အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
📗 Chapter 47
ယဲ့ချန်းယွမ်မှာ အဝတ်အစားအသစ်များကို စမ်းဝတ်ကြည့်ခြင့်ဇောဖြင့် ယဲ့ချန်းရှန့်အား အခန်းထဲ အတင်း ဆွဲခေါ်သွားလေသည်။
ထိုအချိန်တွင် ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်၏ အခန်းထဲသို့ ဝင်လာကာ ငွေတစ်အုပ် ထုတ်ပေးလိုက်ပါသည်။
“ရှောင်ရှောင်၊ ဒါနင့်ဆီက ငါယူသွားတဲ့ အရင်းအနှီးငွေလေ၊ ဒီတစ်ခေါက်တော့ အမြတ်သိပ်မရသေးလို့ နင်ချေးပေးထားတဲ့ အရင်းငွေကိုပဲ ပြန်ဆပ်နိုင်ဦးမယ်၊ အကြီးအကျယ် မြတ်လာတဲ့အခါကျမှ အမြတ်ဝေစုကိုပါ ခွဲပေးမယ်နော်”
ယဲ့ရှောင်ရှောင်က ငွေကို လက်ခံကာ မေးလိုက်သည်။
“အစ်ကို့မှာ သုံးဖို့ ငွေကောရှိသေးရဲ့လား၊ မရှိရင် ယူထားလိုက်လေ”
ယဲ့ချန်းနင်: “စိတ်မပူပါနဲ့ ငါ့မှာ သုံးဖို့ရှိပါသေးတယ်၊ ပြီးတော့ တောင်ပိုင်းမှာ သူဌေးတစ်ယောက်နဲ့လည်း ငါအဆက်အသွယ်ရခဲ့သေးတယ်၊ သူ့ဆီက ပစ္စည်းတွေကို အရင်ယူပြီး ရောင်းထွက်မှ ငွေချေပေးရမယ့်စနစ်နဲ့ အလုပ်လုပ်နေတယ်လေ”
ထို့နောက် သူ့အိတ်ကပ်ထဲမှ ယွမ် ၅၀၀ ကို ထပ်ထုတ်ပေးလိုက်သည်။
“ဒီယွမ် ၅၀၀ ကို အဖေနဲ့ အမေ့ကို ပေးလိုက်၊ ငါတို့မိသားစုအခြေအနေကို ငါနားလည်တယ်၊ အစ်ကိုကြီးက မိုင်းတွင်းမှာ အလုပ်လုပ်နေရတာဆိုတော့ မိုးကျတဲ့အချိန်ဆို အရမ်းအန္တရာယ်များတယ်၊ နွေရာသီရောက်ရင် မိုင်းတွင်းကို မသွားတော့ဘဲ အိမ်မှာပဲ အလုပ်တစ်ခုခုရှာဖို့ ပြောလိုက်ပါ”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ၊ သမီးပြန်ပြောလိုက်မယ်၊ ဒါပေမယ့်… အစ်ကိုက တကယ်အိမ်မပြန်တော့ဘူးလား၊ အဖေနဲ့အမေက အစ်ကို့ခြေထောက်ကို တကယ်မချိုးလောက်ပါဘူး”
ယဲ့ချန်းနင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်သိပ်မရှိသေသးသည့်နှယ် လက်ကို ခါယမ်းပြလိုက်ပါသည်။
“ငါဒီ့ထက် ပိုက်ဆံရှာနိုင်မှပဲ ပြန်တော့မယ်၊ အောင်မြင်မှု သရဖူဆောင်းပြီးမှ ခံ့ခံ့ညားညားနဲ့ ပြန်မယ်!”
လူတိုင်းတွင် ကိုယ်ပိုင် ရည်မှန်းချက်များရှိတတ်ကြမှန်း နားလည်သဖြင့် ယဲ့ရှောင်ရှောင်လည်း ဆက်ပြီး မတိုက်တွန်းခဲ့တော့ပေ။
ခရီးလမ်းတွင် ဘေးကင်းအောင် နေဖို့နှင့် စီးပွားရေး လုပ်သည့်အခါ ပါးပါးနပ်နပ် ရှိစေဖို့သာ မှာကြားလိုက်တော့သည်။
ထို့နောက် သူမကိုယ်တိုင် ဖော်စပ်ထားသည့် တိုင်းရင်းဆေးအချို့ကိုလည်း ထုတ်ပေးလိုက်သည်။
အဝေးရောက်နေချိန် နာမကျန်းဖြစ်သည့်အခါ အရေးပေါ်အခြေအနေအတွက် အသုံးပြုနိုင်သည်ဟု ဆိုခဲ့ပါသည်။
ယဲ့ချန်းနင်ကလည်း ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါသည်။
“ငါယူသွားပါ့မယ်”
“ဒါနဲ့ရှောင်ရှောင်၊ နင့်ဆီမှာ ဆေးပလာစတာတွေဘာတွေ ရှိလား၊ ငါနဲ့ရင်းနှီးတဲ့ သူဌေးက ဒူးနာ ခါးနာဖြစ်နေတာကြာပြီ၊ အဲ့တာ ဆေးပလာစတာ ကပ်လိုက်ရင် သက်သာသွားမလားလို့”
ယဲ့ရှောင်ရှောင်၏ ဆေးပညာစွမ်းရည်ကို ယဲ့ချန်းနင် တစ်စက်ကလေးမျှ သံသယမရှိပေ။
