← Chapters

အခန်း (၈၃-၈၄)

Vol. 6 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 6 Ch. 83-84

အပိုင်း (၈၃) လောကရှိ အမျိုးသမီးများအတွက် အကျိုးခံစားခွင့်များ ရှာဖွေပေးခြင်း။

လီယွမ်ကျောက်က နောက်ထပ် အော်ဟစ်လိုက်ပြန်၏။ “ဘာ … ကော်ထျန်းယန်ဟုတ်လား။ မိန်းမစိုးကလည်း ဒီလို ပစ္စည်းမျိုး သုံးတယ်ပေါ့။ ကျုပ် လုံးဝ မထင်ထားဘူး။”

မင်းသမီးက ခေါင်းငုံ့ထားဆဲ ဖြစ်ကြောင်း မြင်သောကြောင့် ဖန်ကျန်းရီက ဟန်လုပ်ရယ်မောလိုက်သည်။ “ဒီအရာက သေချာပေါက် အမျိုးသမီးတွေ သုံးဖို့ပါ။ ဒါပေမဲ့ ကျုပ်က အမျိုးသမီးတွေကို သွားပေးဖို့ မသင့်တော်ဘူးလေ။ ဒါကြောင့် အစ်ကိုကြီးကော်ကို အရင်ဆုံး စမ်းသုံးခိုင်းတာ။ သဘောတရားကတော့ အတူတူပါပဲ။”

လီယွမ်ကျောက်သည် ဤအရာကို စောစောက အမဲခြောက်နှင့် အတူတူ ထားခဲ့သည်ကို တွေးမိချိန်မှာတော့ စိတ်ထဲတွင် ရုတ်တရက် အန်ချင်စိတ် ပေါ်လာ၏။

ဒီကျိန်စာသင့်မယ့် ဖန်ကြီး။ အကြောင်းပြချက် မရှိဘဲ ဒီပစ္စည်းကို ဘာလို့ ယူလာရတာလဲ။

လီမြောင်ဟန်သည် အစက ဖန်ကျန်းရီအပေါ် အမြင်ကောင်း ရှိခဲ့သော်လည်း လစဉ်သုံး ဂွမ်းထုပ်ကို မြင်လိုက်ရချိန်မှာတော့ စိတ်ထဲတွင် ဖန်ကျန်းရီမှာ စည်းကမ်းမရှိသော၊ လူယုတ်မာ တစ်ယောက် ဖြစ်ကြောင်း မှတ်ယူလိုက်မိသည်။

အမှန်တကယ် ယောက်ျားကောင်း တစ်ယောက်အနေဖြင့် အမျိုးသမီးများ၏ ဓမ္မတာသုံး အဝတ်စကို မည်သူကများ တစ်ပါတည်း အမြဲတစေ ယူဆောင်သွားမည်နည်း။ ဤမျှ ရှက်ဖွယ်ကောင်းလှသော အရာကို အမျိုးသမီးများ ကိုယ်တိုင်ပင်လျှင် လုံခြုံသေချာစွာ သိမ်းဆည်းဖွက်ထားရသည် မဟုတ်ပါလား။ သို့ပါလျက် ယခုမှာမူ လူအများရှေ့မှောက်တွင် မရှက်မရွံ့ ပေါ်တင်ကြီး ချပြဝံ့သေးသည်။

ဖန်ကျန်းရီအပေါ် ထားရှိသည့် သူမ၏ သဘောကျမှုကလည်း ရေခဲမှတ်အထိ ကျဆင်းသွားတော့သည်။ သို့သော်လည်း အခြေအနေအရ ခေါင်းငုံ့ကာ စကားမပြောဘဲ နေရုံသာ ရှိတော့၏။

“အာ ဖန်ကြီး ဖန်ကြီး …. ခင်ဗျား ဘုရားကျောင်းက ကြွက်၊ လူယုတ်မာပဲ ဆိုတာ ကျုပ် တကယ် မထင်ထားဘူး... ဟားဟား။”

ဖန်ကျန်းရီကလည်း အေးစက်စက် ပြုံးလိုက်၏။ ဘာပဲဖြစ်ဖြစ် အခုကတော့ ဖွင့်ပြောလိုက်ရုံပဲ ရှိတော့တယ်။

ကျုပ် ဖန်ကျန်းရီက ခင်ဗျားကို ညီအစ်ကို တစ်ယောက်လို သဘောထားတာကို ခင်ဗျားက မိန်းမလှလေးရှေ့မှာ ကျုပ်ကို အရှက်ခွဲရဲတယ်ပေါ့။

ထို့နောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားက ဘာသိလို့လဲ။ ဒီအရာက အရမ်း အသုံးဝင်တယ်။

ကျုပ် ဖန်ကျန်းရီလို ယောကျ်ားကောင်း တစ်ယောက်က ဒီပစ္စည်းကို ယူပြီး လျှောက်သွားနေရတာ ရှက်စရာကောင်းမှန်း မသိဘူးလို့ ထင်နေတာလား။ ဒါပေမဲ့ ကျုပ် ဘာလို့ ဒီလိုလုပ်ရတာလဲ။ လောကမှာ ရှိတဲ့ အမျိုးသမီးတွေ အားလုံး ဒါကို သုံးနိုင်ဖို့ မဟုတ်ဘူးလား။

အိမ်ရှေ့စံမင်းသား သိလား။ အမျိုးသမီးတွေ ဓမ္မတာလာရင် ဘယ်လောက်တောင် နာကျင်ရလဲဆိုတာ။ အပြင်တောင် မထွက်ရဲဘူး။ ပြီးတော့ တခြားလူတွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကိုလည်း ခံရသေးတယ်။

