← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

Chapter 103

~

အခန်း ၁၀၃ : ဧကရီ၏ တိတ်တဆိတ် ရှယ်ယာကစားခြင်း...

~

မကြာသေးမီက လင်းဖန်သည် ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို သတိပြုမိလာသည်။

အရင်ကဆိုလျှင် လိုက်ဖ်လွှင့်ချိန်ပြီးသည်နှင့် လုံယွဲ့သည် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ချက်ချင်းရပ်နားလေ့ရှိပြီး စာဖတ်ခြင်း သို့မဟုတ် ဇာတ်လမ်းတွဲများနှင့် အန်နီမေးများကို အားပါးတရ ကြည့်ရှုလေ့ရှိသည်။ သို့သော် နောက်ပိုင်းတွင် သူမသည် လိုက်ဖ်လွှင့်ပြီးသည်နှင့် ဖုန်းကိုကိုင်ကာ တစ်နေကုန် ပြုံးစိစိလုပ်နေတတ်ပြီး "တက်လာပြီ.. တက်လာပြန်ပြီ" ဟု တိုးတိုးလေး ရေရွတ်နေတတ်သည်။ ကြည့်ရသည်မှာ ဇာတ်လမ်းကြည့်နေပုံမျိုးလည်း မဟုတ်ပေ။

ဘာတွေကြည့်ပြီး ဒီလောက်ပျော်နေတာလဲဟု သူက စူးစမ်းစွာ မေးမြန်းဖူးသော်လည်း သူမကမူ လျှို့ဝှက်ချက်ဖြစ်ကြောင်းနှင့် နောက်မှ သိရလိမ့်မည်ဖြစ်ကြောင်း အဓိပ္ပာယ်ပါပါ ပြုံးလျက်သာ ပြောဆိုခဲ့သည်။ လင်းဖန်အနေဖြင့် ဇဝေဇဝါဖြစ်မိသော်လည်း သူမ ပျော်နေလျှင် ရပြီဟုမှတ်ယူကာ ဆက်မမေးတော့ပေ။

ထိုသို့နှင့် ယနေ့သို့ ရောက်ရှိလာခဲ့သည်။

နေ့လယ်စာစားချိန် ရောက်သော်လည်း လုံယွဲ့သည် ကွန်ပျူတာစားပွဲရှေ့တွင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေပြီး သူမ၏ အကြည့်များမှာ ဖုန်းမျက်နှာပြင်ပေါ်၌သာ စွဲရမြဲနေပေသည်။ သူမသည် ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး မျက်နှာတစ်ခုလုံးတွင်လည်း မျှော်လင့်ချက်ကင်းမဲ့နေသော အမူအရာများ ဖုံးလွှမ်းနေသည်။

"ဧကရီ... ထမင်းစားရအောင်.."

လင်းဖန်က ဟင်းပွဲများကို စားပွဲပေါ်တင်ရင်း လှမ်းခေါ်လိုက်သည်။

သို့သော် သူမသည် မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ ဖုန်းမျက်နှာပြင်ကိုသာ ငေးကြည့်နေဆဲပင်။ ပုံမှန်ဆိုလျှင် စားချိန်သောက်ချိန်၌ အလွန်တက်ကြွသော သူမက ယနေ့တွင် ဘာကြောင့် ဘာမှမတုံ့ပြန်ရသနည်း။ လင်းဖန်သည် ထူးဆန်းသည်ဟု ခံစားရသဖြင့် သူမအနားသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

"ဧကရီ.."

"ဘာလို့ ဆက်တိုက် ကျနေတာလဲ... ဘာလို့ ပြန်မတက်လာသေးတာလဲ... အောက်ဆုံးအထိ မရောက်သေးဘူးလား.."

လုံယွဲ့သည် လင်းဖန်ကို ဂရုမစိုက်နိုင်ဘဲ မျက်နှာတစ်ခုလုံး ပြာနှမ်းလျက် နားမလည်နိုင်သော စကားများကိုသာ တတွတ်တွတ် ရေရွတ်နေတော့သည်။

"ဘာတွေ ကျနေတာလဲ.."

လင်းဖန်သည် သူမ၏ နောက်ကျောဘက်မှနေ၍ စူးစမ်းစွာ ငုံ့ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်ရှိ ရှယ်ယာဈေးကွက်ဆိုင်ရာ အချက်အလက်များကို မြင်တွေ့လိုက်ရသည်။ သူမ ဝယ်ထားသော ရှယ်ယာမှာ အစိမ်းရောင်တောက်နေပြီး ရိုလာကိုစတာ ရထားကြီး အရှိန်နှင့် ဆင်းနေသကဲ့သို့ အောက်သို့ ထိုးဆင်းနေပေသည်။

( တရုတ်မှာက စျေးကျတာကို အစိမ်းရောင်နဲ့ ပြတာ..)

