တိုက်ခိုက်ခြင်း လမ်းစဉ်
Vol. 28 Ch. 271
ဖေဖော်ဝါရီလအစောပိုင်းတွင် ဓမ္မညီလာခံကို တရားဝင် စတင်ခဲ့ပြီး ချင်းရှောင်ဂိုဏ်းက ဆယ်နှစ်ကြာ ထိန်းသိမ်းထားခဲ့သော စိတ်အားထက်သန်မှုများမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာတော့သည်။
လင်းရှောင်ခြံဝင်း အတွင်း၌ ထိုင်နေလျှင်ပင် တောင်အောက်မှ ဆူညံသံများကို သဲ့သဲ့မျှ ကြားနေရသဖြင့် သူ့ကို စိတ်ခံစားချက် ကောင်းမွန်စေခဲ့၏။
အဖွဲ့ဝင် ခုနစ်ဦးသာ ရှိသော ဝေးလံခေါင်သီသည့် ဂိုဏ်းငယ်လေး တစ်ခုမှ ကျင့်ကြံခြင်း လောကတွင် ကြီးစိုးသည့် အင်အားစုတစ်ခု ဖြစ်လာရန် သူ့အတွက် အနှစ်နှစ်ဆယ် အချိန်ယူခဲ့ရသည်။
ယခုအခါ ချင်းရှောင်ဂိုဏ်းမှာ ယခင်က မကြုံစဖူးသော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး၊ နောင်နှစ်တစ်ရာ အကြာတွင် လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ဖြစ်လာမည်မှာ သေချာသည်။
ဂိုဏ်းကြီးလေ ကိုင်တွယ်ဖြေရှင်းရမည့် ပြည်တွင်းရေး ကိစ္စများ များလေ ဖြစ်ရာ၊ ခြေလှမ်းတစ်လှမ်းမျှ မမှားစေရန် သူ သတိထားရမည် ဖြစ်သည်။
လီချင်းချိုး တွေးတောနေစဉ်မှာပင် တပည့်တစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်။
ထိုသူမှာ ကောင်းကင်လက်မှုပညာခန်းမ ၏ တောက်ပသော အလင်းရောင်ဖြစ်သည့် မင်ကွမ်းပင် ဖြစ်သည်။
မင်ကွမ်းနှင့် ဝူရှင်းယွဲ့တို့က လီချင်းချိုးကို တိုက်ရိုက် တွေ့ဆုံနိုင်ပြီး ၎င်းမှာ ခန်းမသခင်ထက်ပင် သာလွန်သော အထူး အခွင့်အရေး တစ်ခု ဖြစ်သည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ် တောင်းဆိုထားတဲ့ ဆက်သွယ်ရေး မှော်ပစ္စည်းနဲ့ ပတ်သက်ပြီး ကျွန်တော် တိုးတက်မှု အချို့ ရရှိထားပါတယ်..."
မင်ကွမ်းက လီချင်းချိုးအနားသို့ ချဉ်းကပ်ကာ ရိုသေစွာ ပြောလိုက်သော်လည်း၊ သူ့လေသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေ၏။
လီချင်းချိုး၏ အတွေးများက လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
မင်ကွမ်းက နက်မှောင်သော ရွှေရောင် တိုကင်ပြား တစ်ခုကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ရာ လီချင်းချိုးက လက်ခံယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
"ဒီတိုကင်ပြားက အဝေးကနေ ဆက်သွယ်လို့ ရပါတယ်... ဒါပေမဲ့ အတိအကျ အကွာအဝေးကိုတော့ စမ်းသပ်ဖို့ လိုပါသေးတယ်..." ဟု မင်ကွမ်းက ရှင်းပြလိုက်သည်။
တိုကင်ပြားတွင် ရှုပ်ထွေးနက်နဲသော ကန့်သတ်ချက်များ ပါဝင်နေပြီး ပါဝင်ပစ္စည်းမှာ ဝိညာဉ်ကြေးနီနှင့် ဆက်စပ်နေကြောင်း လီချင်းချိုး မြင်တွေ့နိုင်သည်။
"မဆိုးဘူး... အနည်းဆုံးတော့ အစကောင်းတာပဲ... အကွာအဝေးကို စမ်းသပ်ဖို့ မင်းရဲ့ တပည့်တွေကို နောက်မှ စီစဉ်ခိုင်းလိုက်ပါ... ဒီကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး... သေသေချာချာ စမ်းသပ်ရမယ်... မဟုတ်ရင် နောင်ကျရင် မင်းရဲ့ တပည့်တွေကို အန္တရာယ် ဖြစ်စေနိုင်တယ်..."
