အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
🍋 Chapter 27
နောက်ဆုံးတွင် သူ ဆီအပြည့်ဖြည့်ပြီး ထွက်ခွာရန် အဆင်သင့် ဖြစ်သွားသည်။
ဆီဖြည့်နေသည့် ၅ မိနစ်အတွင်းမှာတင် လူ ၆ ယောက်၊ ၇ ယောက်ခန့်က သူ့ထံလာကာ ကားအကြောင်းနှင့် ဈေးနှုန်းကို လာမေးကြသလို အဝေးမှ ဓာတ်ပုံရိုက်နေသူများလည်း အများကြီးပင် ဖြစ်သည်။
မြေအောက်ပါကင်မှ ထွက်လာပြီး ဆီဖြည့်ပြီးသည်အထိ ၁၀ မိနစ်ခန့်အတွင်းမှာတင် သူ အချဉ် ၃,၆၀၀ ကျော် ရရှိခဲ့သည်။
“ဒီကားကို ဝယ်လိုက်တာ တကယ် မှန်သွားတာပဲ။ တစ်နေ့လုံး ပတ်မောင်းနေရင်တင် အချဉ်မှတ် သောင်းဂဏန်းလောက် ရနိုင်တယ်... ပိုက်ဆံရှာရတာ မင်္ဂလာဆောင်ကား ငှားစားတာထက်တောင် မြန်သေးတယ်”
ရှန်ဟိုင်းတွင် 911 တို့ ဘာတို့ဆိုလျှင် လူများက လှည့်တောင် ကြည့်မည်မဟုတ်ပေ၊ လမ်းပေါ်တွင် အရမ်းများလွန်းလှသည်။
Ferrari နှင့် McLaren တို့ကဲ့သို့ ထင်ရှားသည့် ကားမျိုးမှသာ ဤမျှ အာရုံစိုက်ခံရခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် Benz AMG ကဲ့သို့ စွမ်းဆောင်ရည်ကောင်းသော်လည်း ပုံစံက ရိုးလွန်းသည့် ကားများကို မဝယ်ခဲ့ခြင်းဖြစ်သည်၊ ထိုအရာမျိုးကို လူသိနည်းသောကြောင့်ပင် ဖြစ်သည်။
၁၀ မိနစ်ခန့်အကြာတွင် သူသည် လျိုမုယန်တို့ တိုက်ခန်းဝင်း အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။
လမ်းတစ်လျှောက်တွင် ရှန်ဟိုင်းသားများ၏ ယဉ်ကျေးလာမှုကို သူ တော်တော်လေး အထင်ကြီးသွားမိသည်။
ဘယ်သူမှ သူ့ရှေ့ကို ဖြတ်မကျော်ကြသလို၊ နောက်က ကားများကလည်း အကွာအဝေးတစ်ခု ခွာပေးထားကြသည်၊ သူ မီးပြလိုက်သည်နှင့် လမ်းဖယ်ပေးကြ၏။
လျှပ်စစ်စကူတာ စီးသူများတောင် သူ့ကို လမ်းဦးပေးကြသေးသည်။ ၎င်းမှာ ပိုက်ဆံ၏ မှော်ဆန်သည့် စွမ်းအားလား မသိတော့ပေ။
တိုက်ခန်းဝင်းက လုံခြုံရေးဝန်ထမ်းက သူ့ထံ ပြေးလာပြီး အလေးပြုလိုက်သည်။
“လူကြီးမင်း... ဝင်းထဲကို ဝင်မလို့လား ခင်ဗျာ”
“မဟုတ်ဘူး... ဒီမှာပဲ လူစောင့်မလို့”
“ဟုတ်ကဲ့ပါ”
ပြောပြီးသည်နှင့် လုံခြုံရေးက အထဲဝင်သွားပြီး အတားအ ဆီးတိုင်လေးများ ယူလာကာ သူ့ကားကို ဘေးကလူများ မတိုက်မိစေရန် ပတ်ပတ်လည် ဝိုင်းပေးထားလိုက်သည်။
ဤလုပ်ရပ်က သူ့ကို ရယ်လည်းရယ်ချင်စေသလို အားလည်းနာမိစေသည်။
သူ ရောက်နေပြီဖြစ်ကြောင်း လျိုမုယန်ကို ဖုန်းမဆက်တော့ပေ။ သူမကို လောသွားအောင် မလုပ်ချင်သောကြောင့် ဖြစ်သည်။
၈ နာရီ ၅၅ မိနစ်တွင် လျိုမုယန်ကို မြင်လိုက်ရသည်၊ သို့သော် သူမနှင့်အတူ ရင်းနှီးနေသည့် တခြားတစ်ယောက်လည်း ပါလာ၏။
“မေမေ... လိုက်မလာပါနဲ့ဆို”
“ယန်ယန်... အမေက ကျေးဇူးသွားတင်ပေးမလို့ပါ။ သူက နင့်ကို ဒီလောက်ဈေးကြီးတဲ့ လက်ဆောင်ပေးထားတာ၊ နင်က ဘာမှ ပြန်မပေးရသေးဘူးလေ”
ဖန်ယုံကျင်းသည် သူမသမီး မနက်အစောကြီး မိတ်ကပ်လိမ်းနေသည်ကို မြင်ကတည်းက ကျိုးထျန်းနှင့် အပြင်သွားတော့မည်ဆိုသည်ကို သိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ကျိုးထျန်းကို တွေ့ချင်သဖြင့်ရော၊ လက်ဆောင်ပေးရန် ပစ္စည်းလေးများယူကာ လိုက်ဆင်းလာခြင်းဖြစ် သည်။
“လျိုမုယန်... အန်တီ... မင်္ဂလာပါ”
ကျိုးထျန်းသည် အခြေအနေကို ကြည့်ပြီး နည်းနည်းကြောင်သွားသည်။
