← Chapters

အခန်း (၈၁-၈၂)

Vol. 6 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 6 Ch. 81-82

အပိုင်း (၈၁) ညီလေးပြန်ပေါက်ပညာ။

နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် အတော်လေး နောက်ကျမှ ထလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူ မြို့တော်သို့ ပြန်လည်ရောက်ရှိနေကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကမှ သိရှိထားကြသည် မဟုတ်ပေ။ သို့ဖြစ်ရာ စောစောစီးစီး သွားရောက်၍ မိမိကိုယ်မိမိ ပြဿနာတွင်းသို့ ဆင်းသက်မိအောင် အဘယ်ကြောင့် အလကားသက်သက် ရှာကြံလုပ်ဆောင်ရမည်နည်း။ တတ်နိုင်သရွေ့ အချိန်ဆွဲကာ နေထိုင်သွားခြင်းကသာ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေမည်။

မွန်းတည့်ချိန် ရောက်မှသာ အိပ်ရာမှ ဖြည်းညင်းစွာ ထလာပြီး အဝတ်အစား လဲသည်။ နေ့လယ်စာ စားပြီးမှ အထုပ်တစ်ထုပ်ကို ကိုင်လျက် ရထားလုံးဖြင့် နန်းတော်သို့ အေးအေးဆေးဆေး သွားခဲ့၏။

အရှေ့နန်းဆောင်သို့ ရောက်သည်နှင့် ပျင်းရိနေသော လီယွမ်ကျောက်နှင့် ဘေးတွင် ခစားနေသော လျိုကျင်းတို့ကို ချက်ချင်း မြင်လိုက်ရသည်။

မိန်းမစိုးတစ်ယောက်၏ သတင်းပို့သံကို ကြားချိန်မှာတော့ သူတို့နှစ်ယောက်စလုံးက ဖန်ကျန်းရီကို ဝမ်းသာအားရ ကြည့်လိုက်ကြ၏။

အထူးသဖြင့် လျိုကျင်း၏ မျက်လုံးများတွင် အရောင်များပင် တောက်ပနေသည်။

ကယ်တင်ရှင်ကြီး ရောက်လာပြီပဲ…။

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် ကြိုဆိုလိုက်၏။ “ဖန်ကြီး ….. ခင်ဗျား နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ကျုပ် ဒီရက်ပိုင်း အရမ်း ပျင်းနေတာ။ သေရတာကမှ ပိုကောင်းအုံးမယ်။ မြန်မြန်ပြစမ်းပါ။ ဘာလက်ဆောင်တွေ ပါလာလဲ။”

ဖန်ကျန်းရီက ခေါင်းခါကာ ပြုံးလိုက်ပြီး စားပွဲဘေးတွင် ဝင်ထိုင်သည်။ “အိမ်ရှေ့စံမင်းသား မလောပါနဲ့။ ပစ္စည်းကောင်းတွေ အများကြီး ယူလာပါတယ်။”

ပြောရင်းဖြင့် ပါလာသော အထုပ်ထဲမှ အဝတ်အိတ်ငယ်လေး တစ်လုံးကို ထုတ်ကာ ဖြေလိုက်၏။

“အမဲခြောက်။”

“အာ …..”

လီယွမ်ကျောက်က အမဲခြောက်ကို အံ့ဩစွာ ကြည့်ကာ တွေဝေစွာ မေးလိုက်သည်။ “အမဲသားက စားခွင့် မရှိဘူးလေ။ ခင်ဗျားတို့ ခရိုင်မှာ နွားသတ်လိုက်တာလား။”

“ဝူရှန်း သိလား။”

“သိတယ်။”

“ဒီလူက တောက်ယွမ်ခရိုင်ကို ပြောင်းသွားပြီးတော့ သူရဲ့ စရိုက်ကို မဖျောက်နိုင်ဘူးလေ။ ခရိုင်ထဲက နွားမနဲ့ ဖောက်ပြန်တာ။ အဲဒီနွားမက အရှက်မကွဲခံနိုင်လို့ သူ့ဘာသာ သတ်သေသွားတယ်။ အဲဒါနဲ့ အမဲခြောက် လုပ်လိုက်တာလေ။ နွားသတ်ခွင့် လက်မှတ်လည်း ပါသေးတယ်။”

ပြောရင်းဖြင့် ဖန်ကျန်းရီက အထုပ်ထဲမှ နွားသတ်ခွင့် လက်မှတ် တစ်စောင်ကိုပါ ထုတ်ပြလိုက်၏။

ခရိုင်ထဲတွင် နွားများကို မကြာခဏ သတ်လေ့ရှိသော်လည်း အားလုံးက လက်မှတ်ပါကြသည်။ ဖန်ကျန်းရီက ဤကိစ္စကို အလွန်သေချာစွာ လုပ်ဆောင်ထားပြီး လစဉ်လတိုင်း နွားသတ်ခွင့် လက်မှတ်များကို အမြောက်အမြား ရိုက်နှိပ်လေ့ ရှိသည်။

လီယွမ်ကျောက်က သဘောကျစွာ ရယ်မောလိုက်ပြီး စိတ်ထဲတွင် ကျေနပ်သွား၏။

လျိုကျင်းက စကားပြောမတတ်ဘဲ မြှောက်ပင့်ဖို့ပဲ သိသည်။ ဖန်ကြီး လျှောက်ပြောသည်ကို နားထောင်ရသည်ကမှ ပိုကောင်းသေးသည်။

