← Chapters

ဆိုးလိုက်တာ၊ မြေးက အဘိုးရဲ့ မောင်းမဆောင်ထဲ ခိုးဝင်ရတယ်လို့ (၂)

Vol. 1 Ch. 2

ဆိုးလိုက်တာ၊ မြေးက အဘိုးရဲ့ မောင်းမဆောင်ထဲ ခိုးဝင်ရတယ်လို့ (၂)

Vol. 1 Ch. 2

အထက်မှ အခမ်းအနားမှူး၏ ဟိန်းထွက်လာသော အသံကို ကြားလိုက်ရသည်။

"ဒူးထောက်စေ"

ရှုရန်မြောင်သည်လည်း လူအုပ်ကြီးနှင့်အတူ လိုက်ပါကာ ဒူးထောက်ချလိုက်၏။

"ဦးတိုက်စေ"

သူသည် နာခံမှုရှိစွာဖြင့်ပင် ထပ်မံလိုက်ပါလျက် ဦးခေါင်းကို နိမ့်ချကာ ဦးတိုက်လိုက်ပြန်သည်။

သက်တော် ကြီးရင့်လှပြီ ဖြစ်သော ဧကရာဇ်မင်းမြတ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ခန့်မှန်းမိသဖြင့် ရှုရန်မြောင်သည် သိချင်စိတ်ဖြင့် ခေါင်းကိုအသာမော့ကာ ခိုးကြည့်လိုက်သော်လည်း ဘာကိုမျှ မမြင်ရပေ။ သူ့ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ စည်ကားလှသဖြင့် မြင်ကွင်းကို ပိတ်ဆို့ထားကာ သူ့ရှေ့ရှိ လူ၏ နောက်ကျောပြင်ကိုသာ မြင်နေရ တော့သည်။

ရှုရန်မြောင်သည် အလိုအလျောက်ပင် တွေးလိုက်မိသည်မှာ …

[တင်ပါးက တော်တော်လေး လုံးဝန်းတာပဲ။ အမတ်ဖြစ်ဖို့ဆိုတာ ရုပ်ရည်တင်မကဘဲ တင်ပါးအချိုးအစားပေါ်မှာပါ မူတည် နေတာလား]

တိတ်ဆိတ် ငြိမ်သက်နေသော ဧကရာဇ်မင်း၏ လမ်းမတော် တစ်လျှောက် ဘေးတစ်ဖက်တစ်ချက်စီမှ ချောင်းဟန့်သံ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ပဲ့တင်ထပ်သွားတော့သည်။ ကြည့်ရသည်မှာ အချို့သူများသည် သူတို့၏ တံတွေးနှင့်ပင် သူတို့ ပြန်သီးကုန်ကြသည့် အလားပင်။

"..."

ရွှေရောင် ပလ္လင်ထက်ဝယ် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် မိန်းမစိုးအရာရှိက ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို ပြန်လည်ဆင့်ဆိုလေသည်။

"မကြာသေးမီက မြို့တော်၏ ရာထူးဥတုမှာ ပိုမိုအေးစိမ့်လာခဲ့သည်။ လူတိုင်း မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက် ကြရန်နှင့် အအေးမိခြင်းမှ ကာကွယ်ကြရန် အမိန့်တော် မှတ်လိုက်သည်"

အမတ်အပေါင်းတို့သည် ဧကရာဇ်မင်းမြတ်၏ ဂရုဏာတော်ကို ကျေးဇူးတင်ရှိကြောင်း ပြိုင်တူအော်ဟစ်လျက် ဦးညွှတ်လိုက်ကြတော့သည်။

ရှုရန်မြောင်သည်လည်း တခြားသူများ၏ အပြုအမူအတိုင်း ကျွမ်းကျင်စွာပင် လိုက်ပါလုပ်ဆောင်ရင်း စိတ်ထဲမှ တွေးနေမိသည်မှာ …

[ဧကရာဇ်က ဒေါသကြီးပြီး စိတ်ခန့်မှန်းရခက်တယ်လို့ သတင်းထွက်နေတာ မဟုတ်လား။ ခုနက ချောင်းဟန့်တဲ့ အသံတွေဟာ ဧကရာဇ်ရှေ့မှောက်မှာ ရိုသေမှုမရှိတာပဲ။ ဒါကိုတောင် သူက ဘာမှအရေးမယူဘူး ဆိုတော့ သတင်းတွေ ထဲကလောက် စိတ်တိုတတ်ပုံ မရပါဘူး]

ရှုရန်မြောင်သည် ဘေးဘက်သို့ အသာ ဝေ့ကြည့်လိုက်ရာ တစ်စုံတစ်ယောက်မှာ သူ၏နဖူးပြင်မှ ချွေးစက်များကို ပျာပျာသလဲ သုတ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။

