အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉) ရှန့်ကွမ်းချီ၏ အသွင်ကူးပြောင်းမှု
ရှန့်ကွမ်းချီမှလွဲ၍ ကျန်ရှိသော အဖွဲ့ဝင်ရှစ်ယောက်မှာ ဝိညာဉ်မြူများကို တိုက်ရိုက် မစုပ်ယူခဲ့ကြသော်လည်း ယဲ့ချန်၏အနီးတွင် ရပ်နေခဲ့ရုံမျှဖြင့် သူတို့၏ခန္ဓာကိုယ်များမှာ သိသိသာသာ သန့်စင်သွားခဲ့သည်။ သူတို့တွင် အစစ်အမှန်ချီ မရှိသေးသော်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာမန်ကြေးစားတပ်သားများကို ယှဉ်နိုင်ရုံသာမက သာလွန်သွားခဲ့ပြီဖြစ်သည်။
သူတို့သည် လျင်မြန်စွာ လှုပ်ရှားရင်း ရှန့်ကွမ်းချီ၏နောက်မှ လိုက်ပါလာကြရာ ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများကို အဝေးကြီးတွင် ချန်ထားရစ်ခဲ့တော့သည်။
“ဘာတွေဖြစ်နေတာလဲ... ရှန့်ကွမ်းမိသားစုမှာ သိုင်းပညာရှင်တွေ ရှိတာမှန်ပေမဲ့ အနိမ့်ဆုံးအဆင့်တွေပဲလေ... သူတို့ ဒီလောက်အမြန်နှုန်းနဲ့ ပြေးနိုင်စရာ အကြောင်းမရှိဘူး...”
“ငါတို့က အလယ်ပိုင်းဒေသမှာတောင် လှုပ်ရှားခဲ့တာပဲ... ‘ဆယ်လှမ်းမှာ တစ်ယောက်သတ်၊ မိုင်တစ်ထောင်မှာ ခြေရာမကျန်’ ဆိုတဲ့ ခေါင်းဖြတ်တာဝန်တွေကိုတောင် နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးတာလေ... ဘာလို့ သူတို့ကို မမီရတာလဲ...”
ထန်လန့်၊ ကျူးချန်နှင့် ကျန်ရှိသောအဖွဲ့သားများမှာ အမောတကောဖြင့် ရပ်တန့်လိုက်ကြရသည်။
သူတို့မှာ လေးလံသော ကျောပိုးအိတ်များကို သယ်ဆောင်ထားရသဖြင့် ယခုလို အပြင်းနှင်ပြေးခြင်းက ခွန်အားများကို ကုန်ခမ်းစေသည်။
“ခြေလျင်ပြေးတာ ရပ်လိုက်တော့... ကားနဲ့ပဲ ပြန်မောင်းကြမယ်...”
ထန်လန့်က မျက်မှောင်ကြုတ်ရင်း စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားမိသည်။ ရှန့်ကွမ်းချီ၏ အမြန်နှုန်းမှာ သိသိသာသာကို ပုံမှန်မဟုတ်တော့ပေ။ ၎င်းမှာ ရှန့်ကွမ်းမိသားစု၏ သိုင်းပညာရပ်မျိုး လုံးဝမဟုတ်ချေ။
“ဘော့စ်”
ကျူးချန်မှာ မကျေမနပ် ဖြစ်နေခဲ့သည်။ ဤခရီးစဉ်တွင် ဘာမှမရခဲ့သည့်အပြင် သူ၏သားဖြစ်သူအတွက်လည်း ဆေးဖိုးဝါးခ လိုအပ်နေသေးသည်။ အထဲရှိ နတ်ဆိုးကြီးများကိုသာ မကြောက်လျှင် သူသည် ရှေးဟောင်းအင်မော်တယ်အပျက်အစီးများကို ဆက်လက်စုံစမ်းရန် ပြန်ပြေးဝင်ချင်စိတ် ပေါက်နေမိသည်။
“မလောနဲ့ဦး...”
ထန်လန့်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ရှန့်ကွမ်းမိသားစုက ထျန်းယွီတောင်ထဲကို အတော်လေး ဝင်သွားခဲ့တာပဲ... သူတို့ ဘာပဲရခဲ့ရခဲ့ ငါတို့က သတင်းကို အရင်ဦးအောင် ဖြန့်ပစ်လိုက်မယ်... တခြားလူတွေက သူတို့ကို ကိုင်တွယ်လိမ့်မယ်... ဒါဆိုရင်လည်း စစ်ထူမိသားစုရဲ့ တာဝန်ကို ကျေပွန်တာပဲလေ...”
“အဲဒီလိုပဲ မျှော်လင့်ရမှာပဲ...”
ကျူးချန်က သဘောတူလိုက်သည်။
“ဒီကျိန်စာသင့်တဲ့နေရာကို ငါ နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး...”
