အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
47
( ပုန်းနေတဲ့နဂါးက အသိုက်ကနေ မထွက်ဘူးကွ)
တစ်ကြိမ်အထိနာဖူးသည့် ငှက််သူငယ်လိုမျိုး လုယန်သည် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ နောက်ခံရှိသည့် အရာတိုင်းကို သတိထားလေသည်။
အထူးသဖြင့် ဂိုဏ်းထဲက အင်အားကြီးအဖွဲ့အစည်း တစ်ခုဖြစ်၍ ပိုပြီး သတိကြီးသွားသည်။
‘ ဒါပေမဲ့ ငါ့ရဲ့ဒီဘဝမှာ မူလနတ်ချီအဆောင်စာရွက်ရဲ့ ကာကွယ်မှုကြောင့် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်တောင် သတိထားမိခဲ့တာ မဟုတ်ဘူး၊ ပြီး မြစ်သုံးသွယ်အဖွဲ့က ကိုယ့်လူကိုယ်တော့ အရမ်းကြီး ပစ်မှတ်မထားလောက်ပါဘူး’
‘ ဒါပေမဲ့ အရိုးဈေးရဲ့ ပြဿနာကို နောက်ကွယ်က အကွက်ချနေတဲ့ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူက မြစ်သုံးသွယ်အဖွဲ့တည်ထောင်သူ ဖြစ်နိုင်တယ်’
မြစ်သုံးသွယ် အဖွဲ့ကို လုယန် တော်တော်လေး သံသယ ဝင်သွားသည်။ သို့ပေမဲ့ သူ၏ မျက်နှာက တည်ငြိမ်နေကာ.. ခံစားချက်တစ်ခုတောင် ပြသထားခြင်း မရှိပေ။
“ သိပြီ.. ဒုတိယအကိုကြီးက ကျွန်တော့်ကို တွေ့ချင်နေလို့လား”
“အမှန်ပဲ” ဖေးရှက ခေါင်းညိတ်ပြလိုက်ကာ
“ ဒုတိယအကိုကြီးက အရိုးဈေးကို လာခဲ့ပေမဲ့ ကူပေးမဲ့ အဖော်မရှိလို့ မောင်လေးလုကို လာပြောခိုင်းလိုက်တာ”
အဖော်တဲ့လား.. အစားသေပေးရမည့် အမြှောက်စာဇာတ်ကောင်နှင့်သာ ပိုတူပါသည်။
လုယန် ခေါင်းယမ်းလိုက်တော့သည်။
“ ကျွန်တော်က အစီအမံလေး နည်းနည်းပဲတက်တာ၊ အစီအမံတွေမပါရင် ကျွန်တော်က ဘယ်နားသုံးရလို့လဲ။ ဒုတိယအကိုကြီးနဲ့အတူလိုက်ဖို့ မသင့်တော်ပါဘူး။ တစ်ခြားအရည်အချင်းမှီတဲ့သူကိုပဲ ရှာခိုင်းလိုက်ပါ”
လုယန် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
သူသည် မြစ်သုံးသွယ်အဖွဲ့၏ စာချုပ်ချုပ်ထားသော အဖွဲ့ဝင်တစ်ယောက် ဖြစ်သော်လည်း.. သူတို့၏ ကျွန်တစ်ယောက် မဟုတ်ပါချေ။ သူ့မှာ ဤမျှဆုံးဖြတ်ခွင့်တော့ ရှိပါ၏။ ဘယ်သူက အတင်းအကျပ် အမိန့်ပေးနိုင်မှာလဲ။
ဖေးရှကလည်း ထိုကဲ့သို့တွေးမိသောကြောင့် လုယန်ကို ဝတ်ကျေတန်းကျေပဲ စကားပါးပေးခဲ့တာပင်။
သူမ၏ တာဝန်လည်း ပြီးသွားသည့်အတွက်၊ သူမက လုယန်ကို ပေါ့ပါးစွာ မှီထားလိုက်သည်။ ထို့နောက် တဖြည်းဖြည်း နီစွေးလာသော ပါးပြင်ဖြင့် လုယန်ကို ညှို့ငင်စွာ.ကြည့်လိုက်သည်။
“ မောင်လေးလု၊ အမ အစီအမံနဲ့ပတ်သတ်ပြီး နားမလည်တဲ့နေရာ တစ်ချို့တွေ့ထားတာ.. မောင်လေး ကူညီပေးလို့ ရမလားဟင်”
“ ကြိုက်တာပေါ့ဗျာ”
လုယန် ချက်ချင်း လှုပ်ရှားလိုက်တော့သည်။
ထိုသို့ဖြင့် နောက်ထပ်သုံးနှစ်အတွင်းမှာ လုယန်၏ ဘဝက ပုံမှန်ဆန်စွာ လည်ပတ်နေသည်။
