အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
🍋 Chapter 25
သူ ဝင်သွားသည်နှင့် အမျိုးသမီး အရောင်းဝန်ထမ်းက သူ့ကို နွေးထွေးစွာ ကြိုဆိုသည်။
‘ယွမ်သန်းချီတန်တဲ့ ပြိုင်ကားတွေ ရောင်းတဲ့နေရာဆိုတော့လည်း အရောင်းဝန်ထမ်းတွေကအစ ပိုပြီးတော့ ကြည့်ကောင်းကြတာပဲ’ ဟု ကျိုးထျန်း စိတ်ထဲက ရေရွတ်လိုက်သည်။
အရောင်းဝန်ထမ်းက စကားပင် မပြောရသေးမီ ကျိုးထျန်း၏ လက်ကောက်ဝတ်ရှိ အနက်ရောင် ကြွေထည်နာရီကို သတိထားမိသွားပြီးနောက် သူမ၏ အမူအရာမှာ ယခင်ကထက် ပို၍ပင် တက်ကြွလာတော့သည်။
နာရီ၊ မျက်မှန်၊ အဝတ်အစားနှင့် ဖိနပ် အမျိုးအစားစုံကို ခွဲခြားတတ်ရန်မှာ သူတို့၏ လေ့ကျင့်မှုအပိုင်းတွင် ပါဝင်ပြီးသား ဖြစ်သည်။
ထို့ကြောင့် သူတို့မှာ အလွန်ပင် ပါးနပ်စူးရှကြသည်။
“မင်္ဂလာပါ လူကြီးမင်း... McLaren က ကြိုဆိုပါတယ်။ ကျွန်မ တစ်ချက်လောက် လိုက်ပြပေးရမလား ရှင့်”
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်”
အရောင်းဝန်ထမ်း၏ လေသံနှင့် အပြုအမူမှာ အပြစ်ပြောစရာ မရှိပေ။
သူမသည် ကားဝယ်ရန် လုံးဝ မတိုက်တွန်းဘဲ စိတ်ရင်းနှင့် လိုက်လံပြသပေးနေခြင်း ဖြစ်သည်။
ထို့အပြင် ရှင်းပြနေစဉ်အတွင်း အသေးစိတ် စွမ်းဆောင်ရည် အချက်အလက်များကိုလည်း အသားပေး မပြောပေ။
အလွန်ဆုံးမှ ၀ ကနေ ၁၀၀ ကီလိုမီတာ အရှိန်တင်နိုင်မှုနှင့် အမြင့်ဆုံး အရှိန်နှုန်းလောက်ကိုသာ ပြောပြပြီး ကားတစ်စီးချင်းစီ၏ ပုံစံနှင့် ထူးခြားချက်များကိုသာ အဓိကထား ရှင်းပြသည်။
ကားက စုစုပေါင်း ၆ စီးသာ ရှိသဖြင့် မိတ်ဆက်ပေးမှုမှာ ခဏချင်းနှင့် ပြီးသွားသည်။
ကျိုးထျန်းက ဘာမှ ပြန်မပြောသေးသော်လည်း အရောင်းဝန်ထမ်း၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။
“လူကြီးမင်း... ကျွန်မတို့ဆီမှာ အထူးပြုလုပ်ထားတဲ့ နေ့လယ်ခင်း လက်ဖက်ရည် ရှိပါတယ်။ မြည်းစမ်းကြည့်မလား ရှင့်။ ကျွန်မတို့ ထိုင်ပြီး စကားပြောကြတာပေါ့”
“ကောင်းပြီလေ... စားရင်းသောက်ရင်း စကားပြောကြတာပေါ့”
သူတို့နှစ်ဦးသည် ကော်ဖီစားပွဲတွင် သစ်သီးနှင့် အချိုပွဲများကို သုံးဆောင်ကြသည်။
အရောင်းဝန်ထမ်းမှာတော့ စားပွဲဘေးတွင် စနစ်တကျ ထိုင်နေပြီး ဘာမှ မစားပေ။ သူမအနေဖြင့် တရားဝင်ဆန်သော် လည်း ရင်းနှီးသည့်ပုံစံဖြင့် စကားစမြည် ပြောနေသည်။
သူမသည် ကျိုးထျန်း၏ လုပ်ငန်းအကြောင်းကို အတင်း အကျပ် မစပ်စုဘဲ လိုအပ်သလောက်သာ စကားလမ်း ကြောင်း ခင်းလျက်ရှိသည်။
“ဒီလအတွင်း ကားတွေ ဘယ်လောက် ရောင်းရပြီလဲ”
“မရောင်းရသေးပါဘူး ရှင့်၊ လူကြီးမင်း သိတဲ့အတိုင်းပဲ ကျွန်မတို့ ကားတွေက ဈေးကြီးတော့ ပိုင်ရှင်အစစ်ကို စောင့်နေရတာပါ”
ကျိုးထျန်း ပြုံးလိုက်သည်။
“ခင်ဗျားက စကားပြော တော်သားပဲ။ ဆိုလိုတာက ကျွန်တော့်ကို ပိုင်ရှင်အစစ် ဖြစ်သင့်တယ်လို့ ပြောနေတာပေါ့”
“ကောင်းပြီလေ... ခင်ဗျားလည်း ပိုင်ရှင်အစစ်ကို မစောင့်နိုင်တော့ဘူးဆိုရင် ကျွန်တော်ပဲ အရောင်းတစ်ခု ပိတ်ပေးလိုက်ပါ့မယ်”
အရောင်းဝန်ထမ်းက ချက်ချင်းပင် ထရပ်လိုက်သည်။
