← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

Chapter 107

~

အခန်း ၁၀၇ : ဧကရီ ဝိတ်ချတော့မည်

~

"တစ်... နှစ်... တစ်... နှစ်..."

ဧည့်ခန်းအတွင်း၌ လုံယွဲ့သည် ကိုယ်ကျပ်ယောဂဝတ်စုံကို ဝတ်ဆင်ကာ ယောဂဖျာပေါ်တွင် ထိုင်လျက် ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ အဆီကျလေ့ကျင့်ခန်း ဗီဒီယိုကို ကြည့်ရင်း လေ့ကျင့်ခန်း လုပ်နေလေ၏။

ဝိတ်ချမည်ဟု ဆုံးဖြတ်ချက်ချပြီးကတည်းက သူမသည် ယောဂဖျာ၊ ယောဂဝတ်စုံ၊ ခုန်ကြိုးနှင့် တခြားသော အသုံးအဆောင် ပစ္စည်းများကို တစ်ညတွင်းချင်းပင် မှာယူခဲ့သည်။

ကိုယ်ကျပ်ယောဂဝတ်စုံမှာ သူမ၏ သွယ်လျပြေပြစ်သော ကိုယ်ဟန်ကို ပေါ်လွင်နေစေပြီး ရင်ဘတ်မှ ဖွေးဥနေသော အလှတရားများမှာလည်း ဝတ်စုံကို ဖောက်ထွက်မတတ် ရှိနေသည်။ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းတွင် သူမ၏ ညည်းတွားသံနှင့် အသက်ရှူသံလေးများမှာ ခပ်တိုးတိုး ထွက်ပေါ်နေပြီး ကျောပြင်တစ်ခွင်မှ စီးကျလာသော ချွေးစက်ကလေးများမှာ ရင်ဘတ်ကြားသို့ စီးဝင်ကာ စိုရွှဲနေတော့သည်။

လင်းဖန်သည် သူမကို ဖျောင့်ဖျ၍ ဝိတ်ချခြင်းမှ လက်လျှော့ရန် ရည်ရွယ်ထားသော်လည်း ဤမြင်ကွင်းကို တွေ့လိုက်ရချိန်တွင် ဧကရီအနေဖြင့် လေ့ကျင့်ခန်း လုပ်နေခြင်းမှာလည်း မဆိုးလှဟု ရုတ်တရက် တွေးမိသွားသည်။

"ဟူး..."

လေ့ကျင့်ခန်း အချို့ လုပ်ပြီးနောက် လုံယွဲ့သည် ပုဝါကို ယူကာ မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ဧည့်ခန်းရှိ နာရီကို မော့ကြည့်လိုက်သည်။

မွန်းတည့် ၁၂ နာရီ ထိုးနေပြီ ဖြစ်သည်ကို မြင်လိုက်ရချိန်တွင် သူမသည် မသိစိတ်က ဖုန်းကို ကောက်ကိုင်ကာ အစားအသောက်မှာသည့် အက်ပ်ကို ဖွင့်လိုက်မိသည်။

ချက်ချင်းပင် သတိဝင်လာပြီး ထိုအက်ပ်ကို ပြန်ပိတ်လိုက်ကာ သူမကိုယ်သူမ အတော်လေး စိတ်ပျက်သွားသည်။ သူမ၏ လက်မှာ အဘယ်ကြောင့် ဤမျှအထိ စကားနားမထောင်ဘဲ သူမ၏ ဆန္ဒကို ဆန့်ကျင်ကာ ဘေးဒုက္ခရောက်အောင် လုပ်နေရသနည်း။

ယခုအချိန်မှာ ဝိတ်ချနေသည့် အချိန်ဖြစ်သဖြင့် အရင်ကလို အစားအသောက်တွေ မှာစား၍ မရတော့ပေ။ သူမသည် မိမိကိုယ်ကိုယ် တင်းကျပ်စွာ ထိန်းချုပ်ရမည်ဖြစ်ပြီး စားသောက်မှုကို ဆင်ခြင်ကာ လေ့ကျင့်ခန်းကိုသာ ဆက်တိုက် လုပ်ဆောင်ရမည် ဖြစ်သည်။

လုံယွဲ့သည် ခိုင်မာသော အကြည့်ဖြင့် ရေခဲသေတ္တာဆီသို့ လျှောက်သွားပြီး မနေ့က မှာထားသည့် သခွားသီးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဤသည်က ယနေ့အတွက် သူမ၏ နေ့လယ်စာပင် ဖြစ်သည်။ ဒါထက် ပိုပြီး ဘာမှ မစားရပါချေ။

"ဂျွတ်... ဂျွတ်..."

