← Chapters

ပြန်လည်ရှင်သန်ခြင်း….

Vol. 28 Ch. 277

ပြန်လည်ရှင်သန်ခြင်း….

Vol. 28 Ch. 277

​ရှန်ယွဲ့၊ ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့က ထိုက်ကျွယ်ဂိုဏ်း၏ နန်းတော်အတွင်း ကျောက်တိုင်များ တစ်လျှောက် ဆက်လက် စူးစမ်းရှာဖွေနေကြသည်။

​နန်းတော်မှာ အလွန် ရှည်လျားသည်။ မျက်နှာကျက်မှာ လင်းထိန်နေသော်လည်း အဆုံးအစွန်မှာမူ အဆုံးမရှိသကဲ့သို့ မည်းမှောင်နေ၏။

​"ဒီပုံရိပ်တွေက ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုနဲ့များ ကြုံခဲ့ရတာလား..." ဟု ပိုင်နင်းအာက ရုတ်တရက် မေးလိုက်သည်။ရှန်ယွဲ့ရှိနေသဖြင့် သူ လုံးဝ မကြောက်ရွံ့ပေ။

​သူ့အမြင်တွင် နေရာတစ်ခုက ပို၍ အန္တရာယ်များလေ အခွင့်အရေး ပိုကြီးလေ ဖြစ်သည်။

​ယန်တောက်ကျုံးက….

"ဖြစ်နိုင်ချေ အများကြီး ရှိတယ်... သူတို့ရဲ့ ကိုယ်ဟန်အနေအထားနဲ့ လှုပ်ရှားမှုတွေအရ သူတို့က ထွက်ပြေးနေကြတဲ့ ပုံပဲ..."

​ရှန်ယွဲ့က စကားမပြောပေ။ သူက အရှေ့ဆုံးမှ လျှောက်သွားရင်း ရှေ့ကိုသာ စူးစိုက်ကြည့်နေသည်။

​သူ့ရဲ့ဓားဆန္ဒ ထွက်ပေါ်နေပြီ ဖြစ်သည်။ သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသည်ဟု သူ ခံစားရပြီး ၎င်းက သူ့ကို အလွန် အနေရခက်စေသည်။

​သူ ဘာမှမပြောရသည့် အကြောင်းရင်းမှာ ရန်သူကို သတိမပေးချင်သောကြောင့် ဖြစ်သည်။

​သူတို့ ဆက်လက် ရှေ့ဆက်သွားခဲ့ကြပြီး နောက်ဆုံးတွင် လမ်းအဆုံးကို မြင်လိုက်ရသည်။ ရှေ့တွင် အလယ်မှ ပွင့်နေသော အကျယ် ငါးကျန်းရှိသည့် ဧရာမ တံခါးကြီး တစ်ချပ် ရှိနေသည်။ တံခါး နှစ်ချပ်ပေါ်တွင် ရှေးဟောင်း ပန်းချီကားများ ရေးထိုးထားပြီး မိစ္ဆာသားရဲများကို အမဲလိုက်နေသော မျိုးနွယ်စုတစ်ခုနှင့် တူသည်။

​သူတို့ ဤနေရာသို့ ရောက်ရှိချိန်တွင် အထက်တွင် အလင်းရောင် ထုတ်လွှတ်နေသော သလင်းကျောက်များ မရှိတော့သဖြင့် ရှေ့ရှိ တံခါးကြီးမှာ ထိတ်လန့်ဖွယ်ရာ ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းနေပေသည်။

​"ဒီတံခါးကို တွန်းဖွင့်လိုက်တာနဲ့ အရမ်း ဆိုးရွားတဲ့ အရာတစ်ခုခု ဖြစ်လာမယ်လို့ ကျွန်တော် ခံစားရတယ်..." ဟု ပိုင်နင်းအာက တံတွေးမြိုချကာ တီးတိုး ပြောလိုက်သည်။

