အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
Chapter 101
~
အခန်း ၁၀၁ : ဒီဧကရီက ဒူးရင်းသီး မကြိုက်ဘူး..
~
ရှဲးးးး..
ရေချိုးပြီးနောက် လုံယွဲ့သည် ဆံပင်များကို တဘက်ဖြင့် သုတ်ကာ ညအိပ်ဝတ်စုံဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ အတိတ်ကာလ အင်မော်တယ်လောကတွင် ရှိစဉ်အခါကမူ သူမသည် ထူးခြားသောအကြောင်းပြချက်မရှိလျှင် ရေချိုးလေ့မရှိ။ တစ်ခါတစ်ရံတွင် နှစ်ပေါင်းတစ်ရာခန့်အထိ ရေမချိုးဘဲ နေတတ်သည်။ ဒဏ်ရာရသည့်အခါ၌ ဆေးဖက်ဝင်ရေချိုးရန် လိုအပ်သည့်အခါမျိုး သို့မဟုတ် သူမ တက်ရောက်ရမည့် ခမ်းနားသော ပွဲလမ်းသဘင်များရှိသည့် အခါမျိုးတွင်သာ ရေချိုးလေ့ရှိသည်။ ထိုအကြောင်းများမှလွဲလျှင် ရေချိုးခြင်းအတွက် အချိန်မဖြုန်းပေ။
သို့သော်ငြား အိပ်စက်ခြင်းကဲ့သို့ပင် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ရေချိုးခြင်းမှာ သူမအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ရေပန်းအောက်တွင်ရပ်ကာ ရေနွေးနွေးဖြင့် ဆေးကြောလိုက်တိုင်း တစ်နေ့တာလုံး၏ ပင်ပန်းနွမ်းနယ်မှုများမှာ ရေနှင့်အတူ မျောပါသွားသကဲ့သို့ ခံစားရပြီး လန်းလန်းဆန်းဆန်းဖြစ်သွားလေသည်။
သူမ ဧည့်ခန်းထဲသို့ ဝင်လိုက်ချိန်တွင် ထူးဆန်းပြီး စူးရှသော အနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် သူမ မျက်မှောင်ကြုတ်ကာ နှာခေါင်းကို အုပ်လိုက်မိသည်။
"နတ်ဆိုးအရှင်... နင် တစ်ခုခု ထူးဆန်းတဲ့အနံ့ ရလား.."
"ဟီးဟီး... အဲဒါ ဒူးရင်းသီးနံ့ပါ.."
လင်းဖန်သည် ဧည့်ခန်းတွင်ထိုင်ကာ ဓားဖြင့် ဒူးရင်းသီးကို အပေါက်ငယ်လေးတစ်ခုဖြစ်အောင် လှီးဖြတ်ပြီးနောက် လက်ဖြင့် ဆွဲဖြဲကာ အထဲမှ အမြွှာတစ်ခုကို သူမ ထံသို့ ကမ်းပေးလိုက်သည်။
"မင်း ထွက်လာတာ အချိန်ကိုက်ပဲ..ငါမှာထားတဲ့ ဒူးရင်းသီး ရောက်လာပြီ..မြည်းကြည့်ဦး.."
"ဒူးရင်းသီး ဟုတ်လား..ဒါက ဘယ်လိုထူးဆန်းတဲ့အရာလဲ.. ဘာလို့ ဒီလောက် အနံ့နံနေရတာလဲ.."
လုံယွဲ့သည် အနားသို့တိုးကာ သူမ၏ နှာခေါင်းလေးဖြင့် ရှုံ့ပွရှုံ့ပွ နမ်းကြည့်လိုက်ပြီးနောက် ရွံရှာသော အမူအရာဖြင့် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ ဤအနံ့မှာ ပစ်ထားတာ ကြာပြီဖြစ်သော ကြက်ဥပုပ် အနံ့ကဲ့သို့ပင် စိတ်ပျက်စရာ ကောင်းလှသည်။ ဤသည်က အမှန်တကယ်ပင် စားစရာမှ ဟုတ်၏လော။
"နတ်ဆိုးအရှင်... နင် ငါ့ကို စားခိုင်းဖို့ တစ်ခုခု ထူးထူးဆန်းဆန်းတွေ ထည့်ထားတာတော့ မဟုတ်ပါဘူးနော်.."
