အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
45
( ကံကောင်းသောကြယ်ပွင့်)
ရက်တစ်ချို့ကြာပြီးနောက် သွေးတာဝါ၏ တိတ်ဆိတ်သော အခန်းအတွင်းတွင်..
ဖေးရှ သူမ၏အိမ်ကို ပြန်သွားတာကြာပြီဖြစ်၍ လုယန် တစ်ယောက်ပဲ ကြာပန်းပုံ ထိုင်ထားကာ၊ ဖေးရှဆီမှ သင်ယူထားသော မန္တာန်စာရွက်ဖန်တီးခြင်းသိုင်းကို လေ့လာနေခဲ့သည်။
သူမနှင့်သူ့ကြားက ကိစ္စကတော့.. လုယန်သည် အချစ်ရေးကို ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးပေ။
ဤနတ်ဆိုးဂိုဏ်းမှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမှ မရှိနိုင်ကြောင်း သူသိပါသည်.. အကုန်လုံးက ရည်ရွယ်ချက်နှင့် ရှင်သန်နေကြသူတွေပဲ။
အသက်ကိုကယ်ပေး၍ဆိုပြီး စတင်ခဲ့သော သူမ၏သဘောကျမှုက တကယ်တော့ ဆင်ခြေသာဖြစ်လေသည်။ သူက လက်ရှိမှာ အရိုးဈေးတစ်ခုလုံးကို အုပ်ချင်နေရသူဖြစ်ပြီး ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူကတောင် မထိခိုက်စေနိုင်သည့်အတွက် သူမအတွက် သူ့အကူအညီကို လိုအပ်သည်။
နောက်တစ်ချက်အနေဖြင့် နှစ်ကိုယ်တွဲကျင့်ကြံခြင်းက ကျင့်ကြံမှုပိုင်း ဖလှယ်ကာ တိုးတက်ဖို့ မြန်ဆန်လေသည်။
ရှေးဦးသူတော်စင်ဂိုဏ်းမှာ နဂါးနဲ့ကျားရဲ့ယင်ယန်ဖြစ်စဥ်သိုင်းလိုမျိုး နှစ်ကိုယ်တွဲကျင့်ကြံရေးသိုင်းတွေသာ အများအားဖြင့် သင်ပေးသည့်အတွက် ဂိုဏ်းသားများအဖို့လည်း အများကြီးပြောဆိုဆက်ဆံနေရခြင်းထက် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးဖြင့် အခုလို လိုအပ်သည်ကို ယူလိုက်ကြသည့်နည်းက ပိုအဆင်ပြေပါသည်။
သို့ပေမဲ့ ရက်တစ်ချို့ကြာ ဆက်ဆံရေးကို အသုံးပြုပြီး ဖေးရှ သူ့ဆီက အကျိုးအမြတ်ထုတ်နိုင်မည်လို့တော့ မဆိုလိုပါချေ။
ဤရက်ပိုင်းအတွင်းမှာ သူသည်လည်း ဖေးရှကို အစီအမံပညာရပ် သင်ပေးခဲ့သည့်အတွက် သူတို့နှစ်ဦး၏ ဆက်ဆံရေးက မျှမျှတတ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ မန္တာန်စာရွက်ဖန်တီးခြင်းသိုင်း”
ကျင့်ကြံရေးပညာရပ်များအတွင်းမှာ မန္တာန်ဖန်တီးခြင်းပညာရပ်ကလည်း အရေးပါသည်။ ရက်ပေါင်းများစွာ အသိပညာ ဖလှယ်ခဲ့ရ၍ ထိုပညာရပ်နှင့်ပတ်သတ်ပြီး လုယန် အများကြီး.နားလည်လာခဲ့သည်။
သူ့အမြင်အရပြောရပါလျှင် မန္တာန်စာရွက်ဆိုတာက အစီအမံ၏ အသေးစားအမျိုးအစားတစ်ခုနှင့် ဆင်တူသည်။ အစီအမံလောက် အကျိုးကျေးဇူး မကြီးမားသော်လည်း၊ သယ်ယူရလွယ်ကူသလို.. ကမ္ဘာ့မြေစွမ်းအားနှင့် ချီစွမ်းအင် ထောက်ပံ့မှု မလိုအပ်သောကြောင့် အသုံးပြုရ မြန်ဆန်သည်။ ထို့အပြင် ကန့်သတ်ချက်တွေ အများကြီးလည်း မရှိပေ။ အသုံးပြုလိုသူက မန္တာန်စာရွက်ကို ချီစွမ်းအင် ထည့်လိုက်ရုံဖြင့် အသုံးပြုနိုင်သည်။
လုယန် အာရုံစိုက်ပြီးကြည့်လိုက်သည်။
ဖေးရှသည် သူမကို ရွှေရောင်အလင်းမန္တာန်၊ မိုးကြိုးငါးသွယ်မန္တာန်၊ ဓားချီမန္တာန်နှင့် လေမီးပြန်လမ်းမန္တာန်ဆိုပြီး လေးမျိုးသင်ပေးခဲ့သည်။ ထိုအထဲမှ ပထမသုံးခုသည်.. အတွေ့များသော အဆင့်ကိုးမန္တာန်ဖြစ်လေသည်။ လေမီးပြန်လမ်းမန္တာန်တစ်ခုပဲ အဆင့်၇ မန္တာန်ဖြစ်သည်။
