← Chapters

ထိတ်လန့်စရာပဲ၊ ချင်ကွေ့ရန်က တော်ဝင် မြေးတော်ရဲ့ ရင်သွေးကို လွယ်ထားရတယ်တဲ့ (၁)

Vol. 1 Ch. 3

ထိတ်လန့်စရာပဲ၊ ချင်ကွေ့ရန်က တော်ဝင် မြေးတော်ရဲ့ ရင်သွေးကို လွယ်ထားရတယ်တဲ့ (၁)

Vol. 1 Ch. 3

"အို ... မင်းသား... ဒါမျိုး မလုပ်ပါနဲ့ ..."

"အာကျန်း ... ကိုယ့်ရဲ့ အာကျန်းလေးရယ် ... ဒါတွေအားလုံးဟာ ကိုယ့်အမှားတွေပါ။ မင်းမရှိဘဲ ကိုယ် ဆက် မရှင်သန်နိုင်ဘူး။ ကျေးဇူးပြုပြီး ကိုယ့်ဆီ ပြန်လာပေးပါဦး"

"ဒါက မဖြစ်နိုင်တော့ပါဘူး မင်းသား။ ကျွန်မက နန်းတော်ထဲကို ရောက်လာခဲ့ပြီး အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်နေပါပြီ။ တကယ်လို့ အရှင်မင်းကြီးသာ ကျွန်မတို့အကြောင်း သိသွားရင် ... တော်ပါတော့ ... ကျွန်မတို့ ဒီလိုမျိုး ဆက်မလုပ်သင့်ဘူး ..."

"အာကျန်း ... မင်းဆီကရတဲ့ အနံ့လေးက သိပ်မွှေးတာပဲ။ အရှင်မင်းကြီးက မင်းကို စိတ်ကျေနပ်အောင် ထားနိုင် လို့လား။ သူက အခုဆို အိုနေပြီလေ"

ကျောက်ဆောင် အတုများဖြင့် ပြုလုပ်ထားသော ဥယျာဉ်လေးအတွင်းမှ မျက်နှာပူစရာကောင်းလှသော စကားသံ များနှင့် ရင်ခုန်သံများ ထွက်ပေါ်လာနေလေသည်။

ဥယျာဉ် အပြင်ဘက်တွင်မူ ဧကရာဇ်မင်းမြတ်၏ မျက်နှာတော်မှာ အိုးဖင်ကဲ့သို့ မည်းမှောင်နေတော့သည်။ သူ၏ နောက်မှ လိုက်ပါလာသော မိန်းမစိုး တစ်စုမှာလည်း နဖူးမှ ချွေးစက်များ ဆက်တိုက် စီးကျနေပြီး မည်သူမျှ အသံ မထွက်ရဲကြဘဲ အသက်မရှိသော လူသေများကဲ့သို့ ငြိမ်သက်နေကြတော့သည်။

"သူတို့ကို ဆွဲထုတ်ခဲ့ကြစမ်း"

ဧကရာဇ်မင်းမြတ်၏ အမိန့်တော်အဆုံးတွင် မိန်းမစိုးများသည် ဝံပုလွေနှင့် ကျားသစ်များအလား အတင်းအဓမ္မ တိုးဝင် ဖမ်းဆီးကြတော့သည်။ အတွင်းဘက်မှ မိန်းမပျိုနှင့် အမျိုးသားတစ်ဦးတို့၏ စူးရှသော အော်ဟစ်သံများမှာ ပဲ့တင်ထပ် သွား၏။ ခဏအကြာတွင်တော့ သူတို့နှစ်ဦးမှာ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး အပေါ်ဝတ်ရုံများကိုပင် ခါးပတ်မပတ်နိုင်ဘဲ အလျင်အမြန် ကောက်စွပ်ထားကြသဖြင့် ကြည့်ရသည်မှာ အလွန်ပင် အကျည်းတန်လှပေသည်။

တော်ဝင်မြေးတော်မှာ တစ်ကိုယ်လုံး တုန်ရင်သွား၏။

"ဘိုး ... ဘိုးဘိုး ..."