“အို... ကျိုးထျန်း၊ အရင်တစ်ခါ ထမင်းစားတုန်းကထက် ပိုပြီး ချောလာပါလား”
“ကျေးဇူးတင်ပါတယ် အန်တီ”
“ရော့... ဒါလေးတွေ ယူထားလိုက်ဦး၊ လက်ဆောင်အသေးအမွှားလေးပါပဲ”
“အန်တီ... မယူပါရစေနဲ့။ လူကြီးက လူငယ်ကို လက်ဆောင်ပေးတာ မကောင်းပါဘူး”
“အားမနာပါနဲ့ မင်းက ယန်ယန်ကို ဒီလောက် ဈေးကြီးတဲ့ လက်ဆောင်ပေးထားတာ၊ အန်တီက ဒါလေးပေးတာတောင် ပြန်ပေးတာ နည်းနေသေးတယ်လို့ ခံစားရတယ်”
ဖန်ယုံကျင်းသည် စကားပြောရင်း လက်ဆောင်ကို သူ့လက်ထဲ အတင်းထည့်ပေးလိုက်သည်။
“မင်း မသိပါဘူး၊ အရင်တစ်ခါ အန်တီက အဲ့ဒီနာရီကို သူဌေးကတော်တွေရှိတဲ့ Group ထဲမှာ တင်လိုက်တာ... ဟိုမိန်းမကြီးတွေ တစ်ယောက်မှ မနာလိုဖြစ်ပြီး အချဉ်ဓာတ်တွေ တက်နေလိုက်ကြတာ၊ အန်တီတော့ တကယ့်ကို ပျော်သွားတာပဲ”
ကျိုးထျန်းသည် ထိုစကားကြားမှပင် အဲ့ဒီနေ့က အချဉ်ဓာတ်များ ဘာကြောင့် ရုတ်တရက် တက်လာမှန်း သိတော့သည်။
“အန်တီ သဘောကျတယ်ဆိုရင် နောက်တစ်လုံး ဝယ်ပေးပါ့မယ်”
“မလိုပါဘူးကွယ်၊ မင်းက တကယ့်ကို ရိုးသားတာပဲ၊ ယန်ယန်အတွက်ပဲ ဝယ်ပေးပါ”
လျိုမုယန်သည် သူမအမေ၏ လက်ကို ချက်ချင်းဆွဲလိုက်သည်။
“မေမေ... အဲ့ဒါတွေ မပြောပါနဲ့”
ဖန်ယုံကျင်းသည် သူမသမီးကို မျက်စောင်းထိုးလိုက်ပြီး ဘာမှမသိလျှင် ငြိမ်ငြိမ်နေဆိုသည့် သဘောပြလိုက်သည်။
“ကျိုးထျန်း... မင်း ကားမောင်းလာတာလား၊ ဘယ်မှာလဲ မင်းကားက”
ကျိုးထျန်းကတော့ ဤအမျိုးသမီး၏ အမူအရာကို ကြည့်ပြီး တစ်ခုခုတော့ လွဲနေပြီဟု ခံစားမိသည်။
‘သူ့အမေက အခွင့်အရေးသမား အမူအရာ နည်းနည်းပေါက်နေတာပဲ’
သို့သော် သူမသည် လျိုမုယန်၏အမေ ဖြစ်နေခြင်းကြောင့် သူ မကျေနပ်သည်ကို ထုတ်မပြနိုင်ပေ။
“ကျွန်တော့်ကားလား... ဟိုမှာ လူတွေ ဝိုင်းပြီး ဓာတ်ပုံရိုက်နေတဲ့ ကားလေ”
ဖုန်းကိုယ်စီနှင့် လူအုပ်ကြီးသည် မလှမ်းမကမ်းက 720S နားတွင် ဝိုင်းနေကြပြီး Live လွှင့်နေပုံရသည်။
ဖန်ယုံကျင်းသည် ကားကို မြင်လိုက်သည်နှင့် ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးသွားတော့သည်။
“ကျိုးထျန်း... မင်းကားက တော်တော် ဈေးကြီးမှာပဲ၊ ဘယ် လောက် ပေးရလဲ”
“ယွမ် ၄ သန်း မပြည့်ပါဘူး”
“ဈေးကြီးလိုက်တာ! တို့ယန်ယန်ကတော့ ကံကောင်းရှာတယ်၊ ငါ့ထက်တောင် ကံကောင်းသေးတယ်”
“အန်တီ... ကျွန်တော်တို့ ကားပိတ်မှာ စိုးလို့ အရင် သွားလိုက် ပါဦးမယ်”
“အေးအေး... သွားကြသွားကြ”
ဖန်ယုံကျင်းသည် သူမသမီးကို အသာလေး တွန်းလိုက်သည်။ လျိုမုယန်ကတော့ မျက်မှောင်ကြုံ့သွားသော်လည်း ဘာမှ မပြောခဲ့ပေ။
သူတို့နှစ်ဦးကားနား ရောက်သည့်အခါ ကျိုးထျန်းက Live လွှင့်နေသူများကိုပြောလိုက်သည်။
“ဟေး လူတို့... ကျွန်တော့်ကို ဆက်ရိုက်နေရင်တော့ ပိုက်ဆံကောက်ရလိမ့်မယ်နော်”
လူအုပ်က ကင်မရာများကို သူ့ထံ ချက်ချင်း လှည့်လိုက်ကြသည်။
“ဟေး သူငယ်ချင်းတို့... ဒီဇိမ်ခံကားပိုင်ရှင်ကတော့ ဒီချောချောလှလှ အတွဲလေးပဲ ဖြစ်ပုံရတယ်။ ဘယ်လိုထင်ကြလဲ”
“ညီလေး... ကိုယ်တို့ရဲ့ မိသားစုဝင်တွေကို နှုတ်ဆက်ပေးပါဦးလား”
ကျိုးထျန်းသည် လျိုမုယန်အတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။
“တောင်းပန်ပါတယ်... ကျွန်တော် အလျင်လိုနေလို့ပါ”
“ဒါဆိုရင် ဒီကားကို စီးရတဲ့ ခံစားချက်လေး ပြောပြပေးလို့ ရမလား၊ လူတွေက အရမ်းသိချင်နေကြလို့”