"ဧကရီ... မင်း တကယ်ပဲ ရှယ်ယာဈေးကွက်ထဲ ဝင်ကစားနေတာလား.."

လင်းဖန်က အံ့ဩတကြီး မေးလိုက်သည်။

"အင်း..."

လုံယွဲ့က ခေါင်းလေးကို အသာအယာ ညိတ်ပြသည်။

ရှယ်ယာကစားခြင်းဖြင့် ငွေရှာနိုင်သည်ဟု ကြားခဲ့ရသည့်နေ့မှစ၍ သူမသည် အင်တာနက်တွင် အချက်အလက်များ ရှာဖွေခဲ့သည်။ လေ့လာနေရင်းနှင့် ရှယ်ယာကစားရာမှ ပိုက်ဆံတွေ အမြောက်အမြားရရှိပုံကို ဝေမျှထားသည့် ဗီဒီယိုအတိုလေးတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုဗီဒီယိုထဲတွင် လူတစ်ယောက်သည် ဘာမှမရှိရာမှ နှစ်နှစ်အတွင်း ရှယ်ယာကစားပြီး သူဌေးဖြစ်သွားပုံကို ဆွဲဆောင်မှုရှိရှိ ပြောဆိုထားသည်။ ထိုစကားများမှာ သူမ၏ ရင်ထဲတွင် မျိုးစေ့တစ်ခု ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

သူမ ရှယ်ယာအကြောင်း ပိုမိုလေ့လာလေ ဤအရာမှာ ပိုက်ဆံကနေ ပိုက်ဆံကို တကယ်ပဲ ဖန်တီးပေးနိုင်သည်ကို တွေ့ရှိပြီး အံ့အားသင့်သွားသည်။ ရင်းနှီးမြှုပ်နှံမှု များလေလေ၊ ရှယ်ယာပိုင်ဆိုင်မှု များလေလေ၊ ရှယ်ယာဈေးတက်သည့်အခါ ပို၍ အမြတ်ရလေလေ ဖြစ်သည်။ ထိုအချိန်တွင် မမြင်ရသော အင်အားတစ်ခုက သူမကို အတွင်းစိတ်မှနေ၍ တွန်းအားပေးနေတော့သည်။

ထိုသို့ဖြင့် သူမသည် လင်းဖန်မသိအောင် တိတ်တဆိတ် ရှယ်ယာလောကသို့ ခြေစုံပစ်ဝင်ခဲ့ပြီး ဗီဒီယိုထဲကလူ ပြောသည့်အတိုင်း ရှယ်ယာများ ဝယ်ယူကာ အဖွဲ့ဝင်ချက်တင်ဂရုထဲသို့လည်း ဝင်ခဲ့သည်။ အစပိုင်းတွင် ရှယ်ယာဈေးမှာ ရက်အတော်ကြာ တက်နေခဲ့သည်။ သူမသည် နေ့တိုင်း ဘာမှလုပ်စရာမလိုဘဲ ရှယ်ယာဈေးကို ကြည့်နေရုံနှင့် ပိုက်ဆံတွေ တိုးနေသကဲ့သို့ ခံစားခဲ့ရသည်။ တစ်ယွမ်မှ နှစ်ယွမ်၊ နှစ်ယွမ်မှ လေးယွမ် ဖြစ်လာသည်ကို မြင်တွေ့ရသောအခါ အလွယ်တကူ ငွေရရှိသည့် ထိုသာယာမှုကို စွဲလမ်းသွားပြီး လိုက်ဖ်လွှင့်ခြင်းကိုပင် လက်လျှော့ကာ ရှယ်ယာကိုသာ အချိန်ပြည့် ကစားရန် ဆုံးဖြတ်ခဲ့မိသည်။