ညီမဖြစ်သူကို သူအပြည့်အဝ ယုံကြည်သည်။
ယဲ့ရှောင်ရှောင်: “ရှိတယ်၊ မနက်ဖြန် ဆေးဆိုင်ကိုသွားပြီး ဆေးမြစ်တွေ ဝယ်ကျိုလိုက်မယ်၊ ကမ်းရိုးတန်းဒေသမှာ နေတာဆိုတော့ ဒူလာရောဂါဖြစ်နိုင်တယ်၊ သူ့အတွက် ဆေးပတ်လည်အောင် သမီးစီစဉ်ပေးလိုက်ပါ့မယ်”
ယဲ့ချန်းနင်: “ငါ့ညီမကိုပဲ အားကိုးရတော့မှာပဲ၊ သုံးရက်လောက်နေရင် ငါပြန်သွားရမှာမို့လို့ အချိန်က အတော်လေး ကပ်နေပြီ”
ယဲ့ရှောင်ရှောင်: “နားလည်ပါပြီ၊ စိတ်ချပါအစ်ကို၊ အချိန်မီပါတယ်”
နောက်တစ်နေ့တွင် ယဲ့ရှောင်ရှောင်သည် ကျောင်းမှ နေ့တစ်ဝက်ခွင့်ယူကာ တရုတ်တိုင်းရင်းဆေးဆိုင်သို့ သွားရောက်ခဲ့ပါသည်။
ထို့နောက် ဆေးမြစ်အချို့ကို ကိုယ်တိုင်ကျိုဖို့ အိမ်သို့ ပြန်လည်ယူဆောင်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ ယဲ့ချန်းနင်မရှိတော့ပေ။
သူ့အထုပ်အပိုးများ ရှိနေသေးသော်လည်း လူကတော့ ပျောက်ဆုံးနေပါသည်။
ယဲ့ရှောင်ရှောင်သည် နေ့လယ်ခင်းတစ်ခုလုံးနှင့် ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အထိပါ ခွင့်ထပ်ယူကာ အိမ်တွင် ဆေးကျိုရင်း စောင့်နေခဲ့သည်။
ညနေပိုင်း ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့၏ ကိုယ်ပိုင်စာကြည့်ချိန်များ ပြီးဆုံးသွားခါမှ ယဲ့ချန်းနင်တစ်ယောက် ပြန်ရောက်လာခဲ့ပါသည်။
“ရှောင်ရှောင်၊ ဟိုတစ်ခေါက်က ငါနဲ့ ကန်းကျစ်တို့ လူတစ်ယောက်ဆီက ပိုက်ဆံချေးမယ့်ကိစ္စကို နင်တားခဲ့တာ တကယ် ကျေးဇူးတင်ရမယ်”
“ဖြစ်ချင်တော့ ကန်းကျစ်ရဲ့ သူငယ်ချင်းက အကြီးစား ငွေတိုးချေးစားတဲ့လူပဲ၊ ‘အရင်းနုတ် အဖျားတိုး’စနစ်နဲ့ အလုပ်လုပ်ကြတာ၊ သူတို့ရဲ့ အကြွေးတောင်းတဲ့ နည်းလမ်းတွေက ကြောက်စရာကောင်းတယ်၊ ကောင်တီမြို့ထဲမှာ သူတို့ဆီက အကြွေးယူမီလို့ သေသွားတဲ့လူတောင်ရှိတယ်တဲ့”
ယဲ့ချန်းယွမ်ကမေးသည်။
“အရင်းနုတ်အဖျားတိုးစနစ်ဆိုတာ ဘာကိုပြောတာလဲ”
ယဲ့ချန်းနင်က ရှင်းပြလိုက်သည်။
“ဆိုလိုတာက မင်း ယွမ် ၁၀၀,၀၀၀ ချေးချင်တယ်ဆိုရင် သူတို့က မင်းကို ယွမ် ၉၀,၀၀၀ ပဲပေးမှာ၊ ဒါပေမယ့် မင်းအကြွေးဆပ်တဲ့အခါကျရင်တော့ ယွမ် ၁၃၀,၀၀၀ လောက်ပြန်ဆပ်ရမယ်”
ယဲ့ချန်းရှန့်က မျက်မှောင်ကြုတ်သည်။
“အဲ့တာ တရားမဝင်ဘူး မဟုတ်ဘူးလား”
ယဲ့ချန်းနင်: “အကြီးစားငွေတိုးချေးသမားတွေဆိုတာ လူမိုက်တွေနဲ့အတူတူပဲ၊ ဥပဒေကို ဘယ်ဂရုစိုက်ပါ့မလဲကွာ”
ယဲ့ရှောင်ရှောင်သည် သူမ၏ သတိပေးမှုကြောင့် ယဲ့ချန်းနင် ဘေးဒုက္ခမှ မတော်တဆ လွတ်ကင်းသွားရသည်ကို သိလိုက်ရပါသည်။
စာအုပ်ထဲတွင်မူ ငွေတိုးချေးစားသူများထံမှ ယဲ့ချန်းနင် အကြွေးယူခဲ့သည့်အကြောင်းကို ဖော်ပြထားခြင်း မရှိပေ။
“တတိယအစ်ကိုရဲ့ သူငယ်ချင်း ကန်းကျစ်ကကော အဲ့ဒီလူတွေက အကြီးစားငွေတိုးချေးစားတဲ့လူတွေဆိုတာ မသိဘူးလား”
ယဲ့ချန်းနင်က ခေါင်းခါသည်။
“သူလည်း မသိဘူး၊ သူ့သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်ခါမှ သိခဲ့ရတာ”