ထိုမန္တာန်စာရွက်က ကျင့်ကြံသူ၏ စွမ်းအင်ကို ကူးယူမှတ်တမ်းတင်လိုက်ပြီး ထိုအခြေအနေအတိုင်း အစွမ်းမလျော့သွားအောင်.အချိန်တစ်ခုကြာ ထိန်းသိမ်းပေးနိုင်သည်။ ထို့အပြင် အရေးကြီးအခြေအနေမျိုးမှာ စွမ်းအားလျော့ကျနေပါက၊ မန္တာန်စာရွက်ကို အဆုံးထိ လောင်ကျွမ်းစေရင်း စွမ်းအားအပြည့်အထိ ပြန်ဖြည့်ခိုင်းလို့ရသည်။
ဥပမာပြောရလျှင် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုပြီး၍ သင့်၏စွမ်းအင်က ဆယ်ပုံတစ်ပုံအောက် လျော့နည်းနေကာ၊ ဒဏ်ရာအပြင်းအထန် ရနေသည် ဆိုပါစို့၊ ထိုအချိန်မှာ လေမီးပြန်လမ်းမန္တာန်စာရွက်ကို အသုံးပြုလိုက်လျှင် သင်၏အကောင်းဆုံး စွမ်းအင်အပြည့်အခြေအနေကို ပြန်ရောက်သွားမည်။ ရလဒ်အနေဖြင့် မန္တာန်ကြာချိန်ပြီးသည်နှင့် သင်၏ဒဏ်ရာတွေကို သုံးဆပိုဆိုးသွားစေသည် ဆိုပေမဲ့ပေါ့.. သို့ပေမဲ့ သေရေးရှင်ရေးအခြေအနေမျိုးမှာ အသုံးဝင်ပါသည်။
အတိတ်မှာတုန်းက ဖေးရှလည်း ထိုမန္တာန်အစွမ်းကို အသုံးပြုပြီးမှ အရိုးဈေးအထိ ပျံသန်းလာနိုင်ခဲ့တာဖြစ်သည်။
အခုလိုမျိုး အသုံးဝင်သော မန္တာန်စာရွက်သိုင်းကို သင်ပေးခဲ့ပုံအရ၊ သူတို့၏ ဆက်ဆံရေးထဲမှာ သူမက တစ်ခြားရည်ရွယ်ချက်တွေ ရှိခဲ့တာ မှန်သော်လည်း.. ရိုးသားခဲ့ပါ၏။
သို့ပေမဲ့ လေမီးပြန်လမ်းမန္တာန်စာရွက်၏ အစွမ်းက လုံးဝအကောင်းကြီးတော့ မဟုတ်ပါချေ။
ရလဒ် ဘယ်လောက်ကောင်းကောင်း၊ တစ်ခါအသုံးပြုပြီးနောက် ပြန်ကြာချိန်ကို အကြာကြီးစောင့်ရသည်.. သုံးလတိတိ စောင့်ပြီးမှ ဒုတိယတစ်ကြိမ် အသုံးပြုခွင့် ရှိတာဖြစ်၏။
“ ကောင်းကင်က လုံးဝိုင်းပြီး မြေကြီးက ပြားချပ်တယ်၊ အဆင့်က်ိုးဆင့်ကို အောင်မြင်ရင် ငါရေးသမျှကို ဒဏ္ဍာရီလာဝိညာဥ်ကြီးက နာခံရလိမ့်မယ်”
ထိုအချိန်မှာပဲ စာရွက်အလွတ်တွေ အများကြီး လေပေါ်ရောက်လာခဲ့ပြီး.. လုယန် လက်ဟန်ပြုလိုက်သည်။ ထို့နောက် ချီစွမ်းအင်ကို အသက်သွင်းကာ၊ ထိန်းချုပ်နေရင်းမှ စာရွက်အလွတ်အပေါ် ရေးသားဖို့ ကြိုးစားလိုက်သည်။ အချိန်နှင့်အမျှ ထိန်းချုပ်မှုမနိုင်သော ချီစွမ်းအင်ကြောင့် စာရွက်အလွတ်တွေသာ ပျက်ဆီးသွားသည်၊ မအောင်မြင်သေးပေ။
သို့ပေမဲ့ လုယန်က ဇွဲမလျော့ဘဲ စာရွက်တစ်ရွက် ပျက်ဆီးလျှင် နောက်တစ်ရွက်ကို ဆွဲယူပြီး ထပ်ရေးသည်။
အချိန်တွေအများကြီး ကြာပြီးနောက်မှာတော့ လုယန် အောင်မြင်သွားသည်.. သူ၏ အရှေ့မှာ စိတ်ဝိညာဥ်အလင်းတွေ လက်နေသော စာရွက်လေးရွက်ရှိနေပြီး၊ မတူညီသော အရောင်နှင့် စာလုံးတွေ ရေးသားထားသည်။
“ ပြီးပြီ”
ထိုအထဲမှ တန်ဖိုးအကြီးဆုံး လေမီးပြန်လမ်းမန္တာန်စာရွက်ကို သိမ်းဆည်းလိုက်ပြီး ကျန်သုံးရွက်ကို လုယန် အနီးကပ် ကြည့်ရှုလိုက်သည်။ ထိုအချိန်မှာ သူ အတွေးတစ်ခု ရသွားသည်။
“ လေမီးပြန်လမ်းမန္တာန်နဲ့ယှဥ်ရင် ဒီသုံးခုက ဖန်တီးရတာ လွယ်ကူတယ်။ လုံလောက်တဲ့ပစ္စည်းသာ ရှိနေသရွေ့ အများကြီးဖန်တီးလို့ရတယ်။ ဒါပေမဲ့ လူတွေကို ငါ့အတွက် ဘယ်လိုမျိုး မန္တာန်စာရွက်တွေ အလကားရေးခိုင်းရမလဲ နည်းရှာဖို့လိုနေသေးတယ်”
သို့ပေမဲ့ လုယန် အများကြီး စိတ်မပူပါချေ။
ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲက ဝိညာဥ်အများကြီးက နေ့တိုင်း အားယားနေကြသည်ပဲ။ ထို တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် ဝိညာဥ်တွေကို သူ့အတွက် မန္တာန်စာရွက်တွေ ရေးခိုင်းလိုက်ပါက၊ သူတို့လည်း အကျိုးရှိရှိ အချိန်ကုန်နိုင်သွားတာပေါ့။
