အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
စီနီယာအစ်ကိုကြီးက အရမ်းချစ်ဖို့ကောင်းတာပဲ
ဘာသာပြန်သူ-ATY author team
Book 17 Chapter 161 to 170
အခန်း ၁၆၁:အဲ့ဒါက တကယ်ပဲ အဲ့ဒီလောက် လွန်ကဲနေတာလား...
အမှုထမ်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အထင်သေးမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ခေါင်းခါယမ်းပြီး တွေးတောလိုက်၏။
'အဲ့ဒါဆိုရင် ဒါက ကြွားလုံးထုတ်ဖို့ ဟန်ဆောင်နေတာ သက်သက်ပဲပေါ့...'
အစပိုင်းတွင် တစ်ဖက်လူ၏ အမူအကျင့်နှင့် အသွင်အပြင်ကို မြင်ပြီး သူသည် ပါရမီရှင်တစ်ယောက် ဖြစ်မည်ဟု သူ ယူဆခဲ့သည်။ ယခုအချိန်၌ စူးချန်ကဲက မတုံ့ပြန်နိုင်သည်ကို မြင်တွေ့ချိန်၌ တစ်ဖက်လူ၏စွမ်းအားမှာ အလွန် အားနည်းပြီး ဖော်ပြရန်ပင် မထိုက်တန်ကြောင်း သူ ချက်ချင်းခန့်မှန်းလိုက်သည်။
သို့ရာတွင် ထိုသို့ဖြစ်သည့်တိုင် သူ မရပ်တန့်ခဲ့ချေ။ ထိုအစား သူ၏လက်ချောင်းထိပ်များရှိ စိတ်ဝိညာဉ်ချီများကို အားပျော့သွားစေခဲ့သည်။ ဤနည်းလမ်းကြောင့် အနည်းဆုံးအနေဖြင့် သူသည် စူးချန်ကဲကို အမှန်တကယ် ဒဏ်ရာမရစေဘဲ တစ်ဖက်လူ၏ ကာကွယ်ရေးအရှိန်အဝါမှတဆင့် ကျင့်ကြံဆင့်နယ်ပယ်ကိုလည်း သူ တိကျစွာ ဆုံးဖြတ်နိုင်ပေမည်။
ငွေယူထားပြီးပြီဖြစ်ရာ သူသည် သူ၏အလုပ်ကို ကြိုးစားပမ်းစား လုပ်ဆောင်ရပေမည်။
သို့ရာတွင် နောက်တစ်စက္ကန့်တွင်...
အမှုထမ်း ၏ မျက်နှာပေါ်ရှိ အထင်သေးသော အမူအရာသည် ချက်ချင်း အေးခဲတောင့်တင်းသွားပြီး စိတ်ရှုပ်ထွေးမှုအဖြစ်သို့ ပြောင်းလဲသွားကာ အကန့်အသတ်မဲ့ ကြောက်ရွံ့မှုများဖြင့် ချက်ချင်းအစားထိုးခံလိုက်ရသည်။
နောက်တခဏတွင်...
လောကကြီးကို တုန်ခါစေသော မြည်ဟီးသံ မရှိသည့်အပြင် မျက်စိကျိန်းလောက်အောင် တောက်ပမှုလည်း မရှိချေ။
အမှုထမ်းသည် သူ ထုတ်လွှတ်လိုက်သော အေးစက်သည့် လက်ချောင်းစွမ်းအင်နှင့် သူ၏ ကိုယ်ပိုင်တည်ရှိမှုတို့ ပြိုလဲကျနေသည်ကိုသာ ခံစားလိုက်ရသည်။
သူ အသတ်မခံရမီ အသက်တစ်ရှိုက်စာ အချိန်ပင် မယူလိုက်ရချေ။
တိတ်ဆိတ်စွာဖြင့် ဗလာနတ္တိသို့ ပြန်လည်ရောက်ရှိသွားသည်။
သူသည် အော်ဟစ်သံတစ်သံပင် မထုတ်လွှတ်နိုင်ခဲ့ချေ။ သူ အစောပိုင်းက စတင်ခဲ့သော တိုက်ခိုက်မှု၊ ပြုတ်ကျမလာသေးသော စိတ်ဝိညာဉ်သစ်သီးတို့နှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ချိန်တည်းမှာပင် ဗလာနတ္တိအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အခန်းထဲတွင် လှည့်ပတ်နေသော စိတ်ဝိညာဉ်ချီ လေပြေကြောင့် ထိုအရာများသည် လွင့်ပါသွားပြီး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့သည့်အလား လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ပေ၏။
ရွှေရောင်ဗန်းနှင့် သရေစာပန်းကန် အနည်းငယ်သာ ကျောက်စိမ်း စားပွဲပေါ်တွင် တည်ငြိမ်စွာ ကျန်ရစ်ပြီး ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု ထွက်ပေါ်နေသည်။
အခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
"အဲ့ဒီ အမှုထမ်းက ဘယ်ရောက်သွားလဲ..."
နင်ဖူယောင် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ ထိုအမှုထမ်း သေသွားနိုင်သည်ဟု သူမ စဉ်းစားခဲ့သော်လည်း မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် သူ ပျောက်ကွယ်သွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
သူမ၏နောက်ရှိ ရှေးဟောင်းဓားအတွင်းမှ အားချီသည် စူးချန်ကဲကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"သူက သခင်မ စီနီယာအစ်ကိုရဲ့ အရှိန်အဝါ ကြောင့် သုတ်သင်ခံလိုက်ရတာပါ..."
ဤအချိန်အခိုက်အတန့်တွင် အားချီသည် စူးချန်ကဲ၏စွမ်းအားကြောင့် နောက်တစ်ကြိမ် အံ့အားသင့်သွားသည်။
သူက အရင်ကထက် အများကြီးပိုပြီး အစွမ်းထက်လာတယ်...