[ဧကရာဇ်က တကယ်ပဲ အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။]

*အခုလို ဆောင်းတွင်းအလယ်ကြီးမှာ ကြောက်စိတ်ကြောင့် ချွေးတွေပြန်နေတာလား*

ချွေးသုတ်နေသော ထိုသူမှာ ငိုတော့မည့်ရုပ်နှင့် ဖြစ်နေတော့သည်။ သူတစ်ယောက်တည်းသာ မဟုတ်၊ ရှုရန်မြောင်၏ ပတ်ဝန်းကျင်ရှိ လူအတော်များများမှာလည်း ချမ်းအေးလှသော ရာသီဥတုတွင် ချွေးများပြန်နေကြပြီး အချို့မှာမူ တုန်တုန်ရင်ရင် ဖြစ်နေကြသည်ကို သတိပြုမိလိုက်သည်။ အဆိုးဆုံးမှာ သူ၏ ညာဘက်မှ လူပင်ဖြစ်၏။ ထိုသူမှာ ဧကရာဇ်၏ အမျက်တော်ရှခြင်းကို ခံရတော့မည်ဟု အခိုင်အမာ ယုံကြည်နေသည့်အလား မျက်ရည်များမှာ မိုးပေါက်များကဲ့သို့ စီးကျနေလေသည်။

ရှုရန်မြောင်မှာမူ: “???”

ထိုစဉ် မျက်ရည်စများနှင့် ထိုသူက တိုးတိုးလေး ကပ်ပြောလာ၏။

"ဆရာရှု..."

ရှုရန်မြောင်သည် ယဉ်ကျေးသော အပြုံးတစ်ခုကို အတင်း လုပ်ပြရင်း အသံကိုနှိမ့်ကာ ပြန်ထူးလိုက်သည်။

"ဘာကိစ္စများ ရှိလို့လဲ ညီနောင်။"

ထိုသူက ရှုံ့ရှုံ့ပွပွဖြင့် ပြောလာသည်။

"ကျွန်တော် ခံစားရတာကတော့ ... အရှင်မင်းကြီးက အခုထိ သူ့ဘဝရဲ့ အရွယ်ကောင်းမှာ ရှိနေတုန်းပဲ၊ ဇရာလက္ခဏာ တစ်စက်ကလေးတောင် မရှိသေးဘူး ... ခင်ဗျားလဲ အဲ့ဒီလိုပဲ ထင်တယ် မဟုတ်လား"

ရှုရန်မြောင် : ???!

ရှုရန်မြောင်သည် ပြုံးမြဲအတိုင်းပင် နေရင်းမှ ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်လဲ အဲ့ဒီအတိုင်းပဲ ထင်ပါတယ်"

[ဘာလို့ ဒါကို ရုတ်တရက်ကြီး ထပြောတာလဲ။ အနားမှာ ဧကရာဇ်ရဲ့ လျှို့ဝှက် ထောက်လှမ်းရေးတွေများ ရှိနေလို့လား။ သူက အဲ့ဒီလူတွေကို သစ္စာရှိကြောင်း ပြချင်နေတာလား]

[ဒါပေမဲ့ အံ့ဩဖို့တော့ ကောင်းသားပဲ၊ သူ နန်းတွင်းအမတ် ဖြစ်လာတာ မဆန်းပါဘူးလေ။ မျက်နှာသေနဲ့ကို အဓိပ္ပာယ် မရှိတာတွေကို လျှောက်ပြောနိုင်တာပဲ။ ဧကရာဇ်က ဒီနှစ်ဆို အသက် ၆၃ နှစ်တောင် ရှိပြီ၊ ဆံပင်ဖြူတွေနဲ့ အရေးအကြောင်းတွေ မရှိဘဲ ဘယ်နေပါ့မလဲ။ ဒါကိုတောင် ဒီလူက ဇရာလက္ခဏာ တစ်စက်မှမရှိဘူးလို့ ရဲရဲကြီး ပြောထွက်သေးတယ်]

စိတ်ကူးယဉ်နေရာမှ ရှုရန်မြောင် သတိပြန်ဝင်လာချိန်တွင် ထိုသူမှာ ကြမ်းပြင်ပေါ်၌ မှောက်ခုံကြီး ဝပ်စင်းနေပြီး နဖူးကို လက်နှစ်ဖက်နှင့် ဖိထားသည်ကို တွေ့လိုက်ရ၏။ သူ ငိုနေတုန်းလား ဆိုသည်ကိုတော့ မသေချာတော့ပေ။