လုံယွဲ့သည် ယောဂဖျာပေါ်တွင် ပြန်ထိုင်ကာ သခွားသီးကို ကိုက်စားလိုက်ရာ ကြွပ်ဆတ်သော အသံမှာ အခန်းထဲတွင် ပျံ့လွင့်သွားသည်။

"ဧကရီ... ဝိတ်ချဖို့အတွက် စားသောက်မှုကို ထိန်းချုပ်ရမယ်ဆိုပေမဲ့ သခွားသီးတစ်လုံးတည်းနဲ့တော့ နည်းလွန်းပါတယ်.."

လင်းဖန်က စိုးရိမ်စိတ်ဖြင့် အကြံပေးလိုက်သည်။ တစ်နေ့လျှင် ထမင်းတစ်အိုးကုန်အောင် စားတတ်သော သူမအဖို့ ရုတ်တရက် သခွားသီးတစ်လုံးတည်းဖြင့် ဖြတ်တောက်လိုက်ခြင်းမှာ အလွန်အမင်း များလွန်းလှသည်။ သူမ တကယ်ပဲ ခံနိုင်ရည် ရှိပါမည်လောကို သူ မသိတော့ချေ။

အကယ်၍ သူမသာ ဗိုက်ဆာပြီး မူးလဲသွားလျှင် သူပဲ ပြုစုရဦးမည် မဟုတ်ပါလော။

"သခွားသီးတစ်လုံးဆိုရင် လုံလောက်ပါတယ်.."

"နတ်ဆိုးအရှင်... ဒီဧကရီရဲ့ တာအိုနှလုံးသားကို လာပြီး မဖျက်ဆီးစမ်းနဲ့.."

လုံယွဲ့က သခွားသီးကို ကိုက်ရင်း လင်းဖန်ကို မကျေမနပ် မျက်စောင်းထိုးလိုက်သည်။ ထိုသို့ မြင်လိုက်ရသဖြင့် လင်းဖန်လည်း ဘာမှ ဆက်မပြောတော့ပေ။

သူမ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုသည်ကို သူ စောင့်ကြည့်ချင်နေမိသည်။

"တင်းတောင်..."

ထိုစဉ် အိမ်ရှေ့လူခေါ်ဘဲလ်သံ ထွက်ပေါ်လာသည်။

"ငါမှာထားတဲ့ အစားအသောက်တွေ ရောက်ပြီ.."

လင်းဖန်က တံခါးသွားဖွင့်ကာ ပို့ဆောင်သူထံမှ အစားအသောက်များကို ယူပြီး လုံယွဲ့၏ ရှေ့မှာပင် ဖွင့်လိုက်သည်။ ချက်ချင်းပင် အကင်နံ့ မွှေးမွှေးလေးမှာ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားတော့သည်။

"ဒီ အမေရိကန် စတိုင် အသားကင်က တကယ် ကြည့်ကောင်းတာပဲ.. ငါ ဒါကို မြည်းကြည့်ချင်နေတာ ကြာလှပြီ.."

လင်းဖန်က အမဲနံရိုးကင် တစ်ခုကို ယူကာ အားပါးတရ ကိုက်စားလိုက်ပြီး ကျေနပ်အားရသော အမူအရာကို ပြလိုက်သည်။

"အင်း... အရသာကတော့ ရှယ်ပဲ.."

"အသားက နူးညံ့နေပြီး ပါးစပ်ထဲ ထည့်လိုက်တာနဲ့ အရည်ပျော်သွားရော.. ကိုက်လိုက်တိုင်း အသားချိုရည်တွေက ပါးစပ်ထဲမှာ ပြည့်သွားတာပဲ... မွှေးလိုက်တာ.."

လုံယွဲ့မှာ ဆွံ့အနေချေပြီ။ သူမသည် လင်းဖန်၏ လက်ထဲက အရည်ရွှမ်းနေသော အမဲနံရိုးကင်ကို ငေးကြည့်နေမိပြီး ပါးစပ်ထဲတွင်လည်း တံတွေးများက အဆက်မပြတ် ထွက်ပေါ်နေတော့သည်။ ထို့နောက် သူမ၏ လက်ထဲက တစ်ဝက်တည်း ကျန်တော့သော သခွားသီးကို ကြည့်ကာ အရသာမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

'နတ်ဆိုးအရှင်... နင် ဒါတော့ များလွန်းသွားပြီ..'

သူမ ဝိတ်ချနေသည်ကို သိပါလျက်နှင့် သူမ၏ ရှေ့မှာပင် ဤမျှအထိ ဆွဲဆောင်မှုရှိသော အစားအသောက်များကို မှာစားနေသည်မှာ လွန်လွန်းလှသည်။ သူမ၏ မယိမ်းယိုင်သော တယအိုနှလုံးသားကို လာ၍ စမ်းသပ်နေချေ၏။

"ဧကရီ... မြည်းကြည့်ဦးမလား.. ငါ မှာတာ နည်းနည်း များသွားသလိုပဲ.."