ဧကရာဇ်သည် စစ်ဘုရင်တစ်ပါး၏ အရှိန်အဝါတို့ကို ထုတ်ဖော်လျက် နဂါးနှင့် ကျားကဲ့သို့ ခန့်ညားထည်ဝါသော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးလာသည်။ ထို့နောက် သူ၏ လက်မောင်းကို မြှောက်ကာ တော်ဝင် မြေးတော်၏ ပါးကို အားကုန်လွှဲ၍ ရိုက်ချလိုက်တော့သည်။ မဟာရှ မင်းဆက် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်သာ ရှိသေးပြီး ဧကရာဇ်သည် ဤအင်ပါယာကို သွေးနှင့် သံမဏိတို့ဖြင့် တိုက်ယူခဲ့ရသူ ဖြစ်သည်။ စစ်မြေပြင်တွင် လေ့ကျင့် ထားသော သူ၏ လက်ဝါးချက်မှာ အလွန်ပင် ပြင်းထန်လှရာ အလိုလိုက်ခံထားရသော မြေးတော်မှာ မခံနိုင် တော့ပေ။

တော်ဝင်မြေးတော်မှာ လွင့်စင်ကာ လိမ့်သွားတော့သည်။ သူ ပြန်အထတွင် ပါးတစ်ဖက်မှာ မောက်တက်နေပြီး သွေးစများနှင့်အတူ ပြုတ်ထွက်သွားသော သွားတစ်ချောင်းမှာ ကြမ်းပြင်ပေါ်၌ လဲလျောင်းနေလေသည်။

"တိရစ္ဆာန်ထက် မိုက်တဲ့ကောင်"

ဧကရာဇ်၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေတော့သည်။

"အဲ့ဒါ မင်းရဲ့ ဘွားတော်ကွ"

တော်ဝင် မြေးတော်သည် သူ၏ပါးကို အုပ်ကိုင်လျက် အတင်းအားတင်းကာ မတ်တပ်ရပ်လိုက်သည်။

"ဘိုးဘိုး သူက ကျွန်တော့်ရဲ့ ချစ်သူပါ။ ဘိုးဘိုးကသာ သူ့ကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့တာ”

“ဖူး”

ဧကရာဇ်သည် သူ့အား အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်လျက် လှောင်ပြုံးပြုံးလိုက်သည်။

"တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးဟာ ငါ့အပိုင်ပဲ။ မင်းရဲ့ ချစ်သူတင်မကဘူး ... မင်းကိုယ်တိုင်တောင်မှ ငါ့ရဲ့ တော်ဝင် မြေးတော် ဖြစ်နေလို့သာပေါ့၊ ငါသာ အလိုရှိမယ်ဆိုရင် မင်းဟာ ငါ့ရဲ့ ခုတင်ထက်ကို ရောက်လာရမှာပဲ"

ဘဝ၏ ခါးသီးလှသော အမှန်တရားကို ပထမဦးဆုံးအကြိမ် ကြုံတွေ့လိုက်ရသော တော်ဝင်မြေးတော်မှာ ဆွံ့အ လျက် မှင်သက်သွားတော့သည်။

ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

"ချီအာ... မင်းက အခုထိ ဧကရာဇ် မဖြစ်သေးဘူးဆိုတာ မမေ့နဲ့"

"လာကြစမ်း၊ တော်ဝင်မြေးတော်ရဲ့ တန်ဖိုးကြီး ဝတ်ရုံတွေကို ချွတ်ပစ်ကြစမ်း။ သူ့ကို လျှော်တေအင်္ကျီ အကြမ်းစား တွေ ဝတ်ပေးပြီး သံတိုင်တပ်ထားတဲ့ ရာဇဝတ်သားလှည်းနဲ့ တရားရေးဝန်ကြီးဌာန အကျဉ်းထောင်ကို ပို့လိုက်ကြ"

တော်ဝင်မြေးတော်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း စကားတစ်လုံးမျှ ထွက်မလာတော့ပေ။

*ဒါ တကယ်ပဲ ငါ့ကို အမြဲတမ်း အလိုလိုက်ခဲ့တဲ့ ဘိုးဘိုးကြီးလား*

ငါ့ကို သံလှည်းနဲ့ ထောင်ထဲ ပို့မယ်တဲ့လား၊ ဘိုးဘိုး ... ကျွန်တော့်အပေါ် ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ။ ထောင်ကျတယ် ဆိုတာ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် စော်ကားလိုက်တာပဲ*

ထိုစဉ် လူရိပ်တစ်ခုမှာ ရှေ့သို့ အတင်းတိုးဝင်လာပြီး ဧကရာဇ်၏ ဝတ်ရုံစကို ဖက်တွယ်လေသည်။

