အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁) နေမင်းနှင့် အင်္ဂါဂြိုဟ်ကို မျိုချခြင်း
“ဒါပေမဲ့...”
ယဲ့ချန်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလာခဲ့သည်။
“နေမင်းဆိုတာ ခြေထောက်သုံးချောင်း ရွှေကျီးကန်းဖြစ်ပြီး ခြေထောက်သုံးချောင်း ရွှေကျီးကန်းဆိုတာကလည်း နေမင်းပဲ...”
ဝုန်း...
ထိုစကားလုံးများ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်နှင့်တပြိုင်နက် စာလုံးတိုင်းက ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကျိုးအာ၏ အစစ်အမှန်ပုံစံက စတင်ပြောင်းလဲလာခဲ့ပေသည်။
မူလက ခြေထောက်သုံးချောင်း ရွှေကျီးကန်းဖြစ်သော မိန်းကလေး၏ ခန္ဓာကိုယ်က ကျုံ့ဝင်သွားပြီး အဆုံးမရှိသော အပူလှိုင်းများ ထုတ်လွှတ်နေသည့် စက်လုံးတစ်လုံးအဖြစ် တဖြည်းဖြည်း ဖြစ်တည်လာခဲ့ပေသည်။
အချိန်တိုအတွင်းမှာပင် သူမက လေထဲတွင် တွဲလောင်းချိတ်ဆွဲထားသော နေမင်းငယ်လေးတစ်စင်းအဖြစ် ပြောင်းလဲသွားကာ စာသင်ကျောင်းတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
ထိုနေရာရှိ ကြီးမြတ်သော နတ်ဆိုးများစွာက ကောင်းချီးများကို ရရှိခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှ အညစ်အကြေးများစွာကို ဖယ်ရှားပစ်နိုင်ခဲ့ပေသည်။
သွမ့်ကျီ၊ ဝမ်ဝူ၊ လျူကျီနှင့် အာလူးတို့ကဲ့သို့သော နတ်ဆိုးများက ပြတင်းပေါက်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်သွားကြကာ သူတို့၏ ခန္ဓာကိုယ်များကို ဆေးကြောရန် မြစ်ကမ်းဘေးသို့ ပြေးသွားခဲ့ကြသည်။
ဟူမိန်အာ၊ လင်လင်းအာ၊ ရှောင်ဟုန်နှင့် မီးလျှံဖီးနစ်ငှက်စသည့် အမျိုးသမီးနတ်ဆိုးများက စာသင်ကျောင်းထဲတွင် တင်ပျဉ်ခွေထိုင်နေကြပေသည်။ တစ်ဦးတည်းသော မတ်တတ်ရပ်နေသူမှာ ဟွမ်ဝူချွဲဖြစ်ပြီး သူက မိန်းကလေးများ၏ အရှေ့တွင် ကာကွယ်ရပ်တန့်ပေးထားကာ ၎င်းတို့ကို နေမင်း၏မီးတောက်များဒဏ်မှ ကူညီထမ်းပိုးပေးထားပေသည်။
ကျီး…..
စူးရှသော အော်သံတစ်သံက ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားပေသည်။
စာသင်ကျောင်းတစ်ခုလုံး တုန်ခါသွားသော်လည်း စာသင်ခုံကမူ မည်သည့်စွမ်းအားကမျှ အနည်းငယ်မျှ လှုပ်ခါအောင် မလုပ်နိုင်သော ထာဝရတည်ရှိမှုတစ်ခုကဲ့သို့ လုံးဝ ရွေ့လျားခြင်းမရှိပေ။
“ကျေးဇူးတင်ပါတယ်ဆရာ...”
ရွှမ်း...
အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် ကျိုးအာက လူသားအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူမက ပါးစပ်ကိုဟကာ ညင်သာစွာ ရှူသွင်းလိုက်ပြီး ထိုဂြိုဟ်ထဲမှ နေမင်းကို သူမ၏ ဝမ်းဗိုက်ထဲသို့ မျိုချလိုက်ပေသည်။
ဤသည်က သူမ၏ ကျင့်ကြံခြင်းကို အထောက်အကူပြုမည့် ဆရာ့ထံမှ ဆုလာဘ်တစ်ခု ဖြစ်ပေသည်။
ယနေ့မှစ၍ သူမက နေနတ်ဘုရား ဖြစ်လာပေတော့မည်။
ခေတ်သစ်၏ ပထမဆုံးသော နတ်ဘုရားတစ်ပါး မွေးဖွားလာခဲ့ပြီ ဖြစ်ပေသည်။
“ဂုဏ်ယူပါတယ် အစ်မကျိုးအာ...”
“ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်...”
“အရာအားလုံးက ဆရာပေးတဲ့ လက်ဆောင်ကြောင့်ပါပဲ...”
“ဆရာ ထာဝရအသက်ရှည်ပါစေ ပြီးတော့ မျက်လုံးတွေလည်း အမြန်ဆုံး ပြန်ကောင်းလာပါစေလို့ ဆုတောင်းပါတယ်...”
နတ်ဆိုးငယ်များစွာ ပေါ်လာပြီး ပြတင်းပေါက်များကို မှီကာ စာသင်ကျောင်းထဲသို့ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက မနာလိုမှုများဖြင့် ပြည့်နှက်နေပေသည်။
သူတို့က အစ်မဖြစ်သူ ကျိုးအာ ပထမဆုံးသော နတ်ဘုရားတစ်ပါး ဖြစ်လာသည့်အတွက် ဂုဏ်ပြုရင်း အကြိမ်ကြိမ် ဦးညွှတ်နေကြပေသည်။
သူမ၏ လက်ရှိစွမ်းအားက မကြီးမားသေးသော်လည်း ဝိညာဉ်ချီ ပြန်လည်နိုးထလာသည်နှင့်အမျှ သူမ၏ စွမ်းအားက ခုန်ပျံကျော်လွှားကာ တိုးတက်လာမည်ဖြစ်ပြီး မည်သူမျှ တားဆီး၍မရနိုင်တော့ဘဲ အတန်းခေါင်းဆောင်ပင်လျှင် နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ပေ။
“ငါ ထာဝရအသက်ရှည်ဖို့က အရေးမကြီးပါဘူး... အရေးကြီးတာက မင်းတို့ သင်ခန်းစာတွေကို သေချာနားထောင်ပြီး ဗဟုသုတတွေ ပိုလေ့လာဖို့ပါပဲ... နောင်တစ်ချိန် မင်းတို့ ကျန်းဟူလောကထဲကို ဝင်ရောက်လာတဲ့အခါ လမ်းမပျောက်ဖို့နဲ့ ဘာလုပ်ရမှန်းမသိဖြစ်တာမျိုး မဖြစ်စေဖို့ပဲ...”
