အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း ၁၆၇:အော်ဟစ်သံတစ်သံနဲ့ သူ့ရဲ့စကားတွေက ဥပဒေသ ဖြစ်လာတယ်...
ဤမြင်ကွင်းသည် ကောင်းကင်ငိုကြွေးခြင်းကို မြင်တွေ့ရသည်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့ရာတွင် သာမန်လူများ သို့မဟုတ် ဤနယ်မြေအတွင်းရှိ သက်ရှိများသည် ထိုသံကြိုးများ၏ တည်ရှိမှုကို လုံးဝမမြင်နိုင်ကြချေ။ သူတို့သည် အချိန် ရပ်တန့်သွားကာ ဆက်လက်မစီးဆင်းတော့သည့်အလားသာ ခံစားလိုက်ရသည်။
"ဒါက... မဟာတာအိုသံကြိုးတွေပဲ..."
အားချီသည် မယုံကြည်နိုင်သော အမူအရာကို ပြသပြီးနောက် သူမက တီးတိုးမရေရွတ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
"မဖြစ်နိုင်ဘူး...မဟာတာအိုသံကြိုးတွေကို ဘယ်လိုလုပ်ပြီး အသက်သွင်းနိုင်မှာလဲ... ဒါက ကျင့်ကြံသူတစ်ယောက်က တာအိုကို သက်သေပြပြီး ကောင်းကင်တက်လှမ်းတဲ့အချိန်မှ ထွက်ပေါ်လာတတ်တဲ့ ကပ်ဘေး တစ်ခုလေ... အဲ့ဒါက အများကြီး အားနည်းသွားပေမဲ့ ဒါက တကယ့်ကို မဟာတာအိုသံကြိုးတွေပဲ..."
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"အဆုံးမဲ့ ခေတ်ကာလတွေကတည်းက ထာဝရ မပြောင်းလဲတဲ့ စည်းမျဉ်းတွေကို ပြောင်းလဲသွားစေဖို့ သူ ဘာတွေများ လုပ်ခဲ့တာလဲ..."
သို့ရာတွင် နင်ဖူယောင်ကမူ လုံးဝကြောင်အမ်းနေသည်။ သူမသည် ပြတင်းပေါက်ထံသို့ အပြေးအလွှားသွားကာ ထူးဆန်းစွာ တိတ်ဆိတ်နေသော ညကောင်းကင်ကြီးကို ကြည့်လိုက်၏။ ထိုအရာက ထူးဆန်းသည်ဟု သူမ ခံစားရသော်လည်း မည်သည့်အရာကိုမျှ မမြင်မိချေ။
"အားချီ... နင် ဘာအကြောင်း ပြောနေတာလဲ..."
"မဟာတာအိုသံကြိုးတွေဆိုတာက ဘာလဲ..."
နင်ဖူယောင်၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပြီး သူမက မမေးဘဲ မနေနိုင် ဖြစ်သွားသည်။
သို့ရာတွင် အားချီသည် မည်သို့ ပြန်ဖြေရမည်ကို လုံးဝမသိခဲ့ချေ။
နောက်တစ်စက္ကန့်တွင်...
"လာနေပြီ..."
သူမ၏စိတ်နှလုံးသား မွန်းကြပ်သွားသည်။
ရုတ်တရက်....
ညကောင်းကင်ယံမှ ကျဆင်းလာသော မဟာတာအိုသံကြိုးများသည် သက်ရှိများအလား စူးချန်ကဲ ရှိနေသော အခန်းဆီသို့ ရစ်ခွေလာပြီး ထိုသံကြိုးများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် တားဆီး၍မရနိုင်အောင် ဖြစ်နေခဲ့သည်။
ကောင်းကင်နှင့်မြေကြီးသည် ဤကဲ့သို့ ပုံမှန်မဟုတ်သောအရာမျိုး ထွက်ပေါ်လာခြင်းကို သည်းမခံနိုင်ဘဲ စူးချန်ကဲကို လုံးဝဖိနှိပ်ပြီး သုတ်သင်ပစ်ချင်သည့်အလားပင်။
တစ်ချိန်တည်းမှာပင်...
အခန်းထဲတွင်...
စူးချန်ကဲသည် ကျဆင်းလာသော မဟာတာအိုသံကြိုးများကို မော့ကြည့်လိုက်ကာ သူ၏ မျက်နှာတွင် လှောင်ပြောင်သော အမူအရာတစ်ရပ် ရှိနေပြီး ပြောလိုက်သည်။
"နေ့တိုင်း နေ့တိုင်း...မင်းတို့က တကယ့်ကို အနှောင့်အယှက် ပေးတာပဲ... ကောင်းကင်ကို ဆန့်ကျင်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ငါတို့ ဗီလိန်တွေကို မင်းတို့က ဒီလောက်တောင် သည်းမခံနိုင်တာလား..."
ထိုစကားကို ပြောဆိုပြီးနောက်...
သူသည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။
သူ မတ်တတ်ရပ်လိုက်သော အချိန်တခဏစီတိုင်းတွင် သူ၏အရှိန်အဝါ နောက်ထပ်အဆင့်တစ်ဆင့်သို့ မြင့်တက်သွားသည်။
သူ အပြည့်အဝ မတ်တတ်ရပ်လိုက်သောအချိန်၌ သူ၏နံဘေးပတ်လည်ရှိ အရှိန်အဝါသည် စိတ်ကူးယဉ်၍ မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး ကမ္ဘာကြီးကို ဖန်တီးခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် စကြဝဠာကို ပြန်လည်စတင်ရန် ပြင်ဆင်နေကာ သူ၏အိပ်စက်ခြင်းမှ နိုးထလာသည့်အလားပင်။
"ထွက်သွားစမ်း..."
