အခန်း (၇၆၀-၇၆၂)
Vol. 51 Ch. 760-762
Chapter 760 - မိန်းကလေး၊ ငါတို့ကို အခုထိ လမ်းမပေးသေးဘူးလား
ဖူကျူ မျက်မှောင်ကြုတ်လိုက်ပြီး အသံတိုးတိုးဖြင့် စကားကမ်းလှမ်းလိုက်သည်။
"ဒီနတ်ဆိုးမက တကယ်ကို အစွမ်းထက်တယ်… ခီတီ နယ်ပယ်ရဲ့ ကိုးခုမြောက်အဆင့်နဲ့ ယှဉ်နိုင်တာပဲ ငါ့ရဲ့ဒဏ်ရာတွေက အရှင်းမပျောက်သေးသလို ဖူထျန်းရတနာကမ္ဘာကလည်း ငါ့နားမှာ မရှိဘူး… ငါ သူမကို မယှဉ်နိုင်ဘူး"
"ဒါပေမဲ့ သူကလည်း ငါတို့ကို ဒုက္ခမပေးနိုင်ပါဘူး" "ရှန်မို… ငါ့ရဲ့လူငယ်မိတ်ဆွေ… အခုလောလောဆယ် သူ့ရဲ့အရှိန်အဟုန်ကို ရှောင်တာ ပိုကောင်းလိမ့်မယ်" "ဒီနေရာမှာ နတ်ဆိုးအရေအတွက်က သိသိသာသာ လျော့နည်းသွားပြီဆိုပေမဲ့ သူတို့ကို ငါတို့ ဒေါသထွက်အောင် လုပ်မိရင် အဆုံးမရှိတဲ့ ဒုက္ခတွေထဲ နစ်မွန်းသွားလိမ့်မယ်"
သို့သော် ရှန်မို ခေါင်းခါလိုက်သည်။
ဤနတ်ဆိုးမသည် နတ်ဆိုးဘိုးဘေးမြေကို ရှာဖွေရန်အတွက် အဓိကသော့ချက်ပင် ဖြစ်၏။ အကယ်၍ ယခု လှည့်ပြန်သွားပါက ဒုက္ခများစွာမှ သက်သာသွားမည်မှာ မှန်သော်လည်း နတ်ဆိုးဘိုးဘေးမြေကိုမူ မည်သည့်အခါမျှ ရှာတွေ့တော့မည် မဟုတ်ပေ။ သူသည် နတ်ဆိုးမကို ကြည့်ပြီး ပြုံးလိုက်သည်။
"ရှေ့မှာ တိုက်ပွဲဖြစ်နေတဲ့ အသံတွေ ကြားနေရတယ်… အမှောင်ထု နတ်ဆိုးနိုင်ငံတော်ရဲ့ နတ်ဆိုးတွေက မင်းတို့လူတွေကို တိုက်ခိုက်နေတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
နတ်ဆိုးမ၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီးနောက် သူ လှောင်ပြောင်လိုက်သည်။
"ဘာလဲ… မင်းက ဒီရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူချင်တာလား"
ရှန်မိုမှ အေးအေးဆေးဆေးပင်
"သူတို့ကို မောင်းထုတ်နိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်"
နတ်ဆိုးမမှာ မှင်တက်သွားပြီးမှ နှာခေါင်းရှုံ့လိုက်သည်။
"ရူးကြောင်ကြောင်စကားတွေ”
"ငါက နတ်ဆိုးတစ်ယောက်၊ လူသားထက် နတ်ဆိုးသွေးက ပိုပါတဲ့သူ… ပြီးတော့ မင်းက ငါ့ကို ကူညီချင်တယ် ဟုတ်လား"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
"အမှောင်ထု နတ်ဆိုးနိုင်ငံတော်က နတ်ဆိုးမျိုးနွယ်စုတွေရဲ့ ဝှက်ဖဲတွေကို မက်မောနေတာ ကြာပြီ"
"နှစ်အနည်းငယ်ကြာတိုင်း သူတို့က နတ်ဆိုးချိုင့်ဝှမ်းကို တိုက်ခိုက်တယ်… မင်းတို့လူတွေကို သတ်ဖြတ်ပြီး မျိုးနွယ်စုတွေကို လုယက်ကြတယ်" "ငါ့ရဲ့လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ဆိုတာ သဘာဝအရ ရန်သူတွေပဲ… အဲဒီလိုဆိုမှတော့ သူတို့ကို ဆန့်ကျင်ပြီး နတ်ဆိုးမျိုးနွယ်စုတွေကို ငါ ဘာလို့ မကူညီနိုင်ရမှာလဲ"
သူ၏စကားကြောင့် နတ်ဆိုးမမှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားသည်။ အခြားတစ်ဖက်တွင်မူ ဖူကျူသည် စိတ်ဝင်စားသော မျက်လုံးများဖြင့် နားထောင်နေ၏။ ဤရှန်မိုသည် ပါရမီနှင့် အစွမ်းထက်ရုံတင်မကဘဲ ဉာဏ်ပညာလည်း အလွန်ထက်မြက်လှသည်။
ခဏအတွင်းမှာပင် ထိုသို့သော အကြောင်းပြချက်ကောင်းကို ထုတ်ဖော်နိုင်ခဲ့သည်။
နတ်ဆိုးမသည် ရှန်မိုနှင့် ဖူကျူကို အထက်အောက် ကြည့်လိုက်သည်။
"မင်းဘေးက ဒီလူသားက… ကောင်းပြီ… သူက ဟင်းလင်းပြင်ဖောက်ထွက်သူတော်စင် အဆင့်မှာ ရှိနေတာဆိုတော့ အသုံးတော့ ဝင်မှာပါ"
"ဒါပေမဲ့ မင်းကတော့ ခီတီ သူတော်စင်အဆင့်မှာပဲ ရှိသေးတာ… ငါ့မျိုးနွယ်စုက သာမန်စစ်သည်တွေနဲ့ ဘာကွာလို့လဲ"
"ပြီးတော့ မင်းက အမှောင်ထု နတ်ဆိုးနိုင်ငံတော်ရဲ့ နတ်ဆိုးတွေကို မောင်းထုတ်ဖို့ ကြံစည်နေတာလား… လူမိုက်စကားတွေ”
"လူသားတို့… ငါ မင်းတို့ကို ထွက်သွားဖို့ တိုက်တွန်းတယ်… ငါတို့ နတ်ဆိုးတွေက မင်းတို့လို လူမျိုးတွေနဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိဘူး”
နတ်ဆိုးမသည် သူမ၏ အရိုးလှံနှစ်စင်းကို ထပ်မံမြှောက်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ ဖူကျူ မျက်မှောင်ကြုတ်လျက် အင်းကွက်တစ်ခုကို လျှို့ဝှက်စွာ ပြင်ဆင်လိုက်၏။
ရှန်မိုမှ အော်ပြောလိုက်သည်။
"ဒီတိုက်ခိုက်မှုက အမှောင်ဌာနက နတ်ဆိုးတွေ လုပ်တာ ဖြစ်ရမယ်… ဟုတ်တယ်မလား"
"အမှောင်ဌာနက အမျိုးမျိုးသော နတ်ဆိုးအတတ်ပညာတွေမှာ ကျွမ်းကျင်ကြပြီး သူတို့ရဲ့ စုစုပေါင်းအင်အားက ညစ်ညမ်းဌာနထက် ပိုကြီးမားတယ်"
"ဒါပေမဲ့ ညစ်ညမ်းဌာနက အမှောင်ထု နတ်ဆိုးနိုင်ငံတော်ရဲ့ အဆင့်မြင့်နေရာတွေကို ကြာရှည်စွာ သိမ်းပိုက်ထားပြီး အမှောင်ဌာနရဲ့ အဆင့်အတန်းကို ဖိနှိပ်ထားကြတယ်"
"အခု နတ်ဆိုးချိုင့်ဝှမ်းက ထပ်ခါတလဲလဲ အတိုက်ခံနေရတာဟာ အမှောင်ဌာနက သူတို့ဘာသာသူတို့ သီးသန့်လုပ်ဆောင်နေတာ ဖြစ်ရမယ်"
"အကယ်၍ မင်းက ညစ်ညမ်းဌာနကို လုံလောက်တဲ့ အကျိုးအမြတ်တွေ ကမ်းလှမ်းနိုင်မယ်ဆိုရင် အမှောင်ဌာနက ဆုတ်ခွာသွားလိမ့်မယ်"
ဤစကားများကြောင့် နတ်ဆိုးမမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ နတ်ဆိုးချိုင့်ဝှမ်းတွင် ကျန်ရစ်သူများသည် ပြင်ပလောကနှင့် အဆက်အသွယ် နည်းပါးလှပြီး အမှောင်ထု နတ်ဆိုးနိုင်ငံတော်၏ အတွင်းရေးကိစ္စများကို ဘာမျှမသိကြပေ။ အကယ်၍ ဤလူသား ပြောသည်မှာ အမှန်ဆိုပါက ဤသည်မှာ ရန်သူကို တွန်းလှန်ရန်အတွက် အလွန်ကောင်းမွန်သော နည်းဗျူဟာပင် ဖြစ်လိမ့်မည်!
