အခန်း (၇၆၃-၇၆၅)
Vol. 51 Ch. 763-765
အခန်း ၇၆၃ - သူတော်စင်နတ်ဆိုးအသီးနှင့် သူတော်စင်နတ်ဆိုးသစ်ကိုင်းကို ငါအလိုရှိသည်
ရှန်မိုနှင့် အခြားသူများ စစ်ဦးစီးတဲအတွင်းသို့ တစ်ဖန်ပြန်ဝင်လာကြ၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ ယဇ်ပုရောဟိတ်မကြီးသည် ရှန်မိုနှင့် ဖူကျူကို အထူးဂုဏ်ထူးဆောင်နေရာများတွင် ထိုင်စေခဲ့သည်။ ဂန်းဖုန်းမျိုးနွယ်စု၏ စစ်သူကြီးများမှာမူ သူတို့၏အောက်တွင်သာ ထိုင်ကြရသည်။ အပြင်လူတစ်ယောက်ကြည့်မည်ဆိုပါက ရှန်မိုနှင့် ဖူကျူတို့က အိမ်ရှင်ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်များက ဧည့်သည်ဖြစ်နေသည်ဟု ထင်မှတ်ရပေမည်။
ယဇ်ပုရောဟိတ်မကြီး၏ လေသံမှာ အလွန်အမင်း ရိုသေကိုင်းရှိုင်းနေ၏။
"ရှန်မို... ဘိုးဘေးဖူ... ရှင်တို့ကို တစ်ခါထပ်ပြီး ကျေးဇူးတင်စကား ပြောပါရစေ… ရှင်တို့သာ ဝင်မကူညီခဲ့ရင် ဂန်းဖုန်းမျိုးနွယ်စုဟာ ဗြဟ္မာနက်ရဲ့ နတ်ဆိုးစစ်တပ်လက်ထဲမှာ မြေလှန်ဖျက်ဆီးခံရမှာ သေချာပါတယ်… ကျွန်မတို့ရဲ့ လူမျိုးစုဝင်တွေလည်း သူ့ရဲ့ကျွန်တွေအဖြစ် ဖမ်းဆီးခံကြရမှာပါ"
စစ်သူကြီးအားလုံးသည် တစ်ပြိုင်နက်တည်း ထရပ်ကြပြီး ရှန်မိုနှင့် ဖူကျူကို နောက်တစ်ကြိမ် အလေးအနက် ဦးညွှတ်အရိုအသေပြုကြသည်။
ရှန်မိုက လက်ကာပြလိုက်ပြီး
"အပြန်အလှန် အကျိုးရှိဖို့ လုပ်ဆောင်ခဲ့တာပါ"
သူ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ယဇ်ပုရောဟိတ်မကြီးမှ ရိုသေစွာဖြင့်
"ရှန်မို... ရှင် ဘာကိုအလိုရှိသလဲ… ဂန်းဖုန်းမျိုးနွယ်စုမှာ ရှိသမျှ အရာအားလုံးဟာ ရှင့်ပိုင်ဆိုင်မှုတွေ ဖြစ်စေရပါမယ်… သတင်းအချက်အလက်ကို ရှာဖွေနေတာဆိုရင်လည်း ကျွန်မတို့ သိသမျှ အကုန်လုံးကို မခြွင်းမချန် မျှဝေပေးပါ့မယ်… ဂန်းဖုန်းမျိုးနွယ်စုမှာ မရှိဘူးဆိုရင်တောင် အခြားသော မျိုးနွယ်စုကြီးတွေဆီကနေ ရအောင် ကူညီရှာဖွေပေးပါ့မယ်"
သူ့ သဘောထားမှာ ယခင်ကနှင့် သိသိသာသာ ကွဲပြားသွားပြီး အလွန်လေးစားကာ စိတ်ရင်းမှန်နေသည်။
ရှန်မို မျက်ရိပ်ပြလိုက်ရာ ယဇ်ပုရောဟိတ်မကြီး ချက်ချင်းနားလည်သွားပြီး အခြားသူများအားလုံးကို အပြင်သို့ ထွက်ခွါခိုင်းလိုက်၏။ ကျယ်ဝန်းသော တဲအတွင်းတွင် ရှန်မို၊ ဖူကျူ၊ ယဇ်ပုရောဟိတ်မကြီးနှင့် မိုမင်ယုတို့ လေးဦးသာ ကျန်ရှိတော့သည်။
ယဇ်ပုရောဟိတ်မကြီးက တည်ကြည်စွာ ပြောသည်။ "ပြောပါ ရှန်မို"
ရှန်မို လေးနက်စွာ မေးလိုက်သည်။ "ယဇ်ပုရောဟိတ်မကြီး... သူတော်စင်နတ်ဆိုးသစ်ပင် အကြောင်းကို သိပါသလား"
သူ ခဏတာ တုန့်ဆိုင်းသွားပြီး မျက်နှာတွင် ခံစားချက်မျိုးစုံ ဖြတ်သန်းသွားသည်။
"သိတာပေါ့… သူတော်စင်နတ်ဆိုးသစ်ပင်ဆိုတာ နတ်ဆိုးတောင်ကြားရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ အလွန်မြင့်မားကြီးမားတဲ့ ရှေးဟောင်းသစ်ပင်ကြီးပဲ… အတိတ်တုန်းက နတ်ဆိုးမျိုးနွယ်တွေ ထွန်းကားပြီး နတ်ဆိုးနိုင်ငံတွေမှာ အဆင့်မြင့်ရာထူးတွေ ရရှိခဲ့စဉ်က သူတော်စင်နတ်ဆိုးသစ်ပင်နဲ့ ခွဲခြားလို့ မရခဲ့ဘူး… ဒါပေမဲ့ နောက်ပိုင်းမှာ သူတော်စင်နတ်ဆိုးသစ်ပင်ဟာ မယုံနိုင်စရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် ညှိုးနွမ်းသွားပြီး သူတော်စင်နတ်ဆိုးအသီးတွေဟာလည်း ရှားရှားပါးပါးပဲ သီးတော့တယ်… နတ်ဆိုးမျိုးနွယ်တွေလည်း အဲဒီနောက်ပိုင်းကစလို့ အခုလို အခြေအနေအထိ ဆုတ်ယုတ်ကျဆင်းသွားခဲ့တာ"
ရှန်မို ပြုံးလိုက်သည်။
"သူတော်စင်နတ်ဆိုးအသီး တစ်လုံးနဲ့ သူတော်စင်နတ်ဆိုးသစ်ကိုင်း တစ်ကိုင်းကို ငါအလိုရှိတယ်… ပြီးတော့ မင်းဘေးက မိုမင်ယုကိုလည်း ငါ့ဆီ ပေးရမယ်"
ယဇ်ပုရောဟိတ်မကြီး ဆွံ့အသွားပြီး မိုမင်ယုသည်လည်း အံ့အားသင့်သွား၏။
ယဇ်ပုရောဟိတ်မကြီး မျက်မှောင်ကြုတ်လျက်
"သူတော်စင်နတ်ဆိုးသစ်ပင်ဟာ ကျွန်မတို့ရဲ့ မြင့်မြတ်တဲ့အပင်ပါ… ညှိုးနွမ်းနေရင်တောင် အကိုင်းအခက်တွေကို ချိုးဖဲ့လို့ မရပါဘူး… သူတော်စင်နတ်ဆိုးအသီးဆိုတာလည်း အခုဆို မရှိတော့သလောက်ပါပဲ… နတ်ဆိုးတောင်ကြားက မျိုးနွယ်စုကြီး သုံးခုမှာတောင် တစ်လုံးမှ ရှိမှာမဟုတ်ဘူး… မိုမင်ယုကတော့ ဂန်းဖုန်းမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်လို့ ရှင့်ရဲ့ ကျွန်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး… ရှန်မို... ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါ… ရှင့်ရဲ့ တောင်းဆိုချက် သုံးခုစလုံးဟာ ဖြည့်ဆည်းပေးဖို့ အလွန်ခက်ခဲပါတယ်"
ရှန်မို ခေါင်းခါလိုက်သည်။
"ညှိုးနွမ်းနေတဲ့ သူတော်စင်နတ်ဆိုးအသီးနဲ့ ညှိုးနွမ်းနေတဲ့ သစ်ကိုင်းဆိုရင် ရပါပြီ… မိုမင်ယုနဲ့ ပတ်သက်လို့ကတော့ သူ့ကို ကျွန်လုပ်ခိုင်းမှာ မဟုတ်ပါဘူး… ငါ့အတွက် အလုပ်တစ်ခု လုပ်ပေးဖို့ပဲ လိုတာပါ"
ယဇ်ပုရောဟိတ်မကြီး တွေဝေသွား၏။
ရှန်မိုကတော့ အသာအယာ ပြုံးနေသည်။
