အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
📗 Chapter 43
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်မဘက်က တောင်းဆိုစရာ အခြေအနေရပ်တွေတော့ ရှိတယ်”
လုဟန်ချွမ် စိတ်ရွှင်နေပါသည်။
“ပြောလေ”
“ကျွန်မတို့ရဲ့ သဘောတူညီမှုက ကျွန်မပေကျင်းမြို့ကို ရောက်တဲ့အချိန်မှ အကျုံးဝင်မှာ၊ လောလောဆယ်တော့ ကျွန်မ မိသားစုကို ဘာမှမပြောနဲ့ဦး”
သူမ ထိုသို့ပြောလိုက်ပြီးနောက် လုဟန်ချွမ် ယခင်ကလောက် သိပ်မပျော်တော့သည်ကို ယဲ့ရှောင်ရှောင် သတိထားမိလိုက်ပါသည်။
ထို့ကြောင့် သူကန့်ကွက်လိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်ထားခဲ့သော်လည်း နောက်ဆုံးတွင် လုဟန်ချွမ်မှာ ခေါင်းသာ ညိတ်ပြလိုက်သည်။
“ကောင်းပြီ”
သူတို့နှစ်ဦးကြားမှ စကားဝိုင်းမှာ အဆင်ပြေချောမွေ့စွာ အဆုံးသတ်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို နှုတ်ဆက်ကာ မြောင်ဖုန့်ရှန်း၏ အိမ်သို့ ပြန်လာခဲ့ပါသည်။
အိမ်တွင် လူတစ်စုက သူမကို စောင့်မျှော်နေကြသည်။
အိမ်သို့ပြန်ရောက်သည်နှင့် လီမိသားစုပြဿနာကို သူမ မည်သို့ ဖြေရှင်းခဲ့ကြောင်း အားလုံးဝိုင်းဝန်း မေးမြန်းခဲ့ကြပါသည်။
“သမီးတို့အိမ်မှာ အရင်က လာတည်းသွားတဲ့ စစ်အရာရှိလေ၊ သူနဲ့ တွေ့တာနဲ့ သမီး အကူအညီတောင်းလိုက်တာပါ”
မြောင်စွေ့ဖန်းကဆိုသည်။
“တိုက်ဆိုင်လိုက်တာနော်၊ သူ့ကို အိမ်လာဖို့ ဖိတ်လိုက်ပါလား၊ အမေတို့ သေသေချာချာလေး ကျေးဇူးတင်သင့်တာပေါ့”
ယဲ့ရှောင်ရှောင်: “သူ့… သူ့မှာ တာဝန်တွေရှိသေးလို့ မအားသေးဘူး အမေ”
ယဲ့ကျန်းကော်: “ဟုတ်တာပေါ့၊ သူများအလုပ်ကို ငါတို့နှောင့်ယှက်လို့ ဘယ်ဖြစ်ပါ့မလဲ၊ အခွင့်အရေးရမှပဲ ကျေးဇူးတင်ကြတာပေါ့”
ယဲ့ချန်းယွမ်က မေးသည်။
“ဦးလေးနဲ့ ဒေါ်လေးတို့၊ ချန်းရှန့်ကို လီသဲ့ရှု အကွက်ချကြံစည်တဲ့ကိစ္စကို ဒီတိုင်း လွှတ်ပေးလိုက်တော့မှာလား”
ယဲ့ကျန်းကော်: “လွှတ်ပေးစရာလားကွ၊ ဒီကောင်က သိပ်အနာခံချင်နေတယ်ဆိုမှတော့ ဒီတစ်ခါ ယဲ့မိသားစုရဲ့ လက်သီးစာကို ကောင်းကောင်းကြီး ခံစားသွားစေရမယ်”
ယဲ့ကျန်းကော်သည် တစ်စုံတစ်ယောက်ကို မထိုးကြိတ်ရသည်မှာ အတော်ကြာခဲ့ပါပြီ။
ယခုတော့ လီသဲ့ရှု၏ အရှက်မဲ့သည့်လုပ်ရပ်က သူ့ဒေါသကို အောင်အောင်မြင်မြင် ဆွပေးနိုင်ခဲ့လေသည်။
ယဲ့ချန်းချင့်ကလည်း အင်္ကျီလက်များ မ,တင်ကာ အသင့်ပြင်လိုက်သည်။
“ကျွန်တော်သွားလိုက်မယ်အဖေ”
ယဲ့ကျန်းကော်က လက်ကာပြကာ တားလိုက်သည်။
“အတူတူသွားကြမယ်၊ သတိထားကြဦး၊ ဘယ်သူမှ မသိစေနဲ့”
--- --- ---
တစ်ဖက်တွင်မူ လီသဲ့ရှုသည် ယဲ့ချန်းရှန့်ကို ရဲစခန်းမှ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းကို လုံးဝ မသိသေးပေ။
သူသည် အိမ်တွင်ရှိနေသော်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေပါသည်။
ယဲ့ရှောင်ရှောင် လာတောင်းပန်မည့်အချိန်ကို သူစောင့်မျှော်နေခဲ့သည်။
ထိုကောင်မလေး၏ သနားစဖွယ် မျက်နှာလေးကို မြင်ယောင်ကြည့်ရင်း သူစိတ်လှုပ်ရှားနေမိပါပြီ။
သို့သော် စောင့်ရင်းစောင့်ရင်းနှင့် အချိန်တွေကြာလာသည့်တိုင်အောင် ယဲ့ရှောင်ရှောင် ပေါ်မလာသေးပါ။
ထို့ကြောင့် လီသဲ့ရှုမှာ စိတ်မရှည်လက်မရှည်ဖြစ်လာခဲ့ရသည်။
သူ့ခေါင်းပေါ်မှ ဒဏ်ရာကလည်း သိပ်မပြင်းထန်ပေ။ ထို့ကြောင့် အနွေးထည်ကို ကောက်ဝတ်ပြီး ပိုင်ချွမ်ရွာထဲရှိ သူ့အိမ် ခြံတံခါးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့ပါသည်။
မှောင်ရီပျိုးလာသည့်တိုင်အောင် သူ့အိမ်သို့ မည်သူမှ ရောက်မလာသဖြင့် လီသဲ့ရှုတစ်ယောက် အလွန်ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
“မဖြစ်နိုင်တာ… ယဲ့မိသားစုက ယဲ့ချန်းရှန့်ကို စွန့်ပစ်လိုက်ကြပြီလား”
လီသဲ့ရှုမှာ အခြေအနေကို နားမလည်နိုင်တော့ဘဲ အိမ်နှင့် ဝေးသည်ထက် ဝေးအောင် လမ်းလျှောက်သွားမိပါသည်။
တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်မှာ အလွန်မှောင်မိုက်လာပြီး ရှေ့ကလမ်းကိုပင် မမြင်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
ထိုစဉ် ကောင်းကင်ပေါ်မှ အဝတ်နက်ကြီးတစ်ခု ရုတ်တရက် ပြုတ်ကျလာပြီး လီသဲ့ရှု၏ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားလေသည်။
ထို့နောက် အရပ်မျက်နှာပေါင်းစုံမှ လက်သီးချက်နှင့် ကန်ချက်များစွာ သူ့အပေါ်သို့ ကျရောက်လာလေတော့သည်။
“အု… အု… အု…”
အပြင်ဘက်မှ လူများသည် အလျင်အမြန်ရောက်ရှိလာပြီး အလျင်အမြန်ပင် ပြန်ပျောက်ကွယ်သွားကြသည်။
အသံများလုံးဝတိတ်ဆိတ်သွားချိန်တွင် လီသဲ့ရှုတစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်ကာ မတ်တပ်ပင် မရပ်နိုင်တော့ချေ။
“ဘယ်သူလဲ… ဘယ်သူလုပ်တာလဲကွ!”