ခုဏက ထွက်ပေါ်လာတဲ့ အရှိန်အဝါလေး သက်သက်က သာမန်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်ထက်တောင် အများကြီး ကျော်လွန်နေပြီ...
ဒီစူးချန်ကဲက အကန့်အသတ် မရှိဘူးလား...
ရက်အနည်းငယ်ကြာတိုင်း သူက ဘာလို့ ပိုပြီးသန်မာလာတာလဲ...
အားချီက တွေးတောပြီးနောက် သူမ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်သွားတော့သည်။
စူးချန်ကဲသည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား စိတ်ဝိညာဉ်မုန့်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ နင်ဖူယောင်ကို ပေးလိုက်ပြီး တီးတိုးပြောဆိုသည်။
"မင်း အရင် တစ်ခုခု စားလိုက်အုံး... ငါ အပြင်သွားပြီး လမ်းလျှောက်လိုက်အုံးမယ်..."
ဤအခြေအနေသည် အလွန်ပုံမှန်ဆန်လွန်းပေ၏။
ကံကြမ္မာသမီးတော်အတွက် အိမ်ပြန်ခရီးစဉ်သည် မည်သို့ အဆင်ပြေချောမွေ့နိုင်မည်နည်း...
သူသည် လီဝမ်နှင့်တခြားသူများကို အစကတည်းက သတိထားမိခဲ့သော်လည်း သူ၏ စိတ်ထဲတွင် ကောင်းကင်သို့ ရောက်ရှိသော ဂိတ်တံခါးဆယ့်ခြောက်ပေါက်နှင့် ကောင်းကင် တက်လှမ်းခြင်းတံတားအကြောင်း တွေးတောနေဆဲဖြစ်သဖြင့် လောလောဆယ် သူတို့ကို ဂရုမစိုက်ခဲ့ခြင်းပင်။ အရေးအကြီးဆုံး အကြောင်းအရင်းကမူ ဤပုရွက်ဆိတ်များသည် သူ့ကို လက်ချောင်းတစ်ချောင်းပင် မလှုပ်ရှားချင်အောင် ဖြစ်စေသောကြောင့်ပင်။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို..."
နင်ဖူယောင်သည် သူမ၏ရှေ့ရှိ မုန့်ကို ကြည့်ရင်း အနည်းငယ် မြှောက်ပင့်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုကြောင့် ရင်ခုန်နှုန်းမြန်နေခဲ့သည်။ ဤသည်မှာ စီနီယာအစ်ကိုက သူမကို ပထမဆုံးအကြိမ် သူကိုယ်တိုင် အစားအစာ လက်ကမ်းပေးခြင်းပင်။
【ဒင်... လက်ခံသူရဲ့ ပေါ့ပေါ့ပါးပါးလုပ်ရပ်ကကံကြမ္မာသမီးတော် နင်ဖူယောင်ရဲ့ နှလုံးသားကို နောက်တစ်ကြိမ် အောင်မြင်စွာ နွေးထွေးစေခဲ့ပါတယ်... ဆုလာဘ် ...တစ်လစာကျင့်ကြံခြင်း အတွေ့အကြုံ ...】
【လက်ရှိ စုဆောင်းမှု ...ဆယ့်တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ 】
【လျှို့ဝှက် တာဝန် ကို အသက်သွင်းခြင်း ...မူလဇာတ်ကွက်တွင် မြောက်ပိုင်းဒေသ သို့ ပြန်သွားရာလမ်းတွင် နင်ဖူယောင်၏အလှတရားသည် ချင်ဟယ်မြို့မှ လီမိသားစုခေါင်းဆောင်၏ သားအကြီးဆုံး လီဝမ်၏ လောဘတကြီးအကြည့်ကို ဆွဲဆောင်ခဲ့သည်။ နယ်မြေဖြတ်ကျော် သင်္ဘောသည် စိတ်ဝိညာဉ် ချီစွမ်းအားကို ဖြည့်တင်းရန် ကြားခံနေရာတစ်ခုသို့ ရောက်ရှိလာချိန်၌ လီဝမ်က အခွင့်အရေးကို အသုံးချကာ သူမကို တိုက်ခိုက်ခဲ့လေ၏။
သို့ရာတွင် သူမ၏ဓားဝိညာဉ်မှ သတိပေးချက်ဖြင့် နင်ဖူယောင်သည် ထိုအကြံအစည်ကို အစောကြီးကတည်းက ထွင်းဖောက်မြင်ခဲ့ပြီး ဖောက်ထွက်ရန် ပြင်ဆင်ထားခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံခြင်းနှင့် သူမ၏ဓားတာအိုမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် သူမသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိသော လီဝမ်ကို အဆင့်ကျော် တိုက်ခိုက်ခြင်းဖြင့် သတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ သို့ရာတွင် လီမိသားစုခေါင်းဆောင်သည် လွမ်မိုတောင်ကြောတွင် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်လေ၏။
ဤလူများသည် နင်ဖူယောင်အတွက် ထိုနေရာတွင် ရှိနေခြင်း မဟုတ်ဘဲ လွမ်မို တောင်ကြော တွင် လျှို့ဝှက်နယ်မြေတစ်ခု ပွင့်လာကြောင်း လီမိသားစုက သိရှိသွားပြီး လီဝမ် ကို လေ့ကျင့်ရန် ထိုနေရာသို့ စေလွှတ်ခဲ့သောကြောင့်ပင်။ သူတို့သည် သူ၏ဘေးကင်းမှုကို ကာကွယ်ရန် ထိုနေရာတွင် ရှိနေခြင်းဖြစ်ပြီး သူ အသက်အန္တရာယ် ရှိချိန်မှသာ ထွက်ပေါ်လာပေမည်။
