အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
Chapter 109
~
အခန်း ၁၀၉ : လေ့ကျင့်ခန်း လုပ်ချင်နေသော ဧကရီ...
~
"တက်လာပြီ... ဘယ်လိုဖြစ်ပြီး ပြန်တက်လာရတာလဲ.."
နှစ်ရက်ခန့်အကြာတွင် လုံယွဲ့သည် အီလက်ထရွန်နစ် ပေါင်ချိန်စက်ပေါ်တွင် ရပ်နေရင်း မယုံနိုင်စရာ ကောင်းလှသော ဂဏန်းများကို ကြည့်ကာ အံ့အားသင့်နေမိသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမ ကိုယ်အလေးချိန် တိုင်းစဉ်က ၆၈ ကီလိုဂရမ်သာ ရှိခဲ့သည်။ ရက်အနည်းငယ်ကြာ ဝိတ်ချပြီးနောက်တွင်မူ သူမ၏ ကိုယ်အလေးချိန်မှာ ကျမသွားသည့်အပြင် ၀ ဒသမ ၁ ကီလိုဂရမ်ပင် တိုးလာခဲ့သည်။
ဤသည်က သူမအတွက်တော့ လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စရပ်ပင် ။
ဝိတ်ချရန်အတွက် သူမသည် တစ်နေ့ လေးနပ် (နံနက်၊ နေ့လယ်၊ ညနေ နှင့် ညနှောင်းပိုင်း) စားရာမှ သုံးနပ် (နံနက်၊ နေ့လယ်၊ ညနေ) သို့ လျှော့ချခဲ့သည်။ ထမင်းစားတိုင်းလည်း ဝိတ်ကျစေသော ဟင်းများ ကိုသာ စားခဲ့ပြီး ထမင်းကိုလည်း တစ်ခွက်တိတိ လျှော့စားခဲ့၏။
ထို့ပြင် နေ့တိုင်း လိုက်ဖ်မလွှင့်မီ နံနက်ခင်းတွင်လည်း အင်တာနက်ပေါ်ရှိ အဆီကျ လေ့ကျင့်ခန်း ဗီဒီယိုများကို ကြည့်ကာ နာရီဝက်ကျော်ကြာ လေ့ကျင့်ခန်း လုပ်ခဲ့သည်။
ဤရက်ပိုင်းအတွင်း သူမ အနည်းဆုံး တစ်ကီလို၊ နှစ်ကီလိုခန့် ကျသင့်သော်လည်း ယခုမူ ပြောင်းပြန်ဖြစ်ကာ တက်လာခဲ့လေပြီ ။
"ဧကရီ... ဝိတ်ချတယ်ဆိုတာ ချက်ချင်းကြီး ရလဒ်ထွက်လာတာ မဟုတ်ဘူး.. အနည်းဆုံး ဆယ်ရက်..တစ်လလောက်တော့ စောင့်ရတတ်တယ်.. "
လင်းဖန်က ရင်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ခံစားချက်ဖြင့် ပြောလိုက်သည်။
ဧကရီ၏ ကိုယ်အလေးချိန် မကျသွားခြင်းမှာ သူနှင့်လည်း အနည်းငယ် ပတ်သက်နေပေသည်။
ဤရက်ပိုင်းအတွင်း သူမအတွက် သူပြင်ဆင်ပေးသော ဝိတ်ကျစေသော ဟင်းများ မှာ အမှန်တကယ်ပင် ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းများ ဖြစ်သော်လည်း ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ သူမ ဗိုက်ဆာပြီး မူးလဲသွားမည်ကို သူ စိုးရိမ်မိသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက် အသုပ်များအပြင် အာဟာရ ပြည့်ဝစေရန် အသားဟင်း၊ ငါးဟင်း အစုံအလင်ကို တစ်နပ်ချင်းစီတွင် ထည့်သွင်းပေးခဲ့ပြီး တစ်ခါတစ်ရံတွင်မူ ဝက်သားနီချက်ကိုပင် အာဟာရ ဖြည့်စွက်စာအဖြစ် ထည့်သွင်းပေးခဲ့မိသည်။
လုံယွဲ့သည် လင်းဖန်ကို နာကျည်းမှုများ ပြည့်နှက်နေသော မျက်နှာလေးဖြင့် ကြည့်လိုက်သည်။
"အားလုံးက နင့်ကြောင့်ပဲ နတ်ဆိုးအရှင်.."
"အမ်... ဘာလို့ ငါ့ကြောင့် ဖြစ်ပြန်ရတာလဲ.."
လင်းဖန်သည် အပြင်ပန်းတွင် အပြစ်ကင်းစင်ဟန် ပြသော်လည်း အတွင်းစိတ်မှာမူ ထိတ်လန့်နေလေပြီ။ ဧကရီက ဝိတ်ကျစေသော ဟင်းများ ၏ လျှို့ဝှက်ချက်ကို သိသွားပြီလော။
"နင့်ကြောင့် ဖြစ်ရတာပေါ့.."
