← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) လယ်ယာအလုပ် လုပ်နေကြသည့် မဟာနတ်ဆိုးကြီးများအုပ်စု၊ ကြေးစားတပ်သားများကို ကြောက်လန့်ရူးသွပ်သွားစေခြင်း

“မြန်မြန်လုပ်... အမြန်ဆုံး အမြန်နှုန်းနဲ့ ရှေ့ကိုဆက်သွား...”

“အဘိုးထန်ရဲ့ တွက်ချက်မှုတွေအရ ရှေ့မှာ ရှေးဟောင်းအပျက်အစီးတွေ ရှိရမယ်... ရှေးဟောင်းအင်မော်တယ်အပျက်အစီးတွေတောင်ဖြစ်နိုင်တယ်... ငါတို့က အမြန်ဆုံးနှုန်းနဲ့ အဲဒါတွေကို သိမ်းပိုက်ရမယ်... တခြားသိုင်းဂိုဏ်းတွေနဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ နောက်မှာ ကျန်ရစ်နေခဲ့လို့ မဖြစ်ဘူး...”

“ငါသိသလောက်တော့ ဓားအမွှာဂိုဏ်းနဲ့ သံလက်သီးဂိုဏ်းက တပည့်တွေက ငါတို့ရဲ့ အနောက်တည့်တည့်မှာ ရှိနေတယ်... အဲဒီဂိုဏ်းအသီးသီးက အကြီးဆုံးစီနီယာအစ်ကိုတွေက ဦးဆောင်လာတာပဲ...”

“ဒါ့အပြင် စွန့်စားသူများအသင်းနဲ့ ကြေးစားတပ်သားတွေကလည်း အပြင်းအထန် လိုက်လာကြတယ်...”

“အနောက်တိုင်း နတ်စွမ်းအင်အဖွဲ့အစည်းက နိုင်ငံခြားသားတွေလည်း ရောက်လာနိုင်တယ်လို့ အဘိုးထန်က ပြောသေးတယ်...”

လူကိုးယောက်ပါဝင်သော အဖွဲ့ကို ပြင်ပတိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်အမျိုးသမီးတစ်ဦးက ဦးဆောင်လာခဲ့သည်။ သူမသည် အရပ် ၁.၇ မီတာခန့်ရှိပြီး အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိပေမည်။ မျက်နှာဖုံးတပ်ထားလျှင်တောင်မှ သူမ၏ လှပသော မျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားရန် ခက်ခဲလှပေသည်။

သူမ၏ နာမည်က ရှန့်ကွမ်းချီ ဖြစ်သည်။

သူမသည် ခါးကိုကိုင်းကာ အံ့မခန်း ခြေထောက်စွမ်းအားဖြင့် ရွေ့လျားသွားခဲ့သည်။ သူမ၏ အမြန်နှုန်းက အလွန်မြန်ဆန်ပြီး မြက်ခင်းပေါ်တွင် မည်သည့်ခြေရာမှ ချန်ထားရစ်ခြင်းမရှိပေ။ ဤသည်က မြက်ခင်းပေါ်တွင် ပျံသန်းခြင်းဟု လူသိများသော နည်းစနစ်တစ်ခု ဖြစ်သည်။

“ဝုန်း…”

သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကားအင်ဂျင်၏ ဟိန်းဟောက်သံ အသံနက်ကြီးက အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

အနက်ရောင် လမ်းကြမ်းသုံးကားတစ်စီးက သူတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့သည်။ ကားမှန်ကျသွားပြီးနောက် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော လူတစ်စုက သူမကို လက်ပြလိုက်ပြီး အော်ပြောလိုက်သည်။

“ရှန့်ကွမ်းသခင်မလေး... နည်းနည်းလောက်.. ဖြည်းဖြည်းပြေးပါ... အမောမခံပါနဲ့... ငါတို့ပဲ ဦးဆောင်သွားလိုက်မယ်...”

“ဟားဟားဟား...”

ကားထွက်ခွာသွားချိန်၌ လှောင်ပြောင်ရယ်မောသံများက လွင့်ပျံကျန်ရစ်ခဲ့သည်။

“တောက်...”

ရှန့်ကွမ်းချီက သွားကြိတ်ကာ ခြေဆောင့်လိုက်ပြီး သူမ၏ ရွေ့လျားမှုကို ရပ်တန့်လိုက်သည်။

လူသားတို့၏ စွမ်းအင်က လမ်းကြမ်းသုံးကားတစ်စီး၏ နောက်တွင် သဘာဝကျစွာပဲ နောက်ကောက်ကျနေပေသည်။ အရှိန်လျှော့ပြီး သူမ၏ ခွန်အားကို ပြန်လည်ဖြည့်တင်းခြင်းက ပိုကောင်းပေလိမ့်မည်။

သူမနောက်မှ လူငယ်တစ်ယောက်က အရှိန်မြှင့်လိုက်ပြီး သူမနှင့်ဘေးချင်းယှဉ်လျှောက်လာခဲ့သည်။

“စောစောကလူတွေက ကောင်းကင်ဝံပုလွေ ကြေးစားတပ်ကလား... ငါတို့ဆီကနေ ဦးဆောင်မှုကို ရဲရဲတင်းတင်း လုယူရဲအောင် ဘယ်မိသားစုက သူတို့ကို ငှားရမ်းလိုက်တာလဲ မသိဘူး...”

“ဟွန့်... စစ်ထူမိသားစုမှလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ... သူတို့က ယုတ်မာပြီး အရှက်မရှိဘူး... အမြဲတမ်း နောက်ကွယ်ကနေပဲ လှုပ်ရှားပြီး ဘယ်တော့မှ မျက်နှာမပြရဲကြဘူး... တကယ့်ကို ရွံစရာကောင်းတယ်...”

ဤအဖွဲ့ကို ဦးဆောင်စဉ်က ရှန့်ကွမ်းချီသည် သူမ၏ မိသားစုကို ကြီးလေးသော ကတိတစ်ခု ပေးထားခဲ့သည်။

အကယ်၍ သူမသာ ထျန်းယွီတောင်ကို စူးစမ်းလေ့လာခြင်း မပြီးမြောက်နိုင်ခဲ့ပါက လာမည့်သုံးနှစ်အတွက် သူမ၏ မိသားစုထံမှ ထောက်ပံ့မှုကို ဆုံးရှုံးရပေမည်။

အဘိုးထန်၏ အကြံပြုချက်အရ လာမည့်နှစ်အတွင်း၌ ကြီးမားလှသော အခွင့်အရေးကြီးတစ်ခု ပေါ်လာလိမ့်မည်ဖြစ်သည်။

ဤတစ်ကြိမ် ရှေးဟောင်းအင်မော်တယ်အပျက်အစီးများကို စူးစမ်းလေ့လာခြင်းက သူမအတွက် အလွန်အရေးကြီးပေသည်။ မည်သည့် ကျရှုံးမှုမျိုးမှ ရှိခွင့်မရှိပေ။ လမ်းကြမ်းသုံးကားက အလွန်မြန်ဆန်လှသည်။

ကားရပ်တန့်သွားရန် အချိန်သိပ်မကြာလိုက်ပေ။ သူတို့ရှေ့တွင်ကား မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးများ ရှိနေသည်။ သစ်တောက ထူထပ်လွန်းပြီး လမ်းမရှိသောကြောင့် သူတို့သည် ခြေလျင်သာ ဆက်သွားနိုင်ပေသည်။

ဂြိုဟ်တုအချက်အလက်များအရ ဤသည်မှာ ဝေါလုံသစ်တောဖြစ်သည်။

ထိုသစ်တောသည် မြောက်မှတောင်သို့ မိုင်ရာပေါင်းများစွာ ရှည်လျားပြီး အကျယ်ရှစ်မိုင်ခန့် ရှိသည်။ လေထဲမှကြည့်လျှင် အိပ်စက်နေသော နဂါးတစ်ကောင်နှင့် တူပေသည်။

“ကားပေါ်ကဆင်း...”