ထို့နောက် လီယွမ်ကျောက်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။ “တောက်ယွမ်ခရိုင်မှာ ဘာအသစ်အဆန်းတွေ ရှိလဲဆိုတာ ပြောပြပါအုံး။”

“ရှိတာပေါ့။ ခရိုင်ထဲမှာ မကြာသေးခင်ကမှ 'ချင်မန်စစ်ဟယ်ယွမ်၊ ရှေးဟောင်းသင်္ချိုင်းဂူ လျှို့ဝှက်ချက်' ဆိုတဲ့ ဇာတ်လမ်းတွဲ ပြဇာတ်တစ်ခု အသစ် ထွက်လာတယ်။ အရမ်း ကောင်းတာပဲ။ အချိန်ရရင် အိမ်ရှေ့စံမင်းသားကို ခေါ်သွားပြမယ်။ ပြီးတော့...”

သူတို့နှစ်ယောက်က ဟိုအကြောင်း ဒီအကြောင်းတွေ လျှောက်ပြောနေကြပြီး ဘေးမှ လျိုကျင်းကမူ ဖန်ကျန်းရီကို မျက်လုံးလေးများ အရောင်လက်ကာ အဆက်မပြတ် ကြည့်နေသည်။

ဖန်ကျန်းရီက အစကတည်းက သတိထားမိနေသော်လည်း အချိန်ကြာလာတော့ လျိုကျင်း၏ အကြည့်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် မခံနိုင်တော့ဘဲ ရဲရဲဝံ့ဝံ့ ပြန်စိုက်ကြည့်လိုက်၏။

လျိုကျင်းက ဆက်ကြည့်နေဆဲ ဖြစ်သည်။

ဖန်ကျန်းရီ စိတ်ထဲတွင် နားမလည်နိုင်အောင် ဖြစ်သွားပြီး ခဏအကြာမှသာ သတိရသွားသည်။ ဤလျိုကျင်းက ငါ့ကို သူ့့ ပစ္စည်းလေး ပြန်ပေါက်အောင် လုပ်ပေးဖို့ စောင့်နေတာများလား။

ထိုအကြောင်းကို တွေးမိချိန်မှာတော့ ဖန်ကျန်းရီက အသံထွက်ကာ ရယ်မောလိုက်ပြီး အထုပ်ထဲမှ မှန်ဘီလူး တစ်ခုကို ထုတ်လိုက်၏။

လီယွမ်ကျောက် မြင်သောအခါ စိတ်ဝင်တစား မေးလိုက်သည်။ “ဖန်ကြီး ဒါက ဘာလဲ။”

ဖန်ကျန်းရီက မှန်ဘီလူးကို မြှောက်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ဒီနတ်လက်နက်ကို ညီလေးပြန်ပေါက် မှန်ဘီလူး၊ အစားအစာ ချဲ့စက်လို့ ခေါ်တယ်။ မျက်စိအစာကျွေးပြီး ဗိုက်ဝစေတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိတယ်။”

“လျိုကျင်း။ ဒီတစ်ခုက မင်းအတွက်ပဲ။ တိုတဲ့ နေရာကို ချိန်ကြည့်လိုက်။”

လျိုကျင်းက ထိုစကားကို ကြားချိန်မှာတော့ အလွန်ဝမ်းသာသွားပြီး မှန်ဘီလူးကို လုယူကာ သွားရည်ကျလျက် ပြေးထွက်သွားသည်။

လီယွမ်ကျောက်က မေးစေ့ကို ပွတ်ရင်း နားမလည်စွာဖြင့် မေးလိုက်၏။ “မျက်စိအစာကျွေးရင်း ဗိုက်ဝစေတယ်ဆိုတာ …. အလကားပဲ မဟုတ်ဘူးလား။”

ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်ပြီး နောက်ထပ်တစ်ခု ထုတ်ကာ လီယွမ်ကျောက်ရှေ့ရှိ ခွက်ပေါ်သို့ ချိန်ပြလိုက်၏။

ခွက်က ရုတ်တရက် ကြီးသွားသည်။ လီယွမ်ကျောက် ကြောင်အသွားပြီးနောက် အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်၏။ “ဒါ ပစ္စည်းကောင်းပဲ။”

ဖန်ကျန်းရီက မှန်ဘီလူးကို ကမ်းပေးလိုက်ရာ လီယွမ်ကျောက်က မှန်ဘီလူးကို ယူကာ ဟိုဟိုဒီဒီ လိုက်ကြည့်ပြီး ကြည့်လိုက်တိုင်း သဘောကျစွာ ချီးကျူးနေသည်။

“ပစ္စည်းကောင်းပဲ။ တကယ်ကို ပစ္စည်းကောင်းပဲ။ ခမည်းတော်က ဒီနှစ်ပိုင်းတွေမှာ မျက်စိမှုန်လာပြီလို့ အမြဲ ညည်းနေတာ။ ဒီမှန်ဘီလူးသာ ရှိရင် မှတ်တမ်းလွှာတွေ ဖတ်ရတာ အများကြီး လွယ်သွားမှာပဲ။”

ဖန်ကျန်းရီက အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။ အိမ်ရှေ့စံမင်းသား ပထမဆုံး စဉ်းစားမိသည်က ဘုရင်မင်းမြတ်ကို ပေးဖို့ ဆိုတော့... တကယ်ကို လေးစားစရာကောင်းသော သားလိမ္မာလေးပင်။

“အဲဒီ အဘိုးကြီး မျက်စိမှုန်တာကို သေချာ ကုပေးရမယ်။ ဒီရက်ပိုင်း ကျုပ် အကြောင်းပြချက် မရှိဘဲ ခဏခဏ အရိုက်ခံနေရတယ်။”

“......”