"နင်ချက်တဲ့ ဝိတ်ကျစေတဲ့ ဟင်းတွေက အရမ်း အရသာရှိနေလို့ ဒီဧကရီက အမှတ်မထင် အများကြီး စားမိသွားတာ.. အဲဒါကြောင့် ဒီဧကရီ ဝိတ်မကျတာပဲ ဖြစ်ရမယ်.."
လုံယွဲ့သည် လင်းဖန်ကို လက်ညှိုးထိုးပြကာ ချစ်စဖွယ် အပြစ်တင်စကား ဆိုလိုက်သည်။
ဟင်းအရသာ ကောင်းလွန်း၍သာ သူမ အပြစ်တင်နေခြင်းဖြစ်ပြီး ဟင်း၏ ပါဝင်ပစ္စည်းများအပေါ် သံသယမဝင်သေးသည်ကို သိလိုက်ရချိန်တွင် လင်းဖန်သည် သက်ပြင်းတစ်ချက်ကို အသာ ချလိုက်မိသည်။
"ဧကရီ... အစားအသောက်တစ်ခုကို တမင်တကာ အရသာမရှိအောင် ချက်ထားရင် အဲဒါကို ချက်နေဖို့ကော လိုအပ်ပါဦးမလား.."
လုံယွဲ့မှာ ဘာမှ ပြန်မပြောနိုင်တော့ပါချေ။ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမသည် နက်နဲလှသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"နတ်ဆိုးအရှင်... စားချင်တာတွေ အကုန်စားပြီး ဝိတ်လည်းကျစေမယ့် နည်းလမ်းမျိုးကော မရှိဘူးလား.."
လင်းဖန်မှာ ဆွံ့အသွားသည်။
"ဧကရီ... မင်းရဲ့ မေးခွန်းတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး လွန်ကဲလာပြီနော်.."
ပြီးခဲ့သည့်အကြိမ်က အေးဆေးနားနေပြီး ပိုက်ဆံရှာချင်သည်ဟု ဆိုခဲ့သည်။ ယခုမူ စားချင်တာ စားပြီး ဝိတ်ချချင်သည်ဟု ဆိုပြန်သည်။ အကယ်၍ စားချင်တာ စားပြီး ဝိတ်ချနိုင်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် ဝိတ်ချရန် ခက်ခဲပါသည်ဟု မည်သူကမှ ပြောကြတော့မည် မဟုတ်ပါချေ။
လုံယွဲ့ကိုယ်တိုင်လည်း သူမ၏ မေးခွန်းမှာ အနည်းငယ် လွန်ကဲနေသည်ဟု ခံစားမိပုံရသည်။ သူမသည် သက်ပြင်းတစ်ချက်ချကာ ပေါင်ချိန်စက်ကို သိမ်းလိုက်ပြီး ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ကာ အတွေးထဲ နစ်မျောနေတော့သည်။
အကယ်၍ သူမ၌ တန်ခိုးစွမ်းအားများ ရှိနေသေးလျှင် သာမန်လူသားများကဲ့သို့ ဝိတ်ချရန် ပူပန်နေစရာ လိုမည်မဟုတ်ချေ။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အသုံးချကာ ပိုလျှံနေသော အဆီများကို ဖယ်ရှားလိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း ယခင်ကဲ့သို့ ပြန်လည်လှပလာမည် ဖြစ်သည်။
သို့သော်လည်း အကယ်၍ဆိုသည်က ဤကမ္ဘာတွင် လုံးဝ မဖြစ်နိုင်။
"ကတောင်..."
လုံယွဲ့ အကြံကုန်နေချိန်တွင် လင်းဖန်၏ ဖုန်းမှ မက်ဆေ့ချ် အချက်ပေးသံ ထွက်ပေါ်လာသည်။
လင်းဖန်က ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ကျိုးရန် ထံမှ ဖြစ်သည်။
"ဒီနေ့ အားလား.. ဂျင် သွားပြီး လေ့ကျင့်ခန်း လုပ်ကြမလား.."
ဖုန်းမျက်နှာပြင်ပေါ်မှ မက်ဆေ့ချ်ကို ကြည့်ပြီးနောက် သူ၏ ဘေးတွင် စိတ်မသက်မသာ ထိုင်နေသော လုံယွဲ့ကို ကြည့်ကာ လင်းဖန်က မေးလိုက်သည်။
"ဧကရီ... လေ့ကျင့်ခန်း လုပ်တဲ့ အရှိန်ကို နည်းနည်း ထပ်မြှင့်ကြည့်မလား.. အဲဒါဆိုရင်တော့ ထိရောက်နိုင်လိမ့်မယ်.."
"လေ့ကျင့်ခန်း လုပ်တဲ့ အရှိန်ကို မြှင့်မယ်... ဘယ်လိုမျိုးလဲ.."
