အမြဲတမ်း အချိန်မီ ရောက်လာတတ်တယ်
Vol. 28 Ch. 279
ရှန်ယွဲ့က ဝေထျန်းရှုံး၏ လက်ထဲရှိ အစိမ်းရောင် အလံကြီးကို ကြည့်ကာ တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ ဂိုဏ်းချုပ် ပိုင်ဆိုင်သော ဝိညာဉ်သန့်စင်အလံကို အလိုအလျောက် သတိရသွားစေသည့် အလွန် အန္တရာယ်များသော အရှိန်အဝါ တစ်ခုကို သူ ခံစားလိုက်ရသည်။
ဒီကောင်ကလည်း မိစ္ဆာ ကျင့်ကြံသူပဲ...
သူ့ကို တကယ် ယုံလို့ မရဘူး...
ဝေထျန်းရှုံးက အစိမ်းရောင် အလံကို မြှောက်ကာ ရယ်မောလိုက်ရင်း….
"ဆုတ်ယုတ်နေတဲ့ နယ်မြေက ဂျူနီယာလေး... ရှင်ယွမ်ဂိုဏ်းရဲ့ စွမ်းအားကို မင်းကို ပြရသေးတာပေါ့..."
ဝှစ်...
အစိမ်းရောင် အလံ၏ အဝတ်စမှာ ပြင်းထန်စွာ လွင့်လူးလာပြီး ကောင်းကင်ယံရှိ ပိုက်ကွန် တစ်ခုကဲ့သို့ တောင်များကို ဖုံးလွှမ်းသွားသည့် လျှပ်စီးကြောင်း အမြောက်အမြား ပေါက်ကွဲထွက်လာ၏။ တစ်ပြိုင်နက်တည်းမှာပင် အထက်ရှိ မိုးကြိုးတိမ်တိုက်များမှာလည်း အလွန် ကြမ်းတမ်းလာပြီး မရေမတွက်နိုင်သော မိစ္ဆာသားရဲများ ဟိန်းဟောက်နေသကဲ့သို့ မိုးကြိုးသံများမှာ နားကန်းလောက်အောင် ကျယ်လောင်နေသည်။
လျှပ်စီး နယ်ပယ် နှစ်ခုကြားတွင် ညပ်နေသော ရှန်ယွဲ့ ရင်ဆိုင်နေရသည့် ဖိအားမှာ ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့ စိတ်ကူးတောင် မယဉ်နိုင်သည့် အရာပင်။
ယန်တောက်ကျုံးနှင့် အခြား တစ်ယောက်တို့၏ မျက်လုံးထဲတွင် ရှန်ယွဲ့မှာ အလွန် သေးငယ်နေပြီး လျှပ်စီးများကြောင့် အချိန်မရွေး ပြာအဖြစ် ပြောင်းလဲသွားနိုင်သကဲ့သို့ ဖြစ်နေသဖြင့် သူတို့မှာ အလွန် စိုးရိမ်ပူပန်နေကြသည်။
"ဒီခမ်းနားထည်ဝါတဲ့ ကောင်းကင်ဘုံရဲ့ စွမ်းအားကို မင်း ခံစားရလား..."
