← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

📗 Chapter 49

ယဲ့ရှောင်ရှောင်တို့၏ထွန်စက်သည် ရွာထဲသို့ မောင်းဝင်လာခဲ့ရာ ဝမ်မေ့လီတို့ အိမ်ရှေ့မှ ဖြတ်ကျော်ခဲ့ရပါသည်။

ဝမ်မေ့လီသည် ခြံဝန်းထဲမှနေ၍ လည်ပင်းဆန့်ကာ လှမ်းကြည့်လိုက်သောအခါ ထွန်စက်ပေါ်တွင် လိုက်ပါလာသော ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းယွမ်တို့ကို မြင်လိုက်ရပြီး အိမ်ထဲသို့ သုတ်သုတ်ပျာပျာ ပြေးဝင်သွားခဲ့သည်။

“အာ့နီ၊ ယဲ့ရှောင်ရှောင်တို့မိသားစု ချမ်းသာသွားကြပြီလား”

ကျန်းအာ့နီ မှင်သက်စွာဖြင့် မော့ကြည့်လိုက်သည်။

“သမီးက ဘယ်လိုလုပ်သိမှာလဲ”

ဝမ်မေ့လီ: “နင်တော်တော် အသုံးမကျတာပဲ၊ နင်နဲ့ ရှောင်ရှောင်တို့က တစ်တန်းတည်း မဟုတ်ကြဘူးလား၊ သူ့အကြောင်း ဘာသတင်းမှ မကြားဘူးလား”

အမေဖြစ်သူ၏ ပိုပိုကဲကဲအပြုအမူများကို ကျန်းအာ့နီ နားမလည်နိုင်တော့ဘဲ ဇဝေဇဝါဖြစ်စွာ မေးလိုက်လေသည်။

“သမီးက အစ်ကိုသဲ့ရှုနဲ့ စေ့စပ်ထားပြီးပြီပဲ၊ သူ့ကို ဘာဂရုစိုက်စရာလိုသေးလို့လဲ”

ဝမ်မေ့လီ: “…”

--- --- ---

ယဲ့ရှောင်ရှောင်: “အစ်ကိုကြီးနဲ့ ယောက်မတို့! အပြင်ထွက်ပြီး ပစ္စည်းတွေ လာသယ်ပေးကြပါဦး!”

မြောင်စွေ့ဖန်းသည် အိမ်ထဲတွင် ဖိနပ်အောက်ခံပြားများ ချုပ်နေစဉ်‌ အပြင်မှ အော်သံကြားသဖြင့် အပြေးထွက်ကြည့်ခဲ့ပါသည်။

ယဲ့ကျန်းကော်မှာမူ တောင်ပေါ်တက်သွားသဖြင့် ပြန်မရောက်သေးပေ။

တစ်ဖက်တွင်လည်း ယဲ့ချန်းချင့်သည် မိုင်းတွင်းတွင် အလုပ်လုပ်နေဆဲဖြစ်ကာ ဆယ်ရက်တစ်ခါမှ အိမ်ပြန်လာတတ်ပါသည်။

အားလုံးထဲတွင် အမြန်ဆုံးမှာ ယဲ့ပေါင်ချန်းလေးဖြစ်ကာ အိမ်ထဲမှ အမြှောက်ဆံလေးတစ်ခုအလား ပြေးထွက်လာပြီး ယဲ့ရှောင်ရှောင်၏ ခြေထောက်ကို ဖက်လိုက်လေသည်။

“ဒေါ်လေး!”

ခြံရှေ့က ထွန်စက်ကြီးကို မြင်သောအခါ ယဲ့ပေါင်ချန်းလေး မျက်လုံး ပြူးသွားရသည်။

“စားစရာတွေ အများကြီးပဲ!”

“ဟုတ်တာပေါ့၊ အထဲကို အကုန်သယ်ဖို့ လမ်းဖယ်ပေးလိုက်ကြရအောင်”

ယဲ့ရှောင်ရှောင်သည် ယဲ့ပေါင်ချန်းလေးကို ချီကြည့်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ပေ။

မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့နှစ်ယောက် ထွန်စက်ပေါ်မှ ပစ္စည်းများကို အိမ်ထဲသို့ သယ်ဆောင်ကာ ဒရိုင်ဘာကိုလည်း အိမ်ထဲဖိတ်ခေါ်ပြီး အနားယူခိုင်းလိုက်ပါသည်။

“ဘုရား ဘုရား အိမ်ကိုယူလာဖို့ ပစ္စည်းတွေ ဘာလို့အဲ့လောက်အများကြီး ဝယ်လာရတာတုန်း”

ယဲ့ချန်းယွမ်သည် အဘိုးဖြစ်သူကို ရှင်းပြခဲ့သည့်အတိုင်းပင် ဒေါ်လေးဖြစ်သူကိုလည်း ပြန်ရှင်းပြခဲ့ပါသည်။

မြောင်စွေ့ဖန်း: “ဘာ! နင့်တတိယအစ်ကိုက ပြန်လာသေးတယ်ဟုတ်လား၊ အဲ့ဒီကောင်က အိမ်ကိုကျတော့ ပြန်မလာဘူးပေါ့!”

