အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
49
( ဘယ်သူမှငါ့ကို မကူညီနိုင်ဘူး)
ကြည့်ရတာ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူက နောက်ဆုံးမှာ လက်လျော့လိုက်ပြီပဲ။
လုယန် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ ဘဝပေါင်းများစွာ အတွေ့အကြုံရှိသည့်အပြင် မူလနတ်ချီအဆောင်စာရွက်ကိုပါ ပိုင်ဆိုင်ထား၍ ကံတရားအလှည့်အပြောင်းများကို လုယန် အာရုံခံနိုင်သည်။
အခုလိုမျိုး အဆုံးမရှိအောင် သန့်စင်သည့် ခံစားချက်ကို သူမခံစားရတာ အလွန်ကြာညောင်းခဲ့ပြီ..
“ ကောင်းတယ်၊ ကောင်းတယ်”
လုယန် ချက်ချင်း ပေါ့ပါးလာသည်။ ထို့အပြင် သူ၏နောက်ထပ် စီမံကိန်းက ရုပ်လုံးပေါ်လာသည့်အတွက် ကျေနပ်နေတော့သည်။
လုယန် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို အပြင်ထုတ်လိုက်ပြီး တစ်ချိန်ထဲမှာ ကောင်းကင်သွေးနတ်ဆိုးအလင်းကြောင့် ဖြစ်ပေါ်လာခဲ့သော သူ၏သွေးအရိပ်ကိုပါ ဆင့်ခေါ်လိုက်သည်။
ဤ ချီဝိညာဥ်တစ်သောင်းစာလိပ်က ဆန်းကြယ်သည်.. မူလချီစွမ်းအင်ကို ပိုင်ဆိုင်ထားသူ.. သို့မဟုတ် မူလချီစွမ်းအင်ဖြစ်အောင် သန့်စင်ခံထားရသူသာ အထဲဝင်နိုင်လေသည်။
လုယန်၏ အမြင် ဝေဝါးသွားသည်။ နောက်တစ်စက္ကန့်မှာ အလွန်ကြီးမားသော စာလိပ်ကြီးက အလျားလိုက် ပြေကျသွားပြီး မရေမတွက်နိုင်သော ပန်းချီတွဲကြီးထွက်လာသည်၊ ပန်းချီတစ်ခုဆီမှာ ဝိညာဥ်တစ်ကောင်စီ နေထိုင်သည်။
တောတောင်အလှ၊ သို့မဟုတ် ရေလယ်က ထီးထီးကြီးရပ်တည်နေသော ကျွန်းတစ်ခု၊ သို့မဟုတ် တော်ဝင်နန်းတော်ကြီး.. စသည်ဖြင့် မတူညီစွာ ဆွဲဆောင်မှုရှိလှသော ပန်းချီတိုင်းမှာ ဝိညာဥ်တစ်ကောင်ဆီသည် စားလိုက်၊ အိပ်လိုက်၊ လှုပ်ရှားလိုက် အနေအထားမှာ ရှိနေကြသည်။
အကြိမ်ကြိမ် တွေ့ဖူးနေသော်လည်း လုယန် မနေနိုင်စွာ ရေရွတ်လိုက်ပြန်သည်။
“ ဒီပန်းချီတွေက စာလိပ်ထဲက ဝိညာဥ်တွေရဲ့ အတိတ်မှတ်ဉာဏ်တွေပဲ ဖြစ်မယ်၊ သူတို့ကို ဒီထဲမှာနေခိုင်းပြီးတော့ အသိစိတ်ကို ထိန်းသိမ်းထားတာပဲ။ အံ့သြဖို့ကောင်းလိုက်တာ”
ထို့နောက် လုယန် အတွေးကိုစုစည်းလိုက်သည်။ စာလိပ်ထဲက မြင်ကွင်းလည်း လိုက်ပါပြောင်းလဲသွားသည်။
အဆုံးအစမမြင်နိုင်လောက်အောင် ကြီးမားသော အဖြူရောင်ခန်းမကြီးတစ်ခု ထွက်ပေါ် လာပြီး ဝိညာဥ်တွေအားလုံးက ညီညာစွာ အတန်းလိုက် ရှိနေကြသည်။
ပထမတော့ သူတို့တွေ ရုတ်တရက် ဝေဝါးနေကြသေး၏.. ဝိညာဥ်တွေထဲမှ အသန်မာဆုံး လျိုရှင်းက အရင်ဆုံးသတိဝင်လာကာ ရိုသေစွာဖြင့် ပြောလိုက်သည်။
“ အရှင့်ကို နှုတ်ဆက်ပါတယ်”
“ ငါခိုင်းထားတာ ဘယ်လိုနေလဲ”
“ အရှင့်ကို တင်ပြပါတယ်၊ ရွှေရောင်အလင်းမန္တာန်စာရွက် ၁၃၂ရွက်၊ မိုးကြိုးငါးသွယ်မန္တာန်စာရွက် ၁၅၃ ရွက်နဲ့ ဓားချီမန္တာန်စာရွက် ၂၁၀ ရွက် အသင့်လုပ်ထားပြီးပါပြီ”
လျိုရှင်းက ချက်ချင်းပဲ အလွန်ထူထပ်သော စာရွက်အထပ်လိုက်ကြီး ထုတ်ပေးလာသည်။
“ ကောင်းပြီ”
လုယန် ကျေနပ်စွာ စာရွက်အထပ်လိုက်ကြီးကို အရင်သိမ်းဆည်းလိုက်သည်.. ထို့နောက် လျိုရှင်းကို မျက်မှောင်ကြုတ်ဖြင့် ကြည့်လိုက်ပြီး..
