မသေမျိုးလမ်းစဉ် ကျင့်ကြံရေး သူလျှို…..
Vol. 28 Ch. 272
ယွင်ချိုင်နှင့် ကျိယာတို့ အင်အားမျှနေသည်ကို မြင်သောအခါ ဟူယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
ကျိယာ၏ အကြီးမားဆုံး အားသာချက်မှာ မူလချီများပြားခြင်းပင် ဖြစ်သည်။
မူလချီ အားပြိုင်ရာမှာ ကျိယာက ယွင်ချိုင်ကို အင်အားသုံး၍ မဖိနှိပ်နိုင်ဘူးလား…
ယွင်ချိုင်သည် အလွန် ပါရမီပါပြီး နားလည်နိုင်စွမ်း မြင့်မားကြောင်း သူ ဟိုးအရင်ကတည်းက သိထားခဲ့သော်လည်း၊ သူမက ကျိယာ၏ အားသာချက်များကို ယှဉ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ပိုပို၍ လေးနက်လာသော ကျိယာ၏ အမူအရာနှင့် နှိုင်းယှဉ်လျှင် ယွင်ချိုင်မှာမူ တည်ငြိမ်နေပြီး၊ ဤအခြေအနေကို သူမ ကြိုတင် မျှော်လင့်ထားခဲ့သည့်အလား ဖြစ်နေ၏။
ဟူယန်ရှိနေသဖြင့် ကျိယာကလည်း အရှုံးပေးရန် ဆန္ဒမရှိပေ။
သူသည် မူလချီ စီးဆင်းမှုကို ဆက်လက် တိုးမြှင့်နေပြီး ပိုမို ကြီးမားသော လှိုင်းလုံးများကို ဖန်တီးကာ သူတို့၏ ခြေအောက်ရှိ ချောက်ကမ်းပါးမှာလည်း တဖြည်းဖြည်း တုန်ခါလာတော့၏။
"ကောင်းပြီ... တော်လောက်ပြီ... ငါ ရှုံးတယ်..."
ယွင်ချိုင်က ရုတ်တရက် ဖွင့်ပြောလိုက်ပြီးနောက် သူမ၏ လက်ဝါးကို အရင် ပြန်ရုပ်သိမ်းလိုက်သည်။
ထိုအခါ ကျိယာ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ယွင်ချိုင်ကို မထိခိုက်စေရန် သူ ထုတ်လွှတ်ထားသော စွမ်းအင်များကို ကမန်းကတန်း ပြန်ရုပ်သိမ်းလိုက်လေသည်။
ထို့နောက် ယွင်ချိုင်က မထီလေးစားဟန်ဖြင့် လှည့်၍ တောင်အောက်သို့ ဆင်းသွားခဲ့သည်။
ထိုအခါမှသာ ကျိယာခင်မျာ သက်ပြင်းချနိုင်သွား၏။ အကယ်၍ ယွင်ချိုင်သာ ဒဏ်ရာရသွားပါက ဆရာ့ကို သူ ရှင်းပြနိုင်မည် မဟုတ်ပေ။
ဒါပေမဲ့…သူမရဲ့ မူလချီက ငါ့ထက် တကယ်ပဲ နိမ့်ကျနေတာလား….
ယွင်ချိုင် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ကျိယာမှာ သူမ အစွမ်းကုန် မသုံးသေးဘဲ သူ့ကို မျက်နှာသာ ပေးလိုက်ခြင်းသာ ဖြစ်သည်ဟု ခံစားလိုက်ရ၏။
"သူ့ရဲ့ မူလချီက ဘယ်လိုလုပ် အဲဒီလောက် မြန်မြန် တိုးလာရတာလဲ..."
ကျိယာ လုံးဝကို စိတ်ရှုပ်ထွေးသွားရသည်။ သူ့စိတ်ထဲတွင် ယွင်ချိုင်၏ ပါရမီမှာ ကျောက်ကျိန်းထက်ပင် သာလွန်နေပြီ ဖြစ်ပြီး စီနီယာအစ်ကို အစ်မများကြားတွင် သူမက အစွမ်းအထက်ဆုံး ဖြစ်နေပြီ ဖြစ်သည်။
ယွင်ချိုင် ထွက်သွားပြီးနောက် ဟူယန်က လျှောက်လာပြီး အံ့သြတကြီးဖြင့်…..
