← Chapters

အခန်း (၈၉-၉၀)

Vol. 6 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 6 Ch. 89-90

အပိုင်း (၈၉) အိမ်ရှေ့စံမင်းသား၏ အံ့ဩဖွယ် အကူအညီ။

လီယွမ်ကျောက်က မျက်နှာတည်တည်ဖြင့် ယန်ကော်အန်း၏ အနားသို့ ဖြည်းညင်းစွာ လျှောက်သွား၏။ ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ဆရာယန်က ဖန်ကြီးကို ဒီလောက်တောင် ပစ်မှတ် ထားနေရတာလား။”

ယန်ကော်အန်းက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ဒေါသတကြီး ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား သတိထားပြောပါ။ ဖန်ကျန်းရီက ရုံးတော်က အမတ်ပါ။ သူ့ကို ဖန်ကြီးလို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ။”

“ကောင်းပြီ။ ဒါဆိုလည်း ကျုပ် သူ့ကို ဆရာဖန်လို့ ခေါ်မယ်။”

“...”

ကျင်းဘုရင်၏ အကြည့်များက လီယွမ်ကျောက်ထံသို့ ရောက်သွား၏။ အိမ်ရှေ့စံမင်းသားက ယနေ့ အလွန် ထူးဆန်းနေပြီး ဖန်ကျန်းရီဘက်မှ ဝင်ပြောပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လီယွမ်ကျောက်၏ အကြည့်များက ကျင်းဘုရင်နှင့် ဆုံသွားသည်။

“ခမည်းတော် ….. ဆရာယန် ပြောတာ နည်းနည်း လွန်သွားပြီ။ ဆရာဖန် ကျွန်တော်မျိုးကို စာသင်ပေးတဲ့ အချိန်အတွင်းမှာ ကျွန်တော်မျိုးရဲ့ စာသင်ကြားမှု တစ်ခါမှ နောက်မကျခဲ့ပါဘူး။ မယုံရင် ကျွန်တော်မျိုး အလွတ်ရွတ်ပြလို့ ရပါတယ်။”

ပြောပြီးသည်နှင့် လီယွမ်ကျောက်က ကိုယ့်ဘာသာ စတင် ရွတ်ဆိုတော့၏။

“ကောင်းကင်က ပေးတဲ့ သဘာဝက စရိုက်၊ စရိုက်အတိုင်း နေတာက လမ်းစဉ်၊ လမ်းစဉ်ကို ပြုပြင်တာက ပညာရေး။ လမ်းစဉ်ဆိုတာ ခဏလေးတောင် ခွဲခွာလို့ မရဘူး...။ လူကြီးလူကောင်းရဲ့ လမ်းစဉ်က ကျယ်ပြန့်ပြီး နက်နဲတယ်။ သာမန် လင်မယားတွေတောင် နားလည်နိုင်တယ်။ သူ့ရဲ့ အထွတ်အထိပ် ရောက်ရင်...”

“...”

ဆက်တိုက် ဆိုသလို အခန်းနှစ်ဆယ်ကျော် ရွတ်ဆိုပြီးမှ လီယွမ်ကျောက် ရပ်သွားသည်။ လူတိုင်းက နားထောင်နေရင်း စိတ်ထဲတွင် အလွန်အမင်း အံ့ဩသွားကြသည်။

အိမ်ရှေ့စံမင်းသားမှာ အမှန်တကယ်ပင် စရိုက်သဘာဝ ပြောင်းလဲသွားကာ စာပေသင်ကြားမှုအပေါ်၌ ဤမျှအထိ အာရုံစိုက်နိုင်နေပြီလော။ ထို့အပြင် မည်သည့်နေရာမှ ရပ်တန့်ခြင်းမရှိဘဲ ဤမျှများပြားလှသော စာပိုဒ်များကို တစ်ထိုင်တည်းနှင့် အကုန်အစင် ရွတ်ဆိုပြနိုင်သည်မှာ အံ့အားသင့်ဖွယ်ရာပင်။

လီယွမ်ကျောက်က ဂုဏ်ယူစွာဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်၏။ ကျုပ် ခင်ဗျားကို အကြွေးတင်နေတဲ့ စာစီစာကုံး သုံးဆယ်ကို ပြောတဲ့အတိုင်း ရွတ်ပြလိုက်ပြီ။ ဘယ်လိုလဲ။

ဖန်ကျန်းရီက ပြုံးပြီး တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

ကျင်းဘုရင်က နားထောင်ရင်း နားထောင်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။ “စာကို ဒီအတိုင်း အလွတ်ကျက်ထားရုံနဲ့တော့ မရဘူး။ ကိုယ်တော် မင်းကို မေးမယ်။ 'လူကြီးလူကောင်းက ကိုယ့်နေရာနဲ့ကိုယ် နေပြီး တခြားအရာတွေကို မတောင့်တဘူး။ ချမ်းသာရင် ချမ်းသာတဲ့အတိုင်း နေတယ်။ ဆင်းရဲရင် ဆင်းရဲတဲ့ အတိုင်း နေတယ်' ဆိုတာ ဘာအဓိပ္ပာယ်လဲ။”

လီယွမ်ကျောက်က တစ်စက္ကန့်လေးတောင် မစဉ်းစားဘဲ ဖြေလိုက်သည်။ “ဒီစကားရဲ့ အဓိပ္ပာယ်က လူကြီးလူကောင်း က ကိုယ်ရောက်နေတဲ့ နေရာမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီး မဖြစ်နိုင်တဲ့ အရာတွေကို မလိုချင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။”

ကျင်းဘုရင်၏ မျက်လုံးများ အရောင်လက်သွားပြီး နောက်ထပ် မေးခွန်းအချို့ကို ဆက်မေးရာ လီယွမ်ကျောက်က တစ်ခုချင်းစီ ဖြေကြားနိုင်ခဲ့၏။

...

