ဆိုးလိုက်တာ၊ မြေးက အဘိုးရဲ့ မောင်းမဆောင်ထဲ ခိုးဝင်ရတယ်လို့ (၁)
Vol. 1 Ch. 1
[မနက် ၃ နာရီမှာ ထပြီး ညီလာခံ တက်ရတယ်လို့ ... ဒီအသုံးမကျတဲ့ ဧကရာဇ်ကတော့ လူသားဆန်မှု မရှိဘူးပဲ]
ရှုရန်မြောင်သည် ပေါက်စီတစ်လုံးကို ရင်ဘတ်ထဲသို့ အသာထိုးထည့်ကာ အေးစိမ့်လှသော လေစိမ်းတို့ကို အံတုရင်း နန်းရင်ပြင်ထဲသို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်ဝင်လာခဲ့သည်။ ထို့နောက် ချောင်ကျသော နေရာတစ်ခုတွင် ဝင်ထိုင်ကာ ပေါက်စီကို တစ်ကိုက်ချင်း မြိန်ယှက်စွာ စားသုံးရင်း စနစ်မှ ဖော်ပြနေသော အတင်းအဖျင်း သတင်း အချက်အလက်တို့ကို စိတ်ဝင်တစား ဖတ်ရှုနေမိသည်။
[ပြည်နယ်စုံစမ်းစစ်ဆေးရေးမှူးက ငါးမျှားထွက်နေတာ ၁၅ ရက်တောင် ရှိပြီ၊ တစ်ကောင်မှ မရသေးဘူးတဲ့လား။ ဟားဟား ... သူ့ရဲ့ ငါးမျှားတဲ့ အရည်အချင်းကတော့ တကယ့်ကို အဆိုးတကာ့ အဆိုးဆုံးပဲ]
[စစ်မက်ရေးရာဝန်ကြီးကလည်း ရေမချိုး၊ အင်္ကျီမလဲရုံတင်မကဘူး၊ ခြေအိတ်တောင် မလဲတာ ၇ ရက်တောင် ရှိပြီတဲ့။ မနေ့ညကတော့ သူ့ဇနီးက သည်းမခံနိုင်တော့ဘဲ အိပ်ခန်းထဲကနေ ကန်ထုတ်လိုက်ပြီလေ။ တကယ်တော့ အဲ့ဒီဝန်ကြီးကတော် ၇ ရက်တောင် သည်းခံပေးခဲ့တာကိုက အံ့ဩစရာပဲ၊ ငါသာဆိုရင် တစ်ရက်တောင် ခံနိုင်မှာ မဟုတ်ဘူး။]
[အိုး... အိုး... ယဉ်ကျေးမှုဝန်ကြီးကကျတော့...]
"အဟမ်း..."
ချောင်းဟန့်သံကြောင့် ရှုရန်မြောင် မော့ကြည့်လိုက်မိပြီး ရိုသေစွာ မတ်တပ်ရပ်လိုက်သည်။
"အမတ်မင်းကျန်း... ကျွန်တော့်ကို ဘာများ ခိုင်းစရာရှိလို့လဲခင်ဗျာ"
ယဉ်ကျေးမှုဝန်ကြီး ကျန်းဖန်းသည် သူ၏မုတ်ဆိတ်ကို အသာသပ်ကာ ပြုံးနေသည်။
"ရှုလောင်. .. မင်းစားနေတဲ့ ပေါက်စီက ဘယ်ကဝယ်တာလဲ။ အနံ့လေးက တော်တော်လေး မွှေးတာပဲ"
"ဪ ... ဒါကတော့ ..."