အမှန်စင်စစ် သူသည် အစကတည်းက ညှိုးနွမ်းနေသော အသီးနှင့် သစ်ကိုင်းကိုသာ အလိုရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ အစတွင် ထိုသို့မတောင်းဆိုခဲ့ပေ။ ဤသည်မှာ လောကီထုံးစံပင် ဖြစ်သည်။ ယဇ်ပုရောဟိတ်မကြီးမှ ဘာမဆို ကူညီမည်ဟု ကတိပေးထားသော်လည်း တောင်းဆိုသမျှ အရာအားလုံးကို ဖြည့်ဆည်းပေးရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ သူက ဆယ်ပုံတောင်းလျှင် ခြောက်ပုံ၊ ခုနစ်ပုံခန့် ရနိုင်သော်လည်း အစကတည်းက ခြောက်ပုံ၊ ခုနစ်ပုံသာ တောင်းခဲ့လျှင် သုံးပုံ၊ လေးပုံခန့်သာ ရပေလိမ့်မည်။ ထို့ကြောင့် လူတစ်ယောက်သည် အစပိုင်းတွင် အနည်းငယ် ပိုပိုသာသာ တောင်းဆိုတတ်ရမည် ဖြစ်သည်။
ယဇ်ပုရောဟိတ်မကြီး အံကြိတ်ကာ ခဏကြာစဉ်းစားပြီးမှ ပြောလိုက်သည်။
"ကောင်းပါပြီ… ဂန်းဖုန်းမျိုးနွယ်စုဟာ ခင်ဗျားတို့နှစ်ယောက်ကြောင့် ရှင်သန်ခွင့်ရခဲ့တာပါ… ဒီလောက်ကြီးမားတဲ့ ကျေးဇူးတရားရှေ့မှာ သူတော်စင်နတ်ဆိုးအသီးနဲ့ သစ်ကိုင်းကို ရအောင်ရှာပေးဖို့ ကျွန်မ နည်းလမ်းရှာပါ့မယ်… ဒါပေမဲ့ ရှန်မို... မိုမင်ယုကို ဘာအတွက် လိုချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပါရစေ"
ရှန်မို တည်ငြိမ်စွာ ပြန်ဖြေသည်။ "မဟာတောရိုင်းအရှင်သခင်ဟာ နတ်ဆိုးတောင်ကြားမှာ ပျောက်ဆုံးနေတဲ့ ရတနာတစ်ခု ချန်ထားခဲ့တယ်လို့ ငါပြောခဲ့ဖူးတယ်… ငါသွားရမယ့် နေရာတစ်ခုကို မိုမင်ယုကို အတူလိုက်ခဲ့စေချင်တယ်… သူ့ သွေးနဲ့ဆိုရင် အဲဒီရတနာရှိတဲ့ နေရာကို အတိအကျ သိနိုင်လိမ့်မယ်"
ယဇ်ပုရောဟိတ်မကြီးသည် ရှန်မို၏ မျက်နှာတွင် မသင်္ကာစရာ တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ပေ။ နောက်ဆုံးတွင် သူ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ… ဂန်းဖုန်းမျိုးနွယ်စုဟာ ကျေးဇူးတရားကို အမြဲတန်ဖိုးထားပါတယ်… ရှန်မို... ဘိုးဘေးဖူ... ခင်ဗျားတို့က ကျွန်မတို့မျိုးနွယ်စုရဲ့ ကယ်တင်ရှင်တွေပါ… ကျွန်မတို့ ကတိပေးထားတဲ့အတိုင်း ဖြည့်ဆည်းပေးပါ့မယ်"
သူ မိုမင်ယုကို ကြည့်လိုက်သည်။
"မင်ယု... ဒီဧည့်သည်တော်နှစ်ယောက်ကို မင်း ကောင်းကောင်း ဂရုစိုက်လိုက်ပါ"
မိုမင်ယု ခေါင်းငြိမ့်ကာ
"နားလည်ပါပြီ"
ညွှန်ကြားချက်အချို့ ပေးပြီးနောက် ယဇ်ပုရောဟိတ်မကြီးသည် ကိုယ်ရံတော်အချို့နှင့်အတူ ထွက်ခွာသွားသည်။ ရှန်မိုနှင့် ဖူကျူတို့သည် ဂန်းဖုန်းမျိုးနွယ်စုတွင် ဧည့်သည်အဖြစ် ဆက်လက်နေထိုင်ခဲ့ကြသည်။ အန်းပိုလောင် သေဆုံးသွားသည့် မြင်ကွင်းမှာ တကယ့်ကို ကမ္ဘာပျက်မတတ် တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဂန်းဖုန်းမျိုးနွယ်စုရှိ နတ်ဆိုးအားလုံးနီးပါးသည် သူတို့၏ သဘောထားများကို ပြောင်းလဲခဲ့ကြသည်။
သူတို့ ရှန်မိုနှင့် ဖူကျူကို အလွန်အမင်း ရိုသေလေးစားကြသည်။ သူတို့ ရရှိသည့် ဆက်ဆံမှုမှာ ယဇ်ပုရောဟိတ်မကြီး တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ သူတို့ ဘာကိုပဲ အလိုရှိပါစေ၊ နတ်ဆိုးများက ဖြည့်ဆည်းပေးရန် အစွမ်းကုန် ကြိုးစားကြသည်။
ဖူကျူ၏ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာ ရထားသဖြင့် နာလန်ထူရန် အချိန်နှင့် အရင်းအမြစ်များ လိုအပ်နေသည်။ ထို့ကြောင့် ဂန်းဖုန်းမျိုးနွယ်စုတွင် အနားယူခြင်းမှာ သူ့အတွက် အကောင်းဆုံးပင် ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာသည်။ ယခင်က သူသည် ကမ္ဘာမြေထိုးဖောက် သူတော်စင်နယ်ပယ်တွင်သာ ရှိခဲ့သော်လည်း ယခုအခါ ကောင်းကင်ထိုးဖောက် သူတော်စင်နယ်ပယ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
ရှန်မို ပြုံးကာ မေးလိုက်သည်။
"စီနီယာ... အထွတ်အထိပ် အခြေအနေကို လုံးဝ ပြန်ရောက်သွားပြီလား”
ဖူကျူမှ ပျော်ရွှင်စွာ လက်ခါပြ၏။
"မရောက်သေးပါဘူး… ဒါပေမဲ့ အရင်က တိုက်ခိုက်ရေးစွမ်းအားရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်တော့ ရှိနေပြီ… အဓိကက ဖူထျန်ရတနာနယ်ပယ် မရှိတာပဲ… မဟုတ်ရင် ကောင်းကင်ထိုးဖောက် နတ်ဆိုးသူတော်စင် နှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရင်တောင် ငါ အရှုံးမပေးဘူး"
စကားပြောပြီးနောက် သူ ရုတ်တရက် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့်
"ကိုးဆင့်ယင် အဘိုးကြီးနဲ့ တခြားသူတွေ ဘယ်လိုနေမလဲ မသိဘူး"
ရှန်မို ခေါင်းငြိမ့်လိုက်သည်။
သူတို့ နတ်ဆိုးတောင်ကြားကို စဝင်ခါစက အဖွဲ့နှစ်ဖွဲ့ခွဲပြီး ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
ရှန်မိုနှင့် ဖူကျူက တစ်ဖွဲ့၊ ကိုးဆင့်ယင်၊ လိပ်နဂါးနှင့် ရှန့်ယွမ်တို့က တစ်ဖွဲ့ ဖြစ်သည်။
သူတို့သည် နတ်ဆိုးနိုင်ငံနှင့် နတ်ဆိုးတောင်ကြား မျိုးနွယ်စုများအကြား ပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရရာ ကိုးဆင့်ယင်တို့အဖွဲ့လည်း အလားတူ ပဋိပက္ခများထဲတွင် ပါဝင်ပတ်သက်နေနိုင်ပေသည်။ ဖူကျူ၏ စိုးရိမ်မှုမှာ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ သို့သော် အဖွဲ့ခွဲစဉ်က ရှန်မိုသည် ထိုသုံးယောက်၏ အနာဂတ်ပြကွက်များကို မြင်တွေ့ခဲ့ပြီး ဖြစ်သဖြင့် သူတို့နှင့် မကြာမီ ပြန်ဆုံတွေ့ရမည်ကို သိနေ၏။
...
