လက်ရည်စမ်းရုံ သက်သက်ပါပဲ
Vol. 28 Ch. 275
နေရောင်ခြည်က အဝေးရှိ တောင်ထွတ်များကို ဖြတ်သန်းလာပြီး စွန်းမော့ရှင်းပေါ်သို့ ကျရောက်လာသဖြင့် မော့ကြည့်လိုက်ရင်း နေရောင်ခြည်မှာ သူ့အတွက် အနည်းငယ် စူးရှနေသည်ဟု ခံစားလိုက်ရသည်။
နေထွက်လာသော်လည်း စွန်းမော့ရှင်း၏ စိတ်ခံစားချက်မှာ ကောင်းမွန်မလာခဲ့ချေ။ ထောင်ချောက်မိနေသလို ခံစားနေရဆဲပင်။
သူသည် မှော်ကျမ်းစာတိုက်သို့ လာခြင်းအားဖြင့် တာအို သွန်သင်ချက်များကို လေ့လာစူးစမ်းနိုင်မည်ဟု ထင်ခဲ့သော်လည်း၊ အထဲတွင် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူများ ရှိနေသဖြင့် သူ လုံးဝ ဝင်မသွားရဲခဲ့ပေ။
သူသည် ဓမ္မညီလာခံကို သွားကြည့်ရန် အချိန်မရှိသည့်အပြင် ချင်းရှောင်ဂိုဏ်း၏ သတင်းအချက်အလက်များကို စုံစမ်းရန်လည်း မဖြစ်နိုင်တော့ချေ။
ပိုတွေးလေလေ တစ်ခုခု မှားယွင်းနေသလို ပိုခံစားရလေလေ ဖြစ်နေသည်။ သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဘာကြောင့် ဤနေရာသို့ တာဝန်ချထားခံရသနည်း။
ပြီးတော့ မှော်ကျမ်းစာတိုက်ထဲက ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူတွေက ဘာလို့ အဲဒီမှာပဲ နေပြီး မထွက်သွားကြတာလဲ။
ကျောက်ကျိန်းက သူ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာများလား….
စွန်းမော့ရှင်းအတွက် ကျင့်ကြံရေး ဂိုဏ်းတစ်ခုထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်းမှာ ဤအကြိမ်သည် ပထမဆုံး မဟုတ်ချေ။ အလိုအလျောက် သိစိတ်ကို အားကိုး၍ အမြဲတမ်း အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ခဲ့ပေသည်။ အကယ်၍ အခြေအနေ မဟန်ပါက လွတ်အောင် ထွက်ပြေးမည်သာ။
"ကောင်းပြီ... ထွက်သွားဖို့ အခွင့်အရေး တစ်ခု ရှာကြစို့... မြောက်ဘက်ကို သွားပြီး အရင် သွားကြည့်မယ်... ပြီးမှ သတင်းအချက်အလက် စုဆောင်းဖို့ ပြန်လာမယ်..."