​ယန်တောက်ကျုံးကတော့ အမူအရာ လေးနက်နေသည်။ သူလည်း စိုးရိမ်ပူပန်နေသော်လည်း ဤနေရာအထိ ရောက်လာပြီးမှ သူတို့ လာရာလမ်းအတိုင်း ပြန်လှည့်သွားနိုင်ပါမည်လား။

​ရှန်ယွဲ့မှာလည်း တံခါးကို တွန်းဖွင့်သင့်၊ မဖွင့်သင့် ဝေခွဲမရ ဖြစ်နေလေ၏။

​သူတို့ သတိမထားမိသည်မှာ သူတို့၏ အနောက်ရှိ ကျောက်တိုင်များမှ ပုံရိပ်များ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ဤပုံရိပ်များမှာ ဝတ်စားဆင်ယင်မှု မတူညီကြဘဲ အမျိုးသားရော အမျိုးသမီးပါ ပါဝင်ကာ၊ ထိတ်လန့်နေသော အမူအရာများနှင့် မျက်ဆန်မရှိဘဲ ဖြူဖျော့နေသော မျက်လုံးများ ရှိကြသည်။ သူတို့သည် အခြား ကမ္ဘာတစ်ခုမှ လာသကဲ့သို့ မြေပြင်ပေါ်သို့ အသံမထွက်ဘဲ ဆင်းသက်လာနေကြသည်။

​မကြာမီ သူတို့ သုံးဦး၏ အနောက်ရှိ ခန်းမမှာ ပုံရိပ်များဖြင့် ပြည့်နှက်သွားတော့သည်။

​ရှန်ယွဲ့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်တော့ သူ့ မျက်နှာ အမူအရာသိသိသာသာ ပြောင်းလဲသွားသည်။

​ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့လည်း လှည့်ကြည့်လိုက်ကြပြီး ထိုနည်းတူစွာ အံ့အားသင့်သွားကြသည်။

​"ဒီလူတွေက ကျောက်တိုင်တွေထဲကနေ ထွက်လာတာလား..."

​ပိုင်နင်းအာမှာ ကြည့်နေရင်းနှင့် ဦးရေပြားမှာ ထုံကျဉ်သွားသည်။အကြောင်းပြချက် မရှိဘဲ လူများစွာ ပေါ်လာပြီး တစ်ယောက်စီတိုင်းမှာ ထူးဆန်းသော ကိုယ်ဟန်အနေအထားများ ရှိနေသဖြင့် သူ မည်သို့ မကြောက်ဘဲ နေနိုင်မည်နည်း။

​ရှန်ယွဲ့လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤပုံရိပ်များထံမှ မည်သည့် တစ္ဆေချီ ကိုမျှ သူ မခံစားရပေ။ ဝိညာဉ်အသိအာရုံဖြင့် စူးစမ်းကြည့်သောအခါ သူတို့သည် မူလချီ လှိုင်းလုံးများဖြင့် ဖွဲ့စည်းထားကြောင်းသာ တွေ့လိုက်ရသည်။

​ဒါက မန္တန်တစ်မျိုးလား….

​ထိုစဉ်မှာပင် ထူထပ်လှသော ပုံရိပ်များက တပတ်လှည့်ကာ သူတို့ထံသို့ ယိမ်းယိုင် ချဉ်းကပ်လာနေကြပြီ။

​ယန်တောက်ကျုံးက ရှန်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး… .

"ငါတို့ ဘာလုပ်သင့်လဲ..."

​ရှန်ယွဲ့က ….

"ခဏလောက် ခုခံပြီး ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့..."

​ထိုစကားကို ကြားသောအခါ ယန်တောက်ကျုံးက ရှေ့သို့ ချက်ချင်း ပြေးထွက်သွားပြီး ခါးမှ အဖိုးတန် ဓားကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်သည်။

​ပိုင်နင်းအာကလည်း ချင်းရှောင်ဓားကို ထုတ်ယူလိုက်ပြီး မန္တန်တစ်ခုကို လျင်မြန်စွာ ရွတ်ဆိုကာ တောင်အရှင်သခင် နတ်ဘုရားမန္တန်ကို အသုံးပြု၍ ဧရာမ တောင်အရှင်သခင် တစ်ပါးကို ဆင့်ခေါ်ကာ ရှေ့သို့ ပြေးထွက်စေလိုက်သည်။