ထျန်းယွီတောင်တန်းတွင် တောင်ထွတ်ပေါင်း ခုနစ်ဆယ့်နှစ်ခု ရှိသော်လည်း ထိုရွာလေးမှာ တောင်၏အလယ်ဗဟိုတွင် မဟုတ်ဘဲ အဝင်ဝနားတွင်သာ ရှိနေခြင်းဖြစ်သည်။
အနီးဆုံး လူသားမြို့ပြဖြစ်သော ခါမြို့မှာ ကီလိုမီတာ သုံးရာကျော် ဝေးကွာပြီး စိမ်းလန်းစိုပြည်လှသော မြက်ခင်းပြင်ကြီးများကို ဖြတ်ကျော်သွားရသည်။ ထိုမြင်ကွင်းမှာ နတ်ဘုံနတ်နန်းတစ်ခုအလား လှပလှပေသည်။
သို့သော် ကျောက်ကပ်ညွှန်များနှင့် သဲကန္တာရများကဲ့သို့ ဖုံးကွယ်ထားသော အန္တရာယ်များလည်း ရှိနေပြီး ကျူးကျော်သူများကို အရှင်လတ်လတ် ဝါးမြိုပစ်နိုင်ပေသည်။
ရှန့်ကွမ်းချီတို့အုပ်စုမှာ တောင်ကုန်းတစ်ခုဆီသို့ အပြေးအလွှား သွားကြပြီး ကြိုတင်လုပ်ထားသော အမှတ်အသားတစ်ခုကို ရှာဖွေလိုက်ကြသည်။ ထို့နောက် ထူထဲသော ပေါင်းပင်များကို ဖယ်ရှားလိုက်ရာ လမ်းကြမ်းသုံးကားတစ်စီး ပေါ်လာခဲ့သည်။
၎င်းမှာ တောင်ထဲမဝင်ခင်က သူတို့ သိမ်းဆည်းကာ ကာကွယ်ထားခဲ့သော ယာဉ်ပင်ဖြစ်သည်။
“စီနီယာအစ်မချီက အကုန်လုံးကို ကြိုတွေးထားတာပဲ... ဟားဟား။ အဲဒီကြေးစားတွေက ငါတို့ သစ်တောထဲမဝင်ခင် ကားကို ဒီမှာဝှက်ထားခဲ့မယ်လို့ ဘယ်တော့မှ ထင်မှာမဟုတ်ဘူး...”
“ဒီမှာ ဖုန်းလိုင်းမမိသေးဘူး... ဆက်မောင်းကြစို့...”
“ဒီသတင်းကို အရင်ဦးအောင် ပေးပို့ရမယ်...”
“ဒီကမ္ဘာကြီးက... ပြောင်းလဲသွားပြီ...”
ရှန့်ကွမ်းချီသည် သူမ၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုကို ခံစားနေမိသည်။ ပိုးချည်မျှင်လေးကဲ့သို့ သေးသွယ်သော်လည်း ငြင်းမရနိုင်လောက်အောင် တည်ရှိနေသော ဝိညာဉ်ချီအလင်းတန်းလေးက သူမ၏တစ်ကိုယ်လုံးကို အကျိုးကျေးဇူးများ ပေးစွမ်းနေသည်။
သူမသည် အမောတကောဖြစ်ခြင်းမရှိဘဲ အရှိန်အဟုန်ဖြင့် ပြေးနိုင်ခဲ့ပြီး ခွန်အားများမှာလည်း အဆုံးမရှိသကဲ့သို့ ခံစားနေရသည်။ နောက်ထပ် မိုင်တစ်ရာလောက်ပင် ဆက်ပြေးနိုင်သေးသည်။
“ဟူး..ဟူး”
သူမသည် ကား၏ ရှေ့ခန်းတွင် မျက်လုံးမှိတ်ကာ ထိုင်နေရင်း စဉ်းစားနေမိသည်။ ဤထျန်းယွီတောင် ခရီးစဉ်မှာ သူမ၏ ကမ္ဘာ့အမြင်ကို အကြီးအကျယ် ပျက်စီးသွားစေခဲ့ပြီ။
နတ်ဆိုးကြီးများအုပ်စိုးသော နယ်မြေဆိုသည့် သတင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာသည်။
လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ကျိန်ဆိုခဲ့သော်လည်း သူမသည် သတင်းကိုတော့ တင်ပြရပေမည်။
“စီနီယာအစ်မ... ဟိုရှေ့မှာ လူတွေ!”
“သံလက်သီးဂိုဏ်းက သိုင်းပညာရှင်တွေနဲ့ တူတယ်...”
“သူတို့က အခုမှ ဘာလို့ ရောက်လာတာလဲ...”
“သူတို့ကို သစ်တောထဲမဝင်ဖို့ သတိပေးသင့်လား...”
ကားထဲမှ တစ်ယောက်ယောက်က အော်ပြောလိုက်သည်။ သူကား ကားမောင်းနေသော ရှန့်ကွမ်းတာလီ ပင်ဖြစ်သည်။
ရှန့်ကွမ်းချီ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဆိုင်ကယ်များဖြင့် သူတို့ဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်လာကြသော လူတစ်စုကို တွေ့လိုက်ရသည်။
စုစုပေါင်း တစ်ဆယ့်နှစ်ယောက်ဖြစ်ပြီး အားလုံးမှာ သိုင်းပညာရှင်များ ဖြစ်ကြသည်။
ပြန်လာသော ကားကို မြင်သောအခါ သူတို့က အရှိန်လျှော့လိုက်ကြပြီး နှစ်ဖက်စလုံးမှာ မီတာတစ်ရာအကွာတွင် ရပ်တန့်သွားကြသည်။
“တစ်ခုခုတော့ မှားနေပြီ...”
ရှန့်ကွမ်းချီက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အမြင်အာရုံမှာ ပိုမိုထက်မြက်လာသဖြင့် မီတာတစ်ရာအကွာရှိ အသေးစိတ်အချက်အလက်မှန်သမျှကို မြင်နေရသည်။
ဆိုင်ကယ်သမားများ၏နောက်တွင် တောက်ပသော ဓားအမွှာများကို ကိုင်ဆောင်ထားသည့် နောက်ထပ် လူရှစ်ယောက်လည်း ရှိနေသေးသည်။
“သူတို့ကို ပြောပြသင့်လား...”
ရှန့်ကွမ်းတာလီက ထပ်မေးလိုက်သည်။ ခဏအကြာတွင် ရှန့်ကွမ်းချီက ခေါင်းငြိမ့်လိုက်သည်။
“ငါတို့အားလုံးက ခါမြို့ကလူတွေပဲ... ဆုံမိတုန်းမှာတော့ သတိပေးသင့်တာပေါ့...”
