← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

41

( ကြမ်းတမ်းသောတိုက်ပွဲ)

“ အဆင့်၇ အစီအမံ အားကိုးနဲ့ မင်းကိုယ်မင်း ကြမ်းလှပြီထင်နေတာလား”

ယန်ဟောက်က အစီအမံအလင်းအနီးမှ ခွာလိုက်ပြီး လုယန်ကို ခပ်မဲ့မဲ့ကြည့်လိုက်သည်။

“ အစီအမံဆိုတာ မတည်မြဲတဲ့အရာပဲ.. ကျင့်ကြံမှုကမှ ထာဝရတည်ရှိမှာ။ အဆုံးမှာ သန်မာသူအစစ်ကပဲ အနိုင်ရလိမ့်မယ်”

လုယန်၏ နှလုံးသားက တဒိန်းဒိန်းခုန်နေသော်လည်း အမူအရာတစ်ချက်မပျက်ဘဲ ပြန်တုံ့ပြန်လိုက်သည်။

“ မင်းကအရမ်းတွေ ယုံကြည်ချက်ရှိနေရင် အထဲဝင်ပြီးတိုက်ခိုက်လို့ရတယ်။ မဟုတ်ဘူးဆိုလဲ လိမ်လိမ်မာမာနဲ့ သောက်ပါးစပ်ပိတ်ပြီး လစ်လိုက်တော့”

“ သေလမ်းရှာတာပဲ”

ယန်ဟောက်က ကောက်ကျစ်စွာပြုံးပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ ထို့နောက် မိုးခြိမ်းသံထက် အဆပေါင်းများစွာ အင်အားကြီးသော အသံတစ်ခုကို အော်ဟစ်လိုက်၏။

ရှန်းဝူဂိုဏ်း၏ ထို ဟင်းလင်းပြင်ဖြိုခွဲနတ်အသံသိုင်းက လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် ကောင်းကင်နှင့်မြေကြီးကြားက စိတ်ဝိညာဥ် စွမ်းအင်ကို စုပ်ယူကာ ရှန်းဝူဂိုဏ်း၏ ထူးကဲအဆင့်သုံး ချီစွမ်းအင်ဖြင့် ပေါင်းစည်းပြီး တစ်ချက်ထဲဖြင့် အကုန်ပစ်လွှတ်ခြင်းဖြစ်သည်။ ထိုအသံလှိုင်းသက်ရောက်မှုမှာ မိုင်တစ်သောင်းအတွင်းရှိ အရာအားလုံး အမှုန့်အဖြစ် ပျောက်ကွယ်ရလိမ့်မည်။

ထိုနတ်အသံက အစီအရင်ကို ချက်ချင်း ရိုက်ခတ်သွားသည်.. အစီအမံအလင်းပေါ်က ထွင်းစာတွေပြိုကွဲသွားပြီး အရိုးတပ်သားတွေပင် ပေါ်လာတော့သည်။ အစီအမံက တဖြည်းဖြည်း အားနည်းချက် ပြလာချိန်မှာပဲ ယန်ဟောက်က ဝိုင်းစက်သော ကြေးမုံတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

“ ထိုက်ရှီကြေးမုံ၊ လှုပ်ရှားစေ”

သူ အသက်သွင်းလိုက်သည်နှင့် ထိုက်ရှီကြေးမုံက လေပေါ်ပျံတက်သွားပြီး အပေါ်ဘက်ကနေ အသံလှိုင်းကို အလင်းပြလိုက်သည်။ အသံလှိုင်း၏ စွမ်းအင်နှုန်းက ပိုအားကောင်းသွားကာ အစီအမံကို အတင်းအကျပ် တိုက်ခိုက်တော့သည်။

အရိုးဈေးကြီးတစ်ခုလုံး တုန်ယင်လာလေကာ.. အစီအမံအစွန်းပိုင်းနားမှာ ရပ်နေသော ကျင့်ကြံသူတွေအားလုံး ကြောက်လန့်တကြား အနောက်လှည့်ပြေးလေတော့သည်။

ဖေးရှလည်း မျက်နှာကြီး ဖြူစွတ်သွား၏။ သူမက ချက်ချင်းပဲ ကြောင်အမ်းအမ်းရပ်နေသော လုယွမ်ချန်းကို ခပ်စူးစူး လှမ်းအော်လိုက်တော့သည်။

“ မောင်လေးလုကြောင့်သာ မဟုတ်ဘူးဆိုရင် နင်မြို့ပြင်မှာသေနေလောက်ပြီ၊ ဒီပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူပြီး နင်ထွက်ပြေးရဲပြေးကြည့်လိုက်။ ငါအရင်ဆုံး နင့်ကိုလာသတ်မယ်”

“ ညီမလေးဖေးရှ၊ အထင်လွဲတာပါ”

ဖေးရှ၏ လူသတ်လိုစိတ်အပြည့်နှင့် အကြည့်စူးစူးကြောင့် လုယွမ်ချန်း တစ်ယောက် မကောင်းတဲ့အတွေးတွေ အားလုံးကို ရပ်တန့်လိုက်ရပြီး အနေခက်စွာ ပြုံးပြလိုက်တော့သည်။

ထိုသို့ဖြင့် ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူနှစ်ယောက်၏ ပံ့ပိုးမှုကြောင့် အရိုးဈေးက ပြန်တည်ငြိမ်လာခဲ့သည်။ သို့ပေမဲ့ ဒါက ယာယီဖြေရှင်းချက်ဆိုတာကို အားလုံး နားလည်ပါသည်။