မင်ကွမ်းက ခေါင်းညိတ်လိုက်သည်။ ဤမှော်ပစ္စည်း၏ အရေးပါမှုကို သူလည်း သိထားပေသည်။
"ပြီးတော့ ဒီတိုကင်ပြားတွေနဲ့ ချိတ်ဆက်နိုင်တဲ့ ပင်မ မှော်ပစ္စည်း တစ်ခု ရှိမလားဆိုတာကို မင်း စဉ်းစားကြည့်လို့ ရတယ်... ပင်မ မှော်ပစ္စည်းကနေတစ်ဆင့် တိုကင်ပြားတွေကိုတောင် ရှာဖွေနိုင်မယ် ဆိုရင်ကော..."
လီချင်းချိုးက သူ့အတွေးအမြင်ကို ထုတ်ဖော် ပြောဆိုလိုက်သည်။ ၎င်းကို အစောပိုင်းကတည်းက သူ တွေးထားခဲ့သော်လည်း၊ မင်ကွမ်းအပေါ် ဝန်ထုပ်ဝန်ပိုးများလွန်းသွားပြီး သုတေသနလုပ်နေသည်ကို နှောင့်ယှက်မိမည်စိုးသဖြင့် ယခင်က မပြောခဲ့ခြင်း ဖြစ်၏။
မင်ကွမ်းက ခေါင်းညိတ်၍ …. "ကျွန်တော် ကြိုးစားကြည့်ပါ့မယ်..."ဟု ဆိုသည်။
ဤမှော်ပစ္စည်းကို သုတေသနပြုလုပ်နေသူမှာ သူ တစ်ယောက်တည်း မဟုတ်ပေ။ သူ့တွင် တပည့် ရာပေါင်းများစွာ ရှိပြီး သူတို့က ကန့်သတ်ချက် အသစ်များကို အခါအားလျော်စွာ ဖန်တီးကာ အချင်းချင်း ကူညီကြပြီး နေ့စဉ်နေ့တိုင်း စိတ်ကူးသစ်များစွာ ထွက်ပေါ်လာကြသည်။ ဤသို့ စိတ်တူကိုယ်တူ တပည့်များကြောင့် မည်သည့်အရာမျှ မခက်ခဲဟု သူ ခံစားရခြင်း ဖြစ်၏။
သူ တစ်ယောက်တည်း မဟုတ်ဘဲ ဝူရှင်းယွဲ့ကလည်း ကိုယ်ပိုင် အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး သူမ၏ အဖွဲ့မှာလည်း မသေးငယ်ချေ။ ကောင်းကင်လက်မှုပညာခန်းမတွင် ဤအဖွဲ့နှစ်ဖွဲ့ ပြင်းထန်စွာ ယှဉ်ပြိုင်နေကြရာ ကျူးယန်ကို ခေါင်းကိုက်စရာများစွာ ဖြစ်စေခဲ့သည်။
ဂိုဏ်းအတွင်း တပည့် အရေအတွက် များပြားလာသည်နှင့်အမျှ အရင်းအမြစ်များစွာကို ကောင်းကင်လက်မှုပညာခန်းမထံသို့ အကန့်အသတ်မရှိ ထောက်ပံ့ပေး၍ မရနိုင်ချေ။ ဤအချက်ကို ကျူးယန် သေချာစွာ စဉ်းစားရမည် ဖြစ်သော်လည်း၊ မင်ကွမ်းနှင့် ဝူရှင်းယွဲ့တို့ကမူ ထိုမျှလောက် စဉ်းစားမည် မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင် အဖွဲ့အတွက် သေချာပေါက် တိုက်ပွဲဝင်ကြမည် ဖြစ်သည်။
ထို့နောက် လီချင်းချိုးက အစီအရင်အကြောင်းကို မေးမြန်းလိုက်၏။
ကောင်းကင်ဘုံပြုပြင်ခြင်း အစီအရင်မှာ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ဦးတည်ချက်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး ၎င်း၏ တိုးတက်မှုကို သူ တိုက်တွန်းရမည် ဖြစ်သည်။