“ဒီကောင်းကင်နဲ့မြေကြီးရဲ့ အခွင့်အရေးက သမိုင်းမှာ အကြုံဖူးသေးတဲ့ ကြီးမားတဲ့ ကမောက်ကမခေတ်ကြီး ဖြစ်လာလိမ့်မယ်... မင်းတို့ ရင်ဆိုင်ရမယ့်သူတွေက လောကပေါင်းများစွာက ပါရမီရှင်တွေ ရှေးဟောင်းနတ်ဘုရားတွေ မူလအစ အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေ ရှေးဟောင်းနတ်ဆိုးတွေ စသဖြင့် ဖြစ်လိမ့်မယ်... သူတို့အားလုံးက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူဖွယ်သားရတနာတွေ သန်းပေါင်းများစွာမှာ တစ်ယောက်ပေါ်ဖို့ခဲယဉ်းတဲ့ အထက်တန်းစားတွေဖြစ်ပြီး အားလုံးက ထူးခြားဆန်းကြယ်တဲ့သူတွေချည်းပဲ...”
“မင်းတို့ တောင်ပေါ်က ကလေးတွေက ဉာဏ်ကောင်းပေမဲ့ နောက်ခံအမျိုးမျိုးကနေ လာကြတာလေ... နှိုင်းယှဉ်ကြည့်ရရင် မင်းတို့ရဲ့ အစမှတ်က အရမ်းနိမ့်နေတဲ့အတွက် နှစ်ဆပိုပြီး ကြိုးစားဖို့ လိုတယ်...”
“မင်းတို့ ကြိုးကြိုးစားစား လေ့လာသင်ယူနေသရွေ့ အားလုံးက ထူးချွန်လာပြီး အနာဂတ်မှာ ကမ္ဘာကျော်လာလိမ့်မယ်လို့ ဆရာ ယုံကြည်တယ်...”
“အနာဂတ်မှာ အဲဒီပါရမီရှင်တွေနဲ့ မင်းတို့ ယှဉ်ပြိုင်နိုင်မှာပါ...”
ယဲ့ချန်၏ မျက်နှာပေါ်တွင် တောင့်တမှုအပြည့်အဝရှိနေပြီး သူ၏ ကျောင်းသားတိုင်း ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ရရှိမည့်နေ့ကို စိတ်ကူးယဉ်နေပေသည်။
ပထမအချက်အနေဖြင့် သူ၏ ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်မည်မဟုတ်ပေ။ ဒုတိယအနေဖြင့် ဤကလေးများ အောင်မြင်ပါက သူ အလွန်ဝမ်းသာကျေနပ်မိမည် ဖြစ်သည်။ တတိယအနေဖြင့် စနစ်၏ ဆုလာဘ်များက အလွန်ရက်ရောပေလိမ့်မည်။
“တပည့်တို့ ဆရာ့ရဲ့ သွန်သင်ချက်တွေကို လိုက်နာပါ့မယ်... ဆရာ့အတွက် ဂုဏ်ယူရအောင် တပည့်တို့ သေချာပေါက် ကြိုးကြိုးစားစား လေ့လာပြီး နေ့တိုင်း တိုးတက်အောင် လုပ်ပါ့မယ်...”
နတ်ဆိုးအားလုံးက မတ်မတ်ထိုင်ကာ လေထဲရှိ ဂြိုဟ်ကို စူးစိုက်ကြည့်နေကြသည်။ နေမင်းကြီးက ပျောက်ကွယ်သွားပြီဖြစ်ရာ အချိန်မရွေး ငြိမ်းသတ်သွားတော့မည့်အလား မှေးမှိန်နေသော ကြယ်ခြောက်လုံးသာ ကျန်ရစ်နေပေတော့သည်။
ရှူး...
ဟွမ်ဝူချွဲက မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်လုံးများက တောက်ပနေပေသည်။ သူက မီးလျှံဖီးနစ်ငှက်ကိုကြည့်ကာ အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်လေရာ သူမက နားလည်သွားပြီး မတ်တတ်ရပ်လာခဲ့သည်။
“ရှောင်ဟုန်...”
ထို့နောက် သူက ဂျင်ဝေးငှက် ရှောင်ဟုန်ကို ကြည့်လိုက်သည်။ ရှောင်ဟုန်ကလည်း ထရပ်လိုက်ပြီး မီးလျှံဖီးနစ်ငှက်၏ ဘေးတွင်ရပ်ကာ ဂြိုဟ်ထဲရှိ အင်္ဂါဂြိုဟ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပေသည်။
ဤသည်က သူတို့၏ အခွင့်အရေး ဖြစ်ပေသည်။ သူတို့ ၎င်းကို ဆုပ်ကိုင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ ကံကြမ္မာနှင့် ကိုယ်ပိုင် နားလည်နိုင်စွမ်းအပေါ်တွင် လုံးဝ မူတည်နေပေသည်။
မီးလျှံဖီးနစ်ငှက်သည် မီးတောက်ကဲ့သို့ နီရဲသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဧကရီတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ သူမ၏ မျက်နှာက လှပသော်လည်း အေးစက်နေကာ မိုင်ပေါင်းများစွာ ကွာဝေးနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေပေသည်။
သူမ၏ မျက်ခုံးနှစ်ခုကြားတွင် မီးတောက်အမှတ်အသားတစ်ခုရှိနေပြီး လက်ရှိတွင် အလင်းရောင်များ ထုတ်လွှတ်နေပေသည်။
ဂျင်ဝေးငှက် ရှောင်ဟုန်က သူမ၏ နှုတ်ခမ်းကိုကိုက်ထားပြီး သူမ၏ မျက်နှာငယ်လေးက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပေသည်။
ခဏအကြာတွင် သူမက သက်ပြင်းရှည်ကြီး ချလိုက်ပြီး မီးလုံးတစ်လုံးကို ထွေးထုတ်လိုက်သည်။ မီးတောက်များ မလွင့်စင်သွားမီတွင် သူမက တစ်ချက်တည်းဖြင့် ဝမ်းဗိုက်ထဲသို့ ပြန်လည်စုပ်ယူလိုက်ပေသည်။
သူမက ခေါင်းခါပြကာ အရှုံးပေးကြောင်း ပြသလိုက်သည်။
သူမနှင့် ထိုအင်္ဂါဂြိုဟ်ကြားတွင် မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
ထိုနေရာရှိ နတ်ဆိုးအားလုံး၏ မျက်လုံးများက မီးလျှံဖီးနစ်ငှက်အပေါ်သို့ ကျရောက်သွားပြီး သူမသည် ဆရာချီးမြှင့်သော အခွင့်အရေးကို ရရှိနိုင်စေရန် တိတ်ဆိတ်စွာ ဆုတောင်းပေးနေကြပေသည်။
ဆရာပြောသော စကားလုံးတိုင်းနှင့် စာကြောင်းတိုင်းတွင် ကောင်းကင်တာအို ပါဝင်နေပေသည်။ အခွင့်အရေးကို ဆုပ်ကိုင်နိုင်သူ မည်သူမဆို အသွင်ပြောင်းလဲမှုကို ရရှိလိမ့်မည် ဖြစ်ပေသည်။
ဝှီ...