အော်ဟစ်သံတစ်သံဖြင့် သူ၏စကားများသည် ဥပဒေသ ဖြစ်လာပေ၏။
သူ၏ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲကြာပန်းစိမ်းသည် ရုတ်တရက် တုန်ခါသွားပြီး ထိုကြာပန်း၏ ကြာရွက်လေးဆယ့်ကိုးရွက်သည် အကန့်အသတ်မဲ့ တောက်ပမှုများဖြင့် တပြိုင်နက်တည်း ပွင့်လန်းလာသည်။
ဤအချိန်အခိုက်အတန့်တွင် အရွက်လေးဆယ့်ကိုးရွက်သည် ပေါင်းစပ်သွားပုံရပြီး အထက်သို့ မြင့်တက်သွားသော ဖရိုဖရဲအရောင်ရှိသည့် အလင်းတန်းတစ်ခုကို မွေးဖွားပေးလိုက်၏။
အလင်းတန်းသည် ထိုမဟာတာအိုသံကြိုးများနှင့် တိုက်ခတ်မိသွားသည်။
လောကကြီးကို တုန်ခါစေသော မြည်ဟီးသံ မရှိခဲ့ချေ။
ထို့နောက် အထည်စဆုတ်ဖြဲခံရသည့်အလား "ဗြစ်"ဟူသော အသံတစ်သံကို ကြားလိုက်ရသည်။
ထို့နောက် တောင်တန်းများအလား ထူထပ်သိပ်သည်းသော ထိုမဟာတာအိုသံကြိုးများသည် တစ်လက်မချင်းစီ အက်ကွဲသွားပေ၏။
နေရောင်နှင့် ထိတွေ့သော နှင်းများအလား ထိုသံကြိုးများ ချက်ချင်းအရည်ပျော်သွားသည်။
မိုးကောင်းကင်ယံရှိ မည်းနက်သော မျက်လုံးသည် အံ့အားသင့်မှုနှင့် ဒေါသအရိပ်အယောင်တစ်ခုကို ပြသခဲ့သော်လည်း နောက်ဆုံးတွင် ထိုမျက်လုံးသည် ဖြည်းညှင်းစွာနှင့်မလိုလားစွာ ပိတ်သွားသည်။ တဖြည်းဖြည်းနှင့် အရာအားလုံးသည် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားပေ၏။
စူးချန်ကဲသည် နေရာတွင် ရပ်နေပြီး သာမန်လူ တစ်ယောက်အလား သူ၏အရှိန်အဝါကို ထိန်းသိမ်းထားသည်။
သူ၏မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်ချိန်၌ ဖရိုဖရဲချီစီးကြောင်းများ လှည့်ပတ်နေပြီး နေ၊ လ နှင့် ကြယ်များ မွေးဖွားလာကာ ဖျက်ဆီးခံရပြီး မရေမတွက်နိုင်သော ဥပဒေသများ ရောယှက်နေသည်။ မဟာတာအိုသံကြိုးများ ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပေ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက စူးချန်ကဲကိုပင် ထိတ်လန့်သွားစေခဲ့သည်။
"ဒါက အတုအယောင်သူတော်စင်နဲ့ မတူညီတဲ့ နယ်ပယ်လား..."
စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။ ဤအချိန်အခိုက်အတန့်တွင် သူ၏နတ်ဘုရားစိတ်အာရုံသည် ပို၍ကျယ်ပြန့်သော ဧရိယာကို ဖုံးလွှမ်းနေကြောင်း သူ ခံစားနိုင်ပြီး လီတစ်သိန်းအထိ ရောက်ရှိပြီးနောက်မှာပင် မရပ်တန့်ခဲ့ချေ။ သူ့ထံမှ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ယခင်က အတုအယောင်သူတော်စင်သုံးဦးကို အမှုန်အမွှားအဖြစ် ပြောင်းလဲပစ်နိုင်သည်ဟူသော ကြိုတင် ခံစားချက်တစ်ခုပင် ရှိနေသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် စိတ်ကူးယဉ်၍ မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိမြင်နိုင်သည်။
သာမန်သူတော်စင်များသည် သူ့ရှေ့တွင် လှုပ်ရှားမှုတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သူတော်စင်နယ်ပယ်အထက်ရှိ လေဟာနယ်တာအို ကျွမ်းကျင်သူတစ်ဦးကိုယ်တိုင် ဆင်းသက်လာလျှင်ပင် သူတို့ကို တိုက်ခိုက်နိုင်စွမ်း ရှိမည်ဟု သူ ခံစားမိသည်။
အမှန်အားဖြင့် သာမန်အစစ်အမှန် သူတော်စင်များသည် သူ့လောက် အစွမ်းမထက်ချေ။ သူသည် သမိုင်းတွင် ယခင်က မရှိဖူးသော တစ်ဦးတည်းသော စစ်မှန်သည့် သူတော်စင်လမ်းကြောင်းကို လျှောက်လှမ်းနေခြင်းပင်။ ထို့ကြောင့် သူသည် သူနှင့် သက်တူရွယ်တူများကြားတွင် လုံးလုံးလျားလျား ပြိုင်ဘက်ကင်းလေ၏။
"ဆယ့်တစ်လစာ ကျင့်ကြံခြင်းအတွေ့အကြုံ ... ဒါက ဆုံးရှုံးမှုမဟုတ်ဘူး..."