​ယန်တောက်ကျုံးနှင့် တောင်အရှင်သခင်တို့မှာ သိုးအုပ်ကြားထဲရှိ ကျားများကဲ့သို့ တားဆီးမရနိုင်အောင် ဖြစ်နေချေပြီ။ ထိုပုံရိပ်များမှာ လှုပ်ရှားမှု တစ်ချက်ကိုပင် မယှဉ်နိုင်ဘဲ အဖြူရောင် အငွေ့များအဖြစ် တစ်ခုပြီး တစ်ခု လွင့်စင်သွားကြသည်။

​သို့သော်လည်း... ပုံရိပ်များစွာ ဖျက်ဆီးခံရလေ ကျောက်တိုင်များမှ ပုံရိပ်သစ်များ အဆက်မပြတ် ထွက်ပေါ်လာလေ ဖြစ်ကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။

​ရှန်ယွဲ့ မျက်မှောင်ကြုတ်နေရင်း တွေးတောပြီးနောက် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်လေသည်။

​အကယ်၍ သူ တစ်ယောက်တည်းသာ ဆိုလျှင် အန္တရာယ်ကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်သော်လည်း၊ ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့ ရှိနေသဖြင့် သူ ပိုမို သတိထားရမည် ဖြစ်သည်။

​"ငါတို့..." ဟု ရှန်ယွဲ့က စတင် ပြောဆိုလိုက်စဉ် ရုတ်တရက် နန်းတော် တစ်ခုလုံး တုန်ခါသွားပြီး သူ့ စကားကို ဖြတ်တောက်လိုက်သည်။

​ပိုင်နင်းအာ လှည့်ကြည့်လိုက်တော့ သူ့ အကြည့်များက သူတို့ အနောက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ဧရာမ တံခါးကြီးပေါ်သို့ ကျရောက်သွားသည်။

​သူ့ကို ခေါ်နေသော အသံတစ်ခုကို သူ အမှန်တကယ် ကြားလိုက်ရသောကြောင့်ပင်…..

​"ကံကြမ္မာပါတဲ့သူ..."

​"ကံကြမ္မာပါတဲ့သူ... မသေမျိုးဖြစ်နိုင်မယ့် အခွင့်အရေးက ဒီနေရာမှာ ရှိတယ်..."

​ပိုင်နင်းအာက သူ နားကြားမှားသွားသည်ဟု ထင်လိုက်သော်လည်း အသံက ဆက်လက် ထွက်ပေါ်နေပြီး ပိုမို များပြားလာနေသည်။

​သူ ရှန်ယွဲ့ကို ကြည့်လိုက်တော့ ရှန်ယွဲ့မှာ ရှေ့ကိုသာ စူးစိုက်ကြည့်နေပြီး ထိုအသံကို မကြားရကြောင်း ထင်ရှားနေသည်။

​ဤအသံမှာ တံခါးကြီး၏ နောက်ကွယ်မှ လာနေခြင်း ဖြစ်ကြောင်း အလိုအလျောက် သိစိတ်က ပြောပြနေသည်။

သူသည် ​မသေမျိုးကျင့်ကြံခြင်း လမ်းစဉ်သို့ ဝင်ရောက်ကတည်းက အမြဲတမ်း ကံကောင်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဤသို့သော အတွေ့အကြုံများက သူ့ကို ပိုမို ယုံကြည်မှု ရှိလာစေပြီး အန္တရာယ်ကို အမြဲတမ်း ဘေးကင်းမှုအဖြစ် ပြောင်းလဲနိုင်သည်ဟု ခံစားရစေသည်။

​ယခုတစ်ကြိမ်တွင် ဤတံခါးကို သူ တွန်းဖွင့်လိုက်သရွေ့ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ရုံသာမက ဂိုဏ်းအတွက် ကြီးမားသော အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်ကောင်း ရရှိစေနိုင်သည်။