ယဲ့ရှောင်ရှောင်: “ဟုတ်ပါပြီ၊ အစ်ကိုလည်း သတိထားနော်၊ သူများ အကောက်ကြံတာကို မခံရစေနဲ့”
ယဲ့ချန်းနင်၏ မျက်လုံးများ တောက်ပသွားကာ အပြုံးဖြင့် ဆိုုလိုက်သည်။
“နင့်တတိယအစ်ကိုက အခုမှ ပမွှားလေးအဆင့်ပဲရှိသေးတယ်၊ ဘယ်သူက ဂရုစိုက်မှာလဲ၊ ဒါပေမယ့် စိတ်ချပါ၊ ငါဘယ်သူ့ကိုမှ အလွယ်ယုံမှာ မဟုတ်ဘူး”
--- --- ---
ယဲ့ချန်းနင်သည် မိသားစုအတွက် အဝတ်အစားများနှင့် ယွမ် ၅၀၀ တို့ကို ချန်ထားခဲ့ကာ ယဲ့ရှောင်ရှောင် ပြုလုပ်ပေးလိုက်သည့် ဆေးပလာစတာ အိတ်ကြီးကို ပြန်သယ်သွားခဲံပါသည်။
ယဲ့ချန်းနင် ပြန်မည့်နေ့တွင် ယဲ့ရှောင်ရှောင်၊ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ မောင်နှမသုံးဦး ရထားဘူတာထိ လိုက်ပို့ပေးခဲ့ကြသည်။
“မင်းတို့ ပြန်ကြတော့လေ၊ ငါနောက်တစ်ခါ ပြန်လာရင်တော့ အဖေနဲ့ အမေ့ဆီကို ကျိန်းသေပေါက် သွားတွေ့ပါ့မယ်”
ရထားဥဩသံ မြည်ဟည်းလာပြီး ရထားကြီး စတင်ရွေ့လျားသောအခါ ယဲ့ချန်းနင်သည် ရထားပြူတင်းပေါက်မှနေ၍ လက်ကို အားရပါးရ ဝှေ့ယွမ်းလျက် ညီအစ်ကိုမောင်နှမများကို နှုတ်ဆက်ခဲ့ပါသည်။
ယဲ့ချန်းနင် ပြန်သွားပြီးနောက် မောင်နှမသုံးဦးသည် သူချန်ထားပေးခဲ့သည့် ပစ္စည်းများကို ရီဝေစွာကြည့်ရင်း ကျန်ရစ်ခဲ့တော့သည်။
ယဲ့ချန်းယွမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ဒီပစ္စည်းတွေကို အိမ်ယူသွားရင် ဦးလေးဒေါသမထွက်လောက်ပါဦးနော်”
ယဲ့ချန်းရှန့်: “မထွက်လောက်ပါဘူး၊ ငါ့အဖေက ခေါင်းမာတာပဲရှိတာ အသည်းမမာဘူး၊ ဒီပစ္စည်းတွေကိုမြင်ရင် အားလုံးထက်တောင် ပိုဝမ်းသာသွားဦးမယ်”
ယဲ့ချန်းယွမ်က ခါးထောက်ကာ ပြောလိုက်သည်။
“မင်းကတော့ ပြောရလွယ်တာပေါ့၊ မင်းက ပြိုင်ပွဲဝင်ဖို့ မြို့တော်ကို သွားရမယ့်ကောင်၊ ဒီပစ္စည်းတွေအကြောင်းကို ရှောင်ရှောင်နဲ့ ငါနဲ့ပဲ ရှင်းပြရမှာ”
ယဲ့ချန်းရှန့် ဆွံ့အသွားသည်။
“အဲ့တာဆို ငါပြန်လာတဲ့အချိန်ကျမှ တူတူပြန်သွားလို့ရတာပဲ”
ယဲ့ချန်းယွမ်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“မရဘူး! ငါ့အတန်းဖော်တွေကို ကြွားချင်လွန်းလို့ အခုကတည်းက ဝတ်ကြည့်ချင်နေပြီ!”
ယဲ့ချန်းရှန့်: “…”
ယဲ့ရှောင်ရှောင်သည် အဝတ်အစားများကို ယဲ့ချန်းရှန့်လက်ထဲ ထိုးထည့်ပေးလိုက်သည်။
“စကားများမနေကြနဲ့တော့၊ အဖေနဲ့အမေက စိတ်ဆိုးမှာ မဟုတ်ဘူး၊ ဒီအဝတ်အစားတွေကို စတုတ္ထအစ်ကို ပေကျင်းသွားတဲ့အခါကျ ဝတ်သွားရင် အတော်ပဲ”
ယဲ့ချန်းရှန့်: “မဝတ်တာ ပိုကောင်းမယ်၊ ဒါတွေဝတ်ရတာ… အရမ်း လူလုံးထွက်နေသလိုပဲ”
ယဲ့ချန်းယွမ်: “လူလုံးထွက်တော့ ဘာဖြစ်တုန်း၊ မင်းတို့အတန်းက လီပေါ်ဝမ်ဆိုရင် အမြဲတမ်း လူလုံးထွက်နေတာ၊ မင်းသူ့ကို အရှုံးပေးလို့မရဘူးနော်”
ယဲ့ချန်းရှန့် ပြုံးလိုက်သည်။
“ငါက ပညာရေးပဲ စိတ်ဝင်စားတာပါ”