သို့သော် မနေ့ကစ၍ သူမ၏ ရှယ်ယာမှာ ရုတ်တရက် ကျဆင်းလာခဲ့ပြီး လူတွေကလည်း ဆက်တိုက် ပြန်ရောင်းနေကြသည်။ ဂရုထဲကလူများကမူ အစပိုင်းတွင် "မစိုးရိမ်နဲ့... ဒါက နည်းပညာပိုင်းအရ ခဏပြင်ဆင်တာပဲ... အားလုံး အဆင်ပြေသွားလိမ့်မယ်" ဟု အားပေးခဲ့ကြသည်။ နောက်ပိုင်းတွင် အောက်ဆုံးအထိ ရောက်တော့မည်ဖြစ်၍ ရှယ်ယာတွေကို အမြန်ထပ်ဝယ်ကြရန်နှင့် မကြာခင် ပြန်တက်လာပြီး အားလုံး အတူတူ ချမ်းသာကြမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ သို့သော် ယနေ့ ဈေးကွက်ဖွင့်ချိန်တွင်မူ ရှယ်ယာမှာ အစိမ်းရောင်များ ဖုံးလွှမ်းနေဆဲဖြစ်ပြီး ပြန်တက်မည့် အရိပ်အယောင်ပင် မတွေ့ရတော့ပါချေ။

"ဧကရီ... မင်း ဘာလို့ တကယ်ကြီး ရှယ်ယာထဲ ဝင်ကစားလိုက်ရတာလဲ.."

လင်းဖန်က သက်ပြင်းချကာ မေးသည်။ သူ အကြိမ်ကြိမ် သတိပေးခဲ့ပါလျက်နှင့် သူမက သူ့ကွယ်ရာတွင် တိတ်တဆိတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ဒီဧကရီက ပိုက်ဆံရှာဖို့ တကယ်ကောင်းတဲ့ နည်းလမ်းလို့ ထင်ခဲ့လို့ပါ.."

လုံယွဲ့က ဝမ်းနည်းပက်လက်ဖြင့် ပြန်ပြောသည်။

တစ်ဖက်တွင်လည်း သူမသည် သူမ၏ ဉာဏ်ရည်ကို အလွန်အမင်း ယုံကြည်မိခဲ့ပြီး ကုမ္ပဏီတစ်ခု၏ ရှယ်ယာမှာ ဘာကြောင့် ဤမျှအထိ တောက်လျှောက် ကျဆင်းနေနိုင်သည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေမိပေသည်။

"ထားလိုက်ပါတော့... ရှယ်ယာဈေးကွက်မှာ ရှုံးတယ်ဆိုတာ ပုံမှန်ပါပဲ.. ရင်းနှီးမြှုပ်နှံသူ အများစုက ရှုံးနေကြတာပဲမို့လို့ စိတ်မပူပါနဲ့.. အခု ရသလောက်နဲ့ပဲ ပြန်ရောင်းလိုက်ပြီး အဆုံးရှုံးနည်းအောင် လုပ်တာက အကောင်းဆုံးပဲ.."

လင်းဖန်က လေးလေးနက်နက် အကြံပေးလိုက်သည်။

လုံယွဲ့က နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားပြီး မျက်ရည်များ ဝဲတက်လာလေ၏။

"နောက်ကျသွားပြီ..."

"နောက်ကျသွားပြီ ဟုတ်လား... ဧကရီ... မင်း ဘယ်လောက်တောင် ရင်းနှီးထားလို့လဲ.."

လုံယွဲ့ ငိုတော့မည့်အမူအရာဖြင့် အလွန်အမင်း ဝမ်းနည်းနေသည်ကို မြင်လိုက်ရသောအခါ လင်းဖန်သည် စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ လုံယွဲ့သည် လင်းဖန်ကို မော့ကြည့်လိုက်သော်လည်း စကားပြောရန် တွန့်ဆုတ်နေပြီး ပါးစပ်ဟရန်ပင် ခက်ခဲနေဟန်ရှိသည်။

"ယွမ်တစ်သောင်းလား.."

လင်းဖန်က ခန့်မှန်းလိုက်သည်။ လုံယွဲ့က ဘာမှမပြောသော်လည်း သူမ၏ ဝမ်းနည်းနေသော မျက်နှာမှာ ပို၍ပင် ညှိုးငယ်သွားသည်။ ရင်းနှီးမြှုပ်နှံလိုက်သော ပမာဏမှာ ထိုထက် အဆပေါင်းများစွာ ပိုနေသည်မှာ သိသာလှပေ၏။

"ဧကရီ... မင်း ဒီလ ရထားတဲ့ ယွမ်လေးသောင်းလုံးကို ရင်းနှီးလိုက်တာတော့ မဟုတ်ဘူး မလား.."

လင်းဖန်က မယုံနိုင်စွာ မေးလိုက်သည်။

"အင်း..."