ရွှေရောင် ပလ္လင်တော်ထက်ဆီမှမူ ထူးဆန်းအေးစိမ့်လှသော တိတ်ဆိတ်ခြင်းတို့သည် တစ်ဖန် စိုးမိုး သွားပြန် တော့သည်။

အသက် နှစ်ကြိမ်၊ သုံးကြိမ် ရှူစာချိန် အကျော်၌ မိန်းမစိုးအရာရှိ၏ ကြေညာသံ ထွက်ပေါ်လာလေသည်။

"အခမ်းအနား ပြီးမြောက်စေ"

"ထစေ"

အမတ်အပေါင်းတို့သည် တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြသော်လည်း သူတို့၏ လှုပ်ရှားမှုများမှာ စိတ်မရှည် သကဲ့သို့ ဖြစ်နေကြပြီး ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ချင်နေကြသည့်အလားပင်။

ထို့နောက် ဧကရာဇ်မင်းမြတ်သည် အမတ်များနှင့်အတူ နိုင်ငံတော်စီမံကိန်းများကို စတင်ဆွေးနွေးလေတော့သည်။

အမတ်အားလုံးနှင့် ဆွေးနွေးခြင်းတော့ မဟုတ်ပေ။ အမှန်စင်စစ် ဤကဲ့သို့သော နေရာမျိုးတွင် ဧကရာဇ်နှင့် တိုက်ရိုက် စကားပြောဆိုခွင့် ရှိသူများမှာ ဒုတိယအဆင့်နှင့် ထိုထက်မြင့်သော အဆင့်ရှိသည့် အမတ်ကြီးများသာ ဖြစ်သည်။

အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ဆုံးဖြတ်ကြ၏။ အင်ပါယာအတွင်းရှိ ပြည်သူလူထု၏ ဘဝများကို သက်ရောက်စေမည့် မူဝါဒများကို ဤနန်းရင်ပြင်ထက်တွင်ပင် ဖော်ဆောင်နေကြခြင်း ဖြစ်သည်။ အချို့ကို အတည်ပြုပြီး အချို့ကိုမူ ပယ်ချလိုက်ကြသည်။

သူတို့သည် တိုင်းပြည်ကို ပုံဖော်နေကြခြင်း ဖြစ်သည်။ သန်းပေါင်းများစွာသော လူသားတို့၏ ကံကြမ္မာကို သူတို့က ဆုံးဖြတ်ပေးနေကြခြင်းပင်။

ထိုအချိန်တွင် ရှုရန်မြောင်မှာမူ လူအုပ်ကြားထဲ၌ ရပ်နေရင်း တိတ်ဆိတ်စွာ နားထောင်နေမိသည်။ ဤဆွေးနွေးချက် များသည် နောက်ဆုံးတွင် သူ၏ စားပွဲထက်သို့ ရောက်ရှိလာမည့် စာရွက်စာတမ်းများအဖြစ် ပြောင်းလဲသွားမည်ကို သူ သိရှိထားသည်။ ထိုအေးစက်စက်နှင့် တရားဝင်ဆန်လှသော စာရွက်စာတမ်းများသည် သူ၏လက်မှ တစ်ဆင့် အင်ပါယာ တစ်ဝန်းသို့ ပျံ့နှံ့သွားမည် ဖြစ်သည်။

ဤအချက်ကို တွေးမိသောအခါ ရှုရန်မြောင်၏ စိတ်ထဲတွင် ခံစားချက်တို့ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

[ငါကော ဘယ်တော့မှ ရာထူးတွေတက်ပြီး အာဏာရှိတဲ့သူတစ်ယောက် ဖြစ်လာမလဲ။ ငါကိုယ်တိုင် တိုင်းပြည်နဲ့ ပြည်သူ လူထုအတွက် ပုံဖော်ပေးခွင့်ရမယ့်နေ့က ဘယ်တော့များပါလိမ့်။

[ငါ ကြိုးစားမှ ဖြစ်မယ်]

[ကြီးကျယ် မြင့်မြတ်တဲ့ သူတစ်ယောက် ဖြစ်လာဖို့ ငါ အစွမ်းကုန် ကြိုးစားရမယ်]

ရှုရန်မြောင်သည် ခေါင်းကိုအသာမော့၍ အထက်က ကြည်လင်နေသော ကောင်းကင်ယံကို ကြည့်လိုက်မိသောအခါ ယနေ့နံနက် အစောကြီး သုံးနာရီတွင် အိပ်ရာမှနိုးခဲ့ရပုံနှင့် အေးစိမ့်လှသော လေစိမ်းတို့ကို အံတုကာ လာခဲ့ရပုံတို့ကို ပြန်လည်အမှတ်ရသွားသည်။

[ဟင်း ...]

