အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
43
( သွေးတာဝါအရှင်)
ရှန်းဝူဂိုဏ်း၏.ကျူးကျော်မှုက ထိုအတိုင်းပဲ ပျက်ဆီးရလေ၏။
ယန်ဟောက် သေတာ မြင်သည်နှင့် ဝူကျစ်ချုံးနဲ့ ထျန်းမူယွင်လည်း စကားတစ်ခွန်းတောင် မပြောရဲဘဲ အနောက်ကနေ အလွန်ကြောက်ဖို့ကောင်းသော ဧရာမ သားရဲကြီးတစ်ကောင် လိုက်နေသည့်နှယ် ထွက်ပြေးကြသည်။
ရှန်းဝူဂိုဏ်းသားတွေ ထွက်ပြေးသည်နှင့် အရိုးဈေးတစ်ခုလုံး စိတ်လှုပ်ရှား ပျော်ရွှင်သွားကြ၏။
ဤ တိုက်ပွဲအပြီးမှာ အရိုးဈေးက ခံတပ်တစ်ခုလို မာကြောသွားပြီး ရှန်းဝူဂိုဏ်း၏ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူကြီးသာ ရောက်မလာသရွေ့ ဤခံတပ်ကို လှုတ်ယမ်းနိုင်တော့မှာ မဟုတ်ပေ။
ဖုတ်ကောင်တိုက်ခိုက်မှုကတော့.. ပြောဖို့ကို မလိုသည့် ပြဿနာအသေးအဖွဲ့လေးသာ ဖြစ်သည်။
မကြာခင်မှာပဲ အရိုးဈေးတစ်ခုလုံး လုံခြုံသွားသည်။ ထိုသို့ဖြင့် စီးပွားရေးအချက်အချာ နေရာဖြစ်သွားသော အရိုးဈေးက မကြာခင်မှာ အရောင်းအဝယ်တေ ပိုမိုဖြစ်ထွန်းလာကာ၊ ပိုက်ဆံရှာဖို့ အခွင့်အရေးတွေ ရောက်ရှိလာမည်။
ရောက်ရှိလာမည့် နေရက်ကောင်းတွေအတွက် အရိုးဈေးတစ်ခုလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
သို့ပေမဲ့ လုယန်အတွက်တော့ ထိုဆူညံသံတွေက တော်တော်လေး စိတ်ကင်ဆာ ပေးလှသည်။
သူ၏နှလုံးသားက အစောပိုင်းကတိုက်ပွဲ၏ ကြမ်းတမ်းမှုမှာပဲ နစ်မြုပ်နေသောကြောင့် အချိန်တစ်ခုကြာသည်အထိ အသိစိတ် ကောင်းကောင်း.မကပ်သေးပေ။
ရှောင်ရှစ်ယီ၏ ကိစ္စပြီးကတည်းက အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေက သူ့နှလုံးသားထဲက ဆူးတစ်ချောင်း ဖြစ်လာခဲ့သည်။
အခုလဲ နောက်ထပ် အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူတစ်ယောက်က သူ့ကိုထောက်လှမ်းနေမှန်း သိလိုက်ရသောကြောင့် ယန်ဟောက်ကို သတ်နိုင်၍ ရလာသော ပျော်ရွှင်မှုများပင် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားရသည်။ သူ သတိလွတ်စွာပဲ လည်ပင်းတစ်ဝိုက်က မူလီချီအဆောင်စာရွက်ကို စစ်ဆေးလိုက်သည်။ အဆောင်စာရွက်က အလုပ်လုပ်နေမှန်း အတည်ပြုနိုင်ပြီးမှပဲ သူ၏ ခြောက်ခြားနေသော နှလုံးသားက ပြန်လည် တည်ငြိမ်လာခဲ့သည်။
“ အဆောင်စာရွက်က အလုပ်လုပ်သေးတယ်၊ သူတို့တွေငါ့ကို မထောက်လှမ်းနိုင်ပါဘူး”
ကံတရားကို ဖုံးကွယ်ပေးသော မူလချီအဆောင်စာရွက်ကလည်း ကန့်သတ်ချက်ရှိသည်.. သူက ကံတရားထောက်လှမ်းမှုကို လုံးဝ ဖြတ်တောက်ပစ်တာမျိုး မဟုတ်ဘဲ ထိုအစား နောက်ထပ် ကံတရားတစ်ခုဖြင့် အစားထိုးကာ မူရင်းကို ပျောက်ကွယ်စေလိုက်သည်။ ထိုနည်းဖြင့် ကာကွယ်မှု ပြုလေသည်။
ကံတရား ထောက်လှမ်းခြင်းကို ဖြတ်တောက်လိုက်ခြင်းက သံသယဝင်စေနိုင်သည်။ ထို့ကြောင့် အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ထောက်လှမ်းသော အချိန်မှာ ဘာရလဒ်မှ ထုတ်မပေးခြင်းထက်၊ ပစ်ချက်ကင်းသော ရလဒ်အမှားတစ်ခုကို ပြသပေးသည်။
ထိုစွမ်းဆောင်မှု၏ ကောင်းကျိုးက ဖုံးကွယ်နိုင်စွမ်းပိုမြင့်မားသွားခဲ့ပြီး၊ ဆိုးကျိုးအနေနဲ့ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူ၏ လွှမ်းမိုးမှုကို လုံးဝ မတားဆီးနိုင်တော့ပေ။