ယဲ့ရှောင်ရှောင်: “စတုတ္ထအစ်ကို၊ ‘လူမှာအဝတ် တောင်းမှာအကွပ်’ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ၊ အဝတ်အစားကောင်းကောင်းဝတ်သွားတာက အပြင်လောကမှာ မလိုအပ်တဲ့ ပြဿနာတွေအများကြီးကို ရှောင်ရှားနိုင်စေတယ်”
မောင်နှမနှစ်ယောက်၏ အတင်းအကျပ် တိုက်တွန်းမှုများကြောင့် နောက်ဆုံးတွင် ယဲ့ချန်းရှန့်လည်း မတတ်သာတော့ဘဲ အဝတ်အစား အသစ်များကို ယူဆောင်သွားရန် သဘောတူလိုက်ရတော့သည်။
--- --- ---
ယဲ့ချန်းရှန့်နှင့် လီပေါ်ဝမ်တို့ မြို့တော်သို့ သွားရောက်ကာ ပြိုင်ပွဲဝင်မည့် ခရီးစဉ်အား ကျောင်းအုပ်ကြီးကိုယ်တိုင် ဦးဆောင်ခဲ့ပါသည်။
ကျောင်းအနေဖြင့် ဤပြိုင်ပွဲကို အလွန်အလေးထားကြောင်း ပေါ်လွင်လှပါသည်။
ထို့အပြင် ခရီးစရိတ်၊ စားစရိတ်နှင် တည်းခိုစရိတ်များကို ကျောင်းက ကျခံမည်ဖြစ်ပြီး ရလဒ်ကောင်းများရခဲ့လျှင် ဆုကြေးပါပေးဦးမည်ဟု ကျောင်းအုပ်ကြီးက ဆိုခဲ့ပါသည်။
လီပေါ်ဝမ်၏ မိသားစုမှာ ပိုက်ဆံမရှားသော်လည်း ဤပြိုင်ပွဲ၏ ရလဒ်ကို အလွန်အမင်း အလေးထားသဖြင့် အဘက်ဘက်မှ ပြင်ဆင်ထားကြပါသည်။
သို့သော် လီပေါ်ဝမ်အတွက် ထူးဆန်းနေသည်မှာ ယခင်တစ်ခေါက်က စာမေးပွဲတွင် အဆင့်တစ်ရရှိထားသည့် ကျောင်းသူသည် ဤပြိုင်ပွဲတွင် အဘယ့်ကြောင့် ပါဝင်မလာသနည်း ဟူသည်ကိုပင်။
ယဲ့ချန်းရှန့်ကလည်း အလွန်ထူးချွန်ပါသည်။
လီပေါ်ဝမ် အမှတ်ကောင်းကောင်း ရနေခြင်းမှာ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် ဉာဏ်ရည်တို့အပြင် အပြင်ကျူရှင်အကူအညီကြောင့်လည်း ပါသေးသည်။
ယဲ့ချန်းရှန့်၏ မိသားစုမှာမူ ထိုကဲ့သို့ အခြေအနေမျိုးမရှိပါ။ သို့သော် စာမေးပွဲတိုင်းတွင် သူ့ကို ရင်ဘောင်တန်းနိုင်စွမ်းရှိသဖြင့် ယဲ့ချန်းရှန့်မည်မျှ ထူးချွန်ကြောင်း သိသာလှပါသည်။
သို့ရာတွင် သူတို့နှစ်ဦးစလုံး၏ ရမှတ်များမှာ ယဲ့ရှောင်ရှောင်ကိုတော့ မယှဉ်နိုင်ခဲ့ကြပေ။
လီပေါ်ဝမ့်ရင်ထဲ သံသယများရှိနေသဖြင့် ရထားပေါ်တွင် အခြေကျသွားသည်နှင့် ကျောင်းအုပ်ကြီးအား ချက်ချင်း မေးမြန်းခဲ့ပါသည်။
“ဆရာကြီး၊ သင်္ချာထူးချွန်ပြိုင်ပွဲမှာ ယဲ့ရှောင်ရှောင်ကို ဘာလို့ ဝင်မပြိုင်ခိုင်းတာလဲ”
ကျောင်းအုပ်ကြီးသည် အထုပ်အပိုးများကို နေရာချပြီးနောက် ပြန်ဖြေလိုက်ပါသည်။
“ငါကကော သူ့ကိုဝင်မပြိုင်စေချင်ဘဲ နေပါ့မလား၊ ယဲ့ရှောင်ရှောင်ကိုယ်တိုင်က ဝင်မပြိုင်ချင်လို့ မပြိုင်ခိုင်းခဲ့တာ၊ အထူးအခွင့်အရေးနဲ့ တက္ကသိုလ်ဝင်ခွင့်ရတာက ကန့်သတ်ချက်တွေများလွန်းလို့တဲ့၊ သူ့ရည်မှန်းချက်ဖြစ်တဲ့ ကျင့်ဟွာတက္ကသိုလ် ဆေးပညာဌာနကို စားမေးပွဲဖြေပြီးပဲ ဝင်ခွင့်လျှောက်မယ်လို့ ပြောနေတာ”
လီပေါ်ဝမ်: “အဲ့တာကြောင့်ကိုး…”
ကျောင်းအုပ်ကြီးက ဆုံးမသည်။
“အဲ့တာကြောင့်ကိုးတွေ လုပ်မနေနဲ့၊ မင်းတို့နှစ်ယောက် သူများကိစ္စအတွက် စိတ်ပူမနေဘဲ ရထားပေါ်မှာ နားစရာရှိတာ နားထားကြ၊ မြို့တော်ကို ရောက်တာနဲ့ ဆယ်ရက်လောက် အပြင်းအထန် လေ့ကျင့်ရမှာ၊ စားမေးပွဲကို စုစုပေါင်း ငါးကြိမ်တိတိစစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့လူကိုမှ တကယ့်လူရည်ချွန်အဖြစ် သတ်မှတ်မှာ”
