← Chapters

ဂိုဏ်းချုပ်ကတော်

Vol. 28 Ch. 274

ဂိုဏ်းချုပ်ကတော်

Vol. 28 Ch. 274

​"ကောင်းတယ်... အဲဒီ တောင်ကြားကို လူလွှတ်လိုက်မယ်... မင်းခေါ်လာတဲ့ တပည့်တွေ လမ်းမှတ်မိတယ် မဟုတ်လား..."

​လီချင်းချိုးက ဝိညာဉ်အသိအာရုံကို သိုလှောင်အိတ်ထဲမှ ပြန်ရုပ်သိမ်းလိုက်ပြီး ကျန်းကျောက်ရှားကို ကြည့်ကာ ညင်သာစွာ ရယ်မောလိုက်သည်။

​ဂိုဏ်းအတွင်း တပည့် အရေအတွက် များပြားလာသည်နှင့်အမျှ ကောင်းချီးမြေများ၏ အရေအတွက်အပေါ် ဖိအားမှာလည်း တိုးလာပြီး ယခုအခါ ထျန်းရှန်းဝိညာဉ်ရေကန်သည် အဓိက ကျင့်ကြံရေး နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

​"အင်း... သူတို့ မှတ်မိပါတယ်...ဒီကိစ္စကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်... ကျွန်မတော်လည်း တာဝန်ယူဖို့ အချိန်တန်ပါပြီ..." ဟု ဆိုကာ ကျန်းကျောက်ရှားက ခေါင်းညိတ်လိုက်သည်။

​လီချင်းချိုးကလည်း ကျေနပ်စွာ ပြုံးလိုက်သည်။ ကျန်းကျောက်ရှားက တာဝန်အချို့ကို ရယူရန် ဆန္ဒရှိခြင်းမှာ ကောင်းသောအရာ ဖြစ်၏။

​လီချင်းချိုးက အာဏာဖွဲ့စည်းပုံကို တည်ဆောက်ထားပြီး ဖြစ်သော်လည်း သူ့ခွင့်ပြုချက် လိုအပ်သည့် ကိစ္စရပ်များစွာ ရှိနေသေးပြီး သူအာရုံစိုက်ရန် လိုအပ်သည့် အသေးအဖွဲ ကိစ္စရပ်များစွာလည်း ရှိနေသေးသဖြင့် လုံးဝ အနားယူရန်မှာ ခက်ခဲလှသည်။

​ထို့နောက် သူတို့ ညီအစ်ကို နှစ်ဦး ဓမ္မညီလာခံ အကြောင်း ပြောဆိုခဲ့ကြသည်။

​ကျန်းကျောက်ရှားက အထီးကျန်ဓား အပေါ် အလွန် ယုံကြည်မှုရှိပြီး အထီးကျန်ဓားက ထိပ်ဆုံး သုံးယောက်စာရင်းဝင်ရန် သေချာသည်ဟု ယုံကြည်သော်လည်း ပထမနေရာအတွက် ယှဉ်ပြိုင်နိုင်မည်လား ဆိုသည်ကိုတော့ မသေချာချေ။

​"စီနီယာအစ်ကို... ဒီတစ်ကြိမ် ဘယ်သူ ပထမရမယ်လို့ ထင်လဲ..."

လီချင်းချိုး၏ အကဲဖြတ်မှုကို ယုံကြည်သော ကျန်းကျောက်ရှားက မနေနိုင်တော့ဘဲ မေးလိုက်သည်။

​"ယွင်ချိုင်လေ..."

​လီချင်းချိုးက အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြန်​​ဖြေလိုက်သည်။

​"ယွင်ချိုင်..."

​ကျန်းကျောက်ရှား မှင်တက်သွားသည်။ သူသည် ယွင်ချိုင်၏ ပါရမီနှင့် နားလည်နိုင်စွမ်း အကြောင်းကို ဟိုးအရင်ကတည်းက ကြားဖူးခဲ့သော်လည်း ယွင်ချိုင်နှင့် မကြာခဏ အဆက်အသွယ် မရှိခဲ့ပေ။ ယွင်ချိုင်က လီချင်းချိုး၏ တပည့်များထက် ပိုအစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

​"ကျိယာ၊ အထီးကျန်ဓား နဲ့ ရွှယ်ကျင်း တို့ အားလုံးက ယွင်ချိုင်လောက် မတော်ဘူးလား..."

​"အင်း..."

​"စိတ်ဝင်စားစရာပဲ..."

