← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

📗 Chapter 45

ကျောင်းအုပ်ကြီးသည် ယဲ့ရှောင်ရှောင်၏ တောင်းဆိုချက်အရ အချိန်မဆွဲခဲ့ဘဲ ကျောင်းဆင်းသည်နှင့် ထူးချွန်ဆုငွေကို ချီးမြှင့်ခဲ့ပါသည်။

ကျောင်းဆင်းသောအခါ ယဲ့ချန်းယွမ်တစ်ယောက် ပျော်ရွှင်မှုဖြင့် ခုန်ပေါက်နေတော့သည်။

“ရှောင်ရှောင်၊ နင် ဟိုစုန်းမကြီးကို တကယ်နိုင်သွားတာပဲ!”

ယဲ့ရှောင်ရှောင်: “အဲ့လောက်‌ကြီးလည်း မဟုတ်ပါဘူး၊ ဒီတိုင်း အလောင်းအစားတစ်ခု လုပ်ခဲ့တာပါ”

ယဲ့ချန်းယွမ်: “ဘာပဲဖြစ်ဖြစ် အဲ့တာနဲ့တင် တော်တော် အထင်ကြီးဖို့ကောင်းနေပြီ နင်တို့အတန်း(၉)ရဲ့ အတန်းပိုင် ဆရာမက ချမ့်ဖန်ဖန် မဟုတ်လို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့ နင့်ကို နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးမှာ သေချာတယ်”

“ပြန်ကြစို့၊ ဒီနေ့ သမီးကို ကျောင်းက ထူးချွန်ဆုငွေချီးမြှင့်တယ်၊ ဒီနေ့ည ကောင်းတာလေးတစ်ခုခု စားကြရအောာင်”

ယဲ့ရှောင်ရှောင်က သူမလက်ထဲမှ ငွေများကို လှုပ်ခါပြလိုက်ပါသည်။

ယဲ့ချန်းယွမ် မှင်သက်သွားခဲ့ရသည်။

“ငါတို့ကျောင်းမှာ အဲ့လိုစနစ်ရှိတယ်လား၊ အရင်က ချန်းရှန့် အဆင့်တစ်ရတုန်းကကျတော့ ကျောင်းအုပ်ကြီးက ဆုချမယ့်ကိစ္စ ဘာမှမပြောဖူးပါဘူး”

ယဲ့ချန်းရှန့်: “ဒီတစ်ခေါက် ပြဿနာတက်သွားတာကြောင့်လည်း ပါမှာပေါ့”

ယဲ့ရှောင်ရှောင်: “အမှန်ပဲ၊ တစ်နည်းအားဖြင့်‌ ကျောင်းအုပ်ကြီးက သမီးကို နှုတ်ပိတ်ခ ပေးလိုက်တာပဲ”

ယဲ့ချန်းရှန့်: “ချမ့်ဖန်ဖန်မှာ အဆက်အသွယ်တွေ ရှိတယ်၊ ကျောင်းအုပ်ကြီးကလည်း သူ့ကို သွားမထိရဲဘူး၊ အဲ့တာကြောင့် သူ့အရှုပ်တော်ပုံကို ကြားဝင်ဖြေရှင်းပေးလိုက်တာပဲ’

ယဲ့ချန်းယွမ်: “ဘာပဲဖြစ်ဖြစ် ငါတို့အတွက်တော့ အဆင်ပြေတယ်၊ အလကားနေရင်း ပိုက်ဆံရလိုက်တာလေ”

ယဲ့ရှောင်ရှောင်: “မှန်တယ်၊ ဒီနေ့ သမီးတို့စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစားကြမယ်”

မောင်နှမသုံးယောက် တိုက်ခန်းဆီသို့ အရင်ပြန်ကြပြီး ယနေ့ည ညစာပြန်စားမည်မဟုတ်ကြောင်း ဒေါ်လေးစွန်းကို အကြောင်းကြားခဲ့သည်။

ထို့နောက် ကျောင်းနှင့် မလှမ်းမကမ်းနေရာတစ်ခုတွင် အသစ် စက်စက် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်လေးတစ်ဆိုင်ကို ရှာတွေ့ခဲ့ကြသည်။

ယခုကာလတွင် ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်သူ အလွန်နည်းပါးပါသေးသည်။

အစိုးရပိုင်စားသောက်ဆိုင်များ ရှိနေကြသေးသဖြင့် လူနည်းစုကသာ ငွေကုန်ကြေးကျခံပြီး စွန့်စားလိုစိတ်ရှိကြသည်။

သို့သော် မိမိအစွမ်းအစကိုမိမိ ယုံကြည်မှုရှိခဲ့သူများမှာ အသီးအပွင့်ကို စတင်ခံစားနေကြရပြီ ဖြစ်ပါသည်။

ဤစားသောက်ဆိုင်ငယ်လေးသည် သန့်ရှင်းသပ်ရပ်မှုရှိပြီး ဝန်ဆောင်မှုကလည်း အစိုးရပိုင် စားသောက်ဆိုင်များထက် များစွာ ပိုသာလွန်သည်။

မောင်နှမသုံးယောက် စားပွဲတွင် ထိုင်လိုက်သည်နှင့် စားပွဲထိုးတစ်ယောက်က မှာယူလိုသည်များကို လာရောက် မေးမြန်းခဲ့သည်။

ယဲ့ရှောင်ရှောင်: “ဒီဆိုင်ရဲ့ အထူးဟင်းလျာတွေက ဘာတွေလဲ”

“ကျွန်တော်တို့မှာ မီနူးရှိပါတယ်၊ ကြည့်ကြည့်ပါဦး! ကျွန်တော်ကတော့ ဆိုင်ရဲ့နာမည်ကြီးဟင်းလျာဖြစ်တဲ့ ‘ဘဲသားပေါင်း’ကို မှာစားကြည့်ဖို့ အကြံပြုချင်တယ်”