“လူကြီးမင်း... ဘယ်မော်ဒယ်ကို သဘောကျပါသလဲ ရှင့်။ ကျွန်မ အသေးစိတ် ထပ်ရှင်းပြပေးပါ့မယ်”
“ဈေးအကြီးဆုံးဖြစ်တဲ့ 720S ပေါ့။ ဒါနဲ့... အခု အော်ဒါမှာရင် ကားရဖို့ ဘယ်လောက်ကြာမလဲ”
သူသည် ဝယ်မည်ဆိုလျှင် အကောင်းဆုံးကိုသာ ဝယ်ရမည်ဟု အခိုင်အမာ ယုံကြည်ထားသူ ဖြစ်သည်။
“လူကြီးမင်း... အခု လက်ကျန်တစ်စီး ရှိနေပါတယ်၊ ဒါပေမဲ့ လူကြီးမင်း သဘောကျမလားတော့ မသိဘူး ရှင့်”
ကျိုးထျန်း အံ့ဩသွားသည်။
ဒီနေ့ သူ တကယ့်ကို ကံကောင်းနေတာလား။ ကားနှစ်စီးလုံးကို အသင့်ရှိတဲ့ လက်ကျန်ထဲက ဝယ်လို့ ရနေသည် မဟုတ်ပါလား။
G-Class ကတော့ ဝယ်မည့်သူ အမြဲရှိသဖြင့် လက်ကျန်ရှိနေသည်မှာ နားလည်ပေးနိုင်သော်လည်း McLaren မှာ တရုတ်ပြည်တွင် တစ်နှစ်ကို အစီးရေ ၃၀၀ ခန့်သာ ရောင်းရသဖြင့် လက်ကျန် ရှိနေလေ့ မရှိပေ။
“ဘာဖြစ်လို့လဲ၊ ဘယ်လိုဖြစ်ပြီး လက်ကျန် ရှိနေရတာလဲ။ တစ်ယောက်ယောက်က ချို့ယွင်းချက်ရှိလို့ ပြန်အပ်ထားတဲ့ ကားနဲ့တော့ ကျွန်တော့်ကို လာမလိမ်နဲ့နော်”
အရောင်းဝန်ထမ်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။
“လုံးဝ မဟုတ်ပါဘူး လူကြီးမင်း။ ကျွန်မတို့က McLaren ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်ပါ၊ အဲ့ဒီလိုမျိုး ဘယ်တော့မှ မလုပ်ပါဘူး”
“ဒီကားက လက်ကျန် ရှိနေတာက တိုက်ဆိုင်မှုတစ်ခုပါ ရှင့်”
ကျိုးထျန်း စိတ်ဝင်စားသွားသည်။
“ပြောပြပါဦး”
“လွန်ခဲ့တဲ့ သုံးလက ဖောက်သည်တစ်ယောက်က 720S ကို အော်ဒါမှာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကမှ သူက အော်ဒါဖျက်ချင်တယ်လို့ ပြောလာပါတယ်။ အဲ့ဒီအချိန်မှာ ကားက သင်္ဘောပေါ် ရောက်နေပြီမို့ ကျွန်မတို့ အော်ဒါဖျက်လို့ မရတော့ပါဘူး”
“အဲ့ဒါကြောင့် ကားက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ရောက်လာပြီး ဂိုဒေါင်ထဲမှာ ရှိနေတာပါ။ အခု ကျွန်မတို့လည်း အဲ့ဒီကားကို ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ တကယ်လို့ လူကြီးမင်းသာ ဝယ်မယ်ဆိုရင် ကျွန်မတို့ အထူးလျှော့ဈေး ပေးနိုင်ပါတယ်”
သူမ၏ ရှင်းပြချက်မှာ ကျိုးကြောင်းဆီလျော်သော်လည်း ကျိုးထျန်းကတော့ စိုးရိမ်နေဆဲပင်။
ဇိမ်ခံကား ဝယ်သူအများအပြားမှာ အလိမ်ခံရဖူးသည် မဟုတ်ပါလား။
“ခင်ဗျားကို မယုံလို့တော့ မဟုတ်ပါဘူး။ ဒီလိုလုပ်ပါ... အော်ဒါမှာခဲ့တဲ့သူရဲ့ အချက်အလက်လေး ပေးပါ၊ ကျွန်တော် စစ်ကြည့်ချင်လို့”
“တောင်းပန်ပါတယ် လူကြီးမင်း၊ ကျွန်မတို့က ဖောက်သည်ရဲ့ အချက်အလက်ကို ထုတ်မပြောရဘူးလို့ ကုမ္ပဏီက တားမြစ်ထားပါတယ် ရှင့်”
အရောင်းဝန်ထမ်းက ပြောပြီးနောက် ကျိုးထျန်းအနားသို့ တမင် ကပ်လာသည်။
“ဒါပေမဲ့... ကျွန်မ သိထားတဲ့ အတွင်းသတင်းလေးကိုတော့ သီးသန့် ပြောပြနိုင်ပါတယ်”
“အင်း... ပြောကြည့်လေ”
ကောလာဟလနှင့် အတွင်းသတင်းတွေကို သိပ်ပြီး အထင်မကြီးသော်လည်း ထိုင်နေရင်းမို့ နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ကျွန်မ ကြားတာကတော့ အဲ့ဒီဖောက်သည်က ငွေရေးကြေး ရေး ပြဿနာဖြစ်လို့ အော်ဒါဖျက်လိုက်တာပါ။ သူတို့ မိသားစုက မြေယာလျော်ကြေးရဖို့ ရှိတာ၊