ဇီယန်ကျွန်းသို့ ပြန်ရန်အတွက် မည်သို့ပင်ဖြစ်စေ ချင်းရှောင်ဂိုဏ်းကို ဖြတ်သန်းရမည် ဖြစ်ကြောင်း စွန်းမော့ရှင်းက စိတ်ထဲမှ တွေးလိုက်သည်။
ဓမ္မညီလာခံမှာ ဆက်လက် ကျင်းပနေဆဲ ဖြစ်သော်လည်း နေ့စဉ်နေ့တိုင်း တပည့် အများအပြားမှာ မှော်ကျမ်းစာတိုက်သို့ လာရောက်ကြသည်။ ထိုနေရာ တစ်ဝိုက်ကို စောင့်ကြပ်နေသည့် စွန်းမော့ရှင်းလို အပြင်စည်းတပည့် အတော်များများလည်း ရှိနေသေးသဖြင့် ဤအခြေအနေမျိုးတွင် မှော်ကျမ်းစာတိုက်မှ လျှို့ဝှက်ကျမ်းစာများကို ခိုးယူရန် မလွယ်ကူပေ။
ဆုံးဖြတ်ချက်ချပြီးနောက် စွန်းမော့ရှင်းမှာ စိတ်သက်သာရာ ရသွားပြီး အသွားအလာ လုပ်နေသော တပည့်များကို စောင့်ကြည့်ရင်း ယခင် စိတ်နေသဘောထားကို ပြန်လည် ရရှိသွားခဲ့သည်။
ဤနေရာတွင် နေရခြင်းက စွန်းမော့ရှင်းအတွက် အချိန်တွေ လျင်မြန်စွာ ကုန်လွန်နေသည်ဟု ခံစားရစေသည်။
ညနေခင်းသို့ ရောက်ရှိလာသောအခါ နောက်ဆုံးတွင် သူတို့ကို အလှည့်ကျ တာဝန်ယူပေးမည့် တပည့်တစ်စု ရောက်ရှိလာသည်။
ထို့ကြောင့် ဂိုဏ်းတူညီအစ်ကိုများနှင့်အတူ စကားပြော ရယ်မောရင်း တောင်အောက်သို့ ဆင်းလာခဲ့သည်။ ဤသည်မှာ အလှည့်ကျ တာဝန်တစ်ခုသာ ဖြစ်ပြီး လောလောဆယ် ဤအလုပ်မှ သူ မလွတ်ကင်းနိုင်သေးချေ။ သူနှင့် မတူဘဲ အခြား တပည့်များမှာ ဤအလုပ်ကို အလွန် ကျေနပ်နေကြသည်။ ဓမ္မညီလာခံ ပြီးဆုံးသည့်တိုင်အောင် သူတို့ သည်းခံနိုင်သရွေ့ ချင်းရှောင်ဂိုဏ်း၏ အရေးအကြီးဆုံးသော တာအို အခွင့်အရေးများ အပါအဝင် ရက်ရောသော ဆုလာဘ်များကို သူတို့အားလုံး ရရှိကြမည် ဖြစ်သည်။
ချင်းရှောင်တောင်၏ တောင်လမ်းအတိုင်း ဆင်းလာစဉ် သူတို့တွေ စကားပြော ရယ်မောလာကြပြီး သူတို့အားလုံး၏ နှလုံးသားထဲတွင် အနာဂတ်အတွက် လှပသော အိပ်မက်များဖြင့် ပြည့်နှက်နေကြသည်။
ရုတ်တရက်….
အောက်ဘက်မှ အမျိုးသမီး တပည့်တစ်စု ရောက်လာပြီး စွန်းမော့ရှင်း၏ ဂိုဏ်းတူညီအစ်ကိုများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ဤအမျိုးသမီး တပည့်များမှာ ကိုယ်နေဟန်ထား ထူးခြားပြီး သူတို့၏ ရယ်မောသံများနှင့် စကားပြောသံများကလည်း အတော်လေး ကျယ်လောင်သည်။ သူတို့ကို ဦးဆောင်လာသူမှာ ယွင်ချိုင် ပင် ဖြစ်၏။
ယွင်ချိုင်သည် စကားတစ်ခွန်းမျှ မပြောဘဲ ရှေ့ဆုံးမှ လျှောက်လာခဲ့သည်။ သူမ၏ အေးစက်သော မျက်နှာထားက သူမကို ဆက်ဆံရန် အလွန် ခက်ခဲသည်ဟု ထင်ရစေသည်။
ဤအမျိုးသမီး တပည့်များမှာ ယွင်ချိုင်နှင့်အတူ ဖန်မြို့မှ လာခဲ့သော အမျိုးသမီးများ ဖြစ်ကြသည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူတို့သည် ယွင်ချိုင်ကို ဗဟိုပြုကာ အဖွဲ့ငယ်တစ်ခု ဖွဲ့စည်းခဲ့ပြီး ခန်းမအသီးသီးတွင် ပြန့်ကျဲနေကြသည်။
ယွင်ချိုင်၏ အကြည့်များက တောင်ပေါ်သို့ တက်လာသော တပည့်တစ်စုဆီသို့ ရုတ်တရက် ရောက်သွားပြီး စွန်းမော့ရှင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