ထိုသို့ဆိုလျှင် ပိုက်ဆံကုန်လည်း သက်သာသွားမည်။
ဂိုဏ်းထဲက တပည့်တွေ ငှားနေလျှင် လုပ်အားခအဖြစ် အမှတ်တွေ ပေးနေရအုံးမည်။
ချီဝိညာဥ်တစ်သောင်းစာလိပ်၏ ဝိညာဥ်တွေကတော့လား.. သူ အလုပ်ပေးတာကိုပင် ထိုဝိညာဥ်တွေ မျက်ရည်ကျပြီး ဝမ်းသာသင့်နေပြီ။ လုပ်အားခ လိုချင်ကြသေးပါက၊ သူ၏ ရက်စက်မှုကို အပြစ်မတင်နဲ့တော့ပဲ။
လုယန် အခန်းပြင်ထွက်လိုက်ချိန်မှာပဲ တံခါးပေါက်မှာ အသင့်စောင့်နေသော ယွင်မြောင်ချင်းဆီမှ မထင်ထားသော သတင်းတစ်ခုကို ကြားလိုက်ရသည်။
“ ကျောက်ရှဟယ်လား”
ထို ဂိုဏ်းတူအကိုက ဘာကြောင့် သူ့ကို လာရှာသလဲ လုယန် စဥ်းစားမရခဲ့ပေ။ အထူးသဖြင့် သူတို့ နောက်ဆုံးတစ်ခေါက် စကားပြောခဲ့စဥ်မှာ ထိုသူ၏ တုံ့ပြန်ပုံက အလွန်သတိကြီးနေခဲ့သည်မလား။
လုယန် မျက်ခုံးတစ်ဖက် ပင့်သွားသည်။ လုယန်၏ တုံ့ပြန်ပုံကြောင့် ယွင်မြောင်ချင်း နူးညံ့စွာ မေးလာ၏။
“ ရှင် သူ့ကိုမတွေ့ချင်ရင် ကျွန်မ ပြန်လွှတ်လိုက်ရမလား”
“..မလိုဘူး” လုယန် အနည်းငယ် ပြုံးသွားကာ
“ ဝင်ခိုင်းလိုက်ပါ”
မကြာခင်မှာပဲ ကျောက်ရှဟယ်က သွေးတာဝါအဆောက်အဦး၏ ဧည့်ခန်းကို ရောက်လာခဲ့သည်။ လုယန် ကျောက်ရှဟယ်ကို အပေါက်ဝကနေ စစ်ဆေးလိုက်ပြီး မူမမှန်တာ မရှိဘူးဆိုတော့မှ အထဲဝင်သွားလိုက်ကာ
“ အကိုကျောက်၊ မတွေ့ရတာ အရမ်းကြာပြီဗျာ”
လုယန်က ပြုံးပြုံးရွှင်ရွှင် စကားစရင်း ကျောက်ရှဟယ်ကို တွေ့တာနှင့် ဆွဲဖက်ပစ်လိုက်သည်။
“ ကျွန်တော် ဟိုရက်ပိုင်းက ရှန်းဝူဂိုဏ်းရဲ့ စစ်မှန်တပည့်နဲ့ အသေအကြေ တိုက်ခဲ့ရတာ၊ ဒဏ်ရာတွေတောင် အများကြီးရသွားခဲ့တယ်။ ကျွန်တော် အကြာကြီးပြန်ကုလိုက်ရတယ်၊ အခုလည်း အကိုကျောက်ကို စောင့်လိုက်စေမိပြီ”
“ မဟုတ်တာဗျာ..မဟုတ်တာ”
သူ အထဲဝင်လာလာချင်းမှာပဲ အပြင်ထွက်သွားသော ဖေးရှကို မြင်ထားရ၍ ကျောက်ရှဟယ် အံကြိတ်နေရင်းမှ အနေခက်စွာ ပြုံးပြလိုက်သည်။
သို့သော် သူ၏တာအိုနှလုံးသားက ပြတ်သားပါသည်.. မကောင်းသော အတွေးတွေကို ချက်ချင်း မောင်းထုတ်လိုက်တော့၏။
“ ဒီတစ်ခေါက် အကိုတောင်းဆိုစရာရှိလို့ ရောက်လာတာပါ၊ ညီလေးလု”
ကျောက်ရှဟယ်က နက်ရှိုင်းသော လေသံဖြင့် လိုရင်းကို တိုက်ရိုက်ပြောလေသည်။
“ အရိုးတောင်ထဲက လျှို့ဝှက်နယ်မြေအကြောင်း ညီလေးလု သိလား။ သတင်းတွေ တောက်လျှောက်ထွက်နေတာလေ”
“ သိတာပေါ့” လုယန် ခေါင်းညိတ်ပြလိုက်သည်။
ကျောက်ရှဟယ်က သံပူတုန်းနာနာရိုက်သည့်နှယ် ဆက်လက်ပြောဆိုသည်။
“ ပွင့်ပွင့်လင်းလင်းပြောရရင် အကိုအခုလာခဲ့တာက လျှို့ဝှက်နယ်မြေနဲ့ ပတ်သတ်ပြီး သိထားတာတစ်ချို့ ရှိလို့ပဲ။ အဲ့အထဲမှာ အခြေခံတည်ထောင်ခြင်းနယ်ပယ် အခွင့်အရေးရှိနေတယ်”
“ အိုး ဟုတ်လား”
လုယန်၏ တည်ငြိမ်နေပုံကြောင့် ကျောက်ရှဟယ် မှင်သက်သွားတော့သည်။
ဒါမဟုတ်သေးပါချေ။
အခြေခံတည်ထောင်ခြင်းအခွင့်အရေးဆိုတာ ဘယ်လောက်တောင် ကြီးမားတဲ့ ကိစ္စမလို့လဲ။ လုယန် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး မေးခွန်းတွေ မေးလာသင့်တာ မဟုတ်ဘူးလား။
တကယ်တော့ လုယန်၏ နှလုံးသားက အလွန့်အလွန်ကို တည်ငြိမ်နေတာဖြစ်သည်။
လုယန် ပထမဦးဆုံး လျှို့ဝှက်နယ်မြေအကြောင်း သိခဲ့ရတာက ယန်ဟောက်ဆီက ဖြစ်ပြီး.. ထိုအချိန်တုန်းကဆိုလျှင် သိတဲ့သူ အလွန်နည်းပါးသည်။
သို့ပေမဲ့ လက်တွေ့မှာတော့လား..