တိုက်ပွဲရလဒ်အစစ်က လုယန်နှင့် ယန်ဟောက်၏ တိုက်ခိုက်မှုကိုကြည့်ပြီးပဲ ထွက်ပေါ်လာလိမ့်မည်။ ဖေးရှလည်း လုယန်ကိုပဲ ယုံကြည်နိုင်ပါတော့သည်။

လုယန်က ဤအခြေအနေကို ဖောက်ထွက်နိုင်မည်ဟု သူမ အပြည့်အဝ ယုံကြည်သည်။

“ ဒါက.. စိတ်ဝိညာဥ် ရတနာလား”

လေထဲက ကြေးမုံဝိုင်းကြောင့် လုယန် အနည်းငယ် မျက်နှာပျက်သွားပြီး

“ ဒါက ကမ္ဘာ့ယင်စွမ်းအင်ကို စုပ်ယူတဲ့ အဆင့်မြင့်စိတ်ဝိညာဥ် ရတနာမလား.. ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို ဖျက်ဆီးဖို့ အထူးဖန်တီးထားတာ”

ယန်ဟောက်က စိတ်လိုလက်ရ ရယ်မောလိုက်ပြီး ဂုဏ်ယူစွာ ရှင်းပြလာသည်။

“ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက အရိုးမြို့ကို ကာကွယ်ပေးထားတာ ဒီလောက်ကြာပြီ။ ငါတို့ဂိုဏ်းက တိုက်ခိုက်တဲ့အချိန်မှာ မပြင်ဆင်ဘဲ လာခဲ့မယ် ထင်နေသလား”

“ ထိုက်ရှီကြေးမုံနဲ့ဆိုရင် မင်းတို့သေချာပေါက် သေရမှာပဲ”

ဤ စိတ်ဝိညာဥ်ရတနာကို ရှန်းဝူဂိုဏ်း၏ အခြေခံတည်ထောင်ခြင်းနယ်ပယ် သခင်ကြီးတစ်ယောက်က ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို ဖျက်ဆီးရန်အတွက် အထူးသန့်စင်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ထိုရတနာ၏အစွမ်းကို အထင်သေး၍ မရပါချေ။

လုယန်၏ မျက်နှာက ချက်ချင်း မည်းမှောင်းသွားသည်။ သူ စကားတစ်ခွန်းမှ ပြန်မပြောတော့ဘဲ လှည့်ထွက်သွားလိုက်၏။

“ ဟမ့်၊ ပြေးချင်တာလား”

ယန်ဟောက်ကလည်း အချိန်မဆွဲပေ။ သူချက်ချင်း လေပေါ်ခုန်လိုက်ပြီး အသံလှိုင်းနောက်တစ်ခုထုတ်လိုက်သည်.. အရိုးတပ်သားတွေပြိုကွဲပြီး အက်ကြောင်းပေါ်လာတာနှင့် လုယန်အနောက်ကို လိုက်သွား၏။

သို့ပေမဲ့..မထင်ထားသော အရာတစ်ခု ဖြစ်သွားလေသည်။

ယန်ဟောက် အစီအမံအတွင်း ခြေချလိုက်သည်နှင့် သူ့မျက်နှာ အမူအရာက ပြောင်းလဲသွားကာ၊ ချက်ချင်း အပြင်ပြန်ထွက်ဖို့ ကြိုးစားတော့သည်.. သို့ပေမဲ့ သူပိတ်မိသွားပြီး ကြက်သွေးရောင်ထွင်းစာတစ်ချို့ ပျံဝဲလာတာကိုသာ မြင်လိုက်ရလေသည်။

“ မင်းတကယ်ကြီး ဝင်လာရဲမယ် မထင်ထားဘူး”

လုယန်ကလည်း ထိုအချိန်မှာ ထွက်ပြေးနေတာကို ရပ်လိုက်ပြီး ယန်ဟောက်ကို ကြည့်လာပါသည်.. သူ့မျက်နှာပေါ်က ကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားကာ ဆိုးညစ်သောအပြုံးတစ်ခုက နေရာဝင်ယူထားလေရဲ့။

“ မဖြစ်နိုင်ဘူး”

ယန်ဟောက် မျက်စံတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သံသယအပြည့်ဖြင့် ပြောလိုက်သည်။

“ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို ငါ့ရဲ့ ထိုက်ရှီကြေးမုံက ဖျက်ဆီးလိုက်ပြီ.. ဒါပေမဲ့ ဘာလို့နောက်ထပ် အစီအမံတစ်ခု ပေါ်လာရတာလဲ။ အရိုးဈေးမှာ ဒုတိယအစီအမံတစ်ခု ရှိနေတာလား။ ဘယ်နေရာက ရောက်လာတာလဲ။ ငါဘာလို့ အစီအမံချတဲ့ ဘာသတင်းမှ မကြားခဲ့ရတာလဲ”

“ ဘာလို့ဆိုရင် ငါကဘာအစီအမံမှ ချဖို့မလိုအပ်လို့လေ”

လုယန် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သူ၏ သွေးလွှမ်းမိုးခြင်းအစီအမံက အစီအမံရတနာဖြစ်သော သွေးယန်ဓားအပေါ်မှာပဲ မူတည်နေတာပင်။ အတွေးတစ်ချက်နှင့် အစီအမံကို ဖန်တီးနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်မည်တဲ့လား..