စွန်းမော့ရှင်းက ယွင်ချိုင်၏ အကြည့်ကို သတိပြုမိသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။ သူမ၏ တိုက်ခိုက်ရေး စွမ်းရည်များကို သူ မမြင်တွေ့ဖူးသေးသလို၊ ဤအမျိုးသမီးမှာ မကြာသေးမီက ဂိုဏ်းအတွင်း လူကြိုက်အများဆုံး ပါရမီရှင် ဖြစ်ကြောင်းကိုလည်း သူ မသိချေ။
တူညီသော ခြံဝင်းအတွင်းရှိ အခြား တပည့်များမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ သူတို့မှာ ခြံဝင်းထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် မှော်ကျမ်းစာတိုက်သို့ တာဝန်ချထားခံရသဖြင့် တိုက်ပွဲများကို များများစားစား မမြင်တွေ့ခဲ့ရသဖြင့် ယွင်ချိုင်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
အစွမ်းထက်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် ဤအမျိုးသမီး တပည့်တစ်စုကို ရင်ဆိုင်ရသောအခါ စွန်းမော့ရှင်းနှင့် အခြားသူများ အလိုအလျောက် ပါးစပ်ပိတ်သွားပြီး စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။
နှစ်ဖက်စလုံး တွေ့ဆုံတော့မည့်ဆဲဆဲတွင် စွန်းမော့ရှင်းနှင့် အခြားသူများက လမ်းဖယ်ပေးရန် ရွေးချယ်လိုက်ကြသည်။
ယွင်ချိုင်က စွန်းမော့ရှင်း၏ ရှေ့တွင် ရပ်ကာ သူ့ကို တစ်ချက် ကြည့်လိုက်သည်။ဤအကြည့်က သူ့ နှလုံးသားကို တစ်ချက် ခုန်သွားစေပြီး သူ့ကို ဖောက်ထွင်းမြင်သွားသလို ခံစားလိုက်ရသည်။
ဒီအမျိုးသမီးရဲ့ ကျင့်ကြံမှုအဆင့်က အတော်လေး မြင့်တာပဲ...
စွန်းမော့ရှင်းက ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။ သူ့အနေနှင့်အရှိန်အဝါကို ဖုံးကွယ်ထားနိုင်စွမ်းအပေါ် သူ ယုံကြည်မှု ရှိသည်။ မှော်ကျမ်းစာတိုက် ထဲက ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူတွေတောင် သူ့ကို သတိမထားမိခဲ့ဘူးဆိုတော့ မူလအားဖြည့်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်က သူ့ကို ဖောက်ထွင်းမြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
သို့သော်လည်း ယွင်ချိုင်၏ အသံ ထွက်ပေါ်လာတော့သည်။
"ငါနဲ့ လိုက်ခဲ့..."
ထိုစကားကို ကြားသောအခါ စွန်းမော့ရှင်းမှာ အံ့သြတကြီးဖြင့် သူမကို မော့ကြည့်လိုက်ပြီး တူညီသော ခြံဝင်းအတွင်းရှိ အခြား တပည့်များမှာလည်း မှင်တက်သွားကြသည်။
"ယွင်ချိုင်... နင် သူ့ကို သိလို့လား..." အမျိုးသမီး တပည့်တစ်ဦးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ယွင်ချိုင်……
ဤအမည်က စွန်းမော့ရှင်းနှင့် အခြားသူများကို ဖြူလျော်သွားစေခဲ့သည်။ မကြာသေးမီက ယွင်ချိုင်ဟူသော အမည်ကို အမြဲ ကြားနေရသည်။ သူမ၏ နာမည်ကျော်ကြားမှုမှာ ကျောက်ကျိန်းနှင့် ဟူယန်တို့ကို ကျော်လွန်သွားခဲ့ပြီး ချင်းရှောင်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ကြောင်း လူအများက ပိုမို ယုံကြည်လာကြသည်။
ယွင်ချိုင်က ….