“ ဒါပေမဲ့ သူတို့ကို နားခိုင်းလို့ရတယ်လို့ မင်းကိုဘယ်သူပြောလဲ”
လုယန်သည် ဖေးရှဆီမှ မန္တာန်စာရွက်ဖန်တီးခြင်း လေးမျိုးကို သိပြီးနောက်.. လွယ်ကူသော မန္တာစာရွက်သုံးမျိုးကို ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းက ဝိညာဥ်များ နေ့မနားညမနား လုပ်နိုင်စေရန် တာဝန်ပေးခဲ့သည်။ သို့ပေမဲ့ သူ လာစစ်ဆေးလိုက်ချိန်မှာ အကုန်လုံးက အနားယူနေကြလေ၏။
ဒါ ဖြစ်သင့်သလား၊ ဒါက ကောင်းကင်တာအိုကို မလိုက်နာတဲ့ စိတ်နေစိတ်ထားတွေပဲ။
ဝိညာဥ်တစ်ကောင်က တစ်ရက် အနားခိုရဲသွားလျှင် နောက်တစ်ရက် ဘာလုပ်လာမလဲ ဘယ်သူပြောနိုင်မှာလဲ။ မကောင်းသောအကျင့်ကို တွေ့တွေ့ချင်း ပြင်ပေးရမည်။
လုယန် မျက်လုံးများ ကျဥ်းမြှောင်းသွားပြီး နက်ရှိုင်းစွာ ပြောလိုက်သည်။
“ ဒီမယ် လျိုရှင်း၊ မင်းရဲ့စီမံမှုကို ငါတော်တော်လေး ကျေနပ်တယ်။ ဒါပေမဲ့ သူတို့ကို နားခွင့်ပေးတဲ့ကိစ္စကိုတော့ လက်မခံနိုင်ဘူး”
“ အရှင့်ကို တင်ပြပါတယ်၊ ကျွန်တော်မျိုးမှာ ရွေးချယ်စရာမရှိခဲ့ပါဘူး”
လျိုရှင်းက အလျင်စလို ရှင်းပြဖို့ ကြိုးစားလိုက်သည်။
“ မန္တာန်စာရွက်ကို ရေးသားခြင်းဖြစ်စဥ်မှာ အသက်ရှင်နေတဲ့ လူတစ်ယောက်က ချီစွမ်းအင်ကို အသုံးပြုပြီး ခံစားချက်နဲ့ ရေးဆွဲစေဖို့လိုအပ်တယ်။ ဒါပေမဲ့ ဒီအထဲက ဝိညာဥ်တွေဆိုတာ ရှင်သန်နေသလိုထင်ရပေမဲ့ သေဆုံးပြီးသားဝိညာဥ်တွေပဲ”
“ သူတို့မှာ ချီစွမ်းအင်တွေရှိတာမှန်ပေမဲ့ ခံစားချက်က တစ်ခါရေးဆွဲတိုင်းမှာ တစ်ခါ ကုန်ဆုံးသွားတယ်”
“ သူတို့တွေ မနားမနေ အဆောင်တွေရေးဆွဲနေကြရင် မကြာခင်မှာပဲ အသိစိတ်ပျောက်ကွယ်ပြီး အလိုလို ကြွေလွင့်သွားကြလိမ့်မယ်”
“ အဲ့တော့ဘာဖြစ်သလဲ”
လုယန်၏ တုံ့ပြန်မှုကြောင့် လျိုရှင်း မှင်သက်သွားလေသည်။
“ ငါ့ရဲ့ချီဝိညာဥ်တစ်သောင်းစာလိပ်က ဝိညာဥ်ပျက်လက်နေတာလဲ မဟုတ်ဘူး။ ပျောက်ကွယ်မယ်ဆိုလဲ ပျောက်ကွယ်ပါစေပေါ့.. ငါနောက်တစ်ကောင် ရှာလိုက်မယ်။ ပိုတောင်အသုံးဝင်သေးတယ်”
“ အိုး..ဟုတ်တယ်၊ အဲ့ဒီကြွေလွင့်ခါနီးဝိညာဥ်တွေကို အသစ်ဝင်မဲ့ ဝိညာဥ်တွေအတွက် အာဟာရအဖြစ် ကြွေးလိုက်”
“ ဒါဆို အသစ်တွေလည်း အချိန်ပိုခံနိုင်မယ်”
“ မင်းတို့စာလိပ်ဝိညာဥ်တွေက ငါ့အတွက် အလုပ်လုပ်ပေးဖို့ တည်ရှိနေကြတာ။ ငါ့အတွက် အလုပ်မလုပ်ပေးနိုင်တဲ့ကောင်က တည်ရှိဖို့ မထိုက်တန်ဘူး၊ သူတို့ပါသူတို့ ကြွေလွင့်သွားပါလေ့စေ”
လုယန် တည်ငြိမ်စွာပြောနေသလောက်၊ လျိုရှင်းတစ်ယောက် နားထောင်ရင်းဖြင့် မျက်နှာကြီး ပျက်ယွင်းလာသည်။
'မကောင်းဆိုးဝါး၊ ဒီကောင်က မကောင်းဆိုးဝါးပဲ’
လုယန်၏ အသုံးချနေပုံကိုကြည့်နေရင်းမှ အရင်တုန်းက စာလိပ်ဝိညာဥ်များကို တိုက်ပွဲရှိမှ ဆင့်ခေါ်ခဲ့သော သူ့ကိုယ်သူ သောက်ရမ်းမွန်မြတ်သော သူတော်စင် တစ်ယောက်လိုမျိုး လျိုရှင်း ခံစားလိုက်ရလေသည်။
လုယန်ကလည်း သတိထားမိလေရာ၊ ခပ်ဖျော့ဖျော့ ပြုံးကာပြောလိုက်၏။
“ စာလိပ်ဝိညာဥ်တွေကြားက ယှဥ်ပြိုင်မှုက ဘယ်လောက်ပြင်းထန်လာပြီလဲဆိုတာ မင်းကိုယ်တိုင် မျက်မြင်ပဲ။ ငါတို့ရဲ့ အရင်ကဆက်ဆံရေးကြောင့်သာ မဟုတ်ရင် ငါမင်းကို အခုလို လွယ်ကူတဲ့စီမံရေးရာထူး ပေးမှာမဟုတ်ဘူး။ မင်း ကျေးဇူးတင်သင့်တယ်”
“ ဘယ်သူ့ကိုသုံးသုံး၊ အတူတူ ဖြစ်နေတဲ့အချိန်မှာ ငါကဘာကိစ္စ မင်းကိုပဲ အမြဲသုံးနေရမှာလဲ”
“ ငါတို့က ဂိုဏ်းတူညီနောင်တွေ ဖြစ်ခဲ့ဖူးပြီး ဒီရတနာကို မင်းဆီကရထားခဲ့တာမလို့ ငါကမင်းကို ဒီလိုအခွင့်အရေးကြီး ပေးထားတာ မဟုတ်ဘူးလား။ မင်းသာ ကြိုးကြိုးစားစား.လုပ်သရွေ့ ငါမင်းကို မနစ်နာစေရဘူး”
လျိုရှင်း, “.....”