"စီနီယာအစ်မယွင်ချိုင်က တကယ်ကို အံ့ဩစရာကောင်းတာပဲ..."
လူအများအပြားက သူ့ကိုပါရမီရှင်ဟု ပြောကြသော်လည်း သူ့ရဲ့ နှိမ့်ချစွာ နေနိုင်စွမ်းက အမှန်တကယ်ပင် ချီးကျူးဖွယ် ကောင်းလှပေသည်။
ယွင်ချိုင်၊ ကျိယာနှင့် သူတို့ အဖွဲ့နှင့်အတူ ရှိနေခြင်းက သူ့ကို ယုံကြည်မှု ရှိရန် အလွန် ခက်ခဲစေပြီး၊ သူ့ကိုယ်သူပင် အနည်းငယ် သိမ်ငယ်စိတ် ဝင်လာစေကြောင်း သူ တစ်ယောက်တည်းသာ သိသည်။
"ဟုတ်တယ်... ဒီတခေါက်ဓမ္မညီလာခံမှာ ငါတို့ ပထမ မဖြစ်နိုင်လောက်ဘူး..."
ကျိယာက ယွင်ချိုင် ထွက်သွားသော အရပ်ဆီသို့ ငေးကြည့်ရင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
သူသည် ဤကိစ္စကို ဆွေးနွေးရန် မကြောက်ရွံ့ပေ။ ပထမနေရာအတွက် ကြိုးစားနေသော်လည်း၊ ပထမနေရာဆိုသည်မှာ သူ အလွယ်တကူ ရယူနိုင်သည့် အရာ မဟုတ်ကြောင်း အမြဲ သိထားသည်။
ထို့အပြင် သူနှင့် ယွင်ချိုင်အပြင် အခြားသော ပြောင်းလဲနိုင်သည့် အရာများလည်း ပါဝင်နေသေးသည်။
ထိုစကားကို ကြားပြီးနောက် ဟူယန်က သက်ပြင်းချကာ …..
"ဂိုဏ်းထဲမှာ ပါရမီရှင်တွေက အရမ်း များလွန်းတယ်... နောက်တစ်ကြိမ် ပြိုင်ပွဲ စတင်တဲ့အချိန်ကျရင် လီရှို့ကျန်းနဲ့ လီရှို့မင်တို့က နာမည်ကျော်လာလိမ့်မယ်... ပြီးတော့ တခြား ပါရမီရှင်တွေလည်း ပေါ်ထွက်လာနိုင်သေးတယ်..."
ကျိယာက ဟူယန်ကို သနားစရာ အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ တစ်ယောက်တည်း ဖိအားများ အောက်တွင် ရှိနေခြင်း မဟုတ်ဘဲ ဟူယန်လည်း ထိုနည်းတူပင် ဖြစ်နေကြောင်း တွေ့ရသည်။ အမှန်တကယ်တော့ ဟူယန်မှာ ပို၍ပင် ဖိအားများနေ၏။ အကြောင်းမှာ သူသည် လီရှို့ကျန်းနှင့် လီရှို့မင်တို့၏ ပါရမီများကို ကောင်းစွာ သိထားသောကြောင့် ဖြစ်သည်။
ဤကောင်လေး နှစ်ယောက်သည် ကျောက်ကျိန်းကို အခွံခွာထားသကဲ့သို့ တူညီနေပြီး နှစ်ယောက်တောင် ဖြစ်နေသည်လေ။
...
ကျိယာနှင့် စမ်းသပ် တိုက်ခိုက်ပြီးနောက် ယွင်ချိုင်က လီချင်းချိုးကို သွားရှာပြီး သူမ၏ အောင်မြင်မှုများနှင့် နားလည်သဘောပေါက်မှုများကို ပြောပြလိုက်သည်။
"ထင်တဲ့အတိုင်းပဲ... ဟွမ်ယွမ်ကျမ်းစာကို ဆက်ပြီး လေ့လာရင် အဲဒါက ကျွန်မကို ပိုကြီးမားတဲ့ အံ့သြစရာတွေ ပေးလိမ့်မယ်... ဟွမ်ယွမ်ကျမ်းစာက သာမန်လို့ ထင်ရပေမဲ့ အမှန်တကယ်တော့ ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်နဲတယ်..."