လုံယွဲ့က နှာခေါင်းကို ပိတ်ထားရင်း လင်းဖန်ကို သံသယဖြင့် မော့ကြည့်လိုက်သည်။
နတ်ဆိုးလောကတွင် ဥပုပ်အသီး ဟုခေါ်သော ဤကဲ့သို့ အနံ့မျိုးရှိသည့် အသီးတစ်မျိုးရှိပြီး အင်းဆက်များနှင့် သားရဲများကို မောင်းထုတ်ရန် အသုံးပြုကြသည်။ ထိုအသီးမှာ အညစ်အကြေးကျင်းများထဲတွင်သာ ပေါက်ရောက်ပြီး အာဟာရကို စုပ်ယူကာ အသီးသီးတတ်သည်။ အသီးက ကျင်းထဲမှ အနံ့ဆိုးများကို စုပ်ယူထားပြီး လေထုကို သန့်စင်ပေး၏။ အသီးကို ခွဲလိုက်သည်နှင့် သိုလှောင်ထားသော အနံ့ဆိုးများ ထွက်ပေါ်လာကာ မိုင်တစ်ရာအတွင်းရှိ အင်းဆက်နှင့် သားရဲများကို ထွက်ပြေးစေတတ်သည်။ ယခု သူမရှေ့ရှိ အဝါရောင် အမြွှာကြီးမှာလည်း ထိုအသီးနှင့် တူနေသည်ဟု သူမ ခံစားနေရသည်။
"ဒါကို ဒူးရင်းသီးလို့ ခေါ်တယ်လေ..အသီးတစ်မျိုးပါပဲ.. အနံ့က ဒီလိုပဲ ရှိတတ်တာ..ငါ ဘာမှ ထူးထူးဆန်းဆန်းတွေ ထည့်မထားပါဘူး.."
လင်းဖန်က ရိုးသားစွာ ရှင်းပြလိုက်သော်လည်း လုံယွဲ့ကမူ သံသယ မကင်းသေးချေ။
"ဒါထဲမှာ... အညစ်အကြေးတွေ ဘာတွေ မပါတာ သေချာရဲ့လား.."
လင်းဖန်မှာ ဆွံ့အနေချေပြီ။ သူသည် ဒူးရင်းသီးတစ်မြွှာကို ယူကာ သူမ၏ ရှေ့မှာပင် အရသာရှိရှိ စားပြလိုက်သည်။
"တွေ့တယ်မဟုတ်လား..ဒီထဲမှာ အညစ်အကြေးတွေ ပါနေရင် ငါက စားပါ့မလား.."
"အဲဒါကတော့ ပြောရခက်တယ်လေ.."
လုံယွဲ့က စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး...
"နတ်ဆိုးအရှင်က ထူးဆန်းတဲ့ အစားအသောက် အကြိုက်မျိုး ရှိနေမလားဆိုတာ ဘယ်သူသိမှာလဲ.."
လင်းဖန်... "..."
" ဧကရီ.. ဒီစကားမျိုး အပြင်မှာ ပြောရင် အန္တရာယ် ရှိနိုင်တယ်နော်.."
လင်းဖန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး မကျေမနပ် ပြောလိုက်သည် ။ သူ နတ်ဆိုးအရှင် ဖြစ်သည်ကို ထားဦး၊ သာမန်လူတစ်ယောက်ပင်လျှင် မိမိစားမည့်အထဲမှာ အညစ်အကြေး ထည့်စားမည်မဟုတ်ပေ။
"မြည်းကြည့်ရုံပဲ မြည်းကြည့်ပါ..အနံ့ကတော့ သိပ်မကောင်းပေမဲ့ အရသာက တကယ်ကို ကောင်းတယ်.. ဒီကမ္ဘာမှာ ဒူးရင်းသီးက အရမ်း လူကြိုက်များတဲ့ အသီးတစ်မျိုးပဲ..အသီးဘုရင်လို့လဲခေါ်တယ်.. အထူးသဖြင့် မိန်းကလေးတွေ ကပိုကြိုက်ကြတယ်.. ဒီ မူဆန်ကင်း ဒူးရင်းသီး တစ်လုံးတည်းတင် ယွမ်ငါးရာကျော် ပေးရတာနော်.."
ထိုသို့ပြောရင်း လင်းဖန်က ဒူးရင်းသီး နောက်တစ်မြွှာကို လုံယွဲ့ထံ ကမ်းပေးလိုက်သည်။ ငွေအနည်းငယ် ရရှိလာပြီဖြစ်သဖြင့် လူနေမှုဘဝကို မြှင့်တင်ရန် သူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသောငွေများကို ဘဏ်ထဲတွင် အပ်နှံပြီးနောက် ဈေးကြီးသော အသီးအနှံများကို မှာယူခဲ့ရာ ဤမူဆန်ကင်း ဒူးရင်းသီးမှာလည်း တစ်ခုအပါအဝင်ပင် ။
"ဒီအနံ့နံတဲ့အသီးက ငါးရာကျော်တောင် ပေးရတယ်.. ဟုတ်လား.."
