ရှင်ယွမ်ဂိုဏ်း ၏ အကြီးအကဲ
Vol. 28 Ch. 278
"ငါတို့ အရင် ဆုတ်ခွာသင့်လား..."
ယန်တောက်ကျုံးက ကောင်းကင်ယံရှိ အနက်ရောင် ဝတ်စုံနှင့် အမျိုးသားကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ တစ်ဖက်လူ ပေးသော ဖိအားမှာ အလွန် ပြင်းထန်ပြီး ဤကဲ့သို့သော ပြိုင်ဘက်မျိုးကို သူ တစ်ခါမှ မကြုံဖူးချေ။ အရှိန်အဝါကို ရင်ဆိုင်ရုံဖြင့် သူ လုံးဝ ယှဉ်နိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ရှန်ယွဲ့၏ မျက်လုံးများမှာ အေးစက်စူးရှသွားပြီး လေးနက်သော အသံဖြင့်…..
"ငါတို့ ဆုတ်ခွာလို့ ရမှာ မဟုတ်ဘူးထင်တယ်..."
ထိုစကားကို ကြားသောအခါ ယန်တောက်ကျုံးက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။
ကောင်းကင်ယံရှိ အနက်ရောင် ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာတွင် စွဲမက်ဖွယ်ကောင်းသော အမူအရာ ရှိနေပြီး၊ လွတ်လပ်စွာ အသက်ရှူရင်း ပြန်လည်ရှင်သန်ခြင်း၏ ပျော်ရွှင်မှုကို ခံစားနေပုံရသည်။
သူက ရုတ်တရက် ခေါင်းလှည့်ပြီး ရှန်ယွဲ့တို့ သုံးဦးကို ကြည့်လိုက်တော့ သူတို့ သုံးဦးမှာ လန့်ဖျပ်ပြီး အလိုအလျောက် နောက်သို့ တစ်လှမ်း ဆုတ်သွားကြသည်။
"မင်းတို့ ကျေးဇူးကြောင့် ငါ အသက်ပြန်ရှင်လာနိုင်တာပဲ... ငါ မင်းတို့ကို ဆုချီးမြှင့်မယ်... ငါ့ရဲ့ ကျွန်တွေ ဖြစ်လာကြစမ်း..."
အနက်ရောင် ဝတ်စုံနှင့် အမျိုးသားက ရုပ်ဆိုးအကျည်းတန်စွာ ရယ်မောလိုက်တော့ ဖြူဝင်းသော မျက်နှာပေါ်တွင် သွေးကွက်များ ပေါ်လာပြီး မျက်လုံးတစ်ဝိုက်ရှိ သွေးကြောများမှာ မိစ္ဆာ တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖောင်းကြွလာသည်။
ရှန်ယွဲ့က သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ... ငါတို့ကို ကျွန်အဖြစ် သိမ်းပိုက်ချင်တယ်ဆိုရင် အနည်းဆုံးတော့ မင်းရဲ့ နောက်ခံကို မိတ်ဆက်ပေးသင့်တယ်လေ..."
ထိုအခါ အနက်ရောင် ဝတ်စုံနှင့် အမျိုးသား၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
"ငါက ကောင်းကင်ငရဲပင်လယ် က ရှင်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲ ဝေထျန်းရှုံး ပဲ..."
ကောင်းကင်ငရဲပင်လယ်…ရှင်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲ….
