အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း ၁၆၅:ငါတို့က ဘယ်အင်အားစုကိုမှ မပါဝင်ဘူး...
နင်ဖူယောင်က ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။
စူးချန်ကဲက နောက်လှည့်ကာ ကြယ်တာရာနယ်မြေကို ပြန်လည်၍ ကြည့်ရှုနေခဲ့လေပြီ။
ထိုသို့ဆိုသည့်တိုင် သူ၏အသံက သူမ၏နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။
"ထိုက်ချင် ဓားကိုးလက်ထဲမှာ ကြယ်တွေနဲ့ ဆက်စပ်နေတဲ့ ဓားသိုင်းတစ်ခုရှိတယ်... မင်း ဒီနေရာမှာ ခဏလောက် လေ့လာဆင်ခြင်မယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်..."
နင်ဖူယောင်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်ဆုံးတွင် သတ္တိမွေးကာ စူးချန်ကဲ၏နံဘေးသို့ ညင်သာစွာ လျှောက်လှမ်းသွားပြီး ခြေလှမ်းတစ်ဝက်ခန့်အကွာတွင် မတ်တတ်ရပ်လိုက်သည်။
ညလေပြေသည် သလင်းကျောက် အတားအဆီး၏ သေးငယ်သောကွက်လပ်များမှတစ်ဆင့် စိမ့်ဝင်လာပြီး တိမ်ပင်လယ်၏ နက်ရှိုင်းသော နေရာများမှ ချမ်းစိမ့်မှုကို သယ်ဆောင်လာကာ သူတို့၏ဝတ်ရုံများကို လူးလွန့်နေစေခဲ့သည်။
ကြယ်တာရာနယ်မြေသည် ငြိမ်းချမ်းနေပြီး တိမ်ပင်လယ်သည် လှိုင်းထနေပေ၏။
အချိန်တခဏမျှ သူတို့နှစ်ဦးလုံး စကားမပြောဖြစ်ကြချေ။
နင်ဖူယောင်က သူမ၏နံဘေးရှိ စီနီယာအစ်ကိုကို တိတ်တဆိတ် ကြည့်လိုက်သည်။
သူ၏ဘေးတိုက်မျက်နှာ ကောက်ကြောင်းများသည် ကြယ်ရောင်အောက်တွင် အလွန်ချောမောနေပုံရပြီး သူ၏နက်ရှိုင်းသော အကြည့်သည် ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုလုံး၏ လျှို့ဝှက်ချက်များကို စုပ်ယူနိုင်စွမ်းရှိပုံရသည်။
ဤကာလအတွင်း သူမ၏ စီနီယာအစ်ကို ပြသခဲ့သော ဂရုစိုက်မှုနှင့် သူ မည်သည်ကြောင့် ဤနေရာတွင် ထွက်ပေါ်လာခဲ့သည်ဆိုသည့် အချက်ကို သူမ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
သူမ၏နှလုံးခုန်သံ အလိုအလျောက် မြန်ဆန်လာသည်။
"စီနီယာအစ်ကို ... ကျေးဇူးတင်ပါတယ်..."
နင်ဖူယောင်သည် ရုတ်တရက် စကားပြောလာရာ သူမ၏အသံမှာ ခြင်တစ်ကောင် အော်မြည်သံအလား တိုးညှင်းနေသည်။
"မင်းက ငါ့ကို ဘာအတွက် ကျေးဇူးတင်နေတာလဲ..."
စူးချန်ကဲသည် သူမကို မကြည့်ခဲ့ချေ။
"မြောက်ပိုင်းဒေသကို... ငါနဲ့ လိုက်ခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
နင်ဖူယောင်သည် ခေါင်းငုံ့ကာ သူမ၏ လက်ချောင်းများကို လိမ်ကျစ်နေပြီး လေးနက်စွာ ပြောလိုက်သည်။
"စီနီယာအစ်ကိုအတွက် ဒါက ပေါ့ပေါ့ပါးပါး လုပ်ရပ်တစ်ခု ဖြစ်နိုင်တယ်ဆိုတာကို ငါ သိပါတယ်...ဒါပေမဲ့ ငါ့အတွက်ကတော့ ကွဲပြားတဲ့ အဓိပ္ပာယ် ရှိတယ်..."
သူမ၏ စီနီယာအစ်ကိုသည် သူမအတွက် ဤခရီးစဉ်ကို အမှန်တကယ် အဖော်ပြုပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် စီနီယာအစ်ကိုသည် အနာဂတ်တွင် ကြီးမားသော ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရနိုင်သည်ဟူသော ဓားဝိညာဉ် ပြောဆိုခဲ့သည့် စကားများကို သူမ ပြန်လည်သတိရသွားသည်။
ဤအရာကို တွေးမိသောအခါ သူမသည် လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်ကာ ပြတ်သားမှု အရိပ်အယောင်တစ်ခုသည် သူမ၏ မျက်လုံးများတွင် လင်းလက်လာပေ၏။
အဲ့ဒီနေ့ တကယ် ရောက်လာတဲ့အချိန်မှာ စီနီယာအစ်ကိုကို ကာကွယ်ပေးမယ့်သူက ငါ ဖြစ်ပါရစေ...
ငါ ပိုပြီးသန်မာအားကောင်းလာရမယ်...
ငါ သန်မာချင်တယ်...
ဤအချိန်အခိုက်အတန့်တွင် ရှုခင်းကြည့် ကုန်းပတ်၏အောက်တွင်..
ယခင်ကနင်ဖူယောင်နှင့် အခန်းအတူတူ နေခဲ့သော ကျင့်ကြံသူများအပါအဝင် လူအများအပြားသည် စူးချန်ကဲနှင့် သူ၏ဂျူနီယာညီမလေးကို သတိပြုမိနေကြကာ သူတို့က အံ့အားသင့်သော အမူအရာများကို ချက်ချင်းပြသလိုက်ကြသည်။
"တောက်... ဒီခေတ်က လူငယ်တွေက တော်တော်လေး ရဲတင်းတာပဲ... အဲ့ဒီနေရာက ဝင်ခွင့်မရှိဘူးဆိုတာ သူတို့ မသိဘူးလား..."