မြောင်စွေ့ဖန်း ဒေါသထွက်ဖို့ ပြင်နေသည်ကိုမြင်ပြီး ယဲ့ရှောင်ရှောင်က အမြန်ဝင်ရှင်းပြလိုက်သည်။

“အမေ ဒေါသမထွက်ပါနဲ့ဦး၊ တတိယအစ်ကိုက အမေ့ကို မျက်နှာမပြရဲသေးလို့ပါ၊ အမေတို့ကို ယွမ် ၅၀၀ ပေးခိုင်းလိုက်ပြီး အစ်ကိုကြီးကိုလည်း နွေရာသီမှာ မိုင်းတွင်းထဲမသွားဖို့ မှာလိုက်သေးတယ်၊ အရမ်းအန္တရာယ် များလို့တဲ့”

“တတိယအစ်ကိုက မိသားစုကို ဂရုစိုက်ပါတယ်အမေရဲ့၊ သူက အိမ်ကို ဂုဏ်ရှိရှိ ပြန်လာချင်လို့ ငွေရှာနေတာပါ”

မြောင်စွေ့ဖန်းသည် အမှန်တကယ် ဒေါသထွက်နေခြင်း မဟုတ်ပေ။

သို့သော် ယဲ့ရှောင်ရှောင်ရှင်းပြသည့် စကားများကိုနားထောင်ပြီး သားဖြစ်သူအတွက် အမှန်တကယ် စိတ်မကောင်းဖြစ်သွားခဲ့ရပါသည်။

“နောက်တစ်ခါ နင့်တတိယအစ်ကိုကိုတွေ့ရင် အိမ်ပြန်လာဖို့ ပြောလိုက်၊ ပိုက်ဆံပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အိမ်သာ ပြန်လာခဲ့လို့”

“ဟုတ်ကဲ့”

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းယွမ်တို့ တစ်ယောက်မျက်နှာတစ်ယောက် မသိမသာ ကြည့်လိုက်ကြပြီး သက်ပြင်းအတူတူ ချမိကြတော့သည်။

မြောင်စွေ့ဖန်းက ယွမ် ၅၀၀ ကို သိမ်းဆည်းကာ ဆိုလိုက်သည်။

“ချန်းယွမ်၊ အိမ်ပြန်ပြီး နင့်မိဘတွေနဲ့ အဘိုးအဘွားတွေကို သွားခေါ်ခဲ့ဦး၊ ဒီနေ့ ပေါက်စီလုပ်စားကြမလို့လေ၊ စားစရာရှိတာ စားပြီးရင် ပစ္စည်းတွေ ဝေစုခွဲရမယ်”

“ဟုတ်ကဲ့ဒေါ်လေး!”

ယဲ့ချန်းယွမ် ချက်ချင်း ပြေးထွက်သွားခဲ့သည်။

ယဲ့ကျန်းကော် အိမ်ပြန်ရောက်သောအခါ ပထမဆုံး ရလိုက်သည့်ရနံ့မှာ ပေါက်စီနံ့မွှေးမွှေးလေးပင် ဖြစ်သည်။

“ဒီနေ့က ဘာနေ့မို့လို့လဲ၊ ပေါက်စီတွေလုပ်နေကြတာလား”

မြောင်စွေ့ဖန်း: “ရှောင်ရှောင်နဲ့ ချန်းယွမ်တို့ ပြန်လာကြတယ်လေ၊ ရှောင်ရှောင်က ဆန်တွေ၊ ဆီ‌တွေ၊ ဂျုံတွေ ယူလာတယ်၊ ပြီးတော့ တတိယသားကလည်း အဝတ်အစားတွေပို့ပေးလိုက်သေးတယ်…”

ယဲ့ကျန်းကော်: “တတိယကောင်က အိမ်ပြန်လာသေးတယ်ပေါ့”

မြောင်စွေ့ဖန်း: “ပြန်မလာပါဘူး၊ ကျွန်မတို့ကို ယွမ် ၅၀၀ တော့ပေးခိုင်းလိုက်တယ်၊ ပိုက်ဆံအများကြီး ရှာနိုင်မှ အိမ်ပြန်လာခဲ့မယ်တဲ့၊ ပြီးတော့ သားကြီးအတွက်လည်း မှာလိုက်သေးတယ်”

“သားကြီးကို မိုင်းတွင်းဆီ အလုပ်သွားမလုပ်ခိုင်းသင့်တော့ဘူးလို့ ကျွန်မလည်း ထင်မိတယ်၊ အဲ့မှာ နှစ်တိုင်းလိုလို မတော်တဆတစ်ခုပြီးတစ်ခု ဖြစ်နေတာ”

ယဲ့ကျန်းကော်: “သူပြန်လာမှ တိုင်ပင်ကြတာပေါ့၊ ဘေးကင်းဖို့က အဓိကပါပဲ”

မိသားစုညစာအတူတူစားပြီးနောက် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းယွမ်တို့ ပြန်ဖို့ ပြင်ကြရသည်။

ကျောင်းပိတ်ရက်တစ်ရက်ဟူသည်မှာ တိုတောင်းလွန်းပါသည်။

ယဲ့မိသားစုကလည်း သူတို့ကို ဆွဲမထားခဲ့ပေ။ သူတို့ စောစောပြန်လေ ဘေးကင်းလေ မဟုတ်ပါလား။

ရွာထဲမှ ပြန်အထွက်တွင် သူတို့နည်းတူ ကျောင်းသို့ပြန်ဖို့ ပြင်နေသည့် ကျန်းအာ့နီနှင့်ဆုံခဲ့လေသည်။

ဝမ်မေ့လီမှာ ယခင်တစ်ခေါက်ကဖြစ်ပျက်ခဲ့သည့် ပြဿနာကို မေ့လျော့သွားသည့်အလာား ယဲ့မိသားစုကို နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ပါသည်။

“တိုက်ဆိုင်လိုက်တာ! ထွန်စက်တောင် ငှားထားကြတာလား၊ အာ့နီလေး ကျောင်းပြန်ဖို့ အဆင်ပြေသွားတာပေါ့”

ကျန်းအာ့နီသည် လွယ်အိတ်ကို သယ်ထားပြီး သူမ၏ အစ်ကိုက‌ ကျောင်းသို့အပ်ရမည့် ရိက္ခာထုပ်ကို သယ်ပေးထားပါသည်။