ဖူကျူသည် ဤသည်ကို ကြားသောအခါ ရှန်မိုကို လေးစားစွာ ကြည့်လိုက်သည်။ ဤလုပ်ရပ်မှာ တကယ်ကို ထိုးထွင်းသိမြင်မှု ရှိလှသည်။
ရှန်မိုသည် အမှောင်ထု နတ်ဆိုးနိုင်ငံတော်၏ သဘာဝကို နက်နက်ရှိုင်းရှိုင်း နားလည်ကြောင်း ပြသနေ၏။ သူသည် မိမိ၏ရည်မှန်းချက် အောင်မြင်ရန်အတွက် ညစ်ညမ်းဌာနနှင့် အမှောင်ဌာနတို့အကြား ပဋိပက္ခကို အလွယ်တကူ အသုံးချနိုင်ခဲ့သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာမှတော့ လူသားမျိုးနွယ် ဘာကြောင့် မတိုးတက်ဘဲ ရှိပါတော့မည်နည်း။
နတ်ဆိုးမျိုးနွယ်များမှာလည်း ဘာကြောင့် မကျဆုံးဘဲ ရှိပါတော့မည်နည်း။
"မိန်းကလေး… ငါတို့ကို အခုထိ လမ်းမပေးသေးဘူးလား"
ရှန်မိုမှ တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်ဆိုးမသည် သူ့ နှုတ်ခမ်းကို ကိုက်လျက် တားဆီးရန် စိတ်ကူးနေဆဲပင်။ သို့သော် ရုတ်တရက် သူ့ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မျက်နှာတွင် မယုံနိုင်စရာ ဖြစ်သွားသည်။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ
"ကျေးဇူးပြုပြီး နှစ်ယောက်လုံး ကျွန်မနောက်ကို လိုက်ခဲ့ပါ… ယဇ်ပုရောဟိတ်မကြီးက ခင်ဗျားတို့ကို ဖိတ်ကြားနေပါတယ်"
ရှန်မိုနှင့် ဖူကျူတို့သည် နတ်ဆိုးမနောက်သို့ လိုက်ပါသွားကြပြီး ဘယ်ကွေ့ ညာကွေ့ လုပ်ဆောင်ပြီးနောက် နောက်ဆုံးတွင် စခန်းတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။ လမ်းတွင် နတ်ဆိုးမသည် သူ့အမည်မှာ မိုမင်ယု ဖြစ်ကြောင်း မိတ်ဆက်ခဲ့သည်။ ယဇ်ပုရောဟိတ်မကြီးက စကားပြောခဲ့သောကြောင့် ဖြစ်နိုင်သည်။
မိုမင်ယု၏ သူတို့အပေါ် ထားရှိသော သဘောထားမှာ အလွန်ကောင်းမွန်လာခဲ့၏။
စခန်းအတွင်း၌ နတ်ဆိုးအများအပြား စုဝေးစောင့်ဆိုင်းနေကြသည်။ ရှန်မိုနှင့် ဖူကျူတို့ ရောက်ရှိလာခြင်းသည် ချက်ချင်းပင် အာရုံစိုက်ခြင်း ခံလိုက်ရသည်။ နတ်ဆိုးချိုင့်ဝှမ်းမှ နတ်ဆိုးများသည် လူသားများနှင့် တွေ့ဆုံရခဲသော်လည်း အမှောင်ထု နတ်ဆိုးနိုင်ငံတော်အပေါ် ထားရှိသော နာကျည်းမှုမှာ မျိုးဆက်ပေါင်းများစွာ ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးအများစုမှာ ရန်လိုသော အကြည့်များထက် ပို၍ သိလိုစိတ်ပြင်းပြသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အနည်းငယ်သော သူများသာလျှင် မုန်းတီးရွံရှာသော အမူအရာများကို ပြသကြသော်လည်း ထိုအရာက မည်သည့်နေရာမှ မြစ်ဖျားခံသနည်း ဆိုသည်မှာမူ မသေချာပေ။
မိုမင်ယုသည် နတ်ဆိုးများကို သူတို့၏ ခက်ခဲသော ဘာသာစကားဖြင့် နှုတ်ဆက်လိုက်သည်။ ရှန်မိုနှင့် ဖူကျူတို့သည် အစပိုင်းတွင် နားမလည်ခဲ့သော်လည်း လူသားများသည် သင်ယူရာတွင် ဆရာကျသူများ ဖြစ်ကြ၏။ ခဏအတွင်းမှာပင် သူတို့ အတော်များများကို နားလည်လာခဲ့ကြသည်။ မကြာမီမှာပင် မိုမင်ယုသည် သူတို့ကို ကြီးမားသော တဲတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။
အတွင်း၌ ဆံပင်ဖြူဖြူနှင့် အသက်ကြီးသော နတ်ဆိုးမကြီးတစ်ဦးသည် အလယ်ဗဟိုတွင် ထိုင်နေသည်။ ဘေးတစ်ဖက်တစ်ချက်တွင်မူ သန်မာပြီး ရုပ်ဆိုးလှသော အမျိုးသား နတ်ဆိုးများ ရပ်နေကြသည်။ သူတို့၏ ချပ်ဝတ်တန်ဆာများကို ကြည့်ခြင်းအားဖြင့် သူတို့မှာ တပ်မှူးများ ဖြစ်ကြ၏။ သူတို့၏ အရှိန်အဟုန်မှာ ခီတီ သူတော်စင်အဆင့်တွင် ရှိကြပြီး အများစုမှာ ခုနစ်ခုမြောက်အဆင့်ထက် သာလွန်ကြသည်။ ဆံပင်ဖြူ အဘွားအို၏ ကျင့်စဉ်မှာ ပို၍ပင် အစွမ်းထက်ပြီး ဟင်းလင်းပြင်ဖောက်ထွက်သူတော်စင် အဆင့်တွင် ရှိသည်။
ရှန်မို၏ မျက်လုံးများက သူတို့ကို ဝှေ့ကြည့်လိုက်သောအခါ တပ်မှူးအချို့က ရက်စက်သော အကြည့်များဖြင့် ပြန်ကြည့်ကြသည်။ သူတို့သည် အချင်းချင်း လည်ချောင်းသံများဖြင့် တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး သူတို့၏ လေသံမှာလည်း လှောင်ပြောင်နေကြခြင်း ဖြစ်သည်။ ယခုအခါ နားလည်သွားပြီဖြစ်သော ရှန်မို ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"နတ်ဆိုးချိုင့်ဝှမ်းကို ပြင်ပလူတွေ လာရောက်တာ ရှားပါးလှတယ်… ကူညီဖို့တောင် ဆန္ဒရှိနေတာကို ခင်ဗျားတို့က ဒီလောက် ကြမ်းတမ်းတဲ့ စကားတွေ ပြောနေတာလား… ဒါက နတ်ဆိုးတွေ ဧည့်သည်ကို ဆက်ဆံတဲ့ နည်းလမ်းလား"
ဖူကျူသည် ဤသည်ကို ကြည့်ပြီး သဘောကျသွားသည်။ လူနည်းစုမှ လူအများကြီးကို ရင်ဆိုင်နေရသော်လည်း ရှန်မိုသည် တည်ငြိမ်ပြီး အလျော့မပေးဘဲ ရှိနေသည်။ ထိုကဲ့သို့ တည်ငြိမ်မှုက သူ့ကို ပို၍ပင် သဘောကျစေသည်။ တပ်မှူးများ၏ မျက်နှာမှာ အံ့သြမှုကြောင့် တောင့်တင်းသွားကြသည်။ ဤလူသားနှစ်ဦးက သူတို့စကားကို မည်သို့ နားလည်သွားသနည်း ဆိုသည်ကို သူတို့ စဉ်းစားမရနိုင်အောင် ဖြစ်နေကြသည်။