လုံယွဲ့၏ မျှော်လင့်တကြီး ကြည့်နေသော အမူအရာကို မြင်သဖြင့် လင်းဖန်က အသားကင် တစ်ခုကို ကမ်းပေးလိုက်သည်။

လုံယွဲ့သည် အသိစိတ်မကပ်ဘဲ လက်လှမ်းလိုက်သော်လည်း ချက်ချင်းပင် သတိဝင်လာပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုလက်ကို ပြန်ဖိချလိုက်သည်။

"မစားဘူး.. ဒီဧကရီက ဝိတ်ချနေတာ..ဒီလို အာဟာရလွန်ကဲတဲ့ အစားအသောက်တွေကို လုံးဝ မစားဘူး.."

"နတ်ဆိုးအရှင်... နင့်ရဲ့ နတ်ဆိုးသံတွေနဲ့ ဒီဧကရီကို လာပြီး မမြှူဆွယ်ပါနဲ့.. ဒီဧကရီ လုံးဝ အယုံအကြည် မရှိဘူး.."

ထိုသို့ပြောပြီးနောက် လုံယွဲ့က သခွားသီးကိုသာ အားတင်းကိုက်စားလိုက်သည်။ တစ်ခန်းလုံးတွင် အသားကင်နံ့များ ဖုံးလွှမ်းနေသဖြင့် သူမ၏ ပါးစပ်ထဲက သခွားသီးမှာလည်း အသားကင်အရသာ ရနေသလိုလိုပင်။

"နှမြောစရာပဲ.. ဒီလောက် အရသာရှိတဲ့ အသားကင်ကို ငါတစ်ယောက်တည်း စားရတော့မှာပေါ့.."

လင်းဖန်က နှမြောတသဟန် ပြုလိုက်ပြီးနောက် အသားဆော့စ်ဗူးကို ဖွင့်လိုက်သည်။ သူသည် ကျန်နေသော အသားကင်ကို ဆော့စ်ထဲ နှစ်လိုက်ပြီး ပါးစပ်ထဲ ထည့်ကာ အားပါးတရ စားပြနေပြန်သည်။

"အင်း... ဒီဆော့စ်က တကယ် မွှေးတာပဲ..ဆော့စ်နဲ့ တွဲစားမှ ပိုပြီး အရသာရှိတာ.."

"အခုချိန်မှာ အအေးတစ်ဗူးလောက်သာ ရှိရင်တော့ အပြည့်အစုံပဲ.."

ထိုသို့ပြောကာ လင်းဖန်သည် ရေခဲသေတ္တာဆီသို့ လျှောက်သွားပြီး အအေးတစ်ဗူးကို ထုတ်ကာ လုံယွဲ့၏ ရှေ့မှာပင် အားရပါးရ မော့သောက်ပြလိုက်သည်။

"ဂေ့..အား... လန်းဆန်းသွားတာပဲ.."

အအေးသောက်ပြီးနောက် လင်းဖန်သည် ကျေနပ်နေသော အမူအရာဖြင့် ထိုအအေးဗူးကို လုံယွဲ့အား ကမ်းပေးလိုက်ပြန်သည်။

"ဧကရီ... သောက်မလား.."

"ဪ... မေ့သွားလို့.. မင်းက ဝိတ်ချနေတာဆိုတော့ သောက်လို့ မရဘူးပဲ.."

လုံယွဲ့..."..."

ထိုသို့ပြောကာ လင်းဖန်က သူမ၏ ရှေ့မှ ထိုအအေးဗူးကို နှမြောတသစွာဖြင့် ပြန်သိမ်းလိုက်သည်။

လုံယွဲ့မှာ ဒေါသထွက်လွန်းသဖြင့် အံကို တင်းတင်းကြိတ်ကာ သူ့ကို မျက်စောင်းထိုးနေတော့သည်။ ဤယုတ်မာလှသော နတ်ဆိုးအရှင်သည် တမင်တကာ သက်သက် လုပ်နေခြင်းပင် ဖြစ်ရမည်။ သူမ လုံးဝ အယုံအကြည် မရှိပါချေ။

"ဪ... အခုချိန်မှာ မုန့်လေးတွေသာ ပါရင် ပိုကောင်းဦးမယ်.."

လုံယွဲ့က တုပ်တုပ်မျှ မလှုပ်သည်ကို မြင်သဖြင့် လင်းဖန်သည် မုန့်စင်ပေါ်မှ အာလူးကြော်တစ်ထုပ်ကို ယူကာ အသားကင်နှင့် တွဲဖက်စားနေပြန်သည်။

"သံပရာအရသာ အာလူးကြော်နဲ့ အမဲသားနဲ့က တကယ်ကို လိုက်ဖက်တာပဲ.."