အရိုးတောင်တစ်ခုလုံးက ခွေးပါမကျန် လျှို့ဝှက်နယ်မြေအကြောင်း ဆွေးနွေးနေကြတာပင်၊ လျှို့ဝှက်နယ်မြေကို ရှာတွေ့တာနှင့် သေမျိုးတစ်ယောက် ဖြစ်နေလျှင်တောင် မြင့်မားသော အရင်းအမြစ်များကြောင့် ကျင့်ကြံသူကြီး ဖြစ်လာနိုင်သည်။
ဆိုးရိုးစကားတစ်ခုတောင် ရှိသေးသည်ပဲ.. ဘေးအိမ်ကအဒေါ်ကြီးတွေ ဝင်ဆွေးနွေးလာပြီဆိုရင် ဈေးကွက်ထဲက ထွက်လိုက်တော့.. ဟူ၍။
လူအားလုံး သိနေပြီးသော လျှို့ဝှက်ချက်က လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါအုံးမည်လား။
ထိုအရာက လူပေါင်းများစွာ၏ လုယူမှုကို စောင့်ဆိုင်းနေသော ခဏတာအောင်မြင်မှုလေးပဲ ဖြစ်သည်။
လုယန် စိတ်ပိုင်းဖြတ်ထားပြီးသားပင်။ အပြင်ဘက်မှာ ဘယ်လောက်ပဲ လျှို့ဝှက်နယ်မြေ၏ အခွင့်အလမ်းတွေအကြောင်း သတင်းတွေကြီးကြီး၊ သူ အရိုးဈေးထဲက ခြေတစ်လှမ်းတောင် ထွက်မှာမဟုတ်ပေ။
လုယန်ချက်ချင်းပဲ ခေါင်းယမ်းကာ ပြောလိုက်သည်။
“ စိတ်မရှိပါနဲ့ ကျွန်တော်စိတ်မဝင်စားဘူး အကိုကျောက်”
“ဒါက..” ကျောက်ရှဟယ် ပါးစပ်ကြီးဟသွားပြီး ခဏအကြာမှာ လက်မလျော့စွာ ထပ်မံဖိတ်ခေါ်ပြန်တော့သည်။
“ ညီလေးလု၊ ကျင့်ကြံရေးလမ်းစဥ်ဆိုတာ ကြမ်းတမ်းတယ်၊ လူဆိုတာ တစ်သက်မှာ တစ်ကြိမ်ပဲရှင်သန်ခွင့်ရတာ၊ အခွင့်အရေးကြီးက အရှေ့ရောက်နေတဲ့အချိန်မှာ ဘာလို့ အနောက်မှာ နေခဲ့ရမှာလဲ”
“ ဒီလျှို့ဝှက်နယ်မြေကို အရင်က ရှေးဟောင်းကဝေဂိုဏ်းဆိုတဲ့ နတ်ဆိုးဂိုဏ်းက ပိုင်ခဲ့တာ။ အဲ့ဒီဂိုဏ်းတစ်ခုလုံးက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း လက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေအောင် ဖျက်ဆီးခံလိုက်ရတယ်ဆိုပေမဲ့ သူတို့ရဲ့ ပိုင်ဆိုင်ခဲ့တဲ့ အရင်းအမြစ်တွေက မသေးဘူး။ အထဲမှာ အခြေခံတည်ထောင်ခြင်းနယ်ပယ် ရတနာတစ်ခုခုတောင် ရှိနေနိုင်တယ်။ ဒီအခွင့်အရေးက တစ်သက်မှာ တစ်ကြိမ်ပဲ ရမှာနော်။ ဒီတစ်ခါလွဲတာနဲ့ တစ်သက်လုံး လွဲပြီပဲ။ ညီလေးလု တကယ် စိတ်မဝင်စားဘူးလား”
..အခွင့်အရေးက တစ်သက်မှာတစ်ကြိမ်ပဲ ရတယ်တဲ့လား၊ ရတယ်ကျေးဇူးပဲ။ ငါကမတူဘူး၊ ငါ့အတွက် ဒီဘဝအလုပ်မဖြစ်ရင် နောက်ဘဝရှိသေးတယ်..