မိုမင်ယုမှာလည်း အံ့အားသင့်သွားသည်။ သူတို့ နတ်ဆိုးစကားကို ဤမျှ လျင်မြန်စွာ မည်သို့ သင်ယူလိုက်ကြသနည်း။
ယဇ်ပုရောဟိတ်မကြီးသည် မျက်ခုံးပင့်လိုက်ပြီးနောက် အပြစ်အနာအဆာမရှိသော လူသားဘာသာစကားဖြင့် ပြောလိုက်၏။
"ငါတို့ကို ခွင့်လွှတ်ပါ… ငါတို့က အလေ့အထအရ ကြမ်းတမ်းကြပြီး လူသားတွေကို လက်ခံတွေ့ဆုံရတာလည်း နည်းလှပါတယ်"
"မင်းတို့တွေ… ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို တောင်းပန်လိုက်ကြစမ်း”
ဤစကားများကို နတ်ဆိုးဘာသာစကားဖြင့် ထပ်မံ ပြောလိုက်သည်။ တပ်မှူးများသည် မလိုလားသော်လည်း နာခံလိုက်ကြရသည်။
ယဇ်ပုရောဟိတ်မကြီးက မေးလိုက်သည်။ "မင်းတို့နှစ်ယောက် အရင်က နတ်ဆိုးချိုင့်ဝှမ်းကို ရောက်ဖူးသလား"
"မရောက်ဖူးပါဘူး”
“ဒါဆိုရင် ငါတို့ ဘာသာစကားကို ဘယ်လို သိနေတာလဲ"
ရှန်မို ပြုံးလိုက်သည်။
"နတ်ဆိုးဘာသာစကားက မခက်ခဲပါဘူး… ဘာသာစကား အများစုမှာ တူညီတဲ့ အချက်တွေ ရှိကြပါတယ်… အနည်းငယ် နားထောင်လိုက်ရုံနဲ့ သင်ယူနိုင်ပါတယ်"
"ဒါတွေအားလုံးက မိုမင်ယုကြောင့်ပါ… သူ ငါတို့ကို ဒီကို ခေါ်လာပေးရင်း တခြားသူတွေနဲ့ အဆက်မပြတ် စကားပြောနေခဲ့တာကိုး"
မိုမင်ယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဘာလဲ။
သူ၏ သာမန်စကားပြောဆိုမှုတွေထဲကနေတင် ဘာသာစကားကို သင်ယူလိုက်တာလား။ ယဇ်ပုရောဟိတ်မကြီး၏ မျက်လုံးများတွင် လေးစားမှုများ အရိပ်ထင်လာသည်။
သူ ပြတ်သားစွာ ပြောလိုက်၏။
"ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေအတွက် ထိုင်ခုံတွေ ယူလာခဲ့ကြစမ်း”
"မင်ယု… မင်ရှင်းအသီးအချို့ သွားယူခဲ့လိုက်"
မိုမင်ယုမှာ အံ့သြတကြီးဖြင့်
"ယဇ်ပုရောဟိတ်မကြီး… မင်ရှင်းအသီးဆိုတာ အရမ်းရှားပါးတဲ့…"
"သွားလေ"
ယဇ်ပုရောဟိတ်မကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဟုတ်ကဲ့"
မိုမင်ယု ဦးညွှတ်လိုက်သည်။
ခဏအကြာတွင် ရှန်မိုနှင့် ဖူကျူတို့သည် ဘယ်ဘက်ခြမ်းရှိ အမြင့်ဆုံးနေရာတွင် ထိုင်နေကြသည်။ မိုမင်ယုသည် ခရမ်းရောင် အသီးများပါသော ပန်းကန်နှစ်လုံးကို သူတို့အား လာရောက်ချပေး၏။ ဤကဲ့သို့ ကြင်နာမှုက ယဇ်ပုရောဟိတ်မကြီးသည် သူတို့၏ အစွမ်းကို အသိအမှတ်ပြုကြောင်း ထင်ရှားစေသည်။ ယဇ်ပုရောဟိတ်မကြီးက ပြုံးလျက်
"ဒီမင်ရှင်းအသီးဟာ ငါတို့ရဲ့ ကျောက်နက်မျိုးနွယ်စုရဲ့ အထူးထွက်ကုန်ပါ… အဲဒါက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်"
"ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ကြပါဦး"
Chapter 761 - အသန်မာဆုံး အန်းပိုလောင်၊ ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးသူတော်စင်
ရှန်မိုနှင့် ဖူကျူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မဆိုင်းမတွပင် မင်ရှင်းအသီးကို ယူလိုက်ကြသည်။ သူတို့ ဤအသီးမျိုးကို တစ်ခါမှ မမြင်ဖူးသော်လည်း အချက်တစ်ခုမှာမူ သေချာသည်။ နတ်ဆိုးများသည် သူတို့ကို အဆိပ်ခတ်ရန် အကြောင်းပြချက် မရှိပေ။ လူသားနှင့် နတ်ဆိုးတို့အကြားတွင် တိုက်ရိုက် အကျိုးစီးပွား ပဋိပက္ခမှာ နည်းပါးလှ၏။ ဤနတ်ဆိုးများ အမုန်းဆုံးသူများမှာ အမှောင်ထု နတ်ဆိုးနိုင်ငံတော်မှ မျိုးနွယ်စုများသာ ဖြစ်ကြသည်။
ရှန်မို အသီးခွံကို ကိုက်လိုက်သည်။ အတွင်းသားမှာ ချက်ချင်းပင် ချိုမြိန်သော အရည်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ ကိုယ်လက်အင်္ဂါများကို အားဖြည့်ပေးလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ စိတ်အခြေအနေမှာ အလွန်တည်ငြိမ်သွားသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သန့်ရှင်းသော ဝိညာဉ်မှာ သိသိသာသာ အားကောင်းလာခဲ့သည်။ ဖူကျူက ပြုံးလိုက်သည်။
"ယဇ်ပုရောဟိတ်မကြီးရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်"
ရှန်မိုကလည်း လက်အုပ်ချီ၍ နှုတ်ဆက်လိုက်၏။
ယဇ်ပုရောဟိတ်မကြီးမှာ ပြုံးလျက်
"မင်းတို့က လူသားတွေပဲ… ဘာလို့ ငါတို့ရဲ့ နတ်ဆိုးချိုင့်ဝှမ်းကို လာရတာလဲ"
ရှန်မိုနှင့် ဖူကျူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထိုအခါမှ ရှန်မို စကားပြောလာသည်။