ရှန်ယွဲ့နှင့် အခြား နှစ်ဦးတို့ တိတ်တဆိတ် အံ့အားသင့်သွားကြသည်
ဒီသူမှာ ထိုက်ကျွယ်ဂိုဏ်းနဲ့ ဘာမှ ဆက်စပ်မှု မရှိဘူးလား…
သူတို့ ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သူတို့ သဘောပေါက်လိုက်ပြီး ဤရှင်ယွမ်ဂိုဏ်း မည်မျှ အစွမ်းထက်ကြောင်းကို သူတို့ မသိကြချေ။
ပိုင်နင်းအာ၏ နှလုံးသားထဲတွင် နောင်တများဖြင့် ပြည့်နှက်နေချေပြီ။ အစောကတည်းက သူသာ သိခဲ့လျှင် မြေအောက်က ထိုရတနာကို သူ ကောက်ယူခဲ့မည် မဟုတ်ပေ။ ရလဒ်အနေဖြင့် ယန္တရားတစ်ခုကို အသက်ဝင်စေခဲ့ပြီး ဝေထျန်းရှုံးကို လွှတ်ပေးလိုက်မိသည်။
"မင်းက ရှင်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေလျက်နဲ့ ဘာလို့ ထိုက်ကျွယ်ဂိုဏ်းရဲ့ နန်းတော် အပျက်အစီးတွေထဲမှာ ရှိနေရတာလဲ..." ဟု ရှန်ယွဲ့က ဆက်မေးလိုက်ပြန်သည်။
ထိုအခါ ဝေထျန်းရှုံး၏ မျက်နှာမှာ ချက်ချင်းပင် အရုပ်ဆိုးသွားတော့သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး…..
"အဲဒါ အဲဒီကောင်တွေကြောင့်ပဲ... ဒီကိစ္စက မပြီးသေးဘူး... ငါ့ရဲ့ ဒဏ်ရာတွေ သက်သာပြီး ငါ့ရဲ့ ကျင့်ကြံမှုတွေ ပြန်လည် ကောင်းမွန်လာတာနဲ့ သူတို့ ကျွန်းတစ်ခုလုံးကို သေချာပေါက် အမြစ်ပြတ် ချေမှုန်းပစ်မယ်..."
ကျွန်း…..
ရှန်ယွဲ့က ဤအဓိက စကားလုံးကို ဖမ်းဆုပ်လိုက်မိသည်။
ဝေထျန်းရှုံး၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ရှန်ယွဲ့ကို စိုက်ကြည့်ကာ ……
"မင်းရဲ့ ကျင့်ကြံမှုက အသုံးဝင်ဖို့ လုံလောက်တယ်... မင်းနာမည် ဘယ်လိုခေါ်လဲ..."
"ရှန်ယွဲ့... အကယ်၍ ငါတို့ မင်းနောက်ကို လိုက်မယ်ဆိုရင် နောက်ထပ် ဘာဆက်လုပ်ဖို့ မင်း စီစဉ်ထားလဲ..."
ယန်တောက်ကျုံးရော ပိုင်နင်းအာပါ စကားမပြောကြပေ။ သိုင်းလောကတွင် သူတို့၏ အတွေ့အကြုံမှာ ရှန်ယွဲ့လောက် မများသဖြင့်၊ ရှန်ယွဲ့ အနှောက်အယှက်မဖြစ်စေရန် အစွမ်းကုန် ကြိုးစားရင်း လောလောဆယ် ငြိမ်သက်စွာသာနေနေကြသည်။
"ဒဏ်ရာတွေကို ကုသဖို့ပေါ့... ကိုးပြည်ထောင်နယ်မြေ က ဆုတ်ယုတ်သွားပြီဆိုတော့ ငါ ပြန်လည် ကောင်းမွန်လာဖို့အတွက် အကောင်းဆုံးပဲ... စကားမစပ်... မင်းတို့က ဘယ်ဂိုဏ်းကလဲ... မင်းတို့က ကောင်းကင်ငရဲပင်လယ် ကလား..ဒါမှမဟုတ် ဒေသခံ ကျင့်ကြံသူတွေလား..."