“အဆင့်တစ်က နည်းနည်းမျှော်လင့်ဖို့ခက်ပေမယ့် အဆင့်နှစ်နဲ့ အဆင့်သုံးလောက် ရဖို့ကိုတော့ ငါတို့တွေ အစွမ်းကုန် ကြိုးစားရမယ်”
ယဲ့ချန်းရှန့်: “…”
လီပေါ်ဝမ်: “…”
ကျောင်းအုပ်ကြီးရဲ့ ရည်မှန်းချက်က တော်တော်မြင့်မားပါလား…
📗 Chapter 48
ယဲ့ချန်းရှန့် ခရီးထွက်သွားသောအခါ အိမ်တွင် ယဲ့ချန်းယွမ်နှင့် ယဲ့ရှောင်ရှောင်တို့ မောင်နှမ နှစ်ဦးသာ ကျန်ခဲ့သည်။
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ထံသို့ အကြိမ်ကြိမ် ဖုန်းခေါ်ဆိုကြည့်သော်လည်း တစ်ဖက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။
နောက်ဆုံးတွင် သူ့ကို ဆက်သွယ်ဖို့ ယဲ့ရှောင်ရှောင် လက်လျှော့လိုက်တော့သည်။ နောင်လည်း ပြန်လည်တွေ့ဆုံဖို့ အခွင့်အရေးရှိလာဦးမည်ဟု သူမ ယုံကြည်ပါသည်။
တစ်နေ့တွင် ယဲ့ရှောင်ရှောင်တို့မောင်နှမနှစ်ဦး အိမ်ပြန်လာကြစဉ် အိမ်ရှေ့သို့ မရောက်မီမှာပင် အိမ်ရာဝင်းအတွင်းမှ အငြင်းပွားနေသံများကို ကြားလိုက်ရလေသည်။
“ဘယ်လိုလုပ်ကြမလဲ၊ ကျောင်းအုပ်ကြီးယွီရဲ့မိသားစုကို အမြန်ဆက်သွယ်ပြီး ဒီကလေးကို ဆေးရုံအရင် ပို့ကြမလား”
“ယွီကျန်း! ဒီကလေးကို တွန်းထုတ်လိုက်တာ နင့်သားပဲ! နင်တာဝန်ယူရမယ်”
“စကားကို ကြည့်ပြောပါ ဒေါ်ကြီး ၊ ကျွန်မတို့ ရှောင်ကျဲလေးက ခုလေးတင် ကျွန်မကို ကူညီပေးနေတာ၊ ဒေါ်ကြီးရဲ့ မြေးကပဲ…”
“ငါ့မြေးက ဘာဖြစ်နေလို့လဲ! ငါမေးပါဦးမယ်၊ ဒီကလေးကို ကစားဖို့ခေါ်တာ နင့်သားမဟုတ်ဘူးလား၊ ရှောင်ကျဲသာ သူ့ကို မခေါ်ခဲ့ရင် ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိဘူးဟဲ့!”
“အခုလောလောဆယ် ရန်မဖြစ်ကြပါနဲ့ဦး! ဒီကလေး စကားမပြောတာ တော်တော်ကြာပြီနော်၊ ဘာလို့အဲ့လောက် ငြိမ်နေရတာလဲ မသိဘူး”
ယဲ့ရှောင်ရှောင် အိမ်ရာဝင်းထဲသို့ ဝင်လာသောအခါ ဒေါ်လေးစွန်းနှင့် အဘွားဝမ်တို့ ကလေးကိုယ်စီနှင့် မတ်တပ်ရပ်နေကြသည်ကို မြင်လိုက်ရသည်။
လူအုပ်ကြီး၏ အလယ်တည့်တည့်တွင် ကောင်လေးတစ်ယောက်သည် ရီဝေနေသော မျက်လုံးများဖြင့် ငုတ်တုတ်လေး ထိုင်နေလေသည်။
ထိုကောင်လေးသည် မည်သူပဲ စကားလာပြောပါစေ တုံ့ပြန်ခြင်းမရှိပေ။
ဘေးပတ်ဝန်းကျင်မှ ပြောသံများကို နားထောင်ကြည့်လိုက်ရာ ဤကလေးမှာ ကျောင်းအုပ်ကြီးယွီသဲ့ရွှေ့၏ မြေးဖြစ်သူ ယွီဟွမ်ဖြစ်ကြောင်း သိခဲ့ရပါသည်။
ကျောင်းအုပ်ကြီးတို့ မိသားစု ဝန်ထမ်းအိမ်ရာအသစ်သို့ ပြောင်းရွှေ့သွားကြသည်မှာ ကြာပြီဖြစ်ရာ ဤကလေးသည် ဤအိမ်ရာသို့ တကူးတက လာကစားခြင်းသာ ဖြစ်ပါလိမ့်မည်။
ယခု သူ့ပုံစံကို အကဲခတ်ကြည့်ခြင်းအားဖြင့် မည်သည့်အရာကို ကြောက်လန့်သွားခြင်းကြောင့်မှန်း မသိနိုင်သော်လည်း တုံ့ပြန်မှုမရှိဘဲ တွေဝေမိန်းမောနေသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။
“အားလုံး ဘာမှမလုပ်ကြနဲ့၊ သူ့နားက ဖယ်ကြ!”