“ဟုတ်ပြီ”

ယဲ့ရှောင်ရှောင်သည် ဆိုင်၏ အထူးဟင်းလျာများကို မှာယူခဲ့ပါသည်။

“မြည်းကြည့်ရအောင်၊ ကောင်းတယ်ဆိုရင် နောက်တစ်ခါ အဖေ၊ အမေ၊ အစ်ကိုကြီးနဲ့ ယောက်မတို့အတွက် ဝယ်သွားကြမယ်”

ဟင်းလျာများ ရောက်ရှိလာသောအခါ ထူးခြားမှုတစ်ခုကို ယဲ့ရှောင်ရှောင် သတိပြုမိသည်။

ဟင်းပမာဏများက အစိုးရပိုင် စားသောက်ဆိုင်များထက် ပိုမိုများပြားသော်လည်း ဈေးနှုန်းကမူ ပိုမိုချိုသာနေသည်။

ထို့ကြောင့်လည်း အစိုးရပိုင် စားသောက်ဆိုင်များထက် ရောင်းအား ပိုကောင်းနေခြင်း ဖြစ်ပေလိမ့်မည်။

ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး ဟင်းသုံးပွဲကို မှာယူကာ တစ်စက်မကျန် ကုန်အောင် စားပစ်လိုက်ကြသည်။

ယဲ့ချန်းယွမ်သည် ထိုင်ခုံပေါ်တွင် မှီချလိုက်ကာ ဖောင်းကားသွားသော ဗိုက်ကိုပွတ်လျက် ရေရွတ်လိုက်ပါသည်။

“ဗိုက်ကိုတင်းသွားတာပဲကွာ!”

ယဲ့ချန်းရှန့်: “ပြန်ကြစို့၊ စာလုပ်ရမယ်”

ယဲ့ချန်းယွမ်: “မင်းတော်တော်ရက်စက်တဲ့ကောင်ပဲ၊ ခုလေး တင် ဗိုက်ဖြည့်ပြီးတာကို စာလာလုပ်ခိုင်းနေတယ်”

ယဲ့ချန်းရှန့်: “စာလုပ်တာက ခွန်အား အားသုံးရတာမှ မဟုတ်တာ၊ ဗိုက်ပြည့်တာ မပြည့်တာနဲ့ ဘာဆိုင်လို့လဲ”

ယဲ့ချန်းယွမ်: “ငါမင်းနဲ့ စကားကို ယှဉ်ပြောလို့ကို မနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါက ဒီနှစ် စစ်ထဲဝင်ဖို့ ‌လျှောက်တော့မှာ၊ စစ်ထဲဝင်ခွင့်ရရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဖြေ မဖြေဖြေ အရေးမကြီးတော့ဘူး”

ယဲ့ချန်းရှန့်က သူ့ကို စိတ်ပျက်သွားသည့် အကြည့်ဖြင့် ကြည့်ကာ ဆိုလိုက်သည်။

“မင်းဖာသာ မင်း ဘာပဲလုပ်လုပ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတော့ ဖြေကိုဖြေရမယ်”

ယဲ့ချန်းယွမ်: “အေးပါကွာ သွားမယ် သွားမယ်”

ယဲ့ရှောင်ရှောင်လည်း မတ်တပ်ရပ်လိုက်ပြီး စားသောက်ဆိုင်ထဲမှ သုံးယောက်အတူတူ ပြန်ထွက်လာကြသည်။

အိမ်ရာဝင်ပေါက်သို့ ရောက်သောအခါတွင် သူမတို့ကို ဂိတ်စောင့်အဘိုးက လှမ်းအော်သည်။

“ယဲ့ရှောင်ရှောင်၊ နင့်အတွက် ပါဆယ်ဘူးတစ်ဘူးရောက်နေတယ်!”

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်တို့ကို အိမ်ထဲ အရင်ဝင်ခိုင်းလိုက်ပြီး ဂိတ်စောင့်အခန်းသို့ ပြေးသွားကာ ပစ္စည်းသွားယူလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ် အဘိုး”

အဘိုးအိုပေးသော ကတ္ထူဘူးတစ်ဘူးကို ယဲ့ရှောင်ရှောင် အသေအချာ ယူလိုက်ပါသည်။ ၎င်းမှာ ရေဒီယိုတစ်လုံး အရွယ်အစားခန့်ရှိပြီး အတော်လေးလံသည်။

အထဲတွင် မည်သည့်ပစ္စည်းမျိုး ရှိနေမည်ကို ယဲ့ရှောင်ရှောင်မသိပေ။

“ဒီပစ္စည်းကို ဘယ်သူလာပေးသွားတာလဲအဘိုး”

အဘိုးအိုက လက်ယမ်းပြလိုက်သည်။

“မသိပါဘူး၊ စစ်သားတစ်ယောက်ပဲ”

ယဲ့ရှောင်ရှောင်: “…”

ဒါဆို လုဟန်ချွမ်ပဲ နေမှာပေါ့…

ဘာတစ်ခွန်းမှမပြောဘဲ ပစ္စည်းများပို့ပေးတတ်သည်မှာ သူ့စတိုင်ပင် မဟုတ်ပါလား။

ထိုကတ္ထူဘူးကို ယူဆောင်ပြီး ယဲ့ရှောင်ရှောင် အိမ်ထဲဝင်လာခဲ့သည်။

ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့နှစ်ယောက်မှာ ဧည့်ခန်းထဲတွင် စာပင် လုပ်နေကြပါပြီ။