လမ်းမပေါ်တွင် ခြေရာတစ်ခုပင် ထင်ကျန်မနေခဲ့ပေ။
ယခုတစ်ကြိမ်တွင်တော့ လီသဲ့ရှုတစ်ယောက် ခါးသီးမှုကို တစ်ကိုယ်တည်း တိတ်တဆိတ် မျိုသိပ်လိုက်ရတော့သည်။
--- --- ---
အားလပ်ရက်များပြီးဆုံးသောအခါ ယဲ့ရှောင်ရှောင်သည် ကျောင်းသို့ ပြန်လာခဲ့ပါသည်။
စာမေးပွဲရလဒ်များလည်း ထွက်လာခဲ့ပြီဖြစ်သည်။
အံ့အားသင့်ဖို့ကောင်းသည်မှာ ယခုတစ်ကြိမ်တွင် တစ်ကျောင်းလုံး၌ အဆင့်တစ်ရရှိသူသည် ပိုင်ချွမ်အထက်တန်းကျောင်း၏ အဆိုးရွားဆုံးအတန်းဖြစ်သော အတန်း(၉)မှ ဖြစ်နေခြင်းပင်။
“ယဲ့ရှောင်ရှောင် အပြင်ခဏထွက်ခဲ့ဦး”
အတန်းပိုင်ဆရာမ ကျန်းရှားက အခန်းတံခါးဝတွင်ရပ်ကာ ယဲ့ရှောင်ရှောင်ကို လှမ်းခေါ်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်လည်း အပြင်ထွက်လာခဲ့သည်။
ကျန်းရှားက တိုးတိုးလေး သတိပေးလိုက်သည်။
“သမီးရဲ့အဆင့်ကို တစ်ကျောင်းလုံးက သံသယဖြစ်နေကြတယ်၊ ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်ရင် စကားကို ဆင်ဆင်ခြင်ခြင်ပြောနော်”
သူမ၏ ရလဒ်များကို ကျောင်းက သံသယဝင်လိမ့်မည်ဟု ယဲ့ရှောင်ရှောင် မျှော်လင့်ထားပြီးသားပင်။
ထို့ကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ သူမ မဆိုင်းမတွ လိုက်သွားခဲ့ပါသည်။
ကျောင်းအုပ်ရုံးခန်းရှေ့သို့ ရောက်သည်နှင့် အထဲမှ စူးစူးဝါးဝါးအော်သံတစ်ခုကို ကြားလိုက်ရသည်။
“ဆရာကြီး! ကျွန်မတို့ ကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်မှ ဖြစ်တော့မယ်! ကျောင်းသားတစ်ယောက်က သာမန် စာခိုးချရုံတင် မဟုတ်ဘူး၊ အဆင့်တစ်ထိရောက်အောင် ရဲရဲတင်းတင်း ခိုးချခဲ့တာ လက်ခံသင့်တဲ့ လုပ်ရပ်လား!”
ကျောင်းအုပ်ကြီးက သူမကို အမြန်နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။
“ဆရာမချမ့်၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး၊ အဲ့ဒီကျောင်းသူက စာခိုးချတာ မဟုတ်တာလည်း ဖြစ်နိုင်တာပဲလေ”
ချမ့်ဖန်ဖန်၏ အသံမှာ ပို၍ပင် ကျယ်လောင်လာသည်။
“ဟာသပဲ! အတန်း(၉)က အမှိုက်သရိုက်ကျောင်းသားတွေက တစ်ကျောင်းလုံးမှာ အဆင့်တစ်ရနိုင်မှာတဲ့လား၊ အဲ့တာဆို ကျွန်မရဲ့ အတန်း(၁)က ထိပ်တန်းကျောင်းသားတွေကို ဘယ်နားသွားထားရတော့မလဲ ဆရာကြီး!”