ယွင်ချိုင် သက်ပြင်းချလိုက်ရင်း ရိုးသားစွာပြောလိုက်တော့ လီချင်းချိုး အံ့အားသင့်သွားရသည်။
သူ တကယ်ပဲ လုပ်နိုင်ခဲ့တာလား…
လီချင်းချိုးက ထိုက်ချင်း ဟွမ်ယွမ်ကျမ်းစာကို တိုက်ရိုက် အမွေဆက်ခံထားသဖြင့် ဤနည်းလမ်းကို အများအားဖြင့် နက်နက်ရှိုင်းရှိုင်း လေ့လာလေ့မရှိဘဲ အဆင့်ဆင့် ကျင့်ကြံရုံသာ ဖြစ်သည်။
ယွင်ချိုင် ဤသို့ ပြောသည်ကို ကြားသောအခါ သူ တစ်ခုခုကို လွတ်သွားပြီ ဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုက်ချင်း ဟွမ်ယွမ်ကျမ်းစာကို လေ့လာပါက၊ သူတို့၏ မူလချီ အဆပေါင်းများစွာ တိုးလာနိုင်သည်။ ထို့ကြောင့် သူ့ရဲ့ အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ နှင့် ပေါင်းစပ်လိုက်ပါက မူလချီများ မည်မျှအထိ အစွမ်းထက်လာမည်နည်း။
ထိုသို့ အတွေးပေါက်သွားသောအခါ လီချင်းချိုး၏ နှလုံးခုန်သံ ပိုမို မြန်ဆန်လာခဲ့သည်။
ယွင်ချိုင်အပေါ် အကြည့်များလည်း ပြောင်းလဲသွားသည်။ ဤမိန်းကလေးမှာ အမှန်တကယ် ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။
"မဆိုးဘူး... မင်း အောင်မြင်သွားပြီ ဆိုတော့ ဆက်လုပ်ပါ... ဂိုဏ်းထဲမှာ ဟွမ်ယွမ်ကျမ်းစာကို လေ့လာနေတာ မင်း တစ်ယောက်တည်းပဲ ရှိတယ်... မင်းသာ အပြောင်းအလဲ တစ်ခုကို တကယ် လုပ်နိုင်မယ်ဆိုရင် ငါ အရမ်း ဝမ်းသာမိမှာပါ..." ဟု လီချင်းချိုးက ချီးကျူးလိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် ရိုးသားစွာ ပြောဆိုနေခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ယွင်ချိုင်၏ ပါးပြင်များမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာ၏။
"ဓမ္မညီလာခံမှာ ကျွန်မ ပထမ ရရင် ဂိုဏ်းချုပ် ကျွန်မကို ဆုချမှာလား..."
“မင်းက ဘာဆု လိုချင်လို့လဲ..”