နောက်ဆုံးတော့ အကုန်လုံး မေးပြီးသွားပြီဖြစ်သည်။ ကျင်းဘုရင် အလွန်ဝမ်းသာသွားသည်။ “ဒါတွေ အကုန်လုံး ဖန်ကျန်းရီ သင်ပေးထားတာလား။”

“ဟုတ်ပါတယ်။ အကုန်လုံး ဆရာဖန် သင်ပေးထားတာပါ။”

ကျင်းဘုရင်က ဖန်ကျန်းရီကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေ၏။ “ဖန်အမတ် … မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကိုယ်တော် မျှော်လင့်ထားတာထက် အများကြီး ပိုတယ်။”

ဖန်ကျန်းရီ ထရယ်လုမတတ် ဖြစ်သွားပြီး အလျင်အမြန်ဖြင့် မျက်နှာထားကိုတည်ကာ ပြောလိုက်သည်။ “ဘယ်ကလာ... ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပါ။”

သောက်ကျိုးနည်း။ အိမ်ရှေ့စံမင်းသားရဲ့ အံ့အားသင့်စရာ အကူအညီပဲ။ အိမ်ပြန်ရောက်ရင် သူ့ကို ကြက်ပေါင် ကြွေးရမယ်။

အမတ်များ၏ မျက်လုံးများထဲတွင်လည်း အံ့ဩဝမ်းသာမှုများ ပေါ်လာကြ၏။ အိမ်ရှေ့စံမင်းသား ဤသို့ ကြီးကြီးမားမား ပြောင်းလဲသွားတာ ဝမ်းသာစရာပင်။

လက်ရှိ ဘုရင်မင်းမြတ်မှာ မင်းသား တစ်ပါးတည်းသာ ရှိသဖြင့် အားလုံးအတွက် ခေါင်းကိုက်စရာ ဖြစ်နေခဲ့သည်။။ ဖန်ကျန်းရီ၏ ဘေးမှာနေရင်း စရိုက်ပြောင်းသွားသည် ဆိုတော့...

မကောင်းတဲ့ အကောင် နှစ်ကောင် ပေါင်းပြီး ကောင်းတဲ့ အရာလေး ထွက်လာတာလား။ ဒါက အဆိုးဆုံး အခြေအနေကနေ အကောင်းဆုံး ဖြစ်လာတယ် ဆိုတာများလား။

လီယွမ်ကျောက်က လက်မြှောက်ကာ ဆက်ပြောလိုက်၏။ “ခမည်းတော် မလောပါနဲ့။ ကျွန်တော်မျိုး ပြောလို့ မပြီးသေးဘူး။ စာဖတ်တာ စာရေးတာ ဆိုတာက သေးငယ်တဲ့ ကိစ္စတွေပါ။ အသေးအမွှား ကိစ္စတွေပါ။ ပြောနေစရာ တောင် မလိုပါဘူး။”

အမတ်များ “...”

ဖန်ကျန်းရီ၏ မျက်နှာက မည်းမှောင်သွား၏။

“စောစောက ကျွန်တော်မျိုးနဲ့ ဆရာဖန်က သမားတော်ဟူကို ရိုက်တယ်လို့ ဆရာယန် ပြောတယ်။ ခမည်းတော်ရဲ့ ရှင်းပြချက်က ဆရာယန်ကို ကျေနပ်စေမှာ မဟုတ်ဘူး။ ဒါဆိုရင် ကျွန်တော်မျိုး ရဲရဲဝံ့ဝံ့ပဲ ပြောပြပါ့မယ်။ သမားတော်ဟူကို ဘာလို့ ရိုက်ရတာလဲ ဆိုတာကိုပါ။

သမားတော်ဟူက အသုံးမကျတဲ့ သမားတော် ဆိုတာတော့ ကျွန်တော်မျိုး ထပ်မပြောတော့ပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သမားတော်ဟူက နိုင်ငံခြား ဂျင်ဆင်းဆိုတဲ့ အရာကို ယူလာပြီး မင်းသမီးကို အားဆေးတိုက်ဖို့ လုပ်တယ်။ အဲဒီ ဂျင်ဆင်းက ငွေဘယ်လောက် ပေးရလဲဆိုတာ ခမည်းတော် သိလား။

အားလုံး ထင်တောင် ထင်ထားမှာ မဟုတ်ဘူး။ ငွေနှစ်ထောင် တိတိပါ။ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော်မျိုး စုံစမ်းကြည့်တော့ အဲဒီပစ္စည်းရဲ့ တကယ့် တန်ဖိုးက ငွေနှစ်ကျပ်ပဲ ရှိတာပါ။

အဆတစ်ထောင် ကွာခြားချက်နော်။ ကျွန်တော်မျိုး ရိုက်လိုက်တာက မျက်စိမှုန်နေတဲ့ အသုံးမကျတဲ့ သမားတော်ကိုပါ။”

ဖန်ကျန်းရီ အလွန် ချီးကျူးမိသွား၏။ အိမ်ရှေ့စံမင်းသားက အခု လိမ်ပြောတာတောင် မျက်တောင် မခတ်တော့ဘူး။ တကယ့်ကို နဂါးသားပဲ။

လီယွမ်ကျောက်က မျက်နှာတည်တည်ဖြင့် ဆက်ပြောသည်။ “ကျွန်တော်မျိုး ဒီကိစ္စကို သိပြီးတဲ့နောက် နန်းတော်တွင်း ဝယ်ယူရေးမှာ ပြဿနာတွေ အများကြီး ရှိနေတယ်လို့ ခံစားလိုက်ရတယ်။ တကယ်လို့ သမားတော်ရုံးတင် မကဘူး မီးဖိုဆောင်မှာပါ ဒီလို မတန်တဆ လိမ်ညာမှုတွေ ဖြစ်နေနိုင်တယ်။

ဒါကြောင့် ကျွန်တော်မျိုးက လျိုကျင်းကို နန်းတော်အပြင်ကို လျှို့ဝှက်လွှတ်ပြီး စျေးကွက်ထဲက ကုန်စျေးနှုန်းတွေကို စုံစမ်းခိုင်းခဲ့တယ်။ စုံစမ်းကြည့်လိုက်တော့မှပဲ ကျွန်တော်မျိုးရဲ့ မျက်စိပွင့်သွားတော့တယ်။