"အရှင်မင်းကြီး၊ ဒါ တော်ဝင် မြေးတော်ရဲ့ အမှား မဟုတ်ပါဘူး။ ကျွန်မကသာ သူ့ကို မြှူဆွယ်ခဲ့တာပါ။ ကျေးဇူးပြုပြီး မင်းသားကို ထောင်မချပါနဲ့။ သူဟာ ထီးနန်းဆက်ခံရမယ့်သူပါ ... သူ့ကို အကျဉ်းထောင်ထဲ ပို့တာက လူအများ ရှေ့မှာ အရှက်ခွဲလိုက်တာပါပဲ"

တော်ဝင်မြေးတော်၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝေ့သီလာတော့သည်။

"အာကျန်း ..."

ထိုအမျိုးသမီးသည် မျက်ရည်စိုရွှဲနေသော မျက်ဝန်းတို့ဖြင့် သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို ပြတ်သားစွာ ဆုံးဖြတ်လိုက်သည့်အလား မျက်နှာကို ရုတ်တရက် ပြန်လှည့်လိုက်သည်။ သူမ၏ မျက်နှာတွင် ကြေကွဲ ဝမ်းနည်းမှုတို့နှင့်အတူ ခိုင်မာသော သန္နိဋ္ဌာန်တို့က အထင်အရှား ပေါ်လွင်နေလေသည်။

"အရှင်မင်းကြီး၊ ဒီကိစ္စတွေက တော်ဝင်မြေးတော်နဲ့ ဘာမှမပတ်သက်ပါဘူး။ ကျွန်မကသာ နန်းတော်ရဲ့ စည်းစိမ် ဂုဏ်ရှိန်တွေကို မက်မောပြီး ဝင်လာခဲ့တာပါ။ နန်းတော်ထဲ ရောက်တဲ့အခါမှာလဲ မင်းသားရဲ့ အရည်အချင်းနဲ့ ရုပ်ရည်ကို တပ်မက်မိလို့ ကျွန်မကပဲ အစပြု မြှူဆွယ်ခဲ့တာပါ။ မင်းသားက ငယ်ရွယ်သေးသူမို့ ကျွန်မရဲ့ အပြုအစုတွေ ကြားမှာ မရုန်းသာဘဲ အမှားအယွင်း ကျူးလွန်မိရုံသက်သက်ပါ ..."

"အာကျန်း"

တော်ဝင်မြေးတော်သည် နာကျင်မှုနှင့် ကြည်နူးမှုတို့ ရောပြွမ်းနေသောအသံဖြင့် အော်ဟစ်လိုက်မိသည်။ ထို့နောက် ဒုန်းခနဲ ဒူးထောက်ချလိုက်ပြီး ငိုကြွေးရင်း တောင်းပန်တော့သည်။

"ဘိုးဘိုး ... ဧကရာဇ် ဘိုးဘိုးကြီး၊ ကျွန်တော်မျိုး ခြေဦးတိုက် တောင်းပန်ပါတယ်။ ကျွန်တော်နဲ့ အာကျန်းတို့က တစ်ဦးကို တစ်ဦး အသက်ထက်မက ချစ်နေကြတာပါ"

ဧကရာဇ်သည် ထို "ကံဆိုးမိုးမှောင်ကျနေသော" ချစ်သူနှစ်ဦးကို ကရုဏာတစ်စက်ကလေးမျှ မပါဘဲ အေးစိမ့်စွာ စိုက်ကြည့်နေမိသည်။

တော်ဝင်မြေးတော်၏ ဂုဏ်သိက္ခာဟု ဆိုသလော။

သူသည် ဧကရာဇ်၏ ကိုယ်လုပ်တော်နှင့် ပွေရှုပ်နေခဲ့စဉ်က သူ၏ ဘိုးတော် ဖြစ်သူ ဧကရာဇ်မင်းမြတ်၏ ဂုဏ်သိက္ခာ ကိုရော ထည့်သွင်းစဉ်းစားခဲ့ဖူးပါသလော။

အထူးသဖြင့် ယခုအချိန်တွင် ညီလာခံတစ်ခုလုံးက သူ့အား ဦးထုပ်စိမ်း အဆောင်းခံလိုက်ရပြီ ဟူသောအချက်ကို သိရှိသွားကြပြီ မဟုတ်ပါလား။

ထို့ပြင်...

