အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
Chapter 105
~
အခန်း ၁၀၅ : ဧကရီ၏ အနှိပ်ဝန်ဆောင်မှု
~
"ဘာ... ဘာပြောတယ်.."
လုံယွဲ့ အလွန်အမင်း ထိတ်လန့်သွားပြီး သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားကာ နာကျည်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။
"နတ်ဆိုးအရှင်... နင်က..နင်က လူယုတ်မာ... ညစ်ပတ်တယ့်ကောင်... အရှက်မရှိဘူး.."
"ဒီဧကရီရဲ့ စင်ကြယ်မှုကို ညစ်နွမ်းစေမယ့် အလုပ်မျိုးကို ဒီဧကရီ လုံးဝ သဘောမတူနိုင်ဘူး.."
"ယွမ်ငါးရာလေးနဲ့ ဒီဧကရီကို ဒီလိုအလုပ်မျိုး ခိုင်းချင်တာလား..ဟမ့်.. နင် အိမ်မက်မက်နေလိုက်.."
ထိုကဲ့သို့သော ကိစ္စမျိုးကို သူမ လုံးဝ လက်မခံနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားပါလျက်နှင့် နတ်ဆိုးအရှင်မှာ ကောင်းမွန်သော အကြောင်းပြချက်များဖြင့် သူမကို ထိုသို့ တောင်းဆိုဝံ့သေးသည်။ နတ်ဆိုးအရှင်ပီပီ ယခုအချိန်အထိ သူ၏ ယုတ်မာသော အရောင်အသွေးအမှန်ကို ဖုံးကွယ်မထားဘဲ ထုတ်ပြလာခြင်း ဖြစ်ပေမည်။
"အင်း... ဒါက မင်းရဲ့ စင်ကြယ်မှုကို ညစ်နွမ်းစေတဲ့ အလုပ်ထဲမှာ ပါနေလို့လား ဧကရီ.."
"ယန်ကျိ ပြောတာတော့ အပြင်မှာ ဒီလိုပဲ ပေးရတယ်လို့ ကြားတာပဲ.."
ဆဲဆိုခံလိုက်ရသဖြင့် လင်းဖန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ပြန်စဉ်းစားကြည့်လျှင် ဧကရီ၏ အဆင့်အတန်းမှာ အပြင်ကလူများနှင့် မတူသည်မှာတော့ အမှန်ပင် ဖြစ်သည်။ ဂုဏ်သိက္ခာကြီးမားလှသော အင်မော်တယ်ဧကရီကို အပြင်က အနှိပ်သမားများနှင့် ဈေးနှုန်းတူ တိုင်းတာလိုက်ခြင်းမှာ သူမအတွက် စော်ကားရာ ရောက်သွားခြင်း ဖြစ်နိုင်ပေသည်။
လုံယွဲ့ အဘယ်ကြောင့် စိတ်ဆိုးရသည်ကို နားလည်သွားသဖြင့် သူက ချက်ချင်းပင် တောင်းပန်လိုက်သည်။
"ငါ့ဘက်က အမှားပါ.. ကောင်းပြီလေ... ငါ မင်းကို ယွမ်ငါးရာ ထပ်တိုးပေးမယ်.. ဘယ်လိုလဲ.."
"နောက်ထပ်... ငါးရာ ထပ်ပေးမယ် ဟုတ်လား.."
လုံယွဲ့မှာ အံ့အားသင့်သွားပြီး ရှက်စိတ်နှင့် ဒေါသစိတ်ကြောင့် မျက်နှာမှာ ပို၍ပင် နီမြန်းလာကာ အံကိုတင်းတင်းကြိတ်၍...
"နတ်ဆိုးအရှင်... နင် ဒီဧကရီကို တမင်စော်ကားနေတာလား.."
"ဒါက ပိုက်ဆံကိစ္စ မဟုတ်ဘူးလေ.."
ထိုသို့ပြောရင်း သူမသည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ရှက်သွေးဖြာလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ခန္ဓာကိုယ်နဲ့ အိမ်ငှားခ ပေးချေရမယ်ဆိုတာမျိုးကို... ဒီဧကရီက ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာလဲ.."
လုံယွဲ့၏ ရှက်ကိုးရှက်ကန်း ဖြစ်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် လင်းဖန်သည် ရုတ်တရက် နားလည်သွားသည်။ သူမသည် သူ၏ စကားကို အထင်လွဲနေခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် အမြန်ပင် ရှင်းပြလိုက်သည်။
"ဧကရီ... မင်း အထင်လွဲနေပြီ.. ငါက ခန္ဓာကိုယ်နဲ့ အိမ်ငှားခပေးချေပါလို့ ပြောတာက တိတိကျကျ ပြောရရင် မင်းရဲ့ လက်ကလေးတွေကိုပဲ ပြောတာပါ.."
"လက်... လက်တွေကို ဟုတ်လား.."
