အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
🍋 Chapter 21
လျို့မုယန် ဖခင်ဖြစ်သူသည် ဇနီးသည်၏လှမ်းခေါ်သံကို ကြားသည်နှင့် ချက်ချင်းထလာခဲ့သည်။
"ဘာဖြစ်လို့လဲ"
"ရှင့် သမီးကို ကြည့်လိုက်ဦး၊ ဒီနာရီက တော်တော်ဈေးကြီးမယ့်ပုံပဲ"
သူမ၏ အမေက သာမန်ဟု ထင်ရသော နာရီဗူးကို ကမ်းပေးလိုက်သည်။
လျို့ထျန့်အန်း မျက်မှောင်ကြုတ်သွားသည်။
"ငါ ဒီတံဆိပ်ကို သိပ်မသိဘူး၊ ဈေးနှုန်းက ဘယ်လောက်လဲ"
အမေဖြစ်သူက ချက်ချင်းပင် မေးလိုက်သည်။
"ရှင့်ရဲ့ အထက်လူကြီးကတော် ဝတ်ထားတာ ကျွန်မ တစ်ခါတွေ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒါက စိန်တွေပါတော့ ယွမ်တစ်သောင်းကျော် တန်တာပေါ့။ ဒါကလည်း ယွမ်ငါးသောင်း၊ ခြောက်သောင်းလောက်တော့ ရှိမှာပဲ"
"ယန်ယန်... ဒီနေ့ သမီး ဘယ်သူနဲ့ အပြင်သွားတာလဲ" သူမဖခင်က ချက်ချင်း မေးလိုက်သည်။
လျို့မုယန်သည် သူမ၏ ဘယ်ဘက်လက်ကို နောက်ကျောတွင် ဝှက်ထားသဖြင့် သူတို့နှစ်ဦးစလုံး နောက်ထပ် နာရီတစ်လုံးကို သတိမထားမိကြပေ။
"ကျွန်မ အတန်းဖော် ကျိုးထျန်းနဲ့ပါ။ စာမေးပွဲပြီးတဲ့နေ့က ဟိုင်ယန် အမှတ်(၁) မှာ သူနဲ့ ဆုံခဲ့တာ"
"ဩော်... အဲ့ဒီမိသားစုလား" လျို့ထျန့်အန်း ချက်ချင်း မှတ်မိသွားသည်။
"အဲ့ဒီ ဆင်းရဲတဲ့ ကောင်လေးလား။ ဒီနာရီက အတုကြီး မဟုတ်ပါဘူးနော်"
ကျိုးထျန်း၏ အမည်ကို ကြားသည်နှင့် သူမအမေ၏ မျက်နှာမှာ နှာခေါင်းရှုံ့သည့် အမူအရာ ပေါ်လာသည်။
ကျိုးမိသားစုတွင် စားသောက်ဆိုင်လေး တစ်ဆိုင်ရှိကြောင်း သူမသိထားသဖြင့် သူတို့၏ စီးပွားရေးအခြေအနေမှာ သာမန်သာ ဖြစ်လိမ့်မည်ဟု တွေးထားခြင်း ဖြစ်သည်။
"အမေကလည်း အဲ့လို မပြောပါနဲ့။ ကျွန်မတို့ ဆိုင်မှာပဲ တိုက်ရိုက် ဝယ်ခဲ့တာပါ"
ကျိုးထျန်းအပေါ် သူမအမေ၏ သံသယကို ကြားရသော အခါ လျို့မုယန် စိတ်မသက်မသာ ဖြစ်သွားသည်။
"ဟေး... ဆိုင်မှာလည်း အတုဖြစ်နိုင်တာပဲ။ သူက ဝန်ထမ်းကို လာဘ်ထိုးထားတာ ဖြစ်မှာပေါ့"
"အမေ... သူ အဲ့လိုလူမျိုး မဟုတ်ပါဘူး"
"အို... လျို့အို၊ ဟိုဆင်းရဲတဲ့ ကောင်လေးကို ကြည့်စမ်း။ သူက လှည့်ကွက်တွေ သုံးပြီး ရှင့်သမီးကို အရူးလုပ်နေတာ။
အဲ့လိုလူမျိုးက 'ဖားသူငယ်က ငန်းသားစားချင်နေတာ' မျိုးပဲ။ ကျွန်မတို့ ယန်ယန်က ဒီလောက်လှတာ၊ အဲ့ကောင်လေးက အိမ်မက်မက်နေတာပဲ ဖြစ်ရမယ်"
လျို့မုယန် နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း ဘာမှ ပြန်မရှင်းပြတော့ပေ။
သူမ၏ အမေအကြောင်းကို သူမ ကောင်းကောင်း သိသည်။ တခြားအရာတွေမှာ အဆင်ပြေသော်လည်း ဖခင်ဖြစ်သူနှင့်အတူ လူမှုရေးပွဲတွေသွားရင်းဖြင့် ချမ်းသာသော အမျိုးသမီးများ၏ စရိုက်ဆိုးများ ကူးစက်နေခြင်းဖြစ်သည်။
ယခုဆိုလျှင် သူမအမေသည် အဆင့်အတန်း ခွဲခြားတတ်လာပြီး လူတိုင်းကို အထင်သေးတတ်ကာ သူမ သမီးနှင့် ထိုက် တန်ရန်မှာ ဘီလီယံနာတစ်ယောက် ဖြစ်မှသာ ရမည်ဟု တွေးတောနေတတ်သည်။
လျို့မုယန် ထပ်ပြီး နားမထောင်ချင်တော့သဖြင့် အိတ်ကိုဆွဲကာ သူမ၏ အခန်းထဲသို့ ပြေးဝင်ပြီး တံခါးကို ဒုန်းခနဲ ပိတ်လိုက်တော့သည်။
...