ထို့နောက် နင်ဖူယောင်က ထွက်ပြေးရန် စတင်ခဲ့သည်။ ဤလုပ်ငန်းစဉ်အတွင်း နင်ဖူယောင် သည် သူမ၏အထောက်အထားကို ဖော်ထုတ်ခဲ့သော်လည်း အမှန်တရားကို သိသွားသော လီဝမ်သည် ရူးသွပ်နေလေပြီ။
မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားသည် သူ့ကို စောင့်ကြိုနေကြောင်း သိသဖြင့် သူသည် နင်ဖူယောင်ကို မြောက်ပိုင်းဒေသသို့ အသက်ရှင်ရက် ပြန်သွားခွင့် မပြုနိုင်ဘဲ ပို၍ရူးသွပ်သော ဝိုင်းရံမှုတစ်ခုကို စတင်ခဲ့သည်။
နောက်ဆုံးတွင် နင်ဖူယောင်သည် လီဝမ် ဝင်ရောက်ရန် ရည်ရွယ်ထားသော ထိုလျှို့ဝှက်နယ်မြေ ထဲသို့ မတော်တဆ ဝင်ရောက်သွားခဲ့ပြီး ကောင်းကင်ဘုံ၏ ကောင်းကင်ပင်လယ်နယ်မြေမှ ပြိုင်ဘက်ကင်းကံကြမ္မာသားတော် ဖန်ရွှမ် ၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ (ဤအခိုက်အတန့်တွင် ဖန်ရွှမ်၏ စစ်မှန်သော ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်နယ်မြေတွင် ရှိနေဆဲပင်။ ဤလျှို့ဝှက်နယ်မြေတွင် အကြွင်းအကျန် စစ်မှန်သော နဂါးရတနာဆေးလုံးကို သန့်စင်နေသည်မှာ သူ၏ကိုယ်ပွားတစ်ခုသာ ဖြစ်ပေ၏) ဤသည်မှာ သူတို့၏ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပြီး ဖန်ရွှမ်သည် နင်ဖူယောင်ကို မြင်မြင်ချင်း ချစ်မိသွားသော နေရာလည်း ဖြစ်သည်...】
【တာဝန် ထုတ်ပြန်ခြင်း... ဂျူနီယာညီမလေးကို အန္တရာယ်မှ ကာကွယ်တာက နွေးထွေးတဲ့ နှလုံးသားရှိတဲ့ စီနီယာအစ်ကိုတစ်ယောက်ရဲ့ တာဝန်ပါ...ကျေးဇူးပြုပြီး လက်ခံသူက လီဝမ် ကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းပေးပါ...】
【ဆုလာဘ်....အစစ်အမှန် သူတော်စင် ရှေးဟောင်းတာအိုကောင်းကင် ချိတ်ပိတ် လမ်းကြောင်း (ကမ္ဘာအသင်္ချေတွင် အစွမ်းထက်ဆုံး အစစ်အမှန် သူတော်စင် လမ်းကြောင်း)】
စနစ်၏အသိပေးချက် ပျောက်ကွယ်သွားသည်နှင့် စူးချန်ကဲ၏မျက်လုံးများတွင် အဓိပ္ပါယ်များပါဝင်သော အကြည့်တစ်ခု ထင်ဟပ်လာသည်။
"စနစ်... မင်းက ငါ့ကို မကောင်းတာ တစ်ခုခု လုပ်စေချင်တယ်လို့ ငါ အလေးအနက် သံသယရှိတယ်..."
ဒါက ဇာတ်ကွက် အကျဉ်းချုပ်လား ဒါမှမဟုတ် ကံကြမ္မာသားတော်ရဲ့ အခွင့်အရေးကို ဘယ်လို ခိုးယူရမလဲဆိုတဲ့ လမ်းညွှန်လား...
စစ်မှန်တဲ့ နဂါးရတနာဆေးလုံးကို သန့်စင်နေတာလား...
"ကျွတ် ကျွတ် ကျွတ်... ဒီလို ကံကောင်းတာမျိုးလား..."
ထိုအရာသည် မပြည့်စုံသည့်တိုင် အင်မော်တယ်ဆေးလုံးတစ်လုံးပင်။ မဟာဧကရာဇ်တစ်ပါးက ထိုဆေးကို သုံးစွဲမည်ဆိုလျှင် သူတို့၏ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို ဆန့်ကျင်ပြီး ဒုတိယဘဝကို ရှင်သန်နိုင်မည်ဖြစ်ရာ သာမန် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ပြောနေရန်ပင် မလိုအပ်တော့ချေ။
ထို့ပြင် ဤတာဝန်အတွက် ဆုလာဘ်သည်...
ရိုးရိုးသားသား ပြောရလျှင် အလွန်စိတ်ကျေနပ်စရာ ကောင်းလှသည်။
လွန်ခဲ့သော နှစ်ရက်က သူ၏သူတော်စင် လမ်းကြောင်းကို မည်သို့ လျှောက်လှမ်းရမည်ဆိုသည်အား သူ စိတ်ပူနေခဲ့ရာ ဤအရာသည် သူ အမှန်တကယ် အိပ်ချင်နေသည့် အချိန်တွင် ခေါင်းအုံးပေးလိုက်သည့်အလားပင်။
နောက်တစ်စက္ကန့်တွင်...
စူးချန်ကဲက ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ အထူးခန်းထဲမှ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အသံလုံပြီး စောင့်ကြည့်ရေးဝင်္ကပါများ တပ်ဆင်ထားသော ပျံသန်းရေး သင်္ဘောပေါ်ရှိ တခြားအထူးခန်းတစ်ခန်းတွင်...