ဖေးရှနှင့် တာအိုအကြောင်း ဆွေးနွေးလျှင် ဆွေးနွေးမည်.. မဟုတ်လျှင် ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို လေ့လာနေမည်။ စိတ်ပါနေပါက၊ နှစ်ခုလုံးကိုပင် တပြိုင်နက် လုပ်နေအုံးမည်။
သို့ပေမဲ့ သူ၏ငြိမ်းချမ်းသာယာသော နေ့စဥ်ဘဝနှင့် နှိုင်းယှဥ်လိုက်လျှင် အရိုးတောင်က အခြေအနေက တော်တော်လေး ဆိုးရွားပါသည်။
ရှန်းဝူဂိုဏ်းသားတွေနှင့်၊ ရှေးဦးသူတော်စင်ဂိုဏ်းသားတွေသာမက၊ ပါရမီကောင်းသော အလွတ်တန်းကျင့်ကြံသူများကပါ အဖွဲ့ဖွဲ့ပြီး လျှို့ဝှက်နယ်မြေကို ရှာဖွေနေကြသည်။
သူတို့အဖွဲ့တွေ၊ တွေ့တဲ့အချိန်.. တွေ့တဲ့နေရာမှာ တိုက်ပွဲတစ်ခု မလွဲမသေ ဖြစ်ပေါ်သည်။
သို့သော် ရှာဖွေရေးကာလအတွင်းမှာ ရှေးဟောင်းထွင်းစာ တစ်ချို့ ထွက်ပေါ်ခဲ့သောကြောင့် လျှို့ဝှက်နယ်မြေ၏ တည်ရှိမှုက ပိုပြီးသက်သေပြည့်စုံသွားသည်။
ထိုအချိန်လောက်မှာပဲ ကျောက်ရှဟယ်သည် အပြင်မှာ တိုက်ခိုက်နေနေရင်းမှ သူ့နာမည်ကို အသုံးပြုပြီး အခွင့်အလမ်းတွေ အများကြီး ရခဲ့ကြောင်းကိုလည်း ဖေးရှ မှတစ်ဆင့် လုယန် သိခဲ့ရလေသည်။
“ ကျုပ်နာမည်က ဒီလောက်အသုံးဝင်မယ် မထင်ထားဘူး”
လုယန် အနည်းငယ် အံ့သြသွားသေးသည်။ ကြည့်ရတာ ကျောက်ရှဟယ်သည် အပြင်မှာ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရ၍ သူ့နာမည်ဖြင့် အကာအကွယ်အဖြစ် ယူသုံးထားဟန်ပဲ။
ယန်ဟောက်၏ သေဆုံးမှုက လူအများကြီးကို ကြောက်ရွံ့သွားစေခဲ့တာ သေချာပါသည်။
သို့ပေမဲ့ အခုလို ကျောက်ရှဟယ် အောင်မြင်နေခြင်းကလည်း ထိုသူ၏ လိမ္မာပါးနပ်မှုကြောင့်ဆိုတာ ငြင်းဆို၍ မရပါချေ။ ဘယ်အချိန် အရှေ့တက်ရမယ်၊ ဘယ်အချိန် အနောက်ဆုတ်ရမယ်ကို နားလည်ထားပြီး တကယ့်အင်အားကြီး ပုဂ္ဂိုလ်တွေကို မထိခဲ့၍သာ သူ့နာမည်ကနေ အခုလို အာဏာကို အငှားသုံးနိုင်နေခြင်း ဖြစ်သည်။
“.မောင်လေးလု ဒီကိစ္စကို ဘာမှ မလုပ်တော့ဘူးလား”
ဖေးရှ၏ အသံက အေးစက်နေပြီး မျက်နှာသည်လည်း ခက်ထန်နေသည်။
“ အဲ့ဒီလူက မောင်လေးလုရဲ့ နာမည်နဲ့ကောင်းစားနေတာ၊ ကျွန်မသာဆို ဒီတိုင်းသတ်ပစ်လိုက်မှာ”
“ အလုပ်ရှုတ်ခံစရာ မလိုပါဘူး”
လုယန် ခေါင်းယမ်းလိုက်သည်။
ကျောက်ရှဟယ်သည် အရိုးဈေးကို ပြန်မလာသေးဘဲ အရိုးတောင်ထဲမှာ လျှို့ဝှက်နယ်မြေ၏နေရာကို ရှာဖွေနေတာပင်။ အကယ်၍ သူ့ကိုသတ်ချင်ပါက လုယန်လည်း မြို့ပြင်ထွက်ဖို့ လိုအပ်သည်။ လုယန်က အဘယ်ကြောင့် အပြင်ထွက်ပါမည်နည်း။
“ လွှတ်ထားလိုက်ပါ၊ သူ အဲ့ဒီတုန်းက အမှတ်လာချေးတဲ့အချိန်မှာ နာမည်ယူသုံးဖို့ ကျွန်တော်ကိုယ်တိုင် ခွင့်ပြုပေးခဲ့တာ”
ဖေးရှ ပြန်သွားပြီးနောက် လုယန်၏ မျက်နှာလည်း တစ်ဖြည်းဖြည်း တည်ငြိမ်သွားသည်။