သေချာပေါက်ပင် ကျိုးထျန်းသည် ဤအကြောင်းများကို မသိပေ။ အကယ်၍ လျို့မုယန်၏ အမေ ဘာတွေးနေသလဲဆိုသည်ကို သူသာ သိပါက...
‘မျက်နှာတန်ဖိုး ၈၈ မှတ် ရှိတဲ့ ဖားသူငယ်ကို ခင်ဗျား ဘယ်မှာ တွေ့ဖူးလို့လဲ!” ဟု ပြန်ပြောပေလိမ့်မည်’
ယခုမူ သူ၏ စိတ်အာရုံမှာ အချိန်ကန့်သတ်ချက်ရှိသော တာဝန်ပေါ်တွင်သာ ရှိနေသည်။
‘ဒီတာဝန်ကို အစီအစဉ် သေချာဆွဲရမယ်။ အဆ ၁၀၀ ဆုလာဘ် ဆပွားခြင်းကို အသုံးချပြီး ပြီးမြောက်အောင် လုပ်ရမယ်’
‘အဲ့ဒါက ၃ မိနစ်အတွင်းမှာ တာဝန်တစ်ခုလုံးကို အပြီးသတ်ရမယ်လို့ ဆိုလိုတာပဲ’
သူ အိမ်ပြန်ရောက်သောအခါ မိဘများ ရှိမနေပေ။ သူသည် အခန်းထဲသို့ ပြန်ဝင်ကာ ည ၁၀ နာရီလောက်တွင် စတင် တိုက်စစ်ဆင်ရန် စောင့်ဆိုင်းနေသည်။
“လျို့မုယန် ပြောတာ ကြားဖူးတယ်၊ သူမက အလယ်တန်းတုန်းက ကျောင်းသားကိုယ်စားလှယ် ဖြစ်ခဲ့တော့ တစ်ကျောင်းလုံးက ကျောင်းသားတွေကို သိနေတာ။ အဲ့ဒါကြောင့် သူမရဲ့ WeChat သူငယ်ချင်း အရေအတွက်က ငါ့ထက် အများကြီး ပိုများမှာပဲ”
“ငါ့ဆီကနေ အချဉ်ဓာတ် ၃ သန်းလောက် ရနိုင်မယ်လို့ ခန့်မှန်းပြီး ကျန်တဲ့ ၅ သန်းကိုတော့ လျို့မုယန် အပေါ်မှာပဲ မူတည်ရတော့မယ်”
“တာဝန်က ၁၂ နာရီပဲ ကြာတာဆိုတော့ ငါ့မှာ အခွင့်အရေး တစ်ခါပဲ ရှိနိုင်တယ်!”
သူသည် 'ဇာတ်ကောင် သတင်းအချက်အလက်ကတ်' ကို အလွန် ရချင်နေသည်။
အဘယ်ကြောင့်ဆိုသော် စနစ်မှ ပေးသမျှ အရာအားလုံးမှာ အမြဲတမ်း အသုံးဝင်သည် မဟုတ်ပါလား။
ည ၁၀ နာရီခွဲလောက်တွင် သူ လျို့မုယန်ဆီသို့ WeChat မက်ဆေ့ခ်ျ ပို့လိုက်သည်။
"အတန်းခေါင်းဆောင်... WeChat Moments မှာ ပုံတင်ရမယ့် အချိန်ရောက်ပြီနော်"
လျို့မုယန်က ချွေးထွက်နေသည့် Emoji လေးဖြင့် ပြန်ဖြေခဲ့သည်။ သို့သော် တစ်မိနစ်မပြည့်မီမှာပင် သူမ WeChat Moments တွင် တင်လိုက်သည်ကို သူ တွေ့လိုက်ရသည်။
"အိမ်မက် မက်နေသလိုပဲ"
တွဲတင်ထားသည့် ပုံမှာ သူမ၏ လက်ကောက်ဝတ်တွင် နာရီဝတ်ထားသည့် ပုံဖြစ်သော်လည်း မျက်နှာကိုတော့ မပြထားပေ။
"ကဲ... ငါ့အလှည့်ပဲ"
သူသည် ပြင်ဆင်ထားသော ပုံများကို ချက်ချင်း တင်လိုက်သည်။ သူကတော့ ပုံနှစ်ပုံ တင်လိုက်ခြင်း ဖြစ်သည်။
ပထမပုံမှာ လျို့မုယန် သာမန်နာရီကို ဝတ်ထားသည့် ပုံဖြစ်ပြီး
"ဈေးပေါတဲ့ နာရီပဲ၊ ပျက်သွားလည်း နှမြောစရာ မရှိဘူး"
ဒုတိယပုံကတော့ ချက်ချင်း ကပ်လျက် ထွက်လာသည်။
"အမည်းနဲ့ အဖြူက အလိုက်ဖက်ဆုံးပဲ!"