လုံယွဲ့သည် ဈေးနှုန်းကြောင့် လန့်သွားသည်။ ပုံမှန်ဆိုလျှင် သူမသည် လှီးဖြတ်ပြီးသား အသီးအနှံတစ်ဘူးကို ယွမ်နှစ်ဆယ်ခန့်ဖြင့် ဝယ်ယူနိုင်သော်လည်း ဤအပုပ်နံ့ နံနေသောအသီးမှာ ငါးရာကျော် ပေးရသည်ဆိုသဖြင့် အသီးတစ်လုံးအတွက် များလွန်းလှသည်။ ခဏတာ တွန့်ဆုတ်နေပြီးမှ လုံယွဲ့သည် ဒူးရင်းသီးအမြွှာကို လက်ဖျားလေးဖြင့် ကိုင်ကာ လင်းဖန်၏ လက်ထဲမှ ယူလိုက်သည်။ သူမ မစားချင်သော်လည်း ဈေးကြီးလွန်းခြင်းနှင့် နတ်ဆိုးအရှင်က အရသာရှိသည်ဟု ပြောနေခြင်းကြောင့် မြည်းကြည့်ရန် ဆုံးဖြတ်လိုက်လေတော့၏။
လုံယွဲ့သည် ဒူးရင်းသီးကို ပါးစပ်နားသို့ အကြိမ်ကြိမ် ယူသွားသော်လည်း မျက်မှောင်ကြီး ကြုတ်ထားဆဲဖြစ်သည်။ အနားသို့ ရောက်လာလေ အနံ့က ပိုစူးလာလေ ဖြစ်သဖြင့် သူမ စိတ်ထဲတွင် ရွံရှာနေမိသည်။ လင်းဖန်၏ အားပေးသောအကြည့်ကြောင့် သူမ သတ္တိမွေးကာ ဒူးရင်းသီးကို ပါးစပ်ထဲသို့ တစ်ခါတည်း ထည့်လိုက်သည်။ ဒူးရင်းသီး ပါးစပ်ထဲ ရောက်သည်နှင့် သူမ ပျို့တက်လာသဖြင့် ပါးစပ်ကို အမြန်ပိတ်ကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်။
အော့...
လင်းဖန်မှာ ကြောင်စီစီဖြင့် ကျန်ခဲ့သည်။ ရေချိုးခန်းထဲမှ အန်ထုတ်သံများကို ကြားလိုက်ရသဖြင့် လင်းဖန်သည် သူ၏လက်ထဲရှိ ကျန်နေသော ဒူးရင်းသီးကို နားမလည်စွာ ကြည့်နေမိသည်။
' တကယ်ပဲ ဒီလောက်တောင် ဆိုးလို့လား.. ငါစားတာကတော့ အရသာရှိပါတယ်.. ဧကရီရဲ့ တုန့်ပြန်မှုက ဘာလို့ ဒီလောက်အထိ ပြင်းထန်နေတာလဲ..'
"နတ်ဆိုးအရှင်... နင် ငါ့ကို လိမ်တာပဲ.. ဒါ လုံးဝ အရသာမရှိဘူး.."
ဒူးရင်းသီးများကို အန်ထုတ်ပြီးနောက် လုံယွဲ့သည် ပါးစပ်ကို သုတ်ကာ မကျေမနပ်ဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ဒူးရင်းသီး ပါးစပ်ထဲ ရောက်သွားချိန်တွင် ထိုအနံ့ဆိုးမှာ ပါးစပ်အတွင်း ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားရပြီး ခါးသက်သက် အရသာမျိုးလည်း ပါဝင်နေသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက ထိုအရာကို ငြင်းဆန်နေသဖြင့် မျိုချရန် မည်သို့မျှ မဖြစ်နိုင်ချေ။ လူတွေ ဘာကြောင့် ဒီအရာကို ကြိုက်နေကြသည်ကို သူမ လုံးဝ နားမလည်နိုင်။ ဈေးကလည်း ကြီးလိုက်သေး၏။
"ငါ မလိမ်ပါဘူး.. မင်းက ဒူးရင်းသီးနဲ့ မတည့်တဲ့လူမျိုး ဖြစ်နေလို့ပါ.."