ဒါပေမဲ့ ဘယ်လိုဖြစ်လို့လဲမသိဘူး မြေယာသိမ်းဆည်းမှုကို ရပ်ဆိုင်းလိုက်လို့ လျော်ကြေးမရတော့ဘဲ အော်ဒါဖျက်လိုက်ရတာလို့ ကြားပါတယ်။ အဲ့ဒီမြေက District AN ထဲမှာ ရှိတာလို့လည်း သိရပါတယ်”
ကျိုးထျန်းမှာ လျှပ်စီးအပစ်ခံလိုက်ရသလို အံ့ဩသွားရသည်။
‘တောက်... ဒါက တောင်ဘက်ကမ်းနားလမ်းက မြေယာသိမ်းဆည်းတဲ့ ကိစ္စပဲ! အချိန်ကလည်း ကွက်တိပဲ’
‘ဒါပေမဲ့ ဟိုဟိုတယ်ပိုင်ရှင်ရဲ့ သားတော့ မဟုတ်နိုင်ဘူး၊ အဲ့ဒီကောင်က ပေါ်တူဂီမှာ ပိတ်မိနေတာလေ’
‘ဒါဆိုရင်တော့ ဟိုပုဂ္ဂလိက ဆေးရုံပိုင်ရှင် ဖြစ်ဖို့များတယ်။ ကျန်တဲ့ဆိုင်တွေက ဆိုင်သေးသေးလေးတွေပဲ၊ ဒီနှစ်ယောက်ပဲ မြေယာလျော်ကြေးရရင် ယွမ်သန်းချီတန်တဲ့ ကားကို ဝယ်နိုင်မှာ’
ကျိုးထျန်း စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။
‘ငါတော့ ဒီအခွင့်အရေးတွေကို အကုန် လိုက်ယူနေသလို ဖြစ်နေပြီ’
“ကောင်းပြီ... ကျွန်တော် ယုံပါတယ်။ ကားကို သွားကြည့်ရအောင်၊ အဆင်ပြေရင် ကျွန်တော် ယူမယ်”
“ဟုတ်ကဲ့... အခုပဲ လိုက်ပြပါ့မယ် ရှင့်”
အရောင်းဝန်ထမ်း၏ မျက်လုံးများမှာ တောက်ပသွားသည်။ သူမ၏ တည်ငြိမ်မှုများမှာလည်း ပြိုကွဲစပြုနေပြီ ဖြစ်သည်။
လူငယ်တစ်ယောက် အေးအေးဆေးဆေးဝင်လာပြီး ကားကို ခဏကြည့်ကာ ဝယ်လိုက်သည်ဆိုသည်မှာ သူမ ကြားဖူးသော်လည်း ကိုယ်တိုင် ကြုံရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ထို့ပြင် ပြန်အပ်ထားသော ကားပြဿနာကို သူမ ဖြေရှင်းပေးနိုင်လျှင် သူမ ရမည့် ကော်မရှင်မှာ တခြားကားတွေထက် ပို၍ များမည် ဖြစ်သည်။
ဤကဲ့သို့ Supercarများသည် တစ်ဦးချင်းစီအတွက် သီးသန့် ပြုလုပ်ထားခြင်းဖြစ်၍ လူတိုင်းနှင့် အကြိုက်ချင်း တူရန်မှာ ခဲယဉ်းလှသည်။
ကျိုးထျန်းက လမ်းလျှောက်ရင်း မေးလိုက်သည်။
“ဒီကားက အစိမ်းရောင်တော့ မဟုတ်ပါဘူးနော်”
ကားပိုင်ရှင် အများအပြားသည် ထင်ရှားပြီး ထူးခြားသော အစိမ်းတောက်တောက် သို့မဟုတ် ပြိုင်ကားအစိမ်းရောင်ကို ကြိုက်တတ်ကြမှန်း သူ သိသည်။
သို့သော် သူက Signle ဖြစ်နေသေးသဖြင့် အစိမ်းရောင်ကား ဘေးမှာ ရပ်နေလျှင် သူ့မျက်နှာပါ စိမ်းသွားနိုင်သည် မဟုတ်ပါလား (TN - ကံမကောင်းဟု ယူဆခြင်း ဖြစ်သလို ဖောက်ပြန်ခံရမည်ဟု ယူဆခြင်း ဖြစ်ပါတယ်)။
“မဟုတ်ပါဘူး ရှင့်၊ ကားက ရွှေရောင်ပါ။ အရမ်းလှပြီး ခန့်ညားထည်ဝါမှုကို ပေါ်လွင်စေပါတယ်”
“လူကြီးမင်းရဲ့ ထည်ဝါတဲ့ အရှိန်အဝါနဲ့လည်း ကွက်တိပါပဲ ရှင့်”
ကျိုးထျန်းက လက်မထောင်ပြလိုက်သည်။
“ကျွန်တော့်မှာ ထည်ဝါတဲ့ အရှိန်အဝါ ရှိတာကို မြင်နိုင်တယ်ပေါ့? ခင်ဗျား မျက်စိ တော်တော် စူးရှတာပဲ”
ကားနား ရောက်သောအခါ ရွှေရောင်မှာ တကယ်ပင် လှပပြီး အတွင်းပိုင်းမှာ အနက်ရောင်နှင့် လိမ္မော်ရောင် လိုင်းများဖြင့် ပြင်ဆင်ထားသည်။
၎င်းမှာ တက်ကြွလှပသဖြင့် သူ အလွန် သဘောကျသွားသည်။ ဤကားမှာ အမိုးပိတ် ဖြစ်သဖြင့် သူ၏ လိုအပ်ချက်နှင့် ကိုက်ညီသည်။
ရှန်ဟိုင်းက လေထုအရည်အသွေးအရ အမိုးဖွင့်ဆိုလျှင် တစ်ပတ်တစ်ခါ သေချာ သန့်ရှင်းရေး လုပ်နေရပေလိမ့်မည်။