“အင်း... သွားလာဖို့ သုံးတာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက ဈေးပေါတော့ ပျက်သွားရင်တောင် ကျွန်တော် နှမြောမှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူ ကားထဲဝင်၊ စက်နှိုးပြီး မောင်းထွက်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် Live ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။
“ဟိုလူဌေးလေး ပြောတာ လူစကား ဟုတ်ရဲ့လား”
“ငါတော့ အံ့ဩလွန်းလို့ ဆွံ့အသွားပြီ၊ ယွမ် ၄ သန်းတန် ကားက သွားလာဖို့ သုံးတာ တဲ့လား”
“ပျက်သွားရင် မနှမြောဘူးတဲ့လား? ငါတော့ ကြားရတာနဲ့တင် နှမြောနေပြီ”
“ချမ်းသာတဲ့သူတွေရဲ့ ကမ္ဘာကို ငါ နားမလည်နိုင်တော့ဘူး၊ လွန်ကို လွန်တယ်”
...
ထွက်ခွာလာခဲ့သည့် ကျိုးထျန်းကတော့ ရုတ်တရက် တက်လာသည့် ရာနှင့်ချီသည့် အချဉ်ဓာတ် မက်ဆေ့ချ်များကို ကြည့်ပြီး အံ့ဩနေသည်။
“Live ကြည့်နေတဲ့သူတွေ အကုန်လုံးက မနာလိုဖြစ်နေကြတာလား”
“ဒီလောက် အဝေးကြီးကနေတောင် ဒီလောက် အချဉ်ဓာတ် တက်နိုင်ကြတယ်ပေါ့”
သူ ခေါင်းခါလိုက်မိသည်။ ဤမျှ လူသိထင်ရှားဖြစ်ရန်မရည် ရွယ်ပေ။
အဘယ်ကြောင့်ဆိုသော် အရမ်း ထင်ပေါ်လျှင် ပြဿနာများ တတ်သောကြောင့်ပင် ဖြစ်သည်။
လျိုမုယန်တို့ အိမ်မှ Happy Valley သို့ ၃၀ ကီလိုမီတာကျော် ဝေးပြီး ကားမောင်းလျှင် တစ်နာရီခွဲခန့် ကြာမြင့်သည်။
“ကျိုးထျန်း... နင် ဒီကားကို အခုမှ ဝယ်တာလား”
“အင်း... မနေ့ကမှ သွားယူတာ။ ငါတို့ အပြင်သွားရင် သုံးဖို့ပေါ့။ တို့ရဲ့ လှပတဲ့ လျိုမုယန်လေးအတွက် ကားမောင်းပေးမယ့်သူ လိုတယ် မဟုတ်လား”
“စကားကတော့ တတ်လိုက်တာ၊ ဒီကားက တကယ်ပဲ ၄ သန်း ပေးရတာလား”
“မဟုတ်ပါဘူး... အခွန်တွေ ဘာတွေအကုန်ပေါင်းမှ ၃.၈ သန်းပဲ ကျတာပါ၊ အဲ့ဒီလောက် မဈေးပါဘူး”
ကျိုးထျန်း မောင်းရင်းနှင့် သူမနှင့် စကားပြောလာခဲ့သည်။
“နင် ဒီလောက်ကြီး ပိုက်ဆံတွေကို အတိုင်းအဆမရှိ သုံးနေတာ မကောင်းဘူးနော်”
သူ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့... ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်။ ငါ့မှာ ပိုက်ဆံရှာတဲ့ နည်းလမ်းတွေ ရှိတယ်”
Happy Valley သို့ ရောက်သည့်အခါ ပါကင်က ထက်ဝက်ကျော် ပြည့်နေပြီ ဖြစ်သည်။ စနေနေ့ဆိုသည်မှာ လူများသည့်နေ့ ဖြစ်ပုံရသည်။
မနက် အိမ်မှ ထွက်လာသည်မှ ယခုအထိ ဤကားလေးကြောင့် အချဉ်ဓာတ် ၉,၀၀၀ ကျော်ကို သူ အေးအေးဆေး ဆေး ရရှိထားပြီးပြီ ဖြစ်သည်။
ကားပါကင် ထိုးပြီးသည့်အခါ သူသည် ယဉ်ကျေးပျူငှာစွာဖြင့် လျိုမုယန်အတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။
“ကျိုးထျန်း... ဒီကားက ဒီလောက် ဈေးကြီးတာကို ဘာလို့ စီးရတာ ဒီလောက် အဆင်မပြေတာလဲ။ ဆူလည်း ဆူတယ်၊ ခုန်လည်း ခုန်တယ်” ဟု လျိုမုယန်က ညည်းတွားလိုက်သည်။
သူလည်း ဘာမှ မတတ်နိုင်ပေ၊ SuperCarများဆိုသည်မှာ စီးရသည်မှာ တကယ်ပင် သက်သောင့်သက်သာ မရှိလှပေ။
တစ်နာရီကျော် မောင်းလာရသဖြင့် သူ့ခါးများပင် နာနေပြီ ဖြစ်သည်။
သို့သော် မိန်းကလေး အများစုကတော့ သက်သောင့်သက် သာ ရှိသည်ထက် ကြည့်ကောင်းရန်ကိုသာ အဓိကထားတတ်ကြသည်။ လျိုမုယန်ကတော့ ထိုသို့ မဟုတ်ပေ။