"သူ့ကို ငါ မသိပါဘူး... ငါ သူ့ကို တစ်ခုခု မေးချင်လို့ပါ..."
ထိုစကားကို ကြားသောအခါ အမျိုးသမီး တပည့်များက ခေါင်းညိတ်လိုက်ကြပြီး သူတို့အားလုံး၏ အကြည့်များမှာ စွန်းမော့ရှင်းထံသို့ ရောက်သွားကြသည်။
ယွင်ချိုင်တွင် အစစ်အမှန် အာဏာမရှိသော်လည်း သူမသည် ဂိုဏ်းချုပ် ကိုယ်တိုင် သင်ကြားပေးသော တပည့်တစ်ဦး ဖြစ်သည်။ သူမက တပည့်တစ်ဦးကို မေးခွန်းတစ်ခု မေးချင်သည်ဆိုလျှင် မည်သူက သူမကို တားဆီးရဲမည်နည်း။
စွန်းမော့ရှင်းနှင့် ခြံဝင်းတူ တပည့်များ အားလုံးမှာ သူတို့၏ အရှိန်အဝါ ကြောင့် ကြောက်ရွံ့သွားကြပြီး စွန်းမော့ရှင်းဘက်မှ ဝင်မပြောရဲကြပေ။
"မင်း လာမှာလား မလာဘူးလား..."
ယွင်ချိုင်က ထပ်မေးလိုက်ပြီး စွန်းမော့ရှင်းကို အကြည့်နှင့် ခြိမ်းခြောက်လိုက်သည်။
စွန်းမော့ရှင်းမှာ စိုးရိမ်ပူပန်နေသော်လည်း သူ့အနေဖြင့် သဘောတူရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
ထို့နောက် ယွင်ချိုင်၏ နောက်မှ အနီးနားရှိ သစ်တောဆီသို့ လိုက်သွားခဲ့ပြီး အမျိုးသမီး တပည့်များမှာမူ စောင့်ဆိုင်းရန် ကျန်ရစ်ခဲ့ကြသည်။ စွန်းမော့ရှင်း၏ အဖော်အပေါင်းများကလည်း သစ္စာရှိကြသဖြင့် မထွက်ခွာသွားဘဲ ထိုနေရာတွင်ပင် စောင့်ဆိုင်းနေကြသည်။
စွန်းမော့ရှင်းက ယွင်ချိုင်၏ နောက်မှ လိုက်သွားရင်း သူမ အဘယ်ကြောင့် သူ့ကို တွေ့ချင်ရသနည်းဟု မသေချာဘဲ စိုးရိမ်ပူပန်နေလေ၏။
အကယ်၍ သူမသာ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် ဖောက်ထွင်းမြင်သွားပါက သူ မည်သို့ ရှင်းပြရမည်နည်း။
သူ့ကိုယ်သူ တည်ငြိမ်အောင် အရင် ကြိုးစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် ဤနေရာသည် ချင်းရှောင်ဂိုဏ်း ဖြစ်သည်။ လုံးဝ မလွှဲသာမရှောင်သာမှလွဲ၍ သူ လုံးဝ လှုပ်ရှားမှု မလုပ်နိုင်ပေ။
လူသူကင်းမဲ့သော သစ်တောတစ်ခုသို့ ရောက်ရှိပြီးနောက် ယွင်ချိုင်က လှည့်ကာ စွန်းမော့ရှင်းကို ကြည့်၍…..
"မူလအားဖြည့်နယ်ပယ် နဝမအဆင့်... ပြောစမ်း... မင်းရဲ့ နောက်ခံက ဘာလဲ..."
ထိုအခါ စွန်းမော့ရှင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ တစ်ဖက်လူက သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် ဖောက်ထွင်းမြင်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"ဘာ... မူလအားဖြည့်နယ်ပယ် နဝမအဆင့်... ဟုတ်လား..."
စွန်းမော့ရှင်းမှာ လက်လျှော့ရန် ဆန္ဒမရှိသေးပေ။
ယွင်ချိုင်က အေးစက်သောလေသံနှင့်….