"ဟဲ့... နတ်ဆိုးအရှင်.. အဲဒီ အာလူးကြော်တွေက ဒီဧကရီ ရဲ့ ဟာတွေလေ.."

လင်းဖန်က သူမ၏ အာလူးကြော်များကို စားနေသည်ကို မြင်သဖြင့် လုံယွဲ့က မကျေမနပ် လှမ်းပြောလိုက်သည်။

"ဒါပေမဲ့ ဧကရီက ဝိတ်ချနေတာ မဟုတ်လား.. ဒါကြောင့် ဒီမုန့်တွေကို စားလို့ မရတော့ဘူးလေ.."

"မင်းမှ မစားတာ... ဒါတွေကို ဒီအတိုင်း ပစ်ထားရင် နှမြောစရာကြီး.. ဒါကြောင့် ငါပဲ ကူစားပေးလိုက်တာပါ.."

လင်းဖန်က တရားဝင် အကြောင်းပြချက် ပေးလိုက်သဖြင့် လုံယွဲ့မှာ မည်သို့ ပြန်ပြောရမည်ကို မသိတော့။ အမှန်ပင် သူမသည် ဝိတ်ချနေသဖြင့် အာလူးကြော်နှင့် မုန့်များကို စား၍ မရပေ။ သို့သော် သူ စားနေသည်ကို ကြည့်ရင်း သခွားသီးတစ်လုံးတည်း စားထားသော သူမ၏ ဗိုက်ထဲတွင် ဆာလောင်မှုက တိုးပွားလာတော့သည်။

"ဂွီ.. ဂွီ..."

မကြာခင်မှာပင် သူမ၏ ဝမ်းဗိုက်ထဲမှ ဆာလောင်သံမှာ သိသိသာသာ ထွက်ပေါ်လာတော့သည်။ သူမ ပြန်၍ ဗိုက်ဆာလာပြန်လေပြီ ။

"ရော့... စားလိုက်ပါဦး.."

ထိုစဉ် မွှေးကြိုင်လှသော အမဲနံရိုးကင် တစ်ခုကို သူမ၏ ရှေ့သို့ ရုတ်တရက် ကမ်းပေးလာသည်။ လူတစ်ယောက် ဗိုက်ဆာနေချိန်တွင် အသားကင်တစ်တုံးကို ရှေ့မှာ လာထားခြင်းမှာ မည်မျှအထိ ဆွဲဆောင်မှု ရှိသည်ကို သင် သိပါသလား။ သူမ၏ အင်မတိ အင်မတန် တည်ငြိမ်လှသောတာအိုနှလုံးသားမှာ ထိုခဏ၌ ယိမ်းယိုင်သွားရတော့သည်။

"အားး..ချီးပဲ... အားလုံးက နင့်ကြောင့်ပဲ နတ်ဆိုးအရှင်.."

လုံယွဲ့သည် နာကျည်းစွာ အော်ဟစ်လိုက်ပြီး လင်းဖန်၏ လက်ထဲမှ အသားကင်ကို ဆွဲယူကာ ငတ်မွတ်နေသူ တစ်ယောက်ကဲ့သို့ အားပါးတရ ကိုက်စားပါတော့သည်။

စားနေရင်းနှင့်လည်း လင်းဖန်ကို မျက်စောင်းထိုးကာ အပြစ်တင် စကားများ ပြောနေလေသည်။

"နတ်ဆိုးအရှင်... နင်က ဒီဧကရီ ဝိတ်မချနိုင်အောင် တမင်တကာ လုပ်နေတာ မလား.. ဒီဧကရီရဲ့ ကိုယ်ဟန်တွေ ပျက်စီးသွားမှ နင်က လှောင်ပြောင်ချင်လို့ မဟုတ်လား.."

"ငါ့မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး.."

လင်းဖန်သည် အတွေးလွန်နေသော လုံယွဲ့ကို ကြည့်ကာ စိတ်ပျက်စွာ ရှင်းပြလိုက်သည်။

"ငါ့အမြင်မှာတော့ ဧကရီက မဝပါဘူး.. ပိန်သင့်တဲ့ နေရာမှာ ပိန်ပြီး..အသားရှိသင့်တဲ့ နေရာမှာလည်း အတော်လေး ပြည့်စုံပါတယ်..."