‘သက်သောင့်သက်သာရှိတဲ့ ကားတစ်စီးထပ်ဝယ်ဖို့ လိုဦးမယ် ထင်တယ်။ ငါ့ရည်းစားရဲ့ခံစားချက်က အရေးကြီးဆုံးပဲလေ’
သို့သော် နောက်ထပ် ကားဝယ်ရန် မစဉ်းစားခင် ယနေ့ တာဝန်ကို အရင် အပြီးသတ်ရဦးမည်၊ မဟုတ်လျှင် သူ့ထံတွင် ပိုက်ဆံမကျန်တော့ပေ။
သူတို့နှစ်ဦး ဝင်းထဲသို့ လျှောက်ဝင်သွားကြသည်၊ သူသည် လက်မှတ်များကို ကြိုဝယ်ထားပြီးသား ဖြစ်သည်။
“လျိုမုယန်... Roller coaster အရင် စီးမလား၊ Drop tower အရင် စီးမလား”
“အင်း... Drop tower အရင် စီးချင်တယ်။ Roller coaster ကိုတော့ နောက်မှပဲ စီးရအောင်”
“ကောင်းပြီလေ... ဒါဆို Drop tower ကို အရင် သွားကြတာပေါ့”
ယနေ့ ဝင်းထဲတွင် လူများမှာ တိုးမပေါက်အောင် များနေပြီး ကစားနည်း တော်တော်များများတွင် လူတန်းကြီးများက အရှည်ကြီး ဖြစ်နေသည်။
“ကျိုးထျန်း... ငါ မုန့်တွေနဲ့ အအေးတွေ ယူလာတယ်။ တန်းစီနေရင်း စားလို့ရတာပေါ့”
လျိုမုယန်သည် တကယ့်ကို အလိုက်သိသူ ဖြစ်သည်။
ဤကဲ့သို့သော နေ့မျိုးတွင် နာမည်ကြီး ကစားနည်းများသည် ၂ နာရီခန့် တန်းစီရတတ်သောကြောင့် စားစရာ မပါလျှင် တော်တော် စိတ်ညစ်ဖို့ ကောင်းပေလိမ့်မည်။
သို့သော် သူမသည် ကျိုးထျန်း၏ အစီအစဉ်ကို မသိသေးပေ။
“တန်းစီမယ်? ဘယ်မှာ တန်းစီမှာလဲ။ ငါတို့ တန်းစီဖို့ မလိုဘူးလေ”
သူသည် ဖုန်းကို ချက်ချင်းထုတ်ပြီး မနေ့က ဆက်သွယ်ထားသည့် ဝန်ထမ်းထံ ဖုန်းဆက်လိုက်သည်။
ခဏအကြာတွင် ယူနီဖောင်းဝတ်ထားသည့် အရပ်ရှည်ရှည် လူတစ်ယောက် ပြေးလာသည်။
“လူကြီးမင်း ကျိုး လား ခင်ဗျာ”
“ဟုတ်ကဲ့... ကျွန်တော်ပါ”
“မင်္ဂလာပါ ခင်ဗျာ... ကျွန်တော် ဒီနေ့ တစ်နေ့လုံး လူကြီးမင်းတို့ လည်ပတ်ဖို့အတွက် လိုက်ပါ ဝန်ဆောင်မှု ပေးသွားမှာပါ။
ကျွန်တော့်နောက်ကိုပဲ လိုက်ခဲ့ပါ၊ ကျွန်တော် အကုန်လုံး ရှင်းပြပေးပါ့မယ်”
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်။ ကျွန်တော့် WeChat ကို add ထားပေးပါဦး”
သူတို့ WeChat add ပြီးသည်နှင့် ကျိုးထျန်းက ယွမ် ၂၀၀ တန် အနီရောင်စာအိတ်ကို ချက်ချင်း ပို့လိုက်သည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း ကျိုး”
ဟိုလူကလည်း တကယ့်ကို အံ့ဩပြီး ဝမ်းသာသွားသည်။ သူ့၏ တစ်နေ့လုပ်အားခက ယွမ် ၂၀၀ သာ ရှိခြင်းကြောင့် ဖြစ်သည်။
အနီရောင်စာအိတ်နှင့် လူများကို မြှူဆွယ်သည့် နည်းလမ်းကတော့ ကျိုးထျန်းအတွက် တော်တော်လေး ရင်းနှီးနေသည့် လှည့်ကွက်တစ်ခုပင် ဖြစ်သည်။
“ကျိုးထျန်း... နင် ပိုက်ဆံတွေ ထပ်ဖြုန်းပြန်ပြီလား။ ဘာလို့ ငါတို့အတွက် သီးသန့် ဝန်ဆောင်မှု ယူရတာလဲ”
တန်းစီစရာ မလိုသည်ကို လျိုမုယန်က ဝမ်းသာသော်လည်း ကျိုးထျန်းက သူမအတွက် ပိုက်ဆံများစွာ သုံးနေသည်ကို ကြည့်ပြီး နှမြောနေမိသည်။
🍋 Chapter 28
လျိုမုယန်၏ အမူအရာကို ကြည့်ပြီး ကျိုးထျန်းက သူမနှာခေါင်းလေးကို အသာအယာ ဆွဲညှစ်ကာ ကျီစယ်လိုက်သည်။
“ပိုက်ဆံသိပ်မကုန်ပါဘူး၊ မင်း ပျော်ဖို့က အရေးကြီးဆုံးပဲလေ”
ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စကို ဘာလို့ တန်းစီပြီး အချိန်ဖြုန်းနေမှာလဲ။
သူက ကုန်ကျစရိတ်ကို အလွယ်တကူ တွက်ချက်နိုင်သလို၊ တန်းစီစရာမလိုတာကလည်း သူ့အစီအစဉ်ရဲ့ အပိုဆုတစ်ခုသာ ဖြစ်သည်။
“ဟွန့်...”