ထိုပုံမှာ သူတို့နှစ်ဦး နာရီဝတ်ထားသည့် လက်ကောက်ဝတ် နှစ်ခုကို တင်းတင်းကြပ်ကြပ် ကပ်ထားသည့် ပုံဖြစ်ကာ မျက်နှာကို မပြထားဘဲ လက်များကိုသာပြထားသည်။
ပြီးပြီ။
ကျိုးထျန်း၏ အတန်း Group မှာ ယခုအခါ ပါပါရာဇီ အုပ်စုတစ်ခုလို ဖြစ်နေပြီး လူများစွာက သူ WeChat Moments တွင် ဘာတင်မလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။
အများစုမှာ ယောကျ်ားလေးများ ဖြစ်ကြသည်။ မိန်းကလေးများကတော့ တခြားသူ၏အချစ်ရေးကို ပိုစိတ်ဝင်စားကြပြီး ချမ်းသာကြွယ်ဝမှုကိုတော့ စိတ်ဝင်စားမှု နည်းပါးကြသည်။
ထိုနေ့က ပိုင်ဆိုင်မှုလက်မှတ် အခု ၂၀ ကျော်ကို မြင်တွေ့ခဲ့ရပြီးနောက် အတန်းဖော်များမှာ ကျိုးထျန်းနှင့် ပတ်သက်သည့် သတင်းများကို ပို၍ စိတ်ဝင်စားလာကြသည်။
လူများစွာက သူ၏ မိသားစု နောက်ခံအကြောင်းကို စတင် စုံစမ်းခြင်းများလုပ်နေကြပြီ ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီး ပြီးသွားပြီဖြစ်၍ လူတိုင်းမှာ အားလပ်နေကြသဖြင့် အတင်းအဖျင်း သတင်းများက ပို၍ စိုပြေနေတော့သည်။
"သတင်းထူးဟေ့! သတင်းထူး! ကျိုးထျန်း WeChat Moments မှာ ထပ်တင်လိုက်ပြန်ပြီ၊ မြန်မြန် သွားကြည့်ကြဦး!"
"သွားကြစို့၊ ဇာတ်လမ်းကြည့်ရအောင်"
"နောက်ထပ် ပိုင်ဆိုင်မှုလက်မှတ်တွေ ထပ်ပြဦးမှာလား။ ငါ့နှလုံးသားက အဲ့ဒီလောက် ရင်ခုန်တာကို မခံနိုင်ဘူးနော်"
"ဟဲဟဲ... ဒါက ပိုင်ဆိုင်မှုလက်မှတ်တွေထက်တောင် ပိုပြီး ရင်ခုန်စရာ ကောင်းသေးတယ်!"
"ဟမ်? အဲ့ဒါထက် ပိုကောင်းတာ ရှိသေးလို့လား။ ဘာလဲဟ"
"ကိုယ်တိုင် သွားကြည့်လိုက်၊ မြန်မြန်!"
ထိုသူက Group ထဲတွင် ပြောလိုက်သည်နှင့် မိန်းကလေးတစ်ယောက်က လူတိုင်းကို Tag တွဲလိုက်သည်။
"အို ဘုရားရေ! လျို့မုယန်လည်း WeChat Moments မှာ တင်ထားတယ်!"
"လျို့မုယန်က Moments မှာ တင်ခဲပါတယ်၊ ဒီနေ့ ဘာဖြစ်တာလဲ"
"Group ထဲမှာ နာရီအကြောင်း သိတဲ့သူ ရှိလား။ လာကြည့်ပေးကြပါဦး!"
"ဘာဖြစ်လို့လဲ။ ငါ့မှာ နာရီစုဆောင်းတဲ့ ဆွေမျိုးတွေ ရှိတယ်"
"ဒါကို ကြည့်လိုက်ဦး"
ပုံများ၊ ပုံများ၊ ပုံများ...
"..."
"!!!"
"ဒါ လျို့မုယန်ရဲ့ Moments ဟုတ်လား"
"အင်း၊ ကျန်တဲ့ နှစ်ပုံကတော့ ကျိုးထျန်းဆီက"
"နင့်ဆွေမျိုးက ဘာပြောလဲ"
"သူကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားတာပဲ။ ငါ့အတန်းဖော် မိသားစုရဲ့ စီးပွားရေး အခြေအနေက ဘယ်လိုလဲ၊ သူတို့က တကယ် ချမ်းသာတာလားလို့ ငါ့ကို လာမေးနေတယ်"
"ဝါး... ဒီနာရီတွေက အဲ့လောက်တောင် ဈေးကြီးလို့လား"
"ဟူး... ငါ နာရီမော်ဒယ် နံပါတ်တွေ ပို့ပေးလိုက်မယ်၊ ကိုယ့်ဘာသာပဲ ရှာကြည့်ကြတော့။ ငါတော့ တကယ်ကို မနာလိုဖြစ်နေပြီ"
"J12H4563, J12H2918, J12H1629"
"အို ဘုရားရေ! ဒီနာရီ သုံးလုံးက ယွမ် ၁.၄ သန်းတောင် ကျတာလား!"
"အဲ့ဒါထက် ပိုဦးမယ်။ 4563 က Limited Edition လေ၊ အပိုကြေးပေးမှ ဝယ်လို့ရတာ"
"ငါ ကျိုးထျန်းကို မေးချင်တာက... ငါ့အတွက် အခွင့်အရေး ရှိသေးလားလို့"
"ဝမ်ချင်း... အိမ်မက်မက်မနေနဲ့တော့။ သူ့မှာ လျို့မုယန် ရှိနေပြီပဲ၊ နင့်ကို ဘာလို့ စိတ်ဝင်စားမှာလဲ!"