ထို့ကြောင့် လုယန် တစ်စုံတစ်ခုကို မှန်းဆနိုင်သွားသည်။
“ ဒါဆိုရင် အဲ့ဒီလူက ငါ့ကိုသေချာပစ်မှတ်ထားတာမဟုတ်ဘူး။ မတော်တဆ ငါ့ကို မြင်လိုက်ရတာမျိုးပေါ့”
ဒဏ္ဍာရီလာကျောက်စိမ်းပိုးမွှားရတနာ၏ အဖြစ်အပျက်ကိုလည်း လုယန် နားလည်လိုက်သည်။
ထိုရတနာ ရုတ်ချည်းပေါ်ပေါက်လာခြင်းက သူ့ကို ဖေကံကောင်းက ပစ်မှတ်ထားတာမဟုတ်ဘဲ၊ ထိုအစား တစ်ခြားတစ်ယောက်က ရတနာအကြောင်းကို သေချာသတင်းလွှင့်လိုက်တာပဲ။ ရတနာအကြောင်းကို သတင်းလွှင့်ပြီး လာယူစေပြီးမှ သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်ဖြင့် အကွက်ချဖို့ဖြစ်မည်။
“ ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့လဲ”
လုယန်၏ အကြည့်က မြေပြင်ပေါ်က ယန်ဟောက်၏ အလောင်းအပေါ် ကျရောက်သွားသည်။ သူက ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုတ်ယမ်းလိုက်ပြီး သူ အစောပိုင်းက နှစ်ပိုင်းဖြတ်ထားသော ဝိညာဥ်ကို ပြန်ဆင့်ခေါ်လိုက်သည်။
ထိုသူဆီကနေ သဲလွန်စတစ်ခုခု ရနိုင်ပါ၏..ထို့အပြင် ရှန်းဝူဂိုဏ်း၏ စစ်မှန်တပည့်တစ်ယောက်က ဘာတွေများ ပိုင်ဆိုင်မလဲ သူသိချင်သည်။
မကြာခင်မှာပဲ ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းကနေ သန့်စင်ခံရပြီးသော ယန်ဟောက်၏ ဝိညာဥ်ပြန်ထွက်လာသည်။ သို့ပေမဲ့ အရိပ်ဖမ်းသိုင်းဖြင့် နှစ်ပိုင်းဖြတ်ခံထားရသောကြောင့် သူ၏ စစ်မှန်ဝိညာဥ်က မပြည့်စုံတော့ချေ။
ချီဝိညာဥ်တစ်သောင်းစာလိပ်က ဝိညာဥ်ကို သန့်စင်ချိန်မှာ ထိုဝိညာဥ်၏ တိုက်ခိုက်စွမ်း၊ မှတ်ဉာဏ်နှင့် အသိတရားကို ပြန်ထိန်းသိမ်းပေးဖို့အတွက် စစ်မှန်ဝိညာဥ်က ပြီးပြည့်စုံနေဖို့ လိုအပ်သည်။ အလောင်း၏ ပုံထွက်ကောင်းလေလေ၊ လျိုရှင်းလိုမျိုး ဝိညာဥ်ကလည်း အကောင်းပကတိအတိုင်း ပြန်ထွက်လာလေဖြစ်သည်။ ယန်ဟောက် ကိုတော့ လုယန် ထိုသူ၏ စစ်မှန်ဝိညာဥ် ဆယ်ပုံခုနှစ်ပုံလောက်ပဲ ပြန်ထိန်းသိမ်းနိုင်ခဲ့သည်။
သို့ပေမဲ့ သူအများကြီးသိရှိလိုက်ရပါသည်။
“ အော်၊ ရှန်းဝူဂိုဏ်းရဲ့ အဓိကရည်ရွယ်ချက်က အဲ့ဒါပေါ့”
“ အရိုးတောင်မှာ ရှေးဟောင်းတစ္ဆေနယ်မြေကနေ ဖြစ်ပေါ်လာတဲ့ လျှိို့ဝှက်နယ်မြေတစ်ခုရှိတယ်။ အရိုးတောင်အောက်ပိုင်းက ကမ္ဘာ့စွမ်းအင်သွေးကြောရဲ့ ယင်ချီစွမ်းအင်တွေက အဲ့ဒီလျှို့ဝှက်နယ်မြေကနေ ထွက်လာတာပဲ”
“ ရှန်းဝူဝိုဏ်းက အဲ့ဒီလျှို့ဝှက်နယ်မြေကို အပိုင်သိမ်းချင်လို့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ”
“ ဒါသတင်းကောင်းပဲ၊ ငါဂိုဏ်းကို တင်ပြလိုက်ရင် ဆုတွေအများကြီး ချီးမြှင့်ခံရမယ်။ ပြီး သူတို့ဘက်က အကူတွေတောင် လွှတ်ပေးလောက်မှာ”
“ သတင်းကို ငါကအရင်ဆုံးသိခဲ့တာမလို့ ငါ လက်ဝါးကြီးအုပ်ပစ်လိုက်ရင် ပိုကောင်းတယ်ဆိုပေမဲ့ ဘာလို့အဲ့လို လုပ်ရမှာလဲ။ ငါ့မှာ လျှို့ဝှက်နယ်မြေထဲ ဝင်စွန့်စားဖို့ ရည်ရွယ်ချက်မရှိဘူး။ ငါ့ဘာငါ တည်မြဲတဲ့ အကဲဖြတ်အမှတ်တွေ အများကြီးကို ဂိုဏ်းက လက်ခံပြီးရင် တစ်ခြားသူတွေ သတ်ဖြတ်နေတာကိုပဲ စိမ်ပြေနပြေ ဘေးက ကြည့်တော့မှာပေါ့”