“လာ လာ လာ။ အိမ်ရှေ့စံမင်းသားကို ဒီမှန်ဘီလူးရဲ့ ကစားနည်း အသစ်ကို သင်ပေးမယ်။” ဖန်ကျန်းရီက အလျင်အမြန် စကားလွှဲလိုက်၏။ ဆက်ပြောနေလျှင် ရယ်စရာတွေ ဖြစ်ကုန်တော့မည်။

ဖန်ကျန်းရီက လီယွမ်ကျောက်၏ မှန်ဘီလူးကို ယူကာ အပြင်သို့ ထွက်ပြီး နေရောင်ကောင်းကောင်း ရသည့် နေရာကို ရှာလိုက်သည်။ Focus ချိန်ပြီး ထားလိုက်ရာ မြက်ခင်းပေါ်မှ မီးခိုးငွေ့များ ချက်ချင်း ထွက်လာ၏။

လီယွမ်ကျောက်က နောက်ထပ်တစ်ကြိမ် အံ့ဩသွားပြီး နားမလည်စွာဖြင့် မေးလိုက်သည်။ “ဒါက ဘယ်လို အလုပ်လုပ်တာလဲ။”

“နေရောင်ခြည်ကို တစ်နေရာတည်း စုလိုက်တာလေ။ အပူချိန် တက်လာတော့ မီးလောင်သွားတာပေါ့။ ဒါကို နေစွမ်းအင်လို့ ခေါ်တယ်။”

လီယွမ်ကျောက်က နားလည်သလိုလိုနှင့် ခေါင်းညိတ်လိုက်သည်။ မကြာမီမှာပင် ဆက်မစဉ်းစားတော့ဘဲ သူတို့နှစ်ယောက်က မြက်ခင်းပေါ်တွင် မှောက်လျက် ပုရွက်ဆိတ်များကို လိုက်ရှာနေကြတော့၏။

အချိန်အနည်းငယ် ကြာပြီးနောက် လျိုကျင်းက ဝမ်းနည်းပက်လက်ဖြင့် ပြန်ရောက်လာပြီး မှန်ဘီလူးကို မြှောက်ကာ ငိုသံဖြင့် ပြောလိုက်သည်။ “မြို့ဝန်ဖန်... ဒါ အသုံးမဝင်ဘူး။”

“ဘာလို့ အသုံးမဝင်ရမှာလဲ။ ကြည့်လိုက်တော့ ကြီးမသွားဘူးလား။”

လျိုကျင်းက မျက်လုံးကို ပွတ်ကာ ဝမ်းနည်းစွာ ပြောလိုက်၏။ “ကြီးတော့ ကြီးတယ်။ ဒါပေမဲ့ ကြီးတာပဲ ရှိတာ။ ပြတ်နေတာကတော့ ပြတ်နေတုန်းပဲလေ။”

ဖန်ကျန်းရီက သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်ကာ သူ၏ ပခုံးကို ပုတ်၍ နှစ်သိမ့်လိုက်သည်။ “ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် နန်းတော်ထဲမှာ သုံးစရာမှ မလိုတာ။ ကြီးတာကို ကြည့်ရတာနဲ့ တကယ် ကြီးတာက အတူတူပါပဲ။”

“လျိုကျင်း ….. စိတ်မပျက်ပါနဲ့။ ဘဝဆိုတာ ဒီလိုပဲလေ။ အရာအားလုံးမှာ အားနည်းချက် ရှိတယ်။ ဘယ်မှာ အပြည့်အစုံ ရှိပါ့မလဲ။

ပြီးတော့ မင်း အသက်ကြီးလာရင် အမှတ်တရတွေက အကုန်လုံး ချိုမြိန်နေမှာပဲ။ သင်းကွပ်ခံထားရတဲ့ သူတွေက အသက်ပိုရှည်ကြတယ်။ မင်းက တခြားသူတွေထက် နှစ်တွေအများကြီး ပိုပြီး ချိုမြိန်နိုင်ဦးမှာပါ။ ပြီးတော့ ညီလေးကို လွမ်းရင် မှန်ဘီလူးနဲ့ ကြည့်လို့ ရသေးတယ်။”

“လူလိမ်ကြီး။”

ဖန်ကျန်းရီ စကားပင် မဆုံးသေးမီ လျိုကျင်းက မှန်ဘီလူးကို ကိုင်ကာ ငိုယိုလျက် ပြေးထွက်သွား၏။