သူ့စကားကြောင့် လျိုမုယန် စိတ်ထဲမှာ နွေးထွေးကြည်နူးသွားပြီး ဆက်ပြီး ငြင်းမနေတော့ပေ။
သူတို့နှစ်ဦးသည် ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းသီးသန့်အဝင်ပေါက်မှ ဝင်သွားကြရာ ဘေးနားတွင် တန်းစီနေသည့် ရာနှင့်ချီသောလူများက ဝိုင်းပြီး ကျိန်ဆဲကြတော့သည်။
“ဘာလို့ သူတို့ကျတော့ အရင်ဝင်ခွင့်ရတာလဲ”
“ဟုတ်ပ၊ Happy Valley က ဘာသဘောလဲ။ သူတို့ဆီက လက်ဖက်ရည်ဖိုးတွေ ယူထားတာလား။ ငါ တိုင်ပစ်မယ်”
လူငယ်အချို့က လူအုပ်ကို လှုံ့ဆော်ရန် အော်ဟစ်ကြသည်။
အရပ်ရှည်ရှည် ဝန်ထမ်းတစ်ဦးက ထိုလူအနားသို့ လျှောက်သွားပြီး ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“သူငယ်ချင်း... မိုက်မဲမနေပါနဲ့။ တကယ်လို့ ခင်ဗျားကလည်း ဟိုလူကြီးမင်းလိုမျိုး ယွမ် ၁ သိန်းလောက် သုံးနိုင်မယ်ဆိုရင် ကျွန်တော်တို့ အပန်းဖြေဥယျာဉ်က ခင်ဗျားကိုလည်း သီးသန့်ဝန်ဆောင်မှု ပေးမှာပါ”
“၁ သိန်း...”
ထိုကိန်းဂဏန်းကို ကြားလိုက်ရသည်နှင့် ဆူပူနေသည့် လူနှစ်ဦးမှာ ချက်ချင်း ငြိမ်ကျသွားတော့သည်။
ဘေးနားက ကြားလိုက်ရသူများလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
“ဒါ Happy Valley ပါနော်၊ ကားအရောင်းဆိုင် မဟုတ်ဘူး။ ယွမ် ၁ သိန်းဆိုတာ ကားတစ်စီး ဝယ်လို့ရတယ်လေ”
“ဒီလူက ဘဝကို လာပြီး အတွေ့အကြုံယူနေတဲ့ သူဌေးသားလား၊ ငါတို့လို သာမန်လူတွေနဲ့ လာကစားနေတာလား”
“ငါ့နှလုံးတွေ ခုန်နေပြီ၊ သွေးတိုးလာသလိုပဲ”
“ငိုတောင် ငိုချင်လာပြီ။ ကစားဖို့ ယွမ် ၁ သိန်း သုံးဖို့နေနေသာသာ ငါ့ဘဏ်အကောင့်ထဲမှာတောင် ၁ သိန်း မရှိဘူး”
တန်းစီနေသည့် လူအုပ်ထဲမှ ရှေ့ဆုံးက လူငယ်တစ်ဦးက သူ့နဖူးကို ရိုက်လိုက်သည်။
“တောက်... ငါ ထင်သားပဲ၊ ဒီလူက မြင်ဖူးသလိုလို ရှိသား၊ Live လွှင့်နေတာမှာ ငါ မြင်လိုက်တာ”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲ ပြောပါဦး”
ထိုလူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး
“ဒီလူက ယွမ် ၄ သန်းတန် ပြိုင်ကား မောင်းလာတာလေ။ သူပြောတာကတော့ အဲ့ဒီကားက သွားလာဖို့ သုံးတာပဲတဲ့၊ ဈေးပေါလို့ ပျက်သွားရင်တောင် မနှမြောဘူးတဲ့”
“ငါကတော့ Live ထဲကလူတွေ ဟန်ဆောင်နေတာလို့ ထင်နေတာ၊ အခုကြည့်ရတာတော့ သူက တကယ့်သူဌေးကြီးပဲ!”