နောက်တစ်စက္ကန့်မှာပဲ လုယန်၏ လက်ထဲကို ချီဝိညာဥ်တစ်သောင်းစာလိပ် ထွက်ပေါ်လာသည်။

ထိုစာလိပ်ကို လှုပ်ရှားလိုက်သည်နှင့် အထဲကနေ မရေမတွက်နိုင်သော ဝိညာဥ်တွေ ထွက်လာကြကာ အစီအမံ မျက်လုံးနေရာ အသီးသီး၌ နေရာ ဝင်ယူလိုက်ကြသည်။

လုယန်က အစတည်းက ချီဝိညာဥ်တစ်သောင်း စာလိပ်ကို အစီအမံနှင့် တွဲသုံးဖို့ စီစဥ်ထားတာပင်။ ထိုသို့ဖြင့် ဝိညာဥ်တွေ၏ အားဖြည့်မှုကြောင့် အစီအမံက ပိုမိုနက်ရှိုင်းကာ ဆန်းကြယ်သွားသည်။ နောက်တစ်စက္ကန့်မှာပဲ ကောင်းကင်တစ်ခုလုံး အနီရောင်ပြောင်းသွားပြီး တောင်ဘက်မှ သွေးနီရောင်လှိုင်းလုံးတွေက မြောက်ဘက်အထိ အပြည့် ဝင်ရောက်လာကာ ယန်ဟောက်ကို လွှမ်းမိုးပစ်လိုက်သည်။

ယန်ဟောက် တစ်ကိုယ်လုံး တောင့်တင်းသွားလေရဲ့..

ကောင်းကင်သွေးနတ်ဆိုးအလင်းကို အစီအမံထဲမှာ သူဘယ်လိုမှ ရှောင်တိမ်းလို့ မရတော့ပေ။ သူ့၏ ပြင်းထန်နေသော ချီစွမ်းအင်က ခန္ဓာကိုယ်ကနေ အလွန်လျှင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်နေမှန်း ခံစားမိလိုက်တော့သည်။

သူ ချက်ချင်းပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ ထျန်းကွမ်အရှင်၊ ကယ်ပါအုံး”

နေရောင်အောက်မှာ ယန်ဟောက်၏ သံချပ်ကာက ရွှေအိုရောင်လင်းလက်လာပြီး အလွန်ကောင်းမွန်သော စိတ်ဝိညာဥ်အလင်း အဆင့်ဆင့်က သူ့ကို လွှမ်းမိုးလိုက်သည်။ ထိုအလင်းတွေက ကောင်းကင်သွေးနတ်ဆိုးအလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။

ထျန်းကွမ်သံချပ်ကာ.. စိတ်ဝိညာဥ်ရတနာ။

ထိုရတနာကို နတ်ဆိုးဖမ်းစားကောင်းကင်အလင်းမှ ဖန်တီးထားသည်ဖြစ်ရာ၊ သူ့မှာ သဘာဝအလျောက် ကောင်းကင်သွေးနတ်ဆိုးအလင်းကို တိုက်ခိုက်နိုင်စွမ်းရှိပြီး အလင်းနှစ်ခု၏ တိုက်ခိုက်မှုက သရေအနေအထားမှာ ရှိသည်။

အခုမှပဲ ယန်ဟောက်က စိတ်သက်သာစွာ သက်ပြင်းချလိုက်တော့သည်။

သူ၏ ကောင်းမွန်သော ကျင့်ကြံမှုအပြင်၊ ထိုက်ရှီကြေးမုံကော၊ ထျန်းကွမ်သံချပ်ကာ ကောကပါ ကာကွယ်နေသည်ဖြစ်ရာ၊ လက်ရှိအခြေအနေမှာ သူ့အတွက် ရှုံးနိမ့်ဖို့ မဖြစ်နိုင်တော့ပါချေ။

“ အခုငါလဲ မလွတ်မြောက်နိုင်ဘူး”

ယန်ဟောက်၏ မျက်လုံးတွေက နီရဲနေသည်။ သူ့မှာ ထွက်ပြေးဖို့လဲ အစီအစဥ်မရှိပါချေ။ ထိုအစားသူက အစီအမံထဲမှာ ရှိနေဆဲဖြစ်သော လုယန်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

“.. ပြန်တိုက်ရုံပေါ့လေ”

စစ်မှန်တပည့်တစ်ယောက်အနေနှင့် သူ့မှာ ပြတ်သားသော စိတ်ဓာတ်ရှိသည်.. ထို့အပြင် အခက်အခဲထဲမှာ ပိတ်မိနေလျှင် ရဲရင့်သူကပဲ အနိုင်ရတတ်သော သဘာဝကိုလည်း နားလည်သည်။ သူသာ အခုထွက်ပြေးဖို့ ရွေးချယ်လိုက်ပါက၊ လုယန်ဆီမှာ ဖြည်းဖြည်းချင်း နှိပ်စက်ခံရပြီး သေဆုံးရမည်။ အစီအမံကိုဖျက်ဆီးချင်လျှင် သူအရင်ဦးဆုံး လုယန်ကို သတ်ဖို့လိုအပ်လေသည်။ လုယန် သေတာနှင့် အစီအမံကလည်း အားဖျော့သွားမည်ပင်။

ဝုန်း

ထျန်းကွမ်သံချပ်သာ အကာအကွယ်ဖြင့် ယန်ဟောက်က လုယန်ရှိရာကို တဟုန်ထိုးပြေးဝင်သွားသည်။ သူ၏ ချွန်မြသော လှံထိပ်က လုယန်၏ လက်ထဲက ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ချိန်ရွယ်ထား၏။