ဝေထျန်းရှုံးက ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ့အသံကို ကျယ်လောင်သော မိုးကြိုးသံများကြားရပင်ကြားနေရသည်။
လျှပ်စီး နယ်ပယ် နှစ်ခုအတွင်း ပိတ်မိနေသော ရှန်ယွဲ့မှာ အမှန်တကယ်ပင် အခက်တွေ့နေရသည်။ သူ လှုပ်ရှားလိုက်သည်နှင့် လျှပ်စီးကြောင်းများ မရေမတွက်နိုင်အောင် သူ့ကိုယ်ထဲသို့ ဝင်ရောက်လာမည် ဖြစ်ပြီး အရပ်မျက်နှာ အသီးသီးတွင် သတ်ဖြတ်လိုစိတ်များ ရှိနေကြောင်း သူ ခံစားနိုင်သည်။
သူနှင့် ဝေထျန်းရှုံးကြားရှိ စွမ်းအား ကွာဟချက်မှာ အလွန် ကြီးမားကြောင်း သူ ဝန်ခံရမည် ဖြစ်၏။ သူ့အနေနှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပင် မရှိလောက်အောင် ကြီးမားလွန်းလှသည်။
သို့တိုင်အောင် ရှန်ယွဲ့တွင် အသက်ချမ်းသာပေးရန် တောင်းဆိုမည့် ရည်ရွယ်ချက် မရှိချေ။ အသက်ပြင်းပြင်း ရှူလိုက်ပြီး သစ်သားဓားကို အလျားလိုက် ကိုင်ထားလိုက်၏။
ထိုအခါ ဓားဆန္ဒ စတင် ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်မှ ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
သေချာပေါက် သေရမည့် အခြေအနေကို ရင်ဆိုင်ရချိန်တွင်ပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ ဤဘဝတွင် သူ သင်ယူခဲ့၊ နားလည်ခဲ့သမျှ အရာအားလုံးကို သစ္စာမဖောက်စေရန် ဘဝနောက်ဆုံး၏ အခိုက်အတန့်တွင် အစွမ်းအထက်ဆုံး ဓားချက်ကို ပြသချင်ခဲ့သည်။
ရှန်ယွဲ့၏ လှုပ်ရှားမှုများကို မြင်သောအခါ ဝေထျန်းရှုံးက ချက်ချင်း မတိုက်ခိုက်ခဲ့ဘဲ၊ အထင်ကြီးလေးစားသော အမူအရာကို ပြသလိုက်သည်။
ရုတ်တရက်….
သူ တစ်ခုခုကို ခံစားလိုက်ရပုံရပြီး မျက်လုံးထောင့်မှ ကြည့်ရန် ခေါင်းလှည့်လိုက်တော့ ချက်ချင်းပင် မျက်ဆန်များ ပြူးကျယ်သွားတော့သည်။
ပုံရိပ်တစ်ခုက ထက်မြက်သော မြှားတစ်စင်းကဲ့သို့ ပြေးဝင်လာပြီး သူ့ကို လက်ဝါးဖြင့် တိုက်ခိုက်လိုက်သောကြောင့်ပင်။
ဘုန်း...
ဝေထျန်းရှုံး၏ မူလချီမှာ မီးတောက်တစ်ခုကဲ့သို့ ပေါက်ကွဲသွားပြီး ဆံပင်ဖြူများမှာ အင်အားကြောင့် နောက်သို့ လွင့်သွားသည်။ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်လာခဲ့ချေပြီ။
သူ့ကို တိုက်ခိုက်လာသူမှာ ယန်တောက်ကျုံးပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ယန်တောက်ကျုံးသည် အစွမ်းထက်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေပြီး သူ့မျက်နှာမှာ ရက်စက်ကြမ်းကြုတ်နေပုံရကာ ဤမျှလောက် တခါမှ ဒေါသ မထွက်ဖူးချေ။
"မင်း...မင်း… ဘယ်လို ဖြစ်နိုင်မှာလဲ..."
ယန်တောက်ကျုံးက မန္တန် ဖိနှိပ်မှုမှ လွတ်မြောက်နိုင်ပြီး ဤမျှ အစွမ်းထက်သော အရှိန်အဝါကိုပင် ပေါက်ကွဲထွက်လာနိုင်မည်ဟု ဝေထျန်းရှုံး လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ယန်တောက်ကျုံးမှာ ကျင့်ကြံသူ တစ်ဦး လုံးဝ မဟုတ်ဘဲ အတော်လေး အထင်ကြီးစရာကောင်းသော သိုင်းပညာရှင် လောကီလူသား တစ်ယောက်မျှသာ ဖြစ်ကြောင်း သူ သိနိုင်သည်။
ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။
ယန်တောက်ကျုံးက ကြွေးကြော်ဟစ်ကျွေးလိုက်ပြီး အရှိန်အဝါမှာ ပိုမို အားကောင်းလာပြီး ဝေထျန်းရှုံး၏ မူလချီကို နောက်သို့ လွင့်သွားစေခဲ့သည်။