"ကျွန်တော်တို့က ရတနာလာရှာတာပါ… ကျွန်တော်တို့ လူသားတွေထဲမှာ အရင်က သားရိုင်း ဂုဏ်သရေရှိလူကြီး ဆိုတဲ့ စီနီယာတစ်ဦး ရှိခဲ့ဖူးတယ်… ရှေးခေတ်တုန်းက သူ၏ မဟာတာအို လက်နက်တစ်ခု ပျက်စီးသွားခဲ့ပြီး အပိုင်းအစတစ်ခုက ဒီနတ်ဆိုးချိုင့်ဝှမ်းထဲမှာ ပျောက်ဆုံးသွားခဲ့လို့ပါ"
သူသည် နတ်ဆိုးဘိုးဘေးမြေကို ရှာဖွေနေခြင်း ဖြစ်ကြောင်းကို သဘာဝကျကျပင် ထိမ်ချန်ထားလိုက်သည်။ နတ်ဆိုးဘိုးဘေးမြေဆိုသည်မှာ နတ်ဆိုးများအတွက်လည်း မတွန်းလှန်နိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။ ရှုပ်ထွေးမှုများ မဖြစ်စေရန် ထိုအမှန်တရားကို ဖုံးကွယ်ထားခြင်းမှာ အကောင်းဆုံးပင်။
ဖူကျူမှာ ရှန်မိုကို ပြုံးလျက် ကြည့်လိုက်သည်။ ဤလူငယ်လေးမှာ တကယ်ကို ဉာဏ်ကောင်းပြီး ထိုးထွင်းသိမြင်မှု ရှိလှ၏။ စကားတစ်လုံးမျှ မပြောရသေးဘဲ အကြည့်တစ်ချက်ဖြင့်တင် သူ ဘာပြောရမည်၊ ဘယ်လိုလုပ်ရမည်ကို သိနေသည်။
ယဇ်ပုရောဟိတ်မကြီးက ခေါင်းညိတ်လိုက်သည်။ "အော်... အဲဒီလိုကိုး… သားရိုင်း ဂုဏ်သရေရှိလူကြီး ရဲ့ နာမည်ကို ငါတို့လည်း သိပါတယ်"
"ငါ သိချင်တာက ဒီဂုဏ်သရေရှိ ဧည့်သည်တော်တို့ရဲ့ နာမည်က ဘယ်သူတွေပါလဲ"
ရှန်မိုနှင့် ဖူကျူတို့က သူတို့၏ အမည်များကို ပြောပြလိုက်ကြသည်။ ယဇ်ပုရောဟိတ်မကြီးက ဖူကျူကို အံ့သြစွာ ကြည့်လိုက်ပြီး
"ဒါဆိုရင် ရှင်က ဖူကျူ ပေါ့… ရှင့် နာမည်ကို ငါ ကြားဖူးပါတယ်"
ဖူကျူ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့ အကြည့်မှာ ရှန်မိုထံသို့ ရောက်သွားသည်။
"ပြီးတော့ ဒီတစ်ယောက်ကလည်း အလွန် ငယ်ရွယ်လှတာပဲ… မင်းက လူသားမျိုးနွယ်ရဲ့ သူတော်စင်အသစ်တွေထဲက တစ်ယောက် ဖြစ်ရမယ်"
"မင်း စောစောက ပြောခဲ့တဲ့ အမှောင်ထု နတ်ဆိုးနိုင်ငံတော်ကို ကိုင်တွယ်မယ့် နည်းလမ်းက အရမ်းကောင်းပါတယ်"
"ဒါပေမဲ့ ငါတို့ လိုအပ်နေသေးတာက…"
သူ့ စကားမှာ ရပ်တန့်သွားသည်။
ဒဏ်ရာများဖြင့် သွေးရဲရဲသံရဲရဲ ဖြစ်နေသော တပ်မှူးတစ်ဦး တဲအတွင်းသို့ ပြေးဝင်လာ၏။
"ယဇ်ပုရောဟိတ်မကြီး… အန္တရာယ်ကြီး ကျရောက်နေပါပြီ… မျိုးနွယ်စုထဲက တစ်ယောက်က သစ္စာဖောက်လိုက်လို့ ကျွန်တော်တို့ရဲ့ ခံတပ်ကို အမှောင်နတ်ဆိုး တပ်မတော်က ချိုးဖျက်သွားပါပြီ"
"တပ်မတော်ကို ဦးဆောင်လာတာက အန်းပိုလောင်ပဲ… အမွှေးတိုင် တစ်တိုင်စာလောက် ကြာရင် သူတို့ စခန်းကို ရောက်လာတော့မယ်”
ယဇ်ပုရောဟိတ်မကြီး၏ မျက်နှာမှာ ညိုမှောင်သွားသည်။
သစ္စာဖောက်မှု၊ ခံတပ် ပျက်စီးမှု...
သူတို့၏ မျိုးနွယ်စုမှာ ပျက်စီးခြင်းသို့ ရောက်ရတော့မည်။ အမှောင်ထု နတ်ဆိုးနိုင်ငံတော်ကို တွန်းလှန်နိုင်မည့် နည်းလမ်း ရှိနေလျှင်ပင် ယခုချက်ချင်း ကြုံတွေ့နေရသော အကျပ်အတည်းကိုမူ ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သူမသည် သူ့ တောင်ဝှေးဖြင့် မြေပြင်ကို ဆောင့်လိုက်သည်။
"အမြန်… လူတွေကို ရွှေ့ပြောင်းဖို့ စီစဉ်ကြစမ်း… အမျိုးသမီးတွေနဲ့ ကလေးတွေကို အရင်ပို့”
"အမှောင်နတ်ဆိုး တပ်မတော်က ငါတို့ကို သတ်ဖြတ်ပစ်မယ် ဆိုရင်တောင်မှ ငါတို့ရဲ့ ဂန်ဖုန်းမျိုးနွယ်စု ရဲ့ နောက်ဆုံး မီးတောက်လေးကိုတော့ ထိန်းသိမ်းထားရမယ်"
သူ ရှန်မိုနှင့် ဖူကျူဘက်သို့ လှည့်လိုက်သည်။
"မင်းတို့ နှစ်ယောက်လည်း သွားကြတော့… မင်းတို့က လူသားတွေ ဖြစ်နေတော့ နတ်ဆိုးတွေက မင်းတို့လို လူမျိုးကို ပိုပြီး မုန်းကြတာ"
ရှန်မိုနှင့် ဖူကျူတို့ နှစ်ဦးစလုံး မတ်တပ်ရပ်လိုက်ကြသည်။
"အမှောင်နတ်ဆိုး တပ်မတော်မှာ စစ်သည် ဘယ်လောက်ရှိလဲ… ဘယ်သူက အသန်မာဆုံးလဲ"
ရှန်မိုမှ ရုတ်တရက် မေးလိုက်သည်။
ယဇ်ပုရောဟိတ်မကြီး သက်ပြင်းချလိုက်၏။ "နတ်ဆိုးသူတော်စင် အနည်းဆုံး တစ်ဆယ်ပါး ပါလိမ့်မယ်… အားအနည်းဆုံးကတောင် ခီတီ နတ်ဆိုးသူတော်စင်ရဲ့ ပထမအဆင့်မှာ ရှိတယ်" "အသန်မာဆုံးကတော့ အန်းပိုလောင် ပဲ… သူက ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးသူတော်စင် ဖြစ်တယ်"
"ငါတို့ရဲ့ ဂန်ဖုန်းမျိုးနွယ်စုကတော့ အရင်က ပြင်ဆင်ထားတဲ့ အစီအရင်တွေကို သုံးပြီး ခဏတဖြုတ် ခုခံပြီး သူတို့ကို အချိန်ဆွဲထားရုံပဲ တတ်နိုင်မယ်" "ဒါပေမဲ့ အန်းပိုလောင် ပေါ်လာပြီဆိုရင်တော့ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"
ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးသူတော်စင်... ရှန်မိုနှင့် ဖူကျူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဖူကျူ တိုးညှင်းစွာ ပြောလိုက်သည်။
"ငါ့မှာ ဖူထျန်းရတနာကမ္ဘာသာ ရှိနေသေးရင် ဒီအန်းပိုလောင်ကို ငါ ခုခံနိုင်မှာပါ… ဒါပေမဲ့ အခုတော့..."