စူးချန်ကဲသည် သူ၏စွမ်းအား တိုးတက်လာသည်ကို ခံစားရသောအခါ စိတ်ကျေနပ်သွားသည်။ ထို့နောက် သူ အံ့အားတသင့် ရေရွတ်လိုက်စဉ်တွင် သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ဟင်..."
"ဒါက ခုဏက မဟာတာအိုသံကြိုးတွေလား..."
စူးချန်ကဲ တခဏမျှ ကြောင်အမ်းသွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲကြာပန်းစိမ်းပေါ်တွင် အစောပိုင်းက သူ့ကို တိုက်ခိုက်ခဲ့သော မဟာတာအိုသံကြိုးများနှင့် တူညီသော နောက်ထပ်မှော်စာလုံးတစ်ခု ရှိနေကြောင်း သူ တွေ့ရှိခဲ့သည်။ အတွေးတစ်ခုဖြင့် သူ့အတွက် သီးသန့်ဖြစ်သော သံကြိုးတစ်ခုသည် သူ၏ ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ထွက်ပေါ်လာပေ၏။
ထိုသံကြိုး၏အရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ် မကောင်းသော်လည်း ထူးခြားပြီး တားဆီး၍မရနိုင်ချေ။
"နေအုံး..."
"ငါ အနိုင်ယူခဲ့တဲ့ ဒါမှမဟုတ် သတ်ခဲ့တဲ့ ဘယ်အရာမဆို ဖရိုဖရဲ ကြာပန်းစိမ်းအဖြစ် ပြောင်းလဲသွားနိုင်တာများလား..."
"ဒါက... ကွဲပြားခြားနားတဲ့ ယဇ်ပူဇော်ခြင်းမျိုးလို့ သတ်မှတ်လို့ ရမလား..."
စူးချန်ကဲက တွေးတောလိုက်သည်။ အကယ်၍ သူ တွေးထင်သည့်အတိုင်း အမှန်တကယ် ဖြစ်နေလျှင် သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်မှုသည် မယုံနိုင်လောက်အောင် ကောင်းကင်ကို ဆန့်ကျင်နေပေလိမ့်မည်။
အကယ်၍ ဤအတိုင်း ဆက်လက် ဖွံ့ဖြိုးတိုးတက်သွားပါက မည်သို့ဖြစ်လာမည်နည်း...
သူသည် ယဇ်ပူဇော်ခံနေရသော ထိုအမည်မသိ တည်ရှိမှု ဖြစ်လာခဲ့သလော...
တစ်ချိန်တည်းမှာပင်...
"ရှီး..."
"သူက မဟာတာအိုသံကြိုးတွေကို စကားတစ်ခွန်းတည်းနဲ့ အော်ဟစ်ပြီး မောင်းထုတ်လိုက်တာလား..."
ရှေးဟောင်းဓားဟင်းလင်းပြင် အတွင်း၌ အားချီသည် ကြောင်အမ်းအမ်းဖြင့် တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး သူမ၏ဦးနှောက် အနည်းငယ် ထုံကျင်သွားသည်။ ဤမြင်ကွင်းသည် သူမ၏ နားလည်မှုကို လုံးလုံးလျားလျား မှောက်လှန်လိုက်၏။
မည်သည့်ကျင့်ကြံသူကမျှ ကောင်းကင်ကပ်ဘေးကို ဤကဲ့သို့ ခြေမှုန်းလုနီးပါး ပုံစံဖြင့် ဖြတ်ကျော်သွားသည်ကို သူမ မည်သည့်အချိန်ကမျှ မမြင်ဖူးချေ။
ဆိုလိုသည်မှာ သူ၏စွမ်းအားသည် ကောင်းကင် တာအို၏အကန့်အသတ်ထက် များစွာကျော်လွန်နေခြင်းပင်။
"ခုဏက အဲ့ဒီအရှိန်အဝါက ဘာလဲ... အဲ့ဒါက အရမ်းရှေးကျတယ်... ဒီလောက် အစွမ်းထက်လာဖို့အတွက် သူတော်စင်နယ်ပယ်ကို ဝင်ရောက်တဲ့အချိန်မှာ သူ ဘာကို ယဇ်ပူဇော်ခဲ့တာလဲ..."
အားချီ၏မျက်နှာပေါ်တွင် လွန်ကဲသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ စိတ်သည် အစောပိုင်းက ထို အမြင့်မြတ်ဆုံး အရှိန်အဝါကို အဆက်မပြတ် ပြန်လည်သတိရနေကာ သူမ၏စိတ်နှလုံးသားကို မငြိမ်သက်နိုင်အောင် ဖြစ်စေခဲ့သည်။
ယခင်ကတည်းက မသိနားမလည်ခဲ့သော နင်ဖူယောင်သည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
"အားချီ... ဘာတွေ ဖြစ်သွားတာလဲ... နင်က အရမ်းလန့်နေတော့ ငါ ဘာကိုမှ နားမလည်တော့ဘူး..."
ဤစကားကို ကြားသောအခါ အားချီသည် သူမ၏စိတ်အခြေအနေကို တည်ငြိမ်အောင် ထားကာ တခဏကြာမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"သခင်မ...နင်ရဲ့ စီနီယာအစ်ကိုက အရင်က မရှိဖူးတဲ့ သူတော်စင်လမ်းကြောင်းကို လျှောက်လှမ်းနေတာ ဖြစ်နိုင်တယ်... ပြီးတော့ သူ အောင်မြင်သွားပြီ..."