ယဲ့ရှောင်ရှောင် ရှေ့သို့ ပြေးလာပြီး ပြောလိုက်သည်။
“တစ်ခုခုကို ရုတ်တရက် ထိတ်လန့်သွားလို့ အတက်ရောဂါလက္ခဏာပြနေတာ၊ ကျွန်မ အပ်နည်းနည်းစိုက်ပြီး ကုသပေးကြည့်မယ်”
ယဲ့ရှောင်ရှောင်သည် ဒေါ်လေးစွန်းအား ကလေးကို ကြည့်ထားဖို့နှင့် သူ့ကို လှုပ်လှုပ်ရှားရှားမပြုဖို့ မှာကြားခဲ့ပြီး ငွေအပ်များကိုယူဖို့ အိမ်သို့ပြေးသွားခဲ့ပါသည်။
အဘွားဝမ်သည် မြေးဖြစ်သူကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း ပြောလိုက်သည်။
“ဘာလို့ သူများကို အပ်နဲ့လျှောက်ထိုးမှာလဲ၊ အခြေအနေပိုဆိုးသွားရင် ဘယ်လိုလုပ်ကြမလဲ၊ ဆေးရုံတင်လိုက်တာက ပိုမကောင်းဘူးလား”
ယဲ့ရှောင်ရှောင်မှာ ဆေးပညာသင်ယူနေသူဖြစ်မှန်း စွန်းယွီကျန်းသိပါသည်။ သူမ၏ အရည်အချင်း မည်သည့်အတိုင်းအတာအထိ ရှိမှန်းကိုတော့ မသိပေ။
သို့သော် ဤကဲ့သို့အခြေအနေမျိုးတွင် ဆေးပညာရှင်တစ်ဦး၏ ညွှန်ကြားချက်ကို လိုက်နာခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မည်။
“ရှောင်ရှောင်က လူနာကို မရွှေ့သင့်ဘူးလို့ ပြောသွားတယ်”
အဘွားဝမ်က ငေါက်လိုက်သည်။
“နင်က ဘာလို့သူ့စကားနားထောင်နေတာလဲ၊ သူက ကလေးတစ်ယောက် မဟုတ်ဘူးလား၊ ကလေးတစ်ယောက်က ဆေးကုသတဲ့အကြောငင်း ဘာနားလည်မှာလဲ”
စွန်းယွီကျန်းလည်း သည်းမခံနိုင်တော့သည့်အဆုံး ပြန်အော်ငေါက်လိုက်လေသည်။
“ဒေါ်ကြီးဝမ်၊ ကျွန်မရှင်းရှင်းပဲပြောမယ်၊ ဒီကလေးကို တွန်းလိုက်တာ ဒေါ်ကြီးရဲ့မြေးနော်! ဒေါ်ကြီးအဲ့လောက် စိတ်ကောင်းရှိနေရင် သူ့ကိုဆေးရုံတင်ဖို့ ဆေးရုံကား သွားခေါ်လေ!”
ယဲ့ရှောင်ရှောင်လည်း အိမ်ထဲမှ အမြန်ပြန်ထွက်လာသည်။
“အဘွားက ဒီကလေးရဲ့အခြေအနေကို အဲ့လောက်စိုးရိမ်နေရင် အဘွားကိုယ်တိုင် ဆေးရုံလိုက်ပို့ပေးလိုက်ပါလား”
ထိုစကားကြားသောအခါ မကြာသေးခင်ကမှ အော်ဟစ်သောင်းကျန်းနေသည့် အဘွားဝမ်မှာ ရုတ်တရက် နှုတ်ဆိတ်သွားခဲ့ရပါသည်။
ယဲ့ရှောင်ရှောင်သည် ကလေးဆီသို့ လျှောက်သွားပြီး သွေးခုန်နှုန်းကို စစ်ဆေးကာ အခြေအနေအား ခန့်မှန်းလိုက်သည်။
ထို့နောက် သူ့အင်္ကျီကို မ,တင်လျက် နေရာအချို့တွင် အတိမ်အနက်မတူညီအောင် အပ်များကို ထိုးစိုက်လိုက်တော့သည်။
ထို့နောက် ကလေး၏ ငယ်ထိပ်မှ ကျောအလယ်အထိကို လက်ဖြင့် အကြိမ်ကြိမ် ပွတ်တိုက်ပေးလိုက်သည်။
“အီးဟီးဟီး…”
ထိုအခါ ကလေးငယ်မှာ ရုတ်တရက် အော်ငိုလာတော့သည်။
“အံ့ဩစရာကောင်းလိုက်တာ! ခုနက စကားတောင် မပြောနိုင်တဲ့ကလေးက အခုငိုနေပြီ!”
“ဒီကလေးက တကယ့်ဆရာဝန်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”
ယဲ့ရှောင်ရှောင်သည် အပ်များကို ခန္ဓာကိုယ်ပေါ်တွင် ၁၀ မိနစ်ခန့် ထားရှိပြီးနောက် ပြန်လည်နုတ်ယူခဲ့ပါသည်။
“အဆင်ပြေသွားပြီ၊ ကလေးကို ပြန်ခေါ်သွားလို့ရပါပြီ”
စွန်းယွီကျန်းက ယဲ့ရှောင်ရှောင်၏ လက်ကို ဆုပ်ကိုင်ကာ ကျေးဇူးတင်လိုက်ပါသည်။
“ဒီနေ့ ရှောင်ရှောင်ကယ်ပေလို့သာပေါ့၊ ကျေးဇူးအများကြီးတင်ပါတယ်”
“ကျေးဇူးတင်စရာမလိုပါဘူး ဒေါ်လေးစွန်းရဲ့၊ ဆရာဝန်မှန်ရင် လူနာကို ဘယ်တော့မှ ဒီအတိုင်းရပ်ကြည့်မနေနိုင်ပါဘူး”
ငယ်စဉ်ကတည်းက အဘိုးအဘွားများ၏ လက်အောက်တွင် ဆေးပညာကို သင်ယူခဲ့ရသူဖြစ်၍ ဆရာဝန်တစ်ဦး၏ ကိုယ်ကျင့်သီလသည် ဆေးပညာထက်ပင် ပို၍ အရေးကြီးကြောင်း ယဲ့ရှောင်ရှောင် နားလည်ခဲ့ရပါသည်။
သူမအနေဖြင့် ကယ်တင်ပေးနိုင်စွမ်းရှိနေပါက မဆိုင်သူတစ်ဦးပမာ ရပ်ကြည့်နေမည် မဟုတ်ပေ။
စွန်းယွီကျန်းလည်း ယဲ့ရှောင်ရှောင်ကို ကျေးဇူးအကြိမ်ကြိမ်ထပ်တင်လိုက်ပြီး သူမသားနှင့် ယွီဟွမ်တို့ကို ခေါ်ဆောင်သွားတော့သည်။
ယွီဟွမ်လေးကို တွန်းခဲ့သူမှာ သူမသား မဟုတ်သော်လည်း အဘွားဝမ်က ပြောရဆိုရခက်သည့် လူတစ်ယောက်ဖြစ်၍ စကားဆက်များနေလျှင် သူမဘက်က အကျိုးယုတ်ရုံသာ ရှိပါလိမ့်မည်။