ယနေ့တွင် ရှန်မို အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် စိတ်အားထက်သန်သော အမူအရာဖြင့် မတ်တတ်ရပ်လိုက်သည်။
"ဒီ ဟင်းလင်းပြင်နတ်ဘုရားပျားရည်က တကယ့်ကို ရတနာပဲ… အဲဒီထဲမှာပါတဲ့ ဟင်းလင်းပြင် မဟာတာအိုရဲ့ အငွေ့အသက်တွေက သာမန်ရတနာတွေထက် အများကြီး သာလွန်တယ်"
သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ဟင်းလင်းပြင်နတ်ဘုရားပျားရည်သည် ဂန်းဖုန်းမျိုးနွယ်စုက တောရိုင်းထဲမှ စုဆောင်းထားသော ရတနာဖြစ်ပြီး လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုကြသည်။ မိုမင်ယု၏ အရိုးလှံမှာလည်း ဤပျားရည်ဖြင့် စိမ်ထားသဖြင့် အလွန်တရာ ထက်မြက်ပြီး မဖျက်ဆီးနိုင်အောင် ခိုင်မာခြင်း ဖြစ်သည်။ ယခုအခါ ရှန်မိုနှင့် ဖူကျူတို့မှာ အထူးဧည့်သည်တော်များ ဖြစ်နေသဖြင့် ထိုကဲ့သို့သော ရတနာများကို ချက်ချင်းပင် ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ သူ၏ ဟင်းလင်းပြင် မဟာတာအို နားလည်မှုမှာ စတုတ္ထအဆင့်တွင် ရှိနေခဲ့သော်လည်း ပျားရည်နှစ်အိုးကို ဆက်တိုက် စုပ်ယူပြီးနောက် ဆဋ္ဌမအဆင့်သို့ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းနှင့် ကိုက်ညီသော နယ်ပယ်မှာ ကမ္ဘာမြေထိုးဖောက် ဆဋ္ဌမအဆင့် ဖြစ်၏။ နောက်ထပ် တစ်လှမ်းဆိုလျှင် သတ္တမအဆင့်သို့ ရောက်ရှိပေတော့မည်။ ရှေးယခင်ကတည်းက ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ ကူးပြောင်းခြင်းမှာ အလွန်ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ရှန်မိုမှာ ဟင်းလင်းပြင်နတ်ဘုရားပျားရည်သာ လုံလောက်စွာ ရှိပါက ဤအတားအဆီးကို တစ်ချက်တည်းနှင့် ကျော်ဖြတ်နိုင်မည်ဟု ခံစားနေရသည်။
ရှန်မိုက
"မင်ယု... မင်းတို့ မျိုးနွယ်စုမှာ ဟင်းလင်းပြင်နတ်ဘုရားပျားရည် ကျန်သေးလား"
မိုမင်ယုသည် စစ်ဦးစီးတဲအပြင်ဘက်တွင် စောင့်ကြပ်နေခြင်း ဖြစ်သည်။ သူ ချက်ချင်းဝင်လာပြီး ရိုသေစွာ ဖြေသည်။
"သခင် ရှန်မို... မကျန်တော့ပါဘူး… ဟင်းလင်းပြင်နတ်ဘုရားပျားရည်က ဖြစ်တည်ဖို့ အရမ်းနှေးပါတယ်… အခု ရှင့်ကို ပေးလိုက်တဲ့ နှစ်အိုးက မျိုးနွယ်စုရဲ့ နောက်ဆုံးလက်ကျန်ပါပဲ"
ရှန်မို သက်ပြင်းချကာ
"ကိစ္စမရှိပါဘူး..."
သူ ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ယောက်မှ
"ယဇ်ပုရောဟိတ်မကြီး ပြန်လာပြီ"
မိုမင်ယု ဝမ်းသာအားရဖြင့်
"ရှန်မို... ယဇ်ပုရောဟိတ်မကြီး ပြန်လာပြီ"
ရှန်မိုကလည်း ခေါင်းငြိမ့်ကာ
"သွားရအောင်... အပြင်ထွက်ကြည့်ကြတာပေါ့"
Chapter 764 - ငါ့နောက်လိုက်ခဲ့... ယဇ်ပုရောဟိတ်မကြီးက မင်းတို့ကို တွေ့ချင်နေတယ်
ရှန်မို စစ်ဦးစီးတဲထဲမှ ထွက်လာခဲ့သည်။ ယဇ်ပုရောဟိတ်မကြီးနှင့် အခြားသူများ မျိုးနွယ်စုအတွင်းသို့ ရောက်ရှိလာသည်ကို သူ ချက်ချင်းတွေ့လိုက်ရ၏။ ဂန်းဖုန်းမျိုးနွယ်စုဝင် နတ်ဆိုးများသည် သူတို့အနီးတွင် ဝိုင်းအုံနေကြသည်။ ဖူကျူသည်လည်း ဝမ်းသာအားရဖြင့် ရှေ့သို့ အပြေးသွာ။ သို့သော် ရှန်မိုမှ သူ၏လက်မောင်းကို ဆွဲလိုက်ပြီး
"စီနီယာ... ယဇ်ပုရောဟိတ်မကြီး ဘေးကလူကို ကြည့်ဦး"
သူ တိုးတိုးလေး ပြောလိုက်သည်။
ဖူကျူ အာရုံစိုက်ကြည့်လိုက်၏။
ယဇ်ပုရောဟိတ်မကြီး ဘေးတွင် ရပ်နေသူမှာ ခန္ဓာကိုယ် ထွားကျိုင်းသန်မာပြီး ဂန်းဖုန်းမျိုးနွယ်ဝင်များထက် ခေါင်းတစ်လုံးခန့် ပိုမြင့်သည်။ တစ်ကိုယ်လုံးမှလည်း ကြမ်းတမ်းခက်ထန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထို့ပြင် ထိုသူမှာ ယဇ်ပုရောဟိတ်မကြီး ထွက်ခွာသွားစဉ်က အတူပါသွားသူ မဟုတ်ပေ။