ထိုစကားကိုကြားပြီး အခန်းတံခါးဝသို့ရောက်လာသည့် ကျန်းရှားက ပြောလိုက်သည်။
“ဆရာမချမ့်၊ ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေကို အဲ့လို မစော်ကားသင့်ဘူး”
ကျန်းရှားဝင်လာသည်ကို မြင်သော်လည်း ချမ့်ဖန်ဖန်က မကြောက်ရွံ့ပါ။
“အဲ့လိုအကျင့်စာရိတ္တပျက်ပြားနေတဲ့ ကျောင်းသူတစ်ယောက်ကို ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းရဲ့ ကျောင်းသားအဖြစ် ကျွန်မအသိအမှတ်မပြုနိုင်ဘူး”
ယဲ့ရှောင်ရှောင်: “စာခိုးချတာတွေ၊ အကျင့်စာရိတ္တပျက်ပြားတာတွေဆိုတာ ဆရာမ ဘယ်သူ့ကို ပြောတာလဲ၊ ဆရာမမှာ သက်သေရှိလို့လား”
ချမ့်ဖန်ဖန်သည် ယခင်က ကျောင်းတွင် သူတစ်ပါးကို အလွန်အနိုင်ကျင့်တတ်သူဖြစ်သည်။
ယဲ့ရှောင်ရှောင်ကို မြင်သောအခါ လီပေါ်ဝမ်ကို ကျော်လွန်ပြီး အဆင့်တစ်ရရှိသွားသည့် ကျောင်းသူဖြစ်မည်ဟု သူမ ခန့်မှန်းမိလိုက်သည်။
“ဘာသက်သေလိုသေးလို့လဲ၊ နင်က တခြားနေရာကပြောင်းလာတဲ့ ကျောင်းသူသစ်၊ ပြီးတော့ အတန်း(၉)က ကျောင်းသူတစ်ယောက်ပဲ၊ အခြေအနေက ဒီလောက်ရှင်းလင်းနေတာကို”
ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်သွားသည်။
“အဖြေစာရွက်ပေါ်မှာ သမီးအရည်အချင်းနဲ့သမီး ကိုယ်တိုင်ရေးသားခဲ့တာ၊ ဘာမှ မခိုးချခဲ့ဘူး”
ချမ့်ဖန်ဖန်က အထင်အမြင်သေးသော အကြည့်ဖြင့် ဆိုသည်။
“ဟုတ်လား၊ အဖြေတွေအကုန်လုံးက ကွက်တိမှန်နေတာပဲနော်၊ နင်ခိုးချတာမဟုတ်ရင် စာမေးပွဲမေးခွန်းတွေကို တစ်ယောက်ယောက်ဆီက ကြိုရထားလို့ပဲဖြစ်မှာ!”
ကျန်းရှားက မခံချင်စိတ်ဖြင့် ဝင်ပြောလိုက်သည်။
“ဆရာမချမ့်ရဲ့ စကားက ဘာအဓိပ္ပာယ်လဲ၊ ကျောင်းသူတစ်ယောက်ကို ကျွန်မက မေးခွန်းတွေ ကြိုထုတ်ပေးထားတယ်လို့ သံသယဝင်နေတာလား”
ချမ့်ဖန်ဖန်က လက်ပိုက်ကာ ကျန်းရှားကို လှည့်ကြည့်လိုက်သည်။
“အဲ့တာ ရှင့်ကိုယ်ရှင်စွပ်စွဲတာနော် ဆရာမကျန်း၊ ကျွန်မက အဲ့လိုသဘောမျိုး ပြောတာမဟုတ်ဘူး”
သူတို့ စကားဆက်မများရစေဖို့ ကျောင်းအုပ်ကြီးက ဝင်တားလိုက်ပါသည်။
“တော်ကြတော့! မင်းတို့ လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ကြဘူးလား၊ အခြေအမြစ်ရှိတာတွေနဲ့ ငြင်းခုံနေကြတာ၊ သူများတွေကို ဘယ်လိုပညာတွေ ပြန်သင်ပေးကြမှာလဲ”
ယဲ့ရှောင်ရှောင်က ရှေ့သို့တိုးလာကာ ပြောလိုက်သည်။
“ဆရာကြီး၊ သမီးကို စာမေးပွဲ နောက်တစ်ကြိမ် ထပ်စစ်ဖို့ တောင်းဆိုပါတယ်၊ မေးခွန်းတွေကို လက်တန်းထုတ်ခိုင်းလိုက်ပါ၊ အဲ့တာတောင်မှ သမီးအဆင့်ကောင်းကောင်း ရနိုင်သေးတယ်ဆိုရင် ကျောင်းမှာရှိတဲ့ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေအားလုံးရှေ့မှာ သမီးနဲ့ ဆရာမကျန်းတို့ကို ဆရာမချမ့် တောင်းပန်ပေးရပါလိမ့်မယ်”
ချမ့်ဖန်ဖန်သည် ဤပွဲတွင် သူမရှုံးနိမ့်မည်ဟု လုံးဝ မထင်မိပေ။
“ကောင်းပြီလေ! ဒါပေမယ့် တစ်ယောက်တည်း စာမေးပွဲဖြေလို့ နင့်အရည်အချင်းအစစ်အမှန်ကို သိရမှာ မဟုတ်ဘူး၊ ငါ့အတန်းက လီပေါ်ဝမ်ကိုလည်း ဖြေခိုင်းမယ်၊ ပြီးတော့ နင့်အမှတ်က လီပေါ်ဝမ်ထက် ပိုမများဘူးဆိုရင် တစ်ကျောင်းလုံးရှေ့မှာ အပြစ်ပေးဆုံးမပြီး ကျောင်းလည်းထုတ်ပစ်ရမယ်!”
တစ်စုံတစ်ခု မူမမှန်သည်ကို ကျန်းရှား သတိထားမိသွားသည်။
“ဆရာမချမ့် တောင်းဆိုတာတွေက နည်းနည်း တရားလွန်နေတယ်မထင်ဘူးလား၊ လီပေါ်ဝမ်က ထိပ်တန်းကျောင်းသား တစ်ယောက်ပဲ၊ သူ့အမှတ်ကို ကျော်ဖို့ဆိုတာ မလွယ်ဘူး”
ချမ့်ဖန်ဖန်က စူးရှစွာ ပြန်ချေပသည်။
“ဘာလဲ… ဆရာမကျန်းက ကိုယ့်ကျောင်းသူကိုယ် ယုံကြည်မှုမရှိလို့လား၊ ဒီကျောင်းပြောင်းကျောင်းသူရဲ့ အခုတစ်ခေါက် အမှတ်တွေသာ အစစ်အမှန်ဆိုရင် ဘာကြောက်စရာလိုသေးလို့လဲ”
ကျန်းရှား: “ရှင်ကစကားကို ကတ်သပ်ပြောနေတာပဲ!”