“ ဟမ့်”
“ စိတ်ဝင်စားစရာပဲ၊ ငါဒီနောက်ပိုင်း ကြားရသမျှ သတင်းတွေက ငါ့ကိုအပြင် မထွက် ထွက်အောင် လှုံ့ဆော်နေတာနဲ့ မတူဘူးလား”
လုယန်၏ ခေါင်းထဲ စာလုံးတစ်လုံးသာ ဝင်ရောက်လာသည်.. ကပ်ဘေး။
သူ့လိုမျိုး ချီသန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိသေးသည့် တပည့်တစ်ယောက်က အခြေခံတည်ထောင်ခြင်းနယ်ပယ် သခင်ကြီးတစ်ယောက်၏ ပစ်မှတ်ထားခြင်း ခံရကာ၊ အခုလိုမျိုး အကြိမ်ကြိမ် လှည့်ဖျားခံရသည်.. ဒါကမှ ကပ်ဘေးမဟုတ်လျှင် ဘယ်အရာဖြစ်မည်နည်း။
“ ဟမ့်.. ကပ်ဘေးနဲ့နီးကပ်လာအချိန်မှာ လူတစ်ယောက် မလုပ်သင့်ဆုံးအရာက စိတ်လိုလက်ရ တုံ့ပြန်လိုက်တာပဲ။ အိမ်တံခါးကို လုံအောင်ပိတ်ထားပြီး ရိက္ခာအပြည့် စုဆောင်းထားမှပဲ အသက်ရှင်ဖို့ မျှော်လင့်နိုင်မယ်”
ပထမ မြစ်သုံးသွယ်အဖွဲ့ကိုအသုံးပြုပြီး အပြင်ဘက်မှ ဖိအားပေးသည်။ အခုကျ ကျောက်ရှဟယ်နှင့် သူ၏ဒေါသကို ဆွပြန်သည်။
“ မင်းတို့တွေငါ့ကို ဘယ်လောက်ပဲ မြှားခေါ်နေနေ၊ ဒီနဂါးက အသိုက်ထဲက မထွက်ဘူးပဲ”
လုယန် နောက်ဆုံးတော့ စိတ်ရှင်းသွားသည်။ သူ၏ နှလုံးသားက တည်ငြိမ်သွားသည့်အတွက် ခန္ဓာကိုယ်လည်း ပေါ့ပါးလာ၏။
ထိုသို့ဖြင့် အချိန်တွေကုန်ဆုံးသွားကာ နောက်ထပ်တစ်လကို ရောက်လို့လာသည်။
အရိုးဈေး၏ အရှေ့ဘက် မိုင်တစ်ထောင်အဝေးတွင်..
အလင်းတန်းတစ်ခုက အသက်စွမ်းအင်ကို စတေးပြီးအမြန်ဆုံးအရှိန်ဖြင့် အရှေ့ကို.ထွက်ပြေးနေဟန်ရကာ၊ သူ့အနောက်မှာ အလင်းတန်းရှစ်ခုကလည်း မနားမနေ လိုက်ပါနေသည်။
“ ကျောက်ရှဟယ်၊ မင်း ဘယ်ပြေးမှာလဲကွ”
ချီစွမ်းအင်များ တောက်လောင်နေသော ထိုအလင်းတန်းရှစ်ခုက ရှန်းဝူဂိုဏ်းက တပည့်တွေဖြစ်တာ သိသာလှသည်။ ကျောက်ရှဟယ်ကလည်း နှလုံးသားထဲက နောက်ဆုံးသောမျှော်လင့်ချက် ကောက်ရိုးမျှင်ကို ဖမ်းဆုတ်ရင်း အသည်းအသန် ထွက်ပြေးနေသည်။
“ ငါ့ကိုကယ်တင်လို့ရအုံးမှာ”
“ ငါလုယန်ကို စာပို့ထားပြီးပြီ၊ ငါသာ အရိုးဈေးရဲ့ ပိုင်နက်ထဲ ဝင်နိုင်တာနဲ့ သူငါ့ကို ကယ်တင်ပေးလိမ့်မယ်”
ကျောက်ရှဟယ် ကိုယ့်ကိုယ်ကို အတင်း အားပေးလိုက်သည်။
“ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ခိုးယူခြင်းသိုင်း အပေါ်မှာ ငါ့ရဲ့ကန့်သတ်ချက် ရှိနေသေးတယ်၊ သူ အိုမင်းတဲ့အထိ အနှစ် ရှစ်ဆယ်မစောင့်ချင်ဘူးဆိုရင် ငါ့ကို သေချာပေါက် ကယ်တင်ရလိမ့်မယ်”
“ သူငါ့ကို လာကယ်မှာ”
“ သူ သေချာပေါက်ကယ်မှာ”
ကျောက်ရှဟယ် စိတ်ဓာတ်ကျလုနီးနီး ဖြစ်နေချိန်မှာပဲ ဈေးထဲကနေ ခံ့ညားသော အလင်းတစ်ခု ထွက်လာတာ မြင်လိုက်ရပြီး၊ သေရေးရှင်ရေးအခြေအနေမှ ကယ်တင်ခံလိုက်ရသလိုမျိုး သူ တက်ကြွသွားတော့သည်။
“ သူ လာပြီ၊ သူငါ့ကို အသေမခံဘူးဆိုတာ ငါသိသားပဲ”