"ထူးဆန်းတယ်....အမှုထမ်းတွေက ဘာလို့ မဖြေရှင်းသေးတာလဲ... ယုတ္တိရှိရှိ ပြောရရင် အခုလောက်ဆို တစ်ယောက်ယောက်က သူတို့ကို အောက်ဆင်းလာဖို့ ခေါ်သင့်ပြီ..."
"သူတို့ ပိုက်ဆံအလုံအလောက် ပေးထားလို့ ဖြစ်ရမယ်... သူတို့က အဆင့်တစ်နယ်မြေနန်းတော်မှာ နေနိုင်တယ်ဆိုရင် ပိုက်ဆံနည်းနည်း ပိုပေးပြီး ရှုခင်းကြည့်ကုန်းပတ်ပေါ် တက်ဖို့လည်း လွယ်မှာပေါ့....မဟုတ်ဘူးလား..."
"အဲ့ဒါက အမှန်ပဲ... ဘာပဲဖြစ်ဖြစ် ဒီစီနီယာအစ်ကိုနဲ့ ဂျူနီယာညီမလေး စုံတွဲက ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ အင်မော်တယ်တွေနဲ့ တကယ်တူတယ်..."
"အချိန်ကို တွက်ကြည့်ရရင် ငါတို့ ဖရိုဖရဲ နတ်ဆိုးနယ်စပ်ကို မကြာခင် ရောက်တော့မယ်... သူတို့က ဒီမှာ ရစ်သီရစ်သီလုပ်ဖို့ စိတ်ဝင်စားနေတုန်းပဲ....ကြည့်ရတာ သူတို့က ဘာအန္တရာယ်မှ မခံစားရသေးဘူး ထင်တယ်..."
"ဟင်..."
"အဲ့ဒီပေါ်ကို တစ်ယောက်ယောက် တက်သွားတယ်... သောက်ကျိုးနည်း.... အဲ့ဒါက ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲ မဟုတ်ဘူးလား..."
ထိုအချိန်မှာပင်....
ရှုခင်းကြည့်ကုန်းပတ်ပေါ်တွင် ပုံရိပ်သုံးခုသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး အလင်း အကာအကွယ်တစ်ခုသည် အောက်ရှိ လူတိုင်း၏အမြင်အာရုံကို ပိတ်ဆို့လိုက်၏။
ခေါင်းဆောင်မှာ တခြားသူမဟုတ်ဘဲ ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲပင်။
ပိန်လှီလှီအကြီးအကဲနှင့် မျက်ခုံးဖြူ အကြီးအကဲတို့က သူ၏နောက်မှ ကပ်လိုက်လာသည်။
သူတို့သုံးဦးသည် စူးချန်ကဲ၏ရှေ့ ခြေလှမ်း ဆယ်လှမ်းအကွာရှိ နေရာတစ်ခုသို့ လျှောက်လှမ်းသွားကာ အတူတကွ ရပ်တန့်ပြီး အရိုအသေပေးရန် ဦးညွှတ်လိုက်ကြသည်။
"ကျီးယင် ခူးမုနဲ့ ပိုင်ချန်းတို့က သခင် စူးကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ်..."
သူတို့၏အသံများသည် အလွန်ရိုသေလေးစားမှု ရှိပြီး သူတို့၏ကိုယ်ဟန်အနေအထားများမှာ အလွန်နှိမ့်ချရို့ကျိုးနေသည်။
နင်ဖူယောင်က သူတို့သုံးဦးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သော်လည်း သူတို့သည် သူမ စီနီယာအစ်ကို၏အထောက်အထားကို မှတ်မိသွားသည်အား သူမ သိပ်မအံ့ဩခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ စူးချန်ကဲသည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ ထိပ်တန်းဂိုဏ်းများ၏ အမြင်တွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။
စူးချန်ကဲက နောက်လှည့်လိုက်ပြီး သူ၏အကြည့်သည် သူတို့သုံးဦးအပေါ် ဂရုမစိုက်စွာ ဝေ့ဝိုက်သွားကာ ပြောလိုက်သည်။
"ဘာကိစ္စလဲ..."
အကြီးအကဲကျီးယင်သည် သူ၏ ဦးညွှတ်နေသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားပြီး နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။
"သခင် စူးကို သတင်းပို့ပါတယ်....အခုလေးတင် ပျံသန်းရေးသင်္ဘောပေါ်က အသိဉာဏ်မဲ့တဲ့ ပုရွက်ဆိတ်တစ်ကောင်က သခင့်ကို နှောင့်ယှက်ခဲ့ပါတယ်... အချိန်မီ သတိမထားမိတာက ကျွန်တော်တို့ရဲ့ပေါ့ဆမှုပါ... အခု ကျွန်တော်တို့က ခေါင်းဆောင်လီဝမ်နဲ့ သူ့ရဲ့ ကြံရာပါတွေကို ကွပ်မျက်လိုက်ပါပြီ...သခင့်ဆီက ခွင့်လွှတ်ဖို့ ကျွန်တော်တို့က အထူးလာတောင်းဆိုတာပါ..."
သူ စကားပြောနေစဉ် သိုလှောင်လက်စွပ်တစ်ကွင်းကို လက်နှစ်ဖက်ဖြင့် လက်ကမ်းပေးလိုက်သည်။
"ဒီထဲမှာ လီဝမ်ရဲ့ပစ္စည်းတွေအပြင် ကျွန်တော်တို့ရဲ့စိတ်ရင်းကို ပြသတဲ့ လက်ဆောင်အနည်းအကျဉ်း ပါဝင်ပါတယ်... သခင်က အပြစ်မယူဖို့ ကျွန်တော်တို့က ရိုးရိုးသားသား မျှော်လင့်မိပါတယ်..."