​ကျန်းကျောက်ရှားက ဂိုဏ်းနှင့် ပတ်သက်၍ သူ့နားလည်မှုများ အနည်းငယ် ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။ သူသည် တာဝန်များ ထမ်းဆောင်ရန် တောင်အောက်ဆင်းနေခြင်း သို့မဟုတ် တံခါးပိတ် ကျင့်ကြံနေခြင်းများ ပြုလုပ်နေခဲ့သဖြင့် ဂိုဏ်း၏ တပည့်များအကြောင်း လေ့လာရန် ပျက်ကွက်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

​လီချင်းချိုးက ပြုံး၍…..

"နောက်နှစ်အနည်းငယ် ကြာရင် မင်းရယ်၊ နင်းအာရယ်၊ ရှန်ယွဲ့ရယ် သုံးယောက်တည်း ယှဉ်ပြိုင်နေရတာမျိုး မဟုတ်တော့ဘဲ လူငယ်မျိုးဆက်တွေဆီက စွမ်းအားကိုလည်း လျှော့တွက်လို့ ရမှာ မဟုတ်တော့ဘူး..."

​ထိုအခါ ကျန်းကျောက်ရှားက မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။

"ကျွန်တော် ကျော်တက်ခံရနိုင်တယ်လို့ ဆိုလိုတာလား..."

​"မဟုတ်ပါဘူး... လူငယ် မျိုးဆက်တွေကို အထင်မသေးဖို့ မင်းကို ငါ သတိပေးနေတာပါ... နောင်ကျရင် သူတို့ကိုလည်း တာဝန်အချို့ ပေးပြီး လေ့ကျင့်ပေးလို့ ရတယ်လေ... မင်းက ဓားဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်သာမက ဂိုဏ်းရဲ့ မဏ္ဍိုင်ကြီး တစ်ခုလည်း ဖြစ်တယ်... မင်းက ဒုဂိုဏ်းချုပ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား..."

​ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိသွားသည်နှင့် ပိုမို မြင့်မားသော အဆင့်သို့ ချိုးဖျက်ရန် အလွန် အချိန်ကြာမြင့်သည်။ ထို့ကြောင့် လီချင်းချိုးက ကျန်းကျောက်ရှားကို ကွဲပြားခြားနားသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာစေရန် မျှော်လင့်နေခြင်းပင်။

​ကျန်းကျောက်ရှား အတွေးနက်သွားတော့ ​လီချင်းချိုးက ဆက်ပြောပြန်သည်။

"ဂိုဏ်းတစ်ခုအတွက် ဝိညာဉ်အသိအာရုံအဆင့်ကို ကျော်လွန်တဲ့ အစွမ်းထက်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ထွက်ပေါ်လာဖို့ အချိန်ယူရတယ်... ဒါကြောင့် လာမယ့် ဆယ်နှစ်အတွင်း ဂိုဏ်းက ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူတွေ ပိုမို ထွက်ပေါ်လာနိုင်ဖို့ ငါ မျှော်လင့်တယ်..."

​ကျန်းကျောက်ရှားက ခေါင်းညိတ်လိုက်ပြီး….

"ကျွန်တော် နားလည်ပါပြီ... ဘာလုပ်ရမလဲဆိုတာလည်း သိပါတယ်... ဒီတခေါက်ဓမ္မညီလာခံကို ကျွန်တော် စောင့်ကြည့်နေပါ့မယ်..."

​လီချင်းချိုးက ပြုံးလိုက်ပြီးနောက် လင်းရွှမ်ဖုန်းအကြောင်း ပြောလိုက်လေသည်။

​"ဆရာသာ မသေမျိုးလမ်းစဉ်ရှာဖို့ တောင်အောက်ဆင်းပြီး ချင်းရှောင်ဂိုဏ်းရဲ့ လက်ရှိ အခြေအနေကို ပြန်လာတွေ့ရင် သူ ဘာများ တွေးမလဲ မသိဘူး..."

​ဤအကြောင်းအရာက ကျန်းကျောက်ရှား၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည်။

"သူ နောင်တရနေမှာ သေချာတယ်... နှစ်တွေ ဒီလောက် ကြာသွားတာတောင် သူ့သတင်း ဘာမှ မကြားရသေးဘူး... သူ တကယ်ပဲ မသေမျိုးဂိုဏ်းကို ရှာတွေ့သွားတာ ဖြစ်နိုင်မလား..."