*မင်းကသာ သူမကို တကယ် ချစ်မြတ်နိုးတယ်ဆိုရင် အရင်ကတည်းက ဘာလို့ လူသိရှင်ကြား တရားဝင် လက်မထပ်ခဲ့တာလဲ။ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခဲ့ရင်တောင် လက်ခံနိုင်လောက်သေးတယ်၊ အခု သူ့ကို တရားမဝင် ချစ်သူတစ်ဦး အဆင့်သို့ လျှော့ချထားခဲ့ပြီးမှ ယခုကျမှ စစ်မှန်သောမေတ္တာလို့ အရှက်မရှိ ခေါ်ဝေါ်ရဲ သေးတာလား*

*မင်းရဲ့ အဘိုးက ဒါကို မသိနိုင်လောက်အောင် အရမ်း အိုမင်းပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့နေပြီလို့ ထင်နေတာလား*

"ဘာရပ်ကြည့်နေကြတာလဲ"

ဧကရာဇ်သည် ဒေါသကြောင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေလျက် အေးစိမ့်စွာ အမိန့်ပေးလိုက်တော့သည်။

"သူတို့ကို အခုချက်ချင်း ဆွဲထုတ်သွားကြစမ်း"

မိန်းမစိုးများ၏ ကြမ်းတမ်းပြီး လုပ်ကိုင်ဖန်များလှသော လက်ကြီးများက ရုန်းကန်နေသည့် တော်ဝင် မြေးတော်၏ ပုခုံးနှစ်ဖက်ကို ဖိနှိပ်ချုပ်ကိုင်လိုက်ကြသည်။ အဝတ်စချင်း ပွတ်တိုက်သံနှင့် ခြေသံများမှာ ကြမ်းပြင်ပေါ်တွင် တရှဲရှဲနှင့် မြည်ဟည်းနေတော့သည်။ ချင်ကျန်းမှာမူ ဖော်ပြရန်ခက်ခဲသော ကြောက်စိတ်တို့က သူမ၏ နှလုံးသားကို သိမ်းပိုက်ထားသဖြင့် တစ်ကိုယ်လုံး တုန်ရီနေလေသည်။

သူမသည် မိမိ၏ ခန္ဓာကိုယ်အပေါ်သို့ အေးစိမ့်လှသော အကြည့်တစ်ချက် ဝေ့ဝဲကျရောက်လာသည်ကို ခံစား လိုက်ရပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်တိုင်း ဖုန်နံ့အေးအေးတို့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ချင်ကျန်း၏ တုန်ရီမှုမှာ ပိုမိုပြင်းထန်လာတော့သည်။

သူ၏ ကိုယ်ပိုင်မြေးအရင်းကိုပင် မညှာတာနိုင်လျှင် ဧကရာဇ်သည် သူမကို မည်သို့လျှင် အသက် ချမ်းသာပေး ပါမည်နည်း။

"အရှင်မင်းကြီး"

သူမ၏ အသံမှာ ခိုက်ခိုက်တုန်အောင် အေးလှသော လေစိမ်းကို ဖောက်ထွက်လျက် စူးရှလွန်းပြီး အသည်းအသန် ဖြစ်နေ တော့သည်။

"ကျွန်မမှာ ... တော်ဝင်မြေးတော်ရဲ့ သွေးသားကို လွယ်ထားရပါပြီ"

"ဘာ"

တော်ဝင်မြေးတော်မှာ ဆွံ့အသွားပြီးနောက် အတိုင်းအဆမရှိသော ဝမ်းမြောက်မှုတို့ လွှမ်းမိုးသွားတော့သည်။

ဧကရာဇ်မင်းမြတ်မှာမူ ထိုစကားကြောင့် မျက်လုံးများ ပြာဝေသွားကာ လဲကျလုနီးပါးပင် ဖြစ်သွားရတော့သည်။

ယခုအခြေအနေမှာ ဦးထုပ်စိမ်း အဆောင်းခံရခြင်း ဆိုသည်ထက်ပင် ပိုမိုဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။

[ဘုရားရေ၊ ချင်ကွေ့ရန်က တော်ဝင်မြေးတော်ရဲ့ ရင်သွေးကို လွယ်ထားရတာတဲ့လား။ တစ်လတောင် ရှိနေပြီပဲ]