လင်းဖန်က ရှင်းပြသည်။
ဤကမ္ဘာတွင် ဒူးရင်းသီးကို အလွန်ကြိုက်သောလူနှင့် အနံ့ကိုပင် မခံနိုင်သောလူ ဟူ၍ နှစ်မျိုးသာ ရှိသည်။ ကြိုက်သောလူများမှာ နေ့တိုင်း စားချင်နေကြသော်လည်း မကြိုက်သောလူများမှာမူ အနံ့ရသည်နှင့်ပင် စိတ်မသက်မသာ ဖြစ်တတ်ကြသည်။ ဧကရီမှာ ဒုတိယလူစားမျိုး ဖြစ်နေသည်မှာ သိသာလှပေသည်။
"နောက်တစ်ခါ ထပ်စမ်းကြည့်မလား..အကြိမ်နည်းနည်းလောက် စားကြည့်ရင် ဒူးရင်းသီးရဲ့ အရသာကို တွေ့သွားမှာပါ.."
လင်းဖန်က ဒူးရင်းသီး နောက်တစ်မြွှာကို ထပ်ကမ်းပေးလိုက်သည်။
"မစားပါဘူး.. အဲ့ဟာကြီးကို ငါ့နားကနေ အမြန် ဖယ်ပေးစမ်းပါ.."
လုံယွဲ့က နှာခေါင်းကို လက်နှင့်အုပ်ကာ အိပ်ခန်းထဲသို့ အမြန်ပြေးဝင်ပြီး တံခါးကို ဝုန်းကနဲ ပိတ်လိုက်တော့သည်။ ဤမျှအထိ အစားအသောက်တစ်ခုကို ရွံရှာသည်ကို လင်းဖန် ဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူမ ဤအနံ့ကို လုံးဝမကြိုက်သည်မှာ သေချာပေသည်။
စားပွဲပေါ်ရှိ ကျန်နေသော ဒူးရင်းသီး လေးမြွှာကို ကြည့်ကာ လင်းဖန်မှာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ လုံယွဲ့ကလည်း တခြားအမျိုးသမီးတွေလို ဒူးရင်းသီး ကြိုက်လိမ့်မည်ဟု ထင်မှတ်ကာ သုံးကီလိုနီးပါးရှိသော အသီးကြီးကို ဝယ်ခဲ့မိခြင်းဖြစ်သည်။ ယခုမူ သူမက တစ်ကိုက်တည်းနှင့် ရပ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ဤဒူးရင်းသီးများကို သူ တစ်ယောက်တည်းသာ ဖြည်းဖြည်းချင်း ကုန်အောင် စားရတော့မည်။
လင်းဖန် ဒူးရင်းသီးများကို တစ်မြွှာချင်း စားနေစဉ် အခန်းထဲမှ လုံယွဲ့၏ အသံ ထွက်ပေါ်လာသည်။
"နတ်ဆိုးအရှင်... စားပြီးရင် သွားတိုက်ဖို့ မမေ့နဲ့ဦးနော်.. အဲဒီအနံ့ကြီးနဲ့ အိပ်ရာပေါ်ကို တက်မလာနဲ့.."
လင်းဖန်သည် ပိတ်ထားသော တံခါးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
'နေပါဦး... ဒါက ငါ့အိမ် မဟုတ်ဘူးလား.. ဧကရီက ဘာလို့ ဒီလောက်အထိ အာဏာသိမ်းထားရတာတုန်း.. ဟူးး..ကျန်တာလေး ကုန်အောင်ဆက်စားတာပဲ ကောင်းပါတယ်.. ‘
Chapter 102
~
အခန်း ၁၀၂ : ဧကရီ အလုပ်မလုပ်ချင်တော့ဘူး..
~
"နတ်ဆိုးအရှင်... ဒီကမ္ဘာမှာ ဘာမှပင်ပန်းခံစရာမလိုဘဲ ပိုက်ဆံတွေ အဆက်မပြတ် တိုးနေအောင် လုပ်လို့ရတဲ့ နည်းလမ်းမျိုး ရှိလား.."