လှုပ်ရှားမှုများအားလုံးကို စောင့်ကြည့်ရန် တာဝန်ရှိသော အထူးပုံရိပ်ယောင်သလင်းကျောက်တစ်ခုရှေ့၌ လဲလျောင်းနေသော ပိန်သွယ်ပြီး သေးငယ်သည့် အမျိုးသား တစ်ဦးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ရီသွားသည်။ သူ၏မျက်နှာသည် စက္ကူအလား ဖြူရော်သွားပြီး သူ၏ နှုတ်ခမ်းများ တုန်ရီကာ သူ၏ မျက်လုံးများတွင် မယုံနိုင်လောက်အောင် ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် အတွင်းခန်းထဲသို့ အလုအယက် ဝင်သွားရာ သူ၏အသံမှာ လွန်ကဲသော ထိတ်လန့်မှုကြောင့် အက်ရှနေပေ၏။
"သခင်... သခင်လေး ... မဟုတ်ဘူး... တစ်ခုခု မှားနေပြီ... ကြီးမားတဲ့... ကြီးမားတဲ့... ကြီးမားတဲ့... ဆိုးရွားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ..."
"အဲ့ဒီအမှုထမ်းက ပျောက်သွားပြီ..."
"သေသွားပြီ... သူ သေသွားပြီ... သူ ချက်ချင်း သေသွားတာ..."
နင်ဖူယောင်၏ ပြိုင်ဘက်ကင်းအလှတရားကို သူ၏ စိတ်ထဲတွင် မြည်းစမ်းရင်း မျက်လုံးမှိတ်ကာ နူးညံ့သော ထိုင်ခုံပေါ်တွင် မှီလျောင်းနေသော လီဝမ်သည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏အမူအရာ သုန်မှုန်သွားပြီး မတ်မတ်ထိုင်လိုက်သည်။
"သေသွားတယ်လား...သူ ဘယ်လို သေသွားတာလဲ... အဲ့ဒီ ကောင်လေးက တစ်ခုခုမှားနေမှန်း သိသွားပြီး ပြန်တိုက်ခိုက်လိုက်တာလား... သူ ဘယ်လို နည်းလမ်းကို သုံးသွားလဲဆိုတာ မင်း မြင်လိုက်လား..."
လီဝမ်က မျက်ခုံးအနည်းငယ် ပင့်ကာ နက်ရှိုင်းသောအသံဖြင့် မေးမြန်းသည်။
"ကျွန်တော်... ကျွန်တော် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး..."
ပိန်သွယ်သော အမျိုးသားက ခေါင်းခါယမ်းကာ သူ၏အသံ တုန်ရီနေပြီး ဗလုံးဗထွေး ပြောလိုက်သည်။
"ဘာဖြစ်သွားတာလဲဆိုတာ ကျွန်တော် လုံးဝမသိဘူး... အဲ့ဒီအမှုထမ်းက အခုလေးတင် လှုပ်ရှားလိုက်သလိုပဲ... ပြီးတော့... ပြီးတော့ ဝုန်းခနဲ... မီးခိုးတွေလို ထွက်လာပြီး သူ ပျောက်ကွယ်သွားတယ်... ဘာမှ မကျန်တော့ဘူး... ပြီးတော့ အဲ့ဒီ... အခန်းထဲက လူက... လုံးဝမလှုပ်ရှားခဲ့ဘူး..."
"..."
လီဝမ်၏မျက်နှာပေါ်ရှိ သက်သောင့်သက်သာရှိပြီး ဂုဏ်ယူနေသော အမူအရာသည် ချက်ချင်း အေးခဲတောင့်တင်းသွားပြီး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပေ၏။ သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"အဲ့ဒါက တကယ်ပဲ အဲ့ဒီလောက်တောင် လွန်ကဲနေတာလား..."
"သူက စိတ်ဝိညာဉ်ရတနာ တစ်ခုခုကို သုံးလိုက်တာများလား..."
"အဲ့ဒါလည်း မဖြစ်နိုင်ဘူး... သေစေနိုင်တဲ့ စွမ်းအားရှိတဲ့ စိတ်ဝိညာဉ်ရတနာ တစ်ခုတောင်မှ အနှောင့်အယှက်တစ်ခုခုကို ဖြစ်စေမှာပဲ....သူက ဘယ်လိုလုပ်ပြီး လေထဲမှာ ပျောက်ကွယ်သွားနိုင်မှာလဲ..."
"အဲ့ဒီအမှုထမ်းက သူ့ဆီကနေ လာဘ်စားပြီး ငါ့ကို တမင်တကာ ပြဇာတ်ကပြနေတာများလား..."
အခန်း ၁၆၂: မင်းမေ့လခွမ်း...