လမ်းလျှောက်ပြန်မည်ဆိုလျှင် အတော်လေး ပင်ပန်းရလိမ့်မည်။

ယဲ့ချန်းယွမ်လှောင်ပြုံးပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်ပါသည်။

“အရှက်မရှိ မျက်နှာပြောင် တိုက်လိုက်ကြတာ…”

လီသဲ့ရှုတို့မိသားစုမှ ယဲ့ချန်းရှန့်ကို မဟုတ်မမှန်စွပ်စွဲခဲ့စဉ်က ကျန်းမိသားစု၏ အပြုအမူမှာလည်း အတော်လေး အကျည်းတန်ခဲ့ပါသည်။

ယဲ့ချန်းရှန့်မှာ ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခံရခြင်းဖြစ်၍ အပြစ်ပေးခံရဖို့ ထိုက်တန်သည်ဟု ဆိုခဲ့ကြသည်။

သို့သော် ယဲ့မိသားစုသည် ကျန်းအာ့နီကို လမ်းကြုံတင်ခေါ်သွားရန် မငြင်းဆန်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ရွာသူကြီး ကျန်းရန်ကွေ့သည် လူကောင်းတစ်ယောက်ဖြစ်ကာ ယဲ့မိသားစုနှင့်လည်း အဆင်ပြေသူ မဟုတ်ပါလား။

ထွန်စက်ပေါ်တွင် လူတစ်ယောက်ပိုလာခြင်းကလည်း ပြဿနာမရှိနိုင်‌ပေ။

ယဲ့ရှောင်ရှောင်သည် ဒရိုင်ဘာကို ယွမ်အနည်းငယ်ပိုပေးကာ ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်း၏ ဝင်ပေါက်အထိ လိုက်ပို့ပေးဖို့ တောင်းဆိုခဲ့ပါသည်။

ဒရိုင်ဘာကလည်း ဝမ်းသာအားရပင် လက်ခံခဲ့ပြီး သေသေချာချာထိုင်ကြဖို့ သတိပေးလိုက်သည်။

ထို့နောက်တွင် ထွန်စက်ကြီးမှာ အသံကျယ်လောင်စွာ မြည်ဟည်းလျက် လမ်းတလျှောက် ခုန်ပေါက်ကာ မောင်းနှင်သွားတော့သည်။

--- --- ---

တစ်ဖက်တွင် ယဲ့ချန်းရှန့်သည် ကျောင်းအုပ်ကြီးနှင့်အတူ ပေကျင်းမြို့သို့ ရောက်ရှိသွားခဲ့ပါပြီ။

မြို့ကြီး၏ ချမ်းသာဝပြောမှုသည် သူ့အတွက် အသစ်အဆန်းဖြစ်နေသလို စိတ်ထဲတွင်လည်း အံ့ဩတုန်လှုပ်များဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ချမ်းသာသော မိသားစုမှလာသည့် လီပေါ်ဝမ်ပင်လျှင် ဘေးပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်ရှုအကဲခတ်နေမိလေသည်။

“ဒါကပေကျင်းမြို့ကြီးပေါ့… ငါတို့ကောင်တီမြို့ထက် အများကြီး ပိုကြီးတာပဲ”

ကလေးနှစ်ယောက်ကို ပြိုင်ပွဲလေ့ကျင့်ရေးစခန်းသို့ ခေါ်လာစဉ် လမ်းတွင် ကျောင်းအုပ်ကြီး ယွီသဲ့ရွှေ့က ဆုံးမခဲ့သည်။

“မြို့တော်ကတော့ အကောင်းဆုံးပဲ၊ မင်းတို့တွေ စာကြိုးစားကြ၊ ဒါမှ ဒီလိုမြို့ကြီးပြကြီးမှာ အခြေချနိုင်ပြီး ဒီလို လှပတဲ့ရှုခင်းတွေကို အမြဲတမ်း ရှုစားခွင့်ရမှာ”

လီပေါ်ဝမ်နှင့် ယဲ့ချန်းရှန့်တို့နှစ်ယောက်စလုံး စကားမပြောခဲ့ကြပေ။

သို့သော် သူတို့၏ စိတ်ဓာတ်များမှာတော့ မည်သူ့ထက်မဆို ပြတ်သားခိုင်မာနေခဲ့ပါပြီ။

သူတို့ တောတောင်ဒေသများမှ ရအောင်ထွက်ခွာရမည်။

သူတို့ မြို့ကြီးပြကြီးတွင် နေထိုင်နိုင်ရပါမည်။

ပြိုင်ပွဲဝင် ကျောင်းသားများအတွက် လေ့ကျင့်ရေးစခန်းမှာ သီးခြား ဝင်းကျယ်ကြီးတစ်ခုအတွင်း တည်ရှိသည်။

လျှောက်လွှာအချက်အလက်များကို ပြသပြီးနောက် စခန်းမှ စီစဉ်ပေးထားသည့် အဆောင်များကို ရှာဖွေရပါသည်။

ဆရာဆရာမများတွင် သီးခြားအဆောင်ရှိကြပြီး ကျောင်းသားများမှာမူ နှစ်ထပ်ကုတင် ရှစ်ယောက်အိပ်အခန်းများတွင် တည်းခိုရသည်။

လေ့ကျင့်နေစဉ်ကာလအတွင်း ကျောင်းသားများကို အပြင်ထွက်ခွင့်မပြုဘဲ အနီးကပ် စီမံကြီးကြပ်သဖြင့် ပေကျင်းမြို့မှ ကျောင်းသားများပင်လျှင် အဆောင်တွင်သာ နေကြရပါသည်။