စူးချန်ကဲက သူ၏လက်ကို မြှောက်လိုက်ရာ သိုလှောင်လက်စွပ်သည် သူ၏လက်ဝါးထဲသို့ ပျံသန်းသွားသည်။
သူ၏နတ်ဘုရားစိတ်အာရုံသည် ထိုအရာအပေါ်သို့ ကျရောက်သွားရာ အတွင်း၌ စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ရတနာအမြောက်အများအပြင် ရှေးဟောင်းကျောက်စိမ်းစာလိပ်တစ်ခုလည်း ရှိနေသည်။
ထိုအရာမှာ "စစ်မှန်သော နဂါးရတနာဆေးလုံး" လျှို့ဝှက်နယ်မြေကို မှတ်တမ်းတင်ထားသော အရာပင်။
ဤပစ္စည်းသည် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် သော့ချက် ဖြစ်ပုံရသည်။
စူးချန်ကဲ အနည်းငယ် စိတ်ကျေနပ်သွားပြီးနောက် သူတို့သုံးဦးကိုကြည့်ကာ ရယ်မောလိုက်သည်။
"မင်းတို့က ယွမ်ရှန်းဂိုဏ်းကလား..."
"ဟုတ်ပါတယ်..."
ပိုင်ချန်းက ပြန်ဖြေတော့မည့် အချိန်မှာပင် သူ၏နံဘေးရှိ ကျီးယင်၏ ပဲ့တင်ထပ်ပြီး အစွမ်းထက်သောအသံဖြင့် ကြားဖြတ်ပြောဆိုခြင်း ခံလိုက်ရသည်။
"ကျွန်တော်တို့က ဘယ်အင်အားစုကိုမှ မပါဝင်ပါဘူး... ကျွန်တော်တို့က သခင် စူးအတွက်ပဲ အလုပ်လုပ်တာပါ....ကျွန်တော်တို့ ဘယ်ဂိုဏ်း မှာ ရှိနေတယ် ဆိုတာက လုံးဝအရေးမကြီးပါဘူး..."
ခူးမုက ဤစကားကို ကြားချိန်၌ သူက အကြိမ်ကြိမ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်တော်လည်း အတူတူပါပဲ...ကျွန်တော်လည်း အတူတူပါပဲ..."
ကျီးယင်ကို တိတ်တဆိတ် လက်မထောင်ပြရန် သူ မမေ့ခဲ့ပေ။
ကျီးယင်ထံမှ ဤစကားများကို ကြားသောအခါ စူးချန်ကဲက အပြုံးနှင့် ပြောလိုက်၏။
"ကောင်းပြီလေ...မင်းတို့ အောက်ဆင်းလို့ရပြီ... ငါ နားလည်တယ်... အပြန်ခရီးပြီးရင် ဆုလာဘ် တွေတောင်းဖို့ မင်းတို့ရဲ့ဂိုဏ်းကို ပြန်လို့ရတယ်..."
ဤစကားကို ကြားသောအခါ ကျီးယင်က ချက်ချင်းဆိုသလိုပင် ရိုသေလေးစားစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်စူး ..."
ထို့နောက် သူတို့သည် ရိုသေလေးစားစွာ ဆုတ်ခွာသွားကြ၏။
ဤအချိန်အခိုက်အတန့်တွင် ပိုင်ချန်းသည် သတိပြန်ဝင်လာပြီး ကျီးယင်ကို သူ၏ နှလုံးသားနက်ရှိုင်းသောနေရာမှ စစ်မှန်သော လေးစားမှုဖြင့်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"သူက တာဝန်ခံဖြစ်နေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."
သူတို့သုံးဦး ထွက်သွားပြီးနောက် စူးချန်ကဲနှင့် နင်ဖူယောင်တို့ နှစ်ယောက်တည်း ထပ်မံ၍ ကျန်ရစ်ခဲ့သည်။
စူးချန်ကဲသည် ဆက်မနေတော့ဘဲ နင်ဖူယောင်ကို ပထမအဆင့်နန်းတော်သို့ ပြန်ခေါ်သွားသည်။ နန်းတော်သည် ကြီးမားပြီး အနည်းဆုံး အခန်းဆယ်ခန်းကျော် ရှိနေသည်။ စူးချန်ကဲက နင်ဖူယောင်ကို အနားယူခိုင်းပြီးနောက် ကြုံရာကျပန်း အခန်းတစ်ခန်းကို ရွေးချယ်လိုက်၏။
ထိုအခန်းထဲတွင် စိတ်ဝိညာဉ်ချီများသည် မြူခိုးများအလား ထူထပ်သိပ်သည်းနေသည်။
စူးချန်ကဲသည် ပလ္လင်ခွေထိုင်ကာ သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး ဖရိုဖရဲချီစီးကြောင်းများသည် သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ဝိုးတဝါး လှည့်ပတ်နေသည်။
သူ၏အသိစိတ်ပင်လယ်မှ နက်ရှိုင်းသောနေရာတွင် အစစ်အမှန် သူတော်စင် ရှေးဟောင်းတာအို ကောင်းကင် ချိတ်ပိတ်လမ်းကြောင်း အမှတ်အသားသည် ဖြည်းညှင်းစွာ ပွင့်ထွက်လာပြီး မှော်စာလုံးတစ်ခုချင်းစီက ရှေးဟောင်း အရှိန်အဝါတစ်ခုကို ဖြာထွက်နေပေ၏။
ယခုချိန်၌ ဆုလာဘ်ကို ရရှိပြီးဖြစ်သဖြင့် သူ၏ကျင့်ကြံခြင်းကို မြှင့်တင်ရန် အချိန်တန်လေပြီ။
ဤသို့တွေးမိချိန်၌ စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် နောက်တစ်ကြိမ် ပြောဆိုလိုက်သည်။
"စနစ် ...ကျင့်ကြံခြင်းအတွေ့အကြုံတွေ အားလုံးကို လဲလှယ်လိုက်ပါ..."
