← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃) ဆရာ၊ သနားညှာတာပါ၊ ဓားဆိုတာ ဘာလဲ

ဤအချိန်၌ ဓားအမွှာဂိုဏ်းမှ လူရှစ်ယောက်သည် ကျောင်းဆောင်အတွင်းသို့ တိုးဝင်လာခဲ့ကြသည်။

သူတို့က အစပိုင်းတွင် တစ်ခုခုကို မေးမြန်းရန် ရည်ရွယ်ချက်ဖြင့် ခေါင်းပြူကြည့်လိုက်သော်လည်း ယခုအခါတွင်မူ သူတို့အားလုံး ဆွံ့အသွားခဲ့ရသည်။

ခေါင်းဆောင်ဖြစ်သူ လီကန်သည် ပါးစပ်အဟောင်းသားဖြစ်နေပြီး မျက်လုံးများက ပြူးကျယ်နေခဲ့သည်။

သူ ဘာကို မြင်လိုက်ရသနည်း။

တစ်ခန်းလုံး နတ်ဆိုးများဖြင့် ပြည့်နှက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

အဝါရောင်ဝတ်လူငယ်နှင့် မီးလျှံဖီးနစ်တို့သည် လူသားပုံစံအဖြစ် အလုံးစုံ အသွင်ပြောင်းထားပြီး အစစ်အမှန်လူသားများနှင့် တူညီနေသော်လည်း မဟာနတ်ဆိုးကြီးများကြား၌ ထိုင်နေချိန်တွင်မူ သူတို့က သတိထားမိရန်ပင် ခက်ခဲလှသည်။

နတ်ဘုရားများကဲ့သို့ အေးစက်သော မျက်နှာထားနှင့် လျှပ်စီးများကဲ့သို့ စူးရှသော မျက်လုံးများရှိသည့် မဟာနတ်ဆိုးကြီးများ တစ်ကောင်ချင်းစီသည် သူတို့ဆီသို့ ပြိုင်တူ လှမ်းကြည့်လာကြသည်။

ဤအချိန်၌ သူတို့၏ အတွေးများက ဘာလဲဟု မေးလာပါက ဓားအမွှာဂိုဏ်းမှ လူများက သေချာပေါက် ဖြေဆိုကြပေလိမ့်မည်။

အကြံပေးတာကို နားထောင်ခဲ့ရင် ကောင်းသား... ရှန့်ကွမ်းချီနှင့် သံလက်သီးဂိုဏ်းက လိမ်ညာနေခြင်း မဟုတ်မှန်းသာ သူတို့ သိခဲ့လျှင် သေအောင်ရိုက်သတ်လျှင်တောင် ဝင်ရဲကြမည် မဟုတ်ပေ။

“အာ…”

လီကန်တစ်ယောက် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ သူ ပါးစပ်ဟ၍ အော်ဟစ်ရန် ပြင်လိုက်ချိန်တွင် ကောင်းကင်အင်မော်တယ်တစ်ပါးကဲ့သို့ လှပသော ဆံပင်ရှည်ရှည်နှင့် မိန်းမပျိုလေးတစ်ဦး မတ်တတ်ရပ်လာပြီး သူတို့ဆီသို့ လက်ချောင်းလေးများကို ညင်သာစွာ ခေါက်လိုက်သည်ကို မြင်လိုက်ရသည်။

“ချည်နှောင်စမ်း…”

မျက်စိဖြင့်မမြင်နိုင်သော ဝိညာဉ်ချီ လှိုင်းဂယက်လေးတစ်ခုက သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။ ထို့နောက် လီကန်နှင့် တခြားသူများသည် သူတို့၏ ခန္ဓာကိုယ်များကို ထိန်းချုပ်၍ မရတော့ဘဲ အတွေးများသာလျှင် ပုံမှန်အတိုင်း ကျန်ရှိနေတော့သည်ကို သိလိုက်ရသည်။

လက်ရှိတွင် စာသင်ပြနေသော ယဲ့ချန်၏ နားရွက်များက အနည်းငယ် လှုပ်ရှားသွားပြီး မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ သူက ပေတံကို ကိုင်ထားရင်း ကျောက်သင်ပုန်းကို ညင်သာစွာ ခေါက်ကာ မေးလိုက်သည်။

“ဆူညံသံတချို့ ကြားလိုက်ရသလိုပဲ... မင်းတို့ ကြားလိုက်လား... ဘယ်ကျောင်းသား ခိုးထွက်သွားတာလဲ... အိမ်သာတက်ပြီးရင် မြန်မြန်ပြန်လာခဲ့ကြ…”

သူ ပုံမှန် စာသင်နေချိန်တွင် ကျောင်းသားများက တစ်ခါတရံ ခိုးထွက်သွားတတ်ကြသည်။

ဤကျောင်းသားများသည် အလွန်လိမ္မာကြပေသည်။ သူတို့က ဆရာ့ကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် ပုံမှန်အားဖြင့် အသံမထွက်ကြဘဲ အိမ်သာကိစ္စ ပြီးစီးသွားပြီးနောက် လိမ္မာရေးခြားရှိစွာဖြင့် ပြန်လာထိုင်ကာ ဆက်လက် နားထောင်လေ့ရှိကြသည်။

ယဲ့ချန်ကလည်း ထိုကိစ္စကို ဘယ်သောအခါမှ အပြစ်မတင်ဘဲ သူတို့ကို တတ်နိုင်သမျှ လွတ်လပ်ခွင့် ပေးထားခဲ့သည်။

“ဆရာ... ဆရာ အခုလေးတင် သင်ပေးသွားတဲ့ အကြောင်းအရာတချို့ကို တပည့်တို့ သိပ်နားမလည်ပါဘူး... အသေးစိတ်လောက် ထပ်ပြီး ရှင်းပြပေးလို့ ရနိုင်မလား…”

မြေခွေးနတ်ဆိုး ဟူမိန်အာက ယဲ့ချန်ကို အရိုအသေပေးလိုက်သည်။ သူ မမြင်နိုင်လျှင်တောင်မှ ကျင့်ဝတ်စည်းကမ်းက ပြည့်စုံနေရမည်ဖြစ်သည်။

“မိန်အာ... အရင်ထိုင်လိုက်ပါ... ဆရာ မင်းတို့ကို အသေးစိတ် ရှင်းပြပေးမယ်…”

ယဲ့ချန်က သူမကို ထိုင်ရန် အချက်ပြသည့်အနေဖြင့် ဘယ်ဘက်လက်ဖြင့် အောက်သို့ဖိချလိုက်သည့် ဟန်အမူအရာကို လုပ်ပြလိုက်သည်။

ယဲ့ချန်က မမြင်နိုင်သော်လည်း ဤအချိန်၌ ဟူမိန်အာ မတ်တတ်ရပ်နေသည်ကို သူ သိနေခဲ့သည်။

သူ စကားမပြောသရွေ့ သူမက ဘယ်တော့မှ ထိုင်မည် မဟုတ်ပေ။

သူ ထင်ထားသည့်အတိုင်းပင် ယဲ့ချန် စကားပြောပြီးမှသာ ဟူမိန်အာက ထိုင်ရဲပြီး မတ်မတ်ထိုင်ကာ ဂရုတစိုက် နားထောင်နေခဲ့သည်။