ကောင်းကင်ဘုံပြုပြင်ခြင်း အစီအရင်သည် မြေကြီးအောက်ရှိ ဝိညာဉ်ချီများကို ဆွဲယူနိုင်သည်။ ထိုက်ခွန်းတောင်တန်း၏ ဝိညာဉ်ချီများကို မြှင့်တင်ရန်အတွက် ထိုက်ခွန်းတောင်တန်းကို အစီအရင်အဖြစ် အသုံးပြုရန် ရည်မှန်းထားသည်။ ထိုအချိန်ကျလျှင် ထိုက်ခွန်းတောင်တန်းသည် ချင်းရှောင်ဂိုဏ်း၏ မြင့်မြတ်သော ကျင့်ကြံရေး နယ်မြေ ဖြစ်လာပေမည်။
မင်ကွမ်းသည်လည်း ကောင်းကင်ဘုံပြုပြင်ခြင်း အစီအရင်၏ အရေးပါမှုကို သိထားပြီး လီချင်းချိုး၏ မေးခွန်းများကို တစ်ခုချင်းစီ ဖြေကြားပေးခဲ့သည်။
အတန်ကြာတော့မှ မင်ကွမ်းက နှုတ်ဆက် ထွက်ခွာသွားခဲ့သည်။
လီချင်းချိုးက မထဘဲ ခြံဝင်းအတွင်း၌ ဆက်လက် ထိုင်ကာ အတွေးနက်နေခဲ့သည်။
...
ပြိုင်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် လူအများ၏ စိတ်ဝင်စားမှုကို များစွာ ရရှိခဲ့၏။ ပထမနေ့တွင် မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်ရှိ တပည့်များကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရာ အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှသဖြင့် ဘုရားဖူးများမှာ မသေမျိုးများ တိုက်ခိုက်နေကြသည်ကို ကြည့်နေရသည်ဟု ထင်မှတ်ခဲ့ကြသည်။
သိုင်းလောကမှ ပွဲကြည့်ပရိသတ်များကတော့ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သိုင်းလောကနှင့် ချင်းရှောင်ဂိုဏ်း၏ ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှသဖြင့် သူတို့ကို ကြောက်ရွံ့သွားစေခဲ့သည်။
ဓမ္မညီလာခံ စတင်သည်နှင့်အမျှ တိုက်ပွဲများကို ကြည့်ရှုပြီးနောက် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်သော ပွဲကြည့်ပရိသတ်များနှင့် ကိုးကွယ်သူများ ပိုမို များပြားလာသော်လည်း ကံမကောင်းစွာဖြင့် ချင်းရှောင်ဂိုဏ်း၏ တပည့်တစ်ယောက် တိုက်ရိုက် ဖြစ်လာရန်မှာ မလွယ်ကူလှချေ။
ပါရမီရှင်များ အဆက်မပြတ် ကျော်ကြားလာသည်နှင့်အမျှ လူများက အမည်ရပြီးသား ပါရမီရှင်များထက် ပါရမီရှင် အသစ်များ ပေါ်ထွက်လာမည်ကို ပိုမို မျှော်လင့်လာကြသည်။ ချင်းရှောင်ဂိုဏ်း၏ ပါရမီရှင်သစ်များ အဆက်မပြတ် ထွက်ပေါ်နေခြင်းက ပွဲကြည့်ပရိသတ်များ၏ ဆန္ဒများကို များစွာ ဖြည့်ဆည်းပေးနိုင်ခဲ့၏။
ညနေခင်း၌…..