【ဒင်... ဆယ့်တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံကို သုံးစွဲနေပါတယ်... ပေါင်းစပ်ခြင်း စတင်ပါပြီ...】
ဘုန်း...
တာအိုနှင့် ပတ်သက်သော အကန့်အသတ်မဲ့ နားလည်သဘောပေါက်မှုများသည် စူးချန်ကဲ၏ အသိစိတ်ပင်လယ်ထဲသို့ တလိမ့်လိမ့်ဝင်ရောက်လာသည်။
ဤကျင့်ကြံခြင်းအတွေ့အကြုံသည် နတ်ဘုရား စွမ်းအားကို ရိုးရိုးရှင်းရှင်း ထည့်သွင်းခြင်း မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီး ဥပဒေသများနှင့် တာအို၏မူလအစဖြင့် စူးချန်ကဲ၏ နားလည်မှုကို အဆက်မပြတ် တိုးတက်စေခြင်း ပင်။
ထိုအရာသည် သုံးစွဲလိုက်သော လတိုင်းက အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီး ထိုမျှအချိန်ကြာမြင့်စွာ သူ ကျင့်ကြံနေခဲ့သည့်အလားပင်။
နတ်ဘုရားမီးတောက်သည် သူ၏ဒန်တျန်ထဲတွင် ပြင်းထန်စွာ လောင်ကျွမ်းနေပြီး သူ၏ဖရိုဖရဲ နှလုံးသားသည် ထိုအရာနှင့်အတူ စည်းချက်ကျကျ ခုန်ပေါက်နေသည်။
စူးချန်ကဲ၏အသိစိတ်သည် အဆုံးမရှိ မြင့်တက်လာပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် သံကြိုးများမှ လွတ်မြောက်ကာ အချိန်မြစ်ရှည်ကြီးကို အထက်သို့ ခြေရာခံပြီး အံ့အားသင့်ဖွယ် ရှေးဟောင်းမြင်ကွင်းများကို တစ်စိတ်တစ်ပိုင်း မြင်တွေ့လိုက်ရသည့်အလားပင်။
ကျယ်ပြန့်သော မြေပြင်ပေါ်တွင် ခေါင်းပေါ်၌ ဦးချိုနှစ်ချောင်းရှိသော အစစ်အမှန် သူတော်စင် တစ်ပါးသည် မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ဟိန်းဟောက်လိုက်၏။
သူသည် သူ၏အတိတ်ဘဝ လူဝင်စားခြင်းကို အတင်းအကြပ် ဖယ်ရှားကာ လေဟာနယ်ရှိ အမည်မသိ ယဇ်ပလ္လင်တစ်ခုထဲသို့ ပစ်ချလိုက်သည်။ သူ၏အတိတ် လူဝင်စားခြင်း ပြိုကွဲသွားသည့် အချိန်အခိုက်အတန့်တွင် သူ၏အရှိန်အဝါသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ကြယ်များပြည့်နှက်နေသော ကောင်းကင်ယံကြီးကို လက်သီးတစ်ချက်တည်းဖြင့် ချိုးဖျက်လိုက်သည်။ သို့ရာတွင် သုံးရက်အကြာတွင် သူ၏ ပုံရိပ် မှုန်ဝါးလာပြီး နောက်ဆုံးတွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူတို့၏အတိတ်ကို စတေးသူများသည် နောက်ဆုံးတွင် သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ကို ဆုံးရှုံးရပေလိမ့်မည်။
သူ ကျရှုံးခဲ့တယ်...
မြင်ကွင်းသည် ချက်ချင်းပြောင်းလဲသွားခဲ့လေ၏။
တိတ်ဆိတ်သော တောင်တန်းတစ်ခုတွင် အဖြူရောင်ဝတ်ရုံဝတ် စစ်မှန်သော သူတော်စင် တစ်ပါးထံ၌ တည်ငြိမ်သော အမူအရာ ရှိနေသည်။
သူသည် သူ၏ကိုယ်ပိုင်အနာဂတ် လမ်းကြောင်းကို ဖြတ်တောက်ရန် လက်ကိုမြှောက်ကာ အဆုံးမဲ့ ဖြစ်နိုင်ချေများအားလုံးကို စတေးလိုက်သည်။
သူ လဲလှယ်လိုက်သော စွမ်းအားသည် သူ့ကို တားမြစ်နယ်ပယ်တစ်ခုထဲသို့ ယာယီခြေလှမ်းလှမ်းခွင့် ပြုလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူသုံးဦးကို ဓား တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သည်။
သို့ရာတွင် ထိုအချိန်မှစ၍ သူ၏ကျင့်ကြံခြင်း သည် အမြဲတစေ ပုံသေဖြစ်သွားပြီး နောက်ထပ် တိုးတက်ရန် ဖြစ်နိုင်ချေ မရှိတော့ချေ။
သူ အောင်မြင်ခြင်းရှိမရှိ ဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။
မြင်ကွင်းသည် ထပ်မံ၍ ပြောင်းလဲသွားပေ၏။
အလောင်းတောင်များနှင့် သွေးသမုဒ္ဒရာများ ရှိသော စစ်မြေပြင်တစ်ခုပေါ်တွင် သွေးစွန်းနေသော စစ်မှန်သော သူတော်စင်တစ်ပါးက မိုးကောင်းကင်ကိုမော့ကြည့်၍ ရယ်မောလိုက်သည်။ သူသည် သူ၏ကိုယ်ပိုင် သတ်ဖြတ်ခြင်း တာအိုနှလုံးသားကို စတေးလိုက်ရာ ထိုအချိန်မှစ၍ သူ့ထံ၌ အကောင်း သို့မဟုတ် အဆိုး အတွေးများ မရှိတော့ဘဲ သန့်စင်သော သတ်ဖြတ်ခြင်း လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုတိုက်ပွဲတွင် ကြယ်တာရာနယ်မြေတစ်ခုလုံး၏ ရန်သူများကို သူ သတ်ဖြတ်ခဲ့သော်လည်း နောက်ဆုံးတွင် အဆုံးမဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒ၌ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားပြီး သူ ပြိုကွဲပျက်စီးသွားခဲ့သည်။
အခန်း ၁၆၆:ငါက ဘာလို့ ယဇ်ပူဇော်ရမှာလဲ...