အတန်း Group မှာ နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်ပြီး ယခင်ကထက် တုံ့ပြန်မှုက ပိုပြင်းထန်နေသည်။
အဘယ်ကြောင့်ဆိုသော် အိမ်များမှာ ဘယ်လောက်ပဲ များများ၊ ၎င်းတို့မှာ ပုံသေပိုင်ဆိုင်မှုများဖြစ်ပြီး မိသားစုပိုင်ဆိုင်မှုတွေ ဖြစ်တတ်သည်။
သို့သော် ယခုအခါ မတူညီပေ။
နာရီဆိုသည်မှာ အသုံးအဆောင်ပစ္စည်းများဖြစ်ပြီးဝယ်လိုက်သည့် အချိန်ကစ၍ တန်ဖိုးကျဆင်းသွားတတ်သည်။
Limited Edition ဖြစ်မှသာ ရင်းနှီးမြှုပ်နှံမှု ဖြစ်နိုင်ပေလိမ့် မည်။
ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးထားလျှင်ပင် အလကား ပေးပစ်သည် ဆိုသည်မှာ...
လျို့မုယန်က သူ့ရည်းစား ဖြစ်နေရင်တောင် ဒါက ရက်ရောလွန်းနေပြီ။ ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုး ပေးဖို့ဆိုတာ...
Group ထဲက မိန်းကလေးတချို့က စတင် ဝေဖန်လာကြသည်။
"ဒါက ဖက်ရှင်နာရီတွေပဲကို၊ ဘာများ ဟုတ်နေလို့လဲ"
"ဟုတ်ပ၊ လူမှုကွန်ရက်ပေါ်မှာ ချမ်းသာကြောင်း ကြွားနေတာ တကယ့်ကို အဆင့်အတန်း မရှိတာပဲ"
"ဒီလိုနာရီမျိုး ဝယ်တဲ့သူတွေက အရူးတွေပဲ"
...
သို့သော် ထိုမိန်းကလေးများမှာ တခြားသူများ၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။
"ကျန်းမုံမုံ... နင့်ရဲ့ နာရီပုံလေး တင်ပြပါဦး"
"ကျန်းမုံမုံ... နင့်ရဲ့ နာရီပုံလေး တင်ပြပါဦး"
"ငါလည်း ကြည့်ချင်တယ်"
"ငါလည်းပဲ"
ဤကဲ့သို့သော မေးခွန်းများစွာက သူတို့၏ ဒေါသကို အကုန်လုံး ငြှိမ်းသတ်ပစ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လျို့မုယန်၏ Post တွင် Like ၃၀၀ ကျော်နှင့် Comment ၅၀၀ ကျော် ရရှိသွားသည်။ မေးခွန်းအများစုမှာ "ဒီနာရီကို ဝယ်လိုက်တာလား" ဆိုသည်များပင်။
သူမသည် လူမှုကွန်ရက်ပေါ်တွင် ကြွားဝါရခြင်းကို အစပိုင်းတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း ကျိုးထျန်း၏ တောင်းဆိုမှုကိုတော့ မငြင်းနိုင်ခဲ့ပေ။
ယွမ် တစ်သန်းကျော်တန်တဲ့ နာရီတစ်လုံးကို Post တစ်ခုနဲ့ လဲရတာ ရှုံးတာလား?
သေချာပေါက် မရှုံးပေ။ တခြားမိန်းကလေးသာဆိုရင် ပုံတွေ အများကြီးတောင် တင်နေလောက်ပြီ ဖြစ်သည်။
သူမ လက်ကောက်ဝတ်ရှိ နာရီကို ကြည့်ရင်း ကျိုးထျန်းအကြောင်းကို တွေးနေမိသည်။
ထိုအချိန်တွင် ကျိုးထျန်းကတော့ သူ့ရှေ့က အချဉ်ဓာတ် အချက်အလက်တွေကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
‘စက္ကန့် ၃၀ ပဲ လိုတော့တယ်။ တစ်ခါတည်းနဲ့ ၈ သန်း ပြည့်နိုင်မလား ကြည့်ရအောင်’
🍋 Chapter 22
ရေတွက်နေသည့် နာရီစက္ကန့်လေးများ တဖြည်းဖြည်း လျော့နည်းလာသည်ကို ကြည့်ရင်း သူ့နှလုံးခုန်သံတွေ မြန်လာသည်။
“အချိန်ပြည့်ပြီ!”
သူ အလျင်အမြန်ပင် သူ့ရဲ့ အမှတ်စာရင်းကို စစ်ဆေးလိုက်သည်။ စနစ် (System) ဆီက ဘာအသိပေးချက်မှ ထွက်မလာခဲ့ပေ။ ဆိုလိုသည်မှာ တာဝန်က မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
“အချဉ်ဓာတ် ၆.၈၃ သန်းပဲ ရှိသေးတယ်၊ အများကြီး လိုနေသေးတာပဲ”
ဟူး...