မဟာနတ်ဆိုးကြီးများ အားလုံးကလည်း တစ်ကောင်ပြီးတစ်ကောင် သေသေချာချာ ထိုင်လိုက်ကြပြီး ရုပ်တုများကဲ့သို့ ရှေ့တည့်တည့်သို့ ကြည့်နေကြသည်။

“ဝိုး…”

ဤမြင်ကွင်းကြောင့် ဓားအမွှာဂိုဏ်းမှ လူအတော်များများ ကြောက်လန့်တကြား သတိလစ်သွားခဲ့ကြသည်။

လီကန်၊ ဝေ့ဖေးနှင့် အခြားလူအနည်းငယ်သာလျှင် တောင့်ခံထားနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သော်လည်း သူတို့၏ နတ်ဝိညာဉ်များက တုန်ယင်နေပြီး အဆက်မပြတ် ကြောက်ရွံ့တုန်လှုပ်မှုဖြင့် ရှင်သန်နေရသည်။

ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးအားလုံးက အာရုံစိုက်ပြီး နားထောင်နေကြကာ သူတို့ကို လျစ်လျူရှုထားပြီးဖြစ်သည်။

နတ်ဆိုးတစ်သောင်း၏ စောင့်ကြည့်ခြင်းကို ခံရသည့် ခံစားချက်သည် လီကန်နှင့် တခြားသူများထံမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

စောစောက သူတို့သည် အပ်ခုတင်ပေါ်တွင် ထိုင်နေရသကဲ့သို့၊ ကျောဘက်တွင် ဆူးများစူးနေသကဲ့သို့၊ လည်ချောင်းထဲတွင် အရိုးစူးနေသကဲ့သို့ အမှန်တကယ် ခံစားခဲ့ရသည်။

“အရင်က ဆရာ မင်းတို့ကို ကွန်ဖြူးရှပ်ဘာသာရဲ့ ဂန္တဝင်ကျမ်းတွေကို သင်ပေးခဲ့တယ်... အထူးသဖြင့် နိဒါန်းအခန်းတွေပေါ့... နောက်ပိုင်းကျမှ မင်းတို့က အခြေခံဗဟုသုတတချို့ကို နားမလည်ဘူးဆိုတာ ဆရာ တွေ့ရှိခဲ့တယ်…”

“မင်းတို့က သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒစတဲ့ ဘာသာရပ်တွေကို အခြေခံအားဖြင့် ကျွမ်းကျင်နေကြပါပြီ... ဒီနေ့ကစပြီး ငါတို့ သင်ကြားခြင်းသုံးရပ်ရဲ့ ဂန္တဝင်ကျမ်းတွေကို ဖြည်းဖြည်းချင်း သင်ယူကြမယ်... အခြေခံကစပြီး ဆရာက အကောင်းဆုံး ဂန္တဝင်အကြောင်းအရာတွေကို ရွေးချယ်ပြီး မင်းတို့ကို သင်ပေးမယ်...

“တစ်နှစ်အတွင်းမှာ မင်းတို့ ဘယ်လောက်အထိ သင်ယူနိုင်လဲဆိုတာက ကိုယ့်ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်…”

“ဒီကမ္ဘာကြီးက သမိုင်းမှာ အရင်ကမရှိခဲ့ဖူးတဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုကို ရင်ဆိုင်ရတော့မယ်... နတ်ဘုရားတွေ နိုးထလာပြီး တာအိုတစ်သောင်းကလည အတူတကွ ပဲ့တင်ထပ်လာလိမ့်မယ်…”

“ကဲ... အခု ပထမဆုံး စာကြောင်းကို ဆရာ စပြီး ရှင်းပြမယ်…”

“ချီစွမ်းအင်ထဲမှာ ပေါ့ပါးပြီး ကြည်လင်တဲ့အရာက အထက်ကို တက်သွားပြီး ကောင်းကင်ဖြစ်လာတယ်... လေးလံပြီး နောက်ကျိတဲ့အရာက အောက်ကို စုပုံသွားပြီး မြေကြီးဖြစ်လာတယ်…”

“ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ကမ္ဘာကြီး စတင်ဖြစ်တည်လာချိန်မှာ အပျက်အစီးချီက နှစ်ပိုင်းကွဲသွားတယ်ဆိုတဲ့ သဘောပဲ... ကြည်လင်တာက ကောင်းကင်ဖြစ်လာပြီး နောက်ကျိတာက မြေကြီးဖြစ်လာတယ်... ကမ္ဘာကြီးကို ဖန်တီးပြီး ယင်နဲ့ယန်ကို ခွဲခြားလိုက်တာပေါ့…”

“ဝုန်း…”

ယဲ့ချန်၏ စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူတိုင်းသည် ကျောင်းဆောင်အတွင်း၌ အမျိုးမျိုးသော ထူးခြားသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရသည်။

လီကန်နှင့် တခြားသူများ၏ နတ်ဝိညာဉ်များသည် အော်ဟစ်နေကြပြီး သူတို့၏ ကမ္ဘာ့အမြင်ကြီး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ ဘာတွေ မြင်လိုက်ရသနည်း။

ယဲ့ချန်၏ အရှေ့ တစ်မီတာအကွာတွင် အလင်းလုံးတစ်လုံးက ရုတ်တရက် ပေါ်လာသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုအရာက မှုန်ဝါးဝါး မီးခိုးရောင်အရာတစ်ခုဖြစ်ပြီး အပျက်အစီးချီပင် ဖြစ်သည်။

ယဲ့ချန်၏ စကားများသည် အမှန်တကယ် ဖြစ်ပေါ်လာပြီး ထိုမြင်ကွင်းက ကမ္ဘာကြီး ဖြစ်ပေါ်လာသည့် ဖြစ်စဉ်ကို အမှန်တကယ် ပုံဖော်ပြသနေခဲ့သည်။

မဟာနတ်ဆိုးကြီးများ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့သည်။ သူတို့အားလုံးက လေထဲသို့ မော့ကြည့်လိုက်ကြပြီး အပျက်အစီးချီ၏ အပြောင်းအလဲများကို စိုက်ကြည့်နေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်အတွင်း၌လည်း ကမ္ဘာမြေကို တုန်လှုပ်စေမည့် အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့သည်။

အသိဉာဏ်ပွင့်လာသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မရောက်ရှိသေးသော နတ်ဆိုးများသည် ယခုအခါတွင် တစ်ကောင်ပြီးတစ်ကောင် တင်ပျဉ်ခွေထိုင်နေကြပြီး ချွေးများ ရွှဲနစ်နေကာ သူတို့၏ မျက်နှာအမူအရာများက အနည်းငယ် နာကျင်နေပုံရသည်။