ထိုစကားကို ကြားသောအခါ ရှန်ယွဲ့က သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆက်လက် စုံစမ်း၍ မရတော့ကြောင်း နားလည်လိုက်သည်။
ဝေထျန်းရှုံး၏ အပြုံးမှာ ရယ်စရာကောင်းလာသည်ကို သူ သတိပြုမိလိုက်သည်။ ဝေထျန်းရှုံးက သူ့ရဲ့ ရည်ရွယ်ချက်များကို ခန့်မှန်းမိပြီး ဖြစ်သော်လည်း သူ့ရဲ့ အကြံအစည်များကို အထင်သေးနေခြင်းသာ ဖြစ်ကြောင်း သူ နားလည်သွားသည်။
တိုက်ပွဲ တစ်ခုကတော့ ရှောင်လွှဲ၍ မရနိုင်တော့ပုံရသည်။
"တိုက်ပွဲ စပြီဆိုတာနဲ့ ငါ သူ့ကို ဟန့်တားထားနိုင်ရင် မင်းတို့ နှစ်ယောက် ထွက်ပြေးကြ... အကယ်၍ ငါ မြန်မြန် သေသွားရင် သူ့ကို အညံ့ခံသလို ဟန်ဆောင်ပြီး အခြေအနေအရ ဆက်လုပ်ကြ..."
ရှန်ယွဲ့၏ အသံ ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့၏ နားထဲသို့ ဝင်ရောက်သွားတော့ သူတို့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
အသံပို့လွှတ်ခြင်းပညာ….
သူတို့ တုံ့ပြန်ရန် အချိန်မရမီ ရှန်ယွဲ့က ခါးမှ သစ်သားဓားကို ရုတ်တရက် ဆွဲထုတ်လိုက်တော့ ဓားဆန္ဒမှာ အကန့်အသတ်မရှိ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ ပျံတက်သွားကာ သူတို့ ခြေအောက်ရှိ ချောက်ကမ်းပါးကို တုန်လှုပ်သွားစေသည်။
သူ ဓားထုတ်လိုက်သည်ကို မြင်သောအခါ ဝေထျန်းရှုံးမှာ အံ့အားသင့်ခြင်း မရှိဘဲ သူ့အပြုံးက ပို၍ပင် လှောင်ပြောင်သည့်ဟန် ပေါက်လာသည်။
"မဆိုးဘူးပဲ... ဓားဆန္ဒ... မင်းရဲ့ ကျင့်ကြံမှုကို ကြည့်ရတာ ဝိညာဉ်အသိအာရုံအဆင့်ကို အခုမှ ဝင်လာတာ ဖြစ်ရမယ်... ဒါပေမဲ့ ကမ္ဘာပေါ်က ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူတွေကို ကြည့်ရင် မင်းရဲ့ ဓားဆန္ဒနဲ့ ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်... မင်းက ငါ့ရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်း ပြည့်မီပါတယ်..."
ဝေထျန်းရှုံး၏ စကားများတွင် အထင်ကြီးလေးစားမှုများ ပြည့်နှက်နေသော်လည်း၊ အပြုံးမှာမူ သူ့ကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်။
သူက ငယ်ရွယ်ပုံရသည်။ ဆံပင်ဖြူများ ရှိနေသော်လည်း ရှန်ယွဲ့ထက် အသက်ကြီးပုံ မပေါ်ပေ။ သို့သော်လည်း ရှန်ယွဲ့က အသက် တစ်ရာ မပြည့်သေးကြောင်း သူ သိနိုင်သည်။
အသက် တစ်ရာအောက်ဆိုလျှင် သူ့အတွက်တော့ ဂျူနီယာ တစ်ယောက်သာ ဖြစ်သည်။
ရှန်ယွဲ့က ရှေ့သို့ လှမ်းကာ ဝေထျန်းရှုံးထံသို့ လေထဲမှ လျှောက်သွားလိုက်သည်။
"ဘာလဲ... မင်းက ငါ့ကို တကယ်ပဲ တိုက်ခိုက်ချင်တာလား... ငါ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေရင်တောင် ငါ့ရဲ့ မူလချီက မင်းနဲ့ ယှဉ်လို့ရတဲ့ အရာ မဟုတ်ဘူးဆိုတာ မင်း မခံစားရဘူးလား..."