အရေးအကြီးဆုံးက ဓမ္မတာသုံး အဝတ်စကို အသုံးပြုတာ မမှန်ရင် ဒါမှမဟုတ် ညစ်ညမ်းသွားရင် ရောဂါရပြီး အသက်ဆုံးရှုံးရတယ်ဆိုတာ သိလား။

ကျုပ် ဖန်ကျန်းရီက ဘာပဲဖြစ်ဖြစ် မြို့ဝန်တစ်ယောက်ပဲ။ ဒီလိုအခြေအနေမျိုးကို မြင်ရက်နဲ့ ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မှာလဲ။ လောကမှာ ရှိတဲ့ အမျိုးသမီးတွေကို ကယ်တင်ရမယ့် တာဝန်က ကျုပ် …. ဖန်ကျန်းရီရဲ့ ပခုံးပေါ်ကို ရောက်လာပြီ။

ကျုပ်က လောကမှာ ရှိတဲ့ အမျိုးသမီးတွေအတွက် အကျိုးခံစားခွင့်တွေ ရှာဖွေပေးနေတာ။”

ပတ်ဝန်းကျင်ရှိ အစေခံမလေးများ အားလုံးက ခေါင်းမော့ကာ ဖန်ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်ကြ၏။ လီမြောင်ဟန်ကလည်း ခေါင်းမော့လာပြီး မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာများ ပေါ်လွင်နေသည်။

ဖန်ကျန်းရီက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် တည်ငြိမ်သွား၏။ ကြည့်ရတာ ငါ့ သိက္ခာ‌တွေ ကျန်သေးတာပဲ။

လီယွမ်ကျောက်က ဂရုမစိုက်ဘဲ အေးစက်စက် ပြုံးလျက် ပြောလိုက်သည်။ “ဖန်ကြီး …. ကျုပ်ရှေ့မှာ လာဟန်ဆောင်မနေနဲ့။ ခင်ဗျားရဲ့ မျက်နှာဖုံးကို ကျုပ် ဆွဲခွာပြမယ်။

ခင်ဗျား ပြောတာတွေက အရမ်း ကောင်းနေတာပဲ။ ကျုပ် မသိဘူးများ ထင်နေလား။ တောက်ယွမ်ခရိုင်မှာ ပြည့်တန်ဆာရုံ ရှိတယ်။ ပြီးတော့ အစိုးရက ဖွင့်ထားတာ။ အဲဒီပြည့်တန်ဆာရုံက ခင်ဗျား ဖွင့်ထားတာ မဟုတ်ဘူးလို့ ကျုပ်ကို လာမပြောနဲ့နော်။”

အမျိုးသမီးအားလုံး၏ အကြည့်များက ဖန်ကျန်းရီထံသို့ ပြောင်းသွားပြီး ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြပြန်၏။

ဖန်ကျန်းရီက ဒေါသတကြီး ရယ်မောလိုက်သည်။ ကောင်းတယ်။ ကောင်းတယ်။ တကယ်ကို ငါ့ရဲ့ ညီအစ်ကိုကောင်းပဲ။ ဂုဏ်သိက္ခာ နည်းနည်းလေးတောင် မချန်ထားပေးဘူး။

ထို့နောက် သူက မျက်နှာ နီရဲသွားပြီး နဖူးမှ သွေးကြောများ ထောင်ထလာကာ ပြန်လည် ချေပလိုက်၏။ “စားသောက်ချင်တာ၊ လိင်ကိစ္စကို လိုလားတာက လူ့သဘာဝပဲ။... ရေကြီးတာကို တားဆီးဖို့ထက် ရေစီးဆင်းဖို့ လမ်းကြောင်း ဖန်တီးပေးတာက ပိုကောင်းတယ် ဆိုသလိုပဲ။ ဒါကိုများ ကျုပ်က မှားနေသေးလို့လား။”

ဆက်တိုက် ဆိုသလို နားလည်ရခက်သော စကားများ၊ "ယဉ်ကျေးမှု လုပ်ငန်းများ ချို့တဲ့ခြင်း" နှင့် "သမိုင်းဖွံ့ဖြိုး တိုးတက်မှု၏ ကန့်သတ်ချက်များ" စသည့် စကားလုံးများကို ပြောဆိုလိုက်သောကြောင့် လူတိုင်းက သူ့ကို ပို၍ပင် အထင်သေးသွားကြသည်။

လီယွမ်ကျောက်က လှောင်ပြောင်လိုက်၏။ “ဖန်ကြီး …. ဒီနေ့ ခင်ဗျား ဘယ်လောက်ပဲ ကောင်းအောင် ပြောပြော အလကားပဲ။”

“လောကက အမျိုးသမီးတွေအတွက် အကျိုးခံစားခွင့်တွေ ရှာပေးတယ်လို့ ပြောနေသေးတယ်။ အကျိုးခံစားခွင့်တွေက ပြည့်တန်ဆာရုံထဲ ရောက်သွားပြီ မဟုတ်လား။ ခင်ဗျား ပြောတာကို ဘယ်သူယုံမလဲ ကြည့်လိုက်အုံး။”

ဖန်ကျန်းရီက မျက်နှာတည်တည်ဖြင့် အင်္ကျီလက်ကို ပင့်တင်လိုက်သည်။

ကောင်းပြီ။ ရက်အနည်းငယ် မတွေ့ရတာနဲ့ ခင်ဗျား လီယွမ်ကျောက်က အရမ်းကို တော်နေပြီပေါ့။ ဒါဆိုလည်း သင်ခန်းစာ တစ်ခု ပေးရမှာပေါ့။