ရှန်မိုမှ ကြားဖြတ်ပြောလိုက်သည်။
"ဖူကျူ .. စီနီယာမှာ အန်းပိုလောင်ကို ထောင်ဖမ်းနိုင်တဲ့ နည်းလမ်း ရှိပါသလား"
ဖူကျူ ခေါင်းညိတ်ပြ၏။
"ဒါပေါ့… ရှိတာပေါ့… ငါ့ရဲ့ အစွမ်းတွေက ဖူထျန်းရတနာကမ္ဘာ တစ်ခုတည်းအပေါ်မှာတင် မူတည်နေတာ မဟုတ်ပါဘူး"
ရှန်မိုမှ ပြုံးလိုက်သည်။
"ကောင်းပါပြီ… စီနီယာ သူ့ကို ထိန်းထားနိုင်သရွေ့ သူ့ကို ကျွန်တော် သတ်နိုင်ပါတယ်"
ဖူကျူ ဇဝေဇဝါ ဖြစ်သွားသည်။
ရှန်မိုသည် အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေသနည်း။
ရှန်မိုသည် သူ၏ အဆင့်အတန်းကို ဖုံးကွယ်ထားသည် ဆိုလျှင်ပင် သူသည် ခီတီ သူတော်စင်၏ ခုနစ်ခုမြောက်အဆင့်ထက် မပိုနိုင်ပေ။ ထိုကဲ့သို့သော ကျင့်စဉ်ဖြင့် ဟင်းလင်းပြင် သူတော်စင်နယ်ပယ် အဆင့်ရှိသူကို မည်သို့ ရင်ဆိုင်မည်နည်း။ သို့သော် ဖူကျူသည် ရှန်မို၏ လုပ်ဆောင်ချက်များကို တွေ့မြင်ခဲ့ဖူးသည်; ဤလူသည် အကြောင်းမရှိဘဲ မည်သည့်အခါမျှ မလုပ်ဆောင်သလို အပိုလည်း မပြောတတ်ပေ။ အကယ်၍ သူ ဤသို့ ပြောသည်ဆိုပါက လုပ်ဆောင်နိုင်မည့် နည်းလမ်း ရှိပေလိမ့်မည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
ရှန်မိုမှာ သွားဖြဲပြလိုက်ပြီး
"ကျေးဇူးတင်ပါတယ် စီနီယာ ဖူကျူ"
ထိုနှစ်ဦးသည် တဲအတွင်းမှ ထွက်ခွါလာခဲ့ကြ၏။ အပြင်ဘက်တွင်မူ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်။ တိုက်ပွဲဝင်ရန် အသင့်ပြင်နေသော နတ်ဆိုးများက လူစုနေကြပြီး အိုမင်းမစွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးများမှာမူ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် စုဝေးနေကြသည်။ အချို့မှာမူ အစီအရင်များကို စတင်အသက်သွင်းနေကြပြီး သူတော်စင် စိတ်ဝိညာဉ်ကျောက်တုံးများကို ချထားကြသည်။ ယဇ်ပုရောဟိတ်မကြီးနှင့် တပ်မှူးများသည် ခုခံရန်အတွက် အရေးတကြီး စီစဉ်နေကြသည်။ အကယ်၍ သူတို့ အန်းပိုလောင်နှင့် အမှောင်နတ်ဆိုး တပ်မတော်ကို မတားဆီးနိုင်လျှင်ပင် ဂန်ဖုန်းမျိုးနွယ်စု၏ လူများ ထွက်ပြေးနိုင်ရန်အတွက် အချိန်ဝယ်ပေးရမည် ဖြစ်သည်။
မိုမင်ယုသည် ရှန်မိုနှင့် ဖူကျူတို့ထံ ပြေးလာသည်။ သူမသည် မျက်မှောင်ကြုတ်လျက် "ယဇ်ပုရောဟိတ်မကြီးက ခင်ဗျားတို့ကို ခေါ်ထုတ်သွားဖို့ ကျွန်မကို ခိုင်းထားတယ်… အခုချက်ချင်း ထွက်သွားကြစမ်း”
ရှန်မို ခေါင်းခါလိုက်ပြီး တောင်ဘက်သို့ ညွှန်ပြလိုက်သည်။
"မဖြစ်ဘူး… သူတို့ ရောက်နေပြီ"
မိုမင်ယု လှည့်ကြည့်လိုက်သောအခါ ချက်ချင်းပင် တွေ့လိုက်ရသည်။
ကမ္ဘာမြေကြီးကို ဝါးမြိုရန် ကြိုးစားနေသော ငရဲပြည်မှ လာသည့် ဝိညာဉ်ဆိုးများကဲ့သို့ပင် များပြားလှသော အမှောင်မြူထုကြီးမှာ ဒီရေကဲ့သို့ တက်လာနေ၏။
ရှေ့ဆုံးတွင်မူ နတ်ဆိုးအရှိန်အဟုန်မှာ လူသားပုံစံအဖြစ် ပေါင်းစည်းနေသည်။ မိုင်တစ်ဆယ်ကျော် မြင့်မားပြီး ခရမ်းနက်ရောင် အသားအရေရှိကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွန်ထက်သော အဖုအထွက်များဖြင့် ဖုံးလွှမ်းနေသည်။ နံဘေးတွင်လည်း နောက်ထပ် လက်မောင်းနှစ်စုံ ထွက်နေသေးသည်မှာ တကယ်ကို ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူသည် အမှောင်နတ်ဆိုး တပ်မတော်၏ ခေါင်းဆောင် အန်းပိုလောင် ပင် ဖြစ်သည်။
အန်းပိုလောင်သည် ဂန်ဖုန်းမျိုးနွယ်စုမှ ဖြူဖျော့နေသော နတ်ဆိုးများကို ငုံ့ကြည့်ပြီး ရယ်မောလိုက်သည်။
"ဟား… သာမန် မျိုးနွယ်စုလေး တစ်ခုကများ ထွက်ပြေးချင်နေသေးတာလား… ဒီမှာပဲ နေခဲ့ကြစမ်း"
သူသည် သူ၏ ကြီးမားလှသော လက်ကို ဝှေ့ယမ်းလိုက်ရာ အဆုံးမရှိသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး စခန်းတစ်ခုလုံးကို ချက်ချင်း ပိတ်ဆို့လိုက်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဂန်ဖုန်းမျိုးနွယ်စုမှ လူများမှာ မပြေးနိုင်မီမှာပင် ပိတ်မိသွားကြခြင်း ဖြစ်သည်။ နတ်ဆိုးအားလုံး၏ မျက်နှာမှာ ပြာနှမ်းသွားကြသည်။
ယဇ်ပုရောဟိတ်မကြီးက အားတင်း၍ ပြုံးလိုက်သည်။ "အန်းပိုလောင်… ငါတို့ ဂန်ဖုန်းမျိုးနွယ်စုက အညံ့ခံချင်ပါတယ်… ငါတို့ရဲ့ အသက်ကို ချမ်းသာပေးနိုင်မလား"
အန်းပိုလောင် နှာခေါင်းရှုံ့လိုက်ပြီး
"အညံ့ခံမယ် ဟုတ်လား… ဘာလို့ အခုမှ အညံ့ခံမှာလဲ… နောက်ကျသွားပြီ"
ထို့နောက် သူ လူသားနှစ်ဦးကို သတိပြုမိသွားသည်။ "ဟင်… လူသားနှစ်ယောက်လား"
အန်းပိုလောင်မှာ အံ့သြသွားသည်။
စကြဝဠာ၏ အစွန်းပိုင်းသို့ လူသားများ လာရောက်ခဲလှသဖြင့် သူသည် လူသားများကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အမှောင်ထု နတ်ဆိုးနိုင်ငံတော်သည် နတ်ဆိုးချိုင့်ဝှမ်းရှိ မျိုးနွယ်စုများနှင့်သာ တိုက်ပွဲဖြစ်နေခြင်းဖြစ်ပြီး လူသားများနှင့် မတိုက်ခိုက်ရသည်မှာ ကြာပြီဖြစ်သည်။ ထိုတာဝန်မှာ များသောအားဖြင့် သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခု သို့မဟုတ် ရုပ်အလောင်း နတ်ဆိုးနိုင်ငံတော်တို့၏ တာဝန်သာ ဖြစ်သည်။ သူတို့မှာ လူသားများနှင့် တွေ့ရခဲသဖြင့် အန်းပိုလောင်သည် ဤရှားပါးသော သားကောင်များကို နှိပ်စက်ရန် သင့်တော်သည်ဟု ထင်လိုက်သည်။
သူ ရက်စက်စွာ ရယ်မောလိုက်ပြီး
"ငါ မွေးလာကတည်းက လူသားအသားကို တစ်ခါမှ မစားဖူးသေးဘူး… ငါ့ရဲ့ ဗိုက်ထဲကို ဝင်ပြီး အသားလတ်လတ်ဆတ်ဆတ် အရသာကို မြည်းစမ်းခွင့် ပေးမလား"
ရှန်မို အသာအယာ ပြုံးလိုက်သည်။
"မင်းက အန်းပိုလောင်လား… အမှောင်ဌာနရဲ့ နတ်ဆိုးအရှင် သုံးဦးထဲမှာ မင်းက အသန်မာဆုံးလို့ ငါ ကြားဖူးတယ်… ကျန်တဲ့ နှစ်ယောက်ကလည်း မင်းကို မယှဉ်နိုင်ဘူးလို့ ဝန်ခံထားကြတယ်လေ"
အန်းပိုလောင် အားရပါးရ ရယ်မောလိုက်သည်။
"လူသားကောင်လေး… မင်းက တော်တော် စကားကြီး စကားကျယ် ပြောတာပဲ… အဲဒီအတွက်ကြောင့် ငါ မင်းရဲ့ ခေါင်းကို အမှတ်တရလက်ဆောင်အဖြစ် သိမ်းထားပေးမယ်!"