လီယွမ်ကျောက်က ပျော်ရွှင်စွာ ကစားပြီးနောက် မတ်တတ်ရပ်ကာ ဖန်ကျန်းရီကို ကြည့်ပြီး ဟီးဟီးဟားဟား ရယ်မောလိုက်သည်။ “ဖန်ကြီး …. ခင်ဗျား တကယ် ယုတ်မာတာပဲ။”

ဖန်ကျန်းရီက ဟန်လုပ်ရယ်မောလိုက်၏။ “ကျုပ်က သူ့ကို ဂရုစိုက်တာပါ။ ကဲပါ အဲဒါတွေ မပြောနဲ့တော့။ အရေးကြီးတာ ပြောမယ်။ ဒီရက်ပိုင်းအတွင်း ရုံးတော်မှာ ကျုပ်နဲ့ ပတ်သက်ပြီး ကန့်ကွက်သံတွေ ရှိသေးလား။”

လီယွမ်ကျောက်၏ မျက်နှာက တည်တင်းသွားသည်။ “ခင်ဗျား ထွက်သွားပြီးတဲ့နောက် သိပ်မမှန်တော့ဘူး။ ဘာတုံ့ပြန်မှုမှ မရှိဘူး။ ခင်ဗျား နာမည်ကိုတောင် ဘယ်သူမှ မခေါ်ကြဘူး။ အဲဒီလူတွေမှာ အကြံအစည် တစ်ခုခု ရှိနေတယ်လို့ ကျုပ် ထင်တယ်။”

ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီက ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်သွား၏။ အချိန်အတော်ကြာ ထွက်သွားတာတောင် ဘယ်သူမှ သူ့ကို အပြစ်မတင်ဘူးဆိုတာ တကယ်ကို ပုံမှန်မဟုတ်ပေ။

ထို့ပြင် တောက်ယွမ်ခရိုင်အတွင်း၌ သူ၏ သတင်းများကို လိုက်လံထောက်လှမ်း စုံစမ်းနေသူများ ရှိနေသည်ဆိုလေရာ၊ ကြည့်ရသည်မှာ သူ့ကို မျက်မုန်းကျိုးနေကြသော အဘိုးကြီးတစ်သိုက်က နောက်ကွယ်မှနေ၍ အကွက်ချစီစဉ်နေကြခြင်းပင် ဖြစ်ပေလိမ့်မည်။

သို့သော်ငြား ဤအရာများ အားလုံးက အရေးမကြီးလှပေ။ ကန်စွန်းဥများသာ အမှန်တကယ် ထွက်ပေါ်လာခဲ့မည်ဆိုပါက ထိုလူများ မည်သို့ပင် အပုပ်ချ ပွက်လောညံနေစေကာမူ အားလုံးမှာ အချည်းနှီး ဖြစ်သွားပေမည်။

“ဖန်ကြီး … ဖန်ကြီး …. စကားပြောလေ။” ဖန်ကျန်းရီ အချိန်အတော်ကြာ တုံ့ပြန်မှု မရှိသည်ကို မြင်သောကြောင့် လီယွမ်ကျောက်က အလောတကြီး ဖြစ်လာသည်။ ကြည့်ရသည်မှာ ဖန်ကြီးလည်း ဘာလုပ်ရမှန်း မသိတော့ဟု ထင်သည်။

ဖန်ကျန်းရီက စကားလမ်းကြောင်း လွှဲကာ ပြုံးလျက် ပြောလိုက်၏။ “ကိစ္စမရှိဘူး။ သူတို့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ကျုပ်တို့ လုပ်စရာရှိတာ ဆက်လုပ်ရုံပါပဲ။ မင်းသမီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”

ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်က ဖန်ကျန်းရီကို အထက်အောက် သတိထားကာ အကဲခတ်လိုက်သည်။ “ခင်ဗျား ဘာလုပ်ချင်လို့လဲ။”

“ဘာလုပ်ရမှာလဲ။ မင်းသမီးရဲ့ ရောဂါကို ကျုပ် ကုပေးခဲ့တာလေ။ ရလဒ်တော့ သိရမှာပေါ့။”

ဖန်ကျန်းရီ၏ စိတ်ထဲတွင် နားမလည်နိုင်အောင် ဖြစ်သွား၏။

ဟင် … မေးကြည့်ရုံလေးကို ဘာလို့ ဒီလောက်တောင် သတိထားနေရတာလဲ။ မကြာသေးခင်ကတောင် ငါ့ကို ဇနီးအဖြစ် ပေးမယ် ဆိုပြီး လုပ်နေပြီးတော့ အခု မဆိုင်တော့သလို သဘောထားတာလား။

“အင်း။ ရောဂါ ပျောက်သွားပြီ။ အဲဒီ သမားတော်ဟူက တကယ့်ကို အသုံးမကျတဲ့သူပဲ။ ဒါနဲ့ မြောင်ဟန်က ရောဂါပျောက်သွားတော့ ခင်ဗျားကို လူကိုယ်တိုင် ကျေးဇူးတင်စကား ပြောချင်တယ်တဲ့။ အချိန်ရွေးမနေနဲ့တော့။ အခုပဲ သွားမယ်။ ကျုပ် လိုက်ပို့ပေးမယ်။ ခင်ဗျား ဘာမှ ဝေ့လည်ကြောင်ပတ် မလုပ်နဲ့နော်။”

“…....”