ယဲ့ချန်းရှန့်နှင့် လီပေါ်ဝမ်တို့မှာ စောစီးစွာ ရောက်ရှိလာကြသူများဖြစ်၍ မျက်နှာချင်းဆိုင် အောက်ကုတင်နှစ်လုံးကို ရွေးချယ်ခွင့်ရကြသည်။

ရှစ်ယောက်အိပ် အခန်းများဖြစ်ကြသော်လည်း ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်း၏ အဆောင်များထက် များစွာ ပိုသာလွန်ပါသည်။

အလွန်အဆင်ပြေပြီး သက်တောင့်သက်သာရှိလွန်းသဖြင့် ယဲ့ချန်းရှန့်မှာ နေရပင်ခက်လာခဲ့သည်။

သူတို့ပစ္စည်းများ နေရာချနေစဉ်မှာပင် အခန်းထဲသို့ အဆောင်ဖော်များ တစ်ယောက်ပြီးတစ်ယောက် ထပ်ဝင်လာခဲ့ပါသည်။

နိုင်ငံတော်၏ နေရာအနှံ့အပြားမှ ရောက်လာကြသူများဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် စိမ်းကားနေကြပြီး အချို့ဆိုလျှင် လူနားမလည်သော လေယူလေသိမ်းများဖြင့်ပင် စကားပြောတတ်ကြပါသည်။

ခရီးပန်းလာသဖြင့် အခန်းဖော်များမှာ နှုတ်ဆက်ရုံသာ နှုတ်ဆက်ခဲ့ကြပြီး အနားယူခဲ့ကြလေသည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်ပြီး သူတို့၏ အချက်အလက်များကို စာရင်းသွင်းဖို့နှင့် လေ့ကျင့်ရေးအတန်းတက်ရမည့် နေရာတို့ကို လာပြောလေသည်။

အတန်းများကို ယနေ့ညမှာပင် စတင်ပါလိမ့်မည်။

ပထမဆုံးအတန်းချိန်အတွင် ယဲ့ချန်းရှန့် စာသင်ခန်းထဲ ရောက်ရှိသွားသည့်အခါ စားပွဲများကို အဆင့်အလိုက် စီရီထားခြင်းဖြစ်ကာ တစ်ခန်းလုံးတွင် လူရာကျော်ဝင်ဆံ့မှန်း တွေ့ခဲ့ရပါသည်။

သူတို့သည် နောက်မကျသဖြင့် အလယ်တန်းမှ ထိုင်ခုံတစ်ခုံကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရခဲ့သည်။

ယဲ့ချန်းရှန့်သည် သူ့ထိုင်ခုံတွင်သူထိုင်ကာ စာအုပ်တစ်အုပ် လှန်ဖတ်နေလိုက်ပါသည်။

ထိုစဉ် သူ့နောက်တွင် ကောင်လေးနှစ်ယောက် လာထိုင်လေသည်။ တစ်ယောက်က အတော်ငယ်မည့်ပုံပေါက်ပါသည်။

သို့သော် ဤပြိုင်ပွဲတွင် အထက်တန်းကျောင်းသားမှန်သမျှ ဝင်ပြိုင်နိုင်သဖြင့် သူသည် ၁၀ တန်းကျောင်းသား ဖြစ်နိုင်ပေသည်။

ထိုကောင်လေးသည် ထိုင်ခုံတွင်ထိုင်ပြီးသည်နှင့်တစ်ပြိုင်နက် စတင်ညည်းညူလေတော့သည်။

“အစ်ကိုကျီယု၊ ကျွန်တော့်အစ်ကို ဦးနှောက်မှ ကောင်းသေးရဲ့လားမသိဘူး၊ အစ်မရှောင်ရှောင်လောက်ကောင်းတဲ့ မိန်းကလေးမျိုးကို စွန့်ပစ်ပြီး ရုပ်ဆိုးမတစ်ယောက်ကို သည်းသည်းလှုပ်နေတာ”

‌အစ်ကိုဖြစ်သူမှာ စာကြည့်ရင်း ဦးနှောက်ပျက်သွားခြင်းဖြစ်မည်ဟုပင် ရှုကျမ့်လီ ခံစားမိပါသည်။

သူ့လိုလူမျိုး ကျင့်ဟွာတက္ကသိုလ်တွင် တက်ရောက်နိုင်ခြင်းမှာ ရှုမိသားစု၏ ဘိုးဘေးများ ကောင်းချီးပေးနေခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။

ရှောက်ကျီယုသည် ရွှေရောင်ကိုင်းမျက်မှန်ကို တပ်ဆင်ထားပြီး စာအုပ်တစ်အုပ်ကို အသာအယာလှန်ကာ ကြည်လင်ပြတ်သားသော အသံဖြင့် ပြန်ပြောလိုက်သည်။

“မင်းပြောသလောက်လည်း မဆိုးပါဘူး၊ အရင်တစ်ခေါက် မိတ်ဆုံစားပွဲတုန်းက မင်းအစ်ကိုခေါ်လာတဲ့ ကောင်မလေးကို ငါတွေ့တယ်၊ သူတို့က အဲ့လောက်ရင်းနှီးတဲ့ပုံမပေါ်ပါဘူး”

ရှုကျမ့်လီက စားပွဲကို ထုရိုက်ကာ ဒေါကြီးမောကြီး ပြောလိုက်သည်။

“အဲ့မိန်းမကို သူ့စက်ဘီးနောက်မှာတောင် တင်ခေါ်သွားတာ၊ စာတွေလည်းရှင်းပြတယ်၊ မိတ်ဆုံစားပွဲတွေကိုတောင် ခေါ်သွားသေးတယ်၊ အဲ့တာကို ရင်းနှီးတာလို့ မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ”

“ပြီးတော့ ကျွန်တော့်အမေလည်း ဘာထူးလဲ၊ အဲ့ဒီမိန်းမကို တော်တော်သဘောကျနေတာ၊ အစ်မရှောင်ရှောင်ကို သူမေ့ပစ်လိုက်တာ ကြာပြီထင်တယ်”