ရှုရန်မြောင်၏ ရှင်းပြချက်အပြီးတွင်တော့ ကျန်းဖန်းသည် စကားလမ်းကြောင်းကို အသာအယာပင် လွှဲပြောင်း လိုက်လေသည်။ ရှုရန်မြောင်အား ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံရသဖြင့် မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ဘူးလားဟု ရင်းရင်းနှီးနှီး မေးမြန်းလာ၏။ ထို့နောက် အလုပ်တာဝန်များကပင် အလွန်အမင်း ဖိစီးနေသလော၊ ယခုကဲ့သို့ အေးစိမ့်သော ရာသီဥတုတွင် အဝတ်အစား ခပ်ပါးပါးသာ ဝတ်ဆင်ထားသည်ကို ကြည့်ခြင်းအားဖြင့် အိမ်ရှိ အစေခံများကများ ပေါ့ဆနေကြသလော စသည်ဖြင့် တစ်ခုပြီးတစ်ခု မေးခွန်းထုတ် လာတော့သည်။
စားသောက်နေထိုင်မှုမှသည် အတွေးအခေါ်နှင့် ကဗျာလင်္ကာများအထိ စကားဝိုင်းမှာ တရစပ် ရှည်လျားနေခဲ့ပြီး ညီလာခံ တက်ချိန်ရောက်ခါနီးမှပင် ကျန်းဖန်းသည် သူ၏မုတ်ဆိတ်ကို တစ်ဖန် ပြန်သပ်ကာ ခပ်ဖွဖွရယ်မောလျက် နှုတ်ဆက် ထွက်ခွာသွားတော့သည်။
ရှုရန်မြောင်လည်း သက်ပြင်းသာသာ ချလိုက်မိ၏။
[ယဉ်ကျေးမှုဝန်ကြီးက ဒီလောက်တောင် စကားများတတ်တာလား။ သူနဲ့စကားပြောနေရတာနဲ့ အတင်းအဖျင်း သတင်းအချက်အလက်တွေကိုတောင် စစ်ဆေးဖို့ အချိန်မရလိုက်ဘူး]
[ဘာပဲဖြစ်ဖြစ်လေ ... ညီလာခံ တက်ရမယ့်အချိန် ရောက်ပြီပဲ။]
ရှုရန်မြောင် ရှေ့သို့လှမ်းကြည့်လိုက်သောအခါ ကျန်းဖန်းသည် ထူးထူးခြားခြား ပေါ့ပါးသွက်လက်သော ခြေလှမ်း များဖြင့် ထွက်ခွာသွားသည်ကို တွေ့လိုက်ရ၏။ တစ်စုံတစ်ရာသော သတင်းကောင်းကို ကြားလိုက်ရသည့် အလားပင်။ ထို့ပြင် ... စစ်မက်ရေးရာဝန်ကြီးကလည်း ကျန်းဖန်းအား မကျေမနပ်ဖြစ်နေသော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်ကို သူ သတိပြုမိလိုက်သည်။
[ဟင်]
[နေပါဦး ... ယဉ်ကျေးမှုဝန်ကြီးနဲ့ စစ်မက်ရေးရာဝန်ကြီးတို့ကြားမှာ တစ်ဦးပေါ်တစ်ဦး မဖော်ပြနိုင်တဲ့ အချစ် ဇာတ်လမ်းဟောင်းတွေများ ရှိနေခဲ့တာလား။ "မင်းကို ချစ်ပါလျက်နဲ့ တခြားသူနဲ့ လက်ထပ်ခဲ့ရလို့... မင်းကလဲ ငါ့ကို ဝမ်းနည်းကြေကွဲစွာနဲ့ တစ်ချက်လောက် လှည့်ကြည့်နိုင်ဖို့အတွက် ရာထူးဂုဏ်ရှိန်တွေရအောင် အစွမ်းကုန် ကြိုးစားခဲ့ရတယ်" ဆိုတဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းမျိုးလား]
"ဘုန်း"
ထိုသို့တွေးလိုက်စဉ်မှာပင် ယဉ်ကျေးမှုဝန်ကြီးသည် ဝတ်ရုံစနှင့် ငြိကာ ရှေ့သို့ မှောက်ခုံကြီး လဲကျသွားတော့သည်။
ရှုရန်မြောင်လည်း သူ၏ စိတ်ကူးယဉ်အတွေးတို့ကို အမြန်ရပ်တန့်လိုက်ပြီး အမတ်မင်းကျန်းအား ဝိုင်းဝန်း ကူညီကြသည့် တခြားအရာရှိများနောက်သို့ အပြေးအလွှား လိုက်ပါသွား၏။ ထိုစဉ် ရှုရန်မြောင်က မျက်လုံးအစွန်ဖြင့် ကြည့်လိုက်ရာ စစ်မက်ရေးရာဝန်ကြီးမှာ အခင်းဖြစ်ပွားရာနေရာနှင့် ခပ်လှမ်းလှမ်းတွင် တမင်တကာ ရှောင်ဖယ်နေသည့်အလား မတ်တပ်ရပ်နေသည်ကို သတိပြုမိလိုက်သည်။
[ဟင်... ဒါက... လူအများ သင်္ကာမကင်းဖြစ်မှာ စိုးလို့ ရှောင်နေတာလား။ "ဒီမှာ ဘာမှမရှိပါဘူး" ဆိုပြီး ဟန်ဆောင် ပြနေသလိုပဲ...]