​" ဖြစ်နိုင်ပါတယ်..."ဟုသာ လီချင်းချိုးက အဓိပ္ပာယ်ပါပါ ပြန်ဖြေလိုက်လေသည်။

​...

​ဇွန်လသို့ နီးကပ်လာသည်နှင့်အမျှ ဇွန်လတွင် နောက်ဆုံး ၆၄ ဦးကို ဆုံးဖြတ်ရန် ရည်ရွယ်ထားသဖြင့် ပြိုင်ပွဲမှာ ပိုမို ပြင်းထန်လာသည်။ ဤသည်မှာ ပါရမီရှင် များစွာ ပြုတ်ထွက်သွားမည်ကို ဆိုလိုသည်။

​မေလလယ်တွင်….

​ဓားဂိုဏ်း၏ အကြီးဆုံး တပည့်ဖြစ်ပြီး ယခင် ဓမ္မညီလာခံတွင် ထိပ်ဆုံး ဆယ်ယောက်စာရင်း ဝင်ခဲ့သော ဟန်လန်သည် ယွင်ချိုင်၏ အနိုင်ယူခြင်းကို ခံလိုက်ရရာ၊ ပြိုင်ပွဲ စတင်ကတည်းက အကြီးမားဆုံး အံ့သြဖွယ်ရာ ဖြစ်လာခဲ့ပြီး ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

​ဟန်လန်သည် ကျန်းကျောက်ရှား၏ တပည့် ဖြစ်ပြီး ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယွင်ချိုင်နှင့် မတွေ့ဆုံမီက သူသည် ပထမနေရာအတွက် အားကောင်းသော ယှဉ်ပြိုင်သူ တစ်ဦးပင် ဖြစ်ခဲ့သည်။

​အရေးအကြီးဆုံးမှာ ဤတိုက်ပွဲတွင် ယွင်ချိုင်က သူ့ကို လုံးဝ အနိုင်ယူ ကြီးစိုးသွားခဲ့ခြင်း ဖြစ်သည်။

​အသက် ၂၅ နှစ်အရွယ် ယွင်ချိုင်သည်လည်း မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်တွင် ရှိနေ၏။ သူမ၏ နာမည်ကျော်ကြားမှု ကြီးမားလာသည်နှင့်အမျှ အချို့သော အလုပ်မရှိ အကိုင်မရှိသူများက သူမ၏ အတိတ်အကြောင်းကို စတင် စုစည်းလာကြသည်။

ထို့ကြောင့် ​ယွင်ချိုင်၏ ကျင့်ကြံမှု အရှိန်မှာ ဂိုဏ်းအတွင်း ပြိုင်ဘက်ကင်းလောက်အောင် အလွန် အံ့မခန်း ဖြစ်ကြောင်း လူအများ ပိုမို သဘောပေါက်လာကြသည်။ သူမ၏ တိုက်ခိုက်ရေး ပါရမီနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် ရွှီနင်းကဲ့သို့ ဆွဲဆောင်မှု ရှိပြီး သို့မဟုတ် ပို၍ပင် ဆွဲဆောင်မှု ရှိနေနိုင်သည်။

​ယွင်ချိုင်၏ နောက်ခံကလည်း တပည့်များစွာကြား ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။

​သူမသည် ဂိုဏ်းချုပ် အုပ်စု၏ နောက်ထပ် စံပြ ပါရမီရှင် တစ်ဦး ဖြစ်သည်။

​သူမ ဂိုဏ်းသို့ မဝင်မီက ဂိုဏ်းချုပ်၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီး ကျေးဇူးဆပ်သည့်အနေဖြင့် တပည့်တစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဂိုဏ်းချုပ်က သူမ၏ ပါရမီကို တွေ့ရှိခဲ့ပြီး သူမကို စတင် ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

​ယွင်ချိုင်၏ နာမည်ကျော်ကြားမှု အဝေးသို့ ပျံ့နှံ့သွားခဲ့ရာ လီချင်းချိုး၏ လူစွမ်းကောင်းဆန်မှုနှင့် ထိုးထွင်းသိမြင်နိုင်သော အကဲဖြတ်မှုမှာ တပည့်များကြား ထပ်မံ၍ ပြောဆိုစရာ ဖြစ်လာခဲ့ပြန်သည်။

​ခြံဝင်းတစ်ခု အတွင်း၌…..