ရှောက်ကျီယု၏ မျက်လုံးများ အရောင်လက်သွားသည်။

“ရှောင်ရှောင်အခုဘယ်မှာလဲဆိုတာ မင်းသိလို့လား”

📗 Chapter 50

ရှုကျမ့်လီက အခက်တွေ့သွားသော လေသံဖြင့် ပြန်ပြောသည်။

“ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ၊ ကျွန်တော်သာသိနေရင် အစ်မရှောင်ရှောင်ကို သွားရှာခဲ့တာ ကြာပြီပေါ့၊ ပြီးတော့ သွမ်လဲ့ဆိုတဲ့ကောင်ကလည်း နှုတ်လုံသလားမမေးနဲ့၊ အဲ့ကောင်ဆီက ဘာသတင်းမှ နှိုက်ထုတ်လို့မရဘူး”

ရှောက်ကျီယုက စာအုပ်ကို အောက်ချကာ တစ်စုံတစ်ခုကို မှတ်မိသွားဟန်ဖြင့် ဆိုလိုက်သည်။

“သိပ်မကြာသေးခင်တုန်းက ငါ့ဆီကနေ သွမ်လဲ့ လေ့လာစရာ စာအုပ်တွေ လာတောင်းသွားသေးတယ်”

ရှုကျမ့်လီက ပခုံးတွန့်ပြလိုက်သည်။

“သူ့ဖာသာသူ စာကြိုးစားချင်လို့လို့ပြောတာပဲ၊ ဒီကောင်ဘာဆေးတွေ မှားသောက်ထားလဲမသိပါဘူး”

ရှောက်ကျီယုက တိုးညှင်းစွာ ရယ်မောလိုက်သည်။

“ငါတော့ အဲ့ဒီစာအုပ်တွေက သူဖတ်ဖို့မဟုတ်လောက်ဘူးလို့ထင်တယ်”

ရှုကျမ့်လီ ခေါင်းမော့ကြည့်လာသည်။

“အဲ့တာ ဘာအဓိပ္ပာယ်လဲ၊ အဲ့ဒီစာအုပ်တွေကို အစ်မရှောင်ရှောင်ဆီ ပို့ပေးလိုက်တာလို့ ပြောချင်တာလား၊ အဲ့တာဆို သူချောပို့ထားတဲ့ ပြေစာတွေကို စစ်ကြည့်ရင် အစ်မရှောင်ရှောင်ဘယ်မှာရှိနေလဲ သိနိုင်မယ့်သဘောပေါ့”

ကျောက်ကျီယု: “ဒါပေမယ့် သွမ်လဲ့က ဒီလောက် နှုတ်လုံနေတာဆိုတော့ ရှောင်ရှောင်ကလည်း သူဘယ်မှာရှိနေလဲ လူတွေကို မသိစေချင်တဲ့သဘောပဲ၊ အဲ့တာကြောင့် မင်းလိုက်မရှာတာ ပိုကောင်းပါလိမ့်မယ်”

ထိုအကြောင်းပြချက်နှင့် ရှုကျမ့်လီ မကျေနပ်နိုင်ပေ။။

“ကျွန်တော်ဂရုမစိုက်ဘူးဗျာ၊ ဘယ်သူမှ လိုက်မရှာချင်ကြဘူးဆိုရင် ကျွန်တော့်ဖာသာ သွားရှာမယ်”

အတန်းထဲ ဆရာမဝင်လာခါမှ ထိုနှစ်ယောက်၏ စကားသံများ ရပ်တန့်သွားခဲံပါသည်။

လူရာနှင့်ချီပြီးရှိနေသော စာသင်ခန်းကြီးတစ်ခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

သို့သော် ယဲ့ချန်းရှန့်ကမူ အနည်းငယ် မျက်မှောင်ကြုတ်နေမိပါသည်။

သူ့နောက်က လူနှစ်ယောက်ပြောခဲ့သည့် စကားအားလုံးနီးပါးကို သူကြားခဲ့ရသည်။

‘ရှောင်ရှောင့်ကို သိတဲ့လူတွေနဲ့ တကယ်တိုက်တိုက်ဆိုင်ဆိုင်လာဆုံတာလား…’

ယဲ့ချန်းရှန့်သည် ထိုနှစ်ယောက်ကို လှည့်မကြည့်ခဲ့ပေ။ အတန်းဆင်းခါမှ ထိုနှစ်ယောက်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ပါသည်။

ထိုနှစ်ယောက်သည် အရပ်ရှည်ကြပြီး ဝတ်ကောင်းစားလှများလည်း ဝတ်ဆင်ထားကြသည်။

ထို့အပြင် စကားပြောသည့်အခါ မြို့တော်သံပေါက်သဖြင့် ပေကျင်းမြို့မှ ကျောင်းသားများ ဖြစ်နိုင်ပါသည်။

လီပေါ်ဝမ်က ယဲ့ချန်းရှန့်ကို လှမ်းခေါ်လိုက်သည်။

“သွားကြစို့၊ အဆောင်ပြန်ကြမယ်၊ ဆရာမရှင်းပြလိုက်တာတွေ မင်းနားလည်လား”

ယဲ့ချန်းရှန့် ခေါင်းညိတ်လိုက်သည်။

“နားလည်ပါတယ်”

အချို့ ပုစ္ဆာပုံစံများမှာ ယဲ့ရှောင်ရှောင်ပေးထားသည့် လေ့ကျင့်ခန်းပုံစံများထဲတွင် ပါဝင်ပြီးသားဖြစ်ရာ သူ့အတွက် ကြိုတင်လေ့လာထားပြီးသကဲ့သို့ ဖြစ်နေပါသည်။

