အခန်း (၇၅၇-၇၅၉)
Vol. 51 Ch. 757-759
Chapter 757 - ခွမ်နီ၊ နောက်ကို ထပ်မတိုးလာနဲ့တော့
နတ်ဆိုးဘိုးဘေးမြေ ဆိုသည်မှာ နတ်ဆိုးမျိုးနွယ်စုများ စတင်ပေါက်ဖွားရာအရပ် ဖြစ်သည်။ သို့သော် ရှေးဦးနတ်ဆိုးအုပ်စုများ ထိုနေရာမှ ထွက်ခွာသွားပြီးနောက်တွင် နတ်ဆိုးဘိုးဘေးမြေမှာလည်း အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ ဟင်းလင်းပြင်ဖောက်ထွက်သူတော်စင် အဆင့်ရှိသည့် အသက်အကြီးဆုံး ရှေးဦးနတ်ဆိုးသူတော်စင်များပင်လျှင် ထိုနေရာမှာ မည်သည့်အရပ်၌ ရှိနေမှန်း မသိကြပေ။
နတ်ဆိုးများသည် ဟင်းလင်းပြင်လောကရှိ အခြားမျိုးနွယ်စုပေါင်းစုံကို လွှမ်းမိုးနိုင်သော အင်အားဖြင့် ရင်ဆိုင်ခဲ့ကြသည်။ အထူးသဖြင့် ရှန့်ရွှမ်း လောက၏ အပြင်ဘက်ရှိ နတ်ဆိုးများသည် အခြားမျိုးနွယ်စုအားလုံးကို ဖိနှိပ်ထားသည့် မြင့်မားသော တောင်ကြီးများကဲ့သို့ပင်။ ၎င်းတို့သည် သက်ရှိအားလုံးကို အသက်ရှူရခက်ခဲအောင် လုပ်ဆောင်ခဲ့ကြသည်။ ရှန့်ရွှမ်း လောကမှ လူသားများ၊ သားရဲများနှင့် နဂါးများကသာ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုကို အတင်းအကျပ် နှိမ်နင်းပြီး ရှန့်ရွှမ်း လောက၏ မြောက်ဘက်ဒေသတွင် ပိတ်လှောင်ထားနိုင်ခဲ့ခြင်း ဖြစ်၏။
အခြားသော ကမ္ဘာကြီး၊ ကမ္ဘာငယ်အားလုံးမှာမူ ဝမ်းနည်းဖွယ် ကံကြမ္မာများနှင့် ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ရုပ်အလောင်း နတ်ဆိုးနိုင်ငံတော်၏ သိမ်းပိုက်ခြင်းခံရသော ကမ္ဘာကြီးမှာ ပို၍ဆိုးရွားသည်။ ထိုနေရာရှိ သက်ရှိတိုင်းမှာ ရုပ်အလောင်း ကျွန်များအဖြစ် ပြုလုပ်ခြင်း ခံခဲ့ရသည်။ ၎င်းတို့ထဲတွင် စစ်မှန်သော သူတော်စင်နယ်ပယ်အဆင့် ပညာရှင်များပင် ပါဝင်သည်။ ထိုသတ်ဖြတ်မှုများမှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင်။
နတ်ဆိုးများမှာ အသာစီးရနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်ပေါင်း ထောင်သောင်းချီ ကြာမြင့်လာသည်အထိ မျိုးနွယ်စုပေါင်းစုံကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ကြသေးပေ။ အထူးသဖြင့် လူသားများ၊ သားရဲများနှင့် နဂါးများပင် ဖြစ်သည်။ ၎င်းတို့မှာ နတ်ဆိုးများအတွက် မျက်စိထဲက ဆူး၊ အသားထဲက စူးကဲ့သို့ ရှိနေဆဲပင်။
ထို့ကြောင့် နတ်ဆိုးများသည် နတ်ဆိုးဘိုးဘေးမြေကို ပြန်လည်အာရုံစိုက်လာကြသည်။ အကယ်၍ ထိုနေရာသို့ ပြန်သွားနိုင်ပြီး ရှေးဦးကမ္ဘာဦး နတ်ဆိုးစွမ်းအင်များကို ရရှိခဲ့မည်ဆိုပါက သူတို့သည် ဟင်းလင်းပြင်လောကတစ်ခုလုံးကို သေချာပေါက် စိုးမိုးနိုင်လိမ့်မည် ဖြစ်ပြီး မဟာတာအို သူတော်စင်နယ်ပယ်အဆင့်ကိုပင် လှမ်းမျှော်ကြည့်နိုင်ပေလိမ့်မည်။
ရှေးယခင်ကတည်းက မဟာတာအို သူတော်စင်တစ်ဦးမျှ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ ယနေ့ခေတ်တွင် အစွမ်းထက်ဆုံးဟု အသိအမှတ်ပြုထားသူမှာ သားရိုင်း ဂုဏ်သရေရှိလူကြီးပင် ဖြစ်သည်။ သို့သော် သူပင်လျှင် ဟင်းလင်းပြင်ဖောက်ထွက်သူတော်စင် အဆင့်၏ အထွတ်အထိပ်သို့သာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ မဟာတာအိုအတွက် အခွင့်အရေးများကို ရှာဖွေရန်နှင့် နတ်ဆိုးဘိုးဘေးမြေကို ရှာဖွေပြီး နတ်ဆိုးများ၏ အကြံအစည်ကို ဖျက်ဆီးရန်အတွက် သားရိုင်း ဂုဏ်သရေရှိလူကြီးသည် ဟင်းလင်းပြင်လောကတစ်ခွင် ခရီးထွက်ခဲ့သည်။
ရှန်မိုသည် နတ်ဆိုးဘိုးဘေးမြေမှာ မည်သည့်နေရာတွင် ရှိမှန်းမသိသော်လည်း မည်သူသိသည်ကိုမူ သူသိသည်။ ထိုသူများမှာ ဖူကျူ နှင့် ကိုးဆင့်ယင်သူတော်စင်တို့ ဖြစ်ကြသည်။ သူတို့တစ်ဦးစီတွင် သတင်းအချက်အလက် အစိတ်အပိုင်းအချို့ ရှိကြသည်။ သူတို့ကို ကယ်တင်ပြီး သူတို့နောက်သို့ လိုက်သွားမှသာ နတ်ဆိုးဘိုးဘေးမြေသို့ ရောက်ရှိနိုင်ပေလိမ့်မည်။ နတ်ဆိုးများသည် ရှေးဦးကမ္ဘာဦး နတ်ဆိုးစွမ်းအင်များကို ရရှိရန် ရှာဖွေနေကြခြင်းဖြစ်ပြီး အခြားမျိုးနွယ်စုများမှာမူ ၎င်းကို ဖျက်ဆီးပစ်ရန်နှင့် နတ်ဆိုးများ၏ အမြစ်ကို အပြတ်ရှင်းရန် ရှာဖွေနေကြခြင်း ဖြစ်သည်။
"သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုရဲ့ ငရဲဌာန အကြီးအကဲ ယူဟွမ် က အရမ်းကောက်ကျစ်စဉ်းလဲပြီး မရိုးသားတဲ့ နည်းလမ်းတွေကို သုံးတတ်တဲ့သူပဲ။ ကျွန်တော် နွံအိုင်ထဲမှာ သူ့ရဲ့ ကိုယ်ပွားနဲ့ လက်ရည်တိုက်ခဲ့ဖူးတယ်"
ရှန်မိုမှ လေးနက်စွာ ပြောလိုက်သည်။
ဖူကျူ မှင်တက်သွား၏။
"ဘာလဲ"
မြေခွေးသူတော်စင်မှ
"မင်းက သူ့ကို တိုက်ခဲ့တာတောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်သေးတာလား"
သူ အံ့သြတကြီး မေးလိုက်သည်။