ယဲ့ချန်းယွမ်က စပ်စုတတ်သော ကလေးတစ်ယောက်ပမာ မော့ကြည့်ကာ မေးလိုက်သည်။

“ရှောင်ရှောင် အဲ့တာကို ဘယ်သူပို့ပေးလိုက်တာလဲ”

ယဲ့ရှောင်ရှောင်က ကတ္ထူဘူးကို ပွေ့ကာပြန်ဖြေလိုက်သည်။

“သူငယ်ချင်း တစ်ယောက်ပါ…”

ယဲ့ချန်းယွမ်: “…”

ရှောင်ရှောင်မှာ သူငယ်ချင်းတွေ များလိုက်တာ…

ယဲ့ချန်းရှန့် သူ့ခေါင်းကိုခေါက်ကာ ဆူငေါက်လိုက်သည်။

“စာကိုပဲအာရုံစိုက်စမ်းပါ၊ ဒီပုစ္ဆာတွက်နည်း နောက်တစ်ခေါက် ထပ်ရှင်းပြမယ်”

ယဲ့ချန်းယွမ်လည်း သူများကိစ္စကို မေးမြန်းချင်စိတ် မရှိတော့ပေ။

ယဲ့ရှောင်ရှောင်သည် အိပ်ခန်းထဲ ဝင်လာခဲ့ပြီး ကတ္ထူဘူးလေးကို ဖွင့်ကြည့်လိုက်ပါသည်။

အထဲတွင် သစ်သားသေတ္တာတစ်လုံးနှင့် သော့တစ်ချောင်းပင် ပါသေးသည်။ ထိုသော့ပျောက်သွားမည်ကိုလည်း လုဟန်ချွမ်က စိတ်ပူပုံမပေါ်ပါ။

ယဲ့ရှောင်ရှောင် ထိုသော့ကို အသုံးပြုကာ သစ်သားသေတ္တာလေးအား ဖွင့်ကြည့်လိုက်သည်။

သေတ္တာလေးထဲတွင် ငွေသားများ၊ အမျိုးမျိုးသော ကူပွန်များဖြင့် အပြည့်ဖြည့်ထားသည်ကို သူမ တွေ့လိုက်ရသည်။

ဒုန်း!

ယဲ့ရှောင်ရှောင် သေတ္တာကို အမြန်ပြန်ပိတ်ပစ်လိုက်သည်။

လုဟန်ချွမ် ရူးနေတာလား…

မည်သည့်သဘောဖြင့် ပို့ပေးလိုက်ခြင်းကို သူ့ထံ ဖုန်းဆက်ပြီး သေချာမေးမြန်းရပါမည်။

ယဲ့ရှောင်ရှောင်သည် သေတ္တာကို အသေအချာပိတ်ပြီး အိပ်ရာအောက်သို့ ထိုးထည့်လိုက်ပါသည်။

ထို့နောက် မတ်တပ်ရပ်ကာ အိပ်ခန်းထဲ နှစ်ကြိမ်ခန့်ခေါက် တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်သည်။

ဖုန်းအသုံးပြုနိုင်သည့် နေရာများမှာ ယခုချိန်တွင် ပိတ်ကုန်ပြီဖြစ်ရာ မနက်ဖြန်အထိ စောင့်ရပါတော့မည်။

သူမသည် လုဟန်ချွမ် ပထမဆုံးတစ်ခေါက်က ပေးခဲ့သည့် ဖုန်းနံပါတ်ကို ပြန်ရှာဖွေလိုက်သည်။

မနက်ဖြန် အရာအားလုံးကို ရှင်းလင်းအောင် လုပ်ဖို့ သူမ ဆုံးဖြတ်ထားပါသည်။

--- --- ---

ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲတွင် ဖုန်းတစ်လုံးရှိသည်ကို ယဲ့ရှောင်ရှောင် မှတ်မိသွားသည်။

အခြားနေရာတွင် တန်းစီရင်း အချိန်မဖြုန်းသလိုသဖြင့် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့သာသွားပြီး ဖုန်းကို ငှားရမ်းခဲ့ပါသည်။

သို့သော် ပထမဆုံးအကြိမ် ခေါ်ဆိုချိန်တွင် ဖုန်းမကိုင်ခဲ့ပေ။

လုဟန်ချွမ်ပေးခဲ့သည့် ဖုန်းနံပါတ်မှာ မည်သည့်နေရာသို့ ဆက်သွယ်ထားသည်ကို ယဲ့ရှောင်ရှောင် သေချာ မသိပေ။ သူအိမ်ပြန်မရောက်သေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

“ကျောင်းသူယဲ့ရှောင်ရှောင်၊ ဒီသင်္ချာစွမ်းရည်ပြိုင်ပွဲကို လာကြည့်ပါဦး၊ စိတ်ဝင်စားလား၊ ဒါနိုင်ငံတော်အဆင့် ပြိုင်ပွဲနော်၊ တကယ်လို့ ရလဒ်ကောင်းခဲ့ရင် အထူးအခွင့်အရေးနဲ့ တက္ကသိုလ်ဝင်ခွင့်ရနိုင်တယ်”

ကျောင်းအုပ်ကြီးက ရှင်းလင်းချက်စာရွက်ကို ထုတ်ပြလိုက်ပါသည်။

ယဲ့ရှောင်ရှောင် သေချာဖတ်ကြည့်ပြီးနောက် ပြန်ပြောလိုက်သည်။

“ဆရာကြီး၊ သမီးက အထူးအခွင့်အရေးရဖို့ သိပ်စိတ်မဝင်စားပါဘူး၊ ကျင့်ဟွာတက္ကသိုလ်က ဆေးပညာဌာနကိုပဲ ဝင်ခွင့်ရချင်တာ၊ အထူးအခွင့်အရေးနဲ့သွားရင် စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေ အရမ်းများလွန်းလို့လေ”