ဝေထျန်းရှုံး ချက်ချင်းပင် ဒေါသထွက်သွားသည်။ အစိမ်းရောင် အလံကို ကိုင်ထားသော ညာလက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ၊ အစွမ်းထက်သော မူလချီက လွှမ်းမိုးနိုင်သော တောင်လှိုင်းကြီးကဲ့သို့ ယန်တောက်ကျုံးထံသို့ ဖိနှိပ်သွားပြီး ယန်တောက်ကျုံးကို သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားစေပြီး အဝေးရှိ သစ်တောထဲသို့ ဝင်ဆောင့်သွားစေခဲ့သည်။
ပိုင်နင်းအာက မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူသည် ယန်တောက်ကျုံးကဲ့သို့ ပုန်းကွယ်နေသော စွမ်းအားများကို ပေါက်ကွဲထွက်လာအောင် မလုပ်နိုင်ခဲ့ချေ။
ထိုစဉ်မှာပင် ရှန်ယွဲ့က သဓားဖြင့် တိုက်ခိုက်လိုက်ပြန်သည်။
လျှပ်စီး နယ်ပယ် နှစ်ခုအတွင်း ရပ်နေရင်း ဓားကို လွှဲခုတ်လိုက်တော့ ဓားချီ ထောင်ပေါင်းများစွာက ကြမ်းတမ်းသော မုန်တိုင်းတစ်ခုကဲ့သို့ အောက်ဘက် လျှပ်စီး နယ်ပယ်ကို ဖောက်ထွင်းသွားသည်။ကျယ်ပြောလှသော ဓားချီများထဲတွင် ဓားအရိပ်များ တစ်ခုပြီး တစ်ခု ပေါ်လာပြီး ဓားမိုးများကဲ့သို့ ရွာကျလာကာ အလွန် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ဓားအလင်းတန်းများကြောင့် ဝေထျန်းရှုံးမှာ အလိုအလျောက် ခေါင်းလှည့်လိုက်ရာ ဤကြီးမားသော တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရ၏။
ထိုအခါ မျက်ဆန်များ ပြူးကျယ်သွားပြီး အလံကို ချက်ချင်း ဝှေ့ယမ်းလိုက်ရသည်။
အလံက လှုပ်ရှားသွားပြီး လေနှင့် မိုးကြိုးများ အံ့အားသင့်သွား၏!
ရှန်ယွဲ့ကို ညပ်ထားသော လျှပ်စီး နယ်ပယ် နှစ်ခုမှာ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရှန်ယွဲ့၏ ဓားမိုးကို တိုက်ရိုက် ဖျက်ဆီးပစ်ကာ တစ်ပြိုင်နက်တည်းမှာပင် သူ့ကို တိုက်ခိုက်လိုက်သည်။
ရှန်ယွဲ့၏ မျက်နှာမှာ လျှပ်စီးများကြောင့် လင်းထိန်သွားပြီး သူ့မျက်လုံးများတွင် နောင်တရသည့် အမူအရာ ပေါ်လာခဲ့သည်။
ကွာဟချက်က အရမ်း ကြီးမားလွန်းတယ်...
သို့သော် မျက်လုံး မမှိတ်ခဲ့ပေ။ သေခြင်းတရားကို သူ ရင်ဆိုင်ချင်ခဲ့သည်။
ထိုစဉ်မှာပင် လက်တစ်ဖက်က ရှန်ယွဲ့၏ ပခုံးပေါ်သို့ ကျရောက်လာ၏။ ထို့နောက် ရှန်ယွဲ့၏ အမြင်အာရုံများ ဝေဝါးသွားသည်။ သူက အလိုအလျောက် မျက်တောင်ခတ်လိုက်ပြီး မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သူ့ရှေ့တွင် ရပ်နေသော ပိုင်နင်းအာ၏ ကျောပြင်ကို မြင်လိုက်ရသည်။
ဝုန်း...
ကောင်းကင်ယံမှ နားကန်းလောက်အောင် ကျယ်လောင်သော ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသဖြင့် ရှန်ယွဲ့ မော့ကြည့်လိုက်တော့ လျှပ်စီး နယ်ပယ် နှစ်ခုမှာ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်၏ တစ်ဝက်ကျော်ကို နေရာယူထားကြောင်း တွေ့လိုက်ရ၏။ အနီးနားရှိ တောင်များမှာလည်း လျှပ်စီးများကြောင့် လင်းထိန်နေပြီး အချိန်မရွေး ဖျက်ဆီးခံရနိုင်သကဲ့သို့ ဖြစ်နေသည်။
ဤကမ္ဘာမြေ အဆုံးသတ်တော့မည့် မန္တန်ကို ရင်ဆိုင်ရချိန်တွင် ရှန်ယွဲ့၏ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေချေပြီ။
ဤမျှ အစွမ်းထက်သော အဆင့်သို့ ရောက်ရန် နှစ်ပေါင်း မည်မျှ ဆက်လက် ကျင့်ကြံရဦးမည်ကို သူ မသိချေ။
ကောင်းကင်ယံရှိ လျှပ်စီး နယ်ပယ်ကို စိုက်ကြည့်ရင်း သူ ခေါင်းမလှည့်ဘဲ….