“ ဒီစာလိပ်က အစီအမံဗဟိုချက် ဖြစ်မဲ့ပုံပဲ။ မင်းကိုမသတ်နိုင်ရင်တောင် ဒီပစ္စည်းကို ဖျက်ဆီးလိုက်ရင် အစီအမံပျက်သွားလိမ့်မယ်”

“ အဲ့လိုလား..ကောင်းပြီ၊ လာလေ”

လုယန်က ချီဝိညာဥ်တစ်သောင်းစာလိပ်ကို အပေါ်မြှောက်ပြနေရင်းမှ ရုတ်ချည်းပျောက်ကွယ်သွားသည်။ ယန်ဟောက် တစ်ယောက်သာ အိပ်မက်မှ မနိုးထသေးသလိုမျိုး ကြောင်အမ်းအမ်း ကျန်နေခဲ့သည်။

နောက်တစ်စက္ကန့်မှာပဲ..

“ သေစမ်း”

လုယန်၏ အထူးအခြေအနေမှာ အသုံးပြုသော ဝှက်ဖဲဖြစ်သည့် သတ်ဖြတ်ခြင်းကျိန်စာကို လျိုရှင်းက အလွန်ကျယ်လောင်စွာ အမိန့်ပေးပြီး အသုံးပြုလိုက်သည်။

လျိုရှင်းကို ချီဝိညာဥ်တစ်သောင်းစာလိပ်၏ ဝိညာဥ်အဖြစ် ထူးထူးခြားခြား ဆက်ဆံဖို့ မလိုအပ်ဘူးဟု လုယန်က ထင်သည်.. စာလိပ်၏ဝိညာဥ်များက မသေနိုင်တော့သည့်အတွက် သူတို့၏ စစ်မှန်သောဝိညာဥ်ကို မဖျက်ဆီးပစ်သရွေ့ စွမ်းအင်တစ်ချို့ အသုံးပြုလိုက်လျှင် သူတို့ကို ပြန်ဆင့်ခေါ်လို့ရသည်ပင်။ ထို့ကြောင့် အဆင်ပြေပြေ အသုံးချပေးရမည်မလား။

ထို့ကြောင့် လုယန်က သူတို့ကို သတ်ဖြတ်ခြင်း ကျိန်စာသိုင်း သင်ပေးခဲ့သည်။

သူတို့က ပြန်ရှင်သန်နိုင်သည့်အတွက် သူတို့ကို ဖျက်ဆီးစေရင်း ရန်သူကိုတိုက်ခိုက်မှသာ အကုန်လုံးကို မှန်ကန်စွာအသုံးပြုနိုင်မည် ဖြစ်သည်။

ချက်ချင်းပင်.. ပေါက်ကွဲထွက်လာသော စိတ်ဝိညာဥ်စွမ်းအင်များက ပတ်ဝန်းကျင်ကို လွှမ်းခြုံပစ်လိုက်သည်။

လျိုရှင်း၏ ဝိညာဥ်ကိုယ်ထည်က အငွေ့အဖြစ် ပျောက်ကွယ်သွားချိန်မှာ ယန်ဟောက် သည်လည်း အလွန်မည်းမှောင်သော မျက်နှာထားဖြင့် လေထဲမှာ မလှုပ်ရှားနိုင်ဘဲ ရပ်နေရသည်။

သူသည် အများကြီးပေးဆပ်ခဲ့ရသည်.. သူ့မှာ ကြီးမြတ်သောနတ်စွမ်းအင်ကို ထုတ်ပေးနိုင်သည့် အဆင့်မြင့်သိုင်းများလည်း ရှိသလို စိတ်ဝိညာဥ်ရတနာတွေလည်း ရှိသည်။ သူ၏ ကျင့်ကြံဆင့်က အများကြီးပိုသန်မာသည်။ သို့ပေမဲ့ သူ၏ အားသာချက်တွေအားလုံးက ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူတစ်ယောက် အရှေ့မှာ အကျိုးမဲ့သွားတာလား။

သူ၏ စွမ်းအင်တွေပဲ ကုန်ဆုံးသွားရတာလား။

“ ဒီပုံစံအတိုင်းဆို ငါဒီမှာတကယ်သေသွားလိမ့်မယ်”

ယန်ဟောက်၏ မျက်နှာက အနည်းငယ် ကြောက်ဖို့ကောင်းသွားသည်။ သူက ချက်ချင်းပဲ လက်ဟန်ပြုလိုက်သည့်အတွက် ထျန်းကွမ်သံချပ်ကာက စတင်လှုပ်ယမ်းလာတော့၏။

“ ဒါက… မကောင်းတော့ဘူး”

ထိုမြင်ကွင်းကြောင့် လုယန်လည်း မျက်နှာပျက်သွားပါသည်။ သူ ချက်ချင်းပဲ လွတ်မြောက်အလင်းဖြင့် သွေးယန်ဓားအနောက်မှာ ဝင်ရပ်လိုက်ကာ သူ့ကို ကာကွယ်နိုင်ရန် သွေးအရိပ်ကို ဆင့်ခေါ်လိုက်သည်။

ဝုန်း..ဒုန်း

ထျန်းကွမ်သံချပ်ကာက.. ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်လိုက်လေပြီ။