လီချင်းချိုးက ကူကယ်ရာမဲ့စွာ ခံစားနေရရင်း မေးလိုက်၏။
ယွင်ချိုင်သည် သူ့အပေါ် မရိုးသားသောစိတ်ထားရှိနေခြင်းမှလွဲရင် အဘက်ဘက်မှ အံ့သြဖွယ်ကောင်းလှသူပင်။
အမှန်တကယ်တော့ ယွင်ချိုင်သည်လည်း ရုပ်ရည်သွင်ပြင်နှင့် ကိုယ်လုံးကိုယ်ပေါက် လှပသူတဉီးဖြစ်သည်။ မသေမျိုးဖြစ်အောင် ကျင့်ကြံပြီးနောက် လုံးဝ အသွင်ပြောင်းသွားသကဲ့သို့ ဖြစ်နေ၏။ တပည့်များစွာ၏ နှလုံးသားထဲတွင် သူမသည် ဂိုဏ်း၌ အလှပဆုံး အမျိုးသမီး တပည့် ဖြစ်သည်။
ကံမကောင်းစွာဖြင့် လီချင်းချိုးကတော့ သူမအပေါ် မည်သည့် ခံစားချက်မျိုးမှ မရှိခဲ့ပေ။
ကြိုတင် ယူဆချက်များကြောင့် သူမအပေါ် အခြား ခံစားချက်များ ဖြစ်ပေါ်လာရန် ယာယီအားဖြင့် မဖြစ်နိုင်သေးခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထိုအရာများ အားလုံးကို ဖယ်ထားလိုက်လျှင် ယွင်ချိုင်သည် သူ့အတွက် အသုံးဝင်ဆုံး တပည့် ဖြစ်လာမည် ဖြစ်သည်။ သူမသည် အလွန် ပါရမီပါပြီး ပြတ်သားရုံသာမက သူ့အပေါ် သစ္စာစောင့်သိမှုမှာလည်း ၉၉% အထိ မြင့်မားနေသဖြင့် သူမကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည်။
ယွင်ချိုင်က လီချင်းချိုး၏ အကြည့်ကို သတိပြုမိပြီး ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။
သူမက အဲဒီလို လူမျိုးလား….
ကောင်းပြီလေ...ဟုတ်တော့လည်း ဟုတ်ပါတယ်... ဒါပေမဲ့ အဲဒီလိုမျိုး အပြုအမူမျိုးကို လီချင်းချိုးကိုပဲ လုပ်တာပါ….
"ကျွန်မတို့ အဲဒီအကြောင်း နောက်မှ ပြောကြတာပေါ့... ဂိုဏ်းချုပ်ဘက်က အရင် သဘောတူဖို့ပဲ လိုတယ်..."
"မင်းနဲ့ လက်ထပ်ဖို့ ကမ်းလှမ်းတာကလွဲလို့ ကျန်တဲ့အရာတွေ အားလုံး ဆွေးနွေးလို့ ရပါတယ်..." ဟု လီချင်းချိုးက အပြုံးဖြင့် ပြောလိုက်ရာ ယွင်ချိုင်မှာ သူ့ကို ထိုးကြိတ်ချင်စိတ် ပေါက်သွားတော့သည်။
သေချာသည်မှာ သူမ လီချင်းချိုးကို မရိုက်ရက်ချေ။ သူမက ကျိယာနှင့် ရှောင်ဝူတိတို့ကိုသာ ရိုက်ချင်သည်။
သူတို့ နှစ်ဦး အတန်ကြာ စကားပြောပြီးနောက် လီချင်းချိုးကလည်း ဟွမ်ယွမ်ကျမ်းစာကို လေ့လာလိုကြောင်း ပြောသောအခါ ယွင်ချိုင် အလွန် ဝမ်းသာသွားသည်။
ဤသည်မှာ သူမ၏ ရှာဖွေတွေ့ရှိမှုက အမှန်တကယ် တန်ဖိုးရှိကြောင်း ပြသနေသည်။
"ကျွန်မ ပြန်လေ့ကျင့်တော့မယ်... ပြိုင်ပွဲ မပြီးခင် ကျိယာရဲ့ မူလချီအဆင့်ကို ကျော်ဖြတ်နိုင်အောင် ကြိုးစားမယ်..."
ဤစကားကို ပြောပြီးနောက် ယွင်ချိုင်တယောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထွက်ခွာသွားလေတော့သည်။
ထိုစကားကို ကြားသောအခါ လီချင်းချိုးမှာ ရုတ်တရက် ကျိယာအပေါ်သို့ တိမ်များ ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျောက်ကျိန်းနှင့် ယွမ်လီတို့က သူတို့၏ နားလည်နိုင်စွမ်းမှတစ်ဆင့် တစ်မူထူးခြားသော အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ပြီး ရွှီနင်းတွင် ကောင်းကင်မိုးကြိုးချီရှိကာ ဟူယန်တွင် ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီရှိသည်။
"အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ က ပိုပြီး အလားအလာ ရှိကောင်း ရှိနိုင်တယ်... ငါ သူ့ကို သတိပေးသင့်တယ်..."
အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ ၏ အဆတစ်ရာသော စွမ်းအားမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအပေါ်တွင် အခြေခံထားပြီး အခြေခံ ခွန်အား ပိုမို အားကောင်းလေ မြှင့်တင်မှု အကျိုးသက်ရောက်မှု ပိုမို အားကောင်းလေ ဖြစ်သည်။
ထို့အပြင် ကျိယာက ခန္ဓာကိုယ် တည်ဆောက်ပုံကို လျင်မြန်စွာ အားကောင်းလာစေရန် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ၏ ခံနိုင်ရည်ကို အသုံးပြုနိုင်သည်။
ကျိယာ၏ ဆရာအနေဖြင့် လီချင်းချိုးက သူ့ကို အရာရာတိုင်း တွေးတောစဉ်းစားနိုင်ရန်လည်း ကူညီပေးနိုင်သည်။
နောက်ဆုံးတွင် သူသည်လည်း အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာကို ပိုင်ဆိုင်ထားသည် မဟုတ်လော။
……..
ဖေဖော်ဝါရီလ ကုန်ဆုံးသွားပြီး ချင်းရှောင်ဂိုဏ်း၏ ဓမ္မညီလာခံမှာ ဂိုဏ်း၏ အဆင့်မြင့် အရာရှိများ အပါအဝင် လူတိုင်းကို အံ့အားသင့်စေခဲ့၏။
သူတို့ ပိုမို မြင့်မားသော နေရာသို့ ရောက်ရှိလာသည်နှင့်အမျှ ဂိုဏ်း၏ တပည့်များအပေါ် သူတို့၏ နားလည်မှုမှာ စာအုပ်များအပေါ်တွင်သာ အများဆုံး အခြေခံထားသည်။ သို့သော်လည်း တပည့်များမှာ သက်ရှိလူသားများ ဖြစ်ကြ၏။ မန္တန်များကို ပေါင်းစပ်ရာတွင် ဗျူဟာများ၊ တိုက်ပွဲတွင် သူတို့၏ ဉာဏ်ပညာနှင့် လိုက်လျောညီထွေဖြစ်မှု - ဤအချက်များ အားလုံးက တိုက်ပွဲတိုင်းကို ခန့်မှန်း၍ မရနိုင်အောင် ဖြစ်စေသည်။
သူတို့၏ ကိုယ်ပိုင် ဌာနများတွင် ပုန်းကွယ်နေသော ရတနာများ ရှိနေကြောင်းကိုပင် သူတို့ တွေ့ရှိခဲ့ကြသည်။
ထိုနေ့တွင် ဖေမြောင်က ခြံဝင်းသို့ ပြန်ရောက်လာပြီး လီစစ်ဖုန်းကို တွေ့လိုက်ရသည်။
"ယောကျ်ား... ရွှယ်ကျင်းက အရမ်း အစွမ်းထက်တာပဲ... ဒီတစ်ကြိမ်မှာ သူ ပထမ ရဖို့ အခွင့်အရေး ရှိတယ်လို့ ကျွန်မ ခံစားရတယ်… .လီစစ်ဖုန်း ရှင်က အတွေ့အကြုံရှာဖွေရေးခန်းမရဲ့ ခန်းမသခင် ဖြစ်ပြီး ရွှယ်ကျင်းက ဒုခန်းမသခင် ဖြစ်တယ်... ရှင်တို့ နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုက တဖြည်းဖြည်း ပိုပြီး သိသာထင်ရှားလာတယ်..."