လီဝမ်က သူ၏စိတ်ထဲတွင် ဆက်လက်၍ တွေးတောနေခဲ့သည်။ သူသည် ကာမရာဂ ကြီးမားသော်လည်း သူ၏လုပ်ရပ်များတွင် အလွန်သတိထားလေသည်။ သူ ပြန်ရောက်ပြီးနောက် သူသည် ထိုစီနီယာအစ်ကိုနှင့် ဂျူနီယာညီမလေးတို့၏အထောက်အထားများအကြောင်း အချက်အလက်များကို ရယူရန် ပျံသန်းရေးသင်္ဘော၏ ကြီးကြပ်ရေးမှူးတစ်ဦးကို အရင်ဆုံး လာဘ်ထိုးခဲ့သည်။
သူ စစ်ဆေးပြီးနောက် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ အဓိက အင်အားစုများထဲတွင် ဤသို့သော လူနှစ်ဦး မရှိကြောင်း တွေ့ရှိရသည်။ သူတို့သည် နာမည်တုများကို အသုံးပြုနေခြင်း ဖြစ်ပေ၏။ ဆိုလိုသည်မှာ တစ်ဖက်လူသည် သူတို့၏အထောက်အထားကို တမင်သက်သက် ဖုံးကွယ်ထားခြင်း ဖြစ်နိုင်ပြီး ထိုအချက်သည် သူ့အတွက် ကောင်းသောအရာပင်။
အကယ်၍ သူတို့သည် အဓိက အင်အားစု တစ်ခုခုမှ အမှန်တကယ် လာလျှင်ပင် သူ့ဘက်မှ ဆင်ခြေပေးရန် အကြောင်းပြချက်တစ်ခု ရှိပေလိမ့်မည်။
သူတို့၏အထောက်အထား ပြဿနာကို ဖြေရှင်းပြီးနောက် ကျန်ရှိနေသောအရာမှာ တစ်ဖက်လူ၏စွမ်းအားပင်။ တစ်ဖက်လူသည် သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်ဟု သူ ခံစားရသော်လည်း သူတို့ကို စူးစမ်းခြင်းမှာ အဆုံးသတ်တွင် အကြံကောင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ သူ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အလေ့အကျင့်ပင်။
သို့ရာတွင် ဤတစ်ကြိမ်တွင် ဤကဲ့သို့ ရလဒ်မျိုး ရလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
မီးရှူးမီးပန်းတစ်ခုကို ပစ်လိုက်လျှင်ပင် ပေါက်ကွဲသံကို ကြားနိုင်သည်။ မှော်အက္ခရာပုံစံ ရေးထိုးခြင်းနယ်ပယ် ရှိ အသက်ရှင်နေသော လူတစ်ယောက်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။
ထိုအမှုထမ်းသည် မည်သည်ကြောင့် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားသနည်းဟု သူ တွေးတောနေမိသည်။
ဤအချိန်အခိုက်အတန့်တွင် လီဝမ်၏နံဘေးတွင် မတ်တတ်ရပ်နေသော မျက်နှာထား မှုန်ကုပ်ကုပ်နှင့် အဖိုးအိုက ရုတ်တရက် လက်ပူးဆုပ်ကာ ပြောလိုက်သည်။
"သခင်လေး ... နောက်တစ်ကြိမ် စူးစမ်းဖို့ လူလွှတ်ရမလား..."
"မလိုပါဘူး..."
လီဝမ်က ခေါင်းခါယမ်းပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။
"ဒီနယ်မြေဖြတ်ကျော် သင်္ဘောက ယွမ်ရှန်းဂိုဏ်းပိုင်တာ... သူတို့ရဲ့အမှုထမ်းက ရှင်းပြလို့မရဘဲ သေဆုံးသွားတော့ သူတို့ သေချာပေါက် စုံစမ်းစစ်ဆေးလိမ့်မယ်... အခု သေဆုံးမှုအတွက် အထောက်အထား မရှိတော့ သူတို့က ငါတို့ဆီ ပြန်လိုက်လို့ ရမှာ မဟုတ်ဘူး... အချိန်တန်ရင် ငါတို့က မီးတောက်တွေကို လောင်စာထည့်ပြီး သူတို့ကြားမှာ ပဋိပက္ခ သေးသေးလေးတစ်ခု ဖြစ်အောင်လုပ်ဖို့ နည်းလမ်း ရှာမယ်... ဒီနည်းလမ်းနဲ့ဆိုရင် အဲ့ဒီကောင်လေးရဲ့စွမ်းအားကို စမ်းသပ်ဖို့ တစ်ယောက်ယောက်က သဘာဝကျကျ ရှေ့ထွက်လာလိမ့်မယ်..."
အဖိုးအို၏မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး သူက ပြောလိုက်သည်၏
"သခင်လေးက ဉာဏ်ပညာ ကြီးမားပါတယ်.... ဒီအဖိုးအိုက သခင်လေးကို လေးစားမိတယ်..."
ဤစကားကို ကြားသောအခါ လီဝမ်က ဂရုမစိုက်စွာ ပြုံးလိုက်ပြီး သူ၏မျက်လုံးများကို အနည်းငယ်မှေးစင်းကာ သူ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်၏။
"မှော်အက္ခရာပုံစံ ရေးထိုးခြင်းနယ်ပယ်က လူတစ်ယောက်ကို သတ်ဖို့ မင်း ဘယ်လို လှည့်ကွက်တွေ သုံးခဲ့လဲဆိုတာကို ငါ တကယ် ကြည့်ချင်မိတယ်..."
...
နယ်မြေဖြတ်ကျော်သင်္ဘော၏ အဓိက အပိုင်းဖြစ်သော ယွီရှူးခန်းမထဲတွင်...
နက်ရှိုင်းသော အရှိန်အဝါများရှိသည့် ပုံရိပ် အနည်းငယ်သည် အလယ်တွင် ချိတ်ဆွဲထားသော မိုင်ပေါင်းအသင်္ချေ ကြယ်လမ်းကြောင်း ဝင်္ကပါချပ်ပြားကို စိုက်ကြည့်နေကြသည်။ အလင်းနှင့်အရိပ်များသည် ဝင်္ကပါချပ်ပြား အတွင်း၌ စီးဆင်းနေပြီး သင်္ဘောပြင်ပရှိ ကျယ်ပြန့်သော တိမ်ပင်လယ်နှင့် အောက်ရှိ အဆုံးမဲ့ တောင်တန်းများနှင့်မြစ်များ၏ လမ်းကြောင်းကို ရှင်းလင်းစွာ ရောင်ပြန်ဟပ်နေသည်။
ဤလူများအားလုံးသည် ယွမ်ရှန်းဂိုဏ်း၏ အထူးလျှို့ဝှက်ဆန်းကြယ်သော ပုံစံပါရှိသည့် အကြီးအကဲဝတ်ရုံများကို ဝတ်ဆင်ထားပေ၏။ သူတို့၏ကျင့်ကြံခြင်းမှာ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေကြောင်း သိသာရှင်းလင်းလှသည်။ သူတို့သည် ဤသင်္ဘောကို စောင့်ရှောက်သော အစစ်အမှန် အာဏာရှိသူများ ဖြစ်ကြပြီး သာမန်နေ့ရက်များတွင် ထွက်ပေါ်လာမည် မဟုတ်ချေ။
ရုတ်တရက် ခန်းမတံခါး၏အပြင်ဘက်မှ လျင်မြန်သော တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာပြီး ကြီးကြပ်ရေးမှူးတစ်ဦးက အရေးတကြီး အမူအရာဖြင့် ဝင်လာခဲ့သည်။
"ဘာကိစ္စလဲ..."