သူတို့က ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို သူတို့၏ ခန္ဓာကိုယ်များထဲသို့ စုပ်ယူနိုင်ရန်၊ သွေးကြောများကို ချဲ့ထွင်ရန်၊ ဒန်ထျန်များကို အားကောင်းလာစေရန်၊ ရုပ်ခန္ဓာများကို အာဟာရဖြည့်တင်းရန်နှင့် သူတို့၏ လည်ချောင်းရိုးများကို သန့်စင်ရန်အတွက် ကြိုးစားအားထုတ်နေကြသည်။ ဆရာ့ကို နေ့စဉ် နှုတ်ဆက်နိုင်ရန်အတွက် အမြန်ဆုံး စကားပြောနိုင်ဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။

အသွင်ပြောင်းပြီးသား မဟာနတ်ဆိုးကြီးများအတွက်မူ ဤအချိန်၌ သူတို့ ခန္ဓာကိုယ်အတွင်းမှ မြင်ကွင်းက ပို၍ပင် အံ့မခန်းဖြစ်နေပေသည်။

နတ်ဆိုးအားလုံး၏ ခန္ဓာကိုယ်များသည် ကွန်ဖြူးရှပ်ပညာရှိကြီးများကဲ့သို့ အဆုံးအစမဲ့သော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ သူတို့၏ ခေါင်းပေါ်တွင် စာလုံးများ တစ်လုံးပြီးတစ်လုံး တောက်ပလာခဲ့ပြီး ရှည်လျားသော နဂါးတစ်ကောင်အသွင် ဖန်တီးကာ သူတို့၏ ဦးခေါင်းထိပ်များမှတစ်ဆင့် အတွင်းသို့ တိုးဝင်သွားခဲ့သည်။

နောက်ဆုံးတွင် ၎င်းက သူတို့၏ ရင်ဘတ်များ၌ ရစ်ခွေသွားပြီး မီးခိုးရောင် အပျက်အစီးချီ အစုအဝေးတစ်ခုအဖြစ် မပြောင်းလဲမီ ရောင်စဉ်ငါးပါး အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

“ကြည်လင်တဲ့ချီက ကောင်းကင်ဖြစ်လာတယ်…”

ဤတိုတောင်းသော စကားလုံးလေးလုံးက ပါရမီမြင့်မားသည့် မဟာနတ်ဆိုးကြီးများစွာကို ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။

ကမ္ဘာကြီးကို ဖန်တီးခြင်း၊ မူလအစချီကို ဖွင့်လှစ်ခြင်း။

ဓာတ်ငွေ့မျှင်တစ်ခုက ဖြည်းညင်းစွာ မြင့်တက်လာပြီး နောက်ဆုံးတွင် အသိစိတ်ပင်လယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။

နတ်ဆိုးအားလုံးထဲတွင် အထင်ရှားဆုံးဖြစ်နေသူမှာ အတန်းခေါင်းဆောင်ပင် ဖြစ်ပေသည်။

အဝါရောင်ဝတ်လူငယ်။

သူသည် နိမ့်ကျသော နောက်ခံမှ လာသူဖြစ်သော်လည်း သူ၏ ပါရမီက အမြင့်မားဆုံးဖြစ်ပေသည်။

ဤဓာတ်ငွေ့မျှင်က အသိစိတ်ပင်လယ်သို့ ရောက်ရှိသွားပြီး အတားအဆီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ အရှေ့ဘက်သို့ သွားမည့်လမ်းကို ပိတ်ဆို့နေသည့် ကြီးမားသော တံခါးကြီးတစ်ခုကို သူ မြင်လိုက်ရပုံပေါ်သည်။

ဤတံခါးကြီးသည် တောင်ကြီးတစ်တောင်ကဲ့သို့ ခမ်းနားထည်ဝါနေပြီး ၎င်း၏ အမြင့်မှာ မည်မျှရှိမှန်းမသိရဘဲ မိုင်ပေါင်းသောင်းချီ၍ ကျယ်ဝန်းပေသည်။

ကြည်လင်သောချီက ပို၍ပို၍ များပြားလာပြီး ဓားတစ်ချောင်းအဖြစ် စုစည်းသွားခဲ့သည်။

“ရွှမ်း…”

တောက်ပနေသော ဓားချီက ကောင်းကင်တံခါးကို ခုတ်ပိုင်းလိုက်ရာ အက်ကွဲကြောင်းတစ်ခုသာ ပွင့်သွားခဲ့သည်။

ကြည်လင်သောချီများ ကုန်ခမ်းသွားပြီး ဘာမှမရှိတော့သည့်အဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။

ကျောင်းဆောင်အတွင်းရှိ လေထုက ခမ်းနားထည်ဝါနေခဲ့သည်။ အဝါရောင်ဝတ်လူငယ်၏ မျက်ခုံးကြားသည်သာ အဖိုးတန်မှန်တစ်ချပ်ကဲ့သို့ တောက်ပနေပြီး ကောင်းကင်တံခါးကို ရောင်ပြန်ဟပ်နေခဲ့သည်။

မျက်စိဖြင့်မမြင်နိုင်သော ဓားချီများက သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေပြီး ကောင်းကင်ယံဆီသို့ တည့်မတ်စွာ ထိုးဖောက်သွားခဲ့သည်။

ဓားချီက ယဲ့ချန်နှင့် ကြုံတွေ့ရသောအခါ အလိုအလျောက် လမ်းလွှဲသွားခဲ့သည်။

လီကန်နှင့် တခြားသူများမှာ လှုပ်ရှား၍ မရနိုင်သော်လည်း ဓားချီ၏ ထက်မြက်မှုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

တစ်ချက်တည်းဖြင့်ပင် သူတို့အားလုံး၏ ခေါင်းများ ပြတ်ကျသွားပေလိမ့်မည်။

တကယ့်ကို အားကောင်းလှတဲ့ နတ်ဆိုးနည်းစနစ်ပါလား... ။

သူ၏ဓားပညာက နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ဝုန်း...။

ကြည်လင်သောချီက ထပ်မံစုစည်းလာပြီး နောက်ထပ် ဓားတစ်ချက်ဖြင့် ကောင်းကင်တံခါးကို ခုတ်ပိုင်းလိုက်ပြန်သည်။

မျက်စိဖြင့်မမြင်နိုင်သော ရိုက်ခတ်သံများက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားပြီး မဟာနတ်ဆိုးကြီးများစွာသည် မျက်စိဖြင့်မမြင်နိုင်သော အင်အားတစ်ခုကြောင့် လွင့်စင်သွားကြကာ ဖရိုဖရဲ ပြန့်ကျဲသွားပြီး သူတို့အားလုံး တရားမှတ်ခြင်းကို ရပ်တန့်လိုက်ရသည်။

“အတန်းခေါင်းဆောင်…”