စစ်မက်ရေးရာဝန်ကြီးက ရုတ်တရက် အသံမြှင့်၍ မေးလိုက်သည်။
"အမတ်မင်းကျန်း... ဘာမှမဖြစ်ဘူး မဟုတ်လား"
ကျန်းဖန်းကလည်း ချက်ချင်းပင် ပြန်လည်ဖြေကြား၏။
"ဘာမှမဖြစ်ပါဘူး... ညီနောင်လီ၊ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်"
တစ်ဦးက ပြုံးပြသကဲ့သို့ အခြားတစ်ဦးကလည်း ပြန်လည်ပြုံးပြလိုက်သည်။ ထိုအပြုံးများမှာ လူကြီးများကြားတွင် ထုံးစံအတိုင်း ရှိတတ်ကြသော ဟန်ဆောင် ယဉ်ကျေးမှုများဖြင့် ပြည့်နှက်နေလေသည်။
ရှုရန်မြောင်သည် သူ့ပေါက်စီကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပြီး မျက်လုံးများမှာ အရောင်တောက်လျက် ရှိနေတော့သည်။
[ဒါဟာ မပြတ်သေးတဲ့ သံယောဇဉ်တွေပဲ။ မပြတ်နိုင်သေးတဲ့ သံယောဇဉ်ဟောင်းတွေပဲ]
အမှန်စင်စစ် ရှုရန်မြောင်သည် နန်းတွင်းစာမေးပွဲတွင် မသမာမှုလုပ်သည်ဟု စွပ်စွဲခံရကာ မကြာမီကာလအတွင်း၌ ကွပ်မျက်ရာပြင်သို့ တက်လှမ်းရတော့မည့် ကံကြမ္မာဆိုးရှင်တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့်လည်း သူလုပ်နိုင်သည့် တစ်ခုတည်းသော အလုပ်မှာ ဤကဲ့သို့ အတင်းအဖျင်း သတင်းများကို ဖတ်ရှုရင်း အချိန်ဖြုန်းနေခြင်းသာ ဖြစ်ပေတော့သည်။
[တွေ့လား... သူတို့ကြားမှာ နာမည်ပျက်ဇာတ်လမ်းဟောင်းတွေ ရှိပါတယ်လို့ ငါပြောသားပဲ။ တစ်ယောက်က မှောက်ခုံလဲလိုက်တာနဲ့ နောက်တစ်ယောက်က စိုးရိမ်တကြီး မေးမြန်းတာကို မအောင့်နိုင်မအင်းနိုင် ဖြစ်သွား တာလေ။]
[အိုး... အိုး... အခုတော့ သူတို့ရဲ့ အပြုံးတွေက တောင့်တင်းသွားကြပြန်ပြီ။ သူတို့ရဲ့ ခံစားချက်တွေ အမှတ်မထင် ပေါက်ကြားသွားတာကို သတိထားမိသွားကြလို့လား။ အခုတော့ အခြေအနေကို ဖုံးဖုံးဖိဖိ လုပ်နေကြပြီပေါ့လေ]
စစ်မက်ရေးရာဝန်ကြီးသည် ကျန်းဖန်းအား မေးမြန်းပြီးနောက် တံခါးဝဆီသို့ ပြတ်သားသော ခြေလှမ်းများဖြင့် လှည့်ထွက်သွားစဉ် ရှုရန်မြောင်သည် လူအုပ်ကြားမှနေ၍ ဝန်ကြီး၏ နောက်ကျောပြင်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
[ထူးဆန်းလိုက်တာ ... စစ်မက်ရေးရာဝန်ကြီးက ဘာလို့ ထွက်ပြေးနေသလိုမျိုး ခံစားနေရတာလဲ၊ ပြီးတော့ ဘာလို့ ချွေးတွေ သုတ်နေရတာလဲ]