လုယန် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို စီမံနေချိန်မှာ သွေးတာဝါအဆောက်အဦး၏ ထောင့်တစ်နေရာ၌ ခြောက်ခြားနေသော ယွင်မြောင်ချင်း ရှိနေလေ၏။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူမ၏ မျက်နှာက အံ့သြမှုနှင့် ပျော်ရွှင်မှုတို့ ရောယှက်နေသလို.. သူမ၏ လည်ပင်းတစ်ဝိုက်က ကျောက်စိမ်းဓားအိမ်တော်ကိုယ်စားပြု ဂိုဏ်းသင်္ကေတသည် တလက်လက် ဖြစ်နေသည်။
ထိုအရာက ဆက်သွယ်ရေးအလင်း ဖြစ်သည်။
သူမ၏ချီစွမ်းအင်ကို ထည့်သွင်းလိုက်ပါက၊ တစ်ဖက်ကသူ၏ ချီစွမ်းအင်နှင့် ချိတ်ဆက်မိပြီး.. ဆက်သွယ်ရေးအလင်း ပြီးပြည့်စုံသွားမည်။ သို့ပေမဲ့ သူမ၏ ဂိုဏ်းသင်္ကေတက အခုလို အသုံးဝင်မှန်းကို သူမတစ်ခါမှ မသိရှိခဲ့ပေ။
ဘာလို့အရင်က သူမကိုအခုလို မဆက်သွယ်ခဲ့ကြတာလဲ။
နောက်တစ်စက္ကန့်မှာပဲ သူမ၏နားထဲ ပဲ့တင်ထပ်လာသော အသံတစ်ခုကို ယွင်မြောင်ချင်း ကြားလိုက်ရသည်။
“ မြောင်ချင်းလား.. အရမ်းကောင်းတယ်။ မင်း မသေသေးဘူးပဲ။ ကြည့်ရတာ မင်းမှာ ကံကောင်းမှုတစ်ချို့ ရှိနေသေးတယ်”
“ မမ..လား”
ယွင်မြောင်ချင်း၏ မျက်လုံးက အံ့သြမှုကြောင့် ဝိုင်းစက်သွားသည်။
သူမသည် ယခင်က လုယန်ကို ဂိုဏ်းထဲခေါ်သွားဖို့ စိတ်ကူးယဥ်ခဲ့ဖူးသည်။ လုယန်၏ မွန်မြတ်သော စိတ်ထားကြောင့် ဆိုပေမဲ့ သူမ၏ နောက်ခံအပေါ်မှာ ယုံကြည်ချက်ရှိလို့လဲ ပါသည်ပင်။
လုယန်သာ စိတ်ဆန္ဒ ရှိသရွေ့ သူမ သူ့ကို ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းအတွင်း ခေါ်သွားပေးလို့ရသည်။
သူမ၏ တိမ်ဖြူအိမ်တော်ကနေ ရွှေအမြုတေနယ်ပယ်ကျင့်ကြံသူ တစ်ဦး တစ်ခါက ထွက်ပေါ်ခဲ့ဖူးသည်။ ထိုသူက အဆုံးမှာ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ပင် ဖြစ်ခဲ့သည်။ ထိုသခင်ကြီး ကျရှုံးသွားခဲ့ပေမဲ့ တိမ်ဖြူအိမ်တော်က အခုထိ ဂိုဏ်းအတွင်းမှာ လွှမ်းမိုးမှု ရှိနေဆဲပင်။
သို့ပေမဲ့ သူမက အိမ်တော်အတွင်းမှာ အရေးပါတဲ့သူတစ်ဦးတော့ မဟုတ်ပေ။ တကယ်အလေးပေးခံရသူက သူမ၏ အမ ယွင်မြောင်ကျန်း ဖြစ်၏။
ယွင်မြောင်ကျန်းက ထိုက်ယီရွှေလက်ဝါးသိုင်းကို အဓိက ကျင့်ကြံပြီး သူမ၏အချိန်အားလုံးကိုလည်း ကျင့်ကြံခြင်းမှာပဲ နစ်မြုပ်ထားသောကြောင့် ဆေးဝါးအကူအညီမယူဘဲ စစ်မှန်တပည့်ဖြစ်သည်အထိ တိုးတက်နိုင်ခဲ့သည်။ ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်နဲ့ ကြီးမြတ်သောနတ်စွမ်းအင်ကို ကျင့်ကြံခွင့် ရခဲ့သည့် စစ်မှန်တပည့် လူနည်းစုအတွင်းက တစ်ယောက်ပင်။
သူမကို ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသော သမီးတော်လေးအဖြစ် တင်စားလို့တောင် ရသည်။
ယွင်မြောင်ကျန်းနဲ့ ယွင်မြောင်ချင်းက စာလုံးတစ်လုံးပဲ ကွာခြားတာဆိုပေမဲ့ သူမတို့ကြားက အရည်အချင်း၊ ပင်ကိုယ်ပါရမီ.. အရာအားလုံးက မိုးနှင့်မြေလို ခြားနားသည်။
“ နင်အခုဘယ်မှာလဲ”
မှိတ်တုတ်မှိတ်တုတ် အလင်းကြားမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
“ ညီမလေးက အခု အရိုးဈေးရဲ့ သွေးတာဝါထဲမှာ.. မမ လာခေါ်မလို့လား”
“ သွေးတာဝါဟုတ်လား”
ယွင်မြောင်ကျန်း ခဏလောက်ရပ်သွားပြီးမှ ဆက်ပြောလာသည်။