ညဘက်တွင် လိုက်ဖ်လွှင့်ခြင်း အလုပ်ပြီးဆုံးသွားပြီးနောက် လုံယွဲ့သည် ကုလားထိုင်ပေါ်တွင် မှီချလိုက်ပြီး မျက်နှာကြက်ကို ငေးကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။ လင်းဖန်က ယွမ်တစ်သန်းကို အလွယ်တကူ ရှာဖွေနိုင်သည်ကို မြင်တွေ့လိုက်ရကတည်းက သူမသည် နေ့တိုင်း ပင်ပန်းခံကာ လိုက်ဖ်လွှင့်နေရပြီး တစ်လမှ ယွမ်သောင်းဂဏန်းသာ ရရှိသည်မှာ နည်းလွန်းသည်ဟု ခံစားလာရသည်။ နတ်ဆိုးအရှင်၏ ရှာဖွေနိုင်စွမ်းနှင့် ယှဉ်လျှင် သူမ၏ ကြိုးစားမှုမှာ လုံးဝ မလုံလောက်သကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် လိုက်ဖ်လွှင့်နေစဉ်အတွင်း သူမ၏ ဦးနှောက်ထဲ၌ အတွေးသစ်တစ်ခု ပေါ်ပေါက်လာပြီး ဤမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။ နေ့တိုင်း အိပ်ရာပေါ်၌ လဲလျောင်းနေပြီး ဘာမှမလုပ်ဘဲ ဇာတ်လမ်းတွဲကြည့်လိုက်၊ ဂိမ်းဆော့လိုက်၊ အစားအသောက် မှာစားလိုက်နှင့် ဖုန်းထဲက ငွေစာရင်များ အလိုလို တိုးနေမည်ဆိုလျှင် အကောင်းဆုံး ဖြစ်ချေလိမ့်မည်။
လင်းဖန်က ထိုသို့ စိတ်ကူးယဉ်နေသော လုံယွဲ့ကို ကြည့်ကာ ဆွံ့အသွားသည်။ လိုက်ဖ်လွှင့်သည်က တစ်လကျော်ရုံသာ ရှိသေးသော်လည်း ဧကရီမှာ အလုပ်မလုပ်ဘဲ အေးဆေးနားချင်သည့် စိတ်ပေါက်နေပြီ ဖြစ်သည်။
"ဧကရီ... နည်းနည်းလောက် လက်တွေ့ကျစမ်းပါ.. ပိုက်ဆံရှာဖို့ ဖြတ်လမ်းတွေကိုပဲ တွေးမနေနဲ့.. ကိုယ့်အလုပ်ကို ကိုယ်မှန်မှန်ကန်ကန်လုပ်ပြီး ရိုးရိုးသားသား ရှာဖွေတာက အကောင်းဆုံးပဲ.."
သူ အဝတ်ရုတ်ရန် လသာဆောင်ဘက်သို့ ထွက်သွားလိုက်သည်။
လုံယွဲ့က နင်ကများ ဒီစကားကို ပြောရဲသေးတယ် ဟူသော အကြည့်မျိုးဖြင့် သူ့ကို မျက်စောင်းထိုးလိုက်၏။ သူကိုယ်တိုင်က တခြားလူကို လိမ်ညာပြီး တစ်သန်းရှာခဲ့ပြီးမှ သူမကိုကျတော့ ကြိုးကြိုးစားစားနှင့် ရှာပါဟု ပြောနေသည်မှာ အဓိပ္ပာယ်မရှိချေ။ သူမ စိတ်ထဲမှ ညည်းလိုက်သည် ။
' ကမ္ဘာပေါ်က ဘယ်သူမဆို ဒီစကားကို ပြောပိုင်ခွင့်ရှိပေမဲ့ နတ်ဆိုးအရှင်ဖြစ်တဲ့ နင်ကတော့ ပြောပိုင်ခွင့်မရှိဘူး..'
ဟူး...
လုံယွဲ့သည် သက်ပြင်းတစ်ချက်ချကာ ကုလားထိုင်ပေါ်တွင် ပျော့ခွေကျသွားပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သို့ရာတွင် နတ်ဆိုးအရှင် ပြောသည်မှာလည်း မှန်ပေသည်။ အကယ်၍ ထိုကဲ့သို့သော နည်းလမ်းသာ ကမ္ဘာပေါ်တွင် အမှန်တကယ်ရှိလျှင် မည်သူမျှ အလုပ်လုပ်ကြတော့မည် မဟုတ်ချေ။ သူမ၏ အတွေးမှာ လက်တွေ့မကျမှန်း သူမ သိလိုက်ရပြီ ဖြစ်သည်။
ထိုစဉ်မှာပင် လသာဆောင်မှ အဝတ်အထည်များ သိမ်းပြီး ပြန်ဝင်လာသော လင်းဖန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ငါ အခုမှ သတိရတယ်..နင်ပြောတဲ့ နည်းလမ်းမျိုးက တကယ်တော့ ရှိပုံရတယ်..'