ဘေးပတ်ပတ်လည်မှ လူများ အသက်ရှူပင် မှားသွားကြသည်။
ယွမ် ၄ သန်းတန် ကား ပျက်တာက ဘာမှမဖြစ်ပေမဲ့ ယွမ် ၄ သိန်းတန် ကား ပျက်ရင်တောင် အသည်းခိုက်မတတ် နှမြောဖို့ ကောင်းသည် မဟုတ်ပါလား။
ထိုသတင်းကြောင့် တန်းစီနေသည့် လူအုပ်မှာ ငြိမ်ကျသွားပြီး အချင်းချင်း တိုးတိုးတိတ်တိတ်ဖြင့် အတင်းပြောနေကြတော့သည်။
Drop tower ပေါ်တွင် စိုးရိမ်တကြီး ထိုင်နေသည့် ကျိုးထျန်းမှာ သူ၏ မျက်စိရှေ့တွင် ရာနှင့်ချီသော "အချဉ်ဓာတ်" မက်ဆေ့ချ်များ ပေါ်လာသည်ကို သတိထားမိလိုက်ပြီး ၎င်းတို့မှာ တိုးပွားနေဆဲပင်။
“ငါ ဘာမှလည်း မလုပ်ပါလား၊ ဘာလို့ သူစိမ်းတွေ အကုန် လုံးက လီမွန်တွေ ဖြစ်နေကြတာလဲ”
ဝူး~
စက်ကြီးက စတင် လည်ပတ်သွားသဖြင့် သူ လက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ရသည်။
ဒီနေ့တော့ သူ ချစ်ရသူအတွက် အသက်ကိုရင်းနေရပြီဖြစ် သည်။
စက္ကန့်အနည်းငယ်အကြာတွင် သူနှင့် လျိုမုယန်တို့ မြေပြင်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
“ဟူး... သိပ်ပြီး မကြောက်ဖို့ကောင်းတော့ပါဘူး။ အရင်တစ်ခါ စီးတုန်းက ငါ ငယ်သေးလို့ ထင်တယ်၊ အခုတော့ ငါ မကြောက်တော့ဘူး”
သူ ထင်သလောက် မလှုပ်ခတ်ဘဲ ပုံမှန်လောက်သာ ခံစားရသည်။
သို့သော် လျိုမုယန်မှာမူ ခြေထောက်များ တုန်နေရှာသည်။ သူမအတွက် ပထမဆုံးအကြိမ် စီးဖူးခြင်း ဖြစ်သည်။
“ကျိုးထျန်း... နောက်တစ်ခု သွားကြရအောင်”
သူမ၏ တုန်ရီနေသော အသံကို ကြားသဖြင့် ကျိုးထျန်းက ပြုံးပြီး သူမခေါင်းကို အသာလေး ပုတ်လိုက်သည်။
“နင် တုန်နေတာပဲ၊ သွားနိုင်ဦးမှာလား”
လျိုမုယန်က ခေါင်းငြိမ့်ပြသည်။
ကျိုးထျန်းက လက်လှမ်းပြီး သူမ၏ ပခုံးကို ထိန်းပေးလိုက်သည်။
လျိုမုယန်က သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း မငြင်း ပယ်ဘဲ အကူအညီယူကာ ထွက်လာခဲ့သည်။
သို့သော် သူတို့ ထွက်လာစဉ်တွင် တန်းစီနေသော လူများထံမှ အထင်ကြီးမှုနှင့် မနာလိုမှုတို့ ရောပြွမ်းနေသည့်ထူးဆန်းသော အကြည့်များကို ကျိုးထျန်း သတိထားမိလိုက်သည်။
နောက်ပိုင်းတွင် သူတို့သည် စိတ်လှုပ်ရှားမှု နည်းပါးသော သစ်သား Roller coaster ကို သွားစီးကြသည်။
လျိုမုယန်ကို အမောဖြေရန် အချိန်ပေးချင်ခြင်း ဖြစ်သည်။ သို့သော် မျှော်လင့်မထားဘဲ သူမမှာ နည်းနည်း နုံးနေဆဲပင်။
ကျိုးထျန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နေခင်းစာစားချိန် နီးနေပြီဖြစ်၍ ခဏနားရန် ဆုံးဖြတ်လိုက်သည်။
ဟော့ပေါ့ဆိုင် မရှိဘဲ Fast Food ဆိုင်များသာ ရှိသဖြင့် သူ ဘယ်ဆိုင်သွားရမလဲ ရွေးရခက်နေသည်။ သို့သော် လျိုမုယန်က "မုတ်ဆိတ်ဖြူ ဗိုလ်ချုပ်ကြီး" (KFC) ဆိုင်သို့ သွားရန် အကြံပြုလာသည်။
“မိန်းကလေးတွေက အမြန်စာတွေကို မကြိုက်ကြဘူး မဟုတ်လား”
“မဟုတ်ပါဘူး... တကယ်တော့ ငါ သိပ်မကြိုက်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့မိဘတွေက ဒါတွေ စားခွင့်မပေးလို့။ တစ် ယောက်တည်း အပြင်ထွက်တဲ့ အချိန်မှပဲ စမ်းစားကြည့်ချင်တာ”
ကျိုးထျန်း ဆွံ့အသွားရသည်။
ဒါ ဘယ်လို မိသားစုမျိုးလဲ။ ဘာလို့ ဒါတွေ စားခွင့်မပေးရတာလဲ။
သူတို့က နှင်းရည်တွေပဲ သောက်ပြီး မြေကြီးပေါ်က အစာတွေ မစားကြဘူးလား။
ဒါဆို သူတို့က နတ်သမီးတွေပေါ့?