ရှန်ဟွမ်နှင့် လုံကွေ့တို့မှာလည်း ရှန်မိုကို အလွန်လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ယူဟွမ်၏ အစွမ်းမှာ စစ်မှန်သော သူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဟင်းလင်းပြင်ဖောက်ထွက်သူတော်စင် အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ၏ ကိုယ်ပွားကိုပင်လျှင် ရှန်မိုကဲ့သို့ အသစ်စက်စက် သူတော်စင်တစ်ဦးက ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ပေ။ အကယ်၍ အခြားသူတစ်ဦးကသာ ဤစကားကို ပြောမည်ဆိုပါက ကြွားလုံးထုတ်နေသည်ဟု ထင်ကြပေလိမ့်မည်။ သို့သော် ရှန်မို၏ စွမ်းဆောင်ချက်များကို တွေ့မြင်ခဲ့ရပြီး ဖြစ်သဖြင့် ဤစကားမှာ အမှန်တကယ် ဖြစ်နိုင်သည်ဟု သူတို့ လက်ခံလိုက်ကြသည်။ ဤသည်မှာ အကန့်အသတ်မရှိသော အလားအလာရှိသည့် သူတော်စင်အသစ်တစ်ဦး စွမ်းဆောင်နိုင်သည့် အရာပင်။
"ငရဲဌာနရဲ့ အရှင်အသစ်က တကယ်ကို အစွမ်းထက်တာ… မင်းက သူ့ဆီကနေ လွတ်လာပြီဆိုတော့ သူက မင်းကို သတ်ဖို့အတွက် ဘာမဆို လုပ်လိမ့်မယ်"
အချိန်အတော်ကြာ တိတ်ဆိတ်နေသော ကိုးဆင့်ယင်သူတော်စင်မှ နောက်ဆုံးတွင် စကားပြောလာသည်။
"ငါ ရှန်မိုရဲ့ စကားကို သဘောတူတယ်… ငါတို့ တောင်ဘက်ကို သွားသင့်တယ်… ရှန့်ရွှမ်း လောကကို တိုက်ရိုက်မပြန်သင့်သေးဘူး"
စီနီယာသူတော်စင်တစ်ဦးမှ ပြောလိုက်သဖြင့် အခြားသူများလည်း ချက်ချင်း သဘောတူလိုက်ကြသည်။
မဆိုင်းမတွပင် သူတို့အားလုံး တောင်ဘက်သို့ လှည့်ထွက်ခဲ့ကြသည်။
သူတို့ ထွက်ခွာသွားပြီး အတော်ကြာမှ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုမှ နတ်ဆိုးသူတော်စင် တစ်ဆယ်ကျော် ရောက်ရှိလာကြသည်။ သူတို့ကို ဦးဆောင်လာသူများမှာ ခွမ်ဌာန မှ ခွမ်နီ နှင့် ရုပ်အလောင်းဌာနမှ ရှိကျူးတို့ ဖြစ်သည်။
ရှိကျူး အံ့အားသင့်သွားသည်။
"သူတို့ ဘယ်မှာလဲ… ဖူကျူနဲ့ ကိုးဆင့်ယင်သူတော်စင်တို့ ဘယ်ရောက်ကုန်တာလဲ… ရှန်ဟွမ်တို့ သားရဲသူတော်စင် သုံးပါးကော… ဘာလို့ ဒီမှာ ဘယ်သူမှ မရှိတာလဲ"
တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသော ခွမ်နီမှာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"ယူဟွမ်က ရှန်မို ဒီမှာရှိတယ်လို့ ပြောလို့ ငါက တိုက်ဖို့လာခဲ့တာ… ဒါပေမဲ့ ဒီမှာ ဘာမှမရှိပါလား”
"မရဘူး… ငါ တိုက်ရမယ်… ငါ့ရဲ့ ခွမ်ဌာနကလည်း တိုက်ရမယ်"
"ရှိကျူး… ငါတို့ လက်ရည်စမ်းကြရအောင်”
ရှိကျူး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ခွမ်နီ…နောက်ကို ထပ်မတိုးလာနဲ့တော့”
လှုပ်ခတ်နေသော ဟင်းလင်းပြင် ဝဲဂယက်များအတွင်း၌ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်မှာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။
ထိုသတ္တဝါကြီး၏ ကျောပေါ်တွင် ရှန်မို၊ ဖူကျူ၊ ကိုးဆင့်ယင်သူတော်စင်နှင့် အခြားသူတော်စင်အဆင့် ပညာရှင်များ ရပ်နေကြသည်။
ရှီကျဲ၏ ကျောပေါ်တွင် ရက်အတော်ကြာ နေခဲ့ပြီးသည့်တိုင်အောင် ရှန်ဟွမ် အပါအဝင် သားရဲသူတော်စင် သုံးပါးမှာ အံ့သြမဆုံး ဖြစ်နေကြရဆဲပင်။
ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဟင်းလင်းပြင် သားရဲကြီးက ရှန်မို၏ စီးတော်ယာဉ် ဖြစ်နေသည်မှာ အံ့သြစရာပင်။ ဤသည်မှာ သူတို့ပင်လျှင် မလုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
ဖူကျူက သက်ပြင်းချလိုက်သည်။
"လူငယ်လေး ရှန်မို… ဒီဟင်းလင်းပြင် သားရဲကြီးကို ငါ့ဆီ လွှဲပေးဖို့ စိတ်ဝင်စားလား"
ရှန်မို မဖြေမီမှာပင် ကိုးဆင့်ယင်သူတော်စင်မှ အေးစက်စွာ ပြောလိုက်သည်။
"အပိုတွေ လုပ်မနေနဲ့… ဒီရှီကျဲရဲ့ ဝိညာဉ်က သေဆုံးသွားတာ ကြာပြီ… အထဲမှာ ရှိနေတာက လက်နက်ဝိညာဉ်ပဲ"
ဖူကျူ မှင်တက်သွား၏။
"အဘိုးကြီး ကိုးဆင့်ယင်… မဟုတ်တာတွေ လျှောက်မပြောနဲ့။ ရှီကျဲဆိုတာ သက်ရှိသတ္တဝါပဲ… သူ့ထဲမှာ ဘယ်လိုလုပ် လက်နက်ဝိညာဉ် ရှိမှာလဲ" ရှန်ဟွမ်၊ မြေခွေးသူတော်စင်နှင့် လုံကွေ့တို့မှာလည်း သံသယရှိသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ကိုးဆင့်ယင်သူတော်စင်မှ တည်ငြိမ်စွာဖြင့်
"ငါ့ဆီမှာ လပရိယာယ် ရုပ်သေးစီရင်ထုံးဆိုတာ ရှိခဲ့ဖူးတယ်… အဲဒါက သေဆုံးသွားတဲ့ သက်ရှိတွေကို ရုပ်သေးတွေအဖြစ် ပြောင်းလဲပေးနိုင်ပြီး လက်နက်ဝိညာဉ်ကိုလည်း အထဲမှာ ထည့်ထားနိုင်တယ်"
ခဏမျှ စဉ်းစားပြီးနောက် ဖူကျူမှ
"ဒါဆို ဒီရှီကျဲက ရုပ်သေးတစ်ခု ဖြစ်သွားပြီပေါ့"
"အတိအကျပဲ"
ကိုးဆင့်ယင်သူတော်စင် ခေါင်းညိတ်ပြရင်း ရှန်မိုကို ကြည့်လိုက်သည်။
ရှန်မိုလည်း ပြုံးလျက် ခေါင်းညိတ်လိုက်၏။
"ကျွန်တော် မတော်တဆ လပရိယာယ် ရုပ်သေးစီရင်ထုံးကို ရခဲ့လို့ ဒီမှာ အသုံးပြုခဲ့တာပါ… ကိုးဆင့်ယင်သူတော်စင်ကိုလည်း ကျေးဇူးတင်ရမှာပါ… ဒါကြောင့်လည်း ကျွန်တော့်မှာ ရှီကျဲရဲ့ အကူအညီ ရှိနေတာပါ"
ကိုးဆင့်ယင်သူတော်စင်၏ တင်းမာနေသော မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။
"ငါတို့ရဲ့ ကံကြမ္မာက အရင်ကတည်းက သတ်မှတ်ထားပြီးသားပဲ… မင်းက ငါ့ကို မင်းရဲ့ ဟိုဟာအဖြစ် လက်ခံဖို့ ပိုပြီး သင့်တော်တာ… "