လုံယွဲ့မှာ အံ့ဩသွားပြီး မျက်နှာလေးမှာ ပို၍ပင် နီမြန်းလာကာ သူမ၏ လက်ကလေးများကို မယုံနိုင်စွာ ငုံ့ကြည့်နေမိသည်။ သူမသည် အမျိုးသားနှင့် အမျိုးသမီးကြားက ကိစ္စများကို မသိသော်လည်း ကောလာဟလအချို့ကိုမူ ကြားဖူးနားဝ ရှိသည်။ အင်တာနက်ပေါ်တွင် လူတချို့ ပြောသည်ကို သူမ မြင်ဖူးပေသည်။ အချို့လူများတွင် ထူးဆန်းသော အကြိုက်များ ရှိတတ်ကြပြီး အမျိုးသမီးများ၏ ပါးစပ်၊ လျှာ သို့မဟုတ် လက်နှင့် ခြေထောက်များကို သုံး၍ သူတို့၏ ဆန္ဒများကို ဖြည့်ဆည်းခိုင်းတတ်သည်ဟု သူမ ကြားဖူးသည်။
အင်မော်တယ်လောကတွင် ထိုကဲ့သို့သော ကိစ္စမျိုးမှာ အမျိုးသားနှင့် အမျိုးသမီး ပေါင်းဖက်ခြင်းထက်ပင် ပို၍ အရှက်ရဖွယ် ကောင်းလှသည်။ ထိုအပြုအမူများမှာ ယဉ်ကျေးမှုမရှိရုံမျှမက အင်မော်တယ်လောက၏ ဂုဏ်သိက္ခာကိုလည်း ညစ်နွမ်းစေသဖြင့် တစ်လောကလုံးက စက်ဆုပ်ရွံရှာကြသော အပြုအမူများ ဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့ အကြိုက်ရှိသူများကို လိင်စိတ်လွဲချော်နေသူများဟု သတ်မှတ်ကြသည်။
နတ်ဆိုးအရှင်မှာလည်း ထိုကဲ့သို့သော လူမျိုးဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပါချေ။ လူတစ်ယောက်၏ အနားတွင် မည်သူရှိသနည်းဆိုသည်ကို ကြည့်ရုံနှင့် ထိုလူအကြောင်းကို သိနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူမ၏ လက်များကိုသာ သုံးရမည်ဆိုလျှင်... ဒါက သူမ၏ စင်ကြယ်သော ခန္ဓာကိုယ်ကို ညစ်နွမ်းစေရာ ရောက်ပါမည်လော။
ဤနည်းဖြင့် ယခုလအတွက် အိမ်ငှားခ ကင်းလွတ်ခွင့်ရမည့်အပြင် ယွမ်ငါးရာလည်း အပိုရနိုင်ဦးမည် ဖြစ်သည်။ သို့သော် ဂုဏ်သိက္ခာကြီးမားလှသော ဧကရီတစ်ပါးအနေဖြင့် နတ်ဆိုးအရှင်အတွက် ထိုကဲ့သို့သော အလုပ်မျိုးကို လုပ်ပေးရမည်ဆိုသည်မှာ... အကယ်၍ တစ်စုံတစ်ယောက်သာ သိသွားလျှင် သူမ၏ တစ်သက်တာလုံး တည်ဆောက်ခဲ့သော နာမည်ဂုဏ်သတင်းမှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားပေလိမ့်မည်။
ထိုကဲ့သို့သော ကိစ္စမျိုးအတွက် သူမအနေဖြင့် စဉ်းစားနေစရာပင် မလိုဘဲ ပြတ်ပြတ်သားသား ငြင်းဆိုသင့်သည်။ သို့ရာတွင် အဘယ်ကြောင့် သူမ တွန့်ဆုတ်နေရသနည်း။
လုံယွဲ့တစ်ယောက် အတွေးများဖြင့် လုံးချာလိုက်နေစဉ် လင်းဖန်မှာမူ သူ၏ ဖုန်းထဲမှ သက်ဆိုင်ရာ သင်ကြားပြသမှု ဗီဒီယိုတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။
"ငါ ဗီဒီယိုတစ်ခု ရှာတွေ့ထားတယ်.. မစခင်မှာ ဧကရီ... မင်း ဒီဗီဒီယိုကို အရင်ကြည့်ပြီး နည်းစနစ်တွေကို လေ့ကျင့်ထားလို့ ရတယ်.."
"နည်း... နည်းစနစ် ဟုတ်လား.."
"ဒီလိုအရာမျိုးမှာတောင် သီးသန့် နည်းစနစ်တွေ ရှိနေသေးတာလား.."
လုံယွဲ့ အံ့အားသင့်သွားပြီး ပါးစပ်လေး အနည်းငယ် ဟသွားသည်။ ဒီလိုကိစ္စမျိုးမှာတောင် သီးသန့် နည်းစနစ်တွေ ရှိနေသည်မှာ သူမအတွက်တော့ အသစ်အဆန်းပင် ဖြစ်သည်။ ဧကရီတစ်ပါးအနေဖြင့် အချို့သော အသိပညာများတွင် သူမ မည်မျှအထိ ဗဟုသုတ နည်းပါးနေသည်ကို ပထမဦးဆုံးအကြိမ် ခံစားလိုက်ရသည်။ နတ်ဆိုးအရှင်မှာ သူမအတွက် ပထမဦးဆုံးအကြိမ်ဖြစ်၍ ကောင်းကောင်း မလုပ်တတ်မှာကို စိုးရိမ်သဖြင့် ဤဗီဒီယိုကို သီးသန့် ရှာပေးထားခြင်းလားဟု သူမ တွေးနေမိသည်။
"ရော့... ဒါပဲ..အရင်ကြည့်ထားလိုက်ဦး..ခဏနေရင် လိုလိမ့်မယ်.."