ဝေထျန်းရှုံး၏ အပြုံး အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာကာ တောင်များကို ဖုံးလွှမ်းသွားတော့သည်။ သို့သော်လည်း ရှန်ယွဲ့မှာ လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ ခြေတစ်လှမ်းချင်း ရှေ့သို့ တိုးလာသည်။
သူ မကြောက်ရွံ့သော်လည်း ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့မှာ ဝေထျန်းရှုံး၏ သတ်ဖြတ်လိုစိတ်ကြောင့် အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ချေ။
"ဒီကောင်က..."
ယန်တောက်ကျုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ နဖူးမှ ချွေးအေးများ စီးကျနေချေပြီ။
ဝေထျန်းရှုံးက အရမ်း အစွမ်းထက်နေလို့ မဟုတ်ဘဲ၊ ရှန်ယွဲ့၏ အသံပို့လွှတ်ခြင်းကို ကြားခဲ့ပြီး သူတို့ကို ထွက်ပြေးခွင့် မပေးခြင်းသာ ဖြစ်ရမည်ဟု သူ တွေးလိုက်မိသည်။
ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲ၌ နာကျည်းချက်များဖြင့် ပြည့်နှက်နေချေပြီ။
သူသည် ထျန်းရွှမ်တောင်တွင် ရှိစဉ်က လောကတွင် ပြိုင်ဘက်ကင်းသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ရှန်ယွဲ့ကို ရှုံးနိမ့်ပြီး ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက သာမန်လူ တစ်ယောက် ဖြစ်လာကြောင်း နားလည်လာခဲ့သည်။
၎င်းမှာ သိုင်းပညာလမ်းစဉ်၏ အပြစ်မဟုတ်ဘဲ ကိုယ်ပိုင် နားလည်နိုင်စွမ်း ကင်းမဲ့မှုကြောင့် ဖြစ်သည်ဟု သူ ခံစားရသည်။
အကယ်၍ သူသာ ရှန်ယွဲ့လို လျင်မြန်စွာ အစွမ်းထက်လာနိုင်ပါက ယခုလို ကူကယ်ရာမဲ့ ဖြစ်နေမည် မဟုတ်ပေ။
ယခင်က မရှိခဲ့ဖူးသော နောင်တများက ယန်တောက်ကျုံး၏ နှလုံးသားထဲသို့ ဝင်ရောက်လာပြီး သူ့မျက်လုံးရှေ့ရှိ လောကကြီးကို ဝေဝါးသွားစေတော့သည်။
ပိုင်နင်းအာမှာ ယန်တောက်ကျုံးလို စိတ်ဓာတ်ကျမနေပေ။ နှလုံးသားထဲတွင် အလျင်စလို ဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများသာ ရှိနေသည်။ သူ ကိုယ်တိုင် သေရမည်ကို မကြောက်ဘဲ ရှန်ယွဲ့ ကိုယ့်ကိုယ်ကိုယ် စတေးလိုက်မည်ကို ကြောက်ရွံ့နေခြင်း ဖြစ်ပေသည်။
ရှန်ယွဲ့က ချင်းရှောင်ဂိုဏ်းအတွက် မည်မျှ အရေးကြီးသနည်း ပံ့ပိုးမှု မည်မျှ ပြုလုပ်ခဲ့သနည်း။ အကယ်၍ ရှန်ယွဲ့သာ ဤနေရာတွင် သေဆုံးသွားပါက ဂိုဏ်းချုပ်၏ မျက်နှာကို မည်သို့ ကြည့်ရဲမည်နည်း။
တစ်ခုခုကြောင့် ကျန်းဖိန်၏ စကားများက သူ့နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"မှန်တယ်... မင်းက ကံကောင်းတယ်... ဒါပေမဲ့ အဲဒါက မင်းနောက်ကို လိုက်တဲ့သူတွေ ကံကောင်းလိမ့်မယ်လို့ မဆိုလိုဘူး... လူတစ်ယောက်က ထာဝရ ကံကောင်းနေလို့ မရဘူး... တစ်နေ့နေ့ မင်းကြောင့် တခြားသူတွေ ဒုက္ခရောက်ရင် မင်း နောင်တရလိမ့်မယ်..."