သူ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
‘ဒီတာဝန်ကတော့ မဖြစ်နိုင်တော့ဘူး ထင်တော့ ထင်ပါတယ်။ အခုချိန်မှာ ငါ ဘာတွေပဲ ထပ်လုပ်လုပ်၊ ဒီလူတွေ အရင်လောက်တော့ ချဉ်(မနာလို)ကြမှာ မဟုတ်တော့ဘူး’
လီမွန်သီးများမှာ ခူးဆွတ်ဖို့အတွက် ကြီးထွားလာရန် လိုအပ်သလို၊ ကြက်သွန်မြိတ်များမှာလည်း ရိတ်သိမ်းရန်အတွက် အပင်ပေါက်လာဖို့ လိုအပ်သည် မဟုတ်ပါလား။
‘အချဉ်ဓာတ် အများကြီးကနေ ထွက်လာမယ့် အဆ ၁၀၀ ဆုလာဘ် မပါဘဲနဲ့တော့ ကျန်တဲ့အချိန်လေးအတွင်းမှာ အချဉ်ဓာတ် ၁.၂ သန်း ရဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ဘူး’
‘နှမြောစရာပဲ၊ အဲ့ဒီ ‘ဇာတ်ကောင် သတင်းအချက်အလက်ကတ်’ ကို တကယ် ရချင်ခဲ့တာ’
‘နှမြောစရာကောင်းပေမဲ့ အနည်းဆုံးတော့ အချဉ်ဓာတ်တွေ အများကြီး ရလိုက်တာပဲ၊ မရှုံးပါဘူး’
‘ပြီးတော့ လျို့မုယန်နဲ့လည်း ပိုပြီး ရင်းနှီးသွားတယ်’
‘ဟူး... မရှုံးပါဘူးလေ”’
သူ့ကိုယ်သူ နှစ်သိမ့်ရင်း သူ လျို့မုယန်ဆီကို မက်ဆေ့ခ်ျ စပို့လိုက်သည်။ သံပူတုန်း နာနာထုရမည် မဟုတ်ပါလား။
တစ်ဖက်မှာလည်း လျို့မုယန်သည် သူမ၏ ရင်းနှီးသော သူငယ်ချင်းအချို့ကို ပြန်စာပို့နေသည်။
ထိုအချိန်တွင် သူမ၏ အမေသည် တံခါးပင် မခေါက်ဘဲ အခန်းထဲသို့ ဝင်လာခဲ့သည်။
ဖန်ယုံကျင်းသည် အကြာကြီး စဉ်းစားပြီးနောက် သူမ၏ သမီးကို ဆင်းရဲတဲ့ ကောင်လေးမှာ လိမ်ညာလှည့်ဖြားမှာ စိုးရိမ်သဖြင့် သေချာ စကားပြောရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လျို့ထျန့်အန်းကတော့ ဤကိစ္စကို စိတ်မဝင်စားဘဲ သူ့သမီး၏ ဆုံးဖြတ်ချက်ကိုသာ ယုံကြည်ထားသည်။
“ယန်ယန်... အမေ ပြောမယ်၊ အဲ့ဒီ ကျိုးထျန်းဆိုတဲ့ ကောင်လေးနဲ့ ထပ်ပြီး မပတ်သက်နဲ့တော့။ သူ့လို လူမျိုးက...”
လျို့မုယန်သည် ရုတ်တရက် ဝင်လာသော အမေဖြစ်သူကြောင့် လန့်သွားပြီး ထိုင်ခုံမှ ထရပ်လိုက်သည်။
သူမ၏ လက်ကောက်ဝတ်တွင် စိန်နာရီကို ဝတ်ထားဆဲပင် ဖြစ်သည်။
သူမသည် ထိုနာရီကို အလွန်သဘောကျသဖြင့် ငေးကြည့်နေခဲ့ခြင်း ဖြစ်သည်။ အခု အမေဖြစ်သူ ဝင်လာသည်ကို မြင်သောအခါ သူမ၏ လက်ကို ကျောနောက်သို့ အမြန် ဝှက်လိုက်သည်။
“ဘာကို ဝှက်နေတာလဲ၊ လက်ကို ပြစမ်း”
သူမ၏ အပြုအမူကို အမိဖမ်းမိသွားပြီး အမေဖြစ်သူက သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်သည်။
“ဒါ... ဘာလို့ နောက်ထပ် နာရီတစ်လုံး ရှိနေရတာလဲ”
“ဟမ်... ဒါက ရှေ့က တစ်လုံးနဲ့ မတူဘူးပဲ၊ စိန်တွေက အများကြီးပါလား!”