လင်းဖန်က ဗီဒီယိုကို ဖွင့်ပြီး ဖုန်းကို လုံယွဲ့ထံ ကမ်းပေးလိုက်သည်။
"ဒီဧကရီက ဒီလို ညစ်ညမ်းတဲ့အရာမျိုးကို မကြည့်နိုင်ဘူး.."
လုံယွဲ့မှာ ထိတ်လန့်သွားပြီး သူမ၏ မျက်စိနှင့် ဝိညာဉ်ကို ညစ်ညမ်းမှုများမှ ကာကွယ်ရန် လက်နှစ်ဖက်ဖြင့် မျက်နှာကို အမြန် အုပ်လိုက်သည်။ သို့သော်လည်း စူးစမ်းလိုစိတ်ကြောင့် နောက်ဆုံးတွင် သူမ မအောင့်နိုင်တော့ဘဲ လက်ချောင်းလေးများကို အနည်းငယ် ဟကာ ဖုန်းမျက်နှာပြင်ပေါ်ရှိ ဗီဒီယိုကို ချောင်းကြည့်လိုက်မိသည်။
ဗီဒီယိုထဲက အကြောင်းအရာကို မြင်လိုက်ရချိန်တွင် သူမ ရုတ်တရက် မှင်သက်သွားသည်။ အိပ်ရာပေါ်တွင် လဲလျောင်းနေသော အမျိုးသားတစ်ဦးနှင့် သူ၏ ဘေးတွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို သူမ မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ သူမ၏ လက်များကို အမျိုးသား၏ ခန္ဓာကိုယ်အနှံ့ ရွှေ့လျားစေပြီး ကျွမ်းကျင်လှသော နည်းစနစ်များဖြင့် နှိပ်နယ်ပေးနေခြင်း ဖြစ်သည်။
"အနှိပ်... အနှိပ်ခံတာလား.."
လုံယွဲ့သည် မျက်နှာပေါ်မှ လက်များကို ဖယ်လိုက်ပြီး အလွန်အမင်း ကြောင်အသွားသော အမူအရာဖြင့် မေးလိုက်သည်။ လင်းဖန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်လေ... တခြား ဘာရှိဦးမှာလဲ.."
ထိုသို့ပြောရင်း သူက လုံယွဲ့ကို စနောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ လုံယွဲ့၏ ပါးပြင်လေးများမှာ သိသိသာသာ နီမြန်းသွားပြီး ရှက်စိတ်ကြောင့် ခေါင်းငုံ့ထားလိုက်မိသည်။ နတ်ဆိုးအရှင်က အနှိပ်အကြောင်းကို ပြောနေခြင်း ဖြစ်သော်လည်း သူမကမူ ညစ်ညမ်းသော အရာများကို တွေးတောနေမိသဖြင့် သူမကိုယ်သူမ ကျိရှန့်တျန်းကုန်း၏ ဧကရီဟူသော အမည်နှင့် မထိုက်တန်တော့ဟု ခံစားနေရသည်။ ယခုအချိန်တွင် မြေကြီးသာ ဟသွားလျှင် သူမ တိုးဝင်လိုက်ချင်စိတ် ပေါက်နေတော့သည်။ အလွန် ရှက်ဖွယ်ကောင်းလှပေ၏။
"အနှိပ်ခံရုံသက်သက်ဆိုရင်တော့ မင်းရဲ့ စင်ကြယ်မှုကို ညစ်နွမ်းစေတယ်လို့ မယူဆနိုင်တော့ဘူး မဟုတ်လား ဧကရီ.."
လင်းဖန်က စနောက်လိုက်သည်။
လုံယွဲ့သည် မျက်နှာနီနီလေးဖြင့် ခေါင်းညိတ်လိုက်သည်။
"အနှိပ်ခံရုံဆိုရင်တော့... ဒါက မညစ်နွမ်းပါဘူး.."
"ကောင်းပြီလေ... ဒါဆို စကြရအောင်.."