ထိုစဉ်က ကျန်းဖိန် ဒေါသထွက်ပြီး သူ့ကို ရန်စရန် ပြောနေခြင်း ဖြစ်သည်ဟု သူ ထင်ခဲ့မိသည်။ ကျန်းဖိန်၏ စကားများ အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ နောင်တရနေစဉ်မှာပင် ရှန်ယွဲ့က ဓားဖြင့် တိုက်ခိုက်နေချေပြီ။
တောင်များကြားတွင် လင်းလက်သွားသော ဓားအလင်းတန်း တစ်ချက်နှင့်အတူ ရှန်ယွဲ့က ဝေထျန်းရှုံး၏ ရှေ့သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိသွားသည်။
ဝုန်း…….
ကျယ်ပြောလှသော ဓားချီနှင့် လျှပ်စီးကြောင်းများ ရောယှက်သွားသော်လည်း ၎င်းတို့က ဝေထျန်းရှုံးကို မထိခိုက်နိုင်ချေ။
ဝေထျန်းရှုံးကတော့ ရှန်ယွဲ့၏ ရှေ့တွင် လက်ကိုပင် မမြှောက်ဘဲ ရပ်နေကာ ရှန်ယွဲ့၏ ဓားချီကို ဟန့်တားရန် ပေါက်ကွဲထွက်လာသော မူလချီကိုသာ အသုံးပြုခဲ့သည်။
"မင်း တကယ်ပဲ သေရမှာ မကြောက်ဘူးလား..."
ဝေထျန်းရှုံးက ရှန်ယွဲ့ကို စိုက်ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်း၍ မေးလိုက်တော့ ရှန်ယွဲ့၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး ….
"မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူးထင်တယ်..."
ထိုစကားကို ကြားသောအခါ ဝေထျန်းရှုံး၏ မျက်လုံးများတွင် ဒေါသများ လက်ခနဲ ဖြစ်သွားသည်။ သူက လက်ဝါးတစ်ချက် ရိုက်လိုက်ရာ မိုးကြိုးများနှင့် ရောနှောနေသော ကြမ်းတမ်းသည့် မူလချီက ရှန်ယွဲ့ကို တိုက်ရိုက် လွင့်ထွက်သွားစေသည်။
ရှန်ယွဲ့ လေထဲတွင် ဂျွမ်းပစ်သွားပြီး ဓားဝိညာဉ်က ညာဘက် လက်မောင်းတစ်လျှောက် စုစည်းသွားပြီး သူ ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်မီမှာပင်၊ ဓားဝိညာဉ်က သူ့နောက်ကလိုက်လာသော ဝေထျန်းရှုံးကို ဟန့်တားရန် ဓားကို လွှဲခုတ်လိုက်သည်။
ဝေထျန်းရှုံးက ဓားဝိညာဉ်ကို လုံးဝ ဂရုမစိုက်ပေ။ သူက လက်ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီးနောက် ရှန်ယွဲ့ကို တောထဲသို့ လိုက်လံ တိုက်ခိုက်တော့သည်။
ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့မှာ ချောက်ကမ်းပါးပေါ်တွင် ရပ်နေဆဲ ဖြစ်ပြီး မလှုပ်ရှားနိုင်သေးချေ။
"ဘာဖြစ်နေတာလဲ... သူ ထွက်သွားပြီဆိုတော့ ဖိအားက ဘာလို့ ငါတို့အပေါ် သက်ရောက်နေသေးတာလဲ..."