ကျောင်းအုပ်ကြီးက ဆိုသည်။

“ကျင့်ဟွာတက္ကသိုလ်တဲ့လား… အောင်မယ်လေး၊ ငါတို့ကောင်တီမြို့တစ်မြို့လုံးမှာ ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့် ရတဲ့ကျောင်းသားဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး၊ မင်းရဲ့ရည်မှန်း ချက်က တော်တော်ကြီးမားတာပဲ”

ယဲ့ရှောင်ရှောင်: “သမီးက ပေကျင်းမြို့ကလာတာပါ ဆရာကြီး၊ အဲ့တာကြောင့် သမီးဝင်ခွင့်ရလိမ့်မယ်လို့ ယုံကြည်တယ်၊ ပြီးတော့ ပေကျင်းမြို့က ဆရာတချို့ပေးထားတဲ့ သင်ခန်းစာစာအုပ်တွေကိုလည်း လေ့လာနေတယ်လေ၊ အဲ့တာတွေက ကောင်တီက ထုတ်တဲ့ သင်ခန်းစာတွေထက် ပိုပြီး ခက်ခဲတယ်”

ကျောင်းအုပ်ကြီး လက်နောက်ပစ်လျက် ပြောသည်။

“ကျောင်းသူ ယဲ့ရှောင်ရှောင်မှာ ပေကျင်းမြို့က စာအုပ်တွေတောင်ရှိနေတာလား၊ အမှန်အတိုင်းပြောရရင် ဒီကကျောင်း သားတွေထဲမှာ လီပေါ်ဝမ်တို့ မိသားစုလောက်ပဲ အဲ့လိုအခြေ အနေမျိုးရှိကြတာ၊ အဲ့တာကြောင့်လည်း အရင်တုန်းက ထူးချွန်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ဆိုရင် သူ့ကိုပဲ ရွေးခဲ့ကြတာပေါ့၊ တခြားကျောင်းသားတွေက တစ်ခါတလေ အဆင့်တစ်၊ အဆင့်နှစ် ရတတ်ကြပေမယ့် တကယ့်ပြိုင်ပွဲကြီးတွေ ဝင်ပြိုင်ဖို့အထိတော့ အရည်အချင်း မပြည့်မှီကြဘူးလေ”

ယဲ့ရှောင်ရှောင်: “ဆရာကြီးပြောတဲ့ တခြားကျောင်းသားတွေထဲမှာ ကျောင်းသား ယဲ့ချန်းရှန့်ကောပါလားဟင်၊ သူလည်း ခုတလော ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်နေတာပါ၊ သူ့ကိုလည်း ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းကြည့်လို့ ရတယ်”

ကျောင်းအုပ်ကြီး ခေါင်းညိတ်သည်။

“ကောင်းပါပြီ၊ ငါစဉ်းစားလိုက်ပါ့မယ်”

“ဟို… ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့်ဖြေဆိုမယ့် ကိစ္စကိုလည်း… မင်း ဆက်ကြိုးစားပါ”

ကျောင်းအုပ်ကြီးသည် ကျောင်းသားတစ်ယောက်၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးလိုပါ။

ရည်မှန်းချက် ထားရှိခြင်းသည် ကျောင်းသားတိုင်းအတွက် ကောင်းမွန်သော အချက်တစ်ခုဖြစ်သည်။

အခက်အခဲအချို့နှင့် အမှန်တကယ် ရင်ဆိုင်လာရသည့်အခါကျမှ အရှိတရားကို သူမ နားလည်သွားပါလိမ့်မည်။

ထို့အပြင် ကျင့်ဟွာတက္ကသိုလ်သို့ သူမအမှန်တကယ် ဝင်ခွင့်ရခဲ့လျှင်လည်း ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းအတွက် ဂုဏ်ယူစရာဖြစ်ပေလိမ့်မည်။

--- --- ---

ချမ့်ဖန်ဖန်တစ်ယောက် စာသင်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေပြီး စာအုပ်တစ်အုပ်ကို လိပ်လျက် စားပွဲကို ရိုက်လိုက်သည်။

“တိတ်တိတ်နေကြစမ်း၊ ဒီနှစ်ရဲ့ နိုင်ငံတော်အဆင့် သင်္ချာထူးချွန်ပြိုင်ပွဲအတွက် ငါတို့ကျောင်းက နှစ်ယောက်ပဲ ပြိုင်ခွင့်ရှိမယ်၊ အဲ့ဒီနှစ်ယောက်စလုံးကလည်း ငါအတို့အတန်းထဲကပဲ”

“လီပေါ်ဝမ်နဲ့ ယဲ့ချန်းရှန့်တို့၊ အတန်းပြီးရင် စာရင်းသွင်းဖို့ ဖောင်တွေလာယူကြ၊ ဖြည့်ပြီးရင် ငါ့ဆီ ပြန်လာပေး”

“နင်တို့နှစ်ယောက်ကို ကျောင်းက ယုံကြည်လို့ ရွေးချယ်ပေးခဲ့တာ၊ အဲ့တာကြောင့် ဆရာဆရာမတွေရဲ့ ကြိုးစားအားထုတ်မှုကို အလကားမဖြစ်စေရအောင် သေချာကြိုးစားရမယ်နော်”

“နားလည်ပါပြီ ဆရာမ”

လီပေါ်ဝမ်နှင့် ယဲ့ချန်းရှန့်တို့ ပြိုင်တူ ဖြေကြားလိုက်သည်။

ယဲ့ချန်းရှန့်၏ ထိုင်ခုံဖော်က တိုးတိုးလေး ကပ်ပြောလိုက်ပါသည်။

“ချန်းရှန့်၊ မင်းတို့ ပေကျင်းမြို့ကို သွားရတော့မှာပဲ၊ ဒီတစ်ခေါက် ပြိုင်ပွဲက ပေကျင်းမြို့မှာ ကျင်းပမှာတဲ့”