လင်းဖန်သည် ပြုံးလျက် အိပ်ရာပေါ်တွင် မှောက်လျက် လဲလျောင်းလိုက်သည်။ ယွမ်တစ်ထောင်ပေးပြီး အင်မော်တယ်လောက၏ ဧကရီကို ကိုယ်တိုင်ကိုယ်ကျ နှိပ်ခိုင်းရသည့် အခွင့်အရေးမျိုးမှာ ဘယ်သူမဆို ရနိုင်သည့်အရာ မဟုတ်ပါချေ။
လုံယွဲ့သည် မကျေမနပ်ဖြင့် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး အိပ်ရာဘေးသို့ လျှောက်သွားလိုက်သည်။ သူမက ဖုန်းထဲမှ ဗီဒီယိုကို ကြည့်ကာ ထိုထဲက နည်းစနစ်များနှင့် နှိပ်ရမည့် နေရာများကို အတုယူပြီး သူ့ကို စတင် နှိပ်ပေးတော့သည်။ တစ်ကြိမ်သာ ကြည့်ရသေးသော်လည်း သူမသည် ဗီဒီယိုထဲက နည်းစနစ်များကို အပြည့်အဝ နားလည်သွားပြီး အကြောနေရာများကို မှန်ကန်စွာ ရှာဖွေနိုင်ခဲ့သည်။
သူမ၏ နုနယ်လှသော လက်ချောင်းလေးများက အကြောတစ်ခုကို ဖိနှိပ်လိုက်တိုင်း လင်းဖန်မှာ ထိုနေရာမှ ထွက်ပေါ်လာသော ထုံကျင်မှုများကို ချက်ချင်း ခံစားလိုက်ရသည်။ ထိုထုံကျင်မှုမှာ ခဏတာသာဖြစ်ပြီး နောက်တွင် ပြောမပြတတ်အောင် သက်သောင့်သက်သာရှိသော ခံစားချက်က လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်လာကာ တစ်ကိုယ်လုံးရှိ ဆဲလ်တိုင်းကို ဆေးကြောပေးသကဲ့သို့ ခံစားရသည်။
"အင်း... နေလို့ကောင်းလိုက်တာ.."
လင်းဖန်သည် မျက်လုံးကို မှိတ်ကာ ကျေနပ်အားရစွာဖြင့် ညည်းတွားလိုက်မိသည်။
"ဧကရီက လက်ပေါက်သားပဲ.. အားလေး နည်းနည်း ပိုထည့်ပေးရင် ပိုကောင်းမယ်.."
လုံယွဲ့သည် သူမရှေ့တွင် မှောက်နေသော လင်းဖန်ကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး လက်ချောင်းများ၏ အားကို အနည်းငယ် တိုးလိုက်သည်။
"ဒီလိုလား.."
"အင်း... ဟုတ်တယ်... ဟုတ်တယ်... အဲဒီလိုမျိုးပဲ... အားလေး နည်းနည်း ထပ်စိုက်ပါဦး.."
ထိုစကားကို ကြားရသဖြင့် လုံယွဲ့က အားကို ထပ်တိုးလိုက်ပြန်သည်။
"ဒီလိုလား.."
"နည်းနည်းတော့ နည်းနေသေးတယ်.. နည်းနည်းလေး ထပ်တိုးလိုက်ရင် အကောင်းဆုံးပဲ.."
လုံယွဲ့၏ မျက်ခုံးလေးများမှာ တွန့်ကွေးလာလေ၏။ လင်းဖန် လုံးဝ အပန်းဖြေနေသော အခြေအနေကို အခွင့်ကောင်းယူကာ သူမ၏ လက်ချောင်းလေးများဖြင့် သူ၏ ကျောပေါ်က အကြောတစ်ခုကို ရုတ်တရက် ဆွဲလိမ်လိုက်တော့သည်။
"အား... အား... အမလေး... သေပါပြီဗျ.."
ချက်ချင်းပင် လင်းဖန်မှာ နာကျင်လွန်းသဖြင့် ခန္ဓာကိုယ်ကြီး ကွေးတက်သွားပြီး ဝက်သတ်သံကဲ့သို့ အော်ဟစ်လိုက်မိသည်။ ယခုအချိန်တွင် သူ့၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကျင့်ကြံခြင်းစွမ်းအား မရှိသည့်အပြင် တစ်ကိုယ်လုံးမှာလည်း သတိလက်လွတ်ဖြစ်နေသဖြင့် ထိုသို့ အလိမ်ခံလိုက်ရခြင်းမှာ အရင်က ခါးကို အဆွဲခံရသည်ထက် အဆပေါင်းများစွာ ပို၍ နာကျင်လှပေသည်။
လုံယွဲ့သည် ပြုံးရွှင်နေသော မျက်နှာဖြင့် သူ၏ အနားသို့ တိုးကပ်လာပြီး မေးလိုက်သည်။
"အခုတော့ နေလို့ကောင်းသွားပြီ မဟုတ်လား နတ်ဆိုးအရှင်.."
"ဒီမိန်းကလေးရဲ့ အနှိပ်ကိုရော ကျေနပ်ရဲ့လားရှင်.."