လုံယွဲ့က စပ်စုလိုသော အမူအရာဖြင့် မေးသည်။
"ဂျင်ရုံ သွားရမှာပေါ့.."
"ဒီကမ္ဘာမှာ အဆင့်မြင့်တဲ့ ကိုယ်ကာယ လေ့ကျင့်ရေး စနစ်တွေ ရှိတယ်.. ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို သီးသန့် လေ့ကျင့်ပေးနိုင်တဲ့ စက်ကိရိယာတွေလည်း ရှိတယ်.."
"ဂျင်ဆိုတာက လူတွေ လေ့ကျင့်ခန်း လုပ်ဖို့ သီးသန့် လုပ်ထားတဲ့ နေရာပဲ..ဝိတ်ကျချင်တဲ့သူတွေ.. ခန္ဓာကိုယ် အချိုးအစား လှပချင်တဲ့သူတွေ အများကြီး အဲဒီကို သွားကြတယ်.."
"အခု ကျိုးရန်က ငါ့ကို လှမ်းခေါ်နေတယ်..ဧကရီလည်း လိုက်ချင်လား.."
"အင်း..."
လုံယွဲ့သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ အကြည့်များမှာ ပြတ်သားသွားတော့သည်။
"ကောင်းပြီ...ဒီဧကရီလည်း လိုက်မယ်.."
ဝိတ်ကျရန်အတွက် စားသောက်မှုကို ထိန်းချုပ်ရမည့်အပြင် ခြေလက်များကိုလည်း လှုပ်ရှားရမည် ဖြစ်သည်။ အိမ်တွင် လေ့ကျင့်ခန်း လုပ်ရုံနှင့် ဝိတ်မကျနိုင်လျှင် နတ်ဆိုးအရှင် ပြောသကဲ့သို့ ဂျင်သို့ သွားရောက်ကာ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
"ကောင်းပြီ... ဒါဖြင့် ငါ ကျိုးရန်ကို ပြောလိုက်မယ်.."
လင်းဖန်သည် ဖုန်းကို ရိုက်နှိပ်ကာ ကျိုးရန်ထံသို့ ချက်ချင်း ပြန်စာ ပို့လိုက်သည်။
"ရတယ်... ဒါပေမဲ့ မင်းရဲ့ မရီးလည်း လိုက်ခဲ့မယ်တဲ့.."
"မရီးလည်း လိုက်ခဲ့မယ် ဟုတ်လား..ကောင်းတာပေါ့ဟ .."
"ဒါဆို အားကျိုက် ကိုလည်း ငါ အတင်းဆွဲခေါ်ခဲ့မယ်.. ခဏနေရင် အားလုံးကို လာကြိုမယ်.."
"အိုကေ.."
စကားပြောဆိုပြီးနောက် လင်းဖန်သည် ဖုန်းကို သိမ်းကာ စောင့်ဆိုင်းနေလိုက်သည်။
မကြာခင်မှာပင် အိမ်ရှေ့မှ ကားဟွန်းတီးသံ နှစ်ချက် ထွက်ပေါ်လာသည်။ ကျိုးရန် ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းဖန်သည် လုံယွဲ့ကို ခေါ်ကာ အောက်ထပ်သို့ ဆင်းခဲ့ကြသည်။
အဆောက်အအုံ တံခါးမှ ထွက်လိုက်သည်နှင့် အောက်တွင် ရပ်ထားသော အနက်ရောင် ဇိမ်ခံကားတစ်စီးကို မြင်လိုက်ရသည်။
"လင်းဖန်... မရီး... အမြန်တက်လာကြလေ.."
ကျိုးရန်က ကားမှန်ကို ချကာ လင်းဖန်နှင့် လုံယွဲ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။ လင်းဖန်နှင့် လုံယွဲ့တို့သည် ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်ကြပြီး ရှေ့ခန်းတွင်မူ လုကျိုက်မှာ ကြိုတင် ရောက်ရှိနေပြီ ဖြစ်သည်။
"ဂျင် သွားကြတာကို ငါ့ကို ဘာလို့ အတင်းဆွဲခေါ်လာရတာလဲ.."
"ငါ့မှာ ဒီနေ့ အချိန်ပေးရမယ့် မိန်းမ ရှိသေးတယ်လေ.."
လုကျိုက်သည် သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။ သူသည် အိမ်တွင် သူ၏ မိန်းမ (ဂိမ်းထဲက ဇာတ်ကောင်) နှင့် အချိန်ဖြုန်းနေစဉ် ကျိုးရန်က ရုတ်တရက် ဖုန်းဆက်ကာ ဂျင်သွားရန် ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူ စိတ်မဝင်စားကြောင်း ပြောခဲ့သော်လည်း ကျိုးရန်က ဂရုမစိုက်ဘဲ သူ၏ အိမ်အောက်အထိ ရောက်လာကာ ဂိမ်းစက်ရှေ့မှ သူ့ကို အတင်းဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။
"မင်းရဲ့ မိန်းမနဲ့က ဘယ်အချိန်မဆို တွေ့လို့ရတာပဲလေ.. ဘာတွေ အလျင်လိုနေတာလဲ.."