လုယန်၏ နှလုံးသားက တည်ငြိမ်သွားသည်။
အရိုးဈေးကိစ္စကို အဓိက ချယ်လှယ်နေတဲ့သူက အခြေခံတည်ထောင်ခြင်း.နယ်ပယ် ကျင့်ကြံသူတစ်ဦးမှန်း သိသွားပြီးနောက်မှာ သူက အရိုးဈေးထဲမှာ ပုန်းနေပြီး အပြင်မထွက်တော့ဖို့ စိတ်ပိုင်းဖြတ်ထားလိုက်တော့၏။
ထို့နောက်မှာ ယန်ဟောက်၏ ပိုင်ဆိုင်မှုတွေဘက် လှည့်လိုက်သည်။
ယန်ဟောက်၏ သိုလှောင်အိတ်ကို လုယန် ထိလိုက်သည်နှင့် ဝိုင်းစက်သော ကြေးမုံမှန်တစ်ခုက အလိုလို ပျံဝဲလာပြီး တုန်တုန်ယင်ယင်ဖြင့် သူ့လက်ကို ပွတ်သပ်လာလေ၏။
ထိုက်ရှီကြေးမုံမှန်က ခွေးတစ်ကောင်လိုမျိုး လုယန်ကို လှည့်ပတ်နေကာ.. နှစ်ခြိုက်မှုတစ်ချို့ဖြင့် လာပွတ်သပ်နေသေးသည်။
“ မင်းက အမှောင်ထဲဝင်ဖို့ အလင်းကို စွန့်လွှတ်လိုက်တာလား”
လုယန် အနည်းငယ် အံ့သြသွားသည်။ အသိစိတ်ရှိသော ထိုကြေးမုံမှန်က နတ်ဆိုးဂိုဏ်းသားဖြစ်သော သူ့ကို အခုလိုမျိုး စိတ်လိုလက်ရ လာကပ်နေပုံအရ.. ယန်ဟောက်က တကယ် နာကြင်အောင် ပြုလုပ်ခဲ့တာပင်။
လုယန်၏ အာရုံစိုက်မှု ကျလာတာ မြင်သောအခါ ထိုက်ရှီကြေးမုံက သူ့လက်ထဲက သိုလှောင်အိတ်ကို အလင်းတစ်ချက် ပြလိုက်သည်။ ထို့နောက် ဘယ်ညာယိမ်းပြကာ လုယန်၏ အာရုံထဲ အသံတစ်ခု ဝင်ရောက်လာသည်။ အခုမှစကားပြောတတ်ကာစ ကလေးပေါက်စလိုမျိုး ထိုအသံက ညှောင်နာနာနှင့်ပင်။
“ အဲ့ဒါတွေက မကောင်းဘူး”.
ထို့နောက် ထိုက်ရှီကြေးမုံက အလင်းတွေဖြာစေလိုက်ပြီး အပေါ်အောက် လှုပ်ယမ်းလိုက်သည်။ ကလေးဆန်ပေမဲ့ ဂုဏ်ယူမှုနဲ့ ယုံကြည်ချက်တွေ ပြည့်လျှံနေသော အသံကို လုယန် ကြားလိုက်ရပြန်သည်။
“ ကျွန်တော်က ကောင်းတယ်”
ဒါက ကိုယ့်ကိုယ်ကို အစွမ်းကုန် ချီးကျုးလိုက်ခြင်းပါပေ။
လုယန် ပိုမို အံ့သြသွားသည်။ စိတ်ဝိညာဥ်ရတနာတွေက ကိုယ်ပိုင်အသိစိတ် ရှိတယ်ဆိုတာ ကြားဖူးခဲ့ပေမဲ့ အခုမှ ပထမဆုံးတွေ့ဖူးတာဖြစ်သည်။
“ ကောင်းပြီလေ၊ ဒါဆိုမင်းကို အရင်သုံးရတာပေါ့”
လုယန် လက်တစ်ဖက်ဖြန့်လိုက်သည်နှင့် ထိုက်ရှီကြေးမုံက နာနာခံခံ ရောက်လာသည်။ ထိုရတနာ၏ ပူးပေါင်းမှုနှင့်အတူ စိတ်ဝိညာဥ် ရတနာ၏ ကောင်းကျိုးတွေကို လုယန် လေ့လာနိုင်သွားသည်။
“ ကောင်းတယ်၊ တကယ်ကို ရတနာကောင်းပဲ”
လုယန်၏ မျက်နှာက အံ့သြမှုတွေ ပြည့်သွားသည်။ စိတ်ဝိညာဥ်ရတနာက တကယ်ကို နာမည်ကြီးမှုနှင့် ထိုက်တန်သည်ပင်။
ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတစ်ယောက်က နှောင်းပိုင်းနယ်ပယ်မှာ ဖန်တီးထားသော ချီအစေ့ကို ပြီးပြည့်စုံသောချီစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ကြသည်။ ဥပမာ လုယန်သာ ချီအသွင်ပြောင်ခြင်းပြီးပြည့်စုံ နယ်ပယ်ကို ရောက်လာလျှင် သူ၏ ချီအစေ့က စစ်မှန်သော နဂါးချီစွမ်းအင် ဖြစ်သွားမှာပင်။
ပြီးပြည့်စုံသော ချီစွမ်းအင်က ချီသန့်စင်ခြင်း ပြီးပြည့်စုံနယ်ပယ်ရောက်လာသော ကျင့်ကြံသူများ၏ သင်္ကေတတစ်ခုဖြစ်ပြီး အားသာချက်အနေဖြင့် ပြီးပြည့်စုံနယ်ပယ်အောက်က ချီစွမ်းအင်တွေအားလုံးကို ဖိနှိပ်နိုင်လေသည်။
သို့ပေမဲ့ ထိုက်ရှီကြေးမုံက မူလပြီးပြည့်စုံသော စစ်မှန်ချီဖြစ်သည့် ထိုက်ရှီလေမိုးကြိုးချီစွမ်းအင်ကို ပိုင်ဆိုင်ထားလေ၏။