"မင်းက ဘယ်လိုလုပ် အမြဲတမ်း အချိန်မီ ရောက်လာနိုင်တာလဲ... ငါတို့နောက်ကို တစ်ချိန်လုံး လိုက်လာတာတော့ မဟုတ်ဘူး မလား..."
ထိုစကားကို ကြားသောအခါ ပိုင်နင်းအာမှာ သူ့အပေါ်ရှိ ဖိနှိပ်မှုများ ပျောက်ကွယ်သွားကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။ သူ အလိုအလျောက် လှည့်ကြည့်လိုက်တော့ ရှန်ယွဲ့နောက်တွင် ရှိနေသော လူကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး အော်ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ဒီကို ဘယ်လို ရောက်လာတာလဲ..."
ရှန်ယွဲ့၏ အနောက်တွင် ရပ်နေသူမှာ အခြား သူမဟုတ်ဘဲ လီချင်းချိုး ပင် ဖြစ်သည်။
လီချင်းချိုးအဖို့ ချင်းရှောင်ဂိုဏ်းမှ ဤနေရာသို့ အပြေးအလွှား လာရသည်မှာ မလွယ်ကူခဲ့ချေ။ လမ်းတစ်လျှောက်လုံး အစွန်းရောက်ရွေ့လျားမှုပညာကို အဆက်မပြတ် အသုံးပြုခဲ့ရပြီး ခရီးစဉ်တစ်ခုတည်းကပင် မူလချီ တစ်ဝက်ကျော်ကို ကုန်ဆုံးသွားစေခဲ့သည့။
သေချာသည်မှာ ၎င်းကို သူ ပြောမည် မဟုတ်ပေ။ သူက တည်ငြိမ်ပြီး အေးအေးဆေးဆေး ဟန်ဆောင်ကာ ….
"မင်းတို့ နှစ်ယောက် ဘေးဒုက္ခနဲ့ ကြုံရမယ်လို့ ငါ တွက်ချက်မိလို့ လာခဲ့တာ..."
ထိုစကားကို ကြားသောအခါ ရှန်ယွဲ့ နှုတ်ခမ်းမဲ့လိုက်မိသည်။
ဒီလူ ဂိုဏ်းချုပ် ဖြစ်နေတာ အံ့သြစရာ မဟုတ်ဘူး……သရုပ်ဆောင် အရမ်းကောင်းတာပဲ...
ဒါပေမဲ့ သူ့နှလုံးသားထဲတွင် စိတ်သက်သာရာ ရသွားကြောင်း သူ ဝန်ခံရမည် ဖြစ်၏။ အကယ်၍ အသက်ရှင်နိုင်မည်ဆိုလျှင် ဘယ်သူက သေချင်မှာလဲ။
ဒီကျိန်ဆဲချင်စရာကောင်းတဲ့ လုံခြုံမှု ခံစားချက်ကတော့... ငါတော့ သူ သိမ်းသွင်းတာကို ခံလိုက်ရပြီ...