ယန်တောက်ကျုံးက စိတ်ကို တည်ငြိမ်အောင် ထားပြီး ဝေထျန်းရှုံး၏ နည်းလမ်းများအကြောင်း စတင် တွေးတောလိုက်သည်။
သူ အဖြေမရှာနိုင်မီမှာပင် အဝေးရှိ သစ်တောကြီး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ သစ်ပင်များ ကောင်းကင်သို့ လွင့်စင်သွားပြီး ရှန်ယွဲ့၏ ပုံရိပ်မှာ ၎င်းတို့ကြားတွင် လျင်မြန်စွာ လှုပ်ရှားနေသည်ကိုမြင်လိုက်ရသည်။
ရှန်ယွဲ့က ရုတ်တရက် ရပ်တန့်ကာ လှည့်၍ ဓားကို လွှဲခုတ်လိုက်တော့ လခြမ်းကွေးကဲ့သို့ ဓားချီက သစ်ပင်များကို ဖြတ်တောက်ကာ တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်ပြန်သည်။
ဘုန်း...
ဝေထျန်းရှုံးက ဓားချီကို ဖျက်စီးရန် လက်ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး ရှန်ယွဲ့အနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
"ဒါက မင်းရဲ့ ယုံကြည်မှုလား... ဒီလောက် တိမ်ကောတဲ့ ဓားပညာတွေက ငါ့ကို စိတ်ပျက်စေတယ်..."
ထိုစဉ်မှာပင် ဓားကို လွှဲခုတ်ထားဆဲ ဖြစ်သော ရှန်ယွဲ့က ရုတ်တရက် ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။ဝေထျန်းရှုံး ဖျက်စီးလိုက်သော ဓားချီက ဓားအရိပ်များအဖြစ် အမှန်တကယ် စုစည်းသွားပြီး ဝေထျန်းရှုံးကို တိုက်ခိုက်ရန် လျင်မြန်စွာ လှည့်လာခဲ့သည်။ သူတို့၏ အရှိန်မှာ ယခင် ဓားချီထက်ပင် ပိုမို မြန်ဆန်နေလေ၏။
ဝုန်း...
ဓားအရိပ် ဒါဇင်ပေါင်းများစွာက ဝေထျန်းရှုံး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး သွေးမြူတိမ်တိုက် တစ်ခုအဖြစ် တိုက်ရိုက် ပေါက်ကွဲထွက်သွားစေသည်။
ရှန်ယွဲ့မှာ မပျော်ရွှင်ခဲ့ချေ။ သူသည် ချက်ချင်း လေထဲသို့ ခုန်တက်သွားပြီး သစ်သားဓားကို မြင့်မြင့် မြှောက်လိုက်တော့ ကျယ်ပြောလှသော ဓားချီများ ပေါက်ကွဲထွက်လာပြီး လေနှင့် တိမ်များကို တုန်လှုပ်သွားစေသည်။
သူ့ အကြည့်အောက်တွင် သွေးမြူများက ဝေထျန်းရှုံး၏ ပုံစံအဖြစ် ပြန်လည် စုစည်းနေပြီ။
ဝေထျန်းရှုံးက ရှန်ယွဲ့ကို မော့ကြည့်လိုက်တော့ သူ့မျက်နှာတွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ရှိနေဆဲပင်။
ထိုစဉ် ညာလက်ကို မြှောက်လိုက်တော့ သူ့လက်ဖဝါးတွင် အစိမ်းရောင် အလံကြီး တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ဤအလံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးတခုလုံး ရုတ်တရက် မှောင်မိုက်သွားတော့သည်။
ရှန်ယွဲ့၏ ဦးခေါင်းအထက်ရှိ လိမ့်တက်နေသော တိမ်မည်းများမှာ မိုးသည်းထန်စွာ ရွာသွန်းတော့မည့်အလား ပိုမို ဖိနှိပ်လာတော့သည်။