ကောင်းကင်ဝံပုလွေ ကြေးစားတပ်တွင် အဖွဲ့ဝင် ခုနစ်ယောက်သာ ရှိသည်။ ချီတက်ရာတွင်သုံးသည့် ကျောပိုးအိတ်များနှင့် လက်နက်မျိုးစုံကို သယ်ဆောင်ကာ သူတို့က ကားကိုစွန့်ပစ်ပြီး သစ်တောထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရှေ့လမ်းကို စူးစမ်းရန်အတွက် ဒရုန်းတစ်စင်းကို လွှတ်တင်လိုက်ကြသည်။

“ဘော့စ်... ငါတို့က ဘာလို့ ဒီအလုပ်ကို လက်ခံလိုက်တာလဲ...”

“အရင်က ငါတို့ ပင်လယ်ထဲထွက်တာ ဒါမှမဟုတ် အလယ်ပိုင်းဒေသ စစ်မြေပြင်ကိုပဲ သွားနေကျလေ... ခြောက်သွေ့နေတဲ့တောင်ကို လာစူးစမ်းတာ ဒါပထမဆုံးအကြိမ်ပဲ...”

“ဒီတစ်ခါ သူတို့ ဘယ်လောက်ပေးလဲ... ငါ ဘယ်လောက်ရမှာလဲ... ရှောင်ပေါင်ရဲ့ ကျောက်ကပ်အစားထိုးဖို့အတွက် လုံလောက်ရဲ့လား...”

“ငါ့ကို စောင့်ပါဦး... ဘော့စ်... တစ်ခုခု ပြောပါဦး...”

“ပါးစပ်ပိတ်ထားစမ်း...”

ရှေ့ဆုံးမှ လျှောက်လာသော လူငယ်မှာ ကြေးစားတပ်ခေါင်းဆောင်ဖြစ်ပြီး ထန်လန့်ဟု နာမည်ပြောင်ခေါ်ကြသည်။ သူသည် ဦးထုပ်ဆောင်းထားပြီး ခါးတွင် ပစ္စတိုတစ်လက်၊ ခြေသလုံးတွင် ဓားမြှောင်တစ်လက်ကို ချည်နှောင်ထားသည်။ လက်ထဲတွင် ခိုင်မာသော သံတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားကာ လမ်းလျှောက်နေစဉ် အင်းဆက်များနှင့် မြွေများကို ခြောက်လှန့်ရန်အတွက် မြေကြီးပေါ်ရှိ ပေါင်းပင်များကို ထိုးဆွနေခဲ့သည်။

အနောက်မှ မေးခွန်းများကို ကြားသောအခါ သူက ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။ သူသည် နောက်လှည့်မကြည့်ဘဲ အေးစက်စွာဖြင့် အော်ငေါက်လိုက်သည်။

စကားပြောခဲ့သောသူက နှုတ်ခမ်းကိုစူလိုက်ကာ လိမ္မာစွာဖြင့် ပါးစပ်ပိတ်သွားပြီး ဆက်လက်၍ သတိဝီရိယထားနေခဲ့သည်။

သူ၏ နာမည်ပြောင်မှာ လျှာရှည်ဖြစ်သော်လည်း သူ၏ နာမည်ရင်းမှာ ကျူးချန် ဖြစ်သည်။ သူသည် ကောင်းကင်ဝံပုလွေ ကြေးစားတပ်တွင် စကားအများဆုံးသူ ဖြစ်သည်။ သူ၏ ကိုယ်ပိုင်စကားနှင့် ပြောရလျှင် သူသေသွားလျှင်တောင်မှ သူ၏ ပါးစပ်ကို ပိတ်ထားနိုင်မည်မဟုတ်ပေ။

သားဖြစ်သူအတွက် ဤတစ်ကြိမ်တွင်တော့ သူ သည်းခံရပေမည်။

ဝီ... ဝီ...

မိနစ်အနည်းငယ်ကြာပြီးနောက် ဒရုန်းက ပြန်လည်ရောက်ရှိလာခဲ့သည်။ အဖွဲ့ဝင်တစ်ဦးက ၎င်းကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ထန်လန့်က ထိုသူ၏ လက်မောင်းပေါ်ရှိ ခြောက်လက်မအရွယ် မျက်နှာပြင်ကို လှမ်းကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“အရှိန်တင်ကြ... ရှစ်ရာမီတာဆိုရင် ဒီသစ်တောထဲကနေ ငါတို့ ထွက်နိုင်တော့မယ်...”

“နားလည်ပြီ...”

ကျူးချန်က စွမ်းအင်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ဤတစ်ကြိမ် သူတို့၏ တာဝန်မှာ ဤသစ်တော၏ ရှေ့ မိုင်နှစ်ဆယ်အကွာရှိ နယ်မြေကို စူးစမ်းလေ့လာရန် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထူးခြားသော သဲလွန်စများကို ရှာတွေ့သရွေ့ ပြန်ရောက်သည့်အခါ ဆုငွေရရှိမည် ဖြစ်သည်။

ဝှစ်...

သူတို့ အလျင်အမြန် ရွေ့လျားသွားစဉ် အဝေးမှ အဖြူရောင်အရိပ်တစ်ခုက ရုတ်တရက် လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။

“အဲ့ဒါ ဘာလဲ...”

“မင်းတို့ကောင်တွေ အဲ့ဒါကို မြင်လိုက်ကြလား...”

“မြင်းတစ်ကောင်နဲ့ တူတယ်နော်...”

“ထင်ယောင်ထင်မှား ဖြစ်တာများလား...”

သူတို့ ခုနစ်ယောက်စလုံး ရပ်တန့်သွားကြပြီး အားလုံး၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာများ ပေါ်လွင်နေခဲ့သည်။

စောစောက အဖြူရောင်အရိပ်က မြင်းဖြူတစ်ကောင်နှင့် တူပေသည်။ ၎င်းသည် အလွန်မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

သူတို့၏ နားထဲတွင် မြင်းခွာသံများ ကြားနေရပုံပေါ်ပြီး အဝေးသို့ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

“ဆက်သွားကြ...”

“သံသယလွန်ကဲမနေကြနဲ့...”