ယဇ်ပုရောဟိတ်မကြီးသည် လူအုပ်ကို တိုးဝှေ့ကာ ရှန်မိုနှင့် ဖူကျူအနီးသို့ ရောက်လာပြီး သက်ပြင်းချလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်... ကျွန်မ ပစ္စည်းတွေကို ယူမလာနိုင်ခဲ့ဘူး… ကျွန်မဘေးကလူကတော့ ခွမ်းရွှယ်မျိုးနွယ်စုရဲ့ ကိုယ်ရံတော်အရာရှိပါ… ခွမ်းရွှယ်မျိုးနွယ်စုရဲ့ ယဇ်ပုရောဟိတ်မကြီးက ခင်ဗျားတို့နှစ်ယောက်ကို တွေ့ချင်နေပါတယ်"
ထိုထွားကျိုင်းသော အရာရှိမှ ရှေ့သို့ လှမ်းလာပြီး အေးစက်စက် ပြောသည်။
"သူတော်စင်နတ်ဆိုးအသီးနဲ့ သစ်ကိုင်းကို လိုချင်တဲ့ လူသားသူတော်စင်တွေဆိုတာ ခင်ဗျားတို့လား… ငါ့နောက်လိုက်ခဲ့… ယဇ်ပုရောဟိတ်မကြီးက မင်းတို့ကို တွေ့ချင်နေတယ်"
ဖူကျူ မျက်နှာ ပျက်သွားသည်။
ခွမ်းရွှယ်မျိုးနွယ်စုမှာ နတ်ဆိုးတောင်ကြားရှိ အင်အားအကြီးဆုံး မျိုးနွယ်စုကြီး သုံးခုအနက် တစ်ခုဖြစ်သည်။ ၎င်း၏ အတိုင်းအတာမှာ ဂန်းဖုန်းမျိုးနွယ်စုထက် များစွာ သာလွန်၏။ ဤအခြေအနေတွင် ပူးပေါင်းဆောင်ရွက်ခြင်းမှာ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။
ရှန်မိုကမူ အံ့အားသင့်ပုံမရပေ။
သူ ဤအကျိုးဆက်ကို ကြိုမြင်ထားပြီးသား ဖြစ်သည်။ သူတော်စင်နတ်ဆိုးသစ်ပင်မှာ ညှိုးနွမ်းနေပြီ ဖြစ်သော်လည်း နတ်ဆိုးမျိုးနွယ်များအတွက်မူ မြင့်မြတ်သော သင်္ကေတတစ်ခု ဖြစ်နေဆဲပင်။ အပြင်လူတစ်ယောက်မှ အသီးနှင့် သစ်ကိုင်းကို အလိုရှိသည်ဆိုပါက ဤမျိုးနွယ်စုကြီး သုံးခု မသိဘဲ နေမည်မဟုတ်ပေ။ ဂန်းဖုန်းမျိုးနွယ်စုမှာ အလတ်စား မျိုးနွယ်စုများအနက် အင်အားအကောင်းဆုံး ဖြစ်သော်လည်း သူတော်စင်နတ်ဆိုးအသီးနှင့် သစ်ကိုင်းကို တိတ်တဆိတ် ရယူရန်မှာ မဖြစ်နိုင်ပေ။ ဒါတွေအားလုံးက မျှော်လင့်ထားပြီးသား ဖြစ်ရပ်များသာ ဖြစ်သည်။
မိုမင်ယု ရုတ်တရက် ရှေ့သို့ ထွက်လာပြီး ရှန်မိုကို ကာကွယ်လိုက်သည်။
"အရာရှိ... ရှန်မိုနဲ့ ဘိုးဘေးဖူဟာ ကျွန်မတို့မျိုးနွယ်စုကို နတ်ဆိုးစစ်တပ်လက်ကနေ ကယ်တင်ပေးခဲ့ပြီး အန်းပိုလောင်ကို သတ်ပေးခဲ့သူတွေပါ… သူတို့ကို ဒီလိုမျိုး မဆက်ဆံသင့်ဘူး"
"မင်ယု ပြောတာမှန်တယ်… ရှန်မိုက ကျွန်မတို့ ဂန်းဖုန်းမျိုးနွယ်စုကို ကာကွယ်ပေးခဲ့တာ… သူတို့ဟာ ကျွန်မတို့ရဲ့ ကျေးဇူးရှင်တွေပဲ”
အခြားနတ်ဆိုးတစ်ယောက်ကလည်း ဟစ်အော်လိုက်သည်။ ခဏချင်းမှာပင် နတ်ဆိုးအယောက် ဒါဇင်ပေါင်းများစွာ ရှေ့သို့ ထွက်လာကြသည်။
ခွမ်းရွှယ်အရာရှိမှာ လူအုပ်ကို ဝေ့ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"သူတို့ရဲ့ စွမ်းဆောင်ချက်တွေကြောင့်ပဲ ငါတို့ရဲ့ ယဇ်ပုရောဟိတ်မကြီးက မင်းတို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ အမိန့်ပေးထားတာ"
သူ ရှန်မိုနှင့် ဖူကျူကို ကြည့်ကာ "ခင်ဗျားတို့နှစ်ယောက်... ငါ့နောက်လိုက်ခဲ့"
ရှန်မို ခေါင်းငြိမ့်ပြကာ ဂန်းဖုန်းမျိုးနွယ်စုဝင်များကို လက်ပြနှုတ်ဆက်လိုက်သည်။
"အားလုံးပဲ... နှုတ်ဆက်ခဲ့ပါတယ်"
ဂန်းဖုန်းယဇ်ပုရောဟိတ်မကြီးမှာ မျက်နှာမကောင်းပေ။
"မင်ယု... မင်းလည်း သူတို့နဲ့အတူ လိုက်သွားလိုက်"
မိုမင်ယု ခေါင်းငြိမ့်ကာ ချက်ချင်းပင် လိုက်ပါသွားသည်။
ဂန်းဖုန်းမျိုးနွယ်စု အပြင်ဘက်တွင် ကြီးမားသော မှော်မြွေကြီး တစ်ကောင် အနားယူနေသည်။
အရာရှိမှ ၎င်း၏ခေါင်းကို အသာအယာ ပုတ်လိုက်ရာ မြွေကြီးမှာ ငြိမ်သက်သွားသည်။
"တက်ကြတော့… ခွမ်းရွှယ်မျိုးနွယ်စုဆီကို အတော်ဝေးဝေး သွားရမှာဖြစ်လို့ ဒီမြွေကြီးကို စီးရမယ်"
အရာရှိမှ မြွေကြီး၏ ကျယ်ပြန့်သော ကျောပေါ်သို့ ညွှန်ပြလိုက်သည်။
ရှန်မို၊ ဖူကျူနှင့် မိုမင်ယုတို့အားလုံး အပေါ်သို့ တက်လိုက်ကြ၏။
...
ရက်အနည်းငယ် ကြာပြီးနောက်...