"မင်း ပြဿနာ ကြီးကြီးမားမား မဖြစ်ချင်ဘူး မဟုတ်လား..."
ထိုစကားကို ကြားသောအခါ ဗျူဟာ ပြောင်းလဲရမည်ကို စွန်းမော့ရှင်း သိလိုက်သည်။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး….
"ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ကျွန်တော်က ဒီနေရာမှာ အခြေချချင်တဲ့ တကယ်တော် ကျင့်ကြံသူ တစ်ယောက်ပါ... ကျွန်တော် ချင်းရှောင်ဂိုဏ်းရဲ့ တပည့်ဖြစ်လာတာ လအနည်းငယ် ရှိနေပါပြီ... ဘောင်ကျော်တဲ့ အလုပ် ဘာမှ မလုပ်ခဲ့ပါဘူး... ခင်ဗျား အခြား တပည့်တွေကို မေးကြည့်လို့ ရပါတယ်... ဒီကာလအတွင်းမှာ ကျွန်တော် မှော်ကျမ်းစာတိုက် အပြင်ဘက်မှာ စောင့်ကြပ်နေခဲ့တာပါ..."
ယွင်ချိုင်က ထိုစကားကို ကြားပြီးနောက် သူ့ကို မေးခွန်း မထုတ်ခဲ့ဘဲ စူးစူးစိုက်စိုက် ကြည့်ကာ …..
"ငါတို့ လက်ရည်စမ်းကြရအောင်..."
"ဘာ..."
စွန်းမော့ရှင်းမှာ မှင်တက်သွားပြီး သူ နားကြားမှားသွားသည်ဟုပင် ထင်လိုက်မိသည်။
သူ ဖြစ်နိုင်ခြေများစွာကို စဉ်းစားထားခဲ့သော်လည်း တစ်ဖက်လူက သူ့ကို တိုက်ခိုက်ရန် စိန်ခေါ်လာလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
"ဒီလိုလုပ်တာ မသင့်တော်ဘူး မဟုတ်လား..."
"စိတ်မပူပါနဲ့... အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး တခြားလူတွေကို ဆွဲဆောင်မိသွားရင်တောင် မင်းဘက်ကနေ ငါ ဝင်ပြောပေးပါ့မယ်..."
တစ်ဖက်လူ၏ မျက်လုံးများကို ကြည့်ရင်း စွန်းမော့ရှင်း မကျေမနပ် ဖြစ်သွားသည်။တစ်ဖက်လူက သူ့ကို သားကောင်တစ်ကောင်လို ကြည့်နေသည် မဟုတ်လော။
ယွင်ချိုင်အကြောင်း သူ ကြားဖူးသည်။ သူမသည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်တွင် ရှိပြီး အသက် နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသည်။
သူသည် မူလအားဖြည့်နယ်ပယ် နဝမအဆင့်တွင် ရှိနေကြောင်း သိလျက်နှင့် သူ့ကို စိန်ခေါ်ရဲတာလား။
ချင်းရှောင်ဂိုဏ်းက ဒီရွံစရာကောင်းတဲ့ ဂျူနီယာတွေကတော့...
စွန်းမော့ရှင်းက လေးနက်သော အသံဖြင့်….
"မင်း ရှုံးသွားရင် ဒေါသမထွက်ဘူး၊ မရှက်ဘူး မဟုတ်လား..."
ယွင်ချိုင်က မျက်ခုံးပင့်၍….
"ငါ လုံးဝ မရှုံးနိုင်ပါဘူး..."
ဤစကားများက စွန်းမော့ရှင်းကို အမျက်ထွက်သွားစေသည်။
ကိုးပြည်ထောင်နယ်မြေက ကျင့်ကြံသူတွေ တကယ်ကို အသိဉာဏ်မဲ့တာပဲ... သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကြားက ကွာဟချက်က ကျော်လွှားလို့ မရနိုင်ဘူး ဆိုတာ သူတို့ မသိကြဘူးလား….
"ဒါဆိုလည်း လာခဲ့လေ..."