အမှန်တကယ်တော့ ရှုရန်မြောင်သည် သူ၏ စိတ်ကူးယဉ်ဇာတ်လမ်းများကို အတည်တကျ သဘောထားခဲ့သည် မဟုတ်ပါ။ ဤအတွေးများမှာ ပျင်းရိငြီးငွေ့စရာကောင်းသော နေ့ရက်များတွင် မိမိဘာသာ ဖျော်ဖြေနေခြင်းသာ ဖြစ်ပေသည်။
[မဟုတ်မှလွဲရော …]
ရှုရန်မြောင်၏ ဘေးနားမှ ဖြတ်လျှောက်သွားကြသော အမတ်အချို့သည် ထိုအတွေးစကားကြောင့် ရုတ်တရက် ဆိုသလို တစ်ကိုယ်လုံး တောင့်တင်းသွားကြတော့သည်။
[...ဒီနေ့ ညီလာခံထဲမှာ တစ်ခုခု အကြီးအကျယ် ဖြစ်တော့မှာမလို့လား]
သို့သော် ထိုသို့တွေးလိုက်ရုံသာ ရှိသေးသည်၊ သူ၏ ဘေးပတ်ဝန်းကျင်ဆီမှ သက်ပြင်းချသံ ခပ်တိုးတိုးအချို့ကို ကြားလိုက်ရလေသည်။ ရှုရန်မြောင်မှာမူ ဘာကိုမှ နားမလည်နိုင်တော့ဘဲ ဝေခွဲမရဖြစ်လျက် ဘေးသို့သာ အသာ ဖယ်ပေး လိုက်တော့သည်။
ရှုရန်မြောင်သည် ဝိညာဉ်ကူးပြောင်းလာသူတစ်ဦး ဖြစ်သည်။
သို့သော် သူသည် အသုံးမကျလှသော ဝိညာဉ်ကူးပြောင်းသူတစ်ဦးသာ ဖြစ်ပေသည်။ စိုက်ပျိုးရေးနှင့် လက်မှု လုပ်ငန်း တို့တွင် ကျွမ်းကျင်မှုမရှိသလို၊ ကောက်ပဲသီးနှံတို့ကိုပင် အမျိုးအမည် ခွဲခြားနိုင်သူ မဟုတ်ပေ။ ထို့ပြင် တစ်ကီလိုမီတာခန့် ခရီးကိုပင် အမောတကော မဖြစ်ဘဲ မပြေးနိုင်လောက်အောင်ပင် အားအင်ချည့်နဲ့သူလည်း ဖြစ်သည်။
ဝိညာဉ်ကူးပြောင်းသူတို့၏ ထုံးစံအတိုင်း ပါလာတတ်သော အရည်အချင်းများဖြစ်သည့် သံရည်ကျိုခြင်း၊ ယမ်းမှုန့် ဖော်စပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ မိုးပျံပူဖောင်း တည်ဆောက်ခြင်း သို့မဟုတ် ရေနွေးငွေ့အင်ဂျင် ဒီဇိုင်း ထုတ်ခြင်း စသည်တို့ထဲမှ တစ်ခုကိုမျှ သူ မတတ်မြောက်ပေ။
သူ့အတွက် တစ်ခုတည်းသော ကံကောင်းမှုမှာ စနစ်တစ်ခု ပါလာခြင်းပင်။ သို့သော် ထိုစနစ်မှာလည်း အလွန်အမင်း အသုံးဝင်လှသည်တော့ မဟုတ်ပေ။ အဆုံးမရှိသော အတင်းအဖျင်း သတင်းအချက်အလက်များကိုသာ ပေးစွမ်း နိုင်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မရှိတာထက်စာလျှင် ရွှေလက်ချောင်းတစ်ခု ပါလာသည်က တော်သေး သည်ဟု ဆိုရမည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုစနစ်ကိုယ်တိုင်က...
[ဟယ်လို ... စနစ် ... ငါပြောတာ ကြားရလား]
[ရှဲ ... ရှဲ ... စနစ် ချို့ယွင်းနေပါသည် ... ရှဲ ...]