ရှန်ယွဲ့က စိတ်ထဲမှ ညည်းတွားလိုက်ပြီး ဝေထျန်းရှုံးကို ထပ်မံ ကြည့်လိုက်ရင်း နောက်ပြောင်ချင်စိတ်များ ဖြစ်လာသည်။
နောက်ဆုံးတော့ ဝေထျန်းရှုံးတယောက် လီချင်းချိုးရှေ့တွင် ဆက်လက် မောက်မာနိုင်မည်လား ဆိုသည်ကို သူ သိချင်နေသည်။
ဝေထျန်းရှုံးမှာ အလွန် အစွမ်းထက်ပြီး မန္တန်များ၏ အဆင့်မှာ ရှန်ယွဲ့ ယခုအချိန်အထိ မြင်တွေ့ခဲ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော်လည်း၊ လီချင်းချိုး ရောက်လာခြင်းက ဝေထျန်းရှုံးကို သူ ကိုင်တွယ်နိုင်သည်ဟု ဆိုလိုခြင်းပင်။
"သတိမထားမိဘဲ ငါတောင် သူ့ကို ဒီလောက် ယုံကြည်လာမိပြီပဲ..." ဟု တွေးရင်း ရှန်ယွဲ့က နောက်တစ်ကြိမ် ရှုံးနိမ့်သွားသလို ခံစားရင်း ညည်းတွားလိုက်သည်။
အကယ်၍ သူ ဤသို့ ခံစားရလျှင် ပိုင်နင်းအာမှာ ပို၍ပင် ဖြစ်ပေလိမ့်မည်။ ပိုင်နင်းအာမှာ အလွန် စိတ်လှုပ်ရှားနေပြီး လီချင်းချိုး၏ အနားသို့ သွားကာ လီချင်းချိုး လှုပ်ရှားမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။
လေထဲတွင် ဝေထျန်းရှုံးက အလံကို ကိုင်ကာ လှည့်လာသည်။ ကောင်းကင်ယံရှိ လျှပ်စီး နယ်ပယ် စတင် ပျောက်ကွယ်သွားတော့ လောကကြီးမှာ အလင်းနှင့် အမှောင်ကြား တလက်လက် ဖြစ်နေ၏။ သူ့အကြည့်များက လီချင်းချိုးအပေါ်သို့ ကျရောက်သွားပြီး မျက်မှောင်ကြုတ်သွားသည်။
လီချင်းချိုးက အလွန် လျင်မြန်စွာ ပေါ်လာခဲ့သည်။ သူသည်ပင် ရွေ့လျားမှုပညာ ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။
နတ်ဘုရားစွမ်းရည် တစ်ခု….
နတ်ဘုရားစွမ်းရည် တစ်ခုသာလျှင် မူလချီကို ခြေရာခံနိုင်မည်မဟုတ်ပေလော….
ဝေထျန်းရှုံးက ပိုင်နင်းအာက လီချင်းချိုးကို ခေါ်သည့် အမည်ကို ကြားခဲ့ပြီး ဖြစ်သည်။
ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် ….ဤအတိုင်းဆို ထိုသူ၏ စွမ်းအားမှာ သေချာပေါက် သာမန် မဟုတ်ချေ။
"မင်းတို့ ဂိုဏ်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ... ပြီးတော့ ဘယ်မှာ တည်ရှိတာလဲ..." ဟု ဝေထျန်းရှုံးက မေးလိုက်သည်။
လီချင်းချိုးက ချင်းရှောင်ဓား ကို တစ်ပြိုင်နက်တည်း ထုတ်ယူရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့သည်။
ဝေထျန်းရှုံး အလွန် အစွမ်းထက်ကြောင်း သူ ခံစားနိုင်သော်လည်း၊ ဤသူမှာ မူလချီများ ရှုပ်ထွေးနေသဖြင့် အလွန် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပုံရသည်။
လီချင်းချိုး စကားမပြောသည်ကို မြင်သောအခါ ဝေထျန်းရှုံး၏ မျက်လုံးများတွင် မကျေနပ်မှုများ လက်ခနဲ ဖြစ်သွားသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ….
"ကောင်းပြီလေ... ခဏနေရင် မင်းဘာသာ ပြောလာအောင် ငါ လုပ်ပေးမယ်..."
ပြောပြီးသည်နှင့် လီချင်းချိုးထံသို့ ရုတ်တရက် ခုန်ဆင်းလာသဖြင့် လီချင်းချိုးလည်း လှုပ်ရှားလိုက်သည်။ ရှည်လျားသော ဓားတစ်လက်ကဲ့သို့ ခုန်တက်ကာ ကောင်းကင်သို့ တိုက်ရိုက် ဦးတည်သွားလေ၏။
သူတို့ နှစ်ဦး လျင်မြန်စွာ ဝင်တိုက်မိကြတော့ ဝေထျန်းရှုံးက အလံကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီးကြောင်း တစ်သောင်း ပေါက်ကွဲထွက်လာ၏။ သို့သော်လည်း လီချင်းချိုးက လုံးဝ မရှောင်တိမ်းဘဲ လျှပ်စီးကြောင်းများကို ဖောက်ထွင်း၍ သူ့ထံသို့ ဓားဖြင့် တိုက်ခိုက်လိုက်သည်။
လီချင်းချိုး၏ ဓားကို ဓားချီ များဖြင့် ဖုံးလွှမ်းထားသည်။ ထက်မြက်သော လှုပ်ရှားမှုများဖြင့် လျင်မြန်စွာ ဓားကို လွှဲခုတ်လိုက်ရာ လှိုင်းလုံးများ ရိုက်ခတ်နေသကဲ့သို့ တစ်ချက်ထက် တစ်ချက် ပိုမို အားကောင်းနေသည်။ ဝေထျန်းရှုံးက ထိပ်တိုက် မရင်ဆိုင်ရဲဘဲ အစိမ်းရောင် အလံကိုသာ အသုံးပြု၍ ကာကွယ်ကာ လှုပ်ရှားမှုတိုင်းကို တန်ပြန် တိုက်ခိုက်နေရသည်။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... အစိမ်းရောင် မိုးကြိုးက သူ့ကို တကယ် မထိခိုက်နိုင်ဘူးလား..."