“ပြည့်တန်ဆာရုံထဲ ဝင်သွားတဲ့ အမျိုးသမီးတွေက ဘယ်လိုပုံစံလဲ ဆိုတာ အိမ်ရှေ့စံမင်းသား သိလား။

ကျုပ် ရှင်းပြမယ်။ တချို့က အပေါင်ခံရပြီး ဝင်သွားတာ။ တချို့က ပြည့်တန်ဆာရုံက ဝယ်ထားတဲ့ ကျွန်တွေ။ ပြီးတော့ တချို့က ကိုယ့်သဘောနဲ့ကိုယ် ဝင်သွားတာ။ နောက်တစ်ခု မေးမယ်။ သူတို့တွေ ဘယ်လိုဘဝမျိုးနဲ့ ဖြတ်သန်းနေရလဲဆိုတာ ခင်ဗျား သိလား။”

မသိဘူး။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တာ။ အဲဒီပြည့်တန်ဆာတွေက ဧည့်သည်တွေကို အတင်းပြုံးပြပြီး ပိုက်ဆံ နည်းနည်းပါးပါး ရှာရတယ်။ အသက်ကြီးလာရင် ဒါမှမဟုတ် ရောဂါရလာရင် ပြည့်တန်ဆာရုံက အမှိုက်လို ပစ်ထားခဲ့တယ်။ နောက်ဆုံးတော့ သနားစရာကောင်းတဲ့ ဘဝနဲ့ပဲ ဇာတ်သိမ်းရတယ်။

ဒါပေမဲ့ ကျုပ်ရဲ့ တောက်ယွမ်ခရိုင်ကတော့ အဲဒီလို မဟုတ်ဘူး။ ပြည့်တန်ဆာရုံထဲက အမျိုးသမီးတွေ အကုန်လုံး က ကိုယ့်သဘောနဲ့ကိုယ် ဝင်လာကြတာ။ ပြည့်တန်ဆာရုံ မရှိခင်တုန်းကလည်း တောက်ယွမ်ခရိုင်မှာ တရားမဝင် ပြည့်တန်ဆာလုပ်ငန်းတွေ ရှိခဲ့တာပဲ။ အဲဒီပြည့်တန်ဆာတွေရဲ့ ဇာစ်မြစ်နဲ့ ဘဝအခြေအနေက အပြင်ကလူတွေနဲ့ ဘာမှမကွာဘူး။

ကျုပ် ဘယ်လောက်ပဲ တော်တော် တောက်ယွမ်ခရိုင်ထဲက ပြည့်တန်ဆာလုပ်ငန်းကို အကုန်လုံး ဖျောက်ဖျက်ပစ်ဖို့က မဖြစ်နိုင်ဘူး။ ဒါက လူ့သဘာဝပဲ။ လူ့သဘာဝကို ဆန့်ကျင်ရင် ကောင်းတဲ့အဆုံးသတ် မရနိုင်ဘူး။

ဒါပေမဲ့ ခရိုင်ရုံးတော်က အစိုးရ ပြည့်တန်ဆာရုံ ဖွင့်လိုက်တော့ ဘာဖြစ်လဲ။ အဲဒီတရားမဝင် ပြည့်တန်ဆာလုပ်ငန်းတွေ အချိန်တိုအတွင်းမှာပဲ အကုန်ပျောက်ကွယ်သွားတယ်။

ပထမအချက်က အစိုးရက ယုံကြည်ရတယ်။ ပြည်သူတွေက ယုံတယ်။ အသက်အန္တရာယ်လည်း မရှိဘူး။ ဒုတိယအချက်က စျေးနှုန်း အတိအကျ ရှိတယ်။ လိမ်ခံရမှာ မကြောက်ရဘူး။ တတိယအချက်က အစိုးရက ဒါကို အကြောင်းပြုပြီး ပြည့်တန်ဆာရုံဆီကနေ အခွန်ကောက်လို့ ရတယ်။ အဲဒီတရားမဝင် ပြည့်တန်ဆာ လုပ်ငန်းတွေက အခွန်မဆောင်ဘူးဆိုတာ သိထားရမယ်။ ပြီးတော့ ပြည့်တန်ဆာရုံထဲက အမျိုးသမီးတွေရဲ့ ဇာစ်မြစ်ကလည်း ယုံကြည်ရတယ်။ အကုန်လုံး ကိုယ့်သဘောနဲ့ကိုယ် လာကြတာ။ အတင်းအကျပ် ခိုင်းစေတာ လုံးဝ မရှိဘူး။

ပြည့်တန်ဆာရုံထဲက ပြည့်တန်ဆာတိုင်းကို ကောက်ထားတဲ့ အခွန်ငွေတွေထဲကနေ ကျန်းမာရေးအတွက် ပုံမှန် ဆေးစစ်ပေးတယ်။ အကယ်၍ တစ်နေ့နေ့မှာ မလုပ်ချင်တော့ဘူးဆိုရင်လည်း အချိန်မရွေး ထွက်သွားလို့ ရတယ်။ ဘယ်သူမှ အတင်းအကျပ် တားခွင့် မရှိဘူး။

ဒီပြည့်တန်ဆာတွေ အလုပ်ထွက်သွားရင် ခရိုင်ရုံးတော်က သူတို့ ဘဝသစ်စဖို့အတွက် လမ်းညွှန်မှုတွေ ပေးသေးတယ်။