"တပည့်" ဟူသော စကားလုံးကို မပြောရသေးမီမှာပင် ဖူကျူက ကိုးဆင့်ယင်သူတော်စင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
သူသည် အပြင်းအထန် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး
"ဒါက ပျော်စရာကောင်းတဲ့ အချိန်ပဲ… အဲဒီလို အပိုစကားတွေကို မပြောပါနဲ့ဦး"
သားရဲသူတော်စင် သုံးပါးမှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ သူတို့၏ အဆင့်အတန်းမှာ ဖူကျူ၊ ကိုးဆင့်ယင်သူတော်စင်တို့နှင့် မယှဉ်နိုင်သော်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်ကြပေ။ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ ရှန်မိုကို တပည့်အဖြစ် ရယူရန် ကလေးများကဲ့သို့ ရန်ဖြစ်နေကြသည်ကို မြင်ရသည်မှာ အလွန်ထူးဆန်းလှသည်။ နှစ်ပေါင်း ထောင်သောင်းချီ အသက်ရှင်လာခဲ့ကြသည့် ဤလူကြီးများမှာ ကလေးစိတ် ပြန်ဝင်နေကြပြီလား။
ထိုအချိန်တွင် လူရိပ်နှစ်ခုမှာ ရှေ့တွင် ပေါ်လာသည်။ ၎င်းတို့မှာ ရှန့်ယွမ် နှင့် အောင်းရှန် တို့ ဖြစ်ကြသည်။ နွံအိုင်ထဲတွင် ချူးရွှမ်းနှင့် လူစုကွဲသွားပြီးနောက် သူတို့သည် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး ခဲယဉ်းစွာ လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူတို့ ပြန်လည်ဆုံတွေ့ခဲ့ကြသော်လည်း အကြောင်းရင်းမသိဘဲ ဟင်းလင်းပြင် ဝဲဂယက်များအတွင်းသို့ မျောပါသွားခဲ့ကြရသည်။ ပြန်လည် ထွက်ပေါ်လာချိန်တွင် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ရှန့်ယွမ်သည် ကိုးဆင့်ယင်သူတော်စင်နှင့် ဖူကျူတို့ကို မကယ်တင်နိုင်ခဲ့သည့်အတွက် မိမိကိုယ်ကိုယ် အပြစ်တင်ကာ ရင်ဘတ်ကို ထုနေခဲ့သည်။ သူတို့သာ အချိန်မီ ရောက်လာခဲ့လျှင် ခွမ်နီနှင့် ရှိကျူးတို့၏ နတ်ဆိုးတပ်မကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ယခုတွင် ကြီးမားလှသော သတ္တဝါကြီး ရုတ်တရက် ပေါ်လာသဖြင့် ရှန့်ယွမ်နှင့် အောင်းရှန်တို့မှာ ချက်ချင်းပင် သတိရှိရှိဖြင့် အသင့်ပြင်လိုက်ကြသည်။ ဤမျှ ကြီးမားသော သတ္တဝါမှာ သေချာပေါက် အစွမ်းထက်သည့် ဟင်းလင်းပြင် သားရဲကြီး ဖြစ်ပေလိမ့်မည်။ သူတော်စင်အဆင့် မဟုတ်လျှင်ပင် ၎င်းကို သတ်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။ သူတို့ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သတ္တဝါကြီး၏ အပေါ်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ "မင်းတို့ နှစ်ယောက် ဒီမှာ ရှိနေတာကိုး”
ခဏအကြာတွင် ရှန်မိုသည် သူတို့ရှေ့သို့ အသာအယာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ သူနှင့်အတူ ဖူကျူ၊ ကိုးဆင့်ယင်သူတော်စင်နှင့် ရှန်ဟွမ်၊ လုံကွေ့၊ မြေခွေးသူတော်စင် တို့လည်း ပေါ်လာကြ၏။ ရှန့်ယွမ်နှင့် အောင်းရှန်တို့၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။ ရှန့်ယွမ်မှာ မိမိကိုယ်ကိုယ် မယုံနိုင်သဖြင့် မျက်လုံးကိုပင် ပွတ်ကြည့်နေမိသည်။ အတော်ကြာမှ သူတို့နှစ်ဦး ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
"ဖူကျူကို ဂါရဝပြုပါတယ်… ကိုးဆင့်ယင်သူတော်စင်ကို ဂါရဝပြုပါတယ်… စီနီယာ ရှန်ဟွမ်၊ လုံကွေ့နဲ့ မြေခွေးသူတော်စင်တို့ကိုလည်း ဂါရဝပြုပါတယ်”
သူတို့အတွက် ထိုငါးဦးစလုံးမှာ စီနီယာများ ဖြစ်ကြသည်။ မိမိတို့ကိုယ်တိုင် သူတော်စင်များ ဖြစ်ကြသော်လည်း ရိုသေလေးစားမှုမှာ လိုအပ်သည်။ အောင်းရှန်က အလျင်အမြန် မေးလိုက်သည်။
"ဘယ်စီနီယာက ခင်ဗျားတို့ကို ကယ်ခဲ့တာလဲ… မီးဧကရာဇ်… ဒါမှမဟုတ် စစ်ဘိုးဘေး များ ပေါ်လာတာလား"
သူ၏ အမြင်အရ ထိုနှစ်ဦးထဲမှ တစ်ဦးဦး လာရောက်ကူညီမှသာ ဤသူတော်စင်များအားလုံး လွတ်မြောက်လာနိုင်မည်ဟု ထင်နေခြင်း ဖြစ်သည်။
Chapter 758 - စီနီယာ နှစ်ဦးက နတ်ဆိုးဘိုးဘေးမြေ အကြောင်းကို သိပါသလား
ရှန်ဟွမ်၊ မြေခွေးသူတော်စင်နှင့် လုံကွေ့တို့မှာ တစ်ဦးကိုတစ်ဦး ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ကိုးဆင့်ယင်သူတော်စင်မှာမူ ဘာမှမပြောဘဲ တိတ်ဆိတ်နေ၏။ ဖူကျူ တစ်ဦးတည်းသာ အားရပါးရ ရယ်မောလိုက်သည်။ "မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး… မီးဧကရာဇ်နဲ့ စစ်ဘိုးဘေးတို့က ဟင်းလင်းပြင်ထဲမှာ နတ်ဆိုးဘိုးဘေးမြေကို လိုက်ရှာနေတုန်းပဲ… သူတို့ ငါတို့ကို ကယ်ခဲ့တာ မဟုတ်ဘူး"
အောင်းရှန်မှာ မှင်တက်သွားသည်။
"ဒါဆိုရင် ဘယ်သူများလဲ"
ဖူကျူမှ ရှန်မို၏ ပုခုံးကို ပုတ်လိုက်ပြီး
"ဒါပေါ့… ငါ့ရဲ့ တပည့်ကောင်းလေး ရှန်မိုပဲပေါ့”
အောင်းရှန် မပြောမီမှာပင် ကိုးဆင့်ယင်သူတော်စင်မှာ မျက်မှောင်ကြုတ်လျက် ထရပ်လိုက်၏။
"မဟုတ်တာတွေ… ဘာလို့ မင်းရဲ့ တပည့်ဖြစ်ရမှာလဲ။ သူက ငါ့တပည့် ဖြစ်ရမှာ”
ဖူကျူ ရယ်မောလိုက်ပြီး