"တကယ်လား... ဘာနည်းလမ်းလဲ.. "
လုံယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ကုလားထိုင်ပေါ်တွင် ဒူးထောက်ထိုင်ကာ သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
လင်းဖန်က အသာအယာ ပြုံးလိုက်ပြီး...
"ဘဏ်မှာ ပိုက်ဆံအပ်ထားလိုက်လေ.."
"ဘဏ်မှာ အပ်ထားရမယ် ဟုတ်လား .."
လုံယွဲ့က ဇဝေဇဝါဖြင့် မျက်တောင်ခတ်ရင်း မေးသည်။ လင်းဖန်သည် လက်ထဲက အဝတ်များကို ချလိုက်ပြီး သူ၏ ဖုန်းထဲမှ ဘဏ်အပ်ငွေဆိုင်ရာ စည်းကမ်းချက်များကို ဖွင့်ကာ သူမထံ ကမ်းပေးလိုက်သည်။
"ရော့... ဒါက ဘဏ်ရဲ့ အပ်ငွေစည်းကမ်းချက်တွေပဲ..ပိုက်ဆံကို ဘဏ်မှာ ကာလသတ်မှတ်ချက်နဲ့ အပ်ထားမယ်ဆိုရင် အထဲက ပိုက်ဆံတွေက နှစ်အလိုက် သတ်မှတ်ထားတဲ့ အတိုးနှုန်းအတိုင်း တိုးလာလိမ့်မယ်.."
"အင်း... "
လုံယွဲ့က နားမလည်တချက် လည်တချက်ဖြင့် နားထောင်နေပြီးမှ ဖုန်းမျက်နှာပြင်ကို လက်ညှိုးထိုးကာ..
" ဒါက ဘာအတိုးနှုန်းလဲ .."
"အဲဒါက တစ်နှစ်အတွင်း ရရှိမည့် အတိုးဝင်ငွေကို ပြောတာပါ.."
လင်းဖန်က ရှင်းပြသော်လည်း လုံယွဲ့က ဝေဝေဝါးဝါး ဖြစ်နေဆဲဖြစ်သဖြင့် သူက စက္ကူနှင့် ခဲတံကို ယူကာ လက်တွေ့ တွက်ပြလိုက်သည်။
"ဥပမာအားဖြင့် ဧကရီ... မင်းရဲ့ ဘဏ်ကတ်ထဲမှာ ယခု ယွမ်လေးသောင်း ရှိတယ် ဆိုပါစို့.. အဲဒီ လေးသောင်းလုံးကို ငါးနှစ်သက်တမ်း အပ်ငွေအဖြစ် အပ်နှံထားမယ်..တစ်နှစ်အတိုးနှုန်းက တစ်ဒသမသုံး ရာခိုင်နှုန်း ရှိမယ်ဆိုရင် ဒီလေးသောင်းကို တစ်ဒသမသုံး ရာခိုင်နှုန်းနဲ့ မြှောက်လိုက်ရင် တစ်နှစ်စာ အတိုးရမယ်.. အဲဒါကို ငါးနှစ်နဲ့ ထပ်မြှောက်လိုက်ရင် ငါးနှစ်အတွင်း တိုးလာမယ့် စုစုပေါင်းငွေကို ရလိမ့်မယ်.."
( ၄၀၀၀၀×၁.၃/၁၀၀= ၅၂၀....၅၂၀×၅= ၂၆၀၀)
"သြော်... ဂလိုလား .."
လုံယွဲ့သည် ကျောင်းသူလေးတစ်ဦးကဲ့သို့ စာရွက်ပေါ်မှ ကိန်းဂဏန်းများကို သေချာ စိုက်ကြည့်နေသည်။ သူမ နားလည်လာချိန်တွင် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူမ၏ ဖုန်းထဲက ဂဏန်းတွက်စက်ကို ဖွင့်ကာ တွက်ချက်လိုက်သည်။
"လေးသောင်းကို တစ်သမသုံး ရာခိုင်နှုန်းနဲ့ မြှောက်... ငါးနဲ့ ထပ်မြှောက်တော့... နှစ်ထောင့်ခြောက်ရာပဲ ရတာလား.. ငါးနှစ်တောင် အပ်ထားတာကို ဒီလောက်လေးပဲ တိုးတာလား .."