လီစစ်ဖုန်းသည်လည်း ဤတစ်ကြိမ် ဓမ္မညီလာခံတွင် ပါဝင်ခဲ့သည်။ သူသည် အထူးတလည် တစ်ခုခုကို လိုချင်နေခြင်း မဟုတ်ဘဲ ကိုယ်ပိုင် စွမ်းအားကို စမ်းသပ်လိုရုံသာ ဖြစ်သည်။
ထိုအချိန်တွင် သူ ဓားရေး လေ့ကျင့်နေပြီး ဇနီးသည်၏ စကားကို ကြားသော်လည်း သူ မရပ်တန့်ခဲ့ပေ။
"သေရေးရှင်ရေး မတိုက်ခိုက်ရသရွေ့တော့ ငါက ရွှယ်ကျင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူက အမှန်တကယ်ကို အစွမ်းထက်တယ်... သူ့ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက ထူးချွန်လွန်းတာ မဟုတ်ပေမဲ့ သူက အမြဲတမ်း ရှေ့ပြေးနေနိုင်ပြီး သူ့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်တယ်..."
သူ့လေသံတွင် လေးစားမှုများ ပြည့်နှက်နေ၏။ရွှယ်ကျင်း ယူဆောင်လာသော ဖိအားများကြောင့် ရွှယ်ကျင်းကို သူ မုန်းတီးခြင်း မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှယ်ကျင်း ပိုမို အစွမ်းထက်လာလေ ရွှယ်ကျင်းကို ပိုမို သဘောကျလေ ဖြစ်သည်။ ဤသည်မှာ အတွေ့အကြုံရှာဖွေရေးခန်းမ လမ်းကြောင်းမှန်ပေါ် ရောက်နေကြောင်း သက်သေပြနေခြင်းပင်။
သူ့ရဲ့ အကြီးဆုံးစီနီယာအစ်ကိုက သူ့ကို တစ်ကြိမ်မက ချဉ်းကပ်ခဲ့ပြီး ခန်းမသခင်၏ အမြင်ထက် ကျော်လွန်၍ စဉ်းစားရန် တိုက်တွန်းခဲ့သည်။ ချင်းရှောင်ဂိုဏ်းကို တပည့် ခုနစ်ယောက်က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သူတို့၏ အမြင်မှာ ခန်းမတစ်ခုတည်း မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်း တစ်ခုလုံး ဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့ဖူးသည်။
စီနီယာအစ်ကိုကြီးက သူ ရွှယ်ကျင်းကို မထိန်းချုပ်နိုင်သည်ကို ခံစားနေရကြောင်းကိုလည်း သိထားပြီး အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။
"ယောကျ်ား... နောက်ကျရင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ... ရှင် ခန်းမသခင် ရာထူးကို မစွန့်လွှတ်ချင်ဘူးဆိုရင် ဘာလို့ အာဏာနည်းနည်းလောက် မယူတာလဲ..."ဟု ဖေမြောင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
လီစစ်ဖုန်း၏ အဆင့်အတန်း သို့မဟုတ် အာဏာကို သူမ ဂရုမစိုက်ပေ။ သူ ဘာတွေးနေသည်ကို သူမ စပ်စုရုံသာ ဖြစ်သည်။ သူ မည်သည့် ရွေးချယ်မှုမျိုး ပြုလုပ်သည်ဖြစ်စေ သူ ပျော်ရွှင်နေသရွေ့ သူမ ထောက်ခံပေးမည် ဖြစ်သည်။
လီချင်းချိုး ရှိနေသဖြင့် ခန်းမသခင် ရာထူးကို ဆုံးရှုံးသွားပြီးနောက်တွင်လည်း လီစစ်ဖုန်း၏ ဘဝ ကျဆင်းသွားမည်ကို သူမ မစိုးရိမ်ပေ။
"ငါ့ညီမကို ကူညီဖို့ ကျင့်ကြံရေးခန်းမကို သွားတော့မလို့..."
လီစစ်ဖုန်းက နောက်ဆုံးတွင် အတွေးများကို ဖွင့်ဟလိုက်ချေပြီ။
"ကောင်းတာပေါ့... စစ်ကျင်က ရှင့်ကို ဖျောင်းဖျဖို့ ကျွန်မကို ခဏခဏ ပြောလေ့ရှိတယ်... ဒါပေမဲ့ ရှင်ဘာသာ တွေးမိလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး..."