"ငါ မှားခဲ့တယ်... သူ့အပေါ် ငါ့ရဲ့ နားလည်မှုက မှားယွင်းခဲ့တယ်... သူ့ရဲ့ကောင်းကင်ကို ဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို ဘေးဖယ်ထားရင်တောင်....တကယ်လို့ နင့်ရဲ့ စီနီယာအစ်ကိုက ဒီလမ်းကြောင်းတလျှောက်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေဘူးဆိုရင် သူက အနာဂတ်မှာ ကမ္ဘာအသင်္ချေကို သေချာပေါက် ရှင်းလင်းသွားပြီးတော့ အမြင့်မြတ်ဆုံးနဲ့ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှု မျိုးဆက်တစ်ခု ဖြစ်လာလိမ့်မယ်... အင်မော်တယ် ရှေးဟောင်း ခေတ်မှာ ထားရင်တောင်မှ သူက အင်မော်တယ်
ဘုရင်ရဲ့ မျိုးဆက်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ သူတစ်ယောက် ဖြစ်လာလိမ့်မယ်..."
ဤသည်မှာ သူမထံမှ အလွန်မြင့်မားသော အကဲဖြတ်ချက်ပင်။
"စီနီယာအစ်ကို အောင်မြင်သွားပြီလား..."
နင်ဖူယောင်သည် အံ့အားသင့်နေပြီး ဝမ်းသာစွာဖြင့် ပြောလိုက်သည်။ သူမသည် သူမ၏ စီနီယာအစ်ကိုအတွက် အမှန်တကယ် ပျော်ရွှင်နေပြီး ဤအချက်ကိုသာ သူမ ဂရုစိုက်သည်။
နင်ဖူယောင်၏ ဝမ်းသာနေသော အမူအရာကို ကြည့်ရင်း အားချီသည် ခါးသီးသော အပြုံးတစ်ခုကို ပြသလိုက်ကာ သူမ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
သခင်မ... နင်က သူ့ရဲ့ကျောပြင်ကို မီအောင် မလိုက်နိုင်သေးဘူး... ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို နင် ခြေချလိုက်တဲ့အချိန်ကျရင် နင့်ရဲ့ဘေးမှာ ဒီလို ပါရမီရှင် စီနီယာအစ်ကို တစ်ယောက် ရှိနေတာက ဘယ်လောက်တောင် ဖိအားများတယ်ဆိုတာကို နင် သဘောပေါက်လာလိမ့်မယ်...
သူနဲ့ ခေတ်တစ်ခေတ်တည်းမှာ နေရတာက အဖြစ်ဆိုးတစ်ခု ဖြစ်နိုင်တယ်...
ဤအခိုက်အတန့်တွင် ဓားခန္ဓာကိုယ် နိုးထလာသော နင်ဖူယောင်ပင်လျှင် သူနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း သူမ သံသယဝင်နေသည်။ ဤသည်မှာ ပါရမီ၏ကိစ္စ မဟုတ်တော့ဘဲ သမိုင်းတွင် ယခင်က မရှိဖူးသော လမ်းကြောင်းကို သူ လျှောက်လှမ်းခဲ့ခြင်းကြောင့်ပင်။
ပျံသန်းရေးသင်္ဘောသည် လွမ်မိုတောင်ကြော ဆီသို့ ရွက်လွှင့်သွားပြီး မြောက်ဘက်သို့ တောက်လျှောက်ဦးတည်သွားသည်။ နောက်ဆက်တွဲခရီးစဉ်သည် ငြိမ်းချမ်းပြီး တိတ်ဆိတ်နေကာ နောက်ထပ် ရှုပ်ထွေးမှုများ မရှိတော့ချေ။
သို့ရာတွင် သတင်းများသည် ပျံသန်းရေး သင်္ဘောပေါ်ရှိ ကျင့်ကြံသူများစွာ၏ နားထဲသို့ မကြာမီ ရောက်ရှိသွားပြီး အချိန်တခဏကြာသည်အထိ ဆွေးနွေးမှုများ အဆုံးမရှိ ဖြစ်နေသည်။
"မင်း ကြားပြီးပြီလား... လီမိသားစု သခင်လေး ရဲ့အခန်းကို ပိတ်ဆို့ထားပြီး ဘယ်သူမှ ထွက်လာတာကို မတွေ့ရတော့ဘူးတဲ့..."
"ရှီး..."
"လီဝမ်က မစော်ကားသင့်တဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားမိလို့ အသတ်ခံလိုက်ရတာလို့ ငါ ကြားတယ်..."
"အာ... ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်လား... အဲ့ဒီ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမလေး စုံတွဲများ ဖြစ်နိုင်မလား..."
"ရှူး... တိုးတိုးပြောပါ... ကောလာဟလဖြန့်တဲ့သူတွေကို ရှင်းလင်းဖို့ ကြီးကြပ်ရေးမှူးတွေ နေရာတိုင်းမှာ ရှိနေတယ်..."
ဤညသည် လူအများအတွက် အိပ်မပျော်သော ညတစ်ည ဖြစ်လာရန် ဖန်တီးခံထားရသည်။
အခန်း ၁၆၈: တစ်ခုခုမှားနေတာကို ငါ မသိလို့လား...
နောက်တစ်နေ့နံနက်...