မှော်မြွေကြီးမှာ အရှိန်လျှော့လိုက်သည်။ မြူခိုးများကြားမှ ကြီးမားသော မြို့ကြီးတစ်မြို့၏ ပုံရိပ်မှာ တဖြည်းဖြည်း ထင်ရှားလာသည်။ နီးကပ်လာသည်နှင့်အမျှ ခွမ်းရွှယ်မျိုးနွယ်စု၏ ခမ်းနားထည်ဝါမှုကို ရှန်မိုတို့ မြင်တွေ့လိုက်ရသည်။
မိုမင်ယုမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဒါ ခွမ်းရွှယ်မြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ... ဒီလောက် ခမ်းနားလိမ့်မယ်လို့ မထင်ထားဘူး… တကယ်ပဲ နတ်ဆိုးတောင်ကြားရဲ့ မျိုးနွယ်စုကြီး သုံးခုထဲက တစ်ခုဖြစ်ရကျိုး နပ်ပါတယ်"
ရှန်မို ပြုံးကာ
"မင်းက နတ်ဆိုးတစ်ယောက် ဖြစ်နေပြီးတော့ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာလား"
မိုမင်ယုမှ ရှက်ကိုးရှက်ကန်း ပြုံးပြ၏။
"မျိုးနွယ်စုကြီး သုံးခုဆိုတာ ကျွန်မတို့လို လူတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ နေရာမှ မဟုတ်တာ"
အရာရှိမှ ခပ်အေးအေးပင် ဆိုသည်။ "သူပြောတာမှန်တယ်… ခွမ်းရွှယ်၊ ထျန်းရှီ နဲ့ ကျိုယိုး မျိုးနွယ်စုတွေဟာ သာမန်နတ်ဆိုးတွေကို အနားမကပ်ခိုင်းဘူး… ငါတို့က သူတော်စင်နတ်ဆိုးသစ်ပင်ကို စောင့်ကြပ်နေရတာ… ကဲ... ရောက်ပြီ ဆင်းကြတော့"
သူ ရှေ့ရှိ မြို့တံခါးဆီသို့ ညွှန်ပြသည်။
ရှန်မိုသည် မြွေကြီးပေါ်မှ ခုန်ဆင်းကာ ရှေ့မှ မြို့ကြီးကို စူးစိုက်ကြည့်လိုက်သည်။
ခွမ်းရွှယ်မြို့... အကယ်၍ စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုပါက 'ရိုင်းစိုင်းကြမ်းတမ်းခြင်း' ဟုသာ ဆိုရပေလိမ့်မည်။ အရာအားလုံးမှာ ကြမ်းတမ်းခက်ထန်ပြီး ရှေးဦးဆန်လှသည်။ ထင်ရှားသော ဗိသုကာလက်ရာဟူ၍ မရှိဘဲ လက်လှမ်းမီရာ ပစ္စည်းများကိုသာ အသုံးပြုထားကြသည်။ ဤသည်မှာ ခွမ်းပုနတ်ဆိုးမျိုးနွယ်၏ လက္ခဏာကို အပြည့်အဝ ဖော်ပြနေခြင်း ဖြစ်သည်။ ခွမ်းရွှယ်မျိုးနွယ်စုဝင်များသည် ထိုနတ်ဆိုးမျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ရာ ဤအရည်အချင်းများကို အမွေဆက်ခံထားကြသည်။ သူတို့သည် တိုက်ခိုက်ရေးဝါသနာပါပြီး ဒေါသကြီးတတ်ကြသည်။ သို့သော် စစ်မှန်သော ခွမ်းပုနတ်ဆိုးများနှင့် နှိုင်းယှဉ်ပါက သူတို့က ပို၍ ကျိုးကြောင်းဆင်ခြင်တတ်ကြသည်။ စစ်မှန်သော ခွမ်းပုနတ်ဆိုးများမှာမူ ဦးနှောက်ထဲတွင်ပင် ကြွက်သားများ ပေါက်နေသလား ထင်ရသူများ ဖြစ်ကြသည်။
အရာရှိ၏ ထွားကျိုင်းသော ခန္ဓာကိုယ်မှာ သူတို့အတွက် လမ်းပြလက်မှတ်ကဲ့သို့ပင် ဖြစ်သည်။ ရှန်မိုနှင့် သူ၏အဖွဲ့သည် မြို့တံခါးကို ချောမွေ့စွာ ဖြတ်ကျော်ပြီး မြို့၏ အဓိကလမ်းမကြီးအတိုင်း ခန်းမဆောင်ကြီးဆီသို့ ဦးတည်ခဲ့ကြသည်။ လမ်းမကြီးများမှာလည်း မျိုးနွယ်စု၏ လက္ခဏာများကို ပေါ်လွင်စေသည်။ ကျယ်ပြောလှသည်! ပင်မလမ်းမကြီးမှာ မှော်မြွေကြီး သုံးကောင် ယှဉ်ပြီး သွားလာနိုင်လောက်အောင် ကျယ်ဝန်းလေ၏။
ရှန်မိုနှင့် ဖူကျူဟူသော လူသားနှစ်ဦး ရောက်ရှိလာခြင်းက ခွမ်းရွှယ်မျိုးနွယ်ဝင်များ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ အကယ်၍ အရာရှိသာ ပါမလာခဲ့ပါက သူတို့သည် ရှန်မိုနှင့် ဖူကျူကို ဝိုင်းအုံကာ တိုက်ပွဲခေါ်ကြပေလိမ့်မည်။ လူသားသူတော်စင်ဆိုသည်မှာ အလွန်ရှားပါးလှသည် မဟုတ်ပါလား။
လူသားသူတော်စင်တစ်ယောက်ကို အနိုင်ယူနိုင်ခြင်းက တစ်ကမ္ဘာလုံးတွင် နာမည်ကျော်ကြားသွားစေမည့် အခွင့်အရေး ဖြစ်သည်။
ထိုနတ်ဆိုးများ ရှန်မိုကို စောင့်ကြည့်နေသကဲ့သို့ ရှန်မိုကလည်း သူတို့ကို ပြန်လည်စောင့်ကြည့်နေသည်။ 'သူတော်စင်အဆင့် ရောက်သူတွေကတော့ နည်းပါသေးတယ်… နတ်ဆိုးအများစုက သူတော်စင်အဆင့်အောက်မှာပဲ ရှိကြသေးတယ်… ဒါပေမဲ့ ကလေးတစ်ယောက်တောင်မှ လူသားတွေရဲ့ မြုတေဖွဲ့စည်းခြင်း အဆင့်နဲ့ ညီမျှတဲ့ အဆင့်မှာ ရှိနေတယ်… ဒီသွေးမျိုးဆက်က တကယ့်ကို အစွမ်းထက်တာပဲ’
ရှန်မို အံ့အားသင့်သွားသည်။
လူသားတစ်ယောက်သည် ဝိညာဉ်အမြစ် ပါလာခဲ့လျှင်ပင် ချီမွမ်းမံခြင်းအဆင့်၊ ခြေတည်အဆင့်၊ မြုတေဖွဲ့စည်းခြင်း၊ ခြေတည်ဝိညာဉ်အဆင့်၊ ဝိညာဉ်အသွင်ပြောင်းခြင်း၊ နတ်ဘုရားနန်းတော်၊ ဓမ္မရုပ်သွင်၊ နိဗ္ဗာန် နှင့် အထွတ်အထိပ် ဆိုသည့် အဆင့်ကိုးဆင့်ကို ကျော်ဖြတ်ပြီးမှသာ သူတော်စင်နယ်ပယ်သို့ ရောက်ရှိနိုင်၏။ သို့သော် နတ်ဆိုးများမှာမူ မွေးကတည်းက မြုတေဖွဲ့စည်းခြင်း အဆင့်မှာ ရှိနေကြရာ လူသားများထက် များစွာ သာလွန်နေကြသည်။ ထို့ကြောင့်လည်း လူသားများကို တစ်ခါမျှ မမြင်ဖူးသည့် နတ်ဆိုးများပင်လျှင် လူသားများကို အထင်သေးတတ်ကြခြင်း ဖြစ်သည်။
မကြာမီ ရှန်မိုတို့အဖွဲ့ ခန်းမဆောင်ကြီးသို့ ရောက်ရှိလာကြသည်။ ဤခန်းမမှာ ကြီးမားသော စတုရန်းကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် ပိရမစ်ပုံစံ အဆောက်အဦးတစ်ခု ဖြစ်သည်။ အပြင်ပန်းကဲ့သို့ပင် အတွင်းပိုင်းမှာလည်း ကြမ်းတမ်းလှသော်လည်း ကြမ်းပြင်မှာမူ အတန်ငယ် ညီညာသည်။