အရပ်ထဲက သာမန် ဂေါ်ဖီထုပ်၊ ကြက်ဥ၊ ဆန် စတဲ့ အစားအစာတွေက တစ်ပိဿာကို ကြေးပြား အနည်းငယ်ပဲ ပေးရတယ်။ နန်းတော်ထဲမှာကျတော့ အဆပေါင်းများစွာ ကနေ ဆယ်ဆလောက်ထိ ကွာဟနေတယ်။

ကြက်ဥ တစ်လုံးကို ဥပမာ ပေးရရင် နန်းတော်ထဲက ကြက်ဥ တစ်လုံးက ငွေဆယ်တေလ်းတောင် ပေးရတယ်။ အရပ်ထဲမှာ ကျတော့ အလွန်ဆုံး ကြေးပြား ငါးပြားပဲ ပေးရတယ်။

ပြီးတော့ ကျွန်တော်မျိုးက နန်းတွင်း မီးဖိုဆောင်ကို အစာသွပ်မုန့် တစ်ခု လုပ်ခိုင်းဖူးတယ်။ ကုန်ကျစရိတ်က ငွေဆယ်ဂဏန်းလောက် ရှိတယ်။ အရပ်ထဲမှာကျတော့ ကြေးပြား အနည်းငယ်ပဲ ပေးရတယ်။ အဲဒီကြားက ကွာခြားချက်တွေက ဘယ်ရောက်သွားတာလဲ။

ဒီနေရာမှာ ပြောမယ့်သူ သေချာပေါက် ရှိလာလိမ့်မယ်။ နန်းတော်ထဲက အစားအစာတွေက အရပ်ထဲက အစားအစာတွေနဲ့ မတူဘူး။ နန်းတော်ထဲက ဟာတွေက သေချာ ရွေးချယ်ထားတာမို့လို့ အရပ်ထဲကထက် အများကြီး ပိုကောင်းတယ်လို့။

တကယ်ပဲ အဲဒီလိုလား။ ကျွန်တော်မျိုးက ကိုယ့်ပိုက်ဆံနဲ့ အရပ်ထဲက အစားအစာ မျိုးစုံကို ဝယ်ပြီး နန်းတော်ထဲက ဟာတွေနဲ့ ယှဉ်ကြည့်တော့ ဘာမှ မကွာဘူးဆိုတာ တွေ့ရတယ်။ လုပ်ထားတဲ့ အစားအစာတွေ ကလည်း အတူတူပဲ စားမကောင်းဘူး။

ကျွန်တော်မျိုး နန်းတွင်းရေးရာ ဌာနကို မေးကြည့်တော့ မနှစ်က နန်းတော်ထဲမှာ စားသောက်စရိတ် တစ်နှစ်စာက ငွေရှစ်သောင်းလောက် ရှိတယ်။ တကယ်တမ်း တွက်ကြည့်ရင် နန်းတော်ရဲ့ တကယ့် ကုန်ကျစရိတ်က ငွေရှစ်ထောင်တောင် မပြည့်ဘူး။

ကြားထဲမှာ ငွေခုနစ်သောင်းနှစ်ထောင်ကျော် ကွာနေတယ်။ ဒီလောက် များပြားတဲ့ ငွေပမာဏက ဘယ်သူ့လက်ထဲ ရောက်သွားတာလဲ။ အဆင့်တိုင်းမှာ လာဘ်စားနေကြတာ သေချာတယ်။

ဒါအပြင် ကျွန်တော်မျိုးက လျိုကျင်းကို နန်းတော်ပြင်ကိုလွှတ်တဲ့ အချိန်အတွင်းမှာ ပြည်သူတွေရဲ့ လက်ရှိ ဘဝ အခြေအနေကိုလည်း စုံစမ်းခိုင်းခဲ့တယ်။ ထမင်းတစ်လုတ်အတွက် အသည်းအသန် ကြိုးစားနေရတဲ့သူ ဘယ်နှစ်ယောက်များ ရှိလဲဆိုတာပေါ့။ ဒီအခြေအနေကို မြင်တော့ ကျွန်တော်မျိုးက ကိုယ့်ရဲ့ ငွေတွေကို အကုန်လုံး ပေးလှူလိုက်တယ်။ ဒါပေမဲ့ ရေတစ်စက်နဲ့ မီးလောင်နေတဲ့ လှည်းကို ငြိမ်းသတ်ဖို့ ကြိုးစားသလိုပဲ။ အကျိုး မရှိခဲ့ဘူး။

တကယ်လို့ နန်းတော်ထဲမှာ ချွေချွေတာတာ သုံးစွဲနိုင်မယ်ဆိုရင် ပြည်သူတွေလည်း ဒီလောက် ခက်ခဲနေမှာ မဟုတ်ဘူး။ အရှင်မင်းကြီး ဆင်ခြင်တော်မူပါ။”

ထိုစကားတွေ ပြောပြီးသွားချိန်မှာတော့ ဖန်ကျန်းရီ အပါအဝင် လူတိုင်း အံ့ဩသွားကြ၏။

လီယွမ်ကျောက်တွင် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။ အစဦး၌ အိမ်ရှေ့စံမင်းသားသည် ငွေကြေးအားလုံးကို အပျော်အပါးအတွက်သာ သုံးဖြုန်းပစ်လိုက်ပြီဟု ထင်မြင်နေခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ပြည်သူများထံသို့ ပေးကမ်းစွန့်ကြဲလိုက်လိမ့်မည်ဟု သူ လုံးဝ တွေးတောမိခြင်း မရှိချေ။

အိမ်ရှေ့စံ၏ လုပ်ဆောင်ချက်မှာ ကြမ်းတမ်းခက်ထန်သည်ဟု ဆိုနိုင်သော်လည်း၊ အမှန်စင်စစ်တွင်မူ မြင်တွေ့ရသူအပေါင်းကို များစွာ ကြည်နူးပီတိဖြစ်စေခဲ့သည်။

ဖန်ကျန်းရီလည်း ပထမဆုံး အကြိမ် ဖခင်တစ်ယောက်၏ ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။