တစ်နည်းပြောရပါက၊ ဤကြေးမုံမှန်ကို ကိုင်ဆောင်ထားသည့်မည်သူမဆို၊ ချီသန့်စင်ခြင်းပထမနယ်ပယ်မှာပဲ ရှိလင့်ကစား ရတနာကိုအသုံးပြုပြီး ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူကို ယှဥ်တိုက်နိုင်လိမ့်မည်။
“ ဒါပေမဲ့ ဒီရတနာက ကန့်သတ်ချက်ရှိနေပုံပဲ”
လုယန် သေချာ စစ်ဆေးလိုက်သည်။ ရတနာဆိုတာ လူတွေအသုံးပြုဖို့ ဖန်တီးထားသည့်အတွက် စစ်မှန်ဂိုဏ်း၏ ရတနာတစ်ခုဖြစ်နေလျှင်တောင် ချွင်းချက် မရှိပါချေ။ သို့ပေမဲ့ ဤ ထိုက်ရှီကြေးမုံမှာ လုပ်ဆောင်မှုကို ကန့်သတ်ထားသော စည်းမျဥ်းတွေအများကြီး ရှိနေသည်။
ထိုက်ရှီကြေးမုံကို ရှန်းဝူဂိုဏ်းသားတစ်ယောက် အရှေ့မှာအသုံးပြုလိုက်ပါက၊ ထိုဂိုဏ်းသားကသာ အမိန့်ပေးမန္တာန်ကို သိနေလျှင် ထိုက်ရှီကြေးမုံက ထိုသူ့လက်ထဲ အလိုလိုကျရောက်သွားမှာ ဖြစ်သည်။
ထိုအရာက ထိုက်ရှီကြေးမုံ၏.စိတ်ဆန္ဒအရ မဟုတ်ဘဲ ရတနာကိုသန့်စင်ခဲ့သူက ချန်ထားခဲ့သော ကန့်သတ်ချက်ပင်။
“ ငါမသုံးနိုင်မှတော့ ဒီရတနာက ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်”
လုယန် ခဏမျှစဥ်းစားပြီးနောက်မှာ မျက်လုံးတွေ ရုတ်တရက် တောက်ပသွားသည်။ သူ၏ အစီအမံဖန်တီးသည့် ပညာရပ်က ကန့်သတ်ချက်ကို ဖောက်ဖျက်ဖို့ မလုံလောက်လျှင်တောင်မှ တစ်ခြားနည်းလမ်းက အလုပ်မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
လုယန် ချက်ချင်းပဲ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုတ်ယမ်းကာ ယန်ဟောက်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူ့ကိုမူလချီစွမ်းအင်အဖြစ် သန့်စင်ပစ်လိုက်ပြီး ထိုက်ရှီကြေးမုံအတွင်း ဝင်ရောက်စေလိုက်ကာ ကန့်သတ်ချက်ကို ဖုံးကွယ်စေလိုက်သည်။
ဝုန်း
လုယန်၏ လက်ထဲက ထိုက်ရှီကြေးမုံက ချက်ချင်းဆိုသလို မျက်စိကျိန်းလောက်အောင် တောက်ပလာ၏။ ထိုအလင်းထဲမှာ လေနှင့်မိုးကြိုး၏.အသံတိုးဖျော့ဖျော့ကို ကြားနေရသည်။ ထိုက်ရှီကြေးမုံ၏ ကန့်သတ်ချက် ပျောက်ကွယ်သွားပြီး အစွမ်းကအပြည့်ဝင်ရောက်လာမှန်း သိသာပါသည်။
“.. တကယ် အလုပ်ဖြစ်သွားတာပဲ”
လုယန် စိတ်လိုက်လက်ရ ရယ်မောလိုက်ပြီး ထိုက်ရှီကြေးမုံကို ခေါင်းအနောက်ဘက်ကို ပို့လိုက်သည်။ ခဏချင်းမှာပဲ ကြေးမုံ၏ အလင်းက သူ့ကိုယ်ပိုင်အလင်းဖြစ်သော သွေးနီရောင်အဖြစ် ပြောင်းသွားတော့သည်။
“ ကောင်းတယ်၊ အရမ်းကောင်းတယ်”
လုယန် ကျေနပ်အားရစွာ ရယ်မောလိုက်ကာ ထိုက်ရှီကြေးမုံကို သိမ်းလိုက်တော့သည်။ ထို့နောက် ယန်ဟောက်၏ သိုလှောင်အိတ်ကို ဖွင့်လိုက်သည်.. အလုံးအရင်းလိုက် ဆန်တက်လာသော ချီစွမ်းအင်များကြောင့် လုယန် မျက်လုံးများ အနည်းငယ် ကျဥ်းမြှောင်းသွားတော့သည်။
အထဲမှာ ဝိညာဥ်ကျောက်တုံးတွေ အများကြီးရှိနေပြီး၊ ဆေးလုံးတွေ၊ မှော်လက်နက်တွေနှင့် ရတနာတွေလည်းရှိသည်။ ထိုအရာတွေ အားလုံးကိုသာ ဂိုဏ်းကို ရောင်းချလိုက်ပါက၊ အမှတ်သုံးသောင်းလောက် ပြန်ထွက်လာလိမ့်မည်။
“ တကယ် ပွတာပဲ၊ နောက်တောင် ဒါမျိုးအခွင့်အရေး ရပါ့မလားမသိဘူး”
ယန်ဟောက် လိုလူမျိုးကို အခြေခံတည်ထောင်ခြင်းနယ်ပယ် အောက်ပိုင်းက ဘယ်ကျင့်ကြံသူကများ စိန်ခေါ်ရဲမှာလဲ။