“ သွေးတာဝါအရှင်က နင့်ကိုမတရားလုပ်ခဲ့တဲ့သူပဲ။ ကောင်းပြီ.. နောက်မှ မမ အဲ့ကောင်ကို သတ်ပေးမယ်။ ဒါဆိုနင်တို့ ညီမျှသွားပြီ”
ယွင်မြောင်ချင်း ကြောင်သွားခဲ့ပြီး အလျင်အမြန် ရှင်းပြတော့သည်။
“ မမ အထင်လွဲနေပြီ။ မိတ်ဆွေလုက နတ်ဆိုးဂိုဏ်းကဆိုပေမဲ့ အကျင့်မကောင်းတဲ့သူ မဟုတ်ပါဘူး။ သူ့ရဲ့နှလုံးသားက တရားမျှတမှုကို တောင့်တပြီး အရည်အချင်းကလည်း တဖတ်ကမ်းခတ် ထူးချွန်တာ။ သူ့ကို မသတ်ဘဲနဲ့ သူ့ကိုသိမ်းသွင်းပြီး စစ်မှန်လမ်းကြောင်းထဲ ခေါ်လိုက်ပါ့လား.. ဒါဆို ညီမလေးတို့ ဂိုဏ်းအတွက် အများကြီး အကူအညီဖြစ်လာ..”
ယွင်မြောင်ချင်း၏ စကားမဆုံးခင်မှာပဲ အေးစက်စက် အသံတစ်ခု၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။
“ အဓိပ္ပါယ်မရှိတာတွေ ရပ်လိုက်စမ်း”
တစ်ချိန်ထဲမှာ အရိုးဈေးအပြင်၌ ရပ်နေသော ငွေဖြူရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် မိန်းကလေးသည် မျက်ဝန်းများ စူးလက်သွားပြီး လက်ထဲက ဆက်သွယ်ရေးကျောက်စိမ်းပြားကို ခွဲချေပစ်လိုက်တော့သည်။
သူမဘေးမှာရှိနေသော သတ်လတ်ပိုင်းအရွယ် အမျိုးသားကြီးက မျက်နှောင်ကြုတ်ဖြင့် မေးလာ၏။
“ ဘာမှားလို့လဲ”
“ မြောင်ချင်းက ကယ်တင်လို့ မရတော့ဘူး”
သူမက ခေါင်းယမ်းကာ ဆက်ပြောသည်။
“သူက နတ်ဆိုးကောင်အတွက် အသနားခံပေးနေသေးတယ်၊ ကြည့်ရတာ သူလဲ မကောင်းတဲ့ကံတရားတွေ လွှမ်းမိုးခံလိုက်ရပြီ.. ကယ်လို့မရနိုင်တော့ဘူး”
“ ဒါဆို ဂိုဏ်းတူညီမလေး.. ဘာဆက်လုပ်မယ် စဥ်းစားထားလဲ”
“ အရိုးဈေးထဲ ဝင်ကြမယ်”
သူမ၏ ညီမဖြစ်သူ.ယွင်မြောင်ချင်းနှင့် သူမသည် ဆယ်ပုံမှာ ခုနှစ်ပုံလောက် ဆင်တူသည်။ အခု သူမ၏ညီမကို နတ်ဆိုးကောင်က အပိုင်သွားခဲ့ပြီ.. ဒါဆို သူမကကော…
ထိုအတွေးကြောင့် ယွင်မြောင်ကျန်း တစ်ကိုယ်လုံးမသက်မသာ ဖြစ်သွားကာ ခြေထောက်နှစ်ဖက်ကို အလိုလို စုကျုံ့လိုက်သည်။
သူမ၏ နူးညံ့သောမျက်နှာထက်မှာ လူသတ်အရိပ်အငွေ့တွေ ဝင်ရောက်လာသည်။
“ အဲ့ဒီသူတောင်းစားနတ်ဆိုးကောင်က ငါ့ညီမကို အပိုင်သိမ်းထားတယ်.. ငါသူ့ကို ကိုယ်တိုင်လည်ပင်း မဖြတ်ရလို့ကတော့၊ ငါ့ရဲ့အတွေးတွေ သန့်ရှင်းတော့မှာမဟုတ်ဘူး”
……
Ch 50
( ကောင်းကင်ဘုံရဲ့သမီးတော်)
အရိုးဈေး၏ သွေးတာဝါအတွင်းတွင်
လုယန်သည် ချီဝိညာဥ်တစ်သောင်း စာလိပ်အတွင်းမှ အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏အမြင်အာရုံထဲ ဝင်ရောက်လာသော တိမ်မည်းများကြောင့် ကောင်းကင်တစ်ခွင်လုံး အမှောင်ရိပ်သန်းလာ၏။ အဝေးက ကောင်းကင်ကို ကြည့်နေရင်းမှ သူခပ်တင်းတင်း မျက်မှောင်ကြုတ်လိုက်သည်။
နောက်တစ်စက္ကန့်မှာ လွတ်မြောက်အလင်းကို အသက်သွင်းပြီး အရိုးဈေး၏ အစွန်းပိုင်းကို ပျံသန်းသွားလိုက်သည်။
မိုးကြိုးအလင်းလိုမျိုး စူးရှသော အလင်းတစ်ခုက မြေမျက်နှာပြင်တစ်လျှောက် ကပ်ပျံလာပြီး အရိုးဈေးအဝင်ဝက အရပ်ရှည်ရှည် မိန်းကလေးတစ်ယောက် အရှေ့မှာ ရပ်လိုက်လေ၏။
“.. ဒီတော့ မိတ်ဆွေလေးကလဲ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက ပေါ့လေ”
လုယန်သည် နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို လေ့ကျင့်ဖူးသောကြောင့် တစ်ဖက်သူ၏ လာရင်းကို ချက်ချင်း မှန်းဆလိုက်နိုင်ပြီး လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်တော့သည်။