အပိုင်း (၈၂) အချစ်ရေးမှာ အတွေ့အကြုံရှိသူ ဖန်ကျန်းရီ

ဖန်ကျန်းရီက လီယွမ်ကျောက်၏ သတိထား အကဲခတ်မှုအောက်တွင် မင်လွမ်နန်းဆောင်သို့ လိုက်ပါသွားရ၏။

မင်လွမ်နန်းဆောင်သို့ ရောက်သည်နှင့် လီယွမ်ကျောက်၏ ဆူညံအော်ဟစ်သံများကြောင့် မင်းသမီးက ဖြည်းညင်းစွာ ထွက်လာသည်။

ဖန်ကျန်းရီ၏ အသက်ရှူသံ အနည်းငယ် ရပ်တန့်သွား၏။ ယခုတစ်ကြိမ် မင်းသမီးအား မြင်တွေ့ရသည်မှာ ယခင်တစ်ခေါက်နှင့် အတော်ပင် ကွာခြားသွားသည်။ ယခင်တစ်ခေါက်ကမူ မင်းသမီးမှာ ဖျားနာလျက် ကုတင်ထက်၌ လဲလျောင်းနေရသည်ဖြစ်ရာ မြင်တွေ့ရသူအပေါင်းအား သနားကြင်နာဖွယ်ရာ စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်ငြား ယခုတစ်ခေါက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာချိန်တွင်မူ လုံးဝကွဲပြားခြားနားသော ပုံစံတစ်မျိုးသို့ ပြောင်းလဲသွားခဲ့သည်။ ပိုမို၍ နုပျိုလန်းဆန်း တက်ကြွလာကာ အမှန်တကယ်ပင် အပြစ်ကင်းစင်၍ ဆွဲဆောင်မှုအပြည့် ရှိနေတော့၏။

လီမြောင်ဟန်က သူမ၏ လှပသော မျက်လုံးများဖြင့် ဖန်ကျန်းရီကို စိတ်ဝင်တစား အကဲခတ်နေသည်။

ဖန်ကျန်းရီက အလျင်အမြန် အရိုအသေ ပေးလိုက်၏။ “ကျုက် ဖန်ကျန်းရီ မင်းသမီးကို အရိုအသေ ပေးပါတယ်။”

မင်းသမီး၏ ကြည်လင်သော အသံလေးက ဖန်ကျန်းရီ၏ နားထဲသို့ ရောက်လာ၏။ “မြို့ဝန်ဖန် အထူးတလည် ဂါရဝပြုနေစရာ မလိုပါဘူး။ တကယ်တော့ ကျွန်မကပဲ အသက်ကယ်ပေးတဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ရမှာပါ။”

ဖန်ကျန်းရီက ခေါင်းမော့လိုက်ရာ မင်းသမီး လီမြောင်ဟန်၏ မျက်လုံးများနှင့် ဆုံသွားသည်။ လီမြောင်ဟန်က ချိုသာစွာ ပြုံးလိုက်ရာ ပို၍ပင် ဆွဲဆောင်မှု ရှိသွားသည်။

“မြို့ဝန်ဖန်ရဲ့ ဆေးကုသမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု ရောဂါပျောက်သွားပါပြီ။ အနောက်ဘက် ပန်းခြံကိုလည်း အကုန် ပြန်ပြင်ပြီးသွားပါပြီ။ မြို့ဝန်ဖန် လာကြည့်ပြီး လိုအပ်တာတွေ ရှိသေးလား ဆိုတာ ဝေဖန်ပေးပါအုံးလား။”

ဖန်ကျန်းရီက ခေါင်းညိတ် သဘောတူလိုက်၏။

သူက လီမြောင်ဟန်အပေါ် အမြင် အတော်လေး ကောင်းသည်။ အပြစ်ကင်းစင်ကာ ဆွဲဆောင်မှုအပြည့်ရှိလှသော ထိပ်တန်းအလှပိုင်ရှင်လေးတစ်ပါး ဖြစ်သည့်အပြင် စကားပြောဆိုရာတွင်လည်း အသံနေအသံထားမှာ သိမ်မွေ့ညင်သာလှပြီး မျက်နှာထက်၌လည်း အပြုံးပန်းများကို အစဉ်အမြဲ ဆင်မြန်းထားသည်။ မြင်တွေ့ရသည့် အသွင်အပြင်အရ သူမ၏ စိတ်သဘောထားမှာလည်း အလွန်ပင် ဖြူစင်ကောင်းမွန်လှမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအရာက သူ သဘောကျသော ပုံစံမျိုးပင်။

ဘေးမှာ မျက်စိဒေါက်ထောက် ကြည့်နေတဲ့ လီယွမ်ကျောက်သာ မရှိရင် ပိုကောင်းမှာပဲ။

လူသုံးယောက်က အနောက်ဘက် ပန်းခြံထဲသို့ ရောက်သွားကြရာ ယခင်က ပန်းခြံထဲ အပြည့်ပွင့်နေသော ရှီယာဟွာ မာကန်နီပန်းများ နေရာတွင် စိမ်းလန်းသော သစ်ပင်များဖြင့် အစားထိုးထားကြောင်း တွေ့လိုက်ရ၏။