“ လျှို့ဝှက်နယ်မြေသတင်းထွက်လာတာနဲ့ ဒီအရိုးဈေးက ပြန်ပြီးသွေးလွှမ်းမိုးလိမ့်မယ်။ ဒီကိစ္စကို အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် အရိပ်ထဲကနေ မွှေနေတာလို့ ငါထင်တယ်”
“ ဒါပေမဲ့ ငါသာ ဝင်မရှုတ်ဘူးဆိုရင်၊ သူလဲ ငါ့ကို တိုက်ရိုက် တိုက်ခိုက်လို့မရဘူး”
လုယန် ဆုံးဖြတ်ပြီးသည်နှင့် ပစ္စည်းတွေသိမ်းလိုက်ပြီး လွတ်မြောက်အလင်းဖြင့် ဈေးထဲက သူ၏ သွေးတာဝါအဆောက်အဦးဆီ ပြန်လိုက်သည်။
ထိုနေ့ကစပြီး အရိုးဈေးသည် သွေးပျက်ခြောက်ခြားစရာ ကောင်းသွားသည်။
ရှန်းဝူဂိုဏ်းကလည်း တိုက်ခိုက်ဖို့ လူတွေထပ်လွှတ်သလို ရှေးဦးသူတော်စင်ဂိုဏ်း၏ တပ်ကူတွေလည်း ရောက်လာခဲ့သည်။ ကြီးကြီးမားမား စစ်ပွဲကြီး မဖြစ်ပေမဲ့ နှစ်ဖက်လုံးက အချင်းချင်း ဒိုင်လျှိုလေး သတ်ဖြတ်နေကြတာပင်။
လုယန်၏ အောင်မြင်မှုသတင်းကလည်း ပျံ့လွင့်သွားခဲ့သည်။
သူသည် လွန်ခဲ့သောဆယ်နှစ်က ဂိုဏ်းထဲဝင်ရောက်ခဲ့ပြီး ကံကောင်းစွာ ယင်အရိုးစုကိစ္စ၌ အမှတ်တွေအများကြီး ရရှိခဲ့သည်။ ထိုကတည်းက ဆယ်နှစ်ကြာအောင် တံခါးပိတ်ကျင့်ကြံခဲ့ပြီး၊ အဆင့်၉ အစီအမံပညာရှင်၊ ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူအဖြစ် အပြင်ပြန်ထွက်လာခဲ့သည်။ နောက်ဆုံးမှာ ရှန်ဝူဂိုဏ်း၏ စစ်မှန်တပည့် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူကို သတ်နိုင်ခဲ့သည်။
ထို လေးစားဖွယ်ဇာတ်လမ်းက သာမာန်တပည့်တွေကြားမှာ လျှင်မြန်စွာ ပျံ့နှံ့သွားပြီး တပည့်တွေ၏ တိုက်ပွဲစိတ်ဓာတ်နှင့် ယုံကြည်ချက်ကို မြင့်တင်ပေးလိုက်သည်။
တဖြည်းဖြည်းနဲ့ လူတွေက လုယန်၏ နာမည်ကိုတောင် မသုံးနှုန်းတော့ဘဲ ထိုအစား ခံ့ညားသော ဘွဲ့တစ်ခုဖြင့် တင်စားခဲ့ကြလေသည်။
“ သွေးတာဝါအရှင်”
…..
Ch 44
( စိတ်ပျက်နေသော ကျောက်ရှဟယ်)
အရိုးဈေးအပြင်ဘက်က အရိုးတောင်တစ်နေရာတွင်..
လွတ်မြောက်အလင်းမှ ပြောင်းလဲထားသော ပုံရိပ်သုံးခုရှိနေသည်။ ထိုထဲမှ နှစ်ယောက်ကတော့ ယန်ဟောက် သေဆုံးပြီးနောက်မှာ ခွေးပြေးဝက်ပြေး ထွက်ပြေးလာကြသော ဝူကျစ်ချုံးနဲ့ ထျန်းမူယွင်ဖြစ်သည်။ တတိယမြှောက် အဖိုးကြီးကတော့..
“ အကြီးအကဲယန်”
ဝူကျစ်ချုံးက ထိုချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် အကြီးအကဲတစ်ခုခု လုပ်လာမှာစိုး၍ နဂါးဂူထဲရောက်နေသည့်နှယ်.. သတိကြီးစွာ ပြောလိုက်သည်။
“ စိတ်မပူနဲ့၊ ဘာကအရေးကြီးလဲဆိုတာ ငါနားလည်တယ်”
ယန်ဖန်း လည်း ခက်ထန်စွာ ပြန်ပြောလိုက်သည်။ အရိုးဈေးဘက်ကို ကြည့်နေသော သူ၏ မျက်နှာမှာ အမုန်းတွေပြည့်လျှံနေသည့်တိုင်အောင် လေသံက နည်းနည်းလေးမှ လှုပ်ခတ်ခြင်းမရှိ တည်ငြိမ်နေ၏။
“ အဲ့ကောင်က အဆင့်၉အစီအမံ ပညာရှင်ပဲ။ သူကအခု အရိုးဈေးအတွင်းအပြင် နှစ်ခုလုံးမှာ အစီအမံနှစ်ခုတောင် ချထားတယ်။ ဒါကြောင့်ပဲ အဲ့ကောင်အခုလို စိတ်အေးလက်အေး နေနိုင်နေတာပဲ။ ပြီးဘာတဲ့.. သွေးတာဝါအရှင်တဲ့လား။ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်တောင် မရောက်သေးတဲ့ ကောင်ကများ၊ ဒီလောက်အချိန်တိုအတွင်း တိုးတက်လာခဲ့တဲ့ သူ့ရဲ့ကျင့်ကြံဆင့်ကလည်း ဘယ်လိုမှ ခိုင်မာမှာ မဟုတ်ဘူး”