လုံယွဲ့က အပြစ်ရှိသကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

အမှန်စင်စစ် အစပိုင်းတွင် သူမသည် အခြေအနေကို စမ်းသပ်ရန် ယွမ်ငါးထောင်သာ ရင်းနှီးခဲ့ခြင်းဖြစ်သည်။ ရှယ်ယာဈေး တောက်လျှောက်တက်နေပြီး ဘာမှမလုပ်ဘဲ ပိုက်ဆံရနေသည်ကို မြင်သောအခါ သူမ မအောင့်နိုင်တော့ဘဲ ယွမ်နှစ်သောင်း ထပ်မံ ရင်းနှီးခဲ့ပြန်သည်။ ရှယ်ယာဈေး ကျဆင်းလာချိန်တွင် တစ်ခုခု မှားနေပြီဟု သူမ ရိပ်မိခဲ့သော်လည်း ထိုအချိန်တွင် အရှုံးမှာ များနေပြီဖြစ်သဖြင့် ပြန်ရောင်းရန် သူမ နှမြောနေမိသည်။ ထို့ကြောင့် တခြားလူများကဲ့သို့ပင် နောက်ဆုံးလက်ကျန် ယွမ်နှစ်သောင်းကိုပါ ထပ်မံရင်းနှီးပြီး အခြေအနေကို ပြန်လှည့်နိုင်ရန် လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ၏ ယွမ်လေးသောင်းမှာ ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ မည်သည့်ဂယက်မျှ မထွက်ပေါ်စေခဲ့ပါချေ။ ထိုသို့ဖြင့် တစ်လလုံး ပင်ပင်ပန်းပန်း ရှာဖွေထားသမျှ စုငွေများမှာ တစ်ညတည်းနှင့် ပျောက်ကွယ်သွားခဲ့ရသည်။ သူမသည် ထိုဂရုထဲကလူများကို ပြန်သွားမေးရန် ကြိုးစားသော်လည်း သူမကို အဖွဲ့ထဲမှ ထုတ်ပစ်လိုက်သည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်ရ၏။

ထိုအချိန်တွင်မှ သူမသည် လှည့်စားခံလိုက်ရသည်ကို သိရှိသွားပြီး ထိုနောက်ကွယ်က ကြိုးကိုင်သူများကို အင်တာနက်ကြိုးမှတစ်ဆင့် လိုက်ရှာကာ ဝိညာဉ်ကို ဆွဲထုတ်ပစ်ချင်စိတ် ပေါက်သွားခဲ့ပေသည်။ တစ်လလုံး ကြိုးစားခဲ့သမျှ အချည်းနှီးဖြစ်သွားသည်ကို တွေးမိရင်း လုံယွဲ့ ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။ သူမ တကယ်ကို နောင်တရနေမိသည်။ သူမ၏ ပိုက်ဆံတွေကိုသာ ပြန်ပေးမည်ဆိုလျှင် သူမ နောက်တစ်ခါ ကစားတော့မည် မဟုတ်ပေ။

"ကဲ... ထားလိုက်ပါတော့.. ယွမ်သောင်းဂဏန်းလေးပဲဟာကို သိပ်စိတ်မပူပါနဲ့..ဘဝကတော့ ဆက်သွားရဦးမှာပဲ

.."

လင်းဖန်က သက်ပြင်းချကာ သူမ၏ ပခုံးကို အသာအယာ ပုတ်လိုက်သည်။

ထိုသို့ပြောလိုက်သည်နှင့် လုံယွဲ့သည် ဝါးကနဲ အော်ငိုချလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေတော့သည်။

"ယွမ်သောင်းဂဏန်းလေးပဲ ဟုတ်လား... အဲဒါ ဒီဧကရီရဲ့ စုငွေအားလုံးပဲ... အားလုံးပဲလေ... အခုတော့ ဒီဧကရီမှာ ဘာမှမကျန်တော့ဘူး.."

ထိုသို့ပြောပြီးနောက် လုံယွဲ့သည် ရုတ်တရက် ငိုသံတိတ်သွားကာ မျက်လုံးများမှာ ဗလာဖြစ်သွားပြီး သူမ၏ အမူအရာမှာလည်း ထုံထိုင်းသွားသည်။ သူမသည် တရားရသွားသူတစ်ဦးကဲ့သို့ ရေရွတ်လိုက်သည်။

"ဒီဧကရီ ရုတ်တရက် ခံစားလိုက်ရတယ်... ဒီလောက ဒီသံသရာကြီးက ဒီလိုပါပဲလား... ဘာမှ တွယ်တာစရာ မရှိတော့ပါဘူး..သာမန်လူသား ခန္ဓာကိုယ်ဆိုတာ တစ်နေ့တော့ အို.. နာ..သေကြရမှာပဲ... မြေမှုန့်ဖြစ်ပြီး ကောင်းကင်ဘုံကို ပြန်ကြရမှာပဲ... စောစောနဲ့ နောက်ကျတာပဲ ကွာမှာပါ.. အဲဒီအချိန်ကျရင် အရာအားလုံးက ဘာမှမဟုတ်တော့ပါဘူး.."