ရှောင်ရှစ်ယီ တိုက်ခိုက်တုန်းက တစ်ခါတွေ့ခဲ့ရသည့်အတိုင်းပဲ အဘက်ဘက်ကို ပျံ့လွင့်လာသော မျက်စိကျိန်းလောက်စရာအလင်းက အရာအားလုံးကို တိုက်စားသွားသည်။ လုယန်၏ သွေးလွှမ်းမိုးအစီအမံကျိုးပျက်ပြီး အပြာရောင်ကောင်းကင်ကြီး ပြန်ပေါ်ထွက်လာသည်။

လုယန် အမြန်သွားပြီး အစီအမံကို ပိတ်ချဖို့ကြိုးစားခဲ့ပါသော်လည်း ယန်ဟောက်က ပိုမြန်သောအရှိန်ဖြင့် အစီအမံဗဟိုချက်မှာ ဖောက်ခွဲပစ်လိုက်တာပင်။ သူ နောက်ဆုံးအနေဖြင့် ကောင်းကင်သွေးနတ်ဆိုးအလင်းကိုပဲ ထုတ်နိုင်ခဲ့ပြီး သူ၏အစွမ်းသုံးဆယ်ရာခိုင်နှုန်း ပေးဆပ်လိုက်ရကာ အများကြီးထိခိုက်သွားသည်။

“ မင်းကများ ငါ့ရဲ့ ရတနာကို ဖျက်ဆီးခဲ့တယ်.. ငါမင်းကို အပိုင်းပိုင်းမလုပ်ရမချင်း ဒီအမုန်းတွေ မကျေစေရဘူး”

လုယန်၏အသံကိုကြားရသောအခါ ယန်ဟောက် ကလည်း အရိုးဈေး အဝင်ဝကနေ ဒေါသထွက်နေသော မျက်နှာဖြင့် လှမ်းကြည့်လာသည်။ သူက နောက်ဆုံးလက်ကျန် ချီစွမ်းအင်တွေကို ထိုက်ရှီကြေးမုံထဲကို ပစ်သွင်းလိုက်ပြီး.. ထိုက်ရှီကြေးမုံကိုပါ တုန်ယင်စေလိုက်တော့သည်။

.

“ ငါ့ရဲ့နောက်ထပ် စိတ်ဝိညာဥ်ရတနာကိုပါ ဖျက်ဆီးပစ်မယ်၊ မင်းဘာထပ်လုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့”

…

Ch 42

( ဝိညာဥ်ဖမ်းဆုတ်ခြင်း)

ဝုန်း

ကျယ်လောင်သံ အသံတစ်ချက်အပြီးမှာ ပိုများသော စိတ်ဝိညာဥ်စွမ်းအင် လှိုင်းလုံးကြီး လှိုက်တက်လာတာကို မြင်လိုက်ရသည်။ ယန်ဟောက်၏ မျက်လုံးတွေက နီရဲနေကာ၊ အစွမ်းကုန် တိုက်ခိုက်နေမှန်း သိသာပါသည်။

ရှန်းဝူဂိုဏ်း၏ ဝူကျစ်ချုံးနဲ့ ထျန်းမူယွင် ဘေးမှ ရပ်ကြည့်မနေနိုင်တော့ပေ။

“ ဂိုဏ်းတူအကိုယန်”

ဝူကျစ်ချုံးက ရှေ့တစ်လှမ်းတိုးလိုက်ပြီး အနည်းငယ် အခက်တွေ့နေသောမျက်နှာဖြင့် ပြောလိုက်လေသည်..

“ ထိုက်ရှီကြေးမုံက အရေးပါတဲ့ပစ္စည်းတစ်ခုပါ..”

“ ငါသိတယ်”

ဝူကျစ်ချုံးကို ယန်ဟောက် လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲက ဒေါသတွေက အနည်းငယ် အားဖျော့သွားလေကာ..

“ ဒါပေမဲ့ ဒီအစီအမံထဲက သူတောင်းစားက ပိုအရေးကြီးတယ်၊ အသက်ကငယ်သေးတဲ့အပြင် အစီအမံပညာရပ်မှာ ဆရာတစ်ဆူဖြစ်နေသေးတယ်။ ကျင့်ကြံဆင့်ကလဲ မနိမ့်ဘူး။ ချီအသွင်ပြောင်းခြင်းပြီးပြည့်စုံနယ်ပယ်ကို အဆင့်တက်နိုင်ခဲ့ရင် မကြာခင်မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်လာနိုင်မှာပဲ”

“ နတ်ဆိုးဂိုဏ်းရဲ့ အခြေခံတည်ထောင်ခြင်းနယ်ပယ် အလောင်းအလျာကိုသာ သတ်နိုင်မယ်ဆိုရင် ထိုက်ရှီကြေးမုံကို ဖျက်ဆီးရတာ တန်တယ်”

ဘိ

လေထဲက ထိုက်ရှီကြေးမုံက သဘောမတူစွာ အကြမ်းပတမ်း လှုပ်ယမ်းလာသည်။

သို့ပေမဲ့ ယန်ဟောက်က ဂရုမစိုက်ပါချေ။ ထိုစိတ်ဝိညာဥ်ရတနာကို အသုံးဝင်သည့်အချိန်မှာ သခင်ကြီးဆိုပြီး တရိုတသေခေါ်ခဲ့ပေမဲ့ အသုံးမဝင်တော့လျှင် ဘာတွေ တွေးတောနေရမည်နည်း။

ယန်ဟောက်၏ စိတ်ပိုင်းဖြတ်ထားပုံကြောင့် ဝူကျစ်ချုံး သက်ပြင်းအသာ ချလိုက်တော့သည်။ ယန်ဟောက်က ဒီတစ်ခေါက်စစ်ပွဲအတွက် ရှန်းဝူဂိုဏ်း၏ တာဝန်ရှိသူဖြစ်သည်။ သူတောင် အကျိုးဆက်ကို တာဝန်ခံဖို့စိတ်ပိုင်းဖြတ်ထားမှတော့ သူ ဘာမှ မပြောလိုတော့ပေ။

ထိုအချိန်တွင် အရိုးဈေးထဲ၌..