ဒီလိုလုပ်လိုက်တော့ လူတိုင်းရဲ့ အကျိုးစီးပွားက အာမခံချက် ရသွားတာပေါ့။ ဒါကို ကျုပ်က ပြစ်မှုကျူးလွန်သူတွေရဲ့လမ်းကို သွားပြီး ပြစ်မှုကျူးလွန်သူတွေကို လမ်းမရှိအောင် လုပ်တာလို့ ခေါ်တယ်။ မကောင်းမှုတွေကို နေရောင်အောက်မှာ ဖော်ထုတ်မှသာ ပုန်းကွယ်နေခွင့် မရှိတော့မှာပေါ့။

ဒါကို ကျုပ်က လောကမှာ ရှိတဲ့ အမျိုးသမီးတွေအတွက် အကျိုးခံစားခွင့်တွေ ရှာပေးတယ်လို့ မခေါ်နိုင်ဘူးလား။ အိမ်ရှေ့စံမင်းသား ကျုပ် ပြောတာ မှန်လား မမှန်ဘူးလားဆိုတာ ပြော။”

ထိုစကားကို ကြားပြီးနောက် လီယွမ်ကျောက်မှာ တစ်ခဏမျှ ဆွံ့အသွားသည်။ ပြဿနာ တစ်ခုခု ရှိနေသည်ဟု ခံစားရသော်လည်း မည်သည့်နေရာ၌ မှားနေမှန်း မသိသောကြောင့် မျက်နှာနီရဲကာ တိုးတိုးလေး ပြောလိုက်၏။ “လောလောဆယ်တော့ ခင်ဗျား ပြောတာ မှန်တယ်လို့ သတ်မှတ်လိုက်မယ်...”

အရှုံးပေးသွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ ပြုံးလိုက်ပြီး ဆက်ပြောသည်။ “လောကက အမျိုးသမီးတွေအတွက်ဆိုတဲ့ ခံယူချက်နဲ့ပဲ တောက်ယွမ်ခရိုင်က ဒီလစဉ်သုံး ဂွမ်းထုပ်ကို အထူး တီထွင်ခဲ့တယ်။

ဒီပစ္စည်းက တစ်ခါသုံးပြီးရင် လွှင့်ပစ်လို့ရတယ်။ သန့်ရှင်းပြီး ယုံကြည်ရတယ်။ လောကက အမျိုးသမီးတွေကို ရောဂါဘေးကနေ အများကြီး ကင်းဝေးစေနိုင်တယ်။

ဒါကို ကျုပ်က ဘယ်လိုလုပ် လူယုတ်မာ ဖြစ်သွားရတာလဲ။ ကျုပ် … ဖန်ကျန်းရီက ဂုဏ်သိက္ခာ မရှိတော့ဘူးဆိုရင်တောင် ဒီပစ္စည်းကို လောကအနှံ့ ပျံ့နှံ့အောင် လုပ်ရမယ်။”

ထိုစကားတွေ ပြောပြီးသွားချိန်မှာတော့ ဘေးနားရှိ အစေခံမလေးများနှင့် မင်းသမီးတို့၏ ဖန်ကျန်းရီကို ကြည့်သည့် မျက်လုံးများတွင် အရောင်များ တောက်ပနေကြ၏။

ထိုအခြေအနေကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ ကျေနပ်သွားသည်။ ဂုဏ်သိက္ခာတော့ ပြန်ရသွားပြီ။

အခြေအနေက ကိုယ့်ဘက် ပြန်ရောက်လာပြီဆိုတော့ အခွင့်အရေးကို ချက်ချင်း အသုံးချရမည်။ ဖန်ကျန်းရီက ခေါင်းလှည့်ကာ လီမြောင်ဟန်ကို ကြည့်လိုက်၏။

ယခုအချိန်တွင် လီမြောင်ဟန်သည် ရှက်ရွံ့နေဆဲ ဖြစ်သော်လည်း ဖန်ကျန်းရီကို ခေါင်းမော့ကာ ရဲရဲဝံ့ဝံ့ ကြည့် လာနိုင်သည်။

“မင်းသမီး … ဒီနေ့တော့ အကုန် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီဆိုတော့ ကျုပ်မှာ တောင်းဆိုစရာလေး တစ်ခု ရှိပါတယ်။ မင်းသမီးရဲ့ အကူအညီနဲ့ နန်းတော်ထဲက အမျိုးသမီးတွေကို ဒီပစ္စည်း အရင်စသုံးခိုင်းလို့ ရမလား။”

လီမြောင်ဟန်က ထိုစကားကို ကြားချိန်မှာတော့ ရှက်ရွံ့စွာ ပြောလိုက်၏။

“မြို့ဝန်ဖန်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားတဲ့ စေတနာက တကယ်ကို လေးစားစရာ ကောင်းပါတယ်။ ကျွန်မလည်း အစွမ်းကုန် ကူညီပေးပါ့မယ်။”

ထို့နောက် တိုးတိုးလေး ဆက်ပြောလိုက်သည်။ “စောစောက မြို့ဝန်ဖန်ကို အထင်လွဲသွားတာပါ။ တကယ်ကို တောင်းပန်ပါတယ်။”

ဖန်ကျန်းရီက လေးနက်စွာ ပြောလိုက်၏။ “မင်းသမီး ကိစ္စမရှိပါဘူး။ ကျုပ် .. ဖန်ကျန်းရီက တစ်သက်လုံး တိုက်ခိုက်မှုတွေ၊ စော်ကားမှုတွေ အများကြီး ကြုံခဲ့ရပြီးပြီမို့ အသားကျနေပါပြီ။ တစ်ခါတလေ ပင်ပန်းပေမဲ့ လောကမှာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ အများကြီး ရှိသေးတယ်ဆိုတာ တွေးမိရင် ရင်ထဲမှာ အဆုံးမရှိတဲ့ ခွန်အားတွေ ဖြစ်ပေါ်လာပါတယ်။”

လီမြောင်ဟန်၏ မျက်လုံးထဲတွင်တော့ ဖန်ကျန်းရီသည် နေမင်းငယ်လေး တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး အလင်းရောင်များ အဆက်မပြတ် ထုတ်လွှတ်နေ၏။ သူမက မနေနိုင်ဘဲ တတွတ်တွတ် ရေရွတ်လိုက်သည်။ “မြို့ဝန်ဖန်က တကယ်ကို မွန်မြတ်တာပဲ...”