“အထဲက နတ်ဆိုးအသိုက်ကို အုပ်စိုးတဲ့ နတ်ဆိုးဘုရင်က ကွန်ဖြူးရှပ်ကျင့်ဝတ်တွေကို လိုက်နာပြီး သူ့တပည့်တွေကို မကောင်းမှုမလုပ်ဖို့ ဆုံးမထားတယ်ဆိုပေမဲ့ သူတို့က ငါတို့သတိပေးတာကို လျစ်လျူရှုရင်တော့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူး...”
“ဒါပေမဲ့ ငါတို့ဘက်က တာဝန်ကျေအောင်တော့ လုပ်ရမယ်... မြို့သူမြို့သားချင်းဆိုတော့ ပြောပြရမှာပေါ့...”
“အနားကို မောင်းသွားလိုက်...”
“ဟုတ်ကဲ့ စီနီယာအစ်မ...”
ကားက အနားသို့ ကပ်သွားသည်။ ရှန့်ကွမ်းချီသည် ကား၏အပေါ်ပေါက်မှ ကိုယ်ကိုထုတ်ကာ အဖွဲ့နှစ်ဖွဲ့လုံးကို လှမ်းအော်ပြောလိုက်သည်။
“ဒီသစ်တောထဲကို ဆက်မဝင်ကြပါနဲ့... အထဲမှာ နတ်ဆိုးတွေ ရှိတယ်... ရှင်တို့ကို ပြန်လှည့်ဖို့ တိုက်တွန်းချင်ပါတယ်... အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်တော့ သတိမပေးဘူးလို့ မပြောပါနဲ့နဲ့...”
သူမသည် စိတ်ရင်းစေတနာကောင်းသူတစ်ဦး ဖြစ်သဖြင့် သိုင်းပညာရှင်အချင်းချင်း ထိုတောထဲတွင် အသက်မဆုံးရှုံးစေချင်ပေ။
အကယ်၍ နတ်ဆိုးကြီးများကိုသာ သွားရောက်ဆွမိပါက ကျူးကျော်သူများမှာ အရိုးပင်ကျန်မှာ မဟုတ်ချေ။
သံလက်သီးဂိုဏ်းမှ လူတစ်ဆယ့်နှစ်ယောက်စလုံးမှာ ပြင်ပတိုက်ခိုက်ရေးဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်များတွင် နေရောင်အောက်၌ မှန်ကဲ့သို့ တောက်ပနေသော သံကွင်းကိုးကွင်းကို ပတ်ထားကြသည်။
“ဟားဟား အထဲမှာ နတ်ဆိုးတွေ ရှိတယ် ဟုတ်လား...”
“ရှန့်ကွမ်းမိသားစုက အခုတော့ သရဲကြောက်တတ်နေပြီလား...”
“ဆင်ခြေပေးချင်ရင်လည်း တခြားဟာပေးပါဦး... ဘာလို့ ဒီလောက်ပေါတောတော ဆင်ခြေမျိုးကို ပေးနေတာလဲ...”
“ရယ်စရာကောင်းလိုက်တာ”
သံလက်သီးဂိုဏ်းက လူများမှာ လုံးဝ မယုံကြည်ကြပေ။
နေ့ခင်းကြောင်တောင် နတ်ဆိုးတွေအကြောင်း ပြောတာကို ဘယ်သူက ယုံမှာလဲ။ အထူးသဖြင့် ပြိုင်ဘက်မိသားစုဆီက သတင်းကိုပေါ့။
ရှန့်ကွမ်းသိုင်းသင်တန်းကျောင်း၊ သံလက်သီးဂိုဏ်းနှင့် ဓားအမွှာဂိုဏ်းတို့မှာ အချင်းချင်း ပွတ်တိုက်မှုများ ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။
အကယ်၍ သစ်တောထဲမှာ နတ်ဆိုးတွေ တကယ်ရှိနေရင် ရှန့်ကွမ်းချီက သူတို့ကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူးဟု သူတို့က တွေးတောလိုက်ကြသည်။
သံလက်သီးဂိုဏ်းကို ဦးဆောင်လာသူမှာ သူတို့၏ စီနီယာအစ်ကိုကြီးကျိန့်ရှန် ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး တောင့်တင်းကာ အေးစက်သောမျက်နှာဖြင့် လှောင်ပြောင်ပြုံးလိုက်ပြီး ဆိုင်ကယ်ကို ဝုန်းခနဲ မောင်းထွက်သွားလေတော့သည်။
ဓားအမွှာဂိုဏ်းသားများမှာလည်း နှုတ်ဆက်စကားအနည်းငယ်ပြောပြီးနောက် လိုက်ပါသွားကြသည်။
“ထားလိုက်ပါတော့...”
ရှန့်ကွမ်းချီသည် ကားထဲသို့ ပြန်ဝင်ထိုင်လိုက်ပြီး စိတ်ပျက်အားငယ်ဟန်ဖြင့် မှီချလိုက်သည်။
ဘယ်သူမှ သူမစကားကို နားမထောင်ကြချေ။ ကိုယ့်ကံကြမ္မာ ကိုယ်ပဲ ရင်ဆိုင်ကြပါစေတော့။
အကယ်၍ သံလက်သီးဂိုဏ်းနှင့် ဓားအမွှာဂိုဏ်းမှ ထိပ်သီးလူငယ်များ အထဲတွင် သေဆုံးသွားပါက ရှန့်ကွမ်းမိသားစုအတွက် အကျိုးရှိပေလိမည်။
ခါမြို့သာမက တစ်နိုင်ငံလုံးနှင့် သိုင်းမဟာမိတ်အဖွဲ့အစည်းတို့မှာလည်း လှုပ်ခတ်နေကြပြီဖြစ်သည်။
ထူးဆန်းသော ဖြစ်ရပ်များမှာ နေရာအနှံ့ ပေါ်ပေါက်နေပြီး သဘာဝဘေးအန္တရာယ်များမှာလည်း ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။ ဆူနာမီ၊ ငလျင်၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် မီးတောင်ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။
သိုင်းမဟာမိတ် ဖိုရမ်များတွင် အချို့က ကမ္ဘာကြီးကိုယ်တိုင်က ပြန့်ကားလာနေသည်ဟု ဆိုကြသည်။ အဖွဲ့အစည်းတိုင်းမှာ လှုပ်ရှားနေကြပြီး ရှန့်ကွမ်းချီအတွက်မူ မုန်တိုင်းတစ်ခု ရောက်လာတော့မည့်အလား ခံစားနေရသည်။
သူတို့ဆက်မောင်းလာရာ ဖုန်းလိုင်း ပြန်မိသွားသောအခါ ရှန့်ကွမ်းမိသားစု အကြီးအကဲထံသို့ အရေးပေါ် တင်ပြလိုက်သည်။
“ထျန်းယွီတောင်ကို စူးစမ်းတာတွေ အကုန်ရပ်လိုက်ပါ... အဲဒီမှာ နတ်ဆိုးဘုရင်တစ်ပါး စံမြန်းနေပြီး နတ်ဆိုးတွေ အများကြီး ရှိနေတယ်...”