လင်းဖန်မှာ အသံပင် မထွက်နိုင်တော့ပေ။ ဤအမျိုးသမီးမှာ ကျင့်ကြံခြင်းစွမ်းအားများ ဆုံးရှုံးနေချိန်အတွင်း အလွန် လိမ်မာယဉ်ကျေးနေခဲ့သဖြင့် အရင်က သူ့နောက်ကို ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်ခဲ့သော သူမ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သူ မေ့လုနီးပါး ဖြစ်နေခဲ့သည်။ သူမသည် ဘယ်တုန်းကမှ ကရုဏာထားတတ်သူ မဟုတ်ချေ။ ထိုရင်းနှီးနေသော ခံစားချက်ကြီးမှာ ယခုအချိန်တွင် ပြန်လည် ရောက်ရှိလာပါတော့သည်။
Chapter 106
~
အခန်း ၁၀၆ : ဝိတ်တက်လာသော ဧကရီ
~
ညမှောင်ရီ ပျိုးစအချိန်။
ရေချိုးခန်းအတွင်း၌ ရေနွေးငွေ့တို့က မြူများအလား မျောလွင့်နေပြီး ကြမ်းပြင်နှင့် နံရံများပေါ်တွင် နွေးထွေးမှု မကုန်သေးသော ရေစက်ကလေးများမှာ ခိုတွဲလျက် ရှိသည်။ မှန်ပြင်တစ်ခုလုံးမှာလည်း ရေငွေ့များကြောင့် မှုန်မှိုင်းနေချေသည်။
လုံယွဲ့သည် ထိုနှင်းမြူတမျှ ဝေဝါးနေသော ရေနွေးငွေ့များကြားတွင် ရပ်နေပြီး ရေသုတ်ပုဝါကို ယူကာ ကိုယ်ခန္ဓာကို အရင်အတိုင်း သုတ်လိုက်သည်။ ထို့နောက် အဝတ်တန်းပေါ်မှ ခရမ်းရောင် အတွင်းခံအင်္ကျီကို ယူကာ ဝတ်ဆင်လိုက်တော့၏။
သူမ၏ လက်ကို နောက်သို့ ပစ်ကာ ချိတ်ကို တပ်ရန် ကြိုးစားလိုက်ချိန်တွင် ယခင်ကထက် ပို၍ ခက်ခဲနေသည်ကို သတိပြုမိလိုက်သည်။ ချိတ်နှင့် ကွင်းကြားက အကွာအဝေးမှာ ပို၍ ဝေးကွာသွားသယောင် ခံစားနေမိပေသည်။
လုံယွဲ့က မျက်မှောင်ကြုတ်၍ ကိုယ်ကို ကျုံ့ကာ အားတင်း၍ ကြိုးစားလိုက်မှသာ ချိတ်ကို ခက်ခက်ခဲခဲ တပ်ဆင်နိုင်တော့သည်။ ဝတ်ဆင်၍ ပြီးသွားသော်လည်း ရင်ဘတ်တစ်ခုလုံးမှာ အသက်ရှူရ ကျပ်တည်းနေသကဲ့သို့ ခံစားနေရသည်။
နောက်ပိုင်းတွင် သူမသည် ဤအတွင်းခံသာမက တခြားသော အဝတ်အစားများမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ ကျပ်တည်းလာသည်ဟု ခံစားနေရသည်။ မည်သို့သော အကြောင်းကြောင့်ပါနည်း။
အဝတ်အစားများ လဲလှယ်ပြီးနောက် လုံယွဲ့သည် ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီး လင်းဖန်ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
"နတ်ဆိုးအရှင်... သာမန်လူသားတွေရဲ့ အဝတ်အစားတွေက လျှော်လိုက်ရင် ကျုံ့သွားတတ်သလား.."
"အဝတ်အထည် အမျိုးအစား တချို့ကတော့ လျှော်ရင် ကျပ်သွားတတ်တာမျိုး ရှိပေမဲ့ အများစုကတော့ မကျုံ့ပါဘူး.. ဘာဖြစ်လို့လဲ.."
"ဒီဧကရီရဲ့ အဝတ်အစားတွေ အားလုံးက ပိုပြီး ကျပ်လာသလို ခံစားနေရလို့ပါ.."
လုံယွဲ့သည် သူမ၏ အဝတ်များကို ဆွဲကြည့်ရင်း ရင်ထဲက သံသယကို ဖွင့်ဟလိုက်သည်။ ဤအဝတ်အစားများမှာ လင်းဖန်နှင့်အတူ ကုန်တိုက်သို့ ပထမဆုံးအကြိမ် သွားစဉ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဝတ်လိုက်လျှင် အံကိုက် ဖြစ်နေသော်လည်း ယခု နှစ်လခန့်အကြာတွင်မူ အဝတ်အစားများမှာ သူမ၏ ကိုယ်ပေါ်တွင် တစ်စတစ်စ ကျပ်တည်းလာခဲ့လေပြီ။
"အင်း..."
လင်းဖန်သည် လုံယွဲ့၏ အဝတ်အစားများကို သေချာစိုက်ကြည့်ပြီးနောက် သူမ၏ ခန္ဓာကိုယ် အချိုးအစားကိုပါ အကဲခတ်လိုက်သည်။ သူသည် အတန်ကြာ စဉ်းစားဟန်ပြုပြီးမှ သတိကြီးစွာဖြင့် စကားစလိုက်သည်။
"ဧကရီ... ဖြစ်နိုင်ခြေ တစ်ခုကိုတော့ စဉ်းစားကြည့်စေချင်တယ်.. အဲဒါက... အဝတ်အစားတွေ ကျုံ့သွားတာ မဟုတ်ဘဲနဲ့..."
"ဟမ်... ဒီဧကရီရဲ့ အဝတ်တွေ ကျပ်လာတာ မဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ.."
လုံယွဲ့ နားမလည်နိုင်ပါပေ။
လင်းဖန် ခဏတာ တွန့်ဆုတ်နေပြီးမှ သူမကို လက်ညှိုးထိုးပြကာ တဲ့တိုးပင် ပြောချလိုက်တော့သည်။
"ဧကရီ ကိုယ်တိုင် ဝလာတာမျိုးရော မဖြစ်နိုင်ဘူးလား.."
ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက လုံယွဲ့မှာ စားနိုင်သောက်နိုင်လွန်းလှသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဘူဖေးစားသောက်ဆိုင်တွင် သူမ တစ်ယောက်တည်း ယွမ်ထောင်ဂဏန်းဖိုး အစားအသောက်များကို ကြိတ်လိုက်သည့် မြင်ကွင်းမှာ သူ၏ မျက်စိထဲတွင် မြင်ယောင်နေဆဲပင်။
နောက်ပိုင်းရက်များတွင်လည်း သူမ၌ ကိုယ်ပိုင်လစာ ရှိလာသဖြင့် ဘဝအရည်အသွေးမှာ မြင့်တက်လာခဲ့ပြီး နံနက်၊ နေ့လယ်၊ ညနေ နှင့် ညနှောင်းပိုင်း အဆာပြေစာဆိုကာ တစ်နေ့လျှင် လေးနပ်အထိ အသားဟင်း၊ ငါးဟင်း အစုံအလင်ဖြင့် စားသောက်ခဲ့သည်။
ခေါက်ဆွဲပြုတ် တစ်ခွက် သောက်လျှင်ပင် ကြက်ဥ နှစ်လုံးနှင့် ဝက်အူချောင်း နှစ်ချောင်း အပိုထည့်တတ်သေးသည်။ ထို့ပြင် လေပူစက်ထဲတွင် ကြက်ကြော်များကို ကင်ကာ အချဉ်ထုပ်ကလေးနှင့် တွဲဖက်စားတတ်သေးသည်။ နေ့စဉ်စားနေသော မုန့်မျိုးစုံ၊ နို့လက်ဖက်ရည်နှင့် အအေးများကိုပါ ထည့်တွက်မည်ဆိုလျှင် သူမအနေဖြင့် မဝဘဲနေရန်မှာ အလွန် ခက်ခဲလှပေလိမ့်မည်။
အင်မော်တယ်လောကတွင် ရှိစဉ်က သူမ၏ ပြီးပြည့်စုံသော ကိုယ်ဟန်နှင့် ယှဉ်လျှင် ယခုအခါ သူမ၏ မျက်နှာလေးမှာ သိသိသာသာကို ဝိုင်းစက်လာခဲ့လေပြီ။
လုံယွဲ့သည် ထိုနေရာမှာတင် ကျောက်ရုပ်အလား အေးခဲသွားပြီး သူမ၏ ပါးပြင်လေးများမှာလည်း အပူရှိန်တက်လာသကဲ့သို့ နီမြန်းလာသည်။
"နတ်ဆိုးအရှင်.. နင် ဘာတွေ လျှောက်ပြောနေတာလဲ.. ဒီဧကရီက ဘယ်လိုလုပ်ပြီး ဝလာမှာလဲ.. လုံးဝ မဖြစ်နိုင်တာ.."
"နင် ဒီဧကရီကို စော်ကားနေတာ မလား.."
"ငါက ဖြစ်နိုင်ခြေ ရှိတာကို ယုတ္တိရှိရှိ ခန့်မှန်းပြတာပါ.."
လင်းဖန်က သက်ပြင်းချကာ ဆိုလိုက်သည်။
အင်မော်တယ်လောက၏ ဧကရီပဲဖြစ်ဖြစ်၊ သာမန်လူသား အမျိုးသမီးပဲဖြစ်ဖြစ်၊ ကိုယ်အလေးချိန် ဆိုသည်မှာ ဘယ်တော့မှ အထိမခံသော အားနည်းချက်တစ်ခု ဖြစ်ပုံရပေသည်။
"မဖြစ်နိုင်ဘူး..ဒါ လုံးဝ မဖြစ်နိုင်ဘူး..ဧကရီက ဝလာစရာ အကြောင်း လုံးဝ မရှိဘူး.."
လုံယွဲ့သည် လင်းဖန်၏ စွပ်စွဲချက်ကို လက်မခံဘဲ နုနယ်သော အသံလေးဖြင့် အပြင်းအထန် ငြင်းဆိုလိုက်သည်။ လင်းဖန်ကမူ ဘာမှဆက်မပြောတော့ဘဲ ထောင့်တစ်နေရာရှိ အီလက်ထရွန်နစ် ပေါင်ချိန်စက်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
သူ၏ လက်ထဲက ပေါင်ချိန်စက်ကို မြင်လိုက်ရချိန်တွင် လုံယွဲ့သည် အသက်အန္တရာယ် ပေးနိုင်သော မှော်လက်နက်တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာပေါ်တွင် တက်ရပ်လိုက်သည်နှင့် သူမ ဝ၊ မဝ ဆိုသည်မှာ မီးမောင်းထိုးပြသကဲ့သို့ ပေါ်လွင်သွားပေတော့မည်။
သို့သော် သူမအနေဖြင့် ထိုရလဒ်ကို တကယ်ပဲ ရင်ဆိုင်ရဲပါမည်လော။
"ဧကရီ... စမ်းကြည့်မလား.."