နတ်ဆိုးအားလုံး မျက်မှောင်ကြုတ်သွားကြပြီး အဝါရောင်ဝတ်လူငယ်ကို ကြည့်လိုက်ကြသည်။ သူတို့ အံ့သြသွားသလိုပဲ နတ်ဝိညာဉ်ထဲထိ နက်ရှိုင်းသော သတိထားမှုတစ်ခုကိုလည်း ခံစားလိုက်ရသည်။

စောစောက ဓားချက်သည် သူတို့၏ ခန္ဓာကိုယ်များကို တုန်ယင်သွားစေပြီး သူတို့၏ မူလပုံစံများဆီသို့ ပြန်လည်ရောက်ရှိသွားစေရန် ဖိအားပေးလုနီးပါး ဖြစ်သွားစေခဲ့သည်။

“အတန်းခေါင်းဆောင် ဘာလုပ်နေတာလဲ…”

မဟာနတ်ဆိုးကြီးများ အားလုံးတွင် မေးခွန်းများရှိနေပြီး စပ်စုလိုစိတ်များ ပြည့်နှက်နေခဲ့သည်။

“ဆရာ…”

အဝါရောင်ဝတ်လူငယ်သည် ချွေးအေးများ ရွှဲနစ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက ကောင်းကင်တံခါးကို ခုတ်ပိုင်း၍ ဖွင့်မရနိုင်ဘူးဟု ခံစားနေရသည်။

ကောင်းကင်တံခါးကို ခုတ်ပိုင်းနိုင်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေကို တုန်လှုပ်စေမည့် အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု သူ့တွင် ကြိုတင်ခံစားချက်တစ်ခု ရှိနေခဲ့သည်။

ဒဏ္ဍာရီလာ အသိစိတ်ပင်လယ် ပွင့်လာပြီး နတ်ဘုရားအာရုံကို ကျင့်ကြံနိုင်ခွင့် ရရှိလာလိမ့်မည်ဖြစ်သည်။

သူက ယဲ့ချန်ထံမှ လမ်းညွှန်မှုရယူရန် တုန်ယင်စွာဖြင့် စကားပြောလိုက်သည်။

“ဆရာ”

“ဓားဆိုတာ ဘာလဲ…”

“ဟင်…”

ယဲ့ချန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ အတန်းခေါင်းဆောင်၏ အမည်မှာ ဟွမ်ဝူချွဲ ဖြစ်သည်။ သူသည် ဓားကို စွဲလမ်းခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ စိတ်မဝင်စားပေ။ ကလေးဘဝကတည်းက သစ်သားများကို ဓားအဖြစ် ထွင်းထုကာ နေ့စဉ်မပြတ် လေ့ကျင့်နေခဲ့သည်။

တကယ်တော့ အဝါရောင်ဝတ်လူငယ်သည် ဓားတစ်လတ်မှ လက်နက်တစ်သောင်း ပြောင်းလဲခြင်းနည်းစနစ်ကို နားလည်သဘောပေါက်နေပြီဖြစ်ကာ ဓားများနှင့်သာ ကန့်သတ်ထားခြင်း မဟုတ်ကြောင်းကိုမူ သူ မသိခဲ့ပေ။ သူက ဓားပညာနှင့် ပတ်သက်၍ ပိုမိုမြင့်မားသော နားလည်နိုင်စွမ်း ရှိနေခြင်းသာဖြစ်သည်။

“ဓားဆိုတာ လူကြီးလူကောင်းတစ်ယောက်ရဲ့ လက်နက်ဖြစ်ပြီး မေတ္တာ၊ တရားမျှတမှု၊ ရိုသေကိုင်းရှိုင်းမှု၊ ဉာဏ်ပညာနဲ့ ယုံကြည်ထိုက်မှုတို့ကို ကိုယ်စားပြုတယ်…”

“ဝုန်း…”

ဤစကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဟွမ်ဝူချွဲ၏ အသိစိတ်ပင်လယ်အတွင်းရှိ ချီဓားသည် ငါးပိုင်းကွဲသွားခဲ့သည်။

ဓားတစ်၊ မေတ္တာဟု အမည်ရသည်။

ဓားနှစ်၊ တရားမျှတမှုဟု အမည်ရသည်။

ဓားသုံး၊ ရိုသေကိုင်းရှိုင်းမှုဟု အမည်ရသည်။

ဓားလေး၊ ဉာဏ်ပညာဟု အမည်ရသည်။

ဓားငါး၊ ယုံကြည်ထိုက်မှုဟု အမည်ရသည်။

ရွှမ်း...

ကောင်းကင်တံခါး အပြင်ဘက်တွင်...

မျက်စိဖြင့်မမြင်နိုင်သော ဧရာမလက်တစ်စုံက ဓားငါးချောင်းကို အတူတကွ ကိုင်ဆောင်ကာ ကောင်းကင်တံခါးကို ခုတ်ပိုင်းလိုက်သကဲ့သို့ ဖြစ်နေသည်။

ထိုအက်ကွဲကြောင်းက ပို၍ပို၍ ကြီးမားလာပြီး ကောင်းကင်ယံမှ အလင်းတန်းများကို ဖော်ပြလာခဲ့သည်။

ဤအလင်းတန်းသည် အသိစိတ်ပင်လယ်ကို ထိုးဖောက်သွားပြီး ကမ္ဘာပေါင်းသောင်းချီပေါ်သို့ တောက်ပလာခဲ့သည်။ ကျောင်းဆောင်အတွင်းရှိ မဟာနတ်ဆိုးကြီးများ အားလုံးသည် အဆုံးမဲ့ ဟင်းလင်းပြင်နယ်ပယ်တွင် တွဲလောင်းကျနေသော ကောင်းကင်တံခါးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

၎င်းသည် လေထဲတွင် ရှိနေသော်လည်း မိုင်ပေါင်းသန်းဆယ်ချီ ကွာဝေးကာ ကမ္ဘာပေါင်း ဘီလီယံချီ၍ ခြားနားနေသကဲ့သို့ ခံစားရသည်။

မလုံလောက်သေးဘူး... မလုံလောက်သေးဘူး... မလုံလောက်သေးဘူး...