လုယန်သည် အများကြီးထိခိုက်ထားသော သွေးယန်ဓားကို သိမ်းဆည်းလိုက်ပြီး ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လက်မှာ ကိုင်ထားကာ ယန်ဟောက်ကို ကြည့်နေခဲ့သည်။ သူ၏ မျက်နှာက အဓိပ္ပါယ်ဖော်မရပါချေ။

“ မောင်လေးလု မသေသေးဘူးလား”

ဖေးရှနှင့် လုယွမ်ချန်း ချက်ချင်း အနားရောက်လာခဲ့သည်။ သူတို့တွေ အံ့သြနေကြသလို လုယန်၏ အစွမ်းကိုလည်း တစ်ချိန်ထဲမှာ လေးစားသွားကြသည်။

“ ညီလေးလုက တကယ် ထူးချွန်တာပဲ” လုယွမ်ချန်း အံ့သြတကြီး ပြောလိုက်သည်။

“ ယန်ဟောက်ကို မောင်းထုတ်လိုက်နိုင်တဲ့အတွက် အရိုးဈေးက ခဏတာ လုံခြုံသွားပြီ၊ ဂိုဏ်းဘက်က စစ်ကူလွှတ်ပေးမှာကို စောင့်ရင်း အကိုတို့ တောင့်ခံနိုင်မှာပါ”

“ မောင်းထုတ်နိုင်တယ်ဟုတ်လား.. အဲ့လိုပြောဖို့ စောလွန်းသေးတယ်”.

လုယန် ခေါင်းယမ်းလိုက်သည်။

“ မဟုတ်လို့လား၊ ယန်ဟောက်ရဲ့ လက်ရှိအခြေအနေအရ သူ့မှာချီစွမ်းအင်တွေလည်း တော်တော်ကုန်နေပြီ၊ ပြီးတော့ ဒဏ်ရာအပြင်းအထန်လည်း ရထားသေးတယ်၊ ဒီလောက်ဆို သူ မှတ်လောက်သားလောက် ရှိသွားပါပြီ”

ဖေးရှ နဲ့ လုယွမ်ချန်းက ရယ်မောလိုက်ကြသည်။

သို့ပေမဲ့ ထိုနှစ်ယောက်ကို လုယန် ခပ်မဲ့မဲ့ကြည့်ပြီး ပြောလိုက်လေ၏။

“ အဲ့ကောင်ကို အပြင်မောင်းထုတ်လိုက်ရုံနဲ့ ဖြေရှင်းချက်တစ်ခုဖြစ်လာမှာလား။ ကျုပ်က ပြဿနာကောင်တွေကို ဒီတိုင်းထားရတာ မကြိုက်ဘူး”

“ ရိုးရိုးရှင်းရှင်း သတ်ပစ်လိုက်တာက ပိုခေါင်းအေးတယ်”

“ သတ်..သတ်မယ်၊ ဘယ်သူ့ကိုလဲ”

“ ယန်ဟောက် ကိုလား”

ဖေးရှနဲ့ လုယွမ်ချန်း မှင်သက်သွားလေသည်.. သူတို့တွေ၏ စိတ်ကူးထဲမှာ ထိုကဲ့သို့သော မြင်ကွင်းကို ပုံတောင် မဖော်ရဲခဲ့ပေ။

ယန်ဟောက်က ရှန်းဝူဂိုဏ်း၏ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် စစ်မှန်တပည့်ပဲ..

ဘယ်သူက ဘယ်သူ့ကို သတ်မယ်လို့ ပြောလိုက်တာလဲ.. ထိုအရာက ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။

လုယန် ထိုအချိန်မှာပဲ လုယွမ်ချန်း ပေးခဲ့သော ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားကို ထုတ်လိုက်သည်။ သူ ချက်ချင်း ချီစွမ်းအင် အသက်သွင်းကာ လက်ဖဝါးထက်မှာ လည်ပတ်စေလိုက်သည်။

လုယန်၏ ထိန်းချုပ်မှုအောက်မှာ ထိုရတနာက တဖြည်းဖြည်း အရည်ပျော်ကျလာပြီး ဖြူစွတ်နေသော အလင်းအဖြစ် ပြောင်းသွားကာ၊ နောက်ဆုံး ဖောက်ထွင်းမြင်နိုင်သော ကြေးမုံမှန်တစ်ခု ပေါ်လာခဲ့သည်။ ကြေးမုံမှန်၏ အလင်းအောက်မှာ ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ပုံရိပ်တွေအများကြီး လျှင်မြန်စွာ ထွက်ပေါ်လာသည်။

သို့ပေမဲ့ ထိုပုံရိပ်များကို လုယန်တစ်ယောက်ထဲ မြင်နိုင်လေသည်။

ဖေးရှ၊ လုယွမ်ချန်း၊ ဝူကျစ်ချုံး၊ ထျန်းမူယွင်နဲ့ ယန်ဟောက်.. အကုန်လုံး၏ ဒီနေရာမှာရှိနေသော ချီစွမ်းအင်ကို အသုံးပြုပြီး လုယန် အရိပ်ပုံရိပ်တွေကို ဖန်တီးခဲ့လိုက်သည်။

“ အရိပ်ဖမ်းသိုင်းတဲ့လား”

အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ သိုင်းခွဲသုံးခုထဲက တစ်ခုဖြစ်သော အရိပ်ဖမ်းသိုင်းက ပြင်ပ ရတနာတစ်ခုအပေါ်ပဲ မှီခိုနေသည့်အတွက် လုယန် ချက်ချင်း တတ်မြှောက်ခဲ့သည်..