ထိုသို့ပြောရင်း သူ၏ အကြည့်မှာ သူမ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းသွားသော ဆီစက်လေးဆီသို့ အမှတ်မထင် ရောက်ရှိသွားသည်။

လုံယွဲ့သည် လင်းဖန်၏ အကြည့်အတိုင်း ငုံ့ကြည့်လိုက်ရာ သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူမသည် ရှက်စိတ်နှင့် ဒေါသစိတ်များ ရောပြွမ်းလျက် ရင်ဘတ်ကို အမြန် ဖုံးကွယ်လိုက်ပြီး...

"နတ်ဆိုးအရှင်... လူယုတ်မာ..."

လင်းဖန်မှာမူ အဆဲခံလိုက်ရသဖြင့် အပြစ်ကင်းစင်သော အမူအရာဖြင့်သာ ကြည့်နေမိသည်။

'ငါက အသားကင် ဆီစက်ကလေးကို ကြည့်မိရုံတင်ပါ... ဘယ်နေရာကများ ယုတ်မာသွားလို့လဲ..'

Chapter 108

~

အခန်း ၁၀၈ : နတ်ဆိုးအရှင်၏ ဝိတ်ကျစေသော စားဖွယ်စုံ

~

"နတ်ဆိုးအရှင်... ဒီဧကရီ အင်တာနက်မှာ ရှာကြည့်တော့ ကယ်လိုရီနည်း အစားအစာဆိုတာ ရှိတယ်လို့ တွေ့လိုက်ရတယ်.. အဲဒါက ကယ်လိုရီ တကယ်နည်းလို့ အများကြီး စားမိရင်တောင် ဝမလာဘူးတဲ့.."

"နောက်ဆိုရင် ဒီဧကရီက အဲဒါတွေကိုပဲ စားတော့မယ်.."

နောက်တစ်နေ့တွင် လုံယွဲ့သည် မီးဖိုချောင်အတွင်း ဟင်းချက်နေသော လင်းဖန်ထံသို့ ရုတ်တရက် ရောက်ရှိလာပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

မနေ့က သူမသည် အသားကင်များ၏ မြှူဆွယ်မှုကို မတွန်းလှန်နိုင်ဘဲ အများကြီး စားမိခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် နာကျည်းမှုနှင့် စိုးရိမ်စိတ်များမှာ ပိုမိုကြီးထွားနေခဲ့သည်။ ငတ်မွတ်ခြင်း ဝေဒနာကို မခံစားရဘဲ ဝမ်းလည်းဝ၊ ဝလည်းမဝစေမည့် အစားအသောက်များကို သူမ တစ်ညလုံး ရှာဖွေခဲ့သည်။

ရလဒ်မှာ မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့သည်။ အင်တာနက်ပေါ်တွင် ကယ်လိုရီနည်းသော အစားအစာများဖြင့် ပြင်ဆင်ထားသည့် ကယ်လိုရီနည်း အစားအစာဟု ခေါ်သော အရာတစ်ခု ရှိနေပြီး ၎င်းကို အဝစားလျှင်ပင် ဝိတ်တက်ရန် မလွယ်ကူကြောင်း သူမ သိရှိလိုက်ရသည်။

ဒါက ဗိုက်ဝချင်သလို ဝိတ်လည်းကျချင်နေသော သူမ၏ ဆန္ဒနှင့် ကွက်တိပင်။ ဤနေ့မှစပြီး သူမသည် စားသောက်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တော့မည် ဖြစ်သည်။

"ကယ်လိုရီနည်း အစားအစာ ဟုတ်လား..."

လင်းဖန်သည် သူ၏ ရှေ့ရှိ မီးဖိုနှစ်ခုကို ကြည့်ကာ အကျပ်ရိုက်သွားရသည်။ မီးဖိုတစ်ခုပေါ်တွင် ဝက်သနီချက်မှာ တပွက်ပွက် မြည်လျက်ရှိနေပြီး ကျန်တစ်ခုတွင်မူ ဝက်လက် နှစ်ချောင်းကို ပေါင်းအိုးဖြင့် ပြုတ်ထားသည်မှာ အတော်လေး နူးနေလေပြီ ။

ဝက်လက်ကလည်း နူးပြီ၊ ဝက်သားနီချက်ကလည်း ကျက်ခါနီးမှ သူမက ကယ်လိုရီနည်းတာပဲ စားတော့မည်ဟု ဆိုလာသည်။ ဟင်းအသစ် ပြန်ချက်ရန်မှာ မခက်သော်လည်း အိုးထဲက ဟင်းပမာဏမှာ သူမ၏ စားနိုင်စွမ်းအတိုင်း ချက်ထားခြင်း ဖြစ်သည်။ အကယ်၍ သူမ မစားလျှင် ထိုဟင်းများမှာ အလဟဿ ဖြစ်ပေတော့မည်။

ပြီးခဲ့သည့်အကြိမ်က မူဆန်ကင်း ဒူးရင်းသီး တစ်လုံးလုံးကို သူ တစ်ယောက်တည်း ကုန်အောင်စားခဲ့ရသဖြင့် အန်မတတ် ဖြစ်ခဲ့ဖူးသည်။ ယခုလည်း ဝက်သားနီချက် အများကြီးနှင့် ဝက်လက်ကြီး နှစ်ချောင်းကို သူ တစ်ယောက်တည်း မည်သို့မျှ ကုန်အောင် စားနိုင်မည် မဟုတ်ပေ။

"မွှေးလိုက်တာ..."