“ ကျုပ်က လုယန်ပါ၊ မိတ်ဆွေလေးရဲ့ နာမည်ကို သိခွင့်ရမလား”
“ ယွင်မြောင်ကျန်း.. ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက”
လုယန် မျက်လုံး ကျဥ်းကာကြည့်လိုက်သည်။ သူ့အတွက်တော့ ယွင်မြောင်ချင်းနှင့် ယွင်မြောင်ကျန်းဆိုသော.နာမည်နှစ်ခုက အလွယ်တကူ ဆပ်စပ်နိုင်သည်အထိ ဆင်တူလွန်းသည်။
“ မိတ်ဆွေလေးက သူငယ်ချင်းကို လာကယ်တာလား”
လုယန် တစ်ချက်တောင် မတွေဝေပေ။ လက်ဖျောက်တစ်ချက်တီးကာ၊ သွေးတာဝါထဲက ယွင်မြောင်ချင်းကို ဂုတ်က ဆွဲမလာပြီး အရှေ့ကို ပစ်ပေးလိုက်သည်။
“ မင်းရဲ့သူငယ်ချင်းက နတ်ဆိုးဂိုဏ်းထဲမှာ ဘယ်လိုမတရားမှုကိုမှ မခံစားဖူးဘူး၊ ဒီနှစ်တွေထဲမှာ ကျုပ်ရဲ့ နှစ်ကိုယ်တွဲကျင့်ကြံရေးမီးဖိုအဖြစ် ပို့ပေးခံရပေမဲ့ ကျုပ်တစ်ခါတောင် ထိထားတာ မဟုတ်ဘူး။ သူမကအခုထိ အပျိုပဲ.. မင်းတို့ ပြန်ခေါ်ချင်ရင် ခေါ်သွားလိုက်ကြ။ ကျုပ်ရဲ့ ကျင့်ကြံဆင့်က အရမ်းကြီးမြင့်မားနေတာလဲ မဟုတ်ဘူး။ မင်းတို့ကို လိုက်မပို့တော့ဘူး”
လုယန်၏ အမြင်အရတော့ သူနှင့် ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းသည် ရန်ငြိုး မရှိချေ။
သူသည် ယွင်မြောင်ချင်း၏ အသက်ကိုသာမက၊ ဖြူစင်မှုကိုပါ ကယ်တင်ပေးခဲ့သည်။ သူတို့တွေ ဘယ်လိုပဲ တွေးကြပါစေ၊ သူအများကြီး ဂရုစိုက်မှာမဟုတ်ပေ။
သို့ပေမဲ့မကြာခင်မှာပဲ လုယန်၏ ထင်မြင်ချက်က လွဲမှားသွားမှန်း သိမြင်လာရသည်။
“ မြောင်ချင်းက.. အပျိုပဲရှိသေးတယ် ဟုတ်လား”
ယွင်မြောင်ကျန်း၏ လှပသော မျက်လုံးတွေက ညီမဖြစ်သူအပေါ် ကျရောက်သွားသည်။ သို့သော် ထိုမျက်လုံးတွေထဲမှာ ပျော်ရွှင်မှုတွေ မရှိဘဲ ထိုအစား.. အထင်သေးမှုနဲ့ ကူကယ်ရာမဲ့မှုများသာ နေရာယူထားသည်။
သူမက ရှည်လျားစွာ သက်ပြင်းချလိုက်တော့၏။
“ စိတ်မကောင်းစရာပဲ၊ နင်တော့ နင့်ဘဝရဲ့ ကပ်ဘေးကို ကျော်ဖြတ်နိုင်တော့မယ် မထင်ဘူး”
သူမ၏စကားကြောင့် လုယန်သာမက၊ ယွင်မြောင်ချင်းသည်ပင် မှင်သက်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလာပါသည်။
“မမ.. ဘာကိုဆိုလိုတာလဲ”
“ နင်က စစ်မှန်တဲ့အမွေခံမှုကို မရသေးတော့ ဒါကိုနားလည်မှာမဟုတ်ဘူး”
ယွင်မြောင်ကျန်းက ခေါင်းယမ်းကာ ဆက်ရှင်းပြသည်။
“ တကယ်တော့ နင်က မွေးရာပါကံအားနည်းတဲ့သူပဲ။ အဲ့ဒါကို ကျင့်ကြံရေးလမ်းကြောင်းထဲ ဝင်ခဲ့လိုက်တော့ နင့်ရဲ့ကံတရားက ပိုပြီးဆုတ်ယုတ်သွားတယ်။ နင့်ရဲ့ဘဝမှာ မဖြစ်မနေ ရင်ဆိုင်ရမဲ့ ကပ်ဘေးကြီးသုံးခုနဲ့ မိုးကြိုးကိုးချက်ရှိတယ်။ တစ်ခုလေးကို လွဲချော်သွားတာနဲ့ နင်ချက်ချင်း ကျရှုံးသွားလိမ့်မယ်”
“ ဒါကြောင့် ငါကဆရာ့ဆီမှာ ကိုယ်တိုင်အကူအညီတောင်းပြီး နင့်ရဲ့ကပ်ဘေးကြီးသုံးခုနဲ့ မိုးကြိုးကိုးချက်ကို တစ်ခုထဲစုဝေးခိုင်းခဲ့တယ်။ ဒီနတ်ဆိုးဂိုဏ်းထဲ ပို့ခံလိုက်ရတဲ့ ဆယ်နှစ်တာကာလက နင့်ရဲ့ ကပ်ဘေးကာလပဲ”
“ ဒီအတောအတွင်းမှာ နင် မျိုးစုံတဲ့အရှက်ကွဲမှုတွေကို တောင့်ခံခဲ့ရမှာ။ ယောက်ျားတွေအများကြီးရဲ့ အသုံးချခြင်းကို ခံခဲ့သင့်တာ၊ အဆုံးထိ နင့်ရဲ့ နှလုံးသားက စစ်မှန်မှုအပေါ် ရှိနေနိုင်မှ နင့်ရဲ့ကပ်ဘေးကို ကျော်လွှားနိုင်လိမ့်မယ်”
“ ဒါပေမဲ့နင်ကအခုထိ အပျိုတဲ့လား..”