စတုတ္ထမြောက်ပုံရိပ်...ပဉ္စမမြောက် ပုံရိပ်...
ရှေးဟောင်း စစ်မှန်သော သူတော်စင်များသည် အမည်မသိ တည်ရှိမှုများထံသို့ အမျိုးမျိုးသော နည်းလမ်းများဖြင့် တစ်ယောက်ပြီး တစ်ယောက် စတေးခဲ့ကြသည်။ လူတချို့သည် တခဏတာ ပြိုင်ဘက်ကင်းရန်အတွက် သူတို့၏ ထာဝရတာအိုကို ယဇ်ပူဇော်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ကြချေ။ လူတချို့သည် မြက်ပင်တစ်ပင်ကို စတေးကာ ဖျက်ဆီးခြင်းမှ ပြန်လည်ရှင်သန်လာပြီး စကြဝဠာကို တုန်လှုပ်စေသည့် စစ်မှန်သော သူတော်စင်တစ်ပါး၏စွမ်းအားကို ရရှိခဲ့သည်။ တခြားသူများသည် သေခြင်းတရားအတွင်း အသက်ရှင်ရန် ရှာဖွေရင်း သူတို့၏သက်တမ်းနှင့် သွေးအနှစ်သာရများကို ယဇ်ပူဇော်ခဲ့ကြ၏။
ထိုအချိန်မှာပင် နောက်ဆုံးပုံရိပ်က ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထိုအရာမှာ စကြဝဠာ၏အစွန်းတွင် မတ်တတ်ရပ်ကာ သက်ရှိအားလုံးကို ကျောခိုင်းထားသော ပုံရိပ်တစ်ခုပင်။
သူ၏လက်ထဲတွင် သာမန်မြက်ပင်တစ်ပင်ကိုသာ ကိုင်ထားသည်။
"ဒီမြက်ပင်နဲ့အတူ ငါ့ကိုယ်ငါ ယဇ်ပူဇော်တယ်..."
တည်ငြိမ်သော အသံတစ်သံသည် ကြယ်တာရာ ကောင်းကင်ကြီးတလျှောက် ပဲ့တင်ထပ်သွားသည်။
သူသည် မြက်ပင်ကို ယဇ်ပလ္လင်ထဲသို့ ပစ်ချလိုက်၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ထိုသာမန်မြက်ပင်လေးသည် ထာဝရကို လင်းထိန်စေသောအလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
မူလက ညှိုးနွမ်းနေသော တာအိုအခြေခံအုတ်မြစ်သည် တက်ကြွမှုကို ပြန်လည်ရရှိလာပြီး ယခင်က မရှိဖူးသော သူတော်စင် လမ်းကြောင်းတစ်ခုသည် သူ၏ခြေထောက်အောက်တွင် ဆန့်တန်းသွားသည်။
"မြက်ပင်လေးတစ်ပင်ကလည်း... နေလ နဲ့ ကြယ်တွေကို ဖျက်ဆီးနိုင်တယ်..."
ထိုပုံရိပ်သည် နောက်လှည့်လိုက်ရာ သူ၏ အကြည့်သည် တည်ငြိမ်နေသော်လည်း ကောင်းကင်ဘုံများနှင့် တာအိုအားလုံးကို တုန်ခါသွားစေသည်။
သူသည် ကြောက်မက်ဖွယ်အကောင်းဆုံး လမ်းကြောင်းကို လျှောက်လှမ်းကာ အောင်မြင်ခဲ့လေ၏။
စူးချန်ကဲသည် သူ၏စိတ်နှလုံးသားနှင့် စိတ်ဝိညာဉ် တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။
သူ၏အသိစိတ်က သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထံသို့ ပြန်ရောက်လာသည်။
"အဲ့ဒီလိုကိုး... ဒီအမှတ်အသားက ခေတ်ကာလတိုင်းက သူတော်စင်လမ်းကြောင်းကို လျှောက်လှမ်းခဲ့တဲ့ သူတော်စင်တွေရဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်ထားပြီးတော့ ငါ့ကို နားလည်သဘောပေါက်စေပြီး ငါ့ရဲ့ ကိုယ်ပိုင် လမ်းကြောင်းကို ဖန်တီးခွင့် ပေးတာပဲ..."
စူးချန်ကဲက တွေးတောလိုက်သည်။ ဤသည်မှာ မည်သည့်အချိန်ကမျှ ကျင့်ကြံနည်းစနစ်တစ်ခု မဟုတ်ခဲ့ချေ၊ အစွမ်းထက်ဆုံးလမ်းကြောင်းမှာ သူ ကိုယ်တိုင် လျှောက်လှမ်းရမည့် လမ်းကြောင်းသာ ဖြစ်ပေမည်။
"ယဇ်ပူဇော်ခြင်း..."
"ငါ ဘာကို ယဇ်ပူဇော်သင့်လဲ..."
"ငါ့ရဲ့ ဖရိုဖရဲ နှလုံးသားလား..."
"အဲ့ဒါက ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ သုံးထောင်ထဲမှာ နံပါတ်တစ်နေရာမှာရှိတဲ့ အထူး နှလုံးသားတစ်ခုလေ...တကယ်လို့ ငါ အောင်မြင်သွားရင် အဲ့ဒါက မယုံနိုင်လောက်အောင် အစွမ်းထက်လိမ့်မယ်..."