လီပေါ်ဝမ်ကမူ တောင်တစ်လုံးပမာ ကြီးမားသည့် ဖိအားများစွာကို ခံစားလိုက်သည်။ သူနားမလည်သေးသည့် ပုစ္ဆာပုံစံများစွာ ရှိနေသေးသဖြင့် အဆောင်ပြန်ရောက်လျှင် စာအုပ်များကို လှန်ရပါဦးမည်။

ပြိုင်ပွဲလေ့ကျင့်ရေးကာလအတွင်း စခန်းမှ တစ်နေ့သုံးနပ်စာ ထမင်းလက်မှတ်များ ထုတ်ပေးထားသည်။ စခန်းအတွင်းရှိ အစားအသောက်များက ပိုင်ချွမ်အမှတ်(၁)အထက်တန်းကျောင်း၏ ကန်တင်းထက် အများကြီး ပိုစုံလင်လှပါသည်။

လူတိုင်းက အသားဟင်းတစ်ခွက်နှင့် အသီးအရွက်ဟင်းတစ်ခွက်ကို ရွေးချယ်လေ့ရှိကြပြီး အဓိကအစားအသောက်အဖြစ် ထမင်းသို့မဟုတ် ပေါက်စီကို ရွေးချယ်နိုင်ပါသည်။

ယဲ့ချန်းရှန့်နှင့် လီပေါ်ဝမ်တို့သည် ထမင်းဟင်းများကို နေ့လယ်စာဘူးများထဲ ထည့်ပြီးနောက် စာကြည့်ရင်း စားကြဖို့ အဆောင်သို့ ပြန်လာခဲ့ကြသည်။

အခြားကျောင်းသားများလည်း သူတို့နှင့် အကြံတူပါသည်။

အားလုံးက ကျန်ရှိနေသည့်အချိန်အတွင်း ပညာကို ရသလောက်ယူဖို့ ဆုံးဖြတ်ထားသည့်ပုံစံ၌င်။

--- --- ---

ယဲ့ရှောင်ရှောင်သည်လည်း ကျောင်းတွင် နေ့စဉ်နေ့တိုင်း စာကြိုးစားနေပါသည်။

ညရောက်သောအခါ အိမ်တွင် ယဲ့ချန်းယွမ်ကို စာပြန်ရှင်းပြရပြီး ပိတ်ရက်တွင် ဆေးဆိုင်သို့သွားကာ ဆေးပညာလည်း သင်ယူရပါသေးသည်။

ကျန်အချိန်များတွင် ဆေးစာအုပ်များဖတ်ရှုခြင်း၊ အပ်စိုက်ကုသခြင်းတို့ကို လေ့ကျင့်ဆောင်ရွက်လေ့ရှိသည်။

တစ်နေ့တွင် တိုင်းရင်းဆေးဆိုင်သို့ ယဲ့ရှောင်ရှောင် ရောက်လာသောအခါ ဝင်ပေါက်တွင် စောင့်ကြပ်နေသည့် တပ်သားတစ်ယောက်ကို မြင်လိုက်ရလေသည်။

သူမ စကားမပြောနိုင်ခင် ထိုတပ်သားက ဦးစွာ မေးမြန်းလိုက်ပါသည်။

“ရဲဘော် ဆေးလာဝယ်တာလား”

ယဲ့ရှောင်ရှောင်: “ကျွန်မက ဒီဆေးဆိုင်ကဆရာကြီးရဲ့ တပည့်ပါ”

တပ်သားက အလေးပြုလိုက်သည်။

“ကျေးဇူးပြုပြီး ဒီမှာခဏစောင့်ပေးပါ”

ထိုတပ်သားသည် ဆေးဆိုင်ထဲဝင်သွားခဲ့ပြီး ခဏအကြာတွင်ပြန်ထွက်လာကာ ယဲ့ရှောင်ရှောင်ကို ဝင်ခွင့်ပြုလိုက်လေသည်။

ယဲ့ရှောင်ရှောင်လည်း ဆိုင်ထဲသို့ဝင်လာခဲ့ရာ အထဲတွင် ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မမျှော်လင့်ဘဲ တွေ့လိုက်ရပါသည်။

သူမ ဖုန်းတစ်ကြိမ်မှ ခေါ်ဆို၍ မရခဲ့သည့် လုဟန်ချွမ်မှာ ဆေးဆိုင်ထဲတွင် မတ်တပ်ရပ်နေလေသည်။

“ရှင်ဒီမှာ ဘာလုပ်နေတာလဲ”

ယဲ့ရှောင်ရှောင်က မျက်စပစ်ကာ မေးလိုက်သည်။

လုဟန်ချွမ်: “အကြီးအကဲတစ်ယောက်ကို လိုက်ပို့တာပါ၊ ဒီကိုရောက်မှ ငါရင်းနှီးနေတဲ့ နေရာမှန်း မှတ်မိသွားတာ”

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင် မေးချင်နေသည့် မေးခွန်းကို မေးခွင့်ရခဲ့ပါပြီ။

“အရင်တစ်ခေါက်က ကျွန်မကို ဘာသဘောနဲ့ အဲ့ဒီပစ္စည်းတွေ ပို့ပေးလိုက်တာလဲ၊ အဲ့လောက်ငွေတွေအမျာကြီးကို ဂိတ်စောင့်အဘိုးနဲ့ ထားခဲ့တာ ပျောက်သွားမှာ မကြောက်ဘူးလား”

လုဟန်ချွမ် မျက်ခုံးပင့်သွားသည်။

“ငါ့ကိုရုတ်တရက်တွေ့လိုက်လို့ မင်းစိတ်လှုပ်ရှားသွားတယ်ထင်နေတာ၊ တခြားအကြောင်းကြောင့် ဖြစ်နေတာကိုး၊ ငါတို့နှစ်ယောက် သဘောတူညီမှုယူထားတယ်မဟုတ်ဘူးလား”