“ ဒါပေမဲ့ အကြီးအကဲယန်၊ ထိုက်ရှီကြေးမုံကို သူယူထားတယ်”
ဝူကျစ်ချုံးက ခပ်တိုးတိုး.ပြောလာသည်။
“ ထိုက်ရှီကြေးမုံက ဆန်းကြယ်ပြီး ကြောက်ဖို့ကောင်းတဲ့ အစွမ်းရှိတယ်။ အဲ့ဒီကောင်သာ ထိန်းချုပ်နိုင်သွားရင် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူနဲ့ ဘာမှ ခြားတော့မှာ မဟုတ်ဘူး”
“ ဒီကိစ္စကို ငါစဥ်းစားထားပြီးသားပါ”
ယန်ဖန်းက ခပ်မဲ့မဲ့ ဆက်ပြောသည်။
“ ထိုက်ရှီကြေးမုံက ငါ့ရှန်းဝူဂိုဏ်းက ပိုင်တဲ့ စိတ်ဝိညာဥ်ရတနာတစ်ခုပဲ။ နတ်ဆိုးကောင်က ဘယ်လိုလုပ် အသုံးပြုရဲမှာလဲ။ အဲ့ကောင် အသုံးပြုရဲရင်လည်း ပိုတောင်ကောင်းသေးတယ်”
“ ငါ ထိုက်ရှီကြေးမုံကို သန့်စင်ခဲ့တဲ့ သခင်ကြီး ယန်ယာကျီကို ဖိတ်ထားပြီးပြီ၊ ထိုက်ရှီကြေးမုံကို နတ်ဆိုးဂိုဏ်းက ယူသွားတယ်လို့ ပြောလိုက်တာနဲ့ သူ အရမ်းဒေါသထွက်ပြီး ချက်ချင်းလာခဲ့မယ်လို့ သဘောတူလိုက်တယ်။ သခင်ကြီးယန်ယာကျီ အရှေ့မှာ ဒီကောင် ထိုက်ရှီကြေးမုံကို အသုံးပြုရဲလို့ကတော့ သေလမ်းရှာတာပဲ”
ယန်ဖန်းက ဒေါသထွက်နေပေမဲ့ စိတ်လိုလက်ရ မလှုပ်ရှားခဲ့ပေ။
ယန်ဟောက်၏ သေဆုံးမှုက သူ့အတွက် သတိပေးချက် တစ်ခုလို ဖြစ်နေခဲ့သောကြောင့်ပဲ၊ အစီအမံအတွင်းကို တိုးဝင်ဖို့ အသည်းအသန် မကြိုးစားခဲ့တာ ဖြစ်သည်။ ထို့ကြောင့် လုယန်ကို အစီအမံအပြင်ရောက်လာအောင် မြှားခေါ်ဖို့ပဲ အစီအစဥ်ဆွဲလိုက်၏။
“ အဲ့ဒီကောင် ဈေးကနေ ဘယ်အချိန် အပြင်ထွက်တတ်လဲ”
“အာ..”
ယန်ဖန်း၏ မေးခွန်းကြောင့် ဝူကျစ်ချုံးနဲ့ ထျန်းမူယွင် ဆွံ့အသွားကြသည်။
ယန်ဖန်း ချက်ချင်း မျက်မှောင်ကြုတ်သွားကာ၊ မကျေမချမ်း ပြောလိုက်လေသည်။
“ မင်းတို့နှစ်ကောင်.အရိုးဈေးကို တိုက်ခိုက်ဖို့ ဒီလောက်အကြာကြီး ပြင်ဆင်ခဲ့ကြတာ မဟုတ်ဘူးလား၊ ဒါကိုတောင်.မသိကြဘူးလား”
“ အကြီးအကဲကို ဖြေကြားပါတယ်၊ အဲ့ဒီလူက အရိုးဈေးကနေ တစ်ကြိမ်တောင် မထွက်သွားဖူးပါဘူး”
“.. မသွားဖူးဘူး ဟုတ်လား”
ယန်ဖန်း အံ့သြသွားသည်။
“ အရိုးဈေးမှာရှိတဲ့ လျှို့ဝှက်နယ်မြေအကြောင်း သတင်းတွေ သူ့ကို မပို့ခဲ့ဘူးလား။ အရိုးတောင်က အခွင့်အလမ်းတွေ အပြည့်ရှိတဲ့နေရာတစ်ခုဆိုတာ အဲ့ဒီကောင် မသိဘူးလား”
ထိုနှစ်ယောက်၏ ပုံစံက အလွန်မတရားခံရသလို ဖြစ်လာကာ
“ ကျွန်တော်တို့ နည်းလမ်းမျိုးစုံနဲ့ ဆွယ်ပြီးပါပြီ”
“ ဒါဆို ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပ်ကူတွေ မရောက်သေးလို့ အားနည်းနေတဲ့အတွက် အခုထိ အပြင်မထွက်သေးတဲ့သဘောလား”
“ တကယ်တမ်းပြောရရင် ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပ်ကူတွေက ရောက်လာတာ လွန်ခဲ့တဲ့ သုံးလတည်းကပါ။ သူတို့တွေ အဲ့ဒီကတည်းက အရိုးတောင်ကို ရှာဖွေနေတာကြာပြီ.. ဒါပေမဲ့ အဲ့ဒီလူကတော့ တစ်ကြိမ်တောင် အပြင်မထွက်ခဲ့ဖူးဘူး”
“ အမ်..”
ယန်ဖန်း အလွန်အမင်း ရှုတ်ထွေးသွားတော့၏။
“ ကျွန်တော် အပြင်မထွက်ဘူး”
သွေးတာဝါအတွင်းမှာ လုယန်နှင့် ဖေးရှသည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး.. သူမ၏ ဖိတ်ကြားချက်ကို လုယန် ယဥ်ကျေးစွာ ငြင်းဆိုလိုက်သည်။
“ မောင်လေးလု၊ တကယ်တော့..”