လုံယွဲ့သည် သူမ၏ နှာခေါင်းလေးကို ရှုံ့ကာ ဝက်သားနီချက်နှင့် ဝက်လက်နံ့များဆီသို့ အာရုံရောက်သွားပြီး စူးစမ်းစွာ မေးလိုက်သည်။

"နတ်ဆိုးအရှင်... နင် ဘာတွေ ချက်နေတာလဲ"

"မြေအိုးထဲမှာက ဝက်သားနီချက်..ပေါင်းအိုးထဲမှာက ဝက်လက်စွပ်ပြုတ်လေ.."

လင်းဖန်က အိုးအဖုံးကို ဖွင့်ပြလိုက်ရာ ချက်ချင်းပင် အသားနံ့မွှေးမွှေးလေးနှင့် ဟင်းခတ်အမွှေးအကြိုင်နံ့များမှာ မီးဖိုချောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

"ဒီကမ္ဘာမှာ ထမင်းမြိန်စေမယ့် ဟင်းတွေအကြောင်း ပြောမယ်ဆိုရင် ဒီဟင်းနှစ်မျိုးက ထိပ်ဆုံးက ပါရမယ်.."

"ဒီဝက်သနီချက်က အဆီနဲ့ အသား အချိုးကျပြီး အရသာကလည်း လျှာပေါ်မှာ တင်ကျန်နေမှာ.. အသားအရသာ အပြည့်အဝရတဲ့အပြင် ဟင်းရည်ကို ထမင်းပေါ် ဆမ်းစားလိုက်ရင်တော့ အကောင်းဆုံးပဲ.."

"ဒီဝက်လက်စွပ်ပြုတ်ကိုလည်း ငါ နာရီတွေအကြာကြီး ပေါင်းထားတာ.. အသားအရသာတွေက ဟင်းရည်ထဲမှာ စိမ့်ဝင်နေပြီး အခေါက်နဲ့ အသားတွေက ပါးစပ်ထဲ ထည့်လိုက်တာနဲ့ အရည်ပျော်သွားမှာ.."

လင်းဖန်က ဂုဏ်ယူသော အမူအရာဖြင့် သူ၏ လက်ရာများကို မိတ်ဆက်ပေးလိုက်သည်။ အင်မော်တယ်လောကတွင် သူ သောင်တင်နေစဉ်က အလွမ်းဆုံး အစားအစာများမှာ ဤအရာများပင် ဖြစ်ပေသည်။

"အိုး... အိုး..."

လင်းဖန်၏ ရှင်းပြချက်ကို နားထောင်ရင်း မွှေးရနံ့များကို ရှူရှိုက်မိလိုက်ရာ လုံယွဲ့မှာ တံတွေးပင် ထွက်လာပြီး မျှော်လင့်တကြီး မေးလိုက်သည်။

"ဒါဆို... ဒီဟင်းနှစ်မျိုးက ကယ်လိုရီနည်းတဲ့ အစားအစာတွေထဲ ပါတာလား.."

"အဲဒါက..."

လင်းဖန်မှာ စကားတစ်ချက် ထစ်သွားသော်လည်း သူမ၏ မျှော်လင့်တကြီး အကြည့်ကို မြင်လိုက်ရချိန်တွင် စိတ်ကို တင်းကာ ခေါင်းကို အသေအချာ ညိတ်ပြလိုက်သည်။

"မှန်တာပေါ့.. ဒါတွေက ဝိတ်ကျစေတဲ့ ဟင်းတွေပဲ.."

"ဧကရီ ဝိတ်ချချင်နေတာ ငါသိလို့ ဒီနေ့ ဒီ ကယ်လိုရီနည်း ဟင်းကို သီးသန့် ချက်ပေးထားတာ.."

"ဝါးးး... တကယ်ကို ကောင်းတာပဲ.."