ဝေထျန်းရှုံး အံ့အားသင့်နေပြီ။သူ့လက်ထဲရှိ အစိမ်းရောင် အလံမှာ ရှင်ယွမ် အစိမ်းရောင် လျှပ်စီး အလံတော်ဟု ခေါ်ပြီး၊ ရှင်ယွမ်ဂိုဏ်း၏ အစောင့်အရှောက် မှော်ပစ္စည်းများထဲမှ တစ်ခု ဖြစ်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို နှိုးဆွ၍ မန္တန်များကို ပိုမို အစွမ်းထက်လာစေရန် ပြုလုပ်ပေးနိုင်သည်။
ဤသို့သော အခြေအနေမျိုးကို သူ တစ်ခါမှ မကြုံဖူးချေ။ ယခင်က သူသာ ရှင်ယွမ် အစိမ်းရောင် လျှပ်စီး အလံတော် ကို ပူဇော်လိုက်သရွေ့ မရှောင်တိမ်းသော မည်သည့် မကောင်းဆိုးဝါး သို့မဟုတ် ရန်သူမဆို ပြာအဖြစ် ပြောင်းလဲသွားမည်သာ။
လီချင်းချိုးအပေါ် ဝေထျန်းရှုံး၏ သတိထားမှု ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
သူ့ရဲ့ အစိမ်းရောင် မိုးကြိုးက လီချင်းချိုးကို အမှန်တကယ် သက်ရောက်မှု ရှိနိုင်သော်လည်း၊ ကောင်းကင်မိုးကြိုး ဝိညာဉ်အမြစ်က ၎င်းကို လျင်မြန်စွာ အစာချေဖျက်လိုက်သဖြင့် လီချင်းချိုး၏ မူလချီကို အနည်းငယ် ပြန်လည် ကောင်းမွန်လာစေကြောင်း သူ မသိခဲ့ပေ။
ကောင်းကင်မိုးကြိုး ဝိညာဉ်အမြစ်တွင် ထုတ်မသုံးရသေးသော အလားအလာများ ရှိနေသေးကြောင်း လီချင်းချိုး သဘောပေါက်သွားခဲ့သည်။
အကယ်၍ ၎င်းက ကောင်းကင်မိုးကြိုး ကိုတောင် ခံနိုင်ရည် ရှိတယ်ဆိုရင် သာမန် လောကီ လျှပ်စီးကြောင်းတွေဆို ပြဿနာ မရှိတော့ဘူး...
ဝေထျန်းရှုံး၏ လျှပ်စီးကို လီချင်းချိုး မကြောက်ရွံ့သည်ကို မြင်သောအခါ ရှန်ယွဲ့နှင့် ပိုင်နင်းအာတို့ နှစ်ဦးစလုံး စိတ်အားတက်ကြွသွားကြသည်။
ဂိုဏ်းချုပ်က သူတို့ကို အမှန်တကယ် စိတ်ပျက်စေမည် မဟုတ်ပေ။
ဝေထျန်းရှုံးမှာ သီးသန့် ကာကွယ်ရေး အနေအထားသို့ ရောက်ရှိသွားသဖြင့် သူ့ကို အလွန် ဒေါသထွက်သွားစေသည်။
လီချင်းချိုးတွင် နတ်ဘုရားစွမ်းရည် တစ်ခု ရှိပြီး သူ့ရဲ့ အစိမ်းရောင် မိုးကြိုးကို မကြောက်ရွံ့သော်လည်း၊ ဤကောင်လေးမှာ အလွန် ငယ်ရွယ်ပြီး ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ကြောင်း သူ မြင်နိုင်သည်။
ဤသို့သော အသက်အရွယ်ရှိ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ တစ်ဦးကို ပါရမီရှင် တစ်ဦးဟု သေချာပေါက် သတ်မှတ်နိုင်သော်လည်း၊ သူ့ရဲ့ ပြိုင်ဘက် မဖြစ်သင့်ပေ။
သူ့ရဲ့ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်အသိအာရုံအဆင့် ထက် မြင့်မားသည်။သူ အပြင်းအထန် ဒဏ်ရာရနေလျှင်ပင် ဝိညာဉ်အသိအာရုံအဆင့် တစ်ဦး၏ အရှက်ခွဲခြင်းကို မခံရသင့်ချေ။
"မောက်မာလှချည်လား..."