ယဲ့ရှောင်ရှောင် မျက်လုံးပြူးသွားသည်။

“ဘာကိုသဘောတူရမှာလဲ”

လုဟန်ချွမ်က သူမမျက်နှာကို သေချာအကဲခတ်ကာ ပြန်ဖြေလိုက်သည်။

“ငါတို့နှစ်ယောက် ချစ်သူတွေအဖြစ် ဟန်ဆောင်ဖို့ သဘောတူထားတယ်လေ၊ မင်းဒီမှာ ငတ်သေသွားရင် ငါတခြားချစ်သူ ဘယ်မှာသွားရှာရမလဲ’

ယဲ့ရှောင်ရှောင်: “…”

“ရှောင်ရှောင် ဒီကိုခဏလာခဲ့ဦး!”

နောက်ဖေးခြံထဲမှ စုန့်ကွမ်းကျင့်၏အသံ ထွက်ပေါ်လာသည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အား လက်သီးထောင်ပြလျက် သတိပေးလိုက်သည်။

“မဟုတ်တာတွေလျှောက်မပြောနဲ့နော်၊ ကျွန်မရှင့်ကို ထိုးမှာ”

ပေါက်ကရစကားများ လာပြောနေသည့် လုဟန်ချွမ်အာား ခြိမ်းခြောက်ပြီးနောက် ယဲ့ရှောင်ရှောင် ခြံနောက်ဖေးသို့ ဆင်းသွားတော့သည်။

လစ်ထွက်သွားသည့် ယဲ့ရှောင်ရှောင်၏ ကျောပြင်ကိုကြည့်ရင်း လုဟန်ချွမ်၏ နှုတ်ခမ်းထောင့်တွင် မသိမသာ ပြုံးယောင်သန်းသွားလေတော့သည်။

နောက်ဖေးဝင်းထဲသို့ ဆင်းလာသောအခါ ထိုင်ခုံများပေါ်တွင် ထိုင်နေသည့် အဘိုးအိုနှစ်ဦးကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။

တစ်ဦးမှာ စုန့်ကွမ်းကျင့်ဖြစ်ကာ နောက်တစ်ဦးမှာတော့ အပြာရောင်ကျုံးရှန်းတစ်ထည်ကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦးဖြစ်ပါသည်။

ထိုအဘိုးအိုသည် မျက်လုံးအားနည်းနေပုံပေါ်သော်လည်း အရှိန်အဝါကတော့ မသေးပေ။

စုန့်ကွမ်းကျင့်က ယဲ့ရှောင်ရှောင်ကို အနားသို့ခေါ်လိုက်ပြီး အဘိုးအိုအား ပြောလိုက်သည်။

“အဘိုးကျိုး၊ ကျုပ်ပြောပြီးပြီလေ၊ အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးကတည်းက ကျုပ်လက်တွေက အနုစိတ်ကျတဲ့ အပ်စိုက်ကုသမှုတွေကို မလုပ်နိုင်တော့ဘူး”

“ဒါပေမယ့် ခင်ဗျားက ကျုပ်ရဲ့ ကျေးဇူးရှင်ပါ၊ အဲ့တာကြောင့် ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် ကျုပ်ကိုယ်စား ကျုပ်တပည့်လေးကို အပ်စိုက်ကုသခိုင်းပြီး အတွင်းဆေးဝါးတွေနဲ့ တွဲဖက်ကုသကြည့်လို့ရတယ်”

ကျိုးကျစ်ရန်သည် ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်လိုက်သည်။

“အဘိုးစုန့်ရဲ့ တပည့်ဆိုတော့ ထက်မြက်ပြီးသားဖြစ်မှာပါ၊ ကျုပ်ရဲ့လက်ရှိအခြေအနေကလည်း ဘာမှ ကြောက်စရာ မရှိဘူးလေ”

စုန့်ကွမ်းကျင့်: “ကောင်းပြီ! ဒါဆို ကျုပ်အခုပဲ သွားပြင်ဆင်လိုက်တော့မယ်”

စုန့်ကွမ်းကျင့်သည် အိမ်ထဲမှ အထူးငွေအပ်တစ်စုံကို သွားယူလိုက်ပါသည်။

“ရှောင်ရှောင် ‘ဆောင်းဦးတောင်တန်း’အပ်စိုက်ကုသနည်းကို လေ့ကျင့်နေတာ အခြေအနေဘယ်လိုရှိလဲ”

ယဲ့ရှောင်ရှောင်: “ကျွမ်းကျင်လုနီးပါး ဖြစ်နေပါပြီ၊ ဒါပေမယ့် လက်တွေ့တော့ မစမ်းသပ်ဖူးသေးဘူး”

စုန့်ကွမ်းကျင့်: “ကျွမ်းကျင်သွားရင် ပြီးတာပဲ၊ မင်းဆီမှာ ပင်ကိုယ်အရည်အသွေး ရှိတာပဲ၊ ဘာမဆို သင်ရတာ မြန်ပါတယ်”

သို့သော် ယဲ့ရှောင်ရှောင် စိုးရိမ်မိဆဲပင်။

“ဆရာကြီး… ဒီအဘိုးကို စမ်းသပ်ခံအဖြစ်သုံးတာ သိပ်တော့မကောင်းဘူးထင်တယ်နော်”

စုန့်ကွမ်းကျင့်က နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။

“အစမ်းသပ်ခံဆိုတာ ဘာကိုပြောတာတုန်း၊ ငါတို့တွေက ယုံကြည်ချက်ရှိပြီးသားပဲလေ”