အဝါရောင်ဝတ်လူငယ်က ဖြည်းညင်းစွာ မတ်တတ်ရပ်လာပြီး ညာဘက်လက်ကို ညင်သာစွာ ခါယမ်းလိုက်သည်နှင့် ရောင်စဉ်ငါးပါ ဓားတစ်ချောင်း ပေါ်လာခဲ့သည်။

ဓားသွားက အထက်သို့ မြင့်တက်သွားပြီး ထင်ယောင်ထင်မှားဖြစ်စေသော ကောင်းကင်တံခါးဆီသို့ ချိန်ရွယ်လိုက်သည်။

သူက သွားကိုကြိတ်ကာ တောင့်ခံထားနိုင်ရန် ရုန်းကန်ရင်း တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“ဆရာ... သနားညှာတာပါ... ကျွန်တော့်ကို နောက်တစ်ကြိမ်လောက် ထပ်ပြီး သင်ပြပေးဖို့ တောင်းဆိုပါတယ်…”

“ဓားဆိုတာ ဘာလဲ…”

အခန်း (၁၄) အတန်းခေါင်းဆောင်၏ ဓားက ကောင်းကင်ဘုံတံခါးကို ခွဲခြမ်းလိုက်ပြီး ကမ္ဘာလောကကို တုန်လှုပ်သွားစေသည်

ဟွမ်ဝူချွဲက အတိအကျ ဘာလုပ်ချင်နေသနည်း။

ဤကောင်လေး၏ ဓားအပေါ် စွဲလမ်းမှုက ချီသွေဖည်ခြင်း နီးပါးပင် ဖြစ်နေပေသည်။

ငါ သူ့ကို သေချာလမ်းပြပေးဖို့ လိုအပ်နေပုံရတယ်၊ သူက အရာရာတိုင်းမှာ ဒီလောက်တောင် အစွန်းရောက်ပြီး ခေါင်းမာမနေသင့်ဘူး...။

ယဲ့ချန်က အသံထွက်ပေါ်ရာဆီသို့ အာရုံစိုက်လိုက်ပြီး ဟွမ်ဝူချွဲကို ကြည့်လိုက်သည်။

သူ၏အမြင်တွင် ဤလူငယ်လေးသည် တိတ်ဆိတ်ငြိမ်သက်ကာ စိတ်ပိုင်းဖြတ်မှုခိုင်မာပြီး ရုပ်ရည်ချောမောသူ ဖြစ်သည်။ ထိုကောင်လေးက ဝါးဓားတစ်လက်ဖြင့် နေ့ရောညပါ မမောမပန်း လေ့ကျင့်နေသည့် မြင်ကွင်းကို သူ တွေးကြည့်နိုင်သည်။

ဝိညာဉ်ချီ ပြန်လည်နိုးထလာချိန်တွင် သူက ဓားသမားတစ်ယောက် ဖြစ်လာရန် အခွင့်အရေး ရှိကောင်းရှိနိုင်ပေသည်။

ဟင်း...

ဓားသမား ဟွမ်ဝူချွဲပင်။

ဤသည်ကလည်း နားထောင်လို့ မဆိုးလှပေ။

ယဲ့ချန်၏လက်ထဲရှိ ပေတံက စားပွဲကို ညင်သာစွာ ခေါက်လိုက်သည်။ ထိုအသံတွင် အဆုံးမဲ့ဆွဲဆောင်မှုများနှင့် ပြည့်နှက်နေပြီး ကောင်းကင်တာအို၏ နိယာမများ ပါဝင်နေကာ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ထက်မြက်တဲ့ဓားဆိုတာ သွေးခြင်းကနေ ဖြစ်တည်လာပြီး မက်မွန်ပန်းတွေရဲ့ရနံ့ကလည်း ပြင်းထန်တဲ့အအေးဒဏ်ကနေ ဖြစ်တည်လာတာပဲ...”

ကျိန်း... ကျိန်း...

တိတ်ဆိတ်နေသော ဓားမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဝါရောင်ဝတ်လူငယ်က သူ၏ညာဘက်လက်ထဲတွင် ဓားကို ကိုင်ဆောင်ထားပြီး ဓားထဲမှ လေးလံသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ ဤဓားသည် တောင်တန်းတစ်သောင်း၏ အလေးချိန်နှင့် ပန်းတစ်ရာ၏ ရနံ့တို့ကို သယ်ဆောင်ထားပုံရသည်။ ဓားချီများက သူ၏ခန္ဓာကိုယ်ပတ်လည်တွင် တစ်လွှာပြီးတစ်လွှာ ရစ်ပတ်နေပြီး ဓားသွေးသံ ခပ်သဲ့သဲ့ ထွက်ပေါ်နေသည်။

နတ်ဆိုးကြီးများစွာက အလိုအလျောက် နောက်ဆုတ်သွားကြရာ သုံးမီတာပတ်လည်အတွင်း မည်သူမျှ ကျန်မနေခဲ့တော့ပေ။

အဝါရောင်ဝတ်လူငယ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဝှစ်...။

လေထဲတွင် ထွက်ပေါ်နေသော ကောင်းကင်ဘုံတံခါးက တုန်လှုပ်သွားခဲ့ပြီး အက်ကွဲကြောင်းက ဆက်လက်ကျယ်ပြန့်လာကာ လူတစ်ယောက် ဖြတ်သန်းသွားရန် လုံလောက်သွားသည်။

ထင်ယောင်ထင်မှားဖြစ်စေသော ကောင်းကင်ဘုံတံခါးသည် လေထဲတွင် လွင့်မျောနေပြီး စည်းမျဉ်းများနှင့် နိယာမအားလုံးကို လျစ်လျူရှုကာ ထွက်ပေါ်နေသည်။ ၎င်းက တောင်တန်းတစ်ခုကဲ့သို့ မြင့်မားနေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပကာ အဆုံးမဲ့ အင်မော်တယ်စွမ်းအားများဖြင့် ခေတ်အဆက်ဆက်ကို ဖိနှိပ်ထားသည့်အလား ဖြစ်နေသည်။

နတ်ဆိုးကြီးများအားလုံးထံတွင် အထင်အမြင်လွဲမှားမှုတစ်ခု ရှိနေသည်။ အတန်းခေါင်းဆောင်က ဤကောင်းကင်ဘုံတံခါးကို ဖွင့်နိုင်သရွေ့ ကမ္ဘာလောကကြီးက ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ်နေကြခြင်းဖြစ်သည်။

ယခုအချိန်တွင်ပင်။

ကြယ်များလင်းလက်နေသော ကောင်းကင်ယံ၌ ကောင်းကင်ဘုံတံခါး၏ ထောင့်တစ်နေရာက ထွက်ပေါ်လာပုံရသည်။ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုများက ထူးခြားမှုတစ်ခုကို ထောက်လှမ်းမိသော်လည်း ဖမ်းယူနိုင်ခြင်းမရှိဘဲ တုန်လှုပ်ဖွယ် အချက်ပေးသံများ မြည်ဟည်းသွားခဲ့သည်။

ခဏတာမျှ ကမ္ဘာကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

“မလုံလောက်သေးဘူး... လုံးဝ မလုံလောက်သေးဘူး...”