ချိုးတဟူတယောက် ဧည့်သည် ခြံဝင်းသို့ ပြန်ရောက်လာပြီး သူ့အမူအရာ ရှုပ်ထွေးနေ၏။
ချင်းရှောင်ဂိုဏ်း၏ ဓမ္မညီလာခံမှာ ဆယ်ရက်ခန့်သာ ကြာမြင့်သေးပြီး နောက်ဆုံး ခြောက်ဆယ့်လေးဦးကို ဆုံးဖြတ်ရန် ဇွန်လအထိ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ဤကာလအတွင်း သူ မြင်တွေ့ ကြားသိခဲ့ရသမျှက သူ့ကို များစွာ တုန်လှုပ်သွားစေခဲ့သည်။
အကယ်၍ သူသာ အာဏာရယူမည်ဆိုလျှင် သူ အနိုင်ယူနိုင်မည့်သူ တစ်ယောက်မျှ ရှိမည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ချင်းရှားဂိုဏ်း၏ ကျင့်ကြံရေး နည်းလမ်းများနှင့် ချင်းရှောင်ဂိုဏ်း၏ အမွေအနှစ်ကြား ကွာဟချက်မှာ မည်မျှ ကြီးမားသနည်း။
လီချင်းချိုးက ချင်းရှောင်ဂိုဏ်းကို ဤမျှ ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် တည်ဆောက်နိုင်ခြင်းမှာ အစောပိုင်း အားသာချက်ကြောင့်သာ မဟုတ်နိုင်ကြောင်း ချိုးတဟူ ရုတ်တရက် သဘောပေါက်သွားသည်။
သူသည် ခြံဝင်းအတွင်းရှိ သစ်သားစားပွဲတွင် ထိုင်ကာ ဝင်လုဆဲဆဲ နေဝန်းကို ငေးကြည့်နေပြီး လုံးဝကို စိတ်ရှုပ်ထွေးနေသည်။
သူ တစ်ယောက်တည်း မဟုတ်ဘဲ၊ အခြားသော ကျင့်ကြံရေး ဂိုဏ်းငယ်များမှ လူများကလည်း အလားတူ ခံစားချက်မျိုး ရှိနေကြသည်။
ကွာဟချက်အလွန် ကြီးမားလွန်းသဖြင့် သူတို့၏ ရည်မှန်းချက်များက လုံးဝ ရယ်စရာကောင်းသည်ဟု သူတို့ ခံစားကြရသည်။
သူတို့၏ စိတ်ပျက်မှုနှင့် ရှုပ်ထွေးမှုတို့နှင့် နှိုင်းယှဉ်ပါက ချင်းရှောင်ဂိုဏ်း တပည့်များမှာမူ အလွန် စိတ်လှုပ်ရှားနေကြသည်။ ဓမ္မညီလာခံတွင် သူတို့ မပါဝင်သော်လည်း ဂိုဏ်း၏ စွမ်းအားအတွက် သူတို့ ဂုဏ်ယူနေကြသည်။
ဤသည်မှာ လီချင်းချိုး ဤပြိုင်ပွဲကို ကျင်းပရခြင်း၏ အဓိပ္ပာယ်ပင် ဖြစ်သည်။
ပထမအနေဖြင့် တပည့်များကို အရင်းအမြစ်များအတွက် ကြိုးစားရန် ညွှန်ကြားခဲ့သည်။
ဒုတိယအနေဖြင့် ချင်းရှောင်ဂိုဏ်း၏ စွမ်းအားကို ပြင်ပကမ္ဘာသို့ သိစေခြင်းဖြင့် မလိုအပ်သော ပြဿနာများကို လျှော့ချရန် ဖြစ်သည်။
တတိယအနေဖြင့် တပည့်များ၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြုစုပျိုးထောင်ပေးရန် ဖြစ်ပြီး သူတို့သည် ချင်းရှောင်ဂိုဏ်း၏ တပည့်များ ဖြစ်ရခြင်းကို ဂုဏ်ယူနိုင်စေရန် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်း၏ ဓမ္မညီလာခံမှာ ကမ္ဘာတစ်ဝန်းရှိ လူများ၏ နှလုံးသားကို ဖမ်းစားထားနိုင်ခဲ့၏။ ပြိုင်ပွဲအတွင်း ကျော်ကြားလာသော တပည့်များကလည်း သိုင်းလောကနှင့် အခြား နေရာများအထိ သူတို့၏ နာမည်များကို ပျံ့နှံ့စေခဲ့သည်။ သူတို့၏ အမည်များမှာ မြင့်မြတ်သော မိသားစု အသီးသီး၏ အိမ်တော်များနှင့် ဩဇာကြီးမားသူများထံတွင် အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။
……..