ထို့ပြင် အမိုးဖွင့်ကားမှာ အမိုးပိတ်ထက် ယွမ် ၅ သိန်းခန့် ပို၍ ဈေးကြီးသဖြင့် မလိုအပ်ဟု သူ ထင်သည်။
နောက်ဆုံးတွင် မူလဈေးမှာ ယွမ် ၃.၄ သန်း ဖြစ်ပြီး အပိုပြင်ဆင်မှု များအတွက် ယွမ် ၃ သိန်းကျော် ကုန်ကျထား သည်။ ကားမှာ အော်ဒါဖျက်ထားခြင်း ဖြစ်သဖြင့် အပိုပြင်ဆင်မှုများ၏ ဈေးနှုန်းကိုလည်း လျှော့ပေးထားသည်။
သူလည်း ၎င်းကို ကန့်ကွက်စရာ မရှိပေ။ ထို့အပြင် McLaren ကားကို အပိုပြင်ဆင်မှုမပါဘဲ မောင်းရန်မှာ မဖြစ်နိုင်ချေ။
Porsche နှင့် နှိုင်းယှဉ်လျှင် McLaren မှာ အပိုပြင်ဆင်မှုတွေအတွက် အတော်လေးရက်ရောသည်ဟု ဆိုနိုင်သည်။
နောက်ဆုံးတွင် အခွန်၊ အာမခံနှင့် တခြားသော ကုန်ကျစရိတ်တွေ အကုန်ပါဝင်လျှင် စုစုပေါင်း ယွမ် ၃.၈ သန်းခန့် ကျသင့်သည်။
‘ငါတော့ ရှန်ဟိုင်း လိုင်စင်နံပါတ်ပြားတွေ ထပ်ယူဖို့ လိုနေပြီ ထင်တယ်’
မိသားစုတွင် လိုင်စင်ပြား တစ်ခုပဲ ရှိပြီး ယခုအခါ ကားက နှစ်စီး ဖြစ်နေပြီ ဖြစ်သည်။
ပုံမှန် လေလံပွဲကို သူ မစောင့်နိုင်တော့ပေ။
သူ့ဖခင်နှင့် တိုင်ပင်ပြီး မိသားစု၏စားသောက်ဆိုင် ကုမ္ပဏီအမည်နှင့် မှတ်ပုံတင်ရန် နည်းလမ်းရှာရမည်။
သို့မဟုတ် လိုင်စင်ပါပြီးသား ကုမ္ပဏီတစ်ခုကိုဝယ်လိုက်လျှင်လည်းရသည်။ ရှန်ဟိုင်းတွင် ဤကဲ့သို့သော အလုပ်များကို လုပ်ကိုင်ကာ အမြတ်ထုတ်နေသူများစွာ ရှိသည်။
သူသည် ကားကို အိမ်သို့ မောင်းမသွားရန် ဆုံးဖြတ်ထား သည်။ မိဘတွေကိုလည်း မပြောပြသေးပေ။
မဟုတ်လျှင် သူတို့ သေချာပေါက် နှလုံးတုန်သွားကြလိမ့် မည်။ သူတို့မှာ စနစ်ရှိနေမှန်း မသိကြသဖြင့် ဤမျှမြင့်မား သော သုံးစွဲမှုကို လက်ခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
သူသည် အရောင်းဝန်ထမ်းနှင့် ညှိနှိုင်းကာ ကားကို အနီးနားရှိ ဈေးဝယ်စင်တာကြီးတစ်ခုသို့ ပို့ခိုင်းလိုက်ပြီး ထိုနေရာတွင် ဤကားအတွက် သီးသန့် ပါကင်နေရာတစ်ခု ငှားရမ်းလိုက်သည်။
ယနေ့ညမှာပင် ကားရောက်လာပြီး စာရွက်စာတမ်းတွေ အားလုံး အပြီးသတ်မည် ဖြစ်သည်။ ထို့ကြောင့် သူ လျို့မုယန်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။
မနက်ဖြန်တွင် သူတို့နှစ်ဦး Happy Valley သို့ ကားမောင်းသွားကြမည် ဖြစ်သည်။ ထို့ပြင် ယနေ့ ပိုက်ဆံတွေ အများကြီး သုံးလိုက်ရသဖြင့် မနက်ဖြန်တွင် သူမနှင့်အတူ ပိုက်ဆံ ပြန်ရှာရဦးမည်။
မဟုတ်လျှင် ယွမ် သောင်းဂဏန်းလောက်ပဲ ကျန်တော့မည်ဖြစ်သောကြောင့် သူ စိတ်မအေးနိုင်ပေ။
လျို့မုယန်အကြောင်း တွေးမိသောအခါ ကျိုးထျန်း၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် ကွေးတက်သွားသည်။ ဤမိန်းကလေးမှာ တကယ်ပင် ကောင်းမွန်လှသည်။
သူမ၏ စရိုက်နှင့် စိတ်နေစိတ်ထားမှာ သူ တွေ့ဖူးသမျှထဲတွင် အကောင်းဆုံးပင် ဖြစ်သည်။
အရေးကြီးဆုံးမှာ သူမသည် မာနမကြီးဘဲ ရိုးသားဖြူစင်လှသည်။
သူတို့၏ ဆက်ဆံရေး တိုးတက်မှု မြန်ဆန်ရခြင်းမှာ သူ ငွေရှိရုံတင်မကဘဲ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာခြင်းကြောင့်လည်း ပါဝင်သည်။
[ဒင်!]