ကျောက်ရှဟယ် ပျော်ရွှင်သွားသလို၊ အနောက်က အလင်းတန်းရှစ်ခုကလည်း မသိလျှင် ကြိုစောင့်နေကြသည့်နှယ်၊ အရှိန်လျော့လိုက်ကြ၏။
သို့သော် မကြာခင်မှာပဲတစ်ခုခုမှားယွင်းနေတာကို သူတို့အားလုံး ခံစားမိလိုက်သည်။
အရိုးဈေး၏ ထိပ်မှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာတာ မှန်သော်လည်း၊ ထိုအလင်းတန်းက တစ်စက်ကလေးမှ မရွေ့လျားလာပေ။
ကျောက်ရှဟယ် ရပ်နေမိချိန်မှာပဲ အနောက်က လိုက်လာသော အလင်းတန်းရှစ်ခုက အရှိန်လျော့လိုက်သည့်တိုင်အောင်၊ နောက်ဆုံးမှာ တွန့်ဆုတ်စွာ ဝိုင်းလိုက်မိကြပြီး ထိုသို့ဖြင့် နှစ်ဖက်က မဖြစ်မနေ တိုက်ခိုက်ရတော့သည်။
တိုက်ပွဲကြီးသည် နေ့တစ်ဝက်ကြာမြင့်ခဲ့သည်။
ရှန်းဝူဂိုဏ်းသားတွေခဗျာ မတော်တဆ ကျောက်ရှဟယ်ကို သတ်မိမှာစိုး၍ စွမ်းအင်တောင် အသုံးမပြုရဲဘဲ အချိန်တစ်ခုကြာတိုင်း အရိုးဈေးဘက်က အလင်းတန်းကို လှည့်ကြည့်နေရသည်။
သေချာကြည့်လျှင်.. ထိုအလင်းတန်းက ပိုပိုပြီး ဝေးကွာမသွားပေဘူးလား။
အဆုံးမှာ ကျောက်ရှဟယ် စိတ်ပျက်လက်ပျက် အော်ဟစ်တော့သည်။
“ မဟုတ်ဘူး၊ ဘာလို့လဲ”
သူ သွေးတစ်ပွက်အန်လိုက်ပြီး မြေပြင်မှာ ဒူးထောက်ကျသွားသည်။ သူ၏ အင်အား နောက်ဆုံးလက်ကျန်သည် ခမ်းကုန်သွားကာ၊ အသက်စွမ်းအင်က လျှင်မြန်စွာ ပျောက်ကွယ်လာတော့သည်။
သူ အခုလို စိတ်ပျက်ခြင်းကြီးစွာ မသေဆုံးခင်အချိန်ထိ သူ့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိခဲ့သည်။
လုယန်က ကောင်းကင်ဘုံရဲ့လျို့ဝှက်ချက်ခိုးယူခြင်းသိုင်းကို မလိုချင်တော့ဘူးလား။
“ ဘာလို့ငါ့ကို မကယ်ခဲ့ရတာလဲ”
တကယ်တော့ ထိုကိစ္စတွေအားလုံး၏ နောက်ကွယ်ကလူသည်လည်း သူနှင့်တစ်ပုံစံထဲ စိတ်ပျက်စွာ တွေးနေမိမှန်း ကျောက်ရှဟယ် သိလိုက်မှာမဟုတ်ပေ။
“ အနှစ်ရှစ်ဆယ်လေးပဲကို၊ ငါ အေးဆေးစောင့်နိုင်တယ်”
“ ကန့်သတ်ချက် ပြေသွားတာနဲ့ မင်းရဲ့သိုင်းက ငါ့အပိုင်ဖြစ်လာမှာပဲ။ ဒီဘဝမှာ သုံးလို့မရရင် နောက်ဘဝမှ သုံးပေးမယ်”
ကျောက်ရှဟယ်၏ ဆိုးရွားလွန်းသော ကံတရားအတွက် လုယန် စာနာစွာ သက်ပြင်းတစ်ချက် ချပေးလိုက်သည်။ ထိုသူသာ အရိုးဈေးထဲရောက်အောင် ထွက်ပြေးလာနိုင်ပါက၊ သူ့အတွက် ကယ်ပေးရလဲ ကိစ္စမရှိပါချေ။
သို့ပေမဲ့ အရိုးဈေးအပြင်မှာတော့လား။
ကျောက်ရှဟယ်.. မင်းရဲ့ဆိုးရွားတဲ့ သေဆုံးခြင်းအတွက် ကံတရားကိုသာ အပြစ်တင်လိုက်ပါ။
“ အကိုကျောက်၊ ကောင်းကောင်း အနားယူပါ၊ ကျွန်တော်ကိုယ်တိုင် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကို ဈာပနာပွဲ ခမ်းခမ်းနားနား ကျင်းပပေးဖို့ ပြောပေးမယ်”
“ အကိုတင်နေတဲ့အကြွေးကိုတော့ နောက်ဘဝမှ ကျွန်တော်လာတောင်းမယ်”
……..