လွမ်မိုတောင်ကြော၌ တစ်နှစ်ပတ်လုံး ရှိနေသော မီးခိုးရောင် မြူခိုးများကို အလင်းတန်းများက ဖောက်ထွက်ကာ အရုဏ်တက်ချိန်သို့ ရောက်လာသည်။
နယ်မြေဖြတ်ကျော်သင်္ဘောသည် လွမ်မို တောင်ကြော၏ ဆင်ခြေဖုံးရှိ ကျောက်နက်စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ဤသည်မှာ မြောက်ပိုင်းဒေသနှင့် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေအကြားမှ လမ်းကြောင်းပေါ်ရှိ အရေးအကြီးဆုံး ကြားခံနှင့် ထောက်ပံ့ရေးနေရာပင်။ မိုင်တစ်ရာ ကျယ်ဝန်းသော ကျောက်တုံးစင်မြင့်ကို မျိုးဆက်ပေါင်းများစွာသော ကျင့်ကြံသူများက ဝင်္ကပါများဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားသဖြင့် နယ်မြေဖြတ်ကျော်သင်္ဘော ဆယ်ပေါင်းများစွာ ဆိုက်ကပ်ရန် လုံလောက်အောင် ကြီးမားသည်။
သင်္ဘောကိုယ်ထည်၏အောက်မှနေ၍ ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအား ရေဘဝဲလက်တံများ ဆန့်ထွက်လာပြီး ကျောက်နက်စင်မြင့်၏ နက်ရှိုင်းသောနေရာသို့ ဝင်ရောက်သွားသည်။ အနီးအနားတွင် စောင့်ဆိုင်းနေသော ပုံရိပ်များသည် ရှေ့သို့အလုအယက် ပြေးလာကြပြီး စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ နယ်မြေဖြတ်ကျော်သင်္ဘောထဲသို့ ထည့်သွင်းရန်အတွက် ဝင်္ကပါများကို အသက်သွင်းလိုက်ကြ၏။
ဓလေ့ထုံးစံအရ နယ်မြေဖြတ်ကျော်သင်္ဘော သည် မြောက်ပိုင်းဒေသသို့ ရောက်ရှိရန်အတွက် လုံလောက်သောစွမ်းအားကို ဖြည့်တင်းရန် နေ့တစ်ဝက်ခန့် ကြာမြင့်ပေမည်။
ဆိပ်ကမ်းတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော အင်အားစုအသီးသီးမှ ကြိုဆိုသူများသည် သူတို့၏တပည့်များ သို့မဟုတ် ကုန်သည် အဖွဲ့ခေါင်းဆောင်များကို ရှာဖွေရန် ရှေ့သို့ ထွက်လာကြသည်။
လူအုပ်ကြီးသည် စည်ကားနေပြီး ဆူညံသံများက အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာပေ၏။
သို့ရာတွင် ရင်ဘတ်တွင် 'လီ' အက္ခရာ အမှတ်အသားကို ရေးထိုးထားသော အပြာရောင် ပိုးထည်ဝတ်ရုံများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူအုပ်စုတစ်စုသည် ပျံသန်းရေး သင်္ဘောဆီသို့ အလျင်အမြန် လျှောက်လှမ်းလာသောအခါ ပတ်ဝန်းကျင်ရှိ ဆူညံသံများ ရုတ်တရက် အနည်းငယ် တိတ်ဆိတ်သွားသည်။
ထိုလူများသည် ချင်ဟယ်ရှိ လီမိသားစုမှ လူများ ပင်။
ထိုအဖွဲ့ခေါင်းဆောင်၏ကျင့်ကြံဆင့်သည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ အံ့အားသင့်စရာကောင်းလောက်အောင် ရောက်ရှိနေပြီဖြစ်သော ရှုံမဲ့မဲ့မျက်နှာနှင့် အသက်ကြီးသော အမျိုးသားတစ်ဦးပင်။ သူသည် တခြားသူ မဟုတ်ဘဲ လီမိသားစု၏ တတိယအကြီးအကဲ လီယွဲ့ ဖြစ်သည်။
သူ၏နောက်တွင် တည်ကြည်လေးနက်သော အမူအရာများ ကိုယ်စီရှိသည့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူ ဆယ်ဦးကျော် လိုက်ပါလာသည်။
"ငါ့ရဲ့သခင်လေးက ဘယ်မှာလဲ..."
လီယွဲ့သည် ပျံသန်းရေးသင်္ဘော၏ထွက်ပေါက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ ဆိုးရွားသော ကြိုတင်ခံစားချက်တစ်ခုက သူ၏စိတ်နှလုံးသားထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။
လီဝမ် အလုပ်လုပ်သော ပုံစံအရ သူသည် ပျံသန်းရေးသင်္ဘောမှ အစောကြီးကတည်းက ဆင်းလာသင့်သည်။
သူ စကားပြောနေစဉ်မှာပင် ယွမ်ရှန်းဂိုဏ်းမှ ကြီးကြပ်ရေးမှူးသုံးဦးသည် သင်္ဘော၏ လှေကားမှ ဆင်းလာခဲ့ကြ၏။
ဦးဆောင်လာသော ကြီးကြပ်ရေးမှူးတွင် တည်ငြိမ်သော အမူအရာ ရှိနေသည်။ လီယွဲ့၏ အကြည့်နှင့် ဆုံမိချိန်၌ သူက ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့က ချင်ဟယ်ရဲ့ လီမိသားစုက တာအိုမိတ်ဆွေတွေလား..."
"အမှန်ပဲ..."
လီယွဲ့က ခပ်ပြတ်ပြတ်အသံဖြင့် ပြောလိုက်၏။ တစ်ဖက်လူ၏ သဘောထားက သူ့ကို အနည်းငယ် စိတ်မကျေမနပ် ဖြစ်စေသည်။ သူသည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် နှောင်းပိုင်း အဆင့်တွင် ရှိနေသူပင်။ ယခုအချိန်၌ မျိုးဆက်သစ်တစ်ယောက်ကပင် သူ့ကို ဤကဲ့သို့ စကားပြောဆိုရဲသလောဟု သူ တွေးလိုက်မိသည်။
သို့ရာတွင် မိသားစုခေါင်းဆောင်၏ သတိပေးချက်ကို သတိရပြီး သူ၏ဒေါသကို သူ ထိန်းချုပ်ထားလေ၏။
ကြီးကြပ်ရေးမှူးက တခဏကြာ ရပ်တန့်လိုက်ပြီးနောက် အမူအရာကင်းမဲ့သောမျက်နှာဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"သခင်လေးလီက ခရီးစဉ်အတွင်းမှာ ကံမကောင်းစွာနဲ့ မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရတယ်...မင်းတို့ သူ့ကို စောင့်နေဖို့ မလိုတော့ဘူး..."