“ဒီပစ္စည်းကို ကျုပ်က နန်းတော်အတွက် ထောက်ပံ့ပေးမယ်။ မင်းသမီး စိတ်ချပါ။ မလောက်ရင် ကျုပ် ကို အချိန်မရွေး တောင်းလို့ ရပါတယ်။”

“မြို့ဝန်ဖန်ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာအောင် ကျွန်မ သေချာပေါက် ကူညီပေးပါ့မယ်။”

လီမြောင်ဟန်ကလည်း ယခုအချိန်တွင် ခိုင်မာသော မျက်နှာထားဖြင့် စားပွဲပေါ်ရှိ လစဉ်သုံး ဂွမ်းထုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

“ဪ ဟုတ်သားပဲ။ နန်းတွင်းသူတွေ သုံးတာက တစ်ထုပ်ကို ဆယ်ပြား၊ အစေခံမလေးတွေက သုံးပြားနော်။ အိမ်ရှေ့စံမင်းသား လုံးဝ မမှားစေနဲ့နော်။”

“........”

အပိုင်း (၈၄) ကျောင်းသားကောင်း

ထိုစကားကို ကြားချိန်မှာတော့ လီမြောင်ဟန် ကြောင်အသွားပြီး သူမ၏လှပသော မျက်လုံးလေးများက အဆက်မပြတ် မျက်တောင်ခတ်နေကာ တစ်ခဏမျှ အဓိပ္ပာယ်ကို သဘောမပေါက်သေးပေ။

ဤအရာအတွက် ငွေကြေးပေးချေရမည်လား။ ဖန်ကျန်းရီ နန်းတော်သို့ ဆက်သလိုက်သည့် လက်ဆောင်ပစ္စည်းဟုသာ ထင်မှတ်ထားခဲ့မိသည်။ သို့သော်ငြား အမှန်တကယ် ငွေပေးရမည်ဆိုပါလျှင်လည်း၊ မည်သို့မည်ပုံ ငွေထုတ်ခိုင်းရပါမည်နည်း။

လီမြောင်ဟန်က ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်သွား၏။

အချိန်အတော်ကြာ စဉ်းစားသော်လည်း အဖြေရှာမရသောကြောင့် နောက်ဆုံးတွင် ခေါင်းမော့လာပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ “မြို့ဝန်ဖန်... နန်းတော်ထဲက အမျိုးသမီး အကုန်လုံးကို ဒီပစ္စည်း သုံးခိုင်းမယ်ဆိုရင် ငွေဘယ်လောက် ကုန်မလဲ။”

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်၏။ သူက သဘောကျစွာ ရယ်မောလိုက်မိသည်။ ကြည့်ရသည်မှာ ဤမိန်းကလေးသည် ကိုယ်ပိုင် စုဆောင်းငွေလေးဖြင့် ဤကိစ္စတစ်ရပ်လုံးကို တာဝန်ယူ ဖြေရှင်းပေးမည့်ပုံပင် ပေါ်နေသည်။ ရိုးသားဖြူစင်သော မိန်းကလေးဆိုသည်မှာ အမှန်တကယ်ပင် ချစ်ခင်မြတ်နိုးဖွယ် ကောင်းလှ၏။

ပိုင်ရီဆိုသည့် အစေခံ အမိုက်အမဲလေးနှင့်မူ အလျဉ်း မတူညီပေ။ ထိုကောင်မလေးမှာ အချည်းနှီး အလှသာပိုနေပြီး တစ်နေ့လုံး တုံးတုံးအအ နေတတ်သူမျိုး ဖြစ်သည်။

ဖန်ကျန်းရီက မျက်နှာတည်ကာ လေးနက်စွာ ပြောလိုက်၏။ “မင်းသမီး ငွေကုန်ကြေးကျကို စိတ်ပူစရာ မလိုပါဘူး။ ဒီကိစ္စကို အရှင်မင်းကြီးဆီ တောင်းဆိုလို့ ရပါတယ်။ ကျုပ်တို့ရဲ့ အရှင်မင်းကြီးက အရမ်း တော်တာပဲ။ အကျိုးအပြစ်ကို ရှင်းပြလိုက်ရင် အရှင်မင်းကြီးက သေချာပေါက် သဘောတူမှာပါ။

ပြီးတော့ တကယ်တော့ ကျုပ်က ဒီပစ္စည်းနဲ့ ပိုက်ဆံရှာချင်တာ မဟုတ်ပါဘူး။ မင်းသမီး အထင်မလွဲဖို့ မျှော်လင့်ပါတယ်။

လောကက လူတွေက ဒီပစ္စည်းအပေါ် အထင်လွဲမှုတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ယောကျ်ားတွေပေါ့။ တကယ်လို့ လစဉ်သုံး ဂွမ်းထုပ် ထုတ်ဖို့ စက်ရုံသစ် ဆောက်မယ်ဆိုရင် အလုပ်သမား ရှာဖို့ အရမ်း ခက်ခဲလိမ့်မယ်။