Ch 48
( အခြေခံချပြီး ကောင်းကျိုးဆိုးကျိုး တွက်ချက်မယ်)
နောက်တစ်နေ့မနက် အစောပိုင်းတွင် သွေးတာဝါ အဆောက်အဦးအတွင်း၌
ဖေးရှသည် ဝရံတာလေးမှာ နွဲ့လျစွာ မှီနေ၏။ သူမ၏ ပါးလျလျ ဝတ်ရုံအပေါ်ကို နေရောင်ခြည်ဖြာကျနေပုံက ကျက်သရေရှိသော နတ်မိမယ်တစ်ပါးလိုမျိုး ခံစားရကာ၊ မရေမတွက်နိုင်သော စိတ်ကူးတွေကို ဖြစ်ပေါ်စေသည်။
“ ကျေးဇူးပါ မောင်လေးလု”
သူမတို့၏ တစ်ညတာ လဲလှယ်မှုအတွင်းမှာ လုယန်၏ ရက်ရောမှုကြောင့် ဖေးရှ၏ နားလည်နိုင်စွမ်းပင် အကန့်အသတ်ကို ရောက်သွားသည်။ သူမ အချိန်ခဏအထိ ဆက်လက်သင်ယူနိုင်အုံးမည် မဟုတ်ပေ။
“ ကျွန်မဒီနေ့ မြို့ပြင်ထွက်ဖို့ စဥ်းစားထားတယ်”
သူမဘက်က လုယန်ကို တည့်တည့်ကြည့်လာကာ
“ ကျွန်မရဲ့ တာအိုနှလုံးသားက မောင်လေးလုလို မပြတ်သားသလို၊ မောင်လေးလုလိုမျိုး မသန်မာပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ဘဝကို ဒီလိုမျိုး မကုန်ဆုံးချင်ဘူး”
“ ဒီတစ်ခေါက် ခွဲခွာမှုပြီးရင် ကျွန်မတို့ထပ်တွေ့ဖို့ အချိန်အကြာကြီးနေတော့မယ် ထင်ပါတယ်”
ဖေးရှက စိတ်မကောင်းစွာ ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလာ၏။
“ အနာဂတ်မှာ ကျွန်မအများကြီး တိုးတက်သွားတာလည်း ဖြစ်နိုင်သလို၊ လူမသိသူမသိ နေရာမှာ မြုပ်နှံခံလိုက်ရတာလည်း ဖြစ်နိုင်တယ်။ ကျင့်ကြံရေးလမ်းစဥ်က ရှည်လျားတယ်။ မိတ်ဆွေဟောင်းကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်တွေ့ခွင့်ရဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်”
ဖေးရှက လုယန်ကို ချိုမြိန်စွာပြုံးပြလိုက်သည်။
သူမ၏ လှပသော အပြုံးလေးက သူမ၏နှလုံးသားအစစ်အမှန်ကို ပထမဆုံးအကြိမ် ဖွင့်ပြလိုက်သလိုမျိုးပင်။
“ အကယ်လို့များ ရှင်… ကျွန်မအမြဲတမ်းမျှော်လင့်နေမဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်လာချင်သလား”
“....” လုယန် အကြာကြီး တိတ်ဆိတ်သွားသည်။
အသက်ရှူမှားစေလောက်သော မိန်းမလှလေး၏ ချစ်စိတ်ပြည့်နေသော အကြည့်က ကျယ်ပြန့်သောပိုက်ကွန်တစ်ခုလို လွှမ်းခြုံလာချိန်မှာ.. ယောက်ျားတိုင်းအတွက် ရုန်းထွက်ရန် ခက်ခဲလွန်းလှပါသည်။
သို့ပေမဲ့ လုယန် အများကြီး မကြန့်ကြာခဲ့ဘူး။ သူတည်ငြိမ်စွာပဲ လက်တစ်ဖက်မြှောက်ကာ ပြောလိုက်သည်။
“ ဂိုဏ်းတူအမကို ကျွန်တော့်ရဲ့ခြံဝန်းကနေ အမြဲတမ်း ကြိုဆိုနေပါတယ်”
ဖေးရှ မျက်တောင်တဖြတ်ဖြတ် ခတ်သွားသည်။ သူမ၏မျက်လုံးထဲ ဖြတ်ပြေးသွားသော ခံစားချက်က ကူကယ်ရာမဲ့ခြင်းလား.. စိတ်ပျက်ခြင်းလား ဝေခွဲမရပါချေ။ သူမ၏မျက်နှာပေါ်က အပြုံးကိုလည်း ပြန်ရုတ်သိမ်းလိုက်ပြီး အရင်လို အေးတိအေးစက် ပြန်ဖြစ်သွားသည်။
“ နှုတ်ဆက်ပါတယ်”
ထိုအသံဆုံးသည်နှင့် အရောင်စုံအလင်းတန်းလေးက ကောင်းကင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။