“ကျွန်မတို့ နတ်ဆိုးအသိုက်ထဲကို ဝင်မိပြီး သေလုနီးပါး ဖြစ်ခဲ့ရတယ်...”
“ဘယ်လိုအခြေအနေမျိုးမှာမှ စူးစမ်းရေးခရီးစဉ်ကို ဆက်မလုပ်ပါနဲ့... အဲဒီက နတ်ဆိုးတွေက တကယ့်ကို ကြောက်စရာကောင်းတယ်...”
“အဲဒီနတ်ဆိုးကြီးတွေသာဆိုရင် ခါမြို့ကိုတောင် မြေလှန်ပစ်နိုင်တယ်...”
“ဘုန်း”
ခါမြို့။
ရှန့်ကွမ်းမိသားစု။
အစည်းအဝေးခန်းမအတွင်း။
နံရံများတွင် သိုင်းသင်တန်းကျောင်းများ၏ မှတ်တမ်းများကို ပြသထားသော မော်နီတာများဖြင့် ပြည့်နှက်နေသည်။
အသက်ခြောက်ဆယ်အရွယ် ဆံပင်ဖြူဖြူနှင့် အမျိုးသားတစ်ဦးသည် သူ၏ဖုန်းကို စားပွဲပေါ်သို့ ဝုန်းခနဲ ရိုက်ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မိုက်ရူးရဲလိုက်တဲ့ ကလေးမ”
“ရှန့်ကွမ်းချီကတော့ သေဖို့ပဲ ထိုက်တန်တယ်”
“ငါတို့က သူမကို ထျန်းယွီတောင်က ရှေးဟောင်းအင်မော်တယ်အပျက်အစီးတွေကို သွားစူးစမ်းခိုင်းတာလေ... သူမကတော့ သရဲပုံပြင်တွေနဲ့ ပြန်လာသတင်းပို့နေတယ်”
ဆံပင်ဖြူအဖိုးကြီးမှာ ဒေါသထွက်နေခဲ့သည်။
“သူမ ပြန်ရောက်လာတဲ့အခါ မိသားစုစည်းကမ်းနဲ့ သေသေချာချာ ကိုင်တွယ်ရမယ်”
အခန်းထဲတွင် ရှန့်ကွမ်းမိသားစု၏ အဆင့်မြင့်လူကြီးများမှာ အခြားသော အရေးကြီးကိစ္စများကို ဆွေးနွေးနေကြခြင်းဖြစ်သည်။ ရှန့်ကွမ်းချီ၏ နတ်ဆိုးသတင်းကို ကြားလိုက်ရသောအခါ သူတို့အားလုံး မှင်တက်သွားကြလေတော့သည်။
နတ်ဆိုးတွေ...။
အခန်း (၁၀) ဆုတ်ကြ၊ ဆုတ်ကြ၊ ဆုတ်ကြ! ရှေ့မှာ နတ်ဆိုးတွေရှိတယ်!
တီ... တီ... တီ...
ရှန့်ကွမ်းချီသည် သူမဖုန်းမှ ထွက်ပေါ်လာသော အလုပ်များနေသည့် အချက်ပြသံကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
သူမသည် ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း ရုတ်တရက် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမကို အမြင်သစ်များစွာ ရရှိစေခဲ့သည်။
သူမသည် မချိပြုံးပြုံးလိုက်မိပြီး ကားမှန်ကို ချကာ ဘေးမှ အရှိန်ဖြင့် ဖြတ်ပြေးနေသော ရှုခင်းများကို ကြည့်လိုက်သည်။ သူမ၏ ညာဘက်လက်ကို လေထဲသို့ ဆန့်ထုတ်ကာ လွတ်လပ်မှုကို ခံစားနေမိသည်။
“စီနီယာအစ်မချီ”
ကားမောင်းနေသော ရှန့်ကွမ်းတာတောက် က မေးလိုက်သည်။
“မိသားစုအကြီးအကဲက ဘာပြောလဲဟင်”
ရှန့်ကွမ်းချီ ချက်ချင်း အဖြေမပေးပေ။ သူမ၏ လက်ကို ပြန်ရုပ်လိုက်ပြီးမှ ပြောလိုက်သည်။
“ဒီကမ္ဘာပေါ်မှာ နတ်ဆိုးတွေ ရှိတယ်လို့ ငါပြောရင် နင်တို့ ယုံကြမလား”
*အဟက် သေချာတာပေါ့... မယုံဘူးလေ*
ရှန့်ကွမ်းတာလီနှင့် အခြားသူများသည် ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားကြပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
မိသားစုအကြီးအကဲကိုလည်း အပြစ်တင်၍ မရပေ။ နတ်ဆိုးတွေအကြောင်း ဘယ်သူကြားကြား ယုံကြည်ကြမည်မဟုတ်ပေ၊ အကြောင်းမှာ ထိုကိစ္စက အလွန်အမင်း ရယ်စရာကောင်းနေသောကြောင့် ဖြစ်သည်။
မကြာသေးမီက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရှင်းပြမရသော ဖြစ်ရပ်များ ပေါ်ပေါက်နေသော်လည်း နတ်ဆိုးများ တည်ရှိခြင်းမှာမူ တကယ့်ကို အဓိပ္ပာယ်မရှိလှပေ။
ထိုဖြစ်ရပ်အများစုမှာ ပင်လယ်မိစ္ဆာများနှင့် ယူအက်ဖ်အို (UFO) ကဲ့သို့သော အရာများသာ ဖြစ်သည်။
၎င်းတို့နှင့် နှိုင်းယှဉ်လျှင် နတ်ဆိုးများ ရှိနေခြင်းမှာ တကယ့်ကို တုန်လှုပ်စရာ ကောင်းလှသည်။
“ဂရုမစိုက်တော့ဘူး”
ရှန့်ကွမ်းချီတွင် ယခုအချိန်၌ အတွေးတစ်ခုသာ ရှိတော့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမသည် နောက်ထပ် နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
ခါမြို့။
ဗေဒင်ဟောသည့် ဆိုင်တစ်ဆိုင်တွင်...