ရှန်မို ထပ်မံ ပြုံးလိုက်သည်။
"မင်းက အမှောင်ဌာနရဲ့ အရှင်တစ်ယောက် ဖြစ်နေပြီးတော့ အမှောင်ဌာနအတွက် အကျိုးမရှိဘဲ ညစ်ညမ်းဌာနအတွက် ခွေးတစ်ကောင်လို အလုပ်အကျွေး ပြုနေတာလား… ဒီအမှောင်ဌာနက နတ်ဆိုးတွေကို အမိန့်ပေးဖို့ မင်းမှာ အရည်အချင်း ရှိလို့လား"
Chapter 762 - လူသားကောင်လေး၊ မင်းကို ငါ အရှင်လတ်လတ် ဆွဲဖြဲပစ်မယ်
ရှန်မို၏ စကားအဆုံးတွင် အန်းပိုလောင်၏ မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး ရုပ်ဆိုးလှသော အမူအရာဖြင့် အစားထိုးသွားသည်။ ဤသည်မှာ သူ အပြောခံရဆုံးအရာပင် ဖြစ်သည်။ အမှောင်ထု နတ်ဆိုးနိုင်ငံတော်ကို မူလက ညစ်ညမ်းဌာနမှ နတ်ဆိုးတစ်စုနှင့် အမှောင်ဌာနမှ နတ်ဆိုးတစ်စုတို့ ပူးပေါင်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အကြောင်းရင်း မသိရဘဲ အမှောင်ထု နတ်ဆိုးနိုင်ငံတော်ရှိ အမှောင်ဌာန နတ်ဆိုးများသည် မွေးရာပါ ချို့ယွင်းချက်များဖြင့် ကျိန်စာသင့်ခဲ့ကြသည်။
သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုရှိ အမှောင်ဌာန နတ်ဆိုးများနှင့် နှိုင်းယှဉ်လျှင် အမှောင်ထု နတ်ဆိုးနိုင်ငံတော်ရှိ ဤအမှောင်ဌာန နတ်ဆိုးများသည် သူတို့၏ နတ်ဆိုးစွမ်းအင် တိုးတက်မှုမှာ အလွန်ပင် နှေးကွေးလှသည်။ သူတို့သည် မျိုးပွားမှု မြန်ဆန်သော်လည်း သက်တမ်းမှာ တိုတောင်းလှသည်။ နှစ်ပေါင်း ထောင်သောင်းချီ ကြာပြီးနောက်တွင် လက်ရှိ အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ညစ်ညမ်းဌာနမှ နတ်ဆိုးအနည်းငယ်က အဆင့်မြင့် ရာထူးများကို ရယူထားပြီး အရာရာကို ခံစားနေကြစဉ် အမှောင်ဌာန နတ်ဆိုးအများစုမှာမူ ကျွန်များကဲ့သို့ အောက်ခြေတွင်သာ နေထိုင်နေကြရသည်။ သူတို့သည် တိုးတက်မှုအတွက် လိုအပ်သော အရင်းအမြစ်များကို ရရှိရန် ပင်ပန်းဆင်းရဲလှသော အလုပ်ကြမ်းများကို လုပ်ကိုင်ကြရသည်။
အန်းပိုလောင်သည် တစ်ချိန်က အမှောင်နတ်ဆိုး တပ်မတော်တွင် အနိမ့်ဆုံး စစ်သည်တစ်ဦးသာ ဖြစ်ခဲ့သည်။ သူသည် သတ်ဖြတ်မှုများတွင် စွမ်းဆောင်ရည် ပြသနိုင်ခဲ့သဖြင့် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် နတ်ဆိုးဧကရာဇ် အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ထိုအဆင့်မှာ သူ၏ အကန့်အသတ်ပင် ဖြစ်သည်။ လုံလောက်သော အရင်းအမြစ်များ မရှိဘဲ သူ ထပ်မံ၍ မတိုးတက်နိုင်ပေ။ ထို့ကြောင့် ပိုမို အစွမ်းထက်လာစေရန်အတွက် သူသည် ညစ်ညမ်းဌာန၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး သူတို့အတွက် အလုပ်အကျွေး ပြုခဲ့ခြင်း ဖြစ်သည်။
အမှောင်နတ်ဆိုး တပ်မတော်တွင် နတ်ဆိုးအရှင် သုံးဦး ရှိသည်။ ကျန်ရှိသော နှစ်ဦးမှာ ညစ်ညမ်းဌာန၏ အမိန့်ကို နာခံခဲလှသည်။ သူတစ်ဦးတည်းသာ အနာခံဆုံး ဖြစ်သည်။ ယခုအကြိမ် နတ်ဆိုးချိုင့်ဝှမ်းကို အမှောင်နတ်ဆိုး တပ်မတော်မှ တိုက်ခိုက်ရာတွင် သူဦးဆောင်သော တပ်ရင်းမှာ ရှေ့ဆုံးမှ ချီတက်ခဲ့ပြီး ရန်သူများကို အများဆုံး သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ ညစ်ညမ်းဌာနအပေါ် သူ၏ သစ္စာရှိမှုကို သက်သေပြရန် ဖြစ်သည်။ အမှောင်ဌာန နတ်ဆိုးအများအပြား ကြားတွင် ထိုကဲ့သို့သော သူမျိုးကို အမည်တစ်ခု ပေးထားကြသည်။
ညစ်ညမ်းခွေး။
နတ်ဆိုးသူတော်စင် တစ်ဦး ဖြစ်သော်လည်း ညစ်ညမ်းဌာနအတွက် အစေခံခွေးတစ်ကောင်လို လုပ်ပေးနေသော အမှောင်ဌာန နတ်ဆိုး။
ထို့ကြောင့် အန်းပိုလောင်ကို ညစ်ညမ်းခွေး သူတော်စင် ဟု ခေါ်ကြခြင်း ဖြစ်သည်။ ယခုအခါ ရှန်မို၏ စကားကို ကြားရသောအခါ သူ၏ စိတ်ထဲတွင် ဒေါသများမှာ တောမီးပမာ ဟုန်းဟုန်းတောက်သွားလေတော့သည်။
"လူသားကောင်လေး… မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်သွားပြီ… ငါ မင်းကို မစားတော့ဖို့ ဆုံးဖြတ်လိုက်ပြီ… အဲဒီအစား မင်းရဲ့ အရိုးတွေကို တစ်လက်မချင်းစီ ချေမွပစ်ပြီး မင်းရဲ့ ဝိညာဉ်ကို ထုတ်ကာ ဝက်တစ်ကောင်ရဲ့ ကိုယ်ထဲကို ထည့်ပေးမယ်"
"အဲဒီအခါမှာ မင်းရဲ့ ဝိညာဉ်မရှိတဲ့ အသားတွေကို ဝက်တွေက ဝါးမြိုနေတာကို မင်း စောင့်ကြည့်နေရလိမ့်မယ်”
အန်းပိုလောင်၏ မျက်နှာမှာ တွန့်လိမ်နေပြီး သတ်ဖြတ်လိုစိတ်များမှာလည်း ဟုန်းဟုန်းတောက်နေသည်။
သို့သော် ရှန်မို အလျော့မပေးဘဲ ဆက်ပြောလိုက်၏။
"မင်း တတ်နိုင်တာက အရေးမပါတဲ့ သူတွေအပေါ်မှာပဲ မင်းရဲ့ ဒေါသကို ပုံချနိုင်တာပါ"