ဧကရာဇ်မင်းမြတ် မရှိခိုက်တွင် ရှုရန်မြောင်သည် အားနေသူမဟုတ်ပေ။ သူသည် အတင်းအဖျင်းသတင်းများကို ဆက်လက် ဖတ်ရှုနေခဲ့ရာ ယခုတစ်ကြိမ်တွင်မူ အလွန်ပင် "အဆီတစ်ဝင်းဝင်း" ဖြစ်လှသော သတင်းကြီးကို ဖတ်လိုက် ရခြင်းပင်။

[ဟ … ဒါဆိုရင် ဧကရာဇ်သာ သူတို့ကို လက်ပူးလက်ကြပ် မမိခဲ့ရင် သူ့မြေးရဲ့ ကလေးကို သူ့သားအရင်းလိုမျိုး တာဝန် ယူပြီး ကျွေးမွေးစောင့်ရှောက်ပေးရတော့မှာပေါ့]

*စိတ်လှုပ်ရှားစရာပဲ၊ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်*

ရှုရန်မြောင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် အာခေါင်များပင် ခြောက်ကပ်လာကာ တံတွေးကို "ဂလု" ခနဲ မြိုချ လိုက်မိသည်။

နန်းတွင်းအမတ်များမှာမူ ... "!!!"

သူတို့၏ နားများမှာ ချက်ချင်းပင် စွင့်သွားကြတော့သည်။

အတင်းအဖျင်းဆိုသည်မှာ လူတိုင်းနှစ်သက်သော အရာပင်။

*မြန်မြန်၊ ဒီထက်ပိုပြီး ပြောပြပါဦး၊ ငါတို့ အားလုံး နားစွင့်နေကြပါတယ်။ တကယ်တော့ နန်းတွင်း အရှုပ်တော်ပုံ တွေကို ဘယ်သူကများ သာမန်အချိန်မှာ ပျံ့နှံ့အောင် ပြောရဲမှာမလို့လဲ*

အနီးအနားရှိ မီးဖိုထဲမှ ထင်းခြောက်များ ပေါက်ကွဲသံနှင့် မီးကျွမ်းနံ့သင်းသင်းတို့မှလွဲ၍ ညီလာခံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ယဉ်ကျေးမှုဝန်ကြီး ကျန်းဖန်းသည် သူ၏ ပတ်ဝန်းကျင်ဆီမှ တံတွေးမြိုချသံ ခပ်တိုးတိုးတို့ကို ကြားနေရသဖြင့် သူကိုယ်တိုင်လည်း ရင်တထိတ်ထိတ်ဖြင့် တံတွေးမြိုချလိုက်မိသည်။ သူသည် ရှုရန်မြောင်၏ ပုခုံးကို လှုပ်ယမ်းကာ "စနစ်" ဟု ခေါ်သော ထိုလျှို့ဝှက် ဆန်းပြားသည့်အရာကို သုံးပြီး ထပ်ပြောပြဖို့ တောင်းပန်ချင်စိတ်များပင် ပေါက်နေတော့သည်။

[သူတို့ ဘယ်လို စတွေ့ခဲ့ကြတာလဲ။ နေဦး... ငါ ရှာကြည့်လိုက်ဦးမယ်]

*လာပြီ၊ လာပြီဟေ့*

အမတ်ကြီးများ၏ အကြည့်တို့မှာ မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပလာကြတော့သည်။

[အို ... အိုး … အသက်ကယ်ရာကနေ စခဲ့တာပါလား။ တော်ဝင် မြေးတော်က ချောက်ထဲပြုတ်ကျပြီး ဒဏ်ရာ အပြင်းအထန် ရပြီး အဖျားတွေတက်နေခဲ့တာပဲ။ အဲ့ဒီအချိန်မှာ ကျေးလက်တောရွာက မိန်းကလေး တစ်ယောက် ဖြစ်တဲ့ ချင်ကွေ့ရန်က သူ့ကို ကယ်တင်ခဲ့တာပေါ့။ သူမရဲ့ မိသားစုမှာ အမျိုးသားဆိုလို့ တစ်ယောက်မှ မရှိတာကြောင့် တော်ဝင်မြေးတော်ကို သူမကိုယ်တိုင်ပဲ ပြုစုစောင့်ရှောက်ခဲ့ရတာ။ အဲ့ဒီကနေ အခြေအနေတွေက တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွားပြီး သူတို့နှစ်ယောက်... ကဲ... သိကြတဲ့အတိုင်းပဲပေါ့။]

All Chapters