"ဟန်ယွီဧကရာဇ်ကျမ်းစာကလည်း ကောင်းပုံရတယ်..."
"ငါ့မှာ ရှိသမျှ အရာအားလုံးကို ငါ ယဇ်ပူဇော်သင့်လား..."
စူးချန်ကဲက သူ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး ပြတ်သားမှုအရိပ်အယောင်တစ်ခုကို ပြသလိုက်၏။ ကမ္ဘာအားလုံးမှ ကံကြမ္မာသားတော်များကို ဖိနှိပ်ရန် သူ ဆုံးဖြတ်ထားပြီးဖြစ်ရာ အစွမ်းထက်ဆုံး လမ်းကြောင်းကို သူ လျှောက်လှမ်းရပေမည်။
ထိုကံကြမ္မာသားတော်များသည် မည်သည့်အရာများကို ယဇ်ပူဇော်ခဲ့သည်အား မည်သူ သိနိုင်မည်နည်း....
ယခုအချိန်၌ သူသည် အရာအားလုံးကို လောင်းကြေးထပ်ရပေမည်။
သူ၏ကျင့်ကြံခြင်းနှင့်တာအို အခြေခံအုတ်မြစ်စသည့် အရာအားလုံးကို ကောင်းကင်သို့ သွားမည့်လမ်းတစ်ခုအတွက် ယဇ်ပူဇော်ရမည်လော....
သို့ရာတွင် ဤအတွေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စူးချန်ကဲက ဖြတ်တောက်လိုက်သည်။
"မဟုတ်ဘူး..."
"ငါက ဘာလို့ ယဇ်ပူဇော်ရမှာလဲ..."
"သူ့ရဲ့ အသိအမှတ်ပြုမှုကို ငါ ဘာလို့ လိုအပ်ရတာလဲ..."
စူးချန်ကဲ နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်၏။ လူတစ်ယောက်သည် ယဇ်ပူဇော်ရာ၌ ပို၍စတေးလေလေ ဖလှယ်လိုက်သော စွမ်းအားသည် ပို၍ကြီးမားလေလေပင်။ သို့ရာတွင် နောက်ဆက်တွဲအကျိုးဆက်နှင့် စပ်လျဉ်း၍ အန္တရာယ် ပို၍ကြီးမားလေလေဖြစ်ကြောင်း သူ သိထားသည်။ သို့ရာတွင် ဤသည်မှာ မူလကတည်းက တရားမျှတမှု မရှိသော ကုန်သွယ်မှု တစ်ခုဟု သူ အမြဲတစေ ခံစားရသည်။
ကျင့်ကြံခြင်းလမ်းကြောင်းသည် ကောင်းကင်ကိုဆန့်ကျင်ရန် ရည်ရွယ်ထားခြင်းပင်။
ထိုသို့ဆိုပါက မည်သည်ကြောင့် ယဇ်ပူဇော်ခြင်းမှတဆင့် ဖလှယ်ရန် လိုအပ်မည်နည်း...
【ဒင်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အသက်သွင်းလိုက်ပါပြီ... လက်ခံသူက သူတော်စင်တွေရဲ့ အစစ်အမှန် သူတော်စင် လမ်းကြောင်းကို လေ့လာခဲ့ပြီးတော့ အစစ်အမှန် သူတော်စင် တစ်ပါးရဲ့အနှစ်သာရကို သဘောပေါက်ပြီး သင့်အတွက် သီးသန့်ဖြစ်တဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်ပါပြီ...】
ဘုန်း...
သူ၏အသိစိတ်ပင်လယ်ထဲတွင် ရှေးဟောင်း အစစ်အမှန် သူတော်စင်လမ်းကြောင်း၏ အမှတ်အသား ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
ထိုအရာပေါ်ရှိ မှော်စာလုံးများအားလုံး အက်ကွဲသွားပြီး အသန့်စင်ဆုံး အခြေခံတာအိုစွမ်းအား အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ် ထဲသို့ စီးဝင်သွားပေ၏။
ထိုအရာ၏နေရာတွင် ဖော်ပြ၍မရနိုင်သော အမှတ်အသားအသစ်တစ်ခုက ဖြည်းညှင်းစွာ စုစည်းလာသည်။
တိတိကျကျ ပြောရလျှင်....
ထိုအရာသည် အမှတ်အသား မဟုတ်ဘဲ စူးချန်ကဲ၏ကျောပြင်ပင်။
သူ၏ခြေထောက်အောက်တွင် ဖြောင့်တန်းသော လမ်းတစ်ခုသည် အပြင်သို့ ဆန့်တန်းနေပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ထိုးဖောက်ကာ တာအို၏အဆုံးသို့ တိုက်ရိုက်ညွှန်ပြနေသည်။
ထိုလမ်းပေါ်တွင် တခြားသက်ရှိများ မရှိဘဲ သူ တစ်ယောက်တည်းသာ မတ်တတ်ရပ်ကာ အထီးကျန်စွာ လျှောက်လှမ်းနေပေ၏။
စူးချန်ကဲက သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ ဖရိုဖရဲချီများသည် ထိုမျက်လုံးများအတွင်း၌ ရူးသွပ်စွာ လည်ပတ်နေသည်။
သူ၏ဖရိုဖရဲနှလုံးသားမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ဖရိုဖရဲအရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး သူ၏သွေးများသည် မှေးမှိန်သော ငွေရောင်အလင်းတစ်ခုကို ဖော်ပြနေလေပြီ။
အရောင်ခုနစ်မျိုးရှိသော ဟုန်မုန့်အလင်းတန်း တစ်ခုသည် သူ၏ဒန်တျန်မှနေ၍ မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သုံးလက်မ မပြည့်သော ဖရိုဖရဲကြာပန်းစိမ်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။
ဤကြာပန်းစိမ်းမှာ ထူးဆန်းပြီး ထိုကြာပန်း၏ ကိုယ်ထည်ပေါ်တွင် ကြာရွက်လေးဆယ့်ကိုးရွက် ရှိနေသည်။
အရွက်တိုင်းသည် အခြေခံတာအို၏ သန္ဓေသားလောင်း ပုံစံတစ်ခုကို သယ်ဆောင်ထားပုံ ရလေ၏။ အရှင်းလင်းဆုံး မြင်တွေ့နိုင်သော အရွက်နှစ်ရွက်မှာ အချိန်နှင့် သတ်ဖြတ်ခြင်း ပါဝင်သော အရွက်များဖြစ်ပြီး ဖရိုဖရဲ အလင်းရောင်များက ထိုအရွက်များအပေါ်တွင် အဆက်မပြတ် ပြောင်းလဲနေသည်။
ဤကြာပန်းစိမ်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက်...