"စောစောက ငါ ရှန်မိုကို မေးတုန်းက သူက ဘာမှပြန်မပြောဘူးလေ… အဲဒါက သူ လက်ခံတယ်လို့ အဓိပ္ပာယ်ရတာပေါ့"
ကိုးဆင့်ယင်သူတော်စင် သူ့ကို ညွှန်ပြပြီး ကျိန်ဆဲလိုက်သည်။
"ခိုးတတ်တဲ့ အဘိုးကြီး… ရှက်ဖို့ကောင်းလိုက်တာ”
ထိုနှစ်ဦးမှာ ထပ်မံ၍ ရန်ဖြစ်ကြပြန်သည်။
လူတိုင်းက ရိုသေလေးစားကြသော အစွမ်းထက် သူတော်စင်ကြီးများမှာ ယခုအခါ လမ်းဘေးက သာမန်အဘိုးကြီးများကဲ့သို့ ငြင်းခုံနေကြ၏။ သို့သော် အောင်းရှန်နှင့် ရှန့်ယွမ်တို့၏ နားထဲတွင် ထိုအသံများမှာ ပျောက်ကွယ်သွားသည်။ သူတို့သည် ရှန်မိုကို အံ့သြတကြီး ကြည့်လိုက်ကြသည်။
ဘာလဲ။
ဤသူတော်စင်များကို ကယ်တင်ခဲ့သူမှာ ရှန်မို ဖြစ်နေတာလား။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
သူကလည်း သူတို့လိုပဲ မကြာသေးခင်ကမှ သူတော်စင်အဆင့်ကို ရောက်ခဲ့တာ မဟုတ်ဘူးလား။
"အသေးစိတ်ကို နောက်မှ ရှင်းပြမယ်… အခုတော့ ကျောပေါ်ကို အရင်တက်ကြဦး"
ရှန်ဟွမ်မှ အသာအယာ ချောင်းဆိုးပြီး ပြောလိုက်သည်။ ထိုအခါမှ ရှန့်ယွမ်နှင့် အောင်းရှန်တို့ တက်လာကြ၏။ ရှန့်ယွမ် မမေးဘဲ မနေနိုင်ပေ။
"ဒါက ဘယ်လို ဟင်းလင်းပြင် သားရဲမျိုးလဲ… ငါ တစ်ခါမှ မမြင်ဖူးဘူး"
မြေခွေးသူတော်စင်မှာ ပြုံးလျက်
"ဟင်းလင်းပြင် သားရဲ ရှီကျဲပဲ… ဒါက အရမ်းရှားပါးတယ်… တစ်မျိုးနွယ်လုံးမှာ တစ်ကောင်တည်းပဲ ရှိတာ"
အောင်းရှန် အံ့သြသွားသည်။
"ခင်ဗျားတို့ ဖမ်းထားတာလား"
လုံကွေ့ ခေါင်းခါလိုက်၏။
"ဒီသားရဲက ရှန်မိုရဲ့ အိမ်မွေးတိရစ္ဆာန်ပဲ"
အောင်းရှန်နှင့် ရှန့်ယွမ်တို့မှာ ဘာမှမပြောနိုင်ဘဲ ရှန်မိုကိုသာ စိုက်ကြည့်နေမိကြတော့သည်။
အံ့သြမှုအပြင် အောင်းရှန်၏ စိတ်ထဲတွင် မနာလိုစိတ်များလည်း ဖြစ်ပေါ်လာသည်။ ဘာကြောင့်လဲ။
သူတော်စင်အသစ် ဖြစ်သည့် ရှန်မိုက ဘာလို့ ဤမျှ အစွမ်းထက်သော သားရဲကြီးကို ဖမ်းနိုင်ရတာလဲ။ သူကိုယ်တိုင်မှာမူ နဂါးသူတော်စင် တစ်ဦးဖြစ်သော်လည်း နွံအိုင်ထဲတွင် ဘာမှမရရှိဘဲ ဒဏ်ရာများဖြင့်သာ ပြန်ထွက်လာခဲ့ရသည်။ လူအချင်းချင်း ကြားမှာ ဒီလောက်တောင် ကွာခြားနေရတာလား။
စကားအနည်းငယ် ပြောဆိုပြီးနောက် ရှန်ဟွမ်က အောင်းရှန်နှင့် ရှန့်ယွမ်တို့ကို အရင်က ဘာတွေ ဖြစ်ခဲ့သည်ကို မေးမြန်းလိုက်သည်။ ရှန့်ယွမ်က အားနာစွာဖြင့်
"ကျွန်တော်တို့ သုံးယောက် နွံအိုင်ထဲမှာ လူစုကွဲသွားခဲ့တာ… ကျွန်တော် ရှန်မိုကို ရှာမတွေ့ခဲ့ဘူး။ နောက်မှ အောင်းရှန်နဲ့ ပြန်ဆုံခဲ့ပေမဲ့ ဝဲဂယက်ထဲ မျောပါသွားခဲ့ရတာ… ပြန်ထွက်လာတော့မှ ဒီကို ရောက်လာတာပါ"
ကိုးဆင့်ယင်သူတော်စင်မှ ခေါင်းညိတ်ပြသည်။
"အဲဒါ ဟင်းလင်းပြင် ဝဲဂယက် ဖြစ်ရမယ်… ဟင်းလင်းပြင် ဝဲဂယက်ဆိုတာ အရမ်းရှုပ်ထွေးတယ်… ဒီကို ပြန်ရောက်လာတာကိုက မင်းတို့ရဲ့ ကံကောင်းမှုပဲ… ကံသာ မကောင်းရင် စကြဝဠာရဲ့ အစွန်းဆုံးကို ရောက်သွားနိုင်ပြီး ပြန်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
အောင်းရှန်မှ
"အခု ငါတို့ ဘယ်သွားကြမှာလဲ… ဘာလို့ ရှန့်ရွှမ်း လောကကို မပြန်တာလဲ"
ဖူကျူမှ
"သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုက လိုက်ဖမ်းနေကြတာ… ငါတို့ ရှန့်ရွှမ်း လောကကို တိုက်ရိုက် မပြန်နိုင်သေးဘူး… ဆန့်ကျင်ဘက် အရပ်ကိုပဲ သွားရမယ်"
ရှန့်ယွမ်နှင့် အောင်းရှန်တို့လည်း ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် ရှန်မို ရုတ်တရက် စကားပြောလာသည်။
"စီနီယာ နှစ်ဦးက နတ်ဆိုးဘိုးဘေးမြေ အကြောင်းကို သိပါသလား… သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုနဲ့ ရုပ်အလောင်း နတ်ဆိုးနိုင်ငံတော်တို့က အဲဒီနေရာကို လိုက်ရှာနေကြပုံရတယ်"
ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး တိတ်ဆိတ်သွားကြသည်။
ကိုးဆင့်ယင်သူတော်စင်က လေးနက်စွာဖြင့်
"နတ်ဆိုးဘိုးဘေးမြေဆိုတာ နတ်ဆိုးတွေ စတင်ဖြစ်တည်ရာ အရပ်ပဲ… အခု သူတို့က တခြားမျိုးနွယ်စုတွေကို ဖိနှိပ်ထားနိုင်ပေမဲ့ အမြစ်ပြတ်အောင် မချေမှုန်းနိုင်သေးဘူး… ဒါကြောင့် သူတို့က နတ်ဆိုးဘိုးဘေးမြေကို ရှာပြီး ရှေးဦးနတ်ဆိုးစွမ်းအင်တွေကို ရယူဖို့ ကြိုးစားနေကြတာ… အဲဒီလိုဆိုရင် သူတို့ မဟာတာအို သူတော်စင်နယ်ပယ် အဆင့်ကို ရောက်နိုင်မှာမို့လို့ပဲ"
ဖူကျူက သက်ပြင်းချလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ငါ ရထားတဲ့ တည်နေရာက တကယ်ပဲ နတ်ဆိုးဘိုးဘေးမြေလား ဆိုတာကို ငါလည်း သေချာမသိဘူး… မီးဧကရာဇ်နဲ့ စစ်ဘိုးဘေးတို့လည်း ရှေးဟောင်းနေရာတွေရဲ့ တည်နေရာကို ရထားကြပေမဲ့ သူတို့လည်း အဲဒါက အစစ်အမှန်လား ဆိုတာ မသေချာကြဘူး…. ငါတို့ ဆုံပြီးတဲ့နောက်မှာ သူတို့လည်း အဲဒီနေရာတွေကို အသီးသီး ထွက်ခွာသွားကြတာ… ငါတို့လည်း အဲဒီလိုပဲ ထွက်လာရင်းနဲ့ နတ်ဆိုးသူတော်စင် အများကြီးရဲ့ ဝိုင်းထားတာကို ခံလိုက်ရပြီး နှစ်ပေါင်း ရာချီအောင် ပိတ်မိနေခဲ့တာပဲ"