လင်းဖန်..."..."

"ဟေ့... ဟေ့... ဧကရီ... ရှယ်ယာရှုံးတာလေးနဲ့ သေဖို့အထိတော့ မတွေးလိုက်နဲ့ဦးလေ.."

ထိုအချိန်တွင် လင်းဖန်သည် အင်မော်တယ်လောက၏ ဧကရီအရှင်မမှာ စိတ်ဓာတ်ကျပြီး ခေါင်မိုးပေါ်တက်ကာ တစ်ခုခု လုပ်လိုက်မည်ကို တကယ်ပင် စိုးရိမ်မိသွားသည်။ အင်မော်တယ်လောက၏ ဂုဏ်သိက္ခာကြီးမားလှသော ဧကရီကြီးမှာ ရှယ်ယာရှုံးသဖြင့် သေကြောင်းကြံစည်သည် ဆိုသည်က လူကြား၍ မကောင်းချေ။

Chapter 104

~

အခန်း ၁၀၄ : အိမ်ငှားခအတွက် မင်းရဲ့ ခန္ဓာကိုယ်နဲ့ပဲ ပေးချေလိုက်ပါ...

~

"အခြေအနေတွေက ဒီလိုဖြစ်ကုန်ပြီဆိုမှတော့ အများကြီးမတွေးပါနဲ့တော့.. လာ..လာ..အရင်ဆုံး ထမင်းစားလိုက်ရအောင်.."

လင်းဖန်သည် လုံယွဲ့ကို ထမင်းစားပွဲသို့ ခေါ်ဆောင်လာပြီး ထမင်းပန်းကန်အပြည့် ထည့်ပေးလိုက်သည်။ သူ အတော်လေး ဖျောင်းဖျနားချလိုက်မှသာ သူမကို တရားရသွားသော အခြေအနေထဲမှ ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည့် အတွေးကို လက်လျှော့လိုက်ပြီ ဖြစ်သော်လည်း စိတ်ဓာတ်ကမူ အတော်လေး ကျဆင်းနေဆဲပင် ရှိသေး၏။

" ဒီဧကရီသာ ဝိညာဥ်ချီစွမ်းအားတွေ ရှိနေသေးရင် လက်ချောင်းလေးတွေနဲ့ တွက်ချက်ပြီး ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လိုက်ရုံနဲ့ ဘယ်ရှယ်ယာက ဘယ်အချိန်တက်မယ်.. ဘယ်အချိန်ကျမယ်ဆိုတာ သိနိုင်တာပေါ့.. "

လုံယွဲ့က ထမင်းစားရင်း မကျေမနပ် ရေရွတ်နေလေသည်။ သူမ၏ စကားလုံးများထဲတွင် နာကျည်းမှုများ အပြည့်ပါဝင်နေပေသည်။

သူမ၏ စကားကြောင့် လင်းဖန်မှာ ရယ်လည်းရယ်ချင် စိတ်လည်းပျက်သွားရသည်။

"ဧကရီ... မင်းရဲ့ အဖိုးတန်လှတဲ့ ကျင့်ကြံခြင်း စွမ်းအားတွေကို ဒီလိုကိစ္စမျိုးတွေအတွက် အသုံးမချပါနဲ့ဦး.. "

အရင်ကဆိုလျှင် သူမ၌ ဝိညာဥ်ချီစွမ်းအား အကြွင်းအကျန်များ ရှိနေပါက ထိုစွမ်းအားများကို သိုလှောင်ထားပြီး ဟင်းလင်းပြင်ကို ချိုးဖျက်ကာ အင်မော်တယ်လောကသို့ ပြန်ရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။ ယခုမူ သူမသည် ကောင်းကင်လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီး ရှယ်ယာဈေးနှုန်း ခန့်မှန်းရန်အတွက် ကျင့်ကြံခြင်းစွမ်းအားကို သုံးချင်နေလေပြီ။ အင်မော်တယ်ဧကရီအဆင့် ကျင့်ကြံသူတစ်ဦးက စွမ်းအားကို ဤသို့ အသုံးပြုမည်လော ။

"ဟူး..."