လင်းဖန်သည် လက်ထဲက ပေါင်ချိန်စက်ကို လှုပ်ယမ်းပြရင်း စနောက်သော အပြုံးဖြင့် မေးလိုက်သည်။ ဧကရီ ဝလာသည်မှာ သူ သေချာပေါက် သိနေသည်။ သူမကို ပွေ့ချီလိုက်တိုင်း ထိုခံစားချက်ကို သူ ရရှိနေခြင်း ဖြစ်သည်။ သို့သော် ဧကရီ၏ ကိုယ်အလေးချိန်မှာ ယခုအခါ မည်မျှအထိ ရှိနေပြီလဲဆိုသည်ကို သူ စူးစမ်းလိုနေမိသည်။ အင်မော်တယ်ဧကရီတစ်ပါး၏ ကိုယ်အလေးချိန်ကို မည်သူကမှ စိတ်မဝင်စားဘဲ မနေနိုင်ပါချေ။
လုံယွဲ့၏ အမူအရာမှာ ဝေခွဲမရဖြစ်နေပြီး အကျပ်ရိုက်နေတော့သည်။ ဤယုတ်မာလှသော နတ်ဆိုးအရှင်သည် သူမ၏ တာအိုနှလုံးသားကို ဖြိုခွင်းရန်အတွက် ဤမျှ ယုတ်ညံ့သော နည်းလမ်းကို သုံးရဲပေသည်။ သို့သော် သူမသာ အခု နောက်ဆုတ်လိုက်လျှင် နတ်ဆိုးအရှင်၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။ ထို့ပြင် သူမကိုယ်တိုင်လည်း လက်ရှိ ကိုယ်အလေးချိန်ကို သိချင်နေမိသည်။
"ဟမ့်.. စမ်းကြည့်တာပေါ့.. စမ်းကြည့်လိုက်ရမှာပေါ့.."
"နင့်ကို ဒီဧကရီက ကြောက်နေမယ်များ ထင်နေတာလား.."
အတွင်းစိတ်တွင် အပြင်းအထန် တိုက်ပွဲဝင်ပြီးနောက် လုံယွဲ့သည် အံကို တင်းတင်းကြိတ်ကာ လင်းဖန်၏ လက်ထဲမှ ပေါင်ချိန်စက်ကို ဆွဲယူလိုက်သည်။ သူမသည် ခလုတ်ကို ဖွင့်ကာ ပေါင်ချိန်စက်ကို ကြမ်းပြင်ပေါ် ချလိုက်ပြီး ရင်တထိတ်ထိတ်ဖြင့် ခြေတစ်ဖက်ကို အရင် တင်လိုက်သည်။
လင်းဖန်မှာမူ မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိဘဲ သူမ၏ နောက်ကျောဘက်တွင် သရဲတစ္ဆေတစ်ကောင်အလား ပေါ်လာပြီး ပေါင်ချိန်စက်ပေါ်က ဂဏန်းများကို စူးစမ်းစွာ ကြည့်နေတော့သည်။
"ဧကရီ... ခြေထောက် နှစ်ဖက်လုံး မတင်ရင် အလေးချိန် မပေါ်ဘူးနော်.."
"ဒီဧကရီ သိပါတယ်.. သတိပေးနေစရာ မလိုပါဘူး.."
လုံယွဲ့သည် လင်းဖန်ကို တစ်ချက် မျက်စောင်းထိုးလိုက်ပြီး သူ မမြင်ရအောင် ကိုယ်ဖြင့် ကာကာ ကျန်ခြေတစ်ဖက်ကို အသာအယာ တင်လိုက်သည်။ သူမ၏ ခြေထောက် မြေပြင်မှ ကြွသွားသည်နှင့် ပေါင်ချိန်စက်ပေါ်တွင် ဂဏန်းတစ်ခုမှာ ထင်ရှားစွာ ပေါ်ထွက်လာတော့သည်။
၆၈ ကီလိုဂရမ်...
ဘုန်း...
လုံယွဲ့သည် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားကာ ကြမ်းပြင်ပေါ်သို့ အားမရှိသကဲ့သို့ ပုံလျက်သား လဲကျသွားတော့သည်။
'ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..'
အင်မော်တယ်လောကမှာ ရှိစဉ်က သူမ၏ ကိုယ်အလေးချိန်ကို တိုင်းတာဖူးပြီး ထိုစဉ်က သူမ၏ ခန္ဓာကိုယ်မှာ အလွန်ပေါ့ပါးကာ ကီလို ၆၀ ပင် မပြည့်ပါချေ။ ယခုမူ ဤကမ္ဘာတွင် နေထိုင်ခဲ့သည့် နှစ်လအတွင်းမှာတင် သူမသည် ၈ ကီလို (၁၆ ပေါင်ခန့်) တိတိ ဝိတ်တက်လာခဲ့ခြင်း ဖြစ်သည်။
မယုံနိုင်စရာပင်။ လက်ခံရန်လည်း အလွန် ခက်ခဲလှသည်။
' ငါတကယ်ပဲ အစားတွေ အများကြီး စားခဲ့မိလို့လား.. ငါစားတာ သိပ်မများပါဘူး ..'