ဖူကျူ ပြောခဲ့သည့်အတိုင်း ဟင်းလင်းပြင်လောကကို လှည့်လည်သွားလာနေကြသော သူတော်စင်များအားလုံးမှာ နတ်ဆိုးဘိုးဘေးမြေနှင့် ပတ်သက်သည့် သဲလွန်စအချို့ ရရှိထားကြသည်။ အထူးသဖြင့် မီးဧကရာဇ်၊ စစ်ဘိုးဘေး၊ ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ကဲ့သို့ ပုဂ္ဂိုလ်ကြီးများမှာ ရှေးဟောင်းနေရာများ၏ တည်နေရာ အတိအကျကိုပင် ရရှိထားကြသည်။ သို့သော် ထိုတည်နေရာအားလုံးမှာ အလွန်ဝေးကွာလှသည်။ စကြဝဠာ၏ အစွန်းနားတွင် တည်ရှိနေကြခြင်း ဖြစ်သည်။ သူတော်စင်များအတွက်ပင်လျှင် ထိုနေရာများသို့ ရောက်ရှိရန် ကြယ်စင်ပေါင်းများစွာကို ဖြတ်ကျော်ရမည်ဖြစ်ပြီး အချိန်အလွန် ပေးရမည် ဖြစ်သည်။ အကယ်၍ ရောက်သွားချိန်တွင် နတ်ဆိုးဘိုးဘေးမြေ မဟုတ်ခဲ့ပါက အချိန်ဖြုန်းသလို ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း သူတော်စင်များစွာမှာ သွားနေကြဆဲပင်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးများကို အမြစ်ပြတ်ရှင်းနိုင်မည့် အခွင့်အရေးမှာ ထိုနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ မျှော်လင့်ချက် အနည်းငယ်သာ ရှိနေပါစေ၊ သူတို့ အစွမ်းကုန် ကြိုးစားကြမည် ဖြစ်သည်။
အစွမ်းကြီးမားလေလေ တာဝန်ကြီးမားလေလေ ဖြစ်သည်။ လူသားမျိုးနွယ်၏ ကံကြမ္မာကို ထမ်းပိုးထားကြသော ပညာရှင်ကြီးများအနေဖြင့် လူသားများကို ရှေ့သို့ ဦးဆောင်ရန် တာဝန်ရှိသည်။ မဟုတ်ပါက လူသားတို့၏ တာအိုနှင့် ဆန့်ကျင်ဘက်ဖြစ်သွားပြီး မိမိကိုယ်ကို ပျက်စီးခြင်းသို့သာ ဆောင်ကြဉ်းရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့သည် နတ်ဆိုးချိုင့်ဝှမ်းဟု ခေါ်သော နေရာသို့ သွားရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း သောင်းချီက ထိုနေရာတွင် နတ်ဆိုးလူသား အများအပြား ပေါ်ထွက်လာခဲ့ဖူးသည်။ သူတို့သည် အလွန်အစွမ်းထက်ပြီး စစ်မှန်သော နတ်ဆိုးများထက်ပင် သာလွန်ကြသည်။ ထိုအချိန်က နတ်ဆိုးလူသား အများအပြားမှာ နတ်ဆိုးနိုင်ငံတော်များအတွင်း၌ ရာထူးကြီးများကို ရယူနိုင်ခဲ့ကြသည်။ ထိုအချိန်က နတ်ဆိုးမျိုးနွယ်များအတွင်း၌ နတ်ဆိုးနှင့် လူသားတို့၏ ကလေးဖြစ်သော နတ်ဆိုးလူသားများသည် အစွမ်းအထက်ဆုံးနှင့် ဉာဏ်အကောင်းဆုံး ဖြစ်ကြောင်း၊ သူတို့သည် ဟင်းလင်းပြင်လောကကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်နိုင်မည့် သက်ရှိများဖြစ်ကြောင်း ငြင်းခုံမှုများ ရှိခဲ့သည်။ သို့သော် ဤစိုးမိုးမှုမှာ နှစ်ပေါင်း တစ်သောင်းကျော်သာ ခံခဲ့သည်။ ရုတ်တရက်ဆိုသလို သူတို့၏ အင်အားများမှာ အလွန်အားနည်းသွားခဲ့သည်။ ထိုအချိန်မှစ၍ နတ်ဆိုးလူသားများမှာ နတ်ဆိုးများ၏ အသိုင်းအဝိုင်းတွင် ဖယ်ကြဉ်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်း ပေါ်လာသော နတ်ဆိုးလူသားများမှာလည်း အရင်ကကဲ့သို့ မစွမ်းဆောင်နိုင်ကြတော့ဘဲ သာမန် နတ်ဆိုးဆန်သော လူသားများသာ ဖြစ်လာကြတော့သည်။
"နတ်ဆိုးချိုင့်ဝှမ်း လား… ကျွန်တော်လည်း အဲဒီအကြောင်း ကြားဖူးပါတယ်"
အောင်းရှန် ခေါင်းညိတ်ပြသည်။ သူသည် ရှန့်ယွမ်နှင့် ရှန်မိုတို့ထက် အသက်ကြီးသူဖြစ်သဖြင့် အတွေ့အကြုံ ပိုများ၏။ ရှန်မိုမှ ရုတ်တရက် ပြောလိုက်သည်။
"အခု ရှန့်ရွှမ်း လောကကို ပြန်ရင်လည်း ကျွန်တော်တို့က သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး… နတ်ဆိုးချိုင့်ဝှမ်းကိုပဲ တိုက်ရိုက်သွားကြတာ ပိုကောင်းမယ်… အဲဒီမှာ နတ်ဆိုးဘိုးဘေးမြေအတွက် သဲလွန်စတွေ တွေ့နိုင်တယ်… ဒါပေမဲ့ ကျွန်တော်တို့ အားလုံး သွားလို့ မဖြစ်ဘူး… အချို့လူတွေက ရှန့်ရွှမ်း လောကကို ပြန်ပြီး နတ်ဆိုးတပ်မကြီးကို ခုခံပေးရမယ်"
ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့လည်း ထိုစကားကို အလွန် သဘောတူကြသည်။ ဆွေးနွေးပြီးနောက် ရှန်ဟွမ်၊ မြေခွေးသူတော်စင်နှင့် အောင်းရှန်တို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဖူကျူသည် သူ၏ မဟာတာအို သူတော်စင်လက်နက်ဖြစ်သော ဖူထျန်းရတနာကမ္ဘာကို ရှန်ဟွမ်အား ငှားပေးလိုက်သည်။ ဤရတနာမှာ ခံစစ်အပြင် အလွန်လျင်မြန်စွာ သွားနိုင်စွမ်းလည်း ရှိသည်။ ၎င်းကို အသုံးပြုခြင်းဖြင့် ရှန်ဟွမ်တို့သည် ရှန့်ရွှမ်း လောကသို့ အမြန်ဆုံး ပြန်နိုင်ပေလိမ့်မည်။ ရှန့်ရွှမ်း လောကသည် လူသား၊ သားရဲနှင့် နဂါးတို့၏ ဇာတိချက်မြေ ဖြစ်သဖြင့် ပျက်စီးခြင်း မခံနိုင်ပေ။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှန်မိုနှင့် ကျန်ရှိသောသူများသည် ရှီကျဲကို စီးနင်းကာ ဟင်းလင်းပြင် ဝဲဂယက်များကို ဖြတ်ကျော်ပြီး ရှေ့သို့ ဆက်လက် ခရီးထွက်ခဲ့ကြသည်။
သူတို့ သွားမည့်နေရာမှာ နတ်ဆိုးချိုင့်ဝှမ်း ဖြစ်၏။
...