ရာသီဥတုမှာ သာယာပြီး နေရောင်တောက်ပနေသော တနေ့သ၌….
ဟူယန်နှင့် ကျိယာတို့က ချောက်ကမ်းပါးပေါ်တွင် ကျင့်ကြံနေကြသည်။ ဟူယန်က မှော်ပညာရပ်ကို လေ့ကျင့်နေသော်လည်း အကြည့်များကတော့ ကျိယာအပေါ်သို့ ရောက်ရှိနေသည်။
ကျိယာက ချောက်ကမ်းပါး အစွန်းတွင် မတ်တတ်ရပ်ကာ လက်ဝါးသိုင်း တစ်စုံကို လေ့ကျင့်နေသည်။ ဤလက်ဝါးသိုင်းမှာ ယန်ကျွယ်တိန် ဖန်တီးထားသော ကောင်းကင်ကိုးလွှာ နတ်လက်ဝါးသိုင်း ဖြစ်သည်။ လက်ရှိ ချင်းရှောင်ဂိုဏ်းတွင် ကောင်းကင်ကိုးလွှာ နတ်လက်ဝါးသိုင်းမှာ ထူးခြားသည့်အရာ မဟုတ်တော့ဘဲ၊ တပည့် အနည်းငယ်သာ ၎င်းကို လေ့ကျင့်လိုကြ၏။ သို့သော်လည်း ကျိယာကမူ ဤလက်ဝါးသိုင်းကို အလွန် သဘောကျခဲ့သည်။
ဤလက်ဝါးသိုင်းမှာ ကြမ်းတမ်းပြီး ကြီးစိုးကာ သူ့ရဲ့အကန့်အသတ်မရှိသော မူလချီနှင့် အပြည့်အဝ ကိုက်ညီမှု ရှိသည်။
ဟူယန်၏ မျက်လုံးထဲတွင် ကျိယာ၏ မူလချီများ လျှံကျနေပြီး လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ လေနှင့် တိမ်များကို မွှေနှောက်နေသကဲ့သို့ ဖြစ်နေကာ အတော်လေး ခမ်းနားထည်ဝါလှသည်။
ကျောက်ကျိန်းက မှော်ပညာပြိုင်မှုတွင် မပါဝင်တော့ကြောင်း ကြေညာလိုက်သည်နှင့်အမျှ၊ ကျိယာသည် ယခုအခါ ပြိုင်ပွဲတွင် ပထမနေရာအတွက် အားကောင်းသော ယှဉ်ပြိုင်သူ တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်၏။
ကျောက်ကျိန်းမှာ ဝိညာဉ်အသိအာရုံအဆင့်တွင် ရှိနေသည်။ အကယ်၍ သူသာ တိုက်ခိုက်ရေး ပြိုင်ပွဲတွင် ထပ်မံ ပါဝင်မည်ဆိုပါက လူတိုင်းက မျှတမှုမရှိဟု ခံစားရမည် ဖြစ်၏။ သို့သော်လည်း ထိုကိစ္စများကို ဖြတ်သန်းပြီးနောက် ကျောက်ကျိန်းမှာ ရင့်ကျက်လာပြီး ထိုကိစ္စကို စွဲလမ်းနေခြင်း မရှိတော့ချေ။
ကျောက်ကျိန်း မရှိဘဲ၊ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်ရှိ ကျိယာသည် ဝိညာဉ်အသိအာရုံအဆင့် အောက်တွင် အပေါများဆုံးသော မူလချီကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ ပြိုင်ပွဲဝင် စင်မြင့်ပေါ်တွင် တားဆီးမရနိုင်သော အရှိန်အဟုန်ကို ပြသထားပြီး ဖြစ်သည်။
ကျိယာ၏ နောက်သို့လိုက်၍ ကျင့်ကြံလာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သဖြင့် ဟူယန်အနေနှင့် ကျိယာ၏ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံကိုလည်း တွေ့ရှိခဲ့သည်။