ဖန်ယုံကျင်းသည် နာရီအကြောင်း ကောင်းကောင်း မသိသော်လည်း စိန်အကြောင်းကိုတော့ သိသည်။
နာရီပေါ်က စိန်အလုံး ၃၀၀ ကျော်ကြောင့် သူမ မျက်လုံးတွေပင် ကျိန်းသွားရသည်။
“ဟိုကောင်လေးပဲ ဝယ်ပေးတာလား”
လျို့မုယန် သက်ပြင်းချလိုက်သည်။ မိသွားပြီဆိုမှတော့ ဖုံးကွယ်ထားစရာ မလိုတော့ပေ။
“ဟုတ်ကဲ့... ဟိုနာရီနဲ့ အတူတူ ဝယ်ခဲ့တာပါ။ သူက ဟိုတစ်ခုက ပိုဈေးပေါလို့ ပျက်သွားရင်တောင် နှမြောစရာ မရှိဘူးလို့ ပြောတယ်”
ဖန်ယုံကျင်းသည် ထိုစကားကြောင့် အံ့ဩသွားသော်လည်း အတုဖြစ်မည်ဟုသာ ချက်ချင်း တွေးလိုက်မိသည်။
“ယန်ယန်... ဒါက သေချာပေါက် အတုပဲ ဖြစ်ရမယ်။ အဲ့ဒီကောင်လေးက ကြည့်ရတာ ပွေလီပြီး လူကောင်းပုံ မပေါက်ဘူး”
“အမေ... ဒါက Limited Edition ပါ၊ ၅၀ ပဲ ရှိတာ။ အမေ မယုံရင် Serial Number ကို စစ်ကြည့်လို့ ရတယ်” လျို့မုယန် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
သူမ အမေမှာ အမြဲတမ်း ဤသို့ပင်။
“ကောင်းပြီလေ... အမေ စစ်ကြည့်မယ်။ မယုံနိုင်စရာပဲ”
ဖန်ယုံကျင်းက သူမ၏ ဖုန်းကို ထုတ်ကာ Chanel ၏ တရားဝင် ဝဘ်ဆိုဒ်ထဲသို့ ဝင်ကြည့်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူမ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သမီးဖြစ်သူကို မယုံနိုင်သလို ကြည့်လိုက်သည်။
“ယန်ယန်... ဒီနာရီက ဒီလောက်တောင် ဈေးကြီးတာလား!”
လျို့မုယန် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို... သမီးနဲ့ အဲ့ကောင်လေးနဲ့ တစ်ခုခု ဖြစ်ခဲ့ကြသေးလား”
“အမေကလည်း... ဘာတွေ တွေးနေတာလဲ။ ကျွန်မတို့ လက်တောင် မကိုင်ရသေးပါဘူး”
ဖန်ယုံကျင်း မှင်သက်သွားသည်။ အခုခေတ် လူငယ်တွေက ဒီလောက်တောင် ကြွယ်ဝနေကြပြီလား။
‘လက်တောင် မကိုင်ရသေးဘဲနဲ့ ယွမ်သန်းချီတန်တဲ့ နာရီကို ဒီတိုင်း ပေးလိုက်တယ်ပေါ့?’
“အဲ့ဒီကောင်လေး... ကျိုးထျန်းရဲ့ မိသားစုက ဘာလုပ်တာလဲ။ ဆိုင်သေးသေးလေး ဖွင့်ထားတာ ဆို။ ဘာလို့ ဒီလောက် ချမ်းသာနေရတာလဲ”
“ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ သူတို့မှာ အိမ်တွေ အလုံး ၂၀ နီးပါး ရှိတယ်”
လျို့မုယန်က လွန်ခဲ့သော ရက်အနည်းငယ်က ကျိုးထျန်း တင်ထားသည့် WeChat Moments က ပိုင်ဆိုင်မှုလက်မှတ် ပုံတွေကို ပြလိုက်သည်။
“ဝါး... ပိုင်ဆိုင်မှုလက်မှတ်တွေ အများကြီးပါလား! ဘယ်နားမှာ ရှိတာပါလိမ့်”
ဖန်ယုံကျင်းက စိတ်ထဲကနေ တွက်ချက်လိုက်သည်။ ရှန်ဟိုင်းက သာမန် အိမ်အိုလေးတွေတောင် ယွမ်သန်းချီ တန်ကြသည် မဟုတ်ပါလား။
“ယန်ယန်... သမီးတို့ နှစ်ယောက် ဘယ်အဆင့်ကို ရောက်နေပြီလဲ။ အမေ့ကို အမှန်အတိုင်း ပြောပြစမ်းပါ” သူမကတော့ မယုံနိုင်သေးပေ။
ယောင်္ကျားများအကြောင်းကို သူမ သိသည်။
တစ်ခုခုကို မရဘဲနဲ့တော့ ဒီလောက် အကုန်အကျ ခံမည် မဟုတ်ပေ။
“လက်တောင် မကိုင်ရသေးပါဘူးဆို။ သူက စာမေးပွဲပြီးလို့ လက်ဆောင်ပေးတာလို့ ပြောတာပဲ။ ဒါနဲ့... သူ့ရဲ့ အမှတ်က ကျွန်မထက်တောင် ပိုများသေးတယ်”
အမေဖြစ်သူ၏ သံသယများမှာ တဖြည်းဖြည်း ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ငါ့သမီးတော့ ကံထူးပြီ ထင်တယ်”
“ယန်ယန်... သမီး ကျိုးထျန်းနဲ့ ပိုပြီး ရင်းနှီးအောင် လုပ်သင့်တယ်။ သူက ရုပ်လည်းချောတယ်၊ စာလည်း တော်တယ်”
“အမေကလည်း... ခုနကပဲ သူက ပွေလီပြီး လူကောင်းပုံမပေါက်ဘူး ဆိုပြီးတော့၊ အခုကျတော့ ရုပ်ချောတယ် ဖြစ်သွားပြန်ပြီ”
“ဘာဖြစ်လဲ... ဒါပေမဲ့ သတိထားနော်၊ မရနိုင်တဲ့အရာက အမြဲတမ်း အကောင်းဆုံးပဲ၊ သမီးရဲ့ ငယ်ရွယ်နုပျိုမှုကို အသုံးချပြီး ကိုယ့်အတွက် ပိုင်ဆိုင်မှုတွေ စုဆောင်းထား တခြားယောင်္ကျားလေးတွေနဲ့ ရင်းနှီးတာလည်း ပြဿနာ မရှိဘူး”
လျို့မုယန် မျက်မှောင်ကြုတ်မိသွားသည်။ သူမ၏ အမေမှာ သူမအား ရည်းစား များများထားရန် အရိပ်အမြွက် ပြောနေခြင်းပင်!