ဖေးရှက လုယန်ကို ကြည့်လာသည်.. သူမ၏ လှပသော မျက်လုံးများက အနည်းငယ် ဝေဝါးသွားလေ၏။
တစ်ချိန်ကလည်း ထိုဂိုဏ်းတူညီလေး၏ ခေါင်းမာမှုကို သူမအခုလို စိတ်ပျက်ခဲ့ဖူးပါသည်။ သို့ပေမဲ့ လက်တွေ့မှာ ထိုသူက သတိကြီးကြီးနှင့် တစ်ဆင့်ချင်း လုပ်ဆောင်နိုင်ခဲ့ပြီး သွေးတာဝါအရှင်ဆိုသော ဂုဏ်သတင်းကိုတောင် ရယူနိုင်ခဲ့သည်။
ကျင့်ကြံသူဆိုတာ အမြဲတမ်းတိုက်ခိုက်နေရတာ ဖြစ်ပြီး ခြေတစ်လှမ်းနှေးတာနှင့် သေဆုံးသွားနိုင်သည်။
သေဆုံးပြီးလျှင် ပြန်လည်မွေးဖွားနိုင်တာ မှန်သော်လည်း ပြန်လည်မွေးဖွားလာတိုင်း၊ အခွင့်အရေးရမည်လို့ မဆိုလိုပေ။ ပြီး ပြန်လည်မွေးဖွားမည့်သူက အတိတ်ဘဝက မှတ်ဉာဏ်တွေ မရနိုင်သည့်အတွက် ပြန်လည်မွေးဖွားခြင်းကို အားကိုး၍ မရနိုင်ပါချေ။
သို့ပေမဲ့ လုယန်ကတော့ အရင်တစ်ခေါက်ကလိုမျိုး တည်ငြိမ်အေးဆေးနေပြီး၊ တစ်လောကလုံးက မနှောက်ယှက်နိုင်သလို စိတ်အေးလက်အေး ရှိနေလေ၏။ ထိုပုံစံကို ကြည့်နေရင်းမှ ဖေးရှ ကဗျာတစ်ပုဒ်ကိုတောင် အမှတ်ရသွားသည်။
ရေက အရာအားလုံးကို ကျောသားရင်သား မခွဲခြားဘဲ တန်းတူညီမျှဆက်ဆံသည်.. ဒါကြောင့် ရေရှိရုံနဲ့ ဘယ်သူကမှ မတင်းတိမ်နိုင်ကြဘူး။ ဒါပေမဲ့ မတင်းတိမ်နိုင်တဲ့သူက တာအိုကို အဘယ်မှာ ရှာဖွေနိုင်မည်လဲ။ နောက်ဘဝမှာလား။
ထိုစာပိုဒ်ကို စဥ်းစားမိပြီး ဖေးရှ မတတ်နိုင်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ ကျွန်မ ရှက်ရပါတယ်.. မောင်လေးလုလို စိတ်တည်ငြိမ်မှုမျိုးကို ကျွန်မဒီတစ်သက် ရနိုင်တော့မယ် မထင်ပါဘူး”
“ ချီးကျူးနေပါပြီ ဂိုဏ်းတူအမ”
လုယန် ခပ်ဖျော့ဖျော့ ပြုံးလိုက်လေကာ
“ ကျွန်တော်တို့တွေ ဂိုဏ်းရဲ့အရေးကိစ္စတွေ မပြောဘဲ ကျင့်ကြံရေးအကြောင်းပဲ ပြောကြမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။ ကျွန်တော်အမကို အစီအမံနဲ့ ပတ်သတ်ပြီး သင်ပေးမယ်၊ အမက ကျွန်တော့်ကို မန္တာန်ပညာသင်ပေးပါ”
“ ကျွန်မသိသလောက် သေချာပေါက် ပြောပြပါ့မယ်”
ဖေးရှ၏ နှုတ်ခမ်းတွေ အနည်းငယ် တင်းကျပ်သွားပြီး သူမက အပေါ်ဝတ်ကို ဖြေချလိုက်တော့သည်။ ပါးလျလျ အတွင်းဂါဝန်၏ ခါးစည်းကြောင့် သူမ၏ လှပသော ကောက်ကြောင်းကို အထင်သားမြင်နေရပြီး.. နှုတ်ခမ်းနီရဲရဲများ၏ အားဖြည့်ပေးမှုနှင့် သူမ၏ပုံစံက ပြည်ပျက်စေသော အလှလေးတစ်ပါးလို အသက်ရှုမှားလောက်သည်။ သူမက ပိုပြီး နူးညံ့ချိုသာသော အသံဖြင့် ပြောလာ၏။
“ ဂိုဏ်းတူမောင်လေးလုကို အမရဲ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ရအုံးမယ်”
နောက်တစ်နေ့မနက် အာရုဏ်ဦးအချိန်၌..
အရိုးဈေး၏ ခြံတစ်ခုထဲမှာ စိတ်ပျက်နေသော ရုပ်နှင့် လူရွယ်တစ်ယောက်သည် အရှေ့အနောက် မျက်စိနောက်အောင် လျှောက်နေ၏.. ထိုသူကတော့ လုယန်၏ မိတ်ဆွေဟောင်း ကျောက်ရှဟယ်မှ အပ မဖြစ်နိုင်ပါချေ။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး”
ကျောက်ရှဟယ်၏ ပုံစံက အလွန်အလျင်လိုနေဟန် ရှိသည်။
“ လျှို့ဝှက်နယ်မြေရှိတဲ့အကြောင်းကို အကုန်သိကုန်ကြပြီ။ ငါအခုမလှုပ်ရှားရင် ငါ့ရဲ့အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်”
ကျောက်ရှဟယ်၏ စွမ်းအင်တွေက စိတ်လှုပ်ရှားမှုကြောင့် ပေါက်ထွက်လာသည်။ သူသည် စစရောက်ချင်းတုန်းကလို ချီသန့်စင်ခြင်းအဆင့်၆မှာ မဟုတ်တော့ဘဲ အဆင့်၇ ကို ရောက်လာပြီဖြစ်ကာ ချီသန့်စင်ခြင်းနှောင်းပိုင်းနယ််ပယ်မှာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ပိတ်မိနေသော အကာအကွယ်စည်းကို ချိုးဖျက်ပြီး အဆင့်တက်နိုင်ခဲ့ခြင်းက လျှို့ဝှက်နယ်မြေကို သွားရောက်စူးစမ်းလိုသော သူ၏ စိတ်ခွန်အားကို မြင့်တင်ပေးခဲ့သည်။
သို့ပေမဲ့ အကြံဉာဏ်သာရှိကာ၊ ခွန်အားမပြည့်စုံသေးချေ။
ပန်းလုံကျွန်းရှိ သူ၏သုံးဘဝအခွင့်အရေး ပျောက်ဆုံးသွားမှုကြောင့် သူသည် ကောင်းကင်ပြုပြင်တောင်ထွတ်၏ နဂါးနဲ့ကျားရဲ့ယင်ယန်ဖြစ်စဥ်သိုင်းကိုပဲ ကျင့်ကြံနိုင်ပြီး အဆင့်၅ ချီစွမ်းအင်ကိုသာ ပိုင်ဆိုင်ခဲ့သည်။ သူ၏ ရတနာတွေနဲ့ သိုင်းပညာတွေအားလုံးကလည်း အဆင့်နိမ့်သည်။ ဤအခြေအနေမှာ လျှို့ဝှက်နယ်မြေကို သွားရှာတာက သေလမ်းရှာခြင်းသာ ဖြစ်လေသည်။
အများကြီး စဥ်းစားပြီးနောက်မှာ ကျောက်ရှဟယ် အံကြိတ်လိုက်ပြီး အိတ်ကပ်ထဲက အသုံးမပြုတာကြာ၍ ဖုန်တက်နေပြီဖြစ်သော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ချီစွမ်းအင်ကို အသက်သွင်းလိုက်ကာ မဆက်သွယ်ဖြစ်တော့သော သူမကို ဆက်သွယ်လိုက်၏။
ခဏအကြာမှာ ကျောက်စိမ်းပြားက လက်သွားပြီး အသံတစ်ခုကို ကြားလိုက်ရသည်။
“ ဘယ်သူလဲ”
ထိုအသံက အနည်းငယ်ပျင်းရိနေဟန်ရှိကာ၊ ရေငတ်နေသလိုမျိုး အက်ရှရှ ဖြစ်နေသေးသည်။ သို့ပေမဲ့ ကျောက်ရှဟယ် တစ်ယောက် လွမ်းဆွတ်မှုတွေ ပြည့်နှက်သွားလေ၏။ သူတိုးတိုးလေး ပြောလိုက်သည်..