ကျင်းဘုရင်၏ မျက်လုံးများတွင် မျက်ရည်များဝဲလာပြီး လက်နှစ်ဖက်က တုန်ယင်လျက် လီယွမ်ကျောက်ထံသို့ ဆန့်ထုတ်ကာ မျက်နှာကို စမ်းသပ်ချင်သော်လည်း နောက်ဆုံးတွင် ပခုံးပေါ်သို့သာ ကျရောက်သွားပြီး တုန်ယင်သော အသံဖြင့် မေးလိုက်သည်။ “ဒါတွေ... အကုန်လုံး မင်းတစ်ယောက်တည်း လုပ်ခဲ့တာလား။”

“ဟုတ်ပါတယ်။ ဆရာဖန် ထွက်သွားတဲ့ရက်တွေအတွင်းမှာ ကျွန်တော်မျိုးက ကိုယ့်ဘာသာ အလုပ်တစ်ခုခု ရှာလုပ်ချင်လို့ပါ။”

ကျင်းဘုရင်က ကျောခိုင်းလိုက်ပြီး မျက်ထောင့်များကို တိတ်တဆိတ် သုတ်လိုက်သည်။ နောက်သို့ ပြန်လှည့်လာချိန်တွင် မျက်လုံးများ၌ အပြုံးများ ပါနေ၏။ “ကောင်းတယ်။ အရမ်း ကောင်းတယ်။ အမတ်တို့ အားလုံး ကြည့်ကြ။ ဒါ ကိုယ်တော့်ရဲ့ သားပဲ။ ဒါ ကိုယ်တော့်ရဲ့ သားပဲကွ။”

“အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ အိမ်ရှေ့စံမင်းသားက ပညာရှိပါတယ်။”

အမတ်များအားလုံး ဒူးထောက်လိုက်ကြပြီး တော်တော်များများက စိတ်ထဲတွင် အလွန် ဝမ်းသာနေကြသည်။ လီယန်စုန် အပါအဝင် အမတ်ကြီး တော်တော်များများလည်း ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာကြသည်။

အိမ်ရှေ့စံမင်းသား တကယ်ပဲ ကြီးပြင်းလာခဲ့သည်။ ပညာရှိ ဘုရင်တစ်ပါး၏ လက္ခဏာကို ထုတ်ဖော် ပြသနေ၏။

ကျိန့်ချောင်က မျက်ရည်များကို သုတ်လိုက်ပြီး ဘေးမှ လီယန်စုန်ကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။ “အမတ်ကြီးလီ …. အိမ်ရှေ့စံမင်းသားကို တကယ်ပဲ ဖန်ကျန်းရီ သင်ပေးထားတာလား။”

လီယန်စုန်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။ “မှားစရာ မရှိဘူး... ချန်ရှီရုံးတော်မှာ ဖန်ကျန်းရီကလွဲပြီး ဘယ်သူရှိအုံးမှာလဲ။ မထင်ထားဘူး။ ငါ့အသက် ဒီလောက် ကြီးနေပြီကို လူအကဲခတ် မှားသွားတာပဲ။ အရမ်း သစ္စာရှိတဲ့သူက သစ္စာဖောက်နဲ့ တူတယ် ဆိုတာ... အရမ်း သစ္စာရှိတဲ့သူက သစ္စာဖောက်နဲ့ တူတယ်။ ကောင်းတယ် …. ဒီဖန်ကျန်းရီ မဆိုးဘူး။”

ဘေးမှ ကျန်းတုန်ရှန်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ဝန်ခံရမည်သာ ဖြစ်ပြီး တိတ်တဆိတ် ခေါင်းညိတ် လိုက်သည်။

ကျင်းဘုရင် အလွန်ဝမ်းသာသွားပြီး လီယွမ်ကျောက်၏ ပခုံးကို နောက်ထပ် အကြိမ်အနည်းငယ် ခပ်ပြင်းပြင်း ပုတ်လိုက်ပြန်၏။

လီယွမ်ကျောက်မှာ နာကျင်လွန်းသော်လည်း သွားဖြီးပြနေရသည်။

“ယွမ်ကျောက် …. မင်း အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကော်ထျန်းယန်။ မင်းကို တစ်လ အချိန်ပေးတယ်။ သေချာ စုံစမ်း။ နန်းတော်ထဲက စား၊ ဝတ်၊ နေ၊ ထိုင် အကုန်လုံးမှာ လာဘ်စားထားတာတွေကို ကိုယ်တော် အတိအကျ သိရမယ်။

ဖန်ကျန်းရီ မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒါက ကြီးမားတဲ့ အောင်မြင်မှုပဲ။ မြင်းပျံဝတ်စုံ တစ်စုံ ချီးမြှင့်မယ်။

ယန်ကော်အန်း ….. မင်း ပြောစရာ ရှိသေးလား။” ကျင်းဘုရင်က ယန်ကော်အန်းကို စူးစိုက်ကြည့်လိုက်၏။

ယန်ကော်အန်းမှာ ယခုအခါ ခြေထောက်နှစ်ဖက် တုန်ရီနေပြီ ဖြစ်သည်။ ဘာပြောစရာ ရှိဦးတော့မည်နည်း။

ထို့ကြောင့် ဒူးထောက်ကာ တုန်ယင်စွာဖြင့် ဖြေလိုက်သည်။ “ကျွန်တော်မျိုး... ရှက်မိပါတယ်။ ဘာမှ ပြောစရာ မရှိတော့ပါဘူး။”

“ကောင်းပြီ။ ဒါဆိုရင် မင်းရဲ့ချန်ရှီရုံးတော်က ရာထူးကို ကိုယ်တော် ရုပ်သိမ်းလိုက်မယ်။ ဒီနေ့ကစပြီး ချန်ရှီရုံးတော်မှာ ဖန်ကျန်းရီ တစ်ယောက်တည်း ရှိရင် ရပြီ။ အမတ်တို့ ကန့်ကွက်စရာ ရှိလား။”

အမတ်များက ထပ်မံ ဒူးထောက်လိုက်ကြ၏။ “အရှင်မင်းမြတ် အမြော်အမြင် ကြီးမားလှပါတယ်။”

ယန်ကော်အန်းက ထိုအတိုင်းပင် ကြမ်းပြင်ပေါ် ဒူးထောက်လျက် နှလုံးသားမှာ ပြာကျသွားသကဲ့သို့ ခံစားရပြီး အလွန်အမင်း နောင်တရနေမိသည်။