ဝေထျန်းရှုံးက မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီး ရုတ်တရက် အလံကို ဝှေ့ယမ်းကာ လီချင်းချိုးကို နောက်သို့ ဆုတ်သွားစေရန် ကိုယ်ပိုင် မူလချီကို အသုံးပြုလိုက်ပြီးနောက်၊ ရှင်ယွမ် အစိမ်းရောင် လျှပ်စီး အလံတော်ကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်ကာ ဓားမကြီး တစ်လက်နှင့် လဲလှယ်လိုက်သည်။
ထို့နောက်ဓားမကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကာကွယ်ခြင်းမှ တိုက်ခိုက်ခြင်းသို့ ပြောင်းလဲလိုက်ပြီး လီချင်းချိုးကို ဒေါသတကြီး ခုတ်ပိုင်းလိုက်လေသည်။
သူ့ရဲ့ အနက်ရောင် အဝတ်အစားများ လွင့်လူးနေပြီး ဆံပင်ဖြူများ ဖရိုဖရဲ လွင့်နေကာ ဝေထျန်းရှုံးမှာ လောကီကမ္ဘာမှ ကြမ်းတမ်းသော မိစ္ဆာ တစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ဖြစ်နေပြီး ရက်စက်သော အရှိန်အဝါများလည်း ပိုမို မြင့်မားလာချေပြီ။
လီချင်းချိုးက ဓားကို မြှောက်ကာ ကာကွယ်လိုက်ရသည်။ ဓားမကြီးနှင့် ဓားတို့ ထိခိုက်မိသွားပြီး တိုက်မိမှုကြောင့် တိမ်များ လွင့်စင်သွားကာ ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်ချီများ တုန်ခါသွားပြီး အရပ်မျက်နှာ အသီးသီးသို့ တိုက်ခိုက်လာသော လေပြင်းများကို ဖြစ်ပေါ်စေကာ တောင်ပေါ် သစ်တောများကို စိမ်းလန်းသော သမုဒ္ဒရာ လှိုင်းလုံးများကဲ့သို့ လှိုင်းထသွားစေပြီး တောင်များကို ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားစေသည်။
ဝေထျန်းရှုံး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ဤမျှ ကြီးမားလိမ့်မည်ဟု လီချင်းချိုး မမျှော်လင့်ထားခဲ့ပေ။ ကံကောင်းထောက်မစွာ သူသည်လည်း ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားပေသည်။
သူ့ရဲ့ ဒေါသတကြီး တိုက်ခိုက်မှုကို လီချင်းချိုးက ကာကွယ်နိုင်ခဲ့သဖြင့် ဝေထျန်းရှုံးမှာလည်း အလားတူ အံ့အားသင့်သွားပြီး ပို၍ပင် ဒေါသထွက်လာသည်။
ဘုန်း...