"ဘာ..."
လီယွဲ့ ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားပြီး သူ့နောက်ရှိ လီမိသားစုဝင်များ၏မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
"မင်းတို့...အခုချက်ချင်း ရှင်းပြစမ်း..."
လီယွဲ့က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ၏ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ဖိအားအရှိန်အဝါက အလိုအလျောက် ထွက်ပေါ်လာသည်။
"လီဝမ်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်... ပြီးတော့ သူ့ကို ကာကွယ်ပေးတဲ့ အကြီးအကဲ ဝမ်တောင် ရှိသေးတယ်... သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အလွယ်တကူ သေသွားနိုင်မှာလဲ..."
ကြီးကြပ်ရေးမှူးသည် တုန်လှုပ်မသွားခဲ့ချေ။
"ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ... ငါက မင်းတို့လီမိသားစုရဲ့ လက်အောက်ငယ်သားမှ မဟုတ်တာ... ဘာပဲဖြစ်ဖြစ် သူ သေသွားပြီ... အဲ့ဒါက အမှန်ပဲ..."
"..."
လီယွဲ့သည် ဒေါသထွက်လွန်းသဖြင့် အော်ဟစ်ရယ်မောလိုက်၏။ သူသည် အရူး တစ်ယောက် မဟုတ်ချေ။ ဤအဖြေက မည်သည့်အရာကို ဆိုလိုသည်အား သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။
"အကြီးအကဲ ဝမ်ကရော... သူလည်း သေပြီလား..."
လီယွဲ့က အံ့ကြိတ်ကာ မေးမြန်းလိုက်သည်။
ကြီးကြပ်ရေးမှူးက ခေါင်းညိတ်ပြလေသည်။
"အကြီးအကဲဝမ်က သခင်လေးလီကို ကယ်ဖို့ ကြိုးစားရင်းနဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုထဲကို ကျသွားတယ်... အရိုးတစ်ချောင်းတောင် မကျန်တော့ဘူး..."
"ကောင်းတယ်... 'အရိုးတစ်ချောင်းတောင် မကျန်တော့ဘူး' ဆိုတာ တကယ့်ကို ကောင်းတာပဲ..."
လီယွဲ့ ၏မျက်နှာ ပြာနှမ်းသွားပြီး အရိုးများမှ တဖျစ်ဖျစ် မြည်လာသည်အထိ သူ၏လက်သီးများကို ဆုပ်ထားလေသည်။
ထို့နောက် သူ၏စိတ်နှလုံးသားထဲရှိ ဒေါသကို ဖိနှိပ်ကာ သူက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"ငါ့မှာ မေးခွန်းတစ်ခုပဲ ရှိတယ်... လီဝမ်က မင်းတို့ရဲ့ယွမ်ရှန်းဂိုဏ်းကို ဘယ်လိုမျိုး စော်ကားမိခဲ့တာလဲ..."
ကြီးကြပ်ရေးမှူးသည် မော့ကြည့်ကာ သူ၏ အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်၏။
"အဲ့ဒါကိုတော့ မင်း သူ့ကို မေးရလိမ့်မယ်..."
"..."
လီယွဲ့ သည် နှုတ်ခမ်းကို ကိုက်လိုက်ရာ သူ၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။
သူ၏နောက်ရှိ လူငယ်တစ်ဦးသည် မနေနိုင်တော့ဘဲ တီးတိုးပြောလိုက်သည်။
"တတိယ အကြီးအကဲ ... ဒီကိစ္စမှာ သေချာပေါက် တစ်ခုခု မှားနေတယ်... သခင်လေးက..."
"ပါးစပ်ပိတ်ထားစမ်း..."
လီယွဲ့က စူးရှသောအသံဖြင့် ကြားဖြတ်ပြောလိုက်ပြီး ထိုလူငယ်ကို သတ်ဖြတ်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်လေသည်။
တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ မသိဘဲ နေမည်လော...
ယွမ်ရှန်းဂိုဏ်း၏ "မင်း လုပ်ချင်တာ လုပ်" ဆိုသည့် သဘောထားကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း....
လူသေသွားပြီဖြစ်ရာ သူတို့သည် လုပ်ချင်ရာကို လွတ်လွတ်လပ်လပ် လုပ်နေခြင်း ဖြစ်သလော...
အကယ်၍ မိသားစု ခေါင်းဆောင်သည် မကြာသေးမီက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ ထိပ်တန်းအင်အားစုများနှင့် မည်သည့် ရန်ငြိုးမျှ မထားရန် သတိပေးမထားခဲ့လျှင် သူသည် အစောကြီးကတည်းက တိုက်ခိုက်ခဲ့ပြီးဖြစ်ပေမည်။
"ဟူး..."
အသက်ပြင်းပြင်းရှူထုတ်ပြီးနောက် လီယွဲ့သည် သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထားကာ ကြီးကြပ်ရေးမှူးကို စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် သွားများကြားမှ စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။
"အစွမ်းထက်တဲ့ နဂါးတစ်ကောင်က ဒေသခံ မြွေ တစ်ကောင်ကို မဖိနှိပ်နိုင်ဘူး... ငါတို့လီမိသားစုက ဒီကိစ္စကို မှတ်ထားမယ်..."