​ပိုင်နင်းအာတွင် ချင်းရှောင်ဂိုဏ်း အတွင်း၌ အထူး ရာထူး မရှိသော်လည်း၊ သူ ပြန်ယူလာသော အရာတိုင်းအတွက် ဂိုဏ်းက သူ့ကို ရက်ရောစွာ ဆုချီးမြှင့်မည်ဖြစ်ပြီး သူ့ရဲ့ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ဂိုဏ်းချုပ်က သူ့ကို အလွန် တန်ဖိုးထားကြောင်း သိထားသဖြင့် ဂိုဏ်း၏ အဆင့်မြင့် အရာရှိများကပင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံကြသည်။

​ဂိုဏ်းချုပ်၏ ကျေးဇူးကြောင့် သူ စမ်းကြည့်ရပေမည်။

​ဆုံးဖြတ်ချက်ချပြီးနောက် ပိုင်နင်းအာက တံခါးကြီးဆီသို့ လျှောက်သွားခဲ့သည်။

​ရှန်ယွဲ့က သူ့ကို တစ်ချက်ကြည့်၍….

"အဲဒါကို ဖွင့်လိုက်ရင် ဘေးဒုက္ခ ရောက်လာနိုင်တယ်... မင်းကို ငါ ကာကွယ်ပေးနိုင်မှာ မဟုတ်သလို အသက်ရှင်လျက် ခေါ်ထုတ်သွားနိုင်မှာ မဟုတ်ဘူး..."

​ပိုင်နင်းအာက….

"ဒီနေရာကို စူးစမ်းရှာဖွေဖို့ ကျုပ်တို့ သီးသန့် လာခဲ့တာလေ... အန္တရာယ်ကို ဘယ်လိုလုပ် ကြောက်နေလို့ ရမှာလဲ..."

​သူ တံခါးကြီးပေါ်သို့ လက်နှစ်ဖက်ဖြင့် ဖိလိုက်တော့ ရေခဲလို အေးစက်မှုကို ခံစားလိုက်ရသည်။

​သူ ထင်ထားသလောက် မလေးလံပေ။ ညင်သာစွာ တွန်းလိုက်ရုံဖြင့် သူ ဖွင့်နိုင်မည်ဟု ခံစားနေရသည်။

​အလွန် ပေါ့ပါးနေသောကြောင့်ပင် သူ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။

​သူ နောက်ကို ပြန်ကြည့်လိုက်တော့ ယန်တောက်ကျုံးက တိုက်ခိုက်နေဆဲပင်။ ထိုပုံရိပ်များက ယန်တောက်ကျုံးကို မခြိမ်းခြောက်နိုင်သော်လည်း များပြားလှသော အရေအတွက်ကြောင့် ယန်တောက်ကျုံးမှာ အချိန်မရွေး နစ်မြုပ်သွားနိုင်သည်ဟု သူ ခံစားရသည်။

​ဂျလောက်...

​တံခါးကြီး ရုတ်တရက် အဟကလေး တစ်ခု ပွင့်သွားရာ ပိုင်နင်းအာ လန့်သွားပြီး အလိုအလျောက် ခုန်ရှောင်ချင်သွားသော်လည်း၊ အဟက်ထဲမှ လက်တစ်ဖက် ထွက်လာကာ သူ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အတွင်းသို့ အတင်း ဆွဲသွင်းလိုက်သည်။

​၎င်းကို မြင်သောအခါ ရှန်ယွဲ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက တံခါးထဲသို့ ချက်ချင်း ပြေးဝင်သွားကာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။

​တိုက်ခိုက်နေသော ယန်တောက်ကျုံးက သူတို့ နှစ်ဦး၏ အရှိန်အဝါများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်တော့ ရှန်ယွဲ့နှင့် အခြား တစ်ယောက်တို့ ပျောက်ကွယ်သွားပြီး တံခါးကြီးမှာ အဟက်ကလေး တစ်ခု ပွင့်နေကြောင်း တွေ့လိုက်ရသည်။

​ယန်တောက်ကျုံးလည်း ထိုတံခါး အဟက်ဆီသို့ ချက်ချင်း ပြေးသွားခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်များစွာကလည်း သူ့နောက်သို့ လိုက်လာကာ နောက်ဆုံးတွင် တံခါးကြီးကို ဝင်တိုက်မိပြီး တံခါးကြီးကို ထပ်မံ ပိတ်သွားစေခဲ့သည်...