ယဲ့ရှောင်ရှောင်လည်း စုန့်ကွမ်းကျင့်ကို ဖျောင်းဖျ၍ မရတော့သဖြင့် သူ့ဆန္ဒအတိုင်း လူနာကို အပ်စိုက်ကုသပေးဖို့ ပြင်ဆင်ရတော့သည်။

ကျိုးကျစ်ရန်၏ ရောဂါမှာ မျက်လုံးနှင့် သက်ဆိုင်သည့်ရောဂါဖြစ်သည်။

အနောက်တိုင်းဆေးပညာတွင် ထိုရောဂါကို ကုသဖို့ နည်းလမ်းများရှိသော်လည်း အဘိုးအိုက အလွန်ခေါင်းမာနေပြီး သူ့ဦးနှောက်ကို ဓားဖြင့် ခွဲခွင့်မပေးနိုင်ဟု ဆိုနေပါသည်။

အဖွဲ့အစည်းကလည်း အဘိုးအိုကို အလွန်အလေးထားသဖြင့် သူ့ကျန်းမာရေးအတွက် စိုးရိမ်ကာ စုန့်ကွမ်းကျင့်ထံသို့ လာရောက် အကူအညီတောင်းခဲ့ရခြင်း ဖြစ်ပါသည်။

ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင့်၏ လမ်းညွှန်ပြသမှုအောက်တွင် ကျိုးကျစ်ရန်၏ ခန္ဓာကိုယ်ထဲသို့ အပ်များ စတင် ထိုးစိုက်ခဲ့သည်။

အပ်စိုက်ကုသနေစဉ်အတွင်း စုန့်ကွမ်းကျင့်မှာ အပ်စိုက်ရမည့်နေရာများမှအပ အခြားဘာစကားမှ မပြောခဲ့ပါ။

သို့သော် ယဲ့ရှောင်ရှောင် အပ်တစ်ချောင်း စိုက်လိုက်သည့်အချိန်တိုင်း စုန့်ကွမ်းကျင့်၏ အကြည့်မှာ ပိုပိုပြီး နူးညံ့လာခဲ့ပါသည်။

အပ်စိုက်ဖို့လိုအပ်သည့်နေရာအားလုံးတွင် အပ်စိုက်ပြီးခါမှ ယဲ့ရှောင်ရှောင် အနားယူနိုင်တော့သည်။

ကျိုးကျစ်ရန်မှာ သူ့ခန္ဓာကိုယ်အတွင်းသို့ အပ်များ အနက်အမျိုးမျိုးဖြင့် ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူ၏ နားထင်တစ်ဝိုက်တွင်လည်း ခပ်နွေးနွေးဖြစ်လာသည်ကို ခံစားမိပါသည်။

“ဒီရဲဘော်လေးရဲ့ ပညာက မသေးပါလား၊ ဆေးရုံကြီးတစ်ခုမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလား”

ဘေးတွင်ရပ်ကြည့်နေသည့် လုဟန်ချွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အဘိုးကျိုးသည် အလွန်ဖြောင့်မတ်မှန်ကန်သည့် အရာရှိတစ်ဦးဖြစ်ကာ သူ့မြေးအရင်းအတွက်ပင် ရာထူးနေရာတစ်ခု စီစဉ်ပေးဖို့ စိတ်ကူးမရှိခဲ့ပါ။

ယခုတွင်မူ ဆုံဖူးသည်မှာ မကြာသေးသည့် မိန်းကလေးတစ်ယောက်အား အခွင့်အလမ်းတစ်ခု ကမ်းလှမ်းနေလေသည်။

စုန့်ကွမ်းကျင့်က အနည်းငယ် စိုးရိမ်သွားပါသည်။

“ခင်ဗျားကို ဆေးကုသပေးနေတာ ကျုပ်နော်၊ ကျုပ်တပည့်ကို လာလုဖို့ ကြိုးစားနေတာလား၊ ပြီးတော့ ကျုပ်တပည့်က ငယ်သေးတယ်၊ နှစ်နည်းနည်းလောက် ပညာထပ်သင်ယူရဦးမယ်”

ကျိုးကျစ်ရန်က တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“ဟုတ်ပါတယ်၊ ခင်ဗျားလိုဆရာတစ်ယောက်ရှိနေမှတော့ ကလေးရဲ့အနာဂတ်ကို စိတ်ပူစရာ လိုပါဦးမလား”

ယဲ့ရှောင်ရှောင် ကျောင်းတက်နေသည့်ကာလဖြစ်၍ နောက်ရက်များတွင် အဘိုးကျိုး၏ လူများက ယဲ့ရှောင်ရှောင်ကို မွန်းလွဲပိုင်းတွင် ကျောင်းသွားကြိုပြီး အဘိုးကျိုးအား အပ်စိုက်ကုသစေကာ ညနေခင်းတွင် ပြန်ပို့ပေးရမည်ဟု စုန့်ကွမ်းကျင့် ဆုံးဖြတ်ခဲ့ပါသည်။

လုဟန်ချွမ်သည် ထိုတာဝန်ကို ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံခဲ့ပါသည်။

ထိုနေ့ညနေခင်းက ကျောင်းသို့အပြန်လမ်းတွင် လုဟန်ချွမ် မေးခဲ့သည်။

“ဟိုတစ်ခေါက်ကကောင် မင်းကို လိုက်နှောင့်ယှက်နေသေးလား”

ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။

“မနှောင့်ယှက်တော့ပါဘူး”

လီသဲ့ရှုကို သူမ မတွေ့ရသည်မှာ အတော်ကြာနေပါပြီ။ ထိုဖြစ်ရပ်၏ နောက်ဆက်တွဲသတင်းများကိုလည်း မကြားမိပေ။

လုဟန်ချွမ်: “တော်သေးတာပေါ့”

All Chapters