သူမ စားချင်သည်ဆိုမှတော့ သွားရပေလိမ့်မည်။
အရင်တစ်ခါ ဟော့ပေါ့စားသလိုပင် ကျိုးထျန်းက အကုန်လုံးကို မှာလိုက်ပြီး သူမ ကြိုက်တာ ရွေးစားကာ ကျန်တာကို သူပဲ အပြတ်ရှင်းပေးလိုက်သည်။
သို့သော် ဤနေရာရှိ KFC မှာတော့ အပြင်ထက် ဈေးအတော်လေး ပိုကြီးလှသည်။
သူတို့နှစ်ဦး စုစုပေါင်း ယွမ် ၃၀၀ ကျော် ကုန်သွားသည်။
ခဏ အနားယူပြီးနောက် လျိုမုယန်၏ သတ္တိများ ပြန်ဝင်လာပြီး သူမသည် သူ့ကို အကြောက်ဆုံးဖြစ်သည့် "သတ္တိတောင်ထိပ်"ဆီသို့ ခေါ်သွားတော့သည်။
ဤ Roller coaster မှာ မီတာ ၆၀ အမြင့်မှ ထိုးဆင်းရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းသည်။ စီးပြီး ဆင်းလာသည့်အခါ လျိုမုယန် ခြေထောက်များ ထပ်မံ ပျော့ခွေသွားပြန်သည်။
သို့သော် သူမ ချက်ချင်းပင် Giant Pendulum ကို သွားစိန်ခေါ်ပြန်သည်။
ကျိုးထျန်းမှာမူ အံ့ဩတကြီး ကြည့်နေမိသည်။
‘ဒီမိန်းကလေးရဲ့ ဇွဲနဲ့ သတ္တိက တကယ့်ကို အံ့ဩဖို့ ကောင်းတာပဲ၊ သာမန်လူဆိုရင် ရူးတောင် သွားနိုင်တယ်’
သူတို့မှာ ဘယ်ကစားနည်းကိုမှ တန်းစီစရာ မလိုသဖြင့် တစ်ခုပြီးတစ်ခု အဆက်မပြတ် စီးနိုင်ကြသည်။
ညနေ ၃ နာရီခန့်တွင် ကစားနည်းအားလုံးကို စီးပြီးသွားကြသည်။ သို့သော် လျိုမုယန်မှ ဒုတိယအချီ စီးရန် ထပ်မံ ဆွဲခေါ်သွားပြန်သည်။ ည ၇ နာရီနီးပါး ရောက်မှသာ သူတို့နှစ်ဦး အနားယူနိုင်ကြတော့သည်။
“မုယန်... တစ်ခုခု စားချင်သေးလား”
“မဆာသေးဘူး”
နေခင်းမှ အတော်လေး များများစားထားကြသည် မဟုတ်ပါလား။
“ကောင်းပြီလေ... ဒါဆို အပန်းဖြေဥယျာဉ်ထဲ လမ်းလျှောက်ရင်း ညအလှကို ကြည့်ရအောင်”
“အင်း”
သူတို့နှစ်ဦးသည် လမ်းမကြီးအတိုင်း ပတ်ပတ်လည် ကြည့်ရင်း လျှောက်လာခဲ့ကြသည်။
ကျိုးထျန်းကတော့ သူမကို တမင်တကာ ဦးတည်ချက်တစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ည ၇ နာရီခွဲခန့်တွင် သူတို့သည် Happy Valley ၏ နာမည်ကြီး Sky Water Show နားသို့ ရောက်လာကြသည်။
ဤရေဖျော်ဖြေပွဲမှာ Happy Valley ၏ အထင်ကရပြကွက် ဖြစ်ပြီး ပြင်သစ်အဖွဲ့ထံမှ ဈေးကြီးပေးကာ မှာယူထားခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် အလယ်က ကြည့်ရှုသည့်နေရာမှာ လူ ၁,၅၀၀ ခန့် ဆံ့သဖြင့် နေရာရရန် ကြိုသွားရသည်။
မဟုတ်လျှင် ကန်ဘေးကနေ အဝေးကပဲ ကြည့်ရသည်။
သို့သော် ယနေ့တွင် အလယ်ဗဟို ဧရိယာတစ်ခုလုံးကို အတားအဆီးများဖြင့် ပိတ်ထားပြီး ဘယ်သူမှ ဝင်ခွင့်မရှိပေ။
အဝင်ဝတွင် "သီးသန့်ဧရိယာ"ဟူသော ဆိုင်းဘုတ်ကြီးကို ချိတ်ထားသည်။
လျိုမုယန်လည်း ဤမီးရှိုးအကြောင်း သိထားပြီးသား ဖြစ်သဖြင့် အလယ်မှ ကြည့်ရသည်မှာ အကောင်းဆုံးမှန်း သိသည်။
“နှမြောစရာပဲ၊ တစ်ယောက်ယောက်က အကုန်လုံးကို သိမ်းထားတယ် ထင်တယ်”
ကျိုးထျန်းက ရယ်မောကာ “နှမြောစရာ ဘာရှိလို့လဲ။ ငါ သိမ်းထားတာလေ”
“ဟင်!”