"ငါ ပြန်လာတာ မကြာသေးဘူးလေ.. ငါ့ညီအစ်ကိုတွေနဲ့ အတူတူ နေချင်တာပေါ့.."
"ပြီးတော့ မင်းက တစ်နေကုန် အိမ်ထဲမှာပဲ အောင်းနေတာ.. ကြာရင် ဗိုက်ပူတဲ့ အိုတာကူကြီး ဖြစ်တော့မယ်.. ငါတို့နဲ့ အတူတူ ထွက်ပြီး လေ့ကျင့်ခန်း လုပ်တာက ပိုကောင်းပါတယ်.."
ကျိုးရန်သည် လုကျိုက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ကြည့်မှန်မှတစ်ဆင့် လုံယွဲ့နှင့် လင်းဖန်တို့ကို ကြည့်ကာ လုကျိုက်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ငါ မင်းကို လျှို့ဝှက်ချက် တစ်ခု ပြောမယ်..ဂျင်မှာ ချောတဲ့ ကောင်မလေးတွေ အများကြီး ရှိတယ်နော်.."
"အပြင်က ထိတွေ့လို့ရတဲ့ မိန်းကလေးတွေက မင်းရဲ့ ဇာတ်ကောင်မိန်းမတွ ထက် ပိုမကောင်းဘူးလား.."
"မင်းကော လင်းဖန်လိုမျိုး ရုပ်ဖြောင့်ပြီး ခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ကောင်မလေးတွေရဲ့ စိတ်ဝင်စားမှုကို မခံချင်ဘူးလား.."
နို့လက်ဖက်ရည်ဆိုင်မှ ဝန်ထမ်းမလေးက လင်းဖန်ကို ကြည့်ကာ ပြုံးပြခဲ့သည်ကို မြင်ခဲ့ရချိန်မှစ၍ ၊ လင်းဖန်၏ စွမ်းဆောင်ရည်ကို လုံယွဲ့က လူပုံအလယ်တွင် ချီးကျူးခဲ့သည်ကို ကြားခဲ့ရချိန်မှစ၍ သူ၏ လေ့ကျင့်ခန်း လုပ်လိုစိတ်များမှာ အလွန်ပင် ပြင်းပြနေခဲ့သည်။
အမှန်စင်စစ် သူ၏ နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ လုကျိုက်၏ ထူးဆန်းသော ဝါသနာကို ပြုပြင်ပေးရန် ဖြစ်သည်။ ထို့ကြောင့်လည်း လူကျိုက်ကို အတင်းခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဂျင်တွင် လှပသော မိန်းကလေးများစွာ ရှိနေသဖြင့် မည်သည့် အမျိုးသားမဆို စိတ်လှုပ်ရှားမိမည်မှာ အမှန်ပင်။ လုကျိုက်အနေဖြင့် ဘာမှ မခံစားရဘဲ နေနိုင်မည်မထင်။
လုကျိုက်ကမူ ကျိုးရန်ကို တစ်ချက်ကြည့်ကာ ဘာမှ ပြန်မပြောတော့ပေ။ ကျိုးရန်၏ စကားများမှာ အပြောကောင်းနေသော်လည်း တကယ်တမ်းမှာမူ သူသည် ဂျင်သို့သွားကာ မိန်းကလေးများကို ငမ်းချင်နေသည်မှာ ထင်ရှားလှပေသည်။
Chapter 110
~
အခန်း ၁၁၀ : ဧကရီ.. ဒါက မင်းအတွက် ပို သင့်တော်မယ် ထင်တယ်..
~
"ကြွက်သားသန်မာသူများ ကိုယ်ကာယလေ့ကျင့်ရေးကလပ်.."