“ နင် ဘာမှမခံစားရခဲ့ရဘူးမလား.. နင့်ရဲ့ ကပ်ဘေးဒုက္ခက လျော့ပါးမသွားမဲ့အပြင် ပိုတောင်ပြင်းထန်နေအုံးမယ်”
ယွင်မြောင်ကျန်းက လုယန်ကို လူသတ်ငွေ့ အပြည့်ဖြင့် ကြည့်လာပြန်သည်။
“ ဒီမကောင်းတဲ့ကောင်က နင့်ရဲ့ဘဝကို ဖျက်ဆီးခဲ့တာပဲ။ အပေါ်ယံမှာ သူရဲကောင်းလို လာလုပ်ပြနေပေမဲ့ သူ့ရဲ့မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့်ဒီလိုဖြစ်ရတာ။ အဲ့ဒီကောင်ကို သတ်ရမယ်”
လုယန်, “.....”
လုယန် တော်တော်လေး ဆွံ့အသွားတာကို ဝန်ခံရပေမည်။
ယွင်မြောင်ချင်းသည်လည်း ပိုလို့တောင်မခံစားနိုင်စွာ တဆတ်ဆတ် တုန်ယင်နေသော နှုတ်ခမ်းနှင့် မေးခွန်းထုတ်လိုက်သည်။
“ ဒါဆို.. ညီမလေး နတ်ဆိုးဂိုဏ်းမှာ ဖမ်းခံလိုက်ရတာကော၊ နှစ်ကိုယ်တွဲကျင့်ကြံရေးမီးဖိုအဖြစ် ရောင်းစားခံရတာကောက..”
“ အေး ငါလုပ်တာပဲ”
ယွင်မြောင်ကျန်းက ခိုင်မာစွာ ခေါင်းညိတ်ပြသည်။
“ ငါသာအဲ့လိုမလုပ်ရင် နင်ဒီတစ်ဘဝလုံး အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်နိုင်မှာမဟုတ်ဘူး။ နင်ကငါ့ရဲ့ ညီမအရင်းပဲ။ ဒါတွေအကုန် နင်ကောင်းဖို့ ငါလုပ်ပေးတာ”
လုယန် ပြန်ပြောစရာ စကားတစ်လုံးမှ ရှာမတွေ့တော့ပါချေ။
‘ သေစမ်း၊ ဒီငကြောင်မရဲ့ အတွေးတွေကို တစ်ယောက်လောက် လာပြင်ပေးလို့ရမလား’
လုယန်သည် အစက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းကို အနည်းငယ် အကောင်းမြင်ခဲ့သေးသည်။ အခုတော့ သူအားလုံးကို ယုတ်သိမ်းလိုက်ပါပြီ.. ရှေးဦးသူတော်စင်နတ်ဆိုးဂိုဏ်းမှာပဲ နေတာ ပိုကောင်းပါ၏။
နတ်ဆိုးဂိုဏ်းကမှ အကုန်လုံးမကောင်းကြမှန်း ပွင့်ပွင့်လင်းလင်း သိရသေးသည်..