စာမေးပွဲရလဒ်ဟူသည်မှာ တသတ်မတ်တည်း မရှိဘဲ အတက်အကျရှိတတ်ပါသည်။
ယခုတစ်ခေါက်တွင် ယဲ့ရှောင်ရှောင်ဖြေနိုင်သည်ဆိုရုံနှင့် အကြိမ်တိုင်းဖြေနိုင်လိမ့်မည်ဟု မဆိုလိုပေ။
သို့သော် ယဲ့ရှောင်ရှောင်ကမူ ယုံကြည်မှုအပြည့်ဖြင့် သဘောတူလိုက်လေသည်။
“သမီးလက်ခံတယ်၊ ဒါပေမယ့် သမီးဘက်က တောင်းဆိုထားတာကိုလည်း မမေ့ပါနဲ့ ဆရာမချမ့်”
ချမ့်ဖန်ဖန် ပြုံးလိုက်ပါသည်။
“ငါက ဘာကြောက်စရာလိုလို့လဲ၊ နင်အဆင့်တစ် ထပ်ရနိုင်သေးတယ်ဆိုရင် အသံချဲ့စက်တွေပါယူပြီး တစ်ကျောင်းလုံးရှေ့မှာ နင့်ကိုတောင်းပန်ပေးမယ်!”
ယဲ့ရှောင်ရှောင်: “ဟုတ်ပြီ၊ သဘောတူတယ်”
ထို့နောက် အထက်တန်း နောက်ဆုံးနှစ် ဆရာဆရာမများ စုဝေးကာ မေးခွန်းများ စတင်ထုတ်ကြသည်။
ချမ့်ဖန်ဖန်နှင့် ယဲ့ရှောင်ရှောင်တို့အကြားမှ ပြဿနာကို တစ်ကျောင်းလုံး သိရှိသွားကြပါပြီ။ ချမ့်ဖန်ဖန်သည် အဆက်အသွယ်ကြောင့် ဆရာမအလုပ်ကို ရရှိခဲ့သူဖြစ်ရာ ကျောင်းတွင် နာမည်ဆိုးနှင့် ကျော်ကြားသည်။
ကျန်ဆရာဆရာမများသည်လည်း ဤဇာတ်လမ်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
“ဆရာမချမ့်ကတော့ လွန်လွန်းပါတယ်၊ ကျောင်းသူတစ်ယောက်ကို အနိုင်ကျင့်ပြန်ပြီထင်တယ်၊ လီပေါ်ဝမ်က အတော်ဆုံးကျောင်းသား မဟုတ်တော့ရင် သူဘောနပ်စ်မရတော့မှာကို စိတ်ပူနေတာမလား၊ ငါတို့ အဲ့ဒီကျောင်းသူကို ကူညီဖို့ မေးခွန်းကို ပိုလွယ်အောင်လုပ်ပေးလိုက်ရမလား”
“မဟုတ်တာ၊ အတန်း(၁)က လီပေါ်ဝမ်လည်း စာမေးပွဲဖြေမှာပဲ၊ မေးခွန်းတွေက အရမ်းလွယ်လွန်းနေရင် ဘာထူးတော့မှာလဲ”
“ဟုတ်သားပဲ… အဲ့တာဆို ပိုခက်အောင် ထုတ်ပေးလိုက်ကြရအောင်”
မေးခွန်းလွှာအသစ်များကို ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ကျောင်းအုပ်ကြီးက လီပေါ်ဝမ်ကို ဆင့်ခေါ်ခဲ့ပါသည်။
“လီပေါ်ဝမ်၊ ဆရာဆရာမတွေအားလုံး တိုင်ပင်ထားပြီးပြီ၊ ဒီတစ်ခေါက် စာမေးပွဲထပ်ဖြေလို့ မင်းအမှတ်က ကျောင်းသူ ယဲ့ရှောင်ရှောင်ထက် သာနေမယ်ဆိုရင် ကျောင်းက ရလဒ်တွေကို ပြန်ပြင်ပေးမယ်၊ မင်းလည်း အဆင့်တစ်ဆိုတဲ့နေရာမှာ ဆက်နေနိုင်လိမ့်မယ်”
📗 Chapter 44
လီပေါ်ဝမ်: “ကျွန်တော့်အတွက် အဲ့လိုလုပ်ပေးဖို့ မလိုပါဘူး ဆရာကြီး”
ကျောင်းအုပ်ကြီးက မျက်မှောင်ကြုတ်သည်။
“လီပေါ်ဝမ်၊ မင်းသေသေချာချာစဉ်းစားဦးနော်၊ အထူးအခွင့်အရေးနဲ့ တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် မင်းရဲ့ စာမေးပွဲ ရလဒ်တွေက အရမ်းအရေးပါတယ်”
လီပေါ်ဝမ်: “စာမေးပွဲတိုင်းရဲ့ ရလဒ်ကို ကျွန်တော် အသိအမှတ်ပြုပါတယ်”
ကျောင်းအုပ်ကြီးလည်း သက်ပြင်းသာချမိသည်။
“စာမေးပွဲပြန်စစ်တာက အတန်းပိုင်ဆရာမတွေ တိုင်ပင်ပြီး ဆုံးဖြတ်ထားတာပါ၊ မေးခွန်းတွေ ဖြေစရာရှိတာသာ အရင်ဖြေလိုက်”
လီပေါ်ဝမ်သည် ကျောင်းအုပ်ကြီး၏ ရုံးခန်းတွင် စာမေးပွဲ ဖြေဆိုခဲ့ရပြီး ယဲ့ရှောင်ရှောင်ကမူ ဘေးအခန်းထဲတွင် ဖြေဆိုရပါသည်။
သူတို့နှစ်ဦး သီးခြားစီ ဖြေဆိုပြီးနောက် ဆရာဆရာမများက ချက်ချင်း အမှတ်စစ်ခဲ့ကြပါသည်။
ကျောင်းသားနှစ်ဦး၏ အတန်းပိုင်ဆရာမများဖြစ်ကြသည့် ကျန်းရှားနှင့် ချမ့်ဖန်ဖန်တို့ကမူ အမှတ်စစ်သည့်အဖွဲ့တွင် ပါဝင်ခွင့်မရှိပေ။
ယခုတစ်ကြိမ်တွင် သင်္ချာနှင့် တရုတ်ဘာသာတို့ကိုသသာ စစ်ဆေးခဲ့ပါသည်။ အဖြေစာရွက်များကို ရရှိလိုက်သည်နှင့် ဆရာဆရာမများက စတင်စစ်ဆေးခဲ့ကြသည်။
“ဒီကလေးရဲ့ လက်ရေးက တော်တော်လှတာပဲ”
ယဲ့ရှောင်ရှောင်၏ လက်ရေးလက်သားမှာ အလွန် ထင်ရှား သပ်ရပ်လှသဖြင့် အမှတ်ပိုရရန် အထောက်အကူ ဖြစ်သွားခဲ့ပါသည်။
အဖြေကဏ္ဍများတွင် ပြည့်စုံစွာရေးထားသာားသည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ဆရာဆရာများက အခြေအနေကို ချက်ချင်း နားလည်သွားခဲ့ကြသည်။
“ဆရာကြီး၊ ကျောင်းသူ ယဲ့ရှောင်ရှောင်က သင်္ချာမှာ အမှတ်အပြည့်ရပါတယ်”
အမှတ်စစ်သည့် ဆရာမသည် အဖြေလွှာကို ကျောင်းအုပ်ကြီးထံ ချက်ချင်း ယူဆောင်လာပေးပါသည်။
ချမ့်ဖန်ဖန်၏ အထင်အမြင်သေးသော မျက်နှာထားမှာ ချက်ချင်းပင် အံ့ဩတုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
“မ…မဖြစ်နိုင်ဘူး…!”