ခေါင်းဆောင် ထန်လန့်က မျက်မှောင်ကြုတ်လိုက်သည်။ ဒရုန်းက ရှေ့တစ်ဝိုက်ကို စူးစမ်းရှာဖွေပြီးသွားကာ အနီအောက်ရောင်ခြည် ပုံရိပ်ဖော်ကိရိယာဖြင့်လည်း ပတ်ဝန်းကျင်ကို စကင်န်ဖတ်ပြီးသွားပြီ ဖြစ်သည်။ မည်သည့် သက်ရှိသတ္တဝါမှ မရှိခဲ့ပေ။ မြွေတစ်ကောင်ပင် မရှိခဲ့ချေ။

ဘယ်လိုလုပ်ပြီး မြင်းတစ်ကောင် ရှိနိုင်မှာလဲ။

ပြီးတော့ မြင်းဖြူတစ်ကောင်တဲ့လေ။

ဖူး...

ခရီးက ချောမွေ့စွာ ပြီးဆုံးသွားပြီး သူတို့ ခုနစ်ယောက် နောက်ဆုံးတွင် သစ်တောထဲမှ ရှင်းလင်းနေသော နေရာတစ်ခုသို့ ထွက်လာနိုင်ခဲ့သည်။

အပြင်ဘက်ကို ကြည့်လိုက်သောအခါ မိုင်ပေါင်းများစွာ ရှည်လျားသော မွှေးကြိုင်လှသည့် ပန်းများနှင့် ငှက်များ၏ သီဆိုသံများကို ကြားလိုက်ရပြီး လေတိုက်ခတ်မှုကြောင့် ဂျုံခင်းများက လှိုင်းလုံးများပမာ ယိမ်းနွဲ့နေသည်ကို တွေ့လိုက်ရသည်။

“ခေါင်းဆောင်... ဟိုမှာ ကြည့်ပါဦး...”

ကျူးချန်က ရုတ်တရက် မှင်တက်သွားခဲ့ပြီး အဝေးကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။

“အဲ့ဒီနေရာက ဘာနေရာလဲ... ဘာဖြစ်လို့ တောင်ပေါ်ရွာတစ်ရွာ ရှိနေရတာလဲ... ငါ မျက်စိမှားနေတာများလား... အနီးဆုံးမြို့ဖြစ်တဲ့ ခါမြို့က ကီလိုမီတာ သုံးရာကျော်တောင် ဝေးတယ်လေ... ဒီလို ကျိန်စာသင့်နေတဲ့ နေရာမျိုးမှာ ဘယ်သူက လာနေမှာလဲ...”

“မှန်ပြောင်းပေးစမ်း...”

“ရပါပြီ ခေါင်းဆောင်...”

တစ်ယောက်ယောက်က ထန်လန့်ကို လှမ်းပေးလိုက်သည်။ သူက အဝေးသို့ ကြည့်လိုက်ပြီး မအံ့သြဘဲ မနေနိုင်တော့ပေ။ ထိုနေရာသည် ပုန်းကွယ်နေသော သုခဘုံတစ်ခုအလား၊ ကမ္ဘာမြေပေါ်ရှိ နတ်ပြည်တစ်ခုအလား ထင်ရပေသည်။

ကျယ်ပြောလှသော သီးနှံခင်းများက စိမ်းလန်းစိုပြည်နေပြီး သစ်သီးပင်များက အတန်းလိုက် ရပ်တည်နေကြသည်။ ထိုအထဲတွင် လူရိပ်များ လှုပ်ရှားနေပြီး အလုပ်များနေကြပေသည်။

ခေါင်းပေါ်တွင် လောင်ကျွမ်းလုမတတ် ပူပြင်းသော နေမင်းကြီး ရှိနေသော်လည်း သူတို့က မောပန်းပုံမပေါ်ချေ။

မြစ်တစ်စင်းက တိတ်ဆိတ်စွာ စီးဆင်းနေပြီး ရှုခင်းပန်းချီကားတစ်ချပ်ကဲ့သို့ ရွာကို ရစ်ခွေထားပေသည်။

ရွာ၏ နောက်ဘက်တွင် အဆုံးမရှိသော တောင်တန်းကြီးများ ရှိနေသည်။ ဘက်ပေါင်းစုံမှ တောင်ထွတ်များ ဝန်းရံထားသဖြင့် ဖုန်းရွှေအစီအရင်က တကယ့်ကို အလွန်ကောင်းမွန်ပေသည်။

“ဟင်…”

ထန်လန့်က ရုတ်တရက် မှန်ပြောင်းကို အောက်ချလိုက်ပြီး သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။

စောစောက သူ၏ မျက်လုံးများက သူ့ကို လှည့်စားသွားခဲ့သလိုပင်။ လူနှင့် သိပ်မတူဘဲ ထူးဆန်းနေသော အလွန်တောင့်တင်းသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။

ထန်လန့်က မှန်ပြောင်းကို ပြန်ကောက်ကိုင်လိုက်ကာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ထိုဘက်ကို ထပ်ကြည့်လိုက်ပြန်သည်။

မက်မွန်ခြံထဲတွင် မျောက်ဝံဖြူတစ်ကောင်က ဓာတုဘူးတစ်ဘူးကို လွယ်ထားပြီး သစ်သီးပင်များကို ပိုးသတ်ဆေး ဖြန်းနေခဲ့သည်။

ဤအရာများအားလုံးက သဘာဝဆေးဖက်ဝင်အပင်များဖြစ်ပြီး စိမ်းလန်းကာ ညစ်ညမ်းမှုကင်းစင်သည်။ အသိဉာဏ်မရသေးသော ပိုးမွှားများကို မောင်းထုတ်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဆရာ့၏ စကားအရဆိုလျှင် အရာခပ်သိမ်းတွင် ဝိညာဉ်ရှိပြီး တန်းတူညီမျှ ဆက်ဆံသင့်သည်ဟု ဆိုထားသည်။

ထို့ကြောင့် ဤပိုးသတ်ဆေးက အဆိပ်မရှိဘဲ သေဆုံးခြင်းကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။

မျောက်ဝံဖြူတစ်ကောင်လား...

ထန်လန့်၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်က အလိုအလျောက် တုန်ယင်လာခဲ့သည်။

“မျောက်... မျောက်... မျောက်ဝံကြီး...”

သူ၏ လျှာက အလုပ်မလုပ်တော့ဘဲ စကားများ ထစ်အလာခဲ့သည်။

“ရွှစ်…”

ထိုအချိန်တွင် မက်မွန်ပင်အောက်ရှိ မျောက်ဝံဖြူက ချောင်းကြည့်နေသော မျက်လုံးများကို ခံစားမိသွားပုံရပြီး သူတို့ဘက်သို့ ခေါင်းလှည့်ကြည့်လာခဲ့သည်။

အဲဒါက ဘယ်လိုမျက်လုံးမျိုးတွေလဲ။

မီးတောက်မျက်လုံး ရွှေရောင်သူငယ်အိမ်များပင်။

၎င်းတို့က အလင်းတန်းများ ဖြာထွက်နေခဲ့သည်။

မျောက်ဝံဖြူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ လင်းလက်သွားခဲ့သည်။ ၎င်းက သူတို့ဘက်ကို လက်ပြလိုက်ပြီးနောက် ခေါင်းကို ကုတ်လိုက်သည်။ သူ အမြင်မမှားကြောင်း သိလိုက်ရသောအခါ ကျောင်းဆောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တစ်ချိန်ချိန်တွင် အရောင်စုံလင်သော ငှက်ကြီးတစ်ကောင်က ပေါ်လာခဲ့ပြီး ကျောင်းဆောင်ရှေ့ရှိ သစ်ပင်ကြီး၏ သရဖူပေါ်တွင် နားနေကာ သူတို့ဘက်သို့ လှမ်းကြည့်နေခဲ့သည်။

“ငါနဲ့ မဆိုင်ပါဘူးလေ... ဆေးဆက်ဖြန်းရမယ်... အိုး မက်မွန်သီးတွေ မက်မွန်သီးတွေ... မြန်မြန်မှည့်ကြစမ်းပါ... ငါက ဆရာ့ကို ပထမဆုံး ဆက်သချင်လို့ပါ...”