ဂျင်ရုံ အတွင်းသို့ ဝင်လိုက်သည်နှင့် ပြင်းပြလှသော တေးဂီတသံများက နားစည်ကို ရိုက်ခတ်လာပြီး နှလုံးခုန်နှုန်းကိုပင် လိုက်ပါတုန်ခါစေတော့သည်။ လေ့ကျင့်ရေးပစ္စည်းများ၏ ထိခိုက်သံနှင့် ပြင်းထန်သော အသက်ရှူသံများမှာ ဂီတသံနှင့်အတူ စည်းချက်ကျကျ ရောယှက်လျက် ရှိနေ၏။
ပြေးစက်များပေါ်တွင် လူများမှာ ချွေးသံရွှဲရွှဲဖြင့် အားသွန်ခွန်စိုက် ပြေးလွှားနေကြပြီး LCD မျက်နှာပြင်ပေါ်တွင် ကီလိုမီတာ ဂဏန်းများမှာ အဆက်မပြတ် ခုန်တက်နေသည်။ အလေးမသည့် နေရာဘက်မှလည်း ဘအလေးပြားများ၏ ဆောင့်သံများကို ကြားနေရပြီး ကြွက်သားအဖုအထစ်နှင့် လူသန်ကြီးများမှာ လည်ပင်းကြောများ ထောင်ထသည်အထိ အားစိုက်ကာ အလေးမနေကြသည်။
နံရံကပ်မှန်ချပ်များထဲတွင် စည်းချက်ကျကျ လှုပ်ရှားနေသော ကိုယ်ဟန်များစွာ ပေါ်လွင်နေပြီး အဲယားကွန်းမှ ထွက်ပေါ်လာသော အအေးဓာတ်မှာပင် လေ့ကျင့်ခန်းလုပ်သူတို့၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသော အပူရှိန်ကို မထိန်းချုပ်နိုင်ပေ။ တစ်ရုံလုံးတွင် ဟော်မုန်းဓာတ်များနှင့် စည်းကမ်းရှိလှသော လှုပ်ရှားမှုများမှာ ရောယှက်၍ သက်ဝင်လှုပ်ရှားနေတော့သည်။
ဂျင်သို့ ရောက်စဖြစ်သော ကျိုးရန်နှင့် လုကျိုက်တို့မှာ ရှေ့မှမြင်ကွင်းကြောင့် အတော်လေး ထိတ်လန့်သွားကြသည်။
ဘယ်ကိုကြည့်ကြည့် ကြွက်သားအဖုအထစ်များနှင့် အဆီချရန် အားစိုက်နေကြသော လူသန်ကြီးများကိုသာ တွေ့နေရသည်။ သူတို့၏ အော်ဟစ်သံများမှာလည်း သန်မာလှသော နွားကြီးများ အော်ဟစ်နေသကဲ့သို့ပင်။ အမျိုးသားများသာမက အမျိုးသမီးများမှာလည်း ကိုယ်ကျပ်ဝတ်စုံများဖြင့် ဗိုက်သားကြွက်သားမြောင်း များ ပေါ်ထွက်နေသည်အထိ လေ့ကျင့်ထားကြသည်ကို တွေ့ရသည်။
သူတို့နှစ်ယောက်မှာ ထိုလူများကြားတွင် ရပ်နေသည်မှာ စစ်ထဲသို့ အခုမှ စဝင်ခါစ လူသစ်ကလေး နှစ်ယောက်အလား...။
"ကျိုးရန်... မင်းပြောတဲ့ ချောတဲ့ ကောင်မလေးတွေက ဘယ်မှာလဲ..."
လုကျိုက်က ဘေးနားရှိ ကျိုးရန်ကို ကြောင်အအ မေးလိုက်သည်။ ဘေးမှ ဖြတ်သွားသော အမျိုးသမီးအချို့၏ လက်မောင်းကြွက်သားမှာ သူတို့နှစ်ယောက်၏ လက်နှစ်ဖက် ပေါင်းထားသည်ထက်ပင် ကြီးမားနေသေး၏။ အကယ်၍ ထိုမိန်းကလေးများကသာ လက်သီးတစ်ချက် ထိုးလိုက်လျှင် သူတို့အနေဖြင့် အသက်ချမ်းသာပေးရန်သာ တောင်းပန်ရပေလိမ့်မည်။
ဤကဲ့သို့သော မိန်းကလေးမျိုးမှာ သူတို့အနေဖြင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ။
"အဲဒါက... ချောတဲ့ ကောင်မလေးတွေက အဝတ်အစား လဲနေတုန်း ထင်တယ်..."
ကျိုးရန်က ခပ်ရှက်ရှက်ဖြင့် ပြန်ဖြေလိုက်သည်။
မလာခင်က သူသည် အားကစား ဝါသနာပါသော သူငယ်ချင်းတစ်ဦးကို မိန်းကလေးများပြီး ရင်သားဖွံ့ဖြိုးသူများ ရှိမည့်နေရာကို အကြံတောင်းခဲ့ရာ ထိုသူငယ်ချင်းက ဤနေရာကို ညွှန်ပြခဲ့ခြင်း ဖြစ်သည်။ သူ့သူငယ်ချင်းမှာ သူဆိုလိုသည်ကို နားလည်မှု လွဲမှားသွားပုံရသည်။
"ဒါက သာမန်လူသားတွေ လေ့ကျင့်တဲ့နေရာလား.."