……………………………..

​နောက်ဆုံး ၆၄ ဦး စာရင်း ထွက်ပေါ်လာပြီးနောက် ချင်းရှောင်ဂိုဏ်းမှာ ပို၍ပင် စည်ကားလာခဲ့သည်။ကိုးပြည်ထောင်နယ်မြေ အရပ်ရပ်မှ မြင့်မြတ်သော မိသားစုများနှင့် အရာရှိများ အများအပြားလည်း ထိုနေရာသို့ အုံ့အုံ့ကျက်ကျက် ရောက်ရှိလာကြသည်။ တစ်စိတ်တစ်ပိုင်းမှာ သူတို့၏ အမြင်များကို ကျယ်ပြန့်စေရန် ဖြစ်ပြီး နောက်တစ်စိတ်တစ်ပိုင်းမှာ မသေမျိုးဖြစ်နိုင်မည့် အခွင့်အရေးကို ကြိုးပမ်းရန် ဖြစ်သည်။

​နှစ်ဝက်အတွင်းမှာပင် ချင်းရှောင်ဂိုဏ်းရှိ စာရင်းသွင်းထားသော တပည့်အရေအတွက်မှာ ငါးထောင် တိုးလာခဲ့သည်။ ဤသည်မှာ အလွန် အံ့မခန်းသော အရေအတွက် ဖြစ်ပေသည်။ အကြောင်းမှာ အလုပ်ကြမ်းတပည့် အရေအတွက်မှာ ထိုထက်ပင် ပိုများသောကြောင့် ဖြစ်သည်။

​ရွှမ်မင်းဆက်ကို တည်ထောင်ခဲ့ပြီး ကမ္ဘာကြီးမှာ ငြိမ်းချမ်းနေပြီ ဖြစ်သည်။ ကိုးပြည်ထောင်နယ်မြေ အရပ်ရပ်မှ လူများသည် မသေမျိုးဖြစ်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန် တောင်များနှင့် မြစ်များကို ဖြတ်ကျော် ခရီးသွားနိုင်ကြပြီ ဖြစ်၏။ ကမ္ဘာသူ ကမ္ဘာသားများမှာ ချင်းရှောင်ဂိုဏ်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိကြပြီး၊ အစစ်အမှန် အထွတ်အထိပ်သို့ မရောက်သေးသဖြင့် နေ့စဉ် စုဆောင်းရရှိသော တပည့်အရေအတွက်မှာ ဆက်လက် တိုးပွားနေမည်သာ ဖြစ်သည်။

​လီချင်းချိုး ယခင်က ချမှတ်ခဲ့သော တပည့် တစ်သန်း ရည်မှန်းချက်မှာ ဤအကြောင်းကြောင့် အလှမ်းမဝေးတော့ချေ။ သို့သော်လည်း ထိုရည်မှန်းချက်ကို စောစီးစွာ မပြည့်မီချင်ပေ။

​တပည့်များ၏ ကျင့်ကြံမှုအဆင့်များ မြင့်မားလာသည်နှင့်အမျှ ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်အပင်များ၊ ကောင်းချီးမြေ နေရာများ အစရှိသည်တို့၏ သုံးစွဲမှုမှာလည်း ပိုမို များပြားလာပြီး လီချင်းချိုးမှာ ဖိအားများကို စတင် ခံစားနေရပြီ ဖြစ်သည်။

​မကြာသေးမီက တာဝန်ခန်းမသို့ လီချင်းချိုးက အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပြီး လျှို့ဝှက်နယ်မြေများနှင့် ရှေးဟောင်း အပျက်အစီးများကို စူးစမ်းရှာဖွေရန် တာဝန်များ တိုးမြှင့်ပေးရန် ညွှန်ကြားခဲ့သည်။ ကျန်းကျောက်ရှား ရှာဖွေတွေ့ရှိခဲ့သော တောင်ကြားအပြင် တပည့်များက အသေးစား ဝိညာဉ်ကျောက်တွင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