“ဒီနာရီကို အမေ့ကို ခဏလောက် ငှားပါဦး။ ပြီးခဲ့တဲ့အပတ်က သမီးအဖေရဲ့ အထက်လူကြီးက သူ့မိန်းမကို ယွမ်တစ်သိန်းကျော်တန်တဲ့ နာရီ ဝယ်ပေးတယ်ဆိုပြီး ပါတီမှာ လာကြွားသွားသေးတယ်၊
အခု ငါ့မှာ ဒီလောက် ဈေးကြီးတဲ့ နာရီရှိတာကို သိသွားရင် သူတို့ မျက်နှာတွေ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ချင်သေးတယ်”
“ဟင်... အမေ၊ အဲ့လို မလုပ်ပါနဲ့”
သူမ တားချိန်ပင် မရလိုက်ဘဲ ဖန်ယုံကျင်းမှာ နာရီကို ယူပြီး ထွက်သွားတော့သည်။
သူမ၏ အမေ လုပ်ရပ်ကြောင့် ဖခင်ဖြစ်သူ ဒုက္ခရောက်မှာကို လျို့မုယန် အမြဲ စိုးရိမ်နေခဲ့ရသည်။
လွန်ခဲ့သော နှစ်နှစ်က ဖခင်ဖြစ်သူ ရာထူးတက်လာကတည်း က သူမ၏ အမေမှာ ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာ ပိုပြီး မက်မောလာကာ တခြားသူတွေနဲ့ နှိုင်းယှဉ်ရတာကို အလွန် ဝါသနာပါလာခဲ့သည်။
သေချာပေါက်ပင် ဖန်ယုံကျင်းသည် နာရီကို ဝတ်ကာ ချမ်း သာသော အမျိုးသမီးများ၏ Group တွေထဲမှာ ဓာတ်ပုံရိုက် တင်လိုက်သည်။
ရလဒ်အနေဖြင့် သူမကို အလွန် ကျေနပ်စေခဲ့သည်။ ချီးကျူးစကားများစွာက သူမ၏မာနကို အပြည့်အဝ ဖြည့်ဆည်းပေးလိုက်သည်။
ကျိုးထျန်းသည် လျို့မုယန် အမေ၏ အမည်ကို မသိပေ။ အကယ်၍ သိခဲ့ပါက ဖန်ယုံကျင်းသည် သူမ၏ သမီးအပေါ် ၉၉ ရာခိုင်နှုန်းသော မနာလိုမှု တွေ ခံစားနေရသည်ကို သူ တွေ့ရှိမည် ဖြစ်သည်။
သူမ၏ အပြုအမူက သူမကိုယ် သူမ ကျေနပ်စေရုံသာမက ကျိုးထျန်းကိုလည်း အံ့ဩသွားစေခဲ့သည်။
‘ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး မနာလိုမှုတွေ ဒီလောက် အများကြီး ပေါ်လာရတာလဲ။ အမြင့်ဆုံး အဆင့်တွေတောင် အများကြီးပါလား!’
ကျိုးထျန်းကတော့ လက်လျှော့လိုက်ပြီ ဖြစ်သော်လည်း မျှော်လင့်မထားဘဲ အချဉ်ဓာတ်တွေ ရုတ်တရက် တိုးလာခဲ့သည်။
မနာလိုမှု အမှတ်များမှာ ၈ သန်းကို ကျော်ဖြတ်ကာ ၉.၇ သန်းအထိ ထိုးတက်သွားတော့သည်။
[ဒင်! စနစ် အသိပေးချက်: တာဝန်ပြီးမြောက်ပါသည်။ စနစ်မှ တာဝန်ကို အကဲဖြတ်နေပါသည်]
[တာဝန် အကဲဖြတ်ချက်: တာဝန်ပြီးမြောက်မှု အဆင့် - ပြီးပြည့်စုံသည်]
[ရရှိသည့် ဆုလာဘ်: ဇာတ်ကောင် သတင်းအချက်အလက်ကတ်]
[မှတ်ချက်: ဇာတ်ကောင် သတင်းအချက်အလက်ကတ်သည် Host အား တာဝန်ဆိုင်ရာ အချက်အလက်များကို ပေးပါလိမ့်မည်။ Host အနေဖြင့် ထိုဇာတ်ကောင်ကို ငှားရမ်းခြင်း ရှိ၊ မရှိ ရွေးချယ်နိုင်ပါသည်။
ငှားရမ်းပြီးနောက် Host ကိုယ်တိုင် အလုပ်ထုတ်ရန် မတောင်းဆိုမချင်း ထိုဇာတ်ကောင်သည် Host အပေါ် ထာဝရ သစ္စာရှိနေမည်ဖြစ်ပြီး ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ပါ]
[သို့သော်လည်း ထိုဇာတ်ကောင်သည် ၎င်း၏ ကိုယ်ပိုင်စရိုက်လက္ခဏာများကို အပြည့်အဝ ထိန်းသိမ်းထားမည်ဖြစ်ပြီး Host ၏ ရုပ်သေးရုပ် မဟုတ်ပါ]
[အကယ်၍ Host အနေဖြင့် မငှားရမ်းရန် ရွေးချယ်ပါက ထိုဇာတ်ကောင်ကို ငှားရမ်းနိုင်မည့် အခွင့်အရေးကို ထာဝရ လက်လွှတ်ရမည် ဖြစ်သည်]
ကျိုးထျန်း မှတ်ချက်တွေကို သေချာ ဖတ်ကြည့်လိုက်သည်။
‘ဒါက ငါ့အတွက် ထာဝရ သစ္စာရှိမယ့် ဝန်ထမ်းတစ်ယောက် ရနိုင်မယ်လို့ ဆိုလိုတာလား။ ပိုက်ဆံ ဘယ်လောက်ကုန်မလဲတော့ မသိဘူး’
‘စနစ်က ပေးတဲ့သူဆိုတော့ အညံ့စားတော့ မဖြစ်နိုင်ဘူး။ ဘယ်သူလဲဆိုတာ ကြည့်ရအောင်’
[စနစ်လမ်းညွှန်: ဤကတ်ကို အသုံးပြုမလား?]