ဟွမ်ဝူချွဲ၏ ဓားကိုင်ထားသော ညာဘက်လက်က တုန်ယင်နေသည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အမှတ်အသားတစ်ခု ထွက်ပေါ်လာပြီး သွေးများကျလာမည့်အလား ဖြစ်နေသည်။ သူက ကောင်းကင်ဘုံတံခါးကို အောင်မြင်စွာ ခွဲခြမ်းနိုင်မည် သို့မဟုတ် ကြိုးစားရင်းဖြင့် သေဆုံးသွားမည် ဖြစ်သည်။

ကောင်းကင်ဘုံတံခါးက တကယ်တည်ရှိနေပြီး ကိုယ်ပွားပေါင်း ဘီလီယံချီ၍ ထွက်ပေါ်လာကာ သက်ရှိတိုင်း၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေကြောင်းကို သူ ခံစားနိုင်သည်။

ဤသည်က သူ၏ဆရာ တစ်ခါကပြောဖူးသော ‘ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်ခြင်း’ ဖြစ်နိုင်ပေသည်။ ၎င်းက သက်ရှိတိုင်း၏ အသိစိတ်ပင်လယ်အပေါ်ရှိ တံဆိပ်တုံးတစ်ခုဖြစ်ပြီး သူတို့ကို သာမန်သာဖြစ်စေကာ အင်မော်တယ်အဆင့်သို့ မရောက်အောင် တားဆီးထားခြင်း ဖြစ်သည်။

“ဆရာ...”

“ဓားဆိုတာ ဘာလဲ ဆရာ...”

“ကျေးဇူးပြုပြီး တပည့်ကို သင်ပေးပါ...”

ဟွမ်ဝူချွဲက အသက်ရှုမြန်နေပြီး သူ၏ရင်ဘတ်ထဲရှိ နှလုံးက အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုလို ပြင်းထန်စွာ ခုန်ပေါက်နေသည်။ သူ၏ခွန်အားက နတ်ဆိုးအားလုံးထဲတွင် အကြီးမားဆုံးဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ ထူးခြားမှုကို ဖိနှိပ်ထားရန် ရုန်းကန်နေရသည်။

“ဟင်…”

ဤကောင်လေးက ပန်းလိုလှပသည့် ကဗျာများကို သဘောမကျပုံရသည်...။

ယဲ့ချန်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ ထို့နောက် သူက ဤကောင်စုတ်လေးများကို အနည်းငယ် ခြောက်လှန့်ရပေမည်။ သတ်ဖြတ်လိုသော စိတ်ဆန္ဒက မကောင်းကြောင်း သူတို့ကို သိစေရမည်။

အတွေးများကို ရှင်းထုတ်လိုက်ပြီးနောက် ယဲ့ချန်က တွေးတောနေဟန် ဆောင်လိုက်ပြီး ခဏအကြာတွင် သူ၏အသံက ထွက်ပေါ်လာခဲ့သည်။

“ချင်ဘုရင်က ပြည်နယ်ခြောက်ခုကို သိမ်းပိုက်ခဲ့တယ်၊ သူ့ရဲ့အကြည့်က ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ၊ သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တာနဲ့ လွင့်မျောနေတဲ့ တိမ်တိုက်တွေက ရှင်းလင်းသွားပြီး မြို့စားနယ်စားတွေ အားလုံးက အနောက်ဘက်ကနေ ရောက်လာကြတယ်...”

သူ၏စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဟွမ်ဝူချွဲ၏ ခန္ဓာကိုယ်က အဆုံးမဲ့စွမ်းအားများကို ရရှိသွားပုံရသည်။

ယခုအချိန်တွင်။

သူ၏လက်ထဲရှိ ဓားရှည်ကို မြှောက်လိုက်ရာ ရဲရင့်သော စစ်သည်တစ်သန်းကို အမိန့်ပေးနေသည့်အလား ကျားတစ်ကောင်ကဲ့သို့ လီတစ်ထောင်ကို ဝါးမျိုမည့် ချီများ ပါဝင်နေသည်။

လေထဲရှိ ကောင်းကင်ဘုံတံခါးက အနည်းငယ် တုန်ခါသွားပြီး အလင်းတန်း သန်းပေါင်းများစွာကို ဖြာထွက်လာသည်။

“ပိုင်းဖြတ်စမ်း..”

နောက်ထပ် ဓားချက်တစ်ချက်။

ကောင်းကင်ဘုံတံခါး၏ အက်ကွဲကြောင်းက ထပ်မံပွင့်ဟသွားပြီး ယခုတစ်ကြိမ်တွင် လူသုံးယောက် ယှဉ်လျှောက်နိုင်လောက်သည့်အထိ ကျယ်ဝန်းသွားသည်။ သို့တိုင် ကောင်းကင်ဘုံတံခါးတစ်ခုလုံးနှင့် ယှဉ်လိုက်ပါက ဤအကွာအဝေးသည် ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။

ကျောင်းဆောင်အတွင်း၌။

နတ်ဆိုးကြီးများအားလုံး တုန်လှုပ်လာကြသည်။ အသိဉာဏ်ရခါစ နတ်ဆိုးငယ်အချို့မှာ ပထမဆုံးအကြိမ် သင်ခန်းစာ နားထောင်ခြင်းဖြစ်ပြီး ဤကဲ့သို့သော ကံဆိုးမှုမျိုး ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သူတို့က မြေပြင်ပေါ်တွင် ပျပ်ဝပ်နေကြပြီး ခန္ဓာကိုယ်များက ဆန်ခါတစ်ခုလို တုန်ယင်နေကာ အတန်းခေါင်းဆောင်ကို ရှိခိုးဦးချနေကြသည်။

မီးလျှံဖီးနစ်ငှက်က လုံးဝ အသွင်ပြောင်းသွားခဲ့ပြီး စစ်မှန်သော လူသားတစ်ယောက်လို ဖြစ်နေသည်။ သူမက အရှေ့ဆုံးတွင် ရပ်နေကာ အတန်းခေါင်းဆောင်ကို ဂရုတစိုက် စောင့်ကြည့်နေပြီး သူမ၏မျက်လုံးများတွင် ပူနွေးသော မျက်ရည်များ ပြည့်နှက်နေကာ မီးတောက်တစ်ခုလို လောင်ကျွမ်းနေသည်။

ဟူမိန်အာ၊ ခွေ့နျူ၊ သွမ့်ကျီ၊ ကောင်းကင်ဘုံမြင်း၊ နဂါးကျောင်း၊ ကျူးယန်၊ နဂါးလိပ်၊ ကောင်းကင်ဘုံခွေး၊ ဝက်ဝံနက်၊ ရွှေတောင်ပံဖန်ငှက်ကြီး၊ အရောင်ငါးမျိုး လျှို့ဝှက်ဆန်းကြယ်ငှက်နှင့် အခြားသူများအားလုံးက သူတို့၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ အတန်းခေါင်းဆောင်က ဤကောင်းကင်ဘုံတံခါးကို ဖွင့်နိုင်သရွေ့ သူတို့လည်း အဆုံးမဲ့အကျိုးကျေးဇူးများကို ရရှိလိမ့်မည်ဟု ခံစားမိကြသည်။

ဓားအမွှာဂိုဏ်းဝင်များအားလုံး ယခုအချိန်တွင် ဆွံ့အသွားကြပြီး သူတို့၏ ဦးနှောက်များက တွေးတောနိုင်စွမ်း မရှိသလောက်ပင် ဖြစ်နေသည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးက သူတို့၏ သိမြင်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ သူတို့က အကူအညီမဲ့စွာ စောင့်ကြည့်နေရုံသာ တတ်နိုင်ပြီး သူတို့၏အသက်အရွယ်ထက် ကျော်လွန်သော ဖိအားများကို ခံစားနေကြရသည်။

ယဲ့ချန်က အနည်းငယ် ကျေနပ်သွားကာ ပြုံးလိုက်သည်။ တပည့်တစ်ယောက်က ကဗျာကို သဘောကျသည်ဖြစ်စေ၊ လက်နက်ကိုင်ဆောင်ခြင်းကို သဘောကျသည်ဖြစ်စေ သူတို့၏ လေ့လာသင်ယူမှုတွင် တစ်ခုခုကို အောင်မြင်သည်ဟု သတ်မှတ်နိုင်ပေသည်။

“မင်းက ဓားအကြောင်းကို နားထောင်ချင်နေမှတော့ ဆရာ မင်းကို ပြောပြရတာပေါ့...”