​ကျိယာက ရင်းနှီးသော သူငယ်ချင်း ငါးဦးနှင့်အတူ အရက်သောက်နေပြီး ဟန်လန် ရှုံးနိမ့်သွားသည့် ကိစ္စကို သူတို့ ပြောဆိုနေကြသည်။

​ဤအဖြစ်အပျက်က ဟန်လန်ကို အပြင်းအထန် ထိခိုက်သွားစေခဲ့သည်။ သူသည် ဓားဂိုဏ်း တပည့်များကို ဓားရေး လေ့ကျင့်ရာတွင် ဦးဆောင်ခြင်း မပြုတော့ဘဲ ချောက်ကမ်းပါးပေါ်တွင် တစ်နေ့လုံး တရားထိုင်နေကာ မည်သူ့ကိုမျှ တွေ့ဆုံရန် ငြင်းဆန်နေခဲ့သည်။

​ယန်လင်းက ကျိယာကို ကြည့်၍…..

"ကျိယာ... မင်း ယွင်ချိုင်နဲ့ အဆက်အဆံ အများကြီး ရှိခဲ့မှာပဲ... သူက သီးသန့် အချိန်တွေမှာ ဘယ်လို လူမျိုးလဲ..."

​ကျိယာ၏ အဆက်အသွယ်များကြောင့် သူတို့ ငါးဦးကို လီချင်းချိုးက ဓားဂိုဏ်းသို့ ဝင်ရောက်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် နှစ်ပေါင်းများစွာ ကြိုးစား ကျင့်ကြံလာခဲ့ကြပြီး သူတို့၏ ကျင့်ကြံမှုများ ကျဆင်းမသွားခဲ့ပေ။ သူတို့၏ မျက်လုံးထဲတွင် ယွင်ချိုင်သည် ဂျူနီယာ တစ်ယောက်သာ ဖြစ်သည်။ နောက်ဆုံးတွင် ယွင်ချိုင်က ဂိုဏ်းသို့ သူတို့ထက် နောက်ကျမှ ဝင်လာခဲ့ခြင်း ဖြစ်ပေသည်။

​ ဟန်လန်ကို ယွင်ချိုင် အနိုင်ယူလိုက်ခြင်းက သူတို့အပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေခဲ့သည်။

​သူတို့ထက် လေ့ကျင့်ချိန် နည်းပါးသော သူတစ်ယောက်က ဟန်လန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ စိတ်ကူးတောင် မယဉ်နိုင်ခဲ့ချေ။

​ဤဓားဂိုဏ်း တပည့်များမှာ ဟန်လန်၏ စွမ်းအားကို အသိဆုံး ဖြစ်ကြသည်။

​ကျိယာက တွေးတောလိုက်ပြီး… .

"သီးသန့် အချိန်တွေမှာ သူက ပြိုင်ပွဲဝင် စင်မြင့် ပေါ်မှာလိုပဲ အေးစက်စက်နိုင်တယ်...သူက အစစ်အမှန် ကျင့်ကြံခြင်း ရူးသွပ်သူ တစ်ယောက်ဖြစ်ပြီး အချိန်အားလုံးနီးပါးကို ကျင့်ကြံရာမှာ ကုန်ဆုံးစေတာပဲ..."

​ ဟန်လန်ကို ယွင်ချိုင် အနိုင်ယူလိုက်ခြင်းက သူ့ကိုလည်း အကြီးအကျယ် လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။

​သူသည်လည်း ယွင်ချိုင်ကို အမှန်တကယ်ပင် ယှဉ်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။

​"သူက ဂိုဏ်းချုပ် ကိုယ်တိုင် သင်ကြားပေးတဲ့ တပည့် ဖြစ်နေလျက်နဲ့ ဘာလို့ ဂိုဏ်းချုပ်ရဲ့ တပည့် မဖြစ်တာလဲ..."

အမျိုးသား တပည့်တစ်ဦးက မေးလိုက်ရာ ခိာမေးခွန်းက အခြား လေးဦး၏ စပ်စုချင်စိတ်ကို နှိုးဆွလိုက်သလိုပင်။

​ဤသည်မှာလည်း ဂိုဏ်းမှ တပည့်များစွာ သိချင်နေကြသော မေးခွန်းတစ်ခု ဖြစ်သည်။

​ကျိယာက ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်ပြီး အသံတိုးတိုးဖြင့်….

"ငါ မင်းတို့ကို ပြောပြနိုင်တယ်... ဒါပေမဲ့ မင်းတို့ အဲဒါကို ဟိုဒီ မပြောရဘူးနော်..."