‘ ငါ ရှေးဦးသူတော်စင်ဂိုဏ်းကိုပဲ သောက်ရမ်းကြိုက်တယ်’
“ လာ ငါနဲ့ပြန်လိုက်ခဲ့”
ယွင်မြောင်ကျန်းက ဘေးလူတွေ၏ မျက်နှာကို တစ်ချက်တောင် အဖက်မလုပ်ဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။
“ နင့်ရဲ့ကပ်ဘေးကို ကျော်ဖြတ်နိုင်မဲ့ နောက်ထပ်နည်းလမ်း ငါရှာပေးမယ်”
“ မလိုက်ဘူး”
ယွင်မြောင်ချင်းက အနောက်ကို ခြေတစ်လှမ်းဆုတ်သွားကာ.. သူမ၏ အမအရင်းအား သူစိမ်းတစ်ယောက်လို စိမ်းသက်သက် ကြည့်လိုက်ပါတော့၏။
လွန်ခဲ့သောဆယ်နှစ်က နတ်ဆိုးဂိုဏ်းလက်ထဲမှာ ဖမ်းမိခံလိုက်ရသော သူမ၏ အကြီးမားဆုံး စိတ်ဝေဒနါက အမဖြစ်သူ၏ ကိုယ်တိုင်အစီအစဥ်တစ်ခု ဖြစ်နေလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ လုယန်သာ သူမ၏ ဖြူစင်မှုနဲ့ အသက်ကို ကယ်ပေးထားခဲ့လို့မဟုတ်ရင်.. သူမ ဘယ်လိုမကောင်းတဲ့ ကောင်နဲ့တွေ့ပြီး၊ ဘယ်နေရာမှာ သေဆုံးသွားမလဲဆိုတာ သိလိုက်ရမှာတောင် မဟုတ်ဘူး။
“.. လိမ်မာစမ်းပါ”
ယွင်မြောင်ချင်း၏ ခုခံလာပုံကြောင့် ယွင်မြောင်ကျန်း တင်းကျပ်စွာ မျက်မှောင်ကြုတ်သွားသည်။
“ နင်က ကြီးမြတ်တဲ့နတ်စွမ်းအင်ကို မကျင့်ကြံဖူးသလို၊ ကံတရားအကြောင်းကိုလဲ နားမလည်ဘူး။ ငါ့ရဲ့အသည်းအသန် ကြိုးစားအားထုတ်မှုကို သေချာပေါက် သဘောမပေါက်နိုင်မှာ ငါသိပါတယ်”
“... အ..အသည်းအသန် အားထုတ်မှု ဟုတ်လား”
ယွင်မြောင်ချင်း နောက်ထပ် ခြေတစ်လှမ်း ဆုတ်လိုက်ပြီး မုန်းတီးစွာ ပြောလိုက်လေ၏။
“ ငါ့ကိုချောက်ချပြီး နတ်ဆိုးဂိုဏ်းထဲ ရောက်အောင်လုပ်တယ်၊ ဒါတင်မကဘူး ယောက်ျားပေါင်းများစွာရဲ့ အသုံးတော်ခံရအောင်ပါ စီစဥ်ခဲ့သေးတယ်။ ဒါကနင့်ရဲ့ အသည်းအသန် ကြိုးစားအားထုတ်မှုတွေလား”
“ ငါက ကံတရားအနောက်ကို လိုက်ပြီး စစ်မှန်စွာလုပ်ဆောင်ခဲ့တာပဲ။ နင်ကိုယ်တိုင် သဘောပေါက်တဲ့တစ်နေ့ ငါ့ကို ကျေးဇူးတင်လာလိမ့်မယ်”
ယွင်မြောင်ချင်း၏ လေသံက အလွန်တည်ငြိမ်နေသည်။ မသိလျှင် သူမက အမှားတစ်ခုမလုပ်ခဲ့ဘဲ အရာအားလုံးက ကံတရား၏ စီမံမှုကြောင့် ဖြစ်ခဲ့ရသည့်နှယ် ပြုမူနေလေရဲ့။
“ အမြင်မတူတဲ့အချိန်မှာ အများကြီးမပြောတာ အကောင်းဆုံးပဲ။ ငါအခု ဘာမှမပြောလိုတော့ဘူး”
ထို့နောက် သူမက လုယန်ကို ကြည့်လာပြန်သည်။
“ မိတ်ဆွေလေး၊ မင်းကျုပ်ကို ဘာလာကြည့်နေတာလဲ” လုယန် မျက်ခုံးတစ်ဖက် ပင့်ပြီး ပြန်ကြည့်လိုက်ပါ၏။
ယွင်မြောင်ကျန်းက အလွန်အေးစက်သော မျက်နှာထားနဲ့ ဘာမထီဟန် ကြည့်နေပြီးမှ ခပ်အေးအေး ပြောလိုက်သည်။
“ နင်က ငါ့ရဲ့ကြိုးစားအားထုတ်မှုကြီးကို ဖျက်ဆီးခဲ့တယ်။ ဒီတော့ အလျော်အဖြစ် ငါနင့်ဆီကနေ တစ်ခုငှားချင်တယ်”
လုယန် စိတ်လိုလက်ရ ရယ်မောလိုက်ကာ
“ ကျုပ်ရဲ့ဦးခေါင်းကို ငှားမလို့တော့ မဟုတ်ဘူးမလား”
လုယန်၏အသံက စနောက်မှုအပြည့်ဖြင့် ထွက်ပေါ်လာသည်။
ယွင်မြောင်ကျန်းက စိတ်တိုသွားဟန်မပြဘဲ သူမ၏ စူးရှရှ မျက်ဝန်းတွေ အနည်းငယ် ကျဥ်းမြှောင်းသွားရင်းမှ ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ လူသတ်အရိပ်အငွေ့က မပြတ်ထွက်ပေါ်နေသည်။
“ တာအိုကိုဆန့်ကျင်နေတဲ့ မကောင်းတဲ့ကောင်ကို သတ်ဖြတ်ရတာ ဖြစ်လို့ ငါ့ကိုအပြစ်မတင်လေနဲ့”
သူမက လက်တစ်ဖက်ကို နွဲ့နှောင်းစွာ အပေါ်မြှောက်လိုက်သည်။
ချက်ချင်းပဲ ဆယ်လီအကွာမှာ အလင်းတစ်ခု ထွက်ပေါ်လာသည်။ သေချာကြည့်လိုက်ပါက.. ထိုအလင်းက မှန်သားလိုကြည်ရှင်းနေသည့် ဓားတစ်လက်ဖြစ်ပြီး.. ထိုဓားစွန်းက တောင်များ၊မြစ်များကို အခုပဲ ပိုင်းဖြတ်တော့မတတ် ကျောချမ်းဖွယ် အငွေ့အသက်ကို ဖော်ထုတ်နေသည်။
“ ကျုပ်မင်းကို ကြောက်မယ် ထင်နေလား”