ဦးဆောင်နေသော ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မကျေမနပ်ဖြစ်နေပုံရသည်။ အနှောင့်အယှက် ပေးခံရသည်ကို သူ မကြိုက်ပုံရပြီး အကယ်၍ တစ်ဖက်လူက အရေးကြီးသောအရာတစ်ခုခုကို မပြောနိုင်ပါက သူသည် အပြစ်ပေးခံရခြေ ရှိလေ၏။
တံခါးခေါက်သော ကြီးကြပ်ရေးမှူးသည် စိုးရိမ်ပူပန်နေပုံပေါက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။
"သတင်းပို့ပါတယ်...အဆင့်တစ်နယ်မြေနန်းတော်က မှော်အက္ခရာပုံစံရေးထိုးခြင်းနယ်ပယ် အမှုထမ်းတစ်ယောက် နယ်မြေထဲမှာ ပျောက်သွားပါတယ်... သူ့ရဲ့စိတ်ဝိညာဉ်မီးအိမ် က ရုတ်တရက် ငြိမ်းသေသွားပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ် ပျောက်ကွယ်သွားပါတယ်..."
"အပြင်ဘက်ကနေ ကြည့်ရင် တိုက်ခိုက်ထားတဲ့ အရိပ်အယောင်တွေ မရှိသလို ကျန်ရှိနေတဲ့ စိတ်ဝိညာဉ် စွမ်းအားလှိုင်းတွေလည်း မရှိဘူး... သူက လေထဲမှာ သုတ်သင်ခံလိုက်ရသလိုပဲ..."
"အဆင့်တစ်နယ်မြေနန်းတော်ရဲ့ အခွင့်အာဏာက အရမ်းမြင့်မားလွန်းလို့ ဒီလက်အောက်ငယ်သားမှာ စုံစမ်းစစ်ဆေးခွင့် မရှိပါဘူး... သခင်က အခု ဘာလုပ်သင့်တယ်ဆိုတာကို ညွှန်ပြပေးပါ..."
"ဟင်..."
ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ခု လင်းလက်သွားပြီး နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည်။
"အဲ့ဒီ နေရာအတွက် ဘယ်သူ တာဝန်ရှိတာလဲ... အထူးဧည့်သည်စာရင်းကို ချက်ချင်းတင်ပြစမ်း..."
တခြားပိန်လှီလှီအကြီးအကဲတစ်ဦးသည် မှော်နည်းစနစ်တစ်ခု ပြုလုပ်ရန် သူ၏ လက်ကို မြှောက်ထားပြီးဖြစ်သည်။ ဝင်္ကပါချပ်ပြား၏နံဘေးတွင် ကျောက်စိမ်းအလား ချောမွေ့သော အရိပ်ခြေရာခံကြေးမုံတစ်ခုသည် အလင်းရောင်များဖြင့် ရုတ်တရက် လှိုင်းထသွားပြီး အစောပိုင်းက ထိုနေရာရှိ မြင်ကွင်းအပိုင်းအစများကို လျှင်မြန်စွာ နောက်ကြောင်းပြန် ပြသနေခဲ့သည်။
သူတို့သည် အထူးခန်း၏ အတွင်းပိုင်း အခြေအနေကို တိုက်ရိုက်မစူးစမ်းနိုင်သော်လည်း စင်္ကြန်လမ်း၏ အပြင်ဘက် မြင်ကွင်းကိုမူ ရှင်းလင်းစွာ ပြသထားလေ၏။
စူးချန်ကဲနှင့် နင်ဖူယောင်တို့သည် အကောင်းဆုံး အထူးခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းဝင်သွားသော ပုံရိပ်သည် တောင့်တင်းအေးခဲသွားသောအခါ၊ အထူးသဖြင့် စူးချန်ကဲ၏ တည်ငြိမ်သော ဘေးတိုက်မျက်နှာက ကြေးမုံထဲတွင် ရောင်ပြန်ဟပ်နေသောအခါ...
"ရှီး..."
အစောပိုင်းက ဂုဏ်သိက္ခာရှိပြီး တည်ငြိမ်နေသော အကြီးအကဲအနည်းငယ်၏ မျက်လုံးသူငယ်အိမ်များသည် တပြိုင်နက်တည်းနီးပါး ကျုံ့သွားပြီး သူတို့၏မျက်နှာများ ချက်ချင်းဖြူရော်သွားသည်။
ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲ၏ လက်ထဲရှိ ကျောက်စိမ်းစာလိပ်သည် ဒေါက်ခနဲအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း သူ ထိုအရာကို လုံးဝသတိမထားမိချေ။ အရိပ်ခြေရာခံကြေးမုံထဲရှိ အစိမ်းရောင်ဝတ်ရုံဝတ်လူငယ်ကို ကြည့်ရင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
သူက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဒါက... သူလား... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတစ်ခုလုံး လေးစားရတဲ့... ထိုက်ချင်ဂိုဏ်း နဝမတောင်ထိပ်က သခင် စူး ..."
"မင်းမေ့လခွမ်းပဲ..."
"သခင်စူးက ဘယ်တုန်းက သင်္ဘောပေါ် တက်လာတာလဲ... ဘာလို့ ဘယ်သူမှ သတင်းမပို့တာလဲ..."