သို့သော် ယွီဟွမ်လေးကို အိမ်ပြန်ရောက်အောင် ပို့ပေးပြီးနောက် ဘာမှမဖြစ်ခဲ့သလို ဟန်မဆောင်နိုင်သဖြင့် မိသားစုအား ဖြစ်ကြောင်းကုန်စင်ကို သေချာရှင်းပြခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် လူတစ်ယောက်ကို လမ်းကြုံ ကယ်တင်ပေးခဲ့ခြင်းသာဖြစ်သော်လည်း ထင်မှတ်မထားစွာဖြင့် နောက်တစ်နေ့ ကျောင်းဆင်းချိန်တွင် ကျောင်းအုပ်ကြီးယွီ၏ ဇနီးဖြစ်သူသည် ဆန်အိတ်၊ ဂျုံအိတ်များစွာကို ယူဆောင်ရင်း သူမတို့အိမ်သို့ ရောက်ရှိလာခဲ့လေသည်။
“မနေ့က ဒေါ်လေးသားကို မင်းကယ်ပေးခဲ့တာလို ယွီကျန်းက ပြောပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ် ကလေးမရယ်၊ ဒေါ်လေးတို့မှာ ဒီသားလေးတစ်ယောက်တည်းပဲရှိတာပါ၊ သူသာ တစ်ခုခုဖြစ်သွားရင် ဒေါ်လေးတို့ ဘယ်လိုအသက်ဆက်ရှင်ရမလဲ မသိတော့ဘူး”
အနီရောင်ကော်လံအင်္ကျီ၊ ဓာန်ခရွန်ဘောင်းဘီနှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားသည့် ကျောင်းအုပ်ကြီး၏ဇနီးမှာ အိမ်ထဲသို့ ဝင်လာသည်နှင့် ယဲ့ရှောင်ရှောင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ကျေးဇူးတင်စကားများ အဆက်မပြတ် ဆိုနေခဲ့ပါသည်။
ယဲ့ချန်းယွမ်နှင့် ယဲ့ရှောင်ရှောင်တို့မှာ ကြောင်အမ်းအမ်းပင် ဖြစ်သွားကြရသည်။
ဒေါ်လေးစွန်းရောက်ရှိလာပြီး သေချာရှင်းပြလိုက်မှသာ သူမ မည်သူမည်ဝါဖြစ်မှန်း သိခဲ့ရပါသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ သမီးက လုပ်သင့်တဲ့အရာကိုပဲ လုပ်ခဲ့တာပါ၊ ကျေးဇူးတင်စရာမလိုပါဘူးရှင်”
ယဲ့ရှောင်ရှောင်သည် ဤကဲ့သို့ ကျေးဇူးအတင်ခံရသည့်အခါ နေရခက်လေ့ရှိပါသည်။
“မင်းတို့က အမှတ်(၁) အထက်တန်းကျောင်းက ကျောင်းသားတွေလို့လည်း ယွီကျန်းကပြောတယ်၊ ကျောင်းမှာ အဆင်ပြေကြရဲ့လား၊ အဆင်မပြေရင် ဒေါ်လေးတို့အိမ်ကိုလာခဲ့လေ၊ မင်းတို့နားမလည်တာတွေကို ဒေါ်လေး သင်ပေးပါ့မယ်”
စွန်းယွီကျန်းက ဘေးမှ ဝင်ရှင်းပြသည်။
“ဆရာမကျိုးက အထက်တန်း ရူပဗေဒဘာသာ သင်တာလေ၊ သူကအရမ်းတော်တာ!”
“ကျေးဇူးတင်ပါတယ် ဆရာမကျိုး၊ သမီးတို့ အခက်အခဲတစ်ခုခုရှိရင် အကူအညီလာတောင်းပါ့မယ်၊ ဒါပေမယ့် အခုဆရာမကျိုးယူလာတဲ့ ပစ္စည်းတွေကိုတော့ သမီးတို့ လက်မခံနိုင်ဘူး”
ကျိုးမြောင်သည် ယဲ့ရှောင်ရှောင်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“မင်းတို့က ပိုင်ချွမ်ရွာက လာတာဆို၊ အဲ့မှာ ဆန်စပါးနဲ့ ဂျုံတွေရှားပါးတယ် မဟုတ်လား၊ ဒါတွေကို ပြန်ယူသွားပြီး ချွေတာ စားသောက်ကြပေါ့၊ စမ်းရေလောက်ကျေးဇူးရှိရင် ပင်လယ်ကြီးလောက် ကျေးဇူးပြန်ဆပ်ရတယ်တဲ့၊ ဒါတွေက ဘာမှ မပြောပလောက်ပါဘူး”
စွန်းယွီကျန်းကလည်း တိုက်တွန်းသည်။
“လက်ခံလိုက်ပါဟယ်၊ မဟုတ်ရင် ဆရာမကျိုး စားဝင်အိပ်ပျော်မှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်လည်း လက်ဆောင်ပစ္စည်းများကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါသည်။
အားလပ်ရပ်ရောက်သည့်အခါ ထိုပစ္စည်းများကို အိမ်ပြန်ယူသွားပါမည်။ ကျိုးမြောင်သည် ဆန်နှစ််အိတ်၊ ဂျုံနှစ်အိတ်နှင့် ပဲဆီနှစ်အိုးကို ယူဆောင်လာပေးသည်။
ပုံမှန်အားဖြင့် မိသားစုများသည် ဟင်းချက်ရာတွင် ဝက်ဆီသို့မဟုတ် ကြက်ဆီတို့ကိုသာ အသုံးပြုလေ့ရှိကြသဖြင့် ဤကဲ့သို့ ပဲဆီမျိုးမှာ ရှားပါးပစ္စည်းဟုပင် ဆိုနိုင်ပါသည်။
ပစ္စည်းများမှာ များပြားလွန်းသဖြင့် ယဲ့ရှောင်ရှောင်သည် မြည်းလှည်းတစ်စီးကို ငှားကာ အဘိုးမြောင်၏ အိမ်သို့ ပို့ဆောင်ပေးခဲ့ရသည်။
အိမ်ကိုရောက်သည်နှင့် လက်ဆောင်ပစ္စည်းများကို လှည်းပေါ်မှ ချရသေးည်။
မြောင်ဖုန့်ရှန်း အိမ်ထဲမှထွက်လာသောအခါ ပစ္စည်းအမြောက်အများကို ခြံထဲသို့ သယ်လာသည့် ကလေးနှစ်ယောက်အား မြင်လိုက်ရပါသည်။
“ဘုရားဘုရား အဲ့ဒီပစ္စည်းတွေ ဘယ်ကရလာကြတာတုန်း!”