ရှေ့တည့်တည့်တွင် သွေးရောင်တောက်နေသော ကြီးမားသည့် ပလ္လင်တော်တစ်ခု ရှိသည်။ ၎င်းကို သွေးရောင်ကြည်လင်ကျောက်များဖြင့် သွန်းလုပ်ထားပုံရသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသူမှာ လူသားတစ်ပိုင်း ဘီလူးတစ်ပိုင်းနှင့် တူသည့် အလွန်ကြီးမားသော နတ်ဆိုးတစ်ယောက် ဖြစ်သည်။ ပလ္လင်အောက်တွင်မူ နတ်ဆိုးစစ်သူကြီးများ ဝဲယာစီတန်း ရပ်နေကြသည်။ အားလုံးက သံချပ်ကာများ ဝတ်ဆင်ထားပြီး လည်ပင်းတွင်မူ သေးငယ်အောင် ပြုလုပ်ထားသော ခေါင်းပြတ်များကို ဆွဲကြိုးအဖြစ် ဆွဲထားကြသည်။ ဤသည်မှာ ခွမ်းရွှယ်မျိုးနွယ်စု၏ ဓလေ့တစ်ခု ဖြစ်သည်။ သူတို့သည် အစွမ်းထက်သော တိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ပြီးနောက် ဦးခေါင်းကို သေးငယ်အောင်လုပ်ကာ အဆင်တန်ဆာအဖြစ် ဝတ်ဆင်ကြသည်။ တိုက်ပွဲတွင် ဂုဏ်သိက္ခာရှိစွာ သေဆုံးခြင်းက ဝိညာဉ်ကို သူတော်စင်နတ်ဆိုးသစ်ပင်ဆီသို့ ပိုမိုမြန်ဆန်စွာ ပြန်ရောက်စေပြီး ထာဝရအသက်ရှင်မှုကို ရရှိစေသည်ဟု သူတို့ ယုံကြည်ကြ၏။
"လူသားတွေ ရောက်လာပြီ”
"အန်းပိုလောင်ကို သတ်ခဲ့တဲ့ လူသားဆိုတာ ဒါလား… ကြည့်ရတာ ဘာမှမဟုတ်သလိုပဲ”
"ဟုတ်တယ်... ဒီလို သေးသေးကွေးကွေး ခန္ဓာကိုယ်နဲ့ဆိုရင် ဝါးလို့တောင် ကောင်းမှာမဟုတ်ဘူး… သူ အန်းပိုလောင်ကို သတ်နိုင်ခဲ့တယ်ဆိုတာ ငါတော့ မယုံဘူး"
စစ်သူကြီးများသည် တိုးတိုးတိုးတိုးဖြင့် ရှန်မိုကို အထင်အမြင်သေးစွာ ပြောဆိုနေကြသည်။ သူတို့ တိုးတိုးလေးပြောသည်ဆိုသော်လည်း ရှန်မို၏ နားထဲတွင်မူ မိုးကြိုးပစ်သံကဲ့သို့ပင် ကျယ်လောင်နေသည်။
အရာရှိက ကျယ်လောင်စွာ ကြေညာလိုက်သည်။ "အရှင်မင်းကြီး… ကျွန်တော် သူတို့နှစ်ယောက်ကို ခေါ်လာပါပြီ”
ခွမ်းရွှယ်ဘုရင်မှ ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ… အရာရှိ... မင်းသွားနားတော့… ခင်ဗျားတို့နှစ်ယောက်... အန်းပိုလောင်ကို သတ်ပြီး ဂန်းဖုန်းမျိုးနွယ်စုကို ကယ်တင်ပေးခဲ့တယ်လို့ ငါကြားတယ်… တကယ်ကို အားကျစရာပဲ… ဒါပေမဲ့ ခင်ဗျားတို့က ငါတို့နတ်ဆိုးတွေရဲ့ ထုံးစံကို နားမလည်တာလား… ဘာလို့ ဂန်းဖုန်းမျိုးနွယ်စုရဲ့ ယဇ်ပုရောဟိတ်မကြီးကို သူတော်စင်နတ်ဆိုးအသီးနဲ့ သစ်ကိုင်းတွေ ခိုးခိုင်းရတာလဲ" နောက်ဆုံးစာကြောင်းတွင် ခွမ်းရွှယ်ဘုရင်မှ ရုတ်တရက် ထရပ်လိုက်ရာ သူ၏ အသံမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။
Chapter 765 - ဒီညမှာပဲ လှုပ်ရှားပြီး သူ့ခေါင်းကို ဖြတ်ပစ်လိုက်
ရှန်မို ခပ်အေးအေးပင် ပြုံးလိုက်သည်။
"နတ်ဆိုးတွေ ဘာကြောင့် ဆုတ်ယုတ်ကျဆင်းသွားရလဲဆိုတာ မင်းသိလား"
ခွမ်းရွှယ်ဘုရင် နှာခေါင်းရှုံ့ကာ
"အဲဒါကို ငါက မင်းထက် ပိုသိတယ်… မင်းရဲ့ ဆုံးမစကားတွေကို နားထောင်ဖို့ မလိုဘူး"
ရှန်မိုက ခေါင်းငြိမ့်ပြကာ
"ဒါဆိုရင် နတ်ဆိုးတွေက သူတော်စင်နတ်ဆိုးသစ်ပင်ကို သူတို့ရဲ့ အသက်သွေးကြောလို သတ်မှတ်နေတာဟာ မိုက်မဲရာမကျဘူးလား… အတိတ်တုန်းက သူတော်စင်နတ်ဆိုးသစ်ပင်က မင်းတို့ကို အကာအကွယ် ပေးနိုင်ခဲ့ပေမဲ့ အခုတော့ အဲဒီအပင်က ညှိုးနွမ်းပြီး အိုမင်းနေပြီ… ဒါတောင် မင်းတို့က အဲဒီသေလုမျောပါး ဖြစ်နေတဲ့ အပင်ကြီးကိုပဲ ဖက်တွယ်နေတုန်းပဲ… အကယ်၍ မင်းတို့လူမျိုးစုတွေသာ ဆုတ်ယုတ်မသွားရင် ဘယ်သူက ဆုတ်ယုတ်သွားရမှာလဲ"
ဤစကားများက ကန်ရေပြင်ထဲသို့ ကျောက်ခဲကြီးတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားသည်။ ခန်းမအတွင်းရှိ ခွမ်းရွှယ်စစ်သူကြီးများမှာ ဒေါသတကြီး ဖြစ်သွားကြ၏။ အချို့ဆိုလျှင် ပုဆိန်များကိုပင် မြှောက်လိုက်ကြပြီး ရှန်မိုကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ မိုမင်ယုကလည်း သူ၏ ကျောပေါ်မှ အရိုးလှံကို ဆွဲထုတ်လိုက်ပြီး ထိုနတ်ဆိုးများကို ပြန်လည် စိုက်ကြည့်လိုက်သည်။
သို့သော် ခွမ်းရွှယ်ဘုရင် အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းတယ်… အန်းပိုလောင်ကို သတ်နိုင်ခဲ့သူနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်… ခင်ဗျားရဲ့ ထိုးထွင်းသိမြင်မှုကလည်း တကယ့်ကို ထက်မြက်တာပဲ… ရှန်မို... မင်းဟာ ငါ့ရဲ့ ခွမ်းရွှယ်မျိုးနွယ်စုဆီက လေးစားမှုကို ရရှိသွားပြီ… ကဲ... သူတို့ကို နေရာပေးလိုက်ကြစမ်း”
ခွမ်းရွှယ်ဘုရင်၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သို့သော် ရှန်မိုကမူ မည်သည့် ခံစားချက်မျှ မပြပေ။ ဤသည်မှာ သူ၏ သဘောထားကို စမ်းသပ်ခြင်းသာ ဖြစ်ကြောင်း သူ သိနေသည်။
မကြာမီ ရှန်မိုနှင့် ဖူကျူတို့ကို ဂုဏ်ထူးဆောင်နေရာများတွင် ထိုင်စေခဲ့သည်။ ခွမ်းရွှယ်ဘုရင်က ပြုံးကာ
"ငါတို့ရဲ့ ခွမ်းရွှယ်စစ်သည်တွေ ကင်းလှည့်နေတုန်းက တခြားရောက်လာတဲ့ သူတော်စင်သုံးယောက်နဲ့ တွေ့ခဲ့တယ်… လူသားသူတော်စင် တစ်ယောက်နဲ့ နတ်ဆိုးသားရဲသူတော်စင် နှစ်ယောက်တဲ့… ခင်ဗျားတို့ သူတို့ကို သိမှာပေါ့"
ဖူကျူ အံ့အားသင့်သွားသည်။
"အဲဒါ ကိုးဆင့်ယင်၊ လိပ်နဂါးနဲ့ ရှန့်ယွမ်တို့ ဖြစ်ရမယ်"
ခွမ်းရွှယ်ဘုရင်မှ
"သူတို့ ခွမ်းရွှယ်မျိုးနွယ်စုဆီ ရောက်လာကတည်းက ငါတို့ရဲ့ ဧည့်သည်တွေပါပဲ… သူတို့နဲ့ အရင်တွေ့ပြီး အနားယူလိုက်ကြဦး… တစ်ယောက်ယောက်... သူတို့ကို နားနေဆောင်ဆီ လိုက်ပို့လိုက်စမ်း"
မကြာမီ ရှန်မိုနှင့် ဖူကျူတို့သည် သက်တောင့်သက်သာရှိသော နားနေဆောင်သို့ ရောက်ရှိသွားကြသည်။ ခွမ်းရွှယ်မျိုးနွယ်စု၏ ဗိသုကာလက်ရာများမှာ ရိုင်းစိုင်းကြမ်းတမ်းသော်လည်း နေထိုင်ရသည်မှာမူ အတော်လေး သက်တောင့်သက်သာ ရှိလှသည်။
သူတို့ကို တမင်တကာ ညှဉ်းပန်းနှိပ်စက်ခြင်းမျိုး မရှိပေ။
ထိုညတွင်...