မျောက်ဝံဖြူက ဘာမှမဖြစ်ခဲ့သလိုပင် သူ၏ အလုပ်ကို ဆက်လုပ်နေခဲ့သည်။

*အဲဒါက ဘာကို ကြည့်နေတာလဲ*

ထန်လန့်က သူ၏ အကြောက်တရားကို ဖိနှိပ်ထားရန် အတင်းအကျပ် ကြိုးစားလိုက်ပြီး မျောက်ဝံဖြူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။

မီတာသုံးဆယ်ကျော် မြင့်သော သစ်ပင်ကြီးတစ်ပင်။

သစ်ပင်၏ ထိပ်ဖျားပေါ်တွင် လူမျက်နှာနှင့် ငှက်ခန္ဓာကိုယ်ရှိသော ငှက်ကြီးတစ်ကောင် နားနေပြီး ၎င်း၏ ပုံသဏ္ဌာန်မှ အရောင်ငါးမျိုးရှိသော အလင်းတန်းများ ဖြာထွက်နေခဲ့သည်။

နှင်းခဲလို အေးစက်နေသော မျက်လုံးတစ်စုံက သူ့ကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ ထိတ်လန့်မှုထဲတွင် မှန်ဘီလူးက အောက်ဘက်သို့ ရွေ့သွားခဲ့ပြီး သစ်ပင်အောက်တွင် စုရုံးနေကြသော နတ်ဆိုးအုပ်စုတစ်စုက ဘာလုပ်နေမှန်းမသိ လုပ်နေကြသည်ကို သူ မြင်လိုက်ရသည်။

“နတ်ဆိုးတွေ... နတ်ဆိုးတွေ ရှိနေတယ်…”

“ဘုန်း…”

ထန်လန့်က မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သူ၏ ခြေရင်းသို့ မှန်ပြောင်းကို ပြုတ်ကျသွားစေခဲ့သည်။ စိတ်လွတ်နေသူတစ်ယောက်လို သူက အဆက်မပြတ် ရေရွတ်နေမိသည်။ ဤမြင်ကွင်းက သူ့အတွက် ကြီးမားလှသော တုန်လှုပ်မှုကြီးတစ်ခုဖြစ်ပြီး သူ၏ ကမ္ဘာ့အမြင်ကို လုံးဝ ပျက်စီးသွားစေခဲ့သည်။

*ဘယ်လိုလုပ်ပြီး ဒီမှာ နတ်ဆိုးတွေ ရှိနေနိုင်မှာလဲ*

*ပြီးတော့ တစ်အုပ်စုလုံးကြီးလေ*

“ခေါင်းဆောင်...”

“ခင်ဗျားကိုယ်ခင်ဗျားလည်း ကြည့်ပါဦး... သတ္တိကြောင်လိုက်တာ... ခင်ဗျားကို ဒီလောက်တောင် ကြောက်သွားအောင် ဘယ်အရာက လုပ်လိုက်တာလဲ...”

ကျူးချန်က သူ့ကို စော်ကားရန် အခွင့်အရေးယူလိုက်ပြီး ရွာဘက်သို့ ကြည့်ရန် မှန်ပြောင်းကို ကောက်ကိုင်လိုက်သည်။

မျောက်ဝံဖြူက ဆေးဖြန်းနေသည်။

နတ်ဆိုးငှက်က အစောင့်ကျနေသည်။

လိပ်အိုကြီးက ဓားတစ်လက်ကို ဝှေ့ယမ်းနေသည်။

ခွေ့နျူက လမ်းခင်းနေသည်။

မြေခွေးနတ်ဆိုးက ကခုန်နေသည်။

ရေနဂါးက ရေဖြန်းနေသည်...

*ငါက ဘယ်သူလဲ

ငါ ဘယ်ရောက်နေတာလဲ

ငါ ဘာလုပ်နေတာလဲ

ငါ တောမှိုတွေ စားမိပြီး ထင်ယောင်ထင်မှား ဖြစ်နေတာများလား*

ကျူးချန်က မှန်ပြောင်းကို ဒိုင်းခနဲ ပြုတ်ကျသွားစေခဲ့ပြီး ထန်လန့်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ၏ မျက်လုံးများက မှိုင်းရီနေခဲ့သည်။ ခဏအကြာတွင် သူက ရုတ်တရက် အော်ဟစ်လိုက်သည်။

“မြန်မြန်... မြန်မြန် မှတ်တမ်းတင်ထားကြ... ရှေ့မှာ မဟာနတ်ဆိုးကြီးတွေရဲ့ နယ်မြေပဲ... ဒါက နတ်ဆိုးတွေရဲ့ အသိုက်ကြီးကွ...”

“ငါတို့တော့ ချမ်းသာပြီကွ...”

“ငါတို့ တကယ်ကြီး ချမ်းသာတော့မယ်...”

သူက လူငယ်တစ်ယောက်ဘက်သို့ လှမ်းကြည့်ပြီး အော်ပြောလိုက်သည်။

“လောင်လျူ... မင်းက အဲဒီမှာ ဘာရပ်လုပ်နေတာလဲ... မြန်မြန်လုပ်ပြီး ဒရုန်းကို လွှတ်တင်လိုက်စမ်း... သွားပြီး အဲဒီရွာကို ရိုက်... အကုန်လုံးကို ရိုက်ယူခဲ့... ဒါက ငါတို့ ရှာနေတဲ့ သဲလွန်စပဲ...”