ချမ့်ဖန်ဖန်သည် အဖြေလွှာကို လုယူဖို့ ကြိုးစားသော်လည်း ကျောင်းအုပ်ကြီးက ဦးအောင် ဆွဲယူလိုက်ပါသည်။
“ဆရာမချမ့်၊ ဆရာမတစ်ယောက်အနေနဲ့ ဣန္ဒြေလေးဘာလေး ထိန်းသင့်ပါတယ်”
ကျောင်းအုပ်ကြီးသည် အဖြေလွှာကို အစမှအဆုံး ဖတ်ရှုစစ်ဆေးကာ နှုတ်မှလည်း ချီးကျူးလိုက်မိပါသည်။
“တော်တယ်၊ သိပ်တော်တယ်”
“ကျောင်းသားလီပေါ်ဝမ်ရဲ့ အဖြေလွှာကိုလည်း အမှတ်စစ်ပြီးပါပြီ၊ ပုစ္ဆာနှစ်ပုဒ်အတွက် တွက်ချက်ပုံအဆင့်တွေက သိပ်မရှင်းလင်းလို့ ၄ မှတ်နုတ်လိုက်ရပါတယ်”
ချမ့်ဖန်ဖန်: “မဖြစ်နိုင်တာ!”
အမှတ်စစ်သည့်ဆရာမက အေးစက်စွာလှည့်ပြောလိုက်သည်။
“ဆရာမချမ့် သံသယရှိရင် ကိုယ်တိုင် စစ်ကြည့်လိုက်ပါ၊ ဒါပေမယ့် စာရွက်ကို ဆုတ်မဖြဲမိအောင် သတိထားဦး”
ချမ့်ဖန်ဖန်သည် လီပေါ်ဝမ်၏ အဖြလွှာကို ယူလိုက်ပြီး အသေးစိတ်စစ်ဆေးကြည့်လိုက်ရာ အမှတ်လျှော့စရာများ အမှန်တကယ် ရှိနေသည်ကို မြင်လိုက်ရသည်။
ကျောင်းအုပ်ကြီးလည်း ယဲ့ရှောင်ရှောင်၏ အဖြေလွှာကို စစ်ဆေးပြီးပြီဖြစ်ကာ ကန့်ကွက်စရာမရှိခဲ့ပေ။
“ဆရာမချမ့်၊ ဒီအဖြေလွှာကို စစ်ကြည့်ဦးမလား”
ချမ့်ဖန်ဖန်: “မလိုဘူး… တရုတ်ဘာသာ အမှတ်တွေကျန်သေးတယ်”
သို့သော်လည်း သူမရင်ထဲတွင် ခံစားချက်မကောင်းတော့ပေ။
လီပေါ်ဝမ်က သိပ္ပံဘာသာတွင် ထူးချွန်သူဖြစ်ရာ တရုတ်ဘာသာတွင် အမှားအယွင်းသိပ်မရှိစေဖို့သာ မျှော်လင့်ရပါသည်။
တရုတ်ဘာသာ မေးခွန်းများက အလွန်လွယ်ကူသည်ဟု ယဲ့ရှောင်ရှောင် ခံစားမိသည်။
လက်ရှိခေတ်၏ အကြောင်းအရာများ မပါဝင်သရွေ့ သူမစာစီစာကုံး ရေးသားဖို့ အလွန် လွယ်ကူပါသည်။
တစ်နာရီခန့်ကြာသောအခါ ယဲ့ရှောင်ရှောင် အဖြေလွှာအပ်လိုက်သည်။
“ဆရာကြီး၊ သမီးတို့ရဲ့ သင်္ချာရမှတ်တွေ ထွက်လောက်ပြီမလား”
ကျောင်းအုပ်ကြီး: “ထွက်ပါပြီ ထွက်ပါပြီ၊ ကျောင်းသူယဲ့ရှောင်ရှောင်၊ မင်းဒီလောက် ပညာထူးချွန်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး၊ မင်းကို အတန်း(၉)မှာ ထားခဲ့မိတာ ငါ့ဘက်က လိုအပ်ချက်ရှိတာပဲ၊ အခု ထိပ်ဆုံးအတန်းတွေဆီ ပြောင်းဖို့ ဆန္ဒရှိလား”
ယဲ့ရှောင်ရှောင်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“မပြောင်းချင်ပါဘူး ဆရာကြီး၊ ကျောင်းဆိုတာ ကျောင်းသူကျောင်းသားတွေကို ပညာရေးကော စာရိတ္တပါ ပြုစု ပျိုးထောင်ပေးတဲ့နေရာလို့ ပြောကြတယ်မလား၊ ပညာရေးမှာ ထူးချွန်ဖို့က အရေးကြီးသလို ကိုယ်ကျင့်တရားနဲ့ အတွေးအခေါ်ပိုင်းမှာ ထက်မြက်ဖို့ကလည်း အရေးကြီးတယလေ”
ကျောင်းအုပ်ကြီး: “ကျောင်းသူယဲ့ရှောင်ရှောင် အဲ့လောက်ထိ ပြတ်ပြတ်သားသားတော့ မငြင်းပါနဲ့ဦး”
ထိုစဉ်ရုံးခန်းထဲရှိ ဆရာမတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး၊ ယဲ့ရှောင်ရှောင်က တရုတ်ဘာသာမှာလည်း အမှတ်ပြည့်ရပါတယ်!”