ဝေထျန်းရှုံးက လီချင်းချိုးကို နောက်သို့ တွန်းထုတ်ရန် မူလချီကို ထပ်မံ အသုံးပြုရန် ရွေးချယ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ဓားမကြီးကို လက်နှစ်ဖက်ဖြင့် မြင့်မြင့် မြှောက်လိုက်သည်။ မူလချီများက ဓားသွားထဲသို့ အဆက်မပြတ် ဝင်ရောက်သွားပြီး ဓားပတ်လည်တွင် ထူးဆန်းသော အစိမ်းရောင် အက္ခရာများ ပေါ်လာကာ လျင်မြန်စွာ ကြီးထွားလာသည်။
ရှန်ယွဲ့နှင့် ပိုင်နင်းအာတို့ စောင့်ကြည့်နေစဉ် ဝေထျန်းရှုံး၏ ဓားမကြီးမှာ ကြီးမားကျယ်ပြန့်သော အစိမ်းရောင် ပုံရိပ်ယောင် မြင်ကွင်းတစ်ခုအဖြစ် စုစည်းသွားပြီး ဆက်လက် ကြီးထွားနေသည်။ သေချာ ကြည့်လိုက်ရာ ၎င်းမှာ အမှန်တကယ်တော့ ဧရာမ အစိမ်းရောင် မြွေကြီး တစ်ကောင် ဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ခွေလိပ်နေကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြမ်းကြတ်ရက်စက်လှပေသည်။
ထိုစဉ် ကောင်းကင်နှင့် မြေကြီးကြားတွင် လေပြင်းများ တိုက်ခတ်လာပြီး မရေမတွက်နိုင်သော သစ်ရွက်များ လွင့်စင်လာကာ ဝေထျန်းရှုံး၏ ဓားမကြီးထံသို့ ရိုက်ခတ်လာသည်။
ဤတိုက်ခိုက်မှုက ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဟုန်ကို နှိုးဆွလိုက်ပုံရပြီး ကြီးမားသော ဖိအားတစ်ခုက တောင်များကို လွှမ်းခြုံသွားသည်။
လေပြင်းများကြားတွင် ရပ်နေသော လီချင်းချိုးသည်လည်း မန္တန်တစ်ခုကို စတင် ရွတ်ဆိုလေတော့သည်။ထိုအခါ တားဆီးမရသော ရေလွှမ်းမိုးမှုကဲ့သို့ မူလချီများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ဦးခေါင်းအထက်တွင် ဧရာမ ငွေရောင် ဓားအရိပ် တစ်ခုအဖြစ် စုစည်းသွားသည်။
ရှန်းကျယ် ဓားသုံးလက်၊ တတိယဓား…
ဤလှုပ်ရှားမှုမှာ သာမန် မန္တန်တစ်ခု မဟုတ်ကြောင်း ဝေထျန်းရှုံးက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပြီး အန္တရာယ်ကိုပင် သူ ခံစားလိုက်ရသည်။
ရာနှင့်ချီသော နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက် ရှင်ပြန်ထမြောက်လာချိန်တွင် ဝိညာဉ်အသိအာရုံအဆင့်ရှိ ဂျူနီယာ တစ်ယောက်ကို အမှန်တကယ် အနိုင်မယူနိုင်ဘူးလား။
မဖြစ်နိုင်ဘူး…
ဝေထျန်းရှုံး၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ဓားမကြီးဖြင့် ချက်ချင်း ခုတ်ချလိုက်လေတော့….
ဤတိုက်ခိုက်မှု ကျဆင်းလာသည်နှင့်အမျှ အောက်ဘက်ရှိ သစ်တောမှာ တိုက်ရိုက် ပြားကပ်သွားသည်။ ဧရာမ အစိမ်းရောင် အလင်းမြွေကြီးက ၎င်း၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ အောက်သို့ ထိုးဆင်းလာပြီး သွေးစွန်းနေသော ပါးစပ်ကြီးကို ဟထားလိုက်တော့ ၎င်း၏ အစွယ်များကပင် ငါးကျန်းခန့် ရှည်လျားသည်။
လီချင်းချိုးလည်း လှုပ်ရှားလိုက်သည်။ ဦးခေါင်းအထက်ရှိ ငွေရောင် ဓားအရိပ်မှ မျက်စိကျိန်းမတတ် အလင်းရောင် တစ်ခု ပေါက်ကွဲထွက်လာပြီး ကမ္ဘာကြီးကို အရောင်အသွေး ကင်းမဲ့သွားစေသည်။
ယခင်က မရှိခဲ့ဖူးသော ကြီးစိုးသည့် ဓားစွမ်းအား တစ်ခုက အောက်ခြေမှ ထွက်ပေါ်လာပြီး မြွေအရိပ်ကို ဖောက်ထွင်း ခုတ်ပိုင်းကာ ဝေထျန်းရှုံးထံသို့ တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် ဖိနှိပ်သွားတော့ ဝေထျန်းရှုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာ ပေါ်လာသည်။ အစွမ်းထက်သော ဖိနှိပ်မှုက သူ့ကို ရှောင်တိမ်းရန် မဖြစ်နိုင်အောင် ပြုလုပ်ထားချေပြီ။
"မလုပ်နဲ့..."