“ စမ်းကြည့်တာပေါ့လေ”

လုယန် မျက်လွှာချလိုက်ပြီး ယန်ဟောက်၏ ဝိညာဥ်အရိပ်ကို အကြည့်ပို့လိုက်ကာ.. အရိပ်ဖမ်းသိုင်းဖြင့် ဖမ်းဆုတ်လိုက်သည်။

“ အရိပ်ဖမ်းဆုတ်ခြင်း”

လုယန် အမိန့်ပေးလိုက်သည်နှင့် ကြေးမုံထဲမှ အလင်းတန်းတွေ ထွက်လာပြီး ယန်ဟောက်၏ ဝိညာဥ်အရိပ်ကို လွှမ်းခြုံပစ်လိုက်သည်.. ယန်ဟောက်၏ ဝိညာဥ်အရိပ်က ချက်ချင်း အလင်းပြန်သွားလေသည်။

“.. ဝိညာဥ်အမိန့်ပေးခြင်း”

လုယန် လက်ညိုးနဲ့ လက်ခလယ်ကို လေပေါ်မြှောက်လိုက်ပြီး ဆွဲခွာလိုက်သည်.. ချက်ချင်းဆိုသလို ဝိညာဥ်အရိပ်က အလယ်တည့်တည့်ကနေ ဘယ်တစ်ပိုင်း၊ ညာတစ်ပိုင်း ဟက်တက်ကွဲသွားလေသည်..

ထိုအချိန်မှာ အပြင်ဘက်က ယန်ဟောက်က ဝူကျစ်ချုံးနဲ့ စကားပြောလို့ပြီးသွား၍ ထိုက်ရှီကြေးမုံကို လေပေါ်တက်သွားစေရန် အမိန့်ပေးနေခဲ့သည်။

ထိုက်ရှီကြေးမုံက အကြမ်းပတမ်းတုန်ယင်နေသော်လည်း ယန်ဟောက်က ပြတ်သားသော စိတ်ဖြင့် အမိန့်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

သို့ပေမဲ့.. သူ၏ပုံရိပ်က ရုတ်ချည်းတောင့်တင်သွားလေရဲ့။

ထူးဆန်းသော ဓားချက်တစ်ခုက သူ့ခေါင်းထိပ်မှာ ရုတ်တရက်ပေါ်လာပြီး သူ မတုံ့ပြန်နိုင်ခင်မှာပဲ အလွန်လျှင်မြန်သော အရှိန်ဖြင့် အောက်ဆင်းသွားသည်.. သွေးများ ဖွာခနဲ ပျံ့ကျဲသွားကာ.. ဟောက်အိုးယန် နှစ်ပိုင်းပြတ်လေပြီ။

ခန္ဓာကိုယ်နှစ်ပိုင်းက မြေပြင်၏ တစ်ဖက်တစ်ချက်ကို ဘုတ်ခနဲ ပြုတ်ကျသွားသည်။ သူ၏ မျက်နှာတစ်ပိုင်းက အံ့သြမှုကြောင့် မျက်လုံးကြီး ပြူးထွက်နေကာ၊ လျှင်မြန်လွန်းသည့် အဖြစ်အပျက်ကို လိုက်မမှီလိုက်ဟန်ပဲ။

“ ဘာဖြစ်သွားတာလဲ.. ငါ.. သေပြီလား”

ရှုတ်ထွေးလွန်းစွာဖြင့် ယန်ဟောက် အသိစိတ် ပျောက်ကွယ်သွားတော့သည်။

ယန်ဟောက်၏ ထိန်းချုပ်မှု ပျောက်ကွယ်သွားသောကြောင့် လေထဲက ထိုက်ရှီကြေးမုံလည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။ လုယန် လက်တစ်ဖက်ဖြင့် အမိန့်ပေးလိုက်ချိန်မှာ ထိုက်ရှီကြေးမုံက နာခံစွာ ပျံသန်းလာ၏။

….

မြောက်ပိုင်းနယ်မြေ ရှန်းဝူဂိုဏ်း၏ မီးတွေထိန်းလင်းနေသော ခန်းမတစ်ခုအတွင်းမှာ..