ဖန်ကျန်းရီက ဟန်လုပ်ကာ နှစ်ပတ်လောက် လျှောက်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းတယ်။ အကြမ်းဖျင်းတော့ ဘာပြဿနာမှ မရှိတော့ဘူး။ ဒါပေမဲ့... ဒီရောဂါက နောက်ဆက်တွဲ ပြဿနာတွေ ရှိနိုင်တယ်။ ကျုပ်က ဆေးပညာကို နည်းနည်း နားလည်ပါတယ်။ မင်းသမီးရဲ့ ခန္ဓာကိုယ်မှာ နေလို့မကောင်းတာ ရှိရင် ကျုပ်ကို အချိန်မရွေး ခေါ်ပြီး စစ်ဆေးခိုင်းလို့ ရပါတယ်။”

လီယွမ်ကျောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။

ဖန်ကြီး …. ခင်ဗျား တကယ် ပြောရဲတာပဲ။ အဆုတ်ရောဂါကုတဲ့ ဆေးလုပ်တာ လူငါးဆယ်ကျော် သေသွားတာကို ကျုပ် ကိုယ်တိုင် မြင်ခဲ့တာနော်။ အခုကျမှ ဆေးပညာ နားလည်တယ်လို့ မျက်နှာပြောင်တိုက်ပြီး ပြောရဲသေးတယ်။

ထို့နောက် ဖန်ကျန်းရီကို ထပ်မံ၍ စူးစိုက်ကြည့်နေသည်။

ဒီကောင် ငါ့ညီမလေးကို သေချာပေါက် မျက်စိကျနေတာပဲ... ဖန်ကြီးက စကားပြောကောင်းတော့ လူတွေကို အရူးလုပ်နိုင်တယ်။ သူ့ကို ဒီမှာ အရူးလုပ်ခွင့် ပေးလို့ မဖြစ်ဘူး။

မင်းသမီးက ပါးစပ်ကို အုပ်ကာ ပြုံးလိုက်၏။ “ကျေးဇူးတင်ပါတယ် မြို့ဝန်ဖန်။ ကျွန်မ မကြာသေးခင်ကမှ နည်းနည်း နေမကောင်းဖြစ်ခဲ့တာ။”

“ခန္ဓာကိုယ်က အမြဲတမ်း အားနည်းသလို ခံစားရပြီး အလွယ်တကူ ပင်ပန်းလွယ်နေလား။ အရင်က မျက်လုံးတွေလည်း နည်းနည်း ကိုက်ခဲနေသေးလား။”

“အို။ မြို့ဝန်ဖန်က တကယ် တော်တာပဲ။”

ဖန်ကျန်းရီက စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်၏။ ကုတင်ပေါ်မှာ အချိန်အကြာကြီး လှဲနေရတာ ပင်ပန်းမှာပေါ့။ မင်းက ငါလို့များ မှတ်နေလား။ လမ်းလျှောက်ရင် သေချာပေါက် ပင်ပန်းမှာပေါ့။

မျက်လုံး ကိုက်ခဲတာကတော့ ပန်းဝတ်မှုန် ဓာတ်မတည့်လို့ ဖြစ်တာလေ။ မျက်လုံးကို ခဏခဏ ပွတ်တော့ ခြောက်သွေ့လာတာပေါ့။

လီယွမ်ကျောက်က ရယ်ကျဲကျဲဖြင့် ကြည့်နေမိသည်။ ဖန်ကြီးက တကယ် နားလည်တာပဲ၊ မထင်ထားဘူး။

ဖန်ကျန်းရီက ပြောလိုက်၏။ “အာ ဒါက ဘာမှမဟုတ်ပါဘူး။ ကျုပ်တို့ ထိုင်ပြီးမှ ဆက်ပြောကြတာပေါ့။”

လူသုံးယောက်က နန်းဆောင်ငယ်ထဲတွင် ထိုင်လိုက်ကြရာ ဖန်ကျန်းရီက မင်းသမီးကို ကြည့်ရင်း ရုတ်တရက် ပြောစရာ စကား မရှိတော့သလို ဖြစ်သွားသည်။

သူနှင့် အချိန်အကြာဆုံး အတူနေခဲ့သည်က ရှောင်ထောင်ပင်။ ရှောင်ထောင်နှင့်လည်း ပုံမှန်ဆိုလျှင် စကားသိပ်မပြောဖြစ်ပေ။ ကျန်သောအချိန်တွေကတော့ ယောကျ်ားတွေနှင့်ချည်း နေခဲ့ခြင်းပင်။

သူတို့နှစ်ယောက်၏ အကြည့်များက ဖန်ကျန်းရီထံသို့ ရောက်လာသောကြောင့် ဖန်ကျန်းရီလည်း မတတ်နိုင်ဘဲ စကားစပြောရတော့၏။ “မင်းသမီး။ ဒီရောဂါက သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ ပုံမှန် အချိန်တွေမှာ ရေနွေးများများ သောက်ပေးပါ...”