ပိန်လှီလှီအကြီးအကဲ၏နဖူးမှ အေးစက်သော ချွေးစေးများ ချက်ချင်းထွက်လာပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်၏ဖိအားသည် ထိန်းချုပ်၍မရအောင် လျှံကျလာပြီး ခန်းမထဲရှိ အပူချိန်ကို ရုတ်တရက် ကျဆင်းသွားစေခဲ့သည်။
အောက်တွင်ဒူးထောက်နေသော ကြီးကြပ်ရေးမှူး၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ရီနေပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူ၏ ပါးစပ်မှသွေးများ အဆက်မပြတ် အန်ကျလာပြီး သူသည် အရူးတစ်ယောက်အလား ကြောက်လန့်သွားခဲ့ပေ၏။ သူက အလျင်အမြန် ရှင်းပြလိုက်သည်။
"အ... အကြီးအကဲ... စိတ်အေးအေးထားပါ... တက်ရောက်သူစာရင်းမှာ ဘာအထူး အမှတ်အသားမှ မရှိပါဘူး... အဲ့ဒီနှစ်ယောက်က အမည်မသိ စိတ်ဝိညာဉ် ကတ်တွေကို သုံးခဲ့တာပါ... တစ်ယောက်က အဆင့်နိမ့်စိတ်ဝိညာဉ် ကျောက်တုံးနဲ့ ပေးပြီး တစ်ယောက်က အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေးတာပါ... လက်အောက်ငယ်သားတွေက သူတို့ကို လျှို့ဝှက်မိသားစုတစ်ခုခုက တပည့်တွေလို့ ထင်ပြီး မစုံစမ်းခဲ့ပါဘူး..."
"အသုံးမကျတဲ့ကောင်... မင်း အရူးပဲ..." ခရမ်းရောင်ဝတ်စုံဝတ်အကြီးအကဲသည် အလွန်ဒေါသထွက်လွန်းသဖြင့် သူ၏မုတ်ဆိတ်မွှေးနှင့် ဆံပင်များ ထောင်ထလာသည်။ သူက ကြီးကြပ်ရေးမှူးကို ကန်ကျာက်လိုက်ရာ သူ၏မျက်နှာဖြူရော်ပြီး ပြာနှမ်းသွားသည်။
"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးလား... သာမန်လျှို့ဝှက်မိသားစုတစ်ခုက ဒီလိုပစ္စည်းတွေကို သုံးနိုင်စွမ်း ရှိလို့လား..."
"မင်းရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး ရှင်းရှင်းလင်းလင်း ကြည့်စမ်း... ဒီလို အမူအကျင့်နဲ့ သူ့ကို ကြည့်ရတာ ဘယ်နေရာကများ သာမန်လူနဲ့ တူနေလို့လဲ..."
"မင်းရဲ့အမြင်က အရမ်း တိမ်လွန်းတယ်... မင်းကို ထားထားတာ ဘာအသုံးကျလို့လဲ..."
"မင်းက သူ့ရဲ့ပိုက်ဆံကို ယူရဲတယ်ပေါ့... မင်း ရပ်နေတဲ့ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို အခု သူ ထိန်းချုပ်ထားတယ် ဆိုတာ မင်း သိလား..."
ဤစကားကို ကြားသောအခါ သတိလစ်လုနီးပါး ကန်ကျောက်ခံရသော ကြီးကြပ်ရေးမှူးသည် လုံးဝ ကြောင်အမ်းသွားပြီး မြေပြင်ပေါ်တွင် ကြက်သေသေစွာ လဲလျောင်းနေသည်။
ခရမ်းရောင်ဝတ်စုံဝတ်အကြီးအကဲသည် ဒေါသကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေပြီး သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပေ၏။ ကြီးမြတ်သည့် မဟာပုဂ္ဂိုလ်ကြီးသည် ယခုအချိန်၌ သူ၏ပျံသန်းရေး သင်္ဘော ပေါ်တွင် ရှိနေပြီး သူ၏လက်အောက်ငယ်သားများက သူ့ကို စူးစမ်းရန် ရဲတင်းကာ သူ့ကို စော်ကားမိနိုင်သည်ဟု တွေးတောမိသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ကျောရိုးမှနေ၍ ဦးခေါင်းအထိ ချမ်းစိမ့်မှုတစ်ခု လှိုင်းထလာသည်ကို သူ ခံစားလိုက်ရသည်။
ဝမ်ချီလန်စံအိမ် ဖျက်ဆီးခံရသည့် မြင်ကွင်းနှင့် အထီးကျန်ကောင်းကင် မြို့တော်ရှိ လောကကြီးကို တုန်လှုပ်စေသော တိုက်ပွဲ အကြောင်း သတင်းများကို အဆင့်မြင့်အကြီးအကဲများဖြစ်သော သူတို့အနေဖြင့် မည်သည်ကြောင့် မသိဘဲ နေမည်နည်း...
ထိုလူသည် သူတော်စင်သုံးယောက်ကို ဆက်တိုက်သတ်ဖြတ်ခဲ့သော အလွန်အမင်း ရက်စက်ကြမ်းတမ်းသည့် လူတစ်ယောက်ပင်။
သူ မဆိုထားနှင့် သူတို့၏ဂိုဏ်းခေါင်းဆောင် ပင်လျှင် ဒူးထောက်ခြင်းဖြင့်သာ အသက်ရှင်ကျန်ရစ်ခဲ့သည် မဟုတ်လော...
ဤအရာကို တွေးမိသောအခါ ခရမ်းရောင် ဝတ်စုံဝတ်အကြီးအကဲသည် ရုတ်တရက် တုန်ရီသွားပြီး အော်ဟစ်မိလုနီးပါး ဖြစ်သွားသည်။
"ချက်ချင်းပဲ...အခုချက်ချင်း..."