" ပဉ္စမ စီနီယာအစ်ကိုနဲ့ ယှဉ်ရင် ငါကရော ဘယ်လို ပါရမီရှင်မျိုးလဲ... ငါက ကျင့်ကြံတာ ပိုမြန်ရုံလေးပါပဲ..." ဟု ဟူယန်က ကူကယ်ရာမဲ့စွာ တွေးလိုက်မိသည်။
စီနီယာအစ်ကိုအားလုံးက ထူးခြားသော အရည်အချင်းများကို ပိုင်ဆိုင်ထားကြသော်လည်း သူကိုယ်တိုင်မှာမူ အမှန်တကယ် တိုက်ခိုက်ရာတွင် အထူး စွမ်းရည်များ မရှိကြောင်း သူ တွေ့ရှိခဲ့သည်။
သူသည်လည်း ကိုယ်ပိုင် တိုက်ခိုက်ရေး နည်းလမ်းများကို ပြန်လည် သုံးသပ်သင့်ပြီး ကိုယ်ပိုင် လမ်းစဉ်ကို ရှာဖွေသင့်သည်။
ဟူယန် တိတ်တဆိတ် တွေးတောနေစဉ် သူ့ အနောက်မှ ပုံရိပ်တစ်ခု လျှောက်လာသည်။ သူ ခေါင်းလှည့်ကြည့်လိုက်တော့ ယွင်ချိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ကမန်းကတန်း ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
သူ ယွင်ချိုင်ကို အလွန် လေးစားသည်။
ယွင်ချိုင်က လီချင်းချိုး၏ တပည့်အဖြစ် တရားဝင် မခံယူထားသော်လည်း သူမကို လီချင်းချိုး ကိုယ်တိုင် သင်ကြားပေးခဲ့ပြီး ဟူယန်၏ နှလုံးသားထဲတွင် သူမက စီနီယာအစ်မနှင့်အဆင့် တူညီသည်။
ဤစီနီယာအစ်မမှာ သာမန်လူ မဟုတ်ချေ။ သူမ၏ တိုက်ခိုက်ရေး ပါရမီမှာ ဂိုဏ်းတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းလှ၏။ ကျိယာသည်ပင် အလုံအလောက် အစွမ်းထက်နေပြီ ဖြစ်သော်လည်း ယွင်ချိုင်ကို တစ်ခါမှ အနိုင်မယူနိုင်ခဲ့ချေ။
"မင်းရဲ့ ကျင့်ကြံမှုအပေါ် အလေးအနက်ထားပါ... တခြားသူတွေကိုချည်းပဲ အာရုံစိုက်မနေနဲ့..."
ယွင်ချိုင်က ဟူယန်ကို ဖြတ်သွားစဉ် သတိပေးစကား တစ်ခွန်း ပြောလိုက်သည်။
ဟူယန်က ယွင်ချိုင်အပေါ် ကျိယာ၏ သုံးသပ်ချက်ကို သတိရသွားသည်။ ယွင်ချိုင်သည် သူ့ဆရာလို အခြားသူများကို ဖောက်ထွင်းမြင်နိုင်ပြီး ထိုအရည်အသွေးမှာ တိုက်ပွဲတွင် အထူးသဖြင့် ပိုမို ပေါ်လွင်ကြောင်း ကျိယာက ပြောခဲ့ဖူးသည်။
"စီနီယာအစ်မယွင်ချိုင်... ကျွန်တော် အစ်မကို တစ်ခုခု မေးချင်လို့ပါ..."
ဟူယန် မနေနိုင်တော့ဘဲ မေးလိုက်တော့ယွင်ချိုင်က ရပ်တန့်၍ သူ့ကို လှည့်ကြည့်ကာ မကျေနပ်သော လေသံဖြင့်….
"ငါ့ကို စီနီယာအစ်မလို့ မခေါ်နဲ့လို့ ငါ ပြောထားတယ် မဟုတ်လား..."