မီးလျှံဖီးနစ်ငှက်၏ ပြင်းထန်သော မီးစွမ်းအားကို ခံစားသိရှိသွားသည့်အလား ဂြိုဟ်ထဲရှိ အင်္ဂါဂြိုဟ်က ၎င်း၏ ပတ်လမ်းမှ စတင်သွေဖည်သွားပြီးနောက် မီးတောက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူမ၏ ဝမ်းဗိုက်ထဲသို့ မျိုချခံလိုက်ရပြီး ပြင်းထန်လှသော မူလမီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
ဝုန်း...
မီးလျှံဖီးနစ်ငှက်၏ ခေါင်းပေါ်တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ရွှေနီရောင်မီးတောက်များ ရစ်ပတ်ထားသော ကြီးမားလှသည့် မီးလျှံဖီးနစ်ငှက်ကြီးတစ်ကောင်ဖြစ်ပြီး ၎င်း၏ နတ်ဘုရားစွမ်းအားက ကြီးမားကျယ်ပြန့်ကာ အားကောင်းလှပေသည်။
၎င်း၏ ဝမ်းဗိုက်သည် မီးတောင်ပေါက်ကွဲသကဲ့သို့ တောက်ပနေပြီး ခမ်းနားထည်ဝါကာ အဆုံးအစမရှိဘဲ ဤကမ္ဘာကြီးကို မှောက်လှန်ပစ်ချင်နေသည့်အလား ထင်မှတ်ရပေသည်။
၎င်းက အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် မီးတောက်အလင်းရောင်များ လျှံကျလာကာ ကောင်းကင်ယံကိုပင် လောင်ကျွမ်းလုမတတ် ဖြစ်သွားခဲ့သည်။
ဂေ့...
မီးလျှံဖီးနစ်ငှက်က လေချဉ်တစ်ချက် တက်လိုက်ပြီးနောက် ထိုထူးကဲသော ဖြစ်စဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ အခုလေးတင် ဖြစ်ပျက်ခဲ့သည်များက မည်သည့်အခါကမျှ မဖြစ်ခဲ့ဘဲ နတ်ဆိုးအားလုံး၏ ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုသာ ဖြစ်ခဲ့သည့်အလား အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပေသည်။
ဂြိုဟ်ထဲတွင် ကြယ်ခုနစ်လုံးအနက် နှစ်လုံးက ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယဲ့ချန်က ဤအရာအားလုံးကို လုံးဝ မသိရှိခဲ့ပေ။
ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များက အချိန်ကြာမြင့်သွားသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တော့ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်ပေသည်။
အရာအားလုံးက အလွန်မြန်ဆန်လွန်းလှပြီး အံ့သြဖွယ်ရာများနှင့် မှော်ဆန်မှုများဖြင့် ပြည့်နှက်နေပေသည်။
ကျိုးအာက နေမင်းကို မျိုချလိုက်ပြီး မီးလျှံဖီးနစ်ငှက်က အင်္ဂါဂြိုဟ်ကို မျိုချလိုက်လေရာ တစ်ယောက်ချင်းစီက ကြီးမားလှသော အခွင့်အရေးတစ်ခုကို ရရှိခဲ့ကြပြီး ယင်းကို အမြင့်မားဆုံးသော အသွင်ပြောင်းလဲမှုဟု ခေါ်ဆိုနိုင်ပေသည်။
“ကြယ်ငါးလုံး ကျန်သေးတယ်... တခြား ဘယ်သူ စမ်းကြည့်ချင်သေးလဲ...”
ဟွမ်ဝူချွဲက သူ၏ အသိစိတ်ပင်လယ်ထဲရှိ စွမ်းအားများကို အသက်သွင်းလိုက်သည်။ သူ၏ အားနည်းသော စိတ်စွမ်းအားကို အသုံးပြု၍ အသံကို တစ်ဖြောင့်တည်းဖြစ်အောင် စုစည်းလိုက်ပြီး ကြီးမြတ်သော နတ်ဆိုးများစွာထံသို့ ကြည့်လိုက်ပေသည်။
ဤအခွင့်အရေးက အလွန်ရှားပါးလှရာ သူတို့အနေဖြင့် လက်လွတ်မခံသင့်ပေ။
သူက ယခုအခါ အရာခပ်သိမ်း လက်နက်အဖြစ်ပြောင်းလဲခြင်း မန္တန်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သဘောပေါက်ထားပြီဖြစ်ရာ ဤကြယ်များက သူ၏အဖို့ အသုံးမဝင်တော့ပေ။
သို့မဟုတ်ပါက သူ၏ ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန် သူက သောကြာဂြိုဟ်ကို မျိုချရန် ရွေးချယ်ခဲ့မည် ဖြစ်ပေသည်။
“အတန်းခေါင်းဆောင်...”
“ငါ စမ်းကြည့်ချင်တယ်...”