လုယန် စိတ်ထဲမှာ လှောင်ပြောင်လိုက်ပေမဲ့ တည်ငြိမ်သော မျက်နှာနှင့် ပြန်ဖြေကြားပေးလိုက်ပါသည်။
“ ကျွန်တော် စိတ်ဆုံးဖြတ်ပြီးပါပြီ။ ကိုယ်နဲ့ ထိုက်ရင် ရလာလိမ့်မယ်.. မထိုက်တဲ့အရာကတော့ ဘယ်လိုလုပ်လုပ် ရမှာမဟုတ်ဘူး”
ကျောက်ရှဟယ် တော်တော်လေး ဆွံ့အသွားစွာပဲ မတ်တပ်ရပ်နေလိုက်သည်။ သူလုပ်နိုင်တာ ဘာမှမရှိတော့ပေ။ ဒီလောက်အထိ ပြောလာပုံအရ လုယန်က ဈေးအပြင်ထွက်ဖို့ လုံးဝရည်ရွယ်ချက် မရှိဟန်ရလေသည်။ သူ ဒေါသတကြီး စိတ်ထဲမှ ဆဲရေးရုံသာ တတ်နိုင်တော့သည်။
“.. ဒါဆိုလဲ ထားလိုက်ပါတော့”
“ ဒါပေမဲ့ အကိုနောက်ထပ် ဆွေးနွေးချင်တာလေး ရှိသေးတယ်”
ကျောက်ရှဟယ် အံကြိတ်လိုက်ပြီး မျက်နှာသေနဲ့ ဆက်ပြောလိုက်သည်။
“ အကို့မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်စေနိုင်တဲ့ လျှို့ဝှက်သိုင်းတစ်ခု ရှိတယ်”
“ အဲ့ဒါကို အပေါင်အနေနဲ့ပေးထားပြီး အမှတ်သုံးသောင်းလောက် ချေးပေးလို့ရမလား”
“.. အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို.. ဟုတ်လား”
ကျောက်ရှဟယ်၏.စကားကို ကြားသည်နှင့် အပြင်မောင်းထုတ်တော့ဖို့ ပြင်နေသော လုယန်တစ်ယောက် မျက်လုံးတွေ တောက်ပသွားသည်။ ချက်ချင်းပင် ကျောက်ရှဟယ်၏ ရုပ်က သူ့အတွက် တော်တော်လေး ပဒါသ ဖြစ်လာပါတော့၏။
တကယ်တော့ ကျောက်ရှဟယ်က သူ၏ ကံကောင်းစေတဲ့ကြယ်ပွင့်လေးလို့တောင် ပြောလို့ရနိုင်ပါသည်။
ယင်အရိုးစုအရောင်းအဝယ်၊ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း၊ အရိုးဈေးစစ်ပွဲ.. အခုလည်း အခြေခံတည်ထောင်ခြင်းအဆင့် လျှို့ဝှက်သိုင်းတစ်ခု။
လုယန်၏ အောင်မြင်မှုတိုင်းက ကျောက်ရှဟယ်ကို အားကိုးပြီး ဖြစ်လာရသည် မဟုတ်လော။ ပထမဦးဆုံးဘဝနှင့် ယှဥ်လျှင် ထိုသူကြောင့် ရလာခဲ့သော အကျိုးအမြတ်များဖြင့် သူ၏ အကဲဖြတ်အမှတ်တွေက နှိုင်းယှဥ်လို့မရတော့သည့် ပမာဏအထိ မြင့်မားသွားရခြင်း မဟုတ်ပေလော။
…..
Ch 46
( လျှို့ဝှက်ချက် ခိုးယူခြင်း)
“ အဲ့ဒီသိုင်းကို ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းလို့ ခေါ်တယ်”
လုယန် သဘောတူဟန် ပြလိုက်သည်နှင့် ကျောက်ရှဟယ်က ချက်ချင်းပဲ ကျောက်စိမ်းပြားတစ်ခုကို ယူလိုက်ပြီး ချီစွမ်းအင်ဖြင့် ပေါင်းစပ်ကာ လုယန်ကို ပေးလိုက်သည်။ ထိုကျောက်စိမ်းပြားက ကျောက်ရှဟယ် အစောပိုင်းကပြောခဲ့သည့် အခြေခံတည်ထောင်ခြင်းလျှို့ဝှက်သိုင်း၏ အစွမ်းသက်ရောက်ပုံကို မှတ်တမ်းတင်ထားရုံသာ ဖြစ်၏။
လုယန် ချီစွမ်းအင်ဖြင့် စစ်ဆေးပြီးသည်နှင့် ချက်ချင်း အံ့သြသွားတော့သည်။
ဤ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသာလွန်းသော အရေးအသားပုံစံကြောင့် ရှေးဦးသူတော်စင်ဂိုဏ်း၏ တပည့်ကြီးတစ်ယောက် ဖန်တီးထားတာပဲ ဖြစ်ရပေမည်။
ထိုသိုင်းက နာမည်အတိုင်းပင်.. ပထမဦးဆုံး အသက်တူကာ အရည်အချင်းရှိသည့် အမျိုးသမီးတပည့်တစ်ယောက်ကို ရှာဖွေရသည်၊ ထို့နောက် နှစ်ကိုယ်တွဲ ကျင့်ကြံရပြီး.. အချိန်ကြာမြင့်စွာကျင့်ကြံထားရင်းကနေ အသုံးပြုသူက ကိုယ့်၏ကိုယ်ပိုင်ချီစွမ်းအင်ကို တစ်ဖက်သူ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်စေကာ၊ ဒျန်ထျန်ကို ထိန်းချုပ်လိုက်သည်။
ထိုထိန်းချုပ်မှုအောင်မြင်သွားသည်နှင့် ထိုမိန်းကလေး ကျင့်ကြံသမျှက အသုံးပြုသူ အပိုင်ဖြစ်လာမည်.. သူမ အဆင့်တက်ခဲ့လျှင်တောင်မှ အသုံးပြုသူပဲ အကျိုးရမည်ဖြစ်ကာ၊ သူမ၏ တစ်ဘဝလုံး ကျင့်ကြံမှုကတော့ အချည်းအနှီး ဖြစ်သွားမည်။