ကျူးချန်က စိတ်လှုပ်ရှားလာခဲ့သည်။ ဤသည်မှာ ဒဏ္ဍာရီလာ မြင်ကွင်းတစ်ခု ဖြစ်သည်။

လယ်ယာအလုပ် လုပ်နေကြသည့် မဟာနတ်ဆိုးကြီးများအုပ်စု၊ ဤအရာက ကမ္ဘာကြီးကို လုံးဝ တုန်လှုပ်သွားစေမည်မှာ သေချာပေသည်။

အခန်း (၄) ငါ့ရဲ့အတန်းခေါင်းဆောင်က ဓားအင်မော်တယ်တစ်ပါးပဲ

ကောင်းကင်ဝံပုလွေ ကြေးစားတပ်ထဲတွင် လောင်လျူဟု နာမည်ပြောင်ခေါ်သော အသားမည်းမည်း၊ မျက်ခုံးထူထူနှင့် မျက်လုံးပြူးပြူး လူတစ်ယောက် ရှိပေသည်။

သူ၏ နှုတ်ခမ်းများက ထူထဲပြီး သွားများက အလွန်ဖြူဖွေးနေခဲ့သည်။

အခြေအနေကို မြင်သောအခါ သူက ဒရုန်းတစ်စင်းကို ချက်ချင်းထုတ်ယူလိုက်ပြီး ရှေ့သို့ပျံသန်းသွားရန် ထိန်းချုပ်လိုက်ကာ သူ၏ လက်မောင်းပေါ်ရှိ မျက်နှာပြင်ကို စိုက်ကြည့်နေခဲ့သည်။

ခေါင်းဆောင်ဖြစ်သူကို ထိုမျှလောက် သနားစရာကောင်းလောက်အောင် ကြောက်လန့်သွားစေသည့် မြင်ကွင်းက မည်သို့သော မြင်ကွင်းမျိုးလဲဆိုသည်ကို သူ မြင်ချင်နေခဲ့သည်။

ထိုအချိန်တွင် ကျူးချန်က အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ပူနေသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကာ တောင်ပေါ်ရွာဘက်သို့ ကြည့်ရန် သူ၏ မှန်ပြောင်းကို အဖန်ဖန်အထပ်ထပ် ကောက်ကိုင်နေမိသည်။

အခြားအဖွဲ့ဝင်များက ခေါင်းဆောင်ကို ထူမပေးလိုက်ပြီး စိတ်ငြိမ်ဆေးတစ်လုံးကို တိုက်လိုက်ကြသည်။ ကြေးစားတပ်သားများ ဖြစ်သည်နှင့်အညီ သူတို့သည် အရေးပေါ်အခြေအနေများအတွက် ဆေးဝါးအမျိုးမျိုးကို သယ်ဆောင်လာခဲ့ကြသည်။

ခေါင်းဆောင်ဖြစ်သူက ဤမျှလောက် ကြောက်လန့်သွားအောင် ကြီးမားသော တုန်လှုပ်မှုကို ခံစားခဲ့ရသည်မှာ ထင်ရှားပေသည်။ အကယ်၍ အတင်းအကျပ် သတိပြန်လည်လာစေရန် လုပ်ဆောင်ပါက သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားနိုင်ပြီး အရူးတစ်ယောက် ဖြစ်သွားနိုင်ချေရှိသည်။

တောင်ပေါ်ရွာလေးအတွင်း၌...

လမ်းခင်းနေသော ခွေ့နျူက ခေါင်မိုးပြင်နေသည့် အရောင်ငါးမျိုး လျှို့ဝှက်ဆန်းကြယ်ငှက်ကို မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူတို့အနေဖြင့် တစ်ခုခု လုပ်သင့်သလားဟု မေးနေသည့်အလားပင်။

လျှို့ဝှက်ဆန်းကြယ်ငှက်က ခေါင်းယမ်းလိုက်ပြီး သူ့ကို လျစ်လျူရှုကာ ၎င်း၏ အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။

လူသားမျိုးနွယ်တို့ နောက်ဆုံးတွင် ဤနေရာသို့ ခြေချလာလိမ့်မည်ကို သူတို့က ကြိုတင်မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က ဤကိစ္စများကို တာဝန်ယူဖြေရှင်းပေးလိမ့်မည်မှာ သဘာဝပင်ဖြစ်သည်။

“ဝှစ်…”

ဒရုန်းက ပျံတက်သွားပြီး မီတာပေါင်းများစွာ အမြင့်သို့ တက်သွားကာ တောင်ပေါ်ရွာလေးဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားခဲ့သည်။

ထိုစဉ် ဓားအလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်လာခဲ့သည်။

ပထမတစ်ချက်ကြည့်လိုက်ချိန်တွင် ၎င်းက အဖြူရောင်မျဉ်းတစ်ကြောင်းကဲ့သို့ အဝေး၌ ရှိနေသော်လည်း နောက်တစ်ခဏတွင် လျှပ်စီးလက်သကဲ့သို့ သူတို့၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ဘုန်း…”

ဓားချီက အပ်တစ်ချောင်းကဲ့သို့၊ ကောင်းကင်ကို ဖြတ်သန်းသွားသော ကြယ်ပျံတစ်စင်းကဲ့သို့ ဖြစ်နေခဲ့သည်။

ဒရုန်းက တိုက်ရိုက်ပေါက်ကွဲသွားပြီး အပိုင်းအစများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပြာပုံအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

“မင်းတို့က မရိုက်ကူးသင့်တာတွေကို ရိုက်ကူးထားပုံရတယ်...”

လူတိုင်း အကြောက်တရားဖြင့် ဖြူရော်သွားချိန်တွင် သူတို့နောက်မှ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အဝါရောင်ဝတ်လူငယ်တစ်ဦး ပေါ်လာခဲ့သည်။

မဟုတ်သေးပေ။

တိတိကျကျပြောရလျှင် သူက လူသားခန္ဓာကိုယ်သာ ရှိသော်လည်း ခြေထောက်များက နတ်ဆိုးတစ်ကောင်၏ လက္ခဏာများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

အဖြူရောင်ခြေထောက်များနှင့် ခြေသည်းသုံးချောင်း။

သူသည် အပြည့်အဝ အသွင်ပြောင်းလဲရန် နီးစပ်နေသော မဟာနတ်ဆိုးကြီးတစ်ကောင် ဖြစ်ကြောင်း ထင်ရှားနေပေသည်။

“ဘုတ်…”

ကျူးချန်၏ လက်ထဲမှ မှန်ပြောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ တစ်ကိုယ်လုံးက ထိန်းမရအောင် တုန်ယင်နေပြီး ဝိညာဉ်ပင်လျှင် တုန်လှုပ်နေခဲ့သည်။

“ချမ်းသာ... ချမ်းသာပေးပါ...”

သူက ဒူးထောက်ကျသွားပြီး အကြိမ်ကြိမ် အသနားခံနေခဲ့သည်။

ကောင်းကင်ဝံပုလွေ ကြေးစားတပ်မှ အခြားအဖွဲ့ဝင် ငါးဦးက ပို၍ပင် ကြောင်အမ်းသွားခဲ့ကြပြီး အဝါရောင်ဝတ်လူငယ်ကို မျက်လုံးပြူးကာ စိုက်ကြည့်ရင်း သူ၏ လက်နက်ကို အကဲခတ်နေမိကြသည်။

*စောစောက အရာက ဘာလဲ... အသေးစား ဒုံးကျည်လား... လက်နက်အသစ်တစ်မျိုးလား…*

သူတို့ရှေ့မှ လူသည် မဟာနတ်ဆိုးကြီးတစ်ကောင်ဖြစ်ပြီး စောစောက အသုံးပြုခဲ့သည်မှာ ကဗျာတစ်ပုဒ်မှတစ်ဆင့် သူ ဉာဏ်အလင်းပွင့်ခဲ့သော ဓားထိန်းချုပ်မှု နည်းစနစ်ဖြစ်ကြောင်း သူတို့ လုံးဝ မသိခဲ့ကြပေ။