သို့သော် ယဲ့ချန်းရှန့်ကမူ အများထင်ထားသကဲ့သို့ ပျော်ရွှင်မနေပေ။

အဘယ့်ကြောင့်ဆိုသော် မြို့တော်သို့ သွားရောက်သည့်အခါ ကုန်ကျမည့် ခရီးစရိတ်၊ စားသောက်စရိတ်နှင့် တည်းခိုစရိတ်တို့အပြင် ပြိုင်ပွဲဝင်ကြေးများမှာ သူ့မိသားစုအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေလောက်သော ကုန်ကျစရိတ်များဖြစ်နေသော ကြောင့်ပင်။

📗 Chapter 46

“စတုတ္ထအစ်ကို၊ ဘာလို့အဲ့လောက် စိတ်ညစ်နေတာလဲ၊ ဒီတစ်ခါ နိုင်ငံတော်အဆင့် သင်္ချာထူးချွန်ပြိုင်ပွဲမှာ အစ်ကို နေရာရတယ် မဟုတ်ဘူးလား”

ကျောင်းဆင်းချိန်တွင် မှိုင်တွေနေသည့် ယဲ့ချန်းရှန့်၏ မျက်နှာကိုကြည့်ရင်း ယဲ့ရှောင်ရှောင် အထူးအဆန်း ဖြစ်သွားခဲ့ပါသည်။

“ငါဘာမှမဖြစ်ပါဘူး”

ယဲ့ချန်းရှန့်သည် ညစာစားပြီးသည့်တိုင် သူအဘယ်ကြောင့် စိတ်ညစ်နေရသည်ကို ထုတ်မပြောခဲ့ဘဲ တစ်ယောက်တည်း စာဖတ်နေခဲ့ပါသည်။

သို့သော် ယဲ့ချန်းယွမ်ကမူ အကြောင်းအရင်းကို ခန့်မှန်းမိလေသည်။

“အရင်တုန်းက ဒီလိုပြိုင်ပွဲတွေမှာ ချန်းရှန့် ဝင်မပြိုင်ခဲ့တာက ပင်ပင်ပန်းပန်း လေ့ကျင့်ရတာတွေရယ်၊ စာမေးပွဲဖြေဖို့ တခြားမြို့တွေကို သွားရတာရယ်ကြောင့်လေ၊ ခရီးသွားစရိတ်တွေ ပြိုင်ပွဲဝင်ကြေးတွေက မသက်သာဘူး၊ အဲ့တာကြောင့် သူပိုက်ဆံအတွက် စိတ်ပူနေတာနေမယ်”

ယဲ့ရှောင်ရှောင်လည်း နားလည်သွားသည်။

“အဲ့တာဆို မိသားစုက မတတ်နိုင်မှာကို သူစိတ်ပူနေတာပေါ့၊ ဒါပေမယ့် ကိစ္စမရှိဘူးလေ၊ သမီးစုထားတဲ့ပိုက်ဆံတွေ ရှိပါတယ်၊ ဒီပြိုင်ပွဲကို ရအောင်ပြိုင်ရမယ်၊ ဒီလိုအခွင့်အရေးမျိုးရဖို့ဆိုတာ မလွယ်ဘူး”

ယဲ့ချန်းယွမ်က တိုးညှင်းစွာပြောသည်။

“အိမ်အရင်ပြန်ပြီး မိသားစုနဲ့ သေချာတိုင်ပင်ကြည့်ရအောင်၊ ချန်းရှန့်က နင့်ပိုက်ဆံတွေကိုတော့ ကျိန်းသေပေါက် လက်ခံမှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆိုလည်း အဆင်ပြေပါတယ်”

ကျောင်းဖွင့်ရက်များမှာ အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။

ကျောင်းပိတ်ရက်တွင် ယဲ့ရှောင်ရှောင်၊ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ မောင်နှမသုံးဦး ပိုင်ချွမ်ရွာသို့ အတူတူ ပြန်လာခဲ့ကြပါသည်။

ယဲ့ချန်းရှန့်သည် ပြိုင်ပွဲအကြောင်းကို မိသားစုအား ပြောပြခဲ့လေသည်။

“သွားပြိုင်ရမှာပေါ့! ဘာလို့မသွားရမှာလဲ၊ ဒါဆရာဆရာမတွေက မင်းရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ သဘောပဲလေ၊ မင်းအတွက်ကောင်းမယ့်ကိစ္စပဲ”

ယဲ့ချင်းချင့်က ချက်ချင်းထောက်ခံလိုက်သည်။

“စတုတ္ထညီလေး၊ ပိုက်ဆံကိစ္စအတွက်တော့ ဘာမှစိတ်ပူမနေနဲ့၊ တောင်ပိုင်းက မိုင်းတွင်းမှာ ငါနှစ်လလောက် အလုပ်လုပ်ခဲ့တုန်းက စုထားတဲ့ပိုက်ဆံတွေ ရှိသေးတယ်၊ မင်းမြို့တော်မှာ သွားပြိုင်ဖို့အတွက်တော့ ကျိန်းသေ လုံလောက်တယ်”

ယဲ့ကျန်းကော်ကလည်း ထောက်ခံသည်။

“အိမ်က ကြိုက်သလောက်သာ ယူသွား၊ ဟိုရောက်ရင် အစားအသောက်တွေလည်း ချွေတာစရာမလိုဘူး၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး”