'ယုတ်မာတယ်.. အသိတရားမရှိဘူး၊ လူတွေကို အရင်းအမြစ်လိုမျိုး ဆက်ဆံတယ်.. တကယ်ကို နတ်ဆိုးဂိုဏ်းသား ပီသပါပေတယ်’
လုယန် ကျောက်ရှဟယ်ကို ပြန်မော့ကြည့်လိုက်သည်။ သူ့အရင်ဘဝ မှတ်ဉာဏ်များအရ ကျောက်ရှဟယ်သည် ဖေးရှနှင့် တာအိုကျင့်ကြံဖော်တွေ ဖြစ်ခဲ့ဟန်ပင်။
‘ ဒါကြောင့် နှစ်ယောက်လုံး အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်တာ ကျရှုံးပြီး သေသွားကြတာပေါ့’
‘ ကြည့်ရတာ ကျောက်ရှဟယ်က ဖေးရှကို အရင်သတ်တာနေမယ်၊ ပြီးတော့မှ သူ့ဘာသူ အဆင့်တက်ဖို့လုပ်တာ မအောင်မြင်ပဲ သေရတာ၊ အဲ့တာကို ကြားကောင်းအောင် သတင်းလွှင့်ထားတာပဲ’
လုယန် တစ်ဆတ်ထဲမှာ အနည်းငယ် ကျောချမ်းသွားသည်။
အရင်ဘဝတုန်းက ကျောက်ရှဟယ်၏ ပြင်ဆင်မှုများက ပြီးပြည့်စုံကာ အရင်းအမြစ်အားလုံးကို ရယူနိုင်ခဲ့သည်။
ကျောက်ရှဟယ်နှင့် ဖေးရှက တာအိုလက်တွဲဖော်ဖြစ်လာပြီးနောက်မှာ ကျောက်ရှဟယ်သည် အရိုးတောင်မှာပဲ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်အောင် အဆင့်တက်နိုင်ပြီး နာမည်ကြီးသွားသည်။ ထို့နောက် အခြေခံတည်ထောင်ခြင်း ရတနာနှစ်ခုကို ရရှိခဲ့သည်။ ထို့အပြင် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းကိုပါ ထည့်စဥ်းစားမည်ဆိုပါက၊ သူ့မှာ ဝှက်ဖဲသုံးခုတောင် ရှိနေပြီပင်။
သို့ပေမဲ့ ရလဒ်ကကော..
အဆုံးမှာ သူ ကျရှုံးခဲ့ရသည်။
“ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ.. အခြေခံတည်ထောင်ခြင်းဆိုတာ အမတလမ်းစဥ်ရဲ့ အခြေခံပဲ။ အခြေခံမရှိလို့ကတော့ အဲ့ဒီကျင့်ကြံသူက သာမာန်လူတစ်ယောက်ပဲ ဖြစ်နေမှာ၊ ဒါကြောင့် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေကိုပဲ အမတသခင်ကြီးလို့ ခေါ်ခွင့်ရှိတာနေမယ်”
“ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ရတာက ကောင်းကင်ဘုံကို အဆင့်တက်ရတာထက် ခက်ခဲတယ်”
လုယန် သက်ပြင်းတစ်ချက်ချပြီးနောက်မှာ လက်ထဲက ကျောက်စိမ်းပြားကို ကြည့်လိုက်ပြန်သည်။
“ ညီလေးလု.ဘယ်လိုထင်လဲ”
ကျောက်ရှဟယ်က မျှော်လင့်တကြီး ကြည့်လာပြီး ဆက်ပြောသည်။
“ ဒါကို အပေါင်အဖြစ် ထားပေးမယ်ဆိုရင် အကို့ကို အမှတ်သုံးသောင်း ချေးပေးလို့ရမလား။ အကို နောက်သုံးလနေတာနဲ့ သေချာပေါက် ပြန်ဆပ်ပါ့မယ်”
“ အကိုမပေးနိုင်ရင် လျှို့ဝှက်သိုင်းတစ်ခုလုံး ထုတ်ပေးမယ်”
“ ဒါပေမဲ့ အကို အမှတ်တွေ ပြန်ဆပ်နိုင်ရင်တောင်မှ ကျေးဇူးဆပ်တဲ့အနေနဲ့ လျှို့ဝှက်သိုင်းကို ပေးမှာပါ”
ကျောက်ရှဟယ် ဘယ်လိုပဲ ရက်ရက်ရောရော ပြောဆိုနေပါစေ၊ လုယန် စိတ်ထဲက လှောင်ပြောင်လိုက်သည်။
‘ ငါ အမှတ်ချေးပေးလိုက်တာနဲ့ လျှို့ဝှက်သိုင်းက ဘယ်လိုဖြစ်ဖြစ် ငါ့အပိုင်ဖြစ်လာတော့မလို ပြောဆိုနေပါ့လား။ ဒါပေမဲ့ အဲ့လိုဖြစ်မယ်ထင်နေလား’
‘ ဒီနေရာမှာ အဓိကအချက်က လျှို့ဝှက်သိုင်းလဲ မဟုတ်သလို၊ အမှတ်ချေးပေးတာလဲ မဟုတ်ဘူး’
‘ အဓိကအချက်က ကြာချိန်သုံးလပဲ’
လုယန်က သုံးလကြာချိန်ဖြင့် ပိုက်ဆံချေးထားသည့်အတွက် အမှတ်ပြန်ရလိုလျှင် ဤသုံးလအတွင်းမှာ ကျောက်ရှဟယ် ဘယ်လိုအခက်အခဲတွေ ကြုံလာပါစေ၊ သူ ကူညီပေးရတော့မှာပင်။
‘ ဒီတော့ အမှတ်က အဓိကမဟုတ်ဘဲ လူက အဓိကပေါ့လေ’
ကျောက်ရှဟယ်က ထိုအခြေခံတည်ထောင်ခြင်းလျှို့ဝှက်သိုင်းကို အသုံးချပြီး သူ၏အနာဂတ်စွန့်စားခန်းအတွက် လုံခြုံမှုကို ရှာဖွေနေတာပင်။
ထိုအခွင့်အရေးက သကြားအုပ်ထားသော ကျည်ဆံတစ်တောင့် ဖြစ်လင့်ကစား၊ လုယန် မငြင်းဆိုနိုင်ပါချေ။
‘ ငါက လျှို့ဝှက်သိုင်းကိုပဲ ယူချင်ပြီး အကျိုးကြောင်းမသင့်တဲ့သူ ဖြစ်နေရင်ရော၊ သူဘာလုပ်နိုင်မှာမလို့လဲ’