သူမ ထွက်သွားမှပဲ လုယန် သက်ပြင်းချလိုက်ပြီး၊ အတွင်းခန်းထဲ ဝင်လိုက်ကာ အစီအမံအတွင်းမှာ ပုန်းနေလိုက်သည်။ သူ့၏လက်က လည်ပင်းပေါ်က မူလနတ်ချီဆောင်ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ နောက်ဆုံးမှသာ သူ၏ တုန်လှုပ်နေသော နှလုံးသားလည်း ပြန်လည်တည်ငြိမ်သွားသည်။
“ ချီးပဲ၊ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကောင် ငါ့ကို အပြင်ထွက်ဖို့ ကြံစည်နေပြန်ပြီ”
ဖေးရှအပေါ်မှာ သူစိတ်ပိုင်းဆိုင်ရာ ခံစားချက် မရှိပါချေ။ သူတို့က အသိပညာ ဖလှယ်နေကြခြင်းသာဖြစ်ပြီး နှစ်ကိုယ်တွဲကျင့်ကြံမှုက သူတို့၏ သင်ယူရသော နည်းလမ်းဖြစ်လေသည်။
သို့ပေမဲ့ အစောပိုင်းက သူတကယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ဖေးရှ၏ အမေးကို.. သူဖြစ်ချင်ပါသည်ဟူ၍ အကြိမ်ကြိမ် ထုတ်ပြောမိမတတ် ဖြစ်ခဲ့သွားတာပင်။ ထိုခံစားချက်က ဘယ်တုန်းကမှ သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန် မဟုတ်ခဲ့ဘူး။
ဘဝပေါင်းများစွာ အတွေ့အကြုံကြောင့် လုယန် ချက်ချင်းသဘောပေါက်လိုက်သည်။
“ အဲ့ဒီအခြေခံတည်ထောင်ခြင်းကောင်က စိတ်မရှည်တော့လို့ ရက်ရက်စက်စက် နည်းလမ်းတွေတောင် ထုတ်သုံးနေပြီပဲ။ ဖေးရှကို ငါးစာအဖြစ်သုံးပြီး ငါ့ကိုချည်နှောင်ချင်နေတာ၊ နောက်ဆုံးငါ့ကို အပြင်ထွက်အောင် လုပ်လိမ့်မယ်”
“ ငါ တံခါးပိတ်ကျင့်ကြံရမယ်၊ ငါတံခါးပိတ် ကျင့်ကြံမှရတော့မယ်”
လုယန် ချက်ချင်းပဲ သူတံခါးပိတ်ကျင့်ကြံတော့မှာဖြစ်၍ ဘယ်သူနှင့်မှ အတွေ့မခံတော့ပါဟူ၍ သတင်းလွှင့်လိုက်ကာ တစ်ခြားသူတွေနှင့် ဆက်ဆံရမည့် ကံတရားကို အတတ်နိုင်ဆုံး လျှော့ချလိုက်သည်။
“... အထင်ကြီးစရာပဲ”
အရိုးဈေးအပြင်ဘက်က ချောက်ကမ်းပါးပေါ်မှာ လူတစ်ယောက်က လက်နောက်ပစ် ရပ်နေကာ ထိုသူ၏ အနောက်မှာ အနီရောင်ဝတ်စုံနှင့် လူတစ်ယောက် အသင့်အနေအထားဖြင့် ရပ်နေသည်။
အနီရောင်ဝတ်စုံနှင့်သူက အပြုံးတစ်ခုဖြင့် အရင်စကားစလိုက်သည်။
“ သာမာန်တပည့်တစ်ယောက်ရဲ့ တာအိုနှလုံးသားက ဒီလောက်တောင် သန်မာတယ်လား၊ ရှားမှရှားပဲ။ ကျုပ်သူ့ကို မန္တာန်တွေနဲ့လည်း အကြိမ်ကြိမ် ဆွဲဆောင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်လိုမှ မရဘူး။ ကျုပ်ရဲ့အမြင်က ကောင်းတာလား.. ဆိုးတာလားတောင် မပြောနိုင်တော့ဘူး”
“ စိတ်ပျက်စေမိတဲ့အတွက် ခွင့်လွှတ်ပေးပါ အကိုကြီး”
အနီရောင်ဝတ်စုံနှင့်လူက အရင်ဦးဆုံး လေးစားစွာ ဦးညွတ်လိုက်ပြီးမှ စကားပြန်ဆက်သည်။
“ ကျုပ်အစကတော့ အစားသေပေးမဲ့ လူသားဒိုင်းကာတစ်ယောက် ရှာခဲ့တာပဲ။ ဒါပေမဲ့ နဂါးအစစ်ဖြစ်နေမယ် မထင်ခဲ့ဘူး”
ထိုအနီရောင်ဝတ်စုံနှင့်လူက လျိုဝူယန်ဖြစ်ပြီး မြစ်သုံးသွယ်အဖွဲ့၏ ဒုတိယအကိုကြီးဖြစ်သည်။