ကျောင်းအုပ်ကြီးက အဖြေလွှာကို ယူစစ်ဆေးလိုက်သည်။
“တော်တယ် တော်တယ်၊ ဒီစာစီစာကုံးကို စံပြနမူနာအဖြစ်တောင် ထားလို့ရတယ်”
ယဲ့ရှောင်ရှောင် အဖြေလွှာအပ်ပြီး နာရီဝက်ခန့်ကြာမှ လီပေါ်ဝမ် ရောက်ရှိလာခဲ့ပါသည်။
သူ့အဖြေလွှာကို ဆရာမများထံ အပ်လိုက်ပြီးနောက် ရုံးခန်းထဲတွင် ရှိနေသည့် ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသည်။
တစ်စုံတစ်ယောက်က သူ့ထက် ရမှတ်သာသွားသည်ကို လီပေါ်ဝမ် သိခဲ့သည်မှာ ကြာပါပြီ။ သို့သော် စိတ်ဓာတ်မကျခဲ့ဘဲ ယှဉ်ပြိုင်လိုစိတ်သာ ပိုပြင်းပြလာခဲ့သည်။
တရုတ်ဘာသာ စာစစ်ဌာနမှ ဆရာမများက အဖြေလွှာကိုယူကာ အလျင်အမြန် စစ်ဆေးကြသည်။
နောက်ဆုံးတွင် အလောတကြီး ရေးလိုက်ရခြင်းကြောင့်လားမသိသော်လည်း လီပေါ်ဝမ်၏ စာစီစာကုံးမှ ၅ မှတ်နုတ်ခံလိုက်ရပြီး စုစုပေါင်း ၉၂ မှတ်သာ ရရှိခဲ့ပါသည်။
ရလဒ်များထွက်လာသောအခါ ပျော်ရွှင်သူများရှိသလို စိတ်ဆင်းရဲသွားကြသူများလည်း ရှိပေသည်။
ကျန်းရှားက ဂုဏ်ယူဝံ့ကြွားမိသော်လည်း ချမ့်ဖန်ဖန်မှာမူ ဟန်ဆောင် အပြုံးပင် မပြုံးနိုင်တော့ချေ။
ချမ့်ဖန်ဖန်: “ပြီးတာပဲလေ… ကျောင်းပြောင်းကျောင်းသူသစ်က ဒီလောက်ထိ တော်နေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး၊ ကျောင်းအုပ်ကြီးကလည်း လူရွေးတော်တာပဲ၊ အခုတစ်ကြိမ်တော့ နင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ဒီအတိုင်း ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ပဲ မျှော်လင့်မိတယ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကျမှ ခြေချော်လက်ချော် မဖြစ်စေနဲ့ပေါ့”
ထိုသို့ပြောပြီးနောက် ချမ့်ဖန်ဖန်သည် လီပေါ်ဝမ်ကို ခေါ်ကာ စာသင်းခန်းဆီ ပြန်သွားဖို့ ပြင်လိုက်ပါသည်။
သို့သော် ယဲ့ရှောင်ရှောင်က အသိပေးလိုက်သည်။
“ဆရာမချမ့်၊ ခုနက လောင်းကြေးထပ်ထားတာတွေ အကျုံးဝင်သေးလား၊ သမီးနဲ့ ဆရာမကျန်းရှားတို့ကို အသံချဲ့စက်သုံးပြီး တစ်ကျောင်းလုံးရှေ့မှာ တောင်းပန်မယ်ဆို”
ချမ့်ဖန်ဖန် မျက်နှာ နီရဲသွားခဲ့သည်။ သို့သော် ဒေါသကြောင့်သာ ဖြစ်ပါလိမ့်မည်။
“ကျောင်းသူယဲ့ နင်ဒီတိုင်း ကံကောင်းသွားတာ၊ အမြင့်ကိုရောက်နေတုန်း စိတ်ကြီးမဝင်စမ်းပါနဲ့”
ယဲ့ရှောင်ရှောင်: “ဟူး… ဆရာမချမ့်က တောင်းပန်ဖို့ ဘယ်တုန်းကမှ တကယ် မရည်ရွယ်ခဲ့ဘူးပဲ၊ အဲ့တာဆို ဆရာမတစ်ယောက်ရဲ့ စကားဆိုတာ ဂုဏ်သိက္ခာမရှိဘူးလို့ သတ်မှတ်ရတော့မလိုပဲ”
အခန်းထဲရှိ အခြားဆရာဆရာမများကလည်း ပွဲကို စောင့်ကြည့်နေကြပါသည်။
“ဆရာမချမ့်၊ ဆရာမတစ်ယောက်အနေနဲ့ ကိုယ့်စကားကိုယ် တည်သင့်တယ်”
“ဟုတ်တယ်… အခုလို စကားမတည်ရင် ကျွန်မတို့ ပိုင်ချွမ် အမှတ်(၁) အထက်တန်းကျောင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်နော်”
“တော်ကြာတော့! ရှင်တို့အကုန်လုံး ကျွန်မကို လှောင်ရယ်ရယ်ချင်နေကြတာမလား! ကမ္ဘာပေါ်မှာ ကျောင်းသားတစ်ယောက်ကို ဆရာမတစ်ယောက်က ပြန်တောင်းပန်ရတယ်ဆိုတာ ဘယ်မှာရှိလို့လဲ! ဒီကိစ္စက ကျွန်မဘက်က ကြိုတင်ပြင်ဆင်မှု မရှိခဲ့တာ၊ အခြေအမြစ်မရှိဘဲ သံသယဝင်ခဲ့မိတာလို့ပဲ မှတ်ယူလိုက်၊ ဆရာမ ကျန်းရှားကိုတော့ တောင်းပန်ပါတယ်”