သူ၏နတ်ဘုရားစိတ်ဝိညာဉ်အတွင်းရှိ ဟန်ယွီဧကရာဇ်ကျမ်းစာမှ ယုံကြည်ကိုးကွယ်မှု ခံစားချက်တစ်ခု ဖြာထွက်လာသည်။
"ဒီကြာပန်းစိမ်းက ဘာကြီးလဲ..."
"သူတော်စင်နယ်ပယ်မှာ ဒါမျိုး ရှိပုံမရဘူး... အဲ့ဒါက ငါ့အတွက် သီးသန့်ဖြစ်နေတာလား..."
"အရွက် လေးဆယ့်ကိုးရွက်... အဲ့ဒါက အခြေခံ တာအိုလေးဆယ့်ကိုးခုနဲ့ ကိုက်ညီနေတာလား..."
"သောက်ကျိုးနည်း... အဲ့ဒါတွေအားလုံး ငါ့ကို စုဆောင်းခိုင်းတာတော့ မဟုတ်လောက်ပါဘူး..."
စူးချန်ကဲသည် ကြာပန်းစိမ်းကို ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်များ မတွန့်ကွေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ သို့ရာတွင် နောက်တစ်စက္ကန့်တွင် သူ၏အရိုးများမှာ ပြန်လည် ဖွဲ့စည်းတည်ဆောက်နေပုံရပြီး အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌ ကြည်လင်သော တာအိုအရိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူ၏အရိုးများအတွင်းသို့ ကြာပန်းပုံစံများ တံဆိပ်ခတ်နှိပ်ခံလိုက်ရသည်ကို သူ ခံစားမိလေ၏။
သူ၏သွေးများထဲတွင် ကမ္ဘာငယ်များ ပြောင်းလဲနေသည့် ထင်ယောင်ထင်မှားပုံရိပ်များ ရှိနေပုံရသည်။ အထူးသဖြင့် အဆင့်မြင့်တက်လာသော သူ၏နတ်ဘုရားစိတ်ဝိညာဉ်ပင်။ နတ်ဘုရားမီးတောက်နယ်ပယ်တွင် သူ စုစည်းထားသော ဟုန်မုန့်နတ်ဘုရားပလ္လင်မှာ သူ၏နတ်ဘုရား ဝိညာဉ် အလယ်ဗဟိုတွင် ရပ်တည်နေသော ပလ္လင်တစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်။ ဝေဝါးသော ပုံရိပ်တစ်ခုက ထိုပလ္လင်ပေါ်တွင် ဖြည်းညှင်းစွာ နေရာယူထားလေ၏။
"ဒါ..."
စူးချန်ကဲ တခဏမျှ ကြောင်အမ်းသွားသည်။ သူ လောကကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်ချိန်၌ ထိုအရာသည် ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရပုံရသည်။ ဤလောကရှိ အရာအားလုံးကို သူ၏ခြေထောက်ဖြင့် နင်းခြေသင့်သည်ဟု သူ ခံစားလိုက်ရသည်။
ယခုအချိန်၌ သူသည် ဥပဒေသများအားလုံးမှ ကင်းလွတ်ခွင့် ရရှိသည်မဟုတ်ဘဲ တာအို အားလုံးက နာခံနေခြင်းပင်။
တစ်ချိန်တည်းမှာပင်...
သူမ၏အခန်းသို့ ပြန်ရောက်လာသော နင်ဖူယောင်သည် တစ်ခုခုကို သတိပြုမိပြီး တီးတိုးရေရွတ်လိုက်၏။
"စီနီယာအစ်ကိုက ကျင့်ကြံနေတာလား..."
"သူက နောက်ထပ် အဆင့်ချိုးဖျက်မှုတစ်ခုကို လုပ်တော့မလို့လား..."
ဤသို့ ပြောဆိုပြီးသည်နှင့် တပြိုင်နက် သူမသည် အံ့အားသင့်သော အမူအရာကို မပြသဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
အကယ်၍ သူသည် အမှန်တကယ်ကို အဆင့်ချိုးဖျက်မှုတစ်ခု လုပ်မည်ဆိုလျှင်...
အဲ့ဒါဆိုရင် အဲ့ဒါက အရမ်းမြန်လွန်းတယ်...
စီနီယာအစ်ကိုက လွန်ခဲ့တဲ့ သုံးလက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယါမှာပဲ ရှိသေးတာ.... အခုယွမ်ယန်နယ်မြေမှာ နှစ်ပေါင်းများစွာ ထွက်ပေါ်မလာခဲ့တဲ့ သူတော်စင်နယ်ပယ်ကို သူ ရောက်တော့မယ်...