ယဲ့ချန်းယွမ်က ရှင်းပြသည်။
“အဘိုး၊ အစ်ကိုနင် ပြန်လာသေးတယ်သိလား၊ အဝတ်အစားတွေက မိသားစုအတွက် သူပေးသွားတာတွေ၊ ဆန်တွေ၊ ဂျုံတွေ၊ ဆီတွေကတော့ လူနာတစ်ယောက်ကို ကုသပေးခဲ့လို့ ရှောင်ရှောင်လက်ဆောင်ရတာတွေပါ”
မြောင်ဖုန့်ရှန်း ထပ်မေးလိုက်သည်။
“အဲ့တာဆို မင်းတတိယအစ်ကို ဘာလို့ အိမ်ပြန်မလာတာလဲ”
ယဲ့ချန်းယွမ်က မဝံ့မရဲဖြေလိုက်ပါသည်။
“အစ်ကိုနင် ပြန်ထွက်သွားပြီ”
မြောင်ဖုန့်ရှန်း: “ဒီဆန်ကုန်မြေလေးကတော့…”
ပစ္စည်းများကို အိမ်ထဲသယ်ဆောင်ဖို့ ကူညီပေးရင်း မြောင်ဖုန့်ရှန်းမှာ ခေါင်းတညိတ်ညိတ်နှင့် ဆိုလိုက်သည်။
“အိမ်အတွက် ဆန်ဝယ်ရမယ့်အချိန်ကိုတောင် ရောက်တော့မယ်လို့ ငါတွေးနေတာ၊ မင်းတို့ အခုလို ယူလာတော့ ကောင်းတာပေါ့၊ အခုချိန်မှာ ဆန်တွေဝယ်ဖို့က မလွယ်ဘူး”
ယဲ့ရှောင်ရှောင် မေးထောက်လျက် စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“အဘိုး၊ သမီးတို့ ဒီပစ္စည်းတွေ ရွာကို ဘယ်လိုသယ်ကြမလဲ”
မြောင်ဖုန့်ရှန်း: “လမ်းမကြီးအတိုင်း ပြန်သယ်ရမှာပဲ၊ ဖြတ်လန်းက တောင်စောင်းတွေများတော့ ဒီပစ္စည်းတွေနဲ့ အဆင်ပြေနိုင်မှာ မဟုတ်ဘူး၊ ထွန်စက်တစ်စီးငှားပြီး ပြန်ကြတာပေါ့”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
“ဟုတ်ကဲ့ပါ”
ထွန်စက်ကို မြောင်ဖုန့်ရှန်းကပဲ ရှာဖွေပေးခဲ့ပါသည်။ တစ်မြို့လုံးတွင် တစ်စီးတည်းသာ ရှိသည့် ထွန်စက်လည်း ဖြစ်သည်။
ရာသီဥတုက အေးစိမ့်နေဆဲဖြစ်ကာ သီးနှံစိုက်ပျိုးဖို့ အချိန်မကျရောက်သေးသဖြင့် ထွန်စက်ကို အသုံးပြုစရာမလိုသေးသောကြောင့် ဒရိုင်ဘာကလည်း လိုက်ပို့ပေးဖို့ ချက်ချင်း သဘောတူခဲ့ပါသည်။
ယဲ့ရှောင်ရှောင်: “သမီးတို့နဲ့လိုက်ခဲ့ပါလား အဘိုး၊ အကြာကြီးနေမှာမှ မဟုတ်တာ”
မြောင်ဖုန့်ရှန်းက ခေါင်းခါသည်။
“ဒီအဘိုးကြီးရဲ့ အရိုးတွေက ထွန်စက်စီးဖို့ ခံနိုင်ရည်မရှိတော့ပါဘူး၊ နင်တို့နှစ်ယောက်ပဲ သွားကြပါ၊ ပြီးရင် မြန်မြန် ပြန်လာခဲ့ကြ၊ ညဘက်တွေ လျှောက်မသွားကြနဲ့ဦး”
မြောင်ဖုန့်ရှန်းသည် လမ်းတွင် ကလေးများကို ဂရုစိုက်ဖို့ ဒရိုင်ဘာကိုလည်း မှာကြားလိုက်ပါသည်။ ဒရိုင်ဘာကလည်း မဆိုင်းမတွ ခေါင်းညိတ်ခဲ့လေသည်။