"ဘာလဲ… တစ်ယောက်မှ မရှိဘူး ဟုတ်လား"
ယူဟွမ်သည် အစီရင်ခံစာကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
ရှိကျူးမှ သက်ပြင်းချကာ
"ငါတို့ အလကားပဲ ရှာလိုက်ရတာ… ရှန်မိုတင် မကဘူး… ဖူကျူ၊ ကိုးဆင့်ယင်သူတော်စင်နဲ့ ရှန်ဟွမ်တို့ သားရဲသူတော်စင် သုံးပါးလည်း အစအန မကျန်အောင် ပျောက်ကွယ်သွားပြီ… သူတို့ လွတ်သွားပြီလို့ ငါ ထင်တယ်"
ခွမ်နီမှာ ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။
"ငါ အစကတည်းက ပြောသားပဲ… ရုပ်အလောင်း နတ်ဆိုးနိုင်ငံတော်က လူတွေက ဘာမှ အသုံးမကျဘူးလို့… သူတော်စင်တွေကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာလား… နတ်ဆိုးတွေရဲ့ ရုပ်အလောင်းဌာနက တကယ်ကို အသုံးမကျတာပဲ”
ရှိကျူးသည် ထိုစကားကြောင့် မျက်နှာပျက်သွားသော်လည်း ခွမ်နီကို မယှဉ်နိုင်သဖြင့် ဘာမှပြန်မပြောဘဲ သည်းခံလိုက်ရသည်။
ယူဟွမ်မှ လေးနက်စွာဖြင့်
"ငါ ရုပ်အလောင်း နတ်ဆိုးနိုင်ငံတော်ရဲ့ နတ်ဆိုးအရှင်ကြီးကို ကိုယ်တိုင် ဆက်သွယ်လိုက်မယ်"
Chapter 759 - ဘာကြောင့် ကံကြမ္မာက အကြီးအကျယ် ပြောင်းလဲခြင်း မရှိသေးတာလဲ
နတ်ဆိုးချိုင့်ဝှမ်း။
ဤရှေးဟောင်း နေရာသည် စကြဝဠာ၏ အစွန်းနားတွင် တည်ရှိသည်။ ရှီကျဲကို စီးနင်းလာခဲ့သည့်တိုင်အောင် ရှန်မိုနှင့် သူ၏အဖွဲ့သည် ဤနေရာသို့ ရောက်ရှိရန် အလွန် ကြိုးစားခဲ့ကြရသည်။ လမ်းတွင် အမှောင်ထု နတ်ဆိုးနိုင်ငံတော်မှ နတ်ဆိုးသူတော်စင်များ၏ ကြားဖြတ်တိုက်ခိုက်မှုနှင့်ပင် ကြုံတွေ့ခဲ့ရသေး၏။ ကံကောင်းစွာဖြင့် သူတို့၏ အင်အားမှာ အလွန်ကြီးမားသဖြင့် ဝိုင်းထားသည်ကို အမြန် ဖြတ်ကျော်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
အမှောင်ထု နတ်ဆိုးနိုင်ငံတော်မှာ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခု၊ ရုပ်အလောင်း နတ်ဆိုးနိုင်ငံတော်တို့ကဲ့သို့ပင် နတ်ဆိုးနိုင်ငံတော်ကြီး သုံးခုထဲတွင် အပါအဝင် ဖြစ်သည်။ ထိုနေရာတွင် အစွမ်းအထက်ဆုံး မျိုးနွယ်စုများမှာ ညစ်ညမ်းဌာန နှင့် အမှောင်ဌာန တို့ ဖြစ်ကြသည်။ ထိုနှစ်ဌာနမှာ နိုင်ငံကို ပူးတွဲ အုပ်ချုပ်ကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့အချင်းချင်းသာ ပြိုင်ဆိုင်မှု မရှိပါက သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုကိုပင် ကျော်တက်ပြီး အစွမ်းအထက်ဆုံး ဖြစ်နေနိုင်ပြီ ဖြစ်သည်။
"ရောက်ပြီ… ဒါက နတ်ဆိုးချိုင့်ဝှမ်းပဲ… ဒီနေရာက အမှောင်ထု နတ်ဆိုးနိုင်ငံတော်ရဲ့ နယ်နိမိတ် အစွန်းမှာ ရှိပေမဲ့ အဲဒီက နတ်ဆိုးသူတော်စင်တွေကိုလည်း ဒီမှာ ရံဖန်ရံခါ တွေ့တတ်တယ်… ငါတို့ သတိထားရမယ်"
ဖူကျူမှ လေးနက်စွာ ပြောလိုက်သည်။
သူနှင့် ကိုးဆင့်ယင်သူတော်စင်တို့သည် နတ်ဆိုးချိုင့်ဝှမ်း အကြောင်း သတင်းအချက်အလက်များကို အကြာကြီး စုဆောင်းခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါတွင် သူတို့သည် ရှန်မို၊ လုံကွေ့နှင့် ရှန့်ယွမ်တို့ကို ထိုအချက်အလက်များ ပြောပြလိုက်ကြသည်။
ရှန်မိုသည် ဟင်းလင်းပြင် ဝဲဂယက်များအတွင်း၌ ဖုံးကွယ်နေသော ထိုနေရာကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ဤနေရာရှိသူများထဲတွင် သူတစ်ဦးတည်းသာလျှင် ဤသည်မှာ နတ်ဆိုးဘိုးဘေးမြေသို့ သွားရာ တစ်ခုတည်းသော လမ်းဖြစ်ကြောင်း သိနေခြင်း ဖြစ်သည်။ ပြီးတော့ အရာရာတိုင်းမှာလည်း ဤနေရာတွင်ပင် အဆုံးသတ်ပေလိမ့်မည်။
အောင်းရှန် မထွက်ခွာမီမှာပင် ရှန်မိုသည် သူ၏ ကံကြမ္မာကို သေချာ မှတ်သားထားခဲ့သည်။ မူလက အောင်းရှန်သည် ဤတိုက်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်သည်။ အရေးအကြီးဆုံး အချိန်တွင် ထိုနဂါးသူတော်စင်မှာ သစ္စာဖောက်ပြီး နတ်ဆိုးများဘက်သို့ ဝင်သွားရမည် ဖြစ်သည်။ ထိုအခါ ဖူကျူမှာ သေဆုံးရမည်ဖြစ်ပြီး ကိုးဆင့်ယင်သူတော်စင်မှာမူ ဒဏ်ရာအပြင်းအထန် ရရှိမည် ဖြစ်၏။ သူတို့ကို ကူညီရန် လာကြသော မီးဧကရာဇ်နှင့် စစ်ဘိုးဘေးတို့ပင်လျှင် အဝိုင်းခံရပေလိမ့်မည်။ မျိုးနွယ်စုပေါင်းစုံမှာ နောက်ဆုံးအချိန်တွင် ရှုံးနိမ့်သွားမည် ဖြစ်ပြီး နတ်ဆိုးများက အောင်ပွဲခံကာ နတ်ဆိုးဘိုးဘေးမြေသို့ အတင်းအကျပ် ဝင်ရောက်သွားကြလိမ့်မည်။