ကျိုးရန်နှင့် လုကျိုက်တို့ကဲ့သို့ပင် လုံယွဲ့သည်လည်း ရှေ့မှမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေမိသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လူအချို့၏ လက်မောင်းကြွက်သားများမှာ သူမ၏ ဦးခေါင်းထက်ပင် ကြီးမားနေသည်ကို တွေ့ရသည်။ သူတို့၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်များမှာ အင်မော်တယ်လောကရှိ ကိုယ်ခန္ဓာကိုသာ အဓိကထား ကျင့်ကြံသော ကျင့်ကြံသူအချို့နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။
ချီစွမ်းအားများဖြင့် ခန္ဓာကိုယ်ကို သန့်စင်စရာ မလိုဘဲ သာမန်လူသားများမှာ သူတို့၏ ကိုယ်ခန္ဓာကို ဤမျှအထိ တောင့်တင်းအောင် လေ့ကျင့်နိုင်သည်မှာ အံ့သြစရာပင်။ ဤကမ္ဘာမှ သာမန်လူသားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို သူမအနေဖြင့် အနည်းငယ် အထင်သေးခဲ့မိပုံရသည်ဟု တွေးလိုက်မိသည်။
"ဟုတ်တယ်... လာ သွားကြစို့.. အရင်ဆုံး အဝတ်အစား လဲရအောင်.."
လင်းဖန်က လုံယွဲ့နှင့် တခြားသူများကို အဝတ်လဲခန်းသို့ ခေါ်ဆောင်သွားသည်။ အဝတ်အစားများ လဲပြီးနောက် အားလုံးမှာ လေ့ကျင့်ရေး ခန်းမအတွင်းသို့ ပြန်လည် ရောက်ရှိလာကြသည်။
လင်းဖန်နှင့် ကျန်နှစ်ယောက်မှာ တီရှပ်၊ လက်ပြတ်အင်္ကျီနှင့် ဘောင်းဘီတိုများကိုသာ ဝတ်ဆင်ထားသော်လည်း လုံယွဲ့မှာမူ စံပြ အားကစားဝတ်စုံ ဖြစ်သည့် လက်ရှည်ယောဂအင်္ကျီနှင့် ကိုယ်ကျပ်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ကိုယ်ခန္ဓာ တစ်ခုလုံးကို ဖုံးကွယ်ထားသော်လည်း ကိုယ်ကျပ်ဝတ်စုံကြောင့် သူမ၏ သွယ်လျပြေပြစ်သော ကိုယ်ဟန်မှာ အထင်းသား ပေါ်လွင်နေပေသည်။
"မရီးရဲ့ ကိုယ်လုံးကိုယ်ပေါက်က လေ့ကျင့်ခန်း လုပ်ဖို့တောင် လိုလို့လား..."
ကျိုးရန်နှင့် လုကျိုက်တို့မှာ လုံယွဲ့ကို အားကျစွာ ကြည့်နေမိသည်။ လုံယွဲ့သည် ထိုအားကစား ဝတ်စုံဖြင့် ဂျင်အတွင်း ရပ်နေသည်မှာ တစ်ခဏအတွင်းမှာပင် ဂျင်အတွင်းရှိ တခြားသော အမျိုးသမီးများမှာ အရောင်မှိန်သွားသကဲ့သို့ပင်။ သူမ၏ တောက်ပလှသော ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ကို မည်သူမျှ မယှဉ်ပြိုင်နိုင်ပါချေ။
ကြွက်သားအဖုအထစ်များဖြင့် ကြမ်းတမ်းသော အလှမျိုး မဟုတ်ဘဲ သွယ်လျနွဲ့နှောင်းကာ အချိုးအစားကျလှသော အလှမျိုး ဖြစ်သည်။ မရီးမှာ ဝိတ်ချရန် လာသည်ဟု ကြားသော်လည်း သူတို့၏ အမြင်တွင်မူ ဤမျှ ပြီးပြည့်စုံနေသော ကိုယ်လုံးမှာ လေ့ကျင့်ခန်း ထပ်လုပ်ရန် မလိုတော့ဘဲ ရှိရင်းစွဲအတိုင်းပင် အလွန်လှပနေပြီ ဖြစ်သည်။ သူတို့ မြင်ဖူးသမျှ အနုပညာရှင်များ သို့မဟုတ် မော်ဒယ်များထက်ပင် ပို၍ ပြီးပြည့်စုံလှပေသည်။
ကျိုးရန်၏ ချီးကျူးမှုကို ကြားရသလို ဘေးပတ်ဝန်းကျင်မှ လူများ၏ ခိုးကြည့်နေသော အကြည့်များကိုလည်း ခံစားမိသဖြင့် လုံယွဲ့၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားရသော်လည်း အတွင်းစိတ်မှာမူ ကျေနပ်နေမိကာ နှုတ်ခမ်းဖျားတွင်လည်း အပြုံးတစ်ခု ပေါ်လွင်နေပေသည်။
ကိုယ်အလေးချိန် အနည်းငယ် တက်လာလျှင်ပင် ဧကရီတစ်ပါးအနေဖြင့် သူမသည် လူအများ၏ အာရုံစိုက်မှုကို ခံရမြဲပင်။
ယခုအခါတွင်မူ ဤသာမန်လူသားများကို ဧကရီတစ်ပါး၏ တကယ့်ခွန်အားကို ပြသရမည့်အချိန် ရောက်ပြီ ဖြစ်သည်။ သူမ၏ ကိုယ်လုံးမှာ အလှကြည့်သက်သက် မဟုတ်ပါချေ။
လုံယွဲ့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အရွယ်အစားမျိုးစုံရှိသော အလေးတုံးများ ရှိရာသို့ လျှောက်သွားလိုက်သည်။
"၁၀ ကီလိုဂရမ်... ၁၅ ကီလိုဂရမ်... ၂၀ ကီလိုဂရမ်... အကုန်လုံးက ပေါ့သလိုပဲ.."