ဆိတ်မုတ်ဆိတ်နှင့် အဘိုးကြီးတစ်ဦးသည် ဟောင်းနွမ်းနွမ်း အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူသည် နေကာမျက်မှန် တပ်ထားပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားသော်လည်း သူ မြင်ရ၊ မမြင်ရကိုမူ မည်သူမျှ မသိနိုင်ပေ။
ဒေါင်... ဒေါင်... ဒေါင်...
ဖုန်းတုန်ခါသံနှင့်အတူ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် မျက်မှောင်ပင့်လိုက်ပြီး စားပွဲအောက်မှ ဖုန်းကို အလျင်အမြန် စမ်းသပ်ရှာဖွေကာ နားတွင် ကပ်လိုက်သည်။
“အဘိုးကြီးထန်... ငါ့မှာ သတင်းကြီးရှိတယ်၊ ပြန်ရောက်မှ ပြောပြမယ်”
“ဒါက ကမ္ဘာကြီးကို တုန်လှုပ်သွားစေမယ့် သတင်းပဲ။ နင့်ရဲ့ သံလိုက်အိမ်မြှောင်ကို ပြင်ထားလိုက်ဦး၊ ဒါမှမဟုတ်ရင်... ဒီသတင်းကို ငါ အပြီးတိုင် လျှို့ဝှက်ထားလိုက်မယ်”
“ဒီတစ်ခါ နင်လုပ်လို့ ငါတို့အားလုံး သေလုနီးပါး ဖြစ်ခဲ့ရတာ”
“အဲဒီ သံလိုက်အိမ်မြှောင်ကို လျော်ကြေးအဖြစ် ငါယူလိုက်မယ်”
“…”
ရှန့်ကွမ်းချီက ဖုန်းကို ချက်ချင်းချလိုက်သဖြင့် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထိုသံလိုက်အိမ်မြှောင်ကိုသာ ရမည်ဆိုလျှင် ဤစွန့်စားမှုက ထိုက်တန်ပေသည်။
ခဏအကြာတွင် သူမသည် စာတိုတစ်စောင် ရေးသားပြီး သူမ၏ ဖခင်နှင့် အဘိုးထံသို့ ပေးပို့လိုက်သည်။ ထိုစာထဲတွင် ရိုးရှင်းသော စာသားတစ်ကြောင်းသာ ပါဝင်သည်။
“ထျန်းယွီတောင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ နတ်ဆိုးဘုရင်တစ်ပါး ရှိနေတယ်”
လမ်းကြမ်းသုံးကားမှာ လျှပ်စီးပမာ အလွန်မြန်ဆန်လှသည်။ ရှန့်ကွမ်းချီသည် အနားယူရန် မျက်လုံးမှိတ်ထားလိုက်သည်။.
ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများ...
တာယာမပါသော လမ်းကြမ်းသုံးကားကို မောင်းနှင်လာခဲ့ရာ သူတို့ အဝေးကြီး မရောက်ခင်မှာပင် ကားမှာ ရွှံ့ညွန်ထဲသို့ နစ်သွားပြီး ရှေ့ဆက်သွား၍ မရတော့ပေ။
“ဘော့စ်... ဘာလုပ်ကြမလဲ။ ငါတို့ အခုချက်ချင်း ပြန်သွားရမယ်လေ”
“အခုထိ ကီလိုမီတာ သုံးရာကျော် ကျန်သေးတယ်၊ လမ်းကလည်း လူသူကင်းမဲ့နေတာ။ ဒီကျောပိုးအိတ်တွေနဲ့ ရိက္ခာတွေကို သယ်ပြီး လမ်းလျှောက်ပြန်ရင်တော့ ငါတို့ အမောဆို့ပြီး သေကုန်လိမ့်မယ်!”
ခေါင်းဆောင် ထန်လန့်သည် ကားပေါ်မှ ခုန်ဆင်းလိုက်ကာ မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်သည်။ ရုတ်တရက် သူသည် အဝေးသို့ လှမ်းကြည့်လိုက်ပြီး သူ၏ ပစ္စတိုကို ချက်ချင်း ဆွဲထုတ်ကာ အမိန့်ပေးလိုက်သည်။
“အားလုံး ကားပေါ်ကဆင်း။ ဆိုင်ကယ်တွေကိုလုပြီး ဒီကနေ ထွက်ကြမယ်”
အဝေးမှ သံလက်သီးဂိုဏ်းနှင့် ဓားအမွှာဂိုဏ်းမှ သိုင်းပညာရှင်များသည် ဆိုင်ကယ်များဖြင့် သူတို့ဆီသို့ မောင်းနှင်လာကြသည်ကို မြင်လိုက်ရသည်။
ဒိုင်း... ဒိုင်း... ဒိုင်း!