လုယန်သည် လက်ထဲက ကျောက်စိမ်းပြားကို ကြည့်နေရင်း သကြားအုပ်ကျည်ဆံထဲမှ သကြားကိုပဲစားပြီး ကျည်ဆံကို လွှင့်ပစ်နိုင်သော နည်းလမ်းဖြင့် ကျောက်ရှဟယ်ကို လျိုရှင်းနှင့် အဖော်ပြုခိုင်းလို့ရနိုင်မည့် ဖြေရှင်းချက်ကို စဥ်းစားနေလိုက်သည်။
သို့ပေမဲ့ လုယန် ထိုအကြံအစည်ကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ သူသည် ယန်ဟောက်ကို ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်း သန့်စင်ပြီးတာတောင်မှ ရှန်းဝူဂိုဏ်း၏ သိုင်းတွေကို မယူနိုင်ခဲ့ပေ..ထိုအရာကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံရေးလောကမှာ သိုင်းကျင့်စဥ်တွေကို ကာကွယ်နိုင်သော ကိုယ်ပိုင် နည်းလမ်းရှိဟန်ပင်။ ထို့အပြင် ကျောက်ရှဟယ်ကလည်း သူ့ဆီကိုတောင် လာရဲသည့်အတွက် ကြိုတင်ပြင်ဆင်ထားမှန်း သေချာသည်။
အောင်မြင်နိုင်ချေမရှိနိုင်ပါ။
လုယန် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ နောက်ဆုံး ရုတ်တရက်ကြီးပြောလိုက်သည်။
“.. ထားလိုက်တော့”
“ ကျွန်တော် အမှတ်ချေးပေးလို့ရတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေတစ်ခုရှိတယ်၊ ဒီအခြေအနေကို အကိုကျောက်သဘောမတူ နိုင်ရင်တော့ ကျွန်တော်လဲ အဲ့ဒီလျှို့ဝှက်သိုင်းကို လက်လျော့လိုက်မယ်”
ကျောက်ရှဟယ် အပျော်လွန်သွားလေကာ
“ ညီလေးလု ပြောပါ”
လုယန် လေပြေအေးနှင့် ရှင်းပြလိုက်သည်။
“ အဲ့ဒါကရိုးရှင်းပါတယ်၊ အကိုကျောက်က ကျွန်တော့်ကို သိုင်းကျင့်စဥ်အရင် ပေးထားရမယ်၊ မဟုတ်လို့ နောက်ကျမှ အကိုကျောက် စကားဖောက်ရင် ဘယ်လိုလုပ်မလဲ”
“ သေချာပေါက် သိုင်းစာအုပ်အပေါ်မှာ အကိုကျောက်ရဲ့ ခွင့်ပြုချက်မရှိဘဲ ကျွန်တော်ဖွင့်မိရင် အလိုလိုပျက်ဆီးစေမဲ့ ကန့်သတ်ချက် ထားထားလို့ရတယ်၊ သုံးလနေတော့မှ ကန့်သတ်ချက်ကို လာဖြည်ပေးပေါ့။ အကိုကျောက်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် အနှစ်ရှစ်ဆယ်လောက် ပိတ်ထားဖို့က အေးဆေးပါ။ ဒီလိုဆို ကျွန်တော်လဲ စိတ်အေး၊ အကိုကျောက်လဲ စိတ်အေးရပြီမလား။ ဘယ်လိုသဘောရလဲ”
ကျောက်ရှဟယ် ခဏမျှစဥ်းစားပြီးနောက် လုယန်၏ အကြံဉာဏ်က တကယ်ကို ပြဿနာမရှိဘူးဟု ထင်သည်။
သူ၏ ကန့်သတ်ချက်ရှိသော စွမ်းအင်နှင့်ဆိုလျှင် ချိတ်ပိတ်မှုက နှစ်ရှစ်ဆယ်ကြာတာနှင့် အလိုလို ပျက်ပြယ်သွားမှာဆိုပေမဲ့ ထိုအချိန်က အဝေးကြီးလိုသေးသည်။
ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်၏ ပျမ်းမျှသက်တမ်းက နှစ် ၁၅၀ လောက်ပဲရှိသည်။
အကယ်၍ ထိုသူသည် တိုးတက်ခြင်းမရှိသော ကျင့်ကြံဆင့်နှင့် နှစ်တစ်ရာနီးနီး နေထိုင်ပြီးပါက၊ ထိုသူ၏ တစ်ဘဝလုံး အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ဖို့ မျှော်လင့်ချက် မရှိတော့ပါချေ။
လုယန်က အခုတောင် အသက်နှစ်ဆယ် ကျော်ပြီဖြစ်သည့်အတွက် နောက်ထပ်အနှစ်ရှစ်ဆယ်နေပါက၊ သေချာပေါက် အသက်တစ်ရာကျော်ကာ သင်္ချိုင်းကုန်းကို ခြေတစ်လှမ်း လှမ်းနေလောက်ပြီ။ ထိုအချိန်ကျမှ အခြေခံတည်ထောင်ခြင်းလျှို့ဝှက်သိုင်းကို ရပါက၊ အသုံးဝင်မှာမဟုတ်ပေ။
သေခါနီးအချိန်ကျမှ အခြေခံတည်ထောင်ခြင်းနယ်ပယ်အဆင့် သိုင်းကို ဘာလုပ်မှာလဲ။
နောက်ဘဝမှာ အသုံးပြုမှာလား။
လုယန်၏ အကြံက တော်တော်လေး သင့်တော်ပါ၏။ နှစ်ဦးနှစ်ဖက် သံသယဝင်စရာ အခြေအနေကို ဖြေရှင်းနိုင်ခဲ့ပြီး ပြီးပြည့်စုံသော နည်းလမ်းတစ်ခုဟု သူထင်မိသည်။
“ ညီလေးလု ပြောတာ ကျိုးကြောင်းသင့်တယ်၊ ဒါဆို အဲ့လိုလုပ်ကြတာပေါ့”.