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ အခွင့်အရေးကို အသုံးချကာ ချက်ချင်း ပြောလိုက်၏။ “အရှင်မင်းကြီး။ အိမ်ရှေ့စံမင်းသားက ပြည်သူတွေကို ချစ်တဲ့စိတ်ရှိမှတော့ ပြည်သူတွေရဲ့ အခြေအနေကို စစ်ဆေးနိုင်အောင် အိမ်ရှေ့စံမင်းသားကို နန်းတော်အပြင် လွတ်လွတ်လပ်လပ် ထွက်ခွင့် ပြုပါ။

အိမ်ကိုတောင် မလှည်းနိုင်ရင် ဘယ်လိုလုပ် တလောကလုံးကို လှပစေမှာလဲ ဆိုသလိုပဲ။ စာအုပ် တစ်သောင်း ဖတ်တာထက် ခရီးမိုင် တစ်သောင်း သွားတာက ပိုကောင်းပါတယ်။ ဒီနေ့ အိမ်ရှေ့စံမင်းသားရဲ့ အောင်မြင်မှုကို မြင်ရပြီဆိုတော့ အခုအချိန်က ပိုပြီး ရှေ့ဆက်ရမယ့် အချိန်ပါ။ ကျွန်တော်မျိုး အချိန်တိုင်း လိုက်ပါစောင့်ရှောက်ပေးပါ့မယ်။ အရှင်မင်းကြီး စိတ်ချပါ။”

လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လက်သွားပြီး လက်မထောင်ပြလိုက်၏။

ဖန်ကြီး … တော်တယ်။

ကျင်းဘုရင်က ထိုစကားကို ကြားပြီးနောက် အလွန် ဝမ်းသာသွားပြန်သည်။ “စာအုပ် တစ်သောင်း ဖတ်တာထက် ခရီးမိုင် တစ်သောင်း သွားတာက ပိုကောင်းတယ်... ကောင်းတယ်။ ပြောတာ အရမ်းကောင်းတယ်။ ကိုယ်တော် ခွင့်ပြုတယ်။”

အပိုင်း (၉၀) ပိုက်ဆံပေးရတာကို စွဲလမ်းနေပြီလား။

အခြေအနေ ကောင်းနေသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ကျောဘက်တွင် ချိတ်ထားသည့် မှန်ပြောင်းကို တွန့်ဆုတ်ခြင်းမရှိဘဲ ဆွဲထုတ်လိုက်၏။

သူက လက်နှစ်ဖက်ဖြင့် မြှောက်ကာ ဆက်သပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး …. ဒီနေ့လို မင်္ဂလာရှိတဲ့ အချိန်အခါမျိုးမှာ ကျွန်တော်မျိုး ဆက်သစရာ မင်္ဂလာရှိတဲ့ အရာတစ်ခု ရှိပါသေးတယ်။”

ကျင်းဘုရင်က လက်ထဲမှ ကြေးဝါဖြင့်ပြုလုပ်ထားသော ပြွန်ရှည်ကို ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ “ …. ဖန်အမတ်က ကိုယ်တော့်ကို ဆက်သစရာ ရတနာ ရှိနေသေးတာလား။ ဒါက ကိုယ်တော့်ကို တကယ် အံ့အားသင့်သွားစေတာပဲ။ မြန်မြန် ပြောပြစမ်းပါအုံး။”

“အရှင်မင်းကြီ …. ဒီအရာကို လီတစ်ထောင် နိုင်ငံတော်မှန်ပြောင်းလို့ ခေါ်ပါတယ်။ ဒီမှန်ပြောင်းကနေ ကြည့်မယ်ဆိုရင် လီပေါင်းထောင်ချီ အဝေးကို မြင်နိုင်ပြီး မြင်ရသမျှ နေရာတိုင်းက အရှင့်ရဲ့ ပိုင်နက်မြေတွေပါပဲ။

ဒီလီတစ်ထောင် နိုင်ငံတော်မှန်ပြောင်းက တောက်ယွမ်ခရိုင်က ပြည်သူတွေရဲ့ မေတ္တာ၊ စိတ်ရှည်သည်းခံမှုနဲ့ သစ္စာရှိမှုတွေအပြင် ငွေစင် တစ်သောင်းပေါင်းထည့်ပြီး အရှင်မင်းကြီးအတွက် အထူး ဖန်တီးပေးထားတာပါ။

ကျွန်တော်မျိုးတို့ ကျင်းတိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေတွေ ထာဝစဉ် ခိုင်မြဲပြီး နှစ်ပေါင်းသောင်းချီ တည်တံ့မယ့် သင်္ကေတပဲ ဖြစ်ပါတယ်။”

ဖန်ကျန်းရီ စကားပြောအပြီးတွင် အမတ်များ၏ မျက်နှာအရောင်များ ပြောင်းလဲသွားကြ၏။ တချို့က နာကျင်သော မျက်နှာထားဖြင့် ရင်ဘတ်ကို ဖိကိုင်ထားကြ၏။

ယုတ်မာသော လူယုတ်မာက လူယုတ်မာသာ ဖြစ်၏။ အောင်မြင်မှု အနည်းငယ် ရသွားသည့်တိုင် ခွေးက မစင်စားသည့် အကျင့်ကို မဖျောက်နိုင်သေးပေ။

ကျိန့်ချောင်က အံကြိတ်ပြီး ဘေးနားရှိ လီယန်စုန်ကို လှမ်းတွန်းလိုက်၏။ “အမတ်ကြီးလီ။ သူ့ကို ကြည့်ပါအုံး …. သူ့ကို ကြည့်စမ်းပါအုံး …။”

လီယန်စုန်မှာ စကားပင် မဟနိုင်တော့ချေ။ မျက်နှာနီရဲစွာဖြင့် ဖန်ကျန်းရီကို ကြည့်နေ၏။ အတော်ကြာမှ သူ၏ သွားကြားထဲမှ စကားတစ်ခွန်း ထွက်ကျလာသည်။ “မအေပေးလေး။”