​အလွန် ဝေးကွာသော ဝိညာဉ်ကျောက်တွင်းများအတွက် လီချင်းချိုးက တူးဖော်ရေး ဗျူဟာကို အသုံးပြုခဲ့ပြီး ၎င်းတို့ကို ကောင်းချီးမြေများအဖြစ် အသုံးပြုရန် အစီအစဉ် မရှိပေ။

​ဓမ္မညီလာခံမှာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ကျင်းပနေပြီး လီချင်းချိုးသည်လည်း အားလပ်မနေဘဲ ဤကိစ္စနှင့် ပတ်သက်၍ လူအင်အား ပိုမို စေလွှတ်နေခဲ့သည်။

​ထိုနေ့တွင် လင်းရှောင်ခြံဝင်း အတွင်း၌ ကျန်းယွီချွန်း၊ ချူကျင်းနှင့် ရွှယ်ကျင်းတို့က လီချင်းချိုး၏ ရှေ့တွင် ထိုင်ကာ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြသည်။

​မိသားစု တစ်စုက ဝိညာဉ်ရေကန် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤမိသားစုတွင် ချင်းရှောင်ဂိုဏ်း၌ ကျင့်ကြံနေသော အဖွဲ့ဝင် တစ်ဦး ရှိပြီး သူက ဝိညာဉ်ရေကန်၏ အရေးပါမှုကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသဖြင့် ၎င်းကို သူတို့အတွက် သိမ်းထားရန် ရည်ရွယ်ခဲ့သော်လည်း၊ ဤကိစ္စကို ချင်းရှောင်ဂိုဏ်းက သိရှိသွားခဲ့သည်။

​လီချင်းချိုး ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်ကို မြင်သောအခါ ချူကျင်းက ……

"ဂိုဏ်းချုပ်... ကျွန်တော်တို့ အရေးယူရပါမယ်... ဒီအစဉ်အလာကို ခွင့်ပြုလို့ မရပါဘူး... အကယ်၍ ချင်းရှောင်ဂိုဏ်းကသာ သူတို့ကို မသေမျိုး နည်းလမ်းတွေ မပေးခဲ့ဘူးဆိုရင် ဝိညာဉ်ရေကန်ရဲ့ လုပ်ဆောင်ချက်ကို သူတို့ သိမှာတောင် မဟုတ်ဘူး..."

​"မှန်ပါတယ်..." ကျန်းယွီချွန်းက ထောက်ခံလိုက်၏။ သူလည်း ထိုအတိုင်း တွေးမိသည်။

​ရွှယ်ကျင်းက ….

"ကျွန်တော် ကိုယ်တိုင် အဲဒီကို သွားလို့ ရပါတယ်..."

​ဓမ္မညီလာခံ ဆက်လက် ကျင်းပနေဆဲ ဖြစ်သော်လည်း ဂိုဏ်း၏ အကျိုးစီးပွားအတွက် သူ စွန့်လွှတ်ရန် ဆန္ဒရှိသည်။

​လီချင်းချိုးက သူတို့ကို မော့ကြည့်လိုက်ပြီး….

"သေချာတာပေါ့ ငါတို့ အရေးယူရမယ်... နည်းလမ်းကို ငါ စဉ်းစားနေတာပါ... ပထမဆုံး အဲဒီ မိသားစုက တပည့်ကို ဖျောင်းဖျပါ... တစ်ပြိုင်နက်တည်းမှာပဲ သူတို့ မိသားစုကို ပိတ်ဆို့ဖို့ လူတွေ လွှတ်လိုက်ပါ... အကယ်၍ သူတို့ဘက်က အလိုအလျောက် ပေးအပ်မယ်ဆိုရင် ဂိုဏ်းက သူတို့ကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး... အကယ်၍ သူတို့က ဆန္ဒမရှိဘူးဆိုရင်တော့ ငါတို့ ပြန်သိမ်းမယ်... သူတို့ ဘာပဲ ရွေးချယ်ရွေးချယ် ဒီကိစ္စကို ကြီးကြီးကျယ်ကျယ် လုပ်ရမယ်... ချင်းရှောင်ဂိုဏ်းရဲ့ သဘောထားနဲ့ နောက်ဆုံး စည်းမျဉ်းကို လောကကြီးကို ပြသရမယ်.."