သူမ လီစစ်ကျင်အပေါ် ကောင်းသော အထင်အမြင် ရှိပြီး ကျင့်ကြံရေးခန်းမက အတွေ့အကြုံရှာဖွေရေးခန်းမထက် ပိုမို ကောင်းမွန်သော အနာဂတ် ရှိသည်ဟု သူမ ခံစားရသည်။
ကျင့်ကြံရေးခန်းမနှင့် ကောင်းကင်လက်မှုပညာခန်းမတို့မှာ ဂိုဏ်းချုပ် အလေးအနက်ဆုံး ထားသော ခန်းမနှစ်ခု ဖြစ်ပြီး အမြင့်ဆုံး အခွင့်အရေးများ ရရှိထားကြောင်း လူတိုင်း သိကြသည်။
"ငါ ကျင့်ကြံရေးခန်းမကို သွားရင်တောင် ကျင့်ကြံရေးခန်းမ အတွက် အဖိုးတန် ဆေးဖက်ဝင်အပင်တွေနဲ့ ဝိညာဉ်အပင်တွေကို ရှာဖွေဖို့ တောင်အောက်ကို မကြာခဏ ဆင်းဦးမှာပဲ... ငါက အငြိမ်မနေနိုင်ဘူးဆိုတာ မင်း သိပါတယ်... ငါ့ရဲ့ စီနီယာအစ်ကိုသာ ငါ့ကို အတင်းအကျပ် မတားခဲ့ဘူးဆိုရင် ငါ တောင်အောက်ဆင်းသွားတာ ကြာလောက်ပြီ..."
ဤကိစ္စနှင့် ပတ်သက်၍ သူ ညည်းညူစရာ မရှိချေ။ သူ့အနေနှင့် စိတ်ကို တည်ငြိမ်အောင် ထားရန် လိုအပ်ကြောင်းကိုလည်း သိထားပေသည်။
ဖေမြောင်က သူ့ကို စိုက်ကြည့်ကာ ….
ရှို့ကျန်းနဲ့ ရှို့မင် ကြီးပြင်းလာတဲ့အထိ ရှင် အတူနေပေးမယ်လို့ ကျွန်မတို့ သဘောတူထားတယ် မဟုတ်လား..."
"အဲဒီကောင်လေး နှစ်ယောက်အကြောင်း မပြောပါနဲ့... သူတို့က သူတို့ရဲ့ အဖေကို လေးစားမှု မရှိဘူး... ပြီးတော့ သူတို့ ကြီးလာရင် သူတို့ရဲ့ အနိုင်ယူတာကို ခံရမှာ ငါ စိုးရိမ်တယ်... အဲဒါကိုတော့ ငါ လက်မခံနိုင်ဘူး..."
လီစစ်ဖုန်းက နှာခေါင်းရှုံ့လိုက်၏။ သူသည် ရွှယ်ကျင်းလောက် မကောင်းကြောင်း လက်ခံနိုင်သော်လည်း သားများလောက် မကောင်းကြောင်းကိုတော့ လက်မခံနိုင်ပေ။ သူ့ကို အနိုင်ယူသွားမည့် လီရှို့မင်၏ မျက်နှာကို တွေးကြည့်ရုံဖြင့် ဦးရေပြားပင် ထုံကျဉ်သွားသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ... သူတို့က ရှင့်ကို ဂရုစိုက်ပါတယ်... ဒါပေမဲ့ ရှင်က အမြဲတမ်း ဟန်ဆောင်နေဖို့ ကြိုးစားနေတာပဲ... ရှင့်ရဲ့ စီနီယာအစ်ကိုဆီကနေ သင်ယူလို့ မရဘူးလား... သူက သူ့ရဲ့ တပည့်တွေကို ဘယ်လို ဆက်ဆံလဲ ကြည့်ပါဦး... သူက ဘယ်တော့မှ ဟန်ဆောင်မနေဘူး..."
"ငါ ပြောင်းလဲဖို့ ကြိုးစားနေပါတယ်ကွာ... ဒါပေမဲ့ သူတို့ရဲ့ စကားတွေက အရမ်း ဒေါသထွက်စရာ ကောင်းတာပဲ... သူတို့က တခြားလူတွေကိုတော့ အဲဒီလို မပြောကြဘူးလေ..."