[စနစ် တာဝန်: အချဉ်ဓာတ် အကန့်အသတ်ရှိသော တာဝန်]
[တာဝန် ဆုလာဘ်: အချဉ်ဓာတ် နှစ်ဆ ဆုလာဘ်]
[တာဝန် လမ်းညွှန်: Happy Valley အပန်းဖြေဥယျာဉ်တွင် အချဉ်ဓာတ် ၁၀ သန်းကျော် ရယူပါ]
[မှတ်ချက်: တာဝန်ပြီးမြောက်ပြီးနောက် အပန်းဖြေဥယျာဉ်အတွင်း ရရှိသော အချဉ်ဓာတ်များကို နှစ်ဆ တိုးပေးမည်ဖြစ်သည်။ ဤဆုလာဘ်သည် ကစားသမားအများအပြားကြောင့် ရရှိသော အချဉ်ဓာတ် နှစ်ဆတိုးခြင်းနှင့် မသက်ဆိုင်ဘဲ သီးသန့် တွက်ချက်မည် ဖြစ်သည်]
🍋 Chapter 26
ရုတ်တရက် ပေါ်လာတဲ့ တာဝန်ကို ကြည့်ပြီး ကျိုးထျန်း မေးစေ့ကို ပွတ်လိုက်မိသည်။
‘ဒီတစ်ခါက အချိန်အကန့်အသတ် မဟုတ်ဘဲ နေရာအကန့်အသတ် ဖြစ်နေတာပဲ’
သူ ခဏလောက် စဉ်းစားလိုက်သည်။
‘ဒီတာဝန် ဖော်ပြချက်မှာ ဟာကွက်တစ်ခု ရှိတယ်။ စနစ်က အပန်းဖြေဥယျာဉ်ထဲမှာ အချဉ်ဓာတ် စုဆောင်းရမယ်လို့ပဲ ပြောထားတာ၊ အပန်းဖြေဥယျာဉ်ထဲက လူတွေဆီကပဲ ရရမယ်လို့ အတိအကျ မပြောထားဘူး’
‘ဒါဆိုရင်တော့ တာဝန်က အများကြီး ပိုလွယ်သွားပြီ။ မဟုတ်ရင် အပန်းဖြေဥယျာဉ်ထဲက လူတွေဆီကတင် အချဉ်ဓာတ် ၁၀ သန်း ရဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှုကြီးပဲ’
သူ ဖုန်းကို အမြန်စစ်လိုက်သည်။ လက်ရှိမှာ သောကြာနေ့၊ ညနေ ၆ နာရီကျော်ပြီဖြစ်ပြီး လက်ရှိ အပန်းဖြေဥယျာဉ်ထဲတွင် လူဦးရေ ၅,၅၀၀ ခန့် ရှိသည်။
မနက်ဖြန်မှာ စနေ၊ တနင်္ဂနွေ အားလပ်ရက်ဖြစ်လို့ လူဦးရေမှာလည်း နှစ်ဆလောက် တက်လာနိုင်ပြီး ၁၀,၀၀၀ ဝန်းကျင် ရှိနိုင်သည်။
ဒီလောက် လူအများကြီးကြားမှာ အချဉ်ဓာတ် အလုံအ လောက်ရဖို့ဆိုရင် သူ တစ်ခုခု အကြီးအကျယ် ကြံစည်ရပေလိမ့်မည်။
ခဏမျှ စဉ်းစားပြီးနောက် သူသည် Happy Valley ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
...
သူ အိမ်ကို တက္ကစီဖြင့် ပြန်လာခဲ့သည်။ ရွှေချောင်းကြီး နှစ်ချောင်းကိုတော့ တိတ်တဆိတ် ဝှက်ထားလိုက်၏။
၎င်းမှာ သူ့ မိခင်အတွက် အံ့အားသင့်စရာ လက်ဆောင်ဖြစ်သလို၊ ဒေါ်လေးတွေအတွက်လည်း "အံ့အားသင့်စရာ" ဖြစ်လာလိမ့်မည်။
ထို့နောက် သူ လျို့မုယန်ကို ဖုန်းဆက်လိုက်သည်။
“မုယန်... မနက်ဖြန် အားလား”
“အင်း... အားပါတယ်၊ ဘာဖြစ်လို့လဲ”
“ငါတို့ Happy Valley အတူသွားဖို့ ချိန်းထားတယ်လေ။ မနက်ဖြန် သွားကြမလား”
“ကောင်းသားပဲ! ဒါဆို မနက်ဖြန် အပန်းဖြေဥယျာဉ် အဝင်ဝမှာ ဆုံကြမလား”
“မဟုတ်တာ... ငါ လာကြိုပါ့မယ်။ ငါ ကိုယ်တိုင် ကားမောင်းလာခဲ့မယ်”
“နင်က ယာဉ်မောင်းလိုင်စင် ရှိလို့လား”
လျို့မုယန်က သံသယဖြင့် မေးလိုက်သည်။
အထက်တန်းကျောင်းသား အများစုမှာ လိုင်စင် မရှိကြသေးသည် မဟုတ်ပါလား။
“ရှိတာပေါ့! မယုံရင် ဓာတ်ပုံရိုက်ပြီး ပြရမလား”
စနစ်မှာ တရုတ်ပြည်သုံး ယာဉ်မောင်းလိုင်စင်ကို သူ့တိုက်ခန်းဝင်းရှိ Hive Box ထဲ ပို့ထားပြီးကြောင်း အကြောင်းကြားစာ ပို့လာခဲ့သည်။