တစ်ကိုယ်လုံး မင်ရည်ကဲ့သို့ မည်းနက်နေသော ထျန်းကော်တစ်ကောင်သည်လည်း ယခုအခါ လူသားကိုယ်ထည်နှင့် ခွေးအမြီး၊ မျက်ခုံးပေါ်တွင် မျက်လုံးသုံးလုံးပါရှိသည့် လူသားအသွင်ကို ယူထားပေသည်။
သူက ပိန်ပါးသော ခန္ဓာကိုယ်ရှိသော်လည်း သူ၏ အသွင်အပြင်က အလွန်ချောမောကာ အာ့လန်ရှန်းနှင့် နှိုင်းယှဉ်နိုင်ပြီး ထူးကဲစွာ ခမ်းနားထည်ဝါနေပေသည်။
ထျန်းကော်သည် ယခင်က ကောင်းကင်မျက်လုံး နည်းစနစ်ကို နားလည်သဘောပေါက်ထားခဲ့သည်။ ထိုမျက်လုံးတစ်လုံးသည် မူလအစကို ခြေရာခံနိုင်ပြီး ထင်ယောင်ထင်မှားဖြစ်မှု အားလုံးကို ဖောက်ထွင်းမြင်နိုင်ပေသည်။
ယခုအခါ အခွင့်အရေးက သူ့ရှေ့မှောက်တွင် ရောက်ရှိနေပြီဖြစ်ရာ သူက လက်လွတ်မခံချင်ခဲ့ပေ။
သူက ထိုလမင်းကို မျက်စိကျနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
“အင်း…”
ဟွမ်ဝူချွဲက ခေါင်းအနည်းငယ် ညိတ်ပြကာ ထျန်းကော်ကို စမ်းသပ်ခွင့် ပေးလိုက်သည်။
ဤကောင်လေးက မတ်တတ်ရပ်လိုက်ပြီး အလွန်မြင့်မြတ်သော ချီအငွေ့အသက်များ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိ ကြီးမြတ်သော နတ်ဆိုးများကို အနည်းငယ် ဝင့်ကြွားစွာဖြင့် ကြည့်လိုက်ပေသည်။
သူက ခွန်အားကြီးမားသူတစ်ယောက်ကဲ့သို့ သူ၏ လက်မောင်းများကို နှစ်ကြိမ်မျှ ခါယမ်းလိုက်ပြီး ရင်ဘတ်ကို နှစ်ချက် ထုလိုက်ပေသည်။
ထိုနေရာရှိ နတ်ဆိုးများက သက်ပြင်းချလိုက်ကြသည်။ ဆရာက စာသင်ခုံပေါ်တွင် ရှိနေဆဲဖြစ်သောကြောင့်သာ သူတို့က မလှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူတို့က သူ့ကို သေချာပေါက် နှစ်ချက်လောက် ထိုးကြိတ်မိမည်မှာ သေချာပေသည်။
ဘာတွေများ ဒီလောက် ဝင့်ကြွားနေစရာ ရှိလို့လဲ...။
ဒါက ပါရမီပါတဲ့ သွေးဆက်ရှိနေတာလေးပဲ မဟုတ်ဘူးလား...။
ဝုတ်...
သူက တိုးညင်းစွာ ဟောင်လိုက်ရာ ယဲ့ချန်က ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။ ဤသည်က သေချာပေါက် သူ၏ကျောင်းသား ရှောင်ထျန်း ဖြစ်ပေသည်။
ဤကောင်လေးတွင် ထူးဆန်းသော အကျင့်တစ်ခုရှိလေသည်။ အကြောင်းပြချက်မရှိဘဲ ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ အကြိမ်အနည်းငယ် ဟောင်ရသည်ကို သူက သဘောကျပေသည်။
သူ ကျောင်းစတက်ပြီးနောက် ပထမသုံးလအတွင်း ယဲ့ချန်က သူ၏ အသံထွက်ကို ပြင်ဆင်ပေးရန် အလွန်ဂရုတစိုက် ကြိုးစားခဲ့ပေသည်။
သို့သော် သူက ဟောင်တတ်သည့် အကျင့်ကို လုံးဝ မပြောင်းလဲနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ အန္တရာယ်မရှိသောကြောင့် ယဲ့ချန်က သူ့ကို ဒီတိုင်းသာ ထားလိုက်တော့သည်။
ကျောင်းသား ပျော်ရွှင်နေသရွေ့ အဆင်ပြေပေသည်။ ဤအသက်အရွယ်တွင် သူတို့က ပူပင်သောကကင်းစွာ နေသင့်ပေသည်။
“သေချာထိုင်စမ်း... လျှောက်မဟောင်နဲ့... သင်ခန်းစာ ဆက်ကြရအောင်...”
သူက စည်းကမ်းထိန်း ကြိမ်လုံးကို ခေါက်လိုက်ရာ စာသင်ခုံမှ ရှေးဟောင်းခေါင်းလောင်းတစ်ခုကဲ့သို့ မြည်ဟည်းသွားပေသည်။ လှိုင်းဂယက်များက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး အညစ်အကြေးအားလုံးကို ဆေးကြောပေးကာ နတ်ဆိုးအားလုံး၏ ခန္ဓာကိုယ်များမှ အညစ်အကြေးများကို နောက်တစ်ကြိမ် ဖယ်ရှားနိုင်ရန် ကူညီပေးလိုက်လေရာ ၎င်းတို့ကို ပို၍ပင် အသွင်ပြောင်းသွားစေပြီး လူသားခန္ဓာကိုယ်များထက် ပိုမို၍ ဝိညာဉ်ရေးရာအရ သန့်စင်သွားစေပေသည်။
“ဆရာ...”
ဟွမ်ဝူချွဲက ပြောလာခဲ့သည်။
“တပည့်က အဲဒီစာကြောင်းကို နားမလည်သေးလို့ပါ... တပည့်ကို မိနစ်အနည်းငယ်လောက် အချိန်ပိုပေးပါ ဆရာ...”
“ခွင့်ပြုတယ်...”
“ကျေးဇူးတင်ပါတယ် ဆရာ...”
နတ်ဆိုးအားလုံးက အတူတကွ ဦးညွှတ်လိုက်ကြပြီး သူတို့၏ အသံများက ပြီးပြည့်စုံစွာ ညီညာနေပေသည်။
ထိုအခါမှသာ ထျန်းကော်က လေးနက်သွားပြီး ဆက်လက်၍ အချိန်ဆွဲမနေတော့ပေ။ သူ၏ မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးက ပွင့်လာခဲ့ပြီး ဂြိုဟ်ထဲရှိ လမင်းဆီသို့ ကြည့်လိုက်ပေသည်။
အခန်း (၂၂) ကျိုင်းပင်ကြီး၏ ထူးခြားဆန်းကြယ်မှုကား အဲ့လောက်ပင် ထိတ်လန့်ဖွယ်ကောင်းလှပေသည်
“ဝုတ်...”