သူမ၏ ရှေ့ရှိ အလေးတုံးများ၏ အလေးချိန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် စိတ်ပျက်သော အမူအရာကို ပြလိုက်သည်။ အတိတ်ကာလက သူမသည် လက်တစ်ချက် လှုပ်လိုက်ရုံနှင့် တောင်တန်းများကို ရွှေ့ပြောင်းနိုင်ကာ ပင်လယ်များကို ဖို့ပစ်နိုင်ပြီး တန်ပေါင်း သန်းချီသောအရာများကို အလွယ်တကူ မနိုင်သူ ဖြစ်သည်။ ဤ ၁၀ ကီလိုဂရမ်ကျော် ဆိုသည်မှာ သူမ၏ ရှေ့တွင် ဖုန်မှုန့်ထက်ပင် ပေါ့သေး၏။
ဘေးတစ်ဖက်စီတွင် ၃၀ ကီလိုဂရမ်ခန့် ရှိသော အလေးတုံးများကို မနေကြသည်ကို မြင်ရသဖြင့် သူမသည် ၄၀ ကီလိုဂရမ် ရှိသော အလေးတုံးရှိရာသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။
'သာမန်လူသားလေးတွေတောင် ၃၀ ကီလိုဂရမ် မနိုင်သေးရင် ဧကရီတစ်ပါးအနေနဲ့ သူတို့ထက် ပေါ့တာကို မလို့ ဘယ်ဖြစ်ပါ့မလဲ..'
နုနယ်သွယ်လျလှပသော လုံယွဲ့သည် ၄၀ ကီလိုဂရမ် အလေးတုံးရှိရာသို့ လျှောက်သွားသည်ကို ဂျင်အတွင်းရှိ လူများက တွေ့လိုက်ရချိန်တွင် အံ့အားသင့်သွားကြပြီး အချို့မှာ လေ့ကျင့်ခန်းလုပ်နေသည်ကိုပင် ရပ်ကာ စပ်စုသော အကြည့်ဖြင့် ကြည့်နေကြသည်။
'သူက ၄၀ ကီလိုဂရမ် အလေးတုံးကို စိန်ခေါ်တော့မှာလား..'
' ဒီလောက် သေးသွယ်တဲ့ မိန်းကလေးတစ်ယောက်က ၄၀ ကီလိုဂရမ်ကို ဘယ်လိုလုပ် မနိုင်မှာလဲ..'
'သူက ခွန်အားကို ဖုံးကွယ်ထားတဲ့ ပညာရှင်တစ်ယောက်များလား..'
"လင်းဖန်... မရီးက ၄၀ ကီလို အလေးတုံးကို မဖို့ လုပ်နေတာလား.. သူ အဲဒီလောက်အထိ သန်တာလား.."
ကျိုးရန်သည် လင်းဖန်အနားသို့ လျှောက်လာပြီး အားစိုက်တော့မည့် လုံယွဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ သူကိုယ်တိုင် ၄၀ ကီလိုဂရမ်ကို မ မဖူးသော်လည်း ၂၀ ကီလိုခန့်ရှိသော ရေသန့်ဘူးကြီး၏ အလေးချိန်ကိုမူ ကောင်းစွာ သိရှိသည်။ ၄၀ ကီလိုဂရမ် အလေးတုံးဆိုသည်မှာ ရေသန့်ဘူးကြီး နှစ်ဘူးကို လက်တစ်ဖက်တည်းဖြင့် မခြင်းနှင့် အတူတူပင် ဖြစ်သည်။
လင်းဖန်သည်လည်း လုံယွဲ့ကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေမိသည်။
"အရင်တုန်းကတော့ သူ တော်တော်သန်ပါတယ်.. ဒါပေမဲ့ အခုတော့..."