“တကယ် မောင်းတတ်တာရော သေချာရဲ့လား”
ကျိုးထျန်းက ကားမောင်းတတ်သည်ဟု တစ်ခါမှ မပြောဖူးသဖြင့် လျို့မုယန်က စိတ်မချနိုင်သေးပေ။
“စိတ်ချပါ... အာမခံတယ်၊ ဘာမှ မဖြစ်စေရဘူး”
နတ်ဘုရားအဆင့် မောင်းနှင်မှု ကျွမ်းကျင်မှု ရှိနေမှတော့ ဘာပူစရာ ရှိသနည်း။
“ကောင်းပြီလေ... ဒါဆို ငါ့တိုက်ခန်းဝင်း အဝင်ဝကနေပဲ လာကြိုလိုက်တော့”
“အိုကေ... မနက် ၉ နာရီ လာခဲ့မယ်။ စောလွန်းနေမလား”
“၉ နာရီပဲ ထားလိုက်ပါ”
လျို့မုယန်ကတော့ မိတ်ကပ်လိမ်းရန်အတွက် ဘယ်အချိန် ထရမည်ကို စိတ်ထဲကနေ တွက်ချက်နေတော့သည်။
၎င်းမှာ ကျိုးထျန်းအတွက် သူမ ပေးသည့် အခွင့်ထူးပင်။ ကျောင်းမှာဆိုလျှင် မိတ်ကပ်လိမ်းခွင့် မရှိသဖြင့် သူမသည် ပုံမှန်အားဖြင့် ရိုးရိုးရှင်းရှင်းသာ နေလေ့ရှိသည်။
သို့သော် မိန်းကလေးဆိုသည်မှာ မိမိချစ်ခင်ရသူရှေ့တွင်တော့ လှလှပပ ပြင်ဆင်ချင်ကြသည်မှာ ဓမ္မတာပင်။
“ဒါနဲ့ မုယန်... မနက်ဖြန်ကျရင် ဟိုရိုးရိုးနာရီပဲ ဝတ်ခဲ့နော်၊ Roller coaster စီးရင် နာရီတွေရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်လို့၊ ဈေးပေါတဲ့ နာရီဆိုရင် ပျက်သွားလည်း နှမြောစရာ မရှိဘူးလေ”
ကျိုးထျန်းက တမင်တကာ သတိပေးလိုက်ခြင်း ဖြစ်သည်။
လျို့မုယန် ဆွံ့အသွားရသည်။
ကျိုးထျန်းက နောက်နေသည်ဟု ထင်ခဲ့သော်လည်း အခုတော့ တကယ်ကြီး ပြောနေပုံရသည်။
ယွမ် ၅၀,၀၀၀ တန် နာရီက သူ့အတွက်တော့ ‘နာရီအခွင့်အ ရေး’ တောင် မရှိတော့ပါလား...။
သူတို့နှစ်ဦး ခဏလောက်ထပ်ပြီး စကားပြောဖြစ်ကြသည်။ ထို့နောက် မိဘတွေ ပြန်ရောက်လာကြသည်။
“သား... ခဏ လာဦး၊ အဖေ ပြောစရာ ရှိလို့”
ကျိုးကျန့်ခန်းက လှမ်းခေါ်သဖြင့် သူ လျို့မုယန်ကိုနှုတ်ဆက် ကာ ဖုန်းချလိုက်ရသည်။
“အဖေ... ဘာဖြစ်လို့လဲ။ ပိုက်ဆံကိစ္စ တစ်ခုခု ပြဿနာရှိလို့လား”
ဖခင်ဖြစ်သူ၏ တည်ကြည်နေသော မျက်နှာကို ကြည့်ပြီး ယွမ် သန်း ၃၀ လွှဲလိုက်သည့် ကိစ္စ ပြဿနာတက်သည်ဟု သူ ထင်မိသည်။
“အဲ့ဒါ မဟုတ်ပါဘူး။ ပိုက်ဆံက အဆင်ပြေပါတယ်၊ စိတ်မပူနဲ့... အဖေ အကုန် စီစဉ်ထားတယ်။ အဖေက တခြားအကြောင်း ပြောမလို့”
“ဘာများလဲ အဖေ... ဒီလောက်ကြီး တည်တည်တံ့တံ့ ပြောနေတော့ သားတောင် စိတ်လှုပ်ရှားလာပြီ”
သူ ဖခင်ဖြစ်သူ၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။
“တောင်ဘက်ကမ်းနားလမ်း ကိစ္စပါပဲ။ ဒီနေ့ ဟိုတယ်မန်နေဂျာဆီက သတင်းထပ်ကြားရလို့”
“ဟင်? အဲ့ဒါတွေက ပြီးသွားပြီ မဟုတ်လား။ မြေယာသိမ်းတာလည်း ပြီးသွားပြီကို ဘာဖြစ်ဦးမှာလဲ”
ကျိုးထျန်း နားမလည်နိုင် ဖြစ်သွားသည်။ အားလုံးက ပြီးဆုံးသွားပြီ မဟုတ်ပါလား။
“ဟူး... ကံတရားပါပဲကွာ။ အဖေ ကြားရတာ တော်တော် စိတ်မကောင်းဖြစ်မိတယ်”
ဖခင်ဖြစ်သူက ခေါင်းခါရင်း ပြောပြသည်။
“ဒီနေ့ မန်နေဂျာက အဖေ့ဆီ လာတယ်။ သူတို့ ဟိုတယ်ကတော့ သွားပြီတဲ့။ သူလည်း အလုပ်အသစ် ရဖို့ အဖေ့ကို အကူအညီ လာတောင်းတာ။ သူ ငါတို့ဆိုင်မှာ အရက်တွေ အများကြီး သောက်ပြီး စိတ်ဓာတ်ကျနေတာ”