လုံယွဲ့က မယုံနိုင်အောင် ဖြစ်သွားရသည်။
ငါးနှစ်လုံး အပ်ထားမှ နှစ်ထောင့်ခြောက်ရာ တိုးသည်ဆိုလျှင် တစ်နှစ်မှ ငါးရာကျော်သာ ရရှိမည်ဖြစ်ပြီး တစ်ရက်လျှင် တစ်ယွမ်ခွဲပင် မပြည့်ချေ။ အစားအသောက် မှာစားဖို့ နေနေသာသာ နို့လက်ဖက်ရည် တစ်ခွက်ပင် ဝယ်မသောက်နိုင်။ ဒီနှုန်းနှင့်ဆိုလျှင် သူမအနေဖြင့် မည်သည့်အချိန်မှ ငွေကြေးလွတ်လပ်ခွင့် ရနိုင်မည်နည်း။ ဒီအရှိန်နှင့်ဆိုလျှင် သူမ ပြန်ရမည့်လမ်းကို ရှာတွေ့ချိန်တွင် ထိုပိုက်ဆံတွေက မှိုတက်နေလောက်ပြီ ဖြစ်သည်။
လင်းဖန်က ခေါင်းညိတ်ပြကာ...
" ပိုက်ဆံပိုအပ်လေ..အချိန်ပိုကြာလေ အတိုးက ပိုရလေပဲ .."
"ဒါဆိုရင် ငါ အပ်ထားတဲ့ ပိုက်ဆံကို လိုချင်တဲ့အချိန် ပြန်ထုတ်သုံးလို့ ရလား .."
လုံယွဲ့က သံသယဖြင့် မေးသည်။
"မရဘူး.. "
လင်းဖန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံယွဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ချလိုက်ပြီး ဆိုဖာပေါ်သို့ ပစ်လှဲလိုက်တော့သည်။
"ဒါဆိုရင် ဘာထူးမှာလဲ.. ငါက ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံရှာတယ်.. အပ်ထားတယ်.. ဒါပေမဲ့ သုံးလို့မရဘူး.. ပြီးတော့ တစ်နှစ်မှ နည်းနည်းလေးပဲ တိုးတယ် .."
သူမက ညည်းတွားလိုက်သည်။
"ဒါကတော့ ဖြစ်သင့်တာပေါ့.. ဘဏ်က ပရဟိတလုပ်ငန်းမှ မဟုတ်တာ.. အပ်ငွေကို နေ့တိုင်း နှစ်ဆတိုးပေးနေရင် အဲဒီဘဏ်က နောက်နေ့မှာပဲ ဒေဝါလီခံသွားရမှာပေါ့ .."
လင်းဖန်က ခေါင်းယမ်းပြီး ပြောလိုက်၏။
"တခြား အလားတူ နည်းလမ်းမျိုးရော ရှိသေးလား .."
လုံယွဲ့က ဆိုဖာပေါ်မှာ လှဲနေရင်း မျှော်လင့်ချက် မပျက်ဘဲ မေးလိုက်သည်။
"ရှိတာပေါ့.. "
လင်းဖန်သည် သူ၏ ဖုန်းထဲမှ အလီပေး နှင့် ဝီချက်ထဲက ငွေစုဆောင်းရေး အက်ပ်များကို ဖွင့်ပြလိုက်သည်။
"ဒီအက်ပ်တွေကလည်း ဘဏ်လိုပါပဲ..ပိုက်ဆံထည့်ထားရင် နေ့တိုင်း တိုးလာတာကို မြင်ရလိမ့်မယ်.. ဒါပေမဲ့ အတိုးနှုန်းကတော့ ဘဏ်အတိုးနှုန်းလောက်ပဲ ရှိမယ်..ကာလသတ်မှတ်ချက် အပ်ငွေထက်တောင် နည်းနိုင်သေးတယ်.. အားသာချက်ကတော့ ထည့်ထားတဲ့ ပိုက်ဆံကို လိုတဲ့အချိန် ထုတ်သုံးလို့ ရတာပဲ.. "
လုံယွဲ့ကလည်း သူမ၏ ဖုန်းထဲတွင် ထိုအက်ပ်များကို ဖွင့်ကာ အတိုးနှုန်းများကို သေချာကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ အထင်သေးသော အမူအရာ ဖြစ်သွားပြန်သည်။
"ငါ ယွမ်လေးသောင်း ထည့်ထားရင်တောင် တစ်ရက်မှ တစ်ယွမ်ကျော်ပဲ တိုးတာပဲ.. "
"ရတာလေးနဲ့ပဲ တင်းတိမ်ပါ ဧကရီ..ဘဏ်အပ်ငွေပဲဖြစ်ဖြစ်.. ဒီအက်ပ်တွေပဲဖြစ်ဖြစ် ဒါတွေက ပိုနေတဲ့ ပိုက်ဆံလေးတွေကနေ မုန့်ဖိုးလေးတွေ ရအောင် လုပ်တဲ့ နည်းလမ်းတွေပဲ.. အဲဒါကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ဖို့တော့ စောစောစီးစီး လက်လျှော့လိုက်တာ ကောင်းမယ်.. တကယ်လို့ နေ့တိုင်း ပိုက်ဆံတွေ အများကြီး တိုးလာတာကို မြင်ချင်တယ်ဆိုရင်တော့ ရှယ်ယာဈေးကွက်မှာ ကစားတာမျိုးပဲ ရှိလိမ့်မယ်.."