​ရွှမ်မင်းဆက်သည် ချင်းရှောင်ဂိုဏ်းကိုသာ ဂုဏ်ပြုပြီး ကိုးပြည်ထောင်နယ်မြေရှိ အရင်းအမြစ်အားလုံးမှာ ချင်းရှောင်ဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သည်။ လီချင်းချိုးက ကမ္ဘာသူ ကမ္ဘာသားများ၏ ဝေဖန်မှုကို လုံးဝ မကြောက်ရွံ့ပေ။ ဤကိစ္စတွင် ကြီးစိုးသည့် ပုံရိပ်တစ်ခုကို သူ တည်ဆောက်ရမည် ဖြစ်သည်။

​ကိုယ်ကျိုးစီးပွားကို ရင်ဆိုင်ရချိန်တွင် လေးစားမှုသည် အကြောက်တရားထက် များစွာ အသုံးဝင်မှု နည်းပါးသည်။

​လီချင်းချိုး ဤမျှ အာဏာရှင်ဆန်သည်ကို မြင်သောအခါ ချူကျင်း သက်ပြင်းချနိုင်သွားပြီး ကျန်းယွီချွန်းက ပြုံးလိုက်၏။

စီနီယာအစ်ကိုကြီးက အမှန်တကယ်ပင် မပြောင်းလဲသေးချေ။

​လီချင်းချိုးဘက်က ဗျူဟာ ချမှတ်လိုက်ပြီးနောက် သူတို့ သုံးဦး ချက်ချင်း လှုပ်ရှားကြတော့သည်။

​သူတို့ ထွက်သွားပြီးနောက် လီချင်းချိုးက နောက်ထပ် ဂိုဏ်းခွဲမြို့တော် ကို မည်သည့်နေရာတွင် တည်ဆောက်သင့်သည်ကို စတင် စဉ်းစားတော့သည်။ကွန်ရက်ကို ဖြန့်ချမှသာ ကမ္ဘာကြီး၏ အရင်းအမြစ်များအပေါ် ချင်းရှောင်ဂိုဏ်း၏ ထိန်းချုပ်မှု ပိုမို လုံခြုံနိုင်မည် ဖြစ်သည်။

​ထိုစဉ်မှာပင်….

​လီချင်းချိုး တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် မိုးကုတ်စက်ဝိုင်းဆီသို့ မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

​"အဲဒီ အရပ်မျက်နှာက... အနောက်ဘက်... ယွီစီရင်စုလား..."

​လီချင်းချိုး သူ့ဘာသာ တီးတိုးရေရွတ်လိုက်စဉ် သူ့ မျက်လုံးများ အရောင်လက်သွား၏။ အစွမ်းထက်သော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အတားအဆီး တစ်ခုကို ဖောက်ထွက်လာကာ အလိုအလျောက် ထွက်ပေါ်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။

​ရှန်ယွဲ့နှင့် အခြား နှစ်ဦး ရှာဖွေရန် သွားခဲ့သော ထိုက်ကျွယ်ဂိုဏ်းမှာ ယွီစီရင်စုတွင် ရှိကြောင်း သူ သတိရသွားခဲ့သည်။

​ခဏမျှ စဉ်းစားပြီးနောက် လီချင်းချိုးက လေထဲသို​ြ ချက်ချင်း ခုန်ထွက်လိုက်ပြီး ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားတော့သည်။

​…………….