အရင်တုန်းကဆိုလျှင် ဤအလေးချိန်မှာ ဧကရီအတွက် ဘာမှ မဟုတ်သည်မှာ သေချာသော်လည်း ဒါက အရင်တုန်းကသာ ဖြစ်သည်။ ဧကရီမှာ ခန္ဓာကိုယ်ကို အဓိကထား ကျင့်ကြံသူ မဟုတ်သည်ကို သူ မှတ်မိနေသည်။ ယခု သူမ၌ ချီစွမ်းအားများ မရှိတော့ချိန်တွင် မည်မျှအထိ ခွန်အားရှိဦးမည်နည်း ဆိုသည်မှာ ပြောရခက်လှပေသည်။
လူအများ၏ အကြည့်များအောက်တွင် လုံယွဲ့သည် စင်ပေါ်ရှိ ၄၀ ကီလိုဂရမ် အလေးတုံးကို ဆုပ်ကိုင်လိုက်ပြီး အသာအယာ မကြည့်လိုက်သည်။ အလေးတုံးမှာ ကြမ်းပြင်ပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ တုပ်တုပ်မျှ မလှုပ်။
'ဟမ်... ဒီအရာလေးက တော်တော်လေး လေးတာပဲ..'
လုံယွဲ့က မျက်မှောင်ကြုတ်ကာ သူမ၏ လက်ထဲတွင် ကိုင်ထားသော အလေးတုံးကို အားကုန် သုံး၍ ဆွဲမလိုက်တော့သည်။
"အင့်... အင်း... အင်း..."
သူမသည် အသားကုန် အားစိုက်လိုက်သဖြင့် မျက်နှာလေးမှာ နီမြန်းသွားပြီး နဖူးတွင်လည်း အကြောများ ထောင်ထလာသော်လည်း လက်ထဲက အလေးတုံးမှာမူ လုံးဝ မလှုပ်ရှားပါချေ။
လူအများ : "..."
"ငါ ဘာတွေကို မျှော်လင့်နေမိတာလဲ..."
"ငါလည်း မသိဘူး..."
"သူ့ရဲ့ ကိုယ်လုံးနဲ့ လက်မောင်းကို ကြည့်ရုံနဲ့ ဒါကို မနိုင်ဘူးဆိုတာ ငတုံးတောင်သိတယ်.."
"ဓာတ်ပုံရိုက်ပြီး အမှတ်တရ တင်ချင်တဲ့ အင်တာနက် နာမည်ကြီး တစ်ယောက်ပဲ ဖြစ်မှာပါ.. ကဲ သွားကြစို့.."
လူအများ၏ မျှော်လင့်တကြီး အကြည့်များမှာ စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး လူစုကွဲသွားကြတော့သည်။
"ဟောဟဲ..ဟောဟဲ..ဟောဟဲ.."
လုံယွဲ့သည် အားကုန်သုံးခဲ့သော်လည်း အလေးတုံးကို မလှုပ်နိုင်သည့်အပြင် အသက်ရှူပင် ကျပ်သွားရသည်။ ဘေးပတ်ဝန်းကျင်မှ တိုးတိုးလေး လှောင်ပြောင်သံများကို ကြားရချိန်တွင် သူမ၏ နီမြန်းနေသော မျက်နှာလေးမှာ ပို၍ပင် နီမြန်းသွားပြီး လူအများကို ပြန်ကြည့်ရန်ပင် ရှက်ရွံ့နေတော့သည်။
သူမ၏ ကျင့်ကြံမှုနှင့် ချီစွမ်းအားတွေ မရှိတော့လျှင်ပင် ၄၀ ကီလိုဂရမ်လောက်ကို မနိုင်စရာ အကြောင်းမရှိဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဒါက သူမ၏ ခွန်အားကို ပြသရန် အခွင့်ကောင်းဟု ယူဆခဲ့မိသည်။ လက်တွေ့တွင်မူ သူမသည် ကျန်ရှိနေသော သူမ၏ ခွန်အားကို အထင်ကြီးခဲ့မိပုံရသည်။
သူမ ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ ဝိညာဥ်ချီစွမ်းအားများ မရှိတော့လျှင် သူမသည် ကြက်မ တစ်ကောင်ကိုပင် ဖမ်းရန် ခွန်အားမရှိသော သာမန် အမျိုးသမီးတစ်ဦးနှင့် ဘာမှ မခြားနားတော့ပေ။ မဟုတ်.. ဂျင်အတွင်းရှိ တခြားသော သာမန်အမျိုးသမီးများထက်ပင် သူမက အားနည်းနေဦးမည် ဖြစ်သည်။
"ဧကရီ... ဒါလေးကို စမ်းကြည့်မလား.. ဒါက ဧကရီအတွက် ပိုသင့်တော်လိမ့်မယ်.. အသစ်စမယ့်သူတွေ အကုန်လုံးက ဒီကနေပဲ စကြတာပါ.."
လင်းဖန်က ရှေ့သို့ လှမ်းလာပြီး လုံယွဲ့အား ၂ ကီလိုဂရမ်ရှိသော ပန်းရောင်အလေးတုံးကလေးတစ်ခုကို ကမ်းပေးလိုက်သည်။
လုံယွဲ့ : "..."
သူမ၏ ရှေ့မှ ပန်းရောင် အလေးတုံးကလေးကို ကြည့်ရင်း လုံယွဲ့မှာ အကြီးအကျယ် အရှက်ရသွားသကဲ့သို့ ခံစားလိုက်ရပါတော့သည်။