ကြီးကြပ်ရေးမှူးက လှောင်ပြောင်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ..."
လီယွဲ့ ၏မျက်နှာ ဖြူရော်သွားပြီး မစင်စားထားရသည့်အလား အကျည်းတန်နေကာ သူသည် နောက်လှည့်ပြီး သူ၏လူများကို ခေါ်ဆောင်သွားတော့သည်။
ဆိပ်ကမ်းတွင် ကြည့်ရှုနေသူများသည် သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြ၏။
"လီမိသားစုရဲ့ သခင်လေးက တကယ်ကြီး သေသွားတာလား..."
"ကြည့်ရတာတော့ မနေ့ညက ကောလာဟလတွေက အမှန်ပဲ ထင်တယ်..."
"အို ဘုရားရေ... အဲ့ဒါက တကယ်ကြီး အဲ့ဒီ ငယ်ရွယ်တဲ့ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမလေး စုံတွဲပဲ... သူတို့က ဘယ်သူတွေလဲ... ဒီလောက် ကြီးမားတဲ့ နောက်ခံ ရှိနေတာ..."
ထိုအချိန်မှာပင်....
စူးချန်ကဲက နင်ဖူယောင်ကို ပျံသန်းရေး သင်္ဘောပေါ်မှ ခေါ်ဆောင်လာခဲ့သည်။ ကြည့်ရှုနေသူများသည် တိတ်ဆိတ်သွားပြီး သူတို့နှစ်ဦးကို ကြည့်လိုက်ချိန်၌ သူတို့၏မျက်လုံးများတွင် နက်ရှိုင်းသော အံ့အားသင့်မှုနှင့် အကြောက်တရားများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ချေ။ လီမိသားစု၏သခင်လေး မည်သို့ အသတ်ခံလိုက်ရသည်ကိုပင် သူတို့ မသိခဲ့ကြပေ။
သူတို့ကို မည်သူက ရန်စဝံ့မည်နည်း...
စူးချန်ကဲသည် ကောင်းမွန်သော စိတ်ခံစားချက်တွင် ရှိနေခဲ့လေ၏။ တစ်ညတာ ခိုင်မာအောင် ပြုလုပ်ပြီးနောက် သူ၏အရှိန်အဝါကို လုံးလုံးလျားလျား ထိန်းသိမ်းထားနိုင်ခဲ့သည်။
အကယ်၍ သူသည် ထိုအရှိန်အဝါကို တမင်သက်သက် ထုတ်လွှတ်မထားပါက သူသည် သာမန်လူငယ်တစ်ယောက်နှင့် မကွာခြားချေ။
သို့ရာတွင် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးသာ ဤနေရာတွင် ရှိနေပါက စူးချန်ကဲနှင့် သုံးပေအတွင်းတွင် တာအိုစည်းချက်တစ်ခု အလိုအလျောက် ဖြစ်ပေါ်နေပြီး သူ့ကို ဥပဒေသအားလုံးမှ ကင်းလွတ်ခွင့် ရစေကြောင်း တွေ့ရှိသွားကာ သူတို့ ထိတ်လန့်သွားပေလိမ့်မည်။
"စီနီယာအစ်ကို ... ငါတို့ ဒီနေရာမှာ ဘယ်လောက်ကြာကြာ နေမှာလဲ..."
နင်ဖူယောင်က တီးတိုးမေးမြန်းလိုက်သည်။
စူးချန်ကဲသည် ကျောက်နက်စင်မြင့်ပေါ်ရှိ စည်ကားနေသော လူအုပ်ကြီးကို ကြည့်လိုက်ကာ သူ၏ အကြည့်သည် နောက်ဆုံးတွင် မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေသော လွမ်မို တောင်ကြော၏ နက်ရှိုင်းသော နေရာများသို့ ကျရောက်သွားသည်။ သူက တီးတိုးပြောလိုက်၏။
"နေ့တစ်ဝက်လောက်ပဲ... ငါနဲ့အတူ ခရီးတစ်ခေါက်လောက် လိုက်ခဲ့အုံး..."
ဇာတ်ကွက်အရ နင်ဖူယောင်သည် ထို အပျက်အစီးနယ်မြေထဲသို့ ထွက်ပြေးရပေမည်။
နင်ဖူယောင်သည် တုံ့ဆိုင်းမနေခဲ့ချေ။
"ကောင်းပါပြီ..."
သူတို့နှစ်ဦးသည် မည်သူ့ကိုမျှ သတိမပေးဘဲ ပျံသန်းရေးသင်္ဘောမှ တိတ်ဆိတ်စွာ ထွက်ခွာခဲ့ကြသည်။ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ စူးချန်ကဲသည် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နင်ဖူယောင်ကို သယ်ဆောင်ကာ လွမ်မိုတောင်ကြော၏ နက်ရှိုင်းသော နေရာများဆီသို့ အလျင်အမြန် ပျံသန်းခဲ့သည်။
သူတို့ ထွက်သွားချိန်၌ ဆိပ်ကမ်းရှိ ကျင့်ကြံသူ အမြောက်အများသည် ဤမြင်ကွင်းကို သတိပြုမိသွားပေ၏။
"အဲ့ဒီနှစ်ယောက်... သူတို့က လွမ်မိုတောင်ကြော ရဲ့တောနက်ပိုင်းကို သွားနေတာလား..."
"သူတို့ ရူးနေတာလား... အဲ့ဒါက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကျွမ်းကျင်သူတွေတောင် ပေါ့ပေါ့ပါးပါး ခြေမချဝံ့တဲ့ တားမြစ်နယ်မြေပဲ..."