သို့သော် ယခုအခါတွင်မူ ကြိုတင်စီစဉ်ထားမှုများကြောင့် ရှန်မို အောင်းရှန်ကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
"ဒါပေမဲ့... ဘာလို့ ကံကြမ္မာက အကြီးအကျယ် ပြောင်းလဲခြင်း မရှိသေးတာလဲ"
ရှန်မိုသည် မိမိနှင့် သူငယ်ချင်းများ၏ ကံကြမ္မာစနစ်များကို စစ်ဆေးကြည့်ရာ ကံကြမ္မာမှာ အနည်းငယ်သာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အမှန်တကယ် ကြီးကြီးမားမား ပြောင်းလဲမှုမျိုး မရှိသေးပေ။ အရာရာကို မြင်နိုင်သော ဘဝဘောင်ပင်လျှင် ရှေ့တွင်ရှိနေသော မြူထုကို ထိုးဖောက်မမြင်နိုင်သကဲ့သို့ ဖြစ်နေသည်။
"ဒီနတ်ဆိုးချိုင့်ဝှမ်းက ဝင်္ကပါတစ်ခုလိုပဲ… အခုလောလောဆယ်တော့ ငါတို့ လူခွဲပြီး နတ်ဆိုးဘိုးဘေးမြေရဲ့ အရိပ်အယောင်တွေကို လိုက်ရှာကြတာပေါ့"
ဖူကျူမှ လေးနက်စွာ ပြောလိုက်သည်။ "ဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းတွေကို ငါ မင်းတို့ကို သင်ပေးပြီးပြီ… အခု ငါတို့ အဖွဲ့နှစ်ဖွဲ့ ခွဲကြမယ်"
သူသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး
"ကိုးဆင့်ယင်၊ လုံကွေ့နဲ့ ရှန့်ယွမ်တို့က တစ်ဖွဲ့… ရှန်မိုနဲ့ ငါက တစ်ဖွဲ့… အဲဒီအတိုင်းပဲ လုပ်မယ်"
အခြားသူများကို ပြန်ပြောခွင့်မပေးဘဲ သူ ရှန်မိုကို ဆွဲကာ ချက်ချင်း ထွက်သွားလေတော့သည်။
ကိုးဆင့်ယင်သူတော်စင် စကားပင် မပြောရသေးမီမှာပင် ထိုနှစ်ဦးမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ရှန့်ယွမ်မှ သက်ပြင်းချလိုက်သည်။
"မြန်လိုက်တာ… ဖူကျူက မျိုးနွယ်စုအားလုံးအတွက် ဒီလောက်အထိ စိတ်အားထက်သန်နေတာ တကယ်ကို ကောင်းချီးတစ်ခုပဲ"
ကိုးဆင့်ယင်သူတော်စင်သည် စိတ်တိုတတ်သူ မဟုတ်သော်လည်း ယခုအခါတွင်မူ သူ၏ မျက်နှာမှာ ညိုမှောင်သွားသည်။
"သူက မျိုးနွယ်စုတွေအတွက် စိတ်အားထက်သန်နေတာ မဟုတ်ဘူး… သူက ရှန်မိုကို တပည့်ဖြစ်အောင် လုပ်ချင်နေတာ… သူနဲ့ နှစ်ယောက်တည်း ရှိမယ့် အခွင့်အရေးကို တမင်တကာ ဖန်တီးလိုက်တာ”
ထိုစကားကို ကြားသောအခါ ရှန့်ယွမ်မှာ ဘာမှမပြောနိုင်ဘဲ မှင်တက်သွားသည်။ အတွေ့အကြုံများသော လုံကွေ့မှာမူ ထိုမြင်ကွင်းကို ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ရုံသာ တတ်နိုင်၏။ ကိုးဆင့်ယင်သူတော်စင်က သူ၏လက်ကို ဝှေ့ယမ်းကာ ကျန်ရှိသော နှစ်ဦးကို လိုက်လာရန် အချက်ပြလိုက်သည်။
"လာကြ… ငါတို့ တခြားအရပ်မှာ နတ်ဆိုးဘိုးဘေးမြေကို သွားရှာကြရအောင်"
လုံကွေ့မှ တိုးညှင်းစွာ မေးလိုက်သည်။
"စီနီယာ ကိုးဆင့်ယင်… အကယ်၍ ငါတို့ နတ်ဆိုးဘိုးဘေးမြေကို ရှာမတွေ့ရင် ဘာဆက်ဖြစ်မှာလဲ"
ကိုးဆင့်ယင်သူတော်စင် ခဏမျှ တိတ်ဆိတ်သွားသည်။
"ဒါဆိုရင် အရာရာတိုင်းက မီးဧကရာဇ်၊ စစ်ဘိုးဘေးနဲ့ သားရိုင်း ဂုဏ်သရေရှိလူကြီး တို့အပေါ်မှာပဲ မူတည်တော့မှာပေါ့… ငါတို့ရဲ့ အချိန်တွေကလည်း ကန့်သတ်ချက် ရှိနေတာပဲလေ"
အခြားတစ်ဖက်တွင်မူ ရှန်မိုနှင့် ဖူကျူတို့မှာ ဘေးချင်းယှဉ်လျက် နတ်ဆိုးချိုင့်ဝှမ်း၏ ကျယ်ပြောပြီး လူသူကင်းမဲ့သော နေရာတစ်လျှောက် သတိရှိရှိဖြင့် လျှောက်လှမ်းနေကြသည်။ နတ်ဆိုးချိုင့်ဝှမ်းအတွင်း၌ ရှေးဟောင်းနေရာပေါင်းများစွာ ရှိနေသည်။ ကြယ်စင်များ၏ အလင်းရောင်အောက်တွင် ပျက်စီးနေသော အဆောက်အဦးများ၏ အရိပ်များမှာ ထူးဆန်းစွာ လှုပ်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများစွာ ပုန်းအောင်းနေသကဲ့သို့ပင်။ ဤပြိုကျနေသော နံရံများနှင့် ပျက်စီးနေသော ကျောက်တုံးများမှာ တစ်ချိန်က နတ်ဆိုးလူသားများ တည်ဆောက်ခဲ့သည့် အစွမ်းထက်သော ယဉ်ကျေးမှု၏ ကျန်ရှိသောအရာများ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ အားလုံးမှာ အမှိုက်သရိုက်များသာ ဖြစ်သွားကြပြီ။
ဖူကျူမှ တိုးညှင်းစွာ ပြောလိုက်သည်။ "နတ်ဆိုးချိုင့်ဝှမ်းထဲမှာ နတ်ဆိုးလူသားတွေ ပုန်းနေတုန်းပဲ ရှိသေးတယ်… ပြီးတော့ နတ်ဆိုးလူသားတွေရဲ့ အလောင်းကနေ ပြန်ရှင်လာတဲ့ ရုပ်အလောင်း နတ်ဆိုးတွေလည်း ရှိသလို အဲဒီအလောင်းတွေကြောင့် ရောက်လာတဲ့ ဟင်းလင်းပြင် သားရဲတွေလည်း ရှိတယ်… အဲဒီထဲမှာ သူတော်စင်နယ်ပယ်ကို ယှဉ်နိုင်တဲ့ သတ္တဝါတွေတောင် ပါသေးတာ။ ဘယ်သူမှ ရိုးရိုးလေး မဟုတ်ကြဘူး… ငါတို့ သတိထားရမယ်"
ရှန်မိုမှ ခေါင်းညိတ် ထောက်ခံလိုက်သည်။ ဤအချက်အလက်များကို သူ၏ ကံကြမ္မာစနစ်တွင် မြင်ခဲ့ရပြီးဖြစ်သော်လည်း ဖူကျူမှ ပြောပြနေသဖြင့် သူ သေချာ နားထောင်ပေးလိုက်သည်။