လင်းဖန်က အကြံပေးသည်။
"ရှယ်ယာဈေးကွက် ဆိုတာက ဘာလဲ .."
ကြားလိုက်ရသည်နှင့် လုံယွဲ့သည် စိတ်ဝင်တစားဖြင့် ချက်ချင်း ထထိုင်ကာ မေးမြန်းတော့သည်။
"အင်း... အဲဒါကို ဘယ်လိုရှင်းပြရမလဲ "
လင်းဖန်က ခဏ စဉ်းစားပြီးနောက် လွယ်ကူသော နည်းလမ်းဖြင့် ရှင်းပြလိုက်သည်။
"ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာဈေးနှုန်းက အတက်အကျ ရှိတတ်တယ်.. အဲဒီ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်လိုက်.. ပြန်ရောင်းလိုက်လုပ်ပြီး ဈေးနှုန်းကွာဟချက်ကနေ အမြတ်ထုတ်တာကို ရှယ်ယာကစားတယ်လို့ ခေါ်တာပဲ.. ဥပမာ မင်းက ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ယွမ်လေးသောင်းဖိုး ဝယ်လိုက်တယ်..နောက်နေ့မှာ အဲဒီရှယ်ယာဈေး တက်သွားရင် တိုးလာတဲ့ အစိတ်အပိုင်းက မင်းရဲ့ အမြတ်ပေါ့.. အဲဒီလိုပဲ ဈေးကျသွားရင်တော့ မင်း ပိုက်ဆံ ရှုံးမှာပဲ.. ရှယ်ယာဈေးကွက်ဆိုတာ နှစ်ဖက်သွားဓားလိုပဲ.. အရမ်း နက်နဲတယ်.. ကမ္ဘာပေါ်မှာ ရှယ်ယာကစားပြီး ပိုက်ဆံချမ်းသာတဲ့လူ သိပ်မရှိဘူး.. အဲဒီထဲကို မဆင်မခြင် မဝင်ပါနဲ့.. မဟုတ်ရင် ပြန်ထွက်ဖို့ ခက်လိမ့်မယ်.."
"ငါ အကြံပေးချင်တာကတော့ ဧကရီ... လက်တွေ့မကျတဲ့ အတွေးတွေကို လက်လျှော့ပြီး လိုက်ဖ်လွှင့်တဲ့ အလုပ်ကိုပဲ အာရုံစိုက်ပါ.. မင်းရဲ့ လိုက်ဖ်မှာ ကြည့်တဲ့လူတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာနေတာပဲ မဟုတ်လား.. မကြာခင်မှာ တစ်လကို ယွမ်သိန်းဂဏန်းအထိ ရှာနိုင်လာမှာပါ .."
ပြောဆိုကာ လင်းဖန်သည် သူ၏ အဝတ်များကို ယူပြီး ရေချိုးခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
ပြောသူက သတိလက်လွတ် ပြောခဲ့သော်လည်း နားထောင်သူကမူ အလေးအနက် မှတ်သားထားလိုက်လေပြီ ။ လုံယွဲ့သည် အတွေးထဲတွင် နစ်မျောနေပြီး သူမ၏ ဖုန်းကို ဖွင့်ကာ ရှယ်ယာဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေကြည့်နေမိသည်။ ရှယ်ယာကစားခြင်းက ကြည့်ရသလောက် သိပ်မခက်ခဲလှ။ တခြားလူတွေပင် ပိုက်ဆံရှာနိုင်သေးလျှင် သူမကဲ့သို့သော ဧကရီအဆင့် ဉာဏ်ပညာကြီးမားသူအတွက်ဆိုလျှင် ပို၍ပင် လွယ်ကူနေပေဦးမည်။