ယဲ့ချန်းရှန့်က တွန့်ဆုတ်စွာ ပြောလိုက်သည်။

“အဖေနဲ့အမေ၊ အစ်ကိုကြီးတို့… ကျွန်တော်သွားပြိုင်ရင်တောင် ရလဒ်ကောင်းကောင်းရချင်မှ ရမှာလေ… နိုင်ငံတော်အဆင့်ပြိုင်ပွဲဆိုတော့ ကျွန်တော်ယုံကြည်ချက် သိပ်မရှိဘူး”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“စတုတ္ထအစ်ကို၊ ရလဒ်က တစ်ခါတလေမှာ အရေးပါပေမယ့် အတွေ့အကြုံကသာ အရေးအကြီးဆုံးပါ၊ ပေကျင်းမြို့ကို အစ်ကို သွားကြည့်သင့်တယ်”

ကျန်းရွှယ်သည် ကလေးကို ချီထားရင်း ညီဖြစ်သူအား ပိုက်ဆံထုတ်ပေးဖို့ ရည်ရွယ်ထားသည့် ခင်ပွန်းဖြစ်သူ၏ ဆန္ဒကို ထောက်ခံလိုက်ပါသည်။

“မတ်လေးချန့်၊ မရီးလည်း နင်ဝင်ပြိုင်မှာကို အားပေးတယ်”

ယဲ့ချန်းရှန့်၏ အသံမှာ အနည်းငယ် တုန်ယင်သွားခဲ့သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်”

မြောင်စွေ့ဖန်းက သားဖြစ်သူ၏ ခေါင်းကို အသာအယာပုတ်ကာ ပြောလိုက်သည်။

“မိသားစုတွေကြားထဲ ကျေးဇူးတင်ဖို့လိုလို့လား”

ထမင်းစားပြီးနောက်တွင် ယဲ့ချန်းချင့်သည် ယဲ့ချန်းရှန့်ကို အခန်းထဲခေါ်ပြီး သူ့လက်ထဲ ယွမ် ၅၀ တိတ်တဆိတ် ထည့်ပေးလိုက်ပါသည်။

“ရော့… အများကြီးတော့ မဟုတ်ပါဘူး၊ သေချာသိမ်းထား၊ မင်းအစ်ကိုကြီးနဲ့ မရီးတို့ပေးတဲ့ မုန့်ဖိုးလို့ သဘောထားလိုက်ပေါ့ကွာ”

ယဲ့ချန်းရှန့်က ငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

“အစ်ကိုကြီး…”

ယဲ့ချန်းချင့်: “ကဲပါ၊ ဘာမှဆက်ပြောမနေနဲ့တော့၊ မင်းသာ တက္ကသိုလ်ရအောင် တက်နိုင်မယ်ဆိုရင် ငါဘာမှ နောင်တရစရာမရှိဘူး”

ယဲ့ချန်းရှန့်လည်း စိတ်လေးလံစွာ ခေါင်းညိတ်လိုက်တော့သည်။

ယဲ့ကျန်းကော်ကလည်း ယဲ့ချန်းရှန့်ကို ယွမ် ၁၀၀ ခန့် ထုတ်ပေးလိုက်ပါသည်။

“ဟိုရောက်ရင် အားရှိအောင် ကောင်းကောင်းစား၊ အငတ်မနေနဲ့ဦး၊ ပိုက်ဆံကုန်သွားရင် ကြေးနန်းရိုက်လိုက်၊ ဒါမှမဟုတ် အိမ်ကို စာရေးလိုက်၊ ငါတို့ ငွေချက်ချင်းလွှဲပေးလိုက်မယ်”

ယဲ့ချန်းရှန့်က ငြင်းဆန်ဖို့ကြိုးစားသည်။

“အဖေ၊ ကျွန်တော်ဒီလောက်အများကြီး မလိုပါဘူး၊ အစ်ကိုကြီးကလည်း ကျွန်တော့်ကို ယွမ် ၅၀ ပေးထားပြီးပြီ”

ယဲ့ကျန်းကော်က ငွေကို အတင်းပြန်ထည့်ပေးကာ သေနတ်ကို ပခုံးတွင်လွယ်လျက် တောင်ကင်းလှည့်ရန် ထွက်သွားတော့သည်။

“အဲ့တာက မင်းအစ်ကိုပေးတာ၊ ဒါက ငါတို့ပေးတာ၊ ယူထားလိုက်စမ်းပါ”

ယဲ့ချန်းရှန့်: “…”

ယဲ့ရှောင်ရှောင်သည်လည်း ယဲ့ချန်းရှန့်ကို ခရီးစရိတ်လုံလောက်မှု ရှိမရှိ မေးမြန်းခဲ့ပြီး လိုအပ်ပါက သူမ ထုတ်ပေးနိုင်ကြောင်း ပြောခဲ့ပါသည်။

သို့သော် ယဲ့ချန်းရှန့်မှာ အမှန်တကယ် ငွေမလိုတော့သဖြင့် လက်မခံတော့ပေ။

“ငါ့မှာ တကယ်လုံလောက်နေပါပြီ၊ ထပ်မပေးနဲ့တော့”

ယဲ့ရှောင်ရှောင်: “ဟုတ်ပြီ”

ယဲ့ရှောင်ရှောင်သည် သူ့အတွက် လေ့ကျင့်ခန်း စာအုပ်အချို့သာ ဝယ်ပေးခဲ့ပါသည်။

မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့သည် ကလေးများနှင့်အတူ ထည့်ပေးလိုက်ဖို့အတွက် မုန့်ပြားများ၊ အချဉ်ထုပ်များနှင့် အသားခြောက်များကို ထုပ်ပိုးပြင်ဆင်ကြပါသည်။

အထူးသဖြင့် ခရီးဝေးသွားရမည့် ယဲ့ချန်းရှန့်အတွက် ပေါင်မုန့်နှင့် အသားများကို ပိုထည့်ပေးခဲ့ကြသည်။