ခွေးကောင် ဖန်ကျန်းရီက သူ၏ မျက်နှာကို ဖြတ်ရိုက်ရန်သတ်သတ် ရောက်လာသလိုပင်။ ချီးကျူးခံရပြီးတိုင်း ဤလူယုတ်မာ မျက်နှာထားက ချက်ချင်း ပေါ်လာတတ်၏။ ထိုအရာက သူ့ကို တမင်တကာ ရွံရှာအောင် လုပ်နေခြင်းများလား။

ကျင်းဘုရင်က ဝမ်းသာအားရဖြင့် မှန်ပြောင်းကို လှမ်းယူလိုက်ပြီး ပါးစပ်မှလည်း ကောင်းလိုက်တာဟု တဖွဖွ ပြောနေ၏။

ဖန်ကျန်းရီက မြှောက်ပင့်လိုသော မျက်နှာထားဖြင့် ကျင်းဘုရင်အနားသို့ ကပ်သွားသည်။ “အရှင်မင်းကြီး …. ဒီပစ္စည်း တည့်တည့်ကြည့်ရမှာပါ။ သေးတဲ့ဘက်ကို မျက်လုံးနဲ့ တေ့ကြည့်ရမှာပါ။”

ကျင်းဘုရင်က မှန်ပြောင်းကို ယူကာ ခန်းမတံခါးအပြင်ဘက်သို့ ကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွား၏။ ထို့နောက် ဘယ်ဘက်သို့ နှစ်ချက် ညာဘက်သို့ နှစ်ချက်လှည့်ကြည့်ကာ ပါးစပ်မှလည်း တကျွတ်ကျွတ် စုပ်သပ်လျက် အဆက်မပြတ် ချီးမွမ်းနေ၏။

အမတ်များ၏ ရင်ထဲတွင်လည်း တထိတ်ထိတ် ဖြစ်လာကြ၏။ အရှင်မင်းကြီး၏ အမူအရာကို ကြည့်ရသည်မှာ... ဤပစ္စည်းက ဖန်ကျန်းရီ ပြောသလို လီတစ်ထောင် အဝေးထိ တကယ် မြင်နိုင်သည်လား။

မှန်ပြောင်းက ထိုမျှလောက် အဝေးကြီးကို မမြင်နိုင်သည်မှာ သေချာသည်။ သို့သော်လည်း ရှေးလူများက အမြဲတမ်း ချဲ့ကားပြောဆိုတတ်သည့် အကျင့်ရှိကြ၏။ စစ်သည် တစ်သိန်းကျော်ကို သန်းချီသော စစ်သည်များဟု ခေါ်ဝံ့ကြသည်။ ဖန်ကျန်းရီကလည်း ထိုဂုဏ်ယူဖွယ် အစဉ်အလာကြီးကို ဆက်လက် ထိန်းသိမ်းရမည်သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကြွားလုံးထုတ်ရသည်မှာ ပိုက်ဆံကုန်သည့်အရာမှ မဟုတ်တာလေ။

အတော်ကြာမှ ကျင်းဘုရင်က အဝေးမှ ရှုခင်းများကို ကြည့်ရှုပြီး မှန်ပြောင်းကို အောက်ချကာ ချီးကျူးလိုက်၏။ “ကောင်းတယ်။ ဒီပစ္စည်းက တကယ်ကို အံ့သြစရာကောင်းလွန်းတယ်။ လီပေါင်း ရာချီ ဝေးတဲ့နေရာကို တစ်ချက်တည်းနဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ စစ်မြေပြင်မှာသာ သုံးမယ်ဆိုရင် ရန်သူ့လှုပ်ရှားမှုကို ကြိုတင် သိနိုင်ဖို့ အလွယ်လေးပဲ။”

“ဖန်အမတ်။ ဒါက နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပဲ။ ကိုယ်တော် မင်းကို ဘယ်လို ဆုချရမလဲ။”

ဖန်ကျန်းရီက နှိမ့်ချစွာ လျှောက်တင်လိုက်သည်။ “ဒါက တောက်ယွမ်ခရိုင်က ပြည်သူတွေ အရှင်မင်းကြီးရဲ့ ကျေးဇူးကို သိတတ်တဲ့အနေနဲ့ ကြိုးစားအားထုတ်ထားတာပါ။ ငွေလေး အနည်းငယ် ပိုကုန်သွားရုံကလွဲလို့ ဘာမှမရှိပါဘူး။ ကျွန်တော်မျိုးက ဘယ်လိုလုပ် ဆုလာဘ်ကို တောင်းရဲပါ့မလဲ။”

ကျင်းဘုရင်က ဖန်ကျန်းရီကို ကြည့်ကာ ပြုံးလိုက်၏။ ဤကောင်လေး၏ စကားများက တစ်နည်းမဟုတ် တစ်နည်းဖြင့် သူ့ထံမှ ငွေတောင်းနေခြင်းပင်။ ထားလိုက်ပါတော့ ….. ငွေပေးလိုက်မည်။

ထို့ကြောင့် အမိန့်ရှိလိုက်၏။ “တောက်ယွမ်ခရိုင်ရဲ့ သစ္စာရှိမှုကို ကိုယ်တော် ခံစားမိတယ်။ တောက်ယွမ်ခရိုင်ကို အခွန်ကင်းလွတ်ခွင့်... အဲ …. ရွှေစင် တစ်ရာ ဆုချလိုက်တယ်။ မင်းပဲ လက်ခံလိုက်တော့။”

ဖန်ကျန်းရီက ခေါင်းငုံ့ထားပြီး မထီမဲ့မြင်ဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။

ကျင်းဘုရင်က အနေခက်စွာ ပြုံးလိုက်၏။ စောစောက စိတ်လှုပ်ရှားသွား၍ အခွန်ကင်းလွတ်ခွင့်ဟု ပြောမိမလို ဖြစ်သွားခြင်းပင်။

သို့ပေမည့် တောက်ယွမ်ခရိုင်၏ တစ်နှစ်စာ ထုတ်လုပ်မှုကို တွေးမိချိန်မှာတော့... အခွန်ကင်းလွတ်ခွင့်ကို မေ့ထားလိုက်တော့။ ပိုက်ဆံနည်းနည်း ပေးလိုက်လျှင် ရပြီပဲ။