သူ၏ကျင့်ကြံမှုက ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်မှာ ရှိပြီး ရှေးဦးသူတော်စင်ဂိုဏ်းဘက်က အရိုးဈေးကို တာဝန်ပေးထားသော တပည့်များအတွင်းမှာ အင်အားအကြီးဆုံးအဖြစ် လူသိရှင်ကြား ထုတ်ပြန်ခံထားရသူပင်။
သို့သော် လျိုဝူယန်ကိုယ်တိုင် တလေးတစား ဆက်ဆံရသော လက်နောက်ပစ်ကာ ရပ်နေသူကတော့.. မြစ်သုံးသွယ်အဖွဲ့၏ ခေါင်းဆောင် ပထမအကိုကြီးပင်။
လွန်ခဲ့သော ဆယ်နှစ်က အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အောင်မြင်စွာ အဆင့်တက်နိုင်ပြီးနောက်တွင် ဂိုဏ်းခေါင်းဆောင်က ယင်ရှန်းဟု ဘွဲ့ချီးမြင့်ပေးတာ ခံခဲ့ရသည်။ ဂိုဏ်းခေါင်းဆောင်၏ ခွင့်ပြုချက်နဲ့ တိမ်ပင်လယ်မှာ ယင်ရှန်းမျိုးဆက်ကို တည်ထောင်ခွင့်ရခဲ့သည်။
“ အကိုကြီး၊ ကျုပ် နားမလည်ဘူး၊ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်ဖြစ်မှ ရမှာလား”
“ ဒုတိယညီလေး၊ မင်းမသိဘူး”
ယန်ရှန်းကျန့်ယန်က ခေါင်းယမ်းကာ ရှင်းပြသည်။
“ ဒီလျှို့ဝှက်နယ်မြေကို အရင်ကပိုင်ဆိုင်ခဲ့တဲ့ နတ်ဆိုးဂိုဏ်းက အရမ်းကိုကြီးမားခဲ့တယ်၊ လျှို့ဝှက်နယ်မြေထဲမှာ နက်ရှိုင်းလွန်းတဲ့ ကံတရားဆက်နွယ်မှုတွေ အများကြီးရှိနေတယ်။ ဒါကြောင့် ငါတောင် မပါဝင်ချင်တာပဲ”
ကျင့်ကြံရေးလောကတွင် ကံတရားက အရေးပါသည်။ ကောင်းမွန်သောကံတရားကို ပိုင်ဆိုင်လိုလျှင် ထိုအတွက် သေချာပေါက် ပေးဆပ်မှုပြုရသည်။
ရှေးဟောင်းကဝေ ဂိုဏ်း၏ အခုလို လျှို့ဝှက်နယ်မြေတစ်ခု ထားသွားခဲ့ရခြင်း အကြောင်းအရင်းကလည်း ဂိုဏ်း၏အမွေအနှစ်များကို ကံမြင့်သူတစ်ဦးက ရှာတွေ့သွားပြီး ရှေးဟောင်းကဝေဂိုဏ်းကြီး အရင်လို ပြန်လည်ထွက်ပေါ်နိုင်ရေး ရည်ရွယ်ချက်ကြောင့်သာ ဖြစ်လေသည်။
“ ငါကိုယ်တိုင် ရှေ့ထွက်လိုက်ရင် ဘာမှလုပ်စရာတောင်.မလိုဘဲ လျှို့ဝှက်နယ်မြေကြီးပေါ်လာမှာပဲ။ ဒါပေမဲ့ အဲ့လိုဆိုရင် ရှေးဟောင်းကဝေဂိုဏ်းရဲ့ ကံတရားတွေအားလုံးကိုပါ ငါလက်ခံရမှာ။ ငါ့ရဲ့ကျင့်ကြံရေးလမ်းကြောင်းမှာ ဘယ်လောက် အခက်အခဲတွေ ရောက်လာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ”
ယန်ရှန်းကျန့်ယန်က ပိုက်ဆံမပေးဘဲ မုန့်စားချင်နေသည်။
“ ဒါကြောင့် ငါ့အစား လျှို့ဝှက်နယ်မြေကို ဖွင့်ပေးမဲ့သူလိုတယ်။ ရှေးဟောင်းကဝေဂိုဏ်းကလည်း နတ်ဆိုးဂိုဏ်းတစ်ခုမလို့ နတ်ဆိုးဂိုဏ်းသား ဖြစ်ရင်အကောင်းဆုံးပဲ”
“ ငါအစက သွေးတာဝါအရှင်ကို ရွေးချယ်ခဲ့ပြီး ရန်သူတွေဘက်က လှုပ်ရှားလာအောင်လို့ အကွက်ချခဲ့တယ်။ သူသာ အပြင်ထွက်လာသရွေ့ ရန်သူတွေကို သတ်နိုင်အောင် ငါကူညီပေးမှာပါ၊ ရန်သူတွေကို သတ်နိုင်လို့ ကံတရားတွေ စုဝေးလာတာနဲ့ လျှို့ဝှက်နယ်မြေလဲ ပေါ်လာလိမ့်မယ်”
လုယန်သာ ထိုစကားလုံးတွေကို ကြားသွားပါက၊ ရှောင်ရှစ်ယီ၏ ဆင်တူလှသော သေဆုံးနည်းကို သေချာပေါက် အမှတ်ရသွားမှာပင်။