အဖေနှင့် အစ်ကိုကြီးတို့ ပေးသည့် ပိုက်ဆံများ၊ အမေနှင့် မရီးဖြစ်သူတို့ ပြင်ဆင်ပေးထားသည့် အစားအသောက်များကို ယူဆောင်ရင်း အိမ်ပြန်လမ်းတွင် ယဲ့ချန်းရှန့်သည် မိသားစုကို ကျေးဇူးပြန်ဆပ်နိုင်အောင် အစွမ်းကုန်ကြိုးစားမည်ဟု သန္နိဋ္ဌာန် ချမိတော့သည်။

ကျောင်းသို့ ပြန်ရောက်သောအခါ ယဲ့ချန်းရှန့်သည် ပြိုင်ပွဲဝင်ကြေးနှင့် ဖောင်ကြေးတို့ကို ဦးစွာ သွင်းခဲ့ပါသည်။

ပြိုင်ပွဲတွင် ယဲ့ချန်းရှန့် အမှန်တကယ် ဝင်ပြိုင်ဖို့ ပြင်ဆင်နေသည်ကိုမြင်သောအခါ ချမ့်ဖန်ဖန် အံ့အားသင့်ခဲ့ရသည်။

ပုံမှန်အားဖြင့် ယဲ့ချန်းရှန့်သည် ဤကဲ့သို့ ပြိုင်ပွဲများကို ငြင်းဆန်လေ့ရှိပါသည်။

သို့သော် ယဲ့ချန်းရှန့်မှာ သူမ၏ ကျောင်းသားတစ်ယောက်ဖြစ်သဖြင့် သူထူးချွန်လျှင် သူမ ဘောနပ်စ်ပိုရမည်ဖြစ်၍ ကန့်ကွက်စရာ မရှိပေ။

… … …

ယဲ့ချန်းရှန့် ပြိုင်ပွဲဝင်ဖို့ ပေကျင်းမြို့သို့ သွားရောက်ရန် တစ်ပတ်သာ လိုပါတော့သည်။

ထိုအချိန်တွင် ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်း၏ ဝင်ပေါက်သို့ မျှော်လင့်မထားသည့် လူတစ်ယောက် ရောက်ရှိလာခဲ့လေသည်။

“တတိယအစ်ကို!”

ယဲ့ချန်းရှန့်သည် ကျောင်းဂိတ်ပေါက်တွင် မတ်တပ်ရပ်နေသည့် ယဲ့ချန်းနင်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ချက်ချင်း မှတ်မိသွားခဲ့ပါသည်။

ယဲ့ချန်းယွမ်လည်း သူ့ထံ ပြေးသွားခဲ့သည်။

“အစ်ကိုနင်!”

ယဲ့ချန်းနင်သည် ပန်းပွင့်ပုံများပါသည့် အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားသည်။

ကျောင်းဂိတ်ပေါက်တွင် ရပ်နေသည့် သူ့ပုံစံက အလွန်မျက်စိကျစရာ ကောင်းလှပါသည်။

ယဲ့ချန်းရှန့်: “တတိယအစ်ကို၊ မင်းဘယ်တွေ သွားနေတာလဲ၊ အဖေနဲ့အမေက မင်းကို အရမ်းစိတ်ပူနေတာ!”

ယဲ့ချန်းယွမ်: “တတိယအစ်ကို မင်းဘာတွေ ဝတ်ထားတာလဲ”

ယဲ့ချန်းနင်က ညီနှစ်ယောက်ကို သိုင်းဖက်ကာ ပြောလိုက်သည်။

“ဒါဖက်ရှင်ကျကျ ဝတ်ထားတာကွ၊ မင်းတို့ ကျောင်းဆင်းပြီမလား၊ ငါမင်းတို့ကို အရသာရှိတာတစ်ခုခု လိုက်ကျွေးမယ်ကွာ၊ ရှောင်ရှောင်လည်း ပါတယ်၊ သွားကြစို့!”

ယဲ့ရှောင်ရှောင်: “…”

လက်ရှိအချိန်တွင် အမှန်တကယ် ရေပန်းစားနေသည့် ဆံပင်စတိုင်၊ အဝတ်အစားစတိုင်များ ဖြစ်သော်လည်း ယဲ့ရှောင်ရှောင်၏ အမြင်တွင်မူ အူကြောင်ကြောင်နိုင်လှပါသည်။

မောင်နှမလေးယောက်သား ယခင်တစ်ခေါက်က စားသောက်ဖူးသည့် စားသောက်ဆိုင်ငယ်လေးသို့ ထပ်မံရောက်ရှိလာကြသည်။

အစားသောက်များကို စောင့်ဆိုင်းနေစဉ် ယဲ့ချန်းနင်၏ အခြေအနေအား မေးမြန်းခဲ့ကြပါသည်။

ယဲ့ချန်းနင်သည် သူငယ်ချင်းများနှင့်အတူ တောင်ပိုင်း ကမ်းရိုးတန်းမြို့များသို့ သွားရောက်ကာ အဝတ်အစားများကို ဝယ်ယူရောင်းချခဲ့ခြင်းဖြစ်သည်။

စီးပွားရေးမှာ အလွန်ပင် ကောင်းမွန်လှပြီး ခရီးစဉ် နှစ်ခေါက်အတွင်းမှာပင် အရင်းကျေကာ အမြတ်များ စတင်ရရှိနေပါပြီ။

“အစ်ကိုနင် ဒီတစ်ခေါက်ပြန်လာတာ ဒီမှာပဲနေတော့မှာလား”