ကျောက်ရှဟယ်က နောက်ထပ်ကျောက်စိမ်းပြားတစ်ခု ချက်ချင်း ထုတ်လိုက်သည်။ အရင်ဦးဆုံး ချီစွမ်းအင်ဖြင့် ချိတ်ပိတ်လိုက်ပြီးမှ လုယန်ကို ပေးလိုက်သည်။
လုယန်လည်း အပြုံးတစ်ခုဖြင့် လက်ခံလိုက်သည်။
နှစ်ဦးနှစ်ဖက် ပြေလည်သွားတော့သည်..
‘ ကျောက်ရှဟယ်က အသုံးမဝင်တော့ဘူး။ ဒီကောင် အသက်ရှင်ရက် ပြန်လာနိုင်ရင်လည်း လာပေါ့၊ မလာနိုင်ရင်လဲ ငါဝင်ပါမှာမဟုတ်ဘူး။ နောက်နှစ်ရှစ်ဆယ်နေမှ ဒီသိုင်းကို ကြည့်ရလဲဖြစ်တယ်’
‘ ငါရှုံးစရာမရှိပါဘူး’
ကျောက်ရှဟယ် ထွက်သွားပြီးနောက် လုယန် သီချင်းတညီးညီးဖြင့် အရိုးဈေးကို စီမံနေလိုက်တော့သည်။
အရိုးဈေးက အခု သူ၏ အားကိုးရာပဲ။
ထို့အပြင် အရိုးဈေး၏ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံက အဆင့်၇ အစီအမံတစ်ခုဖြစ်သည်။ သူ၏ သွေးလွှမ်းမိုးအစီအမံကတော့ ကောင်းကင်သွေးနတ်ဆိုးအလင်းကိုပဲ မှီခိုနိုင်သော အဆင့်၉အစီအမံလေးသာပင်။
ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကိုသာ နားလည်သွားပါက၊ သူ၏အစီအမံပညာရပ်လည်း တိုးတက်လာနိုင်သည်။
ထိုသို့ဖြင့် နောက်ထပ်တစ်လ ကုန်ဆုံးသွားပြန်သည်။
မွှေးပျံ့ပျံ့ ရနံ့တစ်ခုကို ရလိုက်၍ လုယန် ကျင့်ကြံနေရာမှ ရုတ်ချည်းမျက်လုံးဖွင့်ကြည့်လိုက်ရာ၊ နွဲ့နောင်းသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
“ ဂိုဏ်းတူအမ”
လုယန် တောက်ပစွာ ပြုံးပြလိုက်၏။
“ ဂိုဏ်းတူအမ အကြောင်းမရှိဘဲ လာမှာတော့မဟုတ်ဘူး၊ ဘာလဲ၊ အစီအမံနဲ့ ပတ်သတ်ပြီး နားလည်သွားတာရှိလို့ ကျွန်တော်နဲ့ လာဆွေးနွေးတာလား”
“ ဖေးရှလို့ပဲ ခေါ်ပါဆိုနေ.. ဘယ်နှစ်ကြိမ်လောက် ပြောနေရမှာလဲ”
ဖေးရှက စိတ်တိုစွာ မျက်စောင်းထိုးလိုက်ပြီး လုယန်၏ လက်မောင်းကြားထဲ တိုးဝှေ့လိုက်ကာ နူးနူးညံ့ညံ့လေး ပြောလာသည်။
“ ဂိုဏ်းဘက်က လူရောက်လာတယ်”
“ ဟမ်၊ သူတို့တွေ ရောက်တာကြာပြီ မဟုတ်ဘူးလား”
“ ကျွန်တော် ပြောပြီးပြီလေ၊ ကျွန်တော် ပြဿနာထဲဝင်မပါဘဲ ကျင့်ကြံတာကိုပဲ အာရုံစိုက်ချင်တယ်.. လျှို့ဝှက်နယ်မြေကိုလဲ ကျွန်တော်စိတ်မဝင်စားဘူး”
“ ဒီတစ်ခေါက်လာတဲ့သူက မတူဘူး”
ဖေးရှ၏ ထိုစကားကြောင့် လုယန် မျက်လုံးများ ကျဥ်းမြှောင်းသွားကာ
“ … ဘယ်သူလဲ”
“ ဒုတိယအကိုကြီးပဲ”
ဖေးရှက မျက်နှာတည်လေးနဲ့ ဆက်ပြောလေ၏။
“ မြစ်သုံးသွယ်အဖွဲ့ရဲ့ ဒုတိယအကိုကြီးက ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် စစ်မှန်တပည့်တစ်ယောက်ပဲ။ သူက ကျွန်မကို သတင်းစကားပါးခိုင်းလိုက်လို့..”
လုယန်၏ မျက်နှာကြီး မည်းမှောင်သွားတော့သည်။
သူ မှတ်မိတာသာ မမှားလျှင်.. မြစ်သုံးသွယ်အဖွဲ့၏ တည်ထောင်သူက အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မလား။
…..