"ဖြစ်နိုင်တာက... သူတို့မှာ ယုံကြည်မှု ရှိနေတာလား..."
ဆွေးနွေးနေစဉ်အတွင်း တစ်ယောက်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ကြည့်လိုက်ကြစမ်း... အဲ့ဒီ ယွမ်ရှန်းဂိုဏ်းက အကြီးအကဲတွေက ဦးညွှတ်နေကြတယ်..."
လူတိုင်း လှည့်ကြည့်လိုက်ရာ အကြီးအကဲ သုံးဦးဖြစ်သော ကျီးယင် ၊ ခူမု နှင့် ပိုင်ချန်းတို့သည် ပျံသန်းရေးသင်္ဘော၏ အပေါ်ဆုံးထပ်တွင် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် စူးချန်ကဲ ထွက်သွားသော ဦးတည်ချက်သို့ ဦးညွှတ်အရိုအသေပြုနေကြကာ သူတို့၏ကိုယ်ဟန်အနေအထားများမှာ အလွန်ရိုသေလေးစားမှု ရှိနေသည်။
ဤအချိန်အခိုက်အတန့်တွင် လူအများ၏ ယခင်ခန့်မှန်းချက်များအားလုံး အတည်ပြုခံလိုက်ရသည်။
ထိုလူနှစ်ယောက်သည် သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်...
ကမ္ဘာငယ်လေးတစ်ခုထဲတွင်...
မိုးကောင်းကင်ယံ၌ နေနှင့်လတို့ အတူတကွ တောက်ပနေပြီး မြေပြင်ကို အဖြူရောင် ကျောက်စိမ်းများဖြင့် ခင်းထားကာ အလယ်ဗဟိုတွင် စိတ်ဝိညာဉ်စမ်းရေအိုင်တစ်ခု ပွက်ပွက်ဆူနေသည်။
ထိုစိတ်ဝိညာဉ်စမ်းရေအိုင်၏ အထက်တွင် အပိုင်းပိုင်းကွဲနေသော ရွှေနဂါးလေးတစ်ကောင်က ဖြည်းညှင်းစွာ ကူးခတ်နေပြီး လေဟာနယ်အတွင်းရှိ ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ် စွမ်းအားများကို စုပ်ယူနေခဲ့ပေ၏။
ထိုစိတ်ဝိညာဉ်စမ်းရေအိုင်၏နံဘေးတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ထိုင်နေသည်။
ထိုလူငယ်သည် ချောမောခန့်ညားပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် မွေးရာပါ မောက်မာမှုတစ်ခု ရှိနေသည်။
သူ၏လက်များဖြင့် မှော်လက်စည်းသင်္ကေတများ ဖန်တီးနေပြီး ဖျော့တော့သော ရွှေရောင် စိတ်ဝိညာဉ်စွမ်းအားများက သူ၏နံဘေးပတ်လည်တွင် စီးဆင်းနေကာ ဤအဖိုးတန် ဆေးကို အာဟာရဖြည့်တင်းရန် ရွှေနဂါးလေး၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေပေ၏။
ထိုလူငယ်သည် ဖန်ရွှမ်ဖြစ်ပြီး ကောင်းကင်ပင်လယ်နယ်မြေ၏ ကံကြမ္မာသားတော်ပင်။ သူ၏ကိုယ်ပွားသည် ဤနေရာတွင် ဆေးလုံးကို စောင့်ရှောက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး အဖိုးတန်ဆေး ရင့်သန်လာမည့် နောက်ဆုံးအချိန်ခုနစ်ရက်ကို သူ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထို့နောက် သူသည် ထိုဆေးကို ရိတ်သိမ်းပြီး စိတ်ဝိညာဉ်နယ်မြေသို့ ပြန်လည် ယူဆောင်သွားကာ သူ၏ရုပ်ခန္ဓာကိုယ်အဆင့်အား ချိုးဖျက်ရန် ကူညီပေးနိုင်ပေမည်။
ဤသည်မှာ သူ၏ မူလအစီအစဉ်ပင်။
သို့ရာတွင် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသူ တစ်ဦးအနေဖြင့် သဘာဝလွန်ဖြစ်စဉ်ကို မြင်ပြီးနောက် သူ၏အစစ်အမှန်ခန္ဓာကိုယ် ဆင်းသက်လာသည်အထိ ဤနေရာတွင် စောင့်ဆိုင်းရန် သူ ဆုံးဖြတ်လိုက်၏။
"ကောင်းကင်တက်လှမ်းခြင်းလှေကားက ဒီအောက်ဘုံမှာ ဆင်းသက်လာမယ်လို့ ထင်ရတယ်... အဲ့ဒါက တိုက်ဆိုင်မှုလား... ဒါမှမဟုတ် ငါ့အတွက် ကံကြမ္မာ ဖန်တီးထားတာလား... ငါ့ရဲ့ ကံက တကယ့်ကို မယုံနိုင်စရာပဲ ..."
ဖန်ရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ ယုံကြည်မှုရှိသော အပြုံးတစ်ခုကို ဖော်ပြနေသည်။ သူ၏ ခရီးစဉ်ကို ပြန်ကြည့်ချိန်၌ သူ၏ကံမှာ အမှန်တကယ်ကို ကောင်းမွန်လှသည်။
သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းတလျှောက်လုံး ပြိုင်ဘက်ကင်းပြီး အစွမ်းထက်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရတိုင်း သူ ပို၍ သန်မာလာခဲ့သည်။
သူသည် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်းကို မကြုံဖူးချေ။