အခုခေတ်မှာ မိန်းမတွေ အပြင်ထွက် အလုပ်လုပ်တာမှ မရှိတာ။ ယောကျ်ားတွေချည်းပဲ အပြင်မှာ သွားလာနေကြတာလေ။ ဒါကြောင့် ကျုပ်က ဒီအခွင့်အရေးကို ယူပြီး ပစ္စည်းရောင်းလို့ ရတဲ့ ပိုက်ဆံနဲ့ စက်ရုံသစ် တည်ထောင်ပြီး အမျိုးသမီး အလုပ်သမားတွေကို သီးသန့် ခေါ်ချင်တာပါ။

ဒီလိုလုပ်လိုက်ရင် ထုတ်လုပ်နိုင်စွမ်း တိုးလာတာနဲ့အမျှ ဒီပစ္စည်းရဲ့ စျေးနှုန်းကလည်း ပိုပိုသက်သာလာမယ်။ ပြီးတော့ အမျိုးသမီးတွေလည်း စက်ရုံမှာ လွတ်လွတ်လပ်လပ် ပိုက်ဆံရှာနိုင်လာမယ်။ အဲဒီအခါကျရင် ယောကျ်ားတွေအပေါ် မှီခိုနေစရာ မလိုတော့ဘူး။”

ရှေးခေတ်လူများသည် စောစီးစွာ ရင့်ကျက်တတ်ကြသည် ဆိုသော်ငြားလည်း၊ ပုန်ကန်လိုစိတ် ပြင်းပြတတ်သည့် အရွယ်ဆိုသည်မှာ အမှန်တကယ်ပင် မရှိကြသလိုပင်။ ဖန်ကျန်းရီ၏ နှုတ်မှ ထွက်ကျလာသော ထိတ်လန့်ဖွယ် စကားရပ်များမှာ လီမြောင်ဟန်၏ နားထဲတွင်မူ လျှပ်စီးမိုးကြိုး ပစ်ချလိုက်သည့်အလား ပြင်းထန်လှသည်။

ဖန်ကျန်းရီကို ထပ်မံကြည့်လိုက်သည့် သူမ၏အကြည့်များတွင် ကြယ်ပွင့်လေးများပင် ပြည့်နှက်နေ၏။

“ဒါ့အပြင် ကျုပ်က ရလာတဲ့ ပိုက်ဆံတွေကို စျေးကွက်မှာ ထောက်ပံ့ကြေးပေးဖို့ သုံးပြီး အရမ်း သက်သာတဲ့ စျေးနှုန်း ဒါမှမဟုတ် အခမဲ့တောင် လောကက ပြည်သူတွေကို ပေးအုံးမှာပါ။ ဒါဆိုရင် ဆင်းရဲသားတွေ အများကြီး အကျိုးခံစားရမှာပေါ့။”

လီမြောင်ဟန်က လေးစားစွာ ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်း စဉ်းစားမိသွားသည်။ ဖန်ကျန်းရီက ဒီလောက် အားစိုက်ပြီး မျက်နှာပူခံ၊ ပင်ပန်းခံပြီး လောကက အမျိုးသမီးတွေအတွက် ကြိုးစားနေတာဆိုတော့ သူ့လက်ထဲမှာလည်း ပိုက်ဆံ အများကြီး ရှိမှာ မဟုတ်ဘူး။

ထို့နောက် ဘေးမှ အစေခံမလေးဘက်သို့ လှည့်ကာ တီးတိုး မှာကြားလိုက်၏။

မကြာမီမှာပဲ အစေခံမလေးက သေတ္တာငယ်လေး တစ်လုံး ကိုင်ကာ လျှောက်လာသည်။ လီမြောင်ဟန်က သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် ငွေစက္ကူ အနည်းငယ် ရှိနေသည်။

သေတ္တာကို ဖန်ကျန်းရီရှေ့သို့ တွန်းပေးလိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်၏။ “မြို့ဝန်ဖန် ဒါက ကျွန်မ ပုံမှန် စုဆောင်းထားတဲ့ ငွေတချို့ပါ။ လူကြီးမင်းအတွက် အထောက်အကူ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ လူကြီးမင်း လုံးဝ မငြင်းပါနဲ့...”

ဖန်ကျန်းရီက မျက်နှာတစ်ချက်မပျက်ဘဲ ငွေစက္ကူများကို ယူပြီး ရဲရင့်စွာ ပြောလိုက်သည်။ “မင်းသမီးရဲ့ ဖြူစင်ပြီး ကြင်နာတတ်တဲ့ စိတ်ထားက ကျုပ်ကို တကယ် လေးစားသွားစေပါတယ်။ ကျုပ်က လောကမှာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ ကိုယ်စား မင်းသမီးကို နောက်တစ်ခေါက် ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင် မင်းသမီး သုံးဖို့ လစဉ်သုံး ဂွမ်းထုပ်တွေကို ကျုပ် တာဝန်ယူပါတယ်။”

ထိုစကားကို ကြားချိန်မှာတော့ လီမြောင်ဟန်၏ ပါးပြင်နှစ်ဖက်က ချက်ချင်း ပန်းရောင်သန်းသွားပြီး မျက်လုံးများက လခြမ်းလေး နှစ်ခုလို ပြုံးသွား၏။

လီယွမ်ကျောက်က ဘေးမှနေ၍ သူတို့နှစ်ယောက် ရယ်မောပြောဆိုနေသည်ကို ကြည့်ကာ မျက်လုံးများပင် ပြူးကျယ်နေသည်။