ရှန်မို၊ ဖူကျူနှင့် အခြားသူများသည် ကိုးဆင့်ယင်တို့အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသည်။ ငါးယောက်သား ပြန်လည်ဆုံတွေ့ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် နတ်ဆိုးတောင်ကြားသို့ စဝင်ကတည်းက လမ်းခွဲခဲ့ကြခြင်း ဖြစ်ပြီး အခုမှ ပြန်ဆုံကြခြင်း ဖြစ်သည်။ နှစ်ဖက်စလုံးက သူတို့၏ အတွေ့အကြုံများကို ပြန်ပြောပြကြသည်။ ရှန်မိုနှင့် ဖူကျူတို့က အန်းပိုလောင်ကို သတ်ဖြတ်ခဲ့သည့် အတွေ့အကြုံများ ရှိသဖြင့် ကိုးဆင့်ယင်တို့အဖွဲ့ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
ကိုးဆင့်ယင်က တည်ကြည်စွာ ပြောသည်။
"ငါ မင်းတို့ကို ပြောစရာ တစ်ခုရှိတယ်။ ဟွေ့အန်းနတ်ဆိုးနိုင်ငံကလည်း ခွမ်းရွှယ်မျိုးနွယ်စုဆီကို သံတမန်တွေ လွှတ်ထားတယ်လို့ ကြားတယ်… ထျန်းရှီနဲ့ ကျိုယိုးမျိုးနွယ်စုတွေဆီကိုလည်း လွှတ်ထားပုံရတယ်… ဟွေ့အန်းနတ်ဆိုးနိုင်ငံရဲ့ အခြားသော အမှောင်ဌာန နတ်ဆိုးအရှင်သခင် နှစ်ယောက်က ထျန်းရှီနဲ့ ကျိုယိုးမှာ ရှိနေကြတယ်… ခွမ်းရွှယ်မျိုးနွယ်စုဆီ ရောက်လာတဲ့သူကတော့ အညစ်အကြေးဌာနက နတ်ဆိုးအရှင်သခင် တစ်ယောက်ပဲ"
ဖူကျူ မျက်မှောင်ကြုတ်လျက်
"ဒါက ဘာကို ဆိုလိုတာလဲ… နတ်ဆိုးမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီးမှ အခုမှ ငြိမ်းချမ်းရေး လာကမ်းလှမ်းတာလား"
ရှန်မို လေးနက်စွာဖြင့်
"ဟွေ့အန်းနတ်ဆိုးနိုင်ငံဟာ နတ်ဆိုးမျိုးနွယ်တွေရဲ့ အစွမ်းထက်ရတဲ့ လျှို့ဝှက်ချက်ကို အမြဲရှာဖွေနေတာ… သူတို့က သူတော်စင်နတ်ဆိုးသစ်ပင်ကိုလည်း အမြဲလိုချင်နေကြတာပဲ… အခုမှ ငြိမ်းချမ်းရေး လာဆွေးနွေးတယ်ဆိုတာကတော့ တစ်ခုခု မူမမှန်ဘူး… ဖြစ်နိုင်တာကတော့..."
လူတိုင်း ချက်ချင်းပင် နားလည်သွားကြသည်။ ဘိုးဘေးနတ်ဆိုးမြေဆီလွှာပင် ဖြစ်သည်။ ပို၍ကြီးမားသော အကျိုးစီးပွားမရှိဘဲနှင့် ဟွေ့အန်းနတ်ဆိုးနိုင်ငံက သူတော်စင်နတ်ဆိုးသစ်ပင်ကို လက်လွှတ်မည် မဟုတ်ပေ။
ရှန့်ယွမ် စိုးရိမ်တကြီးဖြင့်
"ငါတို့ ဘာလုပ်ကြမလဲ… အကယ်၍ ဟွေ့အန်းနတ်ဆိုးနိုင်ငံနဲ့ နတ်ဆိုးမျိုးနွယ်စုတွေ ငြိမ်းချမ်းရေး ရသွားရင် ငါတို့တွေ အိုးထဲက လိပ်လို ပိတ်မိသွားမှာပဲ"
ရှန်မိုမှာ ကိုးဆင့်ယင်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ဖြတ်သန်းသွား၏။ ရှန်မိုမှ ရုတ်တရက် မေးလိုက်သည်။
"အဲဒီ အညစ်အကြေးဌာန နတ်ဆိုးအရှင်သခင်က ဘယ်မှာလဲ"
ကိုးဆင့်ယင် အနည်းငယ် ပြုံးကာ
"ငါတို့ နားနေဆောင်နဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ"
ရှန်မို ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
"ဒီညမှာပဲ လှုပ်ရှားပြီး သူ့ခေါင်းကို ဖြတ်ပစ်လိုက်”
အိပ်ဆောင်အတွင်းရှိ ပါးလွှာသော လိုက်ကာများ နောက်ကွယ်တွင်...