“ကြီးမြတ်တဲ့ ရည်မှန်းချက်က ချန်စစ်ထက်ကို မြင့်တက်နေတယ်၊ ရိုးသားမှုက သက်တံ့ဖြူကို ဖောက်ထွင်းသွားနိုင်တယ်၊ ဆရာ့ရဲ့ ကျေးဇူးကိုသာ ဆပ်နိုင်မယ်ဆိုရင် နဂါးဓားမှာလည်း အထီးနဲ့ အမ ရှိတယ်...”

ဝုန်း...

ဟွမ်ဝူချွဲ၏ လက်ထဲရှိ ဓားက နဂါးနှင့် ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဘယ်ဘက်မှတစ်ခု၊ ညာဘက်မှတစ်ခု ကောင်းကင်ဘုံတံခါးကို တိုက်ခိုက်လိုက်သည်။

ကျီ...။

ကောင်းကင်ဘုံတံခါးက အနည်းငယ် ပိုပွင့်သွားပြီး ယခုအခါ လူလေးယောက် ဖြတ်သန်းနိုင်လောက်သည့်အထိ ကျယ်ဝန်းသွားသည်။

“နှင်းထူထူတွေက ကောင်းကင်နဲ့မြေကြီးကို ဖုံးလွှမ်းနေတယ်၊ ဓားတစ်လက်နဲ့ ဘာလို့ လှည့်လည်မသွားရမှာလဲ...”

ဝှစ်... ဝှစ်...။

ကောင်းကင်နှင့်မြေကြီးကြားတွင် နှင်းပွင့်များ လွင့်မျောလာပြီး ကျောင်းဆောင်တစ်ခုလုံး အေးစက်လာသည်။ နွေရာသီဖြစ်လင့်ကစား လေထဲတွင် အအေးဓာတ်က စိမ့်ဝင်နေသည်။ ယဲ့ချန်၏ ပတ်လည်တွင်သာ ဘာမှပြောင်းလဲမသွားခဲ့ပေ။ ကောင်းကင်ဖြစ်စဉ်များအားလုံးက ယဲ့ချန်ကို ရှောင်ကွင်းသွားကြသည်။ မည်သည့်နိယာမကမျှ သူ့ကို မကျူးကျော်နိုင်ဟု ပြော၍ရပေသည်။

နှင်းထဲမှ ဓားတစ်လက်က ကောင်းကင်ဘုံတံခါးကို တိုက်ခိုက်လိုက်သည်။ အဝါရောင်ဝတ်လူငယ်၏ ပုံစံက ယခုအချိန်တွင် နှိုင်းယှဉ်မရနိုင်လောက်အောင် မြင့်မားနေသည်။ ကောင်းကင်ဘုံတံခါးကို ဓားတစ်လက်ဖြင့် ခွဲခြမ်းလိုက်သည်က ဘယ်လောက်တောင် ခမ်းနားလိုက်သနည်း။

ကျောင်းဆောင်၏ အတွင်းနှင့် အပြင်ဘက်ရှိ နတ်ဆိုးအားလုံးက သူတို့၏ နှလုံးသားများ လည်ချောင်းထဲရောက်မတတ် စိုးရိမ်တကြီး ဆုတောင်းနေကြသည်။ စပါးခင်းများ၊ မြစ်ငယ်ဘေး၊ သစ်ပင်ကြီးများအောက်နှင့် ဂူများအတွင်း၌ ရေတွက်မရနိုင်သော နတ်ဆိုးငယ်များက ကြောက်ရွံ့စွာ တုန်ယင်နေကြသည်။ သူတို့က ကျောင်းဆောင်အနီးသို့ မချဉ်းကပ်ရဲကြဘဲ အားလုံးက ကောင်းကင်ကိုသာ မော့ကြည့်နေကြသည်။

အမည်မသိ ကြောက်မက်ဖွယ်အရာတစ်ခု ဆင်းသက်လာသည့်အလား သူတို့၏ နတ်ဝိညာဉ်များ အနက်ရှိုင်းဆုံးနေရာမှနေ၍ ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေကြရသည်။

“အဖိုးတန်ဓားနဲ့ အမွှာနဂါးကျောင်းတွေ၊ နှင်းပွင့်တွေက ခေါင်ရမ်းပန်းကို ရောင်ပြန်ဟပ်နေတယ်...”

ဂါး... ဂါး...။

နဂါးဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဟွမ်ဝူချွဲ၏ လက်ထဲရှိ ဓားက ထပ်မံအသွင်ပြောင်းသွားကာ နဂါးကျောင်းနှစ်ကောင် ဖြစ်လာသည်။

ဂါး...။

ကျောင်းဆောင်အတွင်း၌ အောင်းရှောင်ယု၏ ခန္ဓာကိုယ်က ချက်ချင်းပင် အသွင်ပြောင်းသွားပြီး နဂါးကျောင်းခေါင်းနှင့် လူခန္ဓာကိုယ်ဖြစ်လာကာ ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းတော့မည့်အလား ဓားချီများ ဝန်းရံလာသည်။

“ခွဲလိုက်စမ်း...”