ခေါင်းထဲတွင် သီအိုရီ အသိပညာများစွာ ပြည့်နှက်နေသော်ငြားလည်း၊ အမှန်တကယ် လက်တွေ့ ကြုံလာရသောအခါတွင်မူ မည်သို့မည်ပုံ စတင်လုပ်ဆောင်ရမည်ကို လုံးဝ ဝေခွဲမရ ဖြစ်နေမိသည်။

သို့ရာတွင် ငါ မင်းရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ် ဟုတော့ ဗြောင်ကျကျကြီး ဖွင့်ဟပြောဆိုရန်မှာတော့ အလျဉ်း မဖြစ်နိုင်ပေ။

လီယွမ်ကျောက်၏ အကြည့်များက ချက်ချင်း စူးရှလာပြန်၏။

ရေနွေးများများ သောက်ရမယ်။ ဒါက ဖန်ကြီး ငါ့ကို မိန်းမပိုးပန်းတဲ့ အချိန်မှာ ပြောဖို့ သင်ပေးထားတဲ့ စကား မဟုတ်လား။ တကယ်ပဲ အကြံအစည် ရှိနေတာကိုး။

လီယွမ်ကျောက်က ဖန်ကျန်းရီကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။ “ရေနွေးများများ သောက်ပြီးရင်ကော။ ဘာဆက်လုပ်ရမလဲ။”

“ဘာမှ မလုပ်ရတော့ဘူး... ဪ သေးများပေါက်ဖို့လည်း လိုသေးတယ်။”

“...”

ပတ်ဝန်းကျင် လေထုက ချက်ချင်း တိတ်ဆိတ်သွားပြီး အဆိုးဆုံးကတော့ ဖန်ကျန်းရီပင် ဖြစ်၏။

သောက်ကျိုးနည်း။ အင်တာနက်ပေါ်က စကားတွေ ဘယ်ရောက်သွားတာလဲ။ အရင်ဘဝက မှတ်ဉာဏ်တွေက ဘာလို့ အမြဲတမ်း ပျက်နေရတာလဲ။ ကောင်မလေးတွေ ကြွေသွားမယ့် စကားလုံးက ဘာတွေလဲ။ ပြိုင်စံရှားဂိုဏ်း ထဲမှ ဂိုဏ်းချုပ်ကျွင်းဆီမှာတော့ စော်လိုက်နည်းတစ်ထောင် စာအုပ်ရှိတယ်။ ငါလည်း အဲတာ မဖတ်ဖူးဘူး။ ဂွကျတာပဲ။

လူသုံးယောက်လုံး အချိန်အတော်ကြာ တိတ်ဆိတ်သွားကြပြီး နောက်ဆုံးတွင် လီမြောင်ဟန် ကြည့်မနေနိုင်တော့ပေ။ ဖန်ကျန်းရီ သယ်လာသော အထုပ်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။ “မြို့ဝန်ဖန် …. လူကြီးမင်း သယ်လာတဲ့ အထုပ်ထဲမှာ ဆေးတွေ ပါတာလား။”

တိတ်ဆိတ်မှု ကျိုးပေါက်သွားသောကြောင့် ဖန်ကျန်းရီမှာ လွတ်ငြိမ်းခွင့် ရသွားသကဲ့သို့ ခံစားလိုက်ရပြီး အလျင်အမြန် အထုပ်ကို ဖြည်ကာ စားပွဲပေါ် တင်လိုက်သည်။ “အို မဟုတ်ပါဘူး။ ဒီနေ့က တိုက်ဆိုင်သွားလို့ပါ။ ဒီအထဲမှာ ပါတာက တောက်ယွမ်ခရိုင်က ထုတ်တဲ့ ဒေသထွက် ကုန်ပစ္စည်းတွေပါ။”

“မင်းသမီး မြည်းကြည့်လို့ ရပါတယ်။ အရသာက မဆိုးပါဘူး...”

အထုပ်ကို ဖြည်လိုက်ချိန်မှာတော့ ဖန်ကျန်းရီ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ထိုအထဲတွင် လစဉ်သုံး ဂွမ်းထုပ် အချို့ ညှပ်ပါနေ၏။

ရှောင်ထောင် ဆိုတဲ့ သောက်ခွေးမလေး။ ဒေသထွက် ကုန်ပစ္စည်းတွေ ထည့်ခိုင်းတာလေ။ လစဉ်သုံး ဂွမ်းထုပ်ကြီး ဘာလို့ ထည့်လာတာလဲ။

ဖန်ကျန်းရီ လန့်သွားပြီး မျက်လုံးများက ဟိုယိမ်းဒီယိမ်း ဖြစ်နေသည်။ မမြင်ချင်ယောင် ဆောင်လျက် အထုပ်ထဲမှ သစ်သီးခြောက် တစ်ထုပ်ကို ထုတ်လိုက်သည်။

“မင်းသမီး မြည်းကြည့်ပါ။ ဒါက တောက်ယွမ်ခရိုင်က သစ်သီးခြောက်ပါ။ အရသာက ချဉ်ချဉ်ချိုချိုလေး... ခန္ဓာကိုယ်အတွက်လည်း ကောင်းပါတယ်။”

လီယွမ်ကျောက်က သစ်သီးခြောက်ကို ဂရုမစိုက်ဘဲ အထုပ်ထဲတွင် ထူးဆန်းသော ပစ္စည်းများ ပါနေသည်ကို မြင်သည်နှင့် တစ်ခုကို ချက်ချင်း ဆွဲထုတ်ကာ လက်ထဲတွင် အကြိမ်ကြိမ် လေ့လာကြည့်နေ၏။