[ထားလိုက်ပါတော့လေ။ ငါလို အသုံးမကျတဲ့သူကတော့ အသာလေးပဲ အေးအေးဆေးဆေး နေလိုက်တာ ပိုကောင်း ပါတယ်။ ဧကရာဇ်ကလဲ ဒါတွေကို ဘယ်တော့များမှ အဆုံးသတ်မှာပါလိမ့်။ ဗိုက်ကလည်း အတော်လေး ဆာနေပြီ။ အချိန်ဖြုန်းဖို့ တစ်ခုခု လုပ်မှဖြစ်မယ် ...]

[ကဲ ... အတင်းအဖျင်း သတင်းလေးတွေပဲ ပြန်ကြည့်လိုက်ပါဦးမယ်]

ရှုရန်မြောင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ စနစ်ကို ဖွင့်လိုက်တော့သည်။ မိမိ၏ ပတ်ဝန်းကျင်ရှိ လူအပေါင်းက သူ့အား ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်ကိုမူ သူ လုံးဝ သတိမထားမိပေ။

[ဝါး … ဧကရာဇ်က မနေ့ကပဲ အသက် ဆယ့်ခြောက်နှစ်အရွယ် ကိုယ်လုပ်တော် တစ်ယောက် ယူလိုက်တာပဲ၊ ပွင့်လန်းနေတဲ့ သစ်တော်ပင်ကို တောင်ဝှေးပင်က ဖိနင်းနေတာပဲ၊ … သူ့အသက်အရွယ်မှာတောင် သန်မာ နေတုန်းပဲကိုး၊ သူတို့ တစ်ညလုံး နှစ်ပါးသွားခဲ့တာတောင် အခု ညီလာခံမှာ အားအင် အပြည့်နဲ့ တက်ကြွ လန်းဆန်းနေတုန်းပဲ၊ အံ့ဩစရာပဲ]

[ပြီးတော့ ဒီကိုယ်လုပ်တော်က တစ်ချိန်က တော်ဝင် မြေးတော်ရဲ့ မယားငယ် ဖြစ်ခဲ့တာပဲ၊ ဝါး … ဝါး … ဝါး … တော်ဝင် မြေးတော်က နာကျင်ခြင်း၊ ဖက်တွယ်ခြင်းနှင့် မျက်ရည်စိုစွတ်သော အချစ်ဇာတ်လမ်းမျိုးကို ဘယ်လို ရေးရမလဲ ဆိုတာကိုတောင် သိနေပါလား]

[ဝါး ... ဝါး ... ဝါး … တော်ဝင်မြေးတော်က သူ့ဘိုးဘိုးရဲ့ ကိုယ်လုပ်တော်ဆောင်ထဲကို အတင်းဝင်သွားတာပါလား ... အိုး ... ဧကရာဇ်မင်းမြတ် ညီလာခံတက်နေတဲ့ အချိန်ကြီးမှာလေ၊ မြန်မြန်၊ မြန်မြန် ... ဒါကိုကြည့်ဖို့ ဗီဒီယို ဘာလို့ မပါလာရတာလဲ]

[ဟမ် … ဘာလို့ ဘာအသံမှ မကြားရတော့တာလဲ ...]

ရှုရန်မြောင်သည် တစ်ခုခု ထူးခြားနေသည်ကို ခံစားမိသဖြင့် ခေါင်းကိုအသာမော့ကာ ပတ်ဝန်းကျင်ကို သတိ ကြီးစွာဖြင့် ဝေ့ကြည့် လိုက်မိတော့သည်။

[ဘာတွေ ဖြစ်ကုန်တာလဲ။ အားလုံးက ဘာလို့ ဒူးထောက်နေကြတာလဲ။ ဧကရာဇ်ကော ဘယ်ရောက်သွားပြီလဲ]

ဧကရာဇ်မင်းမြတ်သည် တစ်စုံတစ်ယောက်ကို လက်ပူးလက်ကြပ် မိစေရန်အတွက် ကိုယ်လုပ်တော်ဆောင်ဆီသို့ ကြွမြန်း သွားပြီ ဖြစ်သည်။

နန်းတွင်းအမတ် အပေါင်းတို့သည်လည်း စိတ်ထဲမှနေ၍ တိတ်တဆိတ် ရေရွတ်လိုက်ကြသည်မှာ

"တခြားသူကြောင့် မဟုတ်ဘဲ မင်းကြောင့်... မင်းကြောင့် လက်ပူးလက်ကြပ် မိတော့မှာလေ"

All Chapters