သို့ဆိုစေကာမူ သာမန်မှန်ပြောင်းတစ်ခုဖြင့် ရွှေစင် တစ်ရာ လှည့်ဖြားရယူနိုင်ခဲ့သောကြောင့် ဖန်ကျန်းရီက ကျေနပ်သွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။

ကျင်းဘုရင်က ဆက်မေးလိုက်သည်။ “ဖန်အမတ်။ ဒီပစ္စည်းက... နောက်ထပ် ရှိသေးလား။”

“ရှိပါတယ်။ ဒီပစ္စည်းကို အစပိုင်း ထုတ်လုပ်တုန်းက ကုန်ကျစရိတ်က အရမ်း ကြီးမားပါတယ်။ ဒါပေမဲ့ အများစုက သုတေသနနဲ့ စမ်းသပ်မှုတွေမှာ သုံးခဲ့ရတာပါ။ ထုတ်လုပ်ရေးအဆင့်တွေကို သေချာ ချိတ်ဆက်နိုင်ရင် အများကြီး ထုတ်လုပ်နိုင်ပါတယ်။

အကယ်၍ အရှင်မင်းကြီးသာ လိုအပ်မယ်ဆိုရင် တောက်ယွမ်ခရိုင်ကို အမြန်ထုတ်လုပ်ပြီး စစ်တပ်ထဲ ထောက်ပံ့ပေးဖို့ ကျွန်တော်မျိုး အမိန့်ပေးလိုက်ပါ့မယ်။”

ကျင်းဘုရင်က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ နောက်ကျရင် မင်းနဲ့ ဆက်သွယ်ဖို့ ကိုယ်တော် လူလွှတ် လိုက်မယ်။”

နန်းတော်ထဲသို့ အမျိုးသမီး လစဉ်သုံးပစ္စည်းများကို မိတ်ဆက်ပေးခဲ့ပြီးနောက် ယနေ့တွင် စစ်တပ်မှ အမှာစာတစ်ခု ထပ်ရခဲ့ပြန်သည်။ နန်းတော်ထဲ၌ စီးပွားရေး လုပ်ရသည်မှာ တကယ်ကို ပျော်စရာကောင်းလှသည်။

ပျော်ရွှင်နေစဉ်မှာပဲ လီယွမ်ကျောက်က သူ့ကို မျက်စိမှိတ်ပြနေကြောင်း ရုတ်တရက် မြင်လိုက်ရ၏။

ဖန်ကျန်းရီက ချက်ချင်း သဘောပေါက်သွား၏။ အိမ်ရှေ့စံမင်းသားက မှန်ပြောင်းကို သဘောကျနေခြင်း ဖြစ်သည်။

...

ထင်သည့်အတိုင်းပင် ညီလာခံ ပြီးဆုံးသည်နှင့် လီယွမ်ကျောက်က မစောင့်ဆိုင်းနိုင်တော့ဘဲ ဖန်ကျန်းရီအနားသို့ ကပ်လာ၏။

သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဖန်ကြီး …. မင်းက သိပ်ကောက်ကျစ်တာပဲ။ ဒီလောက်ကောင်းတဲ့ ပစ္စည်းကို ကျုပ်ကို အရင်မပြဘူး။”

ဖန်ကျန်းရီက စွေကြည့်လိုက်၏။ “ဘာတွေ လောနေတာလဲ။ လိုချင်ရင် အများကြီး ရှိသေးတယ်။ အခု ယန်ကော်အန်းလည်း မရှိတော့ဘူး။ ဟန်လင်ပညာရှိတွေကလွဲရင် ဘယ်သူမှ ကျုပ်တို့ကို မထိန်းချုပ်နိုင်တော့ဘူး။ မင်းသားကို နန်းတော်ပြင် ခေါ်သွားပေးမယ်။ အရှေ့နန်းဆောင်ကို အရင်ပြန်ကြတာပေါ့။”

ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်မှာ အလွန် ဝမ်းသာသွားသည်။

သူတို့နှစ်ယောက် အရှေ့နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ဖန်ကျန်းရီက မျက်နှာထား တည်တင်းစွာဖြင့် မေးလိုက်၏။ “ကျုပ် မရှိတဲ့ အချိန်တုန်းက ပေးခဲ့တဲ့ ပိုက်ဆံတွေကို ဘယ်နေရာတွေမှာ သုံးလိုက်တာလဲ။”

လီယွမ်ကျောက်က ရယ်မောလိုက်သည်။ “ဘာမှ သိပ်မရှိပါဘူး။ ခုနက ပြောသလိုပါပဲ။ ခင်ဗျား မရှိတုန်း ကုန်ဈေးနှုန်းတွေကို ကျုပ် သွားစုံစမ်းခဲ့တယ်။ နန်းတော်ထဲမှာ အဂတိလိုက်စားမှုတွေ ဒီလောက်တောင် ဆိုးရွားနေတာကို တွေ့လိုက်ရတယ်။

နောက်တော့ လျိုကျင်းကို ပြည်သူတွေရဲ့ အခြေအနေကို စုံစမ်းခိုင်းလိုက်တယ်။ လူတော်တော်များများက ဝမ်းရေးအတွက် မလောက်မငှ ဖြစ်နေတာကို တွေ့ရတော့ ကိုယ်တော်က သူ့ကို ငွေတွေ အကုန် ဝေခိုင်းလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျားနဲ့ ကျားသစ် ခြံဝန်းကိုလည်း ကိုယ်တော် ထပ်မပြင်ချင်တော့ပါဘူး။ ဘာအဓိပ္ပာယ်မှ မရှိဘူးလေ။

ဖန်ကြီး ….. ကျုပ် လုပ်တာ ဘယ်လိုလဲ။” လီယွမ်ကျောက်က ချီးကျူးခံရရန် စောင့်ဆိုင်းနေရင်း ဂုဏ်ယူ ဝင့်ကြွားသော မျက်နှာထားဖြင့် မေးလိုက်၏။

ဖန်ကျန်းရီက နှုတ်ခမ်းမဲ့လိုက်သည်။ “သိပ် မကောင်းဘူး။”