လုံယွဲ့သည် လက်လျှော့လိုက်သည့် အနေဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤသည်က ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။ သူမသည် နတ်ဆိုးအရှင်ကဲ့သို့ နည်းလမ်းအနည်းငယ် သုံးရုံနှင့် ဤကမ္ဘာတွင် သူဌေးဖြစ်လာမည့် ကံပါမလာခဲ့ချေ။ ယခုအခါ သူမ၏ လိုက်ဖ်လွှင့်ခြင်း အလုပ်မှာလည်း အောင်မြင်နေပြီး ပရိသတ်များနှင့် လက်ဆောင်များမှာ လစဉ် တိုးလာနေသည်။ ထို့ကြောင့် နောင်တွင် စိတ်မကူးယဉ်တော့ဘဲ ရိုးရိုးသားသား လိုက်ဖ်လွှင့်ခြင်းကိုသာ အာရုံစိုက်တော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ဒီအရှိန်အတိုင်းသာ ဆက်သွားမည်ဆိုလျှင် မကြာခင်မှာပင် သူမသည် ဤကမ္ဘာတွင် ပရိသတ် သန်းပေါင်းများစွာရှိသော လိုက်ဖ်လောက၏ ဧကရီတစ်ပါး ဖြစ်လာနိုင်ပေသည်။ သို့သော် လောလောဆယ်တွင်မူ သူမသည် စုငွေအားလုံးကို ဖြုန်းတီးပစ်ခဲ့သဖြင့် လက်တွေ့ကျသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ထိုပြဿနာမှာ လစဉ်ပေးနေကျ အိမ်ငှားခ ပေးရမည့်အချိန် ပြန်ရောက်လာခြင်းပင် ဖြစ်သည်။ သူမ ဤလအတွက် အိမ်ငှားခကို နတ်ဆိုးအရှင်ထံ မပေးရသေး။ ပထမလတွင် နတ်ဆိုးအရှင်က အခမဲ့နေခွင့်ပေးခဲ့ပြီး ဒုတိယလတွင်မူ သူမက ချစ်သူအဖြစ် ဟန်ဆောင်ပေးခဲ့သဖြင့် အိမ်ငှားခ ကင်းလွတ်ခွင့် ရခဲ့သည်။ သို့သော် ယခုလတွင်မူ ထိုကဲ့သို့သော ကင်းလွတ်ခွင့်မျိုး မရှိတော့ပေ။

ယခုလအတွက် အိမ်ငှားခမှာ ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေးဖြင့် ယွမ်ငါးရာသာ ရှိသော်လည်း သူမ၏ လက်ထဲတွင် ယွမ်နှစ်ရာ၊ သုံးရာခန့်သာ ကျန်တော့သည်။ ထိုငွေမှာ နောက်လ လစာထုတ်ရက်အထိ သုံးစွဲရန် ဖြစ်သည်။ သို့ဖြစ်ပါက နတ်ဆိုးအရှင်ကို အိမ်ငှားခ မည်သို့ ပေးရမည်နည်း။ ထိုအကြောင်းကို တွေးမိသည်နှင့် လုံယွဲ့သည် စိတ်ရှုပ်ထွေးစွာဖြင့် လင်းဖန်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်မိသည်။

"အင်း... ဘာဖြစ်လို့လဲ.."

လင်းဖန်က သူမ၏ အကြည့်ကို သတိပြုမိသဖြင့် နားမလည်ဟန်ဖြင့် မေးလိုက်သည်။

လုံယွဲ့သည် တွန့်ဆုတ်နေပြီးမှ သူမ၏ နှုတ်ခမ်းနီလေးကို ကိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် လက်ချောင်းလေးများကို ကစားရင်း စကားစလိုက်သည်။

"ဟိုလေ... နတ်ဆိုးအရှင်... ငါ နင်နဲ့ ဆွေးနွေးစရာရှိလို့ပါ.. ဒီလအတွက် အိမ်ငှားခကို နောက်တစ်လလောက် ရွှေ့ပေးလို့ ရမလား.. နောက်လ လစာရရင် အားလုံးကို တစ်ခါတည်း ပေးပါ့မယ်.."

"ဪ... မင်းက အိမ်ငှားခအတွက် စိတ်ပူနေတာကိုး .."