“အသုံးပြုမယ်!”
[ကတ်ကို အသုံးပြုလိုက်ပါပြီ]
လူတစ်ယောက်၏ အချက်အလက်များ သူ့မျက်စိရှေ့တွင် ပေါ်လာသည်။
[အမည်: ဂျက်စတင်လျူ ]
[အသက်: ၁၃ နှစ်]
[လက်ရှိအခြေအနေ: FBI မှ အလိုရှိနေသူ]
[စွမ်းဆောင်ရည်: ကမ္ဘာ့အဆင့်မီ ဟက်ကာ အရည်အချင်းရှိသည်။ FBI ၏ Database ကို ဖောက်ထွင်းခဲ့ဖူးသည်။
Tesla ၏ ပရိုဂရမ်ကို ဖောက်ထွင်းခဲ့သဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွားစေခဲ့သည်။
အမေရိကန် လေကြောင်းလိုင်း စနစ်ကို ဖောက်ထွင်းကာ အခမဲ့ လက်မှတ်များရယူခဲ့သည်။
ပီဇာကုမ္ပဏီ၏ အွန်လိုင်းစနစ်ကို ဖောက်ထွင်းကာ အခမဲ့ ပီဇာများ ရယူခဲ့သည်။
Blizzard ဂိမ်းကုမ္ပဏီ၏ စနစ်ကို ဖောက်ထွင်းကာ တိုက်ပွဲမှတ်တမ်းများကို ပြင်ဆင်ခဲ့သည်။
NBA ဝဘ်ဆိုဒ်ကို ဖောက်ထွင်းကာ နှစ်ပတ်လည် လက်မှတ်များ ရယူခဲ့သည်]
[ငှားရမ်းခ: တစ်ကြိမ်တည်း ပေးချေမှု အမေရိကန် ဒေါ်လာ ၁ သန်း]
[ယခု ငှားရမ်းမလား?]
ကျိုးထျန်း ဤအချက်အလက်တွေကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားတော့သည်။
‘ဒါ ကလေးဆိုးလေး တစ်ယောက်ပဲ မဟုတ်လား!’
‘FBI ကို ဖောက်ထွင်းတာကလွဲရင် ကျန်တာတွေက ဘာမှ အသုံးမကျဘူး’
‘ပြီးတော့ သူက ရာဇဝတ်သားတဲ့။ စနစ်က ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာလား!’
ကျိုးထျန်း အတော်လေးဒေါသထွက်သွားသည်။ ဒါ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ အကယ်၍ သူသာ FBI ရဲ့ စောင့်ကြည့်ခြင်းကို ခံရရင် ဘယ်လိုလုပ်မလဲ။ သူ မျက်နှာကို ပွတ်သပ်ကာ ခဏလောက် စိတ်အေးအောင် ထားလိုက်သည်။
‘ဒါက ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး။ သူ့နာမည်ကို ကြည့်ရတာ ကပြား ဖြစ်ပုံရတယ်။ စနစ်က သူ့အချက်အလက်တွေကို ပေးတယ်ဆိုရင် သူက အသုံးဝင်လို့ပဲ ဖြစ်ရမယ်’
‘ပါရမီရှင်တစ်ယောက်ကို လက်လွှတ်လိုက်တာထက်စာရင် ထိန်းသိမ်းထားတာက ပိုကောင်းတယ်’
‘နောက်ပြီး စနစ်က ငှားရမ်းဖို့ အခွင့်အရေးက တစ်ခါပဲ ရှိတယ်လို့ ပြောထားတာလေ၊ လက်လွှတ်လိုက်ရင် သွားပြီ’
ထို့နောက် အံကြိတ်ကာ ပြောလိုက်သည်။
“ငှားရမ်းမယ်!”
[ငှားရမ်းမှုကို အတည်ပြုလိုက်ပါပြီ။ Host အနေဖြင့် ဤပုဂ္ဂိုလ်အား အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။ ဝန်ဆောင်ခကိုအချဉ်ဓာတ်လက်ကျန်ထဲမှ နုတ်ယူသွားမည်ဖြစ်သည်။]