လုယန် မောက်မာစွာ ရယ်မောလိုက်ပြီးသည်နှင့် လွတ်မြောက်အလင်းဖြင့် အရိုးဈေးအတွင်းပိုင်းထဲ ဝင်လိုက်သည်။ အစီအမံနှစ်ခုလုံးကို တစ်ခါထဲ အသက်သွင်းထားလိုက်သည်။
အသူရာချောက်နက်ထဲမှာ ပုန်းနေသောနဂါးက ဘယ်အရာကို ကြောက်ရမည်နည်း။
ယွင်မြောင်ကျန်းက အစီအမံကို ကြည့်နေရင်းမှ အေးစက်စက်ပြုံးလိုက်သည်။ သူမက ချက်ချင်းပဲ ကောင်းကင်ပေါ် လွှားခနဲ ခုန်လိုက်ကာ၊ ပြန်လမ်းမဲ့အရိုးတစ်ရာအစီအမံကို ရိုက်ချလိုက်သည်။
ချက်ချင်းပဲ အရိုးဈေးအတွင်းထဲကကော၊ အပြင်ဘက်ကကော အကြည့်ပေါင်းများစွာကို လက်ခံရရှိလိုက်တော့သည်။
ယန်ဟောက်၏ သေဆုံးမှုဥပမာမှ တစ်ဆင့် သွေးတာဝါအရှင်သည် အဆင့်ကိုးအစီအမံ ပညာရှင်တစ်ယောက်ဖြစ်ပြီး အနိုင်မယူနိုင်သူ တစ်ဦးမှန်း အကုန်လုံးသိထားကြပြီးသားပင်။
အနှီကောင်မလေးက ဘယ်နေရာက ရလာသော သတ္တိတွေနှင့် အထဲဝင်ဖို့ ကြိုးစားနေသည်ကို သူတို့တွေ နားမလည်နိုင်ပါချေ။
ချက်ချင်းဆိုသလို အရိုးဈေးအပြင်ဘက်ကို အကြီးအကဲယန်နှင့် မြစ်သုံးသွယ်အဖွဲ့၏ ဒုတိယအကိုကြီး လျိုဝူယန်တို့ပါ ရောက်လာကြသည်။
သို့ပေမဲ့ အနှီချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူနှစ်ဦး၏ မျက်နှာက လွန်စွာ တည်တင်းနေသည်။
သူတို့၏အကြည့်က တစ်ဖက်ဈေးအစွန်းမှာ ရပ်နေသော ရိုးရှင်းစွာဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ် လူတစ်ဦးအပေါ်မှာ ကပ်ညှိနေကြသည်။
“ ထိုက်ယီဓား ယွင်ကျစ်ချိုး”
လျိုဝူယွင်း ချက်ချင်းပဲ မာထန်စွာ ပြောလိုက်သည်။
“ အရိုးဈေးက တောင်ပိုင်းနယ်မြေမှာ ရှိတာမဟုတ်ဘူး။ မင်းတို့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက စည်းကျော်နေပြီ”
ယွင်ကျစ်ချိုး ရယ်မောလိုက်လေကာ
“ ငါတို့ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက စစ်မှန်မှုကိုပဲ တန်ဖိုးထားတယ်၊ တာအိုရဲ့စစ်မှန်မှုမှာ နယ်မြေသတ်မြတ်ခြင်း မပါဘူး”
“ မောက်မာတဲ့ကောင်”
လျိုဝူယန်း ဒေါသတကြီးရယ်မောလိုက်ပြီး..
“ မင်းရဲ့ ဂိုဏ်းတူညီမလေး အသက်ရှင်ရက် ပြန်ထွက်လာနိုင်ဖို့ပဲ ဆုတောင်းနေလိုက်”
ထိုစကားကြောင့် ယွင်ကျစ်ချိုး၏ အကြည့်က အထဲမှာရှိသော လုယန်နှင့် ယွင်မြောင်ကျန်း အပေါ် ကျရောက်သွားပြီးမှ ခေါင်းယမ်းလိုက်သည်။
“ နတ်ဆိုးဂိုဏ်းက ဂိုဏ်းသားတစ်ကောင်ဆီကနေ ကောင်းမွန်တဲ့ တိုက်ခိုက်နည်း ဘယ်လိုလုပ် ထွက်လာနိုင်မှာလဲ”
“ မင်းတို့ရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေက ငါတို့စစ်မှန်ဂိုဏ်းရဲ့ နတ်စွမ်းရည်ကို ကျော်ဖြတ်နိုင်မယ် ထင်နေသလား”
သူ၏စကားမဆုံးခင်မှာပဲ အထဲက ယွင်မြောင်ကျန်းက လက်ကွက်ဖော်လိုက်သောကြောင့် သူမ အသက်သွင်းထားခဲ့သော ဓားအလင်းက တစ်နေရာလုံးကို လွှမ်းခြုံလာခဲ့သည်။
“ ဒါက..”
ထိုမြင်ကွင်းကြောင့် လျိုဝူယန်းနှင့် ယန်ဖန်း နှစ်ယောက်လုံး မျက်နှာထားပြောင်းသွားတော့သည်။
“ ကောင်းကင်ဘုံလမ်းကြောင်းဓား… ဒီမိန်းကလေးက ဒီလောက်တောင် အရည်အချင်းရှိတာလား”
ဓားအလင်း၏ လွှမ်းမိုးမှုက တဖြည်းဖြည်း မြင့်မားလာသည်။
လုယန်သည် အစီအမံနှစ်ခုလုံးကို အသက်သွင်းခဲ့သည့်တိုင်အောင် ထိုနှစ်ခုလုံးက ဓားအလင်း၏ ထိတွေ့မှုမှာ မရှိတော့သလို ပျောက်ကွယ်သွားရသည်။
ဝုန်း
ဓားအလင်းက ရုတ်ချည်းပျောက်ကွယ်သွားလေကာ၊ အစီအမံကြီးနှစ်ခုသာ အရိုးဈေးထဲမှာ ကျန်ခဲ့သည်.. သို့ပေမဲ့ အစီအမံအတွင်းမှာ လူတစ်ယောက်တောင် မရှိတော့ဘဲ ကောင်းကင်ဘုံလမ်းကြောင်းဓားတစ်လက်သာ ကောင်းကင်ထက်မှာ ခံ့ညားစွာ နေရာယူထားလေ၏။