ဖန်ကြီး … ငါ့အိမ်ထဲအထိ လာပြီး ပိုက်ဆံလိမ်နေတာလား။ မဖြစ်ဘူး။ ဒီအတိုင်း ဆက်သွားခွင့် ပေးလို့ မဖြစ်ဘူး။ သူ့ကို ဒီတိုင်း ဆက်ပြီး လျှောက်ပြောခွင့်ပေးထားရင် ငါ့ညီမလေးကို ခေါ်သွားလိမ့်မယ်။ အိမ်က ပိုက်ဆံတွေလည်း အကုန် လိမ်ခံရပြီး လူရော ပိုက်ဆံပါ ဆုံးရှုံးရမယ်။

ခေါင်းငုံ့ကာ ဖန်ကျန်းရီ၏ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲလိုက်ရာ ဖန်ကျန်းရီက လီယွမ်ကျောက်ဘက်သို့ လှည့်ကြည့် လိုက်၏။

လီယွမ်ကျောက်က တိုးတိုးလေး ပြောလိုက်သည်။ “ဖန်ကြီး …. ကျုပ်ကိုပါ ထည့်။”

ဖန်ကျန်းရီ၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ ကောင်လေး စောစောကမှ ငါ့ကို နှောင့်ယှက်နေတာ မဟုတ်ဘူးလား။ စောစောကမှ အထင်သေးနေတာ မဟုတ်ဘူးလား။ အခုကျမှ မင်းကိုပါ ထည့်ခိုင်းတယ်ပေါ့။

ထို့ကြောင့် မျက်လုံးစွေကြည့်ကာ နောက်ပြောင်လိုက်သည်။ “ဘာလဲ။ အိမ်ရှေ့စံမင်းသားက အထင်သေးနေတာ မဟုတ်ဘူးလား။ အခုကျမှ ကျုပ်နဲ့ အတူတူ ဒါကို ဖြန့်ချိချင်နေတာလား။”

လီမြောင်ဟန်က နားမလည်သော အကြည့်ဖြင့် လီယွမ်ကျောက်ကို ကြည့်လိုက်၏။

လီယွမ်ကျောက် မျက်နှာ အနည်းငယ် နီသွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်။ ဖန်ကြီး … ခင်ဗျား ဒီလို ပြောနေမှတော့ ကျုပ်က ဘာအကြောင်းပြချက်နဲ့ ငြင်းရမှာလဲ။ ကျုပ်ကို တစ်ဝေစု ပေးကို ပေးရမယ်။

ကျုပ် သဘောပေါက်သွားပြီ။ လောက ပြည်သူတွေက အရှင်မင်းကြီးနဲ့ တစ်သားတည်း ဖြစ်ရမယ်။ ကျုပ်က အိမ်ရှေ့စံမင်းသား အနေနဲ့ စံပြဖြစ်အောင် လုပ်ရမှာပေါ့။ ဒါကို အထက်က ကောင်းကင်ရဲ့ အလိုဆန္ဒနဲ့ ကိုက်ညီပြီး အောက်က ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတယ်လို့ ခေါ်တယ်။

ကျုပ်သာ မရှိရင် ခင်ဗျား ခမည်းတော်ဆီ သွားရှာမလို့လား။ သူ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။ အဲဒီအခါကျရင် လုပ်ရတာ အခက်အခဲတွေ အများကြီး ရှိလိမ့်မယ်။

ဖန်ကြီး သဘောတူလား မတူဘူးလား ဆိုတာသာ ပြော။”

ဖန်ကျန်းရီက ကြောင်အစွာ ကြည့်နေမိ၏။ သူ ထွက်ခွာသွားသည့် ရက်တိုလေးအတွင်း အိမ်ရှေ့စံမင်းသားမှာ များစွာ တိုးတက်ပြောင်းလဲသွားခဲ့သည်။ အမှန်တကယ်ပင် ကောင်းမွန်လှပေစွ။ မိမိထံမှ ပညာရပ်များအားလုံးကို အကုန်အစင် ဆည်းပူးတတ်မြောက်သွားခဲ့ပြီ ဖြစ်ရာ၊ သူ၏ သင်ယူနိုင်စွမ်းမှာ အတော်ပင် ထက်မြက် ကောင်းမွန်သည်ဟု သတ်မှတ်ရမည်။

ထို့နောက် အလျင်အမြန် တီးတိုးလေး မေးလိုက်သည်။ “အိမ်ရှေ့စံမင်းသား ပိုက်ဆံလိုနေလို့လား။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပိုက်ဆံတွေ အများကြီး ပေးထားတာ မဟုတ်ဘူးလား။”

လီယွမ်ကျောက်က ခေါင်းညိတ်ပြီး ရယ်ကျဲကျဲဖြင့် ဖြေလိုက်၏။ “ပိုက်ဆံ မရှိတော့ဘူး။ အကုန် သုံးလိုက်ပြီ... ငွေက တကယ် ကောင်းတဲ့ အရာပဲ။ ဒါပေမဲ့ သုံးလိုက်ရင် ရေစီးသလို ကုန်သွားတာ။ အာ နှမြောစရာပဲ။

ဒီနေ့မှပဲ ငွေမရှိတဲ့ ဒုက္ခကို ကျုပ် သိရတော့တယ်။ အရင်က ကျုပ် အရမ်း ငယ်လွန်းလို့ပါ။ ငွေများများ ရှာမှ ဖြစ်မယ်။”

“ဘာတွေ လုပ်လိုက်တာလဲ။ ငွေတစ်သောင်းကျော်ကို ရက်ပိုင်းလေးနဲ့ အကုန် သုံးလိုက်တာလား။”