“သူပြောတာကတော့... သူတို့သူဌေးက ဘေးက ပုဂ္ဂလိက ဆေးရုံပိုင်ရှင် သားအဖကို လူငှားပြီး ရိုက်ခိုင်းလိုက်လို့ အခု ရဲဖမ်းသွားပြီတဲ့”
ကျိုးထျန်း ဇဝေဇဝါ ဖြစ်သွားသည်။
“အဖေ ပြောတော့ အဲ့ဒီမိသားစု နှစ်စုက ရင်းနှီးကြတယ် ဆို”
“ဟင်း... ရင်းနှီးတယ်? လူ့စိတ်ဆိုတာ ကြည့်ရတာ မလွယ်ဘူး သားရဲ့”
“တကယ်တော့ လမ်းရဲ့ အနောက်ဘက်ခြမ်းကို မြေသိမ်းလိုက်ရတဲ့ အကြောင်းရင်းက ဟိုတယ်ပိုင်ရှင်က အစိုးရ လက်မခံနိုင်တဲ့ ဈေးနှုန်းကိုတောင်းခဲ့လို့ပဲ။
အဲ့ဒီလို တောင်းရတဲ့ အကြောင်းရင်းက ပေါ်တူဂီမှာ ပိတ်မိနေတဲ့ သူ့သားကို သွားရွေးချင်လို့လေ”
ကျိုးထျန်း ခေါင်းငြိမ့်လိုက်သည်။
“သူ့သားက လောင်းကစားမှာ ပိုက်ဆံတွေ အများကြီး ရှုံးပြီး ထောင်ချောက်မိသွားတာလေ။ ပုံမှန်အားဖြင့်တော့ ဒါက အကွက်ဆင်ခံရတာပဲ”
ကျိုးထျန်း တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။
“အဲ့ဒီလို အကွက်ဆင်တဲ့ ထဲမှာ ပေါ်တူဂီက လူတွေတင်မကဘဲ နောက်ကွယ်က ကြိုးကိုင်သူက ဟိုဆေးရုံပိုင်ရှင်ရဲ့သား ဖြစ်နေတာ!”
“မဖြစ်နိုင်တာ... သူတို့က သူငယ်ချင်းတွေပဲလေ၊ ဘာလို့ အဲ့လို လုပ်ရတာလဲ”
ကျိုးထျန်း အံ့ဩသွားသည်။
“ဟဲ... အဲ့ဒါက လူ့သဘာဝရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပဲ။ သူတို့ အဲ့လို လုပ်ရတဲ့ အကြောင်းရင်းက ဟိုတယ်ရဲ့ မြေယာလျော်ကြေးက ဆေးရုံထက် ယွမ် သန်း ၃၀ ပိုများနေလို့ပဲ။ အဲ့ဒီ သန်း ၃၀ ကပဲ ဆေးရုံပိုင်ရှင် သားအဖကို မနာလိုစိတ် ဖြစ်စေခဲ့တာ”
“သူတို့က မကျေနပ်ကြဘူး။ ‘ငါတို့က လမ်းတူတူပေါ်မှာ ရှိနေတာကို မင်းတို့က ဘာလို့ ပိုက်ဆံပိုရရမှာလဲ’ ဆိုတဲ့ စိတ်ပေါ့”
ဖခင်ဖြစ်သူက သက်ပြင်းချလိုက်သည်။
“လူ့စိတ်ဆိုတာ ကောက်ကျစ်တတ်တယ်။ သူတစ်ပါးကို ဒုက္ခပေးလိုတဲ့ စိတ် မရှိသင့်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတိရှိတဲ့စိတ်တော့ အမြဲရှိရမယ်။ နှမြောစရာပါပဲ... မိသားစု နှစ်စုလုံး ပျက်စီးသွားကြပြီ”
“ဟိုတယ်ပိုင်ရှင်က အကြွေးဆပ်ဖို့ သူ့ပစ္စည်းတွေ အကုန်ရောင်းရမယ့်အပြင် ထောင်လည်း ကျရဦးမယ်။ ဆေးရုံပိုင်ရှင် သားအဖကတော့ တစ်သက်လုံး အိပ်ရာပေါ်က ထနိုင်တော့မှာ မဟုတ်ဘူး”
ကျိုးထျန်း ထိုစကားကို ကြားပြီးနောက် ခေါင်းခါလိုက်မိသည်။
‘ဒါဆိုရင်တော့... ဆေးရုံပိုင်ရှင် သားအဖက ဟိုတယ်ကလူတွေကို အကွက်ဆင်ပြီး ဒုက္ခပေးခဲ့ပေမဲ့ နောက်ဆုံးတော့ သူတို့လည်း အကုန် ဆုံးရှုံးသွားရတာပေါ့’
‘မြေယာလျော်ကြေးတွေနဲ့ ချမ်းသာနိုင်ပါရက်နဲ့ အခုတော့ လေဖြတ်သလို ဖြစ်သွားကြပြီ’
“ဟူး... ဒါကို ‘ကိုယ့်တွင်း ကိုယ်တူး’ တယ်လို့ ခေါ်တာပေါ့”
နောက်ဆုံးမှာတော့ ဘယ်မိသားစုမှ အကျိုးမရှိခဲ့ဘဲ ရှိသမျှ အကုန် ဆုံးရှုံးသွားကြရသည်။