ယဲ့ချန်းနင်: “ဘယ်ဟုတ်ပါ့မလဲ၊ ငါပြန်သွားရမှာပေါ့၊ အခုတစ်ခေါက်ပြန်လာတာက ငါဘေးကင်းကြောင်း နင်တို့ကို အသိပေးဖို့နဲ့ လက်ဆောင်တွေ ပေးဖို့ပဲ၊ ငါအိမ်ပြန်ဖို့တော့ အစီအစဉ်မရှိဘူး၊ မင်းတို့သုံးယောက်လည်း ငါ့ကိုသစ္စာဖောက်ပြီး ငါပြန်ရောက်နေတာကို ဖော်ကောင်မလုပ်ကြနဲ့နော်”

ယဲ့ရှောင်ရှောင်က မေးသည်။

“တတိယအစ်ကို တစ်ယောက်တည်း ပြန်လာတာလား”

ယဲ့ချန်းနင်: “မဟုတ်ဘူး၊ ငါ့သူငယ်ချင်း ကန်းကျစ်၊ ရှန်းကျစ်တို့နဲ့ ပြန်လာတာ”

ယဲ့ချန်းနင်၏ ရင်ထဲတွင် ယဲ့ရှောင်ရှောင်ကို ကျေးဇူးတင်နေမိပါသည်။

သူမ ထုတ်ပေးခဲ့သည့် ငွေကြောင့်သာ သူ့လုပ်ငန်းမှာ ထင်မှတ်ထားသည်ထက် ပိုမိုအဆင်ပြေချောမွေ့ခဲ့ရခြင်း မဟုတ်ပါလား။

စားသောက်ဆိုင်တွင် စားသောက်ခဲ့ကြပြီးနောက် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ကို သူမတို့၏ တိုက်ခန်းသို့ ခေါ်လာခဲ့ပါသည်။

ထိုနေ့ညက ယဲ့ချန်းနင်သည် ယဲ့ချန်းရှန့်တို့ ညီအစ်ကိုနှစ်ယောက်နှင့် တိုးဝှေ့အိပ်ခဲ့ရသည်။

အိမ်နှင့် ရင်းနှီးသွားပြီးနောက် ယဲ့ချန်းနင် အပြင်ခဏထွက်သွားခဲ့သည်။ ပြန်ရောက်လာသောအခါ လက်ထဲတွင် အထုပ်ကြီးတစ်ထုပ် ပါလာလေသည်။

“ဒါမင်းတို့အတွက် ငါဝယ်လာတဲ့ အဝတ်အစားတွေပဲ၊ အကုန်လုံးက မြို့‌ပေါ်မှာ ရေပန်းစားနေတဲ့ စတိုင်တွေပဲ၊ တစ်မိသားစုလုံးအတွက် ဝယ်လာတယ်၊ အဘိုးနဲ့အဘွား၊ အဖေနဲ့အမေ၊ ဦးလေးနဲ့ ဒေါ်လေးတို့အတွက်တော့ မင်းတို့ အိမ်ပြန်မှပဲ ယူသွားလိုက်ကြတော့”

ယဲ့ချန်းယွမ်: “ဒါတွေဝယ်ဖို့ ဘယ်လောက်တောင် ကုန်ခဲ့တာလဲ”

ယဲ့ချန်းနင်: “ငါက စက်ရုံကနေ တိုက်ရိုက်ရတာဆိုတော့ သိပ်မကုန်ပါဘူးကွာ”

ယဲ့ချန်းယွမ်လည်း မစောင့်နိုင်တော့ဘဲ အဝတ်အစားများကို ထုတ်ကြည့်တော့သည်။

သူ့အတွက်ဝယ်လာပေးသော အဝတ်အစားများမှာ ရေပန်းစားနေသော ဂျင်းဘောင်းဘီ၊ ခပ်ပွပွ တီရှပ်နှင့် ကင်းဗတ်ဖိနပ်တစ်ရံတို့ဖြစ်ကြသည်။

ယဲ့ချန်းရှန့်လည်း ထိုနည်းလည်းကောင်းပင်။

ယဲ့ရှောင်ရှောင်အတွက်မူ လှပသည့် ဂါဝန်လေးတစ်ထည် ဝယ်ပေးခဲ့ပါသည်။

ယဲ့ချန်းယွမ်က စိတ်လှုပ်ရှားစွာဆိုသည်။

“ငါကြိုက်တယ်ကွာ! အရမ်းမိုက်တာပဲ!”

သို့သော် ယဲ့ချန်းရှန့်ကမူ အနည်းငယ် စိုးရိမ်နေလေသည်။

“တတိယအစ်ကို၊ မင်းဘယ်လိုအလုပ်တွေ လုပ်နေတာလဲ”

ယဲ့ချန်းနင်: “တရားဝင်တဲ့ လုပ်ငန်းပါဟ! ဒါပေမယ့်… အပြင်လောကကို ကိုယ်တိုင်မြင်ဖူးမှပဲ တစ်ခါတလေ ပိုက်ဆံရှာရတာ အရမ်းလွယ်ကူမှန်း ငါနားလည်ခဲ့ရတယ်၊ မြို့ကြီးတွေမှာဆိုရင် မိုးမျှော်တိုက်ကြီးတွေ၊ ခမ်းနားတဲ့ လူနေမှုဘဝတွေနဲ့ ပြည့်နှက်နေတာပဲ…”

ယဲ့ချန်းနင်၏ စကားကိုကြားပြီး ညီငယ်နှစ်ယောက် အားကျစိတ်များဖြစ်ပေါ်လာခဲ့သည်။

ယဲ့ချန်းယွမ်: “ကျွန်တော်လည်း မြင်ဖူးချင်လိုက်တာ…”

ယဲ့ချန်းနင်: “တစ်ချိန်ချိန်ကျ အခွင့်အရေးရလာမှာပါ”

All Chapters