင်လာခဲ့ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စမ်းသပ်ရောင်းချကြည့်ရန်နှင့် လူအများအကြားတွင် တွင်ကျယ်စွာ အသုံးပြုလာနိုင်မည်ား ဟူသည်ကို သိရှိလို၍ပင်။ ထို့ပြင် တောက်ယွမ်ခရိုင်အတွက် ဝင်ငွေလမ်းကြောင်းသစ် တစ်ခုကို ဖန်တီးရှာဖွေလိုသောကြောင့်လည်း ပါဝင်၏။

ခရိုင်အတွင်းမှ ထွက်ရှိသော မှန်ထည်ပစ္စည်းများမှာ အရည်အသွေး ကောင်းမွန်လှသော်ငြားလည်း... ထိုခရီးလမ်းကြမ်းအကြောင်းကိုကား... မပြောသည်ကပင် ပိုကောင်းပေလိမ့်မည်။ မြို့တော်သို့ ရောက်ရှိသွားချိန်၌ အားလုံး တစ်စစီ ကွဲကြေကုန်မည်မှာ အသေအချာပင်။ မြို့တော်၌ စက်ရုံအသစ်တည်ဆောက်မည်၊ ယုံကြည်စိတ်ချရသော လူယုံအသစ်များ မွေးထုတ်မည် ဆိုပါကလည်း အချိန်များစွာ လိုအပ်နေပေမည်။

သာမန်ပြည်သူများ ဝယ်ယူနိုင်ရန်အရေးကိုမူ လက်ရှိတွင် ထည့်သွင်းစဉ်းစားစရာ မလိုသေးပေ။ သို့သော် ချမ်းသာကြွယ်ဝသော လူတန်းစားထံသို့မူ ရောင်းချနိုင်ပေလိမ့်မည်။

ဤတစ်ထုပ်လျှင် သုံးပြားကျသင့်သည် ဆိုခြင်းမှာ ခေါက်ဆွဲတစ်ပွဲစာခန့် တန်ဖိုးရှိနေသည်။ တစ်လလျှင် မည်မျှအထိ သုံးစွဲရမည်ကို အတိအကျ မသိရှိရသော်ငြား၊ သေချာသည့် အချက်မှာ သာမန်ပြည်သူများအနေဖြင့် ဤကိစ္စရပ်အတွက် ဤမျှလောက် ငွေကြေးအမြောက်အမြား အကုန်အကျခံမည် မဟုတ်ပေ။

ထို့ကြောင့် ချမ်းသာကြွယ်ဝသူများကို ဦးစွာ အသုံးပြုစေခြင်းဖြင့် လူအများ၏ အမြင်များကို တဖြည်းဖြည်း ပြောင်းလဲပစ်ရပေမည်။ နောင်တစ်ချိန် ကန်စွန်းဥများကို အမြောက်အမြား စိုက်ပျိုးနိုင်လာပြီး ပြည်သူတို့၏ လူနေမှုအဆင့်အတန်း မြင့်မားလာသောအခါမှသာ တဖြည်းဖြည်းချင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရပေမည်။ ဤသည်မှာလည်း အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ်ပင် ဖြစ်သည်။

သို့ရာတွင် ပထမဆုံး ခြေလှမ်းစတင်ချိန်၌ပင် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ဤအရာကို မည်သို့မည်ပုံ အသုံးပြုရမည်ကို သူကိုယ်တိုင်လည်း ရေရေရာရာ မသိရှိပေ။ အစေခံမလေး နှစ်ယောက်ကလည်း သူ့ကို ဖွင့်ဟပြောပြလိုခြင်း အလျဉ်းမရှိကြချေ။

ဖန်ကျန်းရီ ဒေါသထွက်သွားပြီး မျက်နှာတည်ကာ စားပွဲကို အားကုန် ရိုက်ချလိုက်၏။ “ရှောင်ထောင် … မင်း ပြောစမ်း … ဒီကြိုးလေးချောင်းက ဘာလုပ်ဖို့လဲ။”

ရှောင်ထောင်က မျက်နှာကို အုပ်ကာ တိုးတိုးလေး ဖြေလိုက်သည်။ “ခါးမှာ ချည်ဖို့ ထင်တယ်...”

ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားပြီး ရှက်ရွံ့စွာ နှာခေါင်းကို ပွတ်လိုက်၏။ ရှေးခေတ်လူတွေ အတွင်းခံ ဝတ်သော အကျင့် မရှိဘူးဆိုသည်ကို သူ မေ့နေသည်။

ထိုအရာကလည်း စီးပွားရေးပင်။ ဆွဲဆောင်မှုရှိသော အတွင်းခံများ ထုတ်လုပ်ရမည်။

ခဏလောက် စဉ်းစားပြီးနောက် ဖန်ကျန်းရီ၏ ခေါင်းထဲမှာ အကြံတစ်ခု တဖြည်းဖြည်း ပုံပေါ်လာသည်။

သို့ရာတွင် ခေါင်းမော့၍ ကြည့်လိုက်သောအခါ ပိုင်ရီနှင့် ရှောင်ထောင်တို့ နှစ်ဦးမှာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အသေအလဲ ဖုံးအုပ်ထားဆဲ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရရာ ဖန်ကျန်းရီ၏ စိတ်တွင်း၌ ဒေါသအမျက်များ တစ်ဖန် ထောင်းခနဲ ထွက်ပေါ်လာသည်။

ဘာတွေ ဖြစ်နေကြသနည်း။ မိမိတို့၏ ကိုယ်ပိုင် ပြဿနာကိုပင် မိမိတို့ကိုယ်တိုင် ဂရုတစိုက် မရှိကြချေ။ ယခု သူ ကိုယ်တိုင် အပင်ပန်းခံ၍ ဖြေရှင်းပေးနေသည်ကိုပင် ကျေးဇူးတင်ရမည့်အစား ရှက်ရွံ့နေကြသေးသည်လား။

ဖန်ကျန်းရီက စားပွဲကို နောက်တစ်ကြိမ် အားကုန် ရိုက်ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “မင်းတို့ သေချာ နားထောင်ထား။ နောက်ဆိုရင် အိမ်တော်ထဲက အမျိုးသမီးတွေအကုန်လုံး ဒါကို သုံးရမယ်။ အလကား သုံးခွင့်ပေးမယ်။ မဖြစ်မနေ သုံးရမယ်။

သုံးပြီးရင် ငါ့ကို ဘယ်လိုနေလဲဆိုတာ ပြန်ပြောပြရမယ်။ ဥပမာ ဘေးကနေ ယိုစိမ့်တာ ရှိလား ဆိုတာမျိုး... ဒီလောက်ပဲ။”

ထို့နောက် အလကား ပေးလိုက်လျှင် အိမ်တော်ထဲမှ တစ်ဆင့် ပြန်ရောင်းတဲ့သူတွေ ပေါ်လာမည်ကို စိုးရိမ်သဖြင့် နောက်တစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။ “တစ်ယောက်ကို တစ်နေ့ သုံးထုပ်ပဲ ယူခွင့်ရှိမယ်။ ရှောင်ထောင် မင်း တာဝန်ယူ။”

ရှောင်ထောင်က ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်၏။

ပိုင်ရီက ပါးစပ်အဟောင်းသားဖြင့် ဖန်ကျန်းရီကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

ဒီလူ ဘာတွေလုပ်နေတာလဲ။

All Chapters