ဖန်ကျန်းရီ အံ့အားသင့်သွားသည်။ အစက အိမ်ရှေ့စံမင်းသား လိမ္မာသည်ဟု ထင်ထားခဲ့သည်။ ပိုက်ဆံဖြုန်းသည့် နေရာမှာ ဤမျှလောက် လက်ကြမ်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။

လီယွမ်ကျောက်က လက်ကာပြပြီး စိတ်မရှည်စွာ ပြောလိုက်၏။ “ဒါကို ခင်ဗျား ဂရုစိုက်မနေနဲ့။ ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ အလုပ်တော့ မလုပ်ဘူး။ တခြားဟာတွေ အရင် မပြောနဲ့အုံး။ ဒီလစဉ်သုံး ဂွမ်းထုပ် ရောင်းတဲ့ နေရာမှာ ကျုပ် တစ်ဝေစု ဝင်ပါမယ်။ ပါခွင့် ပေးမလား။”

ဖန်ကျန်းရီ မျက်တောင်ခတ်လိုက်ပြီး အခြေအနေကို ချက်ချင်း နားမလည်လိုက်သေးသော်လည်း ခေါင်းညိတ် လိုက်ရသည်။

ပါခွင့်ပေးတာပေါ့။ ခင်ဗျားကို သေချာပေါက် ပါခွင့်ပေးရမှာပေါ့။ အဲလို ပြောလာမယ့် အချိန်ကို စောင့်နေတာ။

အိမ်ရှေ့စံမင်းသားသာ ပါဝင်လာမည်ဆိုပါက၊ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရသည်မှာ ကျားကို တောင်ပံတပ်ပေးလိုက်သကဲ့သို့ အင်အားများစွာ တိုးပွားသွားပေလိမ့်မည်။ လီယွမ်ကျောက်မှာ လူငယ်တစ်ဦးဖြစ်ရာ သူ၏ အတွေးအခေါ်များမှာ ခေါက်ရိုးကျိုး မတောင့်တင်းသေး၍ တော်တော့သည်။ အကယ်၍ ဤကိစ္စကိုသာ ညီလာခံ၌ သွားရောက်လျှောက်တင်မိမည်ဆိုပါက ထိုအဘိုးကြီး တစ်သိုက်က ဝိုင်းအုံကာ ပြင်းပြင်းထန်ထန် ကန့်ကွက်တိုက်ခိုက်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

လီယွမ်ကျောက်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ပြော၏။ “ကောင်းတယ် ဖန်ကြီး ….. ခင်ဗျားက ညီအစ်ကို ပီသတယ် ဆိုတာ ကျုပ် သိပါတယ်။

ဒီအရာကို ကျုပ် စဉ်းစားပြီးပြီ။ အစေခံမလေးတွေ သုံးဖို့တင် မကဘူး မိန်းမစိုးတွေလည်း သုံးရမယ်။ ဒါ့အပြင် ရုံးတော်က အမတ်တွေရဲ့ မိသားစုတွေလည်း သုံးရမယ်။

ကျုပ် သူတို့ကို လျှော့စျေး ပေးလိုက်မယ်။ ဆယ့်ငါးပြားပဲ ထားလိုက်။ တကယ်လို့ ဘယ်အမတ်ရဲ့ မိသားစုကမှ မသုံးဘူးဆိုရင် အဲဒါက ကိုယ်ကျင့်တရား မကောင်းတာ၊ ယဉ်ကျေးမှု မရှိတာပဲ။ သူတို့က ရုံးတော်မှာ လူကောင်းလို့ လာပြောရဲသေးလား။ ကျုပ် သူတို့ကို သေချာပေါက် အထင်သေးပစ်မယ်။

“ပြီးတော့...”

လီယွမ်ကျောက်က ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး မတ်တတ်ရပ်ကာ ခါးထောက်လျက် ရူးသွပ်စွာ ရယ်မောနေ၏။ ရွှေတွေအများကြီး သူ့အိတ်ထဲ ဝင်လာသလိုပင်။

လီမြောင်ဟန်က သူ့ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေသည်။ သူမ၏ အစ်ကိုက ဤမျှလောက် အရှက်မဲ့သူဟု ထင်မထားမိပေ။ ဤသို့သောသူမျိုး၏ ဘေးတွင် နေတိုင်းနေထိုင်ရသော မြို့ဝန်ဖန်ကိုသာ သနားမိသည်။ ဟူး …။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ကြည့်ကာ အဆက်မပြတ် ခေါင်းညိတ်ပြီး စိတ်ထဲတွင် ချီးကျူးနေမိ၏။

ကောင်းတယ်။ ကောင်းတယ်။ အိမ်ရှေ့စံမင်းသားရဲ့ သင်ယူမှု စွမ်းရည်က တကယ်ကို တိုးတက်လာတာပဲ။

ကြည့်ရတာ မြို့တော်ကနေ ခဏထွက်သွားတဲ့ အချိန်အတွင်းမှာ အိမ်ရှေ့စံမင်းသားက ကိုယ့်ဘာသာ လေ့လာပြီး အများကြီး တိုးတက်လာတာပဲ။

တကယ်ကို ဝမ်းသာစရာပဲ။ ဒါပေမဲ့ ဒီအမူအရာက နည်းနည်း လွန်နေတယ်။ နည်းနည်းလောက် လျှော့သင့်တယ်။

ငါ တစ်နေ့ကို သုံးခါလောက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ရမယ်။ ကြည့်ရတာ ငါ့ရဲ့ အရည်အချင်းတွေကိုလည်း ပိုတိုးတက်အောင် လုပ်ရမယ်။ မဟုတ်ရင် တစ်နေ့နေ့ ကျော်တက်သွားတာကို ခံရနိုင်တယ်။

All Chapters