ယခုနှစ် နွေဦးပွဲတော်ကာလအတွင်း လေနှင့်နှင်းများ ကျဆင်းလာချိန်၌ ယဲ့ချန်က ရုတ်တရက် စိတ်ကူးပေါက်လာပြီး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့သည်။ ထိုကဗျာထဲတွင် ‘စာအုပ်နှင့် ဓားသည် ကောင်းကင်ဘုံသို့ တက်လှမ်းသွားကြပြီး မိုးနှင့်နှင်းများက ဇာတိမြေမှ ဝေးကွာစွာ ကျဆင်းနေသည်’ ဟူသော စာသား ပါဝင်ခဲ့သည်။

အဝါရောင်ဝတ်လူငယ်က ဉာဏ်အလင်းပွင့်သွားခဲ့ပြီး ကောင်းကင်ပြာဓားဟု အမည်ရသည့် ဓားထိန်းချုပ်မှု နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့သည်။

“ဆရာက ဘယ်သူ့ကိုမှ ဒီနေရာကို မနှောင့်ယှက်စေချင်ဘူး... ဒါကြောင့် တောင်းပန်ပါတယ် မင်းတို့ လာရာလမ်းကိုပဲ ပြန်သွားကြပါ... တခြားသူတွေကို ကြင်ကြင်နာနာဆက်ဆံပြီး သူငယ်ချင်းများများဖွဲ့ဖို့ ဆရာက ငါတို့ကို သင်ပေးဖူးတယ်...”

အဝါရောင်ဝတ်လူငယ်၏ မျက်နှာက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။ သူသည် အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး ပြည်နှင်ဒဏ်ခံရသော အင်မော်တယ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည့် ထူးချွန်သော ကိုယ်ရည်ကိုယ်သွေးမျိုး ရှိပေသည်။

သူက ကျူးချန်ကို ထူမပေးလိုက်ပြီး ထန်လန့်ကို ကြည့်ကာ လက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်။ ဝိညာဉ်အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ကို သတိပြန်လည်လာစေခဲ့သည်။ သူက ဆက်၍ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ သူငယ်ချင်းတွေ လာရင် ဝိုင်နဲ့အသား ရှိပြီး ရန်သူတွေ လာရင်တော့ ဓားတွေပဲ ရှိတယ်လို့လည်း ဆရာက ပြောဖူးတယ်... မင်းတို့ လိမ္မာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်... ဒါတွေအားလုံးကို မေ့ပစ်လိုက်ပြီး သတင်းမဖြန့်ပါနဲ့...”

အဝါရောင်ဝတ်လူငယ်က သူ၏ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေပြင်းတစ်ချက် ထွက်ပေါ်လာပြီး လူတိုင်းကို ပင့်မကာ မီတာရာပေါင်းများစွာဝေးသော သစ်တောထဲသို့ လွှင့်ပစ်လိုက်သည်။ သူတို့အားလုံးမှာ ကြောင်အမ်းအမ်းနှင့် တွေဝေသွားခဲ့ကြသည်။

“ဝှစ်…”

အဖြူရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ အတောင်ပံပါသော ကောင်းကင်ဘုံမြင်းတစ်ကောင်က အဝါရောင်ဝတ်လူငယ်၏ ဘေးတွင် ရပ်နေပြီး လူစကားပြောလိုက်သည်။

“အတန်းခေါင်းဆောင်... ငါတို့က သူတို့ကို ဒီလိုပဲ ထွက်သွားခွင့်ပေးလိုက်တော့မလို့လား... သူတို့က ဒီနေရာကို သတင်းဖြန့်လိုက်ရင် ဘယ်လိုလုပ်မလဲ...”

ကောင်းကင်ဘုံမြင်းက ကင်းလှည့်ရန် တာဝန်ယူထားသည်။ ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများ သစ်တောထဲသို့ ခြေချလိုက်သည်နှင့် သူ သိသွားခဲ့သည်။

သူက ဆုံးဖြတ်ချက်ချရန်အတွက် အတန်းခေါင်းဆောင်ထံသို့ သတင်းကို အမြန်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဝါရောင်ဝတ်လူငယ်က လက်နောက်ပစ်လျက် ရပ်နေပြီး သူ၏ မျက်လုံးများက မိုင်သန်းပေါင်းများစွာကို ဖောက်ထွင်းမြင်နိုင်သည့်အလား ထက်မြက်သော အလင်းတန်းများ လင်းလက်နေခဲ့သည်။ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“ဒီကမ္ဘာကြီးက နောက်ဆုံး ဝိညာဉ်ချီ ပြန်လည်နိုးထခြင်းကို ကြိုဆိုရတော့မယ်လို့ ဆရာက တစ်ခါပြောဖူးတယ်... ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဝိညာဉ်ချီက ပိုပိုပြီး သိသာထင်ရှားလာတယ်... ပါရမီရှင်တချို့က ဒါကို ခံစားမိနေလောက်ပြီ...”

“ဆရာက ငါတို့ရဲ့ တောင်ကြီးကို အုပ်စိုးနေတာဆိုတော့ ဒီတောင်က သူတော်စင်တစ်ပါးရဲ့ အငွေ့အသက်တွေကို ပိုင်ဆိုင်ထားတယ်... ဒါက နောက်ဆုံးမှာ နေရာပေါင်းစုံက အာရုံစိုက်မှုကို ဆွဲဆောင်လာလိမ့်မယ်... ဒါက အစပဲ ရှိသေးတယ်... မင်းတို့ တဖြည်းဖြည်းနဲ့ အသားကျသွားရလိမ့်မယ်...”

“လူသားမျိုးနွယ်တွေက ငါတို့အပေါ် ဘယ်လိုသဘောထားရှိလဲဆိုတာကို သိရအောင် အပြင်လူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ ဒီအခွင့်အရေးကို ယူလိုက်ရအောင်...”

ကောင်းကင်ဘုံမြင်းက ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“ဒါဆို... ငါတို့ ဘာလုပ်ရမလဲ... ဆရာ့ရဲ့ တပည့်တွေက နတ်ဆိုးတစ်အုပ်ဖြစ်နေမှန်းသာ ဆရာသိသွားရင် အရမ်းဝမ်းနည်းသွားလိမ့်မယ်...”

“ဒေါက်…”

“လျှောက်မတွေးစမ်းပါနဲ့...”

အဝါရောင်ဝတ်လူငယ်က ကောင်းကင်ဘုံမြင်း၏ ခေါင်းကို ခပ်ဖွဖွ တစ်ချက်ခေါက်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ငါတို့က ဘယ်လိုပဲပုံပေါက်နေပါစေ ဆရာ့နှလုံးသားထဲမှာတော့ ငါတို့က အမြဲတမ်း ဆရာ့ရဲ့ တပည့်တွေပဲ ဖြစ်နေမှာပါ... ဆရာက ငါတို့ရဲ့ ဇာစ်မြစ်ကို ဘယ်တော့မှ ရွံရှာမှာမဟုတ်ဘူး...”