ထိုစကားကို ကြားရသဖြင့် လုံယွဲ့မှာ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ပန်းကန်များကို အမြန်ပင် ပြင်ဆင်တော့သည်။ နတ်ဆိုးအရှင်မှာ ဤမျှအထိ အလိုက်သိလိမ့်မည်ဟု သူမ မထင်ထားပါချေ။ သူမ မပြောခင်ကတည်းက သူမအတွက် ကယ်လိုရီနည်း ဟင်းများကို ကြိုတင်ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ ထို့ပြင် ထိုကယ်လိုရီနည်း ဟင်းများမှာလည်း အလွန်ပင် မွှေးကြိုင်လှပေသည်။

မကြာခင်မှာပင် ဝက်သားနီချက်နှင့် ဝက်လက်များမှာ စားပွဲပေါ်သို့ ရောက်ရှိလာပြီး အသားနံ့ မွှေးမွှေးလေးများမှာ တစ်အိမ်လုံးကို ဖုံးလွှမ်းသွားတော့သည်။ လုံယွဲ့သည် တံတွေးတစ်ချက် မျိုချကာ ဝက်သားနီချက် တစ်တုံးကို အားပါးတရ ယူလိုက်သော်လည်း ထူထဲလှသော အဆီလွှာကို မြင်လိုက်ရချိန်တွင် မျက်မှောင် ပြန်ကြုတ်သွားပြန်သည်။

"နတ်ဆိုးအရှင်... ဒါက တကယ်ပဲ ကယ်လိုရီနည်းတာ သေချာရဲ့လား..ဘာလို့ အဆီတွေချည်းပဲ ဖြစ်နေတာလဲ.."

"..."

လင်းဖန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ အလေးအနက် ရှင်းပြလိုက်သည်။

"ဧကရီ... စိတ်မပူပါနဲ့.. ဒီအသားတွေမှာ အဆီတွေ ပါနေတယ်ဆိုပေမဲ့ အဲဒီအဆီနဲ့ ကယ်လိုရီတွေက အကြာကြီး ချက်ပြုတ်တဲ့ ဖြစ်စဉ်မှာ အကုန်လုံး လွင့်စင်သွားကြပြီ.."

"အခု ကျန်နေတာက အနှစ်သာရတွေပဲ.. အဲဒါကိုပဲ ကယ်လိုရီနည်းတဲ့ အစားအစာလို့ ခေါ်တာပေါ့.."

"ပြီးတော့ ငါ အသားဝယ်တုန်းကလည်း သေချာကြည့်ခဲ့တယ်.. ဒီအသားတွေမှာ ကယ်လိုရီ တံဆိပ်ကပ်မထားဘူး.. တံဆိပ်မပါဘူးဆိုတာ ကယ်လိုရီ သုညပဲပေါ့.."

"ဧကရီ စဉ်းစားကြည့်လေ... မင်း ဝယ်စားနေတဲ့ မုန့်တွေမှာ ကယ်လိုရီ ဘယ်လောက်ဆိုတာ တံဆိပ်တွေ ကပ်ထားတယ် မဟုတ်လား.. ဒါပေမဲ့ ဒီအသားတွေမှာ မပါဘူး.."

"အဲဒါက ဘာကို ဆိုလိုတာလဲဆိုရင် ဒီအသားတွေက ကယ်လိုရီ လုံးဝမရှိတဲ့ အသားတွေလို့ ဆိုလိုတာပဲ.. ဒါကြောင့် စိတ်ချလက်ချ အဝစားလို့ ရတယ်.."

"ဪ... အဲဒီလိုကိုး.."

လုံယွဲ့သည် သူမ၏ မြင့်မားလှသော ဉာဏ်ရည်ကြောင့်ချက်ချင်းပင် နားလည်သွားပြီး တွန့်ဆုတ်မနေတော့ဘဲ ဝက်သားနီချက်ကို ပါးစပ်ထဲ ထည့်လိုက်တော့သည်။

"အင်း... အရသာ ရှိလိုက်တာ.."

ဝက်သားနီချက်မှာ အလွန်ပင် နူးညံ့နေပြီး ဟင်းခတ်အမွှေးအကြိုင် အရသာများမှာလည်း လျှာပေါ်တွင် ပွင့်ထွက်သွားသကဲ့သို့ ခံစားရသည်။ အဆီနှင့် အသား အချိုးကျလှသဖြင့် အရင်ကစားဖူးသော အသားကင်များထက်ပင် ပို၍ ကျေနပ်စရာ ကောင်းလှပေသည်။ ဝက်သားနီချက်ကို မြည်းပြီးနောက် သူမသည် ဝက်လက်ကြီး တစ်ချောင်းလုံးကို ယူကာ အားပါးတရ ကိုက်စားလိုက်ပြန်သည်။

အကြာကြီး ပေါင်းထားသဖြင့် ဝက်လက်မှာ အလွန်ပင် နူးညံ့နေပြီး အသားနှင့် အခေါက်များမှာ ပါးစပ်ထဲတွင် အရည်ပျော်သွားတော့သည်။

"ဒါလည်း တကယ် ကောင်းတာပဲ.."