အသံတိတ် ဟောင်သံတစ်သံက နတ်ဆိုးအားလုံး၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားခဲ့ပေသည်။
ယဲ့ချန်က မည်သည့်အသံကိုမျှ မကြားနိုင်ခဲ့ဘဲ ဤကျောင်းသားများက ပြဿနာတစ်ခုကို စဉ်းစားတွေးတောနေကြသည်ကိုသာ သိရှိထားပေသည်။
သူ ယခုလေးတင် သင်ကြားပေးခဲ့သော အရာများသည် အမှန်တကယ်ပင် အနည်းငယ် နက်နဲလှပေသည်။
အုပ်ချုပ်သူခုနစ်ပါးက အုပ်ချုပ်သည်ကို လူတိုင်းသိကြသော်လည်း မည်သို့အုပ်ချုပ်သည်ကိုမူ သူတို့ မသိကြပေ။
သူ၏ ကျောင်းသားများသည် ကြီးမားသော ဉာဏ်ပညာကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အဓိကသော့ချက်ကို နားလည်သဘောပေါက်ထားကြပေသည်။
ဉာဏ်အလင်း တစ်ပေါက်ပွင့်သွားသည်နှင့် ဉာဏ်ပေါက်အားလုံး ပွင့်လင်းသွားမည်သာ ဖြစ်ပေသည်။
ဤကိစ္စကို သူတို့ နားလည်နိုင်သရွေ့ နောက်ဆက်တွဲ ပြဿနာများစွာကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး ပထမဆုံးပွင့်လင်းလာချိန်တွင် အုပ်ချုပ်သူခုနစ်ပါးက အဘယ်ကြောင့် အုပ်ချုပ်ခဲ့ရသနည်း။
ဤအဆိုပြုချက်သည် တစ်ခါတစ်ရံတွင် လူများကို တစ်သက်တာလုံး စဉ်းစားတွေးတောစေနိုင်ပေသည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ပြီး သူက လွန်စွာ ကျေနပ်အားရနေပေသည်။
စာသင်ကျောင်းထဲရှိ ချစ်စရာကောင်းသော ကျောင်းသားတစ်စုက ခေါင်းယမ်းကာ ဤမေးခွန်းအတွက် ပြင်းပြင်းထန်ထန် စဉ်းစားဆင်ခြင်နေကြပုံကို သူ စိတ်ကူးကြည့်နိုင်ပေသည်။
စိတ်အားထက်သန်နေသော မျက်နှာများ၊ အပြစ်ကင်းစင်ပြီး တောက်ပသော အပြုံးများ၊ သန့်စင်ပြီး ရိုးရှင်းသော စိတ်ထားများ၊ ဉာဏ်ရည်ထက်မြက်ကာ သင်ယူလိုစိတ် ပြင်းပြမှုများဖြင့် ဤကျောင်းသားများအားလုံးက ကလေးကောင်းလေးများ ဖြစ်ကြပေသည်။
သူတို့က အသိပညာကို တောင့်တကြပြီး တောက်ပကာ ချစ်စရာကောင်းလှပေသည်။
ကံမကောင်းစွာဖြင့် သူက မျက်လုံးများကို မဖွင့်နိုင်ခဲ့ပေ။ သို့မဟုတ်ပါက ထိုမြင်ကွင်းကြောင့် သူ သေလုမတတ် ထိတ်လန့်သွားမည်မှာ သေချာပေသည်။
ကောင်းကင်ဘုံခွေးသည် ၎င်း၏ မူလအသွင်သဏ္ဌာန်ဖြစ်သော အရပ်နှစ်မီတာခန့် မြင့်မားသည့် ခွေးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ နဖူးပေါ်တွင် မျက်လုံးသုံးလုံး ပါရှိပြီး ခန္ဓာကိုယ်မှာ နက်မှောင်ကာ တောက်ပနေပေသည်။ ၎င်းက ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ဂြိုဟ်အတွင်းရှိ တောက်ပသော လမင်းကြီးကို ၎င်း၏ ဗိုက်ထဲသို့ မျိုချလိုက်လေသည်။
“ဝုတ်...”
၎င်းက မိမိကိုယ်ကို ကျေနပ်ဂုဏ်ယူသွားကာ ထပ်မံဟောင်လိုက်သည်။ ထို့နောက် ၎င်း၏ နဖူးမှ အလင်းရောင်များ ထွက်ပေါ်လာပြီး နူးညံ့ကာ လျှို့ဝှက်ဆန်းကြယ်သော လရောင်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။
ရှောင်ထျန်းသည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး ခွေးအမြီးမှာ တဖြည်းဖြည်း ပြန်ဝင်သွားကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရပေသည်။
သူသည် အပြည့်အဝ အသွင်ပြောင်းသွားခဲ့ပြီး အစစ်အမှန် လူသားတစ်ဦး ဖြစ်လာခဲ့သည်။
သူ၏ မျက်ခုံးနှစ်ခုကြားရှိ ကောင်းကင်မျက်လုံးမှာလည်း လမင်းအမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဟီးဟီး...”
သူက မိမိကိုယ်ကို ကျေနပ်ဂုဏ်ယူစွာဖြင့် မတ်တတ်ရပ်ကာ လှည့်ပတ်လိုက်ပြီး သူ၏ အောင်မြင်မှုများကို နတ်ဆိုးအားလုံးထံ ကြွားဝါပြသလိုက်လေသည်။
ဤအချိန်တွင် အတန်းထဲရှိ သူ၏ စုစုပေါင်းစွမ်းအားမှာ ထိပ်ဆုံးဆယ်ယောက်စာရင်း ဝင်နိုင်ပေသည်။
ယခင်က ညီငယ်လေးမှ အစ်ကိုကြီးတစ်ယောက်ဖြစ်လာရသော ဤခံစားချက်က အမှန်တကယ်ပင် လွန်စွာ ကျေနပ်စရာကောင်းလှပေသည်။
“ထိုင်လိုက်စမ်း...”