ထိုခန်းမကို ဝိညာဥ်မီးတောက်ခန်းမဟု ခေါ်တွင်လေပြီး နာမည်အတိုင်းပဲ ရှန်းဝူဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် အပါအဝင် အကြီးအကဲများနှင့် စစ်မှန်တပည့်များ၏ ဝိညာဥ်မီးအိမ်ကို သိမ်းဆည်းထားသည်။

မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို ရှန်းဝူဂိုဏ်းက နှစ်တစ်ထောင်ကျော် အုပ်ချုပ်ခဲ့ပြီး၊ ပြည်သူတွေကြားမှာ ဂုဏ်သတင်းကောင်းသည်။ အဆင့်မြင့်ဂိုဏ်းသားတွေ သေဆုံးမှုက အလွန်ရှားပါးသောကြောင့် ဝိညာဥ်မီးတောက်ခန်းမကို စောင့်ကြပ်ရသော တာဝန်က အပျင်းခိုလို့ရပြီး တပည့်တွေ အပျော်ရွှင်ဆုံး.တာဝန်တစ်ခုပင်။

ယနေ့မှာလည်း ပုံမှန်လိုမျိုး တာဝန်ကျ တပည့်တစ်ယောက်က အပေါက်ဝကနေ မျက်လုံးဖြင့် တစ်ချက်စစ်လိုက်သည်။

“ လင်း၊ လင်း၊ လင်း၊ ငြိမ်း၊ လင်း..”

“ ဟမ်”.

ထိုတပည့်က မျက်တောင်တဖြတ်ဖြတ် ခတ်သွားသည်။ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ပြီးမှ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြန်သည်.. သို့သော် သူ၏ မျက်နှာက ပျင်းတိပျင်းရွဲ့အနေအထားကနေ ချက်ချင်း ကြောက်လန့်တကြား ဖြစ်သွားလေကာ

“ငြိမ်း.. ငြိမ်းနေတယ်၊ ဂိုဏ်းတူအကိုယန်ရဲ့ ဝိညာဥ်မီးတောက် ငြိမ်းသွားပြီ”

ကျယ်လောင်သော အော်သံကြီး ဟိန်းထွက်သွားပြီး ချက်ချင်းဆိုသလိုပင်.. သတ်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးတစ်ယောက် ရုတ်ချည်း ပေါ်လာသည်။ ငြိမ်းသက်သွားသော ဝိညာဥ်မီးတောက်ကို ကြည့်နေရင်းမှ သူ့မျက်နှာက အံ့သြမှုနှင့် ဒေါသတွေ ဝင်ရောက်လာသည်။

နှစ် ဘယ်လောက်တောင် ရှိခဲ့ပြီလဲ.. ရှန်းဝူဂိုဏ်း၏ စစ်မှန်တပည့်တွေ ထိခိုက်မှု မရှိခဲ့တာ နှစ်ဘယ်လောက်တောင် ရှိသွားပြီလဲ။

“ ယန်ဟောက်.. အရိုးတောင်”

သတ်လတ်ပိုင်းလူကြီး၏ မျက်နှာက မည်းမှောင်သွားပြီး ယန်ဟောက်၏ ဝိညာဥ်မီးအိမ်ကို ဆွဲယူကာ ပြန်အသက်သွင်းဖို့ ကြိုးစားသည်.. သေချာပေါက် သေသောသူကို ပြန်ရှင်အောင် မစွမ်းနိုင်ပါချေ။

ဝိညာဥ်မီးအိမ်က ပြန်လင်းလာလျှင်တောင်မှ မသေဆုံးခင်ကာလက မှတ်ဉာဏ်ကိုပဲ ဖော်ပြပေးနိုင်သည်။ မကြာခင်မှာ မီးတောက်အတွင်းမှ မြင်ကွင်းတစ်ခု အရိပ်ထင်လာသည်။

ထိုသူ ချက်ချင်း မှတ်မိလိုက်သည်။ ထိုအရာက ရှေးဦးသူတော်စင်နတ်ဆိုးဂိုဏ်း၏ အရိုးတောင်ပဲ။ ထိုနေရာမှာ ချောမောသော လူရွယ်တစ်ယောက် ရပ်နေပြီး ထိုသူက အဝေးကို မျှော်ကြည့်နေသည်။

“ သူလား..ယန်ဟောက်ကို သတ်လိုက်တာ ဒီကောင်လား”

တာအိုဘုန်းကြီး၏ မျက်လုံးထဲ အမုန်းတရားတွေ ကြီးထွားလာတော့သည်။

ယန်ဟောက်က သာမာန် စစ်မှန်တပည့်တစ်ယောက် မဟုတ်ပေ။ သူ့၏ ယန်အိမ်တော်၏ ထူးချွန်သော ပါရမီရှင်တစ်ယောက်ဖြစ်ကာ သူ၏ မျှော်လင့်ချက်တွေ အများကြီးကို ထမ်းပိုးထားရသူဆိုလည်း မမှားပေ။

သူ၏ အမုန်းတရားတွေကို ထိုနတ်ဆိုးကောင်တွေ အကုန် မသေမချင်း ဖြေလျော့မပေးနိုင်ပါချေ။

“ဟမ်”

ထိုအချိန်မှာပဲ ထိုက်ရှီကြေးမုံကို သိမ်းဆည်းနေသော လုယန်တစ်ယောက် ရင်ထဲမှာ ခံစားလိုက်ရသော အေးစက်စက် အငွေ့အသက်ကြောင့် ရုတ်တရက် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။

ဤခံစားချက်ကို သူ အလွန်ရင်းနီးသည်။

ဒါက သူ့ကို တစ်စုံတစ်ယောက်က ထောက်လှမ်းနေသည့် ခံစားချက်ပဲ။ အရင်ဘဝက ကောင်းကင်ပြုပြင်တောင်ထွတ် သခင်ဆီမှာ ထောက်လှမ်းခံရပြီး သူတစ်ပုံစံထဲ ခံစားခဲ့ရဖူးသည်။

နောက်ထပ် အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က သူ့ကို ထောက်လှမ်းနေခြင်း များလား။

….

All Chapters