သူကတော့ ထိုကိစ္စကြားထဲကနေ ပိုက်ဆံတွေ အများကြီးရလိုက်သလို၊ ယွမ် သိန်းချီ သက်သာတဲ့ ကားတစ်စီးကိုလည်း ရလိုက်သည်။ ထို့အပြင် နန်အန်းကျေးရွာရှိ လူတွေလည်း အကျိုးအမြတ် ရလိုက်ကြသည်။
သူတစ်ပါးကို ဒုက္ခပေးသူသည် အဆုံးတွင် မိမိသာ ပြန်ခံရတတ်သည်၊ ဒါက ကံတရားရဲ့ စက်ဝိုင်းပဲ ဖြစ်ပေလိမ့်မည်။
‘အချုပ်ပြောရရင်တော့... ဒါက ‘အချဉ်ဓာတ်’ တွေ များသွားလို့ ဖြစ်ရတဲ့ အလွဲတစ်ခုပေါ့’
ကျိုးထျန်း ဒါကို အဖန်ဖန် စဉ်းစားရင်း မိမိကိုယ်ကိုယ် သတိပေးချက်တစ်ခုအဖြစ် မှတ်သားလိုက်သည်။
နောက်တစ်နေ့ မနက်တွင် သူသည် အိမ်အနီးရှိ Golden Age Plaza ၏ မြေအောက် ဒုတိယထပ်သို့ ကားသွားယူခဲ့သည်။
သူ ငှားရမ်းထားသည့် C217 ပါကင်နေရာတွင် ကားကို တွေ့လိုက်ရသည်။ တစ်လလျှင် ယွမ် ၃,၀၀၀ ပေးရသော်လည်း ရှန်ဟိုင်းအတွက်တော့ ဈေးမကြီးလှပေ။
နေရာကလည်း ဓာတ်လှေကားနှင့် နီးသလို ဘေးပတ်ပတ် လည်တွင် တခြားကားများ မရှိသဖြင့် ကားခြစ်မိမည့် အန္တရာယ်လည်း ကင်းသည်။
ကားကိုယ်ထည်ကို ပွတ်ကြည့်လိုက်သည်။ ဆိုင်က ကပ်ပေးလိုက်သည့် ဆေးကာကွယ်သည့် ဖလင် မှာ အဆင်သင့် ရှိနေပြီ ဖြစ်သည်။ထို့နောက် McLaren ၏ ထူးခြားသော လိပ်ပြာတောင်ပံ တံခါးတွေကို ဖွင့်ပြီး ကားထဲ ဝင်ထိုင်လိုက်သည်။
မနေ့က ဆိုင်မှာ မြင်ခဲ့ရသော်လည်း ကိုယ်ပိုင်ကားအဖြစ် ပိုင်ဆိုင်ရသည့် ခံစားချက်က လုံးဝခြားနားလှသည်။
သူ စက်နှိုးလိုက်သည်နှင့် နောက်ဘက်ရှိ V8 အင်ဂျင်၏ ဟိန်းသံက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။
လက်ရှိခံစားချက်ကို စကားတစ်လုံးတည်းနှင့် ပြောရလျှင် "မိုက်တယ်" ဟုသာ ဆိုရပေလိမ့်မည်။ သူ ဂီယာကို ဆွဲလိုက်ပြီး လီဗာကို နင်းလိုက်သည်နှင့် ကားက မြေအောက်ပါကင်ထဲမှ နဂါးတစ်ကောင် ပင်လယ်ထဲက ထွက်လာသလို အရှိန်အဟုန်ဖြင့် မောင်းထွက်သွားတော့သည်။
ဤကားမျိုးက ရှားပါးလှသဖြင့် အင်ဂျင်သံနှင့် ထူးခြားသည့် ပုံစံကြောင့် လမ်းသွားလမ်းလာများက ငေးကြည့်ကြသည်။
[ဝမ်ဖေး၏ အချဉ်ဓာတ် +၂၉!]
[ကျောက်ထျန်းထျန်း၏ အချဉ်ဓာတ် +၄၁!]
[နျူဝန်ဟောင်၏ အချဉ်ဓာတ် +၄၇!]
...
‘Supercarတွေက တကယ် မိုက်တာပဲ။ ဘာမှ လုပ်စရာ မလိုဘဲ လမ်းပေါ် မောင်းနေရုံနဲ့တင် အချဉ်ဓာတ်တွေ ရနေပြီ’
သူ သတိထားမိသည်မှာ အချဉ်ဓာတ် အများစုမှာ အမျိုးသားများဆီမှ လာခြင်း ဖြစ်သည်။
အမှန်ပင်... ကားမကြိုက်သော ယောက်ျားဆိုတာ မရှိသလောက်ပင်။
သူ့ရဲ့ မောင်းနှင်မှု အရည်အချင်းက ထိပ်တန်း ပြိုင်ကားမောင်းသမား အဆင့်မှာ ရှိသော်လည်း ရှန်ဟိုင်းလမ်းမတွေပေါ်မှာတော့ ဘယ်လောက်တော်သူ ဖြစ်ဖြစ် အရှိန်ပြင်းပြင်း မောင်းဖို့ မဖြစ်နိုင်ပေ။
၅ မိနစ်ခန့်အကြာတွင် သူသည် ဓာတ်ဆီဆိုင်ထဲသို့ စတိုင်ကျကျ ဝင်လိုက်သည်။
‘တောက်... တော်တော် ကပ်စီးနှဲတာပဲ! ယွမ်သန်းချီတန်တဲ့ ကားဝယ်တာကို ဆီတောင် နည်းနည်းလေးမှ ထည့်မပေးလိုက်ဘူး’