“ ဖေးရှ၊ ကျုပ်ပါ..ရှဟယ်”
ဟုတ်ပါသည်၊ သူနှင့်သူမကြားမှာ ဇာတ်လမ်းရှိခဲ့သည်။
တကယ်တော့ မစတင်ခဲ့ရသော ဇာတ်လမ်းလို့ပြောလျှင် ပိုမှန်ပါသည်။ သူ့ကို ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က သမက်အဖြစ် ရွေးချယ်ပြီးထဲက သံသယအဝင်မခံရစေရန်၊ သူမနှင့် အဆက်အသွယ်ဖြတ်ခဲ့လိုက်တာ ဖြစ်သည်။
သူတို့တွေ ဘယ်တော့မှ ထပ်မပတ်သတ်ဖြစ်တော့ဘူးဟု ထင်ခဲ့သော်လည်း အခုတော့ သူမကို အကူအညီတောင်းရပြန်ပြီ။
ကျောက်ရှဟယ် အံတင်းတင်းကြိတ်လိုက်ပြီး တိုးဖျော့စွာ ဆက်ပြောလိုက်သည်။
“ ဖေးရှ၊ ကျုပ်မင်းကို အကူအညီတစ်ခု တောင်းချင်တယ်။ ကျုပ်ရဲ့ကျင့်ကြံရေးလမ်းကြောင်းက အရမ်းကို စုတ်ပြတ်နေပြီ၊ ကျုပ်ဘဝရဲ့ နောက်ဆုံးအလောင်းအစားကို လုပ်ပြီးတာနဲ့ ဒီအရိုးတောင်ကနေ ထွက်သွားဖို့ ကျုပ်တွေးထားတယ်”
ဖေးရှက ကျင့်ကြံရေးနှင့် ပတ်သတ်လျှင် အလွန်ရူးသွပ်မှန်း သူသိထားသောကြောင့် အညှာကိုင်ဖို့ ကြိုးစားလိုက်တော့သည်။
“ ဒါပေမဲ့ ကျုပ်မှာ အမှတ်တွေလည်းမရှိတော့သလို၊ အဆင့်မြင့်သိုင်းလဲ မတတ်ဘူး။ ဒီပုံစံနဲ့ လောင်းကြေးထပ်လိုက်ရင် ကျုပ် သေဆုံးသွားလိမ့်မယ်”
“ ဒါကြောင့်.. ဒါကြောင့်.. ကျုပ်တို့ရဲ့ အတိတ်ကို ထောက်ထားသောအားဖြင့်”
ကျောက်ရှဟယ်က ပြောနေရင်းမှ သူတို့၏ လှပခဲ့သော အတိတ်ကို ပြန်စဥ်းစားမိလိုက်ကာ မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာခဲ့ပါ၏။
သို့ပေမဲ့ သူ့နှလုံးသားထဲက မီးတောက်လေးသည် နောက်တစ်စက္ကန့်မှာ အေးစက်သော ရေအေး တစ်ပုံးနှင့် လောင်းချခံလိုက်ရတော့မည်ကိုတော့ မသိရှိခဲ့ချေ။
“ နင် ဘာတွေ လာပြောနေတာလဲ”
နဂိုက နွေးထွေးနေသည့် သူမ၏ ပျင်းတိပျင်းရွဲ့လေသံက ချက်ချင်းကို အေးစက်သည့်အသွင် ပြောင်းသွားကာ အဖက်မလုပ်စွာ ထွက်ပေါ်လာသည်။
“ နောက်ကျ ငါ့ကို မဆက်သွယ်ပါနဲ့လား”
“ ငါအခု မောင်လေးလုနဲ့အတူရှိနေတယ်၊ သူ အထင်လွဲမှာမလိုလားဘူး”
ဖြတ်
ထိုသို့ဖြင့် ကျောက်စိမ်းပြားက ကျိုးကြေသွားသည်။
ကျောက်ရှဟယ်တစ်ယောက်သာ အသိစိတ်မကပ်နိုင်စွာ အကြာကြီး ရပ်နေခဲ့သေးသည်.. ထို့နောက် သူ တဖြည်းဖြည်း ပျက်ယွင်းလာသော မျက်နှာနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။
“ မဟုတ်ဘူး…”
…..