“ဖန်ကြီး ….. ဒက ဘာလဲ။ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။”

“ခန့်မှန်းကြည့်လေ။”

လီယွမ်ကျောက်က ထိုစကားကို ကြားပြီးနောက် လစဉ်သုံး ဂွမ်းထုပ်ကို အကြိမ်ကြိမ် လေ့လာကြည့်ရာ ကြိုးလေးချောင်း ပါသည်ကို မြင်သောကြောင့် တစ်ခုခုကို သဘောပေါက်သွားသလို ခံစားလိုက်ရသည်။

ထို့နောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်၏။ “ခင်ဗျား ကျုပ်ကို စမ်းသပ်လို့ မရဘူး... ခမည်းတော် ပြောတာ ကျုပ် ကြားဖူးတယ်။ ခင်ဗျားက ရေဘေးပြီးရင် ကပ်ရောဂါ ဖြစ်တတ်တယ်လို့ ပြောဖူးတယ်တဲ့။ ရောဂါ မကူးစက်အောင် နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးထားဖို့ လိုတယ်တဲ့။

ဒီအရာက ကြိုးလေးချောင်း ပါတယ်ဆိုတော့ ခေါင်းမှာ ချည်ဖို့ သေချာတယ်။ နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးဖို့ သုံးတဲ့ ပစ္စည်းပဲ။ ကျုပ်ပြောတာ မှန်တယ် မဟုတ်လား။”

ပြောပြီးသည်နှင့် လစဉ်သုံး ဂွမ်းထုပ်ကို ယူကာ ခေါင်းပေါ် တင်ရန် ပြင်လိုက်၏။

ဖန်ကျန်းရီက ချွေးစေးများ ထွက်လာပြီး အလျင်အမြန် ဆွဲယူလိုက်ရသည်။

ပြောရရင် ဒီအရာက နှာခေါင်းစည်းနဲ့ တော်တော်လေး တူတာပဲ။

“အိမ်ရှေ့စံမင်းသား တော်တယ်... ဒါပေမဲ့ ဒါက အဲဒီလို သုံးတာ မဟုတ်ဘူး...”

လီမြောင်ဟန်က သူတို့နှစ်ယောက် ပြောနေသည်ကို ပြုံးလျက် ကြည့်နေပြီး ရုတ်တရက် ဝင်ပြောလိုက်၏။ “မြို့ဝန်ဖန် ပြောပြပါအုံး . ။ ကျွန်မလည်း အရမ်း သိချင်နေတယ်။”

သောက်ကျိုးနည်း။ ဒီအခြေအနေက ပြန်ဆယ်လို့ မရတော့ဘူး... သေရင်လည်း သေပါစေတော့။ လောကမှာ မိန်းမတွေ အများကြီးပဲ။

ဖန်ကျန်းရီက ထစ်အစွာဖြင့် ပြောလိုက်၏။ “ဒီဟာကို လစဉ်သုံး ဂွမ်းထုပ်လို့ ခေါ်တယ်... အသုံးဝင်ပုံကတော့ ဓမ္မတာသုံး အဝတ်စနဲ့ အတူတူပဲ...”

စကားဆုံးသည်နှင့် လီမြောင်ဟန်၏ လှပသော မျက်နှာလေးက ချက်ချင်း နီရဲသွားပြီး နားရွက်အထိတောင် နီသွားကာ ခေါင်းကို ငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောတော့ချေ။

ဘေးမှ အစေခံမလေးများပင်လျှင် ခေါင်းငုံ့သွားကြသည်။

လီယွမ်ကျောက်ကမူ နားမလည်စွာဖြင့် ဆက်မေးနေ၏။ “ဓမ္မတာသုံး အဝတ်စဆိုတာ ဘာလဲ။ ကျုပ် တစ်ခါမှ မကြားဖူးဘူး။”

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ အားလုံးကို ဖွင့်ပြောလိုက်ရန် ဆုံးဖြတ်လိုက်၏။ သူက မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။ “အမျိုးသမီးတွေ ဓမ္မတာလာရင် သုံးတဲ့ ပစ္စည်းပဲ။ နားလည်ပြီလား။”

သူပြောတာကို ကြားပြီးနောက် လီယွမ်ကျောက်က အော်ဟစ်လိုက်ပြီး စားပွဲပေါ်ရှိ လစဉ်သုံး ဂွမ်းထုပ်များကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ “ဖန်ကြီး ခင်ဗျား ရူးနေတာပဲ။ ခင်ဗျားက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။”

ဖန်ကျန်းရီက သူ့ကို စွေကြည့်လိုက်ပြီး လီမြောင်ဟန်ကိုလည်း တစ်ချက် ကြည့်လိုက်သည်။ “ကျုပ်က ဘယ်လိုလူမျိုး ဖြစ်နေလို့လဲ။ ဘာသိလို့လဲ။ ဒါက တောက်ယွမ်ခရိုင်က ဒေသထွက် ကုန်ပစ္စည်းပဲ။ အစ်ကိုကြီးကော်ကို ပေးဖို့ ယူလာတာ။ တွေ့ရာတွေ အကုန်လျှောက်နှိုက်ကြည့်နေပြီးတော့ …..”

All Chapters