ဟွမ်ဝူချွဲက အသံလှိုင်းပို့လွှတ်လိုက်မှသာ ကောင်းကင်ဘုံခွေးက လိမ္မာရေးခြားရှိစွာ ထိုင်ချလိုက်သည်။
သူ ဘယ်လောက်ပဲ ဂုဏ်ယူနေပါစေ အတန်းခေါင်းဆောင်၏ စကားကိုတော့ နားထောင်ရမည် ဖြစ်ပေသည်။
ဤသူကား ရက်စက်ကြမ်းကြုတ်သော သူတစ်ယောက် ဖြစ်ပေသည်။
ကောင်းကင်ဘုံတံခါးကို ဓားဖြင့် ခုတ်ပိုင်းကာ တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထိုဓားချက်က ကောင်းကင်အင်မော်တယ်တစ်ပါးကို သတ်ဖြတ်လိုက်သကဲ့သို့ဖြစ်ပြီး ဂလက်ဆီတစ်ခုလုံးကို သွေးများဖြင့် လွှမ်းမိုးသွားစေခဲ့သည်။
နတ်ဆိုးအားလုံး၏ အမြင်တွင် အတန်းခေါင်းဆောင်သည် သူတို့ လုံးဝ ရန်စ၍မရသော သူတစ်ယောက် ဖြစ်ပေသည်။
ကောင်းကင်ဘုံခွေးသည် ကုလားထိုင်ပေါ်တွင် လိမ္မာရေးခြားရှိစွာဖြင့် ဖြောင့်မတ်တည်ကြည်စွာ ထိုင်နေပြီး ယခင်က ဆော့ကစားလိုသော အမူအရာများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဂုဏ်ယူဝင့်ကြွားကာ အဆော့မက်သော ကောင်လေးတွင်လည်း လေးနက်သော အသွင်အပြင်တစ်ခု ရှိနေပေသည်။
သို့သော်လည်း ဤသည်မှာ ဆရာ့အပေါ်ထားရှိသော သူ၏ လေးစားမှုဖြစ်ကြောင်းကို နတ်ဆိုးအားလုံးက သိထားကြပေသည်။
အခြားသော မဟာနတ်ဆိုးကြီးများအားလုံးကလည်း ဂြိုဟ်အတွင်းရှိ ကြယ်လေးပွင့်ကို စူးစိုက်ကြည့်နေကြသည်။ ၎င်းတို့ထဲတွင် နတ်ဘုရားများ ပါဝင်နေပြီး တစ်ကြိမ်မျိုချလိုက်သည်နှင့် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော နတ်စွမ်းအားများကို ရရှိနိုင်ပေသည်။
သူတို့အားလုံးက စိတ်လှုပ်ရှားသွားကြပြီး အတန်းခေါင်းဆောင်နှင့် အစ်မကျိုးအာတို့ထံသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးလုံးက ခေါင်းညိတ်ပြမှသာလျှင် နတ်ဆိုးအားလုံးက စတင်ကာ နားလည်သဘောပေါက်ရန် ကြိုးစားနိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက ကမောက်ကမဖြစ်သွားနိုင်ပေသည်။
ဟွမ်ဝူချွဲက ညင်သာစွာ ခေါင်းညိတ်ပြလိုက်မှသာ နတ်ဆိုးအားလုံးက တရားထိုင်ကာ ဂြိုဟ်အတွင်းရှိ ကြယ်လေးပွင့်ကို ခံစားသိရှိရန် စတင်ကြိုးစားကြလေသည်။
သောကြာဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ စနေဂြိုဟ်။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်း နဂါးခေါင်းနှင့် လူကိုယ်လုံး ပိုင်ဆိုင်ထားသော ဝမ်ဝူသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူက ပါးစပ်ကိုဖွင့်ကာ ကြယ်တစ်ပွင့်ကို စုပ်ယူလိုက်လေသည်။
၎င်းမှာ စနေဂြိုဟ်ဖြစ်ပြီး သူက ၎င်းကို ဗိုက်ထဲသို့ မျိုချလိုက်ခြင်း ဖြစ်ပေသည်။
ဤအချိန်တွင် သူသည် ၎င်း၏ မူလအသွင်သဏ္ဌာန်ဖြစ်သော နဂါးခေါင်းနှင့် လိပ်ကိုယ်လုံးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။ ထိုစနေဂြိုဟ်က သူ၏ အတွင်းပိုင်း၌ ပေါက်ကွဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော အဝါရောင်သန်းသည့် အညိုရောင် အလင်းဝန်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။
သိပ်မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်သည် အပြောင်းအလဲတစ်ခုကို ဖြတ်သန်းသွားခဲ့ပြီး အပြည့်အဝ အသွင်ပြောင်းသွားခဲ့ပေသည်။
ဧကရာဇ်တစ်ပါးကဲ့သို့ အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပေသည်။
သူ၏ ခါးတွင် ဓားမကြီးတစ်လက်ကို ချိတ်ဆွဲထားပြီး ထက်မြက်သော ဓားသွားများဖြင့် တောက်ပစွာ လင်းလက်နေလေသည်။
“အစ်ကိုဝူ...”
နတ်ဆိုးများက နဂါးလိပ်ဝမ်ဝူကို ဂုဏ်ပြုစကား မဆိုနိုင်မီမှာပင် ဂြိုဟ်အတွင်းမှ အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီးနောက် ဂြိုဟ်ကို ဖြတ်သန်းကာ ရေအလင်းရောင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟူမိန်အာဆီသို့ တိုက်ရိုက် ပစ်ခတ်သွားခဲ့သည်။
သူမက တခစ်ခစ်ရယ်မောလိုက်ပြီး ပါးစပ်ကိုဖွင့်ကာ ထိုရေအလင်းရောင်ကို မျိုချလိုက်လေသည်။
ဗုဒ္ဓဟူးဂြိုဟ်က သူမနှင့် တုံ့ပြန်မှုဖြစ်ပေါ်ကာ ဆွဲငင်ခံလိုက်ရခြင်း ဖြစ်သည်။
ရှူး...