လင်းဖန်က အခုမှ သတိရသွားဟန်ဖြင့် ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ယခုလအတွက် အိမ်ငှားခကို မတောင်းရသေးပေ။ တိတိကျကျ ပြောရလျှင် သူမဆီက အိမ်ငှားခ တစ်ပြားတစ်ချပ်မှ ယခုအချိန်အထိ မရဖူးသေး။ သူသည် အိမ်ငှားခ ပေးဆောင်ရမည့်ရက်ကို လကုန်အထိ ရက်ရောစွာ သတ်မှတ်ပေးထားလေ့ရှိသည်။

ယခုလမှာ အိမ်ငှားခ ရရှိရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သော်လည်း ဧကရီမှာ ရှယ်ယာကစားရင်း ပိုက်ဆံကုန်သွားသဖြင့် လျှော့ဈေးဖြင့်ပေးရမည့် ငါးရာကိုပင် ရရှိရန် မလွယ်ကူတော့ပါချေ။ လင်းဖန်၏ လက်ထဲတွင် ယွမ်သိန်းပေါင်းများစွာ ရှိနေသဖြင့် ထိုငါးရာဆိုသည်မှာ သူ့အတွက်တော့ အရေးမကြီးလှပေ။

"ရမလားဟင်.."

လုံယွဲ့က သနားစဖွယ် မျက်ဝန်းလေးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

"အိမ်ငှားခ ကိစ္စကတော့..."

လင်းဖန်က ရက်ရက်ရောရော သဘောတူရန် ပြင်လိုက်သော်လည်း သူမ၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်ကို မြင်လိုက်ရချိန်တွင် အတွေးတစ်ခု ပေါ်လာသဖြင့် စကားကို ရုတ်တရက် ရပ်လိုက်သည်။

'ဒါက အခွင့်အရေးကောင်း တစ်ခုပဲ မလား..ဧကရီက ငါ့ကို ဒီလောက်အထိ နှိမ့်ချပြီး တောင်းပန်နေတာမျိုးက တွေ့ရခဲတယ်.. ဒီအခွင့်အရေးကို အသုံးမချရင် နှမြောစရာပဲ..'

လုံယွဲ့၏ မျှော်လင့်ချက် အကြည့်အောက်တွင် လင်းဖန်သည် စိတ်ထဲကနေ ပြုံးလိုက်ပြီး စကားသံကို ပြောင်းလိုက်သည်။

"ဧကရီ... အိမ်ငှားခ ကိစ္စကတော့ ငါလည်း အခက်တွေ့နေရတယ်..ငါ မင်းကို နှစ်လတောင် အခမဲ့ ပေးနေခဲ့ပြီးပြီလေ..ဒီလက ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးထားတာတောင် မင်းက ထပ်ရွှေ့ချင်တယ်ဆိုတော့ ငါလည်း မတတ်နိုင်တော့ဘူး.. မင်းကိုယ်တိုင်လည်း အိမ်ငှားခကို ဘယ်တော့မှ နောက်မကျစေရဘူးလို့ ပြောခဲ့တယ် မဟုတ်လား.."

လုံယွဲ့သည် စကားတစ်လုံးမှ ပြန်မပြောနိုင်ဘဲ ခေါင်းငုံ့ထားလိုက်သည်။ သူမ၏ မျက်တောင်များမှာ စိုစွတ်လာပြီး ငိုချင်စိတ် ပေါက်နေတော့သည်။ ရှယ်ယာသာ မရှုံးခဲ့လျှင် ဧကရီတစ်ပါးအနေဖြင့် ယွမ်ငါးရာလေးအတွက် နတ်ဆိုးအရှင်ကို ဤမျှအထိ တောင်းပန်နေစရာ မလိုအပ်ပေ။ ယခုမူ သူမ၌ ပိုက်ဆံမရှိသဖြင့် ရက်ရွှေ့ခိုင်းခြင်းမှလွဲ၍ တခြားနည်းလမ်း မရှိတော့ချေ။

လုံယွဲ့၏ ဝမ်းနည်းနေသော အမူအရာကို မြင်လိုက်ရသောအခါ လင်းဖန်သည် စိတ်ထဲတွင် အနည်းငယ် တွန့်ဆုတ်သွားမိသည်။ ဧကရီက ပိုက်ဆံတွေ အကုန်ရှုံးထားကာမှ သူက အိမ်ငှားခ တောင်းနေသည်မှာ များလွန်းနေသလော။ သူ အိမ်ငှားခကို လျှော်ပစ်ရန် စဉ်းစားနေစဉ်မှာပင် လုံယွဲ့က နှုတ်ခမ်းကို ကိုက်ကာ ဆုံးဖြတ်ချက်ချထားဟန်ဖြင့် တောင်းပန်လာသည်။

"နတ်ဆိုးအရှင်... တကယ်လို့ နင် အိမ်ငှားခကို နောက်လအထိ ရွှေ့ပေးနိုင်မယ်ဆိုရင် ငါ... ငါ ဘာမဆို လုပ်ပါ့မယ်..နေ့တိုင်း ပန်းကန်ဆေးမယ်.. အိမ်သန့်ရှင်းရေးလုပ်မယ်.. အမှိုက်ပစ်မယ်..နင် ခိုင်းတာမှန်သမျှ လုပ်ပါ့မယ်.."

ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖန်သည် ခဏမျှ စဉ်းစားဟန်ပြုပြီး လုံယွဲ့၏ ခန္ဓာကိုယ်ကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

"ဘာမဆိုလား.."

လုံယွဲ့က ခေါင်းညိတ်၍ ဝန်ခံကတိ ပြုလိုက်သည်။

လင်းဖန်၏ အကြည့်က သူမ၏ ခန္ဓာကိုယ်အနှံ့ ဝေ့ဝဲနေသည်ကို သတိပြုမိချိန်မှသာ သူမ ရုတ်တရက် သတိဝင်လာ၏။ သူမ၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်ကာ မကျေမနပ် မျက်စောင်းထိုးလျက် စကားကို အမြန် ဖြည့်စွက်လိုက်သည်။

"လွန်လွန်ကျူးကျူးတွေတော့ မလုပ်ရဘူးနော်.. ဒီဧကရီရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ပျက်စေမယ့် အရာတွေ.. ပြီးတော့ ဒီဧကရီရဲ့ စင်ကြယ်မှုကို ထိခိုက်စေမယ့် အရာမျိုးတွေလည်း လုံးဝ မလုပ်နိုင်ဘူး.."

"ဒါတွေပဲလား .."

လင်းဖန်က ပြုံးပြီး မေးလိုက်သည်။

လုံယွဲ့က ခဏမျှ စဉ်းစားလိုက်သည်။ ထိုအချက်များမှလွဲလျှင် တခြား ပြဿနာမရှိနိုင်ဟု ယူဆကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ လင်းဖန်သည် အသာအယာ ပြုံးလိုက်ပြီး ကုလားထိုင်ကို နောက်သို့ ဆွဲကာ ထမင်းစားပွဲမှ ထလိုက်ပြီး အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

"ငါ့နောက်ကို လိုက်ခဲ့.."

"ဘာ... ဘာလုပ်မလို့လဲ .."

လုံယွဲ့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်နှာလေး နီမြန်းလျက် မေးလိုက်သည်။ ထမင်းစားနေရင်းနှင့် ရုတ်တရက် အိပ်ခန်းထဲသို့ ခေါ်သည်ဆိုသဖြင့် သူ ဘာလုပ်မည်ကို စိုးရိမ်မိသည်မှာ မဆန်းပါချေ။

လင်းဖန်သည် သွားနေရာမှ ရပ်လိုက်ပြီး သူမကို လှည့်၍ ပြုံးပြလိုက်သည်။

"ဧကရီ... မင်းက အိမ်ငှားခကို တစ်လရွှေ့ချင်တာ မဟုတ်လား..ငါ သဘောတူပါတယ်.. ဒီလအတွက် အိမ်ငှားခကိုတောင် လျှော်ပေးနိုင်ပါသေးတယ်.."

"တကယ်လား.. "

လုံယွဲ့သည် အလွန်ဝမ်းသာသွားပြီး ထမင်းစားပွဲမှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ သူမက တစ်လရွှေ့ခိုင်းရုံသာ ရည်ရွယ်သော်လည်း နတ်ဆိုးအရှင်က လျှော်ပေးမည်ဟု ဆိုသဖြင့် ယွမ်ငါးရာ ထပ်မံ ချွေတာနိုင်တော့ပေမည် ။

လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။

"တကယ်ပေါ့..ဒါပေမဲ့..."

သူက စကားကို ခဏရပ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို စနောက်သော အကြည့်ဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။

"အဲဒီအတွက် ဧကရီဘက်က အနစ်နာခံမှုလေးတစ်ခုတော့ လုပ်ပေးဖို့ လိုလိမ့်မယ်.."

"ဘာ... ဘာအနစ်နာခံရမှာလဲ .."

လုံယွဲ့က သံသယဖြင့် မေးသည်။ နတ်ဆိုးအရှင်က သူမကို စိုက်ကြည့်နေသဖြင့် သူမ အလွန် စိတ်မသက်မသာ ဖြစ်နေရသည်။ သူ တစ်ခုခုကို ကြံစည်နေသည်ဟု သူမ ခံစားနေရသည်။

သူမ ထင်သည့်အတိုင်းပင် လင်းဖန်က ရုတ်တရက် ပြောလိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ်နဲ့ပဲ အိမ်ငှားခပေးချေလိုက်ပါ.."

All Chapters