ဟူယန်က သူမ၏ ခေါင်းမာမှုကို အသားကျနေပြီ ဖြစ်သဖြင့် တိုက်ရိုက်သာ မေးလိုက်သည်။
"ကျွန်တော် ဘယ်လို တိုက်ခိုက်ရေး လမ်းစဉ်မျိုးကို ရွေးချယ်သင့်တယ်လို့ အစ်မ ထင်လဲ..."
"မင်းက ကျိယာရဲ့ မူလချီကို ကြည့်ပြီး စိတ်အားတက်ကြွသွားတာလား..."
ဟူယန် ခေါင်းညိတ်လိုက်သည်။ ကျိယာ၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို အမှန်တကယ်ပင် အားကျမိနေသည်။
"တကယ်တော့ မင်းဆီမှာ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိနေတယ်... အဲ့ဒီ့စွမ်းအားကို သေချာ ပြုစုပျိုးထောင်မယ်ဆိုရင် မင်းရဲ့ စီနီယာအစ်ကိုတွေကို ကျော်တက်နိုင်မယ့် အလားအလာ ရှိတယ်..." ဟု ယွင်ချိုင်က လေးနက်စွာ ပြောလိုက်သည်။
ဟူယန်၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီများ ပိုမို အားကောင်းလာသည်ကို သူမ မြင်တွေ့နိုင်သည်။ သူမ၏ အမြင်တွင် ဤကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီသည် ကြီးမားသော အလားအလာများရှိပြီး ကျိယာ၏ ကျယ်ပြောလှသော မူလချီထက် ပိုမို မျှော်လင့်ချက် ရှိသည်။
ထိုစကားကို ကြားသောအခါ ဟူယန် အတွေးနက်သွားတော့သည်။သူသည်လည်း ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ၏ တည်ရှိမှုကို ခံစားနိုင်သော်လည်း ၎င်းကို ပိုမို အားကောင်းလာစေရန် မကူညီနိုင်ခဲ့ပေ။
လက်ရှိတွင် ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို မြှင့်တင်ရန် နည်းလမ်း တစ်ခုကိုသာ သူ ရှာဖွေတွေ့ရှိထားပြီး ၎င်းမှာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် ဖြစ်သည်။
အကယ်၍ သူသာ ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက တိုက်ခိုက်ရန်အတွက် ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို အသုံးပြုနိုင်မည်လော။
ဟူယန် ရုတ်တရက် နားလည်သွားပြီး ကိုယ်ပိုင် လမ်းစဉ်ကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။
သူ ယွင်ချိုင်ကို ကျေးဇူးတင်ရန် ပြင်လိုက်စဉ်မှာပင် သူမက ထွက်သွားနှင့်ပြီ ဖြစ်သည်။
"ဟေး... ကျိယာ... နည်းနည်းလောက် လက်ရည်စမ်းကြရအောင်..."
ယွင်ချိုင်က ကျိယာ၏ အနောက်မှ လှမ်းအော်လိုက်တော့ ကျိယာက လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမကို လှည့်ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။
"မူလချီသုံးပြီးလက်ရည်စမ်းမယ် ဟုတ်လား... ဘယ်လို စမ်းမှာလဲ..."
သူ့ရဲ့ မူလချီများက ယွင်ချိုင်ထက် များစွာ သာလွန်သော်လည်း တိုက်ပွဲတွင် အမြဲတမ်း စွမ်းအားမဲ့သလို ခံစားရပြီး အလွန် စိတ်ပျက်ရ၏။ ယခုအခါ ယွင်ချိုင်နှင့် စမ်းသပ် တိုက်ခိုက်ရမည်ကို အကြောက်ဆုံး ဖြစ်နေသော်လည်း သူမကို အနိုင်ယူလိုစိတ် အပြင်းပြဆုံးလည်း ဖြစ်နေသည်။
"ငါတို့ရဲ့ မူလချီတွေနဲ့ ထိပ်တိုက် တွေ့ကြမယ်... မရှောင်တိမ်းဘဲ ဘယ်သူ့ရဲ့ မူလချီက ပိုအစွမ်းထက်ပြီး ပိုများလဲ ဆိုတာကို ကြည့်ကြတာပေါ့..."
ထိုအခါ ကျိယာ၏ အမူအရာ ထူးဆန်းသွားပြီး …..