​" ပြောသာပြောပါ... မင်း ငါတို့ကို မယုံသေးဘူးလား..."

​"ဟုတ်တယ်... မြန်မြန်ပြောပါ..."

​ယန်လင်းနှင့် အခြားသူများ၏ တိုက်တွန်းမှုကြောင့် ကျိယာက လျှို့ဝှက်ဆန်းကြယ်သောလေသံဖြင့် …..

"အကြောင်းရင်းက သူက ဂိုဏ်းချုပ်ရဲ့ တပည့် မဖြစ်ချင်ဘဲ တခြား တစ်ယောက် ဖြစ်ချင်လို့လေ..."

​တခြား တစ်ယောက် ဟုတ်လား….

​လူတိုင်း ပဟေဠိဖြစ်သွားသော်လည်း ယန်လင်းမှာ တစ်ခုခုကို တွေးမိသွားပုံရပြီး သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

​ကျိယာက မျက်ခုံးပင့်လိုက်ပြီး ….

"မင်းတို့ အဲဒါကိုတောင် မတွေးမိဘူးလား... သူက တခြား ဘယ်လို လူမျိုး ဖြစ်နိုင်မှာလဲ... ဂိုဏ်းချုပ်ကတော် ဖြစ်ချင်နေတာလေ... ဟူယန်က သူမကို 'စီနီယာအစ်မ' လို့ ခေါ်တိုင်း စိတ်ဆိုးနေတာပဲ..."

​ပြိုင်ပွဲဝင် စင်မြင့် ပေါ်တွင် နတ်သမီးတစ်ပါးကဲ့သို့ အေးစက်ပြီး ခပ်တန်းတန်း နေတတ်သော ယွင်ချိုင်၌ ဤကဲ့သို့သော တဖက်ခြမ်းမျိုး ရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့သဖြင့် လူတိုင်း အလွန် အံ့အားသင့်သွားကြသည်။

​သူတို့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး လီချင်းချိုး၏ သဘောထားကို သိလိုသဖြင့် အသေးစိတ် မေးမြန်းကြတော့သည်။

​"ငါ့ဆရာက သူ့ရဲ့ အတွေးတွေကို မြင်နိုင်တာ သေချာတယ်... ပြီးတော့ သူ့ကို လုံးဝ သဘောတူမှာ မဟုတ်ဘူး..."

ကျိယာက ပခုံးတွန့်လိုက်သော်လည်း ဤစကားများက ယန်လင်း၏ မျက်လုံးများကို အရောင်လက်သွားစေသည်။

​လူတစ်ယောက် နာမည်ကြီးလာသည်နှင့်အမျှ ကောလာဟလများနှင့် အတင်းအဖျင်းများ သေချာပေါက် ထွက်ပေါ်လာမည်သာ ဖြစ်သည်။

​ယွင်ချိုင်ကလည်း ထိုအတိုင်းပင် ဖြစ်၏။ လူအများအပြားက သူမအကြောင်း ပြောနေကြချေပြီ။

​သူမက ဟန်လန်ကို အနိုင်ယူပြီး ငါးရက် မပြည့်မီမှာပင် သူမက ဂိုဏ်းချုပ်ကတော် ဖြစ်ချင်နေသည်ဟူသော သတင်းမှာ ဂိုဏ်းအတွင်း တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ရာ တပည့်များကို ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။

​ဤသည်က လီချင်းချိုးကိုလည်း တပည့်များကြားတွင် ပြောဆိုစရာ ဖြစ်လာစေခဲ့သည်။

​ဂိုဏ်းချုပ်တွင် မည်သည့် အပြစ်အနာအဆာမျှ မရှိဘဲ အမျိုးသမီး တပည့်များ၏ လေးစားအားကျမှု စံနှုန်းများ အားလုံးနှင့် ကိုက်ညီနေသော်လည်း၊ သူသည် မည်သူနှင့်မျှ မည်သည့် အချစ်ရေးဆန်သော ဆက်ဆံရေးမျိုးတွင်မျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း တပည့်များက တွေ့ရှိခဲ့ကြသည်။

​တဖြည်းဖြည်းနှင့် တပည့်များ၏ ဆွေးနွေးမှုများမှာ သူတို့၏ ဂိုဏ်းချုပ်က မည်သို့သော အမျိုးသမီးမျိုးကို သဘောကျသနည်းဟူသော စပ်စုချင်စိတ်ဆီသို့ ပြောင်းလဲသွားတော့သည်။

All Chapters