စွန်းမော့ရှင်းက လက်ကို မြှောက်ကာ ကျောက်စိမ်းယပ်တောင် တစ်ချောင်းကို ထုတ်ယူလိုက်ပြီး အရှိန်အဝါ ရုတ်ခြည်း ပြောင်းလဲသွားသည်။ ဝင်လုဆဲဆဲ နေဝန်း၏ နောက်ဆုံး အလင်းရောင်များက သစ်တောထဲသို့ ဖြာကျလာပြီး သူ့အပေါ်သို့ ကျရောက်နေ၏။ မူလအားဖြည့်နယ်ပယ် နဝမအဆင့်၏ အရှိန်အဝါမှာ ပြင်းထန်သော မီးတောက်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ယွင်ချိုင်၏ မျက်လုံးများ ငွေပြာရောင် ပြောင်းသွားပြီး အပြောင်းအလဲ ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် သူမက စွန်းမော့ရှင်းထံသို့ ခုန်အုပ်သွားတော့၏။
...
ညချမ်းအချိန်သို့ ရောက်ရှိလာပြီ…..
လီချင်းချိုး လင်းရှောင်ခြံဝင်း အတွင်းသို့ ဝင်လာတော့ ကျန်းယွီချွန်း၊ ကျန်းကျောက်ရှား၊ လီတုန်းယွဲ့နှင့် လီစစ်ဖုန်းတို့ စားပွဲရှည် တစ်လုံးပတ်လည်တွင် ထိုင်ကာ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
"စီနီယာအစ်ကို ... နောက်ဆုံးတော့ ရောက်လာပြီပဲ... မူလအားဖြည့်နယ်ပယ် နဝမအဆင့်က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ တစ်ယောက် ဂိုဏ်းထဲကို ထိုးဖောက်ဝင်ရောက်လာပြီး ယွင်ချိုင်က ရှာတွေ့သွားတယ်... ကျွန်မတို့ ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ..." ဟု လီတုန်းယွဲ့က လီချင်းချိုးကို မေးလိုက်သည်။
ကျန်းယွီချွန်း၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး ထိုကဲ့သို့သော ကိစ္စများကို ပုံမှန်အားဖြင့် စိုးရိမ်လေ့ မရှိပေ။
ကျန်းကျောက်ရှားက မျက်မှောင်ကြုတ်နေပြီး အတွေးနက်နေပုံရသည်။
လီစစ်ဖုန်းက အရက်ဗူးကို ကစားနေပြီး သူ့အကြည့်များက လီချင်းချိုးနောက်သို့ လိုက်နေသည်။
လီချင်းချိုးက လီတုန်းယွဲ့၏ ဘေးတွင် ထိုင်လိုက်ပြီး …..
"ဘာဖြစ်ခဲ့တာလဲ... ရှင်းပြပါဦး..."
ယွင်ချိုင်သည် စွန်းမော့ရှင်းနှင့် ဆုံတွေ့ခဲ့ပြီး သူ့ကို တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်။ နောက်ဆုံးတွင် ယွင်ချိုင်က စွန်းမော့ရှင်းကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ သူတို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများက အခြား တပည့်များကို သတိထားမိစေခဲ့သည်။ စွန်းမော့ရှင်းက မူလအားဖြည့်နယ်ပယ် နဝမအဆင့်ရှိ တကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း သိရပြီးနောက် ဂိုဏ်း၏ အဆင့်မြင့် အရာရှိများ အလန့်တကြား ဖြစ်သွားခဲ့ပြီး ထို့ကြောင့်ပင် ကျန်းယွီချွန်းနှင့် အခြား သုံးဦးတို့ ဤနေရာတွင် စုဝေးနေကြခြင်း ဖြစ်သည်။
"အခု အဲဒီလူ ဘယ်မှာလဲ..."
လီချင်းချိုးက မေးလိုက်တော့ ကျန်းယွီချွန်းက ပြန်ဖြေသည်။
"သူ့ကို အရင်က နေခဲ့တဲ့ ခြံဝင်းကို ပြန်ပို့ပေးလိုက်ပါတယ်... ယွင်ချိုင်က သူ့ကို ဖမ်းခွင့်မပေးတော့ ကျွန်တော်တို့က အဲဒီ ခြံဝင်းကို စောင့်ဖို့ လူတွေပဲ လွှတ်ထားနိုင်ခဲ့တယ်..."
လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး… .
"ယွင်ချိုင်က သဘောတူခဲ့တယ်ဆိုတော့ သူ့ရဲ့ ကတိကို သူတည်သင့်ပါတယ်... ဒီတကိုယ်တော် ကျင့်ကြံသူက ဂိုဏ်းထဲ ဝင်လာကတည်းက ဘောင်ကျော်တဲ့ အလုပ် တစ်ခုခု လုပ်ခဲ့သေးလား..."
ကျန်းယွီချွန်းက ခေါင်းယမ်း၍ ….
"မလုပ်ခဲ့ပါဘူး... သူက မှော်ကျမ်းစာတိုက်မှာ တာဝန်ချထားခံရတာ တိုက်ဆိုင်မှု တစ်ခုသက်သက်ပါ... အဲဒီမှာ ကျောက်ကျိန်းရှိနေတော့ ပြဿနာရှာဖို့ အခွင့်အရေး ရမှာ မဟုတ်ပါဘူး... သူ့ကို အချိန်အတန်ကြာ ဆက်ပြီး စောင့်ကြည့်လို့ ရပါတယ်..."
ထိုစဉ်က ရှန်ယွဲ့လည်း လီချင်းချိုးကို စိန်ခေါ်ရန် ရောက်လာခဲ့ပြီး ရှုံးနိမ့်သွားပြီးမှသာ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော အဖြစ်အပျက်များစွာ ရှိခဲ့သဖြင့် ကျန်းယွီချွန်းက မူလအားဖြည့်နယ်ပယ် နဝမအဆင့်ရှိ တကိုယ်တော် ကျင့်ကြံသူ မည်သူ့ကိုမဆို ဆွဲဆောင်ချင်နေသည်။
မူလအားဖြည့်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို ပျိုးထောင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
စွန်းမော့ရှင်းက အခြား ကျင့်ကြံရေး ဂိုဏ်းမှ သူလျှိုတစ်ဦး ဖြစ်ကြောင်း လီချင်းချိုး သိထားသည်။ အကယ်၍ စွန်းမော့ရှင်းသာ 'စိတ်မတည်ငြိမ်သူ' ဟူသော ကံကြမ္မာဖြင့် မွေးဖွားလာခဲ့ခြင်း မရှိပါက ဤမျှ ဒုက္ခခံခဲ့ရမည် မဟုတ်ပေ။
အခု စွန်းမော့ရှင်းရဲ့ နေရာ ထုတ်ဖော်ခံလိုက်ရပြီဆိုတော့ ဒီကိစ္စကို တခြားသူတွေ ကိုင်တွယ်ခွင့်ရသွားတာ ကောင်းပါတယ်….
"သူက တကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်မယ်လို့ ငါ မထင်ဘူး... တကိုယ်တော် ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ် အဲဒီလောက် အစွမ်းထက်နိုင်မှာလဲ..." ဟု လီချင်းချိုးက ပြောလိုက်တော့ ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်သည်။ သူလည်း ထိုသို့ ထင်မိပြီး စွန်းမော့ရှင်းကို မည်သို့ ဆွဲဆောင်ရမည်ကို သူ စဉ်းစားနေခဲ့သည်။
ကျန်းကျောက်ရှားက လီချင်းချိုးကို ကြည့်ပြီး….
"စီနီယာအစ်ကို... ယွင်ချိုင် ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်သွားရင် သူ့ကို ကျွန်တော်နဲ့ လက်ရည်စမ်းခိုင်းလို့ရမလား..."
ယွင်ချိုင်သည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့် မူလအားဖြည့်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို အနိုင်ယူခဲ့ကြောင်း သိရပြီးနောက် ယွင်ချိုင်အပေါ် ကျန်းကျောက်ရှား၏ အမြင် လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဒုတိယမြောက် ရွှီနင်း ရောက်လာပြီ….