လီယွမ်ကျောက်မှာ ပြာယာခတ်သွားပြီး ရင်ခွင်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဖွင့်လျက် ဖန်ကျန်းရီရှေ့သို့ တိုးပေးလိုက်၏။ အထဲတွင် နာမည်များ ရေးထားပြီး နာမည်တိုင်းတွင် အနီရောင် လက်ဗွေရာများ နှိပ်ထား၏။

“ကြည့်စမ်း။ ဒါက လူထု လက်မှတ်တွေပဲ။ ပြည်သူတွေက ငွေရတော့ ကျုပ်ကို ကျေးဇူးတင်နေကြတာ။ ဖန်ကြီး ….. ခင်ဗျားက အမြော်အမြင် သိပ်မရှိဘူး။”

ဖန်ကျန်းရီမှာ ဆွံ့အသွား၏။ မင်းသား၏လုပ်ရပ်က ပိုက်ဆံပေးပြီး ကုသိုလ်တရားကို ဝယ်ယူနေခြင်း မဟုတ်လား။

“အကယ်၍ မင်းသားက ကျေးဇူးတင်ခံချင်လို့ ဒီအလုပ်တွေကို လုပ်တာဆိုရင် မလုပ်တာက ပိုကောင်းပါလိမ့်မယ်။ ပြည်သူတွေက ကွယ်ရာမှာ မင်းသားကို ကျေးဇူးမတင်တဲ့အပြင် ငတုံးလို့တောင် လှောင်ပြောင်နေကြအုံးမယ်။ စူပါဟီးရိုးတွေတောင် ဒီလိုမျိုးနဲ့ အမှောင်ဘက်ကို ကူးပြောင်းသွားတတ်ကြတာ ….

စူပါဟီးရိုး ဟုတ်လား။ ဒီစကားလုံးက နည်းနည်း ရိုင်းစိုင်းပေမဲ့ ကျုပ် သုံးဖို့တော့ သင့်တော်သလိုပဲ။”

“…....”

ထို့နောက် လီယွမ်ကျောက်က မကျေမနပ်ဖြင့် ပြောလိုက်၏။ “ကိုယ်တော်က ဘယ်လိုလုပ် ငတုံး ဖြစ်သွားရတာလဲ။ ကိုယ်တော်က စေတနာအပြည့်နဲ့ ကောင်းမှုကုသိုလ် လုပ်ခဲ့တာ။ ပြည်သူတွေကလည်း စေတနာအပြည့်နဲ့ ကျေးဇူးတင်နေကြတယ်။ ဖန်ကြီး … ခင်ဗျားရဲ့ စိတ်ထားက သိပ်ကို မှောင်မိုက်လွန်းတယ်။”

ဖန်ကျန်းရီမှာ လက်မြှောက်အရှုံးပေးလိုက်ရပြီး ဆက်ရှင်းပြရန် ပျင်းရိသွား၏။ အချို့သော စကားများမှာ ချက်ချင်း ရှင်းပြ၍ မရနိုင်ပေ။

သို့သော်ငြား ပိုက်ဆံများကို တိုက်ရိုက် ဝေငှသည့် နည်းလမ်းက အကျိုးမရှိသည့်အပြင် ကွယ်ရာတွင်လည်း လှောင်ပြောင်ခံရနိုင်ခြေ များသည်။ ဖန်ကျန်းရီ၏ နှစ်ပေါင်းများစွာ ရုန်းကန်လာခဲ့ရသည့် အတွေ့အကြုံများ အရဆိုလျှင် ဤသည်မှာ လုံးဝ မမှားနိုင်ပေ။

ဖန်ကျန်းရီ တိတ်ဆိတ်နေစဉ် လီယွမ်ကျောက်က ရုတ်တရက် အနေခက်စွာဖြင့် မေးလိုက်၏။ “ဖန်ကြီး ….. ကျုပ်ဆီမှာ ပိုက်ဆံ မရှိတော့ဘူး။ ျုပ်တို့ရဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေက ဘယ်တော့များမှ ပိုက်ဆံရမှာလဲ။”

ဖန်ကျန်းရီက လီယွမ်ကျောက်၏ စကားများကို စဉ်းစားကြည့်ရာ မည်သို့နားထောင်စေကာမူ အနည်းငယ် အဆင်မပြေသလို ခံစားရသောကြောင့် ပေါ့ပေါ့ဆဆ ပြောလိုက်၏။ “မြန်ပါတယ်။ နောက် နှစ်အနည်းငယ်နေရင် ပိုက်ဆံရပါပြီ။ အများကြီး ရမှာ။”

ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “အဲ့ဒါတော့ မဖြစ်ဘူးလေ။ ကျုပ်က ကုသိုလ်ကောင်းမှုတွေ လုပ်ရဦးမှာ။ အမြန်ငွေလိုချင်တာ။ နှစ်အနည်းငယ် မစောင့်နိုင်ဘူး။”

“ဒါက...” ဖန်ကျန်းရီက နဖူးကို မဖိဘဲ မနေနိုင်တော့ချေ။ ပိုက်ဆံပေးရသည်ကို စွဲလမ်းသွားသည်လား။

သို့သော်ငြား ပိုက်ဆံရှာရန် စဉ်းစားမိချိန်မှာတော့ ဖန်ကျန်းရီ၏ စိတ်ဝင်စားမှုလည်း မြင့်တက်လာ၏။ ယခုအခါ အိမ်ရှေ့စံမင်းသားက နန်းတော်ထဲမှ စိတ်ကြိုက် ထွက်ခွာနိုင်ပြီဖြစ်ရာ သူ့အတွက် အချိန်များစွာ ရလာခဲ့သည်။ မြို့တော်ထဲတွင်လည်း စိတ်ကြိုက် လှုပ်ရှားနိုင်မည်။

ထို့အပြင် အိမ်ရှေ့စံမင်းသား၏ အမည်ကို အသုံးပြုပြီး ပိုက်ဆံရှာရသည်မှာလည်း အရသာရှိလှသည် မဟုတ်ပါလား။

ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သို့နှင့် မေးလိုက်၏။ “မကြာခင် ဘာပွဲတော်တွေ ရှိသေးလဲ။”

All Chapters