အတော်ကြာ လျှောက်ပြီးနောက် ရှန်မိုက မေးလိုက်သည်။
"စီနီယာ ဖူကျူ… အကယ်၍ ကျွန်တော်တို့ နတ်ဆိုးဘိုးဘေးမြေကို တကယ် ရှာတွေ့ခဲ့ရင် ဘာဆက်လုပ်ရမှာလဲ"
ဖူကျူမှ လေးနက်စွာ ဖြေသည်။
"ငါတို့ အထဲကို ဝင်ပြီး ရှေးဦးနတ်ဆိုးစွမ်းအင်တွေကို ဖျက်ဆီးပစ်ရမှာပေါ့… အဲဒါက နတ်ဆိုးတွေရဲ့ ကံကြမ္မာ မြစ်ဖျားခံရာပဲ… အဲဒါ မရှိတော့ရင် နတ်ဆိုးတွေ သေချာပေါက် အားနည်းသွားလိမ့်မယ်… အခြားမျိုးနွယ်စုတွေကလည်း တစ်နေ့မှာ သူတို့ကို လုံးဝ ကျော်တက်သွားနိုင်လိမ့်မယ်"
ရှန်မို ခဏမျှ တိတ်ဆိတ်သွားသည်။
"ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ စီနီယာ ဖူကျူရဲ့ အသက်ကို ပေးရမယ်ဆိုရင်ကော"
ဖူကျူ အသာအယာ ရယ်မောလိုက်သည်။
"ငါက ပုပ်သိုးနေတဲ့ သစ်တုံးကြီး တစ်တုံးလိုပဲလေ… ငါ့အသက်နဲ့ နတ်ဆိုးတွေရဲ့ ကံကြမ္မာကို လဲလို့ရမယ်ဆိုရင် ဘာလို့ မလုပ်ရမှာလဲ"
ရှန်မို ဘာမှမပြောနိုင်ဘဲ တိတ်ဆိတ်သွားသည်။ ရှေးဦးနတ်ဆိုးစွမ်းအင်များကို ဖျက်ဆီးရန်မှာ ထင်သလောက် မလွယ်ကူပေ။ ဖူကျူသည် ထိုအရာအတွက် သူ၏ အသက်ကို စတေးရမည်ဖြစ်ကြောင်း ရှန်မို ကြိုတင် မြင်ထားခဲ့ပြီး ဖြစ်သည်။ သူတင် မကသေးဘဲ ကိုးဆင့်ယင်သူတော်စင်လည်း ထိုကဲ့သို့ပင် ဖြစ်ရမည်။
"ဒါကို ပြောင်းလဲဖို့ တခြားနည်းလမ်း ရှိနိုင်ဦးမှာပါ… ကံကြမ္မာစနစ်က ပြသနေတာက ကံကြမ္မာ အစစ်အမှန် မဟုတ်သေးပါဘူး… ပြောင်းလဲဖို့ အခွင့်အရေး ရှိပါသေးတယ်"
ရှန်မို မျက်မှောင်ကြုတ်လျက် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ရှေ့မှ တိုက်ပွဲဖြစ်ပွားနေသည့် အသံအချို့ ထွက်ပေါ်လာသည်။ သူတို့၏ မျက်လုံးများမှာ တောက်ပသွားပြီး ထိုနေရာသို့ ချက်ချင်း သွားလိုက်ကြသည်။ သို့သော် သိပ်မဝေးသေးသော နေရာရှိ ပျက်စီးနေသော အဆောက်အဦးတစ်ခုကို ဖြတ်ကျော်စဉ်မှာပင် ရှန်မိုသည် အန္တရာယ်ရှိနေကြောင်း သတိပြုမိသွားသည်။ သူသည် ဖူကျူကို ဆွဲကာ အနောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အရိုးလှံနှစ်စင်းမှာ သူတို့ ခုနက ရပ်နေခဲ့သည့် နေရာသို့ စိုက်ဝင်သွားလေတော့သည်။ ထိုလှံများမှာ ကျောက်သားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်။ နတ်ဆိုးချိုင့်ဝှမ်းရှိ ကျောက်တုံးများနှင့် အဆောက်အဦးများမှာ အလွန်မာကျောလှသဖြင့် သူတော်စင်များ တိုက်ခိုက်လျှင်ပင် ပျက်စီးရန် ခဲယဉ်းကြောင်း ရှန်မို သတိပြုမိခဲ့သည်။ သို့သော် ထိုအရိုးလှံများမှာမူ ဒိန်ခဲကို ထိုးလိုက်သကဲ့သို့ လွယ်လွယ်ကူကူပင် စိုက်ဝင်သွားခဲ့သည်။ သေချာသည်မှာ ထိုလှံများကို ပြုလုပ်ထားသော ပစ္စည်းမှာ ထူးခြားလှပြီး ပစ်လိုက်သူမှာလည်း အလွန် အစွမ်းထက်ပေလိမ့်မည်။
"လူသားတွေ၊ ထွက်သွားကြစမ်း"
ပြတ်သားသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ရှန်မိုနှင့် ဖူကျူတို့မှာ အသံလာရာသို့ ကြည့်လိုက်ကြ၏။ မြင့်မားသော နေရာတစ်ခုတွင် အသားညိုညိုနှင့် ပိန်ပိန်ပါးပါး လူရိပ်တစ်ခု ရပ်နေသည်။ သို့သော် သေချာ ကြည့်လိုက်သောအခါ ခန္ဓာကိုယ်တွင် နတ်ဆိုးလက္ခဏာများ ရှိနေဆဲဖြစ်ပြီး နတ်ဆိုးစွမ်းအင်များမှာလည်း ဝန်းရံနေသည်။ သေချာသည်မှာ ဤသူသည် နတ်ဆိုးလူသား တစ်ဦးပင် ဖြစ်သည်။ သူမ၏ ရင်သား ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီး နတ်ဆိုးလူသား ဖြစ်ကြောင်း သိနိုင်သည်။
ရှန်မို ခဏမျှ တွေးတောလိုက်သည်။ နတ်ဆိုးလူသားများမှာ ထူးဆန်းလှသည်။ အမျိုးသားများမှာ ရုပ်ဆိုးကြသော်လည်း အမျိုးသမီးများမှာမူ အလွန် လှပကြ၏။ ဤသည်မှာ သူတို့မျိုးနွယ်စု၏ ဗီဇအရ ဖြစ်ရမည်။
ရှန်မိုနှင့် ဖူကျူတို့မှာ ဘာမှမလှုပ်ရှားဘဲ ရှိနေသည်ကို မြင်သောအခါ အမျိုးသမီး နတ်ဆိုးလူသားမှ ထပ်မံ၍ အော်ဟစ်လိုက်သည်။
"လူသားတွေ… ဒါ မင်းတို့ လာရမယ့် နေရာမဟုတ်ဘူး… အခုချက်ချင်း ထွက်သွားကြစမ်း"
ဖူကျူမှ ရယ်မောလိုက်ပြီး
"ဒေါသမထွက်ပါနဲ့… ငါတို့က ရတနာ လာရှာတာတင် ပါ"
အမျိုးသမီး နတ်ဆိုးလူသားမှာ ဒေါသတကြီးဖြင့် အော်ပြောလေတော့သည်။
"ရတနာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး… နောက်ထပ် တစ်လှမ်း ထပ်တိုးလာမယ်ဆိုရင် ငါ မင်းတို့ကို ညှာတာမှာ မဟုတ်ဘူး"