သူများအမြင်မှာ ကံအလွန်ကောင်းသော ကံတရားသားတော်တစ်ယောက် ဖြစ်ပေမဲ့ လက်တွေ့မှာတော့ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူ၏ ငါးစာအဖြစ် အကွက်ချခြင်းကို ခံထားရရုံသာဖြစ်၏.. ငါးမိတာနှင့် ငါးစာက အဘယ်မှာအသုံးဝင်တော့မည်နည်း။
“.. ထားလိုက်တော့”
ယန်ရှန်းကျန့်ယန်က ရုတ်တရက် ခေါင်းယမ်းလိုက်သည်။
“ သွေးတာဝါအရှင်က မပူးပေါင်းချင်မှတော့ နောက်တစ်ယောက် ရှာလိုက်။ အဲ့ကောင် တစ်ယောက်ထဲ ရှိတာလဲမဟုတ်ဘူး”
ထို့နောက် ယန်ရှန်းကျန့်ယန်က နူးညံ့စွာ ရယ်မောလိုက်သည်။
“ ဒုတိယညီလေး၊ ရှေးဟောင်းကဝေဂိုဏ်း ဘယ်လိုမျိုး ဖျက်ဆီးခံလိုက်ရလဲဆိုတာ မင်းသိလား”
“ သိတယ်လေ.. ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းကြောင့် မလား”
“ အဲ့ဒီအချိန်တုန်းက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရွှေအမြုတေကျင့်ကြံသူက ကြယ်ခုနှစ်သွယ်ချောက်ကမ်းပါးထိပ်ကနေ ဓားနဲ့ရိုက်ချလိုက်တယ်၊ အဲ့ဒီဓားချက်တစ်ခုထဲနဲ့ ပျက်ဆီးသွားရတာပဲ”
ယန်ရှန်းကျန့်ယန် က သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။
“ အဲ့ဒီတုန်းက ရှေးဟောင်းကဝေဂိုဏ်းမှာ အခြေခံတည်ထောင်ခြင်းတပည့်တွေ အများကြီးရှိပြီး အဆင့်လေးအကာအကွယ် အစီအမံတစ်ခုလည်းရှိတယ်”
“ ဒါပေမဲ့ မိုင်ပေါင်းသိန်းချီအဝေးက လာတဲ့ ဓားရိုက်ချက်တစ်ခုကိုတောင် မတားဆီးနိုင်ခဲ့ဘူး”
“ အဲ့ဒီဓားချက်က လျှို့ဝှက်နယ်မြေထဲမှာ အခုထိရှိနေသေးတယ်”
ယန်ရှန်းကျန့်ယန်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေကာ
“ စစ်မှန်တဲ့အမတသခင်ကြီးတစ်ယောက်ရဲ့ ဓားချီက ရှေးဟောင်းကဝေဂိုဏ်းတစ်ခုလုံး အစအနမကျန်အောင် မပျောက်ကွယ်သွားသရွေ့ ပျက်ဆီးမှာမဟုတ်ဘူး”
ထိုအကြောင်းအရင်းကြောင့်ပဲ သူကိုယ်တိုင် ရှေ့မထွက်ခဲ့တာပင်။
ထိုအရာက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း ခေါင်းဆောင် ရွှေအမြုတေကျင့်ကြံသူ သခင်ကြီး၏ ဓားချီပဲ.. လျှို့ဝှက်နယ်မြေထဲ ဝင်လိုက်ပြီးမှ ထိုဓားချီက တိုက်ခိုက်လာခဲ့လျှင် အခက်တွေ့ရပေမည်။
လူသားဒိုင်းကာတစ်ယောက် ရှာတာက အသင့်တော်ဆုံးပင်။
“ ဓားချီနဲ့ လျှို့ဝှက်နယ်မြေက အတူယှဥ်တွဲပြီးရှိနေတာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိပြီ။ နတ်ဆိုးဂိုဏ်းသားတစ်ယောက်ကို မရှာနိုင်ဘူးဆိုရင် ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ စစ်မှန်ဂိုဏ်းသားတစ်ယောက်ကို ရှာပြီး ဓားချီကို ကံတရားအရ ဆွဲဆောင်ခိုင်းလို့ရတယ်။ အကျိုးကျေးဇူးက အတူတူပဲ”
ယန်ရှန်းကျန့်ယန် အကြည့်လွှဲလိုက်ကာ အရိုးဈေးထဲမှ ထွက်သွားလိုက်တော့သည်။
တစ်ချိန်ထဲမှာပဲ တရားထိုင်နေသော လုယန်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး လွတ်မြောက်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူ အနည်းငယ် အံ့သြသွားခဲ့၏။
……