မီတာ ဒါဇင်ဝက်ခန့် အကွာအဝေးသို့ ရောက်သောအခါ ထန်လန့်က ချက်ချင်း သေနတ်ဖောက်လိုက်သည်။ သူ၏ ပစ်မှတ်မှာ တိကျလှသည်၊ ကျည်ဆန်များသည် ကျိန့်ရှန်နှင့် အခြားသူများ၏ ဦးရေပြားကို ဝဲပျံသွားခဲ့သည်။ အကယ်၍ ပစ်မှတ်က အနည်းငယ်မျှ လွဲချော်သွားပါက သူတို့ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
“ဆိုင်ကယ်အချို့ကို ဒီမှာ ထားခဲ့ကြစမ်း”
ထန်လန့်က အော်ပြောလိုက်သည်။ ကျိန့်ရှန်သည် ထျန်းယွီတောင်တန်းကို စူးစမ်းရန် အလောတကြီး ဖြစ်နေသည့်အပြင် ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများ၏ သေနတ်များကိုလည်း ကြောက်ရွံ့သဖြင့် နောက်ဆုံးတွင် ဆိုင်ကယ် လေးစီးကို စွန့်ပစ်ခဲ့ရသည်။
“ဟီးဟီး”
ကျူးချန်နှင့် အခြားသူများသည် အကျယ်ကြီး ရယ်မောလိုက်ကြပြီး ဆိုင်ကယ်များကို စီးကာ အရှိန်ဖြင့် မောင်းထွက်သွားကြလေတော့သည်။
သံလက်သီးဂိုဏ်းမှ ကျိန့်ရှန်သည် ကြေးစားတပ်သားများကို ကြည့်ကာ သွားကြိတ်လိုက်သော်လည်း နောက်မှ လိုက်မတိုက်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူတို့မှာ သေနတ်တွေရှိပြီး ရက်စက်ကြတာပဲလေ။
“ရှေ့ကို ဆက်မသွားနဲ့။ အထဲမှာ နတ်ဆိုးတွေ ရှိတယ်”
သံလက်သီးဂိုဏ်းသားများ မကျေမနပ် ဖြစ်နေစဉ်မှာပင် အဝေးသို့ ရောက်သွားပြီဖြစ်သော ထန်လန့်က လှမ်းအော်ပြီး သတိပေးလိုက်သည်။
“နတ်ဆိုးတွေ ဟုတ်လား”
“အရူးတစ်သိုက်ပဲ”
“ငါတို့ဆိုင်ကယ်တွေကို လုတာတင်မကဘူး၊ ငါတို့ကိုပါ လိမ်ညာသွားသေးတယ်”
“ကြေးစားတွေဆိုတာ အလိမ်အညာတွေချည်းပဲ။ တောက်... ကောင်စုတ်တွေ”
ကျိန့်ရှန်က တံတွေးထွေးကာ ထိုလူစုကို ဆဲဆိုလိုက်သည်။ သူတို့က ငါ့ကို လှည့်စားချင်တယ်ဆိုရင်တောင် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုခု ရှာသင့်တာပေါ့။
*တောင်နက်ကြီးထဲမှာ နတ်ဆိုးတွေ ရှိတယ်တဲ့လား*
*နင်တို့ကိုယ်တိုင်က နတ်ဆိုးတွေပါလို့ ဘာလို့ တစ်ခါတည်း မပြောလိုက်တာလဲ*
ခဏမျှ ဆဲဆိုပြီးနောက် ဓားအမွှာဂိုဏ်းသားများ ရပ်တန့်လိုက်ကြသည်ကို မြင်လိုက်ရသည်။ နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး မတိုက်ခိုက်ရန် သဘောတူညီထားသကဲ့သို့ အကွာအဝေးတစ်ခုကို ထိန်းထားကြသည်။
ဘာပဲဖြစ်ဖြစ် လောကရှိ သိုင်းပညာအားလုံးကို သိုင်းမဟာမိတ်အဖွဲ့အစည်းက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
အပြင်မှာ တိုက်ခိုက်ကြရင် မျက်မြင်သက်သေတွေအားလုံးကို ရှင်းပစ်နိုင်ရင် ကိစ္စမရှိပေမဲ့ တစ်ယောက်ယောက်က လွတ်သွားပြီး သိုင်းမဟာမိတ်အဖွဲ့ကို သတင်းပို့လိုက်ရင်တော့ အကျိုးဆက်က စဉ်းစားရဲစရာ မရှိပေ။
ဓားအမွှာဂိုဏ်း၏ ခေါင်းဆောင်မှာလည်း လီကန်ဟု ခေါ်သော စီနီယာအစ်ကိုကြီး တစ်ဦးပင် ဖြစ်သည်။
သူသည် ဒေါသတကြီး ရယ်မောလိုက်ပြီး အဝေးမှ ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများကို လက်ညှိုးထိုးကာ လှောင်ပြောင်လိုက်သည်။
“တကယ့်ကို ယုတ်မာပြီး အရှက်မရှိတဲ့ကောင်တွေ။ အဲဒီကြေးစားတွေထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူး။ သူတို့က အလိမ်အညာတွေနဲ့ အဓိပ္ပာယ်မရှိတာတွေပဲ ပြောတတ်ကြတာ”
သူသည် လှည့်ထွက်လိုက်ပြီး သံလက်သီးဂိုဏ်းသားများ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေတော့သည်။
ထူထပ်လှသော သစ်တောထဲသို့ ဝင်ခါနီးတွင် လီကန်၏နောက်မှ လူငယ်တစ်ယောက်က သူ၏ လက်စွပ်ကို လှမ်းဆွဲကာ သတိပေးလိုက်သည်။