သူက လှည့်ထွက်သွားပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ဘုံမြင်းက နှာခေါင်းမှုတ်လိုက်ပြီး အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ သူ၏ ကင်းလှည့်ခြင်းကို ဆက်လုပ်ရန် သစ်တောထဲသို့ တိုးဝင်သွားခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်ခန့်က ဆရာ့၏ သင်ခန်းစာကို နားထောင်ရင်း ‘ကွက်လပ်ကိုဖြတ်ကျော်သော မြင်းဖြူ’ ဟူသော နည်းစနစ်ကို သူ နားလည်သဘောပေါက်သွားခဲ့ပြီး သူ၏ အမြန်နှုန်းကို အဆတစ်ရာကျော် တိုးမြှင့်ပေးခဲ့သည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင် သူသည် မီတာတစ်ထောင်အထိ သွားနိုင်ပေသည်။

သစ်တောထဲတွင်...

ကောင်းကင်ဝံပုလွေ ကြေးစားတပ်မှ အဖွဲ့ဝင်များက ကမန်းကတန်း ထရပ်လိုက်ကြသည်။ ထန်လန့်နှင့် ကျူးချန်တို့က မှန်ပြောင်းမှတစ်ဆင့် သူတို့မြင်ခဲ့ရသည်များကို ပြောပြသောအခါ ကျန်သည့် ငါးယောက်က နောက်ဆုံးတွင် အခြေအနေကို နားလည်သဘောပေါက်သွားကြပြီး အော်ဟစ်လိုက်ကြသည်။

“နတ်ဆိုးတွေ... သူတို့အားလုံးက နတ်ဆိုးတွေပဲ...”

“ငါတို့ ဒီအလုပ်ကို မယူတော့ဘူးလို့ စစ်ထူမိသားစုကို ပြန်သွားပြောကြမယ်... ဒီကနေ ထွက်သွားကြစို့...”

“မြန်မြန်ပြေးကြ... မဟုတ်ရင် ဒီမှာတင် ငါတို့သေရလိမ့်မယ်...”

“ဒီမှာ နတ်ဆိုးတွေ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ...”

“ဒါက ငါ့ရဲ့ နားလည်မှုကို လုံးဝ ပြောင်းလဲသွားစေတယ်... ဒါက လုံးဝ သိပ္ပံနည်းမကျဘူး...”

ထန်လန့်မှာ သေးပင်ထွက်ကျလုမတတ် ဖြစ်သွားခဲ့သည်။ ယခုအချိန်အထိ သူ၏ ခြေထောက်များက အားနည်းနေဆဲဖြစ်ပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေခဲ့သည်။

စောစောက အဝါရောင်ဝတ်လူငယ်၏ ပေါ်လာမှုက သူ၏ ကမ္ဘာ့အမြင်ကို လုံးဝ မှောက်လှန်ပစ်လိုက်သည်။

တောင်နက်ကြီးများနှင့် ရှေးဟောင်းသစ်တောများထဲတွင် နတ်ဆိုးများနှင့် ပြည့်နှက်နေသော တောင်ပေါ်ရွာလေးတစ်ရွာ ရှိနေလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

“သွားကြစို့...”

ကျူးချန်က အံကြိတ်လိုက်ပြီး ဓာတ်ပုံမရိုက်ခဲ့မိသည်ကို နောင်တရနေမိသည်။ သို့မဟုတ်ပါက ၎င်းကို ပြန်ယူသွားလျှင် သဲလွန်စတစ်ခုအဖြစ် သတ်မှတ်ခံရပြီး အနည်းဆုံး ငွေအချို့ ရနိုင်ပေမည်။

ဤခရီးက အချိန်ဖြုန်းသလို ဖြစ်သွားပြီး သူ၏ သားဖြစ်သူ၏ ခွဲစိတ်ခအတွက်လည်း မသေချာသေးပေ။

ထို့အပြင် တော်တော်လေး တန်ဖိုးကြီးသော ဒရုန်းတစ်စင်းလည်း ပျက်စီးသွားခဲ့သည်။

သူက အနည်းငယ် စိတ်ပျက်အားငယ်နေခဲ့သည်။

“မြန်မြန်လုပ်...”

“အမြန်ဆုံး အမြန်နှုန်းနဲ့ သွား...”

ရှန့်ကွမ်းချီသည် သူမ၏ အဖွဲ့နှင့်အတူ နောက်ဆုံးတွင် ဝေါလုံသစ်တောသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ အမိန့်ပေးမှုနှင့်အတူ လူတိုင်းက အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် သစ်တောထဲသို့ ဝင်ရောက်သွားကြသည်။

ကောင်းကင်ဝံပုလွေ ကြေးစားတပ်၏ လမ်းကြမ်းသုံးကားကို ထိုနေရာတွင် ရပ်ထားသည်ကို သူမ မြင်လိုက်ရပြီး သူတို့က အရင်ဦးဆောင်သွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

အချိန်က ဘယ်သူ့ကိုမှ မစောင့်ပေ။ သူတို့သည် အချိန်နှင့်အမျှ အပြိုင်ကြိုးစားရမည် ဖြစ်သည်။

“ဟင်…”

သစ်တောထဲသို့ မီတာအနည်းငယ် ဝင်ရောက်ပြီးချိန်တွင် ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများ အလောတကြီး ပြန်ပြေးလာသည်ကို ရှန့်ကွမ်းချီ မြင်လိုက်ရသည်။ သူတို့တစ်ယောက်စီတိုင်း၏ မျက်နှာတွင် ထိတ်လန့်နေသောအမူအရာများ ရှိနေပြီး မျက်လုံးများထဲတွင် အကြောက်တရားများ ရှိနေခဲ့သည်။

*ဘာတွေဖြစ်နေတာလဲ…*

သူမက မျက်ခုံးပင့်လိုက်မိပြီး အနည်းငယ် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

သူမ စဉ်းစားနေစဉ် ထန်လန့်၏ အော်သံကို ကြားလိုက်ရသည်။

“ရှန့်ကွမ်းသခင်မလေး... ခင်ဗျား ဆက်ဝင်သွားလို့ မရဘူး... မြန်မြန် ပြန်ဆုတ်... အထဲမှာ နတ်ဆိုးတွေ ရှိတယ်... သူတို့အားလုံးက နတ်ဆိုးတွေချည်းပဲ...”

ဤစကားကို ပြောချိန်၌ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်ခြင်း သို့မဟုတ် နောက်ပြောင်ခြင်း လုံးဝမရှိဘဲ အလွန်အလေးအနက်ထားကာ တည်ကြည်နေခဲ့သည်။

*အဟက်...ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား…*

ရှန့်ကွမ်းချီက သူ့ကို လုံးဝ မယုံကြည်ခဲ့ပေ။ သူမက နှုတ်ခမ်းမဲ့လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

“စစ်ထူမိသားစုကို ပြန်သွားပြောလိုက်... သူတို့ရဲ့ အကြံအစည်တွေကို အနောက်တိုင်း နတ်စွမ်းအင်အဖွဲ့အစည်းကို ရင်ဆိုင်ဖို့အတွက်ပဲ ချန်ထားလိုက်ပါလို့... ငါတို့ ရှန့်ကွမ်းမိသားစုက ဒီရှေးဟောင်းအင်မော်တယ်အပျက်အစီးတွအတွက် ပထမဆုံး သဲလွန်စကို ရကိုရရမယ်...”