"အဆင့်တစ်နယ်မြေကို ဧည့်ခံဖို့နဲ့ စစ်ဆေးဖို့ တာဝန်ရှိတဲ့ လူတိုင်းကို ဖမ်းဆီးလိုက်စမ်း... ရုတ်တရက် သေဆုံးသွားတဲ့ အမှုထမ်းနဲ့ သူတို့ကြားမှာ ဆက်စပ်မှုရှိမရှိ သေချာစုံစမ်းစစ်ဆေးရမယ်...တကယ်လို့ ဆက်စပ်မှု ရှိရင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ထုတ်ယူပြီးတော့ တိုက်ရိုက် သန့်စင်ပြီး မြေအောက်ကမ္ဘာသားရဲတွေကို အစာကျွေးဖို့ ပို့လိုက်စမ်း..."
"ပြီးတော့..."
ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏ ထိတ်လန့်မှုကို အတင်းအကြပ် ဖိနှိပ်ကာ အလျင်စလို လေသံဖြင့် ပြောလိုက်သည်။
"အထွတ်အထိပ်အဆင့် ကောင်းကင်ကိုးလွှာ တိမ်နှင်းစက်နဲ့ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ကျောက်စိမ်းခြင်ဆီအနှစ်ကို မြန်မြန်ပြင်ဆင်ပေးစမ်း... ယွမ်ရှန်းဂိုဏ်းရဲ့ နာမည်နဲ့...မဟုတ်ဘူး... ငါတို့ရဲ့နာမည်နဲ့...သခင်စူးရဲ့ ခြံဝင်းဆီကို ချက်ချင်းပို့ပေးပါ... အဲ့ဒီကိုသွားတဲ့လူရဲ့ စကားလုံးတွေက အရမ်းရိုသေလေးစားမှု ရှိရမယ်... သခင် ရောက်လာတယ် ကြားလို့ လက်ဆောင်သေးသေးလေး ပြင်ဆင်ထားတယ်လို့ပဲ ပြောလိုက်ပါ... အမှုထမ်းရဲ့ကိစ္စကို လုံးဝ မဖော်ပြနဲ့...ပြီးတော့ ဘာကိုမှ စုံစမ်းမေးမြန်းချင်တဲ့ ရည်ရွယ်ချက် မရှိစေနဲ့... နားလည်လား..."
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."
အနီးအနားရှိ ကြီးကြပ်ရေးမှူး အနည်းငယ်မှာ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အလျင်အမြန် ကုန်းရုန်းထကာ ထိတ်လန့်တကြား ထွက်ပြေးသွားကြ၏။
ခန်းမအတွင်း၌ တိတ်ဆိတ်မှုသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဤနေရာတွင် အလွန်ဖိနှိပ်ချုပ်ကိုင်နိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ပိန်လှီလှီအကြီးအကဲက သူ၏နဖူးမှ ချွေးများကို သုတ်လိုက်ရာ သူ၏အသံမှာ ကျန်ရစ်နေသော အကြောက်တရားများဖြင့် ပြည့်နှက်နေဆဲပင်။
"ကံကောင်းလို့... ကံကောင်းပြီးတော့ အဲ့ဒါက ကိုယ့်သေတွင်းကိုယ်တူးတဲ့ အဲ့ဒီ အရူးအမှုထမ်း ကြောင့်ပဲ ဖြစ်သင့်တယ်....ပြီးတော့ ဒီကိစ္စက ငါတို့နဲ့ မပတ်သက်သေးဘူး...မဟုတ်ရင် ငါတို့..."
သူတို့ သေဆုံးရမည်မှာ သေချာပေါက်ပင်။
ဤစကားကို ကြားသောအခါ ခရမ်းရောင် ဝတ်စုံဝတ်အကြီးအကဲက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
တိတ်ဆိတ်နေသော တခြားမျက်ခုံးဖြူ အကြီးအကဲတစ်ဦးက ရုတ်တရက် စကားပြောဆိုသည်။
"ဒီအမှုထမ်းက တစ်ယောက်ယောက်ဆီက လာဘ်စားထားတာ ဖြစ်လိမ့်မယ်... ကြည့်ရတာတော့ ပျံသန်းရေးသင်္ဘောပေါ်မှာ သခင် စူးကို အကြံအစည် ရှိနေတဲ့ မျက်ကန်း ပုရွက်ဆိတ် တချို့ ရှိနေပုံပဲ... အဲ့ဒီလိုမဟုတ်ရင် အကြောင်းပြချက် မရှိဘဲနဲ့ သခင်စူးရဲ့ ပုံမှန် အမူအကျင့်အရ အပြစ်ကင်းတဲ့လူတွေကို အဆင်အခြင်မဲ့ သတ်မှာမဟုတ်ဘူး..."
ဤစကားကို ကြားသောအခါ ခရမ်းရောင် ဝတ်စုံဝတ်အကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အရိပ်ခြေရာခံကြေးမုံထဲတွင် ယနေ့ ဖြစ်ရပ်များအားလုံးကို အဆက်မပြတ် ပြန်လည်ပြသနေခဲ့သည်။
နင်ဖူယောင်ကို နှုတ်ဆက်ပြီးနောက် တိတ်ဆိတ်စွာ ဆုတ်ခွာသွားသော လီဝမ်၏ ကျောပြင်ကို မြင်သောအခါ သူ၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်တန်း လင်းလက်သွားပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။
"အဲ့ဒါက လီမိသားစုက ဒီသားရဲလေးပဲ... သူက ငါ့ကို သတ်လုနီးပါး ဖြစ်ခဲ့တယ်..."
"ဒီသောက်ကောင်ကို ငါ အခုချက်ချင်း သွားသတ်တော့မယ်..."
မျက်ခုံးဖြူ အကြီးအကဲ၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထင်ဟပ်နေကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။