ဝက်သားနီချက် တစ်ကိုက်၊ ဝက်လက် တစ်ကိုက်ဖြင့် လုံယွဲ့၏ မျက်နှာလေးမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။ ကယ်လိုရီနည်း အစားအစာများမှာ ဤမျှအထိ အရသာရှိပြီး ဗိုက်ဝစေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။

သို့သော်လည်း တစ်ခုခုကြောင့် သူမ ကိုက်လိုက်တိုင်း ရင်ထဲတွင် အပြစ်မကင်းသလိုလို ခံစားချက်ကလေး တစ်ခုကတော့ တိုးပွားလာနေသည်။ သူမ ထပ်ပြီး မစဉ်းစားနိုင်ခင်မှာပင် လင်းဖန်က ဝက်သားနီချက် ဟင်းရည်များကို သူမ၏ ထမင်းပန်းကန်ထဲသို့ ဆမ်းပေးလိုက်ပြန်သည်။ ထမင်းစေ့လေးများမှာ ဟင်းရည်များ စိမ့်ဝင်သွားပြီး အသားနံ့များ မွှေးနေတော့သည်။

လုံယွဲ့လည်း ရှေ့ဆက် မစဉ်းစားတော့ဘဲ ထမင်းကိုသာ အားရပါးရ စားပါတော့သည်။ ဤအိမ်တွင် အတူနေထိုင်ခဲ့သည်မှာ သုံးလနီးပါး ရှိပြီဖြစ်၍ လင်းဖန်၏ ရှေ့တွင် သူမသည် အရင်ကလို ဟန်ဆောင်မနေတော့ဘဲ အင်မော်တယ်ဧကရီဟူသော ဂုဏ်ပုဒ်ကိုပင် ဂရုမစိုက်တော့။ အပြင်မှာဆိုလျှင် ဂုဏ်သရေရှိစွာ စားသော်လည်း အိမ်ထဲမှာမူ သူမသည် လွတ်လပ်စွာပင် စားသောက်နေတော့သည်။

မကြာခင်မှာပင် ထမင်း သုံးပန်းကန်တိတိကို ကုန်အောင် စားပြီးနောက် သူမသည် ဆိုဖာပေါ်တွင် ကျေနပ်အားရစွာ မှီချလိုက်သည်။ လင်းဖန်သည် ပန်းကန်များ ဆေးကြောပြီးနောက် ဧည့်ခန်းသို့ ပြန်လာကာ မုန့်စင်ပေါ်မှ ချောကလက်မုန့် တစ်ချောင်းကို သူမအား ကမ်းပေးလိုက်သည်။

"ချောကလက်မုန့် စားမလား.."

"ချောကလက်လား... အဲဒါက ကယ်လိုရီ အများကြီး ပါတယ် မလား.."

လုံယွဲ့က တွန့်ဆုတ်စွာ မေးလိုက်သည်။

"စိတ်မပူပါနဲ့.. ဒီမုန့်ရဲ့ ပါဝင်ပစ္စည်း စာရင်းမှာလည်း ကယ်လိုရီ ဘယ်လောက်ဆိုတာ ရေးမထားဘူး.. ဒါကြောင့် ဒါကလည်း ကယ်လိုရီ သုညပဲပေါ့.."

လင်းဖန်က စိတ်ချရန် ပြောလိုက်ရင်း မုန့်ကို ကမ်းပေးလိုက်သည်။ မုန့်အိတ်ခွံကို သူ လွှင့်ပစ်လိုက်ပြီ ဖြစ်သဖြင့် အထဲက မုန့်ချောင်းလေးများပေါ်တွင် ကယ်လိုရီ တံဆိပ်များ မပါတော့သည်မှာ အမှန်ပင် ဖြစ်သည်။

"ဒါဆို ကယ်လိုရီ သုည ချောကလက်မုန့်တွေလည်း ရှိတာပေါ့..နောက်ဆို ဒီလိုမုန့်မျိုးတွေပဲ အများကြီး ဝယ်ထားရမယ်.."

လုံယွဲ့သည် လင်းဖန်ကို အပြည့်အဝ ယုံကြည်သွားပြီး မုန့်ကို ယူကာ စိတ်အေးလက်အေး စားလိုက်တော့သည်။ ဝိတ်ချရသည်မှာ သူမ ထင်သလောက် မခက်ခဲလှပါချေ။ ဝိတ်ချနေရင်းဖြင့်ပင် ဤမျှ အရသာရှိသော အစားအသောက်များကို စားနိုင်သေးသည် မဟုတ်ပါလော။

All Chapters