ကျန်းကျောက်ရှားအနေနှင့် ရွှီနင်းကို မမီနိုင်သလို ဒုတိယမြောက် အမျိုးသမီး တစ်ယောက်ရဲ့ ကျော်တက်တာကိုလည်း မခံနိုင်ပေ။
လီချင်းချိုးက အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး….
"သူ အရမ်း ဝမ်းသာနေမှာ သေချာတယ်..."
သူသည် ယွင်ချိုင်အပေါ် အပြည့်အဝ ယုံကြည်မှုနှင့် မျှော်လင့်ချက်များ ထားရှိခဲ့သော်လည်း၊ ယခုနှစ်တွင် သူမ၏ စွမ်းဆောင်ရည်က သူ့ကို အံ့အားသင့်စေခဲ့ဆဲပင် ဖြစ်သည်။
ယွင်ချိုင်သည် ဟွမ်ယွမ်ကျမ်းစာကို စတင် လေ့လာပြီးကတည်းက သူမ၏ စွမ်းအားများ ယခင်ကထက် မကြုံစဖူး တိုးတက်လာခဲ့ပုံရသည်။
"ဒီဓမ္မညီလာခံရဲ့ အနိုင်ရသူက ဆုံးဖြတ်ပြီးသား ဖြစ်ပုံရတယ်..." ဟု ယွင်ချိုင်အပေါ် ကောင်းသော အထင်အမြင်ရှိသည့် ကျန်းယွီချွန်းက အပြုံးဖြင့် ပြောလိုက်သည်။
ယွင်ချိုင်သည် ရွှီနင်းနှင့် အလွန် တူညီသည်။ သူမသည် လီချင်းချိုးကိုသာ နာခံပြီး မည်သည့် အာဏာကိုမျှ မယူထားပေ။ ကျန်းယွီချွန်းက သူမလို ပါရမီရှိသော တပည့်များ ပိုမို များပြားလာမည်ဟု မျှော်လင့်ပြီး၊ သို့မှသာ ဂိုဏ်းချုပ်၏ အာဏာကို ခိုင်မာစေပြီး ဂိုဏ်း၏ အဆင့်မြင့် အရာရှိများ၏ အာဏာကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
လူတိုင်းက အာဏာကို အမှိုက်ကဲ့သို့ မသတ်မှတ်နိုင်ကြချေ။ လူတစ်ဦး၏ ပါရမီ မြင့်မားလေ သူတို့၏ ရည်မှန်းချက် ကြီးထွားလာရန် အလားအလာ ပိုများလေ ဖြစ်သည်။ ဂိုဏ်းအတွင်း၌ ရွှီနင်းနှင့် ယွင်ချိုင်တို့လို ပါရမီရှင် တပည့်များ အလွန် နည်းပါးနေသေးသည်။
သူ့သားနှစ်ယောက် ယွင်ချိုင်ကို ချီးကျူးနေကြသည်ကို တွေးမိသောအခါ လီစစ်ဖုန်းမှာ စိတ်ခံစားမှုများ ရောထွေးသွားခဲ့သည်။ သူသည် ယွင်ချိုင်၏ မှော်ပညာ စွမ်းရည်များကို ယခင်က မြင်တွေ့ခဲ့ရပြီး သူမကို မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့ရသည်။
ကိုယ့်ထက် ငယ်တဲ့သူ တစ်ယောက်ကျော်တက်တာကို ခံရတာက သာယာတဲ့ ခံစားချက်တော့ မဟုတ်ဘူး…..
တစ်ပြိုင်နက်တည်းမှာပင်…..
စွန်းမော့ရှင်းတယောက် ကုတင်ပေါ်တွင် လဲလျောင်းကာ ပြတင်းပေါက် အပြင်ဘက်ရှိ တောက်ပသော လမင်းကြီးကို ငေးကြည့်နေသည်။ သူသာ် အံကြိတ်ထားပြီး ပါးပြင်ပေါ်တွင် မျက်ရည်ကြောင်း နှစ်ကြောင်း စီးကျနေလေသည်။