“စီနီယာအစ်ကိုကြီး! အကယ်၍ အထဲမှာ နတ်ဆိုးတွေ တကယ်ရှိနေရင် ဘယ်လိုလုပ်မလဲ။ ထျန်းယွီတောင်က ဝေးလံခေါင်သီတဲ့ နေရာလေ၊ ပြီးတော့ ဒီသစ်တောကလည်း ကောင်းကင်ကို ဖုံးကွယ်ထားနိုင်လောက်အောင် ထူထပ်လွန်းတယ်။ ဖြစ်နိုင်တာက အထဲမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အဆိပ်မြူတွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ”
“ရှန့်ကွမ်းမိသားစုက ရှန့်ကွမ်းချီက မိန်းကလေးဖြစ်ပေမဲ့ တကယ့်ကို တရားမျှတမှုရှိတဲ့သူပါ၊ ပြီးတော့ ရှန့်ကွမ်းမိသားစုက ရေကန်ငါးခုမျှော်စင်ကို သူမကို စီမံခိုင်းဖို့ ပြင်ဆင်နေတာဆိုတော့ သူမက သိုင်းလောကသားတွေနဲ့ အများကြီး သူငယ်ချင်းဖွဲ့ထားတာလေ”
“ကျွန်တော်လည်း သူမ ပြောတာကို အဓိပ္ပာယ်မရှိဘူးလို့ ထင်ပေမဲ့၊ သူမက အဲဒီကြေးစားတွေနဲ့ ပေါင်းပြီး နတ်ဆိုးတွေရှိတယ်ဆိုတဲ့ ဆင်ခြေမျိုးကို အတူတူ ပေးနေစရာ မလိုဘူး မဟုတ်လား။ ဒါကြောင့် ဒီမှာတစ်ခုခုတော့ မှားနေပြီလို့ ကျွန်တော် ထင်တယ်။ သံလက်သီးဂိုဏ်းသားတွေ အရင်ဝင်သွားတာကို စောင့်ကြည့်ရအောင်”
ဤလူသည် ကျောတွင် ဓားနှစ်လက်ကို ပတ်ထားပြီး ဆံပင်တိုတိုနှင့် ဘယ်ဘက်နားတွင် ငွေနားကပ်တစ်ဖက်ကို ဝတ်ဆင်ထားသည်။ သူ စကားပြောသည့်အခါ အလိုအလျောက် ပုခုံးလေးတွန့်နေတတ်သဖြင့် တကယ့်ကို သတိကြီးသူတစ်ဦး ဖြစ်ပုံရသည်။
“အွန်း”
လီကန်သည် ဝေ့ဖေး၏ စရိုက်ကို ကောင်းကောင်းသိသည်။ သူသည် ဓားအမွှာဂိုဏ်းတွင် အသိဉာဏ်အရှိဆုံးသူဟု သတ်မှတ်ခံထားရသူဖြစ်ပြီး ကြောက်တတ်သော်လည်း အလုပ်လုပ်ရာတွင် အလွန်အားကိုးရသူ ဖြစ်သည်။
ရှန့်ကွမ်းချီနှင့် ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများက တူညီသော သတိပေးချက်ကို ပေးခဲ့ကြသဖြင့် သူ သတိထားရန် ဆုံးဖြတ်လိုက်သည်။
*ဒီမှာ တကယ်ပဲ ပြဿနာ ရှိနေတာလား…*
“အားလုံး သတိထားကြ။ တောင်နက်ကြီးတွေနဲ့ ရှေးဟောင်းသစ်တောတွေထဲမှာ ကြောက်စရာကောင်းတဲ့ သားရဲတွေ အများကြီး ရှိတယ်”
သံလက်သီးဂိုဏ်းမှ စီနီယာအစ်ကိုကြီး ကျိန့်ရှန်က ပြောလိုက်ပြီးနောက် သူ၏ ဂျူနီယာညီငယ် တစ်ဆယ့်တစ်ယောက်ကို ဦးဆောင်ကာ သစ်တောထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
သူတို့၏ ယနေ့ တာဝန်မှာ ရိုးရှင်းပါသည်- သစ်တော၏ အနောက်ဘက် နယ်မြေကို စူးစမ်းလေ့လာရန် ဖြစ်သည်။
သိုင်းမဟာမိတ်အဖွဲ့၏ နောက်ဆုံးရ သတင်းများအရ ဂြိုဟ်တုစောင့်ကြည့်မှုများတွင် ဤနေရာ၌ စွမ်းအင်လှုပ်ရှားမှုများ တစ်ခုခု မှားယွင်းနေကြောင်း ဖော်ပြနေသည်။
ခါမြို့သည် ထျန်းယွီတောင်နှင့် အနီးဆုံးဖြစ်သဖြင့် ဤတာဝန်ကို ဂိုဏ်းအသီးသီးသို့ ခွဲဝေပေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သံလက်သီးဂိုဏ်းနှင့် ဓားအမွှာဂိုဏ်းတို့မှာ သူတို့၏ အစွမ်းအစပေါ်မူတည်၍ ပြိုင်ဆိုင်ကာ ဤနေရာသို့ လာရောက်စူးစမ်းခွင့်ကို ရရှိခဲ့ကြခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကောင်းကင်ဝံပုလွေ ကြေးစားတပ်သားများသည် စစ်ထူမိသားစု၏ ငှားရမ်းမှုကြောင့် ရောက်လာခြင်း ဖြစ်သည်။
ရှန့်ကွမ်းမိသားစုမှာမူ မင်းမျိုးမင်းနွယ် လုပ်ငန်းစုမဟာမိတ်အဖွဲ့ဝင်များ ဖြစ်ကြပြီး သိုင်းမဟာမိတ်အဖွဲ့နှင့် သူတို့၏ ဆက်ဆံရေးမှာ တစ်ဦးကိုတစ်ဦး စောင့်ကြည့်ကာ သတိထားနေရသော အနေအထားတွင် ရှိနေသည်။