"ရှင်တို့ သားအဖတွေက တကယ်ကို ရန်သူတွေလိုပဲ..."
သူတို့ နှစ်ဦး သားများအကြောင်း စတင် ပြောဆိုရင်း စိတ်ခံစားချက်များမှာ စတင် ပြောင်းလဲလာသည်။ လီစစ်ဖုန်းက ညည်းညူနေသော်လည်း လီရှို့ကျန်းနှင့် လီရှို့မင်တို့အတွက် ဂုဏ်ယူနေဆဲပင်။
နောက်ဆုံးတွင် ဤနှစ်ဦးမှာ လီစစ်ဖုန်း၏ ကလေးများပင် ဖြစ်သည်မဟုတ်ပေလော။
...
မတ်လမှ စတင်၍ ရွှယ်ကျင်း၊ ယွမ်လီ၊ လီရန် နှင့် ဟန်လန်တို့လို အမည်ရ တပည့်ဟောင်းများက နောက်တစ်ကြိမ် မုန်တိုင်းကို ဖန်တီးခဲ့ကြပြီး သူတို့ ရှိနေသေးကြောင်းကို ဂိုဏ်းတူညီအစ်ကိုများကို ပြသခဲ့ကြသည်။
ရှောင်ညီနောင်သုံးဖော်သည်လည်း အလွန် အစွမ်းထက်ကြပြီး အထူးသဖြင့် ရှောင်ဝူတိပင် ဖြစ်သည်။ သူသည် နာမည်နှင့် လိုက်ဖက်စွာ ကြီးစိုးသော တိုက်ခိုက်ရေး ပုံစံနှင့် ခမ်းနားထည်ဝါသော ပုံစံဖြင့် ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
လီချင်းချိုး ပြုစုပျိုးထောင်ပေးနေသော လုချင်းသည်လည်း ပါရမီရှိကြောင်း ပြသခဲ့ပြီး ပထမနေရာအတွက် အားကောင်းသော ယှဉ်ပြိုင်သူ တစ်ဦး ဖြစ်လာခဲ့သည်။
လူသားဘိုးဘေးဖြစ်သင့်သော ယန်ရွှမ် သည်လည်း ယခုမှာ ပါရမီ စတင် ပေါ်ထွက်လာခဲ့သော်လည်း ပါရမီရှင်များစွာကြားတွင် ထူးချွန်လွန်းခြင်း မရှိခဲ့ပေ။
မတ်လကုန်ပိုင်းတွင်
လီချင်းချိုက ဂူရှေ့ရှိ သစ်တောထဲတွင် လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို ကျင့်ကြံခြင်းအကြောင်း သင်ကြားပေးနေစဉ် မျက်လုံးရှေ့တွင် သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
[ဤသည်မှာ သင့်ရဲ့ တာအိုမျိုးဆက်က အခြား ကျင့်ကြံရေး ဂိုဏ်းတွေကနေ သူလျှိုတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ပြီး သင့်ရဲ့ တာအိုမျိုးဆက်က ပိုမို မြင့်မားတဲ့ ပြိုင်ဆိုင်မှု အဆင့်တစ်ခုကို တရားဝင် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ပြသနေပါတယ်... ဤသူလျှိုရဲ့ ကိုယ်ရေးအချက်အလက်ကို ကြည့်ချင်ပါသလား...]
လီချင်းချိုး မှင်တက်သွားချေပြီ။
သူလျှို……
ဤသတိပေးချက်ကို ဖြစ်ပေါ်စေနိုင်သော သူလျှိုများမှာ ချင်းရှားဂိုဏ်းလို ဂိုဏ်းငယ်လေးများမှ မဟုတ်ဘဲ အစစ်အမှန် မသေမျိုးလမ်းစဉ် ကျင့်ကြံရေး ဂိုဏ်းများမှ ဖြစ်ရမည်။
လီချင်းချိုး မျက်မှောင်ကြုတ်သွားပြီး ကောင်းမွန်သော စိတ်ခံစားချက်များ ပျက်စီးသွားချေပြီ။
ချင်းရှောင်ဂိုဏ်းကို ရှာတွေ့သွားကြပြီလား…..