​တောင်များကြားတွင် ဖုန်မှုန့်များ လွင့်စင်နေပြီး သစ်တော ဧရိယာ အတော်များများ ပြိုကျနေကာ ကောင်းကင်ယံတွင် တိမ်မည်းများ စတင် စုရုံးလာနေသည်။

​ရှန်ယွဲ့၊ ပိုင်နင်းအာနှင့် ယန်တောက်ကျုံးတို့ ဖုန်မှုန့်များကြားမှ တစ်ယောက်ပြီး တစ်ယောက် ခုန်ထွက်လာကြပြီး ချောက်ကမ်းပါး တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကာ လှည့်ကြည့်လိုက်ကြသည်။ သူတို့ အဟုန်ပြင်းပြင်း ထွက်လာခဲ့သော ဂူမှာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော်လည်း ၎င်းအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသော ပုံရိပ်တစ်ခုကို သူတို့ မြင်တွေ့နိုင်သည်။

​"သူက လူလား၊ တစ္ဆေလား..."

​ပိုင်နင်းအာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တုန်ရီသော အသံဖြင့် မေးလိုက်မိသည်။

​ဤအခိုက်အတန့်တွင် သူ့ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာပေါ်တွင် သွေးကွက်များစွာ ရှိနေသဖြင့် အလွန် သနားစရာကောင်းပုံ ပေါက်နေသည်။

​ယန်တောက်ကျုံး၏ ဝတ်ရုံမှာလည်း စုတ်ပြတ်နေသော်လည်း သူ ဒဏ်ရာမရခဲ့ပေ။ ရှန်ယွဲ့မှာမူ လုံးဝ အဆင်ပြေနေပုံရသည်။

​ရှန်ယွဲ့က ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာသော ပုံရိပ်ကို စိုက်ကြည့်ရင်း….

"သူက လူပါ... တစ္ဆေ မဟုတ်ပါဘူး... သူက ပြန်လည်ရှင်သန်ဖို့ အချိန်ကောင်းကို စောင့်ရင်း သူ့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်ကို ပိတ်လှောင်ထားခဲ့ပုံရတယ်..."

​ထိုစကားကို ကြားသောအခါ ပိုင်နင်းအာ၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး ခါးမှ သိုလှောင်အိတ် ကို အလိုအလျောက် ကိုင်လိုက်မိသည်။

​"ဘယ်နှစ်နှစ်တောင် ကြာခဲ့ပြီလဲ... ငါ နောက်ဆုံးတော့ အသက်ပြန်ရှင်လာပြီ..."

​အိပ်မက်တစ်ခုမှ ယခုလေးတင် နိုးလာသူ တစ်ယောက်ကဲ့သို့ တောင်များကြားတွင် ပဲ့တင်ထပ်သွားသော လောဘကြီးသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

​စကားသံ မဆုံးမီမှာပင် တောင်များကြားရှိ ဖုန်မှုန့်များကို ဖောက်ထွင်း၍ လျှပ်စီးကြောင်းများ ပစ်ခတ်သွားပြီး အနက်ရောင် ဝတ်စုံနှင့် အမျိုးသား တစ်ဦး ပေါ်လာသည်။

သူက လေထဲတွင် မြင့်မြင့် ပျံဝဲနေပြီး ခြေဗလာနှင့် ဖြစ်ကာ၊ ဆံပင်ဖြူများ ဖရိုဖရဲ ဖြစ်နေပြီး မိစ္ဆာ တစ်ကောင်ကဲ့သို့ လေထဲတွင် တွဲလွဲခိုနေသည်။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာပြီး အောက်ဘက်ရှိ သစ်ပင်များကို ရိုက်ချိုးကာ ပတ်ဝန်းကျင်ရှိ တောင်နံရံများကို ဖောက်ထွင်းသွားသည်။

​ရှန်ယွဲ့က တစ်ဖက်လူ၏ အရှိန်အဝါကို ခံစားလိုက်ရပြီး ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

​ပြိုင်ဘက်၏ ကျင့်ကြံမှုမှာ သူ့ထက် ပိုမို အစွမ်းထက်နေ၏!

​ဒီလူက ထိုက်ကျွယ်ဂိုဏ်းက ကျင့်ကြံသူ တစ်ဦးများ ဖြစ်နိုင်မလား…..

All Chapters