သိုင်းမဟာမိတ်အဖွဲ့သည် လုပ်ငန်းစုမဟာမိတ်အဖွဲ့ အင်အားကြီးမားလာပြီး နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို ထိခိုက်မှာကို စိုးရိမ်ကြသည်။
လုပ်ငန်းစုမဟာမိတ်အဖွဲ့ကလည်း သိုင်းမဟာမိတ်အဖွဲ့ အင်အားကြီးမားလာပြီး ပြည်သူလူထုအပေါ် လွှမ်းမိုးမှာကို စိုးရိမ်ကြသည်။
“ဝှစ်”
သံလက်သီးဂိုဏ်းမှ အဖွဲ့ဝင် တစ်ဆယ့်နှစ်ယောက် သစ်တောထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သစ်တော၏ အနက်ရှိုင်းဆုံးနေရာမှ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ င်းမှာ ကောင်းကင်ဘုံမြင်းပင် ဖြစ်သည်။
“ဒီလူသားတွေက တကယ့်ကို အခြေအနေကို မသိကြဘူး၊ ဆရာ့ရဲ့ အေးချမ်းမှုကို တစ်ကြိမ်ပြီးတစ်ကြိမ် လာနှောင့်ယှက်ဖို့ ကြိုးစားနေကြတယ်”
“ငါ စီနီယာအစ်ကို ပိတ်တုံးဆီသွားပြီး မင်းတို့ကို ကိုင်တွယ်ခိုင်းရမယ်။ သူက မင်းတို့ရဲ့ အရေခွံကို ခွာပြီး အကြောတွေကို ဆွဲထုတ်ကာ အသားဟင်းချိုအိုးကြီးထဲမှာ ထည့်ချက်ပစ်လိမ့်မယ်”
၎င်းသည် အတောင်ပံများကို ဖြန့်လိုက်ပြီး ခွာများကို မြှောက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
ယဲ့ချန်သည် သစ်ပင်အောက်တွင် သင်ခန်းစာပေးခဲ့ရုံဖြင့် ၎င်းအား ဓာတ်ကြီးငါးပါး ပုန်းရှောင်ခြင်း အတတ်ပညာကို နားလည်သွားစေခဲ့သည်။ ယခုအခါ ၎င်းသည် ခြေရာလက်ရာမရှိဘဲ သွားလာနိုင်ပြီး တစ်နေ့လျှင် မိုင်ပေါင်း သောင်းချီ ခရီးနှင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
မီးဖိုချောင်အတွင်း၌...
ခါးစည်းဝတ်စုံ ဝတ်ဆင်ထားသော မျက်လုံးလေးလုံးကျားနတ်ဆိုးသည် အိုးခွက်ပန်းကန်များကို ဆေးကြောနေခဲ့သည်။
သူသည် ပိတ်တုံး ဖြစ်သည်။
ကျောင်းခန်းရှိ နတ်ဆိုးကြီးများပင်လျှင် သူ့ကို တည့်တည့်မကြည့်ရဲကြပေ။ သူတို့၏ စိတ်အသိများ ဝေဝါးသွားပြီး ဝိညာဉ်များ တုန်လှုပ်သွားတတ်သောကြောင့် ဖြစ်သည်။
ပိတ်တုံး၏ မျက်လုံးလေးလုံးတွင် အံ့မခန်းသော စွမ်းရည်များ ရှိသော်လည်း ၎င်းတို့ကို အပြည့်အဝ အသုံးမပြုနိုင်သေးပေ။
တစ်နေ့နေ့တွင် ယဲ့ချန်၏ သင်ခန်းစာကို နားထောင်ရင်း သူသည် နတ်စွမ်းအားတစ်ခုကို နားလည်သွားနိုင်ကောင်း ပါလိမ့်မည်။
“စီနီယာအစ်ကို ပိတ်တုံး”
“ငါနဲ့အတူ လိုက်ခဲ့ပါဦး။ အော်... မင်းရဲ့ အိုးကြီးကိုလည်း တစ်ခါတည်း ယူလာခဲ့ဦးနော်”
ကောင်းကင်ဘုံမြင်းသည် သူ့ကို ကျောပေါ်တင်ကာ မြေလျှိုးနည်းစနစ် ကို အသုံးပြုပြီး သစ်တောဆီသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
“မင်း ငါ့ကို ဒီကို ဘာလို့ ခေါ်လာတာလဲ။ ဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း သိလား။ ဒီသစ်တောက ကြီးမားတဲ့ သမိုင်းကြောင်းရှိတယ်လို့ အတန်းခေါင်းဆောင် ပြောတာ ငါကြားဖူးတယ်၊ ငါတို့ ဘာမတော်တဆမှုမှ မဖြစ်စေရဘူးနော်”
“လူသားအချို့က ဆရာ့ကို ထပ်ပြီး နှောင့်ယှက်ချင်နေကြလို့၊ ဒါကြောင့် မငကို ကိုင်တွယ်ပေးဖို့ လာခေါ်တာပါ။ နောက်ကျရင် ငါတို့ ဒီလိုလေး လုပ်ကြမယ်လေ... ပြီးတော့ ဒီလိုလေး...”
“အွန်း…ဒါ တကယ့်ကို ကောင်းတဲ့ နည်းလမ်းပဲ”
“အတန်းခေါင်းဆောင် သိသွားရင်တောင်မှ ငါတို့ အကြံကောင်းတယ်ဆိုပြီး ချီးကျူးမှာ သေချာတယ်”
နတ်ဆိုးကြီး နှစ်ကောင်မှာ တဟားဟား ရယ်မောလိုက်ကြသည်။ အကယ်၍ လူသားတစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်ရပါက သူတို့မှာ ကြောက်လန့်ပြီး သတိလစ်သွားကြမည်မှာ သေချာပေသည်။