"မင်း ညစ်ညမ်းဌာနကိုများ တိုက်ခိုက်ရဲလား"
"ငါ သိသလောက်တော့ နှစ်တွေတစ်လျှောက်မှာ အမှောင်ထု နတ်ဆိုးနိုင်ငံတော်က အမှောင်ဌာန နတ်ဆိုးတွေကြားမှာ တော်လှန်မှုတွေ အများကြီး ရှိခဲ့တယ်… အဲဒါတွေက ရှုံးနိမ့်ခဲ့ပေမဲ့ အဲဒီလို ခုခံမှုတွေကြောင့်ပဲ ညစ်ညမ်းဌာနက အမှောင်ဌာန နတ်ဆိုးတိုင်းရဲ့ အခွင့်အရေးကို မြှင့်တင်ပေးခဲ့ရတာလေ"
"အရင်လို ကျွန်တွေလို ဆက်ဆံတာမျိုး မလုပ်တော့တာပေါ့"
"အန်းပိုလောင်… မင်းက နတ်ဆိုးသူတော်စင် တစ်ယောက် ဖြစ်နေတာတောင် ညစ်ညမ်းဌာနကို ပြန်ပြီး တိုက်ခိုက်ဖို့ မဝံ့ရဲဘူး… မင်းက ညစ်ညမ်းခွေး တစ်ကောင် ဖြစ်နေတာ ကြာလှပြီဆိုတော့ အဲဒီခွေးအရေခွံကို မခွာနိုင်တော့တာ ဖြစ်မှာပေါ့"
ဤစကားများကြောင့် တပ်မတော်အတွင်းရှိ အမှောင်ဌာန နတ်ဆိုးများမှာ တိတ်ဆိတ်သွားကြသည်။ အန်းပိုလောင်၏ ကိုယ်ရံတော်များပင်လျှင် ဘာမှမပြောနိုင်ကြပေ။ အမှန်ပင် ဖြစ်သည်။ သူသည် အင်အားကြီးမားသော်လည်း မိမိတို့လူမျိုးကို ဖိနှိပ်ထားသောသူများကိုမူ မတိုက်ခိုက်ခဲ့ပေ။ အစေခံခွေးတစ်ကောင်လိုသာ နေပြီး မိမိထက် အားနည်းသော နတ်ဆိုးများကိုသာ သတ်ဖြတ်ရဲသည်။ ဤသည်မှာ တကယ်ကို ရှက်ဖို့ကောင်းလှသည်...
အန်းပိုလောင်၏ မျက်လုံးများမှာ သွေးရောင် လွှမ်းသွား၏။
"လူသားကောင်လေး… မင်းကို ငါ အရှင်လတ်လတ် ဆွဲဖြဲပစ်မယ်”
သူ ဟိန်းဟောက်လိုက်ပြီး အရာရာကို ဘေးဖယ်ကာ ရှေ့သို့ ပြေးဝင်လာသည်။
ရှန်မို အနောက်သို့ ဆုတ်လိုက်ပြီး
"စီနီယာ ဖူကျူ… အခုပဲ”
ဖူကျူ လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး လက်နှစ်ဖက်ဖြင့် မရေမတွက်နိုင်သော လက်ဟန်များကို ပြုလုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်အင်္ကျီအတွင်းမှ အင်းကွက် ဆယ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တွင် ထူးခြားသော အစီအရင်တစ်ခုကို ဖြစ်ပေါ်စေသည်။ "ချုပ်!" ဖူကျူက အော်လိုက်သည်။
အစီအရင်အတွင်းမှ မမြင်နိုင်သော စွမ်းအားများ ထွက်ပေါ်လာပြီး အန်းပိုလောင်ကို သံခြေကျင်းများကဲ့သို့ ဝန်းရံချုပ်နှောင်လိုက်သည်။ ပြေးဝင်လာသော သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားလေတော့သည်။ ရှန်မိုသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရေခဲဖြူရောင် မီးတောက်များ ဝန်းရံနေသော ကမ္ဘာသန့်စင် ကြာပြာကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အန်းပိုလောင်၏ ဝမ်းဗိုက် ဘယ်ဘက် တတိယမြောက် နံရိုးဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ထိုနေရာမှာ အန်းပိုလောင်၏ သေကွင်းသေကွက်ပင် ဖြစ်သည်။
အမှောင်နတ်ဆိုး တပ်မတော်ကို ဦးဆောင်ပြီး နတ်ဆိုးချိုင့်ဝှမ်းသို့ မလာမီမှာပင် အန်းပိုလောင်သည် အမှောင်ထု နတ်ဆိုးနိုင်ငံတော်ရှိ အခြားသော အမှောင်ဌာန နတ်ဆိုးအရှင်တစ်ဦးနှင့် ရန်ဖြစ်ခဲ့သည်။ ထိုနှစ်ဦးမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး အစွမ်းချင်း တူညီနေသဖြင့် ရက်ပေါင်းများစွာ ကြာသည်အထိ အရှုံးအနိုင် မပေါ်ခဲ့ပေ။ နှစ်ဦးစလုံးမှာ ပင်ပန်းနွမ်းနယ်နေခဲ့ကြပြီး ထိုအချိန်တွင် အန်းပိုလောင်၏ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ မိမိထက် အားနည်းသော ရန်သူများနှင့် ရင်ဆိုင်ရပါက ထိုဒဏ်ရာမှာ ဘာမှမဟုတ်ပေ။ ဟင်းလင်းပြင် သူတော်စင်နယ်ပယ် အဆင့်ရှိသော ရန်သူများနှင့် ရင်ဆိုင်လျှင်ပင် ထိုဒဏ်ရာကို ရန်သူက မသိပါက ဘာမှမဖြစ်ပေ။
သို့သော် ရှန်မိုမှာမူ ကွဲပြားသည်။ သူသည် အန်းပိုလောင်၏ နတ်ဆိုးကံကြမ္မာစနစ်ကို မြင်နိုင်၏။ သူ၏ အားနည်းချက်မှာ မည်သည့်နေရာတွင် ရှိသည်ကို သူသည် အလွယ်တကူ သိနိုင်သည်။ ထို့ပြင် သူ၏ လက်ထဲတွင်လည်း ကိုးဘုံငရဲ ရေခဲမီးတောက် နှင့် ကိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးကဲ့သို့သော အစွမ်းထက် လက်နက်များ ရှိနေသည်။ ထို့အပြင် ကမ္ဘာသန့်စင် ကြာပြာ မှာလည်း နတ်ဆိုးများကို အထူး နှိမ်နင်းနိုင်သော မဟာတာအို လက်နက်တစ်ခု ဖြစ်သည်။ အခွင့်အရေးကို ရယူနိုင်ပါက သူသည် ပြင်းထန်စွာ တိုက်ခိုက်နိုင်ပြီး တစ်ချက်တည်းနှင့်ပင် အသက်ကို နှုတ်ယူနိုင်သည်။
ယခုအခါ ဖူကျူ သူ့အတွက် ထိုအခွင့်အရေးကို ဖန်တီးပေးလိုက်ပြီ ဖြစ်သည်။ သဘာဝကျကျပင် သူ လက်လွတ်ခံမည် မဟုတ်ပေ။
ဘုန်း!