"တကယ်လို့ သူက အခု အဆင့်ချိုးဖျက်မှု တစ်ခု လုပ်မယ်ဆိုရင် အဲ့ဒါက ပညာရှိရာ ရောက်မှာ မဟုတ်ဘူး... ရှေ့ဆက်ရမယ့်လမ်းက ပိုပိုပြီး ခက်ခဲလာလိမ့်မယ်... ဒီလောကမှာ အတုအယောင် သူတော်စင်တွေ မရေမတွက်နိုင်အောင်ရှိတယ်....ဒါပေမဲ့ အစစ်အမှန်သူတော်စင် တစ်ပါးကိုပဲ သူတော်စင်လို့ ခေါ်နိုင်တယ်...ပြီးတော့ သူတို့ကပဲ သူတို့ရဲ့တာအိုကို သက်သေပြဖို့ ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းကို တကယ်ကြီး စတင်လျှောက်လှမ်းသူတွေ ဖြစ်လာတယ်..."
အားချီသည် ပြောလိုက်သည်။
သူမ၏စိတ်ထဲရှိ အသံကို ကြားသောအခါ နင်ဖူယောင်က ကြောင်အမ်းသွားပြီး ပြောလိုက်၏။
"အားချီ... နင်က ဘာအကြောင်း ပြောနေတာလဲ... ဘာ အစစ်အမှန်သူတော်စင်လဲ... အတုအယောင်သူတော်စင်လဲ..."
ရုတ်ချည်းဆိုသလိုပင် အားချီသည် သူတော်စင်နယ်ပယ်၏ထူးခြားချက်နှင့် အစစ်အမှန်သူတော်စင်နှင့် အတုအယောင်သူတော်စင်ကြား ကွာခြားချက်ကို နင်ဖူယောင်အား အသေးစိတ် ရှင်းပြလိုက်သည်။
"ဟူး... ယဇ်ပူဇော်တာက တကယ်တော့ ဒီလောက်ထိ အန္တရာယ်များတာပါလား..."
နင်ဖူယောင်က အသက်ပြင်းပြင်းရှိုက်ပြီးနောက် ဆက်လက်၍ ပြောဆိုသည်။
"အဲ့ဒါဆို အရင်က စီနီယာအစ်ကို သတ်ခဲ့တဲ့ သုံးယောက်က အတုအယောင်သူတော်စင်တွေပေါ့..."
"သေချာတာပေါ့... တကယ်လို့ အစစ်အမှန်သူတော်စင်သာဆိုရင် သူ့ရဲ့ ကောင်းကင်နဲ့မြေကြီး သဘာဝလွန်ဖြစ်စဉ်က ပေ တစ်သောင်းကျော် မြင့်လိမ့်မယ်... အတုအယောင်သူတော်စင်နဲ့ အစစ်အမှန်သူတော်စင်ကြားက ကွာဟချက်က ကြီးမားတယ်...အဓိက နယ်ပယ် တစ်ခုနဲ့တောင် နှိုင်းယှဉ်လို့ရတယ်... အရေးအကြီးဆုံးက လူတစ်ယောက်က စစ်မှန်တဲ့ သူတော်စင်လမ်းကြောင်းထဲ ဝင်ရောက်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးမှ အနာဂတ်မှာ တာအိုအတွက် တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်..."
အားချီက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ နင်ဖူယောင်သည် တခဏကြာမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အဲ့ဒါဆိုရင် စီနီယာအစ်ကိုက စစ်မှန်တဲ့ သူတော်စင်လမ်းကြောင်းကို လျှောက်လှမ်းနေတာရော မဖြစ်နိုင်ဘူးလား..."
"ခစ် ခစ်..."
အားချီက ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
"သခင်မ... ငါလည်း နင်နဲ့ အတူတူပါပဲ... သူ့ရဲ့ ပါရမီကို ငါ အသိအမှတ်ပြုပါတယ်...အဲ့ဒါက တကယ့်ကို မွန်းစတားဆန်တယ်... တကယ်လို့ သူက နတ်ဘုရားမီးတောက်နယ်ပယ်မှာ သူ့ကိုယ်သူ ဆက်ပြီး တိုးတက်အောင် လုပ်နေမယ်ဆိုရင်... ပြီးတော့ ယဇ်ပူဇော်မယ့် တာအိုအခြေခံအုတ်မြစ်တွေကို လုံလောက်အောင် စုဆောင်းမယ်ဆိုရင် အဲ့ဒါက ဖြစ်ကောင်း ဖြစ်နိုင်တယ်... ဒါပေမဲ့ သူ့ရဲ့လက်ရှိအခြေအနေကို အားကိုးရုံနဲ့ဆိုရင် အဲ့ဒါက လုံလောက်ဖို့ အဝေးကြီး လိုသေးတယ်..."
"အဲ့ဒါဆိုရင် စီနီယာအစ်ကိုကို ငါ သွားတားရမယ်..."
နင်ဖူယောင်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
သို့ရာတွင် နောက်တစ်စက္ကန့်တွင်...
"နေအုံး..."
"ဒီအရှိန်အဝါက ဘာလဲ..."
အားချီ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူမ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများအပြင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခုလည်း ရှိနေခဲ့သည်။ ဤသည်က သူမကိုယ်တိုင်ပင် တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော အရာတစ်ခုဖြစ်သည်။
ထိုအချိန်မှာပင် တိတ်ဆိတ်နေသော ညကောင်းကင်ကြီး၏ နက်ရှိုင်းသော နေရာတွင် မည်းနက်သည့် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပွင့်လာသည်။
ဤသည်မှာ အဆုံးမရှိနက်ရှိုင်းသော မျက်လုံး တစ်လုံးကို ဖွင့်လိုက်သည့်အလားပင်။
တောင်တန်းများအလား ထူထပ်သိပ်သည်းသော မရေမတွက်နိုင်အောင်သည့် မဟာတာအိုသံကြိုးများသည် ထိုအရာ၏မျက်လုံးသူငယ်အိမ်များမှ ကျဆင်းလာသည်။ ထိုသံကြိုးများပေါ်တွင် ထူထပ်သိပ်သည်းသော ရှေးဟောင်းမှော်စာလုံး များကို ခတ်နှိပ်ထားလေ၏။ ဤသည်မှာ ဥပဒေသများ၏ သဘာဝလွန်ဖြစ်စဉ်ပင်။