ခွမ်းရွှယ်ဘုရင်သည် ကိုယ်လုံးကိုယ်ပေါက် လှပသော နတ်ဆိုးအမျိုးသမီး နှစ်ဦးကို ဖက်ထားသော်လည်း သူ၏ မျက်နှာမှာမူ အလွန်ပင် တည်ကြည်လေးနက်နေသည်။ သူ၏ ရှေ့တွင် ဒူးထောက်နေသူများမှာ သူ၏ အကြံပေးနှစ်ဦး ဖြစ်သည့် မိုခွမ်းရင်း နှင့် မိုခွမ်းဖုန်းတို့ ဖြစ်သည်။
မိုခွမ်းဖုန်းက လေးနက်စွာ လျှောက်တင်သည်။ "အရှင်မင်းကြီး... ကျွန်တော်တို့ဟာ ဟွေ့အန်းနတ်ဆိုးနိုင်ငံနဲ့ မပြေလည်နိုင်တဲ့ သွေးကြွေးတွေ ရှိနေပေမဲ့ အခု သူတို့ လာကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဟာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါ… အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ ဒါကို လက်မခံချင်ဘူးဆိုတာ ကျွန်တော် သိပါတယ်… ဒါပေမဲ့ အနာဂတ်အတွက်တော့ ဒီအရှက်ရမှုကို ခဏတာ သည်းခံရပါလိမ့်မယ်… အရှင်မင်းကြီး... အခု ရောက်နေတဲ့ လူသားသူတော်စင်တွေနဲ့ နတ်ဆိုးသားရဲသူတော်စင်တွေကို ချက်ချင်း သတ်ခိုင်းလိုက်ပါ”
သို့သော် မိုခွမ်းရင်း ချက်ချင်းပင် ကန့်ကွက်လိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်တို့ လူမျိုးစုတွေဟာ ဟွေ့အန်းနတ်ဆိုးနိုင်ငံနဲ့ တိုက်ခိုက်လာတာ နှစ်ပေါင်း သောင်းနဲ့ချီ ရှိပါပြီ… မရေမတွက်နိုင်တဲ့ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေ သူတို့လက်ချက်နဲ့ သေခဲ့ရတာပါ… အခု သူတို့က ငြိမ်းချမ်းရေး လာပြောတာနဲ့ ချက်ချင်း လက်ခံလိုက်ရင် လူမျိုးစုဝင်တွေက အရှင်မင်းကြီးကို ယုံကြည်တော့မှာ မဟုတ်ဘူး… အရှင်မင်းကြီး... အရှင်မင်းကြီးက ထီးနန်းတက်တာ မကြာသေးတော့ အခြေအနေက မတည်ငြိမ်သေးဘူး… ဒီလို ဆုံးဖြတ်ချက်မျိုးကို မချသင့်ပါဘူး… ထျန်းရှီနဲ့ ကျိုယိုးမျိုးနွယ်စုတွေဆီကလည်း ဘာသတင်းမှ မလာသေးဘူး… ကျွန်တော်တို့ ခွမ်းရွှယ်က ပထမဆုံး လက်လျှော့တဲ့သူ မဖြစ်သင့်ဘူး… ပြီးတော့ အဲဒီ ဧည့်သည်တော်တွေကိုလည်း မသတ်သင့်ပါဘူး… လူသားတွေနဲ့ နတ်ဆိုးသားရဲတွေဟာ နောင်တစ်ချိန်မှာ ဟွေ့အန်းကို ပြန်တိုက်တဲ့အခါ ကျွန်တော်တို့ အသုံးချနိုင်မယ့် အင်အားစုတွေ ဖြစ်လာနိုင်ပါတယ်… အခု သူတို့ကို သတ်ပစ်လိုက်ရင် အနာဂတ်မှာ သူတို့ဆီက အကူအညီ ရတော့မှာ မဟုတ်ဘူး”
မိုခွမ်းဖုန်းနှင့် မိုခွမ်းရင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြိတ်အနယ် ငြင်းခုံနေကြသည်။ ခွမ်းရွှယ်ဘုရင်သည် အတန်ကြာ စဉ်းစားပြီးနောက် လက်ကာပြလိုက်ရာ နတ်ဆိုးအမျိုးသမီး နှစ်ဦး ချက်ချင်း ထွက်ခွာသွားသည်။
ဘုရင်မှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး
"ငါ ဆုံးဖြတ်ပြီးပြီ… ဟွေ့အန်းနဲ့ ခဏတာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်..."
သူ စကားမဆုံးသေးခင်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ လူတစ်ယောက် အိပ်ဆောင်ထဲသို့ ပြေးဝင်လာပြီး ဒူးထောက်လျက် "သတင်းပို့ပါတယ်… အရှင်မင်းကြီး… အဲဒီ လူသားသူတော်စင်တွေနဲ့ နတ်ဆိုးသားရဲသူတော်စင်တွေက ဟွေ့အန်း သံတမန်ကို လုပ်ကြံလိုက်ပါပြီ”
ဤစကားကို ကြားလိုက်ရသောအခါ ဘုရင်နှင့် အကြံပေးနှစ်ဦးစလုံး ဆွံ့အသွားကြသည်။
ဘယ်လို အခြေအနေမျိုးလဲ။
ဟွေ့အန်းနတ်ဆိုးနိုင်ငံက ဒီတစ်ကြိမ်မှာ နတ်ဆိုးသူတော်စင် ခြောက်ယောက်နဲ့ နတ်ဆိုးစစ်သည် အမြောက်အမြား လွှတ်ထားတာ။
အဲဒီထဲမှာ အညစ်အကြေးဌာန နတ်ဆိုးအရှင်သခင် တစ်ယောက်တောင် ပါသေးတယ်။
သူဟာ ဟွေ့အန်းရဲ့ တကယ့် အာဏာရှိသူ တစ်ယောက်ပဲ။
ဒါကို ဒီဧည့်သည်တော် ငါးယောက်တည်းနဲ့ ဘယ်လိုလုပ် သတ်နိုင်ခဲ့တာလဲ။
မိုခွမ်းဖုန်းက ဟိန်းဟောက်လိုက်သည်။
"အရှင်မင်းကြီး… အဲဒီ ဧည့်သည်တော်တွေက ငါတို့နဲ့ ဟွေ့အန်းရဲ့ ဆက်ဆံရေးကို တမင်ဖျက်ဆီးတာပဲ… သူတို့ကို ချက်ချင်းဖမ်းပြီး အပြစ်ပေးဖို့ လွှဲပေးလိုက်ပါ… ဒါမှ ငြိမ်းချမ်းရေး ဆွေးနွေးမှုက ဆက်သွားနိုင်မှာ”
မိုခွမ်းရင်းကမူ လေးနက်စွာ ဆိုသည်။
"အရှင်မင်းကြီး… ဒါဟာ အခွင့်အရေးပါပဲ… အဲဒီ ဧည့်သည်တော်တွေထဲမှာ တကယ့် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားတွေ ပါနေတာ သေချာတယ်.. အကယ်၍ ငါတို့က လူသားတွေ၊ နတ်ဆိုးသားရဲတွေနဲ့ မဟာမိတ်ဖွဲ့လိုက်မယ်ဆိုရင် ဟွေ့အန်းနတ်ဆိုးနိုင်ငံကို ဘာကြောက်စရာ လိုတော့မှာလဲ”
ခွမ်းရွှယ်ဘုရင် ခဏမျှ စဉ်းစားပြီးနောက်
"အခုချက်ချင်း နားနေဆောင်ကို သွားကြမယ်”
မကြာမီ တစ်နန်းတော်လုံး မီးအလင်းရောင်များဖြင့် ထိန်ထိန်လင်းသွားသည်။
ခွမ်းရွှယ်ဘုရင်သည် သူ၏ စစ်သူကြီးများကို ဦးဆောင်ကာ နားနေဆောင်သို့ ရောက်လာသည်။ ရောက်ရောက်ချင်းမှာပင် မြေပြင်ပေါ်တွင် ပျက်စီးနေသော အပျက်အစီးများကို မြင်လိုက်ရသည်။ အလယ်ဗဟိုတွင်မူ ရှန်မိုနှင့် သူ၏အဖော်များက ဝိုင်းရံပိတ်ဆို့ခံထားရသည်။ သူတို့၏ အပြင်ဘက်တွင် ဟွေ့အန်းနတ်ဆိုးများက ဝိုင်းထားကြပြီး၊ ၎င်းတို့၏ အပြင်ဘက်တွင်မူ ခွမ်းရွှယ်မျိုးနွယ်စုဝင် နတ်ဆိုးများက ထပ်မံ ဝိုင်းရံထားကြသည်။
ဟွေ့အန်းမှ အညစ်အကြေးဌာန နတ်ဆိုးအထွတ်အထိပ် တစ်ယောက်က အော်ဟစ်လိုက်သည်။
"ခွမ်းရွှယ်ဘုရင်… ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ… ဒီလူသားသူတော်စင်တွေနဲ့ နတ်ဆိုးသားရဲသူတော်စင်တွေက ငါတို့ရဲ့ နတ်ဆိုးအရှင်သခင်ကို သတ်လိုက်ကြပြီ… သူတို့ သေကိုသေရမယ်”