အရွဲ့တိုက်သော လေသံဖြင့် ထိုစကားများ ပြောဆိုပြီးနောက် ချမ့်ဖန်ဖန် လှည့်ထွက်သွားခဲ့တော့သည်။
ကျောင်းအုပ်ကြီးလည်း အရှက်ရမိပါသည်။
“ကျောင်းသူယဲ့၊ ဒီလို စာမေးပွဲ နောက်တစ်ကြိမ် ပြန်စစ်ဆေးခဲ့ရတဲ့ အဖြစ်က ကျောင်းရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းခဲ့လို့ပါ၊ မင်းအရမ်းတော်ပါတယ်၊ အဲ့တာကြောင့် ကျောင်းက မင်းကို ယွမ် ၂၀ ဆုချဖို့ ဆုံးဖြတ်လိုက်ပြီ”
ယဲ့ရှောင်ရှောင်: “…”
ယဲ့ရှောင်ရှောင်၏ အကြည့်ကို မြင်သောအခါ ကျောင်းအုပ်ကြီးက စကားကို ပြန်ပြင်လိုက်ပါသည်။
“ယွမ် ၅၀ ဆုချပါ့မယ်”
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ”
ချမ့်ဖန်ဖန်၏ တောင်းပန်စကားက ယွမ် ၅၀ ပင် မတန်ပေ။
ကျောင်းအုပ်ကြီး ပြုံးသွားသည်။
“ဟုတ်ပြီ၊ ဒီပြဿနာဒီမှာပဲ ပြီးပြီလို့ သဘောထားလိုက်ကြရအောင်၊ အခုချိန်ကစပြီး စာကို ပိုကြိုးစားပါ၊ ပြီးတော့ အတန်းမပြောင်းချင်တာ သေချာရဲ့လား၊ မင်းအတွက် အတန်း(၉)ရဲ့ အခြေအနေက အဲ့လောက် အကောင်းကြီး မဟုတ်ဘူးနော်”
“ပြောင်းဖို့မလိုပါဘူး”
လက်ရှိအတန်းက အဆင်ပြေသည်ဟု သူမ ထင်မိပါသည်။
ယဲ့ရှောင်ရှောင် အတန်းပြောင်းဖို့ စိတ်ကူးမရှိသည်ကိုမြင်ပြီး ကျောင်းအုပ်ကြီးလည်း ဆက်ပြီး မဖျောင်းဖျခဲ့တော့ပါ။
ညွှန်ကြားစရာရှိသည်ကို ညွှန်ကြားပြီးနောက် ယဲ့ရှောင်ရှောင်အား အတန်းသို့ ပြန်ခွင့် ပြုလိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “ဆရာကြီး၊ သမီးကို အဲ့ဒီဆုကြေးငွေ မြန်မြန်လေး ချီးမြှင့်ပါနော်”
ကျောင်းအုပ်ကြီး: “…”
ကျောင်းအုပ်ကြီးရုံးခန်းမှ ယဲ့ရှောင်ရှောင် ပြန်လာသောအခါ သူမနှင့် ချမ့်ဖန်ဖန်တို့၏ စိန်ခေါ်မှုအကြောင်းသည် တစ်ကျောင်းလုံးကို ပျံ့နှံ့နေခဲ့ပါပြီ။
အတန်း(၉)ထဲ စာကြည့်နေခဲ့ကြသည့် ကျောင်းသားကျောင်းသူများက တံခါးတွင်စုပြုံကာ အပြင်သို့ လှမ်းကြည့်နေကြသည်။
“သူပြန်လာပြီ သူပြန်လာပြီ!”
“ကျောင်းသူသစ်က အရမ်းတော်တာပဲ၊ ဟိုစုန်းမကြီးလက်က တကယ်လွတ်လာခဲ့တာနော်”
“အဲ့ဒီစုန်းမကြီးက သူမှားရင် တောင်းပန်မယ်လို့ စိန်ခေါ်ပေမယ့် နောက်ဆုံးကျတော့ စကားမတည်ဘဲ ထွက်ပြေးသွားတယ်လို့ ကြားမိတယ်”
“အဲ့ဒီစုန်းမကြီး သူများကို တောင်းပန်တဲ့နေ့က ငါထီပေါက်မယ့်နေ့ပဲ”
ယဲ့ရှောင်ရှောင် စာသင်ခန်းတံခါးဝသို့ ရောက်သည်နှင့် ထိုလူအုပ်ကြီးကို တွေ့လိုက်ရသည်။
ကျန်းရှားလည်း ယဲ့ရှောင်ရှောင်၏ အနောက်မှ ပါလာပြီး အားလုံးကို ပြောလိုက်သည်။
“ဒီမှာ ဘာတွေရပ်လုပ်နေကြတာလဲ၊ နင်တို့အားလုံး စာမေးပွဲဖြေနိုင်ကြရဲ့လား၊ ငါမှာထားတဲ့အတိုင်း အမှားတွေကို ပြန်စစ်ပြီးကြပြီလား”
ထိုအခါ ကျောင်းသားကျောင်းသူများလည်း မိမိထိုင်ခုံတွင်မိမိ ပြန်ထိုင်လိုက်ကြတော့သည်။
--- ---- ---
ချမ့်ဖန်ဖန်သည် လီပေါ်ဝမ်နှင့်အတူ အတန်း(၁)သို့ ပြန်လာခဲ့ပြီး ရုံးခန်းထဲတွင် ချုပ်တည်းခဲ့ရသမျှ ဒေါသတို့ကို ကျောင်းသားကျောင်းသူများအပေါ် ပုံချခဲ့လေသည်။
“အကုန်ထိုင်ကြစမ်း! နင်တို့ ကိုယ့်အမှတ်ကိုယ် ပြန်ကြည့်ကြဦး! ဘယ်လိုမျက်နှာမျိုးနဲ့ ပြုံးရဲတာလဲ၊ ငါတို့ အတန်း(၁)ကို အတန်း(၉)က ကျောသွားပြီ၊ ပထမဆိုတဲ့နေရာကို ငါတို့ ဆုံးရှုံးလိုက်ရပြီ၊ နင်တို့မရှက်ပေမယ့် ငါရှက်တယ်!”