သူမ၏ အနောက်ဘက်ရှိ မြေခွေးအမြီးသုံးချောင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားကာ မည်သည့် ထူးခြားဆန်းကြယ်မှုကိုမျှ မပြသတော့ပေ။
ထိုမျှမက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေပြီး ရေလှိုင်းများ လှုပ်ခတ်နေသကဲ့သို့ ဆွဲဆောင်မှုရှိသော အလှတရားများကို ပိုမို တိုးပွားလာစေခဲ့သည်။
ဤအချိန်တွင် ဟူမိန်အာသည် မျက်မှောင်ကြုတ်သည်ဖြစ်စေ၊ ပြုံးသည်ဖြစ်စေ ဝိညာဉ်နုတ်ယူနိုင်သော ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားပေသည်။
အကယ်၍ နတ်ဆိုးအားလုံးသာ မကြာခဏ အတူတကွ ရှိနေခဲ့မည်ဆိုလျှင် သူတို့အားလုံး ကျရှုံးသွားမည်မှာ သေချာပေသည်။
ကောင်းကင်ဘုံခွေးနှင့် လျူကျီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးများ ပြူးကျယ်ကာ သွားရည်ကျလုမတတ် ဖြစ်နေကြသည်။
သူမသည် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်များကို ဖြန့်ချကာ ခြေဗလာဖြင့် ကောင်းကင်အင်မော်တယ်တစ်ပါးကဲ့သို့ လှပနေပေသည်။ သူမ၏ မျက်လုံးများတွင် မက်မွန်ပွင့် ဆောင်းဦးလှိုင်းများ ကိန်းအောင်းနေပြီး ညင်သာသော မျက်တောင်ခတ်မှုတစ်ခုကပင် မြောက်မြားစွာသော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေလေသည်။
ဝေါင်း...
နားကွဲလုမတတ် ကျားဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မဟာနတ်ဆိုးကြီးများစွာမှာ ခေါင်းမူးသွားသလို ခံစားလိုက်ရပြီး စာသင်ကျောင်း ပြတင်းပေါက်များကို တွယ်ကပ်နေသော နတ်ဆိုးငယ်များစွာမှာလည်း တုန်လှုပ်သွားကြကာ သူတို့၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲလုမတတ်ဖြစ်သွားပြီး မူလအသွင်သဏ္ဌာန်များအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ထွက်ပြေးသွားကြလေသည်။
မျက်လုံးလေးလုံး ကျားနတ်ဆိုး သွမ့်ကျီ၏ ချီအရှိန်အဝါသည် သမုဒ္ဒရာကြီးပမာ ကျယ်ပြန့်ကာ နယ်နိမိတ်ကင်းမဲ့နေပေသည်။
သူသည် ၎င်း၏ မူလအသွင်သဏ္ဌာန်ဖြစ်သော အစင်းကျား ရိုင်းစိုင်းသည့် ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်ကျားတစ်ကောင်ကဲ့သို့ အဖြူရောင်အစက်အပြောက်များစွာ ပါရှိနေပေသည်။
သူ၏ မျက်လုံးလေးလုံးသည် စိတ်အားထက်သန်နေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါနေပေသည်။
သူ၏ စူးရဲသော အကြည့်တစ်ချက်ကပင် သာမန်လူများကို သေလုမတတ် ထိတ်လန့်သွားစေနိုင်ပေသည်။
၎င်း၏ ခန္ဓာကိုယ်မှာ ခုနစ်မီတာကျော် ရှည်လျားပြီး စာသင်ကျောင်း၏ ထက်ဝက်ခန့်ကို နေရာယူထားလေသည်။ နတ်ဆိုးအားလုံးက အမြန်လမ်းဖယ်ပေးလိုက်ကြသဖြင့် မြင်ကွင်းမှာ ခဏတာမျှ ကမောက်ကမ ဖြစ်သွားခဲ့သည်။
ယဲ့ချန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။ ဤကျောင်းသားများ ဘာလုပ်နေကြတာလဲ။
သူတို့ အဖြေကို မရှာနိုင်ကြဘူးလား။
သူက သူတို့ကို ပြောပြသင့်သလား။ ပြီးတော့ ပိုပြီး သေချာခွဲခြမ်းစိတ်ဖြာပြသင့်သလား။
ဝေါင်း...
သွမ့်ကျီသည် အချိန်နှောင့်နှေးသွားမည်ကို စိုးရိမ်ကာ ပါးစပ်ကိုဖွင့်ပြီး ကြယ်တစ်ပွင့်ကို မျိုချလိုက်လေသည်။
၎င်းမှာ သောကြာဂြိုဟ် ဖြစ်ပေသည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် လျင်မြန်သော အပြောင်းအလဲများကို ဖြတ်သန်းသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း သူသည် အပြည့်အဝ အသွင်ပြောင်းသွားကာ အစစ်အမှန် လူသားတစ်ဦး ဖြစ်လာခဲ့သည်။
ရွှီး...
ထိုစဉ် ရုတ်တရက် သစ်ကိုင်းတစ်ကိုင်းက ပြတင်းပေါက်မှတစ်ဆင့် ပျံသန်းဝင်ရောက်လာကာ ဂြိုဟ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး နောက်ဆုံးကြယ်ဖြစ်သော ကြာသပတေးဂြိုဟ်ကို လုယူသွားခဲ့သည်။
“ကျိုင်းပင်ကြီးလား”
ဤသစ်ပင်ကြီးက ဤမျှအထိ နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး အမှန်တကယ်တွင် ဝိညာဉ်ရေးရာ အသိဉာဏ်ပွင့်နေသော မဟာနတ်ဆိုးကြီးတစ်ပါး ဖြစ်နေမည်ဟု မမျှော်လင့်ထားသောကြောင့် လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။
၎င်းက အသွင်မပြောင်းသေးသော်လည်း ၎င်း၏ စွမ်းအားကိုမူ ခန့်မှန်း၍မရနိုင်ပေ။
သူတို့က ၎င်းကို ဝိညာဉ်ရေးရာ အသိဉာဏ်ပွင့်ရုံသာဟု ထင်မှတ်ထားခဲ့သော်လည်း ဉာဏ်ပညာကို ပိုင်ဆိုင်ထားပြီးဖြစ်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ကြပေ။
ကြာသပတေးဂြိုဟ်ကို ၎င်းက မျိုချလိုက်ပြီးနောက် လှိုင်းထန်နေသော သက်စောင့်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