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားချီများက အတန်းခေါင်းဆောင်၏ လက်ထဲရှိ ဓားနှင့် ပဲ့တင်ထပ်သွားသည်။ ဓားချက်တစ်ချက်ဖြင့် ကောင်းကင်ဘုံတံခါးက ပို၍ပွင့်သွားပြီး ယခုအခါ လူရှစ်ယောက် ဖြတ်သန်းနိုင်လောက်သည့်အထိ ကျယ်ဝန်းသွားသည်။

ဝေါ့...။

နဂါးကျောင်းဖြစ်သော အောင်းရှောင်ယုက သွေးစိမ်းများ အန်ထုတ်လိုက်ရာ လေထဲတွင် မိုးပေါက်များအဖြစ် ပြောင်းလဲသွားပြီးနောက် ဝိညာဉ်မြူများ ဖြစ်သွားကာ အသွင်မပြောင်းရသေးသော နတ်ဆိုးငယ်များက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို အားဖြည့်ရန် စုပ်ယူလိုက်ကြသည်။

“စီနီယာကျောင်းသား အောင်းရဲ့ သွေးက ဒီလောက်တောင် အံ့မခန်း အသုံးဝင်တာလား…”

“အခုချိန်ကစပြီး ငါတို့ သူ့ရဲ့သွေးကိုပဲ သောက်ဖို့ စဉ်းစားသင့်သလား…”

သွေးစုပ်ရာတွင် ကျွမ်းကျင်သော နတ်ဆိုးငယ်လေးတစ်ကောင်က အောင်းရှောင်ယုကို စိုက်ကြည့်လိုက်ရာ ၎င်း၏မျက်လုံးများက တောက်ပနေသည်။

ဖြန်း...။

၎င်း၏ ရည်ရွယ်ချက်ကို ခံစားမိသွားသော အောင်းရှောင်ယုက လက်ကိုဝှေ့ယမ်းကာ ၎င်း၏ခေါင်းကို ရိုက်ချလိုက်သည်။

“ပင်လယ်လေးစင်းက ထက်မြက်တဲ့ဓားကို သွေးပေးတယ်၊ တိတ်ဆိတ်နေတဲ့ တောင်တန်းတွေမှာ တစ်ယောက်တည်း စာဖတ်နေတယ်...”

ယဲ့ချန်က နောက်ထပ် ကဗျာတစ်ကြောင်းကို ရွတ်ဆိုလိုက်ရာ အဝါရောင်ဝတ်လူငယ်၏ ခေါင်းက တောက်ပသွားပြီး သူ၏အထက်တွင် သမုဒ္ဒရာတစ်ခု ထွက်ပေါ်လာသည်။ သမုဒ္ဒရာက ကွဲဟသွားပြီး ၎င်းအတွင်းမှ အပြာရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

သူက လှမ်း၍ ဆုပ်ကိုင်လိုက်ပြီးနောက် ကောင်းကင်ဘုံတံခါးဆီသို့ ခုတ်ပိုင်းလိုက်သည်။

ရွှမ်း...။

ဓားတစ်လက်က ပင်လယ်လေးစင်း၏ စွမ်းအားကို သယ်ဆောင်ထားပြီး ၎င်း၏အစွမ်းက ကျယ်ပြန့်ကာ တဟုန်ထိုး တက်လာသည်။

ကောင်းကင်ဘုံတံခါးက ထပ်မံ၍ အတင်းအဓမ္မ ဖွင့်ခံလိုက်ရပြီး ယခုအခါ လူဆယ့်ငါးယောက် ယှဉ်လျှောက်နိုင်လောက်သည့်အထိ ကျယ်ဝန်းသွားသည်။ သို့တိုင် အဝေးမှကြည့်လျှင် ဤကောင်းကင်ဘုံတံခါးက နေရာလွတ် အလွန်ကြီးမားနေဆဲ ဖြစ်သည်။

“အဲ့ဒါကို ဖွင့်နိုင်မှာလား…”

ဤသည်က နတ်ဆိုးကြီးများအားလုံး၏ အတွင်းစိတ်အတွေးဖြစ်ပြီး စိုးရိမ်ပူပန်မှုများနှင့် သံသယများ ပြည့်နှက်နေသည်။

ဟွမ်ဝူချွဲ၏ မျက်ခုံးများမှ သွေးထွက်လာပြီး သူ၏ညာဘက်လက်က တုန်ယင်နေသည်။

“ဓားကို ကိုင်တွယ်ရင်း ညဘက်မှာ ငါ ရွတ်ဆိုတယ်၊ ဓားအလင်းတန်းက လီတစ်သန်းကို ခရီးနှင်တယ်...”

ဤအက္ခရာဆယ်လုံးက တဟုန်ထိုး တက်လာသော အစွမ်းထက်သည့် ချီများအဖြစ် ပြောင်းလဲသွားပြီး ဟွမ်ဝူချွဲက အပြည့်အဝ စုပ်ယူလိုက်ကာ အစိမ်းရောင်ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ဓားချီက ဟင်းလင်းပြင်နယ်ပယ်ကို ဖောက်ထွင်းသွားပြီး ကောင်းကင်ဘုံတံခါးကို မီတာတစ်ရာခန့် ခွဲခြမ်းလိုက်သည်။

ရွှမ်း...။

ကောင်းကင်ဘုံတံခါးက လျင်မြန်စွာ ကွဲဟသွားပြီး ၎င်းထဲမှ နက်နဲသော အလင်းတန်းများ ဆင်းသက်လာကာ ဟွမ်ဝူချွဲက အားလုံးကို စုပ်ယူလိုက်ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ သွေးထွက်နေသော နေရာက ယခုအခါ လုံးဝ ပျောက်ကင်းသွားပြီး ညာဘက်လက်မှ ဒဏ်ရာကလည်း သက်သာသွားခဲ့သည်။

“မျှော်လင့်ချက်ရှိတယ်...”

“ရှေ့ဆက်သွား အတန်းခေါင်းဆောင်...”

“ဓားအလင်းတန်းက လီတစ်ထောင်အထိ ရှည်လျားတယ်...”

“ဆရာ့ရဲ့ စာပေစွမ်းရည်က တကယ့်ကို အံ့မခန်းပဲ...”

ယခုအချိန်မှသာ နတ်ဆိုးကြီးများအားလုံးက သက်ပြင်းချရဲသွားကြပြီး သူတို့၏ မျက်နှာအမူအရာများက လှုပ်ရှားနေကြသည်။ ဆရာ၏စကားများက ကောင်းကင်ဘုံအမိန့်တော်များဖြစ်ပြီး သူ၏အမိန့်များက ဥပဒေဿများဖြစ်သည်။

အတန်းခေါင်းဆောင်အတွက် သူ၏အကူအညီဖြင့် ဥပဒေဿများအားလုံးကို ချိုးဖျက်နိုင်ပြီး အရာအားလုံးကို ခွဲခြမ်းနိုင်သည်။ သူတို့အားလုံး မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည်။ ဤကောင်းကင်ဘုံတံခါးက အတန်းခေါင်းဆောင်ကို ဆက်လက်တားဆီးနိုင်စွမ်း မရှိတော့ပုံရသည်။

“ဟားဟား…..”

အောင်ပွဲခံသံများကို ကြားသောအခါ ယဲ့ချန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

ဤကောင်စုတ်လေးတွေက အရမ်းငယ်ပါသေးတယ်၊ သူတို့က သတ်ဖြတ်လိုသော စိတ်ဆန္ဒတွေ ပြည့်နှက်နေတဲ့ ကဗျာတွေကို တကယ် သဘောကျကြတာပဲ... ဒါဆိုရင်လည်း အစစ်အမှန် သတ်ဖြတ်ခြင်းဓားဆိုတာ ဘာလဲဆိုတာကို မင်းတို့အားလုံး တကယ်ခံစားကြည့်ရအောင် လုပ်ပေးရတာပေါ့...။

All Chapters