ကြာပန်းမှာ ရှေ့သို့ တိုးဝင်သွားသည်။ အလွန်လည်း မမြန်သလို အလွန်လည်း မနှေးဘဲ ရှောင်တိမ်းရန် မဖြစ်နိုင်သော အရှိန်ဖြင့် ထိမှန်သွားတော့သည်။ အန်းပိုလောင်၏ မျက်လုံးများမှာ မယုံနိုင်စရာ ဖြစ်သွားသည်။ ကြာပန်းသည် သူ၏ ဝမ်းဗိုက်ကို ထိုးဖောက်ပြီး ကျောဘက်သို့ ထွက်သွားသည်ကို သူသည် အားကိုးရာမဲ့စွာ စောင့်ကြည့်နေရရုံသာ တတ်နိုင်သည်။ ကိုးဘုံငရဲ ရေခဲမီးတောက်မှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ နတ်ဆိုးစွမ်းအင်များ၊ သွေးများနှင့် အသားများမှာ လောင်စာများ ဖြစ်သွားကြသည်။
ရေခဲဖြူရောင် မီးတောက်များမှာ သူ၏ အပေါက်ခုနစ်ပေါက်မှ ပန်းထွက်လာသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် အန်းပိုလောင်သည် မီးတောက်လူသားတစ်ဦး ဖြစ်သွားလေတော့သည်။ သူ၏ စူးရှလှသော အော်ဟစ်သံများမှာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားပြီး ပဲ့တင်ထပ်နေ၏။
အမှောင်နတ်ဆိုး တပ်မတော်မှာ မှင်တက်သွားသည်။ ဂန်ဖုန်းမျိုးနွယ်စုမှ နတ်ဆိုးများလည်း မှင်တက်သွားကြသည်။
ယဇ်ပုရောဟိတ်မကြီး၊ တပ်မှူးများ၊ မိုမင်ယုတို့ပင်လျှင် ဤမြင်ကွင်းကို မြင်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြပေ။
ဖူကျူပင်လျှင် အံ့သြသွားသည်။ သူသည် ထိုတိုက်ခိုက်မှု၏ အစွမ်းကို ထင်ရှားစွာ မြင်လိုက်ရသည်။ ရှန်မိုသည် အန်းပိုလောင်၏ အားနည်းချက်ကို တစ်ချက်တည်းနှင့်ပင် အတိအကျ သိမြင်ခဲ့သည်။ ထို့ကြောင့် သူသည် အန်းပိုလောင်ကို ချုပ်နှောင်ထားရန် ဖူကျူကို ယုံကြည်မှုရှိရှိ အမိန့်ပေးခဲ့ပြီး မိုးကြိုးပမာ တိကျစွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ရှန်မို၏ ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်နိုင်သလား။
ဗုတ်!
အန်းပိုလောင်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျသွားသည်။ သူသည် အားယူ၍ ထရပ်လိုက်ပြီး သူ၏ မျက်လုံးများမှာ အဆိပ်အတောက်များဖြင့် ပြည့်နှက်နေသည်။
"လူသားကောင်လေး... မင်းကို ငါ သတ်မယ်"
ရှန်မို ဘာမှပြန်မပြောပေ။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပလက်တီနမ် နဂါးလက်သီးမှာ ဟိန်းဟောက်လျက် ထွက်ပေါ်လာသည်။ ခဏအတွင်းမှာပင် ၎င်းသည် အန်းပိုလောင်၏ သေလုမျောပါး ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေတော့သည်။ သူ၏ အသားများမှာ ကိုးဘုံငရဲ ရေခဲမီးတောက်၏ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရသည်။ ဟင်းလင်းပြင် နတ်ဆိုးသူတော်စင် တစ်ဦးမှာ မည်သည့် အစအနမျှ မကျန်တော့ဘဲ အသတ်ခံလိုက်ရလေပြီ။
အမှောင်နတ်ဆိုး တပ်မတော်မှာ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ အန်းပိုလောင်မှာ သူတို့၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် တိုက်ပွဲပေါင်းများစွာတွင် အောင်ပွဲခံခဲ့ပြီး မည်သူမျှ မယှဉ်နိုင်ကြောင်း သူတို့ မြင်တွေ့ခဲ့ရသည်။ ယခုအခါတွင်မူ လူသားတစ်ဦး၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ပြီ။
"ပြန်တိုက်ကြ… ပြန်တိုက်ကြ!"
ယဇ်ပုရောဟိတ်မကြီးမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ဂန်ဖုန်းမျိုးနွယ်စုမှ နတ်ဆိုးများမှာလည်း သွေးဆူလာကြပြီး စိတ်ဓာတ်များ တက်ကြွလာကြသည်။ အန်းပိုလောင် သေဆုံးသွားပြီဖြစ်သဖြင့် အမှောင်နတ်ဆိုး တပ်မတော်တွင် ခေါင်းဆောင် မရှိတော့ကြောင်း အားလုံး သိကြသည်။ ယခုမှာ တိုက်ခိုက်ရန် အချိန်ကောင်းပင်။
"သတ်”
တပ်မှူးများသည် သူတို့၏ တပ်များကို ဦးဆောင်ကာ အပြင်းအထန် တိုက်ခိုက်လေတော့သည်။ ခေါင်းဆောင် မရှိတော့သော အမှောင်နတ်ဆိုး တပ်မတော်မှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကြောက်လန့်နေသော ဝက်များနှင့် ခွေးများကဲ့သို့ပင် သူတို့သည် ဦးတည်ချက်မရှိဘဲ ထွက်ပြေးကြလေတော့သည်။ နောက်ဆုံးတွင် သူတို့သည် အလောင်းပေါင်း ထောင်သောင်းချီ ကျန်ရစ်ခဲ့ပြီးမှ ကစဉ့်ကလျား ထွက်ပြေးသွားကြသည်။
ယဇ်ပုရောဟိတ်မကြီးနှင့် တပ်မှူးများသည် နောက်ဆုံးတွင် မျိုးနွယ်စုသို့ ပြန်ရောက်လာကြသည်။ ယဇ်ပုရောဟိတ်မကြီးသည် ရှန်မို၏ ရှေ့သို့ လျှောက်လှမ်းလာပြီး ရုတ်တရက် ဒူးထောက်လိုက်လေ၏။
"ဂန်ဖုန်းမျိုးနွယ်စုက ခင်ဗျားတို့ လူသားသူတော်စင်တွေကို အကူအညီအတွက် ကျေးဇူးတင်ပါတယ်… ဒီကျေးဇူးကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
တပ်မှူးများနှင့် နတ်ဆိုးများအားလုံးလည်း လိုက်ပါ၍ ဒူးထောက်လိုက်ကြသည်။
"ဒီကျေးဇူးကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”