"မင်း အတည်ပြောနေတာလား..."
ယွင်ချိုင်က ပြန်မဖြေဘဲ လှည့်၍ ချောက်ကမ်းပါး အစွန်းမှ ဝေးရာသို့ လျှောက်သွားလိုက်ပြီး ကျိယာကို လာရန် လက်ဟန်ပြလိုက်သည်။
ကျိယာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ ယွင်ချိုင်ကို အနိုင်ယူရန် ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်ပြီး ဤသည်ကို သူ လက်လွတ်မခံနိုင်ပေ။
သူတို့ နှစ်ဦးက မျက်နှာချင်းဆိုင်လိုက်တော့ ဟူယန် လျှောက်လာပြီး သူတို့ကို စပ်စုချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။
ယွင်ချိုင်၏ မူလချီက ကျိယာထက် သေချာပေါက် နိမ့်ကျသည်ဟု သူလည်း ခံစားမိသည်။
သူတို့ နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လက်ဝါးများကို တစ်ပြိုင်နက်တည်း မြှောက်ကာ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်နေသော မူလချီများကို တစ်ယောက်ဆီသို့ တစ်ယောက် ထုတ်လွှတ်လိုက်ကြသည်နှင့် သာမန်မျက်စိဖြင့် မြင်နိုင်သော အစွမ်းထက်သော မူလချီ ရေစီးကြောင်း နှစ်ခုက ဝင်တိုက်မိသွားပြီး လေပြင်းများကို ဖန်တီးလိုက်လေသည်။
ထိုအခါ ဟူယန်၏ ဆံပင်များ လေတိုက်ခံရပြီးဝတ်ရုံများ လွင့်လူးနေသည်။ ဤမူလချီများ ထိပ်တိုက်တွေ့မှုက သူနှင့် သူတို့ နှစ်ဦးကြားရှိ ကွာဟချက်ကို တိုက်ရိုက် ခံစားရစေသဖြင့် သူ တိတ်တဆိတ် အံ့အားသင့်သွားရသည်။
ယွင်ချိုင်၏ မူလချီမှာ ယခင်ကထက် များစွာ ပိုမို အားကောင်းနေကြောင်း ကျိယာက ရှင်းလင်းစွာ ခံစားနိုင်ပြီး ဒါကြောင့်လည်း သူ့ကို ဤကဲ့သို့ စမ်းသပ် တိုက်ခိုက်ရန် ရဲဝံ့နေခြင်း ဖြစ်မည်ဟု တွေးလိုက်မိသည်။
ထို့ကြောင့် ကျိယာက မူလချီကို စတင် တိုးမြှင့်လိုက်သည်။
ယွင်ချိုင်လည်း ထိုနည်းတူပင်….
သူတို့ နှစ်ဦး မူလချီများကို ပိုပို၍ ထုတ်လွှတ်လာကြရာ သူတို့ ပတ်လည်ရှိ မြက်ခင်းများမှာ အစိမ်းရောင် လှိုင်းလုံးများကဲ့သို့ လှိုင်းထနေတော့သည်။
တဖြည်းဖြည်းနှင့် ကျိယာ၏ အမူအရာမှာ ပြောင်းလဲလာ၏။
ဘာဖြစ်သွားတာလဲ….
ယွင်ချိုင်ရဲ့ မူလချီက ဘယ်လိုလုပ် အဲဒီလောက်တောင် အားကောင်းလာရတာလဲ….
ပြီးတော့ အဲဒီမှာ အဆုံးမဲ့ စီးဆင်းနေတဲ့ ပုံစံမျိုး ရှိနေတယ်….
ကျိယာ၏ နှလုံးသားထဲသို့ စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာချေပြီ။ထို့ကြောင့် သူ ပေါ့ဆရန် မရဲတော့ဘဲ မူလချီ ထုတ်လွှတ်မှုကိုသာ ဆက်လက် တိုးမြှင့်နေခဲ့သည်။
သို့သော်လည်း သူ မည်မျှပင် မူလချီများကို ထုတ်လွှတ်နေပါစေ ယွင်ချိုင်က ဖမ်းယူနိုင်စွမ်း ရှိနေ၏။