"၆၈ ကီလိုဆိုတာ အဆင်ပြေပါတယ်.. သိပ်မလေးပါဘူး.."
လင်းဖန်က သူမအနားမှာ ဆောင့်ကြောင့်ထိုင်ပြီး ပခုံးလေးကို ပုတ်ကာ အားပေးလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ဤကိန်းဂဏန်းမှာ သူ ထင်ထားသည်ထက် များစွာ လျော့နည်းနေသေးသည်။ သူမ၏ နေ့စဉ် စားသောက်မှုပုံစံနှင့် ပမာဏအရဆိုလျှင် ကီလို ၇၀ မကျော်သေးသည်မှာ တကယ့်ကို အံ့ဖွယ်ပင် ဖြစ်သည်။ ထို့ပြင် သူမ၏ အရပ်မှာလည်း သူ့နီးနီး ၁ ဒသမ ၇ မီတာကျော် (၅ ပေ ၇ လက်မကျော်) ရှိသဖြင့် ဤကိုယ်အလေးချိန်မှာ ပုံမှန်အဆင့်မှာပင် ရှိပါသေးသည်။
သို့သော် လုံယွဲ့ကမူ ထိုသို့ မထင်ပါချေ။
"လုံးဝ အဆင်မပြေဘူး.."
လုံယွဲ့သည် ကြမ်းပြင်မှ ထရပ်လိုက်ပြီး တည်ကြည်သော အမူအရာဖြင့် ချက်ချင်းပင် ကြေညာလိုက်သည်။
"နတ်ဆိုးအရှင်.. ဒီဧကရီ ဆုံးဖြတ်လိုက်ပြီ.. ဒီနေ့ကစပြီး ဝိတ်ချတော့မယ်.."
"ဒီနေ့ကစပြီး ဘယ်မုန့်ကိုမှ မစားတော့ဘူး..နေ့တိုင်း အသက်ရှင်နိုင်ရုံလောက်ပဲ စားတော့မယ်.."
"ဧကရီ... မင်း တကယ် ပြောတာလား.."
လင်းဖန်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ လုံယွဲ့က မျက်မှောင်ကြုတ်ကာ သူ့ကို စိတ်ပျက်လက်ပျက် တစ်ချက် ကြည့်လိုက်သည်။
"တကယ်ပေါ့.. ဒီဧကရီက ပြောပြီးရင် တည်တဲ့သူပါ.."
ထိုသို့ပြောပြီးနောက် သူမသည် ကွန်ပျူတာစားပွဲတွင် ချက်ချင်း ပြန်ထိုင်လိုက်ပြီး ကီးဘုတ်ကို ကျွမ်းကျင်စွာ ရိုက်နှိပ်ကာ အင်တာနက်တွင် ရှာဖွေတော့သည်။
"ဘယ်လိုနည်းနဲ့ ဝိတ်အမြန် ချလို့ရမလဲ..."
အင်မော်တယ်လောက၏ ဧကရီတစ်ပါးအနေဖြင့် သူမ၏ ရုပ်ဆင်းသွင်ပြင်မှာ အလွန် အရေးကြီးလှ၏။ ဒါက သူမ၏ ကိုယ်ပိုင် သိက္ခာတရားသာမက တစ်ခုလုံးသော အင်မော်တယ်လောက၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသည်။ ဧကရီ၏ ဂုဏ်ဒြပ်ကို မညစ်နွမ်းစေရန် သူမသည် အမြဲတမ်း ပြီးပြည့်စုံသော အခြေအနေမှာ ရှိနေရမည် ဖြစ်သည်။
လင်းဖန်သည် တက်ကြွလှသော စိတ်ဓာတ်များဖြင့် ဝိတ်ချရန် ပြင်ဆင်နေသည့် သူမကို ကြည့်ကာ စိတ်ထဲကနေ ရေရွတ်နေမိသည်။ အကယ်၍ သူမသာ တန်ခိုးစွမ်းအားတွေ အပြည့်ရှိနေသေးသည့် ဧကရီ ဖြစ်နေမည်ဆိုလျှင် ဝိတ်ချရန်မှာ ပြဿနာ မဟုတ်ပါချေ။ ကိုယ်တွင်းရှိ ကျင့်ကြံခြင်း စွမ်းအားများကို သုံးရုံနှင့် သူမ လိုချင်သော အလေးချိန်မှာ တည်ငြိမ်စွာ ရှိနေမည် ဖြစ်သည်။
သို့သော် ယခုမူ သူမ၌ မည်သည့် စွမ်းအားမျှ မရှိတော့။ ဝိတ်ချရန်အတွက် တခြားလူများကဲ့သို့ပင် ကိုယ်လက်လှုပ်ရှားမှုနှင့် စားချင်စိတ်ကို ထိန်းချုပ်နိုင်သည့် စိတ်ဓာတ်ခိုင်မာမှုတို့သာ လိုအပ်ပေတော့မည်။
သို့ဖြစ်ပါ၍ နေ့တိုင်း မုန့်စားရသည်ကို စွဲလမ်းနေသော ဧကရီသည် တကယ်ပဲ စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် ဝိတ်ချနိုင်ပါမည်လော ဆိုသည်က စိတ်ဝင်စားစရာပင် ။