လျိုမုယန် ထပ်ပြီး အံ့ဩသွားပြန်သည်။
ကျိုးထျန်းက ဘာလို့ ဒီလို မျှော်လင့်မထားတဲ့ အရာတွေကို အမြဲ လုပ်နေရတာလဲ။
“ဝင်ကြရအောင်”
ကျယ်ဝန်းလှသော နေရာကြီးတွင် သူတို့နှစ်ဦးတည်းသာ ရှိနေပြီး ပွဲစတင်ရန် ငြိမ်သက်စွာ စောင့်နေကြသည်။
ဘေးပတ်ပတ်လည်က သောင်းနှင့်ချီသော ကမ္ဘာလှည့်ခရီးသည်များမှာ အကောင်းဆုံးနေရာကို ယူထားသည့် သူတို့နှစ်ဦးကို ကြည့်ပြီး မကျေမနပ် ဖြစ်နေကြသည်။
သို့သော် ဝန်ထမ်းများက ကျိုးထျန်းဘယ်လောက် သုံးထား သည်ကို ပြောလိုက်သည့်အခါ အားလုံးမှာ ငြိမ်ကျသွားကြသည်။ ပိုက်ဆံက စကားပြောသည် မဟုတ်ပါလား။
သူတို့ဆီသို့ စိုက်ကြည့်နေသည့် တိုးပွားလာသောအချဉ်ဓာတ် အကြည့်များကို ကြည့်ပြီး ကျိုးထျန်း ပြုံးလိုက်မိသည်။
ဒါ သူ လိုချင်တဲ့ ရလဒ်ပဲ!
ခဏအကြာတွင် ဖျော်ဖြေရေးပွဲ စတင်သည်။
နိုင်ငံခြားသားများ လုပ်ထားသည်ဖြစ်၍ တကယ်ပင် ကောင်းမွန်လှသည်။
သူတို့နှစ်ဦးမှာလည်း အကောင်းဆုံးနေရာမှ ကြည့်ခွင့်ရသဖြင့် ပထမတန်းစား ခံစားချက်ကို ရရှိသည်။
ထို့ကြောင့် ဘေးပတ်ပတ်လည်က လူများထံမှ အချဉ်ဓာတ် အကြည့်များ ပိုမိုတိုးလာတော့သည်။
သို့သော် မလုံလောက်သေးပေ။
မိနစ်အနည်းငယ်အကြာတွင် ဖျော်ဖြေရေးပွဲ ပြီးဆုံးသွားသည်။
လျိုမုယန်မှာ စိတ်ပါလက်ပါ ကြည့်ရှုခဲ့သည်။
မိန်းကလေးတွေမှာ ဒီလို လှပတဲ့အရာတွေကို ကြိုက်တတ်ကြသည် မဟုတ်ပါလား။
“ကျိုးထျန်း... ပြီးသွားပြီ၊ သွားကြရအောင်”
ကျိုးတျန်းမှာမူ လျိုမုယန်ကို ဆွဲထားလိုက်သည်။
“တခြားသူတွေအတွက်တော့ ပြီးသွားပြီ၊ ဒါပေမဲ့ မင်းအတွက်တော့ မပြီးသေးဘူး”
ကျိုးထျန်းက လက်ဖျစ်တစ်ချက် တောက်လိုက်သည်။
တောက်!
ကြိုတင်ပြင်ဆင်ထားသော ဝန်ထမ်းတစ်ဦးက ခလုတ်ကို နှိပ်လိုက်သည်။
ရှူး~ရှူး~ ဒုန်း!
သူတို့နှစ်ဦး၏ ဘေးပတ်ပတ်လည်တွင် မီးရှူးမီးပန်းများစွာ ရုတ်တရက် ပွင့်ထွက်လာပြီး သူတို့နှစ်ဦးကို ဝန်းရံသွားတော့သည်။
“ဒါက...”
လျိုမုယန်မှာ ဤအံ့အားသင့်စရာကြောင့် ဆွံ့အသွားပြီး ကောင်းကင်ယံတွင် တဖျတ်ဖျတ် တောက်ပနေသော မီးရှူးမီးပန်းများကို ငေးကြည့်နေမိသည်။
ဖျော်ဖြေရေးပွဲအပြီး ပြန်တော့မည့် ခရီးသည်များပင် လှည့်ကြည့်ရတော့သည်။
ပွဲကြည့်ပရိသတ်အားလုံးထဲတွင် တစ်ဦးတည်းသောသူမှာမူ ကောင်းကင်က မီးရှူးမီးပန်းတွေကို ကြည့်မနေပေ။
ကျိုးထျန်းသည် လျိုမုယန်၏ ဘေးတိုက်မျက်နှာလေးကို ငေးကြည့်နေမိသည်။
သူမ မျက်လုံးထဲတွင် မီးရှူးမီးပန်း၏အရောင်များ ရောင်ပြန် ဟပ်နေပြီး သူမ၏ပြည့်စုံလှသော မျက်နှာသွင်ပြင်နှင့် ပေါင်းစပ်လိုက်သည့်အခါ နှစ်ပေါင်းတစ်ထောင် တန်ဖိုးထားရမည့် ဆီဆေးပန်းချီကားတစ်ချပ်လို လှပနေတော့သည်။
ထို့နောက် ဖုန်းကို ထုတ်လိုက်ပြီး ထိုမြင်ကွင်းကို မှတ်တမ်းတင်လိုက်သည်။