နတ်ဆိုးအားလုံးက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ ကျိုင်းပင်ကြီးမှာ အရိုင်းဆန်စွာ ကြီးထွားလာနေပြီး ၎င်း၏ သစ်ကိုင်းများနှင့် အရွက်များက ပိုမို စိမ်းလန်းစိုပြည်လာကာ ၎င်း၏ အမြင့်မှာ မီတာခြောက်ဆယ်ကျော်သာ ရှိတော့သည်အထိ သိသိသာသာ လျော့ကျသွားသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းက ရွာတစ်ရွာလုံးကို အရှေ့မှ အနောက်သို့ ဖြတ်သန်းကာ လွှမ်းခြုံထားလေသည်။
ယခုအခါ ၎င်း၏ သစ်ကိုင်းများနှင့် အရွက်များက ရတနာသစ်ပင်တစ်ပင်ကဲ့သို့ တောက်ပနေပေသည်။
၎င်း၏ အမြစ်များသည် ပို၍ပင် အရိုင်းဆန်စွာ ကြီးထွားလာပြီး မီတာထောင်ပေါင်းများစွာ နက်ရှိုင်းစွာ တူးဆွကာ မိုင်ဒါဇင်ပေါင်းများစွာ ကျယ်ပြန့်သော ဧရိယာအထိ ပြန့်နှံ့သွားခဲ့သည်။
အကယ်၍ အနှောင့်အယှက် တစ်စုံတစ်ရာ ရှိခဲ့မည်ဆိုလျှင် ၎င်းက ပထမဆုံး သိရှိနိုင်မည်ဖြစ်ပြီး ကောင်းကင်ဘုံမြင်းတစ်ကောင်ထက်ပင် ပိုမို ထိရောက်မှု ရှိပေသည်။
မထင်မှတ်ထားသော အရာများသာ မဖြစ်ပေါ်ခဲ့ပါက ၎င်း၏ အနာဂတ် အောင်မြင်မှုများကို ခန့်မှန်း၍မရနိုင်ဘဲ ကမ္ဘာ့သစ်ပင်တစ်ပင်ပင် ဖြစ်လာနိုင်ပေသည်။
ဤအချိန်တွင် ဂြိုဟ်အတွင်းရှိ ကြယ်အားလုံးကို ခွဲဝေယူငင်ပြီးသွားပြီ ဖြစ်သည်။
မည်သည့် ကံကောင်းသော တွေ့ဆုံမှုများကိုမျှ မရရှိခဲ့သော မဟာနတ်ဆိုးကြီးများက နှုတ်ခမ်းဆူလိုက်ကြသော်လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ဤတစ်ကြိမ်တွင် ဆရာ၏ ကျေးဇူးတော်ကို မရရှိခဲ့ခြင်းအတွက် အနည်းငယ် နောင်တရရုံသာ ခံစားလိုက်ရသည်။
ရွှတ်... ရွှတ်... ရွှတ်...
နတ်ဆိုးငယ်များစွာ ပြန်ရောက်လာကြသော်လည်း စာသင်ကျောင်းထဲသို့ ဝင်ရောက်မည့်အစား သူတို့က သစ်ပင်ကြီးပေါ်သို့ တက်ကာ သစ်ကိုင်းများပေါ်တွင် ထိုင်ပြီး ဆရာ၏ သင်ခန်းစာများကို နားထောင်ရန် သူတို့၏ နားရွက်များကို ထောင်ထားလိုက်ကြသည်။
အကယ်၍ ပြင်ပလူတစ်ယောက်သာ ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့မည်ဆိုလျှင် ဝိညာဉ်လွင့်ထွက်သွားသည်အထိ ထိတ်လန့်သွားမည်မှာ သေချာပေသည်။
“အဟမ်း...”
ယဲ့ချန်သည် ဤကျောင်းသားများ လမ်းမှားရောက်သွားမည်ကို စိုးရိမ်သဖြင့် ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။
“ကောင်းကင်နဲ့မြေကြီးကြားမှာ မွေးဖွားလာတဲ့ အုပ်ချုပ်သူခုနစ်ပါးဆိုတာ သဘာဝအလျောက် ကောင်းကင်နဲ့မြေကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ အရှင်သခင်တွေလည်း ဖြစ်တယ်... ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်တာပဲဖြစ်ဖြစ် တခြားသူတွေကို အုပ်ချုပ်တာပဲဖြစ်ဖြစ် အားလုံးက အုပ်ချုပ်ရေးပုံစံတွေချည်းပါပဲ...”
“အုပ်ချုပ်ရေးဆိုတာ အာဏာပဲ...”
“အာဏာဆိုတာ သဘာဝအလျောက် ကောင်းကင်နဲ့မြေကြီးက ပေးအပ်ထားတဲ့ စွမ်းအားပဲ...”
“ငါတို့ ပြောင်းပြန် ပြန်တွေးကြည့်ရအောင်... ဒါက ကိုယ့်ကိုယ်ကိုယ် ပြန်ပေးအပ်တဲ့ စွမ်းအားတစ်ခုလည်း မဟုတ်ဘူးလား...”
“ဒါကြောင့် အုပ်ချုပ်သူခုနစ်ပါးက အုပ်ချုပ်တယ်ဆိုတဲ့ စကားစုရဲ့ မှန်ကန်တဲ့ ရှင်းလင်းချက်က ကောင်းကင်နဲ့ လူသားတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြောတာပဲ...”
နတ်ဆိုးအားလုံးက သဘောတူညီစွာ ခေါင်းညိတ်ပြရင်း စဉ်းစားတွေးတောလာကြသည်။
အကယ်၍ ဆရာကသာ မရှင်းပြခဲ့ဘူးဆိုလျှင် ဤအဆင့်ကို နားလည်သဘောပေါက်ရန် သူတို့ အလွန်ခက်ခဲသွားမည်မှာ သေချာပေသည်။
အုပ်ချုပ်သူခုနစ်ပါးသည်လည်း ကောင်းကင်နှင့်မြေကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ အမိန့်များကို နာခံခြင်းမရှိကြောင်း ထင်ရှားပေသည်။
ကောင်းကင်၊ မြေကြီးနှင့် အုပ်ချုပ်သူခုနစ်ပါးတို့ အားလုံးသည် တူညီသော မူလဇာစ်မြစ်ကို မျှဝေထားကြပေသည်။
ဤသို့ကိုး။
ဝုန်း...
ဟွမ်ဝူချွဲ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြယ်အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီးနောက် ကြယ်ငါးပွင့်က နေ၊ လတို့နှင့်အတူ ထွက်ပေါ်လာကာ သူ့ကို ဝန်းရံထားသည်ကို မြင်တွေ့လိုက်ရသည်။
“အတန်းခေါင်းဆောင် ဘာလုပ်နေတာလဲ”
နတ်ဆိုးအားလုံးက မျက်လုံးများကို ပြူးကျယ်လိုက်ကြပြီး တုန်လှုပ်ချောက်ချားနေသော အမူအရာများကို ပြသနေကြသည်။
သူက လိမ်လည်လှည့်ဖြားနေတာလား။
နောက်ထပ် နားလည်သဘောပေါက်မှု အသစ်တစ်ခုလား။