ယနေ့သည်လည်း စနစ်အလုပ်မလုပ်သော နေ့ရက်များထဲမှ တစ်ရက်ပင် ဖြစ်ပြန်သည်။
ရှုရန်မြောင်သည် ဂရုမစိုက်ဟန်ဖြင့် ပခုံးတစ်ချက်တွန့်လိုက်ပြီးနောက် သူ၏ အမတ်ဦးထုပ်ကို ပြင်ဆင်ကာ ညီလာခံ တက်ရန်အတွက် တန်းစီနေသူများ၏ နောက်ဆုံးမှ လိုက်ပါလာခဲ့သည်။
သူ၏ လက်ရှိခန္ဓာကိုယ်မှာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပြီး ထူးချွန် ထက်မြက် လှသည့် ပါရမီရှင်တစ်ဦးတော့ မဟုတ်ပေ။ မူလက သူသည် အတွေ့အကြုံရရန်အတွက်သာ နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုစဉ်က ပြည်နယ်ပေါင်း တစ်ဆယ်ကျော်ကို ထိခိုက်စေခဲ့သည့် ကြီးမားသော ရေဘေး ဒုက္ခတစ်ခု ကျရောက်ခဲ့သည်။ ဧကရာဇ်မင်းမြတ်သည် သနား ကရုဏာ သက်တော်မူသဖြင့် စာမေးပွဲ ဖြေဆိုသူ အားလုံးကို "ရှို့ချိုင်" ဘွဲ့ အပ်နှင်းခဲ့ပြီး ပြည်နယ်အဆင့် စာမေးပွဲကို တိုက်ရိုက်ဖြေဆိုခွင့် ပြုခဲ့သည်။
ရှုရန်မြောင်၏ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ထိုသူများထဲမှ တစ်ဦးပင် ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပြည်နယ်အဆင့် စာမေးပွဲ အောင်ချက်မှာ ၁၀ ရာခိုင်နှုန်းပင် မပြည့်သဖြင့် နန်းတွင်းမှ စာမေးပွဲကျရှုံးသူများအတွက် အထောက်အပံ့ပေးသော မူဝါဒအချို့ကို ချမှတ်ခဲ့သည်။ ထိုမူဝါဒများတွင် ရှို့ချိုင်ဘွဲ့ကို ဆက်လက်ထိန်းသိမ်းခွင့်ပေးခြင်း၊ နန်းတွင်းတက္ကသိုလ်တွင် ပညာသင်ကြားခွင့်ပေးခြင်းနှင့် စာမေးပွဲ ပြန်လည်ဖြေဆိုခွင့် သို့မဟုတ် အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်းများကို စောင့်ဆိုင်း ခွင့်ပေးခြင်းတို့ ပါဝင်သည်။
ရှုရန်မြောင်၏ ကံဇာတက အလွန်ပင် ထူးခြားလှသည်ဟု ဆိုရမည်။ တက္ကသိုလ်ဝင်ပြီး မကြာမီမှာပင် ရာထူး ခန့်ထားရေး ဝန်ကြီးဌာနမှ သူ့ကို ရွေးချယ်ခဲ့သဖြင့် ဝန်ထမ်းရေးရာဝန်ကြီးဌာနတွင် နဝမအဆင့် စာရေးအရာရှိ ဖြစ်လာခဲ့သည်။
အချုပ်အားဖြင့်ဆိုရသော် သူ၏ တာဝန်မှာ စာရွက်စာတမ်းများ ဖိုင်တွဲခြင်း၊ အထွေထွေကိစ္စရပ်များကို မှတ်တမ်း တင်ခြင်းနှင့် ဌာနအသီးသီးသို့ တာဝန်ခွဲဝေမှုများကို ဖြန့်ဝေပေးခြင်းတို့သာ ဖြစ်သည်။
[ငါလို အဆင့်နိမ့်အရာရှိလေးတစ်ယောက်ကို ယဉ်ကျေးမှုဝန်ကြီးက ဘာကြောင့်များ ဒီမနက် အတင်းအဓမ္မ လာပြီး စကားပြောနေရတာလဲ]