“နောက်တစ်ခါ ငါ့ကို အဲ့လိုလာစမ်းမယ်ဆိုရင် အတန်း(၁)မှာ မနေကြနဲ့၊ သွားချင်တဲ့နေရာသာ သွားကြ!”
“ငါ့ကို ဘာကြည့်နေတာလဲ၊ ငါ့မျက်နှာမှာ စာရှိလို့လား၊ ကိုယ့်စာရွက်ကိုယ် ကြည့်ကြလေ!”
ချမ့်ဖန်ဖန်သည် အတန်းထဲ ဝင်လာကတည်းက ကျောင်းသားများကို အော်ဟစ်ငေါက်ငမ်းနေခဲ့ကာ အတန်းချိန် ထက်ဝက်ခန့်အထိ ဒေါသပုံချပြီးမှ စာမေးပွဲမေးခွန်းများကို စတင်ရှင်းပြတော့သည်။
အတန်းပြီးဆုံးခါမှ ကျောင်းသားအားလုံးလည်း သက်ပြင်းချနိုင်ပါတော့သည်။
ယဲ့ချန်းရှန့်၏ ထိုင်ခုံဖော်က လှမ်းမေးသည်။
“ဒီနေ့ စုန်းမကြီး ဘာဆေးတွေ မှားသောက်လာတာလည်းမသိဘူးနော်”
ယဲ့ချန်းရှန့်က ခေါင်းသာ ခါလိုက်ပါသည်။
“ငါလည်းမသိဘူး”
ချမ့်ဖန်ဖန် ဒေါသထွက်နေရခြင်းမှာ ယဲ့ရှောင်ရှောင်နှင့် ပတ်သတ်နေမည်ကို သူစိတ်ပူမိပါသည်။ တစ်ကျောင်းလုံးတွင် ယဲ့ရှောင်ရှောင် အဆင့်တစ်ရသည်ကို ယဲ့ချန်းရှန့်လည်း သိပြီးသားဖြစ်သည်။
ချမ့်ဖန်ဖန်မှာ မျက်နှာပွင့်ခြင်းကို အလွန်မက်မောသူဖြစ်ပြီး သူမ၏ ကျောင်းသားများက တစ်ကျောင်းလုံးတွင် အတော်ဆုံးဖြစ်နေသည်ကို အမြဲတမ်း ဂုဏ်ယူဝံ့ကြွားလေ့ရှိပါသည်။
ယခုတစ်ကြိမ်တွင်မူ ချမ့်ဖန်ဖန်တစ်ယောက် မျက်နှာအကြီးအကျယ် ပျက်ခဲ့ရပါပြီ။
“အကုန်ထိုင်ကြစမ်း! နင်တို့ ကိုယ့်အမှတ်ကိုယ် ပြန်ကြည့်ကြဦး! ဘယ်လိုမျက်နှာမျိုးနဲ့ ပြုံးရဲတာလဲ၊ ငါတို့ အတန်း(၁)ကို အတန်း(၉)က ကျောသွားပြီ၊ ပထမဆိုတဲ့နေရာကို ငါတို့ ဆုံးရှုံးလိုက်ရပြီ၊ နင်တို့မရှက်ပေမယ့် ငါရှက်တယ်!”
“နောက်တစ်ခါ ငါ့ကို အဲ့လိုလာစမ်းမယ်ဆိုရင် အတန်း(၁)မှာ မနေကြနဲ့၊ သွားချင်တဲ့နေရာသာ သွားကြ!”
“ငါ့ကို ဘာကြည့်နေတာလဲ၊ ငါ့မျက်နှာမှာ စာရှိလို့လား၊ ကိုယ့်စာရွက်ကိုယ် ကြည့်ကြလေ!”
ချမ့်ဖန်ဖန်သည် အတန်းထဲ ဝင်လာကတည်းက ကျောင်းသားများကို အော်ဟစ်ငေါက်ငမ်းနေခဲ့ကာ အတန်းချိန် ထက်ဝက်ခန့်အထိ ဒေါသပုံချပြီးမှ စာမေးပွဲမေးခွန်းများကို စတင်ရှင်းပြတော့သည်။
အတန်းပြီးဆုံးခါမှ ကျောင်းသားအားလုံးလည်း သက်ပြင်းချနိုင်ပါတော့သည်။
ယဲ့ချန်းရှန့်၏ ထိုင်ခုံဖော်က လှမ်းမေးသည်။
“ဒီနေ့ စုန်းမကြီး ဘာဆေးတွေ မှားသောက်လာတာလည်းမသိဘူးနော်”
ယဲ့ချန်းရှန့်က ခေါင်းသာ ခါလိုက်ပါသည်။
“ငါလည်းမသိဘူး”
ချမ့်ဖန်ဖန် ဒေါသထွက်နေရခြင်းမှာ ယဲ့ရှောင်ရှောင်နှင့် ပတ်သတ်နေမည်ကို သူစိတ်ပူမိပါသည်။ တစ်ကျောင်းလုံးတွင် ယဲ့ရှောင်ရှောင် အဆင့်တစ်ရသည်ကို ယဲ့ချန်းရှန့်လည်း သိပြီးသားဖြစ်သည်။
ချမ့်ဖန်ဖန်မှာ မျက်နှာပွင့်ခြင်းကို အလွန်မက်မောသူဖြစ်ပြီး သူမ၏ ကျောင်းသားများက တစ်ကျောင်းလုံးတွင် အတော်ဆုံးဖြစ်နေသည်ကို အမြဲတမ်း ဂုဏ်ယူဝံ့ကြွားလေ့ရှိပါသည်။
ယခုတစ်ကြိမ်တွင်မူ ချမ့်ဖန်ဖန်တစ်ယောက် မျက်နှာအကြီးအကျယ် ပျက်ခဲ့ရပါပြီ။