သူမ၏ အကြည့်က အနည်းငယ် အေးစက်နေပြီး ရွံရှာမထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေခဲ့သည်။

ကောင်းကင်ဝံပုလွေ ကြေးစားတပ်သည် ကြေးစားတပ်ဖွဲ့ အဆင့်သတ်မှတ်ချက်များတွင် ထိပ်တန်း အဖွဲ့ ၁၀၀ စာရင်းဝင် ဖြစ်ပေသည်။ ယခုလို အချိုးမပြေသော ဆင်ခြေမျိုးကို အသုံးပြုခြင်းက တကယ့်ကို ယုတ်မာပြီး အရှက်မရှိရာ ကျလှပေသည်။

*သူမကို လှည့်စားဖို့အတွက် သင့်တော်တဲ့ ဆင်ခြေတစ်ခု ရှာဖို့တောင် သူတို့ မကြိုးစားကြတော့ဘူးလား*

*အထဲမှာ နတ်ဆိုးတွေ ရှိတယ်တဲ့လား*

*ဂြိုဟ်သားတွေ ရှိတယ်လို့ပါ တစ်ခါတည်း ပြောလိုက်ပါတော့လား*

“ခေါင်းဆောင်...”

ကျူးချန်က လှမ်းခေါ်လိုက်သည်။

“သူမက ငါတို့ကို မယုံဘူး...”

ထန်လန့်က စဉ်းစားလိုက်ပြီး သူ၏ အကြည့်များ ကျဉ်းမြောင်းသွားကာ သက်ပြင်းချလိုက်သည်။

“ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ သရဲတစ်ကောင်ကို အကြံကောင်းပေးဖို့ဆိုတာ ခက်တယ်... ငါတို့ ဆုတ်ကြမယ်... သူမကို ဂရုမစိုက်နဲ့တော့...”

“ဟုတ်တယ်...”

သူတို့ ကားရပ်ထားသည့်နေရာသို့ ပြန်ရောက်သောအခါ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

“တောက်...”

“ကားတာယာတွေ အဖောက်ခံထားရတယ်...”

ကောင်းကင်ဝံပုလွေ ကြေးစားတပ်မှ အဖွဲ့ဝင်များအားလုံး ဆွံ့အသွားကြသည်။ သစ်တောထဲသို့ အတော်လေး ဝင်ရောက်သွားပြီဖြစ်သော ရှန့်ကွမ်းချီကို ကြည့်ရင်း သူတို့က သွားကြိတ်ကာ သူတို့၏ ကံဆိုးမှုကိုသာ လက်ခံလိုက်ရတော့သည်။

မကြာမီ။

ရှန့်ကွမ်းချီက သူမ၏ လူများကို ဦးဆောင်ကာ သစ်တောထဲသို့ ဖြတ်သန်းသွားခဲ့သည်။ မြေပြင်ပေါ်ရှိ မှန်ပြောင်းကို မြင်သောအခါ သူမက ကောက်ကိုင်လိုက်သည်။

“ကြည့်စမ်း... ဟိုဘက်မှာ လူတစ်ယောက်ယောက် ရှိနေတာလား...”

“တောင်ပေါ်ရွာလေးတစ်ရွာနဲ့ တူတယ်...”

“ထူးဆန်းလိုက်တာ... ဒီမှာ တကယ်ကြီး လူတွေ နေကြတာလား...”

“သွားကြည့်ကြရအောင်...”

“သူတို့က ရှေးဟောင်းအင်မော်တယ်အပျက်အစီးတွေရဲ့ သင်္ချိုင်းစောင့်တွေ ဖြစ်နိုင်တယ်...”

ရှန့်ကွမ်းချီက မှန်ပြောင်းကို ကောက်ကိုင်ကြည့်လိုက်သည်။ ကြေးစားတပ်သားများ အသုံးပြုသော ပစ္စည်းကိရိယာများက တကယ့်ကို ရှင်းလင်းပြတ်သားပြီး အသေးစိတ်တိုင်းကို မြင်တွေ့ရပေသည်။

အကိုင်းအခက်များပေါ်တွင် သေးငယ်သော ငှက်ကလေးတစ်စု အေးအေးဆေးဆေး အော်မြည်နေသည့် သစ်ပင်ကြီးတစ်ပင်ကို သူမ မြင်လိုက်ရသည်။ ထိုသစ်ပင်အောက်တွင် လူငယ်တစ်ယောက် ထိုင်နေသည်။ သူသည် အစိမ်းရောင်အဝတ်စဖြင့် မျက်လုံးကို စည်းထားပြီး သေသပ်လှပသော မျက်နှာသွင်ပြင်နှင့် အရပ်မြင့်မြင့် မတ်မတ် ကိုယ်ဟန်အမူအရာ ရှိပေသည်။

သူက လက်ထဲတွင် လမ်းလျှောက်တုတ်တစ်ချောင်းကို ကိုင်ထားကာ မြေပြင်ကို ခပ်ဖွဖွ ပုတ်နေပြီး ကလေးကဗျာတစ်ပုဒ်ကို ညည်းဆိုနေပုံရသည်။ သူသည် ရိုးရှင်းပြီး အပြစ်ကင်းစင်သော တောင်ပေါ်ရွာ လူငယ်လေးတစ်ယောက်နှင့် တူနေပေသည်။

“ဘယ်မှာလဲ နတ်ဆိုးတွေ... ဒါက လူတွေနေတဲ့ တောင်ပေါ်ရွာလေးဖြစ်တာ အထင်အရှားပဲ...”

“ကြေးစားတပ်သားတွေရဲ့ အသိုင်းအဝိုင်းမှာ အမှန်တရားဆိုတာ တစ်ခွန်းမှ မရှိဘူး...”

ရှန့်ကွမ်းချီက မှန်ပြောင်းကို အောက်ချလိုက်ပြီး ညာဘက်လက်ကို ဝှေ့ယမ်းပြကာ သစ်ပင်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။ ရှေးဟောင်းအင်မော်တယ်အပျက်အစီးများနှင့် ပတ်သက်၍ ဤလူငယ်က တစ်ခုခုတော့ သိထားရမည်ဟု သူမ ယုံကြည်နေခဲ့သည်။

“ရှောင်ချီ...”

“မြန်မြန်ရပ်လိုက်ဦး...”

သူတို့ မီတာအနည်းငယ်မျှ လျှောက်သွားပြီးချိန်တွင် အဖွဲ့ဝင်တစ်ဦးက ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာထက်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ နှုတ်ခမ်းများ တုန်ယင်လျက် ရှန့်ကွမ်းချီကို အော်ခေါ်လိုက်သည်။

သူက အဝေးသို့ လက်ညှိုးထိုးပြကာ ထစ်အထစ်အဖြင့် ပြောလိုက်သည်။

“နတ်... နတ်... နတ်ဆိုးတွေ...”

“ဟင်…”

ရှန့်ကွမ်းချီက ဘေးနှစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ သူငယ်အိမ်များက ကျဉ်းမြောင်းသွားပြီး သူမ၏ လှပသော မျက်နှာလေးက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

All Chapters